Back to Languages

Burmese - Chapter 13 - Ar-Rad

Translation by Ba Sein — Permalink

Verse 1 — Surah Ar-Rad 13:1

၁။ အလီ(ဖ်)၊လမ်၊မြီ(မ်)၊ရာ၊ ဤဂါထာတော်များသည် ကုရ်အာန်ကျမ်းတော်၏ ဂါထာတော်များဖြစ်၏။ တမန်တော် သင့်ထံသို့ သင်၏ အရှင်သခင်အထံတော်မှ ကျရောက်လာသောကျမ်းတော်သည် တရားတော်အစစ်အမှန်ဖြစ်၏။ သို့သော်လူသားတို့အနက် များပြားလှစွာသောသူတို့သည် မယုံကြည်ကြချေ။

Verse 2 — Surah Ar-Rad 13:2

၂။ အလ္လာဟ်အရှင်မြတ်သည် မိုဃ်းကောင်ကင်ဘုံများကို တိုင်မထူပဲ မြင့်စွာတည်ထာတော်မူ၏။ ထို့နောက်ရာဇပလ္လင် ပေါ်သို့ တက်တော်မူ၏။ နေနှင့်လယတို့သည် ပိုင်းခြားသတ်မှတ်ထားတော်မူသောအချိန်ကာလအတိုင်း လှည့်ပတ် သွားလာဝင်ထွက်ကြရ၏။ အရှင်မြတ်သည် သူတို့သွားလာဖို့ရာလမ်းကို သတ်မှတ်ပေးထားတော်မူ၏။ သင်တို့ သည် သင်တို့၏ အရှင်သခင်အား ဒိဋ္ဌဖူးမြှော်ရမည်ကို ယုံကြည်ကောင်းယုံကြည်ဖို့ရာ ကုရ်အာန်ကျမ်းတော်ကို အသေးစိတ်စုံလင်စွာချပေးသနားတော်မူ၏။

Verse 3 — Surah Ar-Rad 13:3

၃။ တဖန် အလ္လာဟ်အရှင်မြတ်သည် မဟာပထဝီမြေကြီးကို ဖြန့်ခင်း၍လည်းကောင်း၊ မြေပေါ်၌ တောတောင်မြစ် ချောင်းစသည်တို့ကို ဖန်ဆင်းထားတော်မူ၏။ ထိုမြေပေါ်တွင် အသီးအနှံများ၊ ဖို-မစုံတွဲ စုံတွဲစီစီရင်ထားတော်မူ၏။ အရှင်မြတ်သည် ညဉ့်ကို နေ့အားဖြင့် ဖုံးလွှမ်းထားတော်မူ၏။ မှတ်သားကြလော့။ ဤအချင်းအရာများတွင် စဉ်းစားတတ်သူတို့အဖို့အရာ သက်သေသာဓကတော်များပါရှိ၏။

Verse 4 — Surah Ar-Rad 13:4

၄။ ထို့အပြင် ကမ္ဘာမြေပေါ်ဝယ် ဆက်စပ်နေသောနယ်မြေများ၊ စပျစ်ဥယျာဉ်များ၊ ထွန်ယက်သောလယ်မြေများ၊ စွန်ပလွံပင်များရှိကြ၏။ ထိုသစ်ပင်တို့သည် အမျိုးတူ၊အမျိုးခြားတို့ဖြစ်ကြ၏။ ထိုမြေသစ်ပင်တို့ကို ရေတစ်မျိုး တည်းဖြင့် ဆွတ်ဖျန်းတော်မူ၏။ ထို့အပြင်ငါအရှင်မြတ်သည် ၎င်းသစ်သီးများအနက် အသီးအချို့ကို အသီးအချို့ ထက် အနံ့အရသာပိုမိုကောင်းမွန်စေတော်မူ၏။ မှတ်သားကြလော့။ ဤအကြောင်းအရာများတွင် စဉ်းစားဉာာဏ် ရှိသူတို့အဖို့ သက်သေသာဓကတော်များပါရှိ၏။

