Back to Languages

Burmese - Chapter 75 - Al-Qiyamah

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Qiyamah 75:1

ငါ အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

Verse 2 — Surah Al-Qiyamah 75:2

ထိုမှတစ်ပါး ငါအရှင်မြတ်သည် (မိမိကိုယ်ကို)လွန်စွာ ပြစ်တင်ဆုံးမတတ်သောစိတ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

Verse 3 — Surah Al-Qiyamah 75:3

လူသားသည် ၎င်း၏အရိုးများကို ငါအရှင်မြတ် စုပေါင်းတော်မူမည်မဟုတ်ဟု ထင်မှတ်၍နေ လေသလော။

Verse 4 — Surah Al-Qiyamah 75:4

အဘယ်ကြောင့် မဟုတ်ပါသနည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်ခြေဆစ်များကိုပင်လျှင် မူလအခြေအနေအတိုင်း ပြန်၍ပြုပြင်ဖန်ဆင်းရန် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

Verse 5 — Surah Al-Qiyamah 75:5

စင်စစ်မှာကား လူသားသည် မိမိရှေ့အနာဂတ်ကာလ၌ဖြစ်အံ့သော "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်လို၏။(တစ်နည်း) စင်စစ်မှာကား လူသားသည် အနာဂတ်ကာလ၌လည်း ပြစ်မှုဒုစရိုက် ကျူးလွန်လို၏။

Verse 6 — Surah Al-Qiyamah 75:6

ထိုလူသားက ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု မေးမြန်း၏။

Verse 7 — Surah Al-Qiyamah 75:7

စင်စစ်မှာကား အကြင်အခါဝယ် မျက်စိများမိန်းမောတွေဝေ ထိုင်းမှိုင်း၍ သွားပေမည်။

Verse 8 — Surah Al-Qiyamah 75:8

၎င်းပြင် "လ" သည် အလင်းရောင် ကင်းမဲ့၍သွားပေမည်။

Verse 9 — Surah Al-Qiyamah 75:9

ထိုမှတစ်ပါး "နေ"နှင့်"လ" တို့သည် ပေါင်းစပ်ခြင်းကို ခံကြရပေမည်။ (တစ်နည်း) "နေ" နှင့် "လ"တို့သည် တစ်မျိုး တစ်စားတည်း ဖြစ်စေခြင်းကို ခံကြရပေမည်။

Verse 10 — Surah Al-Qiyamah 75:10

ထိုနေ့တွင် လူသားသည် (ကျွန်ုပ်)အဘယ်သို့ ပြေးရပါမည်နည်းဟု ပြောဆိုပေမည်။

Verse 11 — Surah Al-Qiyamah 75:11

အလျှင်း မဟုတ်။ ခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

Verse 12 — Surah Al-Qiyamah 75:12

ထိုနေ့တွင် နေထိုင်ရာဌာနဟူသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော် ၌သာလျှင် ရှိချေမည်။

Verse 13 — Surah Al-Qiyamah 75:13

ထိုနေ့တွင် လူသားသည် မိမိ တင်ကြို ပို့နှင့်ခဲ့သည်ကိုလည်းကောင်း၊ မိမိ နောက်ချန်ရစ်ခဲ့သည်ကိုလည်းကောင်း၊ ပြောပြခြင်းကို ခံရပေမည်။

Verse 14 — Surah Al-Qiyamah 75:14

စင်စစ်မှာကား လူသားသည် မိမိကိုယ်ကို မိမိကောင်းစွာ မြင်သူဖြစ်မည်။ (တစ်နည်း) စင်စစ်မှာကား လူသား၏ ခန္ဓာကိုယ်၌ပင် သက်သေရှိနေပေမည်။

Verse 15 — Surah Al-Qiyamah 75:15

စင်စစ် ၎င်းသည် မိမိ အကြောင်းပြချက်များကို(မည်မျှပင်) တင်ပြငြားအံ့လည်း။

Verse 16 — Surah Al-Qiyamah 75:16

အသင်သည် (ကောင်းကင်တမန် ဂျစ်ဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယတ်တော်များကို ရွတ်ဖတ်တော်မူသည့်အခါ) အသင်၏လျှာကို(ယင်း အာယတ်တော်များကို) အလျှင်အမြန် (ကျက်မှတ်)ရယူရန် အလို့ငှာ မလှုပ်လေနှင့်။

Verse 17 — Surah Al-Qiyamah 75:17

ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို စုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ (ယင်းကုရ်အာန်ကျမ်းမြတ်ကို) ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။

Verse 18 — Surah Al-Qiyamah 75:18

သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော် မူခဲ့အံ့။ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက်(၍ဖတ်)ပါလေ။ နားထောင်ပါလေ။

Verse 19 — Surah Al-Qiyamah 75:19

ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ရှင်းပြခြင်းမှာလည်း ဧကန်အမှန် ငါအရှင်မြတ်၏ တာဝန်သာဖြစ်၏။

