Back to Languages

Burmese - Chapter 56 - Al-Waqiah

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Waqiah 56:1

အကြင်အခါဝယ် အဖြစ်အပျက် (ကိယာမတ်ရှင်ပြန်ထမည့်နေ့)သည် ဖြစ်ခဲ့အံ့။

Verse 2 — Surah Al-Waqiah 56:2

ယင်း အဖြစ်အပျက် (ကိယာမတ်) ဖြစ်မှုနှင့်စပ်လျဉ်း၍ မမှန်ဟူ၍မရှိပြီ။

Verse 3 — Surah Al-Waqiah 56:3

(ယင်း အဖြစ်အပျက်သည် အချို့အား) နိမ့်စေ၍(အချို့အား) မြင့်စေမည်။

Verse 4 — Surah Al-Waqiah 56:4

အကြင်အခါဝယ် ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကို ခံရပေမည်။

Verse 5 — Surah Al-Waqiah 56:5

၎င်းပြင် တောင်များသည် ညက်ညက်ကြေအောင် ကြေမွစေခြင်းကို ခံကြရမည်။

Verse 6 — Surah Al-Waqiah 56:6

ထိုအခါ ယင်းတောင်များမှာ ဖြန့်ကြဲထားသော မြူမှုန့် ဖြစ်သွားကြပေမည်။

Verse 7 — Surah Al-Waqiah 56:7

ထိုမှတစ်ပါး အသင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။

Verse 8 — Surah Al-Waqiah 56:8

မည်သို့ပင်ဖြစ်စေ လက်ယာဘက်သားတို့မှာ၊ ထိုလက်ယာဘက်သားတို့ကား အဘယ်မျှလောက် ကောင်းမြတ်ပေသနည်း။

Verse 9 — Surah Al-Waqiah 56:9

သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့ကား အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

Verse 10 — Surah Al-Waqiah 56:10

ထိုမှတစ်ပါး အသာဆုံးသောသူတို့မှာ အသာဆုံးသောသူများပင် ဖြစ်ကြကုန်၏။

Verse 11 — Surah Al-Waqiah 56:11

ထိုသူတို့ကား (အလ္လာဟ်အရှင်မြတ်နှင့်) အထူးနီးစပ်သော သူများပင်။

Verse 12 — Surah Al-Waqiah 56:12

(၎င်းတို့မှာကား) ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ၌ ရှိကြကုန်အံ့သတည်း။

Verse 13 — Surah Al-Waqiah 56:13

(ယင်းဥယျာဉ်များတွင်)ရှေးသူဟောင်းတို့အနက်မှ အလွန်ကြီးမားများပြားသော အုပ်စုကြီးတစ်ခုရှိ ပေမည်။

Verse 14 — Surah Al-Waqiah 56:14

၎င်းပြင် နောင်လာနောင်သားတို့ အနက်မှ အနည်းငယ် ရှိကြပေမည်။

Verse 15 — Surah Al-Waqiah 56:15

(၎င်းတို့မှာ) ကျောက်သံပတ္တမြားစီ၍ မြှုပ်ထားသော သလွန်များထက်ဝယ်၊

Verse 16 — Surah Al-Waqiah 56:16

(မှီအုံးများကို)မှီလျက် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေကြပေမည်။

Verse 17 — Surah Al-Waqiah 56:17

၎င်းတို့ထံ အသက်သေဆုံးခြင်းမရှိဘဲ၊ အမြဲထာဝရ နုငယ်လျက် ရှိနေကြရအံ့သော သူငယ်တို့ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

Verse 18 — Surah Al-Waqiah 56:18

သောက်ရေဖလားများ၊ ရေတကောင်းများနှင့် သွင်သွင်စီးသော အရက်ဖြင့် ပြည့်လျှံလျက်ရှိသော ခွက်များကို ယူဆောင်၍၊

Verse 19 — Surah Al-Waqiah 56:19

၎င်းတို့မှာ ထိုအရက်ကြောင့် ခေါင်းခဲခြင်းကိုလည်း ခံစားကြရမည် မဟုတ်ပေ။ သတိလစ်ကြမည်လည်း မဟုတ်ချေ။

Verse 20 — Surah Al-Waqiah 56:20

ထို့ပြင် ၎င်းတို့ နှစ်လိုကြသော သစ်သီးဝလံများ(ကို ယူဆောင်၍)၊

Verse 21 — Surah Al-Waqiah 56:21

ထိုမှတစ်ပါး ၎င်းတို့ နှစ်သက်ကြသော ငှက်သားများ(ကို ယူဆောင်၍)၊

Verse 22 — Surah Al-Waqiah 56:22

ထိုမှတစ်ပါး (၎င်းတို့အဖို့) လွန်စွာဖြူ၍ တင့်တယ်သော၊ မျက်စိပြူး၍လှပသော မိန်းမများလည်း ရှိကြပေမည်။

