Back to Languages

Burmese - Chapter 43 - Az-Zukhruf

Translation by Ba Sein — Permalink

Verse 1 — Surah Az-Zukhruf 43:1

၁။ ဟာ မီး(မ်)။

Verse 2 — Surah Az-Zukhruf 43:2

၂။ ရှင်းလင်းထင်ရှားသောကျမ်းတော်အားဖြင့်။

Verse 3 — Surah Az-Zukhruf 43:3

၃။ အို-လူသားအပေါင်းတို့၊ ငါသည် သင်တို့နားလည်ကောင်းနားလည်စေခြင်းငှာ ထိုကျမ်းတော်ကို အာရဗီဘာသာ ဖြင့် ပြဋ္ဌာန်းတော်မူ၏။

Verse 4 — Surah Az-Zukhruf 43:4

၄။ မှတ်သားကြလော့၊ ထိုကျမ်းတော်သည် ငါ၏အထံတော်၌ ရှိသောမူလဘူတပညတ်တော်များပါသောကျမ်းတော် မြတ်ဖြစ်၏၊ စင်စစ်အားဖြင့် ထိုကျမ်းတော်မြတ်သည် လွန်စွာမြင့်မြတ်၊ ရှင်းလင်းပြတ်သားသောကျမ်းဖြစ်၏။

Verse 5 — Surah Az-Zukhruf 43:5

၅။ အို-အယူမှားသူအပေါင်းတို့၊ သင်တို့သည် လေလွင့်သောသူများဖြစ်ကြသဖြင့် သင်တို့ကို ငါလုံးလုံးလျစ်လျူ ရှုတော်မူရမည်လော။

Verse 6 — Surah Az-Zukhruf 43:6

၆။ ငါရှေးလူဟောင်းများထံသို့ တမန်တော်မည်မျှ ဆက်ကာဆက်ကာ စေလွှတ်တော်မူခဲ့လေသနည်း။

Verse 7 — Surah Az-Zukhruf 43:7

၇။ ထိုရှေးလူဟောင်းများသည် မိမိတို့ထံသို့ တမန်တော်ပွင့်မလာလေမှ လာလေလျှင် တမန်တော်ကို ပျက်ရယ် ကျီစယ်ပြုလေ့ရှိကြ၏။

Verse 8 — Surah Az-Zukhruf 43:8

၈။ ထို့ကြောင့်ယခုလူများထက် သာလွန်ခွန်အားဗလရှိသောရှေးလူဟောင်းများကို ငါသည် ကွပ်မျက်စီရင်တော် မူလိုက်၏၊ ရှေးလူဟောင်းတို့၏ ထုံးဟောင်းဥပမာသည် သူတို့ရှေ့တွင် ရှိ၏။

Verse 9 — Surah Az-Zukhruf 43:9

၉။ အို-တမန်တော်၊ သင်သည် ထိုမယုံကြည်သူတို့အား ဟယ်-အချင်းတို့၊ မိုးမြေကို အဘယ်သူဖန်ဆင်းသနည်းဟု မေးလျှင် သူတို့က အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်၊ ဖန်ဆင်းတော်မူသည်ဟု ပြန်ဖြေကြလတ့ံ။

Verse 10 — Surah Az-Zukhruf 43:10

၁ဝ။ အရှင်မြတ်သည် သင်တို့အဖို့အရာ ကမ္ဘာမြေကို အမောဖြေရာစခန်းဖြစ်စေတော်မူ၏၊ ထိုမြေပေါ်၌ သင်တို့သွား လိုရာအရပ်သို့ လွယ်လင့်တကူသွားလာရောက်ပေါက်နိုင်စေရန် အလို့ငှာ ယင်းသို့ဖန်ဆင်းတော်မူ၏။

Verse 11 — Surah Az-Zukhruf 43:11

၁၁။ အရှင်မြတ်သည် အထက်ကောင်းကင်မှ သင့်လျော်အောင် နှိုင်းဆတိုင်းဆ၍ မိုးရေကို ရွာသွန်းစေတော်မူ၏၊ အေ-ကြားနရသူအပေါင်းတို့၊ ငါသည် ထိုမိုးရေဖြင့် မြေသေကို တဖန်ရှင်စေတော်မူ၏၊ ထိုနည်းတူသင်တို့ကို လည်း ပြန်ရှင်စေတော်မူမည်။

Verse 12 — Surah Az-Zukhruf 43:12

၁၂။ အရှင်မြတ်သည် အရာဝထ္ထုအားလုံးတို့ကို အဖိုနှင့်အမတွဲ၍ ဖန်ဆင်းတော်မူ၏၊ သင်တို့အဖို့အရာ သင်တို့စီးနင်း သောလှေသင်္ဘောများနှင့် ခြေလေးချောင်းရှိတိရိစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူ၏။

Verse 13 — Surah Az-Zukhruf 43:13

၁၃။ ယင်းကဲ့သို့ဖန်ဆင်းတော်မူခြင်းကား ၎င်းတို့ကျောက်ကုန်းထက်သို့ တက်စီးပြီးလျှင် ထိုသို့စီးနေစဉ် သင်တို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဂုဏ်ကျေးဇူးတော်ကို သတိရ၍ ဤသို့ကျူးရင့်စိမ့်သောငှာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏၊ အကျွန်ုပ်တို့သည် မိမိတို့အလိုအလျောက် ၎င်းတို့ကို နှိမ်နင်း၍ လက်အောက်ခံဖြစ်စေခြင်းငှာမတတ်စွမ်းနိုင်ချေ။

