Burmese

Translation: mya-ghazimohammadha

Author: Ghazi Mohammad Hashim

အဖွင့်မုရ်စုရ်

Surah 1

[1] မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။

[2] ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။

[3] (အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။

[4] (အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန် သောသတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား)ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ ကိုအစိုးရတော်မူသောအရှင်ဖြစ်သည်။

[5] ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင်ခယရိုကျိုး ရှိခိုးဆည်းကပ်ကြပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန်အရှင်မြတ် အထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။

[6] (အို-အလ္လာဟ်အရှင်မြတ်)ကျွန်တော်မျိုးတို့အားအစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်များ ကို ညွှန်ကြား ပြသတော်မူပါ။

[7] အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည်(မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)(ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်း မဟုတ်။

နွားမ

Surah 2

[1] အလိဖ်လာမ်မီမ်

[2] ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော ကုရ်အာန်) ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။

[3] အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌ တည်ရှိသော အရာများကို အမှန်ဖြစ်သည် ရှိသည်ဟု (ခိုင်ခံ့မြဲမြံသော သဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။ (စည်းကမ်းသေဝပ်စွာ) ဆွလာတ် ဝတ်ပြုကြသည်။ ထို့ပြင် ထိုသတို့သားတို့အား ငါအရှင်ပေးသနားတော်မူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် (တရားတော်နှင့်အညီ) လှူဒါန်းကြသည်။

[4] ထို့ပြင် ထိုသူတော်စင်များသည် အသင့်ထံသို့ထုတ်ပြန် ပို့ချသော(ကုရ်အာန်)ကျမ်းမြတ်ကို လည်းကောင်း၊ အသင့်အလျင် ရှေးပဝေ သဏီက (ပွင့်လေပြီးသော နဗီတမန် တော်များထံသို့) ထုတ်ပြန် ပို့ချသောကျမ်းဂန်များကို လည်းကောင်း၊ ယုံကြည်ကြ၏။ ထို့ပြင် တဝ ထိုသူတော်စင်များသည် တမလွန်ဘဝကိုလည်း အမှန်ဟူ၍ သံသယကင်းစွာ ယုံကြည် ကြကုန်၏။

[5] (ဖော်ပြပါ အင်္ဂါရပ်များနှင့်ပြည့်စုံသော) ထိုသူတော်စင်များသည် မိမိတို့၏ အရှင်သခင်၏ တရားလမ်းပေါ်၌ တည်ရှိကြကုန်၏။ ထိုသူတော်စင်များသည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်သတည်း။

[6] ဧကန်မုချ အသင်သည် သွေဖည်ငြင်းဆန် သောကာဖိရ်များအား (ထိတ်လန့်ဘွယ်ရာ အကြောင်းများကို) သတိပေး နှိုးဆော်သည်ဖြစ်စေ၊ မနှိုးဆော်သည်ဖြစ်စေ ထိုသူတို့အဖို့ အကြောင်းမထူး၊ ထိုသူတို့တမူကား ယုံကြည်ကြမည်မဟုတ်ပေ။

[7] အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများနှင့် သောတာရုံအပေါ်၌ တံဆိပ်ခတ်နှိပ်တော် မူလိုက်ပြီ၊။ ထို့ပြင် ထိုသူတို့၏စက္ခုအာရုံများ အပေါ်၌လည်း အကာအကွယ် ရှိနေလေသည်။ ထို့ နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှိချေပြီ။

[8] လူသားများအနက် အချို့သော သူတို့သည်(ဥပါယ်တမျဉ်ဖြင့်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကို လည်းကောင်း၊ ယုံကြည်ကြပါ ၏ဟု ပြောဆိုကြ၏။ အမှန်သော်ကားထိုသူတို့သည် ယုံကြည် သော မုအ်မင် များမဟုတ်ကြပေ။

[9] ထို(မုအ်မင်အသွင်ဆောင်သော) သူများသည်အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ (ယုံကြည်ခြင်း သဒ္ဓါတရား ရှိသော) မုအ်မင်များကို လည်းကောင်း၊ လိမ်လည် လှည့်ဖြားရန် ကြိုးစား အားထုတ်ကြ၏။ အမှန်သော်ကား ထိုသူများသည် (မည်သူ့ကိုမျှ) လိမ်လည် လှည့်ဖြားကြသည်မဟုတ်၊ မိမိတို့ကိုယ် ကိုသာလျှင် မိမိတို့ လိမ်လည်လှည့်ဖြားကြ၏။ သို့သော် ထိုသူများသည် (ဤသည်ကိုပင်) သိမြင်နားလည်ကြသည် မဟုတ်ချေ။

[10] ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စိတ်နှလုံးများ၌ (မနာလိုဝန်တို ဣဿာ၊ မစ္ဆရိယ ) တည်းဟူသော ရောဂါဝေနာသည် စွဲကပ် လျက်ရှိ၏။ သို့ဖြစ်လေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ရောဂါကို တိုးပွားစေတော်မူ၏။ ထိုမှတပါးတုံ ထိုသူများအဖို့ (ဆင်းရဲကြီးစွာ ခံစားရန်) ပြင်းပြနာကျင်ဘွယ်ကောင်းသော အပြစ်ဒဏ်ကိုလည်း အသင့်ထားရှိတော် မူလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် (မယုံကြည်ဘဲလျက် ကျွန်ုပ်တို့ယုံကြည်ကြပါ၏ ဟု) မဟုတ်မလျား မုသား ပြောဆိုလေ့ ရှိခြင်းကြောင့်တည်း။

[11] ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။

[12] (အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။

[13] ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။

[14] မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။

[15] အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။

[16] မှန်ကန်သော (အစ္စလာမ်) သာသနာကို ပေးလှယ်၍ မှောက်မှားသောတရားကို ဝယ်ယူကြသော အကြင်သူများမှာ ဤသူများပင်၊ ထိုသူများ သည် မိမိတို့၏ (ဤ) ရောင်းဝယ်လဲလှယ်မှု၌ အမြတ်မရရှိသည့်အပြင် တရားရသူများလည်း မဟုတ်ကြချေ။

[17] ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ပမာကို ဆိုရသော် လူတစ်ယောက်သည် (တခဲနက် မှောင်အတိ ကျနေသော ညဉ့်၌ လမ်းကို မြင်နိုင်ခြင်းငှာ) ဆီမီးကိုထွန်းညှိ၏။ ဆီမီးရောင်သည် ထိုသူ၏ပတ်ဝန်းကျင်ကို လင်းဝင်းစေ၏။ သို့လင်းဝင်းသည့်အခိုက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ အလင်းရောင်ကို နုတ်သိမ်းယူသွားပြီး ထိုသူတို့အား မှောင်တိုက်တွင်းဝယ် ပစ်ပယ်ထားတော်မူရာ ထိုသူတို့သည် တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြချေ။

[18] ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသည် (အမှန်တရားကို မကြားနာလိုကြသည့်အတွက်) နားပင်းသူများလည်း မည်၏။ (ပီယဝါစာ နှစ်သက်ဖွယ်ရာဖြစ်သော စကားကို မပြောဆိုလို ကြသည့်အတွက်) ဆွံ့အ သူများလည်း မည်၏။ (အမြော်အမြင် ဆင်ခြင်တုံတရား မရှိကြသည့်အတွက်) မျက်စိကန်းများလည်း မည်၏။ ထိုကဲ့သို့သော အယောင်ဆောင်များသည် (ဤမျှတိုင် ဆွံ့အ၊ နားပင်း၊ မျက်ကန်းများ ဖြစ်ကြရာ အမှန် တရားဘက်သို့) ပြန်လှည့်ကြမည် မဟုတ်ပေ။

[19] ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ ဥပမာကို တနည်းဆိုရပြန်သော် ထိုသူတို့သည် မိုးတိမ်ဝိုင်းလျက်ရှိသော သူများနှင့် တူကြ၏။ (ဖြစ်အင်ကား) ကောင်းကင်မှ မိုးသက်မုန်တိုင်းသည် သည်းထန်စွာ ရွာသွန်းလျက်ရှိ၏၊ ထိုမိုးကောင်းကင်တွင် တခဲနက်သော အမိုက်မှောင်များ လည်းဖုံးအုပ်လျက်ရှိ၏၊ (ထို မိုးသက်မုန်တိုင်းနှင့် တပါတည်း ပဲ့တင်ထပ်မျှသော) မိုးချုန်းသံလည်း ပါလာ၏။ ထိုရောအခါ မိုးကြိုးစက်သံများ၏ ပြင်းထန်လှစွာသော အသံကို ကြားရသော ထိုသူယုတ်မာတို့သည် သေရမည့်ဘေးကို စိုးရိမ်ပူပန် ကြောင့်ကြသဖြင့် မိမိတို့၏ နားပေါက်များကို လက်ချောင်းများ ဖြင့်ပိတ်ဆို့ထားကြ၏။ (အမှန်သော်ကား) အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မိစ္ဆာဒိဋ္ဌိများအား (မိမိ၏အနန္တ ဘုန်းတေဇာဖြင့်) ဝန်းရံခြုံလျက် ရှိတော်မူပြီဖြစ်ရာ မည်သူ တစ်ဦးတစ်ယောက်မျှ အရှင့်ဘုန်းတေဇာ စက်ကွင်းမှ လွတ်မြောက်၍ ထွက်ခွာသွား နိုင်မည်မဟုတ်ချေ။