Verse 23 — Surah Al-Waqiah 56:23

လျှို့ဝှက်၍ထားရှိသော ပုလဲများပမာ။

Verse 24 — Surah Al-Waqiah 56:24

(ဤသည်) ၎င်းတို့ ကျင့်မူ ဆောက်တည်လျက်ရှိခဲ့ကြလေသော ကောင်းမှုများ၏ အစားပေးတော်မူ ခြင်းပင်။

Verse 25 — Surah Al-Waqiah 56:25

ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်မရေမရာသော စကားလုံးမျှလည်းကောင်း၊ မည်သည့်အပြစ်ဖြစ်စေသော စကားကိုမျှလည်းကောင်း၊ ကြားရမည် မဟုတ်ပေ။

Verse 26 — Surah Al-Waqiah 56:26

‘စလာမ်’ ‘စလာမ်’ (ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ)ဟူ၍ပြော ဆိုခြင်းကိုသာလျှင် (ကြားကြရကုန်အံ့သတည်း။)

Verse 27 — Surah Al-Waqiah 56:27

ထို့ပြင် လက်ယာ ဘက်သားတို့ကား၊ ထိုလက်ယာဘက်သားတို့မှာ အဘယ်မျှ ကောင်းမြတ်ကြ ပေသနည်း။

Verse 28 — Surah Al-Waqiah 56:28

(၎င်းတို့မှာ) ဆူးများရှင်းထားပြီးဖြစ်သော ဆီးပင်ရှိရာ၌ ရှိကြပေမည်။

Verse 29 — Surah Al-Waqiah 56:29

၎င်းပြင် အခိုင်လိုက်သီးသော ငှက်ပျောပင်များရှိရာ၌ ရှိကြပေမည်။

Verse 30 — Surah Al-Waqiah 56:30

ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ် အာဝါသ၌ ရှိကြပေမည်။

Verse 31 — Surah Al-Waqiah 56:31

ထိုမှတစ်ပါး (မြေပေါ်)၌ အမြဲစီးတွေလျက်ရှိသော ရေရှိရာ၌ ရှိကြပေမည်။

Verse 32 — Surah Al-Waqiah 56:32

ထို့ပြင် မြောက်မြားစွာသော သစ်သီးဝလံများရှိရာ၌ ရှိနေကြပေမည်။

Verse 33 — Surah Al-Waqiah 56:33

(ထိုသစ်သီးဝလံများမှာ မည်သည့် ဥတုရာသီ၌မျှ) ကုန်ခန်းသော သစ်သီးဝလံများလည်း မဟုတ်ပေ၊ (မည်သို့မျှ) ပိတ်ပင်တားမြစ်ခြင်းခံရအံ့သော သစ်သီးဝလံများလည်း မဟုတ်ချေ။

Verse 34 — Surah Al-Waqiah 56:34

ထိုမှတစ်ပါး (၎င်းတို့သည်) မြင့်စွင့်လှစွာသောသလွန်များ၊ အခင်းအကျင်းများ၊ မွေ့ရာများပေါ်၌ ရှိနေကြပေမည်။

Verse 35 — Surah Al-Waqiah 56:35

ဧကန်မလွဲ ငါအရှင်မြတ်သည် (ဂျန္နတ်သုခဘုံ၌ ရှိကုန်သော) ထိုမိန်းမတို့အား အထူးဖန်ဆင်းတော် မူခဲ့၏။

Verse 36 — Surah Al-Waqiah 56:36

တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ပျိုကညာများ ပြုလုပ်တော်မူခဲ့၏။

Verse 37 — Surah Al-Waqiah 56:37

(လင်ယောက်ျားတို့အား)ချစ်ခင် စုံမက်ကြသော၊ သက်တူရွယ်တူများဖြစ်ကြသော၊

Verse 38 — Surah Al-Waqiah 56:38

လက်ယာဘက်သားတို့အဖို့၊

Verse 39 — Surah Al-Waqiah 56:39

(ထိုလက်ယာဘက်သားတို့တွင်) ရှေးသူဟောင်းတို့အနက် ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊

Verse 40 — Surah Al-Waqiah 56:40

နောင်လာနောက်သားတို့အနက်မှ ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊ ပါဝင်ကြကုန်အံ့သတည်း။

