[2] ၂။ ဤတော်မြတ်သည် သံသယကင်းသောကျမ်းတော်ဖြစ်၏။ ဒုစရိုက်မကောင်းမှုကို ရှောင်သူတို့အဖို့ လမ်းညွှန်ဖြစ်၏။
[3] ၃။ ထိုသူတို့သည် မမြင်စွမ်းနိုင်သောအရာများကို ယုံကြည်ကြ၏။ ဆွလာသ်ဝတ်ပြုကြ၏။ ငါအရှင် ပေးသနားတော်မူသောဥစ္စာများမှသုံးကြ၏။
[4] ၄။ ထို့ပြင် သူတို့သည် သင် မုဟမ္မဒ်ထံသို့ ချပေးတော်မူသော ကျမ်းတော်နှင့်သင် မပွင့်မီချပေးတော် မူသောကျမ်းတော်များကို ယုံကြည်ကြ၏။ နောင်တမလွန်ဘဝကိုလည်းယုံကြည်ကြ၏။
[5] ၅။ ဤသူတို့သည် သူတို့၏အရှင်သခင်မှ လမ်းညွှန်၌ ရပ်တည်ကြ၏။ ဤသူတို့သည် အောင်မြင်သူများ ဖြစ်ကြ၏။
[6] ၆။ မယုံကြည်သူတို့မူကား သင်သည် သူတို့ကို သတိပေး ခြောက်လှန့်သော်လည်းကောင်း၊ သတိမပေး မခြောက်မလှန့်သော်လည်းကောင်း မထူးချေ။ သူတို့သည် မယုံကြည်ကြပေ။
[7] ၇။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏နားနှင့် စိတ်နှလုံးတို့ကို တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ သူတို့၏ မျက်စိများကို အမြှေးများက ဖုံးထား၏။ သူတို့သည် အလွန်ကြီးလေးသောအပြစ်ကို ခံကြရမည်။
[8] ၈။ လူသားအနက် အချို့တို့သည် အယုံကြည်ကြပဲ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံး နေ့ကို ယုံကြည်ကြပါသည်ဟု ဆိုကြ၏။
[9] ၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယုံကြည်သူတို့အား လိမ်လည်လှည့်ဖြားသည်ဟုထင်ကြ၏။ သို့သော် သူတို့သည် မိမိကိုယ်မှတပါး မည်သူကိုမှ မလှည့်စားကြပေ။ သူတို့သည် အသိအမြင် ခေါင်းပါးကြ၏။
[10] ၁ဝ။ သူတို့၏ စိတ်နှလုံးတွင် ဝေဒနာစွဲကပ်နေ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဝေဒနာကို တိုးစေ တော်မူ၏။ သူတို့သည် မုသားစကားဆိုသောကြောင့် သူတို့၏အပြစ်၏ဏ်သည် အလွန်ပြင်းပြ နာကျင်ဖွယ်ဖြစ်၏။
[11] ၁၁။ ထို့ပြင်သူတို့အား ပထဝီမြေကြီးပေါ်တွင် အကျိုးပျက်စီးမှု မပြုလုပ်ကြလင့်ဟုပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် ငြိမ်းချမ်းသာယာမှုကို ပွားများသူများသာဖြစ်ကြ၏ဟု တုန့်ပြန်ပြောဆိုကြ၏။
[12] ၁၂။ သူတို့သည် ပျက်စီးဆုတ်ယုတ်မှုကို အမှန်ပင်ပြုကျင့်သူများမဟုတ်လော။ သို့သော် သူတို့သည် မသိမမြင်ကြပေ။
[13] ၁၃။ ထို့ပြင် သူတို့အား ဟယ် - အချင်းတို့ သင်တို့သည် အခြားသူတို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြလော့ ဟုပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် အရူးများကဲ့သို့ ယုံကြည်ရမည်လောဟု ဆိုကြ၏။ သူတို့သာလျှင် အရူးဖြစ်ကြသည်မဟုတ်လော။ သို့သော် သူတို့သည်မသိပေ။
[14] ၁၄။ ထို့ပြင် သူတို့သည် ယုံကြည်သူတို့နှင့်တွေ့ဆုံသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ကြ၏ဟု ပြောကြ ၏။ သို့သော် သူတို့သည် သူတို့၏ မာရ်နတ်များနှင့်အချင်းချင်း တွေ့ဆုံသောအခါ မှတ်သားကြလော့။ အကျွန်ုပ်တို့သည် သင်တို့ဘက်က ဖြစ်ကြ၏။ အကျွန်ုပ်တို့သည် ပြောင်လှောင်သည်သာ ဖြစ်၏ဟု ပြောပြကြ၏။
[15] ၁၅။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ပြောင်လှောင်တော်မူ၏။ သူတို့အား သူတို့၏ဒုစရိုက် အမှုအခင်း များ၌မျက်စိကန်းသူကဲ့သို့ လှည့်ပတ်သွားနေကြရန် ပစ်ထားတော်မူ၏။
[16] ၁၆။ ဤလူများသည် သမ္မာတရားတော်ကို မိစ္ဆာအယူဝါဒနှင့်ဖလှယ်ကြ၏ ထို့ကြောင့် သူတို့၏ ရောင်းဝယ် ဖောက်ကားမှုသည် အကျိုးမရှိပေ။ သူတို့သည် လမ်းညွှန်ခြင်းကို မခံရပေ။
[17] ၁၇။ သူတို့၏ဥပမာကား မီးမွှေးသောသူနှင့်တူ၏ ထိုမီးသည် သူ၏ပတ်ဝန်းကျင် ထွန်းလင်းတောက်ပသော အခါ အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ရုပ်သိမ်းတော်မူ၏။ သူ့ကို မှောင်အတိတွင် ပစ်ထားတော် မူ၏။ ထို့ကြောင့် သူသည် ဘာမှ မမြင်ရပေ။
[18] ၁၈။ သူတို့သည် ပင်းသူ၊ အသူ၊ ကန်းသူများဖြစ်ကြ၏။ လမ်းမှန်သို့ ပြန်မလာကြပေ။
[19] ၁၉။ သို့မဟုတ် အခြားဥပမာတစ်ခုကား မိုးသက်မုန်တိုင်းနှင့်တူ၏။ ထိုမုန်တိုင်းအတွင်း အမှောင်၊ မိုးကြိုးစက်နှင့် လျှပ်စစ်ရောင်လည်း အကန့်အကန့် ပါလာကြ၏။ မိုးကြိုးပစ်သံကြောင့် သူတို့သည် မိမိတို့၏နားများကို လက်ချောင်းကလေးများနှင့် ပိတ်ဆို့ထားကြ၏။ သူတို့သည် သေဘေးကို ထိတ်လန့်ကြ၏။ မယုံကြည်သူတို့ကို အလ္လာဟ်အရှင်မြ်တ ဝိုင်းထားတော်မူ၏။
[20] ၂ဝ။ လျှပ်စစ်ရောင်သည် သူတို့၏မျက်စိအလင်းကို ယူဆောင်သွားလုမတတ်ဖြစ်၏ သူတို့သည် အလင်းရတိုင်း အလင်းရောင်အားဖြင့်လျှောက်သွားကြ၏။ အမှောင်ကျရောက်လာသောအခါ သူတို့သည် ရပ်တန့်ကြရ၏။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါလျှင် သူတို့၏ကြားခြင်း၊ မြင်ခြင်း၊ စွမ်းရည်သတ္တိကို ဖျက်ဆီးတော်မူနိုင်၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
[21] ၂၁။ အေ လူသားတို့ သင်တို့သည် သင်တို့၏ အရှင်သခင်အား ကိုးကွယ်ကြလော့။ အရှင်မြတ်သည် သင်တို့နှင့်သင်တို့ထက်ရှေးကျသောသူများကို ဖန်ဆင်းတော်မူ၏။ သို့မှသာ သင်တို့သည် မကောင်းမှု ကို ဖယ်ရှားပစ်မည်။
[22] ၂၂။ အရှင်မြတ်သည် ကမ္ဘာ ့မြေကြီးကို သင်တို့၏အိပ်ယာအဖြစ် ခင်းထားတော်မူ၏။ မိုးကောင်းကင်ကို အမိုးအဖြစ် ထားတော်မူ၏။ မိုးကောင်းကင်မှမူ မိုးရေကို ရွာသွန်းစေတော်မူ၏။ မိုးရေအားဖြင့် သင်တို့၏ စားနပ်ရိက္ခာအတွက် သစ်သီးများကို သီးစေတော်မူ၏။ ထို့ကြောင့် သင်တို့ဥည် အရှင်မြတ် နှင့် အတုအပြိုင်မထားကြလင့်။
[23] ၂၃။ သင်တို့သည် ငါအရှင်က ငါ၏ကျေးကျွန်တမန်တော်ထံသို့ ချပေးသနားတော်မူသော ကုရ်အာန် ကျမ်းတော်၌ သံသယရှိလျှင် ဤကျမ်းတော်နှင့်တူသော စူရာဟ်တစ်ခုစီကုံးရေးသားကြလော့။ သင်တို့သည် အမှန်ကို ဆိုသူများဖြစ်ကြလျှင် အရှင်မြတ်မှတပါး သင်တို့သက်သေများကို ဖိတ်ခေါ်ကြ လော့။
[24] ၂၄။ သို့သော် သင်တို့သည် မစီကုံးမရေးသားနိုင်လျှင် အမှန်ပင် သင်တို့မရေးစွမ်းနိုင်ပေ။ သင်တို့သည် အဝီစိငရဲမီးမှ ကာကွယ်ကြလော့။ ထိုမီး၏ထင်းမှာ လူများနှင့်ကျောက်ခဲများဖြစ်၏။ ထိုငရဲကို မယုံကြည်သူတို့အဖို့ ပြင်ဆင်ထားတော်မူ၏။
[25] ၂၅။ ၎င်းပြင် ယုံကြည်၍ ကောင်းမှုပွားများသူတို့အား ဝမ်းမြောက်ဖွယ်သော သတင်းကို ပြောကြားလော့။ သူတို့၏ ဝေစုမှာ သုခဥယျာဉ်တော်များဖြစ်၏။ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်း အသွယ်သွယ် စီးဆင်းလျက်ရှိ၏။ ထိုဥယျာဉ်တော်မှအသီးများဖြင့် သူတို့အား ကျွေးမွေးသောအခါ တိုင်း သူတို့က ဤအစာအဟာရများသည် အကျွန်ုပ်တို့အား အထက်ကျော်ကာရီကပေးသော အစာပင်ဖြစ်၏ဟု ပြောဆိုကြ၏။ အကြောင်းမူကား သူတို့သည် ဆင်တူရိုးမှားတို့ကိုသာ ပေးခြင်းခံကြရ၏။ ဥယျာဉ်တော်အတွင်း သူတို့သည် သန့်ရှင်းဖြူစင်သော အပေါင်းအဘော်ရရှိကြ၏။ သူတို့သည် ဥယျာဉ်တော်အတွင်း အမြဲထာဝစဉ်စံမြန်းကြရ၏။
[26] ၂၆။ အလ္လာဟ်အရှင်မြတ်သည် အနိမ့်ဆုံးသောအရာကို ဥပမာဆောင်ပြမှုကို ယုတ်ည့ံသည်ဟု ထင်မှတ် တော်မမူပေ။ ယုံကြည်သူတို့သည် ထိုဥပမာကို သူတို့၏အရှင်သခင်ထံမှ ကျရောက်လာသော သစ္စာ တရားဟု သိမြင်၏။ သို့သော် မယုံကြည်သူတို့မူကား အလ္လာဟ်အရှင်မြတ်သည် ဤဥပမာအားဖြင့် မည်သည်ကို သင်လိုတော်မူသနည်းဟုပြောကြ၏။ အရှင်မြတ်သည် ဤဥပမာအားဖြင့် များစွာသော လူများကို လမ်းမှားစေတော်မူ၏။ များစွာသောလူများကိုလည်း လမ်းမှန်သို့ ညွှန်တော်မူ၏။ သို့သော် အရှင်မြတ်သည် မယုံကြည်သူတို့ကိုသာ ထိုဥပမာအားဖြင့် လမ်းမှားစေတော်မူသည်။
[27] ၂၇။ အလ္လာဟ်အရှင်နှင့်ထားသော ပဋိညာဉ်စာချုပ်ကို အတည်ပြုပြီးမှ ထိုစာချုပ်ကိုဖျက်သူ အရှင်မြတ်က အတူတကွပူးပေါင်းထားရန် ဗျာဒိတ်ပေးတော်မူသည်များကို ဖြိုခွဲဖြတ်တောက်သူ မြေပေါ်တွင် မကောင်းမှုကို ပြုကျင့်ကြသူ ဤလူများသည် ဆုံးရှုံးသူများဖြစ်ကြ၏။
[28] ၂၈။ သင်တို့သေပြီးနောက် အရှင်မြတ်သည် သင်တို့အား အသက်ပေးတော်မူပါလျက် သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အဘယ်ကြောင့် မယုံကြည်ကြသနည်း။ အရှင်မြတ်သည် သင်တို့ကို တဖန် သေစေတော်မူ၍ တဖန်အသက်ရှင်စေတော်မူမည်။ သင်တို့သည် အရှင်မြတ်ထံသို့ ပြန်ကြရမည်။
[29] ၂၉။ အလ္လာဟ်အရှင်မြတ်သည် မြေပေါ်ဝယ် ရှိရှိသမျှတို့ကို သင်တို့အဘို့အရာ ဖန်ဆင်းထားတော်မူ၏။ ထို့နောက် မိုးကောင်းကင်ဘက်သို့လှည့်တော်မူ၍ ကောင်းကင်ခုနှစ်ထပ်ကို ဖန်ဆင်းတော်မူ၏။ အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများကို သိတော်မူသော အရှင်ဖြစ်တော်မူ၏။
[30] ၃ဝ။ သင်၏ အရှင်သခင်သည် ကောင်းကင်တမန်တော်တို့အား အေ - ကောင်းကင်တမန်တော်တို့ ငါအရှင်သည် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ ကိုယ်စားလှယ်တော်တစ်ပါးကို ဖန်ဆင်းတော်မူမည်ဟု ဗျာဒိတ်ပေးတော်မူသောအခါ သူတို့က အို - အရှင် အရှင်သည် မြေပေါ်ဝယ် ဘေးဥပါဒ်ပြု၍ သွေးမြေကျအောင်ကျင့်မည့်သူကို ဖန်ဆင်းတော်မူပါမည်လော။ အကျွန်ုပ်တို့မူကား အရှင်၏ ဂုဏ်ကျေးဇူးတော်နှင့်သန့်ရှင်းစုံလင်သော နာမတော်ကို ချီးကျူးတသနေကြ၏။ လျှောက်ကြ၏။ အရှင်မြတ်က ငါသည် သင်တို့မသိသည်ကို အမှန်သိတော်မူ၏ဟု မိန့်တော်မူ၏။
[31] ၃၁။ ထို့နောက် အရှင်မြတ်သည် အာဒမ်အား အရာခပ်သိမ်းကုန်တို့၏ အမည်များကို သင်ပေးတော်မူ၏။ ထိုအရာများကို ကောင်းကင်တမန်များကို ပြသပြီးလျှင် အေ ကောင်းကင်တမန်တော်တို့ သင်တို့သည် အမှန်စကားကို ဆိုကြလျှင် ဤအရာများ၏အမည်များကို ငါ့အားပြောပြကြလော့ဟု မိန့်တော်မူခဲ့ ၏။
[32] ၃၂။ သူတို့က အို အရှင်၊ အရှင်သည် ကုံလုံတော်မူပါ၏။ အရှင် သင်တော်မူသည်မှတပါး အခြားပညာ သည် ကျွန်ုပ်တို့၌မရှိပါ။ အရှင်သာလျှင် သိတော်မူသောအရှင်၊ အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူပါ၏ ဟု လျှောက်ကြ၏။
[33] ၃၃။ ထိုအခါ အရှင်မြတ်သည် အာဒမ်အား အေ အာဒမ် သူတို့အား သူတို့၏အမည်များကိုပြောပြလော့ ဟု ဗျာဒတ်ချပေးတော်မူ၏။ သူသည် ၎င်းတို့အား ထိုအမည်များကို ပြောပြပြီးနောက် အရှင်မြတ်က ငါသည် မိုးကောင်ကင်နှင့် ကမ္ဘာမြေပြင်တို့၏ လျှို့ဝှက်ခြင်းတို့ကို သိတော်မူသည်ဟု သင်တို့အား ငါဗျာဒိတ်ပေးတော်မူသည် မဟုတ်လော။ ထို့ပြင် ငါသည် သင်တို့ကို ထုတ်ဖော်ပြောဆိုသည်ကို လည်းကောင်း၊ လျှို့ဝှက်သည်ကိုလည်းကောင်း သိတော်မူ၏ဟု မိန့်တော်မူ၏။
[34] ၃၄။ ငါအရှင်သည် ကောင်းကင်တမန်တို့အား သင်တို့သည် အာဒမ်အား ဦးညွတ်ကြလော့ဟု မိန့်တော် မူသောအခါ အိဘလစ်မှတပါး အခြားကောင်းကင်ကတမန်တို့သည် ဦးညွတ်ကြ၏။ သူသည် မာနကြောင့် အမိန့်တော်ကို မနာခံ။ ထို့ကြောင့် သူသည် မယုံကြည်သူဖြစ်သွား၏။
[35] ၃၅။ ငါက အေ အာဒမ် သင်တို့ ဇနီးမောင်နှံသည် သုခဥယျာဉ်တော်တွင် နေကြလော့။ သင်တို့သည် ဥယျာဉ်အသီးအနှံများကို အလိုဆန္ဒအတိုင်း လွတ်လပ်စွာစားကြလော့။ သို့သော် သင်တို့သည် ဒုစရိုက်မှုကျူးလွန်သူများ မဖြစ်စေခြင်းငှာ ဤအပင်နားသို့ မချဉ်းကပ်ကြလင့်ဟု မိန့်တော်မူ၏။
[36] ၃၆။ ထို့နောက် ရှိုင်တွာန်မာရ်နတ်သည် သူတို့ကို လမ်းမှန်မှတိမ်းစေ၏။ ဧချမ်းသာယာသည့် အခြေအနေမှ နှင်ထုတ်၏။ ငါအရှင်က သင်တို့ဆင်းသွားကြလော့။ သင်တို့အနက် တစ်ယောက်သည် အခြား တစ်ယောက်၏ရန်သူဖြစ်လတ္တံ့။ သင်တို့သည် ကမ္ဘာမြေပေါ်၌ ခေတ္တခဏနေဘို့ရာနေရာ စားဖို့ရာ အစာ ရရှိကြလတ္တံ့ဟု မိန့်တော်မူ၏။
[37] ၃၇။ ထို့နောက် အာဒမ်သည် သူ၏ အရှင်သခင်ထံမှ ဗျာဒိတ်တော်များကို ရရှိ၏။ အရှင်မြတ်သည် သူ့အပေါ်တွင် အမျက်ပြေတော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် အမျက်ပြေတော်မူသော အရှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
[38] ၃၈။ ငါအရှင်က အေ အာဒမ် သင်တို့အားလုံး ဥယျာဉ်တော်မှ ယခုချက်ချင်း ဆင်းသွားကြလော့။ သို့သော် ငါ့ထံမှ သင်တို့ထံသို့ လမ်းညွှန်အမှန်ပင်ကျလာလတ္တံ့။ အကြင်သူတို့သည် ငါ၏လမ်းညွှန်ကို လိုက်ကြအ့ံ။ ထိုသူတို့အပေါ်သို့ စိုးရိမ်ကြောင့်ကြခြင်းကျမည်မဟုတ် သူတို့သည် ပူဆွေးကြရမည် လည်း မဟုတ်ပေ။
[39] ၃၉။ သို့သော် အကြင်သူတို့သည် မယုံကြည်ကြ။ ငါအရှင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ကြ၏။ ထိုသူတို့သည် ငရဲပြည်ကို တရားသဖြင့် ပိုင်သူများဖြစ်ကြ၏။ သူတို့သည် ငရဲပြည်၌ နေကြရမည်။
[40] ၄ဝ။ အေ အစ္စရာအီလ်အမျိုးသားတို့ သင်တို့အား ငါပြုတော်မူသော ဂုဏ်ကျေးဇူးတော်ကို သတိရကြ လော့။ သင်တို့သည် ငါနှင့်ဖွဲ့ထားသော ပဋိညာဉ်ကိုစောင့်ထိန်းကြလော့။ ငါ့ကိုကြောက်ရွံ့ ရိုကျိုး ကြလော့။
[41] ၄၁။ ထို့ပြင် သင်တို့သည် ငါချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြလော့။ ထိုကျမ်းတော်သည် သင်တို့ရရှိပြီးသော ကျမ်းတော်ကို ထောက်ခံ၏။ သို့ဖြစ်၍ သင်တို့သည် ကုရ်အာန်ကျမ်းတော်ကို ရှေးဦးစွာ ပစ်ပယ်သူများမဖြစ်ကြလျင့်။ ငါ၏တရားတော်ကို အဘိုးနည်းနည်း နှင့် မရောင်းစားကြလင့်၊ ငါ့အား ကြောက်ရွံ့ရိုကျိုးကြလော့။
[42] ၄၂။ သင်တို့သည် တရားအမှန်နှင့် တရားအမှားကို ရှုပ်ထွေးအောင်မပြုကြလင့်။ တရားမှန်ကိုသိလျက်နှင့် ဖုံးမထားကြလင့်။
[43] ၄၃။ သင်တို့သည် မိမိတို့ကိုယ်တိုင် တရားစောင့်စည်းရိုသေရန် မေ့လျော့လျက် လူသားတို့ကို တရား စောင့်စည်းရန် ဆင့်ဆိုကြသလော။ သင်တို့သည် သမ္မာကျမ်းတော်ကို ရွတ်ဖတ်သူမျးဖြစ်ကြသလော။ သင်တို့၌ ဆင်ခြင်တုံတရားမရှိကြသလော။
[44] ၄၄။ သင်တို့သည် မိမိတို့ကိုယ်တိုင်တရားစောင့်စည်းရိုသေရန် မေ့လျော့လျက် လူသားတို့ကို တရား စောင့်စည်းရန် ဆင့်ဆိုကြသလော။ သင်တို့သည် သမ္မာကျမ်းတော်ကို ရွတ်ဖတ်သူများဖြစ်ကြသလော။ သင်တို့၌ ဆင်ခြင်တုံတရားမရှိကြသလော။
[45] ၄၅။ အစာင်အမတော်ကို သည်းခံခြင်းနှင့် ဆွလာသ်ဝတ်ပြုခြင်းတို့ဖြင့် ရှာမှီးကြလော့။ မိမိကိုယ်ကိုမိမိ နှိမ့်ချသူများမှတပါး အခြားသူများအတွက် ယင်းသို့ပြုကျင့်ရန်အမှန်ပင် ခဲယဉ်းလှ၏။
[46] ၄၆။ ထိုသူတို့သည် သူတို့၏အရှင်သခင်အား တွေ့ရမည်ကိုသော်လည်းကောင်း၊ သူတို့သည် အရှင်မြတ် ထံသို့ ပြန်ကြရမည်ကိုသော်လည်းကောင်း သူတို့သိကြ၏။
[47] ၄၇။ အေ အစ္စရာအီလ်အမျိုးသားတို့ သင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာ တော်ကို သတိရကြလော့။ ဝေနေယျသတ္တဝါတို့ထက် သင်တို့ကို ငါသည် သာလွန်နှစ်သက်တော်မူ သည်ကိုလည်း သတိရကြလော့။
[48] ၄၈။ ၎င်းပြင် ဝိညာဉ်တစ်ခုက အခြားဝိညာဉ်ကို အကျိုးပြုနိုင်မည်မဟုတ်သောနေ့၊ ထိုဝိညာဉ်ထံမှ တောင်းပန်ကယ်နှုတ်ခြင်းကိုလက်ခံမည်မဟုတ်သောနေ့၊ ထိုဝိညာဉ်ထံမှ လျော်ကြေးကို လက်ခံမည် မဟုတ်သောနေ့၊ ဝိညာဉ်များကို ကူညီမည် ဟုတ်သောနေ့ သင်တို့သည် သင်တို့ကိုယ်ကို ထိုနေ့မှ ကာကွယ်ကြကုန်လော့။
[49] ၄၉။ ၎င်းပြင် ငါအရှင်သည် သင်တို့အား ဖာရောမင်း၏ လူများထံမှ ကယ်နှုတ်တော်မူသည်ကို သတိရကြ လော့။ သူတို့သည် သင်တို့အား အလွန်ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းကြ၏။ သင်တို့၏သားများကို သတ်ဖြတ်ကြ၏။ အမျိုးသမီးကိုသာ အသက်ချမ်းသာပေးကြ၏။ ထိုဘေးဒုက္ခကြီးသည် သင်တို့၏ အရှင်သခင်ထံမှ ကြီးမားစမ်းသပ်ခြင်းဖြစ်၏။
[50] ၅ဝ။ ၎င်းပြင် သင်တို့အား ပင်လယ်ကို ဖြတ်ကျော်ယူဆောင်၍ ကယ်တင်တော်မူခြင်း၊ သင်တို့ မျက်မှောက် ၌ ဖာရောမင်း၏လူများကို ရေတွင်နစ်မြုပ်သေဆုံးစေတော်မူခြင်း စသည့် ငါ့ကျေးဇူးတော်များကို သင်တို့ သတိရကြလော့။
[51] ၅၁။ ၎င်းပြင် ငါသည် တမန်တော်မူဆာအား ဆိတ်ငြိမ်ရာတွင် ညဉ့်ပေါင်းလေးဆယ်နေရန် ဗျာဒိတ် ပေးတော်မူ၏။ သူသည် သင်တို့နှင့် ယင်းသို့ ခွဲခွာနေစဉ် သင်တို့သည် နွားကလေးရုပ်ကို ပြုလုပ်၍ ကိုးကွယ်ကြပြီးလျှင် ဒုစရိုက်မှု ကျူးလွန်သူများဖြစ်ကြသည်ကိုလည်း သတိရကြလော့။
[52] ၅၂။ ယင်းသို့ပြုကျင့်ပြီးနောက် သင်တို့သည် ငါ၏ကျေးဇူးတော်ကို ချီးမွမ်းစိမ့်သောငှာ ငါအရှင်သည် သင်တို့ကို အပြစ်လွှတ်တော်မူ၏။
[53] ၅၃။ ၎င်းပြင် ငါသည် သင်တို့အားလမ်းမှန်ကိုညွှန်ပြဖို့ရာ တမန်တော်မူဆာအား ကောင်းဆိုးနှစ်ပါးကို ခွဲခြားသိစွမ်းနိုင်ရာသောကျမ်းတော်ကို ချပေးသနားတော်မူသည်ကိုလည်း သတိရကြလော့။
[54] ၅၄။ ၎င်းပြင် တမန်တော်မူဆာသည် သူ၏အမျိုးသားများအား ဟယ် အချင်းတို့ သင်တို့သည် နွားကလေး ကို ခဝပ်ကိုးကွယ်ရန် ရွေးချယ်ခြင်းဖြင့် သင်တို့သည် မိမိကိုယ်ကို ပြစ်မှားမိလေပြီ။ ထို့ကြောင့် သင်တို့သည် မိမိတို့ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်၌ဝန်ချတောင်းပန်ကြလော့။ သင်တို့သည် သင်တို့ကိုယ်တိုင် ဒုစရိုက်ကောင်များကို သုတ်သင်ရှင်းလင်းပစ်ကြလော့။ ထိုပြုကျင့်မှု သည် သင်တို့ကို ဖန်ဆင်းတော်မူထသော အရှင်မြတ်ေ့ရှတော်မှောက်၌ သင်တို့အတွက် အမွန်မြတ် ဆုံးဖြစ်ပေ၏။ အရှင်မြတ်သည် သင်တို့အပေါ်တွင် အမျက်ပြေတော်မူမည်။ မှတ်သားကြလော့။ အရှင်မြတ်သည် အမျက်ပြေတော်မူသော ကောင်းချီးမင်္ဂလာပေးသနားတော်မူသော အရှင် ဖြစ်တော်မူ၏။
[55] ၅၅။ ၎င်းပြင် သင်တို့သည် တမန်တော်မူဆာအား အို - မူဆာ အလ္လာဟ်အရှင်မြတ်ကို မျက်ဝါးထင်ထင် မဖူးမမြင်ရသမျှကာလပတ်လုံး အကျွန်ုပ်တို့သည် သင့်အား ယုံကြည်ကြမည်မဟုတ်ဟု ပြောသော အခါ သင်တို့သည် ကြည့်နေစဉ်ပင် သင်တို့အား မိုးကြိုးထိသည်ကိုလည်း သတိရကြလော့။