[20] လျှပ်ပြက်ရောင်သည် ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စက္ခုအာရုံများကို သုတ်ယူသိမ်းဆောင် သွားလုမတတ် ဖြစ်၏။ လျှပ်ပြက်ရောင်သည် ထိုသူတို့အဖို့ (သွားရာလမ်းကို) လင်းဝင်းစေတိုင်း ထိုသူများသည်(အလင်းရောင်ကိုမှီ၍) သွားလာကြ၏။ တဖန် အလင်းရောင် ကွယ်ပျောက်၍ အမိုက်မှောင် ကျရောက်လာသောအခါ ထိုသူတို့သည် ရပ်တန့်၍ နေကြကုန်၏။ အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော် မူခဲ့ပါက မုချဧကန် ထိုသူတို့၏ သောတာရုံများနှင့် စက္ခုအာရုံများကို နုတ်သိမ်းယူသွားတော် မူချေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူထသောအရှင် ဖြစ်တော်မူသည်။

[21] အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။

[22] အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင် ဖြစ်ကြသည်။

[23] ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

[24] အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။

[25] (အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။

[26] အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်ထက် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။

[27] ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာကြသည်မရှိ၊ အဆက်ဖြတ်ကြ၏။ ထို့ပြင်တဝ ထိုသူတို့သည် ကမ္ဘာမြေပြင်၌လည်း (ကမ္ဘာသူကမ္ဘာသားတို့၏) ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြ၏။ (စင်စစ်မှာကား) ထိုသူများသည် ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြပေသတည်း။

[28] (ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာထိုအသျှင်သည် အသင်တို့အား (သဝိညာဏက) သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် (အသင်တို့၏ သက်တမ်းကုန်ဆုံးသည့်အခါ)သင်တို့အား သေစေ တော်မူဦးမည်ဖြစ်၏။ သို့သေစေတော်မူပြီးသည့်နောက် ထိုအရှင်သည်အသင်တို့အား တဖန် ရှင်ပြန်ထစေဦးမည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှုမကောင်းမှုများနှင့် လျော်ညီစွာထိုက်တန်ရာ အကျိုးများကို ခံစံရန် အလို့ငှာ) ထိုအရှင့်ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြရမည်။

[29] ထို(အလ္လာဟ်)အရှင်မြတ်သည် သင်တို့အကျိုးအလို့ငှာ ပထဝီမြေတွင် ရှိရှိသမျှသော ဝတ္ထုအစုစုကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိမိဆန္ဒတော် အတိုင်းမိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားကျနစွာ ပြုလုပ်တော်မူ၏၊ စင်စစ်တမူကား ထိုအရှင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။

[30] (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။ထိုအခါ အပါးတော် စေတမန်များက(ဤသို့) လျှောက် တင်ပန်ကြားကြကုန်၏။ (အို-အရှင်) ကမ္ဘာ မြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်၍ အချင်း ချင်းသတ်ဖြတ်ပြီး သွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကိုယ်တော်အရှင်သည်(ဖန်ဆင်းတော်မူ၍ မိမိ၏ကိုယ်စားလှယ်တော်အဖြစ်) မြှောက်စား ခန့်အပ်တော် မူပါမည်လော၊ အမှန်စင်စစ် ကိုယ်တော်အရှင်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ လုံးဝ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ကျွန်တော်မျိုးတို့သာလျှင် အမြဲအောင်းမေ့ တသကြပါ၏။ ကိုယ်တော်အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထောမနာပြု၍ အစဉ်အမြဲ ဘာဝနာစီးဖြန်းကြပါ၏။ထိုအခါ အလ္လာဟ်အရှင်မြတ်က(အပါးတော် စေတမန် အပေါင်းတို့) အသင်တို့ မသိနားမလည်သော အကြောင်းအချက်များကို ငါအရှင်သာလျှင် မုချသိတော်မူသည်။ ဟုပြန်လည် ဖြေကြားတော် မူလေသည်။

[31] အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကို သင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက် အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါ ဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့) အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများ ဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။

[32] အပါးတော် စေတမန်များက (အလ္လာဟ်အရှင်မြတ်၏အထံတော်၌ ဤသို့လျှောက်ထားကြကုန်သည်) အိုအရှင်၊ ကိုယ် တော်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ သန့်ရှင်း စင်ကြယ်တော်မူသော အရှင် ဖြစ်တော်မူပါသည်။ အရှင်သင်ကြား ပေးသနားတော်မူသော ပညာရပ်များမှအပ ကျွန်တော်မျိုးတို့အဘို့မှာ အခြားအသိတရား ဟူ၍ အလျင်းမရှိပါ။ ဧကန်မုချ ကိုယ်တော် အရှင်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပါသတည်း။

[33] အလ္လာဟ်အရှင်မြတ်က အို-အာဒမ်၊ အသင်သည် ထိုအပါးတော် စေတမန်များအား ထို အရာဝတ္ထု များ၏အမည်နာမများကို ထုတ်ဖော်၍ ပြောပြပါလေဟု မိန့်ကြားတော်မူရာ [(ကမ္ဘာဦးဖခင်) အာဒမ်(အ)သည် အပါးတော်စေတမန်များအား ထို အရာဝတ္ထုအသီးသီးတို့၏ အမည်နာမများကို (သေချာစွာ) ထုတ်ဖော်၍ ပြောပြလေ၏။] သို့ပြောပြပြီးသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အပါး တော်စေတမန်များအား ဤသို့မိန့်ကြားတော်မူ၏၊ (အပါးတော်စေတမန်အပေါင်းတို့) ငါအရှင်သည် မိုးကောင်းကင်များနှင့် ပထဝီပြင်၌ ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသည် ဟု သင်တို့အား မိန့်ကြားတော်မူခဲ့ဘူးသည် မဟုတ်ပါလော။ ထို့ပြင်တဝ ငါအရှင်သည် အသင်တို့ ထုတ်ဖော်ပြောဆိုသည်များကို လည်းကောင်း၊ လျှို့ဝှက်ဖုံးကွယ် ထိန်ချန်ထားရှိခဲ့ကြသည့် အရာများကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသည်။

[34] (ပြန်လည်အောက်မေ့ သတိရကြကုန်လော့)တရံရောအခါ ငါအရှင်သည် အပါးတော်စေတမန် များအား အသင်တို့သည် ကမ္ဘာဦးဖခင် အာဒမ်ကို ဦးချကြကုန် ဟုမိန့်ကြားတော်မူသည်။ (ထိုအခါ) ဣဗ်လီစ် မှအပ ကျန်အားလုံးသော အပါးတော် စေတမန်များသည် (ကမ္ဘာဦးဖခင်)အာဒမ်(အ)အား ဦးချကြကုန်၏။ ဣဗ်လီစ် မူကား မောက်မာပလွှား၍ ယင်းအမိန့်တော်ကို ဖီဆန်လေ၏။ သို့အတွက်ကြောင့်သူသည် ကာဖိရ် သွေဖည်တို့တွင် အပါအဝင်တစ်ဦးဖြစ်သွားချေပြီ။

[35] ထို့နောက် ငါ(အလ္လာဟ်အရှင်မြတ်)သည်(အာဒမ်အား) ဤသို့မိန့်ကြားတော်မူ၏။ အို-အာဒမ်၊ အသင်သည် မိမိ ၏ကြင်ယာ(ဟောင်ဝါ)နှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်၍ အသင်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒရှိသမျှကို (လွတ်လပ်စွာယူငင်ပြီး)ဖော သီဝပြောစွာ စားသုံးကြကုန်၊ သို့ရာတွင်အသင်တို့သည် ဤအပင်၏အနီးသို့ မချဉ်းကပ်ကြနှင့်၊ (အကယ်၍ထိုအပင်၏အနီးသို့ချဉ်းကပ်၍ ထိုအပင်၏အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှု ကျူးလွန်သူများတွင် အပါအဝင်ဖြစ်ကြကုန်လတ္တံ့။

