Back to Languages

Burmese - Chapter 54 - Al-Qamar

Translation by Ba Sein — Permalink

Verse 1 — Surah Al-Qamar 54:1

၁။ အချိန်နာရီတော်ကြီးသည် နီးကပ်လာပြီ၊ လလည်း နှစ်စိတ်နှစ်ဖြာကွဲခဲ့လေပြီ။

Verse 2 — Surah Al-Qamar 54:2

၂။ ထို့အပြင် မယုံကြည်သူတို့သည် နိမိတ်လက္ခဏာတော်တစ်ပါးပါးကို မြင်ရသောအခါ ကျောခိုင်းသွားကြ၏၊ ဤအရာကား အလွန်ထက်မြက်သောမျက်လှည့်အတတ်ပေတည်းဟု ဆိုကြ၏။

Verse 3 — Surah Al-Qamar 54:3

၃။ ထိုသူတို့သည် တရားတော်ကို ငြင်းဆန်ကြ၏၊ မိမိတို့၏ ကိလေသာတဏှာဆွဲငင်ရာသို့ တကောက်ကောက် လိုက်ကြ၏၊ သို့သော် အမှုအခင်းတိုင်းသည် အဆုံးအဖြတ်ခံရမည်သာတည်း။

Verse 4 — Surah Al-Qamar 54:4

၄။ ထို့အပြင်သူတို့ထံသို့ သတင်းစကားအမှန်အကန်ကျရောက်လာပြီ၊ ထိုသတင်းသည် သူတို့အား မကောင်းမှုမှ တားဆီးအပ်၏။

Verse 5 — Surah Al-Qamar 54:5

၅။ ထိုသတင်းစကားသည် နက်နဲသောပညာအလင်းရောင်ဖြစ်၏၊ သို့သော်သတိပေးဆုံးမစကားများသည် သူတို့ အပေါ်တွင် အချည်းနှီးဖြစ်၏။

Verse 6 — Surah Al-Qamar 54:6

၆။ ထို့ကြောင့် အို-တမန်တော်၊ ဆင့်ခေါ်ရသောကောင်းကင်တမန်တော်သည် လူသားတို့အား အလွန်နာကျင်ဖွယ် သောအရာထဲသို့ ခေါ်ငင်သောနေ့တော်ကြီး၌ သင်သည် ထိုသူမိုက်တို့ထံမှ ထွက်ခွာသွားလော့။

Verse 7 — Surah Al-Qamar 54:7

၇။ ထိုအခါသူတို့သည် မျက်စိအောက်သို့ စိုက်လျက် သချုႋင်းများမှ ကစဉ့်ကလျားလွင့်ပါး၍လာသောနှံကောင်များ ကဲ့သို့ ထွက်လာကြလတ့ံ။

Verse 8 — Surah Al-Qamar 54:8

၈။ ယင်းသို့ထွက်လာပြီးနောက် ကြွေးကြော်ဆင့်ခေါ်သူရှိရာသို့ လျင်မြန်စွာပြေးလာပြီးလျှင် မိစ္ဆာဒိဋ္ဌိတို့က ဤနေ့ကား ကြမ်းကြုတ်ခက်ထန်လှပေတကားဟု ညည်းညူကြ၏။

Verse 9 — Surah Al-Qamar 54:9

၉။ ထိုသူတို့အလျင် တမန်တော်နူဟို၏ လူများသည် ငြင်းပယ်ကြ၏၊ သူတို့သည် ငါ၏ ကျေးကျွန်တော်ကြီးကို ပယ်ရှားကြ၏၊ ဤသူကား အရူးသာတည်းဟု ဆိုကြကုန်၏၊ သူ့ကို နှင်ထုတ်ကြ၏။

Verse 10 — Surah Al-Qamar 54:10

၁ဝ။ ထို့ကြောင့်သူသည် မိမိအရှင်သခင်အထံတော်၌ အို-အရှင်မြတ်၊ အကျွနု်ပ်သည် အရေးမလှဆုံးရှုံးပါပြီ၊ အကျွနု်ပ် အား စောင်မတော်မူပါဟု ငိုကြွေးတောင်းပန်၏။

