Back to LanguagesPrevious ChapterNext Chapter
Burmese - Chapter 39 - Az-Zumar
Translation by Hashim Tin Myint — Permalink
Verse 1 — Surah Az-Zumar 39:1
တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင် ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်သော အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးတော်မူသည့် ကျမ်းတော်မြတ်ပင် ဖြစ်သည်။
Verse 2 — Surah Az-Zumar 39:2
စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ထံသို့ ဤကျမ်းကို တိကျမှန်ကန်စွာ ချပေးတော်မူသည့်အတွက် အသင်သည် ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်စေလျက် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။
Verse 3 — Surah Az-Zumar 39:3
သတိပြုကြပါ။ သီးသန့်သက်သက်ဖြစ်သော ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အကြင်သူများသည် အရှင်မြတ်မှလွဲ၍ အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး (ဤသို့ ပြောဆိုကြသည်-) ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေရန်အတွက်သာ ကျွန်ုတို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့အချင်းချင်း ကွဲလွဲငြင်းခုံနေကြသည့်ကိစ္စနှင့်ပတ်သက်၍ သူတို့အကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန်ညွှန်ကြား ပြသတော်မူမည်မဟုတ်ပေ။
Verse 4 — Surah Az-Zumar 39:4
အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်ရန် ရည်ရွယ်တော်မူလျှင် အမှန်ပင် အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံများထဲမှ အရှင်မြတ်အလိုရှိသူကို ရွေးချယ်တော်မူခဲ့မည်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် (သာသမီးအလိုရှိတော်မူခြင်းမှ) စင်ကြယ်သန့်ရှင်းတော်မူသည်။ အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိတော်မူသောအရှင်၊ အဖန်ဆင်းခံအားလုံးအပေါ်တွင် လွှမ်းမိုးထားတော်မူသော အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်။
Verse 5 — Surah Az-Zumar 39:5
အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို တိကျမှန်ကန်စွာ ဖန်ဆင်းတော်မူခဲ့သည်။ အရှင်မြတ်သည် ညကို နေ့အပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထားတော်မူသည်။ ထို့ပြင် နေ့ကို ည၏အပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထားတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို အမိန့်နာခံစေတော်မူခဲ့သည်။ အသီးသီးသည် သတ်မှတ်ထားသည့်အချိန်အထိ လှုပ်ရှားသွားလာနေကြလိမ့်မည်။ သတိပြုကြပါ၊ အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။
Verse 6 — Surah Az-Zumar 39:6
အရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ထိုအသက်ကပင် ၎င်း၏ကြင်ရာကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ခြေလေးချောင်းတိရစာ္ဆန်များမှ (အထီးနှင့်အမ)ရှစ်မျိုး*ကို (ဖန်ဆင်းပြီး)ချပေးတော်မူခဲ့သည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်များ၏ ဝမ်းဗိုက်ထဲတွင် အမှောင်သုံးထပ်အတွင်း၌* ဖန်ဆင်းမှုတစ်မျိုးပြီးတစ်မျိုး (အဆင့်ဆင့်ပြောင်းလဲပြီး)ဖန်ဆင်းတော်မူခဲ့သည်။ ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာ မရှိပေ။ ုထို့နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။
Verse 7 — Surah Az-Zumar 39:7
အကယ်၍ အသင်တို့သည် ကျေးဇူးကန်းငြင်းပယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များနှင့်ပတ်သက်၍ ကျေးဇူးကန်းငြင်းပယ်မှုကို နှစ်သက်တော်မမူပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ထိုကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူသည်။ ထို့ပြင် မည်သည့်ဝန်ထုပ်ထမ်းပိုးသူတစ်ဦးကမျှ သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးမည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ခဲ့သမျှကို အသင်တို့အား အသိပေးတော်မူလိမ့်မည်။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။
