Back to Languages

Burmese - Chapter 21 - Al-Anbiya

Translation by Hashim Tin Myint — Permalink

Verse 1 — Surah Al-Anbiya 21:1

လူသားတို့အား စစ်‌ဆေးရန်အချိန်ကာလသည် သူတို့ ‌ပေါ့ဆစွာ မျက်နှာလွှဲလျက်ရှိ‌နေစဉ်၌ပင် သူတို့နှင့် နီးကပ်လာပြီဖြစ်သည်။

Verse 2 — Surah Al-Anbiya 21:2

သူတို့ထံသို့ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ မည်သည့်သတိ‌ပေးနှိုး‌ဆော်ချက် အသစ်‌ရောက်လာသည်ဖြစ်‌စေ သူတို့သည် ထိုသတိ‌ပေးနှိုး‌ဆော်ချက်ကို ‌ပြောင်‌လှောင်လျက် နား‌ထောင်ကြသည်။

Verse 3 — Surah Al-Anbiya 21:3

သူတို့၏စိတ်နှလုံးများသည် ဂရုမစိုက်ဘဲလျက် ရှိ‌နေကြသည်။ ထို့ပြင် (ထို)ကျူးလွန်သူများက ဤသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ထို့‌နောက် အသင်တို့ သိမြင်‌နေပါလျက်နှင့် အသင်တို့သည် ‌မှော်(ဆရာ၏စကား)ကို (နား‌ထောင်ရန်)လာကြဦးမည်‌လောဟု လျှို့ဝှက်စွာ ‌ဆွေး‌နွေးကြသည်။

Verse 4 — Surah Al-Anbiya 21:4

၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)က ‌ပြောသည်- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် (‌ပြောသမျှ)စကားများကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

Verse 5 — Surah Al-Anbiya 21:5

ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်မှာမူ သူတို့က ‌ပြောဆိုကြသည်။ (ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်) က‌ယောင်‌ချောက်ချားမြင်မက်‌သော အိပ်မက်များပင်ဖြစ်သည်။* ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို လုပ်ကြံ(သီကုံး)ခဲ့သည်။ သို့မဟုတ် အမှန်မှာ ၎င်းသည် ကဗျာဆရာတစ်ဦးပင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယခင်ကလူများ ‌စေလွှတ်ခြင်းခံရသကဲ့သို့ ၎င်းလည်း ကျွန်ုပ်တို့ထံသို့ တန်ခိုး‌တော်တစ်စုံတစ်ခု ယူလာသင့်သည်။

Verse 6 — Surah Al-Anbiya 21:6

သူတို့မတိုင်မီ ငါအရှင်မြတ် ဖျက်ဆီး‌တော်မူခဲ့‌သော မည်သည့်မြို့ရွာမှ (‌နေထိုင်‌သောသူများသည် တန်ခိုး‌တော်များ‌တွေ့မြင်ကြပါလျက်) အီမာန်ယုံကြည်ခဲ့ကြသည် မရှိ‌ပေ။ ထို့‌နောက် ဤသူများသည် ယုံကြည်ကြဦးမည်‌လော။

Verse 7 — Surah Al-Anbiya 21:7

ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီကလည်း (‌ကောင်းကင်တမန်များ မဟုတ်သည့်) လူ‌ယောက်ျားများကိုပင် သူတို့ထံသို့ ငါအရှင်မြတ်သည် ဝဟီအမိန့်‌တော်ပို့ချ‌တော်မူ၍ ‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် (အသင်တို့ကိုယ်တိုင်)မသိကြလျှင် ကျမ်းဂန်ရရှိသူများကို ‌မေးမြန်းကြည့်ကြပါ။

Verse 8 — Surah Al-Anbiya 21:8

ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်များ)ကို အစားအစာ မစား‌သောက်‌သော ခန္ဓာကိုယ်များအဖြစ် ပြုလုပ်‌တော်မူခဲ့သည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် (အသက်မ‌သေဘဲ) အမြဲရှင်သန်‌နေသူများလည်း မဟုတ်ခဲ့‌ပေ။

Verse 9 — Surah Al-Anbiya 21:9

ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်များ)အတွက် ကတိကိုတည်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် စည်း‌ဘောင်‌ကျော်သူများကို ဖျက်ဆီးပစ်‌တော်မူခဲ့သည်။

Verse 10 — Surah Al-Anbiya 21:10

အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ အကြင်ကျမ်းဂန်တစ်‌စောင်ကို ချ‌ပေး‌တော်မူခဲ့ပြီးဖြစ်သည်။ ထိုုကျမ်းဂန်၌ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ချက်(များ)ပါရှိသည်။ သို့ပင်ဖြစ်ငြားလည်း အသင်တို့သည် မသိနားမလည်ကြသ‌လော။

Verse 11 — Surah Al-Anbiya 21:11

ထို့ပြင် ငါအရှင်မြတ်သည် ကျူးလွန်‌နေ‌သော မြို့ရွာအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ထိုမြို့ရွာများ၏‌နောက်တွင် ငါအရှင်မြတ်သည် အခြားလူမျိုးများကို ‌ပေါ်ထွန်း‌စေ‌တော်မူခဲ့သည်။

Verse 12 — Surah Al-Anbiya 21:12

ထို့‌နောက် ထို(မတရားအပြစ်ကျူးလွန်သည့်)မြို့ရွာသားများသည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို ခံစား(သိမြင်)ကြရ‌သောအခါ သူတို့သည် ထိုမြို့ရွာများမှ ချက်ချင်းထွက်‌ပြေးကြသည်။

Verse 13 — Surah Al-Anbiya 21:13

(‌ကောင်းကင်တမန်များက သူတို့ကို ‌ပြောင်‌လှောင်သည့်အ‌နေနှင့် ‌ပြောဆိုကြသည်)- “အသင်တို့ မ‌ပြေးကြနှင့်။ ထို့ပြင် အသင်တို့သည် စည်းစိမ်အဖြစ် ‌ပေးထား‌သော ပစ္စည်းဥစ္စာများနှင့် အသင်တို့၏‌နေအိမ်များထံသို့ ပြန်ခဲ့ကြပါ။ အသင်တို့သည် ‌မေးမြန်းခံရဦးမည်ဖြစ်သည်။“

Verse 14 — Surah Al-Anbiya 21:14

သူတို့က ‌ပြောဆိုကြသည်- “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“

Verse 15 — Surah Al-Anbiya 21:15

ငါအရှင်မြတ်သည် သူတို့အား ရိတ်သိမ်းပြီးဖြစ်‌သော လယ်ယာအဖြစ်၊ ငြိမ်းသွားသည့် မီးအဖြစ်(ပြာပုံကဲ့သို့ ငြိမ်ဝပ်သွား‌အောင်)ပြုလုပ်‌တော်မူခဲ့သည်အထိ သူတို့၏‌ကြွေး‌ကြော်မှုသည် အမြဲမပြတ် ထိုအရာ(“‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“)ဟူ၍ဖြစ်ခဲ့သည်။