Verse 5 — Surah Ar-Rad 13:5

၅။ တမန်တော်၊ သင်သည် အ့ံသြလျှင်၊ သူတို့၏ ပြောဆိုချက်သည် သာ၍ အ့ံသြစရာဖြစ်၏။ သူတို့က အကျွနု်ပ်သည် မြေမှုန့်အတိဖြစ်ပြီးနောက် ပြန်ရှင်ကြရမည်လောဟု ဆိုကြ၏ ထိုသူတို့သည် မိမိတို့၏ အရှင်သခင်အား မယုံကြည်သူတို့ဖြစ်ကြ၏။ သူတို့၏ လည်ပင်း၌ သံကွင်းတပ်စွပ်ထား၏။ သူတို့သည် ငရဲကို တရားသဖြင့်ပိုင်ဆိုင် သူဖြစ်ကြ၏။ သူတို့သည် ငရဲတွင် နေထိုင်ကြရလိမ့်မည်။

Verse 6 — Surah Ar-Rad 13:6

၆။ သူတို့မဖြစ်ပွားမီ မှတ်သားလောက်သောအပြစ်ဒဏ်တော်များဖြစ်ပေါ်ပြီးသော်လည်း သူတို့သည် သင်တမန်တော် အား အကျိုးသုခကို မတောင်းပဲ အပြစ်ဒုက္ခကိုသာ အမြန်ပေးရန် တောင်းဆိုကြ၏။ သို့သော်မှတ်သားကြလော့။ သင်၏ အရှင်သခင်သည် လူသားတို့၌ အပြစ်ရှိပြီးသော်လည်း သူတို့ကို ရက်ရက်ရောရောအပြစ်လွှတ်ထားတော် မူ၏။ တဖန်မှတ်သားလော့။ သင်၏ အရှင်သခင်သည် အပြစ်ဒဏ်ခတ်ရာ၌ ပြင်းထန်တော်မူ၏။

Verse 7 — Surah Ar-Rad 13:7

၇။ မယုံကြည်သူတို့က ရှင်မိုဟမ္မဒ်၏ အရှင်သခင်အထံတော်မှ သူ့အား သက်သေသာဓကတော်အချို့ကို ချပေးတော် မူပါလျှင် တော်လေစွဟု ဆိုကြ၏။ တမန်တော်၊ သင်သည် သတိပေးသူတစ်ဦးသာလျှင်ဖြစ်၏။ လူမျိုးတိုင်း အတွက် လမ်းညွှန်သူဓမ္မဆရာဖြစ်၏။

Verse 8 — Surah Ar-Rad 13:8

၈။ အလ္လာဟ်အရှင်မြတ်သည် အမများ၏ ဝမ်းဗိုက်တွင် လွယ်ထားသည်ကိုလည်းကောင်း၊ ထိုဝမ်းဗိုက်များစုပ်ယူ ထားသည်ကိုလည်းကောင်း၊ ထိုဝမ်းဗိုက်များကြီးလာသည်ကိုလည်းကောင်း၊ သိတော်မူ၏။ အရာဝထ္ထုတိုင်းကို အလ္လာဟ်အရှင်မြတ်စီမံခန့်ခွဲထားတော်မူ၏။

Verse 9 — Surah Ar-Rad 13:9

၉။ အလ္လာဟ်အရှင်မြတ်သည် မြင်ရသောအရာ၊ မမြင်ရသောအရာတို့ကို အကုန်အစင်သိတော်မူသောအရှင်၊ ကြီးမြတ် တော်မူသောအရှင်၊ အနန္တတန်ခိုးတော်အရှင် ဖြစ်တော်မူ၏။

Verse 10 — Surah Ar-Rad 13:10

၁၀။ သင်တို့အနက် လျှို့ဝှက်ပြောဆိုသူသည် ၄င်း၊ လူသိရှင်ကြားပြောကြားသူသည် ၄င်း၊ ဉာဉ့်တွင် ပုန်းအောင်နေသူသည်၄င်း၊ နေ့တွင်ပေါ်လွင်ထင်ရှားစွာ သွားလာသူသည်၄င်း၊ ၄င်းတို့အားလုံးသည် အတူတူပင်ဖြစ်ကြ၏။

Verse 11 — Surah Ar-Rad 13:11

၁၁။ ဤလူထုအသီးသီးကို ကောင်းကင်တမန်များသည် ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း၊ စီတန်း၍ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ကာကွယ်စောင့်ရှောက်ကြ၏။ မှတ်သားကြလော့၊ လူသားတစု သည် မိမိတို့စိတ်နှလုံးအတွင်းရှိသည်တို့ကို မပြောင်းလဲပဲ သူတို့၏ အခြေအနေကို အလ္လာဟ်အရှင်မြတ်သည် ပြောင်းလဲတော်မမူ။ အလ္လာဟ်သည် လူတစုအတွက် ဘေးအန္တရာယ်ကို လိုတော်မူလျှင်၊ ထိုဘေးဥပါဒ်ကို တွန်းလှန်ဖယ်ရှားနိုင်သူတစုံတယောက်မျှမရှိချေ။ သူတို့၌ အလ္လာဟ်အရှင်မြတ်မှတပါး ကာကွယ်စောင့်ရှောက်မည့် သူမရှိချေ။

