Back to Languages

    Burmese - Chapter 89

    Translation by Alin U Yin

    Verse 1

    (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။

    Verse 2

    ထို့ပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညကို သက်သေထူတော်မူ၏။

    Verse 3

    ထို့ပြင် (ငါအရှင်မြတ်သည်) စုံဂဏန်းနှင့်မဂဏန်းကို သက်သေထူတော်မူ၏။

    Verse 4

    ထို့ပြင် (ငါအရှင်မြတ်သည် အာရုံတက်ချိန်ဘက်သို့ လွယ်ကူစွာ လည်ပတ်လျက်) ကျော်ဖြတ်သောညကို သက်သေထူတော်မူ၏။

    Verse 5

    (အရှင်မြတ်က) ထိုသို့ အလေးအနက် တိုင်တည်၍ သက်သေတော်မူခြင်း၌ (မကောင်းမှုများမှ ရှောင်၍ အမှန်တရားဘက်သို့ လမ်းညွှန်ခြင်းခံရန်အလို့ငှာ) ဆင်ခြင်တုံတရားချီးမြှင့်တော်မူခြင်းခံရသူတို့အတွက် အလေးအနက် စဥ်းစားဆင်ခြင်စရာ (သက်သေအထောက်အထားများ) ရှိ၏။

    Verse 6

    (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အားဒ်လူမျိုးတို့အား မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို အသင် စဥ်းစားတွေ့မြင် ဆင်ခြင်သုံးသပ်ခြင်၊း မပြုလေသလော။

    Verse 7

    (ကြီးကျယ်ခံ့ညားသော မော်ကွင်းဝင်) ကျောက်တိုင်ပါအဆောက်အဦးများစွာကို ပိုင်ဆိုင်ခဲ့သည့် ""အိရမ"" လူမျိုးတို့အားလည်းကောင်း။

    Verse 8

    (ကမ္ဘာပေါ်ရှိ) မြို့ရွာဒေသများ၌ မည်သည့်အခါမျှ မည်သည့်အရာကိုမျှ မဖန်တီးမပြုလုပ်ခဲ့ (ဘဲ ခေါင်းထောင်ခွင့် မရ) သူ ကဲ့သို့ပင် (ဖြစ်သွားလေ၏။)

    Verse 9

    (နေထိုင်ရာအိမ်များ ပြုလုပ်ရန်) တောင်ကြားများတစ်လျှောက်တွင် ကျောက်ဆောင်များကို ခုတ်ဖြတ် ဖောက်ထွင်းခဲ့ကြသော ဆမူးဒ်လူမျိုးများကိုလည်းကောင်း။

    Verse 10

    အထင်ကြီးရလောက်အောင် ခံ့ညားခိုင်ခံ့သော အမာခံရဲတိုက်များ (ပိရမစ်များ) ကို ပိုင်ရှင်ခဲ့ကြသော ဖာရိုမင်းဆက်များကိုလည်းကောင်း။

    Verse 11

    (သူတို့နေထိုင်ရာ) မြို့ရွာတိုင်းပြည်ဒေသများတွင် (အရှင်မြတ်က ပြဌာန်းတော်မူသည့် စည်းဘောင်များကို ချိုးဖောက်ကျူးလွန်၍) ဆူပူသောင်းကျန်းသူအားလုံးကိုလည်းကောင်း။

    Verse 12

    ထို့နောက် သူတို့သည် ယင်း (မြို့ရွာတိုင်းပြည်ဒေသများ) တွင် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုမျိုးစုံကို တိုးပွားများပြားစေခဲ့ကြလေ၏။

    Verse 13

    သို့ဖြစ်ပေရာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အပေါ်၌ (ပုံစံအမျိုးမျိုးရှိသော) ပြစ်ဒဏ်ဆိုင်ရာကပ်ဘေးကို လွှတ်ပေးတော်မူ (လျက် ခံစားစေတော်မူ) ခဲ့၏။

    Verse 14

    ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (လူသားတို့အား ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်တော်မူပြီး စမ်းသပ်တော်မူလျက် သူတို့အပေါ်) အမှန်ပင် အစဥ်အမြဲ သတိထား စောင့်ကြည့်နေတော်မူသောအရှင်မြတ်သာ ဖြစ်တော်မူ၏။

    Verse 15

    သို့ဖြစ်သော်ငြားလည်း လူသားသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သူ့ကို စမ်းသပ်တော်မူသည့်အနေဖြင့် ရက်ရောစွာ ချီးမြှင့်တော်မူပြီး အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်တော်မူသောအခါ သူတို့က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်အပေါ် ရက်ရောစွာ ချီးမြှင့်ပေးအပ်၍ ဂုဏ်ပေးတော်မူ၏။” ဟု ပြောဆိုလေ့ရှိကြ၏။

    Verse 16

    သို့ရာတွင် ထိုအရှင်မြတ်သည် သူ့အား စမ်းသပ်တော်မူသည့်အနေဖြင့် သူ့အပေါ်၌တွင် ရိက္ခာနှင့် အထောက်အပံ့များကို တိုင်းတာသတ်မှတ်၍ ကျပ်တည်းစေလျက် ချီးမြှင့်အပ်နှံတော်မူသည့်အခါတိုင်း သူတို့က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်အား အရှက်ရစေလျက် ဂုဏ်အသရေဖျက်စေတော်မူ၏။” ဟု ပြောဆိုလေ့ရှိကြ၏။