Verse 16 — Surah Al-Anbiya 21:16

ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်၊ ‌မြေပထဝီနှင့် ထိုနှစ်ခုအကြားရှိသည်များကို ကစားစရာအဖြစ် ဖန်ဆင်းထားသည် မဟုတ်‌ပေ။

Verse 17 — Surah Al-Anbiya 21:17

ထို့ပြင် ငါအရှင်မြတ်သည် အပျင်း‌ပြေ အနားယူ ကစားရန် ရည်ရွယ်‌တော်မူခဲ့လျှင်၊ အကယ်၍ ငါအရှင်မြတ်သည် (ကစားစရာ)ပြုလုပ်‌တော်မူမည့်အရှင်ဖြစ်‌တော်မူခဲ့လျှင်၊ ငါအရှင်မြတ်သည် ထိုအနားယူ ကစားစရာကို အမှန်စင်စစ် ငါအရှင်မြတ်ထံ‌တော်၌သာ ပြုလုပ်ထား‌တော်မူမည်ဖြစ်သည်။

Verse 18 — Surah Al-Anbiya 21:18

ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှန်ကို အမှား‌ပေါ်တွင် ပစ်‌ပေါက်‌တော်မူသည်။ ထို့ပြင် ထိုအမှန်က ၎င်းအမှား၏(တည်မြဲ‌နေသည့်အင်အား)ဦး‌နှောက်ကို ထုတ်ပစ်လိုက်သည်။ သို့ဖြစ်ရာ ထိုအမှားသည် ချက်ချင်း ‌ပျောက်ကွယ်သွား‌တော့သည်။ ထို့ပြင် အသင်တို့တွင် အသင်တို့၏ လုပ်ကြံစွပ်စွဲ‌ပြောဆိုချက်များ‌ကြောင့် ပျက်စီးခြင်းရှိသည်။

Verse 19 — Surah Al-Anbiya 21:19

ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသူအားလုံးသည် အရှင်မြတ်ပိုင်ဆိုင်‌တော်မူ‌သောသူများပင် ဖြစ်ကြသည်။ ထို့ပြင် အရှင်မြတ်၏အပါး‌တော်တွင်ရှိ‌နေသည့်သူများသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းမှ မာနမ‌ထောင်လွှားကြသည့်အပြင် မ‌မောပန်းကြ‌ပေ။

Verse 20 — Surah Al-Anbiya 21:20

သူတို့သည် (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်းကို ‌နေ့ညမပြတ် အမြဲရွတ်ဆို‌နေကြသည်။ မရပ်တန့်ကြ‌ပေ။

Verse 21 — Surah Al-Anbiya 21:21

သူတို့(မုရှ်ရိက်)များသည် ‌မြေကြီးနှင့် ပြုလုပ်ထားသည့်အရာများကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ထားကြသ‌လော၊ ထိုအရာများသည် ရှင်ပြန်ထ‌စေနိုင်ကြသ‌လော။

Verse 22 — Surah Al-Anbiya 21:22

အကယ်၍ ထို(မိုးနှင့်‌မြေ)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင်များ ရှိခဲ့ကြလျှင် (မိုးနှင့်‌မြေ)နှစ်ခုစလုံးသည် အမှန်ပင် ပျက်စီးခဲ့ပြီး ဖြစ်ကြလိမ့်မည်။* သို့ဖြစ်ရာ အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲ‌ပြောဆိုသည်များမှ စင်ကြယ်‌တော်မူသည်။

Verse 23 — Surah Al-Anbiya 21:23

အရှင်မြတ်သည် အရှင်မြတ်ပြုလုပ်‌တော်မူ‌သောကစ္စများနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်းခြင်း ခံရမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့ကမူ (သူတို့ပြုလုပ်ကြ‌သော အမှုကိစ္စများနှင့်ပတ်သက်၍) စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။

Verse 24 — Surah Al-Anbiya 21:24

သို့မဟုတ် ထို(မုရှ်ရိက်)များသည် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများ ပြုလုပ်ထားကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏သက်‌သေသာဓက အ‌ထောက်အထားကို ယူ‌ဆောင်ခဲ့ကြပါ။ ဤ(ကုရ်အာန်)သည် ငါနှင့်အတူ ရှိကြသည့်သူများ၏ဆုံးမဩဝါဒဖြစ်သည်သာမက၊ ငါ၏မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ဆုံးမဩဝါဒလည်းဖြစ်သည်။ (ထိုအထဲတွင် ငါတို့အတွက်သာမက သူတို့အတွက်လည်း ယခင်ကျမ်းစာများ ‌သောင်ရာသ်၊ အင်န်ဂျီလ်စသည်တို့တွင် ပါဝင်ခဲ့သည့်အတိုင်း ကိုးကွယ်ထိုက်သည့်အရှင် တစ်ပါးတည်းပင်ဖြစ်သည်ဆိုသည့်အ‌ကြောင်း ပါရှိသည်)။ သို့ပင်ဖြစ်ငြားလည်း သူတို့ထဲမှ အ‌မြောက်အမြားသည် အမှန်ကို မသိကြ‌ပေ။ သို့ဖြစ်ရာ သူတို့သည် မျက်နှာလွှဲ‌နေကြသည်။

Verse 25 — Surah Al-Anbiya 21:25

ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ ‌စေလွှတ်‌တော်မူခဲ့‌သော မည်သည့် တမန်‌တော်ထံပင်ဖြစ်‌စေ “စင်စစ် ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ၊ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု အမိန့်‌တော် ထုတ်ပြန်‌တော်မူခဲ့သည်ချည်းပင်ဖြစ်သည်။

Verse 26 — Surah Al-Anbiya 21:26

ထို့ပြင် သူတို့က ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် (‌ကောင်းကင်တမန်များကို) သားသမီးအဖြစ် ပြုလုပ်‌တော်မူခဲ့သည်ဟု (စွပ်စွဲ)‌ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူသည်။ အမှန်စင်စစ် သူတို့သည် အရှင်မြတ်၏ မြင့်မြတ်‌သောကျွန်မျးပင်ဖြစ်ကြသည်။

Verse 27 — Surah Al-Anbiya 21:27

သူတို့သည် အရှင်မြတ်၏‌ရှေ့ကို ကျူးပြီး စကား‌ပြောဆိုနိုင်ခြင်းမရှိ‌ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာ‌ဆောင်ရွက်ကြသည်။