Verse 14 — Surah Az-Zukhruf 43:14

၁၄။ အကျွနု်ပ်တို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီးအထံတော်သို့ မုချဧကန်ပြန်နေကြသည်သာတည်း။

Verse 15 — Surah Az-Zukhruf 43:15

၁၅။ ယင်းသို့ကျေးဇူးပြုသော်လည်း ထိုလူသားတို့သည် အရှင်မြတ်၏ ကျေးကျွန်အချို့တို့ကို အရှင်မြတ်နှင့် တန်းတူ ထား၍ ကိုးကွယ်ကြ၏၊ အမှန်ဆိုသော လူသားတို့သည် မုချဧကန်ကျေးဇူးကန်းသူများဖြစ်၏။

Verse 16 — Surah Az-Zukhruf 43:16

၁၆။ အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသောအရာများအနက် မိမိအဖို့ သမီးများကိုသာ လိုလားတော်မူ၍ သား ယောက်ျားများအားဖြင့် သင်တို့ကို ချီးမြှောက်တော်မူသလော။

Verse 17 — Surah Az-Zukhruf 43:17

၁၇။ မဟာဂရုဏာတော်အရှင်၏ ဝေစုတော်ဟုဆိုသော သမီးကို သင်တို့အနက် တစ်ဦးတစ်ယောက်မှာ ဖွားမြင်အ့ံ၊ ထိုဖွားမြင်သောသတင်းကို ထိုသူကြားရသောအခါ ထိုသူသည် မျက်နှာမဲပြီးလျှင် မိမိဝမ်းထဲတွင် ဒေါသဖြစ်လျက် ရှိ၏။

Verse 18 — Surah Az-Zukhruf 43:18

၁၈။ အဖိုးထိုက်အဖိုးတန်အဝတ်တန်ဆာလက်ဝတ်လက်စားများကို ဝတ်ဆင်လျက် ကြီးပြင်းအောင် ကျွေးမွေးခြင်းခံရ၍ မိမိကိုယ်ကို မိမိ အဓိကရုန်းအတွင်းမကာကွယ်နိုင်သောသမီးမိန်းမကို အရှင်မြတ်နှင့် နှိုင်းယှဉ်မည်လော။

Verse 19 — Surah Az-Zukhruf 43:19

၁၉။ သူတို့သည် မဟာဂရုဏာတော်အရှင်၏ ကျေးကျွန်ကောင်းကင်တမန်များအား ဣတ္ထိလိင်ဟု ဆိုကြ၏၊ သူတို့ သည် ထိုတမန်များအား ဖန်ဆင်းသည်ကို မြင်ရသလော၊ သူတို့၏ ပြောဆိုချက်ကို မှတ်သားထား၍ သူတို့ကို စစ်ကြောတော်မူလတ့ံ။

Verse 20 — Surah Az-Zukhruf 43:20

၂ဝ။ ထိုသူယုတ်မာတို့က ''အကယ်၍ မဟာကရုဏာတော်အရှင် အလိုတော်ရှိပါလျှင် အကျွနု်ပ်တို့သည် ဘုရားတု ဘုရားယောင်များကို ကိုးကွယ်ကြမည်မဟုတ်ချေ''ဟု ဆိုကြ၏၊ သူတို့သည် အသိဉာာဏ်မရှိ၍ ဤသို့ပြောကြ၏၊ သူတို့သည် ရမ်းဆကြသည်သာတည်း။

Verse 21 — Surah Az-Zukhruf 43:21

၂၁။ ငါသည် ထိုသူတို့စွဲလမ်းလိုက်နာဖို့ရာ ကျမ်းတော်တစ်စောင်ကို သူတို့အား ကုရ်အာန်ကျမ်းတော်ကို ထုတ်ပြန် တော်မမူမီ ပေးသနားတော်မူဖူးသလော။

Verse 22 — Surah Az-Zukhruf 43:22

၂၂။ ပေးသနားတော်မမူချေ၊ သူတို့က အကျွန်ုပ်တို့သည် မိမိတို့ဘိုးဘွားတို့အား ဘာသာအယူဝါဒတစ်မျိုးကို လိုက်နာ ကျင့်မူလျက် တွေ့ရပါ၏၊ သူတို့၏လမ်းကို လိုက်လျှောက်ကြပါ၏ဟု ဆိုကြ၏။

Verse 23 — Surah Az-Zukhruf 43:23

၂၃။ အေ-တမန်တော် သင်မပွင့်လာမီကာလကလည်း ဤနည်းအတိုင်းပင်ဖြစ်၏၊ ငါသည် လူမျိုးတစ်မျိုးထံ သာသနာ ပြုတမန်တော်စေလွှတ်သောအခါတိုင်း သူတို့အနက် သူဌေးသူကြွယ်တို့က အကျွနု်ပ်တို့သည် မိမိတို့ဘိုးဘွား တို့အား ဘာသာအယူဝါဒတစ်မျိုးကို လိုက်နာကျင့်ဆောင်လျက် တွေ့ရပါ၏၊ အကျွနု်ပ်တို့လည်း သူတို့လမ်းကို သူတို့ခြေရာအတိုင်း လိုက်လျှောက်ကြပါ၏ဟု ဆိုကြလေ၏။

