Back to LanguagesPrevious ChapterNext Chapter
Burmese - Chapter 41 - Fussilat
Translation by Ghazi Mohammad Hashim — Permalink
Verse 1 — Surah Fussilat 41:1
ဟာ၊မီမ်။
Verse 2 — Surah Fussilat 41:2
(ဤအာယတ်တော်သည်) အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော် အရှင်၏အထံတော်မှ ချပေးတော်မူခြင်းဖြစ်၏။
Verse 3 — Surah Fussilat 41:3
(ဤသည်) အကြင်ကျမ်းဂန်ပင်ဖြစ်၏။ ယင်းကျမ်းဂန်၏ အာယတ်တော်များသည် သိနားလည်ကြသောအမျိုးသားတို့အဖို့ ရှင်းလင်းစွာ ဖော်ပြထားတော် မူသော (ဝါ)အရဗ်ဘာသာစကားဖြင့်ထုတ်ပြန်သော) ကုရ်အာန်ကျမ်းတော်မြတ်ပင် ဖြစ်သည်။
Verse 4 — Surah Fussilat 41:4
သတင်းကောင်း ပြောကြားသည်၊ သတိပေးနှိုးဆော်သည်၊ သို့ရာတွင် ၎င်းတို့အနက် အများဆုံး သောသူတို့မှာမျက်နှာလွှဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားထောင်ကြသည်ပင် မဟုတ်ပေ။
Verse 5 — Surah Fussilat 41:5
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။ကျွန်ုပ်တို့၏ စိတ်နှလုံးများမှာ အသင်ဖိတ်ခေါ်လျက်ရှိသောတရားကို (နားလည်ခြင်း)မှ ဖုံးအုပ်လျက် ရှိကြပေသည်။ ထို့ပြင်ကျွန်ုပ်တို့၏ နားများသည်လည်း ပင်းလျက် ရှိကြသည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့နှင့် အသင်၏အကြားဝယ် အကွယ်အကာတစ်ခု ရှိနေပေသည်။ သို့ဖြစ်ပေရာ အသင်သည် (မိမိအလုပ်ကို)လုပ်ကိုင်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (မိမိတို့ အလုပ်ကို) လုပ်ကိုင်နေသူများပင် ဖြစ်ကြကုန်သတည်း။
Verse 6 — Surah Fussilat 41:6
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင် ဖြစ်ပေသည်။ [ငါ၏ထူခြားချက်မှာ(အသင်တို့၏)ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်သာလျှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ ဝဟီအမိန့်တာ်ကျရောက်လာ (ခြင်းသည်သာလျှင် ငါ၏ထူးခြားချက်ဖြစ်၏။] သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်ဘက်သို့သာလျှင် ဖြောင့်မတ်စွာ လှည့်ကြလေကုန်။ထိုမှ တစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံကြလေကုန်။စင်စစ်မှာမူကား မုရှ်ရစ်က် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်)တွဲဖက် နှိုင်းယှဉ် (ကိုးကွယ်)သူတို့၌ (ကြီးစွာသော) ပျက်စီးခြင်းသည်ရှိပေသည်။
Verse 7 — Surah Fussilat 41:7
အကြင်သူတို့သည် ဇကာတ် ပေးဆောင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အာခိရတ် တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
Verse 8 — Surah Fussilat 41:8
ဧကန်မလွဲအီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သောသူတို့အဖို့ကား ကုန်ခန်းခြင်းမရှိသောအကျိုးသည် ရှိပေသတည်း။
Verse 9 — Surah Fussilat 41:9
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)ပြောကြားပါလေ၊ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေကိုနှစ်ရက်နှင့် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်အား သွေဖည်ငြင်းပယ်ကြလေသလော။ ထိုမှတစ်ပါး အသင်တို့သည် အရှင်မြတ်နှင့်ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ထိုအရှင်မြတ်သည်ပင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
Verse 10 — Surah Fussilat 41:10