Verse 11 — Surah Al-Qamar 54:11

၁၁။ ထိုအခါငါသည် ကောင်းကင်တံခါးများကို ဖွင့်၍ မိုးသည်းထန်စွာရွာသွန်းစေတော်မူ၏။

Verse 12 — Surah Al-Qamar 54:12

၁၂။ ထို့အပြင် ငါသည် မြေကြီးမှ စမ်းရေများစီးထွက်လာစေတော်မူ၏၊ ထိုအခါရေအပေါင်းတို့သည် ငါပြဌာန်းတော်မူ သည့်ကိစ္စအတွက် စုပေါင်းတွေ့ဆုံကြလေ၏။

Verse 13 — Surah Al-Qamar 54:13

၁၃။ ထို့အပြင်ငါသည် တမန်တော်နူဟိုကို ပျဉ်ချပ်များ၊ သံမှုများနှင့်ပြုအပ်သောအရာပေါ်တွင် ချီဆောင်ထားတော်မူ၏။

Verse 14 — Surah Al-Qamar 54:14

၁၄။ ထိုအရာသည် ငါ၏မျက်မှောက်ဝယ်ရေပြင်ပေါ်တွင် ပြေးနေ၏၊ ဤကဲ့သို့စီရင်တော်မူခြင်းသည် မကြည်ညို ငြင်းပယ်ခြင်းခံရသောတမန်တော်အတွက် ဆုလာဘ်တော်ဖြစ်၏။

Verse 15 — Surah Al-Qamar 54:15

၁၅။ ငါသည် ဤကြောင်းရာထုပ္ပတ်ကို နိမိတ်လက္ခဏာ မဟာရာဇဝင်ကြီးတစ်ပါးဖြစ်စေတော်မူ၏၊ သို့သော်သတိရသူ တစ်စုံတစ်ယောက်ရှိသလော။

Verse 16 — Surah Al-Qamar 54:16

၁၆။ အို-လူသားတို့၊ ငါ၏ သတိပေးတရားတော်များရောက်လာပြီးသည့်နောက် ငါ၏ အပြစ်ဒဏ်တော်သည် မည်ရွေ့ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကြည့်ကြလော့။

Verse 17 — Surah Al-Qamar 54:17

၁၇။ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို လွယ်လင့်တကူမှတ်သားနိုင်စိမ့်သောငှာ စီရင်ထားတော်မူ၏၊ သို့သော်ဤ ကျမ်းတော်မြတ်ကို အာရုံပြုသူတစ်စုံတစ်ယောက်ရှိသလော။

Verse 18 — Surah Al-Qamar 54:18

၁၈။ အားဒ်လူတို့သည် အဆုံးအမဒေသနာတော်များကို လက်မခံကြ၊ ငါသတိပေးဆုံးမသွန်သင်တော်မူပြီးသည့်နောက် ငါ၏ အပြစ်ဒဏ်သည် မည်ရွေ့မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။

Verse 19 — Surah Al-Qamar 54:19

၁၉။ ကြည့်ရှုကြလော့၊ ငါသည် ထိုသူတို့အပေါ် အလွန်ဆိုးသွမ်းသောဒုက္ခနေ့တွင် အလွန်ပြင်းထန်သောလေပြင်း မုန်တိုင်းကို မုချဧကန် စေလွှတ်တော်မူ၏။

Verse 20 — Surah Al-Qamar 54:20

၂ဝ။ ထိုလေဆိုးကြီးသည် စွန်ပလွံပင်များကို မြစ်ရင်းမကျန် နှုတ်လှန်တိုက်ခတ်ပစ်သကဲ့သို့ အားဒ်လူမျိုးကို သုတ်သင် ပယ်ရှင်းပစ်၏။

Verse 21 — Surah Al-Qamar 54:21

၂၁။ ထို့ကြောင့် ငါ့အဆုံးအမတရားတော်ကို ချပေးသနားတော်မူပြီးနောက် ငါ၏ အပြစ်ဒဏ်တော်သည် မည်ရွေ့မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ဆင်ခြင်ကြည့်ရှုကြလော့။

Verse 22 — Surah Al-Qamar 54:22

၂၂။ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို လွယ်လင့်တကူမှတ်သားနိုင်စိမ့်သောငှာ စီရင်ထားတော်မူ၏၊ သို့သော်ဤ ကျမ်းတော်ကို အာရုံပြုသူတစ်စုံတစ်ယောက်ရှိသလော။

