Back to Languages

Burmese - Chapter 71 - Nuh

Translation by Alin U Yin — Permalink

Verse 1 — Surah Nuh 71:1

ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အား “ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် မရောက်ရှိလာမီ သင့်လူမျိုးတို့အား သတိပေးနှိုးဆော်လော့” ဟု မိန့်တော်မူလျက် သူ့လူ့မျိုးတို့ထံသို့ စေလွှတ် တော်မူခဲ့၏။

Verse 2 — Surah Nuh 71:2

(တမန်တော်) နူးဟ်က ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်သည် သင်တို့အတွက် မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူ (တစ်ဦးအဖြစ် တာဝန်ပေး၍ စေလွှတ်တော်မူခြင်းခံရသူ) ဖြစ်၏။” ဟု ဟောပြော ခဲ့၏။

Verse 3 — Surah Nuh 71:3

သင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့။ ထို့ပြင် သင်တို့သည် ထိုအရှင် မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျက် ကျွန်ုပ်၏ဟောပြောချက်များကို နာခံလိုက်နာကြလော့။

Verse 4 — Surah Nuh 71:4

(ထိုသို့ နာခံလိုက်နာရခြင်းသည်) ထိုအရှင်မြတ်သည် (ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် ထိုက်တန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မမူဘဲ) သင်တို့၏မှားယွင်းမှုများနှင့်ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည့်အပြင် သင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးတော်မူရန်ပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းတော်မူသောအချိန်ကာလ ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်းခွင့်ရမည် မဟုတ်ကြောင်းကို အကယ်၍ သင်တို့ သိနားလည်ကြလျှင် ကောင်းလေစွ။

Verse 5 — Surah Nuh 71:5

(တမန်တော်နူဟ်သည် အရှင်မြတ်၏အမိန့်တော်များကို သူ့လူမျိုးများထံ နှစ်ပေါင်းမြောက်မြားစွာ ပို့ချ ဟောကြားခဲ့ပြီးနောက် အရှင့်ထံ ဆုတောင်းလျက် လျှောက်ထားခဲ့သည်မှာ) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုးသည် ကျွန်ုပ်၏လူမျိုးတို့အား ညအချိန်ဖြစ်စေ၊ နေ့အချိန်ဖြစ်စေ (အစွမ်းကုန် အရှင်မြတ်ဘက်သို့) ဖိတ်ခေါ်ခဲ့ပါ၏။

Verse 6 — Surah Nuh 71:6

သို့တစေလည်း သူတို့သည် ကျွန်တော်မျိုး၏ဖိတ်ခေါ်ချက်မှ တိမ်းရှောင်ထွက်ပြေးခြင်းမှအပ သူတို့ကို (အမှန်တရားအား ယုံကြည်လက်ခံနိုင်မှု၌ စိုးစဉ်းမျှပင်) တိုးတက်ပြောင်းလဲခြင်း မရှိပေ။

Verse 7 — Surah Nuh 71:7

ထို့ပြင် အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူရန်အလို့ငှာ ကျွန်တော်မျိုးသည် သူတို့အား (အရှင် မြတ်ဘက်သို့) ဖိတ်ခေါ်သည့်အခါတိုင်း သူတိုက သူတို့၏လက်ချောင်းများကို သူတို့၏နားများထဲသို့ ထည့်သွင်း၍ သူတို့၏ခန္ဓာကိုယ်များကိုလည်း သူတို့၏အဝတ်အထည်များဖြင့် လွှမ်းခြုံဖုံးကွယ်ထားရုံသာမက (မယုံကြည်သွေ ဖည်ငြင်းပယ်မှုပေါ်၌ပင် ဆက်လက်၍) ခေါင်းမာစွာ ရပ်တည်လျက် ပိုမို၍ စိတ်ကြီးဝင်ဘဝင်မြင့်နေကြောင်း ထင်ရှားစေကာ မာန်မာနထောင်လွှားခဲ့ကြ၏။

Verse 8 — Surah Nuh 71:8

ထို့နောက် ကျွန်တော်မျိုးသည် ဧကန်ပင် သူတို့အား ပွင့်ပွင့်လင်းလင်းနှင့်အလေးအနက် ဖိတ်ခေါ်လေ၏။

Verse 9 — Surah Nuh 71:9

ထို့နောက် ဧကန်စင်စစ်၊ ကျွန်တော်မျိုးသည် သူတို့အား လူသိရှင်ကြား ထုတ်ဖော်ကြေညာ၍လည်းကောင်း၊ သူတို့အား တိတ်တဆိတ် (သီးသန့်တွေ့ဆုံ၍) သိုသိုသိပ်သိပ်ဟောပြော၍လည်းကောင်း၊ ဖိတ်ခေါ်ခဲ့၏။