Verse 8 — Surah Az-Zumar 39:8
ထို့ပြင် လူသားတွင် ဘေးဒုက္ခတစ်စုံတစ်ခုကျရောက်သည့်အခါ သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်းလှည့်ပြီး အရှင်မြတ်အား ဟစ်ခေါ်သည်။ ထို့နောက် သူ့ကို အရှင်မြတ်ထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ခုကို အရှင်မြတ်က ပေးသနားတော်မူသည့်အခါ သူသည် သူ့အနေနှင့် အရှင်မြတ်အား ယခင်က သူဟစ်ခေါ်နေခဲ့သည်ကို မေ့သွားတော့သည်။ ထို့ပြင် သူသည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းမှ လွဲသွားစေရန်အတွက် အရှင်မြတ်တွင် ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်ခဲ့သည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်သည် အသင်၏ကျေးဇူးကန်းမှုနှင့် (အချိန်)အနည်းငယ် အကျိုးကျေးဇူးခံစားလိုက်ပါ၊ အမှန်စင်စစ် အသင်သည် ငရဲသားများထဲမှပင် ဖြစ်သည်။
Verse 9 — Surah Az-Zumar 39:9
အကြင်သူသည် ညပိုင်းများတွင် စဂျ်ဒဟ်ဦးချလျက်၊ မတ်တတ်ရပ်လျက် ဝတ်ပြုလျက် အမိန့်နာခံသည်။ အာခိရတ် တမလွန်ဘဝကိုလည်း စိုးရိမ်သည်။ သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ဟ ရဟ်မသ် ကရုဏာကိုလည်း မျှော်လင့်သည်။ (ထိုသူသည် အထက်က မုရှ်ရိက်နှင့်တူသလော)။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သိသောသူနှင့် မသိသောသူသည် တူကြသလော။ (အမှန်စင်စစ်) ဉာဏ်ရှင်များပင် တရားရယူကြသည်။
Verse 10 — Surah Az-Zumar 39:10
(အို- တမန်တော်)အသင်သည် (ငါအရှင်၏ကိုယ်စား)ပြောလိုက်ပါ- အို- ငါအရှင်မြတ်၏ အီမာန်ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ကောင်းကျိုးပြုလုပ်ခဲ့ကြသည့်သူများအတွက် ဤဘဝတွင်လည်း ကောင်းကျိုးရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏မြေပထဝီသည် ကျယ်ဝန်းသည်။ စွဲမြဲစွာ ကြံ့ခိုင်သည်းခံသောသူများပင် သူတို့၏အကျိုးကို မရေမတွက်နိုင်အောင် အပြည့်အဝ ပေးဆပ်ခြင်းခံကြရမည်ဖြစ်သည်။
Verse 11 — Surah Az-Zumar 39:11
(အို- တမန်တော်)အသင်ပြောလိုက်ပါ- အမှန်စင်စစ် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်စေလျက် ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကိုခံရသည်။
Verse 12 — Surah Az-Zumar 39:12
ထို့ပြင် ကျွန်ုပ်သည် ပထမဦးဆုံးမွတ်စ်လင်မ်ဖြစ်ရန်လည်း အမိန့်ပေးတော်မူခြင်းခံရသည်။
Verse 13 — Surah Az-Zumar 39:13
(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို ဖီဆန်ခဲ့လျှင် အမှန်ပင် ငါသည် ကြီးကျယ်သော(ကိယာမသ်)နေ့၏ပြစ်ဒဏ်ကို ကြောက်သည်။
Verse 14 — Surah Az-Zumar 39:14
(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ကိုပင် ငါ၏ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်စေလျက် ကိုးကွယ်သည်။
Verse 15 — Surah Az-Zumar 39:15
သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား စွန့်လွှတ်ပြီး အသင်တို့အလိုရှိရာကို ကိုးကွယ်ကြပါ။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သူတို့ကိုယ်တိုင်နှင့် သူတို့၏အိမ်သူအိမ်သားများကို ကိယာမသ်နေ့တွင် ဆုံးရှုံးအောင်လုပ်သည့်သူများပင် အမှန်စင်စစ် ဆုံးရှုံးသူများ ဖြစ်ကြသည်။ သတိပြုကြပါ၊ ဤသည် ထင်ရှားသော ဆုံးရှုံးမှုဖြစ်သည်။
Verse 16 — Surah Az-Zumar 39:16
သူတို့အတွက် သူတို့၏အထက်၌လည်း မီးအမိုးများရှိပြီး သူတို့၏အောက်၌လည်း မီးအခင်းများရှိမည်။ ဤသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျွန်များအား ကြောက်ရွံ့စေတော်မူသောအရာ(ပြစ်ဒဏ်)ပင် ဖြစ်သည်။ သို့ဖြစ်ရာ အို- ငါအရှင်မြတ်၏ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြပါ။
Verse 17 — Surah Az-Zumar 39:17
ထို့ပြင် မမှန်ကန်သော ကိုးကွယ်ရာများအား ကိုးကွယ်ခြင်းမှရှောင်ကြဉ်ပြီး အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ခဲ့ကြသည့်သူများအတွက်မှာမူ ဝမ်းမြောက်ဖွယ်ရာ သတင်းရှိသည်။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းကိုပြောလိုက်ပါ။
Verse 18 — Surah Az-Zumar 39:18