[36] ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။

[37] ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။

[38] အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။

[39] သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။

[40] အို-အစ္စရာအီလီ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်ပေးသနားတော်မူသော သုခချမ်းသာ၊ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်၊(သို့သတိရခြင်းအားဖြင့်) သင်တို့သည် (ငါ အရှင့်ထံတော်၌ထားရှိပြီးသော) ပဋိညာဉ် ခံဝန်ချက်ကို စောင့်ရှောက် အတည်ပြုကြကုန်၊ ငါအရှင်သည်လည်း သင်တို့နှင့် ထားရှိပြီးဖြစ်သော သစ္စာကတိကို အတည်ပြုတော်မူအံ့။ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ရိုသေကြကုန်။

[41] (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့ လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုလျက်ရှိသော ကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမ ငြင်းဆိုသူများ မဖြစ်ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် အနည်းငယ်မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာများကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊ အသင်တို့သည် ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ ကြကုန်လော့။

[42] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သဒ္ဓမ္မ) တရားမှန်ကို (ကွဖ်ရ်) မိစ္ဆာဒိဋ္ဌိ အယူမှားနှင့် မရောနှောကြကုန်လင့်။ အသင်တို့သည် တရားမှန် တရားစစ်ကို မိမိတို့ကိုယ်တိုင် သိရှိကြပါလျက် ဖုံးကွယ်ထိန်ချန်၍ မထားကြကုန်လင့်။

[43] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရား ဝင်ဒါနကြေးဖြစ်သော ဇကာတ်ကိုလည်း ပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွှတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွှတ်ရိုကျိုးကြကုန်။

[44] (အို-အစ္စရာအီလီ မျိုးနွယ်ဝံသ အပေါင်းတို့) အသင် တို့သည် လူအများတို့ကို ကောင်းမှုတရား ပွားများရန် ဆုံးမ ဩဝါဒ ပေးကြ၍ မိမိတို့ကိုယ်ကို မေ့လျော့နေကြကုန်သလော။ အမှန်အားဖြင့် အသင်တို့သည် (ငါအရှင် ထုတ်ပြန်ပို့ချ ပေးသနားတော်မူသော) ကျမ်းဂန်များကို ရွတ်ဘတ် သရဇ္ဈာယ်လျက် ရှိကြကုန်၏။ သို့ပါလျက် အသင်တို့ နားမလည ်ကြပါသလော။

[45] အသင်တို့သည် ခန္တီတရားဖြင့် လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့် လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံတော်မှ) အကူအညီ အထောက်အပံ့ကို တောင်းယူကြကုန်။ ဧကန်မုချ ထို(ဆွလာတ်ဝတ်ပြုခြင်း)သည် ကျိုးနွံနှိမ့်ချခြင်းတရား ထားရှိ ကြကုန်သော သူတော်စင်များမှအပ (အခြားသူများအဘို့) အလွန်တရာမျှပင် ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်ပေသတည်း။

[46] (ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။

[47] အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။

[48] (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။

[49] (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်သတိရကြကုန်) တရံရောအခါ ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံ တို့၏ ဘေးအန္တရာယ်မှကယ်မ၍ လွတ်မြောက် စေတော် မူခဲ့လေသည်၊ ထိုသူတို့သည် အသင်တို့အပေါ်ဝယ် အလွန်တရာ ရက်စက်ကြမ်းကြုတ် ဆိုးရွားလှစွာသော ဘေးဒုက္ခဆင်းရဲမှုများကို သက်ရောက်စေကြသည်၊ ထိုသူတို့သည် အသင်တို့၏ သမီးမိန်းကလေးများကို မသတ်ဘဲ ချန်လှပ်၍ သားယောက်ျားများကိုမူ (ရက်စက်စွာ) သတ်ဖြတ်လေ့ရှိကြ၏၊ ဤသည်ကား အသင်တို့ကို မွေးမြူတော်မူသော အသျှင်၏ထံတော်မှ ကြီးစွာသော စမ်းသပ်တော်မူခြင်း တစ်ရပ်ပင်တည်း။

[50] (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။

[51] (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော် မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊ အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများ ဖြစ်ကြကုန်သည်။

[52] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော် မူခဲ့လေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြပေမည်။

[53] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား (တောင်ရာတ်) ကျမ်းဂန် (ဝါ) အမှားအမှန်ခွဲခြား၍ ညွှန်ကြားပြသသော ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူ၏။

[54] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တစ်နေ့သောအခါ နဗီတမန်တော်မူစာက မိမိ၏ အမျိုးသားများအား ပြောကြားသည်မှာ၊ အိုကျွန်ုပ်၏ အမျိုးသား အပေါင်းတို့၊ ဧကန်မုချ အသင်တို့သည် နွားငယ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းကြလေပြီ၊ သို့ဖြစ်၍ (ထိုကဲ့သို့ ကြီးလေးသောအပြစ်မှ ချမ်းသာခွင့်ရရန်) အသင်တို့သည် မိမိတို့အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင့် အထံတော်၌ ဝန်ချတောင်းပန် အသနားခံကြကုန်လော့၊ ထို့နောက် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ကြကုန်လော့။ (သို့ဝန်ချတောင်းပန် အသနားခံခြင်းသာလျှင်) အသင်တို့အဖို့ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင့်ထံတော်၌ ကောင်းမြတ်သော အကြောင်းတရားဖြစ်၏။ ထို့နောက်(အသင်တို့သည် ညွှန်ကြားပြသ ဆုံးမတော်မူသည့်အတိုင်း ဝန်ချတောင်းပန်ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ဝန် ချတောင်းပန်ချက်ကို လက်ခံတော်မူလိုက်လေပြီ။ အဘယ်ကြောင့်ဟူမူထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူတို့၏တောင်းပန်ချက်ကို)အကြိမ်ကြိမ် လက်ခံတော်မူသောအရှင်၊ မဟာကရုဏာရှင် ဖြစ်တော်မူပေသည်။

[55] (အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ အသင်တို့က အိုမူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ဒိဌမျက်ဝါးထင်ထင် မဖူးမြင်ရသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် အသင့်အားအလျင်း ယုံကြည်ကြမည်မဟုတ်ဟု ပြောဆို ကြကုန်၏။(ထိုကဲ့သို့ မပြောသင့် မပြောအပ်သော စကားရပ်ကို ပြောဆိုကြသည့်အတွက်) အသင်တို့အား (အလ္လာဟ် အရှင် မြတ်၏ကြောက်မက်ဖွယ်ကောင်းသော) မိုးကြိုးလောင်မီးသည် ဖမ်းဆီး(ကွပ်မျက်) လိုက်လေပြီ။ အသင်တို့ကိုယ်တိုင်လည်း (ထိုအခြင်းအရာကို) တွေ့မြင်ကြပေသည်။

[56] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊) အသင်တို့ အသက်သေကြေ ပျက်စီးပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား တဖန်ရှင်ပြန်ထစေတော်မူ၏။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြမည်။

[57] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) ငါအရှင်သည် အသင်တို့အပေါ်ဝယ် မိုးတိမ်များကို အရိပ်အာဝါသအဖြစ် ပြုလုပ်ပေးတော်မူ၏။ ထိုမျှမကသေး (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ) ငါအရှင်သည် မန္နဟူသော စားဘွယ်ရာတမျိုးနှင့် စလ်ဝါ ခေါ် ငုံးသတ္တဝါ တစ်မျိုးကို ချပေးသနားတော် မူ၏။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင် ပေးသနားတော်မူသည့် ကောင်းမြတ်သော ခဲဘွယ် ဘောဇဉ်များကို စားသုံးကြကုန်။ ထိုသူတို့သည် ငါအရှင်မြတ်အား နှိပ်စက် ညှဉ်းပန်းကြသည် မဟုတ်။ မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက်ညှဉ်းပန်းကြကုန်၏။

[58] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို အဘယ်မှမဆို မိမိတို့ဆန္ဒ အလိုက်ဖေါဖေါသီသီ စားသုံးကြကုန်၊ (ငါ့အားလည်း ခယရိုကျိုး သောအနေအားဖြင့်) ဝပ်တွား၍ မြို့တံခါးပေါက်သို့ ဝင်ကြ ကုန်(ကျွန်တော်မျိုးတို့အား အပြစ်များမှ ချမ်းသာခွင့် ပေးသနားတော် မူပါ) ဟုလည်း မြွက်ဆိုကြကုန်။ (ဖေါ်ပြပါအမိန့် ဩဝါဒများကို လိုက်နာ ကျင့်မူကြပါလျှင်) ငါအရှင်သည် အသင်တို့၏ မှားယွင်မှုများကို ခွင့်လွှတ်တော် မူမည်။ ထို့ပြင်တဝ ငါအရှင်သည် ကောင်းမှုပြုသော သူများ ကိုလည်းကုသိုလ်အကျိုး ဆထက်တိုး၍ ပေးသနားတော်မူမည်။