Verse 23 — Surah Al-Qamar 54:23

၂၃။ စမုဒ်အမျိုးသားတို့လည်း အဆုံးအမတရားတော်ကို မယုံကြည်ငြင်းဆန်ကြ၏။

Verse 24 — Surah Al-Qamar 54:24

၂၄။ အကြောင်းမူကား သူတို့က ဤသို့ဆိုကြ၏၊ ငါတို့သည် မိမိအထဲမှဖြစ်သော သေမျိုးတစ်ယောက်ကို လိုက်နာ ရမည်လော၊ ထိုသို့လိုက်နာဆောင်ရွက်လျှင် ငါတို့သည် မုချဧကန်အမှားနှင့် ရူးသွပ်ခြင်းသို့ ဆိုက်ရောက်ရ တော့မည်။

Verse 25 — Surah Al-Qamar 54:25

၂၅။ ငါတို့အနက် သူ့ကိုသာ ဗျာဒိတ်ချပေးတော်မူသလော၊ မဟုတ်ချေ၊ သို့သော်သူသည် မာနကြီးသောမုသားကောင် တည်း။

Verse 26 — Surah Al-Qamar 54:26

၂၆။ ထိုသူတို့၏ တမန်တော်အား ဤသို့မိန့်တော်မူ၏၊ အို-တမန်တော်၊ မိုးသောက်နံနက်တွင် အဘယ်သူသည် မာနကြီးသောမုသားကောင်ဖြစ်သည်ကို သူတို့သိကြရလတ့ံ။

Verse 27 — Surah Al-Qamar 54:27

၂၇။ မှတ်သားလော့၊ ငါသည် သူတို့ကို စုံစမ်းဖို့ငှာ သူတို့ထံသို့ ကုလားအုတ်မတစ်ကောင်ကို စေလွှတ်တော်မူ၏၊ ထို့ကြောင့်သူတို့ကို စောင့်ကြည့်လော၊ သည်းခံခြင်းတရားရှိလော့။

Verse 28 — Surah Al-Qamar 54:28

၂၈။ ထို့အပြင် သူတို့အား ရေကို သူတို့နှင့် ကုလားအုတ်မတို့ ဝေသောက်ရမည်ဟု ပြောလော့၊ ရေသောက်ခြင်း ကို ကြည့်ရှုတော်မူလိမ့်မည်။

Verse 29 — Surah Al-Qamar 54:29

၂၉။ သို့သော် ထိုသူတို့သည် သူတို့အဆွေခင်ပွန်းတစ်ယောက်ကို ခေါ်၏၊ ထိုသူသည် ကုလားအုတ်မ၏ ဒူးကောက် ကြောကို လှီးဖြတ်၏။

Verse 30 — Surah Al-Qamar 54:30

၃ဝ။ ငါသည် ပညတ်တရားတော်ကို ချပေးသနားတော်မူပြီးမှ တပ်ရိုက်သောအပြစ်ဒဏ်တော်သည် မည်ရွေ့မည်မျှ ကြောက်ရွံ့ဖွယ်ကောင်းသည်ကို ကြည့်ရှုကြလော့။

Verse 31 — Surah Al-Qamar 54:31

၃၁။ မှတ်သားလော့၊ ငါသည် ထိုသူညစ်တို့ထံသို့ အလွန်ကြီးသောအသံတစ်ခုကို စေလွှတ်တော်မူလိုက်ရာ သူတို့သည် ကျွဲနွာတိရိစ္ဆာန်တဲကို ဆောက်လုပ်သူ လွှင့်ပစ်ချသည့်သစ်မြစ်ခြောက်ကဲ့သို့ ဖြစ်သွားကြ၏။

Verse 32 — Surah Al-Qamar 54:32

၃၂။ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို လွယ်လင့်တကူမှတ်သားနိုင်ရန် အမှန်စီရင်တော်မူ၏၊ လွဒ်၏ လူတို့သည်လည်း အဆုံးအမဒေသနာတော်ကို မယုံကြည်ငြင်းပယ်ကြ၏။