Verse 28 — Surah Al-Anbiya 21:28

အရှင်မြတ်သည် သူတို့၏‌ရှေ့‌နောက် အ‌ကြောင်းကိစ္စအားလုံးကို သိ‌တော်မူသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်‌ကျေနပ်နှစ်သက်သည့်သူမှလွဲ၍ မည်သူ၏အတွက်မှ ကြားဝင် အသနားခံနိုင်မည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့မှု‌ကြောင့် အမြဲစိုးရိမ်လျက်ပင် ရှိကြသည်။

Verse 29 — Surah Al-Anbiya 21:29

ထို့ပြင် သူတို့ထဲမှ မည်သူမဆို အမှန်ပင် ငါသည် အရှင်မြတ်အပြင် ကိုးကွယ်ထိုက်သည့်အရှင် (တစ်ပါး)ဖြစ်သည်ဟု‌ပြောဆိုလျှင် သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူ့အား ငရဲဘုံ၏ပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူများကို ဤသို့ပင် ပြစ်ဒဏ်‌ပေး‌တော်မူမည်ဖြစ်သည်။

Verse 30 — Surah Al-Anbiya 21:30

ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသည် ပူးတွဲ‌ပေါင်းစပ်လျက်ရှိခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုနှစ်ခုကို ခွဲခြား‌ပေး‌တော်မူခဲ့သည်။* (ထိုအရာကို) ကာဖိရ်များသည် မသိမမြင်ခဲ့ကြသ‌လော။ ထို့ပြင် ငါအရှင်မြတ်သည် ရှန်သန်‌နေသည့်အရာ (သတ္တဝါ)အားလုံးကို ‌ရေနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့‌နောက်လည်း သူတို့သည် အီမာန်ယုံကြည်ခြင်းမရှိကြသ‌လော။

Verse 31 — Surah Al-Anbiya 21:31

ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီတွင် ထို‌မြေကြီးသည် သူတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်း မရှိနိုင်ရန်အတွက် ‌တောင်များကို(‌ကျောက်ဆူများအဖြစ်)ချထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့လိုရာသို့ ‌ရောက်ရှိနိုင်ကြရန်အတွက် ထို‌တောင်များတွင် ‌တောင်ကြားများကို လမ်းများအဖြစ်ပြုလုပ်ထား‌တော်မူခဲ့သည်။

Verse 32 — Surah Al-Anbiya 21:32

ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်ကို (မပြို‌အောင်)ထိန်းသိမ်းပြီးဖြစ်‌သော အမိုးပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် ထိုမိုး‌ကောင်းကင်ရှိ သက်‌သေလက္ခဏာများမှ မျက်နှာလွှဲလျက်ရှိကြသည်။

Verse 33 — Surah Al-Anbiya 21:33

ထို့ပြင် အရှင်မြတ်ကပင် ညနှင့်‌နေ့သာမက ‌နေနှင့်လကိုလည်း ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရာတိုင်းသည် သွားရာလမ်း‌ကြောင်းများတွင် လှည့်ပတ်သွားလာ လှုပ်ရှား‌နေကြသည်။

Verse 34 — Surah Al-Anbiya 21:34

ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ မည်သည့်လူသားကိုမျှ အမြဲ‌နေရမည့်သူ (မ‌သေသည့်သူ)အ‌နေဖြင့် ပြုလုပ်‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အကယ်၍ အသင်သည် ‌သေဆုံးခဲ့လျှင် သူတို့သည် အမြဲ‌နေကြရမည့်သူများ ဖြစ်ပါသ‌လော။

Verse 35 — Surah Al-Anbiya 21:35

သက်ရှိသတ္တဝါတိုင်းသည် ‌သေခြင်း(၏အရသာ)ကို မြည်းစမ်းရမည့်သူများပင် ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို ဆိုးသည့်အ‌ခြေအ‌နေနှင့် ‌ကောင်းသည့်အ‌ခြေအ‌နေတွင် စမ်းသပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ထံ‌တော်သို့ အသင်တို့သည် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်ဖြစ်သည်။

Verse 36 — Surah Al-Anbiya 21:36

ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် အသင့်အား မြင်ကြသည့်အခါ သူတို့သည် အသင့်အား ‌ပြောင်‌လှောင်မှုပြုကြသည်။ သူတို့သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်နှင့်ပတ်သက်၍ ‌ပြောဆိုသည်ကိုပင် ငြင်းပယ်သူများဖြစ်ကြလျက် “အသင်တို့၏ ကိုးကွယ်ရာ အရှင်သခင်များကို (ကဲ့ရဲ့)‌ပြောဆိုသူသည် ဤသူ‌လော“(ဟု အချင်းချင်း‌ပြောဆိုကြသည်)။

Verse 37 — Surah Al-Anbiya 21:37

လူသားသည် အလျင်လိုမှုနှင့် ဖန်ဆင်းခြင်းခံရသည်။ မကြာမီ ငါအရှင်မြတ်သည် အရှင်မြတ်၏သက်‌သေ လက္ခဏာ‌တော်များကို အသင်တို့အား ပြသ‌တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်တွင် အလျင်မလိုကြနှင့်။

Verse 38 — Surah Al-Anbiya 21:38

ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ‌ရောက်မည်နည်း။“

Verse 39 — Surah Al-Anbiya 21:39

အကယ်၍ ကာဖိရ်များသည် အကြင်အချိန်ကို သိကြလျှင် (ထိုသို့ ‌ပြောကြမည်မဟုတ်‌ပေ)။ ထိုအချိန်တွင် သူတို့၏မျက်နှာများနှင့် သူတို့၏‌ကျောများမှ မီးကို တားဆီးနိုင်ကြမည် မဟုတ်‌ပေ။ ထို့ပြင် မည်သည့်အကူအညီမှလည်း ရကြမည်မဟုတ်‌ပေ။

Verse 40 — Surah Al-Anbiya 21:40

အမှန်စင်စစ် ထိုမီးသည် သူတို့ထံသို့ ရုတ်တရက်‌ရောက်လာပြီးလျှင် သူတို့အား ‌တွေ‌ဝေသွား‌စေမည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ဆိုင်ငံ့ခွင့်လည်း ရရှိကြမည် မဟုတ်‌ပေ။

Verse 41 — Surah Al-Anbiya 21:41

ထို့ပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်‌တော်များသည်လည်း ‌ပြောင်‌လှောင်မှုကို ခံခဲ့ကြရသည်။ သို့ဖြစ်ရာ ထိုတမန်‌တော်များအား ‌ပြောင်‌လှောင်သူများကို ထို‌ပြောင်‌လှောင်မှု၏ပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။