Verse 10 — Surah Nuh 71:10

ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် (သူတို့အား) “သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပန်ကြားလော့။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

Verse 11 — Surah Nuh 71:11

ထိုအရှင်မြတ်သည် သင်တို့အပေါ်ဝယ် မိုးကောင်းကင်အား (မိုးကောင်းစေမည့် တိမ်တိုက်များနှင့်အတူ) မိုးအလျှံပယ်ရွာသွန်းစေရန် စေလွှတ်တော်မူမည်။

Verse 12 — Surah Nuh 71:12

ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့အား ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများ (ချီးမြှင့်တော်မူခြင်းအား) ဖြင့်လည်း (စောင်မကူညီတော်မူလျက်) အားဖြည့်စေတော်မူမည်။ ထိုမျှသာမကသေး သင်တို့အတွက် သုခဥယျာဉ်များကိုပါ စီမံဖြစ်တည်စေတော်ပြီး (ယင်းသုခဥယျာဉ်များ၌) သင်တို့အတွက် (တသွင်သွင်စီးဆင်း မည့်) စိမ့်စမ်းရေကိုလည်း ဖြစ်ပေါ်စေတော်မူပေမည်။

Verse 13 — Surah Nuh 71:13

အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်မြင့်မြတ်မှုကို မယုံကြည်မမျှော်ကိုးနိုင်ရန် သင်တို့၌ မည်သည့်အကြောင်းရင်း (တလွဲယူဆချက်) ရှိနေသနည်း။

Verse 14 — Surah Nuh 71:14

ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် သင်တို့အား (ရုပ်ဆင်းသဏ္ဌာန်အမျိုးမျိုးနှင့်ဘာသာစကားအဖုံဖုံ ဖြစ်လာသည်အထိ) အဆင့်ဆင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

Verse 15 — Surah Nuh 71:15

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ဆက်ကို မည်သို့မည်ပုံ အထပ်ထပ်အလွှာလွှာ လိုက်ဖက် ညီစွာဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည်ကို သင်တို့ မတွေ့မြင် မဆင်ခြင် မလေ့လာကြသလော။

Verse 16 — Surah Nuh 71:16

ထို့ပြင် ထိုအရှင်မြတ်သည် ယင်း (မိုးကောင်းကင်များ) ၌ လကို လင်းရောင်ခြည် (အလင်းပြန်သည့်အရာ) အဖြစ် ဖြစ်စေတော်မူ၍ နေကိုမူ မီးအိမ် (မီးရှူးမီးတိုင်) အဖြစ် စီမံဖြစ်တည်စေတော်မူ၏။

Verse 17 — Surah Nuh 71:17

တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မြေကမ္ဘာမှ ပေါက်ပွားဖြစ်ထွန်းစေ၍ ရှင်သန်ကြီးထွားသော သစ်ပင်များကဲ့သို့ပင် ကြီးထွားစေတော်မူ၏။

Verse 18 — Surah Nuh 71:18

ထို့နောက် သင်တို့အား (အရှင့်စည်းမျဉ်းတော်နှင့်အညီ သေစေတော်မူလျက်) ယင်း (မြေကြီး) ထဲသို့ပင် ပြန်စေတော်မူ၍ သင်တို့အား ရှင်ပြန်ထသူအဖြစ် ပြန်လည် ထွက်လာစေတော်မူမည်။

Verse 19 — Surah Nuh 71:19

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အကျိုးအတွက် မြေကမ္ဘာကို ပြန့်ကား၍ ကျယ်ပြန့်သောအရာ (အခင်းအကျင်း) စီမံဖြစ်စေတော်မူ၏။

Verse 20 — Surah Nuh 71:20

သို့မှသာလျှင် သင်တို့သည် ယင်း (မြေကမ္ဘာ) ၌ သွားလာလှုပ်ရှားနိုင်ရန်အတွက် (တောင်များနှင့်တောင် ကြားတစ်လျှောက်အပါအဝင်) ကျယ်ကျယ်ဝန်းဝန်ရှိသော လမ်းကြောင်းများကို ဖြစ်စေတော်မူ၏။

Verse 21 — Surah Nuh 71:21

(တမန်တော်) နူးဟ်သည် (အရှင်မြတ်ဘက်သို့လှည့်၍) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ (ကျွန်ုပ်၏လူမျိုးဖြစ်သော) သူတို့သည် ကျွန်တော်မျိုးအား အာခံဖီဆန်၍ သူ့အား ဆုံးရှုံးနစ်နာစေခြင်းမှအပ သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများ၊ သားသမီးရတနာများ၊ ကြွယ်ဝချမ်းသာ တိုးပွားစေခြင်းကို မတတ်စွမ်းနိုင်သောသူကို နာခံလိုက်နာနေကြ၏။