[59] သို့ရာတွင် (တရားတော်ကို) ကျူးလွန် ကြသောထို(အစ္စရာအီလီ) လူမျိုးတို့သည် မိမိတို့အား သင်ကြားပို့ချထားသော စကားရပ်နှင့် ဆန့်ကျင်သည့် အခြား (မလျော်ကန်သော) စကားရပ်ကို ပြောင်းလွှဲ၍ သုံးစွဲကြလေသည်။ သို့ဖြစ်ရာငါအရှင်သည် တရားတော်ကို ကျူးလွန်သော ထို(အစ္စရာအီလ်) မျိုးနွယ်အပေါ်သို့ ဒုစရိုက်မှုများ ပြုလေ့ရှိကြ သည့်အတွက် မိုးကောင်းကင်မှ ရောဂါကပ်ကို စိုက်ရောက်စေတော်မူလေသည်။

[60] (အို-အစ္စရာအီလ် မျိုးနွယ်အပေါင်းပြန်လည်သတိရကြလေကုန်၊) အခါ တပါး၌ (နဗီတမန်တော်) မူစာ(အ)သည် (ငါအရှင်မြတ်၏ ထံတော်မှ) မိမိ အမျိုးသားများ အဖို့သောက်သုံးရန်ရေကို (ပေးသနားတော်မူပါဟု) ဆုတောင်းပတ္တနာပြုရာ ငါအရှင်က (အို-မူစာ) အသင်သည် မိမိလှင်ကန်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ဟု မိန့်ကြားတော် မူခဲ့လေသည်။ [သို့ မိန့်ကြားချက်အရနဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်)သည် ကျောက်တုံးကို ရိုက်ခတ်လေရာယင်း ကျောက်တုံးသည် ကွဲအက်၍ အစ္စရာအီလီ လူမျိုးတို့၏အသင်း ဦးရေနှင့်အညီ] စမ်းရေချောင်း 12 သွယ်တို့သည်ထိုကျောက်တုံးမှ ပန်းထွက်လာလေသည်။ (ထိုအခါ)ယင်းအစ္စရာအီလီ လူမျိုးတို့သည် အသီးသီး မိမိတို့ သောက်သုံးရာဌာနကို(ကောင်းမွန်စွာ) မှတ်သား၍ ထားကြလေသည်။(ထိုအခါ ငါအရှင်မြတ်သည် ယင်းသူတို့ကို) အသင်တို့သည်ငါအရှင်မြတ်ထံတော်မှ ပေးသနား တော်မူသော (မန္န နှင့် စလ်ဝါတည်းဟူသော) ခဲဘွယ် ဘောဇဉ်တို့ ကို စားသုံးကြ၍ (အယဉ်တွေတွေစီးဆင်းလျက် ရှိသော ကျောက်စက်ရေကိုကျေးဇူး တင်စွာဖြင့်) သောက်သုံး ကြကုန်လော့။ အသင်တို့သည် ပထဝီမြေပြင်ဝယ် ဆူပူသောင်းကျန်းသူများအဖြစ်နှင့် မကျူးလွန်ကြကုန်လင့်၊ (ဟု မိန့်တော်မူ လေသည်)။

[61] (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရရှိကြကုန်လော့၊) တရံရော အခါ အသင်တို့သည် [နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)အား] အိုနဗီတမန်တော် မူစာ (အလိုင် ဟစ္စလာမ်) ကျွန်တော်များသည်(နေ့စဉ်နှင့်အမျှ မန္န နှင့် စလ်ဝါကိုသာ မှီဝဲစားသုံး နေရခြင်းဖြင့် ငြီးငွေ့ကြပြီဖြစ်ပေရာ) အစားတမျိုးတည်းနှင့် ရောင့်ရဲတင်းတိမ်၍ အလျင်းမနေနိုင် ကြတော့ပြီ၊ သို့ဖြစ်လေရာ ကျွန်တော်များအဖို့ မြေမှပေါက်ရောက်သော (အစားအစာများဖြစ်သော) ဟင်းသီးဟင်းရွက်များ၊ သခွါးသီးများ၊ ဂျုံများ၊ ပဲရာဇာများနှင့် ကြက်သွန်နီများကို ပေါက်ရောက် စေတော်မူပါရန် အသင့်အား မွေးမြူတော်မူသော အရှင့်ထံတော်ဝယ် ဆုတောင်းပန်ထွာ၍ ပေးတော်မူပါဟု ပြောဆိုခဲ့ကြလေသည်။[ထိုအခါ နဗီတမန်တော်(မူစာအလိုင်ဟစ္စလာမ်) က ဟယ်အချင်းတို့] အသင်တို့သည် (ယခုစားသုံး နေကြရသော) အလွန်ကောင်း မြတ်သော(ဘောဇဉ်ခဲဘွယ်) များကို အလွန်တရာမျှ ညံ့ဖျင်းသော အာဟာရမျိုးဖြင့် လဲလှယ်စားသုံးလိုကြ ပါသလော။ (သို့ဖြစ်လျှင်) အသင်တို့ လိုလားတောင့်တကြကုန်သော အစာအာဟာရများကို ရရှိနိုင်ရန် အလို့ငှာ မြို့တစ်မြို့သို့ ဝင်ရောက်နေထိုင်ကြကုန်လော့ဟု မိန့်တော်မူလေသည်။ ထိုကဲ့သို့သော သွေဖည်မှုများကြောင့် ယင်း(အစ္စရာအီလီလူမျိုး) တို့ပေါ်ဝယ် ဂုဏ်ရည်သေးသိမ်ခြင်း နှင့်ဒုက္ခဆင်းရဲခြင်းတို့သည် အတည်ဖြစ်ခဲ့ချေပြီ။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို ခံစားကြရချေပြီ။ ယင်း(ကဲ့သို့ အပြစ်ဒဏ်အမျိုးမျိုး ခံစား ရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် ပို့ချပေးသနား တော်မူသော တရားဒေသနာတော် များကို မယုံမကြည် သွေဖည်ငြင်းဆန်လေ့ ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား မတရားသဖြင့် (နှိပ်စက်ညှဉ်းပန်း) သတ်ဖြတ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ ဖြစ်ပေသည်။ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများသည် ထိုသူတို့၏ ဖီဆန်ပုန်ကန်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက်လေ့ရှိခြင်းများကြောင့် ပင်တည်း။

[62] ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသော ‘မုအ်မင်’များသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ခရစ်ယာန်များသည်လည်းကောင်း၊ ဆွာဗိအီများသည် လည်းကောင်း၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊(သေပြီးနောက်ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံ ကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ခဲ့ပါလျှင် ထိုသူတို့အဖို့အရာ မိမိတို့အား မွေးမြူတော် မူသော အလ္လာဟ်အရှင်မြတ် အထံတော်၌ ကုသိုလ်အကျိုးသည် အသင့်ရှိ၏။ ထို့နောက် ယင်းသူတို့အဖို့ မည်သည့် တစ်စုံတစ်ရာမျှ စိုးရိမ် ကြောင့်ကြခြင်းလည်း မရှိပေ၊ဝမ်းနည်း ပူဆွေး ကြရမည်လည်း မဟုတ်ချေ။

[63] (အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့အထက်ဝယ် ‘တူရ်’ အမည် ရှိသောတောင်ကို ပင့်မြှောက်လျက် (တောင်ရာတ် ကျမ်းမြတ်နှင့်အညီ လိုက်နာကျင့် မူကြရမည့်အကြောင်း) အသင်တို့ထံမှ (ဤသို့) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ အသင်တို့အား ငါအရှင်ပေးသနား တော်မူသော တောင်ရာတ်ကျမ်းမြတ်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားကြကုန်။ ထို့နောက် ယင်းကျမ်းလာ တရားဒေသနာတော်များကိုလည်း (သတိဝီရိယနှင့်) လေ့ကျက်မှတ်သား(ကျင့်မူ) ကြကုန်လော့၊ သို့မှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများမှ) ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

[64] ထို့နောက် အသင်တို့သည် (ထိုကဲ့သို့ တိကျခိုင်လုံစွာ) ပဋိညာဉ် ကတိသစ္စာကို ထုံးဖွဲ့ ပြီးသည့်နောက်(ကတိမတည်) နောက်သို့ ပြန်လှည့် ထွက်သွားခဲ့ကြကုန်၏။ထို့နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် မဟာကရုဏာတော်သည် အသင်တို့အပေါ်ဝယ် သက်ရောက်ခြင်း မရှိခဲ့ပါမူ အသင်တို့သည် မုချဧကန် ဆုံးရှုံးနစ်နာပျက်စီးသူများ ဖြစ်ကြပေပြီ။

