Back to Languages

Burmese - Chapter 96 - Al-Alaq

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Alaq 96:1

(အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

Verse 2 — Surah Al-Alaq 96:2

ထိုအရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏။

Verse 3 — Surah Al-Alaq 96:3

(အို-နဗီတမန်တော်) အသင်သည် ဖတ်ပါ လေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Verse 4 — Surah Al-Alaq 96:4

အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

Verse 5 — Surah Al-Alaq 96:5

ထိုအရှင်မြတ်သည် လူသားတို့အား ၎င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း။

Verse 6 — Surah Al-Alaq 96:6

မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။

Verse 7 — Surah Al-Alaq 96:7

၎င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။

Verse 8 — Surah Al-Alaq 96:8

ဧကန်မလွဲ(အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်အထံတော်သို့သာလျှင် ဖြစ်သည်။

Verse 9 — Surah Al-Alaq 96:9

(အို-နဗီတမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။

Verse 10 — Surah Al-Alaq 96:10

(အလ္လာဟ်အရှင်မြတ်၏) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာတ်ဝတ်ပြုသောအခါဝယ်။

Verse 11 — Surah Al-Alaq 96:11

(အို-နဗီတမန်တော်) အသင်သည် (ထိုလူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် တရားလမ်းမှန်ပေါ်၌ရှိခဲ့မူ။

Verse 12 — Surah Al-Alaq 96:12

သို့တည်းမဟုတ် ၎င်းသည် (ပြစ်မှုများမှ) ကြဉ်ရှောင်ရန် အမိန့်ပေးခဲ့မူ (မကောင်းပါလော)။

Verse 13 — Surah Al-Alaq 96:13

(အို-နဗီတမန်တော်) အသင်သည်(ထိုသူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ပြီးနောက် (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) မျက်နှာလွှဲဖယ်ခဲ့သော် (မည်သူအကျိုးယုတ်အံ့နည်း)။

Verse 14 — Surah Al-Alaq 96:14

အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။

Verse 15 — Surah Al-Alaq 96:15

မှတ်ယူလော့၊ အကယ်၍ ထိုသူသည် (မိမိ အပြုအမူကို) မရပ်စဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်း၏) ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။

Verse 16 — Surah Al-Alaq 96:16

(ထိုဦးစွန်းကား) မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော ဦးစွန်းပင်။

Verse 17 — Surah Al-Alaq 96:17

သို့ဖြစ်ပေရာ ၎င်းသည် မိမိ၏အခြွေအရံများကို ခေါ်ယူစေ။

Verse 18 — Surah Al-Alaq 96:18

ယခုပင် ငါအရှင်မြတ်သည်လည်း ငရဲစောင့် ကောင်းကင်တမန်တို့ကို ခေါ်ယူတော်မူမည်။

Verse 19 — Surah Al-Alaq 96:19

အလျှင်းမဟုတ်၊ (အို-နဗီတမန်တော်) အသင်သည် ၎င်း၏စကားကို မလိုက်နာလေနှင့်၊ ထို့ပြင် အသင်သည်(အလ္လာဟ်အရှင်မြတ်အား) "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ၎င်းပြင် အသင်သည် (ဝတ်ပြုခြင်းအားဖြင့် ထိုအရှင်မြတ်အပါးတော်သို့) ချဉ်းကပ်ပါလေ။