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ်တည်ငြိမ်ကြံ့ခိုင်သော တောင်များကို ယင်းပထဝီမြေ၏ ထက်ဝယ် ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သော အစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်နှင့်(ပြီးမြောက်ခဲ့၏)။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏။
Verse 11 — Surah Fussilat 41:11
ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။
Verse 12 — Surah Fussilat 41:12
ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ်ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါးမိုးကောင်းကင် အသီးသီး၌ ၎င်းနှင့် သက်ဆိုင်သင့်မြတ်သောအမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင်တစ်ဝ ငါအရှင်မြတ်သည် အနီးဆုံး(ဖြစ်သောအောက်ဆုံး)မိုးထပ်ကို ကြယ်နက္ခတ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည် အလွန်တရာ နိုင်နင်းလွှမ်းမိုး တော်မူသော၊ အာကြွင်းမဲ့သိတော်မူသော အရှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ်ပြဌာန်းခြင်းပင် ဖြစ်ပေသတည်း။
Verse 13 — Surah Fussilat 41:13
သို့ပါလျက် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အသင်သည် ၎င်းတို့အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အားအာဒ်အမျိုးသားတို့(၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဆမူဒ်အမျိုးသား(တို့၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့် စပ်လျဉ်း၍လည်း ကောင်း၊သတိပေး နှိုးဆော်၏။
Verse 14 — Surah Fussilat 41:14
အကြင်အခါဝယ် ၎င်း(အာဒ်နှင့်ဆမူဒ်အမျိုးသား)တို့ထံ ၎င်းတို့၏ရှေ့နောက်(ဝဲယာ)မှ ရစူလ်တမန်တော်များ ရောက်ရှိလာပြီးလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်နှင့်(ဟု ဟောကြားခဲ့ကြကုန်၏။) (ထိုအခါ)၎င်းတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် မလာအိကဟ် ကောင်းကင်တမန်များအား စေလွှတ်တော်မူခဲ့ပေမည်။သို့ဖြစ်ပေရာ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့(ပေး၍)စေလွှတ်ခြင်းခံခဲ့ရသော အကြောင်းအရာတို့ကို ငြင်းပယ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
Verse 15 — Surah Fussilat 41:15
မည်သို့ပင်ဖြစ်စေ၊ အာဒ် အမျိုးသားတို့မှာမူကား တိုင်းပြည်တွင် မတရားသဖြင့် ဘဝင်မြင့်မောက်မာပလွှားခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့ထက် သူရသတ္တိခွန်အားဗလကြီးမားသူ မည်သူရှိသနည်းဟု ပြောဆို(ဝင့်ကြွား)ခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သောအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတော်မူသည်ကို ၎င်းတို့သည် မဆင်ခြင်မစဉ်းစား မမြင်ခဲ့ကြလေသလော။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက်ပင် ရှိခဲ့ကြကုန်၏။
Verse 16 — Surah Fussilat 41:16
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (4င်းတို့အဖို့)ကျက်သရေမင်္ဂလာကင်းမဲ့သောနေ့ရက်များတွင် ကြမ်းတန်းလှစွာသောလေမုန်တိုင်းကို ၎င်းတို့အပေါ်၌ စေလွှတ်တော်မူခဲ့၏။ (ယင်းသို့လေမုန် တိုင်းကို စေလွှတ်တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ၎င်းတို့အား ဤမျက်မှောက်လောကီဘဝ၌ပင်ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ကို မြည်း စမ်းစေတော်မူအံ့သောငှာ(စေလွှတ်တော်မူခြင်း)ဖြစ်၏။ ထို့ပြင် အာခိရတ်တမလွန်ဘဝ၏ပြစ်ဒဏ်မှာ သာ၍ပင် ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ဖြစ်မည်။ ထိုအခါ ၎င်းတို့မှာ ကူညီစောင်မခြင်း ခံကြရမည်လည်း မဟုတ်ပေ။
