Back to Languages

    Burmese - Chapter 91

    Translation by Alin U Yin

    Verse 1

    (ငါအရှင်မြတ်သည်) နေကိုလည်းကောင်း၊ နေ၏အလင်းရောင်တော်ပမှု (အပူရှိန်မြင့်မားတောက်ပလာ) ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

    Verse 2

    ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) ၏နောက်ကို လိုက်သော (ယင်း၏အလင်းပြန်သော) လစန္ဒာကို သက်သေထူတော်မူ၏။

    Verse 3

    ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) အား မြင်သာထင်ရှားစေသော နေ့ကို သက်သေထူတော်မူ၏။

    Verse 4

    ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) အား အမှောင်ထုဖြင့် ဖုံးအုပ်လွှမ်းစေသော ညကို သက်သေထူတော်မူ၏။

    Verse 5

    ထို့ပြင် (ငါအရှင်မြတ်သည် အရှင့်ခံ့ညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက်) ဖွဲ့စည်းဆောက်လုပ်ထားတော်မူသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

    Verse 6

    ထို့ပြင် (ငါအရှင်မြတ်သည် အရှင့်ခံ့ညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက်) ဖြန့်ခင်းကျယ်ပြန့်စေတော်သော မြေကမ္ဘာကို သက်သေထူတော်မူ၏။

    Verse 7

    ထို့ပြင် (ငါအရှင်မြတ်သည် ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောအရှင်၊ တန်ခိုးတော်အလုံးစုံကို ပိုင်ဆိုင် တော်မူသောအရှင်၊ အမြော်အမြင်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ စသည့် ဂုဏ်တော်များကို ထင်ရှားစေတော်မူလျက်) အချိုးအဆ မျှတလိုက်ဖက်စွာ ဖြစ်စေတော်မူသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော် အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) သက်သေထူတော်မူ၏။

    Verse 8

    ထိုသို့ (နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်း ရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်ကို) ဖြစ်စေတော်မူခြင်းဖြင့် ထိုအရှင်မြတ်သည် ယင်း (နဖ်စ်) ၌ အမှန်တရားလမ်းစဥ်မှ ရှောင်ကြဥ်၍ ပျက်စီးဆုတ်ယုတ်ခြင်း လမ်းစဥ်သို့ သွားနိုင်သည့်အခွင့်အရေး (အသိစိတ်) ဖြင့်လည်းကောင်း၊ သက္ကဝါ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးနိုင်သည့်) အခွင့်အရေး (အသိစိတ်) ဖြင့်လည်းကောင်း၊ စေ့ဆော်လှုံ့ဆော်စေတော်မူ၏။

    Verse 9

    ဧကန်စင်စစ်၊ မည်သူမဆို (သူ့ နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်၌ ရှိနေသောအခွင့်အရေးနှင့်လွတ်လပ် စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အရှင်မြတ်အား အာခံဖီဆန်စေသောအရာအတွက် အသုံးမချဘဲ သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းစေသောသူသည် ပေါက်မြောက်အောင်မြင်ခဲ့လေပြီ ဖြစ်၏။

    Verse 10

    သို့ရာတွင် မည်သူမဆို (သူ့ နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ် ၌ ရှိနေသော အခွင့်အရေးနှင့်လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အရှင်မြတ်အား အာခံဖီဆန်စေသောအရာအတွက် အသုံးချလျက် သူ့ကိုယ်သူ) မစင်ကြယ်မသန့်ရှင်းသည့် အကျက်ပျက်ဖောက်ပြန်မှု၌ နစ်မြုပ်စေသောသူသည် ပျက်စီးဆုံးရှုံးခဲ့ လေပြီ။

    Verse 11

    ဆမူးဒ်လူမျိုးတို့သည် သူတို့၏မောက်မာသော အာခံဖီဆန်မှုများဖြင့် (အရှင့်အမိန့်တော်များနှင့်တမန်တော်များကို) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။

    Verse 12

    (အထူးသဖြင့် နောက်ဆုံးတွင်) သူတို့အနက်မှ အကောက်ကျစ်၊ အစဥ်းလဲဆုံး အယုတ်မာဆုံးသောသူသည် (ယင်းလူမျိုးအား ဦးဆောင်လှုံ့ဆော်လျက် တစ်ဟုန်ထိုး ရှေ့ဆက်သွားလေသောအခါ။)

    Verse 13

    ထိုစဉ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွာလစ်ဟ်) က သူတို့အား (သူတို့၏ကတိကဝတ် ဖြစ်သော ထိုကုလားအုတ်မကို မည်သည့်အခါမျှ သတ်ဖြတ်မည် မဟုတ်ဟူသည်ကို အကြိမ်ကြိမ် သတိပေးလျက်) “သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထိုကုလားအုတ်မကို ယင်း၏အလှည့်ကျသည့်အခါ ရေသောက်ခွင့် ပေးကြလော့။ (ယင်းကို မထိခိုက်စေနှင့်။)” ဟု သတိပေးတိုက်တွန်းခဲ့လေ၏။

    Verse 14

    သို့ရာတွင် သူတို့သည် (အလ္လာဟ်အရှင်မြတ်၏) ရစူလ်တမန်တော်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီးနောက် အရှင့်ကုလားအုတ်မ၏တံကောက်ကြောကို ဖြတ်တောက်၍ သတ်ဖြတ် ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့၏အပေါ်၌ သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် အားလုံးကို (မြေမျက်နှာပြင်တွင်) တစ်ပြေးညီ ဖြစ်စေသော ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။

    Verse 15

    စင်စစ် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ တန်ခိုးအာနုဘော်အလုံးစုံကို ပိုင်ဆိုင်တော် မူသောအရှင်၊ တရားမျှတမှုဟူသမျှအား ဖြစ်စေတော်မူသောအရှင်ဖြစ်တော်မူသည့်) ထိုအရှင်မြတ်သည် ယင်း (ဖြစ်ရပ်) ၏ အကျိုးဆက်အတွက် စိုးရိမ်ကြောင့်ကြတော်မူသည် မဟုတ်ပေ။

    Unexpected Application Error!

    Unexpected token '<', "<!DOCTYPE "... is not valid JSON

    SyntaxError: Unexpected token '<', "<!DOCTYPE "... is not valid JSON