    Verse 17

    (သင်တို့ထင်မြင်ယူဆသကဲ့သို့ အလျှင်း မဟုတ်ကြောင်း) သတိထားကြလော့။ အမှန်စင်စစ်၊ (အို၊ လူသား တို့) သင်တို့သည် မိဘမဲ့များအား ကြင်နာစွာနှင့်ရက်ရောစွာ ပေးကမ်းခြင်းဖြင့် ဂုဏ်ပေးကြသည် မဟုတ်ပေ။

    Verse 18

    ထို့ပြင် သင်တို့သည် ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူတို့အား ကျွေးမွေးကြရန် အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။

    Verse 19

    ထို့ပြင် သင်တို့သည် (တရားဝင်ခွင့်ပြုထားတော်မူသောအရာနှင့်တားမြစ်ထားတော်မူသောအရာကို မခွဲခြားစေဘဲ သူတစ်ပါး၏ပိုင်ဆိုင်မှုများကို လောဘတကြီး) အမွေပစ္စည်းများအဖြစ် သိမ်းကျုံး၊ စားသုံးကြ၏။

    Verse 20

    ထို့ပြင် သင်တို့သည် ဥစ္စာဓနပိုင်ဆိုင်မှုများကို ရသမျှသိမ်းဆည်းသိုမှီးလိုသောစိတ်ဇောဖြင့် အငတ်မရ မြတ်နိုးတွယ်တာလျက် အလွန်အမင်း နှစ်သက်မြတ်နိုးကြလေ၏။

    Verse 21

    (သင်တို့ထင်မြင်ယူဆသကဲ့သို့ အလျှင်း မက်မောသိုမှီးနိုင်မည် မဟုတ်ကြောင်း) သတိထားကြလော့။ (စင်စစ်မူကား) မြေကမ္ဘာသည် မြေမှုန့်ဖြစ်သည်အထိ တဒုန်းဒုန်းထုထောင်းလျက် (ညက်ညက်ကြေအောင်) ထုထောင်းခြင်းခံရသောအခါ။

    Verse 22

    ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အရှင့်တန်ခိုးတော်နှင့်ခံ့ညားထည်ဝါမှုဆိုင်ရာ ကန့်လန့်ကာကို ဖယ်ရှားတော်မူ၍) ကြွရောက်လာတော်မူပြီး မလာ အီကာကောင်းကင်စေတမန်တို့သည် ရာထူးအဆင့်အတန်းအလိုက် စီတန်းလျက် (လာကြသောအခါ။)

    Verse 23

    ထို့ပြင် ထိုနေ့တွင် ငရဲဘုံသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းခံရသောအခါ၊ ထိုနေ့တွင် လူသားသည် (အရှင်မြတ်က သူ့အား မည်သို့ ရက်ရောစွာ ချီးမြှင့်တော်မူပြီး သူက မည်သို့ ကျေးဇူးကန်းစွာ တုံ့ပြန်ခဲ့ကြခြင်းကို) သတိရ တသ၍ အသိတရားရလျက် သိနားလည်လာလိမ့်မည်။ သို့ရာတွင် (ထိုအခါ) အသိတရားရလျက် သိနားလည်ခြင်းသည် မည်သို့ သူ့အတွက် အသုံးဝင် အကျိုးရှိစေနိုင်မည်နည်း။

    Verse 24

    (ထိုစဉ်) လူသားသည် “သြော်၊ ကျွန်ုပ်သည် (လောကီဘဝသက်တမ်း၌ ကောင်းမှုကုသိုလ်အချို့ကို ပြုလုပ်၍ နောင်တမလွန်၌ ထာဝရ) ရှင်သန်နိုင်ရေးအတွက် ကြိုတင်ပို့နှင့်ခဲ့မိလျှင် ကောင်းလေစွ။” ဟု ညည်း ညူပြောဆိုလိမ့်မည်။

    Verse 25

    သို့ဖြစ်ပေရာ ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်စီရင်ခြင်းမျိုးကဲ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ်စီရင်နိုင်လိမ့်မည်မဟုတ်ပေ။

    Verse 26

    ထိုနည်းတူစွာ ထိုအရှင်မြတ်က (အရှင့်ဥပဒေတော်နှင်အညီ စီရင်တော်မူရန်) ချုပ်နှောင်တော်မူသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှပင် ချုပ်နှောင်နိုင်လိမ့်မည် မဟုတ်ပေ။

    Verse 27

    (သို့သော်လည်း ဖြောင့်မှတ်မှန်ကန် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျက် ယုံကြည်မှု သစ္စာတရား၊ အရှင့်အမိန့်တော်များနှင့်အရှင့်ချီးမြှင့်မှုများအပေါ် တင်းတိမ်ရောင့်ရဲ၍ အရှင့်စည်းမျဥ်းတော်နှင့် အညီ အသုံးချခံရသော) အို၊ တည်ငြိမ်အေးချမ်းသည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်။

    Verse 28

    အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် (အရှင်မြတ်နှင့်အရှင့်ချီးမြှင့်မှုများကြောင့်) အားရကျေနပ်စွာဖြင့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကိုရယူသူအဖြစ် ပြန်သွားလော့။

    Verse 29

    သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်၏အစေခံများအနက်မှ အပါအဝင်ဖြစ်လျက် (တင်းတိမ်ရောင့်ရဲမှု အပြည့်ရှိသော နာခံသူဖြစ်လာရန် အစ္စလာမ့်စည်းဘောင်သို့) ဝင်ရောက်လော့။

    Verse 30

    ထို့ပြင် အသင်သည် ငါအရှင်မြတ်၏သုခဘုံဥယျာဉ်ထဲသို့ ဝင်ရောက် (စံမြန်း) လော့။