[65] င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မျောက်တိရစ္ဆာန်များ ဖြစ်ကြကုန်လော့ဟု မိန့်ကြားတော်မူခဲ့ဘူးသည်ကို အသင်တို့သည် မုချအသိပင် ဖြစ်ကြသည်။

[66] တဖန် ငါအရှင်မြတ်သည် ယင်းသူတို့၏ မျက်မှောက်၌ ရှိကြကုန်သော သူများနှင့် ယင်းသူ တို့၏ နောင်လာနောက်သားများ အဖို့အရာ ထိုအတ္ထုပ္ပတ္တိကို သတိသံဝေဂရဘွယ်ရာ အကြောင်း တရပ်အဖြစ်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ကို ကြောက်ရွံ့ ရိုသေခြင်းအားဖြင့်) ပြစ်မှု ဒုစရိုက်များကို ကြဉ်ရှောင်ကြကုန်သော သူတော်စဉ်များ အဖို့အရာ ဆုံးမဩဝါဒတရပ်အဖြစ် လည်းကောင်း ပြုထားတော် မူခဲ့လေသည်။

[67] ၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်း တို့၊အသင်တို့သည် ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) အခါတစ်ပါး၌ နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) ကမိမိအမျိုးသားများအား (ဤသို့) ပြောကြားလေသည်။ (ဟယ်အချင်းတို့) အသင်တို့အား အလ္လာဟ်အရှင်မြတ်က (မိမိနာမံတော်ဖြင့်) နွားမတစ်ကောင်ကို လှီးဖြတ်ကြရန် မိန့်ကြားတော်မူလေသည်၊ ထိုအခါ ယင်းအမျိုးသားတို့က (အိုနဗီတမန်တော်မူစာ) အသင်သည် အကျွန်ုပ်တို့ကို ပြက်ရယ်ကျီစယ်ဘွယ် ပြုလုပ်ပါ သလောဟု မေးမြန်းကြကုန်သည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က(ဟယ်အချင်းတို့၊ ပြက်ရယ်ကျီစယ်မှုသည် လူ့ဗာလများ၏အလေ့အထ မျှသာ ဖြစ်သည်၊ ကျွန်ုပ်သည်ကား လူ့ဗာလ မဟုတ်၊ သို့ဖြစ်ရာ) အကျွန်ုပ်သည် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ကြကုန်သော လူ့ဗာလတို့အနက် အပါအဝင်မဖြစ်ရန် အလ္လာဟ်အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏ဟု ပြန်လည် ဖြေကြား လေသည်။

[68] (ထိုအခါ) ယင်းအမျိုးသားတို့က အို-နဗီ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်) အသင်သည် မိမိအား မွေးမြူတော် မူသောအရှင်မြတ်၏အထံတော်၌ ကျွန်တော်များ သိနားလည်နိုင်ရန်အဖို့ ထိုနွားမဖြစ်သည် အဘယ်ကဲ့သို့ သောနွားမဖြစ်သည်ကို ရှင်းလင်း ဖော်ပြပါမည့်အကြောင်း လျှောက်ထားပန်ကြား၍ ပေးတော်မူပါ ဟု တောင်းပန်လျှောက်ထား ကြကုန်၏။ ထိုအခါ မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) ထိုအရှင်မြတ်က ဧကန်စင်စစ် ထိုနွားမသည် အသက်ကြီး၍ အိုမင်းရင့်ရော်ခြင်းသည်လည်း မရှိစေရ၊ အလွန်နုပျိုသော နွားမတမ်းလည်းမဖြစ်စေရ၊ ယင်း နှစ်မျိုး၏အကြား၌ (အသက်အရွယ်အားဖြင့် မကြီး မငယ်) အလတ်စားပင် ဖြစ်စေရမည်ဟုမိန့်ကြားတော် မူသည်။ သို့ဖြစ်ရာ သင်တို့သည် အမိန့်တော်အတိုင်း လိုက်နာကျင့်မူ ကြကုန်လော့ဟူ၍ ဖြေကြားခဲ့လေသည်။

[69] (တဖန်) ယင်းအမျိုးသားများက (အို-နဗီ တမန်တော်မူစာ) ကျွန်တော်မျိုးများ သိနားလည်ရန်အဖို့ အသင့်အားမွေးမြူတော်မူသော အရှင်၏အထံ တော်၌ ထိုနွားမ၏ အသွေးအရောင် အဘယ်ကဲ့သို့ဖြစ်သည်ကို ကျွန်တော်မျိုးတို့အား ရှင်းလင်းဖော်ပြ ပေးသနားတော်မူရန် ဆုတောင်းပတ္ထနာ ပြုပေးပါဦး ဟု တောင်းပန် လျှောက်ထားကြသည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က ပြန်လည်ဖြေ ကြားတော်မူသည်မှာ (အို-အချင်းတို့) ဧကန်စင်စစ် ယင်းနွားမသည် အဝါရင့်ရောင် တောက်ပြောင် လျက်ရှိပြီးကြည့်ရှုသူများအား စက္ခုပသာဒဖြစ်စေ၍ (စိတ်ကို) ကြည်လင်ရွှင်လန်းစေနိုင်သော နွားမပင်ဖြစ်စေရမည် ဟု အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။

[70] ယင်းသူတို့က (ထပ်မံ၍) ပြောဆိုကြသည်မှာ(အို-နဗီတမန်တော်မူစာ) ကျွန်တော်မျိုးတို့၏ မျက်မြင်တွင်မူ နွားများသည် ရုပ်ဆင်းသဏ္ဌာန်အရာ၌ (တစ်ကောင်နှင့်တစ်ကောင်) ဆင်တူရိုးမှား ဖြစ်နေကြသဖြင့် ကျွန်တော်များ အဖို့ထိုနွားမသည် အဘယ်ကဲ့သို့သော (ကြန်အင်လက္ခဏာ) ရှိသည်ကို ရှင်းလင်း ဖော်ပြပေးသနားတော်မူပါရန် အသင့်ကို မွေးမြူတော်မူသော အရှင့်အထံတော်၌ ဆုတောင်း ပတ္တနာပြုပေးတော်မူပါဦး၊ အကယ်၍သာ အလ္လာဟ် အရှင်မြတ်၏အလိုတော်ရှိခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည်(ထိုနွားမကိုရှာဖွေရာ၌) နည်းမှန်လမ်းမှန်ကို ဧကန်မလွဲ တွေ့ရှိ သောသူများ ဖြစ်ကြပါအံ့။

[71] ထိုအခါ နဗီတမန်တော်မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) အလ္လာဟ် အရှင်မြတ်က (ဤကဲ့သို့) မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ် ယင်းနွားမသည်လယ်မြေ၌ ပင်ပန်းစွာ စေစားခြင်း၊ ထွန်ယက်ဘူးခြင်းသော်လည်းကောင်း၊(ထွန်ယက် ပြီးသော) လယ်ယာမြေများထဲသို့ ရေသွင်းပေးဘူးခြင်း သော်လည်းကောင်း မရှိစေရ၊ ထို့ပြင်မှဲ့စွန်းခြင်း၊ ကွက်ကျားခြင်း (အစရှိသော ချို့တဲ့ခြင်းအပေါင်းတို့) မှလည်း ကင်းစင်သော နွားမ ဖြစ်ရမည်ဟုဖြေကြားလေသည်။ (ယင်းကဲ့သို့ အဖြေများကို ရရှိသော အခါ) ထိုသူတို့က (အို-နဗီတမန်တော် မူစာ) ယခုမှသာလျှင် အသင်သည်ဤကိစ္စကို (အကျွန်ုပ်တို့အား) မှန်ကန်စွာ ရှင်းလင်းဖော်ပြညွှန်ကြား ပြသလေပြီ (ဟု ဝန်ခံကြပြီးနောက် ထိုကဲ့သို့သောနွားမတစ်ကောင်ကို လိုက်လံရှာဖွေ၍ အရှင်မြတ်၏ နာမံတော်ဖြင့်) သတ်ဖြတ်ကြကုန်၏။ သို့သော် စင်စစ် ထိုသူတို့သည်(ထိုအမိန့်တော်ကို) လိုက်နာပြုလုပ်ချင်ဟန် မရှိခဲ့ကြချေ။

[72] ၎င်းပြင် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ အသင်တို့သည် လူတဦးကို သတ်ဖြတ်ကြပြီးနောက် ယင်းလူသတ်မှုနှင့် စပ်လျဉ်း၍ အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြကုန်သည်။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် သင်တို့ (အနက်မှ ကာယကံရှင်များက) ထိမ်ချန် လျှို့ဝှက်ထားသော ကိစ္စကို ဖွင့်ထုတ်ဖော်ပြ ရှင်းလင်းတော်မူမည့်အရှင် ဖြစ်တော်မူသည်။