Verse 22 — Surah Nuh 71:22

ထို့ပြင် ကျွန်ုပ်၏လူမျိုးတို့သည် (လူတို့အား ကျွန်ုပ်၏ဖိတ်ခေါ်မှုအား လက်မခံရန် ဟန့်တားနှောက်နိုင်မည့်) ဧရာမကြီးမားသော အကြံအစည်များကို ကြံစည်ခဲ့ကြ၏။

Verse 23 — Surah Nuh 71:23

ထို့ပြင် ကျွန်ုပ်၏လူမျိုးတို့သည် (လက်အောက်ငယ်သားများနှင့်နလပိန်းတုံးများအား) “သင်တို့သည် သင်တို့၏ကိုးကွယ်ရာ (ရုပ်ပွားဆင်းတု) များကို စွန့်ပယ်စွန့်လွှတ်ခြင်း အလျှင်း မပြလုပ်ကြလေနှင့်။ အထူးသဖြင့် ဝါးဒ္ဒ်၊ ဆုဝါးအ်၊ ယဂူးဆ်၊ ယအူးက်နှင့်နတ်စ်ရ် (စသော မိရိုးဖလာ ရုပ်ပွားဆင်းတုများကိုလည်း) စွန့်ပယ် စွန့်လွှတ်ခြင်း မပြုကြလေနှင့်။” ဟု တိုက်တွန်းပြောဆိုခဲ့ကြ၏။

Verse 24 — Surah Nuh 71:24

အမှန်စင်စစ်၊ သူတို့သည် မြောက်မြားစွာသောသူတို့အား လမ်းမှားရောက်စေခဲ့ကြပြီး ဖြစ်၏။ (သို့ ဖြစ်ပါ၍) ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၌ (သူတို့၏လုပ်ရပ်များကြောင့် မျှတထိုက်တန်သော ပြစ်ဒဏ်ကို ရရှိခံစားစေတော်မူရန် ပိုမို၍ ဝေးကွာသော) လမ်းမှားသို့ ရောက်စေခြင်းမှအပ အခြားမည်သည်ကိုမျှ တိုးပွားစေတော်မူမည် မဟုတ်ပေ။

Verse 25 — Surah Nuh 71:25

သူတို့သည် သူတို့၏ (ခွင့်မလွတ်နိုင်သော) ပြစ်မှုတို့ကြောင့်ပင် (လောကီဘဝတွင် ဆူနာမီရေကြီးမှု၌) နစ်မြှုပ်စေခြင်းခံခဲ့ကြရသည့်အပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်း ခံကြရမည်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) နှင့်ဆန့်ကျင်၍ သူတို့အ တွက် ကူညီစောင်မမည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျှင်း ရှာတွေ့ကြမည် မဟုတ်ပေ။

Verse 26 — Surah Nuh 71:26

ထို့ပြင် (တမန်တော်) နူးဟ်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် မြေကမ္ဘာပေါ်ဝယ် အခြေချနေထိုင်ကြသော မည်သည့် မယုံကြည် သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) ကိုမျှ (ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်) ချန်ထားတော်မမူပါနှင့်။” ဟု လျှောက်ထားပန်ကြားလေ၏။

Verse 27 — Surah Nuh 71:27

ဧကန်မလွဲ၊ အကယ်၍ အသင်အရှင်မြတ်သည် သူတို့အား (ထိုသို့ ဆက်လက်ရှင်သန်ခွင့် ပေးတော်မူလျက်) ချန်ထားတော်မူလျှင် သူတို့သည် အရှင်မြတ်၏အစေခံလူသားတို့အား လမ်းမှားရောက်စေကြမည်သာမက သူတို့သည် (အပျော်အပါး၌ အရှက်ကင်းစွာ မွေ့လျော်လျက် ယုတ်မာကောက်ကျစ်၍) အကျင့်စာရိတ္တ ဖောက်ပြန်ခြင်းနှင့် (မယုံကြည်သွေဖည်ငြင်းပယ်ခြင်းဖြင့်) လွန်စွာကျေးဇူးကန်းခြင်းမှအပ (အခြားမည်သည့် အကျိုးသက်ရောက်မှုကိုမျှ) ဖြစ်စေမည် မဟုတ်ပေ။

Verse 28 — Surah Nuh 71:28

အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်နှင့်ကျွန်ုပ်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျွန်တော်မျိုး၏အိမ်၌ သက်ဝင်ယုံကြည် သူအဖြစ် ဝင်ရောက်သောသူတို့အားလည်းကောင်း၊ ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးအပေါင်းတို့အား လည်းကောင်း၊ (အပြစ်တို့မှ) ခွင့်လွှတ်ချမ်း သာပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၌မူကား ပျက်စီးဆုံးရှုံးစေခြင်းမှအပ (အခြားမည်သည်ကိုမျှ) တိုးပွားစေတော်မမူပါနှင့်။