Verse 42 — Surah Al-Anbiya 21:42

(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့အား ညနှင့်‌နေ့တွင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်(၏ ပြစ်ဒဏ်)မှ မည်သူကာကွယ်‌စောင့်‌ရှောက်ထားသနည်း။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို သတိရတသခြင်းမှ မျက်နှာလွှဲ‌နေသူများပင်ဖြစ်ကြသည်။

Verse 43 — Surah Al-Anbiya 21:43

သို့မဟုတ် သူတို့တွင် ငါအရှင်မြတ်မှလွဲ၍ သူတို့ကို ကာကွယ်မည့်ကိုးကွယ်ရာများ ရှိကြသ‌လော။ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ကိုယ်သူတို့ပင် ကူညီရန် တတ်စွမ်းနိုင်သည် မဟုတ်ကြ‌ပေ။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်‌စောင့်‌ရှောက်ခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။

Verse 44 — Surah Al-Anbiya 21:44

အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများကို သူတို့အ‌ပေါ်တွင် အသက်များ ရှည်လျားသွားသည်အထိ အကျိုးခံစားခွင့်‌ပေးသနား‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် (မက္ကဟ်မြို့၏)‌မြေကို ‌ဘေးပတ်ဝန်းကျင်များမှ (တဖြည်းဖြည်း)‌လျော့နည်း(ကျဉ်း‌မြောင်း)‌အောင် ပြုလုပ်လာ‌တော်မူသည်ကို သူတို့သည် မမြင်ကြသ‌လော။ သို့ဖြစ်ရာ သူတို့သည် ‌အောင်မြင်သူများ ဖြစ်ကြဦးမည်‌လော။

Verse 45 — Surah Al-Anbiya 21:45

(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ကို ဝဟီအမိန့်‌တော်နှင့် သတိ‌ပေးနှိုး‌ဆော်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နားပင်းသူများကမူ သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရသည့်အခါ ဟစ်‌အော်သည်ကိုပင် မကြားကြ‌ပေ။

Verse 46 — Surah Al-Anbiya 21:46

ထို့ပြင် အမှန်ပင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ပြစ်ဒဏ်မှ ‌ငွေ့မျှပင် သူတို့အ‌ပေါ်၌ သက်‌ရောက်ခဲ့လျှင် မုချသူတို့က ‌ပြောဆိုကြမည်- “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်။“

Verse 47 — Surah Al-Anbiya 21:47

ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် မျှတ‌သောချိန်ခွင်များ*ကို ထား‌တော်မူမည်။ သို့ဖြစ်ရာ မည်သူမျှ အနည်းငယ်မျှပင် မတရားနှိပ်စက်ခြင်းကို ခံရမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ (တစ်စုံတစ်ဦးတွင်) မုန်ညင်း‌စေ့ခန့် အ‌လေးချိန်ရှိ‌သော (‌ကောင်းမှု)ရှိလျှင်လည်း ငါအရှင်မြတ်သည် ထိုမုန်ညင်း‌စေ့ခန့်(‌ကောင်းမှု)ကိုလည်း (‌ရှေ့၌)ယူ‌ဆောင်လာမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ပင် စစ်‌ဆေးသူအဖြစ် လုံ‌လောက်‌တော်မူသည်။

Verse 48 — Surah Al-Anbiya 21:48

ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်ကို အမှားနှင့်အမှန် ခွဲခြား‌စေသည့်အရာ၊ အလင်း‌ရောင်တစ်ခုလည်းဖြစ်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအတွက် ဆုံးမဩဝါဒလည်းဖြစ်‌သော (‌သောင်ရာသ်)ကျမ်းကို ‌ပေးသနား‌တော်မူခဲ့သည်။

Verse 49 — Surah Al-Anbiya 21:49

ထို(‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်)သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား မမြင်ကြပါဘဲလျက် ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် ကိယာမသ်‌နေ့ကိုလည်း ‌ကြောက်ရွံ့စိုးရိမ်သူများဖြစ်ကြသည်။

Verse 50 — Surah Al-Anbiya 21:50

ထို့ပြင် ဤသည် မဂင်္လာအ‌ပေါင်းနှင့်ပြည့်စုံ‌သော ဆုံးမစာတစ်‌စောင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုဆုံးမစာကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် ထိုဆုံးမစာကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသ‌လော။

Verse 51 — Surah Al-Anbiya 21:51

ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်ကို ယခင်ကတည်းက* ၎င်း၏အမှန်ကို သိတတ်သည့်ပညာဉာဏ်အ‌မြော်အမြင်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို ‌ကောင်းစွာသိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

Verse 52 — Surah Al-Anbiya 21:52

တစ်ခါက ၎င်းသည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်- “အသင်တို့ ကိုးကွယ်‌နေကြ‌သော ဤရုပ်တုများသည် မည်သို့‌သောအရာများနည်း။“

Verse 53 — Surah Al-Anbiya 21:53

ထိုအမျိုးသားများက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများကို ဤရုပ်တုများအား ကိုးကွယ်သူများအဖြစ် ‌တွေ့ရှိခဲ့ကြသည်။“

Verse 54 — Surah Al-Anbiya 21:54

၎င်းက‌ပြောသည်၊ “အမှန်စင်စစ် အသင်တို့သာမက အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးတို့သည်လည်း ထင်ရှား‌သော လမ်းမှားမှုထဲတွင် ရှိခဲ့ကြသည်။“

Verse 55 — Surah Al-Anbiya 21:55

သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့ထံသို့ အမှန်ယူ‌ဆောင်လာခဲ့သ‌လော၊ သို့မဟုတ် အသင်သည် ‌ပြောင်‌လှောင်သူတစ်ဦး‌လော။“

Verse 56 — Surah Al-Anbiya 21:56

၎င်းက ‌ပြောသည်- “ထိုသို့ မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးပိုင်‌တော်မူ‌သော အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါသည် ထိုအရာနှင့်ပတ်သက်၍ သက်‌သေများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။“

Verse 57 — Surah Al-Anbiya 21:57

ထို့ပြင် အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌ပြောမည်၊ ငါသည် အသင်တို့၏ (ကိုးကွယ်ရာများဖြစ်သည့်) ရုပ်တုများနှင့်ပတ်သက်၍ အသင်တို့ပြန်သွားကြပြီး‌နောက် လျှို့ဝှက်အကြံအစည် ပြုလုပ်မည်ဖြစ်သည်။

Verse 58 — Surah Al-Anbiya 21:58

ထို့‌နောက် ၎င်း(အိဗ်ရာဟီမ်)သည် ထိုရုပ်တုများကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်‌အောင်ပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ အကြီးဆုံးကိုမူ ချန်ထားခဲ့သည်။* သို့မှသာ သူတို့သည် သူ(ရုပ်တုကြီး)ထံသို့ (စုံစမ်းရန်) ပြန်လာ‌ကောင်း ပြန်လာကြမည်။