[73] ထို့နောက် ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်၊ အသင်တို့သည်ယင်း (အသတ်ခံရသောသူ၏ ရုပ်ကလာပ်) ကိုထို (နွားမ) ၏ အချို့အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြကုန်လော့။ အလ္လာဟ် အရှင်မြတ်သည် (ကိယာမတ် ရှင်ပြန်ထရမည့်နေ့၌လည်း) ထိုကဲ့သို့ပင် သေသူများအား ရှင်စေတော်မူလတ္တံ။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အလို့ငှါ မိမိ၏သက်သေခံလက္ခဏာ ရပ်များ ကို ပြသတော် မူလေသတည်း။

[74] တဖန် အသင်တို့၏ စိတ်နှလုံးများသည် ထို(ကဲ့သို့ အလ္လာဟ် အရှင်မြတ်၏ တန်ခိုးပြဋိဟာ အမျိုးမျိုးတို့ကိုပင် တွေ့မြင်ခဲ့ပြီး) နောက်လည်း ခက်ထန်မာကျော လာခဲ့လေသည်၊ သို့ဖြစ်ပေရာ ယင်းစိတ်နှလုံးများသည် ကျောက်ဆောင်များကဲ့သို့ ဖြစ်ခဲ့ရုံမျှမက ယင်းကျောက်ဆောင်များထက်ပင် ပိုမိုပြင်းထန် မာကျောလေသည်။ အကြောင်းသော်ကား ကျောက်ဆောင်များအနက် စမ်းရေချောင်းများ စီးထွက်လာသော ကျောက်ဆောင်များလည်း မချွတ်မလွဲ ရှိကြသေး၏။ ထိုမျှ မကသေးချေ၊ ယင်းကျောက်ဆောင်များအနက် အက်ကွဲ၍ရေ(တံခွန်များ စီးသွန်း) ပန်းထွက် လာသော ကျောက်ဆောင်များလည်း ဧကန်စင်စစ် ရှိကြသေး၏။ ထိုမှတပါးတုံ ယင်းကျောက် ဆောင်များအနက် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေလေးစား ခြင်းအားဖြင့် လျှောလိမ့်နိမ့်ဆင်းလာသော ကျောက်ဆောင်များလည်း အမှန်ပင် ရှိကြကုန်သည်။ တဖန်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝတို့ကို (အလျင်း) မေ့လျော့ လျစ်လျူရှု၍ နေတော်မူသော အရှင်မဟုတ်ပေ။

[75] (အို- ‘မုအ်မင်န်’ ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (အစ္စရာအီလီ လူမျိုးတို့၏ စိတ်နှလုံး မာကျောခြင်းကို သိရှိပြီးဖြစ်ကြပါလျက်) ထို သူတို့သည် အသင်တို့ (၏ဆုံးမဩဝါဒ ဟောပြောချက်များ) ကို ယုံကြည်၍ သဒ္ဓါတရား ထားရှိကြကုန်အံ့ ဟု မြှော်ခေါ်တောင်းတ ကြပါသလော။ (စင်စစ် ယင်းကဲ့သို့ မြှော်လင့်ခြင်းသည် အချည်းနှီး ပင်) အကြောင်းမူကား ယင်းသူတို့တွင် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များကို ကြားနာကြရသောသူများ အမှန်ပင်ရှိကြလေသည်၊ (သိကြား နာ၍ ထိုမုက္ခပါဌ်တော်များကိုသိကျွမ်း နားလည် ပြီးနောက် မိမိတို့ အလိုရှိသည့်အတိုင်း) ပြုပြင် ပြောင်းလွှဲကြကုန်သည်။ စင်စစ် (ထိုကဲ့သို့ ပြောင်းလွှဲခြင်းသည် မပြုသင့် မပြုအပ်ကြောင်း ကိုလည်း) မိမိတို့ကိုယ်တိုင် သိရှိကြလေသတည်း။

[76] ၎င်းပြင် ထိုသူများသည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော မုအ်မင်န်များနှင့် တွေ့ဆုံကြသော အခါ(ဥပါယ်တမျည်ဖြင့် ယုံကြည်ဟန်ဆောင်၍) ကျွန်ုပ်တို့သည် လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါသည်ဟု ပြောဆိုကြကုန်၏။ သို့သော် ယင်းသူတို့အနက်မှ အချို့သည် အခြားသော (ယဟူဒီများနှင့် ဆိတ်ကွယ်ရာ၌) တွေ့ဆုံကြသောအခါ အချင်းတို့ - အသင်တို့သည် အလ္လာဟ် အရှင်မြတ်က (တောင်ရာတ်ကျမ်း၌) သင်တို့ကိုဖွင့်လှစ်ထုတ်ဖော် ပြသတော် မူထားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိုမုအ်မင်န် များကို သတင်းများ ပေးပို့ကြပါသလော။ ယင်းသူတို့သည် နောင်ခါကာလ၌ အသင်တို့အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ် အထံတော်တွင် ထိုအကြောင်းအရာများကိုပင် အခြေပြုကာ သင်တို့နှင့်ဖက်ပြိုင် ငြင်းခုံကြကုန်အံ့။ သင်တို့သည် ဤမျှလောက်(ထင်ရှားလှစွာသော အကျိုးအကြောင်းများကိုပင်) အသိဉာဏ်မရှိ မသိနားမလည်နိုင် ကြပါသလောဟု (တစ်ဦးကိုတစ်ဦးပြစ်တင်စကား) ပြောကြားကြကုန်သတည်း။

[77] ထိုသူတို့သည် (မိမိတို့ စိတ်တွင်းဝယ်) တိတ်တဆိတ် လျှို့ဝှက်ထားကြသော အကြောင်းအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ အထင်အရှား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာခပ်သိမ်းတို့ကို လည်းကောင်း၊ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် (မိမိ၏ ဉာဏ်တော်ဖြင့် အကြွင်းမဲ့) သိရှိတော်မူသည်ကို မသိကြလေသလော။

[78] ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။

[79] သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။

[80] ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။

[81] (၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။

[82] သို့သော် အကြင်သူများသည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြ၏၊ ထိုသူတို့သည် ဂျန္နတ်အမတ သုခဘုံသားများ ဖြစ်ကြကုန်၏။ ထိုသူများသည် ယင်း ဂျန္နတ် အမတသုခဘုံ၌ အမြဲ ခံစားကြရမည့်သူများ ဖြစ်ကြ၏။

[83] ထို့ပြင်တဝ အခါတပါး၌ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်များထံမှ အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်ရိုကျိုး ရှိခိုးပူဇော် ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရမည့်အကြောင်း၊ထို့ပြင် မာတာပိတု မိဘနှစ်ပါးကိုလည်းကောင်း၊ သွေးချင်းနီးစပ်သော ဆွေမျိုးရင်းချာ တို့ကိုလည်းကောင်း၊ ဖသက် ဆိုးများလည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့ကို လည်းကောင်း၊ ကောင်းမှုပြုကြရမည့် အကြောင်း၊ ထိုမျှမက လူ အပေါင်းတို့နှင့် (ပြောဆိုဆက်ဆံရာ၌ သာယာချိုအေး ယဉ်ကျေးလှစွာသော စကားများကိုသာ) ကောင်းမွန်စွာ ပြောဆိုကြရမည့်အကြောင်း၊ ဆွာလာတ်ဝတ်ပြုကြရမည့် အကြောင်းနှင့် ဇကာတ် တရားဝင်ဒါနကြေးကို ပေးဆောင် ကြရမည့်အကြောင်း ကတိဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ထို(ကဲ့သို့ ခိုင်မာသော ပဋိညာဉ်ဝန်ခံချက်များကို ပြုပြီးသည့်) နောက် အသင်တို့အနက်မှ အနည်းငယ်မှအပ ကျန်အားလုံးတို့ သည် (ယင်းပဋိညာဉ် ဝန်ခံချက်ကို ဖေါက်ဖျက်၍) နောက်ဆုတ် လွှဲဖယ် ရှောင်သွား ကြလေသည်။ စင်စစ်တမူကား အသင်တို့ သည် (ဖြောင့်မတ်မှန်ကန်သောလမ်းမှ) သွေဖည်လေ့ရှိသော သူများသာ ဖြစ်ကြကုန်လေသတည်း။

[84] ၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) တစ်ပါးသောအခါ၌ ငါအရှင် သည် အသင်တို့ထံမှ အသင်တို့သည် မိမိတို့ အချင်းချင်း (သတ်ဖြတ်ကြ၍) သွေးထွက်သံယို မပြုကြရန်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး မိမိတို့နေထိုင်ရာ အိုးအိမ်မြို့ရွာဒေသများမှလည်း နှင်ထုတ်ခြင်း မပြုကြရန်လည်းကောင်း၊ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ဘူးလေသည်။ ထို့နောက် အသင်တို့သည် ထိုပဋိညာဉ် ဝန်ခံချက် ကတိသစ္စာကို အတည် ပြုကြရုံမျှမက မိမိတို့ကိုယ်တိုင်ပင်လျှင် (ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသိသက်သေများ ဖြစ်ကြလေသည်။