[56] ၅၆။ ထို့နောက် သင်တို့သည် ငါအရှင်မြတ်၏ ကျေးဇူးတော်ကို ချီးကျူးစိမ့်သောငှာ သင်တို့ကို ပျက်ပြုန်း စေပြီးမှ သင်တို့ကို ငါတဖန်ရှင်စေတော်မူ၏။
[57] ၅၇။ ၎င်းပြင် ငါသည် သင်တို့ကို တိမ်ဖြူမြင့်မိုးထားတော်မူ၏။ မန္နနှင် ငုံးငှက်ကို သင်တို့အား ချပေးတော် မူ၏။ ထုအခါ သင်တို့သည် ငါပေးသနားတော်မူသည့် ကောင်းမွန်သောအရာများမှ မှီဝဲကြလော့ဟု မိန့်တော်မူ၏။ ငါသည် သူတို့အားမတရားပြုတော်မူသည်မဟုတ်။ သို့သော် သူတို့သည် မိမိကိုယ်ကို မိမိတို့ မတရားပြုကြသည်။
[58] ၅၈။ ၎င်းပြင် ငါသည် သူတို့အား သင်တို့သည် ဤရွာအတွင်းသို့ ဝင်ကြလော့။ ရွာတွင်းရှိ အစားအစာများ ကို လွတ်လပ်စွာစားသုံးကြလော့။ ရွာတံခါးပေါက်ဝကို နှိမ့်ချဝပ်တွား၍ ဝင်ကြလော့။ မိမိတို့ အပြစ်များကို ဝန်ချတောင်းပန်ကြလော့။ ငါသည် သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူမည်။ သုစရိုက်ပွားများသူတို့၏အကျိုးသုခကို တိုးပွားစေတော်မူမည်ဟု မိန့်တော်မူ၏။
[59] ၅၉။ သို့သော် မကောင်းမှုပြုကျင့်သူတို့သည် သူတို့ထံ ချပေးတော်မူသော ဗျာဒိတ်စကားတော်ကို အခြား စကားသို့ပြောင်းကြ၏။ ထို့ကြောင့် ငါသည် ဒုစရိုက်ကောင်များအပေါ်သို့ သူတို့၏ စုစရိုက်အမှုများ ကြောင့် ကောင်းကင်ဘုံမှ အပြစ်ဒဏ်တော်ချပေးတော်မူ၏။
[60] ၆ဝ။ ၎င်းပြင် တမန်တော်မူဆာသည် သူ၏အမျိုးသားများအတွက် ရေပေးတော်မူရန် ဆုတောင်းသော အခါ ငါသည် သူ့အား အေ မူဆာ သင်သည် မိမိတောင်ဝှေးနှင့် ကျောက်တုံးကြီးကို ရိုက်လော့ဟု မိန့်တော်မူ၏။ ရိုက်သောအခါ ကျောက်တုံးကြီးမှ စိမ့်စမ်းရေကြောင့် ဆယ့်နှစ်သွယ်ပန်းထွက်လာကြ ၏။ ထိုအခါ တမန်တော်မူဆာ၏ ဆယ့်နှစ်သင်းသားတို့သည်ကိုယ်စီကိုယ်ငှ ချောင်းတသွယ်စီ ရကြ၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော ရိက္ခာများမှ စားကြ၊ သောက်ကြ ကုန်လော့။ မတရားပြုကျင့်ပြီးလျှင် ကမ္ဘာမြေပေါ်၌ မကောင်းမှု မကျူးလွန်ကြလင့်။
[61] ၆၁။ ၎င်းပြင် သင်တို့သည် အို မူဆာ အစာတစ်မျိုးတည်းကို စားသုံးရခြင်းဖြင့် အကျွန်ု်ပ်တို့ ငြီးငွေ့လာပြီ။ သင်၏အရှင်သခင်အား အကျွနု်ပ်တို့အတွက် မြေကြီးထဲမှ အသီးအနှံပေါက်ရောက်စေမည့် အကြောင်း တောင်းပန်ပါလော့။ ဤမြေပေါ်တွင် ဟင်းပင်၊ သခွားပင်၊ ကောက်ပဲသီးနှံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသော ပွင့်မျိုး၊ သီးမျိုးတို့ပေါက်ရောက်စေရန် ဆုတောင်းပါလော့ဟု ဆိုကြ၏။ ထိုအခါ တမန်တော်မူဆာက ဟယ် အမိုက်တို့ သင်တို့သည် မြင့်မြတ်သောအရာကို နိမ့်ကျသောအရာနှင့် လဲလှယ်ကြမည်လော။ သင်တို့သည် ယခုပင် မြို့တွင်းသို့ဝင်ကြလော့။ မြို့တွင်း၌ သင်တို့တောင်းသော အသီးအနှံများကို ရကြလတ္တံ့ဟု မိန့်တော်မူ၏။ သူတို့အား ယုတ်ည့ံသေးသိမ်ခြင်းနှင့် ဆင်းရဲခြင်းကို ခံစားစေတော်မူ၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်သည် အမျက်ရှတော်မူ၏။ ယင်းသို့ဖြစ်ရခြင်းကား သူတို့ဥည် အရှင်မြတ်၏ကျမ်းတော်ကို မယုံကြည်၊ အရှင်မြတ်စေလွှတ်တော်မူသော တမန်တော် များကို မတရားသတ်ဖြတ်ခြင်းကြောင့်ဖြစ်၏။ သူတို့သည် ဗျာဒိတ်တော်မနာခံဘဲ တရားတော်ကို ဖောက်ဖျက်သောကြောင့်လည်းဖြစ်၏။
[62] ၆၂။ မှတ်သားလော့။ အေ မုဟမ္မဒ် သင့်ထံချပေးသနားတော်မူသော ကျမ်းတော်မြတ်ကို ယုံကြည်သူများ ရဟူဒီလူမျိုးများ ခရစ်ယာန်ဘာသာဝင်များ၊ ဘေဒင်ဇင်ဒစ်က်များ မည်သူမဆို အလ္လာဟ်အရှင်မြတ် နှင့် နောက်ဆုံးနေ့ကို ယုံကြည်လျက် တရားသဖြင့် ကျင့်ကြံအ့ံ။ ထိုသူတို့၏ ဆုလာဘ်သည် သူတို့၏ အရှင်သခင်ထံ၌ရှိ၏။ သူတို့အပေါ်သို့ ကြောက်ရွံ့ခြင်းကျမည်မဟုတ်။ သူတို့ ပူဆွေးရမည်မဟုတ်ပေ။
[63] ၆၃။ အေ - အစ္စရာအီလ်အမျိုးသားအပေါင်းတို့ ငါသည် သင်တို့နှင့် ပဋိညာဉ်စာချုပ်ဖွဲ့၍ သင်တို့အပေါ်၌ တောင်ကိုကြွပြီးလျှင် မိုးထားသောအချိန်ကာလကိုသတိရကြလော့။ ထိုအခါ ငါသည် သင်တို့အား သင်တို့သည် ငါပေးသနားတော်မူသောကျမ်းတော်ကို စွဲမြဲစွာကိုင်ထားကြလော့။ သင်တို့သည် ဒုစရိုက် မကောင်းမှုကို ရှောင်ကြဉ်နိုင်ရန် ကျမ်းတော်ပါ တရားတော်များကို သတိရကြလော့ဟု မိန့်တော်မူ၏။
[64] ၆၄။ ထို့နောက် သင်တို့သည် ကျမ်းတော်မြတ်ကို ကျောပေးသွားကြ၏။ အကယ်၍ အရှင်မြတ်က သင်တို့အား ကရုဏာပြုတော်မမူ၊ ကောင်းချီးပေးတော်မမူပါလျှင် သင်တို့သည် ဆုံးရှုံးသူတို့အထဲမှ ဖြစ်ကြမည်သာတည်း။
[65] ၆၅။ ထို့ပြင် သင်တို့အထဲမှ ဥပုသ်ဖျက်သူများအား ငါအရှင်က သင်တို့သည် အလွန်စက်ဆုတ်မုန်းတီးဖွယ် ကောင်းသော မျောက်များဖြစ်ကြလော့ဟု မိန့်တော်မူခြင်းကို သင်တို့သိကြ၏။
[66] ၆၆။ ယင်းအပြစ်ဒဏ်ပေးခြင်းကို သူတို့၏ လက်ရှိမျိုးသားများနှင့် နောင်လာနောက်သားတို့အဖို့ သင်ခန်းစာ တစောင်အဖြစ်ဖြင့် ငါအရှင်မြတ် စီရင်တော်မူ၏။ အရှင်မြတ်အားကြောက်ရွံ့ရိုကျိုးသူတို့အဖို့ ဆုံးမ သြဝါဒတပါးဖြစ်စေတော်မူ၏။
[67] ၆၇။ ၎င်းပြင် တမန်တော်မူဆာသည် သူ၏အမျိုးသားတို့အား မှတ်သားကြလော့။ သင်တို့သည် နွားမ တစ်ကောင်ကို လှီးသတ်လှူဒါန်းရမည်ဟု အရှင်မြတ်ဗျာဒိတ်တော်ပေးတော်မူသည်ဟု ဟောကြား သောအခါ သူတို့က သင်သည် အကျွန်ုပ်တို့အား ကျီစားသလောဟုမေးကြ၏။ သူသည် သူတို့အား အလ္လာဟ်အရှင်မြတ် ငါ့အား အရူးအထဲမှမဖြစ်ရန် တားမြစ်တော်မူသည်ဟုပြန်ပြော၏။
[68] ၆၈။ ထိုအခါ သူတို့က အဘယ်ကဲ့သို့ နွားမဖြစ်သည်ကို ထင်ရှားစွာ ဗျာဒိတ်ပေးတော်မူရန် သင်၏ အရှင်သခင်၌ဆုတောင်းပါလော့ဟုဆို၏။ တမန်တော်မူဆာသည် သူတို့အား မှတ်သားကြလော့။ ထိုနွားမသည် သားသည်အမေလည်းမဟုတ်၊ အရွယ်မရောက် မကြီးသေးသော နွားကလေးလည်း မဟုတ်။ ဤအချက်နှစ်ချက်စပ်ကြားတွင် ရှိရမည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဗျာဒိတ်တော်အတိုင်း ပြုလုပ်ကြလော့ဟု ပြောဆို၏။
[69] ၆၉။ တမန် သူတို့က နွားမ၏အရောင်ကို မိန့်တော်မူရန် သင်၏အရှင်သခင်အား လျှောက်ပါလော့ဟု ဆို၏။ ထိုအခါ မူဆာက မှတ်သားကြလော့။ နွားမ၏အရောင်မှာ အဝါဖြစ်၍ မြင်ရသူတိုင်း နှစ်သက် လောက်အောင် တောက်ပြောင်စေရမည်ဟု ဗျာဒိတ်တော်လာ၏ဟုဖြေဆို၏။
[70] ၇ဝ။ တဖန် သူတို့က အဘယ်နွားမဖြစ်သည်ကို မိန့်တော်မူရန် သင်၏အရှင်သခင်ထံ တောင်းပန်ပါလေ။ နွားမများသည် အတူတူပင်ဖြစ်သည်ဟု အကျွန်ုပ်တို့ထင်ကြ၏။ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါ လျှင် အကျွန်ုပ်တို့အား လမ်းမှန်ကို ပို့သတော်မူမည်ဟုဆိုကြ၏။
[71] ၇၁။ ထိုအခါ တမန်တော်မူဆာသည် မှတ်သားကြလော့။ ထိုနွားမသည် ထမ်းပိုးတင်ပြီးသောနွားမလည်း မဟုတ်၊ ထွန်နွားလည်းမဟုတ်၊ လယ်ရေသွင်းရသော နွားမလည်းမဟုတ်။ ကျမ်းမာဝဖြိုး အရောင် ကွက်ကြားခြင်းမရှိသော နွားမဖြစ်၏ဟူ၍ ဗျာဒိတ်တော်လာ၏ဟု ပြန်ဖြေ၏။ ထိုအခါ သူတို့က ယခုပင် အမှန်ကိုဆို၏ဟုပြောကြားပြီးလျှင် နွားမကို လှီးသတ်ကြ၏။ သို့သော် သူတို့၌ ယင်းသို့ ပြုလုပ်လိုသော ဆန္ဒအလျင်းမရှိကြပေ။
[72] ၇၂။ သင်တို့သည် လူတစ်ယောက်ကို သတ်ဖြတ်ပြီးလျှင် ထိုအကြောင်းနှင့်ပတ်သက်၍ အချင်းချင်း သဘောကွဲလွဲနေသောအခါ အလ္လာဟ်အရှင်မြတ်သည် သင်တို့ဖုံးကွယ်ထားသော အကြောင်းအရာ ကို ထင်ရှားပေါ်ပေါက်စေတော်မူ၏။ ဤအဖြစ်အပျက်ကို သင်တို့ သတိရကြလော့။
[73] ၇၃။ ထိုအခါ ငါအရှင်က သင်တို့သည် သူ့အားရိုက်နှက်ကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ယင်းသို့ အလ္လာဟ်အရှင်မြတ်သည် ထိုသေသူကို ပြန်ရှင်တော်မူစေ၍ သင်တို့အသိတရားရစေခြင်းငှာ မိမိ၏ နမိတ်လက္ခဏာ အ့ံဖွယ်တော်များကို ပြသတော်မူ၏။
[74] ၇၄။ ယင်းသို့ ပြသတော်မူသော်လည်း သင်တို့၏စိတ်နှလုံးသည် ကျောက်တုံးကဲ့သို့ သို့မဟုတ် ကျောက်တုံး ထက်ပင် မာပြင်း၏။ ကျောက်တုံးများတွင် မြစ်ချောင်း၊ ပန်းထွက်စီးဆင်းသော ကျောက်တို့လည်း ရှိ၏။ ရေစီးထွက်လာအောင် နှစ်ခြမ်းကွဲသွားသော ကျောက်တုံးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးသောကြောင့် ပြိုကျသော ကျောက်ခဲကြီးများလည်းမုချရှိ၏။ အလ္လာဟ်အရှင်မြတ် သည် သင်တို့ပြုလုပ်သမျှတို့ကို သိမြင်တော်မမူသည်မဟုတ်ပေ။
[75] ၇၅။ ထိုသူများအနက် အသင်းတသင်းသည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်ကို နာယူလေ့ ရှိ၏။ သူတို့သည် တရားတော်ကို နားလည်ပြီးသည့်နောက် သိလျက်နှင့်ပင် တရားတော်ကို ပြောင်းလဲ ကြ၏။ ဤသူများသည် သင်တို့အပေါ်တွင် သစ္စာရှိမည်ဟု သင်တို့ မျှော်ကိုးသေးကြသလော။
[76] ၇၆။ ထို့ပြင် သူတို့သည် ယုံကြည်သူတို့နှင့် တွေ့ဆုံသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ကြပါသည်ဟု ဆိုကြ၏။ သို့သော် သူတို့အချင်းချင်း တွေ့ကြသောအခါ သူတို့က အချင်းတို့ သင်တို့သည် သူတို့အား အလ္လာဟ်အရှင်မြတ် ချပေးတော်မူသောကျမ်းတော်အကြောင်း ပြောပြကြသလော။ သို့ပြောပြလျှင် သူတို့သည် သင်တို့နှင့် ထိုကျမ်းအကြောင်းကို သင်တို့၏ အရှင်သခင်ေ့ရှတော်ဝယ် ငြင်းခုံကြလိမ့်မည် ဟု ပြောကြ၏။ သင်တိုု့သည် သူတို့၏ ရည်ရွယ်ချက်ကို မသိကြရသလော။
[77] ၇၇။ အလ္လာဟ်အရှင်မြတ်သည် သူတို့ ထိမ်ဝှက်ထားသောအရာနှင့် ဖော်ပြသောအရာ သိမြင်တော်မူသည် ကို ထိုသူတို့ မသိကြသလော။
[78] ၇၈။ သူတို့အနက် စာမတတ်သူများရှိကြ၏။ ထိုသူတို့သည် ကျမ်းတော်ကို သူများထံမှတဆင့် ကြားနာရပြီး လျှင် ထင်သလို ရမ်းဆပြောဆိုကြ၏။
[79] ၇၉။ ထို့ကြောင့် အကြင်သူတို့သည် မိမိတို့စိတ်ထင်ရာလုပ်ကြံ၍ရေးသောကျမ်းကို ဤကျမ်းတော်ကား အလ္လာဟ်အရှင်မြတ်ထံမှ ကျရောက်လာသောကျမ်းစာတည်းဟု ပြောကြအ့ံ။ ထိုသူတို့သည် ပျက်စီး ဆုံးရှုံးရမည်သာတည်း။ သူတို့သည် ကျမ်းတော်ကို အရင်းအနှီးပြု၍ အနည်းငယ်သော ကျမ်းစာ ကြောင့် အပြစ်ဒဏ်ခံရကြမည်။ ထိုလုပ်ကြံမှုမှရသော ဥစ္စာပစ္စည်းကြောင့်လည်း အပြစ်ဒဏ် ခံရ ကြမည်။
[80] ၈ဝ။ တဖန်သူတို့က ငရဲမီးသည် အကျွန်ု်ပ်တို့အား ရက်အနည်းငယ်မှတပါး ကြာရှည်စွာ ထိလောင်မည် မဟုတ်ချေဟုပြောကြ၏။ သင်တမန်တော်ဟောကြားလော့။ ဟယ် အချင်းတို့ ယင်းသို့ တာရှည်စွာ အပြစ်မပေးကြောင်းနှင့် သင်တို့အား အလ္လာဟ်အရှင်မြတ် ကတိဗျာဒိတ်တော်ပေးတော်မူဖူးသလော။ မုချဧကန် အရှင်မြတ်သည် မိမိသစ္စာတော်ကို ဘယ်သောအခါမှ ဖျက်တော်မူမည်မဟုတ်ပေ။ သို့မဟုတ် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့မသိသောအရာကို ပြောဆိုကြ သလော။
[81] ၈၁။ သင်တို့ပြောသည့်အတိုင်းမဟုတ်ချေ။ အကြင်သူတို့သည် ဒုစရိုက်ပြစ်မှုကို ကျူးလွန်၍ ထိုပြစ်မှု ဝိုင်းထားခြင်းကို ခံရ၏။ ထိုသူတို့သည် အဝီစိငရဲမီးကို တရားသဖြင့်ပိုင်ဆိုင်သူများဖြစ်ကြ၏။ သူတို့သည် ငရဲမီးအတွင်း၌ နေရကြလတ္တံ့။
[82] ၈၂။ ထို့ပြင် အကြင်သူတို့သည် ယုံကြည်ခြင်းတရားရှိ၍ ကောင်းမှုပွားများ၏။ ထိုသူတို့သည် သုခဥယျာဉ် တော်ကို ပိုင်ဆိုင်သူများဖြစ်ကြ၏။ သူတို့သည် ဥယျာဉ်တော်၌ စံမြန်းနေထိုင်ကြရလတ္တံ့။
[83] ၈၃။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ သူတို့အား သင်တို့ သည် အလ္လာဟ်အရှင်မြတ်မှတပါး မည်သည်ကိုမှ မကိုးကွယ်ကြလင့်။ မိဘနှစ်ပါး၊ ဆွေမျိုးနီးစပ် သူများ၊ မိဘမဲ့များ၊ ဤသူတို့အား ကောင်းကျိုးပြုကြလော့။ လူသားတို့အား သနားကြင်နာ သာယာ နာပျော်ဘွယ်သောစကားကိုသာ ဆိုကြလော့။ ဆွလာသ်ဝတ်ပြုကြလော့။ ဇကားသ်အလှူကို လှူကြ လော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ထို့နောက် သင်တို့အနက် အနည်းငယ်သော သူများမှတပါး အခြားသူ တို့သည် တရားတော်ကို မနှစ်သက် ဖောက်ပြန်ကြ၏။
[84] ၈၄။ ထို့ပြင် ငါအရှင်သည် သင်တို့နှင့် ကတိစာချုပ် ချုပ်တော်မူ၏။ ထိုစာချုပ်တော်တွင် သင်တို့သည် သင်တို့ အမျိုးသားတို့ကို မသတ်ဖြတ်ကြလင့်။ သင်တို့အနက် အချို့သောလူစုကို မိမိတို့ အိိုးအိမ် နေရပ်မှ မနှင်ထုတ်ကြလင့်ဟု ပညတ်တော်မူ၏။ သင်တို့သည် ထိုစာချုပ်ကို လက်ခံအတည်ပြုကြ၏။ သင်တို့ပင်လျှင် ထိုကိစ္စတွင် သက်သေများဖြစ်ကြ၏။
[85] ၈၅။ သို့ပါလျက် သင်တို့ပင်လျှင် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ကြ၏။ သင်တို့အနက် လူတစ်စုကို သင်တို့သည် သူတို့၏ အိမ်ရာနေရပ်မှ နှင်ထုတ်ကြ၏။ ထိုသူတို့အား ကျူးလွန်စော်ကားရာ၌ သင်တို့သည် အချင်းချင်း မတရားညီညာရိုင်းပင်းကြသည်။ သူတို့ထံသို့ သုံ့ပန်းအဖြစ် ယူဆောင်ခဲ့လျှင် သင်တို့သည် သူတို့ကို ရွေးယူကြမည်။ သူတို့ကို နှင်ထုတ်ခြင်းသည် မတရားမှုဖြစ်၏။ သင်တို့သည် ကျမ်းတော်မြတ်၏ တစိတ်တဒေသကို ယုံကြည်၍ ကျန်အစိတ်အပိုင်းကို မယုံကြည်ကြသလော။ ယင်းသို့ပြုကျင့်သူတို့သည် အဘယ်အကျိုးကို ခံစားရမည်နည်း။ ဤလောက၌ အရှက်တကွဲ အောက်ကျနောက်ကျဖြစ်ရ၍ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အလွန်ပြင်းပြနာကျင် ဘွယ်သော အပြစ်ဒဏ်ကို ခံစားရကြလတ္တံ့။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုကျင့်သည်ကို သိတော်မမူသည်မဟုတ်ပေ။
[86] ၈၆။ ဤသူတို့သည် ဤလောကီစည်းစိမ်ကို နောင်တမလွန်ဘဝနှင့် လဲလှယ်ဝယ်ယူကြသူများဖြစ်ကြ၏။ သူတို့၏အပြစ်ဒဏ်ကို လျော့ပေါ့မည်မဟုတ်ပေ။ သူတို့သည် အကူအညီတစ်စုံတရာမှ ရရှိမည် မဟုတ်ပေ။
[87] ၈၇။ အကယ်စင်စစ် ငါအရှင်မြတ်သည် တမန်တော်မူဆာအား ကျမ်းတော်တစောင် ပေးသနားတော်မူ၏။ သူ ဘဝပြောင်းသွားပြီးနောက်တွင် တမန်တော်များကို အဆက်မပြတ်စေလွှတ်တော်မူ၏။ ငါသည် မယ်ရယမ်၏သား တမန်တော်အီဆာကိုလည်း အလ္လာဟ်အရှင်မြတ်သည် အထွဋ်အခေါင်ဖြစ် ကြောင်း ထင်ရှားသော သက်သေသာဓကများနှင့် စေလွှတော်မူ၏။ မည်သည့်အခါမဆို သင်တို့ထံသို့ တမန်တော်တစ်ပါးသည် သင်တို့မနှစ်သက်သော ပညတ်တော်ကို ယူဆောင်လာလျှင် သင်တို့သည် မာန်မာတက်၍ ဂုဏ်မောက်နေကြသည်မဟုတ်လော။ သင်တို့သည် အချို့သော တမန်တော်များကို ဟန်ဆောင်လိမ်လည်သူများဟု စွပ်စွဲကြ၏။ အချို့ကိုကား သတ်ပြစ်ကြ၏။
[88] ၈၈။ သူတို့က အကျွန်ုပ်တို့သည် ခက်ထန်မာပြင်း၏ဟုပြောကြ၏။ ယင်းသို့မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် သည် သူတို့အား မိစ္ဆာအယူဝါဒကြောင့်ကျန်ဆဲတော်မူ၏။ သူတို့သည် အနည်းငယ်မျှ မယုံကြည် ကြပေ။
[89] ၈၉။ သူတို့ ရရှိပြီးသောကျမ်းတော်ကို ထောက်ခံသောကျမ်းတော်တစ်စောင်သည် အလ္လာဟ်အရှင်မြတ် ထံမှ ကျရောက်လာ၏။ ထိုကျမ်းတော်မကျရောက်မီသူတို့သည် မိစ္ဆာဒိဋ္ဌိတို့ကို အကြီးအကျယ် အောင်မြင်လိုကြ၏။ သို့သော် တရားမှန်ဟု မိမိတို့သိသောတရားတော်ကျရောက်လာသောအခါ သူတို့သည် ထိုသမ္မာတရားတော်ကို မယုံကြည်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူတို့အား ကျိန်ဆဲတော်မူ၏။
[90] ၉ဝ။ သူတို့သည် မိမိတို့ဝိညာဉ်ကို မကောင်းမှုနှင့်ရောင်းစား၏။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန် များအနက် အလိုရှိတော်မူသော ကျေးကျွန်အား မိမိ၏ကျမ်းတော်မြတ်ကို ချပေးသနားတော်မူသည် ကို သူတို့သည် မနာလိုဝန်တိုဖြစ်ပြီးလျှင် တရားတော်ကို မယုံကြည်ပေ။ သူတို့သည် အမျက်တော် အထပ်ထပ်ပွားများအောင် ပြစ်မှားကြ၏။ မိစ္ဆာမိုက်တို့အဖို့ရာ အလွန်ရှက်ကြောက်ဘွယ်သော အပြစ်ဒဏ်ကြီးရှိ၏။
[91] ၉၁။ ထို့ပြင် သူတို့အား အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောကျမ်းတော်ကို ယုံကြည်ကြလော့ဟု ဟောပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် မိမိတို့ထံကျရောက်လာသောကျမ်းတော်ကိုသာ ယုံကြည်ကြ၏ဟု ပြန်ပြောကြ၏။ သူတို့၏ကျမ်းတော်ကျရောက်ပြီးမှ ကျရောက်လာသောကျမ်းတော် သစ်သည် သူတို့၏ကျမ်းတော်ကို ထောက်ခံအတည်ပြုသော်လည်း သူတို့သည် ထိုကျမ်းတော်သစ်ကို မယုံကြည်ပယ်ရှားကြ၏။ အေ မိုဟမ္မဒ် သင်သည် သူတို့အား ဟယ်အချင်းတို့ သင်တို့သည် ယုံကြည် သူများအမှန်ပင်ဖြစ်ကြလျှင် အထက်ကျော်ကာရီက အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်များကို အဘယ်ကြောင့် သင်တို့ အဆုံးစီရင်ကြသနည်းဟုမေးလော့။
[92] ၉၂။ သင်တို့ထံသို့တမန်တော်မူဆာသည် အလ္လာဟ်အရှင်မြတ် အချုပ်အခြာအာဏာပိုင်သတော်မူခြင်းကို ထင်ရှားထောက်ခံသောသက်သေ သာဓကများကို ယူဆောင်လာခဲ့ပါလျက် သင်တို့သည် သူမရှိသော အချိန်တွင် နွားကလေးဆင်းတုရုပ်ကို ခဝပ်ကိုးကွယ်ကြ၏။ ထို့ကြောင့် သင်တို့သည် ဒုစရိုက်ကောင် များဖြစ်ကြ၏။
[93] ၉၃။ ငါအရှင်မြတ်သည် သင်တို့နှင့်ပဋိညာဉ်ပြုတော်မူ၍ တောင်သို့ သင်တို့အပေါ်၌ မိုးထားတော်မူပြီး လျှင် ငါပေးသနားတော်မူသော ကျမ်းတော်ကိုမြဲမြံဏွာဆုပ်ထားကြလော့။ ငါ၏ နှုတ်ကပတ်တော်ကို နားစွင့်ကြလော့ဟု သင်တို့အား ဗျာဒိတ်ပေးတော်မူသောအခါ သူတို့က အကျွန်ုပ်တို့သည် ကြားနာ ပြီးလျှင် ထောင်ထားခြားနားကြ၏ဟု ဆိုကြ၏။ သူတို့သည် ပဋိညာဉ်စာချုပ်ကိုအတည်မပြုဘဲ ဖောက်ချိုးသောကြောင့် နွားကလေးဆင်းတုရုပ်ကို ကိုးကွယ်သည့် အယူဝါဒသည် သူတို့၏ စိတ်နှလုံး အတွင်းသို့ ဝင်ရောက်ခြင်းခံရကြ၏။ သူတို့အား ဟောကြားလော့။ သင်တို့၌ အယူဝါဒရှိလျှင် သင်တို့ အယူဝါဒသည် သင်တို့ကို မကောင်းမှုပြုလုပ်ရန် ဆင့်ဆို၏။
[94] ၉၄။ ဟောကြားလော့။ နောင်တမလွန်ဘဝ၌ အလ္လာဟ်နှင့်အတူတကွစံမြန်းရမည့် ဗိမာန်သည် အခြား သူများအတွက်မဟုတ်ဘဲ သင်တို့အဘို့သာဖြစ်လျှင် သင်တို့မှန်သောစကားကိုုဆိုလျှင် သေဖို့ရာ ဆုတောင်းကြလော့။
