Back to Languages

Burmese - Chapter 62 - Al-Jumuah

Translation by Ba Sein — Permalink

Verse 1 — Surah Al-Jumuah 62:1

၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိရှိသမျှတို့သည် အချုပ်အခြာအာဏာပိုင်သတော်မူသောအရှင်၊ သန့်ရှင်းစင်ကြယ်မြင့်မြတ်တော်မူထသောအရှင်၊ အနန္တဘုန်းတော်သခင်၊ သဗ္ဗညုတ ဉာဏ်တော်ရှင်အလ္လာဟ်အရှင်မြတ်၊ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြ၏။

Verse 2 — Surah Al-Jumuah 62:2

၂။ အရှင်မြတ်သည် စာမတတ်သော လူမျိုးအထဲတွင် မိမိတို့သားချင်းဖြစ်သော တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၏၊ ထိုတမန်တော်သည် သူတို့အား အရှင်မြတ်၏ နှုတ်ကပတ်တော်များကို ဖတ်ပြရန် သူတို့ကို သန့်ရှင်း စင်ကြယ်စေရန် ကျမ်းမြတ်ကုရ်အာန်ကို သင်ကြားရန် ပညာအလင်းရောင်ပေးရန်ဖြစ်၏၊ ထိုသူများသည် ရှေးအခါက လမ်းမှားရောက်နေသူများစင်စစ်ဖြစ်သော်လည်း သူတို့ကို သွန်သင်ဆုံးမတော်မူ၏။

Verse 3 — Surah Al-Jumuah 62:3

၃။ ထို့အပြင်ငါသည် ထိုတမန်တော်ကို မိမိအမျိုးသား မဟုတ်၍ သူတို့အထဲမပါဝင်သေးသည့်တပါးအမျိုးသားတို့ ကိုလည်း သွန်သင် ဆုံးမစိမ့်သောငှာ စေလွှတ်တော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 4 — Surah Al-Jumuah 62:4

၄။ ယင်းကဲ့သို့စေလွှတ်တော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်တည်း၊ အရှင်မြတ်သည် ချီးမြှင့်လိုတော်မူသောသူကို ကောင်းကြီးမင်္ဂလာတော်နှင့် ချီးမြှင့်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တကောင်းကြီး မင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 5 — Surah Al-Jumuah 62:5

၅။ တောင်ရသ်ကျမ်းတော်ကို ရလျက် မသုံးသောသူတို့သည် စာအုပ်များကို ကျောက်တုံးပေါ်ထက် ထမ်းရွက်ထား သောမြည်းတိရိစ္ဆာန်နှင့်တူ၏၊ အလ္လာဟ်အရှင်မြတ်၏ ဓမ္မစက်ကို ငြင်းပယ်သောသူတို့၏ ပမည်းပမာသည် အလွန်ဆိုးသွမ်းညစ်ညမ်းသောပမည်းပမာတည်း၊ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုပြုကျင့်သူတို့အား လမ်းပြ တော်မမူချေ။

Verse 6 — Surah Al-Jumuah 62:6

၆။ အို-တမန်တော်၊ ယဟူဒီမလူမျိုးတို့အား ဤသို့ပြောဆိုလော့၊ အို-အချင်းယဟူဒီတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခြားလူမျိုးတို့ထက် သာလွန်မြတ်နိုးတော်မူသည်ဟု သင်တို့ဆိုလျှင် သင်တို့သည် မှန်သောစကားကို ဆိုသူဖြစ်သော် ယခုချက်ချင်းသေလိုကြလော့။

Verse 7 — Surah Al-Jumuah 62:7

၇။ အမှန်မှာ နောင်တမလွန်ဘဝသို့ မိမိတို့လက်ဖြင့် တင်ကြိုပို့ထားနှင့်ပြီးဖြစ်သောပြုကျင့်မှုများကြောင့် သူတို့သည် ဘယ်အခါကာလမှ သေလိုကြမည်မဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုပြုလုပ်သူများကို အကုန်အစင်သိတော်မူ၏။

Verse 8 — Surah Al-Jumuah 62:8

၈။ အို-တမန်တော်ဟောပြောလော့၊ အို-အချင်းတို့၊ သင်တို့ကြောက်ရွံ့သောသေဘေးသည် သင်တို့ကို အမှန်ထိမည်သာတည်း၊ ထို့နောက်သင်တို့ကို မမြင်ရသောအရာ၊ မြင်ရသောအရာအလုံးစုံကို သိတော်မူသော အရှင်မြတ် ထံတော်သို့ ပြန်ပို့လတံ၊့ ထိုအခါ အရှင်မြတ်သည် အသင်တို့ ပြုကျင့်ခဲ့ သမျှသောအမှုအခင်းတို့ကို မိန့်တော်မူလိမ့်မည်။

Verse 9 — Surah Al-Jumuah 62:9

၉။ အို-ယုံကြည်သူအပေါင်းတို့၊ ဓမ္မ စည်းဝေးပွဲနေ့၏ ဆွလားသ် ဝတ်ပြုရန် ဆင့်ခေါ်သံကို ကြားသည်နှင့်တပြိုက်နက် အလုပ်အကိုင် ကုန်စည်ရောင်းဝယ် ကူးသန်းခြင်းကို လုံးလုံးစွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်အား သတိရဆွလားသ် ဝတ်ပြုရန် လျင်မြန်စွာ လာကြလော၊့ ယင်းပြုကျင့်မှုသည် သင်တို့အတွက် သာလွန်ကောင်းမြတ်၏၊ သင်တို့ သိလျှင် တော်လေစွ။

Verse 10 — Surah Al-Jumuah 62:10

၁၀။ ထိုဆွလားသ်ဝတ် တက်ပြီးသောအခါ သင်တို့သည် မြေပေါ်တွင် အနှံ့အပြားသွားလာ လှည့်ပတ်၍ အလ္လာဟ် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို ရှာဖွေကြလော့၊ ထို့အပြင်အရှင်မြတ်ကို များစွာ သတိရကြလော့၊ သို့မှသာလျှင် သင်တို့သည် အောင်မြင်ကြလိမ့်မည်။

Verse 11 — Surah Al-Jumuah 62:11

၁၁။ အို-တမန်တော်၊ ဤသူများသည် ရောင်းဝယ်ဖောက်ကားခြင်း၊ သို့မဟုတ်ကစားခုန်စားပျော်ရွှင်မှုများကို မြင်ရ သည်နှင့်တပြိုင်နက် သင့်ကို ရပ်လျက် ပစ်ထားခဲ့၍ ထွက်ခွာသွားကြ၏၊ ထိုသူတို့အား အချင်းတို့၊ အလ္လာဟ် အရှင်မြတ်အထံတော်ရှိသောကောင်းကြီးမင်္ဂလာတော်သည် ရောင်းဝယ်ဖောက်ကားခြင်း၊ ကစားခုန်စားပျော်ရွှင်ခြင်း တို့ထက် သာလွန်ကောင်းမွန်၏ ၊ အလ္လာဟ်အရှင်မြတ်သည် ပေးကမ်းစွန့်ကြဲသူအပေါင်းတို့တွင် အထွဋ်အခေါင် ဖြစ်တော်မူ၏။