ထိုကျွန်များသည် အာယသ်(အရှင်မြတ်၏စကားတော်)ကို အားရုံစိုက်ပြီး နားထောင်ကြသည်။ ထို့ပြင် ၎င်း၏အကောင်းဆုံးအချက်များကို လိုက်နာကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့အား လမ်းမှန်ကို ပို့ဆောင်တော်မူခဲ့သည့် သူများပင်ဖြစ်သည်။ ထို့ပြင် ထိုသူများပင် ဉာဏ်ရှင်များဖြစ်ကြသည်။
Verse 19 — Surah Az-Zumar 39:19
အကြင်သူသည် သူ၏အပေါ်တွင် ပြစ်ဒဏ်စီရင်မှု၏အမိန့်တော်သည် အတည်ဖြစ်သွားခဲ့ပြီးဖြစ်သည်၊ ထို့နောက် အသင်သည် ငရဲမီးထဲတွင်ရှိသူကို ကယ်တင်နိုင်ပါသလော။
Verse 20 — Surah Az-Zumar 39:20
သို့ရာတွင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ကြောက်ရွံ့သည့်သူများအတွက်မှာမူ မြင့်မားသည့်အဆောင်များရှိမည်။ ထိုအပေါ်တွင် (ထပ်ပြီး)ဆောက်လုပ်ထားသော ဘုံအဆင့်ဆင့်များ*ရှိဦးမည်။ ထိုအဆောင်များအောက်တွင် ချောင်းရေများသည် စီးဆင်းနေကြမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကတိတော်ကို ဖောက်ဖျက်တော်မမူပေ။
Verse 21 — Surah Az-Zumar 39:21
အသင်မမြင်ခဲ့သလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူခဲ့သည်။ ထို့နောက် ထိုရေကို မြေထဲမှ ရေကြောများထဲသို့ ဝင်သွားစေခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ထိုရေနှင့် အရောင်အဆင်း အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူခဲ့သည်။ ထို့နောက် ထိုကောက်ပဲသီးနှံသည် ခြောက်သွေ့သွားသည့်အခါ အသင်သည် ထိုအရာများ ဝါနေသည်ကို တွေ့မြင်ရသည်။ ထို့နောက် အရှင်မြတ်သည် ထိုကောက်ပဲသီးနှံများအား အစိတ်စိတ် အမြွှာမြွှာဖြစ်စေတော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် ဉာဏ်ရှင်များအတွက် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။
Verse 22 — Surah Az-Zumar 39:22
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာအတွက် ဖွင့်ပေးတော်မူခဲ့သည်။ သို့ဖြစ်ရာ သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော ရှင်မြတ်၏ရောက်ခြည်ပေါ်တွင် ရှိနေသည်။ (ထိုသူနှင့် စိတ်နှလုံးမာကျောခက်ထန်သည့်သူသည် တူညီနိုင်ပါသလော)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်းမရှိဘဲ စိတ်နှလုံးမာကျောခက်ထန်နေသည့်သူများတွင် ပျက်စီးခြင်းရှိသည်။ သူတို့သည် ထင်ရှားသောလမ်းမှား၌ပင် ရှိနေကြသည်။
Verse 23 — Surah Az-Zumar 39:23
အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး အာယသ်တော်၊ အချင်းချင်း တစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သည့်၊ အကြိမ်ကြိမ်မိန့်ကြားထားတော်မူသော ကျမ်းတစ်စောင်ကို ချပေးတော်မူခဲ့သည်။ ထို အာယသ်တော်(ကို ကြားနာရသည့်)အတွက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြသည့်သူများ၏ အသားအရေများသည် ကြက်သီးမွေးညင်းထလာကြသည်။ ထို့နောက် သူတို့၏ အသားအရေများနှင့် စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန်အတွက် နူးညံ့ပျော့ပျောင်းလာတော့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းညွှန်ပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုတရားလမ်းညွှန်နှင့် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ပင် ထားတော်မူလျှင် ထိုသူကို မည်သူမျှ တရားလမ်းမှန်သို့ ပို့ဆောင်မည့်သူ မရှိတော့ပေ။
Verse 24 — Surah Az-Zumar 39:24
ထို့နောက် အကြင်သူသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် ပြင်းထန်သောပြစ်ဒဏ်ကို (ကာကွယ်ရန် ခြေလက်များသည်လည်း တုပ်ထားခြင်းခံထားရလေရာ မည်သည့်အရာမျှ မရှိတော့သည့်အဆုံး အနာခံပြီး) သူ၏မျက်နှာနှင့်သာ ကာကွယ်(ရတော့)မည်ဖြစ်သည်၊ (ပြစ်ဒဏ်သည် မျက်နှာပေါ်ကျသည့်အခါ ပိုနာပြီး ပိုခံရမည်ဖြစ်သည်)။ ထို့ပြင် မတရားပြုလုပ်သူများအား “အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသော အရသာကို မြည်းစမ်းကြ“ဟု ပြောဆိုခြင်း ခံရမည်ဖြစ်သည်။ (ထိုကဲ့သို့သူနှင့် ပြစ်ဒဏ်မှလွတ်ကင်းသည့်သူတို့သည် တူပါသလော)။
Verse 25 — Surah Az-Zumar 39:25