[95] ၉၅။ သို့သော် သူတို့သည် မိမိတို့ တင်ကြိုပို့ထားနှင့်သော ပြုကျင့် ပြုမှုများကြောင့် ဘယ်သောအခါမှ သေဘို့ရာ တောင့်တကြမည်မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် မှန်သောစကားကိုဆိုလျှင် သေဖို့ရာ ဆုတောင်းကြလော့။
[96] ၉၆။ လူသားတို့တွင် သူတို့သည် ဆင်းတုရုပ်ပွားကို ဝတ်ပြုပူဇော်သူများထက်သာလွန်၍ ဤဘဝကို မက်မောကြသည်ကို သင်တွေ့မြင်ရလတ္တံ့။ သူတို့အနက် လူတိုင်းပင် နှစ်ပေါင်းတစ်ထောင် ကြာရှည် စွာ အသက်ရှင်နေလိုကြ၏။ နှစ်ပေါင်းတစ်ထောင် အသက်ရှင်နေရသော်လည်း သူုတို့သည် ငရဲဘေးမှ လွတ်ငြိမ်းချမ်းသာရကြမည်မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုသမျှကို မြင်တော်မူ၏။
[97] ၉၇။ အို - မုဟမ္မဒ် လူသားအပေါင်းတို့အား ဟောကြားလော့။ ဂျေဗရာအီလ်ကောင်းကင်တမန်ကြီး၏ ရန်သူသည် အသူနည်း။ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်နှင့် ထိုမင်းကြီးသည် ကုရ်အာန်ကျမ်းတော် ကို သင်၏စိတ်နှလုံးအတွင်း၌ ထင်ရှားစေ၏။ ကုရ်အာန်ကျမ်းတော်ကြီးသည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၍ ယုံကြည်သူတို့အတွက် လမ်းမှန်ပြကျမ်းတော်နှင့် ဝမ်းမြောက်ဖွယ် သတင်း ကောင်းဖြစ်၏။
[98] ၉၈။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကင်တမန်တော်များ၊ လူသားတမန်တော်များ ဂျေဗရာအီလ်နှင့် မြီကာအီလ်တို့၏ ရန်သူဖြစ်ကြအ့ံ။ အလ္လာဟ်အရှင်မြတ်သည် ထိုမယုံကြည်သူတို့၏ ရန်သူဖြစ်တော်မူ၏။
[99] ၉၉။ အေ - တမန်တော်၊ ငါသည် သင့်အား အလွန်ထင်ရှားပေါ်လွင်သော ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်ပင်ထုတ်ပြန်ချပေးသနားတော်မူပြီး မိစ္ဆာဒိဋ္ဌိတို့သာ ဤကျမ်းတော်မြတ်ကို မယုံမကြည်ပဲ ရှိကြမည်။
[100] ၁ဝဝ။ သင်တို့သည် ပဋိညာဉ်စာချုပ် ချုပ်ဆိုသောအခါတိုင်း သင်တို့အနက် လူတစ်စုသည် ထိုစာချုပ်ကို မရိုသေ ဖောက်ဖျက်ကြသည်မဟုတ်လော။ အမှန်ဆိုသော် သူတို့အနက် များလှစွာသောသူတို့သည် အယူမှားကြ၏။
[101] ၁ဝ၁။ သူတို့လက်တွင်းရှိ ကျမ်းတော်ကို ထောက်ခံအတည်ပြုသော အလ္လာဟ်အရှင်မြတ်၏ တမန်တော် တစ်ပါးပွင့်လာသောအခါ ထိုကျမ်းစာ ရရှိသူများအနက် လူတစ်စုသည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှန်းမသိသကဲ့သို့ သူတို့ကျောနောက်သို့ လွှင့်ပစ်ကြ၏။
[102] ၁ဝ၂။ ထိုသူတို့သည် တမန်တော်စိုလိုင်မာန်၏ တန်ခိုးအာဏာကိုဆန့်ကျင််၍ ရှိုင်တွာန်မာရ်နတ်များ မဟုတ် မလျားဟောပြောချက်ကို ယုံကြည်လိုကနာကြ၏။ တမန်တော်စိုိလိုင်မာန်သည် မိစ္ဆာမိုက်မဟုတ်ပေ။ သို့သော် ရှိုင်တွာန်များသည် မိစ္ဆာမိုက်များဖြစ်ကြသည်။ သူတို့သည် လူသားတို့အား ဝိဇ္ဇာအတတ်နှင့် ဘာဘယ်လ်မည်သောမြို့၌ ကောင်းကင်တမန်တော် ဟာရွတ်နှင့် မာရွတ်တို့ထံကျရောက်လာသော အတတ်ပညာကို လူသားတို့အားပေးကြ၏။ သို့သော် သူတို့က အကျွန်ုပ်တို့သည် အသင်တို့အား ဖြားယောင်းသူများသာဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကိုမယုံကြည်ပဲ မရှိလင့် ဟု မဟောကြားပဲ သူတို့သည် မိမိတို့အတတ်ပညာကို သူတစ်ပါးအား မသင်ပြပေ။ ဤကောင်းကင် တမန်တော်နှစ်ဦးထံမှ လူသားတို့သည် လင်နှင့်မယားမသင့်မတင့် ကွဲပြားစေမှုအတတ်ကို သင်ယူကြ ၏။ သူတို့သည် အလ္လာဟ်အရှင်မြတ် ခွင့်ပြုချက်မရှိပဲ ထိုအတတ်ပညာအားဖြင့် တစ်စုံတစ်ယောက် ကိုမှ ဘေးရန်မပြုနိုင်ပေ။ မနစ်နာစေနိုင်ပေ။ သူတို့သည် မိမိတို့အကျိုးမဖြစ်စေသောအတတ်ကိုသာ သင်ယူကြ၏။ ထိုအတတ်ပညာကို ဝယ်ယူူသူတို့သည် နောက်တမလွန်ဘဝတွင် ပျော်ရွှင်မှု ဝေစု ရမည်မဟုတ်ကြောင်းကို သူတို့မုချဧကန်သိကြ၏။ သူတို့သည် မိမိတို့၏ဝိညာဉ်ကို ဒုစရိုက်မှုတည်း ဟူသော အဘိုးနှင့် ရောင်းပစ်သူများအမှန်ပင်ဖြစ်၏။ သူတို့သိလျှင် ကောင်းလေစွ။
[103] ၁ဝ၃။ အကယ်၍ သူတို့သည် ယုံကြည်လျက် ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်လျှင် အရှင်မြတ်ပေးသနား တော်မူမည့်ဆုတော်သည် သာလွန်ကောင်းမြတ်လိမ့်မည်။ သူတို့သိလျှင် ကောင်းလေစွ။
[104] ၁ဝ၄။ အို ယုံကြည်သူတို့၊ သင်တို့သည် တမန်တော်အား အကျွန်ု်ပ်တို့တင်လျှောက်သောစကားကို နာတော် မူပါဟု မလျှောက်ထားကြလင့်။ သို့သော် အကျွနု်ပ်တို့၏ဘက်ကို ရှုစားတော်မူပါဟု လျှောက်ထား ကြလော့။ သင်တို့သည် နားစွင့်သူများဖြစ်ကြလော့။ မိစ္ဆာဒိဌိတို့ခံစားကြရန် အလွန်ပြင်းပြ နာကျင်ဘွယ်သောအပြစ်ဒဏ်ရှိ၏။
[105] ၁ဝ၅။ ခရစ်ယာန်ဘာသာဝင်လူမျိုး၊ ဆင်းတုရုပ်ပွားကိုးကွယ်သူများတို့က သင်တို့အပေါ်၌ သင်တို့၏ အရှင် သခင်သည် ကောင်းချီးမင်္ဂလာချပေးသနားတော်မူသည်ကို မနှစ်သက်ကြချေ။ သို့သော် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုတော်ရှိသူကို ရွေးကောက်၍ ကျေးဇူးတော်ဖြင့် ချီးမြှင့်တော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် အတိုင်းထက်အလွန်ပေးကမ်းစွန့်ကြံတော်မူလှသော အရှင်ဖြစ်တော်မူ၏။
[106] ၁ဝ၆။ အကြင်ကျမ်းတော်များကို ငါအရှင်မြတ်သည် ရုပ်သိမ်းတော်မူ၏။ သို့မဟုတ် မေ့လျော့ပျောက်ကွယ် စေတော်မူ၏။ ထိုကျမ်းတော်များအစား ငါသည်သာလျှင် ကောင်းမြတ်သော သို့မဟုတ် တူမျှသော ကျမ်းတော်ကို စီရင်ပေးတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသည်ကို မသိသလော။
[107] ၁ဝ၇။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူသည်ုိ သင်မသိသလော။ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့၌အဆွေခင်ပွန်းသော်လည်းကောင်း၊ ကူညီသူသော် လည်းကောင်း၊ တစ်စုံတစ်ယောက်မျှမရှိချေ။
[108] ၁ဝ၈။ သို့မဟုတ် သင်တို့သည် မိမိတို့တမန်တော်အား တမန်တော်မူဆာကို ရှေးကာလက မေးမြန်းသကဲ့သို့ မေးမြန်းကြမည်လော။ အကြင်သူသည် သစ္စာတရားတော်အစား မိစ္ဆာတရားကို ရွေးယူ၏။ ထိုသူသည်လမ်းမှန်မှ လမ်းမှားသို့ အမှန်ပင် လွဲသွား၏။
[109] ၁ဝ၉။ ရှေးကျမ်းတော်ရရှိသူတို့အနက် များလှစွာသောသူတို့သည် သမ္မာတရားတော်ထင်ရှားတောက်ပပြီးမှ မိမိတို့မနာလိုဝန်တိုစိတ်ကြောင့် သင်တို့အား ယုံကြည်သူဘဝမှ မိစ္ဆာဒိဋ္ဌိဘဝသို့ လွှဲပြောင်းစေလိုသော ဆန္ဒရှိကြ၏။ အလ္လာဟ်အရှင်မြတ်ဗျာဒိတ်ချပေးတော်မူသည်တိုင်အောင် သင်တို့သည် သူတို့အား အပြစ်လွှတ်၍ သည်းခံလော့၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
[110] ၁၁ဝ။ ဆွလာသ်ဝတ်ပြုကြလော့။ ဇကားသ်အလှူကိုပေးကြလော့။ သင်တို့သည် မိမိတို့ဝိညာဉ်များအတွက် အကြင်ကုသိုလ်ကောင်းမှုကို ကြိုတင်ပို့ထားနှင့်၏။ ထိုကုသိုလ်ကောင်းမှုကို အလ္လာဟ်အရှင်မြတ် ထံတော်၌ တွေ့ရှိရကြလတ္တံ့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို မုချမြင်တော်မူ၏။
[111] ၁၁၁။ ထို့ပြင် သူတို့က ရဟူဒီအမျိုးသားသော်လည်းကောင်း ခရစ်ယာန်ဘာသာဝင်သော်လည်းကောင်း မဟုတ်သူတစ်ဦးတစ်ယောက်သည် သုခဥယျာဉ်တော်သို့ မဝင်ရဟုပြောကြ၏။ ဤအဆိုသည် သူတို့၏ လိုလားချက်များသာဖြစ်၏။ အေ တမန်တော် ဟောကြားလော့။ သင်တို့အဆိုမှန်လျှင် သက်သေ သာဓက တင်ပြကြလော့။
[112] ၁၁၂။ သူတို့မပြနိုင်ချေ။ အကြင်သူသည် မိမိ၏သုစရိုက်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အား ကျိုးနွံ နာခံသောရည်ရွယ်ချက်နှင့်ပြုလုပ်၏။ ထိုသူအတွက် အောင်ဆုမင်္ဂလာတော်သည် အလ္လာဟ် အရှင်မြတ်ထံတော်၌ရှိ၏။ ထိုသူတို့အပေါ်၌ စိုးရိမ်ကြောင့်ကြခြင်းကျမည်မဟုတ်။ ပူဆွေးရကြတော့ မည်လည်းမဟုတ်ပေ။
[113] ၁၁၃။ ရဟူဒီအမျိုးသားတို့က ခရစ်ယာန်ဘာသာဝင်တို့သည် မမှန်ကြောင်း ခရစ်ယာန်ဘာသာဝင်လူမျိုးတို့ ကလည်း ရဟူဒီတို့၏ ဘာသာတရားသည် မုသားဖြစ်ကြောင်းများနှင့် တစ်ဦးကိုတစ်ဦး ပုတ်ခတ် ပြောဆိုကြ၏။ သို့သော် ဤလူမျိုးနှစ်မျိုးလုံးပင် အရှင်မြတ်ျခပေးသနားတော်မူသော ကျမ်းတော်ကို လေ့လာသူများဖြစ်ကြ၏။ မသိသူများသည် ယင်းသို့ပြောဆိုငြင်းခုံကြ၏။ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စပ်ကြားတွင် သူတို့၏ကွဲလွဲငြင်းခုံချက်ကို စီရင် ဆုံးဖြတ်တော်မူလိမ့်မည်။
[114] ၁၁၄။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဘေးမဲ့နေရာ ဗလီကျောင်းတော်များ၌ အလ္လာဟ် အရှင်မြတ်၏ နာမတော်ကို အောက်မေ့တသသည်ကို တားဆီးပိတ်ပင်၍ ကျောင်းတော်များကို ဖျက်ဆီးဖို့ရာသာလျှင် ကြိုးပမ်းအားထုတ်ကြ၏။ ထိုသူတို့သည် ထိုဗလီကျောင်းတော်များသို့ ရဲရဲမဝင်ဝ့ံပဲ ထိတ်လန့်ကြောက်ရွံ့သောစိတ်နှင့်သာဝင်ကြရ၏။ သူတို့အဖို့ ဤလောကမျက်မှောက် ဘဝ၌ အရှက်ကွဲသေးသိမ်ယုတ်ည့ံခြင်းဖြစ်သည်။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့အတွက် အလွန်ကြောက်မက်ဖွယ်သော အပြစ်ဒဏ်ရှိ၏။
[115] ၁၁၅။ အလ္လာဟ်အရှင်မြတ်သည် အေ့ရှနှင့်အနောက်ကို ပိုင်တော်မူ၏။ သင်တို့သည် မည်သည့်ဘက်သို့ မျက်နှာလှည့်လှည့် ထိုဘက်တွင် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ရှိ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် နေရာတိုင်းတွင် တည်ရှိတော်မူသောအရှင်၊ အရာရာကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏။
[116] ၁၁၆။ ၎င်းပြင် သူတို့က အလ္လာဟ်အရှင်မြတ်၌ သားတော်ရှိသည်ဟု ဆိုကြ၏။ အရှင်မြတ်သည် ချို့တဲ့ခြင်း ကင်းတော်မူ၏။ ထို့ပြင်မက မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ် အရှင်မြတ်သည် ပိုင်တော်မူ၏။ အရာခပ်သိမ်းကုန်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံကြ၏။
[117] ၁၁၇။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စတင်ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကို စီရင်လိုတော်မူသောအခါ ထိုအရာအား ဖြစ်စေဟုသာ ဗျာဒိတ်ချတော်မူ၏။ ထိုအခါ ထိုအရာသည် ဖြစ်ပေါ်လာရ၏။
[118] ၁၁၈။ ဉာဏ်ပညာမဲ့သူတို့က အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့အား အဘယ်ကြောင့် တိုက်ရိုက် ဗျာဒိတ်ပေးတော်မမူပါသနည်း။ သို့မဟုတ် နိမိတ်အ့ံဘွယ်တော်တစ်ပါးကို ပေးတော်မမူပါသနည်းဟု ပြောဆိုကြ၏။ သူတို့အလျင်ဖြစ်ပေါ်သော ရှေးလူဟောင်းတို့လည်း သူတို့ကဲ့သို့ ပြောကြ၏။ ရှေးလူ နှင့် နောက်လူတို့၏ စိတ်နှလုံးသဘောထားတို့သည် အတူတူပင်ဖြစ်ကြ၏။ ငါအရှင်သည် ယုံကြည်သူ တို့အား ကျမ်းတော်မြတ်ကို ရှင်းလင်းထင်ရှားစေတော်မူပြီ။
[119] ၁၁၉။ မှတ်သားလော့၊ အေ မိုဟမ္မဒ် ငါသည် သင့်အား ဝမ်းမြောက်ဘွယ် သတင်းကောင်းကိုသော် လည်းကောင်း၊ ခြိိမ်းခြောက်သတိပေးစကားကိုသော်လည်းကောင်း၊ ပေးသူအဖြစ်ဖြင့် အမှန်ပင် စေလွှတ်တော်မူ၏။ ထို့ပြင် ငရဲမီးသို့လားရမည့်သူ၏ အကြောင်းကို သင့်အား စစ်ကြောမေးမြန်းတော် မူမည်မဟုတ်ပေ။
[120] ၁၂ဝ။ သင်သည် သူတို့၏ ဘာသာအယူဝါဒကို မလိုက်နာသမျှကာလပတ်လုံး ရဟူဒီလူမျိုးနှင့် ခရစ်ယာန် ဘာသာဝင်လူမျိုးတို့သည် သင့်ကို နှစ်သက်ကြမည်မဟုတ်ပေ။ သင်ဟောကြားလော့။ အလ္လာဟ် အရှင်မြတ်၏ လမ်းညွှန်ခြင်းသာလျှင် ညွှန်ပြခြင်းအစစ်ဖြစ်၏။ အေ - တမန်တော် သင်သည် တရားအလင်းရောင်ရရှိပြီးနောက် သူတို့၏ အလိုများနောက်သို့လိုက်လျှင် သင်သည် အလ္လာဟ် အရှင်မြတ်အထံတော်မှ စောင့်ရှောက်သူ အဆွေခင်ပွန်းကိုသော်လည်းကောင်း၊ ကူညီသူကိုသော် လည်းကောင်း မရရှိပေ။
[121] ၁၂၁။ အကြင်သူတို့ထံ ငါသည် ကျမ်းတော်ကို ချပေးတော်မူ၏ ထိုသူတို့သည် ကျမ်းတော်ကို ဝတ္တရား ရှိသည်အတိုင်း ရိုသေလေးမြတ်စွာ ရွတ်ဖတ်ကြအ့ံ။ ထိုသူတို့သည် ကျမ်းတော်ကို ယုံကြည်သူများ ဖြစ်ကြ၏။ အကြင်သူတို့သည် ကျမ်းတော်ကို မယုံကြည်အ့ံ။ ထိုသူတို့သည် ဆုံရှုံးသူများဖြစ်ကြ၏။
[122] ၁၂၂။ အေ - အစ္စရာအီလ်အမျိုးသားတို့ ငါ အရှင်သည် သင်တို့အား ပေးသနားတော်မူသော ဂုဏ်ကျေးဇူး တော်ကိုသော်လည်းကောင်း၊ သင်တို့ကို ဝေနေယျ သတ္တဝါအပေါင်းထက် သာလွန်ချစ်မြတ်နိုး သည်ကိုသော်လည်းကောင်း သတိရကြလော့။
[123] ၁၂၃။ ထို့ပြင် သင်တို့သည် တရားစီရင်တော်မူတော်နေ့တော်ကြီးကို ကြောက်ရွံ့ကြလော့။ ထိုနေ့၌ ဝိညာဉ် တစ်ခုက အခြားဝိညာဉ်တစ်ခုကို တစ်စုံတစ်ရာ ကောင်းကျိုးဆိုးကျိုးမပေးနိုင်ချေ။ ဝိညာဉ်ထံမှ အပြစ်လွတ်ဘို့ရာ လျော်ကြေးကို လက်ခံမည်မဟုတ်ပေ။ တောင်းပန် ကယ်နှုတ်ခြင်းသည်လည်း အကျိုးရှိမည်မဟုတ်ပေ။ ဝိညာဉ်များကို ကူညီရိုင်းပင်းမည်မဟုတ်ပေ။
[124] ၁၂၄။ ထို့ပြင်၊ တမန်တော်အီဗရာဟီမ်အား သူ၏ အရှင်သခင်သည် ဗျာဒိတ်တော်များဖြင့် စုံဏမ်းတော် မူသောအခါ တမန်တော်သည် အမိန့်တော်များကို ကြေကုန်အောင် လိုက်နာဆောင်ရွက်၏။ ထိုအခါ အရှင်မြတ်က အေ ၊ အီဗရာဟီမ် ငါသည် သင့်အား လူသားတို့၏ အကြီးအကဲ ေ့ရှဆောင်ရာထူး၌ ခန့်အပ်ချီးမြှင့်တော်မူပြီးဟု ဗျာဒိတ်ပေးတော်မူ၏။ အီဗရာဟီမ်က အကျွန်ုပ်၏ သားမြေးများလည်း ခေါင်းဆောင်များ ပေါ်ပေါက်လာပါမည်လားဟု တင်လျှောက်မေးမြန်း၏။ အရှင်မြတ်က ငါ၏ ပဋိညာဉ်သည် ဒုစရိုက်ကောင်များအတွက် မဟုတ်ဟု မိန့်တော်မူ၏။
[125] ၁၂၅။ ငါသည် မက္ကာရှိ ကအ်ဗာဗလီကျောင်းတော်ကို လူသားတို့ သွားရောက်စုဝေးဖို့ရာ ဘေးမဲ့ဌာန ဖြစ်စေတော်မူ၏။ အေ၊ လူသားတို့ သင်တို့သည် တမန်တော်အီဗရာဟီမ် ဆွလာသ်ဝတ်ပြုရန် ရပ်တန့်သောနေရာကို သင်တို့၏ ဆွလာသ်ဝတ်ပြုရာနေရာအဖြစ်ဖြင့် အသုံးပြုကြလော့ဟု ဤဗလီ ကျောင်းတော်နှင့်ပတ်သက်၍ ဗျာဒိတ်ပေးတော်မူ၏။ ငါသည် တမန်တော်အီဗရာဟီမ်နှင့် တမန် တော် အစ္စမာအီလ်တို့အား သင်တို့နှစ်ဦးသည် ငါ၏ကျောင်းတော်ကို လူသားတို့လှည့်ခြင်း ကမ္မဋ္ဌာန်း ထိုင်ခြင်း၊ ဝတ်တက်ခြင်း စသည့် အထူးဝတ်တော်များကို ပြုဖို့ရာ သန့်ရှင်းစင်ကြယ် သုတ်သင် ရှင်းလင်းထားကြဟု ဗျာဒိတ်ပေးတော်မူ၏။
[126] ၁၂၆။ တမန်တော် အီဗရာဟီမ်မ်သည် အရှင်မြတ်အား အို - အကျွန်ုပ်၏ အရှင်သခင် ဤအရပ်ဒေသကို ဘေးမဲ့ဒေသဟု ပြဌာန်းထားတော်မူပါ။ ဤအရပ်သားထဲမှ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့၌ ယုံကြည်သူတို့အား စားနပ်ရိက္ခာ အသီးအနှံများကို ပေးသနားတော်မူပါအရှင်ဟု ဆုတောင်း၏။ ထိုအခါ အရှင်မြတ်က အကြင်သူသည် မယုံကြည်သူဖြစ်အ့ံ။ ထိုသူအား ခေတ္တခဏ တင်းတိမ် ရောင့်ရဲစေတော်မူမည်။ ထို့နောက် သူ့ကို ငရဲမီးထဲသို့ ဝင်စေတော်မူမည်။ ထိုငရဲသည် အလွန်ဆိုးဝါး သော ခရီးဆုံးဖြစ်၏ဟု မိန့်တော်မူ၏။
[127] ၁၂၇။ တမန်တော် အီဗရာဟီမ်နှင့်သားတော် အစ္စမာအီလ်တို့သည် ကအ်ဗာကျောင်းတော်နေရာတွင် ကျောက်မြစ်ချနေသောအခါ တမန်တော် အီဗရာဟီမ်က အို - ကျွန်ု်ပ်တို့၏အရှင်သခင်၊ အကျွန်ုပ်တို့ ၏ ဤကောင်းမှုကို လက်ခံတော်မူပါအရှင်၊ အရှင်မြတ်သာလျှင် အကြွင်းမဲ့ ကြားတော်မူသော အရှင် အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူပါ၏။
[128] ၁၂၈။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ အကျွန်ုပ်တို့ကို အရှင်အားကျိုးနွံနာခံစေတော်မူပါ။ အကျွန်ုပ်တို့၏ သားမြေးအဆက်ဆက်တို့ကိုလည်း အရှင်အား ကျိုးနွံနာခံသော အမျိုးအနွယ်ဖြစ်စေတော်မူပါ။ အကျွန်ုပ်တို့အား ဆွလာသ်ဝတ်ပြုနည်း အဖြာဖြာတို့ကို သွန်သင်ပြတော်မူပါ။ အကျွနု်ပ်တို့ကို အပြစ် စေလွှတ်တော်မူပါ။ အရှင်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းချီးမင်္ဂလာပေးတော်မူသော အရှင်ဖြစ်တော်မူပါ၏။
[129] ၁၂၉။ အို - အကျွန်ုပ်တို့အရှင်သခင်၊ အကျွန်ုပ်တို့သားမြေးမြစ်တို့အား သူတို့၏သားချင်းထဲမှ အရှင်၏ ပညတ်တော်များကို ရွတ်ဖတ်ဟောပြောမည့်သူ၊ ကျမ်းတော်ကို သွန်သင်ပြသမည့်သူ ပညာ၊ ပညာအလင်းရောင်ပေးမည်သူ၊ ကောင်းမှုတိုးပွားသည့် သန့်ရှင်းမြင့်မြတ်စေမည့်သူ။ တမန်တော် တစ်ပါးကို ပွင့်စေတော်မူပါ၊ အရှင်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တဉာဏ်တော်ရှင် အမှန်ပင် ဖြစ်တော်မူပါ၏။
[130] ၁၃ဝ။ မိမိကိုယ်ကိုမိမိ ယုတ်ည့ံသိမ်ဖျင်းအောင်ပြုသော သူမိုက်မှတပါး အဘယ်သူသည် တမန်တော် အီဗရာဟီမ်၏ သာသနာတော်ကို စွန့်ပစ်သနည်း။ အကယ်စင်စစ် ငါ့အရှင်သည် သူ့ကို ဤလောက ၌ ရွေးကောက်ချီးမြှင့်တော်မူ၏။ နောင်တမလွန်ဘဝ၌လည်း တရားတော်ကို စောင့်စည်း ရိုသေ သူတို့ဘောင်တွင် သူသည် အပါအဝင်ဖြစ်၏။
[131] ၁၃၁။ သူ၏ အရှင်သခင်က အေ - အီဗရာဟီမ်၊ သင်သည် ငါ့အား ကျိုးနွံနာခံလော့ဟု ဗျာဒိတ် ပေးတော်မူသောအခါ သူသည် အကျွန်ုပ်သည် စကြဝဠာတို့၏အရှင်သခင်အား ကျိုးနွံပါပြီဟု တင်လျှောက်၏။
[132] ၁၃၂။ တမန်တော် အီဗရာဟီမ်သည် မိမိ၏သားမြေးတို့အား ယင်းသို့ပြုကျင့်ရန် မှာထား၏။ တမန်တော် ယာကွပ်လည်း ထိုနည်းအတူမှာထား၏။ သူတို့၏ သြဝါဒမှာ အေ၊ ငါ၏ သားမြေးတို့ မှတ်သား ကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် မှန်ကန်သော သာသနာတော်ကို ရွေးချယ်တော် မူပြီ။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံသူများမှတပါး အခြားသူများအဖြစ် ဖြင့် မိမိအသက်ကို မကုန်စေကြလင့်။
[133] ၁၃၃။ သို့မဟုတ် သင်တို့သည် တမန်တော်ယာကွပ်အသက်ကုန်ခါနီးတွင် ရှိကြသလော ထိုအခါ သူသည် မိမိ၏ သားမြေးတို့အား အမောင်တို့ ငါကွယ်လွန်လျှင် သင်တို့သည် မည်သည့်အရာကို ကိုးကွယ် မည်နည်းဟုမေး၏။ သူတို့က အို၊ ဖခင် အကျွန်ုပ်တို့ဥည် ဖခင်နှင့်တကွ ဖခင်၏ဘိုးဘဖြစ်သော တမန်တော်အီဗရာဟီမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အစ္စဟတ်တို့၏ အရှင်သခင်အား ကိုးကွယ်ပါမည်။ အကျွန်ုပ်တို့သည် အရှင်မြတ်အား ကျိုးနွံကြပါ၏ ဟု ဖြေကြ၏။