Verse 12 — Surah Ar-Rad 13:12

၁၂။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လျှပ်စစ်နွယ်ကို ပြတော်မူ၏။ ထိုလျှပ်စစ်နွယ်တို့သည် ထိတ်လန့်ဖွယ်ရာ လည်းဖြစ်၏။ ဝမ်းသာဖွယ်ရာလည်းဖြစ်၏။ အရှင်မြတ်သည် လေးလံသောတိမ်ပုပ်တိမ်ခဲများကို ဖန်ဆင်းတော် မူ၏။

Verse 13 — Surah Ar-Rad 13:13

၁၃။ မိုဃ်းကြိုးသံသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူး၏။ ထိုနည်းအတူကောင်းကင်တမန်တော် တို့ကလည်း အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် ချီးကျူးကြ၏။ အရှင်မြတ်သည် မိုဃ်းကြိုးစက်များကို စေလွှေတ်တော်မူ၍ အလိုတော်ရှိရာသူတို့ကို သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အငြင်းအခုံပြုနေ သောအခါ ထိုစက်များနှင့်ပစ်တော်မူ၏။ အရှင်မြတ်သည် အနန္တတန်ခိုးတော်အရှင်ဖြစ်တော်မူ၏။

Verse 14 — Surah Ar-Rad 13:14

၁၄။ အလ္လာဟ်အရှင်မြတ်၌ ဆုတောင်းခြင်းသည် ဆုတောင်းအစစ်အမှန်ဖြစ်၏။ အရှင်မြတ်မှတပါး သူတို့ဆည်းကပ် သောဘုရားတုများသည် ဘာဆုကိုမျှ မပေးစွမ်းနိုင်ချေ။ သူတို့ထံ ဆုပန်ခြင်းသည် ရေဘက်သို့ ဆန့်ကျင်၍ မိမိ၏ ပါးစပ်ထဲ ရေရောက်အောင် ရေကို တောင်းပန်ခြင်းနှင့်တူ၏။ ရေသည် ပါးစပ်တွင်းသို့ မည်သည့်အခါမှ ရောက်မည်မဟုတ်ချေ။ မယုံကြည်သူတို့၏ ဆုတောင်းခြင်းသည် ဝေးစွာလမ်းမှားသွား၏။

Verse 15 — Surah Ar-Rad 13:15

၁၅။ သူတို့၏ အရိပ်များသည် နံနက်နှင့်ညနေပိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို ဦးညွှတ်သကဲ့သို့ မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေပြင်ပေါ်ဝယ်ရှိရှိသမျှတို့သည် စိတ်စေတနာရှိသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ဦးဝပ်တွား ရှိခိုးကြ၏။

Verse 16 — Surah Ar-Rad 13:16

၁၆။ မိုဟမ္မဒ်ပြောလော့။ မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အရှင်သခင်သည် မည်သူနည်း။ တဖန်ပြောလော့။ အလ္လာဟ်အရှင်မြတ်တဖန်ပြောလော့။ ယင်းသို့ဖြစ်ပါလျက် သင်တို့သည် အရှင်မြတ်မှတပါး အခြားသူတို့ကို အစောင့်အရှောက်အဖြစ်ဖြင့် ယူကြသလော။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့အကျိုးမပြုနိုင်ချေ။ အပြစ်လည်း မပြုနိုင်ချေ။ တဖန်ပြောလော့။ ဟယ်-အချင်းတို့၊ မျက်စိမမြင်သူနှင့် မျက်စိမြင်သူသည် တူသလော။ သို့မဟုတ် အမိုက်မှောင်နှင့်အလင်းရောင်သည် ထပ်တူထပ်မျှဖြစ်သလော။ သို့မဟုတ် သူတို့သည် အရှင်မြတ်အား တွဲဖက်သူ များပေးကြသလော။ ထိုဘုရားတုများသည် အရှင်မြတ်ကဲ့သို့ ဖန်ဆင်းတော်မူသောအရာများနှင့်တူသည်ဟု မိစ္ဆာမိုက်တို့မှတ်သားကြလော့။ တမန်တော်ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာ ဝထ္ထုအားလုံးတို့ကို ဖန်ဆင်းတော်မူထသောအရှင်သာတည်း။ တဆူတည်းသောအရှင်သာတည်း။ အနန္တတန်ခိုး တော်ရှင်သာတည်း။