Verse 24 — Surah Az-Zukhruf 43:24

၂၄။ ထိုအခါသူတို့လက်ထက်ပွင့်သောတမန်တော်က ဟယ်-အချင်းတို့၊ ငါယူဆောင်လာသောတရားတော်သည် သင်တို့မိဘဘိုးဘွားတို့လိုက်နာကျင့်သုံးသောအယူဝါဒထက် သာလွန်ကောင်းမြတ်၏ဟု ဟောကြား၏၊ သူတို့က အကျွနု်ပ်တို့ကား သင်တို့ယူဆောင်လာသောကျမ်းကို မယုံကြည်သူများဖြစ်ကြ၏ဟု ပြန်ဆိုကြ၏။

Verse 25 — Surah Az-Zukhruf 43:25

၂၅။ ထို့ကြောင့် ငါသည် သူတို့ကို လက်စားချေတော်မူ၏၊ အေ-တမန်တော်၊ သမ္မာတရားတော်ကို ငြင်းဆန်သော သူယုတ်မာတို့သည် မိမိတို့ဘဝဇာတ်ကို မည်သို့သိမ်းရလေသည်ကို ကြည့်လော့။

Verse 26 — Surah Az-Zukhruf 43:26

၂၆။ မှတ်သားလော့၊ တမန်တော်အေဗရာဟမ်က သူ၏ အဘနှင့်အမျိုးသားတို့ကို ဤသို့ပြောဟော၏၊ သင်တို့ကိုး ကွယ်သောဘုရားတုများကို ကိုးကွယ်မှုမှ အကျွနု်ပ်သန့်စင်၏။

Verse 27 — Surah Az-Zukhruf 43:27

၂၇။ အကျွန်ုပ်တို့သည် မိမိ၏အရှင်သခင်အားသာလျှင် ကိုးကွယ်၏၊ အရှင်မြတ်သည် အကျွနု်ပ်အား မုချဧကန်လမ်း ညွှန်တော်မူပါမည်။

Verse 28 — Surah Az-Zukhruf 43:28

၂၈။ တမန်တော်အေဗရာဟမ်က ထိုတရားစကားကို ၎င်း၏သားမြေးအဆက်ဆက်တို့လက်ထက်တိုင်အောင် ကျန်ရစ် စေ၏၊ သူတို့တရားတော်ဘက်သို့ ပြန်လှည့်ကောင်းလှည့်ရန် အလို့ငှာဖြစ်၏။

Verse 29 — Surah Az-Zukhruf 43:29

၂၉။ စင်စစ်အားဖြင့် ထိုသူယုတ်တို့နှင့် သူတို့မိဘထံသို့ သမ္မာတရားတော်နှင့် ထိုတရားတော်ကို ရှင်းလင်းဟောပြော သောတမန်တော်ရောက်လာသည့်တိုင်အောင် ငါသည် သူတို့အားလုံးကို လောကီစည်းစိမ်ပေးသနားတော်မူခဲ့ပြီ။

Verse 30 — Surah Az-Zukhruf 43:30

၃ဝ။ သို့သော်သူတို့ထံ၌ သမ္မာတရားတော်ထွန်းလင်းတောက်ပလာသောအခါ သူတို့က ဤအရာသည် မျက်လှည့် ဆရာ၏ လိမ်လည်မှုသာဖြစ်၏၊ ငါတို့သည် ဤအရာကို ဖယ်ရှား၏ဟု ဆိုကြ၏။

Verse 31 — Surah Az-Zukhruf 43:31

၃၁။ တဖန် သူတို့ဆိုသည်မှာ ဤကုရ်အာန်ကျမ်းကို မြို့ကြီးနှစ်မြို့မှာ ခေါင်းဆောင်တစ်ဦးဦးထံသို့ အဘယ်ကြောင့် ထုတ်ပြန်မချပေးသနည်း။

Verse 32 — Surah Az-Zukhruf 43:32

၃၂။ အို-တမန်တော်၊ ထိုသူတို့သည် သင်၏အသက်သခင် ကျေးဇူးရှင်ကြီး၏ ကျေးဇူးတော်ကို ဝေခွဲပေးရသူများ ဖြစ်သလော၊ ငါသည်သာလျှင် သူတို့အလယ်တွင် လောကီအသက်မွေးမှုကို ဝေခြမ်းပေးတော်မူ၏၊ ထို့အပြင် ငါသည် သူတို့အနက် အချို့ကို အခြားသူတို့ထက် အဆင့်အတန်းမြှင့်ပေးတော်မူ၏၊ သို့မြှင့်ပေးခြင်းအကြောင်းမှာ အကြီးအကဲတို့က ငယ်သားများကို ခိုင်းစေရန်အလို့ငှာဖြစ်၏၊ သို့သော်သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ကျေးဇူးတော်သည် ထိုသူတို့စုဆောင်းထားသည့်ဥစ္စာပစ္စည်းထက် သာလွန်ကောင်းမွန်၏။