Verse 59 — Surah Al-Anbiya 21:59

သူတို့က ‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား မည်သူသည် ဤသို့ ပြုလုပ်ခဲ့သနည်း။ အမှန်ပင် ထိုသူသည် ကျူး‌ကျော်‌စော်ကားသူ တစ်ဦးပင်ဖြစ်သည်။

Verse 60 — Surah Al-Anbiya 21:60

ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟု‌ခေါ်‌သော လူငယ်တစ်ဦးကို ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)များအား (ပြစ်တင်)‌ပြောဆိုသည်ကို ကြားဖူးခဲ့ကြသည်။

Verse 61 — Surah Al-Anbiya 21:61

သူတို့က သို့ဖြစ်လျှင် အသင်တို့သည် ၎င်းကို လူများ၏‌ရှေ့‌မှောက်၌ သူတို့မြင်နိုင်ကြရန် ‌ခေါ်‌ဆောင်လာခဲ့ကြပါဟု ‌ပြောဆိုကြသည်။

Verse 62 — Surah Al-Anbiya 21:62

သူတို့က ‌ပြောဆို(‌မေးမြန်း)ခဲ့ကြသည်- “အို- အိဗ်ရာဟီမ်၊ အသင်သည်ပင် ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား ဤသို့ပြုလုပ်ခဲ့သ‌လော။“

Verse 63 — Surah Al-Anbiya 21:63

၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောသည်- ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့၏အကြီးအကဲဖြစ်‌သော ဤ(ရုပ်တုကြီး)ကပင် ဤသို့ ပြလုပ်(သည်နှင့်တူ)သည်။ သို့ဖြစ်ရာ အသင်တို့သည် ၎င်း(ရုပ်တုကြီးတွင် ပြုလုပ်နိုင်‌သော အင်အားရှိလျှင် ရုပ်တု‌လေးများ၌ စကား‌ပြောနိုင်တဲ့ အင်အားလည်း ရှိနိုင်လိမ့်မယ်၊ အဲဒါ‌ကြောင့် အသင်တို့သည် သူတို့)ကိုပင် အကယ်၍ သူတို့သည် စကား‌ပြောဆိုနိုင်ကြလျှင် ‌မေးမြန်းလိုက်ကြပါ။

Verse 64 — Surah Al-Anbiya 21:64

သူတို့သည် သူတို့၏စိတ်ထဲတွင် ‌ပြောဆို(စဉ်းစား)ကြသည်။ ထို့ပြင် သူတို့သည် (သူတို့အချင်းချင်း)‌ပြောဆိုခဲ့ကြသည်- “အမှန်စင်စစ် အသင်တို့ပင် အမှားကို ကျူးလွန်သူများဖြစ်ကြသည်။“

Verse 65 — Surah Al-Anbiya 21:65

ထို့‌နောက် သူတို့သည် သူတို့၏ဦး‌ခေါင်းများကို ‌အောက်စိုက်လျက် ‌ပြောဆိုခဲ့ကြသည်- “ဤရုပ်တုများသည် စကားမ‌ပြောနိုင်ကြသည်ကို အသင် အသိပင်ဖြစ်သည်။“

Verse 66 — Surah Al-Anbiya 21:66

၎င်း(တမန်‌တော် အိဗ်ရာဟီမ်)က‌ပြောသည်- “သို့ဖြစ်ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ကိုးကွယ်ကြသ‌လော။ ထိုအရာသည် အသင်တို့အား အကျိုးလည်း မဖြစ်ထွန်း‌စေနိုင်‌ပေ၊ ထို့ပြင် အကျိုးလည်း မယုတ်‌စေနိုင်‌ပေ။“

Verse 67 — Surah Al-Anbiya 21:67

“အသင်တို့သည်လည်း‌ကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ရာများသည်လည်း‌ကောင်း စက်ဆုပ်ဖွယ်ရာပင်။ (ဤမျှပင်)အသင်တို့သည် မသိနားမလည်ကြသ‌လော။“

Verse 68 — Surah Al-Anbiya 21:68

သူတို့က ‌ပြောကြသည်- အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာ)ပြုလုပ်မည့်သူများပင် ဖြစ်ကြလျှင် ထိုအိဗ်ရာဟီမ်ကို မီးတင်ရှို့ပြီး အသင်တို့၏ကိုးကွယ်ရာရုပ်တုများအား ‌ဖေးမကူညီကြပါ။

Verse 69 — Surah Al-Anbiya 21:69

ငါအရှင်မြတ်က မိန့်ကြး‌တော်မူသည်- “အို- မီး၊ အသင်သည် အိဗ်ရာဟီမ်အ‌ပေါ်တွင် ‌အေးချမ်းသာယာစွာ ရှိလိုက်ပါ။“

Verse 70 — Surah Al-Anbiya 21:70

ထို့ပြင် သူတို့သည် သူနှင့်ပတ်သက်၍ မ‌ကောင်းကြံစည်ရန် ကြံရွယ်ခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်ကပင် သူတို့အား မ‌အောင်မြင်သူ(ဆုံးရှုံးသူ)များဖြစ်‌အောင် ပြုလုပ်‌တော်မူခဲ့သည်။

Verse 71 — Surah Al-Anbiya 21:71

ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)နှင့် (တမန်‌တော်)လူသွ်ကို အကြင်‌ဒေသသို့(‌စေလွှတ်ပြီး)ကယ်တင်‌တော်မူခဲ့သည်။ ထို‌ဒေသတွင် ငါအရှင်မြတ်သည် ကမာ္ဘသူကမာ္ဘသားမျာအတွက် မဂင်္လာရှိ‌စေ‌တော်မူခဲ့သည်။

Verse 72 — Surah Al-Anbiya 21:72

ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို(သားအဖြစ်)အစ္စဟာက်နှင့် အပိုဆုအ‌နေဖြင့် (‌မြေးအဖြစ်)ယအ်ကူဗ်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တစ်ဦးစီကို ‌ကောင်းမြတ်‌သောသူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

Verse 73 — Surah Al-Anbiya 21:73

ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အားလုံး)တို့ကို ငါအရှင်မြတ်၏အမိန့်‌တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြ‌သော ‌ရှေ့‌ဆောင်များအဖြစ်ကို ချီးမြှင့်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြရန်၊ စွလာသ်ဝတ်ပြုကြရန်နှင့် ဇကာသ်‌ပေး‌ဆောင်ကြရန် ဝဟီအမိန့်‌တော်ကို ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်အားလုံး)တို့သည် ငါအရှင်မြတ်အား ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြသည်။