Verse 17 — Surah Ar-Rad 13:17

၁၇။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံမှ မိုဃ်းကို ရွာသွန်းစေတော်မူ၏။ ထိုမိုဃ်းရေဖြင့် ဖြစ်သောမြစ်ချောင်း တို့သည်ကား ကြီးစဉ်ငယ်လိုက်အယဉ်အထွေထွေစီးဆင်းလျက်ရှိကြ၏။ ၎င်းတို့မှ စီးဆင်းသောရေသည် ရေမြှုပ် များကို ရေပြင်ပေါ်၌ တင်ဆောင်၏။ ထို့အပြင် လူတို့ဝတ်ဆင်ရန် တန်ဆာအမျိုးမျိုးနှင့်တကွ အိမ်ထောင် ပရိဘောဂတို့ကို ပြုလုပ်အ့ံသောငှာ ရွှေ၊ ငွေ၊ ကြေး၊ သံစသောသတ္တုများကို မီးချ၍ အရည်ကျိုသောအခါ၌လည်း အရည်အပေါ်မှာ အလားတူအမြှုပ်အချေးတက်လာကုန်၏။ အရှင်မြတ်သည် ဤနည်းအားဖြင့် အမှန်အမှား တရားများကို ဥပမာတင်၍ အထင်အရှားပြသတော်မူ၏။ သို့ရာတွင် အမြှုပ်အချေးစသည်တို့ကား အသုံးမဝင်။ တရွေ့ရွေ့ခန်းခြောက်သွား၏။ လူတို့၌ အသုံးဝင်သောအရာဝထ္ထုများမူကား မြေပေါ်၌ ကျန်ရစ်ခဲ့ကြ၏။ ဤဥပမာ ပုံစံများကို လူတို့စဉ်းစားဆင်ခြင်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် ဤသို့စီရင်တော်မူ၏။

Verse 18 — Surah Ar-Rad 13:18

၁၈။ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတော်ကို လိုက်နာဆောင်ရွက်သူတို့အတွက် ချမ်းသာသုခရှိ၏။ သို့သော်အရှင်မြတ်၏ ဗျာဒိတ်တော်ကို မလိုက်နာသူတို့မှာမူကား၊ အကယ်၍သူတို့သည် ကမ္ဘာမြေပေါ်ရှိရှိသမျှတို့ကို ပိုင်ဆိုင်လျှင် လည်းကောင်း၊ လောကီစည်းစိမ်ကို တဆတိုးပြီး ပေါင်းနှစ်ဆကို အပြစ်လွတ်ငြိမ်းရန် လျော်ကြေးပေးကြလတ့ံ။ ဤလူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအစစ်အကြောကို ခံကြရလတ့ံ။ သူတို့၏ ဗိမာန်သည် ငရဲဖြစ်မည်။ အလွန်ဆိုးသွမ်းယုတ်ည့ံသောဗိမာန်ဖြစ်၏။

Verse 19 — Surah Ar-Rad 13:19

၁၉။ အကြင်သူသည် သင်၏ အရှင်သခင်အထံတော်မှ သင့်အား ချပေးသနားတော်မူသောကျမ်းတော်သည် တရားစစ် တရားမှန်ဟု သိနားလည်အ့ံ။ ထိုသူသည် မျက်စိကန်းသူနှင့်ထပ်တူထပ်မျှဖြစ်သလော။ သို့သော်အသိအလိမ္မာ ဉာာဏ်ပညာရှိသူတို့သာလျှင် ဂရုစိုက်ကြ၏။

Verse 20 — Surah Ar-Rad 13:20

၂ဝ။ ဤလူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားသောဂတိသစ္စာကို စောင့်ကြ၏။ ဂတိမဖျက်ကြချေ။

Verse 21 — Surah Ar-Rad 13:21

၂၁။ ဤလူတို့သည် အလ္လာဟ်အရှင်မြတ်က အတူတကွပေါင်းထားရမည်ဟု ပညတ်တော်မူသည့်အရာများကို အတူ တကွစည်းရုံးထားကြ၏။ သူတို့သည် မိမိတို့၏ အရှင်သခင်အား ကြောက်ရွံ့ရိုကျိုးကြ၏။ ပူဆွေးဒုက္ခပေးမည့် စစ်ကြောစီရင်တောမူခြင်းကို အထူးထိတ်လန့်ကြ၏။

