Back to Languages
Burmese - Chapter 77
Translation by Alin U Yin
Verse 1
(ငါအရှင်မြတ်သည်) ကောင်းမြတ်သော အကျိုးဆက်ဖြစ်စေတော်မူရန်အလို့ငှာ (တစ်ပါးပြီးတစ်ပါး ဆက်တိုက်) စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်း ခံရသောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။
Verse 2
တစ်ဖန် (ငါအရှင်မြတ်သည်) လေပြင်းမုန်တိုင်းပမာ အားမာန်အပြည့်နှင့်သွက်လက်လျှင်မြန်စွာ လှုပ်ရှား (လျက် ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူထား) သောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။
Verse 3
ထို့ပြင် (ငါအရှင်မြတ်သည် လူသားအားလုံးအတွက် အကျိုးရှိစေမည့် အရှင့်ဝဟီ) အမိန့်ထုတ်ပြန်ချက်တော်များကို လိပ်ခေါက်ပွေ့ပိုက်လျက် ပျံ့နှံ့စေသောသူများကို သက်သေထူတော်မူ၏။
Verse 4
တစ်ဖန် (ငါအရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်မှုနှင့်လမ်းမှားမှုကို ကြည်လင်ပြတ်သားစွာ) ခွဲခြားသိ မြင်စေသော မှတ်ကျောက်အား သက်သေထူတော်မူ၏။
Verse 5
ထို့ပြင် (ငါအရှင်မြတ်သည် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော သတိပေးတရားပါဝင်သည့်) အရှင့်အမိန့်တော်များအား ယူဆောင်ချမှတ်ပေးအပ်သောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။
Verse 6
(ယင်းတို့အနက်မှ အချို့အား) ခွင့်လွတ်မှုကို ပန်ကြားတောင်းခံနိုင်သည့်အကြောင်းရင်း ဖြစ်စေရန် သို့တည်းမဟုတ် (အချို့ကိုမူကား) သတိပေးနှိုးဆော်ရန်အလို့ငှာပင် ဖြစ်၏။
Verse 7
ဧကန်မလွဲ၊ သင်တို့အား ကတိထားတော်မူသောအရာများသည် အမှန်ပင် ဖြစ်ပျက်လာရန် သတ်မှတ်ပြဌာန်းထားတော်မူ၏။
Verse 8
ကြယ်နက္ခတ်တာရာတို့ (၏အလင်းရောင်) သည် မှေးမှိန်ကွယ်ပျောက်စေတော်မူသောအခါ။
Verse 9
ထို့ပြင် မိုးကောင်းကင်သည် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲခြင်းခံရသည့်အခါ။
Verse 10
ထို့ပြင် တောင်များသည် မြေလှန်ပစ်ခံကြရ (ပြီးလျှင် မြေမှုန့်များပမာ လေထဲ၌ လွင့်ပါးသွား) သည့်အခါ။
Verse 11
ထို့ပြင် အရှင့်အမှုတော်ဆောင် ရစူလ်တမန်တော်များသည် (သူတို့၏လူမျိုးများနှင့်ဆန့်ကျင်၍ သက်သေ ထွက်ဆိုကြရန်) သတ်မှတ်ချိန်းဆိုထားသောအချိန်၌ စုရုံးစေတော်မူခြင်း ခံကြရသောအခါ။
Verse 12
(အမှားနှင့်အမှန်၊ တရားမှန်အတိုင်းဘဝဆောက်တည်သူနှင့်လမ်းမှားရောက်သူတို့ကို ကွဲပြားစွာ ဆန်ခါတင် ရွေးချယ်၍ တရားစီရင်ဆုံဖြတ်ရန် မဟုတ်ဘဲ အခြား) မည်သည့် (အရေးကိစ္စ) အတွက် ထိုနေ့ကာလကို သတ်မှတ်ထားတော်မူမည်နည်း။
Verse 13
ယင်းစီရင်ဆုံးဖြတ်မည့်နေ့သည် (လောကီဘဝ၌ လူတိုက မည်သို့ယုံကြည်၍ မည်သည့်ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို) ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်စေရန် အတွက်ပင် ဖြစ်၏။
Verse 14
(အို၊ ရစူလ်တမန်တော်) ၊ ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စီစစ်လျက် စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိသလော။
Verse 15
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ် ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 16
ငါအရှင်မြတ်သည် ရှေးခေတ် (၌ အရှင်မြတ်အား အာခံဖီဆန်၍ ငြင်းပယ်ကြသော) လူမျိုးတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။
