Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 93 - Ad-Duhaa
Translation by Alin U Yin — Permalink
Verse 1 — Surah Ad-Duhaa 93:1
(ငါအရှင်မြတ်သည်) သာယာလှပသောနေတက်ချိန် (နေ၏တောက်ပသောအလင်းရောင်) ကို သက်သေထူတော်မူ၏။
Verse 2 — Surah Ad-Duhaa 93:2
ထို့ပြင် (ငါအရှင်မြတ်သည်) အမှောင်ထုလွှမ်းလျက် ငြိမ်သက်စေသော ညကို သက်သေထူတော်မူ၏။
Verse 3 — Surah Ad-Duhaa 93:3
အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်ကို ပစ်ပယ်ထားတော်မူသည်မဟုတ်သည့်အပြင် (အသင့်အား အရေးမစိုက်စရာ) မကျေနပ်မနှစ်သက်စရာအကြောင်းလည်း ရှိတော်မမူပေ။
Verse 4 — Surah Ad-Duhaa 93:4
ဧကန်စင်စစ်၊ အသင့်အတွက် လွန်လေပြီးသောအရာ (လောကီဘဝ) ထက် နောက်လာမည့်အရာ (တမလွန်ဘဝ) က ပိုမိုလယ်ကူ၍ သာလွန်ကောင်းမြတ်လှ၏။
Verse 5 — Surah Ad-Duhaa 93:5
ထို့ပြင် မကြာမီ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်အား (ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးမှုကို တစ်ခုပြီးတစ်ခု ဆက်တိုက်) ချီးမြှင့်ပေးအပ်တော်မူမည်ဖြစ်ရာ အသင်သည် အားရကျေနပ်လျက် တင်းတိမ်ရောင့်ရဲလိမ့်မည်။
Verse 6 — Surah Ad-Duhaa 93:6
ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူ၍ ခိုကိုးရာ ပေးတော်မူခဲ့သည် မဟုတ်လော။
Verse 7 — Surah Ad-Duhaa 93:7
ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား (အမှန်တရားအတွက် ခြေဦးတည်ရာ သွားလျက်) လမ်းမပေါက်နိုင်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ (အသင့်ကို တမန်တော်အဖြစ်ရွေးချယ်တော်မူလျက်) လမ်းညွှန်တော်မူခဲ့၏။
Verse 8 — Surah Ad-Duhaa 93:8
ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား လိုအပ်ချက်ရှိသူအဖြစ်တွေ့ရှိတော်မူခဲ့ရာ သင့်အတွက် ဖူလှုံပြည့်စုံမှု ဖြစ်စေတော်မူခဲ့၏။
Verse 9 — Surah Ad-Duhaa 93:9
သို့ဖြစ်ပေရာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် မိဘမဲ့များအား ချုပ်ချယ်ကြမ်းတမ်းစွာ ဆက်ဆံခြင်း (ကြိမ်းမောင်းခြင်း) မပြုလေနှင့်။
Verse 10 — Surah Ad-Duhaa 93:10
ထိုနည်းတူစွာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသနားခံတောင်းခံသူတို့အား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုလေနှင့်။
Verse 11 — Surah Ad-Duhaa 93:11
ထို့ပြင် (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းကို ထုတ်ဖေါ်ပြောကြားလော့။