Verse 22 — Surah Ar-Rad 13:22

၂၂။ ဤလူတို့သည် မိမိတို့၏ အရှင်သခင်၏ မျက်နှာတော်ကို ဖူးမြင်ဖို့ရာ ကြိုးစားအားထုတ်ကြ၏။ ဆွလတ်ဝတ်ကို မှန်မှန်ပြုကြ၏။ ငါအရှင်မြတ်ချပေးသနားတော်မူသောစည်းစိမ်ဥစ္စာများမှ တိတ်တဆိတ်သော်လည်းကောင်း၊ ထင်ရှားစွာသော်လည်းကောင်း၊ သုံးစွဲကြ၏။ မကောင်းမှုကို ကောင်းမှုဖြင့် အောင်ကြ၏။ သူတို့၏ အကျိုးဆက် သည် နိဗ္ဗာန်ဘုံဗိမာန်ဖြစ်မည်။

Verse 23 — Surah Ar-Rad 13:23

၂၃။ ဤလူတို့သည် မိမိတို့၏ မိဘဘိုးဘွား၊ သားမယားတို့အနက် ကုသိုလ်ကောင်းမှုပွားများသူတို့နှင့်တကွ သုခ ဥယျာဉ်တော်ကြီးများသို့ ဝင်ကြရမည်။ ကောင်းကင်တမန်တော်တို့သည် သူတို့ထံသို့ တံခါးပေါက်တိုင်းမှ ဝင်ရောက်လာကြမည်။

Verse 24 — Surah Ar-Rad 13:24

၂၄။ ထိုကောင်းကင်တမန်တော်တို့က သင်တို့သည် ကြိုးစားအားထုတ်ခဲ့သောကြောင့် သင်တို့အပေါ်သို့ အေးချမ်း သာယာခြင်းသက်ရောက်ပါစေသော်ဝ်။ နိဗ္ဗာန်ဘုံနန်းသည် အလွန်မြင့်မြတ်သာယာချေ၏ဟု နှုတ်ဆက်စကား ဆိုကြ၏။

Verse 25 — Surah Ar-Rad 13:25

၂၅။ သို့သော်အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကတိသစ္စာပြုပြီးမှ မိမိကတိသစ္စာကို ဖောက်ကြ၏။ အလ္လာဟ် အရှင်မြတ်က အတူတကွစုရုံးပေါင်းသင်းထားရမည်ဟု ဗျာဒိတ်ပေးတော်မူသောအရာများကို တကွဲတပြားဖြစ်စေ ကြ၏။ ကမ္ဘာမြေပေါ်၌ ဒုစရိုက်မကောင်းမှုပွားများကြ၏။ ထိုသူတို့အဖို့ ကျိန်ဆဲခြင်းရှိ၏။ သူတို့အဖို့ မကောင်း သောဗိမာန်ရှိ၏။

Verse 26 — Surah Ar-Rad 13:26

၂၆။ အလ္လာဟ်အရှင်မြတ်သည် စည်းစိမ်ဥစ္စာကို ကျယ်ဝန်းစေတော်မူလိုသောသူအဖို့ ကျယ်ဝန်းစေတော်မူ၏။ ရှားပါး ကျပ်တည်းစေတော်မူလိုသောသူအဖို့ ရှားပါးကျပ်တည်းစေတော်မူ၏။ သူတို့သည် လောကီစည်းစိမ်၌ မက်မော ပျော်ရွှင်ကြ၏။ သို့သော်နောင်တမလွန်ဘဝနှင့်နှိုင်းယှဉ်လျှင် ဤမျက်မှောက်ဘဝသည် ခေတ္တခဏအချိန်မျှသာ ဖြစ်၏။

Verse 27 — Surah Ar-Rad 13:27

၂၇။ မယုံကြည်သူတို့က ရှင်မိုဟမ္မဒ်ထံသို့ သူ၏ အရှင်သခင်အထံတော်မှ သက်သေသာဓကတော်တပါးသို့ ချပေး သနားတော်မူပါလျှင် တော်လေစွဟု ဆိုကြ၏။ တမန်တော်ဟောကြားလော့။ အလ္လာဟ်အရှင်မြတ်သည် အလို တော်ရှိသူတို့ကို လမ်းမှန်လိုက်ရောက်စေတော်မူ၏။ အရှင်မြတ်အထံတော်သို့ မျက်နှာမူသူတို့ကို လမ်းညွှန်တော် မူ၏။