Verse 17
ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် (ရှေးခေတ်လူမျိုးတို့၏နောက်တွင် ပေါ်လာခဲ့သော) အခြားမျိုး ဆက်များသည်လည်း (အလားတူ ငြင်းပယ်ခဲ့ခြင်းကြောင့်) သူတို့နောက်လိုက်စေတော်မူခဲ့၏။
Verse 18
ငါအရှင်မြတ်သည် (မယုံကြည်သော) ရာဇဝတ်မှုကျူးလွန်သူတို့နှင့်ပတ်သက်၍ ထိုနည်းအတိုင်းပင် ကိုင်တွယ်ဖြေရှင်းတော်မူခဲ့၏။
Verse 19
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 20
ငါအရှင်မြတ်သည် သင်တို့အား (လူသား၏မျိုးဆက်မျိုးပွားမှုဖြစ်စဉ်အရ ညှစ်ထုတ်ထားသော) နှိမ့်ချဖွယ်ရာ အညတရ မျိုးစေ့ရည်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည် မဟုတ်လော။ (သို့ပါလျက် သင်တို့သည် အဘယ်ကြောင့် ထိုအရှင်မြတ်ကို ငြင်းပယ်ရဲကြသနည်း။)
Verse 21
တစ်ဖန် ငါအရှင်မြတ်သည် ယင်း (အညတရ မျိုးစေ့ရည်) ကို တည်ငြိမ်၍ လုံခြုံစိတ်ချရသော နေရာ၌ ထားရှိတော်မူ၏။
Verse 22
(ပဋိသန္ဒေတည်ရှိနေချိန်ကာလကို လူသားတို့အား) သိစေတော်မူလျက် ကြိုတင်ပြဌာန်းသတ်မှတ်ပြီးသော အချိန်ကာလအထိ။
Verse 23
ထိုသို့ပင် ငါအရှင်မြတ်သည် (သင်တို့၏အသက်ရှင် ရပ်တည်မှုနှင့်ဆက်နွယ်နေသော အရာဟူသမျှကို) စနစ်တကျ တွက်ချက်တိုင်းတာ၍ စီမံသတ်မှတ်လျက် ဖြစ်စေတော်မူရာ (ငါအရှင်မြတ်သည်) အဘယ်မျှ ကောင်းမြတ်သောစနစ်ဖြင့် တွက်ချက်တိုင်းတာ၍ စီမံသတ်မှတ်လျက် ဖြစ်စေတော်သောအရှင် ဖြစ်တော်မူ (ပြီး သင်တို့အား ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူ) သနည်း။
Verse 24
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ် ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 25
ငါအရှင်မြတ်သည် မြေကမ္ဘာအား (သက်ရှိသက်မဲ့များ၏မှီခိုစရာနှင့်သက်ရှိတို့၏လိုအပ်ချက်များကို) စုဆောင်း ထားသိုစရာအဖြစ် စီမံဖြစ်စေတော်မူသည် မဟုတ်လော။
Verse 26
(ထိုသို့ စီမံဖြစ်စေတော်မူခြင်းသည်) သက်ရှိ၊ သက်မဲ့အားလုံးအတွက်ပင် ဖြစ်၏။
Verse 27
ထို့ပြင် ငါအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) ၌ အရေးပါမှုနှင့်အမြင့်အားဖြင့် မြင့်မားသောတောင်များကို စနစ်တကျ အခိုင်အမာ မြဲမြံစွာ တည်ရှိစေတော်မူပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား (ယင်းတောင်များမှ ပန်းထွက်သည့် သောက်သုံးစရာ) ရေချိုရေသန့်ကို တိုက်ကျွေးတော်မူ၏။
Verse 28
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြ သောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 29
(ထိုသို့ ကျေးဇူးတော်များကို ချီးမြှင့်ပေးအပ်တော်မူသော်လည်း) သင်တို့သည် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်လျက် ယင်း၏အကျိုးဆက်ရှိရာ (ငရဲမီး) ဘက်သို့ ဆက်လက်ရှေ့တိုး လျှောက်သွားကြမည်လော။
Verse 30
(ထိုသို့ဖြင့်) သင်တို့သည် (မီးခိုးနက်များ တက်နေသော) အရိပ်အာဝါသအောက် အကိုင်း (ကော်လံ) သုံးခု ရှိရာဘက်သို့ ဆက်လက်ရှေ့တိုး လျှောက်သွားကြမည်လော။
Verse 31
(ယင်းအရိပ်အာဝါသသည် အေးမြသက်သာစေသော) အရိပ်လည်း ဖြစ်မည်မဟုတ်သည့်အပြင် ချစ်ချစ်တောက်ပူလောင်သော မီးတောက်မီးလျှံမှ (အကာအကွယ်ရရန်) အရာရောက် အသုံးဝင်လိမ့်မည်လည်း မဟုတ်ပေ။
Verse 32