Verse 33 — Surah Az-Zukhruf 43:33

၃၃၊၃၄။ လူသားအပေါင်းတို့သည် လူမျိုးတစ်မျိုးတည်းသာ ဖြစ်လာကြမည်မဟုတ်လျှင် မဟာကရုဏာတော််အရှင်အား မယုံကြည်သူတို့အဖို့အရာ ငါသည် သူတို့၏ အိမ်အမိုးအကာများကိုသော်လည်းကောင်း၊ သူတို့လဲလျောင်းထိုင်ရာ ပလ္လင်များကိုသော်လည်းကောင်း၊ ငွေသားအတိဖြစ်စေတော်မူခဲ့လေလတ့ံ။

Verse 34 — Surah Az-Zukhruf 43:34

၃၃၊၃၄။ လူသားအပေါင်းတို့သည် လူမျိုးတစ်မျိုးတည်းသာ ဖြစ်လာကြမည်မဟုတ်လျှင် မဟာကရုဏာတော််အရှင်အား မယုံကြည်သူတို့အဖို့အရာ ငါသည် သူတို့၏ အိမ်အမိုးအကာများကိုသော်လည်းကောင်း၊ သူတို့လဲလျောင်းထိုင်ရာ ပလ္လင်များကိုသော်လည်းကောင်း၊ ငွေသားအတိဖြစ်စေတော်မူခဲ့လေလတ့ံ။

Verse 35 — Surah Az-Zukhruf 43:35

၃၅။ သူတို့၏ ဆင်ယင်တန်ဆာနှင့် အိမ်ထောင်ပရိဘောဂများကိုလည်း ရွှေအတိဖြစ်စေတော်မူခဲ့လတ့ံ၊ သို့သော် ဤအဖိုးထိုက်တန်သောအရာဝထ္ထုအပေါင်းတို့သည် လောကီအသက်တခဏအတွက်သာဖြစ်လေ၏၊ အေ-တမန် တော်၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ မျက်မှောက်ရှိ နောင်ဘဝမှာမူကား အကုသိုလ်မှုကို ရှောင်သော သူတော်ကောင်းတို့အဖို့သာ ဖြစ်၏။

Verse 36 — Surah Az-Zukhruf 43:36

၃၆။ အကြင်သူသည် မဟာဂရုဏာတော်အရှင်အား အာရုံမပြုပဲ နေအ့ံ၊ ထိုသူအား ငါသည် ရှိုင်တန်မာရ်နတ်တစ်ဦးဦး ၏ လက်သို့ အပ်နှင်းတော်မူမည်၊ ထိုရှိုင်တန်သည် သူနှင့်အတူတကွ ရင်းနှီးစွာနေမည်။

Verse 37 — Surah Az-Zukhruf 43:37

၃၇။ အမှန်မှာ ဤရှိုင်တန်မာရ်နတ်များသည် ထိုသူတို့ကို သမ္မာတရားလမ်းတော်မှ ကာဆီးထားကြ၏၊ သို့သော် သူတို့သည် မိမိတို့လမ်းမှန်သို့ ပို့သခြင်းခံနေရသည်ဟု ထင်မှတ်ကြ၏။

Verse 38 — Surah Az-Zukhruf 43:38

၃၈။ နောက်ဆုံးစွန်၌ ယင်းကဲ့သို့ သူတစ်ဦးတစ်ယောက်သည် ငါ့ရှေ့တော်သို့ ဝင်ရသောအခါ သူသည် သူ၏အဖော် ရှိုင်တန်အား ပြောမည်မှာ သင်တို့နှင့်ငါသည် အရှေ့နှင့်အနောက်ကဲ့သို့ ဝေးကွာခဲ့လျှင် ကောင်းလေစွ၊ ဤ အပေါင်းအသင်းသည် အလွန်ဆိုးဝါးယုတ်မာသောအပေါင်းအသင်းဧကန်အမှန်ဖြစ်၏။

Verse 39 — Surah Az-Zukhruf 43:39

၃၉။ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်ခဲ့သောကြောင့် ဤနေ့တော်ကြီး၌ သင်တို့သည် အပြစ်ဒဏ်ကို ဝေယူကြရ၏၊ သင်တို့ကို ကောင်းကျိုးမပေးချေ။

Verse 40 — Surah Az-Zukhruf 43:40

၄ဝ။ အို-တမန်တော်၊ သင်သည် နားပင်းသူကို ကြားစေနိုင်သလော၊ သို့မဟုတ် မျက်စိကန်းသူကိုသော်လည်းကောင်း၊ တမင်္ဂလာလမ်းမှားလိုက်သူကိုသော်လည်းကောင်း၊ လမ်းမှန်ကို ပြသနိုင်သလော။

Verse 41 — Surah Az-Zukhruf 43:41

၄၁။ ငါသည် အကယ်၍ သင်၏အသက်ဝိညာဉ်ကို ခေါ်တော်မူသော်လည်း ထိုသူများကို ဧကန်အမှန်အပြစ်ဒဏ်ပေး၍ လက်စားချေတော်မူမည်။

Verse 42 — Surah Az-Zukhruf 43:42

၄၂။ သို့မဟုတ် ငါသည် သင့်အား ထိုမယုံကြည်တို့အား ခြိမ်းခြောက်သောအပြစ်ဒဏ်ကို ပြတော်မူပါလျှင် ငါသည် သူတို့ကို ဧကန်အမှန်လွှမ်းမိုးတော်မူ၏။