Verse 28 — Surah Ar-Rad 13:28

၂၈။ ထိုသို့မျက်နှာမူသူတို့သည် ယုံကြည်ကြ၏။ သူတို့၏ စိတ်နှလုံးတို့သည် အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသခြင်း၌ ငြိမ်းချမ်းသာယာမှုကို တွေ့ကြ၏။

Verse 29 — Surah Ar-Rad 13:29

၂၉။ အကြင်သူတို့သည် ယုံကြည်လျက် မှန်ကန်မှုကို ပြုကျင့်ကြအ့ံ။ ထိုသူတို့အတွက် ပျော်ရွှင်မှုရှိ၏။ သူတို့၏ ဘဝခရီးအဆုံးသည် ချမ်းသာသုခဖြစ်၏။

Verse 30 — Surah Ar-Rad 13:30

၃ဝ။ တမန်တော်၊ မိုဟမ္မဒ်၊ ငါအရှင်မြတ်သည် သင့်အား လူမျိုးတစ်မျိုးထံသို့ စေလွှတ်တော်မူခဲ့၏။ ထိုလူမျိုးတို့ မပေါ်ပေါက်မီ အခြားလူမျိုးတို့သည် ပျောက်ကွယ်သွားချေပြီ။ သင့်ကို စေလွှတ်တော်မူခြင်းကြောင်ရင်းကား ငါအရှင်မြတ်သည် သင်၏ စိတ်နှလုံးတွင် သင်ပေးတော်မူသောကုရ်အာန်ကျမ်းတော်ကို သင်သည် မဟာဂရုဏာ တော်ရှင် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သူဘဝတွင် ရှိသူများအား ရွတ်ဖတ်ပြဖို့ရာဖြစ်၏။ တမန်တော် ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်၏ အရှင်သခင်ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ အကျွနု်ပ်သည် အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးစား၏။ ချဉ်းကပ်၏။

Verse 31 — Surah Ar-Rad 13:31

၃၁။ အကြင်ကျမ်းတော်သည် တောင်ကြီးတောင်ငယ်ကို လှုပ်ရှားစေခြင်းကိုသော်လည်းကောင်း၊ ကမ္ဘာမြေကြီးကို အစိတ်စိတ်အပိုင်းပိုင်းခွဲခြင်းကိုသော်လည်းကောင်း၊ သေသူကို စကားပြောစေခြင်းကိုသော်လည်းကောင်း၊ ပြု စွမ်းနိုင်ခဲ့အ့ံ။ ထိုကျမ်းတော်သည် ကုရ်အာန်ကျမ်းတော်ဖြစ်မည်သာတည်း။ သို့သော်အလ္လာဟ်အရှင်မြတ်သာလျှင် ယင်းသို့ပြုစွမ်းနိုင်၏။ အမိန့်ပေးတော်မူခြင်းမှာ အရှင်မြတ်၏ အရာသာတည်း။ အလ္လာဟ်အရှင်မြတ်အလိုရှိတော် မူပါလျှင် အရှင်မြတ်သည် လူသားအပေါင်းတို့အား တရားလမ်းကို ပြသစွမ်းဆောင်နိုင်တော်မူသည်ကို ယုံကြည်သူ အပေါင်းသိကြသည်မဟုတ်လော။ မယုံကြည်သူတို့မှာမူကား မိမိတို့ပြုကျင့်မှုကြောင့် ဘေးဒုက္ခမပြတ်မစဲဖိစီးခြင်း ကို ခံရကြ၏။ အလ္လာဟ်အရှင်မြတ်၏ ခြိမ်းခြောက်ချက်သည် ထင်ရှားစွာဖြစ်ပေါ်လာသည့်တိုင်အောင် ထိုဘေး ဥပါဒ်သည် သူတို့နေအိမ်အနီးအနား၌ ကျရောက်နေမည်၊ မှတ်သားကြလော့။ အရှင်မြတ်သည် ချိန်းချက်တော်ကို ဖျက်တော်မမူချေ။