[134] ၁၃၄။ ဤသူတို့၏အသင်းသည် ပျောက်ကွယ်သွားကြပြီ။ သူတို့သည် သူတို့၏ ပြုကျင့်မှုအကျိုးကို ခံစားကြ ရ၏။ သင်တို့လည်း သင်တို့၏ ကောင်းမှုအကျိုးကိုသာ ခံစားရ၏။ ထို့ပြင် သင်တို့အး သူတို့၏ ပြုကျင့်မှုများကိုမေးမြန်းစစ်ကြောမည်မဟုတ်ချေ။
[135] ၁၃၅။ ထို့ပြင် သူတို့က၊ ဟယ် - အချင်းတို့ သင်တို့သည် ရဟူဒီအသင်းသား သို့မဟုတ် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြလော့။ သို့မှသာလျှင် သင်တို့အား လမ်းမှန်ကို ညွှန်ပြလိမ့်မည်ဟု ပြောကြ၏။ အေ - မိုဟမ္မဒ်၊ သင်သည် သူတို့အား အကျွင်္နုပ် သင်တို့စကားကို နားမထောင်နိုင်။ သို့သော် အကျွန်ုပ်တို့သည် ဖြောင့်မတ်တည်ကြည်သော တမန်တော် အီဗရာဟီမ်၏ သာသနာတော်ကို လိုက်နာယုံကြည်ကြ၏။ ထိုတမန်တော်သည် ဆင်းတုရုပ်ပွားကို ကိုးကွယ်သူများထဲမှ မဟုတ်ပေဟု ဟောကြားလော့။
[136] ၁၃၆။ အို - မွတ်စလင်မ်အပေါင်းတို့၊ သင်တို့က အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ အကျွန်ုပ် ထံသို့ ချပေးတော်မူသောကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်အီဗရာဟီမ် တမန်တော် အစ္စမာအီလ်၊ တမန်တော်အစ္စဟတ်၊ တမန်တော်ယာကွပ်၊ သူတို့၏သား၊ မြေး၊ မြစ်တို့ထံ ကျရောက် လာသော ကျမ်းတော်များ၊ တမန်တော်မူဆာနှင့် တမန်တော်အီဆာတို့ရရှိသော ကျမ်းဂန်တော် များ၊ အခြားတမန်တော်တို့ သူတို့၏ အရှင်သခင်ထံမှရရှိသော ကျမ်းတော်များကို ယုံကြည်ကြပါ၏။ အကျွန်ုပ်သည် ထိုတမန်တော်များကို တပါးတက်တပါး သာလွန်မြင့်မြတ်သည်ဟု မခွဲခြားကြပါ။ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ကျိုးနွံနာခံပါ၏ဟု မြွက်ဆိုကြလော့။
[137] ၁၃၇။ ထို့ပြင် သူတို့သည် သင်တို့ယုံကြည်သည့်အတိုင်း ယုံကြည်ကြလျှင် သူတို့သည် လမ်းမှန်ကို ညွှန်ပြခြင်း ခံရသူများဖြစ်ကြ၏။ သို့သော် သူတို့သည် မယုံကြည်ဘဲ ကျောခိုင်းသွားလျှင် သူတို့သည် ဂိုဏ်းခွဲသွား သူများဖြစ်ကြ၏။'' သင့်ကို သူတို့မှ ကာကွယ်ဘို့ရာ အလ္လာဟ်အရှင်နှင့် လုံလောက်တော်မူလိမ့်မည်။ အရှင်မြတ်သည် အရာရာကို ကြားသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
[138] ၁၃၈။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အဆင်းအရောင်ကို အလ္လာဟ်ထံမှယူသည်။ အရောင်ဆိုးရာ၌ အဘယ်သူသည် အလ္လာဟ်ထက်သာမည်နည်း။ အကျွန်ု်ပ်တို့သည် အရှင်မြတ်အား ကိုးကွယ်သူများ ဖြစ်ကြ၏။
[139] ၁၃၉။ အို၊ တမန်တော်၊ သင်သည် ရှေးကျမ်းတော်ရရှိသူတို့အား ဟောကြားလော့။ ဟယ် အချင်းတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အကျွန်ု်ပ်တို့နှင့် အငြင်းအခုံပြုကြသလော။ အရှင်မြတ်သည် အကျွန်ုပ်တို့နှင့် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏။ အကျွန်ုပ်တို့၏ ပြုကျင့်မှုများ သည် အကျွန်ုပ်တို့အဘို့ဖြစ်သည်။ သင်တို့၏ ပြုကျင့်မှုများသည် သင်တို့အဘို့ဖြစ်သည်။ အကျွန်ု်ပ်တို့ သည် အရှင်မြတ်အားသာ အမှန်ကိုးကွယ်ပါ၏။
[140] ၁၄ဝ။ သို့မဟုတ် သင်တို့က တမန်တော် အီဗရာဟီမ်၊ တမန်တော်အစ္စမာအီလ်၊ တမန်တော် အစ္စဟတ်၊ တမန်တော် ယာကွတ်နှင့် သူတို့၏ သား၊ မြေး၊ မြစ်တို့သည် ရဟူဒီလူမျိုးသို့မဟုတ် ခရစ်ယာန် ဘာသာဝင်လူမျိုးဟု ဆိုလိုကြသလော။ သင်တို့သည် အသိဆုံးလော၊ သို့မဟုတ် အလ္လာဟ်လော။ အလ္လာဟ်အရှင်မြတ်အထံတော်မှ မိမိကိုယ်တိုင်ရရှိထားသော သက်သေခံချက်ကို ထိမ်ငှက်ထားသူထက် သာလွန် မတရားသူသည် အဘယ်သူဖြစ်သနည်း။ အလ္လာဟ်အရှင်မြတ် သည် သင်တို့ ပြုကျင့်သည်ကို သိတော်မမူ မဟုတ်ပေ။
[141] ၁၄၁။ ဤလူများသည် သေလွွန်ကွယ်ပျောက်သွားကြပြီး သူတို့သည် ၎င်းတို့ပြုကျင့်မှုများ၏ အကျိုးအပြစ် ကို ခံစားရကြ၏။ သင်တို့လည်း သင်တို့၏ ပြုကျင့်မှုများ၏ အကျိုးအပြစ်ကို ခံစားရကြ၏။ သင်တို့ သည် သူတို့၏ ပြုကျင့်မှုကို စစ်ကျောမေးမြန်းခြင်း ခံကြရမည်မဟုတ်ချေ။
[142] ၁၄၂။ လူများအနက်မှ ဉာဏ်နည်းသူတို့က သူတို့အား မိမိတို့ရှေးက မျက်နှာမူသော (ကေဗလာ)မှ အခြား ဘက်သို့ အယ်သူ မျက်နှာလှည့်စေသနည်း။ ပြောဆိုလတ္တံ့။ သင်တမန်တော်ဟောကြားလော့။ အလ္လာဟ်သည် အေ့ရှနှင့်အနောက်ကို ပိုင်တော်မူ၏။ အရှင်မြတ်သည် လမ်းညွှန်လိုသောသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။
[143] ၁၄၃။ သင်တို့သည် လူသားအပေါင်းတို့အပေါ်၌ သက်သေဖြစ်စေခြင်းငှာသော်လည်းကောင်း၊ တမန်တော် မုဟမ္မဒ်သည် သင်တို့အပေါ်၌ သက်သေခြင်းစေခြင်းငှာသော်လည်းကောင်း၊ ငါအရှင်မြတ်သည် သင်တို့အား လူသားတို့အလယ်တွင် ကြားလူမျိုးအဖြစ်ဖြင့် ဖန်ဆင်းထားတော်မူ၏။ ငါအရှင်သည် တမန်တော်မုဟမ္မဒ်နောက်သို့လိုက်သောသူနှင့် မလိုက်သောသူတို့ကို ခွဲခြား သိစေရန် သင်တို့ရှေးကမျက်နှာမူသော(ကေဗလာ)ကိုသတ်မှတ်ပေးတော်မူ၏။ အရှင်မြတ်လမ်းပြ တော်မူခြင်းခံရသောသူတို့မှတပါး အခြားသူတို့အဘို့ ထို(ကေဗလာ)ကိစ္စသည် အလွန်နက်နဲသော စုံစမ်းတော်မူခြင်းဖြစ်၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ယုံကြည်မှုကို အကျိုးမဲ့ အချည်းနှီးဖြစ်စေလိုတော်မမူပေ။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်တွင် မဟာကရုဏာတော်ပြတော်မူသော အရှင်ဖြစ်တော်မူ၏။
[144] ၁၄၄။ အေ - မိုဟမ္မဒ်၊ သင်သည် အထက်ကောင်းကင်ဘုံသို့ မျက်နှာမူ၍ ညွှန်ပြချက်ကို ပန်ထွာနေသည်ကို ငါ မြင်တော်မူ၏။ ငါသည် သင့်အား(ကေဗလာ)အသစ်ဘက်သို့ မျက်နှာမူစေတော်မူမည်။ ထို (ကေဗလာ)ကို သင်သည် အလွန်မြတ်နိုး၏။ ထို့ကြောင့် သင်သည် ဘေးမဲ့ဖြစ်သော ကအဘာဗလီ ကျောင်းတော်ဘက်သို့ မျက်နှာမူလော့။ အို - ယုံကြည်သူ မွတ်စလင်မ်အပေါင်းတို့ သင်တို့သည် မည်သည့်နေရာအရပ်တွင်ဖြစ်စေ ဆွလာဝတ်ပြုသောအခါ ထိုကအဘာကျောင်းတော်ဘက်သို့ မျက်နှာ မူကြလော့။ မှတ်သားကြလော့။ ရှေးကျမ်းတော်ကိုရရှိသောသူတို့သည် ကုရ်အာန်ကျမ်းတော် သည် သူတို့၏အရှင်သခင်အထံတော်မှ အမှန်ပင်ဖြစ်သည်ဟု သိကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုကျင့်သည်ကို သိတော်မမူ မဟုတ်ပေ။
[145] ၁၄၅။ အို - တမန်တော် သင်သည် ရှေးကျမ်းတော်ရရှိသူတို့ထံ နမိတ်လက္ခာအ့ံဖွယ်တော် အမျိုးမျိုးကို ယူဆောင်လာသော်လည်း သူတို့သည် သင်၏(ကေဗလာ)ဘက်သို့ မျက်နှာမူမည် မဟုတ်ပေ။ သင်လည်း သူတို့၏ (ကေဗလာ)ဘက်သို့ မျက်နှာမမူနိုင်ပေ။ သူတို့သည် တစ်ဦး၏ (ကေဗလာ)ဘက် သို့ တစ်ဦးမျက်နှာမမူနိုင်ပေ။ သင်သည် သင့်ထံကျရောက်လာသော အသိတရားကို ရရှိလာပြီးနောက် သူတို့၏အလိုဆန္ဒကိုလိုက်လျှင် အပြစ်ကျူးလွန်သူတို့၏ဘောင်တွင် အပါအဝင် မုချဧကန်ဖြစ်၏။
[146] ၁၄၆။ ရှေးကျမ်းတော်ကို ရရှိသူတို့သည် မိမိတို့သားများကို မှတ်မိသကဲ့သို့ ကုရ်အာန်ကျမ်းတော်ကို မှတ်မိကြ ၏။ သို့သော် သူတို့အနက် လူတစ်စုသည် အမှန်ကိုသိလျက် ထိန်ဝှက်ထားကြ၏။
[147] ၁၄၇။ အို - တမန်တော် ကုရ်အာန်ကျမ်းတော်သည် သင်၏အရှင်သခင်အထံတော်မှ သစ္စာတရားတော် အစစ်ဖြစ်၏။ ထို့ကြောင့် သင်သည် ဒွိဟဖြစ်သောသူတို့ဘောင်တွင် အပါအဝင်မဖြစ်လင့်။
[148] ၁၄၈။ လူတိုင်းလူတိုင်းမှာပင် မိမိတို့မျှော်မှန်းချက်ပန်းတိုင်တစ်ခုစီရှိ၏။ ထို့ကြောင့်သင်တို့သည် ကောင်းမှု များ၌ အချင်းချင်းပြိုင်ဆိုင်ကြလော့။ သင်တို့သည် မည်သည့်နေရာအရပ်၌ပင် ရှိငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို အတူတကွ စုရုံးတော်မူမည်။ ကြည့်ကြလော့။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုနိုင်စွမ်းတော်မူ၏။
[149] ၁၄၉။ အို - တမန်တော် မုဟမ္မဒ်၊ သင်သည် မည်သည့်နေရာ၌ ဆွလာသ်ဝတ်ပြုရန်ထွက်လာသောအခါ ဘေးမဲ့ဖြစ်သော ကအဘာဗလီကျောင်းတော်ဘက်သို့ မျက်နှာမူလော့။ ကြည့်လော့။ ၎င်းသည် သင်၏ အရှင်သခင်အထံတော်မှ တရားမှန်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသည်ကို သိတော်မမူမဟုတ်ပေ။
[150] ၁၅ဝ။ အို - တမန်တော်၊ သင်သည် မည်သည့်နေရာမှာမဆို ဆွလာသ်ဝတ်ပြုရန်ထွက်လာသောအခါ သင်သည် ဘေးမဲ့ဖြစ်သော (ကအဗာ)ဗလီကျောင်းတော်ဘက်သို့ မျက်နှာမူလော့။ အို မွတ်စလင်မ် တို့ သင်တို့သည် မည်သည့်နေရာမှာမဆို ရှိသော်လည်း ဆွလာသ်ဝတ်ပြုသောအခါ ထိုကျောင်းတော် ဘက်သို့မျက်နှာမူကြလော့။ သို့မှသာလျှင် မတရားသူများမှတပါး လူသားတို့သည် သင်တို့နှင့် အငြင်း အခုံ မပြုနိုင်ပေ။ သူတို့ကို မကြောက်ရွံ့ကြလင့်။ ငါအရှင်အား ကြောက်ရွံ့ကြလော့။ ယင်းသို့ မျက်နှာမူခြင်းမှာ သင်တို့အပေါ်၌ ငါသည် ငါ၏ကျောင်းချီးမင်္ဂလာတော်ကို ပြည့်ဝစုံလင်စေတော် မူဖို့ရာဖြစ်၏။ သင်တို့အား လမ်းမှန်ကို ညွှန်ပြဖို့ရာလည်းဖြစ်၏။
[151] ၁၅၁။ ငါသည် သင်တို့ထံသို့ သင်တို့အထဲမှ တမန်တော်တပါးကို စေလွှတ်တော်မူ၏။ သူသည် သင်တို့အား ငါ၏ နှုတ်ကပတ်တော်များကို တင်ပြရွတ်ဖို့ရာ သင်တို့ကို သန့်စင်ဖို့ရာ သင်တို့အား ကျမ်းတော်နှင့် နက်နဲသောပညာကို သွန်သင်ပြသဖို့ရာ သင်တို့မသိသည်ကို သင်ကြားပေးဖို့ရာသာဖြစ်၏။
[152] ၁၅၂။ ထို့ကြောင့် သင်တို့သည် ငါအား သတိရကြလော့။ ငါလည်း သင်တို့ကို သတိရတော်မူမည်။ ငါ၏ ကျေးဇူးတော်ကိုသိကြလော့။ ငါ့အား ကျေးဇူးမကန်းကြလင့်။
[153] ၁၅၃။ အေ၊ ယုံာကည်သူတို့ သင်တို့သည် အစောင်အမတော်ကို သည်းခံခြင်းတရား ဆွလာသ်ဝတ်ပြုခြင်း အားဖြင့် ရှားမှီးကြကုန်လော့။ ကြည့်ကြလော့။ အလ္လာဟ်သည် သည်းခံသူတို့နှင့်အတူတကွ ရှိတော် မူ၏။
[154] ၁၅၄။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အသတ်ခံရသူတို့ကို သေပြီဟု မဆိုကြလင့်။ ထိုသူတို့ သည် မသေပေ။ အသက်ရှင်လျက်ရှိကြ၏။ သို့သော် သင်တို့သည် မမြင်စွမ်းနိုင်ကြပေ။
[155] ၁၅၅။ ငါသည် သင်တို့အား ကြောက်ရွံ့ခြင်း၊ မွတ်သိပ်ခြင်း၊ ဥစ္စာပစ္စည်း၊ အသက်စည်းစိမ် ကောက်ပဲသီးနှံ ဆုံးရှုံးခြင်းတို့ဖြင့် မုချဧကန် စမ်းသပ်တော်မူမည်။ သို့သော် သင်သည် သည်းခံတည်ကြည်ကြသူတို့ အား ဝမ်းမြောက်ဘွယ်သတင်းကိုပေးလော့။
[156] ၁၅၆။ ဘေးအန္တရာယ်ကျရောက်သောအခါ ထိုသူတို့က ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်မြတ်၏ ကျေးကျွန်များဖြစ်ကြ၏။ ကြည့်ကြလော့။ အကျွန်ုပ်တို့သည် အရှင်မြတ်အထံတော်သို့ ပြန့်နေကြသည် ဟု ဆိုကြ၏။
[157] ၁၅၇။ ထိုသူတို့သည် မိမိတို့အပေါ် မိမိတို့၏ အရှင်သခင်အထံတော်မှ ကောင်းချီးမင်္ဂလာတော်နှင့် ဂုဏ်ကျေးဇူးတော်များကျရောက်သူများဖြစ်ကြ၏။ သူတို့သည် လမ်းမှန်ကို ညွှန်ပြခြင်းခံရသူများ ဖြစ်ကြ၏။
[158] ၁၅၈။ ကြည့်ကြလော့။ စဖွာတောင်နှင့် မာရ်ဝါတောင်တို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓက တော်များဖြစ်ကြ၏။ ထို့ကြောင့် သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတော်အတွင်း အရှင်မြတ်၏ ဗလီကျောင်းတော်သို့ ဝတ်ပြုသွားသူတို့ သို့မဟုတ် အခြားအချိန်ကာလတွင် သွားရောက်သူတို့အဖို့ ထိုတောင်နှစ်ပါးကို ရှေးမိစ္ဆာဒိဋ္ဌိတို့ ခေတ်ထုံးစံအတိုင်း လှည့်လည်ခြင်းသည် အပြစ်မထိုက်ချေ။ အကြင်သူသည် မိမိအလိုအလျောက် မိမိအကျိုးဖြစ်စေရန် ကုသိုလ်ကောင်းမှုပြု၏။ အလ္လာဟ် အရှင်မြတ်သည် မုချဧကန်အကျိုးတုန့်ပြန်တော်မူ၏။ သိမြင်တော်မူ၏။
[159] ၁၅၉။ ငါအရှင်မြတ်သည် ရှေးကျမ်းတော်၌ ကုရ်အာန်ကျမ်းတော်အကြောင်းကို ထင်ရှားစွာ ဖော်ပြထား တော်မူပြီးသည့်နောက် အကြင်သူတို့သည် ငါချပေးတော်မူသော သက်သေသာဓကများနှင့် လမ်းညွှန် ပြချက်ကို ထိန်ဝှက်ထား၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ကျိန်ဆဲတော်မူခြင်းကို ခံကြရ၏။ ကျိန်ဆဲခြင်းအခွင့်အာဏာရရှိသူတို့၏ကျိန်ဆဲခြင်းကိုလည်း ခံရကြ၏။
[160] ၁၆ဝ။ သို့သော် မိမိတို့အပြစ်များကို သတိသံဝေဂရ၍ မိမိကိုယ်ကို မိမိပြုပြင်၍ တရားတော်ကို ထင်ရှားသူတို့ မူကား ယင်းကျိန်ဆဲခြင်းမှ လွတ်ကင်းရကြ၏။ ဤလူများအပေါ်၌ ငါအရှင်မြတ်သည် အပြစ်လွှတ် တော်မူ၏။ ငါသည် အပြစ်လွှတ်တော်မူသော ကျောင်းချီးမင်္ဂလာပေးတော်မူသော အရှင်ဖြစ်တော် မူ၏။
[161] ၁၆၁။ ကြည့်ကြလော့။ အကြင်သူတို့သည် မယုံကြည်ကြ။ မယုံကြည်ပဲလျက် အသက်ကုန်ကြ၏။ ထိုသူတို့ အပေါ်၌ အလ္လာဟ်၊ ကောင်းကင်တမန်တော်များ၊ လူသားများအားလုံးတို့၏ ကျိန်ဆဲခြင်းစုပေါင်း ကျရောက်၏။
[162] ၁၆၂။ သူတို့သည် ထိုကျိန်ဆဲခြင်းအတွင်း နေကြရ၏။ သူတို့အတွက် သူတို့၏အပြစ်ဒဏ်ကို လျော့ပေါ့ မည် မဟုတ်။ ေ့ရွှဆိုင်းထားမည်လည်းမဟုတ်။
[163] ၁၆၃။ သင်တို့၏ အရှင်သခင်သည် တစ်ဆူတည်းသောအလ္လာဟ်ဖြစ်တော်မူ၏။ မဟာကရုဏာတော်အရှင်၊ အနန္တဂုဏ်ကောင်းချီးမင်္ဂလာတော်သခင် အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။
[164] ၁၆၄။ ကြည့်ကြလော့။ မိုးမြေများကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ ညဉ့်နှင့်နေ့ကို အလှည့်ကျ လဲလှယ်တော်မူခြင်း၌သော်လည်းကောင်း လူသားတို့အကျိုးငှာ လှေသင်္ဘောများကို ပင်လယ် သမုဒ္ဒရာရေပြင်ကြောဝယ် ဖြတ်သန်းသွားလာခြင်း၌သော်လည်းကောင်း၊ မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် သွန်ချတော်မူသော မိုးရေ၌သော်လည်းကောင်း၊ ၎င်းမိုးရေအားဖြင့် သေနေသောမြေကို အသက်သွင်းပေးတော်မူခြင်း၌သော်လည်းကောင်း၊ ကမ္ဘာမြေပေါ်၌ တိရိစ္ဆာန် အမျိုးမျိုးကို အပြန့်အနှံ့ကြဲဖြန့်တော်မူခြင်း၌သော်လည်းကောင်း၊ လေများကို ပြောင်းလဲတိုက်ခတ် စေတော်မူခြင်း၌သော်လည်းကောင်း မိုးမြေစပ်ကြား တွဲလွဲကျနေသော မိုးတိမ်မိုးသားတို့၌သော် လည်းကောင်း စဉ်းစားဉာဏ်ရှိသူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကတော်များ ပါရှိ ကြ၏။
[165] ၁၆၅။ သို့ပါလျက် လူသားတို့အနက် အချို့သည် အရာဝထ္ထုများကို အလ္လာဟ်အရှင်မြတ်နှင့်အတူထား၍ ကိုးကွယ်ကြ၏။ သူတို့သည် အရှင်မြတ်အား သဒ္ဓါကြည်ညိုမြတ်နိုးသကဲ့သို့ ထိုအရာများကို မြတ်နိုး ကြ၏။ သို့သော် ယုံကြည်ခြင်းတရားရှိသူတို့မူကား အလ္လာဟ်အရှင်မြတ်အားသာ စိတ်အားထက်သန် စွာနှင့် သဒ္ဒါကြည်ညိုမြတ်နိုးကြ၏။ အကယ်၍ မကောင်းမှုကို ပြုသူတို့သည် မိမိတို့ခံစားရမည့်အပြစ် ဒဏ်တော်ကို မြင်ရသောနေ့၌ အချုပ်အခြာအာဏာတော်ကို အလ္လာဟ်အရှင်မြတ်ပိုင်တော်မူကြောင်း၊ အရှင်မြတ်သည် အပြစ်ဒဏ်ခတ်တော်မူရာ၌ ပြင်းထန်တော်မူကြောင်းတို့ကို သိလျှင်ကောင်းလေစွ။
[166] ၁၆၆။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ အကြီးအကဲ ေ့ရှဆောင်တို့က မိမိတို့ နောက်လိုက်တို့ကို အသိမပြု စွန့်ပစ်ထားသောနေ့ သူတို့အားလုံးသည် အပြစ်ဒဏ်တော်ကို မျက်ဝါးထင်ထင် မြင်ရသော နေ့ မျှော်မှန်းချက်ပန်းတိုင်များသည် သူတို့နှင့်အတူ ပျက်ပြုန်းရသောနေ့။
[167] ၁၆၇။ ထိုနေ့၌ နောက်လိုက်များက အကယ်၍ အကျွန်ု်ပ်တို့တဖန် ပြန်သွားနိုင်ပါလျှင် ထိုေ့ရှဆောင်များသည် အကျွန်ုပ်တို့အားစွန့်ပစ်သကဲ့သို့ သူတို့ကို စွန့်ပစ်မည်သာတည်းဟု ပြောဆိုကြ၏။ ယင်းသို့ အလ္လာဟ် အရှင်မြတ်သည် သူတို့အားသူတို့ပြုကျင့်မှုသည် သူတို့၏ ဒုက္ခဖြစ်သည်ကို ပြတော်မူလတ္တံ့။ သူတို့သည် ငရဲမီးထဲမှ ထွက်ရမည်မဟုတ်ပေ။
[168] ၁၆၈။ အို - လူသားတို့ သင်တို့သည် ကမ္ဘာမြေပေါ်ဝယ် သန့်ရှင်းသော တရားသော အစားအစာများကို မှီဝဲသုံးစွဲကြလော့။ ရှိုင်တွာန်မာရ်နတ်၏ခြေရာကို မနင်းကြလင့်။ ကြည့်ကြလော့။ ရှိုင်တွာန်သည် သင်တို့အတွက် ထင်ရှားသောရန်သူဖြစ်၏။
[169] ၁၆၉။ ရှိုင်တွာန်သည် သင်တို့အားမကောင်းမှု မတရားမှုနှင့် ညစ်ပတ်မှုများကိုသာ ကျူးလွန်ရန် အားပေး တိုက်တွန်း၏။ အရှင်မြတ်နှင့်စပ်လျဉ်း၍ သင်တို့မသိသောအရာများကို ပြောဆိုဖို့ရာလည်း လှုံ့ဆော် ၏။
[170] ၁၇ဝ။ ထို့ပြင် သူတို့အား၊ ဟယ် - အချင်းတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်ချပေးတော်မူသော တရား တော်ကို လိုက်နာကြလော့ဟု ပြောသောအခါ သူတို့က အကျွန်ုပ်တို့သည် မိရိုးဖလာကိုသာ လိုက်နာ သည်ဟု ပြန်ပြောကြ၏။ သူတို့သည် မိမိတို့မိဘဘိုးဘွားတို့အသိဉာဏ် လုံးဝမရှိ၊ နည်းပြလမ်းညွှန် တစ်စုံတစ်ရာ မရှိသော်လည်း မိရိုးဖလာအတိုင်း ပြုကျင့်ကြမည်လော။
[171] ၁၇၁။ တမန်တော်ကို မယုံကြည်သောသူသည် ဟစ်အော်ကြွေးကြော်သောအသံမျွှပါး အခြားအသံကို ကြားလည်း မကြား၊ နားလည်မလည်သောသူကိုခေါ်သောသူပမာကဲ့သို့ဖြစ်၍ သူတို့သည် အပင်း၊ အအ၊ အကန်းဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့ကြ၏။
[172] ၁၇၂။ အို - ယုံကြည်သူတို့၊ ငါအရှင်ပေးသနားတော်မူသည့် မွန်မြတ်သောအစားအစာကို မှီဝဲသုံးစွဲကြ လော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မုချဧကန်ကိုးကွယ်ကြလျှင် အရှင်မြတ်၏ ဂုဏ် ကျေးဇူးတော်ကို ချီးကျူးကြလော့။
[173] ၁၇၃။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိအလိုအလျောက်သေသော တိရစ္ဆာန်၏ အသား၊ သွေး၊ ဝက်သားနှင့် အရှင်မြတ်၏နာမတော်မှတပါး အခြားနာမည်ကိုတသ၍ သတ်မှတ်သောတိရစ္ဆာန်၏ အသားတို့ကို မစားရဟု တားမြစ်တော်မူ၏။ သို့သော် မမက်မောဘဲ မတရားကျူးလွန်လို့ပဲ အကျဉ်း အကြပ်နှင့်တွေ့ကြုံ၍ မိမိအသက်မသေစိမ့်သောငှာ၊ ထိုအစာများကို စားရလျှင် ထိုစားသူ၌ အပြစ် မထိုက်ပေ။ ကြည့်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသော ကောင်းချီးမင်္ဂလာ ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