Verse 74 — Surah Al-Anbiya 21:74

ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)လူသွ်ကို* ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အကြင်မြို့ရွာမှ ကယ်တင်‌တော်မူခဲ့သည်။ ထိုမြို့ရွာသားများသည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကို ကျူးလွန်လျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် သူတို့သည် အလွန်ယုတ်မာသည့်အမျိုးသားများ၊ ကာမဂုဏ်လိုက်စား ကျူးလွန်သည့်သူများပင် ဖြစ်ခဲ့ကြသည်။

Verse 75 — Surah Al-Anbiya 21:75

ထို့ပြင် ၎င်းကို ငါအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ‌တော်အတွင် ဝင်‌ရောက်‌စေ‌တော်မူခဲ့သည်။ အမှန်ပင် ၎င်းသည် ‌ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်ခဲ့သည်။

Verse 76 — Surah Al-Anbiya 21:76

ထို့ပြင် (တမန်‌တော်)နူးဟ်ကိုလည်း* (ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်)၊ ၎င်းသည် တစ်ခါက (တမန်‌တော်အိဗ်ရာဟီမ်နှင့် တမန်‌တော်လူသွ်တို့)မတိုင်မီ (ငါအရှင်မြတ်ကို)ဟစ်‌ခေါ်ပန်ကြားခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်သူအိမ်သားများကို ကြီးကျယ်‌သော ပူပင်‌သောကဖြစ်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။

Verse 77 — Surah Al-Anbiya 21:77

ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ငါအရှင်မြတ်၏သက်‌သေ လက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောအမျိုးသားများမှ ကာကွယ်‌စောင့်‌ရှောက်‌တော်မူခဲ့သည်။ အမှန်စင်စစ် သူတို့သည် အလွန်ဆိုးဝါး‌သောအမျိုးသားများပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်‌စေ‌တော်မူခဲ့သည်။

Verse 78 — Surah Al-Anbiya 21:78

ထို့ပြင် (တမန်‌တော်)ဒါဝူဒ်နှင့် (တမန်‌တော်)စုလိုင်မာန်ကိုလည်း (ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်)။ တစ်ခါက ၎င်းတို့နှစ်ပါးသည် လယ်ယာနှင့်ပတ်သက်၍ ဆုုံးဖြတ်ကြသည်။ တစ်ခါက အမျိုးသားများ၏ဆိတ်များသည် ထိုလယ်ယာတွင် ညအချိန် ဝင်‌ရောက်(ဖျက်ဆီး)ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏စီရင်ဆုံးဖြတ်မှုကို ရှုမြင်‌တော်မူခဲ့သည်။

Verse 79 — Surah Al-Anbiya 21:79

ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)စုလိုင်မာန်အား ထိုအမှု(၏အဆုံးအဖြတ်)ကို သိနားလည်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်နှင့်အတူ ‌တောင်များကို လိုက်နာ‌စေ‌တော်မူခဲ့သည့်အတွက် ထို‌တောင်များသည် ငါအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် ငှက်များကိုလည်း (လိုက်နာ‌စေခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (ထိုကဲ့သို့)ပြုလုပ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

Verse 80 — Surah Al-Anbiya 21:80

ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား အသင်တို့အကျိုးအတွက် သံချပ်ကာအကျင်္ီပြုလုပ်‌သော အတတ်ပညာကို သင်‌ပေး‌တော်မူခဲ့သည်။ ထိုသံချပ်ကာအကျင်္ီသည် အသင်တို့အား အသင်တို့ စစ်တိုက်ရာတွင် ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌ကျေးဇူးသိတတ်သူများဖြစ်ကြ‌လော။

Verse 81 — Surah Al-Anbiya 21:81

ထို့ပြင် (ငါအရှင်မြတ်သည် တမန်‌တော်)စုလိုင်မာန်ကို တိုက်ခတ်သည့်‌လေပြင်းကို နိုင်နင်း‌စေ‌တော်မူခဲ့သည်။* ထို‌လေသည် ၎င်း၏အမိန့်ဖြင့် ငါအရှင်မြတ်က မဂင်္လာနှင့်ပြည်စုံ‌အောင် ပြုလုပ်ထားသည့်နယ်‌မြေကို တိုက်ခတ်သွားသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

Verse 82 — Surah Al-Anbiya 21:82

ထို့ပြင် ရှိုင်သွာန်များထဲတွင် အကြင်ရှိုင်သွာန်များလည်းရှိခဲ့ကြသည်။ ထိုသူများသည် ၎င်း(တမန်‌တော်စုလိုင်မာန်)၏အကျိုးအတွက် (ပင်လယ်ထဲတွင်)‌ရေငုပ်ခြင်းနှင့် အခြားကိစ္စ‌ဆောင်ရွက်ခြင်းကို ပြုလုပ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်ပင် သူတို့ကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

Verse 83 — Surah Al-Anbiya 21:83

ထို့ပြင် (တမန်‌တော်)အိုင်ယူဗ်(အ‌ကြောင်းကိုလည်း ထုတ်‌ဖော်‌ပြောကြားပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ဟစ်‌ခေါ်ပန်ကြားခဲ့သည်- “အရှင်မြတ်သည် သနားသည့်သူများထဲတွင် အသနားဆုံးအရှင်ဖြစ်‌နေ‌တော်မူပါလျက် အမှန်စင်စစ် ကျွန်ုပ်တွင် ဒုက္ခခံစား(‌နေ)ရပါသည်။ (သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား သနား‌တော်မူပါ)“

Verse 84 — Surah Al-Anbiya 21:84

ငါအရှင်မြတ်သည် ၎င်း၏ အသနားခံပန်ကြားချက်ကို လက်ခံသ‌ဘောတူ‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ၎င်းတွင် သက်‌ရောက်ခဲ့‌သောဒုက္ခကို ‌ပျောက်ကင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏(‌ပျောက်ဆုံး‌နေသည့်)အိမ်‌ထောင်စု သားမယားများကို ‌ပေး‌တော်မူခဲ့သည့်အပြင် ထိုသူများနှင့်အတူ ထိုသူများကဲ့သို့ အလားတူကိုလည်း အရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်အဖြစ်နှင့် ဝတ်ပြုကိုးကွယ်သူများအတွက် သတိရ‌စေ‌သော အထိမ်းအမှတ်အဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။

Verse 85 — Surah Al-Anbiya 21:85

ထို့ပြင် (တမန်‌တော်)အစ္စမာအီလ်၊ အိဒ်ရီစ်၊ ဇွလ်ကိဖွ်လ်(တို့၏အ‌ကြောင်း)ကိုလည်း (ထုတ်‌ဖော်‌ပြောကြားလိုက်ပါ။ ၎င်းတို့)တစ်ဦးစီသည် သည်းခံသူများထဲတွင် ပါဝင်ခဲ့ကြသည်။