Verse 32 — Surah Ar-Rad 13:32

၃၂။ တမန်တော်၊ သင့်ထက်ရှေးကျသောအရှင်မြတ်၏ တမန်တော်များလည်း မိစ္ဆာဒိဋ္ဌိတို့ပျက်ရယ်ပြုသည်ကို ခံကြရ၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ရှည်စွာသည်းခံတော်မူ၏။ နောက်ဆုံးတွင် ငါသည် သူတို့ကို ဖမ်းဆီးတော်မူ၏။ ငါ၏ အပြစ်ဒဏ်တော်သည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။

Verse 33 — Surah Ar-Rad 13:33

၃၃။ ဝိညာဉ်တိုင်း၏ ရထိုက်သည့်အကျိုးအမြတ်ကို သိတော်မူထသောအရှင်မြတ်နှင့်တစုံတရာကိုမျှ မသိသောသူသည် ထပ်တူထပ်မျှဖြစ်သလော၊ သို့ဖြစ်ပါလျက် မိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်အား ဖက်စပ်သူများပေးကြ၏။ တမန်တော်၊ ဟောကြားလော့။ သင်တို့၏ ဘုရားတုများအး အမည်ပေးကြလော့။ သင်တို့သည် ကမ္ဘာမြေပေါ်၌ အလ္လာဟ်အရှင်မြတ်မသိသောအရာတို့ကို အရှင်မြတ်အား သိသာရန် ဖော်ပြမည်လော၊ သို့မဟုတ် ထိုစကားသည် အဓိပ္ပါယ်မရှိသောစကားဖြစ်သလော၊ အမှန်ဆိုသော်သူတို့၏ လုပ်ကြံမှုကို မိစ္ဆာဒိဋ္ဌိတို့သည် တင့်တယ်လျှောက် ပတ်သည်ဟု ထင်မှတ်ကြ၏။ သူတို့သည် လမ်းမှန်မှ ဝေးစေတော်မူ၏။ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအ့ံ။ ထိုသူအား လမ်းမှန်ကို ညွှန်ပြမည့်သူမရှိချေ။

Verse 34 — Surah Ar-Rad 13:34

၃၄။ ထိုသူတို့အတွက် ဤမျက်မှောက်ဘဝ၌ ညှင်းပန်းနှိပ်စက်မှုရှိ၏။ အမှန်ဆိုသော် နောင်တမလွန်ဘဝ၏ အပြစ်ဒဏ် တော်သည် သာလွန်နာကျင်ဖွယ်ကောင်း၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်မည့်သူမရှိချေ။

Verse 35 — Surah Ar-Rad 13:35

၃၅။ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကျေကုန်သူတို့အား သနားတော်မူမည်ဟု ကတိထားတော်မူသောဥယျာဉ် တော်ကြီး၏ ဥပမာပုံစံမှာကား ထိုဥယျာဉ်အောက်၌ မြစ်ရေအထွေထွေစီးဆင်းလျက်ရှိ၏။ ထိုဥယျာဉ်မှ ရိက္ခာ အစားအစာသည် ထာဝရဖြစ်၏။ အရိပ်အာဝါသလည်း ထာဝရဖြစ်၏။ ဤဥယျာဉ်တော်သည် အရှင်မြတ်၏ ဝတ္တရားကို ကျေပွန်သူတို့၏ ဆုဖြစ်၏။ မိစ္ဆာမိုက်တို့၏ ဆုမှာကား အဝီစိငရဲမီးဖြစ်၏။

Verse 36 — Surah Ar-Rad 13:36

၃၆။ အကြင်သူတို့အား အထက်ကျော်ကာရီက ငါအရှင်မြတ်ကျမ်းတော်ချပေးတော်မူ၏။ ထိုသူတို့သည် သင့်အား ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်၌ ရွှင်လန်းဝမ်းမြောက်ကြ၏။ ထိုလူမျိုးစုများအနက် အချို့သော သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်၏ အချို့သောအစိတ်အပိုင်းကို ဖယ်ရှားကြ၏။ အို-တမန်တော်၊ ဟောကြား လော့။ အရှင်မြတ်အား ဖက်စပ်သူမပေးလင့်ဟုသာ ငါ့အား ဗျာဒိတ်ပေးတော်မူ၏။ အရှင်မြတ်၌ ငါသည် ဆု တောင်း၏။ အရှင်မြတ်သို့ ငါပြန်ရမည်။