Verse 43 — Surah Az-Zukhruf 43:43

၄၃။ ထို့ကြောင့်သင်တို့သည် ငါထုတ်ပြန်ချပေးသနားတော်မူသောကျမ်းတော်မြတ်ကို ဦးထိပ်ထက်ဆင်ရွက်၍ မြဲမြဲစွဲစွဲ ဆွဲကိုင်ထားလော့၊ အစစ်အမှန် သင်သည် သမ္မာတရားလမ်းပေါ်၌ တည်ရှိနေသူဖြစ်၏။

Verse 44 — Surah Az-Zukhruf 43:44

၄၄။ အမှန်ကိုဆိုသော် ကုရ်အာန်ကျမ်းတော်သည် သင်နှင့် သင့်အသင်းသားအပေါင်းတို့အဖို့ သတိပေးကျမ်းတော် ဖြစ်၏၊ သင်တို့သည် စစ်ကြောတော်မူခြင်းကို ခံကြရလိမ့်မည်။

Verse 45 — Surah Az-Zukhruf 43:45

၄၅။ အေ-တမန်တော်၊ သင်မပွင့်မီ ပွင့်သောရှေးတမန်တော်များ၏ အဖြစ်အပျက်ကို စုံစမ်းမေးမြန်းလော့၊ မဟာ ကရုဏာတော်အရှင်မှတပါး အခြားဘုရားယောင်များကို ခဝပ်ကိုးကွယ်ရန် ငါပညတ်တော်မူဖူးသလော။

Verse 46 — Surah Az-Zukhruf 43:46

၄၆။ ငါသည် တမန်တော်မူစာအား ငါ၏ နှုတ်ကပတ်တော်များနှင့်တကွ မုချဧကန်ဖွာရောမင်းနှင့် ၎င်း၏မှုးမတ်အရာရှိ တို့ထံ စေလွှတ်တော်မူ၏၊ တမန်တော်က ၎င်းတို့အား ဟယ်-အချင်းတို့၊ ငါသည် အနန္တစကြာဝဠာအပေါင်း တို့၏ အရှင်သခင်၏ တမန်တော်ဖြစ်သည်ဟု ဟောကြား၏။

Verse 47 — Surah Az-Zukhruf 43:47

၄၇။ တမန်တော်မူစာသည် ငါ၏ သာဓကတော်များကို ယူဆောင်လာသောအခါ သူတို့သည် ထိုသာဓကတော်များကို ပျက်ရယ်ပြုကြလေ၏။

Verse 48 — Surah Az-Zukhruf 43:48

၄၈။ ငါသည် သူတို့အား တန်ခိုးပြာဋိဟာတော်တစ်ပါးပြီးတစ်ပါး ပြတော်မူ၏၊ ထိုတန်ခိုးတော်များသည် တပါးထက် တပါးသာလွန်ကြီးကျယ်လာ၏၊ သူတို့ငါ့ဘက်တော်သို့ လှည့်ကောင်းလှည့်စိမ့်သောငှာ သူတို့အား အပြစ်ဒဏ်နှင့် ဖမ်းဆီးတော်မူလေ၏။

Verse 49 — Surah Az-Zukhruf 43:49

၄၉။ ထိုအခါသူတို့က ဟယ်-အချင်းမျက်လှည့်ဆရာ၊ သင်သည် မိမိ၏ အသက်သခင်ကျေးဇူးရှင်ဖွဲ့စည်းထားသော ပဋိညာဉ်စာချုပ်အားဖြင့် သင့်သခင်ထံ အကျွနု်ပ်တို့အဖို့ ဆုတောင်းပါလော့၊ ငါတို့သည် တရားလမ်းတော်ကို လိုက်ပါမည်ဟု တောင်းပန်ကြလေ၏။

Verse 50 — Surah Az-Zukhruf 43:50

၅ဝ။ သို့သော်ငါသည် သူတို့ထံမှ အပြစ်ဒဏ်ဘေးဥပါဒ်ကို ဖယ်ရှားတော်မူသောအခါ သူတို့သည် စကားမတည် ကတိဖျက်ကြ၏။

Verse 51 — Surah Az-Zukhruf 43:51

၅၁။ ထို့အပြင်ဖွာရောမင်းသည် မိမိ၏အသင်းသားများကို ကြီးသောအသံဖြင့် ဤသို့ပြောဆို၏၊ အို-ငါ၏ အသင်းသား အပေါင်းတို့၊ အီဂျစ်နိုင်ငံတော်တဝှမ်းလုံးနှင့်တကွ ငါစံနေရာဘုံနန်းပြဿဒ်အောက်တွင် အယဉ်ထွေထွေစီးဆင်း လျက်နေသောဤမြစ်များကို ငါဘုရင်စိုးပိုင်တော်မူသည်မဟုတ်လော၊ ငါ၏ ဘုန်းလက်ရုံးတန်ခိုးအာဏာတော်ကို သင်တို့ဒိဌထင်ထင်မမြင်ကြသလော။

Verse 52 — Surah Az-Zukhruf 43:52

၅၂။ ငါမင်းမြတ်သည် အမျိုးအနွယ်သေးသိမ်အောက်ကျ၍ စကားကိုမျှ ပြီသစ္စာမပြောမဆိုနိုင်သောဤမူစာနှင့် နှိုင်းဖက်မတန် သာလွန်မြင့်မြတ်သည်မဟုတ်ချေလော။