[174] ၁၇၄။ ကြည့်ကြလော့။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောကျမ်းတော်မြတ်မှ ပညတ်တော်တစ်စုံတစ်ရာကို ထိန်ချန်ထားကြ၏။ ထိုပညတ်တော်များကို အနည်းငယ်မျှသော ဥစ္စာ ပစ္စည်းနှင့် လဲလှယ်ရောင်းစားကြ၏။ ထိုသူတို့သည် မိမိတို့ဝမ်းတွင်းသို့ မီးတောက်မီးလျှံမှတပါး အခြားအရာတစ်စုံတရာကိုမှ စားသုံးမြိုချသည်မဟုတ်ပေ။ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှုတ်ဆက်တော်မူမည်မဟုတ်ပေ။ သန့်ရှင်းအောင်ပြုတော်မူ မည်လည်းမဟုတ်ပေ။ သူတို့အဖို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ကြီးရှိလတ္တံ့။
[175] ၁၇၅။ သူတို့သည် မှားယွင်းမှုကို လမ်းညွှန်တရားပေး၍ ဝယ်သူနှင့်အပြစ်ဒဏ်ကို အပြစ်လွှတ်ခြင်းပေး၍ ဝယ်သူများဖြစ်ကြ၏။ သူတို့သည် ငရဲပြည်သို့ရောက်အောင် မနားမနေကြိုးစားကြ၏။
[176] ၁၇၆။ ယင်းသို့ အပြစ်ဒဏ်ရခြင်းကား အလ္လာဟ်အရှင်မြတ်သည် ကမ်းတော်ကို အမှန်ပင် ချပေးတော် မူသောကြောင့်တည်း မှတ်သားကြလော့။ အကြင်သူတို့သည် ထိုကျမ်းတော်၌ အငြင်းအခုံဖြစ်မှုကို ရှာကြ၏။ ထိုသူတို့သည် ဘွင်းဘွင်းလိုက်ခွဲသူများဖြစ်ကြ၏။
[177] ၁၇၇။ သင်တို့၏အေ့ရှဘက်နှင့် အနောက်ဘက်သို့ မျက်နှာမူခြင်းသည် အကျင့်မြတ်မဟုတ်ပေ။ သို့သော် တရားစောင့်စည်းရိုသေသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ တရားစီရင်တော်မူသော နေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်တော်များကိုလည်းကောင်း၊ ကျမ်းတော်မြတ်ကိုလည်းကောင်း လူသားတမန်တော်များကိုလည်းကောင်း ယုံကြည်သူဖြစ်၏။ အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးသော စိတ်စေတနာနှင့် မိမိ၏ ဥစ္စာပစ္စည်းမှ မိမိဆွေမျိုးများ၊ မိဘမဲ့သူများ၊ သူဆင်းရဲများ၊ ခရီးသည်များ၊ သူတောင်းစားများနှင့် ကျန်လွှတ်ရန်ပေးကြ၏။ ဆွလာသ်ဝတ်ပြုကြ။ ဇကားသ်အလှူပေး၏။ ထိုသူတို့ သည် မိမိတို့ဂတိသစ္စာထားသောအခါ စောင့်ထိန်းကြ၏။ အတိဒုက္ခရောက်သောအခါသော် လည်းကောင်း၊ ဆင်းရဲညှိုးနွမ်းသောအခါသော်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုက်ရောက်သော အခါသော်လည်းကောင်း၊ မတုန်မလှုပ်သည်းခံကြသူတို့ဖြစ်ကြ၏။ ဤသူများသည် ရိုးသား မှန်ကန် သူများ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးသူများဖြစ်ကြ၏။
[178] ၁၇၈။ အို၊ ယုံကြည်သူတို့ သင်တို့အား လူသတ်မှုများ၌ လက်စားချေခွင့်ပေးတော်မူ၏။ သူကောင်းကို သတ်လျှင် သူကောင်းကိုသာ လက်စားချေ၍ သတ်ခြင်း၊ ကျွန်ကိုသတ်လျှင် ကျွန်ကိုသာ လက်စားချေ ၍ သတ်ခြင်း မိန်းမသတ်လျှင် မိန်းမကိုသာ လက်စားချေ၍သတ်ခြင်းကို ခွင့်ပြုတော်မူ၏။ သို့သော် သေသူ၏ သားချင်းတို့က လူသတ်သမားကို အသက်ချမ်းသာပေးလျှင် ထိုသူသတ်သည် ထုံးစံကို လိုက်နာ၍ သင့်တော်သောလျော်ကြေးကို သနားကြင်နာစွာပေးဆောင်ရမည်။ ယင်းသို့ချမ်းသာ ပေးခြင်းသည် သင်တို့၏ အရှင်သခင်အထံတော်မှ အပြစ်လျော့တော်မူခြင်းနှင့် ကောင်းချီးမင်္ဂလာ တော်ဖြစ်၏။ ထို့နောက်တဖန် တရားတော်ကို ကျူးလွန်သူသည် နာကျင်သောအပြစ်ဒဏ်ကို ခံစားရ လတ္တံ့။
[179] ၁၇၉။ ဤလက်စားချေခြင်း ပညတ်တော်၌ သင်တို့အဖို့ အသက်ရှင်ကြောင်းပါရှိ၏။ အို - ပညာရှိတို့၊ ထိုပညတ်တော်ကို စီရင်တော်မူခြင်းမှာ သင်တို့သည် ဒုစရိုက်အမှုအခင်းကို တွန်းလှန်ကြဉ်ရှောင် ဖို့ရာဖြစ်၏။
[180] ၁၈ဝ။ သင်တို့အထဲမှ တစ်ဦးတစ်ယောက်သောသူသည် အသက်ကုန်ခါနီးအချိန်ကျရောက်သည်ရှိသော် သူ၌ ဥစ္စာပစ္စည်းရှိလျှင် ထိုသူသည် မိမိ၏ မိဘနှစ်ပါးနှင့် ဆွေမျိုးသားချင်းတို့အား သနားကြင်နာ ခြင်းဖြင့် သေတမ်းစာရေးပေးရန် အရှင်မြတ်ပညတ်တော်မူ၏။ သေတမ်းစာရေးခြင်းသည် မတရားမှု ကို ရှောင်ကြဉ်သူတို့အဖို့ တာဝန်ဝတ္တရားတစ်ခုဖြစ်၏။
[181] ၁၈၁။ အကြင်သူသည် သေတမ်းစာကို ကြားပြီးနောက်ပြောင်းလဲ၏။ ထိုပြောင်းလဲသူတို့အပေါ်၌သာလျှင် ဤပြုကျင့်မှု၏အပြစ်ကို ကျရောက်၏။ ကြည့်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသော အရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
[182] ၁၈၂။ သို့သော် အကြင်သူသည် သေတမ်းစာပြုသူထံမှ မတရားသော အချက်အလက်ကို စိုးရိမ်ကြောင့်ကြ၍ သေတမ်းစာတွင် အကျိုးခံစားထိုက်သူတို့အလည်တွင် ကြေအောင်ဖျန်ဖြေပေး၏။ ထိုသူအပေါ်၌ အပြစ်မထိုက်ချေ။ ကြားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ကျောင်းချီးမင်္ဂလာပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
[183] ၁၈၃။ အို - ယုံကြည်သူတို့၊ သင်တို့သည် ဒုစရိုက်အမှုအခင်းများကို ရှောင်ကြဉ်စေခြင်းငှာ သင်တို့ထက် ရှေးကျသောလူဟောင်းတို့အား ဥပုသ်သီတင်းကျင့်သုံးဆောက်တည်ရန် ပညတ်တော်မူသကဲ့သို့ သင်တို့လည်း ပညတ်တော်မူ၏။
[184] ၁၈၄။ သင်တို့သည် သတ်မှတ်ထားသောနေ့ရက်များ၌ ဥပုသ်စောင့်ရမည်။ အကြင်သူသည် နာမကျန်း ဖြစ်၍သော်လည်းကောင်း၊ ခရီးသွားရ၍သော်လည်းကောင်း၊ ဥပုသ်မစောင့်နိုင်လျှင် ပျက်ကွက်သော နေ့များကို အခြားနေ့များနှင့် ဖြည့်စွက်ရမည်။ သို့သော် အကြင်သူသည် မိမိအလိုအလျောက် ကောင်းမှုပြု၏။ ထိုကောင်းမှုသည် ထိုသူအတွက် သာလွန်မွန်မြတ်၏။ ထို့ပြင် သင်တို့ကိုယ်တိုင် ဥပုသ်စောင့်ခြင်းသည် သင်တို့အတွက် သာလွန်ကောင်းမွန်၏။ သင်တို့သိကြလျှင် ကောင်းလေစွ။
[185] ၁၈၅။ ရမ်ဇာန်မည်သောလ၌ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်ကို ချပေးသနားတော်မူ၏။ ကျမ်းတော်သည် လူသားတို့အဖို့ရာစံနှုန်းလည်းဖြစ်၏။ သင်တို့အနက် မည်သူမဆို ရမ်ဇန်လနှင့် ကြံုကြိုက်ခဲ့မူ ဥပုသ်သီလကို စောင့်သုံးကြရမည်။ အကြင်သူသည် မကျန်းမမာဖြစ်သောကြောင့် လည်းကောင်း၊ ခရီးဝေးသွားလာရသောကြောင့်လည်းကောင်း၊ ဥပုသ်ပျက်ွက်ခဲ့လျှင် ထိုသူသည် ထိုပျက်ွက်သောနေ့များအစား အခြားနေ့များကို အစားထိုး၍ ဥပုသ်ဆောက်တည်ရမည်။ အလ္လာဟ် အရှင်မြတ်သည် သင်တို့အဖို့ လွယ်ကူခြင်းကို အလိုရှိတော်မူ၏။ ခဲယဉ်းခြင်းကို လိုလားတော်မမူချေ။ အရှင်မြတ်သည် သင်တို့ သတ်မှတ်ထားသော ကာလအပိုင်းအခြားကို ပြည့်စုံစွာ ဖြည့်ခြင်းကို လိုလားတော်မူ၏။ သင်တို့ကို လမ်းညွှန်တော်မူသောကြောင့် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို သင်တို့ချီးကျူးခြင်း၊ ကျေးဇူးတော်ကို သိတတ်ခြင်းတို့ကို လိုလားတော်မူ၏။
[186] ၁၈၆။ အို၊ တမန်တော် ငါအရှင်မြတ်၏ ကျေးကျွန်များသည် သင့်အား ငါ၏အကြောင်းကို မေးမြန်းသော အခါ ငါသည် အမှန်ပင် နီးကပ်စွာရှိတော်မူ၏။ ငါ၏အထံတော်၌ ငါ့အားကျိုးနွံသူ၏ တောင်းသောဆု ကို ငါပေးသနားတော်မူ၏။ ထိုကြောင့် သူတို့သည် ငါ၏ ဗျာဒိတ်တော်ကို နားစွင့်ကြစေလော့။ သူတို့သည် ငါ့အား ယုံကြည်ကိုးစားကြစေလော့။ သို့မှသာလျှင် သူတို့သည် လမ်းမှန်သို့ ညွှန်တော် မူခြင်းကို ခံရကြမည်။
[187] ၁၈၇။ သင်တို့သည် ဥပုဉ်သီလကျင့်သုံးဆောက်တည်သောညဉ့်၌ မိမိတို့ဇနီး မိန်းမများထံ တရားသဖြင့် ဝင်နိုင်ကြသည်ဟု ပညတ်ထားတော်မူ၏။ သူမတို့သည် သင်တို့အဖို့ ဝတ်စားတန်ဆာများဖြစ်ကြ၏။ သင်တို့လည်း သူမတို့အတွက် ဝတ်စားတန်ဆာဖြစ်ကြ၏။ ဤကိစ္စတွင် သင်တို့သည် မိမိကိုယ်ကို မိမိ လှည့်စားနေသည်ကို အလ္လာဟ်အရှင်မြတ်သိတော်မူ၏။ ထို့ကြောင့် အရှင်မြတ်သည် သင်တို့ ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူပြီးလျှင် သင်တို့အား သက်သာခွင့် ပေးသနားတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် မိမိတို့ဇနီးနှင့် ပေါင်းသင်းဆက်ဆံကြ၍ အရှင်မြတ်ပြဋ္ဌာန်းထးတော်မူသည် တို့ကို ရှားမှီးကြလော့။ သင်တို့သည် ချည်မျှင်အနက်နှင့် ချည်မျှင်အဖြူကို ခြားနားသိနိုင်အောင် နံနက်အလင်းရောင်ပေါ်လာသည်အထိ အစာအဟာရများကို စားသောက်ကြလော့။ ထို့နောက် ညနေ နေဝင်ချိန်တိုင်အောင် ဥပုသ်သီလကျင့်ဝတ်များကို တစ်နေ့လုံး ကျနသေချာစွာ ကျင့်သုံး ဆောက်တည်ကြလော့။ ထိုအချိန်ကာအတွင်းတွင် ဇနီးမိန်းမများ၏အပါးကို မချဉ်းကပ်ကြလင့်။ လူသားတို့သည် ဒုစရိုက်အမှုအခင်းများကို ကြဉ်ရှောင်စေရန် အလ္လာဟ်အရှင်မြတ်သည် မိမိတရား တော်များကို ရှင်းလင်းပြဋ္ဌာန်းတော်မူ၏။
[188] ၁၈၈။ ထို့ပြင် သင်တို့သည် မိမိတို့စည်းစိမ်ဥစ္စာများကို ဝါကြွား၍ အချည်းနှီးမသုံးစွဲကြလင့်။ အခြားသူများ၏ ဥစ္စာပစ္စည်းအချို့ကို မတရားသောနည်းဖြင့် ရရှိစေခြင်းငှာ တရားသူကြီးတို့အား လာဘ်ပေးဖို့ရာလည်း မသုံးစွဲကြလင့်။
[189] ၁၈၉။ အို - တမန်တော် မိုဟမ္မဒ် သူတို့သည် သင်အား ဆန်းဦးစလများအကြောင်းကို မေးမြန်းကြ၏။ သင်သည် သူတို့အား ဟောကြားလော့။ ထိုလများသည် လူသားတို့အဖို့ အချိန်ကာလများကို အမှတ် သညာပြုနိုင်အ့ံသောငှာလည်းကောင်း၊ မက္ကာကျောင်းတော်သို့ ဟဂျ်ဝတ်ပြုရန်သတ်မှတ်ထားသော အချိန်ကာလကို သိနိုင်အ့ံသောငှာလည်းကောင်းဖြစ်။ မိစ္ဆာဒိဋ္ဌိတို့သည် အချို့သောရာသီကာလတွင် အိမ်များကို နောက်ဖေးပေါက်များမှ ဝင်သကဲ့သို့ သင်တို့ မဝင်ကြလင့်။ ယင်းသို့ ဝင်ခြင်းသည် တရား တော်နှင့်မညီ၊ အမင်္ဂလာဒုစရိုက်အညစ်အကြေးကို ရှောင်ရှားသူများဖြစ်ကြလော့။ ထို့ကြောင့် အိမ်များကို တံခါးပေါက်များမှဝင်ကြလော့။ အလ္လာဟ်အရှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြ လော့။ သို့မှသာလျှင် သင်တို့သည် အောင်မြင်ကြမည်။
[190] ၁၉ဝ။ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကြောင့် သင်တို့ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူတို့အား သင်တို့သည် တိုက်ခိုက်ကြလော့။ သို့သော် သင်တို့သည် စစ်ကိုစတင်၍ မတိုက်ခိုက်ကြလင့်။ ကြည့်ကြလော့။ အလ္လာဟ်အရှင်မြတ်သည်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူပေ။
[191] ၁၉၁။ ထိုရန်သူတို့ကို တွေ့သောနေရာတိုင်း၌ တိုက်ခိုက်ရှင်းလင်းကြလော့။ သင်တို့အား မောင်းနှင်ပစ်သော နေရာဋ္ဌာနမှ သူတို့ကို နှင်ထုတ်ပစ်ကြလော့။ အကြောင်းမူကား နှိပ်စက်ညှင်းပန်းမှုသည် သတ်ဖြတ်မှု ထက် သာလွန်ဆိုးဝါးချေ၏။ သူတို့သည် သင်တို့အား သင်တို့သည် သူတို့အား မတိုက်ခိုက်ကြလင့်။ သို့သော် သူတို့သည် သင်တို့အား စတင်မတိုက်ခိုက်လျှင် သင်တို့သည် သူတို့အား ဘေးမဲ့ဖြစ်သော ကျောင်းတော်ကြီး၌ မတိုက်ခိုက်ကြလင့်။ သို့သော် သူတို့သည် သင်တို့အား ထိုအောင်မြေတော်၌ တိုက်ခိုက်လျှင် သင်တို့ဥည် သူတို့အား သက်ဆုံးအောင် စီရင်ကြလော့။ သုတ်သင်ရှင်းလင်းခြင်း သည် မိစ္ဆာအမိုက်တို့၏ ဆုလာဘ်ဖြစ်၏။
[192] ၁၉၂။ သို့သော် သူတို့သည် စစ်ကိုရပ်စဲလျှင် အရှင်မြတ်သည် အမှန်ပင်အပြစ်လွှတ်တော်မူ၏။ ကောင်းချီး မင်္ဂလာပေးတော်မူ၏။
[193] ၁၉၃။ သင်တို့သည် နှိပ်စက်ညှဉ်းပန်းခြင်း၊ ဘေးအန္တရာယ် ပျောက်ကင်းသည့်တိုင်အောင် သူတို့အား တိုက်ခိုက်ကြလော့။ အရှင်မြတ်၏ သာသနာတော်ကြီးတည်ရှိသည့်တိုင်အောင် တိုက်ခိုက်ကြလော့။ သို့သော် သူတို့သည် စစ်ကို ရပ်တန့်လျှင် မတရားပြုသူတို့မှတပါး အခြားသူတို့နှင့် စစ်မခင်းကြလင့်။
[194] ၁၉၄။ လက်စားချေရာ၌ ဤတားမြစ်ထားသောကာလအတွက် အလားတူတားမြစ်ထားသော လဖြစ်ရမည်။ အခြားတားမြစ်ထားသောအရာများတွင်လည်း ဤနည်းနှင်နှင်ဖြစ်၏။ အကြင်သူသည် သင်တို့အား တိုက်ခိုက်၏။ ထိုသူအား ၎င်းတိုက်ခိုက်သလို သင်တို့ တုန့်ပြန်ကြလော့။ သင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမှုတော်ကို ကျေပွန်အောင်ထမ်းဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက် အညစ်အကြေးကို ရှောင်သူတို့နှင့်အတူတကွ ရှိတော်မူသည်ကို မှတ်သားကြလော့။
[195] ၁၉၅။ သင်တို့သည် မိမိတို့စည်းစိမ်ဥစ္စာကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲကြလော့။ မိမိကိုယ်ကို မိမိတို့ မဖျက်ဆီးကြလင့်။ ကုသိုလ်ကောင်းမှုပွားများကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အရှင် မြတ်သည် သူတပါးအကျိုးကိုဆောင်သူတို့အား နှစ်သက်တော်မူ၏။
[196] ၁၉၆။ အလ္လာဟ်အတွက် ဟဂျ်ဝတ်နှင့် မက္ကာသွားမှုကိုပြုကြလော့။ အကယ်၍မသွားနိုင်လျှင် ဒုက္ခမဲ့ လွယ်ကူစွာရနိုင်သော အလှူပစ္စည်းများကို ပို့ကြလော့။ ဤပစ္စည်းများသည် ပို့ရာအရပ်သို့ မရောက်သမျှ သင်တို့သည် ခေါင်းမရိပ်ကြလင့်။ သင်တို့အနက် အကြင်သူသည် မကျန်းမမာဖြစ်အ့ံ သို့မဟုတ် ခေါင်းရောဂါဖြစ်အ့ံ ထိုသူသည် ဥပုသ်စောင့်ခြင်း သို့မဟုတ် အလှူပေးခြင်း သို့မဟုတ် သားကောင်သတ်လှူခြင်းဖြင့် အပြစ်ဖြေရမည်။ ၎င်းပြင် သင်တို့သည် လုံခြံုခြင်းကိုရသောအခါ အကြင်သူသည် ဟဂျ်အစား အွန်မရာနှင့်တင်းတိမ်အ့ံ။ ထိုသူသည် လွယ်လင့်တကူ ရနိုင်သော အလှူပစ္စည်းများကိုပေးရမည်။ အကြင်သူသည် ယင်းအလှူပစ္စည်းများကို မရနိုင်လျှင် ထိုသူသည် ဟဂျ်အတွင်း ဥပုသ်သုံးရက်စောင့်ရမည်။ နေရပ်ပြန်ရောက်သောအခါ ဥပုသ်ခုနှစ်ရက်စောင့်ရမည်။ အားလုံး ဆယ်ရက်၊ ဤကျင့်စဉ်တရားသည် ဘေးမဲ့ကျောင်းတော်တည်ရာ မက္ကာရွှေမြို့တော်ကြီး၌ မနေထိုင်သူတို့အဖို့ဖြစ်၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်ခတ်ရာ၌ ပြင်းထန်သည်ကို မှတ်သား ကြလော့။
[197] ၁၉၇။ ဟာဂျ်ခေါ် မက္ကာဝတ်ပြုသွားခြင်း ပြရသောလများကို လူအများအသိပင်ဖြစ်၏။ အကြင်သူသည် ထိုလများအတွင်း မက္ကာကျောင်းတော်သို့ ဟာဂျ်ဝတ်ပြုရန် အကြံပေါက်၏။ ထိုသူသည် ဟာဂျ် ဝတ်ပြုနေစဉ် ကာမမှု၊ ဆဲဆိုတိုင်းထွာမှု၊ ဒေါသစကားဆိုမှုများကို မကျူးလွန်ရသည်ကို ကောင်းစွာ သတိမူလော့။ သင်တို့ ပြုလုပ်သော ကောင်းမှုဟူသမျှကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏။ ထို့ကြောင့် သင်တို့သည် ခရီးအတွက်လိုအပ်သည့်အလုံးစုံကို စုဆောင်းစီမံထားကြလော့။ သို့သော် အကောင်းဆုံးသော စီမံချက်မှာ ဒုစရိုက်အညစ်အကြေးကို ကြဉ်ရှောင်ခြင်းဖြစ်၏။ ထို့ကြောင့် အို - ပညာရှိတို့ သင်တို့သည် ငါအရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။
[198] ၁၉၈။ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ ကောင်းချီးမင်္ဂလာတော်ကို ရောင်းဝယ်ဖောက်ကားခြင်းဖြင့် ရှာမီး၍အပြစ်မသင့်ပေ။ သို့သော် သင်တို့သည် အာရဖသ်နေရာမှ လူထုအလုံးအရင်းနှင်းနှင့် ေ့ရှသို့ တိုးသွားသောအခါ မြင့်မြတ်သောအထိမ်းအမှတ်အဆောက်အဦးအနီးအပါးတွင် အလ္လာဟ်အရှင် အား အာရုံပြုကြလော့။ သင်တို့သည် အထက်ကျော်ကာလက မိစ္ဆာအယူဝါဒယူ၍ လမ်းမှားသူတို့ ဘောင်တွင် ပါဝင်သော်လည်း အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လမ်းမှန်သို့ ပို့ဆောင်တော် မူပြီ။ ထို့ကြောင့် အရှင်မြတ်ကို သတိမမေ့ပဲ အာရုံပြုကြလော့။
[199] ၁၉၉။ ထို့နောက် ဝတ်ပြုလူထုထွက်သွားသည့်နေရာအရပ်မှ ဆက်လက်သွားကြပြီးလျှင် အလ္လာဟ်အရှင်မြတ် အား အပြစ်လွှတ်တော်မူရန်ဆုတောင်းကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အရှင် ကောင်းချီး မင်္ဂလာပေးသနားတော်မူသော အရှင်ဖြစ်တော်မူ၏။
[200] ၂ဝဝ။ ထို့နောက် သင်တို့ပြုအပ်သောဝတ်များကိုပြုပြီးနောက် မိမိတို့မိဘအဘိုးအဘွားကို သတိရသကဲ့သို့ သို့မဟုတ် ၎င်းထက်စိတ်အားထက်သန်စွာနှင့် အလ္လာဟ်အရှင်မြတ်အား သတိရကြလော့။ လူသားတို့ အနက် အို - အကျွန်ုပ်တို့၏အရှင်သခင် အကျွန်ုပ်တို့အား ဤလောကီဘဝ၌ ကောင်းချီးမင်္ဂလာ ပေးတော်မူပါဟု ဆုတောင်းသူလည်းရှိ၏။ ထိုသူအဖို့ နောင်တမလွန်ဘဝတွင် ဝေစုဝေပုံ တစ်စုံ တစ်ရာမှ မရှိပေ။
[201] ၂ဝ၁။ ထို့ပြင် လူသားတို့အနက် အို - ကျွန်ုပ်တို့၏အရှင်၊ အကျွန်ုပ်တို့အား ဤဘဝ နောင်ဘဝတွင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါ။ ငရဲမီးဒဏ်မှလည်း ကာကွယ်တော်မူပါဟု ပန်ကြားသူလည်း ရှိ၏။
[202] ၂ဝ၂။ ယင်းကဲ့သို့ ဆုတောင်းသူများအဘို့အရာ သူတို့ဆည်းပူးခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုးသုခ အသင့်ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် စစ်ကြောမေးမြန်းမှု၌ ထက်မြက် မြန်ဆန်တော်မူ၏။
[203] ၂ဝ၃။ အသင်တို့သည် ပြဋ္ဌာန်းသတ်မှတ်ထားသောနေ့များတွင် အလ္လာဟ်အရှင်မြတ်ကို အာရုံပြုကြလော့။ ထို့နောက် အကြင်သူသည် ဟဂျ်ပြုရာမှ နှစ်ရက်ကြိုတင်၍ ပြန်သွား၏။ ထိုသူ၌ အပြစ်မထိုက်ပေ။ အကြင်သူသည် မပြန်ဘဲကြန့်ကြာနေ၏။ ထိုသူ၌လည်း အပြစ်မသင့်ပေ။ အပြစ်ကို ကြဉ်ရှောင်သူတို့ သာလျှင် အပြစ်မသင့်ပေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ အရှင်မြတ်အထံတော်၌ သင်တို့ကို စုရုံးမည်ကို မှတ်သားကြလော့။
[204] ၂ဝ၄။ အို - တမန်တော် မုဟမ္မဒ်၊ လူသားတို့အနက် လူတမျိုးရှိ၏။ ထိုသူသည် လောကီအကြောင်းအရာ ကို ပြောသောအခါ သင်သည် သူ၏ အပြောအဆိုကို သဘောကျ၏။ သူသည် မိမိ၏ စိတ်နှလုံး ဖြောင့်မှန်ဖြူစင်ကြောင်းကို အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောဆို၏။ သို့ငြားသော်လည်း သူသည် ရန်သူများအနက် အတင်းမာဆုံးဖြစ်၏။