Verse 37 — Surah Ar-Rad 13:37

၃၇။ ယင်းကဲ့သို့ငါအရှင်မြတ်သည် အပြီးသတ်ဖြစ်သည့်အာရဗီဘာသာကျမ်းတော်ဖြစ်သောကုရ်အာန်ကျမ်းတော်ကို ပြဋ္ဌာန်းပေးတော်မူပြီး တမန်တော်၊ သင်သည် သစ္စာတရားတော်ကို ရရှိပြီးနောက်၊ မိစ္ဆာဒိဋ္ဌိတို့၏ အလိုဆန္ဒ နောက်သို့၊ အကယ်၍လိုက်လျှင် သင့်၌ အလ္လာဟ်အရှင်မြတ်မှ ကာကွယ်မည့်အဆွေခင်ပွန်း၊ သို့မဟုတ် ခုခံ သူမရှိချေ။

Verse 38 — Surah Ar-Rad 13:38

၃၈။ အကယ်စင်စစ်မှာ ငါအရှင်မြတ်သည် သင့်အလျင် တမန်တော်များကို လူသားတို့ထံသို့ စေလွှတ်တော်မူ၏။ ထိုတမန်တော်တို့အား ဇနီးမိန်းမများ၊ သားသမီးများကို ပေးသနားတော်မူ၏။ မည်သည့်တမန်တော်မှ အလ္လာဟ် အရှင်မြတ်၏ အခွင့်တော်မရှိပဲ အ့ံဖွယ်သရဲကို မဆောင်နိုင်ချေ။ အရာဝထ္ထုတိုင်းအဖို့ သတ်မှတ်ထားသောအချိန် ရှိ၏။

Verse 39 — Surah Ar-Rad 13:39

၃၉။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိရာကို ဖျက်သိမ်းတော်မူ၏။ အလိုတော်ရှိရာကို အတည်ပြုတော်မူ၏။ ပညတ်အမိန့်တော်အပေါင်းတို့၏ စတည်ရာသည် အရှင်မြတ်နှင့်ရှိ၏။

Verse 40 — Surah Ar-Rad 13:40

၄ဝ။ တမန်တော်၊ ငါအရှင်မြတ်သည် လူသားတို့အား ကတိထားသည့်အရာမှ အချို့ကို သင့်အား ငါအရှင်မြတ်မြင်ခွင့် ပြုတော်မူသည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာမဖြစ်မီ သင်ကံကုန်သည်ဖြစ်စေ၊ သင်၏ တာဝန်ဝတ္တရားမှာကား အမှာဗျာဒိတ်တော်ကို ယူဆောင်လာရခြင်းသာဖြစ၏။ စစ်ကြောစီရင်ခြင်းမှာ ငါအရှင်မြတ်၏ ဝတ္တရားသာတည်း။

Verse 41 — Surah Ar-Rad 13:41

၄၁။ ငါအရှင်မြတ်သည် တိုင်းပြည်တိုင်းတွင် မြို့ရွာဇနပုဒ်မှစ၍ တတိုင်းပြည်လုံးအတွင်း၌ သာသနာတော်ကြီးထွန်းလင်း တောက်ပစေတော်မူသည်ကို မိစ္ဆာမိုက်တို့မသိမမြင်ကြသလော။ အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်တော် တပ်ရိုက်တော်မူသောအခါ ထိုအပြစ်ဒဏ်တော်ကို ရွှေ့ဆိုင်းထားနိုင်သူတစုံတယောက်မျှမရှိချေ။

Verse 42 — Surah Ar-Rad 13:42

၄၂။ ဤမိစ္ဆာမိုက်တို့အလျင်ဖြစ်ပေါ်လာသောသာသနာပလူများလည်း အကြံအဖန်ထုတ်ကြ၏။ သို့သော်ကြံစည်ခြင်း အားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်၏။ အရှင်မြတ်သည် ဝိညာဉ်တိုင်းရအပ်သည့်အကျိုးအပြစ်ကို သိတော်မူ၏။ နိဗ္ဗာန်ဘုံနန်းဆုတော်သည် မည်သူ့အဖို့ဖြစ်သည်ကို အတုယူမှားသူတို့သည် သိမြင်ကြရလတ့ံ။

Verse 43 — Surah Ar-Rad 13:43

၄၃။ မယုံကြည်သူတို့က အို-ရှင်မိုဟမ္မဒ်၊ သင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မဟုတ်ဟု ဆိုကြ၏။ တမန်တော်ဟောကြားလော့။ အလ္လာဟ်အရှင်မြတ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်သိနားလည်သူတို့သည် ငါနှင့်သင်တို့အလယ်ကြား၌ လုံလောက်သောသက်သေဖြစ်၏။