Verse 53 — Surah Az-Zukhruf 43:53

၅၃။ မူစာသည် တမန်တော်ဖြစ်လျှင် သူ့ထံသို့ သူ၏အရှင်သခင်က ရွှေလက်ကောက်ရွှေစလွယ်စသည့် ဥစ္စာရတနာ များကို အဘယ်ကြောင့်ချပေးသနားတော်မမူပါသနည်း၊ သို့မဟုတ် ကောင်းကင်တမန်များကို သူနှင့်တကွ အဘယ်ကြောင့်မထည့်လိုက်ပါသနည်း။

Verse 54 — Surah Az-Zukhruf 43:54

၅၄။ ထိုမင်းသည် ဤကဲ့သို့သူ၏ အသင်းသားများကို တမန်တော်မူစာအား အရေးမစိုက်ရန် ပြောဆိုလေ၏၊ သူတို့ လည်း သူ့ကို နာခံကြလေ၏ ကြည့်ကြလော့၊ သူတို့သည် လေလွင့်နေသောအသင်းသားများဖြစ်ကြ၏။

Verse 55 — Surah Az-Zukhruf 43:55

၅၅။ သူတို့သည် ငါအမျက်ထွက်တော်မူအောင် ပြုလုပ်သောအခါ သူတို့အားလုံးကို တစ်ယောက်မကျန် ပင်လယ်တွင် နစ်မြုပ်သေစေတော်မူ၏။

Verse 56 — Surah Az-Zukhruf 43:56

၅၆။ ထို့အပြင်ငါသည် သူတို့ကို ပျောက်ကွယ်သွားစေတော်မူ၏၊ သူတို့ကို နောင်လာနောင်သားတို့အဖို့ သင်ခန်းစာ တစ်စောင်ဖြစ်စေတော်မူ၏။

Verse 57 — Surah Az-Zukhruf 43:57

၅၇။ အို-တမန်တော်၊ မရ်ယမ်၏သား အီစာ၏အတ္ထုပ္ပတ္တိကို ဥပမာဆောင်၍ ပြောဆိုသောအခါ သူတို့သည် ပျက်ရယ်ကြ၏။

Verse 58 — Surah Az-Zukhruf 43:58

၅၈။ ထို့အပြင်သူတို့က ငါတို့ဘုရားများသာလျှင် ကောင်းသလော၊ သို့မဟုတ် သူသာလျှင် ကောင်းသလောဟု ဆိုကြကုန်၏၊ အို-တမန်တော်၊ သူတို့သည် ငြင်းခုံဖို့ရာမှတပါး အခြားအကြောင်းကြောင့် ကန့်ကွက်ကြမည် မဟုတ်ချေ၊ အမှန်မှာ ဤသူများသည် အငြင်းအခုံများသူတို့ဖြစ်ကြ၏။

Verse 59 — Surah Az-Zukhruf 43:59

၅၉။ တမန်တော်အီစာသည် ငါ၏ကျေးကျွန်မှတပါး အခြားဘာမျှမဟုတ်ချေ၊ သူ့အား ကောင်းကြီးမင်္ဂလာတော်ချပေး သနားတော်မူ၍ အစ္စရာအီလူမျိုးတို့အတွက် စံနမူနာခေါင်းဆောင်ဖြစ်စေတော်မူ၏။

Verse 60 — Surah Az-Zukhruf 43:60

၆ဝ။ ငါအလိုတော်ရှိခဲ့ပါလျှင် သင်တို့အလယ်တွင် ကောင်းကင်တမန်များအား ကမ္ဘာမြေကို ငါ့ကိုယ်စားအုပ်ချုပ်ရန် ခန့်ထားနိုင်တော်မူ၏။

Verse 61 — Surah Az-Zukhruf 43:61

၆၁။ မှတ်သားကြလော့၊ သူသည် တရားစီရင်တော်မူသောနေ့တော်ကြီး၏ အထိမ်းအမှတ်တစ်ပါးဖြစ်၏၊ ထို့ကြောင့် သင်တို့သည် ထိုနေ့တော်ကြီးကျရောက်လာမည်ကို ယုံမှားသံသယမရှိကြလင့်၊ ငါ၏ လမ်းတော်ကို လိုက်ကြ လော့၊ ဤသည်သာလျှင် လမ်းမှန်ဖြစ်၏။

Verse 62 — Surah Az-Zukhruf 43:62

၆၂။ သင်တို့အား ရှိုင်တာန်မာရ်နတ်သည် လှည့်ပစ်ခြင်းကို မပြုစေလင့်၊ သူသည် သင်တို့၏ ရန်သူအစစ်အမှန် ဖြစ်၏။

Verse 63 — Surah Az-Zukhruf 43:63

၆၃။ တမန်တော်အီစာသည် ရှင်းလင်းထင်ရှားသောသက်သေခံများကို ယူဆောင်လာ၍ မိမိအသင်းသားများကို ဟောပြောသည်မှာ အေ-အသင်းသားတို့၊ ငါသည် သင်တို့ထံသို့ ပညာအလင်းရောင်ကို ယူဆောင်လာ၏၊ သင်တို့အချင်းချင်းငြင်းခုံနေကြသောအရာအချို့ကို ထင်ရှားစေရန် လာခဲ့၏၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကျေပြွန်ကြလော့၊ ငါ၏ စကားကို နားထောင်ကြလော့။