သူတို့မတိုင်မီက သူများလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြစ်ဒဏ်သည် သူတို့ထံသို့ သူတို့ မထင်မှတ် မသိရှိသည့်ဘက်မှ ရောက်ရှိလာခဲ့သည်။
Verse 26 — Surah Az-Zumar 39:26
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤလောကီဘဝတွင် သေးသိမ်မှု၏အရသာကို မြည်းစမ်းစေတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပိုကြီးသည်၊ အကယ်၍ သူတို့ သိကြလျှင် ကောင်းလေစွ။
Verse 27 — Surah Az-Zumar 39:27
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူများအတွက် သူတို့ တရားရကြစေရန် ပမာပုံဆောင်ချက်မျိုးစုံကို ခိုင်းနှိုင်းပြတော်မူခဲ့သည်။
Verse 28 — Surah Az-Zumar 39:28
သူတို့သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြရန်အတွက် (ငါအရှင်မြတ်သည်) စကားအသုံးအနှုန်း အဖွဲ့အနွဲ့ကောင်းမွန်ကြွယ်ဝသော အကွေ့အကောက်ကင်းမဲ့သော အရဗီဘာသာစကားနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို (ချပေးတော်မူခဲ့သည်)။
Verse 29 — Surah Az-Zumar 39:29
အလ္လာဟ်အရှင်မြတ်သည် ပမာတစ်ခုကို ခိုင်းနှိုင်းပြတော်မူသည်။ ကျွန်ယောက်ျားတစ်ဦးရှိသည်။ သူ့တွင် အချင်းချင်း ကွဲလွဲမသင့်မြတ်ဘဲ ဖက်စပ်ပိုင်ဆိုင်နေကြသောသူ(သခင်)များရှိကြသည်။ ထို့ပြင် အခြားကျွန်ယောက်ျားတစ်ဦးမှာမူ (သခင်)တစ်ဦးတည်းပိုင်ဖြစ်သည်။ ထိုကျွန်ယောက်ျားနှစ်ဦးသည် (အခြေအနေအရပ်ရပ်တွင်) တူညီနိုင်ကြသလော။* ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိရှိကြပေ။
Verse 30 — Surah Az-Zumar 39:30
အမှန်စင်စစ် အသင်(တမန်တော်)သည်လည်း သေဆုံးမည့်သူဖြစ်သည်။ ထို့ပြင် သူတို့သည်လည်း သေဆုံးကြမည့်သူများပင် ဖြစ်ကြသည်။
Verse 31 — Surah Az-Zumar 39:31
ထို့နောက် အသင်တို့သည် ကိယာမသ်နေ့တွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့မှောက်တွင် အမှန်ပင် အငြင်းအခုံ ပြုကြဦးမည်ဖြစ်သည်။
Verse 32 — Surah Az-Zumar 39:32
ထို့ပြင် အကြင်သူထက်ပိုပြီး မတရားသူသည် မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားစကားကို ပြောဆိုခဲ့သည်။ ထို့ပြင် အမှန်တရားသည် သူ့ထံသို့ ရောက်လာသည့်အခါ ထိုအရာကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ (ထို)ကာဖိရ်များအတွက် နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ရှိသည်မဟုတ်လော။
Verse 33 — Surah Az-Zumar 39:33
ထို့ပြင် အကြင်သူသည် အမှန်တရားကို ယူဆောင်ခဲ့သည်။ ထို့ပြင် ထိုအမှန်တရားကို မှန်ကန်ကြောင်း ထောက်ခံခဲ့သည်။ ထိုသူများပင် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သော မုသ်သကီများဖြစ်ကြသည်။
Verse 34 — Surah Az-Zumar 39:34
သူတို့အတွက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် သူတို့လိုချင်သည့်အရာအတိုင်း ရရှိမည်ဖြစ်သည်။ ဤသည် ကောင်းကျိုးဆောင်ရွက်သူများ၏ အကျိုးပင်ဖြစ်သည်။
Verse 35 — Surah Az-Zumar 39:35
(ထိုသို့ အကျိုးပေးရသည့်အကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့ထံမှ သူတို့ ကျင့်မူခဲ့ကြသောအဆိုးကို ပပျောက်စေရန်အပြင်၊ သူတို့အား သူတို့ပြုလုပ်လေ့ရှိခဲ့ကြသော အကောင်း၏အစားကို ပေးသနားတော်မူရန်အတွက် ဖြစ်သည်။
Verse 36 — Surah Az-Zumar 39:36
အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်အတွက် လုံလောက်သောအရှင် မဟုတ်သလော။ ထို့ပြင် သူတို့ကပင် အရှင်မြတ်မှလွဲ၍ အခြားအရာများနှင့် အသင်(တမန်တော်)အား ခြိမ်းခြောက်နေကြသေးသည်။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင်ထားလိုက်ပြီဆိုလျှင် ထိုသူ့အား လမ်းမှန်ပို့ဆောင်ပေးမည့်သူ မည်သူမျှ မရှိတော့ပေ။
Verse 37 — Surah Az-Zumar 39:37
ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပို့ဆောင်တော်မူလျှင်၊ ထိုသူ့အား လမ်းမှားစေမည့်သူ မည်သူမျှ မရှိတော့ပေ။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် လွှမ်းမိုးတော်မူသောအရှင်၊ တန်ပြန်အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည် မဟုတ်လော။
Verse 38 — Surah Az-Zumar 39:38