Verse 41 — Surah Al-Waqiah 56:41

သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့သည် အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

Verse 42 — Surah Al-Waqiah 56:42

(ထိုလက်ဝဲဘက်သားတို့မှာ) ခြစ်ခြစ်ပူလောင်သော လေပူ၌လည်းကောင်း၊ ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌လည်းကောင်း၊

Verse 43 — Surah Al-Waqiah 56:43

လွန်စွာနက်မှောင်သော အခိုးအငွေ့၏ အရိပ်၌လည်းကောင်း၊ ရှိကြပေမည်။

Verse 44 — Surah Al-Waqiah 56:44

(ယင်းအရိပ်မှာ) အေးမြသည်လည်း မဟုတ်ပေ။ ပြန်၍ လန်းဆန်းစေသည်လည်း မရှိပေ။

Verse 45 — Surah Al-Waqiah 56:45

စင်စစ်ဧကန် ၎င်းတို့သည် ထိုသည့်အလျင် စည်းစိမ်ကြီးသူများပင် ဖြစ်ခဲ့ကြကုန်၏။

Verse 46 — Surah Al-Waqiah 56:46

ထို့ပြင် အလွန်အမင်း ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုး၍ ကျူးလွန်လျက် ရှိခဲ့ကြကုန်၏။

Verse 47 — Surah Al-Waqiah 56:47

ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့) ပြောဆိုလျက်ရှိခဲ့ကြကုန်၏။ ‘ကျွန်ုပ်တို့သည် သေပြီးနောက် အရိုးများ ဖြစ်ခဲ့ကြသောအခါ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော’။

Verse 48 — Surah Al-Waqiah 56:48

‘၎င်းပြင် ရှေးသူဟောင်းများ ဖြစ်ကြသော ကျွန်ုပ်တို့၏ အဘ ဘိုးဘေးတို့သည်လည်း (ရှင်ပြန် ထကြဦးမည်လော)’။

Verse 49 — Surah Al-Waqiah 56:49

(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ လူဟောင်းတို့သည် လည်းကောင်း၊ နောင်လာနောက်သားတို့သည် လည်းကောင်း။

Verse 50 — Surah Al-Waqiah 56:50

အမှန်ပင် သတ်မှတ်ပြီးဖြစ်သောနေ့ ဆိုက်ရောက်လာသောအချိန်တွင် စုရုံးခြင်း ခံကြရပေမည်။

Verse 51 — Surah Al-Waqiah 56:51

ထို့နောက် အို-လမ်းလွဲသူတို့၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၊ အသင်တို့သည် ဧကန်မလွဲ၊

Verse 52 — Surah Al-Waqiah 56:52

‘ဇက္ကူမ်’ ရှားစောင်းခါးပင် စားကြရမည်ဖြစ်၏။

Verse 53 — Surah Al-Waqiah 56:53

တစ်ဖန် (အသင်တို့သည်) ယင်း ရှားစောင်းခါးပင်(မှ စားသုံးခြင်း)ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြရမည်ဖြစ်၏။

Verse 54 — Surah Al-Waqiah 56:54

တစ်ဖန် (အသင်တို့သည်) ယင်းရှားစောင်းခါးပင် စားပြီးနောက် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို သောက်ကြရမည်ဖြစ်၏။

Verse 55 — Surah Al-Waqiah 56:55

ထိုအခါ (အသင်တို့သည် ထိုပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို) လွန်စွာ ရေမွတ်သိပ်လျက် ရှိကုန်သော ကုလားအုတ်များ သောက်သကဲ့သို့ပင် သောက်ကြရပေမည်။

Verse 56 — Surah Al-Waqiah 56:56

ဤသည်ကား ၎င်းတို့အား အစားပေးသောနေ့တွင် ဧည့်ခံကျွေးမွေးခြင်းပင် ဖြစ်အံ့သတည်း။

Verse 57 — Surah Al-Waqiah 56:57

ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ဟုတ်မှန်ကြောင်း ဝန်မခံ ကြလေသနည်း။

Verse 58 — Surah Al-Waqiah 56:58

အသင်တို့ ပြောပြကြကုန်။ အသင်တို့သည် မိမိတို့သုတ်ရည် အစက်ချကြသည်။

Verse 59 — Surah Al-Waqiah 56:59

ယင်းသုတ်ရည်ကို အသင်တို့ကိုယ်တိုင် (လူဖြစ်အောင်) ဖန်ဆင်းကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော။