Verse 64 — Surah Az-Zukhruf 43:64

၆၄။ မှတ်သားကြလော့၊ အရှင်မြတ်သည် ငါ၏အရှင်သခင်၊ သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ ထို့ကြောင့်အရှင်မြတ် အား ကိုးကွယ်ကြလော့၊ ဤသည်သာလျှင်လမ်းမှန်ဖြစ်၏။

Verse 65 — Surah Az-Zukhruf 43:65

၆၅။ သို့သော်ထိုအသင်းသားတို့သည် အချင်းချင်းအစုအစုကွဲပြားပြီးလျှင် အငြင်းအခုံပြုလုပ်ကြလေ၏၊ ထို့ကြောင့် သူတို့သည် အလွန်ပြင်းပြနာကျယ်ဖွယ်နေ့၏ အပြစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးကြရလတ့ံ။

Verse 66 — Surah Az-Zukhruf 43:66

၆၆။ သူတို့သည် မိမိတို့မသိမမြင်ပဲ ရုတ်တရက်ရှောင်တခင်ကျရောက်လာမည့်အချိန်တော်ကြီးမှတပါး အခြားတစ်စုံ တစ်ခုမျှ စောင့်ဆိုင်းနေကြမည်မဟုတ်ချေ။

Verse 67 — Surah Az-Zukhruf 43:67

၆၇။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းသူတို့မှတပါး အခြားသူတို့သည် အဆွေခင်ပွန်း အချင်းချင်းတစ်ဦးနှင့်တစ်ဦးရန်သူများဖြစ်ကြလိမ့်မည်။

Verse 68 — Surah Az-Zukhruf 43:68

၆၈။ အို-ငါ၏ ကျေးကျွန်အပေါင်းတို့၊ ထိုနေ့တော်ကြီး၌ သင်တို့အဖို့ကြောက်ရွံ့စရာမရှိချေ၊ သင်တို့သည် ဝမ်းနည်း ပူဆွေးရသူများမဟုတ်ချေ။

Verse 69 — Surah Az-Zukhruf 43:69

၆၉။ သင်တို့သည် ငါထုတ်ပြန်ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်လျက် ငါ့အား ကျိုးနွံနာခံကြ၏။

Verse 70 — Surah Az-Zukhruf 43:70

၇ဝ။ သင်တို့နှင့်တကွ သင်တို့၏ဇနီးမိန်းမများပါ ပျော်ရွှင်မြူးတူးစေရန် ဥယျာဉ်တော်အတွင်းသို့ ဝင်ကြလော့။

Verse 71 — Surah Az-Zukhruf 43:71

၇၁။ စားသောက်ဖွယ်တို့ကို ရွှေပန်းကန်၊ ရွှေဖလား၊ ရွှေတကောင်းးတွင် ထည့်ပြီးလျှင် သူတို့အား ကျွေးမွေးကြလတ့ံ၊ ဝိညာဉ်တို့လိုလားသောအရာခပ်သိမ်းအားလုံးသည် ရှိကြ၏၊ မျက်စိသာယာခြင်းလည်း ရှိ၏၊ သင်တို့သည် ဥယျာဉ်တော်၌ ထာဝရစံမြန်းကြရ၏။

Verse 72 — Surah Az-Zukhruf 43:72

၇၂။ ဤဥယျာဉ်တော်ကား ဆည်းပူးခဲ့သောအကျင့်သီလများကြောင့် သင်တို့အား အမွေပေးသနားတော်မူသောဥယျာဉ် တော်တည်း။

Verse 73 — Surah Az-Zukhruf 43:73

၇၃။ ထိုဥယျာဉ်တော်၌ သင်တို့မှီဝဲစားသောက်ဖို့ရာ အတိုင်းအထွာပမာဏမရှိသောသစ်ဥသစ်သီးအမျိုးမျိုးရှိကြ၏။

Verse 74 — Surah Az-Zukhruf 43:74

၇၄။ ဒုစရိုက်ကောင်များမှာမူကား ငရဲမီးအပြစ်ဒဏ်ထဲတွင် အစဉ်ထာဝရခံစားနေကြရ၏။

Verse 75 — Surah Az-Zukhruf 43:75

၇၅။ ထိုအပြစ်ဒဏ်ကို အနည်းငယ်မျှမလျော့ချေ၊ သူတို့သည် မျှော်မြင်ရာကင်းမဲ့စိတ်ပျက်ကြရ၏။

Verse 76 — Surah Az-Zukhruf 43:76

၇၆။ ငါသည် သူတို့ကို မတရားစီရင်တော်မူသည်မဟုတ်၊ သူတို့သာလျှင် မိမိကိုယ်ကို မိမိပြစ်မှားကြ၏။

Verse 77 — Surah Az-Zukhruf 43:77

၇၇။ သူတို့က အို-ငရဲထိန်းကြီး၊ သင်၏အရှင်သခင်သည် ငါတို့ကို အဆုံးစီရင်တော်မူပါစေဟု မြည်တမ်းငိုကြွေး လတ့ံ၊ ယင်းသို့စီရင်မည်မဟုတ်၊ နင်တို့အစဉ်ထာဝရခံစားရမည်ဟု ပြန်ပြော၏။

