Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 286 — Surah Al-Baqarah 2:286

(အရှင်မြတ်က လူသားတို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်သူတို့၏နှလုံးသားများထဲ၌ ကြံရွယ်သမျှတို့ အတွက်ပါ စစ်ဆေးမေးမြန်း၍ အရေးယူတော်မူမည်ကို စိုးရိမ်လျှက် ပူပင်သောကရောက်နေသူတို့အား) အလ္လာဟ်အရှင်မြတ်သည် (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေးနှင့်အစွမ်းအစများ ပေးအပ်တော်မူခြင်းခံရသော မည်သည့် မျိုးစေ့ဗီဇကိုမျှ သို့မဟုတ်) မည်သူ့ကိုမျှ (ယင်း သို့မဟုတ်) သူ၏အစွမ်းအစနှင့်အညီမှအပ (တာဝန်ယူမှု၊ တာဝန်ခံမှု၏) ဝန်ထုပ်ဝန်ပိုးတို့ကို ထမ်းရွက်စေတော်မမူပေ။ ယင်း၏ (ရည်ရွယ်ချက်၊ ကြံစည် မှုနှင့်အညီ) ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးရယူသမျှသည် ယင်းတို့အတွက်သာ ဖြစ်ပြီး ထိုသို့ပြုမူကျင့် ကြံလုပ်ဆောင်သမျှအတွက်သာ ယင်းအပေါ်၌ (အစစ်ဆေးခံရန်) တာဝန်ရှိ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အကယ်၍ ကျွန်ုပ်တို့က တာဝန်ကျေပွန်ရန်) မေ့လျော့ခဲ့သည်ဖြစ်စေ၊ သို့တည်းမဟုတ် ချွတ်ချော်မှားယွင်းမိသည်ဖြစ်စေ (ယင်းတို့အတွက်) ကျွန်ုပ်တို့အား အရေးယူတော်မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မတိုင်မီ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူတို့ (၏ပခုံးများအ) ပေါ် (ကြီးလေးသော တာဝန်ဝတ္တရား ဝန်ထုပ်များအား) ထမ်းဆောင်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့အပေါ်၌လည်း ထမ်းဆောင်စေတော် မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏စွမ်းရည်စွမ်းပကားဖြင့် မတတ်စွမ်း၊ မဆောင်ရွက်နိုင်သည့်အရာအား ထမ်းရွက်စေတော်မမူပါနှင့်။ ကျွန်ုပ်တို့ထံမှ (ကျွန်ုပ်တို့၏ချွတ်ချော်မှားယွင်းမှုများကို) ဥပေက္ခာပြုတော်မူလျှက် ကင်းလွတ်စေတော်မူ၍ ဖယ်ရှားပေး သနားတော်မူပါ။ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့အပေါ် အရှင့်ကရုဏာတော် သက်ရောက်စေတော်မူပါ။ အသင်အရှင်မြတ်သည် ကျွန်ုပ်တို့၏အုပ်ထိန်းစောင့်ရှောက်သူ ဖြစ်တော်မူသည့်အပြင် ကျွန်ုပ်တို့အား မယုံကြည်သော (အမှန်တရားကိုဖီဆန်ငြင်းပယ်သော) လူမျိုးတို့အပေါ် (လွှမ်းမိုးနိုင်ရန်) ကူညီစောင်မတော်မူပါ။