[85] ထို(ကဲ့သို့ ထင်ရှားစွာ ပဋိညာဉ်ဝန်ခံချက် ပြုကြပြီး)နောက် အသင်တို့ပင်လျှင် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြ၍ မိမိတို့အနက်မှ လူတစ်စုကို ထိုသူတို့၏ အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ကြ၏။ ၎င်းပြင် အသင်တို့သည် ထိုသူတို့ကို ဆန့်ကျင်၍ အကုသိုလ် ဒုစရိုက်မှုများကို ပြုလုပ်ခြင်း အားဖြင့်လည်းကောင်း၊ မတရားသဖြင့် အကျိုးကျေးဇူးပျက်စီး နစ်နာစေခြင်းအားဖြင့် လည်းကောင်း အသင်တို့သည်(ထိုသူတို့၏ရန်သူများအား) ယိုင်းပင်းကူညီကြလေသည်။(ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည်ကတိဝန်ခံချက်နှစ်ရပ် လုံးကိုဖေါက်ဖျက်ကြ၏)။ သို့သော် တဖန် ယင်းလူစုသည် အသင်တို့ ထံသို့ သုံ့ပန်းအဖြစ်ဖြင့် (ပြန်လည်) ရောက်ရှိကြသောအခါ အသင်တို့ သည် ယင်းသူတို့အား (လျော်ကြေးပေး၍) ရွေးယူကြပြန်သည်၊ စင်စစ်ဆိုသော် ထိုသူတို့အားထိုကဲ့သို့ (အိုးအိမ်မြို့ရွာ များမှ) နှင်ထုတ်ခြင်းသည် သင်တို့အဖို့ မြစ်တားထားသော ပညတ်ချက် (တစ်ရပ်)ပင် ဖြစ်ပေသည်။ အသင်တို့သည် (တောင်ရာတ်) ကျမ်းတော်မြတ်၏တစိတ်တဒေသကိုသာ ယုံကြည်လက်ခံကြ၍ ချို့အမိန့်တော်များကို ငြင်းပယ်ကြလေသလော။ ထိုသို့ ဖြစ်ခဲ့ပါလျှင် အသင်တို့အနက်မှ ယင်းကဲ့သို့သော အပြုအမူကို ပြုကျင့်ကြကုန်သောသူများ၏ထိုက်သင့်သောအကျိုးကား ဤလောက၌ အသက်ထင်ရှားရှိ နေစဉ် အရှက်ကွဲခြင်း၊ ဂုဏ်အသရေယုတ်ညံ့ခြင်းမှအပ (အခြား) အဘယ်အရာဖြစ်နိုင်ဦး မည်နည်း။ ဤမျှမကသေး တဖန်နောင်တရားစီရင် ဆုံးဖြတ်မည့်နေ့တွင် ပိုမို၍ ပြင်းထန်လှစွာသော အပြစ်ဒဏ်ကို ခံစားကြရဦးမည်၊ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စ (အရပ်ရပ်တို့)ကို မေ့လျော့ လျစ်လျူရှုတော်မှုမည့်အရှင် မဟုတ်ပေ။

[86] ဤသူများသည် ဤပစ္စုပ္ပန်ဘဝ(၏ စည်းစိမ်ချမ်းသာ) ကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြသူများပင် ဖြစ်ကြသည်။ သို့လဲလှယ် ဝယ်ယူကြသည့်အတွက် ယင်းသူတို့ သည် အပြစ်ဒဏ်ခံစားရာ၌ သက်သာစေခြင်း ခံကြရမည်မဟုတ်၊ (မည်သူတစ်စုံတစ်ယောက်၏) ကယ်တင် စောင်မခြင်းကိုမျှလည်း ခံကြရမည်မဟုတ်။

[87] ထို့ပြင် (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့ တရားရစိမ့်သောငှါ) ငါအရှင်သည် (နဗီတမန်တော်) မူစာအား (တောင်ရာတ်) ကျမ်းတော်ကို မုချ ထုတ်ပြန်ပို့ချ ပေးသနား တော်မူခဲ့လေသည်။ တဖန် ထို (နဗီတမန်တော်) မူစာ၏ နောက်၌ (မြောက်မြားစွာသော) နဗီ တမန်တော်များကို တစ်ပါးပြီးတစ်ပါး အဆက်မပြတ် စေလွှတ် တော်မူခဲ့လေသည်။ ထို့နောက် မရ်ယမ် (သခင်မ)၏သားတော် နဗီတမန်တော် အီစာအား ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုးပြာဋိဟာများကို ပေးသနားတော်မူခဲ့၏။ ၎င်းအပြင် ငါအရှင်သည် ထို’အီစာ’ အား ‘ရူဟုးလ်ကုဒုစ်’ (ဝါ) အပါးတော်စေတမန် ဂျိဗ်ရီလ်ကို စေလွှတ်ခြင်းဖြင့် ကူညီ အားပေးတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်နှင့်ပင် မည်သည့် အခါမျိုးမဆို နဗီတမန်တော် တစ်ပါးပါးသည် အသင်တို့ မနှစ်သက်သော အမိန့်တော်များကို အသင်တို့ထံသို့ ယူ ဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မောက်မာပလွှားကြပြီး (ယင်းအမိန့်တော်များကို မလိုက်နာမကျင့်မူ လိုသောကြောင့် ထိုနဗီတမန်တော် များအနက်မှ) တစုကို မဟုတ်မလျား မုသားပြောဆိုကြသူများဟုစွပ်စွဲ၍ တစုကိုမူ (ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြကုန်သည်(မဟုတ်ပါလော)။

[88] တစ်ဖန် ယင်း(ယဟူဒီများက) ပြောဆိုကြပြန်သည်မှာ အကျွန်ုပ်တို့၏ စိတ်နှလုံးများသည် လုံးဝ ဖုံးအုပ်လျက်ရှိနေပေသည်။ (သို့ဖြစ်လေရာ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့၏ စိတ်နှလုံး တွင်းသို့ မစူးရှ မဝင်နိုင်ချေ)။ စင်စစ်သော်ကား ထိုသို့အလျင်းမဟုတ်၊ အမှန်မှာ ယင်းသူတို့၏ ငြင်းပယ်ဖီဆန်မှုကြောင့် အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မိမိကရုဏာတော်မှ ကင်းဝေးစေတော် မူသည်။ သို့ဖြစ်၍ ယင်းသူတို့၏ (စိတ်တွင်း၌) ယုံကြည်ခြင်းသဒ္ဓါတရားသည် အနည်းငယ် စိုးစဉ်မျှသာ ရှိလေသည်။

[89] အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်) ကျမ်းမြတ်သည ၎င်းတို့ထံ ရှိနှင့်ပြီး ဖြစ်သော (တောင်ရာတ်) ကျမ်းကိုပင်ထောက်ခံလျက် ရှိပေသည်။ စင်စစ်ဆိုသော် ယင်းသူတို့(ကိုယ်တိုင်) သည်လည်း (ထိုကျမ်းဂန်နှင့် ကျမ်းဂန်ကိုယူဆောင် လာမည့် နဗီတမန်တော်၏ အကြောင်းများကို ထိုကျမ်းဂန် မကျရောက်သေးမီကပင် အရဗ်လူမျိုး) ကာဖိရ်တို့အား ထုတ်ဖော် ပြောဆိုလေ့ ရှိခဲ့လေသည်။ ပြီးနောက်တဖန် ထိုသူတို့သည် မိမိတို့ထံ မိမိတို့ သိနှင့်ပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ် သည် ရောက်ရှိလာသောအခါ ယင်း(ကုရ်အာန်) ကျမ်းမြတ်ကိုပင် ငြင်းပယ်ကြကုန်သည်။ သို့ဖြစ်လေရာ (ယင်းကဲ့သို့) သွေဖည်ငြင်းပယ်သော သူတို့အဘို့မှာကား အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသာ ရှိပေတော့သည်။