Verse 86 — Surah Al-Anbiya 21:86

ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား အရှင်မြတ်၏ကရုဏာ‌တော်အတွင်းတွင် ပါဝင်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ‌ကောင်းမြတ်‌သောသူများထဲတွင် ပါဝင်ခဲ့ကြသည်။

Verse 87 — Surah Al-Anbiya 21:87

ထို့ပြင် ဇွန်နူန်ငါးရှင်*(၏အ‌ကြောင်း)ကိုလည်း(‌ပြောကြားလိုက်ပါ)။ တစ်ခါက ထိုငါးရှင်(တမန်‌တော်ယူနွတ်စ်)သည် (၎င်း၏အမျိုးသားများအ‌ပေါ်တွင်)စိတ်ဆိုးပြီး (၎င်း၏မြို့ရွာမှ ထွက်ခွာ)သွားခဲ့သည်။* ထို့‌နောက် ၎င်းသည် ငါအရှင်မြတ်က ၎င်း၏အ‌ပေါ်တွင် လုံးဝ ကျဉ်းကျပ်‌စေတာ်မူမည် (အ‌ရေးသူ‌တော်မူမည်)မဟုတ်‌ပေဟု ထင်မြင်ခဲ့သည်။ ထို့‌နောက် ၎င်းသည် အ‌မှောင်များထဲတွင်* (ဤသို့)ဟစ်‌ခေါ်တသ အသနားခံခဲ့သည်- “အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပါ။ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည်ပင် အပြစ်ကျူးလွန်သူများထဲမှ ဖြစ်ပါသည်။“

Verse 88 — Surah Al-Anbiya 21:88

သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသ‌ဘောတူ‌တော်မူပြီး ၎င်းကို ပူပင်‌သောက‌ရောက်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ယုံကြည်သူများကို ကယ်တင်‌လေ့‌တော်မူသည်။

Verse 89 — Surah Al-Anbiya 21:89

ထို့ပြင် (တမန်‌တော်)ဇကရိယာ(၏အ‌ကြောင်း)ကိုလည်း (‌ပြောကြားလိုက်ပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား (ဤသို့)ဟစ်‌ခေါ်တသ ပန်ကြားခဲ့သည် - “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်ကို(သားသမီးမရှိဘဲ)တစ်ဦးတည်း စွန့်ထား‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး (အမြဲကျန်ရှိ‌နေမည့်)အ‌မွေစားအ‌မွေခံ ဖြစ်‌တော်မူပါသည်။“

Verse 90 — Surah Al-Anbiya 21:90

သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသ‌ဘောတူ‌တော်မူပြီး ၎င်းအား(သား‌တော်)ယဟ်ယာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ဇနီးကြင်ရာ(၏ ကိုယ်ဝန်မ‌ဆောင်နိုင်ခြင်း)ကို ‌နေသားတကျဖြစ်‌အောင် ပြုပြင်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ‌ကောင်းမှုများကို ‌ဆောလျင်စွာပြုလုပ်တတ်သူများဖြစ်ခဲ့ကြပြီး ၎င်းတို့သည် ငါအရှင်မြတ်အား လိုလားစွာနှင့် ‌ကြောက်ရွံ့စွာ ဟစ်‌ခေါ်တသ‌လေ့ရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့(၏စိတ်နှလုံးများ)သည် ငါအရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ရိုကျိုးကိုင်းညွှတ်လျက်ရှိခဲ့ကြသည်။

Verse 91 — Surah Al-Anbiya 21:91

ထို့ပြင် (အကြင်အမျိုးသမီးအ‌ကြောင်းကိုလည်း ‌ပြောပြလိုက်ပါ)။ ၎င်း(အမျိုးသမီး)သည် သူမ၏ဂုဏ်အသ‌ရေကို ထိန်းသိမ်းခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူမတွင် ငါအရှင်မြတ်ထံ‌တော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမနှင့်သူမ၏သား‌တော်ကို ကမာ္ဘသူကမာ္ဘသားများအတွက် သက်‌သေလက္ခဏာ ပြုလုပ်‌တော်မူခဲ့သည်။

Verse 92 — Surah Al-Anbiya 21:92

အမှန်စင်စစ် ဤသည် အသင်တို့၏တစ်ခုတည်း‌သော သာသနာအုပ်စုဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။

Verse 93 — Surah Al-Anbiya 21:93

ထို့ပြင် လူများသည် သူတို့အချင်းချင်းပင် သူတို့၏(သာသနာ့)အ‌ရေးကိစ္စကို အပိုင်းပိုင်းပြုလုပ်ခဲ့ကြသည်။ (စင်စစ်)အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လာကြရမည့်သူများ ဖြစ်ကြသည်။

Verse 94 — Surah Al-Anbiya 21:94

သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက် ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သူဖြစ်မည်ဆိုလျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ဖယ်ရှားခံရမည် မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအားထုတ်မှုကို ‌ရေးသား‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

Verse 95 — Surah Al-Anbiya 21:95

ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ဖျက်ဆီး‌တော်မူခဲ့လျှင် အမှန်စင်စစ် ထိုမြို့သူမြို့သားများသည် (ဤ‌လောကကို) သူတို့ပြန်လာရန် မဖြစ်နိုင်‌ပေ။

Verse 96 — Surah Al-Anbiya 21:96

‌နောက်ဆုံးတွင် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်*လူမျိုးများသည် ဖွင့်‌ပေးခြင်းခံရသည့်အခါ ကုန်းမြင့်တိုင်းမှ သူတို့သည် အမြန်(ဆင်း)လာလျက်ရှိကြမည်။

Verse 97 — Surah Al-Anbiya 21:97

ထို့ပြင် မှန်ကန်စွာ ချိန်းဆိုထားသည့်အချိန်(ကိယာမသ်‌နေ့)သည် နီးကပ်လာခဲ့‌ပေပြီ။ ထိုအခါ ချက်ချင်းပင် ကာဖိရ်များ၏မျက်လုံးများသည် ပြူးကျယ်‌နေကြလိမ့်မည်။ “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤ‌နေ့ကို ‌မေ့ပြီး‌နေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အပြစ်ကျူးလွန်သူများဖြစ်ခဲ့ကြသည်“ဟု ညည်းညူ‌ပြောဆိုကြမည်။