Verse 33 — Surah Al-Qamar 54:33

၃၃။ တမန်တော်လွဒ်၏ လူတို့သည်လည်း အဆုံးအမဒေသနာတော်ကို မယုံကြည်ငြင်းပယ်ကြ၏။

Verse 34 — Surah Al-Qamar 54:34

၃၄။ မှတ်သားလော့၊ ငါသည် တမန်တော်လွဒ်၏ အိမ်သူအိမ်သားမှတပါး အခြားသူတို့အပေါ်၌ ကျောက်ခဲမိုးအတိ ရွာသွန်းစေသောလေပြင်းမုန်တိုင်းကို စေလွှတ်တော်မူ၏၊ တမန်တော်၏ အိမ်သူအိမ်သားတို့ကို နံနက်မိုးသောက် ကျရောက်လာသောအခါ ထိုဘေးဆိုးကြီးမှ ကယ်နှုတ်တော်မူ၏။

Verse 35 — Surah Al-Qamar 54:35

၃၅။ ယင်းသို့ ကယ်နှုတ်တော်မူခြင်းမှာ ငါ၏ကောင်းကြီးမင်္ဂလာတော်ကြီးဖြစ်၏၊ ငါသည် ငါ၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျုးသူအား ယင်းကဲ့သို့အောင်ဆုမင်္ဂလာချပေးသနားတော်မူ၏။

Verse 36 — Surah Al-Qamar 54:36

၃၆။ ထို့အပြင် တမန်တော်လွဒ်သည် ထိုသူယုတ်မာတို့အား ငါ၏အပြစ်ဒဏ်တော်အကြောင်းကို သတိပေး၏၊ သို့သော် ထိုသူတို့သည် သူ၏ ဒေသနာတော်ကို ယုံမှားသံသယရှိကြ၏။

Verse 37 — Surah Al-Qamar 54:37

၃၇။ ထိုသူတို့သည် သူ၏ဧည့်သည်အာဂန္တုများကို မတရားကျင့်ဖို့ရာ တောင်းသေး၏၊ ထိုအခါငါသည် ထိုသူမိုက် တို့အား မျက်စိကန်းစေတော်မူ၏၊ ထို့နောက်ငါခြိမ်းခြောက်ထားတော်မူသော အပြစ်ဒဏ်တော်၏ အရသာကို မြည်းကြလော့ဟု မိန့်တော်မူ၏။

Verse 38 — Surah Al-Qamar 54:38

၃၈။ အမှန်မှာ ငါပြဌာန်းထားတော်မူသောအပြစ်ဒဏ်သည် သူတို့အပေါ်သို့ နံနက်အာရုဏ်တက်တွင် ကျရောက်၏။

Verse 39 — Surah Al-Qamar 54:39

၃၉။ ယခုငါခြိမ်းခြောက်ထားတော်မူသောအပြစ်ဒဏ်၏ အရသာကို မြည်းကြလော့။

Verse 40 — Surah Al-Qamar 54:40

၄ဝ။ မုချဧကန် ငါသည် ကျမ်းမြတ်ကုရ်အာန်ကို လွယ်လင့်တကူမှတ်သားနိုင်ရန် စီရင်ထားတော်မူ၏၊ သို့သော်ဤ ကျမ်းတော်ကို အာရုံပြုသူတစ်စုံတစ်ယောက်ရှိသလော။

Verse 41 — Surah Al-Qamar 54:41

၄၁။ ထို့အပြင်ဖွာရော၏ လူများထံသို့ သတိပေးအဆုံးအမတရားတော်ကျရောက်လာ၏။

Verse 42 — Surah Al-Qamar 54:42

၄၂။ သူတို့အားလုံးပင် တရားတော်ကို မကြည်ညိုငြင်းပယ်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့ကို အလွန်ကြီးမားပြင်းပြ သောဖမ်းဆီးခြင်းအားဖြင့် ဖမ်းဆီးကွပ်မျက်တော်မူ၏။

Verse 43 — Surah Al-Qamar 54:43

၄၃။ အို-ကြားနာရသူအပေါင်းတို့၊ သင်တို့အနက် မယုံကြည်သူသည် ငါဖျက်ဆီးကွပ်မျက်တော်မူပြီးသော ရှေးလူ ဟောင်းများထက် သာလွန်မြင့်မြတ်သလော၊ သို့မဟုတ် သင်တို့သည် တရားတော်ပါအပြစ်ဒဏ်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိကြသလော။