ဧကန်ပင်၊ ယင်း (ငရဲမီး) သည် ရဲတိုက်ပမာဖြစ်သော မီးပွင့်မီးပွားများကို လွှင့်ပစ်စေလိမ့်မည်။
Verse 33
ယင်း (မီးပွင့်မီးပွားများ) သည် အဝါရောင်သန်းသော ကုလားအုတ်များကဲ့သို့ (ဖြန့်ကြဲလျက်) ရှိကြပေမည်။
Verse 34
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 35
ဤနေ့သည် (ထိုမယုံကြည် ငြင်းပယ်ကြသော) သူတို့က စကားပြောဆို ဖွင့်ဟခွင့်ရကြမည် မဟုတ်သော နေ့ကာလပင် ဖြစ်၏။
Verse 36
သူတို့သည် သူတို့အတွက် ဆင်ခြေအကြောင်းပြချက်များကိုလည်း တင်ပြခွင့်ရကြလိမ့်မည် မဟုတ်ပေ။
Verse 37
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 38
ဤသည်ပင် (လောကီဘဝ၌ လူ့တိုက မည်သို့ ယုံကြည်၍ မည်သည့် ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို) ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်လျက် ဆုံးဖြတ်မည့်နေ့ပင် ဖြစ်၏။ (ထို့နေ့တွင်) ငါအရှင်မြတ်သည် သင်တို့နှင့် (သင်တို့အလျင် လွန်လေခဲ့ပြီဖြစ်သော) ရှေးခေတ် လူ့အသိုင်းအဝိုင်းများကိုပါ စုရုံးစေတော်မူလိမ့်မည်။
Verse 39
သို့ဖြစ်ပေရာ အကယ်၍ သင်တို့အတွက် (အရှင်မြတ်၏ပြစ်ဒဏ်များမှ သင်တို့ကိုယ်သင်တို့ ကာကွယ်နိုင်မည့်) အကြံအစည် တစ်စုံတစ်ရာရှိခဲ့လျှင်လည်း (ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ (သင်တို့၏) ကြံစည်မှုကို အသုံးပြုကြလော့။
Verse 40
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသော သူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 41
ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသောသူတော်စင်) တို့သည်ကား အရိပ်အာဝါသများ၌လည်းကောင်း၊ စိမ့်စမ်းရေများ၌လည်းကောင်း၊ ရှိကြလိမ့်မည်။
Verse 42
ထို့ပြင် (သူတို့အတွက်) သူတိုအာသာဆန္ဒရှိကြသော သစ်သီးဝလံမျိုးစုံလည်း ရှိနေကြပေမည်။
Verse 43
(သူတို့အား) သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့ကြသည်နှင့်အညီ (ဆုလဒ်အဖြစ် ချီးမြှင့်တော်မူသမျှကို စိတ်နှလုံး) အားရကျေနပ်စွာဖြင့် စားကြ၊ သောက်ကြလော့” (ဟု တိုက်တွန်းပြောဆိုကြလိမ့်မည်။)
Verse 44
ဧကန်ပင်၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။
Verse 45
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ် ကြ သောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 46
သင်တို့သည် (လောကီဘဝ၏စည်းစိမ်များမှ) အနည်းငယ်မျှကိုသာ (ခေတ္တခဏ) စားသုံးကြပြီး (လောကီ အကျိုးခံစားမှုများဖြင့်) သာယာကြည်နူးကြလော့။ အကြောင်းမှာ ဧကန်ပင်၊ သင်တို့သည် ပြစ်မှုများစွာကို စုပုံကျူးလွန်သော ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်သောကြောင့်တည်း။
Verse 47
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 48
စင်စစ်သော်ကား သူတို့အား ''သင်တို့သည် (ထိုအရှင်မြတ်ကို ကျိုးနွံစွာ နာခံကိုးကွယ်လျက်) ဦးညွှတ်ကြလော့။'' ဟု ပြောသောအခါ သူတို့သည် ဦးညွှတ်ကြသည် မဟုတ်ပေ။
Verse 49
ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။
Verse 50
သို့ဖြစ်ပေရာ သင်တို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်ကို ချမှတ်ပေးအပ်တော်မူပြီး) နောက်တွင် အခြား မည်သည့် စကား (အချက်အလက်နှင့်ထုတ်ပြန်ချက်များ) ကို ယုံကြည်ကြမည်နည်း။