ထို့ပြင် အသင်သည် အကယ်၍ သူတို့အား “မိုးကောင်းကင်များနှင့် မြေပထဝီကို မည်သူ ဖန်ဆင်းခဲ့သနည်း“ဟု မေးမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု သူတို့သည် အမှန်ပင် ပြောကြလိမ့်မည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် (ငါ့အား)ပြောပြကြစမ်းပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့အား ဒုက္ခတစ်စုံတစ်ခုပေးလိုတော်မူခဲ့လျှင် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး အသင်တို့ ဟစ်ခေါ်နေကြသည့်အရာများက အရှင်မြတ်သက်ရောက်စေတာ်မူသော ဒုက္ခကို ဖယ်ရှားပေးနိုင်ကြသည်လော။ သို့မဟုတ် အရှင်မြတ်သည် င့ါအား သနားကရုဏာတစ်စုံတစ်ခု ပြုလုပ်လိုတော်မူခဲ့လျှင် သူတို့သည် အရှင်မြတ်၏ကရုဏာကို တားဆီးနိုင်ကြမည်လော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် လုံလောက်တော်မူသည်။ ယုံပုံလွှဲအပ်သူများသည် အရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြသည်။
Verse 39 — Surah Az-Zumar 39:39
(အို- တမန်တော်)အသင်ပြောလိုက်ပါ။ အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့နည်းလမ်းအတိုင်းပင် အသင်တို့(လုပ်မြဲအတိုင်း)လုပ်နေကြပေတော့၊ ငါလည်း (လုပ်မြဲတိုင်းပင်) ပြုလုပ်နေမည်၊ မကြာမီ အသင်တို့ သိရလိမ့်မည်။
Verse 40 — Surah Az-Zumar 39:40
(ဤဘဝတွင်) မည်သူ၏ထံသို့ သေးသိမ်းစေသော ပြစ်ဒဏ်ရောက်ရှိလာပြီး (တမလွန်ဘဝတွင်) မည်သူ၏အပေါ်တွင် အမြဲတည်ရှိမည့်ပြစ်ဒဏ်ကျရောက်မည်ကို (မကြာမီ အသင်တို့ သိရလိမ့်မည်)။
Verse 41 — Surah Az-Zumar 39:41
စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏အပေါ် ကျမ်းတော်မြတ်ကို လူများအတွက် တိကျမှန်ကန်စွာ ချပေးတော်မူခဲ့သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် သူ၏အတွက်ပင်(အကျိုးရှိမည်)ဖြစ်သည်။ ထို့ပြင် မည်သူမဆို လမ်းလွဲခဲ့လျှင် သူ၏အပေါ်၌ပင် (ဆုံးရှုံးမှု)ကျရောက်မည်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အပေါ်တွင် တာဝန်ခံအဖြစ် (စေလွှတ်ခံရသည်)မဟုတ်ပေ။
Verse 42 — Surah Az-Zumar 39:42
အလ္လာဟ်အရှင်မြတ်သည်ပင် အသက်ဝိညာဉ်များကို သူတို့ သေဆုံးချိန်တွင် နှုတ်သိမ်းတော်မူသည်။ ထို့ပြင် သေဆုံးချိန်မရောက်သေးသော အသက်ဝိညာဉ်များကိုလည်း သူတို့ အိပ်စက်သည့်အခါတွင် (နှုတ်သိမ်းထားတော်မူသည်)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော်မူသောအသက်ဝိညာဉ်များအား အရှင်မြတ်က တားဆီးထားလိုက်တော်မူသည်။ ထို့ပြင် ကျန်အသက်ဝိညာဉ်များကိုမူ သတ်မှတ်ချိန်ရောက်သည်ထိ လွှတ်ထားတော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် သက်သေလက္ခဏာများ အမှန်ပင်ရှိသည်။
Verse 43 — Surah Az-Zumar 39:43
သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများအား ကြားဝင်အသနားခံပေးမည့်သူများအဖြစ် ပြုလုပ်ခဲ့ကြသလော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သူတို့သည် မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အပြင် မည်သည့်အရာမျှလည်း မသိနားမလည်ကြလျှင်လည်း (ကြားဝင်အသနားခံပေးနိုင်ကြမည်လော)။
Verse 44 — Surah Az-Zumar 39:44
(အို- တမန်တော်)အသင်ပြောလိုက်ပါ- ကြားဝင် အသနားခံမှုအားလုံးသည် အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။* မိုးကောင်းကင်များနှင့် မြေပထဝီ၏အုပ်ချုပ်မှုအာဏာသည် အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံတော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။
Verse 45 — Surah Az-Zumar 39:45
ထို့ပြင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား သတိရတသခြင်းခံရတော်မူသည့်အခါ တမလွန်ဘဝကို မယုံကြည်သူများ၏စိတ်နှလုံးများသည် စက်ဆုပ်ကြသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အခြားအရာများအား သတိရခြင်းခံရသည့်အခါတွင်မူ သူတို့သည် ရုတ်တရက် ချက်ချင်း ဝမ်းမြောက်သွားကြသည်။
Verse 46 — Surah Az-Zumar 39:46