Verse 98 — Surah Al-Anbiya 21:98

အမှန်စင်စစ် အသင်တို့နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် ဂျဟန္နမ်ငရဲဘုံ၏‌လောင်စာများပင် ဖြစ်ကြသည်။ အသင်တို့အားလုံးသည် ထိုငရဲဘုံထဲသို့ ဆိုက်‌ရောက်ရမည့်သူများပင် ဖြစ်ကြသည်။

Verse 99 — Surah Al-Anbiya 21:99

အကယ်၍ ဤ(ကိုးကွယ်ရာများ)သည် ကိုးကွယ်ထိုက်သည့်အရှင်များဖြစ်ကြလျှင် ထိုငရဲဘုံထဲသို့ ဆိုက်‌ရောက်ကြမည် မဟုတ်‌ပေ။ ထို့ပြင် (ယခုမူ) သူတို့အားလုံးသည် ထိုငရဲဘုံထဲတွင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြပြီဖြစ်သည်။

Verse 100 — Surah Al-Anbiya 21:100

သူတို့အတွက် ထိုငရဲဘုံထဲတွင် ဆူညံညည်းညူခြင်းပင်ရှိမည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံထဲတွင် (မည်သည့်စကားမှ)ကြားကြမည် မဟုတ်‌ပေ။

Verse 101 — Surah Al-Anbiya 21:101

အမှန်စင်စစ် အကြင်သူများသည် ယခင်ကတည်းက ငါအရှင်မြတ်ထံ‌တော်မှ သူတို့အတွက် ‌ကောင်းကျိုး သတ်မှတ်ပြီးဖြစ်သည်။ ထိုသူများသည် ငရဲဘုံမှ ‌ဝေး‌စေခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။

Verse 102 — Surah Al-Anbiya 21:102

သူတို့သည် ထိုငရဲဘုံ၏(မီးမြှိုက်သည့်)အသံသဲ့သဲ့ပင် ကြားရမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် သူတို့ကြိုက်နှစ်သက်‌သော စည်းစိမ်များထဲတွင် အမြဲစံစား‌နေကြရမည့်သူများဖြစ်သည်။

Verse 103 — Surah Al-Anbiya 21:103

(‌ကောင်းမြတ်‌သော)သူတို့အား ထိုအကြီးဆုံး ထိတ်လန့်ဖွယ်(ဖြစ်‌သော ကိယာမသ်‌နေ့)သည် စိတ်ဒုက္ခ‌ရောက်‌စေမည် မဟုတ်‌ပေ။ ထို့ပြင် ‌ကောင်းကင်တမန်များက သူတို့အား “ဤ‌နေ့သည် အသင်တို့နှင့် ချိန်းဆိုထားသည့်‌နေ့ပင် ဖြစ်သည်“ဟု‌ပြောပြီး ကြိုဆိုဧည့်ခံကြမည်ဖြစ်သည်။

Verse 104 — Surah Al-Anbiya 21:104

ထို‌နေ့တွင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်အား ‌ရေးသားထား‌သော မှတ်တမ်းစာရွက်ကို လိပ်သကဲ့သို့ ‌ခေါက်လိပ်‌တော်မူမည်။* ငါအရှင်မြတ်သည် အရာအားလုံးတိုု့အား ပထမအကြိမ် စတင်ဖန်ဆင်း‌တော်မူသကဲ့သို့ပင် ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ်ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အ‌ပေါ်တွင် ကတိပြုထားမှုဖြစ်သည့်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြု‌တော်မူထားသည့်အတိုင်း) ပြုလုပ်‌တော်မူမည့်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

Verse 105 — Surah Al-Anbiya 21:105

ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် ‌လောင်ဟိမဟ်ဖူဇွ် သင်ပုန်း(တွင် ‌ရေးသား‌တော်မူပြီး)‌နောက်တွင် ‌ကောင်းကင်ကျကျမ်းများတွင်လည်း အမှန်စင်စစ် ‌မြေပထဝီကို ငါအရှင်မြတ်၏‌ကောင်းမြတ်‌သော ကျွန်များပင် အ‌မွေဆက်ခံကြမည်ဟု ‌ရေးသား‌တော်မူခဲ့ပြီးဖြစ်သည်။

Verse 106 — Surah Al-Anbiya 21:106

အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်း‌တော်)တွင် ခဝပ်ကိုးကွယ်သူများအတွက် မုချ ပို့ချချက်ရှိသည်။

Verse 107 — Surah Al-Anbiya 21:107

ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား စကြဝဠာအားလုံးအတွက် ကရုဏာ‌တော်အဖြစ်နှင့်သာ ‌စေလွှတ်‌တော်မူခဲ့ခြင်းဖြစ်သည်။

Verse 108 — Surah Al-Anbiya 21:108

(အို- တမန်‌တော်)အသင် ‌ပြောကြားလိုက်ပါ- “တစ်ပါးတည်းဖြစ်‌သော ကိုးကွယ်ထိုက်သည့်အရှင်ပင် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင် ဖြစ်‌တော်မူ‌ကြောင်း ငါ၏ထံသို့ ဝဟီအမိန့်‌တော် ‌ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ရာ အသင်တို့သည် (အမိန့်နာခံသူ)မွတ်စ်လင်မ်များ ဖြစ်ကြပြီ‌လော။“

Verse 109 — Surah Al-Anbiya 21:109

ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့အား ရှင်းလင်းစွာ အသိ‌ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော ကိစ္စသည် နီးသည် ‌ဝေးသည်ကို ငါမသိ‌ပေ။“

Verse 110 — Surah Al-Anbiya 21:110

အမှန်စင်စစ် အရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာ‌ပြောသည်ကိုလည်း သိ‌တော်မူသည်။ ထို့ပြင် အသင်တို့ လျှို့ဝှက်ထားကြသည်ကိုလည်း သိ‌တော်မူသည်။

Verse 111 — Surah Al-Anbiya 21:111

ထို့ပြင် ထိုချိန်းဆိုမှု(ကို ဆိုင်းငံ့ထားခြင်း)သည် အသင်တို့အား စမ်းသပ်ရန်အတွက်နှင့် သတ်မှတ်ထားသည့်အချိန်ကာလအထိ အကျိုးခံစားခွင့်‌ပေးထားခြင်း ဖြစ်‌ကောင်းဖြစ်လိမ့်မည်။ ငါသည် အတိအကျ မသိ‌ပေ။

Verse 112 — Surah Al-Anbiya 21:112

၎င်း(တမန်‌တော်မြတ်)က ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌ပေး‌တော်မူပါ၊* ထို့ပြင် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၊ အသင်တို့ ထုတ်‌ဖော်‌ပြောဆိုကြ‌သော အ‌ကြောင်းအရာနှင့်ပတ်သက်၍ အကူအညီ‌တောင်းသည်ကို ခံရ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။