[205] ၂ဝ၅။ ထိုသူသည်သင့်ထံမှထွက်သွားသောအခါ ကမ္ဘာမြေပေါ်ဝယ် အကျိုးဆုတ်ယုတ်ပျက်စီးမှုနှင့် ကောက်ပဲသီးနှံ၊ ကျွဲ၊ နွား တိရိစ္ဆာန်တို့ သေကြေရှုံးဆုံးမှုများကို ကျိုးပမ်းအားထုတ်၏။ အလ္လာဟ် အရှင်မြတ်သည် ပျက်စီးမှုကို မလိုလား နှစ်ခြိုက်တော် မမူပေ။
[206] ၂ဝ၆။ တဖန်ထိုသူအား သင်သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို အလ္လာဟ်အရှင်မြတ်၏ နှစ်သက် တော်မူခြင်းကို ရှားမီးသူလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ကို သနားကြင်နာတော်မူ၏။
[207] ၂ဝ၇။ တဖန် လူသားတို့အနက် မိမိကိုယ်ကို အရင်းအနှီးပြုပြီးလျှင် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော် မူခြင်းကို ရှာမှီးသူလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကို သနား ကြင်နာတော်မူ၏။
[208] ၂ဝ၈။ အို - ယုံကြည်သူတို့ သင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံကြလော့။ ရှိုင်တွာန် မာနတ်၏နောက်သို့ ခြေရာများခံ၍ မလိုက်ကြလင့်။ မှတ်သားကြလော့။ ရှိုင်တွာန်သည် သင်တို့အဖို့ ထင်ရှားသောရန်သူကြီးအစစ်ဖြစ်၏။
[209] ၂ဝ၉။ သင်တို့သည် ထင်ရှားသောသက်သေခံချက်များရရှိပြီးနောက် မိစ္ဆာအယူဝါဒကို လက်ခံပြီး လွဲချော် ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင် အနန္တဉာဏ်တော်ရှင်ဖြစ်ကြောင်း မှတ်သားကြလော့။
[210] ၂၁ဝ။ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များအတွင်း ကောင်းကင်တမန်တော် အခြွေအရံများနှင့် ကြွလာ တော်မူရန်တပါး အခြားတစ်စုံတစ်ရာကိုမျှ မမျှော်ကိုးမစောင့်ဆိုင်းကြသလော။ ယင်းသို့ အရှင်မြတ် ကြွလာတော်မူပါလျှင် သူတို့အမှုအခင်းသည် ပြီးပြန်သွားလေပြီ။ အမှုကိစ္စအဝဝတို့သည် အလ္လာဟ် အရှင်မြတ်ဆုံးဖြတ်စီရင်ဖို့ရာ အရှင်မြတ်အထံတော်သို့ ပြန်လှည့်ရမည်သာတည်း။
[211] ၂၁၁။ အို - တမန်တော် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့အား ရှင်းလင်းထင်ရှားသော ကျမ်းတော် အဘယ်မျှလောက်ကို ချပေးသနားတော်မူသည်ကို သင်သည် သူတို့အား မေးမြန်းလော့။ အကြင်သူသည် မိမိထံသို့ အရှင်မြတ်၏ ကောင်းချီးမင်္ဂလာတော်ဖြစ်သောကျမ်းတော် ကျရောက် လာပြီးမှ ထိုကျမ်းတော်ကို တစ်နည်းတစ်ဖုံပြောင်းလဲအ့ံ။ အလ္လာဟ်သည် ထိုသူအား အပြစ်ဒဏ်ပေး ခြင်း၌ ပြင်းထန်တော်မူ၏။
[212] ၂၁၂။ မယုံကြည်သူတို့အဖို့ ဤဘဝကို အလွန်လှပတင့်တယ် မွေ့လျော်ဖွယ်ဖြစ်စေ၏။ သူတို့သည် ယုံကြည် သူတို့အား ပြောင်လှောင်ကြ၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား တွန့်တိုခြင်း မရှိဘဲ ပေးကမ်းစွန့်ကြဲတော်မူ၏။
[213] ၂၁၃။ လူသားတို့သည် အစကနဦးက တသင်းတမျိုးတည်းသာဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ ထံသို့ တမန်တော်များကို ဝမ်းမြောက်ဘွယ်သောသတင်းကောင်းပေးသူ စေလွှတ်တော်မူ၏။ ထို့ပြင် လူသားအချင်းချင်း ကွဲပြားငြင်းခုံချက်များကို ဆုံးဖြတ်ဖို့ရာကျမ်းတော်ကို တမန်တော်များနှင့်အတူ တကွ ချပေးသနားတော်မူ၏။ ကျမ်းတော်ကို ရရှိသူများသည် ထင်ရှားရှင်းလင်းသော သက်သေ သာဓကများရရှိပြီးနောက် အချင်းချင်းမုန်းတီးခြင်းကြောင့် တရားတော်နှင့်ပတ်သက်၍ ကွဲပြားခြားနား ကြ၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်အားဖြင့်ယုံကြည်သူတို့အား ထိုကွဲပြား ခြားနားမှုတွင် အမှန်ဘက်သို့ ညွှန်ပြတော်မူ၏။ အရှင်မြတ်သည် အလိုတော်ရှိသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။
[214] ၂၁၄။ သင်တို့ဥည် သင်တို့အလျင်ဖြစ်ပေါ်ပျောက်ကွယ်သွားသော ရှေးလူဟောင်းများကို စုံစမ်းသကဲ့သို့ စုံစမ်းခြင်းမခံရဘဲ သုခဘုံနန်းကိုဝင်ရကြမည်ဟု ထင်မှတ်ကြသလော။ သူတို့သည် ဘေးဥပါဒ် အန္တရာယ် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားကြ၏။ ထိုအင်္ဂလာတို့ကြောင့် သူတို့ကို မြေငလျင်လှုပ်ခြင်း ဖြင့် လှုပ်ခဲ့၏။ ထိုအခါ အရှင်မြတ်၏တမန်တော်၊ သူနှင့်အတူ ယုံကြည်သူတို့က အလ္လာဟ်အရှင်မြတ် ၏ အစောင်အမတော်သည် ဘယ်သောအခါ ဆိုက်ရောက်လာမည်နည်းဟုပြောဆိုကြ၏။ ယခု အလ္လာဟ်အရှင်မြတ်၏ အစောင့်အရှောက်တော်သည် မုချဧကန်နီးကပ်နေ၏။
[215] ၂၁၅။ အို - မုဟမ္မဒ်၊ သူတို့သည် သင့်အား အဘယ်အရာကို သုံးစွဲရမည်နည်းဟု မေးကြ၏။ သင်ဟောကြား လော့။ ဟယ် အချင်းတို့ သင်တို့သည် ကောင်းသောအရာကို သုံးစွဲကြလော့။ သင်တို့သည် မိဘ နှစ်ပါး ဆွေမျိုးသားချင်း၊ မိဘမဲ့သူ၊ သူဆင်းရဲနှင့် ခရီးသည် အာဂန္တုများအပေါ်၌ မိမိတို့ ဥစ္စာပစ္စည်း မှ သုံးစွဲကြလော့။ သင်တို့ပြုကျင့်သမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏။
[216] ၂၁၆။ စစ်မက်ပြိုင်ဆိုင်ခြင်းကို သင်တို့မုန်းတီးသော်လည်း သင်တို့အဖို့ စစ်တိုက်ခြင်းကို ပညတ်တော် မူ၏။ သင်တို့သည် မိမိအကျိုးဖြစ်စေသောအရာကို မုန်းကောင်းမုန်းကြလိမ့်မည်။ သင်တို့သည် မိမိအကျိုးဆုတ်ယုတ်စေသောအရာကိုလည်း နှစ်သက်ကောင်း နှစ်သက်ကြလိမ့်မည်။ အလ္လာဟ် အရှင်မြတ်သည် သိတော်မူ၏။ သင်တို့ကား မသိချေ။
[217] ၂၁၇။ အို - မုဟမ္မဒ် သူတို့သည် သင့်အား လထူး လမြတ်အတွင်း စစ်ခင်းခြင်းအကြောင်းကို မေးမြန်းကြ ၏။ သင်ဟောကြားလော့။ ဟယ် - အချင်းတို့ ထိုလအတွင်း စစ်တိုက်ခြင်းသည် အပြစ်ကြီးဖြစ်၏။ သို့သော် လူသားတို့ကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ နှင်ထုတ်မှု၊ အလ္လာဟ်အရှင်မြတ်နှင့် ဘေးမဲ့ကျောင်းတော်ကြီးကို မယုံကြည်မှု၊ လူသားတို့ကို ကျောင်းတော်ကြီးမှ မောင်းထုတ်မှုတို့သည် သာလွန်ကြီးမားသောအပြစ်ဖြစ်၏။ အကြောင်းမူကား ညှင်းပန်းနှိပ်စက်မှုသည် သက်ဖြတ်မှုထက် သာလွန််ဆိုးဝါး၏။ သူတို့သည် တတ်နိုင်လျှင် သင်တို့အား မိမိတို့ ဘာသာအယူဝါဒကို စွန့်လွှတ် ပစ်သည့်တိုင်အောင် မရပ်မနားတိုက်ခိုက်ကြမည်။ အကြင်သူသည် မှန်သောတရားတော်ကို စွန့်လွှတ်သူ ဖြစ်၍ မယုံကြည်မှု၌ သေဆုံး၏။ ထိုသူတို့သည် ဤဘဝ၊ နောင်ဘဝ၌ မိမိတို့အားထုတ်မှု များ မအောင်မြင် ဆုံးရှုံးရသူတို့ဖြစ်ကြ၏။ ဤလူမျိုးသည် ငရဲမီးကို တရားသဖြင့် ပိုင်ဆိုင်သူများ ဖြစ်ကြ၏။ သူတို့သည် ငရဲမီးအတွင်း နေထိုင်ခံစားရကြလတ္တံ့။
[218] ၂၁၈။ မှတ်သားကြလော့၊ ယုံကြည်သူများ၊ ဖိနှိပ်ညှင်းပန်းမှုကြောင့် မိမိတို့နေရပ်မှ ထွက်ပြေးရသူများ၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်ဝယ် ကျိုးပမ်းအားထုတ်သူများ၊ ဤသူတို့သည် အလ္လာဟ်အရှင်မြတ် ၏ ကောင်းချီးမင်္ဂလာတော်ကို မျှော်ကိုးကြ၏။ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသော အရှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
[219] ၂၁၉။ အို - တမန်တော် သူတို့သည် သင့်အား အရက်သောက်ကျူးခြင်း၊ ကစားလောင်းကျူးခြင်းနှင့် စပ်လျဉ်း၍မေးမြန်းကြ၏။ သင်ဟောကြားလော့။ ထိုအမှုနှစ်မျိုးလုံးပင် ကြီးလေးသော အပြစ်ထိုက် ၏။ ၎င်းတို့၌ အကျိုးအနည်းငယ်ရှိ၏။ ထို့ပြင် သူတို့က အဘယ်အရာကိုသူတို့ သုံးစွဲထိုက်သနည်းဟု လည်း စုံစမ်းကြ၏။ သင်ဟောကြားလော့။ ဟယ် အချင်းတို့ သင်တို့သည် လိုသည်ထက်ပိုသော ပစ္စည်းကိုလှူကြလော့။ သင်တို့သည် တွေးတောဆင်ခြင်ကောင်း ဆင်ခြင်ဖို့ရာ အလ္လာဟ်အရှင်မြတ် သည် နှုတ်ကပတ်တော်များကို ဤကဲ့သို့ရှင်းလင်းထင်ရှားစွာ ဖော်ပြတော်မူ၏။
[220] ၂၂ဝ။ လောကီ လောကုတ္တရာအရေးများနှင့်စပ်လျဉ်း၍ စဉ်းစားဖို့ရာဖြစ်၏။ ထို့ပြင် သူတို့သည်သင့်အား မိဘမဲ့တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ သင်ဟောကြားလော့။ သူတို့၏အခြေအနေကို တိုးတက် ကြီးပွားစေခြင်းသည် အကောင်းဆုံးဖြစ်၏။ သင်တို့သည် မိမိ၏အမှုအခင်းများနှင့် သူတို့၏ အမှု အခင်းများကို ရောနှောလျှင် သူတို့သည် သင်တို့၏ ညီအစ်ကိုဖြစ်ပေ၏။ အလ္လာဟ်အရှင်မြတ်သည် အကျိုးဖျက်ဆီးသူနှင့် အကျိုးတိုးပွားစေသူတို့ကို ခွဲခြား၍ သိတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့လျှင် သင်တို့အပေါ်သို့ လေးလွန်သောဝန်ကို တင်နိုင်တော်မူ၏။ အလ္လာဟ်အရှင်မြတ် သည် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
[221] ၂၂၁။ သင်တို့သည် ဆင်းတုကိုးကွယ်သူမများနှင့် သူတို့အယူမမှန်သမျှ အိမ်ထောင်မပြုကြလင့်။ အကြောင်း မူကား ဆင်းထုကိုးကွယ်သူမသည် သင့်အား နှစ်သက်စေသော်လည်း ယုံကြည်သောကျွန်မသည် ဆင်းထုကိုးကွယ်သူမထက်သာ၍ ကောင်းသည်။ ဆင်းတုကိုးကွယ်သူတို့သည် အယူမှန်လာမှသာ သင်တို့၏ သားသမီးများကို သူတို့နှင့် ထိမ်းမြားပေးကြကုန်။ အမှန်မှာ ဆင်းတု ကိုးကွယ်သူတို့သည် သင်တို့အား နှစ်သက်စေသော်လည်း အယူမှန်သောကျွန်သည် သူ့ထက်သာ၍ကောင်းသည်။ သူတို့သည် သင်တို့အား ငရဲမီးသို့ဖိတ်ခေါ်ကြသည်။ အလ္လာဟ်သည် သုခဥယျာဉ်တော်နှင့် ကျေးဇူး တော်အားဖြင့် အပြစ်လွှတ်ခြင်းသို့ ဖိတ်ခေါ်တော်မူသည်။ လူသားတို့ သတိရကောင်း ရစေရန်၊ နှုတ်ကပတ်တော်များကို ရှင်းလင်းဖော်ပြတော်မူသည်။
[222] ၂၂၂။ အို - မုဟမ္မဒ်၊ သူတို့သည်သင့်ထံမိန်းမတို့၏ ရာသီပန်းအကြောင်းကို စုံစမ်းမေးမြန်းကြ၏။ သင် ဟောကြားလော့။ ထိုရာသီပန်းသည် မကန်းမာမှုတစ်ခုဖြစ်၏။ ရာသီလာသောအခါ သူတို့ သန့်ရှင်း လာသည့်တိုင်အောင် မိန်းမတို့ကို မချဉ်းကပ်ကြလင့်။ သူတို့သန့်ရှင်းလာသောအခါ အလ္လာဟ် အရှင်မြတ် ပညတ်တော်မူသည့်အတိုင်း သူတို့ထံဝင်ကြလော့။ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ် မိမိအား ဆည်းကပ်သူတို့ကို နှစ်သက်တော်မူ၏။ သန့်ရှင်းစင်ကြယ်ခြင်းကို သတိပြုသူတို့ကိုလည်း နှစ်သက်တော်မူ၏။
[223] ၂၂၃။ သင်တို့၏ ဇနီးမိန်းမများသည် သင်တို့ထွန်ယက်စိုက်ပျိုးဖို့ရာ လယ်ယာမြေတည်း။ သို့ဖြစ်၍ သင်တို့သည် မိမိတို့လယ်ယာမြေသို့ မိမိတို့အလိုဆန္ဒရှိသည့်အတိုင်း သွားကြလော့။ သင်တို့သည် မိမိတို့အဘို့အရာ ကောင်းသော ကုသိုလ်မှုများကို ကြိုတင်ပို့ထားကြနှင့်လော့။ အလ္လာဟ် အရှင်မြတ် အား ကြောက်ရွံ့ရိုကျိုးကြလော့။ သင်တို့သည် နေ့တစ်နေ့၌ အလ္လာဟ်အရှင်မြတ်အား မျက်ဝါး ထင်ထင် ဖူးမြင်ရမည်ကို မှတ်ထားကြလော့။ အို - မုဟမ္မဒ်၊ သင်သည် ယုံကြည်သူတို့အား ဝမ်းမြောက် ဖွယ်သော သတင်းကောင်းကို ပေးကြလော့။
[224] ၂၂၄။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုခြင်းသည် အရှင်မြတ်အား သင်တို့အဖို့ တရားတော်ကို စောင့်စည်းရိုသေမှုမှသော်လည်းကောင်း၊ အရှင်မြတ်၏ အမှုတော်ကိုထမ်းဆောင်မှုမှ သော်လည်းကောင်း၊ လူသားတို့အထဲတွင် သင့်တင့်ညီညွတ်အောင်ပြုမှုမှသော်လည်းကောင်း၊ အတားအဆီးမဖြစ်စေလင့်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
[225] ၂၂၅။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့စိတ်မပါဘဲ ကျိန်ဆိုသည့်အတွက် စစ်ကြောတော်မူမည် မဟုတ်ပေ။ သို့သော် သင်တို့စိတ်ပါလက်ပါကျိန်ဆိုသည်တို့အတွက် သင်တို့ကို စစ်ကြော စီရင်တော် မူမည် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ထောက်ထားညှာတာတော်မူသော အရှင်ဖြစ်တော်မူ၏။
[226] ၂၂၆။ အကြင်သူတို့သည် မိမိတို့ဇနီးမိန်းမနှင့် မပေါင်းသင်းပါဟူ၍ကျိန်ဆိုမိလျှင် ထိုသူတို့သည် လေးလ တိုင်တိုင် ဆိုင်းင့ံနေရမည်။ လေးလစေ့သောအခါ သူတို့စိတ်ပြောင်းလျှင် အရှင်မြတ်သည် အပြစ် လွှတ်တော်မူသောအရှင် ကောင်းချီးမင်္ဂလာပေးသနားတော်မူသောအရှင် မုချဖြစ်တော်မူ၏။
[227] ၂၂၇။ သူတို့သည် ကွာရှင်းခြင်းကို အတည်ပြုလိုလျှင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော် မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူကြောင်းကို သူတို့မှတ်သားကြလော့။
[228] ၂၂၈။ လင်ကွာမိန်းမတို့သည် နောက်အိမ်ထောင်မပြုဘဲ ရာသီပန်းသုံးကြိမ်သုံးခါပွင့်ပြီးသည့်တိုင်အောင် စောင့်ဆိုင်းနေရကြမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူများ ဖြစ်ကြလျှင် အရှင်မြတ်သည် သူတို့၏သားအိမ်များတွင်း၌ ဖန်ဆင်းပေးထားတော်မူသော အရာများ ကို သူတို့လျှို့ဝှက်ထိန်ချန်၍ မထားအပ်ပေ။ သူတို့၏ လင်ယောက်ျားများသည် ပြန်ပေါင်းလိုလျှင် စောင့်ဆိုင်းနေသောအချိန်အတွင်း လင်ယောက်ျားသည် မိမိမယားကို ပြန်သိမ်းခြင်းသည် သာ၍ သင့်မြတ်သည်။ မိန်းမတို့လည်း မိမိတို့လင်ယောက်ျားများအပေါ်တွင် အလားတူ အခွင့်အရေးများ ရှိ၏။ ယောက်ျားများသည် မိန်းမများထက် အဆင့်အတန်းမှာ အတန်ငယ်မြင့်ကြ၏။ အလ္လာဟ် အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
[229] ၂၂၉။ လင်မယားကွာရှင်းခြင်းကို နှစ်ကြိမ်နှစ်ခါ ကြေညာရမည်။ ထို့နောက် မိန်းမကို ပြန်သိမ်းပိုက်ခြင်းဖြင့် ချီးမြှင့်ရမည် သို့မဟုတ် ကြင်နာခြင်းဖြင့် လွှတ်လိုက်ရမည်။ သင်တို့သည် မိန်းမများအား ပေးပြီးသော ခန်းဝင်ပစ္စည်းတစ်စုံတစ်ရာကိုမျှ တရားသဖြင့် ပြန်မယူနိုင်ပေ။ သို့သော် သူတို့သည် အလ္လာဟ် အရှင်မြတ်၏ ပညတ်တော်များအတိုင်း သင့်မြတ်စွာမနေနိုင်သောအခါ ယင်းတားမြစ်ခြင်းမှ ခြွင်းချက် ရရှိနိုင်၏။ သူတို့အချင်းချင်း သင့်မြတ်စွာမနေနိုင်သောအခါ မိန်းမက လျော်ကြေးပေး၍ ကွာရှင်းသော် သူတို့နှစ်ဦးစလုံးပင် အပြစ်မထိုက်ပေ။ ဤအရာများကား အလ္လာဟ်အရှင်မြတ် ပညတ်တော်မူသော ကျင့်စဉ်တရားများတည်း။ ၎င်းတို့ကို မချိုးဖောက်မကျူးလွန်ကြလင့်။ အကြင်သူတို့သည် ထိုကျင့်စဉ် များကို ကျူးလွန်၏။ ထိုသူတို့သည် မကောင်းမှုပြုသူများဖြစ်ကြ၏။
[230] ၂၃ဝ။ လင်ယောက်ျားက မိမိဇနီးအား တတိယအကြိမ်ကွာရှင်းပြီးသောအခါ အခြားလင်တယောက် မယူသည့်ကာလပတ်လုံး ထိုလင်ယောက်ျားသည် မိမိမိန်းမအား တရားသဖြင့် ပြန်မပေါင်းနိုင်ပေ။ အခြားလင်ယူပြီးနောက် ဒုတိယလင်က ကွာရှင်းသော် ပထမလင်နှင့် ထိုမိန်းမသည် အရှင်မြတ်၏ ပညတ်တော်အတိုင်း သင့်တင့်ပျော်ရွှင်စွာနေထိုင်မည်ဟု ယူဆလျှင် သူတို့အပြစ်မထိုက်ဘဲ ပြန်ပေါင်း နိုင်ကြ၏။ ဤကျင့်စဉ်များသည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များတည်း။ အရှင်မြတ်သည် ပညာရှိတို့အဖို့ ဤပညတ်တော်များကို ထုတ်ပြန်တော်မူ၏။
[231] ၂၃၁။ သင်တို့သည် ဇနီးမိန်းမများကို ကွာရှင်း၍ သူတို့ဆိုင်းင့ံအပ်သောအချိန်ကုန်သောအခါ သူတို့ကို တရားသဖြင့် လက်မလွှတ်ဘဲထားခြင်းကိုသော်လည်းကောင်း တရားသဖြင့်လက်လွှတ်လိုက်ခြင်းကို သော်လည်းကောင်း ကောင်းမြတ်သောစေတနာနှင့် ပြုလုပ်ကြလော့။ သင်တို့သည် ပညတ်တော်ကို ကျူးလွန်၍ သူတို့အားအကျိုးဆုတ်ယုတ်အောင်မလွှတ်ပဲမထားကြလင့်။ အကြင်သူသည် ထိုကျူးလွန် မှုကိုပြု၏။ ထိုသူသည် မိမိကိုယ်ကိုမိမိပြစ်မှား၏။ သင်တို့သည် မိမိတို့အပြုအမူအားဖြင့် အရှင်မြတ်၏ ဗျာဒိတ်တော်များကို ရယ်စရာမဖြစ်စေကြလင့်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကျမ်းတော်အားဖြင့်လည်းကောင်း၊ ပညာအလင်းရောင်အားဖြင့်လည်းကောင်း ဆုံးမချီးမြှင့်တော်မူ သည်ကိုလည်း သတိရကြလော။ သင်တို့သည် အရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းရွက် ကြလော့။ အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူသည်ကိုလည်း သိကြလော့။
[232] ၂၃၂။ သင်တို့သည် မိမိတို့ဇနီးမိန်းမများကိုကွာရှင်း၍ သူမတို့စောင့်ဆိုင်းရသောအချိန်ကုန်သောအခါ သူတို့သည် မိမိတို့လင်ဟောင်းတို့နှင့် တရားမျှတစွာပြန်ပေါင်းလိုလျှင် ဤပြန်ပေါင်းမှုကို မခဲယဉ်းစေ ကြလင့်။ ဤသြဝါဒသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတို့အဖို့ ဖြစ်၏။ ထိုပြုကျင့်မှုသည် သင်တို့အတွက် သာလွန်၍ပါရမီဂုဏ်တော်ရှိစေ၏။ သာလွန်သန့်ရှင်း စေ၏။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို သိတော်မူ၏။ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ သင်တို့မသိပေ။
[233] ၂၃၃။ မိခင်တို့သည် မိမိတို့၏ရင်သွေးများကို နှစ်နှစ်ပြည့်အောင် နို့ချိုတိုက်ကျွေးရမည်။ ဤပညတ်တော် သည် ကလေးများကိုနို့စို့သည့်အချိန်ပိုင်းစေ့အောင် နို့တိုက်လိုသူများအဖို့ဖြစ်၏။ ယင်းသို့ နို့တိုက် မွေးမြူနေစဉ် နို့စို့ကလေး၏မိခင်အတွက် စားရေး ဝတ်ရေးများကို သင့်တင့်လျောက်ပတ်အောင် စီစဉ်ပေးမှုသည် ကလေး၏ အဖတာဝန်ဝတ္တရားဖြစ်သည်။ မည်သူကိုမျှ မိမိအင်အားနှင့် မမျှတသော တာဝန်ကို မပေးရပေ။ မိခင်သည် မိမိ၏ရင်သွေးကြောင့် မနစ်နာစေရာ ဖခင်လည်း မနစ်နာစေရာ။ ဖခင်၏တာဝန်သည် သူ၏ အမွေစားအမွေခံများအပေါ်သို့ ကျရောက်၏။ မိဘနှစ်ဦး တိုင်ပင် ဆွေးနွေးပြီးလျှင် ကလေးကိုနို့ဖြတ်ရန်နှစ်ဦးသဘောတူဆုံးဖြတ်လျှင် သူတို့သည် အပြစ်မသင့်ပေ။ အကယ်၍ သင်တို့သည် မိမိတို့ကလေးများကို နို့ငှားတိုက်လို၍ နို့တိုက်ခကို တရားမျှတစွာပေးပြီး ငှားလျှင် သင်တို့သည် အပြစ်မထိုက်ပေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်တော် မူသည်ကို မှတ်သားကြလော့။
[234] ၂၃၄။ သင်တို့အနက် အချို့သေဆုံးသောအခါ သူတို့၏ဇနီးမိန်းမများကျန်ရစ်ခဲ့လျှင် ထိုမိန်းမများသည် အိမ်ထောင်သစ်မထူထောင်ပဲ လေးလနှင့်ဆယ်ရက်စောင့်ဆိုင်းနေရမည်။ သူတို့သည် ထိုအချိန် ကုန်လွန်သောအခါ မိမိတို့အတွက် တရားသဖြင့် အစီအစဉ်ပြုကြလျှင် သင်တို့သည် အပြစ်မသင့်ပေ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှကို သတင်းရရှိတော်မူ၏။
