Back to Languages

Burmese - Chapter 84 - Al-Inshiqaq

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Inshiqaq 84:1

အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားပေမည်။

Verse 2 — Surah Al-Inshiqaq 84:2

၎င်းပြင် ထိုမိုးကောင်းကင်သည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံပေမည်။စင်စစ် ယင်းမိုးကောင်းကင်သည် (ယင်းသို့ နာခံရန်သာ)ထိုက်တန်ပေသည်။

Verse 3 — Surah Al-Inshiqaq 84:3

ထို့ပြင် အကြင်အခါဝယ် ပထဝီမြေသည် ဆွဲဖြန့်ခြင်းကို ခံရပေမည်။

Verse 4 — Surah Al-Inshiqaq 84:4

၎င်းပြင် ယင်းပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာဝတ္ထုများကို (အပြင်သို့ အန်)ထုတ်ပြီးလျှင် ဗလာချည်း ဖြစ်သွားပေမည်။

Verse 5 — Surah Al-Inshiqaq 84:5

ထို့ပြင် ယင်းပထဝီမြေသည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံစေမည်။ စင်စစ် ယင်းပထဝီမြေသည် ယင်းသို့ နာခံရန်သာ ထိုက်တန်ပေသည်။

Verse 6 — Surah Al-Inshiqaq 84:6

အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။

Verse 7 — Surah Al-Inshiqaq 84:7

မည်သို့ပင်ဖြစ်စေ ထိုအခါ မိမိမှတ်တမ်းကို မိမိလက်ယာဘက်လက်ထဲ၌ ပေးခြင်းကို ခံရသောသူသည်

Verse 8 — Surah Al-Inshiqaq 84:8

ထိုသူသည် လွယ်ကူသော စစ်ဆေးမှုကို စစ်ဆေးခြင်း ခံရပေမည်။

Verse 9 — Surah Al-Inshiqaq 84:9

၎င်းပြင် ထိုသူသည် မိမိ အိမ်သူအိမ်သား အပေါင်းအဖော်တို့ထံမှ ဝမ်းမြောက်စွာ ပြန်လာပေမည်။

Verse 10 — Surah Al-Inshiqaq 84:10

သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ မိမိမှတ်တမ်းကို မိမိနောက်ကျောဘက်မှပေးခြင်းကို ခံရသောသူသည်

Verse 11 — Surah Al-Inshiqaq 84:11

အမှန်ပင် ထိုသူသည် သေခြင်းတရားကို ဟစ်ခေါ်ပေမည်။

Verse 12 — Surah Al-Inshiqaq 84:12

၎င်းပြင် ထိုသူသည် (ဂျဟန္နမ်ငရဲ၏)မီးတောက်မီးလျှံထဲသို့ ဝင်ရပေမည်။

Verse 13 — Surah Al-Inshiqaq 84:13

ဧကန်စင်စစ် ထိုသူသည် မိမိအိမ်သူအိမ်သား အပေါင်းအဖော်တို့၌ ပျော်ရွှင်စွာရှိခဲ့ပေသည်။

Verse 14 — Surah Al-Inshiqaq 84:14

ဧကန်စင်စစ် ၎င်းသည် (မိမိအရှင်မြတ်အထံတော်သို့)အလျင်းပြန်သွားရမည် မဟုတ်ဟု ထင်မှတ်ခဲ့ပေသည်။

Verse 15 — Surah Al-Inshiqaq 84:15

အဘယ်မှာလျှင် မဟုတ်ပါသနည်း၊ ဧကန်မလွဲ ၎င်း၏အရှင်မြတ်သည် ၎င်းအား ကောင်းစွာ ရှုမြင်လျက်ပင် ရှိတော်မူပေသတည်း။

Verse 16 — Surah Al-Inshiqaq 84:16

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေဝင်ဆည်းဆာ (နေဝင်ပြီးနောက်ကျန်ရှိသော) ရောင်နီကို သက်သေထူတော်မူ၏။

Verse 17 — Surah Al-Inshiqaq 84:17

ထို့ပြင်(ငါအရှင်မြတ်)သည် ညဉ့်ကိုလည်းကောင်း၊ ထိုညဉ့်က ဖုံးလွှမ်းသောအရာများကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။

Verse 18 — Surah Al-Inshiqaq 84:18

၎င်းပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုလစန္ဒာသည် ပြည့်ဝန်းလေသည်။

Verse 19 — Surah Al-Inshiqaq 84:19

အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရပေမည်။

Verse 20 — Surah Al-Inshiqaq 84:20

သို့ပါလျက် ၎င်းတို့သည် မည်သည့်အကြောင်းကြောင့် မယုံကြည်ကြပါသနည်း။

Verse 21 — Surah Al-Inshiqaq 84:21

ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။

Verse 22 — Surah Al-Inshiqaq 84:22

ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။

Verse 23 — Surah Al-Inshiqaq 84:23

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

Verse 24 — Surah Al-Inshiqaq 84:24

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား ပြင်းပြနာကျင်ဖွယ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

Verse 25 — Surah Al-Inshiqaq 84:25

သို့ရာတွင် "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့မှာမူကား အဆုံးမရှိသော အကျိုးကျေးဇူးသည် ရှိပေသတည်း။