Verse 20 — Surah Al-Qiyamah 75:20

မှတ်ယူကြလေကုန်။ စင်စစ်မှာကား အသင်တို့သည် လောကီဘဝကို နှစ်သက်ကြကုန်၏။

Verse 21 — Surah Al-Qiyamah 75:21

၎င်း ပြင် အသင်တို့သည် "အာခိရတ်"တမလွန်ဘဝကို စွန့်လွှတ်ကြကုန်၏။

Verse 22 — Surah Al-Qiyamah 75:22

ထိုနေ့တွင် များစွာသော မျက်နှာတို့မှာ ရွှင်လန်းလျက် ရှိကြပေမည်။

Verse 23 — Surah Al-Qiyamah 75:23

မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဖူးမြော်လျက် ရှိကြပေမည်။

Verse 24 — Surah Al-Qiyamah 75:24

သို့ရာတွင် များစွာသော မျက်နှာတို့မှာမူကား ညှိုးနွမ်းလျက်ပင် ရှိကြပေမည်။

Verse 25 — Surah Al-Qiyamah 75:25

၎င်းတို့၌ ခါးရိုးကျိုးစေမည့် ပြစ်ဒဏ်ကို ခံရမည်ကို ကောင်းမွန်စွာ သိလျက်ရှိကြကုန် အံ့သတည်း။

Verse 26 — Surah Al-Qiyamah 75:26

မှတ်ယူကြလေကုန်၊ အကြင်အခါဝယ် အသက်ဇီဝိန်သည် ညှပ်ရိုးများသို့ ရောက်ရှိ၍သွားလေ၏။

Verse 27 — Surah Al-Qiyamah 75:27

၎င်း ပြင် (ထိုဝေဒနာရှင်၏ အနီးအနား၌ ရှိသူတို့က) မန်းမှုတ်မည့်သူ ရှိပါသလောဟု ဟစ်အော် ကြပေမည်။

Verse 28 — Surah Al-Qiyamah 75:28

၎င်းပြင် ဧကန်စင်စစ် ဤအချိန်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်ဟု ထိုသူ ယုံကြည် လျက်ရှိပေမည်။

Verse 29 — Surah Al-Qiyamah 75:29

ထို့ပြင် ခြေသလုံးသည် ခြေသလုံးနှင့်ကပ်သွားပေမည်။ (တစ်နည်း) ထို့ပြင် ဒုက္ခသည် ဒုက္ခပေါ်၌ ထပ်ဆင့်၍ သွားပေမည်။

Verse 30 — Surah Al-Qiyamah 75:30

ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပင် ပြန်သွားရပေမည်။

Verse 31 — Surah Al-Qiyamah 75:31

စင်စစ်သော်ကား ထိုလူသားသည် ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့သည်လည်း မဟုတ်ပေ။ "ဆွလာတ်" ဝတ်ပြုခဲ့သည်လည်း မဟုတ်ပေ။

Verse 32 — Surah Al-Qiyamah 75:32

သို့ရာတွင် ၎င်းသည် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခြင်းကိုသာလည်းကောင်း၊ မျက်နှာလွှဲခြင်းကိုသာလည်းကောင်း၊ ပြုခဲ့၏။

Verse 33 — Surah Al-Qiyamah 75:33

ထို့နောက် ၎င်း သည် မော်ကြွားဟန်ချီလျက် မိမိ အိမ်သူအိမ်သားတို့ထံ သွားခဲ့၏။

Verse 34 — Surah Al-Qiyamah 75:34

အသင်၌ ပျက်စီးခြင်းအပေါ်ဝယ် ပျက်စီးခြင်းသာရှိပေမည်။

Verse 35 — Surah Al-Qiyamah 75:35

ထို့နောက် တစ်ဖန် အသင်၌ ပျက်စီးခြင်း အပေါ်ဝယ် ပျက်စီးခြင်းသည်သာ ရှိပေမည်။

Verse 36 — Surah Al-Qiyamah 75:36

လူသားသည် မိမိမှာ ဤအတိုင်း စွန့်လွှတ်ထားခြင်းကို ခံနေရမည်ဟု ထင်မှတ်လေသလော။

Verse 37 — Surah Al-Qiyamah 75:37

၎င်း မှာ သွန်းလောင်းခြင်းခံရသော သုတ်ရည်တစ်စက်သာလျှင် ဖြစ်ခဲ့သည်မဟုတ်လော။

Verse 38 — Surah Al-Qiyamah 75:38

ထို့နောက် ယင်းသုတ်ရည်သည် သွေးခဲဖြစ်ခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် (၎င်း အား) ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် (၎င်း အား) နေသားကျနအောင် ပြုပြင်တော်မူခဲ့၏။

Verse 39 — Surah Al-Qiyamah 75:39

ထို့နောက် ထိုအရှင်မြတ်သည် ယင်း(သွေးခဲ ဖြစ်သွားခဲ့သောသုတ်ရည်)ကို ယောက်ျားမိန်းမ(ဟူ၍)နှစ်မျိုးနှစ်စား ပြုလုပ်တော်မူခဲ့၏။

Verse 40 — Surah Al-Qiyamah 75:40

ထို(ကဲ့သို့သော)အရှင်မြတ်သည် သူသေတို့အား(တစ်ဖန်ပြန်၍) ရှင်စေတော်မူရန် တတ်စွမ်းနိုင် တော်မူသောအရှင် မဟုတ်ပါသလော။