[235] ၂၃၅။ သင်တို့သည် ထိုမိန်းမများနှင့်လက်ထပ်ရန် ကြောင်းလမ်းထားခြင်းကို လူသိရှင်ကြားကြေညာသော် လည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်ထားသော်လည်းကောင်း သင်တို့၌ အပြစ်မသင့်ပေ။ အလ္လာဟ် အရှင်မြတ်သည် သင်တို့ ထိုမိန်းမများကို အာရုံပြုသည့်အကြောင်းကိုသိမြင်တော်မူ၏။ သို့သော် သင်တို့သည် မိန်းမများအား လက်ထပ်ဖို့ရာစကားဆိုသောအခါ ထုံးစံရှိသည့်အတိုင်းပြောဆိုလေ့ စကားများကိုသာ သုံးစွဲ၍ကတိသစ္စာပြုကြလော့။ အခြားစကားများကိုမသုံးကြလင့်။ မိန်းမများ စောင့်ဆိုင်းအပ်သောအချိန်ကာလမတိုင်မီ လက်ထပ်ခြင်းကို မပြုကြလင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့စိတ်တွင်းရှိသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသည်ကို သင်တို့မှတ်သားကြလော့။ အလ္လာဟ် အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ထောက်ထားညှာတာတော်မူသောအရှင်ဖြစ်တော် မူသည်ကို သင်တို့သိကြလော့။
[236] ၂၃၆။ သင်တို့သည် မိန်းမများအား သူတို့ထံသို့မဝင်မီသော်လည်းကောင်း၊ ခန်းဝင်ပစ္စည်းမည်ရွေ့မည်မျှ ပေးမည်ကို မဆုံးဖြတ်မီသော်လည်းကောင်း ကွာရှင်းသည်ရှိသော် သင်တို့သည် အပြစ်မသင့်ပေ။ သို့သော် သင်တို့သည် ရည်တတ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မိမိတို့ပစ္စည်းဥစ္စာအင်အား အလျောက် သင့်တင့်လျှောက်ပတ်သော လက်ဆောင်ပဏ္ဏာပေးကြရမည်။ ယင်း ပေးကမ်းမှုသည် သုစရိုက်ကောင်းမှုပွားသူတို့အဖို့ မကင်းသောတာဝန်ဖြစ်၏။
[237] ၂၃၇။ အကယ်၍ သင်တို့သည် သူတို့အား မထိခိုက်ဘဲ ခန်းဝင်ပစ္စည်းမည်ရွေ့မည်မျှပေးမည်ကို ဆုံးဖြတ် ပြီးမှ ကွာရှင်းကြလျှင် ခန်းဝင်ပစ္စည်းထက်ဝက်ကိုပေးရမည်။ သို့သော် မိန်းမသော်လည်းကောင်း၊ ယောက်ျားသော်လည်းကောင်း ခန်းဝင်ပစ္စည်းတွင် မိမိဝေစုကို မယူစွန့်လွှတ်ခွင့်ရှိ၏။ ယင်းစွန့်လွှတ် ခြင်းသည် အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုခြင်းနှင့် ပိုမိုနီးစပ်၏။ သင်တို့သည် မမေ့ကြလင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို သိမြင်တော်မူ၏။
[238] ၂၃၈။ သင်တို့သည် ဆွလာသ်ဝတ်များကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။ အလယ်အကြိမ်ဖြစ်သော ဆွလာသ်ဝတ်ကို အထူးစောင့်စည်းကြလော့။ အလ္လာဟ်အား ကြည်ညိုခြင်းဖြင့် ရပ်ကြလော့။
[239] ၂၃၉။ အကယ်၍ သင်တို့သည် ထိတ်လန့်ကြောက်မက်ဖွယ်သောကာလနှင့် တွေ့ကြံုသောအခါ ထ၍သော် လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်း၊ ဆွလာသ်ဝတ်ကိုပြုကြလော့။ သင်တို့သည် လုံခြံုမှုကို ပြန်ရသောအခါ အထက်က သင်တို့မသိသောအရာများကို သိနားလည်အောင် သင်ပြတော်မူခဲ့သည့် နည်းလမ်းအရ အလ္လာဟ်အရှင်အား သတိရကြလော့။
[240] ၂၄ဝ။ သင်တို့အနက် အသက်ကုန်ခါနီးသူတို့တွင် ဇနီးမိန်းမများကျန်ရစ်မည်ဖြစ်သော် ထိုသူတို့သည် မိမိတို့ မယားများကို မိမိတို့အိမ်မှ နှင်မထုတ်ဘဲ တစ်နှစ်စာရိက္ခာစရိတ်ငွေစသည်တို့ကို သေတမ်းစာရေး၍ ပေးကြရမည်။ သို့သော် မိန်းမများသည် ၎င်းတို့အလိုအလျောက်ထွက်ခွာကြလျှင် သူတို့သည် ၎င်းတို့ အခွင့်အရေးအတွင်း ပြုကျင့်သည်။ ထို့ကြောင့် သင်တို့သည် အပြစ်မထိုက်ပေ။ အလ္လာဟ်အရှင်မြတ် သည် အနန္တတန်ခိုးတော်သခင် အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
[241] ၂၄၁။ လင်ကွာမိန်းမများအဖို့ရာ တရားမျှတသောရိက္ခာပစ္စည်းကို သနားကြင်နာခြင်းဖြင့် ပေးကြလော့။ ဒုစရိုက်မကောင်းမှုကို ရှောင်ရှားသူတို့အဖို့ ပညတ်တော်မူသောဝတ္တရားဖြစ်၏။
[242] ၂၄၂။ သင်တို့နားလည်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ညတ်တရားတော်များကို ရှင်းလင်းဖော်ပြတော် မူ၏။
[243] ၂၄၃။ အို - မုဟမ္မဒ် သေဘေးကိုစိုးရိမ်ကြောင့်ကြသောကြောင့် မိမိတို့နေရာအရပ်များမှ ထောင်ပေါင်းများစွာ ပြောင်းေ့ရွှသွားသည့် ရှေးလူဟောင်းတို့အကြောင်းကို သင်တွေးတောဆင်ခြင်ကြည့်ရှုလော့။ အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မောင်မင်းတို့သေကြေလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ထို့နောက် အရှင်မြတ်သည် သူတို့ကို ပြန်ရှင်စေတော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အဖို့ မဟာကရုဏာတော်အရှင်သခင်ဖြစ်တော်မူ၏။ သို့သော် လူသားတို့အနက် များလှစွာ သောသူတို့သည် အရှင်မြတ်၏ဂုဏ်ကျေးဇူးတော်ကို မသိ၊ မချီးကျူးကြပေ။
[244] ၂၄၄။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာရေးအတွက် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသောအရှင် သိတော်မူသောအရှင်ဖြစ်တော်မူသည်ကို သင်တို့ သိကြလော့။
[245] ၂၄၅။ အဘယ်သူသည် ကောင်းမြတ်သောသဒ္ဒါစေတနာနှင့် အလ္လာဟ်အရှင်မြတ်ကို ကြွေးချေးမည်နည်း။ အရှင်မြတ်သည် ထိုအရင်းငွေကို အဆပေါင်းများစွာ တိုးပွားစေတော်မူမည်။ အရှင်မြတ်သည် ကျဉ်းကြပ်စေတော်မူ၏။ ကျယ်ဝန်းပေါများစေတော်မူ၏။ အရှင်မြတ်အထံတော်သို့ သင်တို့အားလုံး ပြန်ရကြမည်သာတည်း။
[246] ၂၄၆။ သင်သည် တမန်တော်မူဆာ ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် အစ္စရာအီလ်အမျိုးသားတို့ထဲမှ အကြီးအမှူးခေါင်းဆောင်များအကြောင်းကို စဉ်းစားဆင်ခြင်၍ ကြည့်ရှုလော့။ သူတို့သည် မိမိတို့ထံ စေလွှတ်တော်မူသောတမန်တော်တစ်ပါးအား အို - တမန်တော်ဆိုသူ သင်သည် အကျွန်ု်ပ်တို့ကို ကြီးစိုးအုပ်ချုပ်ရန်ရှင်ဘုရင်တစ်ပါး တင်မြှောက်ပေးလော့။ ထိုအခါ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏သာသနာတော်အတွက် စစ်ခင်းကြမည်ဟု လျှောက်ကြ၏။ တမန်တော်က သင်တို့သည် စစ်တိုက်ရန်ပညတ်တော်မူလျှင် စစ်မတိုက်ဘဲနေကြမည်လောဟုမေးတော်မူ၏။ သူတို့က အကျွန်ုပ်တို့ အား မိမိတို့အိမ်သူအိမ်သားတို့နှင့်တကွ မိမိတို့နေရာအရပ်မှ နှင်ထုတ်ခြင်းခံရပြီးနောက် အကျွန်ုပ်တို့ သည် အလ္လာဟ်အရှင်မြတ်၏ သာသနာရေးအတွက် အဘယ့်ကြောင့် စစ်မတိုက်မည်နည်းဟု လျှောက်ကြ၏။ သို့သော် စစ်တိုက်ရန်ဗျာဒိတ်တော်ကျလာသောအခါ သူတို့အနက် အနည်းငယ်သော သူတို့မှတပါး အခြားသူတို့သည် ကျောခိုင်းပြေးကြ၏။ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ပြုကျင့်သူတို့အား သိတော်မူ၏။
[247] ၂၄၇။ သူတို့၏တမန်တော်သည် သူတို့အား ဤသို့ဟောကြား၏။ ဟယ် - အချင်းတို့ မှတ်သားကြလော့။ သင်တို့ကိုစိုးမိုးအုပ်ချုပ်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် တွာလွတ်ကို ဘုရင့်အရာ၌ ခန့်ထားချီးမြှောက် တော်မူပြီး သူတို့က အကျွန်ု်ပတို့သည် သူ့ထက်သာလွန်၍ ဘုရင်ဖြစ်ထိုက်ပါလျက် သူသည် အဘယ့် ကြောင့် အကျွန်ုပ်တို့ဘုရင်ဖြစ်ရမည်နည်း။ သူ၌ ဥစ္စာပစ္စည်းမလုံလောက်ပေဟုပြန်လျှောက်ကြ၏။ ထိုအခါတမန်တော်သည် သူတို့အား မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူ့ကို သင်တို့ အပေါ်သို့ ရွေးကောက်တင်မြှောက်တော်မူပြီ။ သူ၌ ကာယဗလနှင့် ဉာဏဗလတို့ကို များစွာ တိုးပွား စေတော်မူပြီ။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား မိမိ၏အချုပ်အခြာအာဏာနှင့် ချီးမြှောက်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို ဂရုစိုက်တော်မူသော အရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
[248] ၂၄၈။ ထို့ပြင် သူတို့၏ တမန်တော်သည် သူတို့အား ဟယ် အချင်းတို့ မှတ်သားကြလော့။ တွာလွတ်ဘုရင် ဖြစ်ထိုက်သော နမိတ်လက္ခဏာသက်သေ သာဓကများမှာ သင်တို့ထံသို့ ထိုလှေကြီးကျရောက်လာ မည်တည်း။ ထိုလှေသေတ္တာအတွင်း၌ သင်တို့၏အရှင်သခင်ထံမှ သင်တို့ဖို့ စိတ်နှလုံး အေးချမ်း သာယာစေတော်မူခြင်း၊ ပါရှိခြင်း၊ ထို့ပြင် တမန်တော်မူဆာ၊ တမန်တော်ဟာရွန်တို့က ဆင်းသက်သော အဆက်အနွယ်များထားတော်မူခဲ့သည့် မြင့်မြတ်သောတန်ခိုးကြီးသည့် ဝထ္ထုတော်များပါရှိခြင်း၊ ၎င်း သေတ္တာကို ကောင်းကင်တမန်တော်များ ကြွယူထမ်းဆောင်၍ တွာလွတ်ဘုရင့်လက်သို့ ပေးအပ်ခြင်း များဖြစ်လတ္တံ့။ မှတ်သားကြလော့။ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ယင်းသေတ္တာကြီး ရောက်လာခြင်း၌ သင်တို့အဖို့ နမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးရှိ၏ဟု ဟောကြားတော်မူ၏။
[249] ၂၄၉။ တွာလွတ်ဘုရင်သည် မိမိစစ်သည် ဗိုလ်ပါအလုံးအရင်းနှင့် ချီတက်သွားသောအခါ ထိုဘုရင်က မိန့်တော်မူ၏။ ဟယ် အချင်းတို့ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မြစ်တသွယ်အားဖြင့် စမ်းသပ် တော်မူလတ္တံ့။ အကြင်သူသည် ထိုမြစ်ရေကိုသောက်၏။ ထိုသူသည် ငါ၏ဘက်တော်သားမဟုတ်ချေ။ အကြင်သူသည် ထိုမြစ်ရေကို မြည်းစမ်း၏။ ထိုသူသည်လည်း ငါ၏ဘက်တော်သားမဟုတ်ချေ။ သို့သော် အကြင်သူသည် မိမိလက်ဖြင့် လက်တခုပ်မျှသောက်၏ ထိုသူ၌အပြစ်တစ်စုံတစ်ရာ မရှိချေ။ သို့သော် စစ်သည်တော်များအနက် အနည်းငယ်သောသူတို့မှတပါး အခြားသောသူတို့သည် ထိုမြစ်ရေ ကို သောက်ကြ၏။ ဘုရင်နှင့်အတူ ယုံကြည်သူတို့သည်မြစ်ကိုဖြတ်ကျော်ကူးမြောက်ပြီးသောအခါ သူတို့အချို့က ယနေ့ အကျွန်ုပ်တို့သည် ဂျာလွတ်ဘုရင်နှင့် ၎င်း၏စစ်သည်တပ်သားတို့ကို ဆိုင်ပြိုင် တိုက်ခိုက်ခြင်းငှာ မစွမ်းပါဟု ဆိုကြကုန်၏။ သို့သော် မိမိတို့၏ အရှင်သခင်အား မျက်ဝါးထင်ထင် ဖူးမြင်ရမည်ကိုသိသောသူတို့က ရဲဝ့ံစွာပြောဆိုကြသည်မှာ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုတော်မူခြင်း အားဖြင့် စစ်တပ်ငယ် တစ်တပ်သည် အလွန်ကြီးမားသောစစ်တပ်ကြီးကို အကြိမ်ကြိမ်အောင်ရ လေပြီ။ အလ္လာဟ်အရှင်မြတ်သည် သည်းခံသူတို့နှင့်အတူတကွ ရှိတော်မူပါ၏။
[250] ၂၅ဝ။ သူတို့သည် ဂျာလွတ်ဘုရင်နှင့် ၎င်း၏စစ်သည်တော်များကိုတိုက်ခိုက်ရန် စစ်ခင်းသောအခါ အို ကျွန်ုပ်တို့၏အရှင်သခင် အကျွန်ုပ်တို့အား သည်းခံခြင်းသတ္တိကို ပေးသနားတော်မူပါ အကျွန်ု်ပ်တို့၏ ခြေများကို မြဲမြံစေတော်မူပါ။ အကျွန်ုပ်တို့အား မိစ္ဆဒိဋ္ဌိများကို အောင်နိုင်တော်မူပါဟု ဆုတောင်း ကြ၏။
[251] ၂၅၁။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ အခွင့်တော်အားဖြင့် သူတို့သည် စစ်ရေးသာ၍ ရန်သူတို့အား အကြီးအကျယ် ဆုံးရှုံးစေကြပြီးလျှင် တမန်တော် ဒါဝတ်သည်ဂျာလွတ်ဘုရင်ကိုသတ်၏။ အလ္လာဟ် အရှင်မြတ်သည် တမန်တော်ဒါဝတ်အား နိုင်ငံတော်အလုံးနှင့်သော်လည်းကောင်း ပညာအလင်းရောင် နှင့်သော်လည်းကောင်း ချီးမြှောက်တော်မူ၏။ အရှင်မြတ်သည် သင်ပြတော်မူလိုသည့်အတတ်ပညာ များကိုလည်း တမန်တော်ဒါဝတ်အား သင်ပေးတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် လူတစ်စုကို အခြားလူတစ်စုအားဖြင့် တားဆီးတွန်းလှန်ခြင်းမပြုဘဲ လစ်လျူရှု၍နေတော်မူပါလျှင် ဤကမ္ဘာ မြေကြီးကို ဒုစရိုက် အမိုက်အမှောင် ဖုံးလွှမ်းလတ္တံ့။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဘဏ္ဍာတော်များအတွက် မဟာကရုဏာတော် အရှင်သခင်ဖြစ်တော်မူ၏။
[252] ၂၅၂။ အို - မုဟမ္မဒ်၊ ဤဂါထာတော်များသည် သင့်အား ငါအရှင် ဖတ်ရွတ်ပြတော်မူသော အလ္လာဟ်၏ မှန်ကန်သော သက်သေသာဓကတော်များဖြစ်သည်။ သင်သည် ငါ၏ တမန်တော်များဘောင်တွင် မုချပါဝင်၏။
[253] ၂၅၃။ ငါ အရှင်သည် ထိုတမန်တော်များအနက် အချို့သော တမန်တော်များကို အခြား တမန်တော်များ ထက် သာလွန်မြင့်မြတ်စေတော်မူ၏။ တမန်တော်များအနက် တချို့တို့ကို တိုက်ရိုက်ဗျာဒိတ်ပေးတော် မူ၏။ အချို့ကို အခြားသောတမန်တော်များထက် ချီးမြှင့်တော်မူ၏။ ငါသည် မရယမ်၏သား၊ တမန်တော် အီဆာအား ငါ၏ အချုပ်အခြာအာဏာတော်ကို ထင်ရှားစေသည့် အထိမ်းအမှတ်တော် များ ပေးသနားတော်မူ၏။ ထို့ပြင် ငါသည် သူ့ကို ကောင်းကင်တမန် မင်းကြီး ဂျေဗရာအီလ်အားဖြင့် ကူညီစောင်မတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိခဲ့ပါလျှင် ထိုတမန်တော်များ ပွင့်တော်မူပြီးသည့်နောက် ခပ်သိမ်းကုန်သောလူတို့သည် မိမိတို့ထံ ထင်ရှားသော သက်သေ သာဓက တော်များ ရောက်လာပြီးသည့်နောက်တွင် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားခိုက်ရန်ဒေါသ ပွားကြမည် မဟုတ်ချေ။ သို့သော် သူတို့အနက် အချို့ကယုံကြည်၍ တချို့ကမယုံကြည်ဘဲ ကွဲပြားခြားနားကြ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် သူတို့သည် အချင်းချင်း တိုက်ခိုက်သတ်ဖြတ် ကြမည်မဟုတ်ချေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာကို စီရင်တော်မူ၏။
[254] ၂၅၄။ အို - ယုံကြည်သူတို့ သင်တို့သည် ရောင်းဝယ်ဖောက်ကားမှုသော်လည်းကောင်း၊ အဆွေခင်ပွန်းဖွဲ့ ခြင်းသော်လည်းကောင်း၊ တောင်းပန်ကယ်နှုတ်ခြင်းသော်လည်းကောင်း၊ လုံးဝမရှိသောနေ့တော်ကြီး မဆိုက်ရောက်မီ ငါအရှင်ပေးသနားထားတော်မူသော ဥစ္စာပစ္စည်းများမှ သုံးစွဲကြလော့။ မယုံကြည် သူတို့၊ သူတို့သည် မကောင်းမှုပြုသူများဖြစ်ကြ၏။
[255] ၂၅၅။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ အရှင်မြတ်သည် အသက်ရှင်နေတော်မူပါ ၏။ ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူလှပါ၏။ နိစ္စထာဝရဖြစ်တော်မူပါ ငိုက်မြည်းခြင်း၊ အိပ်စက်ခြင်း အညစ်အကြေးများမှ ကင်းစင်တော်မူလှပါ၏။ အထက်ကောင်းကင်ဘုံ၊ အောက် မဟာ ပထဝီမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော်မူပါ၏။ အရှင်မြတ် အလိုတော် မရှိဘဲ အဘယ်သူသည် ေ့ရှတော်ဝယ် သူတစ်ပါးကို တောင်းပန်ကယ်နှုတ်နိုင်အ့ံနည်း။ အရှင်မြတ် သည် ဝေနေယျသတ္တဝါအပေါင်းတို့၏ အတိတ် ပစ္စုပ္ပန် အနာဂတ်အလုံးစုံတို့ကို အကြွင်းမဲ့ သိမြင်တော်မူပါ၏။ အရှင်မြတ်အလိုတော်မရှိဘဲ လူသားတို့သည် အရှင်မြတ်၏ အနန္တဉာဏ်တော် ကို စိုးစဉ်းမျှ မသိနိုင်ပေ။ အရှင်မြတ်၏ ရာဇပလ္လင်တော်ကြီးသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ကို လွှမ်းမိုးထား၏။ အရှင်မြတ်သည် စကြဝဠာများကို ထိန်းသိမ်းစောင့်ရှောက်ရတော်မူသောကြောင့် လုံးဝမောပန်းတော်မမူပေ။ အကြောင်းမူကား အရှင်မြတ်သည် မြင့်မြတ်ခြင်း၊ တန်ဖိုးကြီးခြင်းတို့၌ အထွဋ်အထိပ်ဖြစ်တော်မူပါ၏။
[256] ၂၅၆။ သာသနာရေး၌ အတင်းအဓမ္မမှုမရှိပေ။ ယနေ့မှစ၍ လမ်းမှန်သည့်လမ်းမှာ ထင်ရှားလာပြီ။ အကြင် သူသည် မိစ္ဆာဘုရားများကို စွန့်ပယ်၍အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်၏။ ထိုသူသည် တောင့်တင်းခိုင်မာ၍ မကျိုးမပဲ့နိုင်သော လက်ကိုင်ကို ဆုတ်ကိုင်ထား၏။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။
[257] ၂၅၇။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့ကို စောင့်ရှောက်သော မိတ်ဆွေခင်ပွန်းစစ် ဖြစ်တော်မူ ပါ၏။ အရှင်မြတ်သည် သူတို့ကို အမှောင်ထုမှ အလင်းသို့ ကိုယ်တင်တော်မူ၏။ မယုံကြည်သူ မိစ္ဆာဒိဌိတို့မှာမူကား သူတို့၏ နာယကအကြီးအမှူးတို့သည် မိစ္ဆာဘုရားများဖြစ်ကြ၏။ ထိုဘုရားပျက် တို့သည် သူတို့ကို အလင်းရောင်မှ အမှောင်တွင်းသို့ သွတ်သွင်းကြ၏။ ဤသူတို့သည် ငရဲမီးကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်၍ ငရဲမီးအထဲတွင် နေကြရမည်။
[258] ၂၅၈။ အလ္လာဟ်အရှင်မြတ်သည် တမန်တော် အီဗရာဟီမ်အား တိုင်းပြည်နိုင်ငံတော်နှင့် ချီးမြှောက်တော် မူသောကြောင့် သူ၏ အရှင်သခင်အကြောင်းတို့ကို အီဗရာဟီမ်နှင့် အငြင်းအခုံပြုသောသူ၏ အထ္ထုပ္ပတ္တိကို သင်မိုဟမ္မဒ်စဉ်းစားကြည့်လော့။ တမန်တော် အီဗရာဟီမ်က အကျွန်ုပ်၏အရှင်သခင် သည် အသက်ရှင်စေတော်မူသော၊ အသက်သေစေတော်မူသော အရှင်ဖြစ်တော်မူ၏ဟု ဆိုသော အခါ ထိုသူက အကျွန်ုပ်သည် အသက်ရှင်စေ၏။ အသက်သေစေ၏ဟု ပြန်ပြော၏။ တမန်တော် အီဗရာဟီမ်သည် ထိုသူအားမှတ်သားလော့။ အလ္လာဟ်အရှင်မြတ်သည် အေ့ရှမျက်နှာစွန်းမှ ထွက်စေ လော့ဟုဆို၏။ မိစ္ဆာမိုက်အား ဤကဲ့သို့ အရှက်ခွဲ၏။ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့ကို လမ်းညွှန်တော်မမူပေ။
[259] ၂၅၉။ သို့မဟုတ် သင်တမန်တော်သည် ဤလူအကြောင်းကို စဉ်းစားကြည့်ရှုလော့။ ထိုသူသည် ပျက်စီး ယိုယွင်းသွားသော မြို့ရွာနယ်ပယ်ကို ဖြတ်သွားသောအခါ အလ္လာဟ်အရှင်မြတ်သည် ဤအရပ်ဒေသ ကို ပျက်စီးစေပြီးသည့်နောက် အဘယ်သို့ ရှင်ပြန်ထမြောက်စေတော်မူမည်နည်းဟု ညည်းညူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား နှစ်ပေါင်းတစ်ရာ သေစေတော်မူပြီးနောက် ရှင်ပြန် ထမြောက်စေတော်မူ၏။ အရှင်မြတ်က သင်သည် မည်မျှကြာကြာဆိုင်းင့ံပြီးသနည်းဟု မိန့်တော်မူ၏။ ထိုသူက အကျွန်ုပ်သည် တစ်နေ့ သို့မဟုတ် နေ့တစ်ပိုင်းစောင့်ဆိုင်းပြီးပါပြီဟု တင်လျှောက်၏။ အရှင်မြတ်က မဟုတ်ချေ။ သင်သည် အနှစ်တစ်ရာကြာပြီ။ မပုတ်သိုးသေးသော သင်၏ အစားအစာ ကို ကြည့်ရှုလော့။ သင်၏ မြည်းတိရိစ္ဆာန်ကိုလည်း ကြည့်ရှုလော့။ ထို့ပြင် ငါအရှင်မြတ်သည် သင့်အား လူသားတို့အဖို့ လက္ခဏာအ့ံဖွယ်တစ်ပါးဖြစ်စေရန် အရိုးများကို ကြည့်ရှုလော့။ ထိုအရိုးများကို ငါ မည်သို့ ပြန်ဆက်စပ်တော်မူခြင်း၊ ထိုနောက် ထိုအရိုးများကို မည်သို့ အသားအရေနှင့် ဖုံးအုပ်ထား တော်မူခြင်းတို့ကို ကြည့်ရှုလော့ဟု ဗျာဒိတ်ချတော်မူ၏။ ထိုသူသည် အဖြစ်အပျက်များကို ကျန သေချာစွာ မြင်ရသောအခါ အလ္လာဟ်အရှင်မြတ်သည် အရာရာတို့ကို ပြုစွမ်းနိုင်တော်မူသည်ကို အကျွန်ုပ် ယခု သိပါပြီဟု ပြောဆို၏။
