Back to Languages

Burmese - Chapter 88 - Al-Ghashiyah

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Ghashiyah 88:1

(အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။

Verse 2 — Surah Al-Ghashiyah 88:2

ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။

Verse 3 — Surah Al-Ghashiyah 88:3

ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။

Verse 4 — Surah Al-Ghashiyah 88:4

၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။

Verse 5 — Surah Al-Ghashiyah 88:5

၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။

Verse 6 — Surah Al-Ghashiyah 88:6

၎င်းတို့အဖို့ "ဿွာရီအ်" မည်သော ဆူးပင်မှတစ်ပါး အခြားအဟာရဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။

Verse 7 — Surah Al-Ghashiyah 88:7

ထိုဆူးပင်မှာ (၎င်းတို့အား)ဝဖြိုးစေမည်လည်းမဟုတ်ပေ။ ဆာလောင် မွတ်သိပ်ခြင်းမှ အဆာပြေ ရောင့်ရဲစေမည်လည်း မဟုတ်ပေတကား။

Verse 8 — Surah Al-Ghashiyah 88:8

များစွာသော(သူတို့၏) မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြည်ရွှင်လန်းလျက်ပင် ရှိကြပေမည်။

Verse 9 — Surah Al-Ghashiyah 88:9

(၎င်းတို့သည်) မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်သက်ကျေနပ်လျက်ရှိကြပေမည်။

Verse 10 — Surah Al-Ghashiyah 88:10

မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌ ရှိကြပေမည်။

Verse 11 — Surah Al-Ghashiyah 88:11

၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားကို ကြားကြမည် မဟုတ်ပေ။

Verse 12 — Surah Al-Ghashiyah 88:12

ယင်းဂျန္နတ်သုခဘုံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။

Verse 13 — Surah Al-Ghashiyah 88:13

ယင်း ဂျန္နတ်သုခဘုံ၌ မြင့်စွင့်သော သလွန် များရှိကြပေသည်။

Verse 14 — Surah Al-Ghashiyah 88:14

၎င်းပြင် သောက်ရေဖလားများသည်လည်း စီထားလျက် ရှိကြပေသည်။

Verse 15 — Surah Al-Ghashiyah 88:15

ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ခင်းကျင်းထားလျက် ရှိကြပေသည်။

Verse 16 — Surah Al-Ghashiyah 88:16

ထိုမှတစ်ပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။

Verse 17 — Surah Al-Ghashiyah 88:17

အသို့ပါနည်း ကုလားအုတ်များသည် အဘယ်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ၎င်းတို့သည် ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

Verse 18 — Surah Al-Ghashiyah 88:18

ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်စွင့်စေခြင်းကို ခံခဲ့ရသည်ကိုလည်းကောင်း။

Verse 19 — Surah Al-Ghashiyah 88:19

ထို့အတူ တောင်များသည် အဘယ်ကဲ့သို့ စိုက်ထူခြင်းကို ခံခဲ့ကြရသည်ကိုလည်းကောင်း။

Verse 20 — Surah Al-Ghashiyah 88:20

ထိုမှတစ်ပါး ပထဝီမြေသည် အဘယ်ကဲ့သို့ ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ (ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော)။

Verse 21 — Surah Al-Ghashiyah 88:21

သို့ဖြစ်ပေရာ အသင်သည် ဆုံးမလျက် ရှိပါလေ။ အသင်သည် ဆုံးမသူတစ်ဦးမျှသာ ဖြစ်ပေသည်။

Verse 22 — Surah Al-Ghashiyah 88:22

အသင်သည် ၎င်းတို့အပေါ်၌ စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။

Verse 23 — Surah Al-Ghashiyah 88:23

သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်လည်းကောင်း။

Verse 24 — Surah Al-Ghashiyah 88:24

အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်ပေသည်။

Verse 25 — Surah Al-Ghashiyah 88:25

ဧကန်မလွဲ ၎င်းတို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည် ဖြစ်ပေသည်။

Verse 26 — Surah Al-Ghashiyah 88:26

ထို့နောက် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။