Verse 44 — Surah Al-Qamar 54:44

၄၄။ သို့မဟုတ် ငါတို့သည် အောင်ပွဲဆင်ပြီးသောစစ်တပ်ကြီးဖြစ်သည်ဟု သူတို့ဆိုကြသလော။

Verse 45 — Surah Al-Qamar 54:45

၄၅။ ထိုစစ်တပ်ကြီးသည် စစ်လှန်ခြင်းခံရလတ့ံ၊ ဗရမ်းဗတာထွက်ပြေးရလတံ့။

Verse 46 — Surah Al-Qamar 54:46

၄၆။ ပျက်စီးရမည့်အချိန်တော်သည် သူတို့အတွက် ချိန်းချက်ထားသောအချိန်နာရီတော်ကြီးဖြစ်၏၊ ထိုအချိန်တော်ကြီး သည် သူတို့အား သူတို့လောကတွင် မအောင်မြင်ဆုံးရှုံးမှုထက် သာလွန်ဆုံးရှုံးနစ်နာစေမည်။

Verse 47 — Surah Al-Qamar 54:47

၄၇။ မှတ်သားကြလော့၊ အပြစ်ကျုးလွန်သူတို့သည် အမှားနှင့် ရူးသွပ်ခြင်းတွင် နစ်မြုပ်နေကြ၏။

Verse 48 — Surah Al-Qamar 54:48

၄၈။ ထိုသူယုတ်မာတို့ကို မျက်နှာမှောက်ခုံထား၍ ငရဲမီးထဲသို့ ဆွဲငင်ပစ်ချသောနေ့တော်ကြီး၌ သူတို့အား ငရဲမီးကို စမ်းသပ်ကြည့်ကြလော့ဟု မိန့်တော်မူလတံ့။

Verse 49 — Surah Al-Qamar 54:49

၄၉။ မှတ်သားကြလော့၊ ငါသည် အရာခပ်သိမ်းတို့ကို အချိန်အဆအတိုင်းအထွာအားဖြင့် သင့်တင့်လျောက်ပတ်အောင် ဖန်ဆင်းတော်မူ၏။

Verse 50 — Surah Al-Qamar 54:50

၅ဝ။ ထို့အပြင် ငါ၏အမိန့်ဗျာဒိတ်တော်သည် တစ်ချက်လွှတ်အမိန့်တော်ဖြစ်၏၊ မျက်စိတမှိတ်လျှပ်တပြက်တွင် ဖြစ် ပေါ်လာ၏။

Verse 51 — Surah Al-Qamar 54:51

၅၁။ အို-မိစ္ဆာမိုက်တို့၊ ငါသည် နင်တို့ကဲ့သို့သောအယူလွဲသူတို့ကို အမှန်အကန်အထက်ထက်ကပင် ဖျက်ဆီးတော် မူလေပြီ၊ သို့ဖြစ်၍ နင်တို့အနက် တရားသံဝေဂရရှိသူတစ်စုံတစ်ယောက်ရှိသလော။

Verse 52 — Surah Al-Qamar 54:52

၅၂။ လူသားအပေါင်းတို့ပြုကျင့်သမျှအားလုံးကို ကြီးငယ်မဟူရေးတင်မှတ်သားပြီးဖြစ်၏။

Verse 53 — Surah Al-Qamar 54:53

၅၃။ ထိုစာအုပ်တော်ကြီးတွင် ပြုကျင့်သမျှအားလုံးကို ကြီးငယ်မဟူရေးတင်မှတ်သားပြီးဖြစ်၏။

Verse 54 — Surah Al-Qamar 54:54

၅၄။ မှတ်သားကြလော့၊ တရားသဖြင့် ကျင့်သောသူတော်စင်သူတော်မြတ်တို့သည် ဥယျာဉ်တော်များ၊ မြစ်ချောင်းများ အလယ်တွင် စံစားနေထိုင်ကြရလတ့ံ။

Verse 55 — Surah Al-Qamar 54:55

၅၅။ ထိုသူမြတ်တို့သည် အနန္တတန်ခိုးရှိသောဘုရင်မင်းမြတ်အထံတော်၌ မျက်နှာကောင်းစွာရသောသူတို့ဖြစ်ကြ၏။