(အို- တမန်တော်)အသင်သည် (ဤသို့)လျှောက်ထားပါ- အို- မိုးကောင်းကင်များနှင့် မြေပထဝီအား ဖန်ဆင်းတော်မူသော၊ အကွယ်နှင့်ရှေ့တွင်ရှိသည်ကို သိတော်မူသော အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအကြားတွင် သူတို့အချင်းချင်း ကွဲလွဲနေခဲ့သည့်အရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။
Verse 47 — Surah Az-Zumar 39:47
ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသည့်သူများအတွက် မြေပထဝီထဲတွင် ရှိသမျှနှင့်အတူ နောက်ထပ် ထိုမျှရှိလျှင်လည်း ကိယာမသ်နေ့၏ပြစ်ဒဏ်များမှ လွတ်မြောက်ရန် ထိုအပြစ်ကျူးလွန်သည့်သူများက အမှန်ပင် လျော်ကြေးပေးကြမည်ဖြစ်သည်။ ထို့ပြင် သူတို့ရှေ့၌ သူတို့မမျှော်လင့်(မထင်မှတ်)သည့်ကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထင်ရှားပေါ်လွင်လာလိမ့်မည်။
Verse 48 — Surah Az-Zumar 39:48
ထို့ပြင် သူတို့ဆည်းပူးခဲ့ကြသော မကောင်းမှုများ၏ အန္တရာယ်များသည်လည်း သူတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာခဲ့မည် ဖြစ်သည်။ ထို့ပြင် သူတို့ပြောင်လှောင်နေခဲ့သော ပြစ်ဒဏ်သည်လည်း သူတို့အား ဝန်းရံနေလိမ့်မည်။
Verse 49 — Surah Az-Zumar 39:49
ထို့ပြင် လူသားတွင် ဒုက္ခတစ်စုံတစ်ခုကျရောက်သည့်အခါ သူသည် ငါအရှင်မြတ်အား ဟစ်ခေါ်တမ်းတသည်။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား ငါအရှင်မြတ်ထံတော်မှ ကျေးဇူးတော်(စည်းစိမ်) တစ်စုံတစ်ခုကို ပေးတော်မူသည့်အခါ သူက“ငါသည် ဤကျေးဇူးတော်(စည်းစိမ်)ကို (ငါ၏)အကြံအစည်တစ်ခုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်“*ဟု ပြောဆိုသည်။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ဤကျေးဇူးတော်(စည်းစိမ်)သည် စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ သို့ရာတွင် ထိုလူသားများထဲမှ အများစုသည် မသိရှိကြပေ။
Verse 50 — Surah Az-Zumar 39:50
အမှန်စင်စစ် ဤပြောဆိုမှုကို သူတို့မတိုင်မီကသူများလည်း ပြောဆိုခဲ့ကြဖူးသည်။ ထို့နောက်လည်း သူတို့ ဆည်းပူးခဲ့ကြသည်များမှာ သူတို့အတွက် (ပြစ်ဒဏ်ကာကွယ်ရန်) မည်သည့်အရာမျှ အသုံးမဝင်ခဲ့ပေ။
Verse 51 — Surah Az-Zumar 39:51
ထို့နောက် သူတို့ဆည်းပူးခဲ့သော မကောင်းမှုများ၏အန္တရာယ်များသည် သူတို့အပေါ်တွင် ကျရောက်ခဲ့သည်။ ထို့ပြင် ဤသူများထဲမှ မတရားကျူးလွန်ခဲ့ကြသောသူများအပေါ်တွင်လည်း သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် မပြုလုပ်နိုင်ဘဲလျက် မကြာမီ သူတို့ဆည်းပူးခဲ့သော မကောင်းမှုများ၏ အန္တရာယ်များသည် ကျရောက်မည်ဖြစ်သည်။
Verse 52 — Surah Az-Zumar 39:52
သူတို့သည် မသိရှိခဲ့ကြသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ပေးသနားတော်မူ၍ အရှင်မြတ်(အလိုရှိတော်မူသောသူကို) ကျပ်တည်းစေတော်မူသည်။ စင်စစ် ထိုအထဲတွင် ယုံကြည်သူအမျိုးသားများအတွက် သက်သေအထောက်အထားများ အမှန်ပင်ရှိသည်။
Verse 53 — Surah Az-Zumar 39:53
(အို- တမန်တော်)အသင်သည် (ငါအရှင်မြတ်၏ကိုယ်စား)ပြောလိုက်ပါ- အို- မိမိကိုယ်မိမိ အလွန်အမင်း ကျူးလွန်ခဲ့ကြသော ငါအရှင်မြတ်၏ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များအားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။
Verse 54 — Surah Az-Zumar 39:54
ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ပြစ်ဒဏ်ကျရောက်မလာခင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ ပြန်လှည့်၍ အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြပါ။ ထို(ပြစ်ဒဏ်ကျရောက်လာပြီး)နောက်တွင်မူ အသင်တို့သည် မည်သည့်အရာမျှ ကူညီခံကြရမည် မဟုတ်ပေ။
Verse 55 — Surah Az-Zumar 39:55
ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ပြစ်ဒဏ်သည် အသင်တို့ပင် မသိလိုက်ဘဲလျက် ရုတ်တရက် ဆိုက်ရောက်မလာမီ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အသင်တို့ထံသို့ ချပေးခြင်းခံရသော အကောင်းဆုံးအမိန့်တော်(ကျမ်းတော်မြတ် ကုရ်အာန်)ကို လိုက်နာ(ကျင့်သုံး)ကြပါ။
Verse 56 — Surah Az-Zumar 39:56
