Verse 1 — Surah Al-Bayyinah 98:1
၁။ ရှေးကျမ်းတော်ရသူများနှင့် ဆင်းတုဝါဒီတို့သည် မိမိတို့ထံသို့ ထင်ရှားသောသက်သေခံချက် ကျရောက်လာသည့် တိုင်အောင် မိမိတို့အယူဝါဒများကို စွန့်လွှတ်ကြမည်မဟုတ်ချေ။
Verse 2 — Surah Al-Bayyinah 98:2
၂။ ထိုထင်ရှားသောသက်သေခံချက်သည် သန့်ရှင်းစင်ကြယ်သောကျမ်းတော်မြတ်ကို ရွတ်ဖတ်သော အလ္လာဟ် အရှင်မြတ်အထံတော်မှ တမန်တော်ဖြစ်၏။
Verse 3 — Surah Al-Bayyinah 98:3
၃။ ထိုကျမ်းတော်မြတ်တွင် ဖြောင့်မတ်မှန်ကန်သောပညတ်တော်များပါရှိကုန်၏။
Verse 4 — Surah Al-Bayyinah 98:4
၄။ ရှေးကျမ်းတော်ရသူများသည် မိမိတို့ထံသို့ ထင်ရှားသောသက်သေခံချက်ကျရောက်လာပြီးမှသာ အချင်းချင်း ကွဲပြားခြားနားကြကုန်၏။
Verse 5 — Surah Al-Bayyinah 98:5
၅။ လူသားသည် ပင်ကိုယ်အားဖြင့် ဖြောင့်မတ်မှန်ကန်သောကြောင့် ဘာသာတရားကို အလ္လာဟ်အရှင်မြတ်အတွက် သန့်ရှင်းစွာထားပြီးလျှင် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်း၊ ဆွလားသ်ဝတ်ပြုခြင်း၊ ဇကားသ်ပေးခြင်းတို့မှတပါး သူတို့အား မည်သည်ကိုမှ ပညတ်တော်မမူချေ၊ ဤသည်သာလျှင် ဘာသာတရားအစစ်အမှန်ဖြစ်၏။
Verse 6 — Surah Al-Bayyinah 98:6
၆။ မှတ်သားကြလော့၊ ရှေးကျမ်းရသူများနှင့် ဆင်းတုဝါဒီများအနက် မိစ္ဆာဒိဋ္ဌိတို့သည် ငရဲမီးထဲတွင် နေကြရလတံ့၊ သူတို့သည် ဖန်ဆင်းတော်မူသောအရာတို့တွင် အယုတ်မာဆုံးဖြစ်ကြ၏။
Verse 7 — Surah Al-Bayyinah 98:7
၇။ သို့သော် ယုံကြည်လျက် သုစရိုက်ကောင်းမှုပွားများသူတို့မူကား ဝေနေယျသတ္တဝါအပေါင်းတို့တွင် အမွန်မြတ်ဆုံး ဖြစ်ကြကုန်၏။
Verse 8 — Surah Al-Bayyinah 98:8
၈။ သူတို့၏ ဆုသည် သူတို့၏ အရှင်သခင်၏ အထံတော်၌ရှိ၏၊ သူတို့သည် မြစ်အထွေထွေစီးဆင်းလျက်ရှိသော နိဗ္ဗာန်ဥယျာဉ်တော်များတွင် အစဉ်အမြဲခံစားစံစားကြကုန်လတံ့၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို နှစ်သက်တော်မူသည်၊ သူတို့လည်း အရှင်မြတ်အား နှစ်သက်ကြ၏၊ ဤဆုလာဘ်တော်ကြီးသည် မိမိ၏ အရှင်သခင်အား ကြောက်ရွံ့ရိုကျိုးသူတို့အဖို့သာတည်း။