Back to Languages

Burmese - Chapter 61 - As-Saf

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah As-Saf 61:1

မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြကုန်၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။

Verse 2 — Surah As-Saf 61:2

အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မည်သည့်အတွက်ကြောင့် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုကြသနည်း။

Verse 3 — Surah As-Saf 61:3

အလ္လာဟ်အရှင်မြတ်အထံတော်တွင် အသင်တို့မပြုလုပ်ကြသော အမှုကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုခြင်းသည် လွန်စွာ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းလှ၏၊

Verse 4 — Surah As-Saf 61:4

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ စီတန်းလျက် လွန်စွာသိပ်သည်း ခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (မဆုတ်မနစ်၊ စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်စွာ) တိုက်ခိုက်ကြကုန်သော သူတို့အား နှစ်မြို့တော်မူပေသတည်း။

Verse 5 — Surah As-Saf 61:5

၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။

Verse 6 — Surah As-Saf 61:6

ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။

Verse 7 — Surah As-Saf 61:7

အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။

Verse 8 — Surah As-Saf 61:8

၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြကုန်၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော်လည်း အလ္လာဟ်အရှင်မြတ်မှာမူကား မိမိရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Verse 9 — Surah As-Saf 61:9

ထို အရှင်မြတ်သည် အကြင် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ မုရှ်ရစ်က်တို့သည် မနှစ်မြို့ကြငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ (ယင်း မှန်ကန်သော သာသနာကို) စေလွှတ်တော်မူခဲ့ပေသတည်း။

Verse 10 — Surah As-Saf 61:10

အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့အား အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ လွတ်မြောက်စေအံ့သော ကူးသန်းရောင်းဝယ် ဖောက်ကားမူကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြတော်မူရမည်လော။

Verse 11 — Surah As-Saf 61:11

အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြရပေမည်။ ၎င်းပြင် အသင်တို့သည် မိမိတို့ ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်းကြရပေမည်။ ဤသည် အကယ်၍ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။

Verse 12 — Surah As-Saf 61:12

ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ ထို့ပြင် ထိုအရှင်မြတ် သည်အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် အသင်တို့အား) အကြင်နေအိမ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုနေအိမ်များမှာ အမြဲထာဝစဉ် နေထိုင်ရအံ့သောဥယျာဉ်များဝယ် ရှိကြပေမည်။ ထိုသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

Verse 13 — Surah As-Saf 61:13

ထိုမှတစ်ပါး အသင်တို့ နှစ်သက်ကြကုန်သော အခြား(အကျိုးကျေးဇူး)တစ်ပါးကိုလည်း (ထိုအရှင်မြတ်သည် အသင်တို့အား ချီးမြှင့်တော်မူပေမည်။ ယင်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ ကူညီစောင်မမှုပင်၊ နီးကပ်စွာသော အောင်နိုင်မှုပင်။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်းပြောကြားပါလေ။

Verse 14 — Surah As-Saf 61:14

အို- 'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘မရ်ယမ်’၏သားတော် (နဗီ တမန်တော်'အီစာ')က ‘ဟဝါရီ’တို့အား ပြောကြားဘိသကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်(၏'ဒီန်'သာသနာတော်)ကို ကူညီသူများပင် ဖြစ်ကြလေကုန်။ (မရ်ယမ်၏သားတော် ‘အီစာ’ က ‘ဟဝါရီ’ တို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ငါ့အား မည်သူများကူညီမည်နည်း(ဟုပြောကြားခဲ့ရာ) ‘ဟဝါရီ’ တို့က အလ္လာဟ်အရှင်မြတ်(၏ ‘ဒီန်’သာသနာတော်)ကို ကျွန်ုပ်တို့ကူညီကြပါမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် အစ္စရာအီလီမျိုးနွယ်ဝင်တို့အနက် လူတစ်စုမှာ သက်ဝင်ယုံကြည်ခဲ့ကြ၍ လူတစ်စုမှာ သွေဖည်ငြင်းပယ်ခဲ့ကြလေ၏။ ထိုအခါ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား ၎င်းတို့၏ ရန်သူများအပေါ်၌ ကူညီစောင်မတော်မူခဲ့ပေရာ ၎င်းတို့မှာ အောင်နိုင်ခဲ့ကြကုန်သတည်း။