(ဤသည်ကို မိန့်ရခြင်းကမူ) မည်သူမျှ “ဪ- ငါသည်- အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာမှုနှင့်ပတ်သက်၍ ပေါ့ဆပျက်ကွက်သည့်အပေါ်တွင် ဝမ်းနည်းဖွယ်ရာပင်၊ ထို့ပြင် ငါသည် အမှန်ပင် ပြောင်လှောင်သည့်သူများထဲ၌ပင် ရှိနေခဲ့သည်“ဟု မပြောဆိုနိုင်ရန်အတွက် ဖြစ်သည်။
Verse 57 — Surah Az-Zumar 39:57
သို့မဟုတ်(မည်သူမဆို) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကယ်၍ ငါ့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူခဲ့ပါလျှင် ငါသည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်ကျိုးဆောင်သူများထဲမှ အမှန်ပင် အပါအဝင် ဖြစ်ခဲ့မည်“ဟု မပြောဆိုနိုင်ရန်ဖြစ်သည်။
Verse 58 — Surah Az-Zumar 39:58
သို့မဟုတ် ပြစ်ဒဏ်ကို တွေ့မြင်သည့်အခါတွင် “အမှန်စင်စစ် ငါသည် အကယ်၍သာ (လောကကို)ပြန်သွားနိုင်လျှင် အဘယ်မျှ ကောင်းမည်နည်း။ ထိုသို့ဆိုလျှင် ငါသည် ကောင်းမြတ်သည့်သူများထဲမှ အပါအဝင်ဖြစ်ခဲ့မည်“ဟု မပြောဆိုနိုင်ရန် (ထုတ်ပြန်တော်မူခဲ့ခြင်းဖြစ်သည်။)
Verse 59 — Surah Az-Zumar 39:59
အဘယ့်ကြောင့် မဟုတ်ရမည်နည်း။ အမှန်ပင် ငါအရှင်မြတ်၏အာယသ်တော်များသည် အသင်၏ထံသို့ အမှန်စင်စစ် ရောက်လာခဲ့သည်။ ထို့နောက် အသင်သည် ထိုအာယသ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ ထို့ပြင် အသင်သည် ကာဖိရ်ငြင်းပယ်သူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။
Verse 60 — Surah Az-Zumar 39:60
ထို့ပြင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လိမ်လည်စွပ်စွဲ ပြောဆိုခဲ့ကြသည့်သူများကို သူတို့၏မျက်နှာများ မည်းနေကြသည်ကို အသင် တွေ့မြင်ရမည်။ မာနထောင်သူများအတွက် နေရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင် မဟုတ်လော။
Verse 61 — Surah Az-Zumar 39:61
ထို့ပြင် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သော မုသ်သကီများကိုတော့ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူမည်။ သူတို့တွင် ဒုက္ခလည်းကျရောက်မည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေ။
Verse 62 — Surah Az-Zumar 39:62
အလ္လာဟ်အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်သည့်အပြင် အရှင်မြတ်သည်ပင် အရာအားလုံးအပေါ်တွင် ထိန်းသိမ်းတော်မူသော အရှင်လည်းဖြစ်တော်မူသည်။
Verse 63 — Surah Az-Zumar 39:63
မိုးကောင်းကင်များ၏ သော့များနှင့် မြေပထဝီ၏သော့များသည် အရှင်မြတ်ထံတော်၌သာ ရှိသည်။* ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်ခဲ့ကြသည်။ ထိုသူများပင် ဆုံးရှုံးသည့်သူများဖြစ်ကြမည်။
Verse 64 — Surah Az-Zumar 39:64
(အို- တမန်တော်)အသင်ပြောလိုက်ပါ- သို့ဖြစ်ရာ အို- အသိပညာမဲ့သူအပေါင်းတို့၊ ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ကိုးကွယ်ရန် အသင်တို့သည် ငါ့အား အမိန့်ပေးနေကြသလော။
Verse 65 — Surah Az-Zumar 39:65
ထို့ပြင် အမှန်စင်စစ် အသင်နှင့် အသင်၏မတိုင်မီကသူများထံသို့ အမှန်ပင် ဝဟီအမိန့်(ဤသို့)ချပေးခြင်းခံခဲ့ရသည်။ “အကယ်၍ အသင်သည် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့လျှင် အမှန်စင်စစ် အသင်၏လုပ်ရပ်များသည် အချည်းအနှီးဖြစ်သွားမည့်အပြင် အသင်သည် ဆုံးရှုံးသူများထဲတွင် အမှန်စင်စစ် အပါအဝင်ဖြစ်လိမ့်မည်။“
Verse 66 — Surah Az-Zumar 39:66
ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ကိုသာ အသင်သည် ကိုးကွယ်ပါ၊ ထို့ပြင် အသင်သည် ကျေးဇူးသိတတ်သူများထဲတွင် အပါအဝင်ဖြစ်လိုက်ပါ။
Verse 67 — Surah Az-Zumar 39:67
ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေလေးစားသင့်သလောက် ရိုသေလေးစားခြင်း မရှိကြပေ။* ထို့ပြင် ကိယာမသ်နေ့တွင် ကမာ္ဘမြေသည် အရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိရုံမက၊ မိုးကောင်းကင်များသည်လည်း အရှင်မြတ်၏လက်ယာလက်ထဲတွင် ခေါက်လိပ်ထားလိမ့်မည်။ အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသောအရာများမှ စင်ကြယ်သန့်ရှင်းတော်မူသည့်အပြင် အရှင်မြတ်သည် အလွန်မြင့်မားတော်မူလှသည်။
Verse 68 — Surah Az-Zumar 39:68