Verse 17 — Surah Fussilat 41:17
ထို့ပြင် ဆမူဒ် အမျိုးသားတို့မှာမူကား အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူခဲ့သော်လည်း ၎င်းတို့မှာ တရားလမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်းကိုသာ နှစ်သက်မြတ်နိုးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အား ၎င်းတို့၏ဆည်းပူးခဲ့ကြသည်များကြောင့်ဂုဏ်အသရေ ပျက်ပြားနိမ့်ကျစေသောပြစ်ဒဏ်၏ လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။
Verse 18 — Surah Fussilat 41:18
သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။
Verse 19 — Surah Fussilat 41:19
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ထိုနေ့ကိုသတိရစေပါလေ)။ အကြင်နေ့တွင်အလ္လာဟ်အရှင်မြတ်၏ရန်သူများသည် ငရဲမီး၏အနီးသို့ စုရုံးခေါ်ဆောင်ခြင်းခံကြရပေမည်။ ထို့နောက် ၎င်းတို့သည် တားဆီးခြင်းကို ခံကြရပေမည်။
Verse 20 — Surah Fussilat 41:20
နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။
Verse 21 — Surah Fussilat 41:21
(ထိုအခါ)၎င်းတို့က မိမိတု့ိ၏(အသား)အရေများကို အသင်တို့သည် ကျွန်ုပ်တို့နှင့်ဆန်ကျင်၍ အဘယ်ကြောင့်သက်သေထွက်ဆိုကြသနည်းဟု ပြောဆိုကြပေမည်။ (ထိုအခါ)ယင်း(နား၊ မျက်စိနှင့်သားရေ)တို့က (ဤသို့)ပြောဆို (ပြန်ကြား)ကြပေမည်။ ကျွန်ုပ်တို့အား အကြင်အလ္လာဟ်အရှင်မြတ်သည်ပင် စကားပြောဆိုစေတော်မူ၏။ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စကားပြောဆိုစေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့၏။ ထို့အပြင် အသင်တို့သည်ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်လည်ရောက်စေခြင်းကိုခံကြရလေသည်။
Verse 22 — Surah Fussilat 41:22
စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။
Verse 23 — Surah Fussilat 41:23
စင်စစ်သော်ကား အသင်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် အသင်တို့အား ဖျက်ဆီးခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ပျက်စီးဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြပေသည်။
Verse 24 — Surah Fussilat 41:24
သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။
Verse 25 — Surah Fussilat 41:25
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်သည် ဂျင်(န်)သတ္တဝါများအနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ရှေးလွန်လေပြီးသော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့် ပတ်သက်၍လည်း အမှန်ဖြစ်ခဲ့ပြီ။ ဧကန်စင်စစ် ၎င်းတို့(အားလုံး)သည်ဆုံးရှုံး ပျက်စီးသူများပင် ဖြစ်ကြကုန်၏။
Verse 26 — Surah Fussilat 41:26
စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့က အသင်တို့သည် ကုရ်အာန်ကို နားပင်မထောင်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ယင်းကုရ်အာန် (ဖတ်ကြားနေသောအချိန်) စပ်ကြားတွင် ဆူညံကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် (မိမိတို့ အသံများဖြင့် မုဟမ္မဒ်၏အသံကို)လွှမ်းမိုး နိုင်ကြမည်။
Verse 27 — Surah Fussilat 41:27