[260] ၂၆ဝ။ တမန်တော်အီဗရာဟီမ်သည် မိမိ၏အရှင်သခင်အား အို - အကျွနု်ပ်၏ အရှင်သခင်၊ အရှင်သည် သေသူများအား မည်သို့ ပြန်ရှင်စေတော်မူသည်ကို အကျွန်ုပ်အား ပြသတော်မူပါဟု တင်လျှောက်၏ အရှင်မြတ်က အို - အီဗရာဟီမ် သင်သည် ငါ့ကို မယုံကြည်လောဟု မိန့်တော်မူ၏။ သူက ယုံကြည် ပါသည် အရှင်၊ သို့သော် အကျွန်ုပ် စိတ်နှလုံးချမ်းသာဖို့ရာ အကျွန်ုပ်မေးမြန်းတင်လျှောက်ပါ၏ အရှင်ဟု လျှောက်၏။ သူ၏ အရှင်သခင်က အို - အီဗရာဟီမ်၊ ငှက်လေးကောင်ကို ဖမ်းဆီး၍ သင်ခေါ်သောအခါလာရန် သင်ကြားလော့။ ထို့နောက် ထိုငှက်များကို အပိုင်းပိုင်းခုတ်ပြီးလျှင် တောင်များပေါ်တွင် တစ်ပိုင်းစီတင်ထားလော့။ ထို့နောက် ငှက်များကို ခေါ်လော့။ သူတို့သည် သင့်ထံသို့ အလျင်အမြန်လာကြလိမ့်မည်ဟု မိန့်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အနန္တ တန်ခိုး တော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
[261] ၂၆၁။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်ဝယ် မိမိဥစ္စာပစ္စည်းများကို သုံးစွဲသောသူတို့၏ ဥပမာကား စပါးစေ့ တစ်စေ့မှ စပါးနှံ ဆယ်နှံပေါက်၍ တစ်နှံတွင် စပါးစေတစ်ရာသီးသော မျိုးစပါးစေ့နှင့်တူ၏။ အလ္လာဟ် အရှင်မြတ်သည် အလိုတော်ရှိသူအား ဥစ္စာပစ္စည်းဆပေါင်းများစွာ တိုးပွားစေတော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ဂရုစိုက်တော်မူသောအရှင်၊ သိမြင်တော်မူသော အရှင် ဖြစ်တော်မူ၏။
[262] ၂၆၂။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်ဝယ် မိမိတို့၏ ပစ္စည်းဥစ္စာကို သုံးစွဲ၏။ ထို့နောက် ထိုအလှူပေးခြင်းကြောင့် ယူကျုံးမရလည်းမဖြစ်၊ နစ်နာဆုံးရှုံးခြင်းလည်းမဖြစ်၊ ထိုသူတို့အဖို့ အောင်ဆု မင်္ဂလာတော်သည် သူတို့ကို ဖန်ဆင်းမွေးမြူတော်မူထသော ကျေးဇူးတော်သခင် အထံတော်၌ အသင့် ရှိသူ။ သူတို့အပေါ်သို့ စိုးရိမ်ကြောင့်ကြစရာ ကျရောက်မည်မဟုတ်ပေ။ သူတို့ ပူဆွေးကြမည်လည်း မဟုတ်ပေ။
[263] ၂၆၃။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ ကြင်နာသောစကားကို ဆိုလိုခြင်းသည် သူတစ်ပါးအား အလှူပေးပြီး လျှင် စိတ်နာစရာပြုသည်ထက် သာလွန်မွန်မြတ်၏။ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူထသောအရှင်၊ ထောက်ထားညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
[264] ၂၆၄။ အို - ယုံကြည်သူတို့ မိမိ၏ ဥစ္စာ ပစ္စည်းကို သူတစ်ပါးချီးကျူးစေခြင်းငှာ လှူဒါန်း၍ အလ္လာဟ်အရှင်မြတ် နှင့် နောက်ဆုံးနေ့တော်ကြီးကို မယုံကြည်သောသူကဲ့သို့ သင်တို့သည် မိမိတို့၏ အလှူဒါကို အပြစ်တင် ခြင်း၊ နစ်နာခြင်းတို့အားဖြင့် အလဟဿ အချည်းနှီးမဖြစ်ကြစေကုန်လင့်။ ထိုသူ၏ ပမာကား မြေမှုန့် ဖုံးအုပ်ထားသော ကျောက်တုံးကြီးနှင့်တူ၏။ ထိုကျောက်ခဲတုံးပေါ်သို့ မိုးသည်းထန်စွာရွာသွန်းချ၍ ကောက်တုံးလည်း ပြောင်ချောသွား၏။ သူတို့သည် မိမိတို့ရရှိသော ဥစ္စာပစ္စည်းတို့ကို အစိုးမရချေ။ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား နည်းပြလမ်းညွှန်တော်မမူချေ။
[265] ၂၆၅။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကိုသော်လည်းကောင်း၊ နောင် ဘဝတွင် အကျိုးခံစားခြင်းကိုသော်လည်းကောင်း လိုလား၍ မိမိတို့ပစ္စည်းဥစ္စာကို လှူကြ၏။ ထိုသူတို့၏ ဥပမာသည် တောင်ကုန်းပေါ်တွင်တည်ရှိသောဥယျာဉ်နှင့်တူ၏။ မိုးသည်းထန်စွာ ရွာသွန်း သောအခါ ထိုဥယျာဉ်သည် အသီးအနှံနှစ်ဆသီး၏။ မိုးမကြီးဘဲကျသောအခါလည်း အသီးသီး၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှတို့ကို အကြွင်းမဲ့မြင်တော်မူ၏။
[266] ၂၆၆။ စွန်ပလွန်၊ သဗျစ်စသော အပင်အမျိုးမျိုးပေါက်ရောက်နေသည့် ဥယျာဉ်ကြီးတစ်ခုရှိ၏။ ထိုဥယျာဉ်အောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းချက်ရှိ၏။ ဥယျာဉ်ရှင်တို့အဖို့ ထိုဥယျာဉ်၌ အသီးအဖုအမျိုးမျိုးရှိ၏။ ဥယျာဉ်ရှင်သည် အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်းဖြစ်လာ၏။ သား သမီးတို့လည်း ငယ်ရွယ်နုနယ်ကြ၏။ ထိုအခါ တေဇော်ဓါတ်မီးပါရှိသော လေပွေကြီးသည် ဥယျာဉ် ကို တိုက်ခတ်၍မီးလောင်ကျွမ်းသွား၏။ သင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ထိုဥယျာဉ် မျိုးကို မက်မောသလော။ သင်တို့တွေးတော ဆင်ခြင်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ပညတ် တရားတော်များကို ဤကဲ့သို့ ထင်ရှားရှင်းလင်းစေတော်မူ၏။
[267] ၂၆၇။ အို - ယုံကြည်သူတို့ သင်တို့သည် မိမိတို့ရှာဖွေစုဆောင်းရသောပစ္စည်းများ၊ သင် ထွန်ယက် စိုက်ပျိုး ၍ ရသော ကောက်ပဲသီးနှံများမှ ကောင်းမွန်သောပစ္စည်း၊ အသီးအနှံများကို လှူဒါန်းကြလော့။ မိမိကိုယ်တိုင် မနှစ်သက် မသုံးဆောင်သော မသန့်ရှင်း မစင်ကြယ်သောပစ္စည်းများကို မရှာဖွေ မလှူကြကုန်လင့်၊ သိကြလော့။ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော် မူ၏။ ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူ၏။
[268] ၂၆၈။ ရှိုင်တွာန်မာရ်နတ်သည် သင်တို့အား အလှူပေးလျှင် ဆင်းရဲသွားလိမ့်မည်ဟု ခြိမ်းခြောက်၏။ မကောင်းမှုများကို ပြုကျင့်ဖို့ရာ တိုက်တွန်းနှိုးဆော်၏။ သို့သော် အလ္လာဟ်အရှင်မြတ်မူကား သင်တို့အား အပြစ်လွတ်ခြင်း၊ ရက်ရောပေးကမ်းစွန့်ကြဲခြင်းတို့ကိုပြုမည်ဟု ကတိဗျာဒိတ်ပေးတော် မူ၏။ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများကို ဂရုစိုက်တော်မူသောအရှင် သိမြင် တော်မူသောအရှင်ဖြစ်တော်မူ၏။
[269] ၂၆၉။ အရှင်မြတ်သည် အလိုတော်ရှိသူအား ပညာအလင်းရောင်ကို ပေးသနားတော်မူ၏။ အကြင်သူသည် ပညာအလင်းရောင်ကို ရရှိ၏။ ထိုသူသည် ကြီးမားသောကောင်းကျိုးကို အမှန်ပင် ခံစားရ၏။ သို့သော် ပညာရှိတို့မှတပါး အခြားသူတို့သည် အလ္လာဟ်အရှင်မြတ်ကို သတိမရကြပေ။
[270] ၂၇ဝ။ သင်တို့သည် မည်သည့်အလှူကိုလှူသည်သော်လည်းကောင်း၊ မည်သည့်သစ္စာကို ပြုသည်သော် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အမှန်ပင်သိမြင်တော်မူ၏။ ဒုစရိုက်ကျူးလွန် သူတို့၌ ကူညီမှိုင်းမသူတစ်စုံတစ်ယောက်မျှ မရှိပေ။
[271] ၂၇၁။ အကယ်၍ သင်တို့သည် လူသိရှင်ကြား လှူဒါန်းကြလျှင် ကောင်း၏။ သို့သော် တိတ်တဆိတ် လျှို့ဝှက်စွာ လှူ၏။ သူဆင်းရဲသားတို့အားလှူ၏။ ထိုအလှူသည် သင်တို့အဖို့ သာလွန်မွန်မြတ်၍ သင်တို့ မကောင်းမှုအချို့တဝက်ကိုဖြေ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။
[272] ၂၇၂။ အို - မုဟမ္မဒ်၊ သူတို့ကို နည်းလမ်းညွှန်မပြမှုသည် သင်၏တာဝန်ဝတ္တရားမဟုတ်ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား နည်းပြလမ်းညွှန်တော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်လိုသောဆန္ဒမှတပါး အခြားဆန္ဒနှင့်မဟုတ်ဘဲ သင်တို့သည် မည်သည့် သန့်ရှင်း မွန်မြတ်သောအရာကိုမဆိုလှူ၏။ ထိုအလှူသည် သင်တို့အဖို့ရာ အကျိုးဖြစ်၏။ မည်သည့် ကောင်းမြတ်သောအရာကိုမဆို သင်တို့လှူ၏။ ထိုအရာအစား သင်တို့ကို အပြည့်အစုံ ပြန်ပေးတော် မူမည်။ သင်တို့သည် မတရားပြုလုပ်ခြင်း ခံကြရမည်မဟုတ်ပေ။
[273] ၂၇၃။ အလှူဒါနသည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကိုထမ်းဆောင်နေရ၍ ဆင်းရဲနွမ်းပါးသူတို့နှင့် ရောင်းဝယ်ဖောက်ကားရန် အရပ်ရပ်သို့ မသွားမလာနိုင်သူတို့အဖို့ဖြစ်၏။ မစဉ်းစား မဆင်ခြင်သော သူတို့က ဤသူများသည် အလှူမခံကြသောကြောင့် သူတို့သည် ဖူလုံကြသည်ဟု ထင်မှတ်ကြ၏။ အို - တမန်တော် သင်သည် သူတို့အား သူတို့၏ဟန်ပန်အမူအရာအားဖြင့် သိနိုင်၏။ သူတို့သည် သူများထံမှ အပူတပြင်း အလှူမခံကြချေ။ သင်တို့သည် မည်သည့်သန့်စင်ကောင်းမွန်သော အရာဝထ္ထု မဆိုလှူ၏။ ထိုအလှူကို အလ္လာဟ်အရှင်မြတ်သိမြင်တော်မူ၏။
[274] ၂၇၄။ အကြင်သူတို့သည် အလှူဒါကို ညဉ့်တွင်သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း၊ လျှို့ဝှက်စွာ သော်လည်းကောင်း၊ လူသိရှင်ကြားသော်လည်းကောင်းပေးကြ၏။ ထိုသူတို့၏ အောင်ဆုမင်္ဂလာတော် သည် သူတို့၏အရှင်သခင်အထံတော်၌ မုချဧကန်အသင့်ရှိ၏။ သူတို့သည် စိုးရိမ်ကြောင့်ကြရမည့် သူများလည်းမဟုတ်ချေ။ ပူပန်သောကရောက်ကြရမည့်သူများလည်းမဟုတ်ချေ။ သူတို့အပေါ်သို့ ကြောက်ရွံ့စရာကျရောက်မည်မဟုတ်ပေ။ ပူဆွေးရမည်လည်း မဟုတ်ပေ။
[275] ၂၇၅။ အကြင်သူတို့သည် အတိုးငွေကို စားအ့ံ။ ထိုသူတို့သည် ရှိုင်တွာန်မာရ်နတ်ဖမ်းဆီးထားသော သူတို့ကဲ့သို့မတပါး အခြားသူတို့ကဲ့သို့ ရှင်ပြန်ထမြောက်ရမည်ဟုတ်ပေ။ ယင်းသို့ဖြစ်ရခြင်းကား သူတို့က ကုန်ကူးသန်းရောင်းဝယ်ခြင်းသည် အတိုးငွေစားခြင်းနှင့်အတူတူပင်ဖြစ်သည်ဟုဆိုကြ၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ရောင်းဝယ်ဖောက်ကားခြင်းကို ခွင့်ပြုတော်မူ၏။ အတိုးငွေ စားခြင်းကို တားမြစ်တော်မူ၏။ အကြင်သူသည် မိမိ၏အရှင်သခင်ထံမှ အဆုံးအမတော်ရောက် လာ၏။ ထိုအဆုံးအမတော်ကို ရိုသေလေးစားခြင်းအားဖြင့် အတိုးငွေစားခြင်းကို ရပ်တန့်၏။ ထိုသူသည် လွန်ပြီးသောအတိုးငွေကို ယူထားနိုင်၏။ သူ၏အမှုအခင်းသည် အရှင်ဆုံးဖြတ်တော် မူဖို့ရာဖြစ်၏။ ပညတ်တော်ကျရောက်လာပြီးမှ အတိုးငွေစားသူတို့မှာကား သူတို့သည် ငရဲမီးကို တရားအတိုင်းပိုင်ဆိုင်သူများဖြစ်၏။ သူတို့သည် ငရဲမီးအတွင်း နေထိုင်ကြရမည်သာတည်း။
[276] ၂၇၆။ အလ္လာဟ်အရှင်မြတ်သည် အတိုးငွေကို အကျိုးမရှိ ပျက်စီးစေတော်မူ၏။ အလှူဒါနများကို အကျိုး များစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် တရားမရ၊ အပြစ်ရှိသူတို့ကို မြတ်နိုးတော်မမူပေ။
[277] ၂၇၇။ မှတ်သားကြလော့၊ အကြင်သူတို့သည်ယုံကြည်ကြကုန်၏။ ကုသိုလ်ကောင်းမှုပွားများကြကုန်၏။ ဆွလာသ်ဝတ်ပြုကြကုန်၏။ ဇကားသ်အလှူကို လှူကြကုန်၏။ ထိုသူတို့၏ အောင်ဆုမင်္ဂလာသည် သူတို့၏ အရှင်သခင်အထံတော်၌ ရှိ၏။ သူတို့အပေါ်သို့ ကြောက်ရွံ့ခြင်းကျမည်မဟုတ်ပေ။ သူတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။
[278] ၂၇၈။ အို - ယုံကြည်သူတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင် ကြလော့။ သင်တို့သည် ယုံကြည်သူအကယ်စင်စစ်ဖြစ်လျှင် ကျန်ရှိသော အတိုးငွေများကို လျော် ပစ်ကြလော့။
[279] ၂၇၉။ အကယ်၍ သင်တို့သည် လျော်မပစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ စေတမန်တို့သည် သင်တို့အား စစ်တိုက်ခိုက်မည်ကို မှတ်ယူကြလော့။ သင်တို့သည် နောင်တသတိရကြလျှင် မိမိတို့ အရင်းငွေကိုသာ ယူကြလော့။ သင်တို့သည် မတရားမှုကို မပြုကြလင့်။ သင်တို့သည်လည်း မတရား ပြုခြင်းခံရကြမည်မဟုတ်ပေ။
[280] ၂၈ဝ။ အကယ်၍ မြီစားသည် မချောင်မချိ ကြပ်တည်းနေလျှင် သူချောင်ချိသည်တိုင်အောင် အချိန် ပေးလော့။ သင်တို့သည် ရစရာရှိသောကြေးငွေကို အလှူဒါနအဖြစ် လျော်ပစ်လျှင် သင်တို့ အဖို့ သာလွန်ကောင်းမြတ်၏။ သင်တို့သိလျှင် ကောင်းလေစွ။
[281] ၂၈၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့ ဝင်ရောက်ခစားရမည့်နေ့တော်ကြီးမှ မိမိကိုယ်ကို ကာကွယ်ကြလော့။ ထိုအခါ လူတိုင်းသည် မိမိပြုကျင့်ခဲ့သောအမှု၏ ကောင်းကျိုးဆိုးကျိုးကို အပြည့် အစုံ ပေးတော်မူခြင်းကို ခံရကြလတ္တံ့။ သူတို့ကို မတရားပြုခြင်းခံကြရမည်မဟုတ်ပေ။
[282] ၂၈၂။ အို - ယုံကြည်သူတို့ သင်တို့သည် အချိန်နှစ်လ သတ်မှတ်ပိုင်းခြား၍ အကြွေးချေးငှားသည်ရှိသော် ထိုချေးငှားခြင်းကို စာချုပ်ချုပ်ထားကြလော့။ သင်တို့စပ်ကြားတွင် စာရေးသူအား တရားမျှတသော အချေးအငှား စည်းကမ်းချက်များကို ရေးထားစေကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူ့အား သင်ထားတော်မူသဖြင့် စာရေးသူသည် စာချုပ်ရေးရန် မငြင်းရချေ။ ထို့ကြောင့် သူ့အား ရေးစေ ကြလော့။ ကြွေးတင်သောသူက ရေးရမည့် စည်းကမ်းချက်များကို မြွက်ဆိုရမည်။ သူသည် မိမိ၏ အရှင်သခင်အား ကြောက်ရွံ့ရမည်။ လျှော့ပေါ့၍ မပြောဆိုရ၊ သို့သော် မြီစားသည် အသိဉာဏ် နည်းပါးလျှင်သော်လည်းကောင်း၊ မကျန်းမာအားနည်းလျှင်သော်လည်းကောင်း၊ စည်းကမ်းချက်များ ကို မပြောပြနိုင်လျှင်သော်လည်းကောင်း၊ သူ၏အကျိုးစီးပွားကို စောင့်ရှောက်ထိန်းသိမ်းသူက တရားသော စည်းကမ်းချက်များကို မြွက်ဆိုရမည်။ ထိုစာချုပ်စာတမ်းရေးချုပ်သည့်အခါ သင်တို့ အထဲက ယောက်ျားသက်သေနှစ်ယောက်ရှိရမည်။ ယောက်ျားနှစ်ယောက် လွယ်လင့်တကူ မရနိုင် လျှင် ယောက်ျားတစ်ယောက်နှင့် သင်တို့ သက်သေထူချင်သော မိန်းမနှစ်ယောက်ရှိရမည်။ သူတို့ အနက် တစ်ယောက်မေ့လျော့၍မှားလျှင် ကျန်တစ်ယောက်က မှတ်သားမိလိမ့်မည်။ သက်သေအဖြစ် ခေါ်သောအခါ အခေါ်ခံရသောသူတို့သည် မငြင်းပယ်ရ။ အချေးအငှား အရောင်းအဝယ်ကိစ္စကို ကြီးငယ်မဟူ စုံလင်စွာ ရေးထားဖို့ကို မလိုလားမဖြစ်ကြလင့်။ ယင်းသို့ စာချုပ်ချုပ်ထားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ေ့ရှတော်ဝယ် သာလွန်တရားမျှတ၏။ သာလွန်သေချာသော သက်သေ သာဓကလည်းဖြစ်၏။ သင်တို့စပ်ကြားတွင် အငြင်းအခုံကို ရှောင်ရှားရန် အကောင်းဆုံးသော နည်းလမ်းဖြစ်၏။ သို့သော် ကုန်စည်ကို လက်ငင်းရောင်းချရာ၌ စာချုပ် ချုပ်ရန်မလိုချေ။ လက်ငင်း ရောင်းဝယ်ရာ၌ စာချုပ်မချုပ်၍ သင်တို့၌အပြစ်မထိုက်ချေ။ သင်တို့ အရောင်းအဝယ်ပြုသောအခါ သက်သေတို့ရှိကြစေလော့။ စာရေးသူကိုသော်လည်းကောင်း၊ သက်သေကိုသော်လည်းကောင်း အန္တရာယ်မပြုကြလင့်။ သူတို့အား ဘေးပြုခြင်းသည် အပြစ်သင့်၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ ပညတ်တော်ကို ဦးထိပ်ထက်တင်ရွက်ပန်ဆင်ကြလော့။ အရှင်မြတ်အား ကြောက်ရွံ့ကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သွန်သင်ဆုံးမနေတော်မူ၏။ ထို့ပြင် အရှင်မြတ်သည် ခပ်သိမ်း ကုန်သောအရာတို့ကို သိတော်မူသောအရှင်ဖြစ်တော်မူ၏။
[283] ၂၈၃။ သင်တို့သည် ခရီးလမ်းတွင်ဖြစ်၍ စာရေးသူမရနိုင်လျှင် လက်ရောက် အပေါင်ပစ္စည်းပေးထားကြ လော့။ သင်တို့အနက် တစ်ဦးတစ်ယောက်က အခြားသူတစ်ဦးအား ဥစ္စာပစ္စည်း အပ်နှံထားလျှင် ပစ္စည်းအပ်နှံခြင်းခံရသူက ပစ္စည်းအပ်သူအား မိမိတို့ ပဋိညာဉ်အတိုင်း အပ်နှံထားသော ပစ္စည်း များကို ပြန်ပေးရမည်။ ထိုသူသည် အရှင်မြတ်၏ ပညတ်တော်ကို နာခံရိုသေရမည်။ သက်သေခံ အချက်အလက်များကို မဖုံးကွယ်ကြလင့်။ အကြင်သူသည် သက်သေသာဓကကို ထိန်ဝှက်ထားလျှင် ထိုသူ၏ စိတ်နှလုံးသည် မုချဧကန်အပြစ်ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။
[284] ၂၈၄။ မိုးကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူ၏။ သင်တို့သည် မိမိတို့ စိတ်နှလုံးအတွင်းရှိသည်တို့ကို ထုတ်ဖော်ပြောပြသော်လည်းကောင်း၊ ထိမ်ဝှက် ထားသော်လည်းကောင်း အလ္လာဟ်အရှင်မြတ်သည် သင့်တို့အားထိုအကြောင်းအရာများကို စစ်ကြော စီရင်တော်မူမည်။ အပြစ်ဒဏ်ခတ်လိုတော်မူသောသူကို အပြစ်ဒဏ်ခတ်တော်မူမည်။ အလ္လာဟ် အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
[285] ၂၈၅။ တမန်တော်သည် မိမိအရှင်သခင် ထုတ်ပြန်ချပေးသနားတော်မူသည်ကို ယုံကြည်လေးစား၏။ ယုံကြည်သူတို့လည်းထိုနည်းတူ ယုံကြည်ကြ၏။ သူတို့ အားလုံးပင် အလ္လာဟ်အရှင်မြတ်၏ ကောင်းကင်တမန်တော်များ၊ အရှင်မြတ်၏ ကျမ်းတော်များ၊ အရှင်မြတ်၏လူသားတမန်တော်များကို ယုံကြည်ကြ၏။ အကျွန်ုပ်တို့သည် တမန်တော်အပေါင်းမှ တစ်ဦးဦးကိုမျှ ခွဲခြားခြင်းမပြုဟု သူတို့ ဆိုကြ၏။ ထို့ပြင် သူတို့က အကျွန်ုပ်တို့သည် ကြားရပါ၏။ နာခံပါ၏။ အို - အကျွန်ုပ်တို့အရှင်သခင် အကျွန်ု်ပ်တို့အား အပြစ်လွှတ်တော်မူပါ။ အကျွန်ုပ်တို့သည် အရှင်၏ အထံတော်သို့ ပြန်ရကြပါမည်။
[286] ၂၈၆။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်ဝိညာဉ်အပေါ်သို့မျှ ၎င်း၏အင်အားနှင့်မမျှတသော ဝန်ထုပ်ဝန်ပိုးကို တင်တော်မမူပေ။ ၎င်းသည် မိမိဆည်းပူးခဲ့သော ကိုသိုလ်ကောင်းမှု၏ အကျိုးကို ခံစားရလတ္တံ့။ ထိုနည်းတူ မိမိပြုကျင့်ခဲ့သော အကုသိုလ်မကောင်းမှု၏ အပြစ်ဒုက္ခကိုလည်း ခံစားရလတ္တံ့။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ အကျွန်ုပ်တို့အား မိမိတို့မေ့လျော့ခြင်းကြောင့် သော်လည်းကောင်း၊ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ အပြစ်ဒဏ်ခတ်တော်မမူပါလင့်။ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ အပြစ်ဒဏ်ခတ်တော်မမူပါလင့်။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ ရှေးလူဟောင်းများအပေါ်၌ ကြီးလေးသောဝန်ထုတ်ဝန်ပိုးကြီးကို တင်တော်မူသကဲ့သို့ အကျွန်ုပ်အပေါ်၌ မိမိတို့အင်အားနှင့်မမျှတသောဝန်ထုပ်ကိုတင်တော်မမူပါလင့်။ အကျွန်ုပ်တို့၏ အပြစ်များကို ချေဖျက်တော်မူပါ။ အကျွန်ုပ်တို့ကို အပြစ်လွှတ်တော်မူပါ။ အကျွန်ုပ်အား ကောင်းချီး မင်္ဂလာ ပေးသနားတော်မူပါ။ အရှင်သည် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသော အရှင် ဖြစ်တော် မူ၏။ အကျွန်ုပ်တို့အား အောင်စေတော်မူပါ။