ထို့ပြင် စွူရ် တံပိုးခရာမှုတ်ခြင်းခံရသည့်အခါ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူသောသူမှလွဲ၍* မိုးကောင်းကင်များတွင် ရှိသမျှသူများနှင့် မြေပထဝီတွင် ရှိသမျှသူများသည် သတိမေ့သွားကြမည်။ ထို့နောက်တစ်ဖန် ဒုတိယအကြိမ် ထိုစွူရ်တံပိုးမှုတ်ခြင်းခံရပြန်သည့်အခါ သူတို့သည် ရုတ်တရက် မတ်တတ်ရပ်လျက် ကြည့်နေကြမည်ဖြစ်သည်။
Verse 69 — Surah Az-Zumar 39:69
ထို့ပြင် မြေပထဝီသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နူရ်ရောက်ခြည်နှင့် လင်းထိန်သွားမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များလည်း (အဆင်သင့်)ထားရှိပြီးဖြစ်မည်။ ထို့ပြင် တမန်တော်များနှင့် သက်သေများလည်း ရောက်လာကြမည်။ ထို့ပြင် သူတို့အကြားတွင် သူတို့သည် (အနည်းငယ်မျှပင်) မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်။
Verse 70 — Surah Az-Zumar 39:70
ထို့ပြင် လူတိုင်းသည် သူတို့ ပြုလုပ်ခဲ့ကြသည့်အစားကို အပြည့်အဝ ပေးဆပ်ခြင်း ခံကြရမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အသိဆုံးဖြစ်တော်မူသည်။
Verse 71 — Surah Az-Zumar 39:71
ထို့ပြင် ကာဖိရ်များသည် ဂျဟန္နမ်ငရဲဘုံသို့ အုပ်စုလိုက် မောင်းနှင့်ခြင်းခံကြရမည်။ နောက်ဆုံးတွင် သူတို့သည် ထိုငရဲဘုံသို့ ရောက်ရှိလာခဲ့ကြသည့်အခါ ၎င်း၏တံခါးများသည် ဖွင့်ပေးခြင်းခံကြရမည်။ ထို့ပြင် ထိုငရဲဘုံအား စောင့်ကြပ်သူများက သူတို့အား ပြောဆိုကြလိမ့်မည်- “အသင်တို့ထံသို့ အသင်တို့ထဲမှပင် အကြင်တမန်တော်များ ရောက်ရှိလာခဲ့ကြသည် မဟုတ်လော၊ ထိုတမန်တော်များသည် အသင်တို့ရှေ့၌ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယသ်တော်များကိုလည်း ဖတ်ကြားခဲ့ကြသည်။ ထို့ပြင် အသင်တို့အား ဤနေ့နှင့် အသင်တို့ တွေ့ဆုံကြရမည်ကိုလည်း သတိပေးနှိုးဆော်ခဲ့ကြသည် (မဟုတ်လော)။“ သူတို့က ပြောဆိုကြမည်- “ဟုတ်ပါသည်၊ သို့ရာတွင် ကာဖိရ်များအပေါ်တွင် ပြစ်ဒဏ်၏အမိန့်တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်။
Verse 72 — Surah Az-Zumar 39:72
သူတို့သည် (ဤသို့)ပြောဆိုခြင်းခံကြရမည်- “အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏တံခါးများထဲသို့ အမြဲနေရမည့်သူများအဖြစ် ဝင်ကြပေတော့“။ မာနထောင်ကြသည့်သူများအတွက် အဘယ်မျှဆိုးရွားသော နေရာဌာနဖြစ်လိုက်သနည်း။
Verse 73 — Surah Az-Zumar 39:73
၎င်းနောက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများသည် ဂျန္နသ်သုခဘုံသို့ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရမည်။ နောက်ဆုံးတွင် သူတို့သည် ထိုသုခဘုံသို့ ရောက်လာကြမည်။ ထိုဂျန္နသ်၏တံခါးများသည် ပွင့်နေမည်။ ထို့ပြင် သုခဘုံကို စောင့်ကြပ်သည့်သူများက သူတို့အား “ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ် ကျရောက်ပါစေ။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်သည့်အတွက် ထိုသုခဘုံထဲသို့ အမြဲနေရမည့်သူများအဖြစ် ဝင်ရောက်ကြပါ“ဟု ပြောဆိုကြမည်။
Verse 74 — Surah Az-Zumar 39:74
ထို့ပြင် သူတို့က ပြောဆိုကြမည်- “ချီးမွမ်းခြင်းအပေါင်းသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အရှင်မြတ်ပြုလုပ်တော်မူခဲ့သည့်ကတိအား မှန်ကန်စေတော်မူခဲ့သည့်အပြင် ဤ(ဂျန္နသ်)မြေကို ကျွန်ုပ်တို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူခဲ့သည့်အတွက် ကျွန်ုပ်တို့သည် ထိုအထဲတွင် ကျွန်ုပ်တို့အလိုရှိသောနေရာများ၌ နေထိုင်နိုင်ကြသည်“။* ထို့ပြင် (ကောင်းမြတ်သော)အလုပ် လုပ်ကိုင်သောသူများ၏အကျိုးအမြတ်သည် အဘယ်မျှ ကောင်းလိုက်သနည်း။
Verse 75 — Surah Az-Zumar 39:75
ထို့ပြင် အသင်(တမန်တော်)သည် ကောင်းကင်တမန်များအား အရ်ရှ်ပလ္လင်တော်၏ပတ်လည်တွင် ဝန်းရံလျက် တွေ့ရမည်၊ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ရှိနေကြသည်(ကို အသင်မြင်တွေ့ရလိမ့်မည်)။ ထို့ပြင် ထို(လူသား)များ၏ကြားတွင် တိကျစွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ချီးမွမ်းခြင်းအပေါင်းသည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အတွက်ပင် ဖြစ်သည်ဟု ပြောဆိုခြင်းခံရမည်။