Back to Languages

Burmese - Chapter 1 - Al-Fatiha

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Fatiha 1:1

အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ (ဖြစ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်၊ နာမတော်ဖြင့်။

Verse 2 — Surah Al-Fatiha 1:2

(ကမ္ဘာဦးမှစ၍ တမလွန်ဘဝအထိ မည်သူမဆိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သူ့ကိုပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ချီးမွမ်းနိုင်ခြင်းနှင့်ကျေးဇူးတင် နိုင်ခြင်းသည် ထိုကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

Verse 3 — Surah Al-Fatiha 1:3

(ထိုအရှင်သည်) အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)

Verse 4 — Surah Al-Fatiha 1:4

(ထိုအရှင်သည် ကောင်းကျိုး၊ ဆိုးကျိုးအတွက် အစားပေးမည့် တမလွန်ဘဝ) တရားစီရင်တော်မည့်နေ့၏အရှင်သခင် ဖြစ်တော်မူ၏။

Verse 5 — Surah Al-Fatiha 1:5

ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော) အသင်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြပြီး အသင်အရှင်မြတ်၏ကူညီစောင်မမှုကိုသာလျှင် မျှော်ကိုး တောင်းခံပါ၏။

Verse 6 — Surah Al-Fatiha 1:6

(အို ၊ အလ္လာဟ်အရှင်မြတ်) ကျွန်ုပ်တို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ။ (အရှင့်လမ်းစဉ်တော်အတိုင်းသာ လျှောက်လမ်းစေတော်မူပါ။)

Verse 7 — Surah Al-Fatiha 1:7

ထိုလမ်းစဉ်သည် အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာ၊ သုခချမ်းသာတို့ဖြင့်) ဂုဏ်ပေးခြင်းခံရသော သူတို့၏လမ်းစဉ်ဖြစ်၍ အရှင့်အမျက်တော် (ပြစ်ဒဏ်နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံရသူများနှင့်လမ်းမှားသူတို့၏အဖြစ်မှ ကင်းဝေးစေတော်မူလိုပါ၏။ (အာမိန်းလက်ခံတော်မူပါစေ)။