Verse 60 — Surah Al-Waqiah 56:60

ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့ကြား၌’မရဏ’ သေဆုံးခြင်းကို တင်ရင်စီမံတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသောအရှင် မဟုတ်ပြီ၊

Verse 61 — Surah Al-Waqiah 56:61

ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သော (အခြား)သူတို့အား ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန်လည်းကောင်း။

Verse 62 — Surah Al-Waqiah 56:62

ထို့ပြင် ဧကန်စင်စစ် အသင်တို့သည် ပထမအကြိမ် ဖန်ဆင်းတော်မူခြင်းကို ကောင်းမွန်စွာ သိရှိပြီး ဖြစ်ကြလျက် မည်သည့်အတွက်ကြောင့် နားမလည် ကြသနည်း။

Verse 63 — Surah Al-Waqiah 56:63

အသင်တို့သည် မိမိတို့ စိုက်ပျိုးကြသည်များကို မြင်ခဲ့ကြလေသလော။

Verse 64 — Surah Al-Waqiah 56:64

ထိုစိုက်ပျိုးထားကြသည့် မျိုးစေ့ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသော အရှင်မြတ် ဖြစ်တော်မူပါသလော။

Verse 65 — Surah Al-Waqiah 56:65

အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ယင်းစိုက်ပျိုးခင်းကို စဉ်းထားသောကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူခဲ့ပေ မည်။ ထိုအခါ အသင်တို့သည် တွေဝေ ငေးမှိုင်လျက် ရှိကြပေမည်။

Verse 66 — Surah Al-Waqiah 56:66

ဧကန်စင်စစ် ကျွန်ုပ်တို့သည် ကြွေးမြီတင်ခြင်း ဒဏ်ဆောင်စေခြင်း ခံကြရလေပြီ။

Verse 67 — Surah Al-Waqiah 56:67

ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် လက်မဲ့ဖြစ်စေခြင်းကိုပင် ခံကြရလေပြီ(ဟု ပြောဆို ညည်းညူကြပေမည်)။

Verse 68 — Surah Al-Waqiah 56:68

အသင်တို့သည် မိမိတို့ သောက်သုံးကြသော ရေကို မြင်ခဲ့ကြလေသလော။

Verse 69 — Surah Al-Waqiah 56:69

ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ရွာသွန်းစေတော်မူသော အရှင်ဖြစ်တော်မူပါသလော။

Verse 70 — Surah Al-Waqiah 56:70

အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ထိုရေကို ရေငန်ရေခါး ပြုလုပ်တော်မူခဲ့ မည်သာ။သို့ပါလျက် အသင်တို့သည် မည်သည့် အတွက်ကြောင့် ကျေးဇူးမတင်ကြပေသနည်း။

Verse 71 — Surah Al-Waqiah 56:71

အသင်တို့သည် မိမိတို့မွှေးကြသော မီးကို မြင်ခဲ့ကြလေသလော။

Verse 72 — Surah Al-Waqiah 56:72

ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော် မူသောအရှင် ဖြစ်တော်မူပါသလော။

Verse 73 — Surah Al-Waqiah 56:73

ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိရစေသော၊ တရားရစေသောအရာ အဖြစ်လည်းကောင်း၊ ခရီးသည်တို့အဖို့ အကျိုးကျေးဇူးရှိစေသောအရာ အဖြစ်လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။

Verse 74 — Surah Al-Waqiah 56:74

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ကြီးကျယ် မြင့်မြတ်လှတော်မူသော အရှင်မြတ်(၏ နာမံတော်၊ စင်ကြယ် သန့်ရှင်းတော်မူကြောင်း) ချီးမွမ်းမြွက်ဆိုပါလေ။

Verse 75 — Surah Al-Waqiah 56:75

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ကြယ်နက္ခတ်တို့၏ဝင်ရာ၊ စခန်းချရာများကို သက်သေထူ(ကျိန်ဆို)တော်မူ၏။

Verse 76 — Surah Al-Waqiah 56:76

စင်စစ်ဆိုသော် ယင်းသို့ သက်သေထူခြင်း (ကျိန်ဆိုခြင်း)မှာ အကယ်၍ အသင်တို့သိရှိကြလျှင် ကြီးကျယ်စွာသော သက်သေထူမူ ကျိန်ဆိုမှု)ပင်။

Verse 77 — Surah Al-Waqiah 56:77

ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

Verse 78 — Surah Al-Waqiah 56:78

မှတ်တမ်းစာအုပ်တစ်ခု၌ ထိန်းသိမ်း စောင့်ရှောက်၍ ထားရှိပြီးဖြစ်သော။

Verse 79 — Surah Al-Waqiah 56:79

ယင်း မှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းကြသော သူတို့မှတစ်ပါး မည်သူမျှ ထိတွေ့ကြသည်မရှိပြီ။