သို့ဖြစ်ပေရာ အမှန်စင်စစ် ငါအရှင်မြတ်သည်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ပြင်းထန်လှစွာသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူပေမည်။ ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတု့ိအား ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသော အဆိုးဆုံးသောကျင့်မူချက်များ၏ မကောင်းကျိုးကိုပေးတော်မူမည်ဖြစ်၏။
Verse 28 — Surah Fussilat 41:28
ထိုသည်(ဝါ)ငရဲမီးသည် အလ္လာဟ်အရှင်မြတ်၏ရန်သူတို့၏ဆိုးကျိုးပင် ၎င်းတို့အဖို့ ငရဲမီး၌ အစဉ်ထာဝရနေထိုင်ရာဌာနသည် ရှိပေသည်။ (ဤသည်) ငါအရှင်မြတ်၏အာယတ်တော်များကို ၎င်းတို့ ငြင်းပယ်လေ့ရှိခဲ့ကြသောကြောင့်အစားပေးခြင်းပင် ဖြစ်ပေသည်။
Verse 29 — Surah Fussilat 41:29
ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။
Verse 30 — Surah Fussilat 41:30
ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။
Verse 31 — Surah Fussilat 41:31
ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။
Verse 32 — Surah Fussilat 41:32
(ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။
Verse 33 — Surah Fussilat 41:33
စင်စစ်သော်ကား အကြင်သူထက် စကားအရာ၌ ကောင်းမြတ်သူကား အဘယ်သူနည်း။ ထိုသူသည်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သည့်ပြင် (မိမိကိုယ်တိုင်လည်း) ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်၏။ ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်သည်(မုစ်လင်မ်)အမိန့်တော်ကို နာခံသောသူတစ်ဦးဖြစ်သည်ဟုပြော၏။
Verse 34 — Surah Fussilat 41:34
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည်(မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့်အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည်မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။
Verse 35 — Surah Fussilat 41:35
သို့တစေလည်း ယင်းကောင်းမြတ်သောနည်းဟူသည် သည်းခံသောသူတို့သာလျှင် ပေးသနားခြင်း ခံကြရပေသည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ် သောနည်းဟူသည်ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။
Verse 36 — Surah Fussilat 41:36
၎င်းပြင် အကယ်၍ အသင့်အား ရှိုင်တွာန်မိစ္ဆာကောင်၏ဘက်မှ တစ်စုံတစ်ရာနှောင့်ယှက် ဖျက်ဆီးခြင်းရှိပါလျှင်၊ အသင်သည် အလ္လာဟ်အရှင် မြတ်ထံတော်မှ အကာအကွယ်ကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
Verse 37 — Surah Fussilat 41:37
အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။
Verse 38 — Surah Fussilat 41:38
သို့ရာတွင် အကယ်၍ ၎င်းတို့သည်(ဤအမိန့်တော်ကို လိုက်နာကျင့်သုံးခြင်းမရှိဘဲ)မာန်မာန ထောင်လွှားခဲ့ကြလျှင်၊ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ထံတော်ပါး၌ရှိကြသော မလာအိကဟ် ကောင်းကင်တမန်တို့မူ နေ့ရောညပါ ထိုအရှင်မြတ်စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက်ရှိကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ငြီးငွေ့ကြသည်ပင် မဟုတ်ပေ။
Verse 39 — Surah Fussilat 41:39
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Verse 40 — Surah Fussilat 41:40
