Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 102 — Surah Al-Baqarah 2:102

ထို့ပြင် (သူတို့၏ဘိုးဘေးဘီဘင်များလုပ်သကဲ့သို့) သူတို့က တမန်တော်စုလိုင်မာန်၏အုပ်ချုပ်ရေးလက်ထက်၌ စေတန်မကောင်းဆိုးဝါးတို့က တီထွင်ဖန်တီးထားသော စိတ်ကူးယဉ်စာပေအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။ တမန်တော်စုလိုင်မာန်သည် မည်သည့်အခါမျှ (အရှင့်စည်းမျဉ်းတော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် စေတန်မကောင်းဆိုးဝါးများကသာ မယုံမကြည်၊ ငြင်းဆန်ဖုံးကွယ်ခဲ့ကြ၏။ (တမန်တော်စုလိုင်မာန်သည် အရှင်မြတ်၏အကောင်းဆုံး အစေခံများအနက်မှဖြစ်ပြီး ပယောဂပညာသည် မယုံကြည်မှု တစ်မျိုးသာ ဖြစ်ကြောင်း သူသိခဲ့သည်။) အမှန်မှာ၊ ဘေဘီလုံမြို့၌ ဟာရူသ်နှင့်မာရူသ်မည်သော စေတမန်နှစ်ပါးအပေါ်၌ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသောအရာ (အသိပညာ) ကို (စေတန် မကောင်းဆိုးဝါးများ ဖြစ်ကြသော) သူတို့က (သင်ယူပြီး) လူတို့အား မှော်ဝိဇ္ဇာပယောဂအတတ်ပညာကို သင်ပေးခဲ့ကြသည်။ သူတို့နှစ်ဦး (ဟာရူသ်နှင့်မာရူသ်) သည် (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) “ကျွန်ုပ်တို့သည် စမ်းသပ်မှုအတွက်သာလျှင် ဖြစ်၏။ သို့ဖြစ်ရာ အရှင့်စည်းမျဉ်းတော်များကို မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မပြုကြလေနှင့်။” ဟု (သတိပေး) ပြောခဲ့ခြင်းမရှိဘဲ သင်ပေးလေ့ မရှိခဲ့ကြပေ။ (မကောင်းဆိုးဝါးများဖြစ်သော) သူတို့သည် သူတို့ စေတမန်နှစ်ဦးထံမှ လူတစ်ဦးနှင့်သူ့ဘဝဖော်တို့အား ကွာရှင်းခွဲခွာစေသည့်ပညာကို သင်ယူခဲ့ကြသော်လည်း သူတို့သည် ယင်း (ပညာ) ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ ထိခိုက် နစ်နာစေရန်နှင့်အကျိုးပေးရန် စွမ်းဆောင်နိုင်သူများ မဟုတ်ကြပေ။ ထို့ပြင် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများအနက်မှ တမလွန်ဘဝ၌ အကျိုးမရှိသောအရာကို သူ့အတွက် လဲလှယ်ဝယ်ယူသူ မည် သူမဆိုသည် အလွန်ယုတ်ညံ့ရွံရှာဖွယ်ကောင်းသော လဲလှယ်ရောင်းဝယ်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း သူတို့ အမှန်ပင် သိထားခဲ့ကြပြီ ဖြစ်၏။ သူတို့၏ပြုမူဆောင်ရွက်ချက်များကို သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ်) များအား သူတို့၏အလိုရမ္မက်အတွက်သာ အသုံးချ၍ လဲလှယ်ဝယ်ယူခြင်းဖြစ်ကြောင်း အကယ်၍ သူတို့ သိနားလည်ခဲ့ကြလျှင် ကောင်းလေစွ။