Verse 80 — Surah Al-Waqiah 56:80

စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ချမှတ်ပေးတော်မူခြင်း ခံရလေသော၊

Verse 81 — Surah Al-Waqiah 56:81

သို့ပါလျက် အသင်တို့သည် ဤအာယတ်တော်ကို မထီမဲ့မြင်ပြုကြလေသလော၊ ပျင်းရိနေကြသလော။

Verse 82 — Surah Al-Waqiah 56:82

ထိုမှတစ်ပါး အသင်တို့သည် မဟုတ်မမှန်ဟူ၍ ငြင်းပယ်မှုကိုပင် မိမိတို့၏အစားအစာ ပြုလုပ်ကြလေသလော။(တစ်နည်း) ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ကြမည့်အစား၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြလေသလော၊

Verse 83 — Surah Al-Waqiah 56:83

သို့ဖြစ်လျှင် အသက်ဇီဝိန်သည် လည်မျိုသို့ ရောက်ရှိလာသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် (မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်း) မပြုကြသနည်း။

Verse 84 — Surah Al-Waqiah 56:84

စင်စစ် အသင်တို့သည် ထိုရောအခါဝယ် ကြည့်၍ နေကြကုန်၏။

Verse 85 — Surah Al-Waqiah 56:85

စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တို့ထက် ပိုမို၍ပင် ထိုသူနှင့် နီးကပ်လျက် ရှိနေတော်မူ၏။ သို့ရာတွင် အသင်တို့သည် မြင်ကြသည် မဟုတ်ပေ။

Verse 86 — Surah Al-Waqiah 56:86

သို့ဖြစ်ပေရာ အသင်တို့သည် အစားပေးခြင်း ခံရအံ့သောသူများ မဟုတ်(ဟု ဆိုရာ၌) အမှန်ကို ပြောဆိုသူများဖြစ်ကြလျှင် မည်သည့်အတွက်ကြောင့်၊

Verse 87 — Surah Al-Waqiah 56:87

ယင်း အသက်ဇီဝိန်ကို ပြန်လည်၍ ယူမထားကြပေသနည်း။

Verse 88 — Surah Al-Waqiah 56:88

တစ်ဖန် မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ထို(သေဆုံးသော) သူသည် နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သည်ရှိသော်။

Verse 89 — Surah Al-Waqiah 56:89

သို့ဖြစ်လျှင် (ထိုသူ၏အဖို့) ချမ်းသာမှုသည်လည်းကောင်း၊ အစားအစာသည်လည်းကောင်း၊ မွေ့ လျော်စံပျော်ရာ ‘ဂျန္နတ်’ သုခဘုံသည်လည်းကောင်း၊ ရှိချေမည်။

Verse 90 — Surah Al-Waqiah 56:90

၎င်းပြင် အကယ်၍ ထိုသူသည် လက်ယာဘက်သားတို့တွင် ပါဝင်ခဲ့သူ၊

Verse 91 — Surah Al-Waqiah 56:91

သို့ဖြစ်လျှင် (အသင်သည်) လက်ယာဘက်သားတို့တွင် ပါဝင်သောကြောင့် အသင့်အဖို့ ငြိမ်းချမ်းမှုသည် ရှိပေမည်(ဟု သတင်းပြောကြားခြင်းကို ခံရပေမည်။)

Verse 92 — Surah Al-Waqiah 56:92

သို့ရာတွင် အကယ်၍ ထိုသူသည် လမ်းမှားကြကုန်သော၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်သော၊ သူတို့အနက်တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်၊

Verse 93 — Surah Al-Waqiah 56:93

(ထိုသူအား) ပွက်ပွက်ဆူ၍နေသော ရေနွေးပူဖြင့် ဧည့်ခံခြင်းသည်လည်းကောင်း၊

Verse 94 — Surah Al-Waqiah 56:94

အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးထဲသို့ ဝင်ရောက်စေခြင်းသည် လည်းကောင်း၊ ရှိပေမည်။

Verse 95 — Surah Al-Waqiah 56:95

ဧကန်မလွဲ ဤသည် ထင်ရှားသော အမှန်ပင်ဖြစ်၏။

Verse 96 — Surah Al-Waqiah 56:96

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏နာမံတော်-စင်ကြယ် သန့်ရှင်းတော်မူကြောင်း)ချီးမွမ်းမြွက်ဆိုပါလေ။