Verse 78 — Surah Az-Zukhruf 43:78

၇၈။ အို-လူသားအပေါင်းတို့၊ ငါသည် သင်တို့ထံသို့ သစ္စာတရားတော်ကို အမှန်အကန်ယူဆောင်တော်မူခဲ့၏၊ သို့သော်သင်တို့အနက် များလှစွာသောလူတို့သည် တရားမှန်ကို မနှစ်သက်မုန်းတီးကြ၏။

Verse 79 — Surah Az-Zukhruf 43:79

၇၉။ မိစ္ဆာဒိဋ္ဌိတို့သည် တမန်တော်ကို ဆန့်ကျင်ဖို့ရာ အကြံအစည်ထုတ်ကြသလော၊ မှတ်သားကြလော့၊ ငါလည်း ကြံစည်နေတော်မူ၏။

Verse 80 — Surah Az-Zukhruf 43:80

၈ဝ။ သို့မဟုတ် သူတို့က မိမိတို့လျှို့ဝှက်မှုနှင့် အချင်းချင်းတီးတိုးတိုင်ပင်မှုများကို ငါကြားတော်မမူဟု ထင်မှတ်ကြ သလော၊ ငါသည် မုချဧကန်ကြားတော်မူ၏၊ ငါ၏ ကောင်းကင်တမန်များသည် သူတို့နှင့်အတူရှိ၍ အရာရာကို ရေးမှတ်ထားကြ၏။

Verse 81 — Surah Az-Zukhruf 43:81

၈၁။ အို-တမန်တော်၊ ဟောပြောလော့၊ မဟာကရုဏာတော်အရှင်၌ သားတော်မရှိချေ၊ ငါသည် အရှင်မြတ်အား ကိုးကွယ်သူတို့အနက် ရှေးဦးပထမဖြစ်၏။

Verse 82 — Surah Az-Zukhruf 43:82

၈၂။ ကောင်းကင်များနှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်၊ ရာဇပလ္လင်တော်၏ အရှင်သခင်သည် မိစ္ဆာဒိဋ္ဌိတို့တွဲဖက်သော အရာများမှ သန့်ရှင်းစုံလင်တော်မူသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 83 — Surah Az-Zukhruf 43:83

၈၃။ အို-တမန်တော်၊ ထိုသူတို့အား ကတိဗျာဒိတ်ချထားတော်မူသည့်နေ့တော်ကြီးတိုင်အောင် ယင်းကဲ့သို့မဟုတ် မလျားငြင်းခုံပျော်ပါးလျက်နှင့်ပင် ရှိစေကုန်။

Verse 84 — Surah Az-Zukhruf 43:84

၈၄။ အရှင်မြတ်သည် အထက်ကောင်းကင်ဘုံ၌ အရှင်သခင်ဖြစ်တော်မူ၏၊ အောက်မဟာပထဝီမြေကြီးပေါ်၌လည်း အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် လိမ်မာရေးခြားသိတော်မူ၏။

Verse 85 — Surah Az-Zukhruf 43:85

၈၅။ မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် မိုးမြေအကြားရှိရှိသမျှအရာအပေါင်းတို့ကို စိုးပိုင်တော်မူသောအရှင်မြတ်သည် မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူ၏၊ အချိန်နာရီတော်ကို အရှင်မြတ်သာ သိတော်မူ၏၊ ထို့အပြင်သင်တို့အားလုံး သည် အရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။

Verse 86 — Surah Az-Zukhruf 43:86

၈၆။ အရှင်မြတ်မှတပါး ထိုမိစ္ဆာဒိဋ္ဌိတို့ကိုးကွယ်သောဘုရားတုဘုရားယောင်များသည် အရှင်မြတ်ရှေ့တော်၌ သူတပါးကို တောင်းပန်ကယ်နှုတ်ရန် မစွမ်းနိုင်သေးချေ၊ သမ္မာတရားတော်ကို ထက်သန်သောစိတ်နှင့် ယုံကြည်သက်သေခံ သောသူတို့သာလျှင် တောင်းပန်ကယ်နှုတ်ခွင့်ရှိကြ၏။

Verse 87 — Surah Az-Zukhruf 43:87

၈၇။ အို-တမန်တော်၊ သင်သည် သူတို့အား သူတို့ကို အဘယ်သူဖန်ဆင်းသနည်းဟု မေးလျှင် သူတို့က အလ္လာဟ် အရှင်မြတ်ဟု မုချဧကန်ပြန်ပြောကြလတ့ံ၊ သို့ပါလျက်သူတို့သည် အဘယ်ကြောင့် လှည့်သွားကြသနည်း။

Verse 88 — Surah Az-Zukhruf 43:88

၈၈။ အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အစစ်အမှန်ဤသူများသည် မယုံကြည်သူမိစ္ဆာဒိဋ္ဌိများဖြစ်ကြပါ၏ဟု တမန်တော်သည် ငိုကြွေးတိုင်တန်း၏။

Verse 89 — Surah Az-Zukhruf 43:89

၈၉။ သို့သော် သင်သည် သူတို့ကို သည်းခံလော့၊ အေးချမ်းသာယာပါစေဟု မေတ္တာပို့လော့၊ သူတို့သည် အဖြစ်အမှန် ကို သိကြရလတ့ံ။