ဧကန်စင်စစ် ငါအရှင်မြတ်၏ အာယတ်တော်များနှင့်စပ်လျဉ်း၍ မူရင်းအဓိပ္ပာယ်မှ သွေဖည်ကာ အမှားမှားအယွင်းယွင်း ကောက်ယူကြသောသူတို့မှာ ငါအရှင်မြတ်အပေါ်၌ ဖုံးကွယ်၍ နေကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ငရဲမီးထဲ၌ပစ်ချခြင်းခံရအံ့သောသူသည် ပို၍မြင့်မြတ်လေသလော။ သို့တည်းမဟုတ် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ပူပင်သောကကင်းစွာ လာရောက်အံ့သောသူသည် ပို၍မြင့်မြတ် လေသလော။ အသင်တို့သည် မိမိတို့အလိုရှိရာကို ကျင့်မူကြလေကုန်။ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ကျင့်မူသမျှတို့ကိုအကြွင်းမဲ့ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။
Verse 41 — Surah Fussilat 41:41
စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် 4င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။
Verse 42 — Surah Fussilat 41:42
အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။
Verse 43 — Surah Fussilat 41:43
အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမှန်ပင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Verse 44 — Surah Fussilat 41:44
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အရဗီဘာသာစကား မဟုတ်သောလူမျိုးခြားဘာသာစကားဖြင့် (ကျရောက်သော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့ကယင်းကုရ်အာန်ကျမ်းတော်မြတ်၏ အာယတ်တော်များသည်မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါသနည်း။ ရစူလ်တမန်တော်သည် ‘အရဗ်’အမျိုးသား ဖြစ်ပြီး(ကုရ်အာန်ကျမ်းတာ်မြတ်သည်) လူမျိုးခြား ဘာသာစကားဖြင့်ကျရောက်လာသည်လောဟူ၍ ပြောဆိုခဲ့ကြမည်သာ။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့အဖို့ တရားလမ်းညွှန်နှင့် ရောဂါဝေဒနာပျောက် ကင်းစေသောဆေးပင် ဖြစ်ပေသည်။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသောသူတို့၏နားများ၌မူကား နားပင်းမှုဝေဒနာသည်ရှိနေပေရာ ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ၎င်းတို့နှင့်ပတ်သက်၍ မျက်မမြင်(မမြင်ဖွယ်ရာမထင်မရှား) ဖြစ်နေချေသည်။ ၎င်းတို့မှာ ရပ်ဝေးမှ ဟစ်ခေါ်ခြင်းခံကြရသူများပင်ဖြစ်ကြကုန်၏။
Verse 45 — Surah Fussilat 41:45
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်း ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍လည်း သဘောကွဲလွဲမှု ဖြစ်ခဲ့ရလေသည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံ တော်မှ အမိန့်တော်တစ်ရပ်သည်ရှိနှင့်ပြီး မဖြစ်ခဲ့ပါလျှင် အမှန်ပင် ၎င်းတို့၏အကြား၌ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ ထို့ပြင် ဧကန်အမှန် 4င်းတို့သည် ယင်းအဆုံးအဖြတ် (ဝါ)ချိန်းချက်ထားသောပြစ်ဒဏ် နှင့်စပ်လျဉ်း၍ဝိစိကိစ္ဆာ ဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိနေကြကုန်သတည်း။
Verse 46 — Surah Fussilat 41:46
မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျ ရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကားအသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။
Verse 47 — Surah Fussilat 41:47
ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်းသောအသိသည် ထိုအရှင်မြတ်အထံတော် သို့ပင် လွှဲအပ်ရပေသည်။ ၎င်းပြင် မည်သည့် သစ်သီးဝလံများမဆိုမိမိတို့၏(အဖူးဖုံးများမှ) (ထိုအရှင်မြတ်သိတော်မမူဘဲ) ထွက်ပေါ်လာသည်မဟုတ်ပေ။ ထိုမှတစ်ပါး မည်သည့် မိန်းမတစ်ဦးမျှပင် ထိုအရှင်မြတ်သိတော်မမူဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိပေ။ သားဖွားခြင်းလည်း မရှိချေ။ ထို့ပြင် အကြင်နေ့တွင်ထိုအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ် မေးမြန်းတော်မူသောအခါ၎င်းတို့က (ယနေ့) ကျွန်တော်မျိုးအနက်(ဤသည်နှင့် စပ်လျဉ်း၍) သက်သေခံအံ့သောသူဟူ၍ တစ်ဦးတစ် ယောက်မျှမရှိတော့သည်ကို ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ဖြောင့်ချက်ဝန်ခံ လျှောက်ထားကြ ပါသည်၊ ဟု ပြောဆိုကြပေမည်။
Verse 48 — Surah Fussilat 41:48
စင်စစ်သော်ကား (ထိုနေ့တွင်)၎င်းတို့ ယခင်ကဟစ်ခေါ်တသ (ရှိခိုးပူဇော်)ခဲ့ကြသည်တို့မှာ ၎င်းတို့ထံမှ ပျောက်ကွယ်၍သွားကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၌ထွက်ပြေး(လွတ်မြောက်)ရာဟူ၍လည်း မရှိတော့ကြောင်းယုံကြည်သွားကြပေမည်။
Verse 49 — Surah Fussilat 41:49
လူသားသည် ကောင်းကျိုးချမ်းသာကို တောင်းဆိုခြင်းမှ ငြီးငွေ့သည်ဟူ၍မရှိပေ။ သို့ရာတွင် အကယ်၍ ၎င်း၌ဘေးအန္တရာယ်တစ်စုံတစ်ရာ သက်ရောက်ခဲ့သည်ရှိသော် ထိုအခါ (၎င်းမှာ) စိတ်အား လျှော့သူ၊ မျှော်လင့်ချက်လုံးဝကင်းသူဖြစ်လာလေ၏။
Verse 50 — Surah Fussilat 41:50
သို့တစေလည်း ၎င်း၌သက်ရောက်ခဲ့သော ဘေးဒုက္ခတစ်စုံတစ်ရာ၏နောက်တွင် ငါအရှင်မြတ် သည် ၎င်းအားမိမိကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်ဧကန်အမှန် ၎င်းသည် (ဤသို့)ပြောဆိုလေတော့၏။ ဤသည်ကျွန်ုပ်နှင့် ထိုက်သောကိစ္စပင်ဖြစ်သည်။ ၎င်းပြင် ကိယာမတ်ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်မည်ဟု ကျွန်ုပ် မယူဆပေ။ သို့တစေလည်း ကျွန်ုပ်သည် အကယ်၍ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်သွားခဲ့ရသည့်တိုင်အောင် ဧကန်မလွဲ ကျွန်ုပ်အဖို့ ထိုအရှင်မြတ်အထံတော်တွင် သာ၍ ကောင်း သော အကျိုးကျေးဇူးသည် အမှန်ပင်ရှိချေမည်၊ သို့ဖြစ်ပေရာ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကိုသိစေတော်မူပေသည်။ ထိုမှတစ်ပါး ဧကန်မုချ ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန် သောပြစ်ဒဏ်၏ရသာကို မြည်းစမ်းစေတော်မူပေမည်။
Verse 51 — Surah Fussilat 41:51
စင်စစ်မှာကား ငါအရှင်မြတ်သည် လူသား တို့၏အပေါ်၌ ကျေးဇူးပြုတော်မူသောအခါ ၎င်းမှာ မျက်နှာလွှဲကာအဝေးသို့ရှောင်ဖယ်၍ သွားလေ့ရှိ၏။ သို့တစေလည်း 4င်း၌ဘေးဒုက္ခသက်ရောက်သောအခါ (၎င်းမှာ)ကျယ်ဝန်းစွာ (တစ်နည်း)ရှည်လျားစွာဆုတောင်းပတ္ထနာ ပြုလေ့ရှိပေသတည်း။
Verse 52 — Surah Fussilat 41:52
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန် အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကိုငြင်းပယ်ခဲ့ကြသည်ရှိအံ့၊ သို့ဖြစ်လျှင် ဝေးကွာလှသော ကွဲပြားမှု၌ရှိနေသောသူထက် ပိုမို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။
Verse 53 — Surah Fussilat 41:53
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။
Verse 54 — Surah Fussilat 41:54
သတိပြုကြလေကုန်။ ဧကန်အမှန် ၎င်းတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံကြရမည်နှင့်စပ်လျဉ်း၍ အရာခပ်သိမ်း ရှိနေကြကုန်၏။ သတိပြုကြလေကုန်။ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက် ရှိတော်မူပေသတည်း။