[90] ထိုသူများသည် မိမိတို့အသက်များဖြင့် လဲလှယ်ဝယ်ယူကြသော အကြင်အရာသည် အလွန်တရာမျှ ဆိုးရွားလှ၏။ ထိုအရာကား အလ္လာဟ် အရှင်မြတ် ထုတ်ပြန် ချမှတ်တော်မူသော တရားဒေသနာတော်ကို ထိုသူများ၏ ငြင်းပယ်ခြင်းပင်ဖြစ်၏။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်း အကြောင်းမှာလည်း ထိုသူများသည်) အလ္လာဟ် အရှင်မြတ်က မိမိ၏ ကျွန်များအနက် မိမိ နှစ်လိုတော်မူသော သူအား မိမိ၏ ကျေးဇူးပြုတော်မူသည်ကို မနာလို ဝန်တိုမစ္ဆရိယစိတ်ထား ကြခြင်းကြောင့်ပင်တည်း။ သို့အတွက်ကြောင့်ပင် ထိုသူများ သည် အမျက်တော်စူးရှခြင်း ခံရသည့်အပေါ်၌ ထပ်၍ပင် အမျက်တော် စူးရှခြင်းကို ခံကြရလေပြီ။ ဤမျှမကသေး၊ သွေဖည်ငြင်းပယ်သော သူများအတွက် ဂုဏ်အသရေ ယုတ်ညံ့သိမ်ဖျင်းစေသော အပြစ်ဒဏ်သည်လည်း အသင့်ရှိပေသတည်း။

[91] အလ္လာဟ် အရှင်မြတ် အထံတော်မှ (နဗီတမန်တော် အသီးသီးတို့ထံ) ထုတ်ပြန် ပို့ချတော်မူသော ဓမ္မဒေသနာ ကျမ်းဂန်များကို ယုံကြည်၍ လိုက်နာ ကျင့်မူကြပါကုန်ဟု ထိုယဟူဒီ ဘာသာဝင်တို့အား ပြောဆိုကြသည့်အခါ ထို(ယဟူဒီဘာသာဝင်)များက အကျွန်ုပ်တို့သည် မိမိတို့အပေါ်ဝယ် ထုတ်ပြန် ပို့ချပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကိုသာ ယုံကြည်(လိုက်နာ ကျင့်မူ) ကြပါ၏ ဟု တုံ့ပြန်ဖြေကြားကြလေသည်။ စင်စစ်တမူကား (ထိုသူတို့ ငြင်းပယ်သော) ထိုကျမ်း မြတ်သည်မှန်ကန်သော ကျမ်းမြတ် ဖြစ်သည့်ပြင် ယင်းသူတို့ထံဝယ်ထုတ်ပြန်ပို့ချပြီး ဖြစ်သော (တောင်ရာတ်ကျမ်း) ကိုလည်းထောက်ခံအတည် ပြုလျက်ရှိ၏။ မည်သို့ပင်ဖြစ်စေ၊ အိုနဗီတမန်တော်) အသင်သည် ယင်းသူတို့ကို ဟယ်-အချင်းတို့၊အကယ်၍သာ အသင်တို့သည် (တောင်ရာတ်ကျမ်း တော်ကို) ယုံကြည်လိုက်နာ ကျင့်မူကြသူများသာ ဖြစ်ခဲ့ကြပါလျှင် ရှေးအထက်ကျော်ကာလက (အသင်တို့အား ထိုတောင်ရာတ်ကျမ်းမြတ်နှင့် လျော်ညီစွာ လိုက်နာကျင့်မူကြရန် သွန်သင်ဆုံးမဩဝါဒ ပေးကြကုန်သော) အလ္လာဟ် အရှင်မြတ်၏ နဗီတမန်တော်များကို အဘယ့်ကြောင့် သတ်ဖြတ် ကြပါသနည်းဟု စုံစမ်းမေးမြန်းပါလေ။

[92] ထိုတွင်မျှမကသေးချေ၊ အသင်တို့ထံသို့ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) သည် ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုး ပြာဋိဟာများနှင့်တကွ ကြွလာချေပြီ။ ထို့နောက်သော်မှပင် အသင်တို့သည် ထို(နဗီတမန်တော်) မူစာ (အလိုင်ဟစ္စလာမ်တူရ်တောင်ပေါ်သို့ခေတ္တခဏ<ကမြန်းနေခိုက်၊ ယင်းနဗီတမန်တော်၏) နောက် ကွယ်ရာ၌၊ နွားငယ်ကို (မိမိတို့ကိုးကွယ်ရာအရှင် ဟု မှတ်ယူ) ကိုးကွယ်ခဲ့ကြသည်။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့ကိုယ်ကိုမိမိတို့ပင်အမြဲ)ညှဉ်းပန်းနှိပ်စက်ကလူ ပြုလေ့ရှိကြသူများသာတည်း။

[93] ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။

[94] (အို-နဗီတမန်တော်) အသင်သည် (ထို ယဟူဒီဘာသာဝင်တို့အား ဤသို့ချေပပြောဆိုပါလေ၊ ဟယ်-အချင်းတို့) အကယ်၍ အလ္လာဟ် အရှင်မြတ် အထံတော်၌ရှိသော နောင်တမလွန်ဘဝ(၏ အမတ သုခချမ်းသာများ)သည် အခြားလူခပ်သိမ်းတို့နှင့် အလျင်းမသက်ဆိုင်ဘဲ အသင်တို့အဖို့သာလျှင် ဖြစ်သည်ဟု (ယုံကြည်ပါမူ) အသင်တို့သည် (ဆောလျင်စွာ) မရဏသေခြင်းကို လိုလားတောင်းတကြလေကုန်။ (ဟယ်-အချင်းတို့) အသင်တို့သည် ဟုတ်မှန်ရာကို ထုတ်ဖော်ပြောဆိုသူများ ဖြစ်ကြပါလျှင် မရဏသေခြင်းကို စင်စစ်တောင်းတကြရမည်၊ (သို့ရာတွင် အသင်တို့၌ ဤကဲ့သို့ တောင်းတသူဟူ၍ မတွေ့ရပါရပါတကား)။

[95] သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[96] စင်စစ်မှာမူ (ထိုယဟူဒီဘာသာဝင်များသည် သေခြင်းတရားကို အလျင်းမနှစ်သက် မလိုလား မတောင်းတကြရုံမျှမက ဤဘဝ၌ပင် ကာလကြာမြင့် စွာ) သက်ထင်ရှား တည်ရှိနေခြင်းကို အခြား လူခပ်သိမ်းတို့ထက် ပိုမို၍ပင် တပ်မက်မောသော သူများ(ဖြစ်သည်ကို) အသင်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်)သည် မုချတွေ့ရှိရပေမည်။ အခြားအခြားသောသူများကို မဆိုထားဘိဦး၊ ယင်းသူတို့သည် တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်နှင့် တွဲဘက်ယှဉ် ပြိုင်၍ အခြားအရာများကိုပါ ကိုးကွယ်ကြကုန်သော သူများထက်လည်း(ဤဘဝ၌အသက်ရှည်ခြင်းကို ပိုမိုနှစ်သက် လောဘရမ္မက် ရှိကြကုန်သည်ကို အသင်တွေ့ရှိပေမည်)၊ ယင်း(ယဟူဒီဘာသာဝင်)တို့တွင် လူတိုင်းလူတိုင်းပင် နှစ်ပေါင်းတစ်ထောင်မျှသော အသက်ရှည်ခြင်းကို ကြိုက်နှစ်သက်ကြလေသည်။ သို့သော် (ဤမျှလောက် သက်တမ်းရှည်စွာ နေထိုင်ခဲ့ရသည့်တိုင်အောင်) ထိုကဲ့သို့ အသက် ရှည်ခြင်းသည် ယင်းသူတို့ကို ငရဲအပြစ်ဒဏ်များမှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူများ ကျင့်မူကြကုန်သော အပြုအမူများကို အကြွင်းမဲ့ခွဲခြားသိမြင် တော်မူသောအရှင်တည်း။

[97] (အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။

[98] မည်သူမဆို အလ္လာဟ် အရှင်မြတ်ကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ အပါးတော် စေတမန်များကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ ကိုသော်လည်းကောင်း၊ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ အပါးတော် စေတမန်မီကာလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ ရန်မူခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည်လည်း (ထိုကဲ့သို့ရန် မူသော) ကာဖစ်ရ် သွေဖည် ငြင်းပယ်သောသူတို့၏ ရန်သူဖြစ်တော်မူ၏။

[99] ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။

[100] ထိုယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ကတိဝန်ခံချက် တစ်စုံတစ်ခု ထားရှိပြီးတိုင်း ထိုသူတို့အနက်မှ လူတစ်စုသည် (အစဉ်အမြဲ) ထိုဝန်ခံချက်ကို ပယ်ဖျက်လေ့ရှိကြသည် မဟုတ်ပါလော၊ အမှန်သော်ကား၊ ယင်းသူတို့ တွင်မြောက်မြားစွာသော သူတို့သည် (မိမိတို့ထံသို့ ထုတ်ပြန်ပို့ချထားသော ကျမ်းဂန်များကိုပင်) မယုံကြည်ကြချေ။

[101] တဖန် (ထိုကဲ့သို့ပင်) ယင်း(ယဟူဒီ ဘာသာဝင်) များထံသို့ အလ္လာဟ် အရှင်မြတ် အထံတော်မှ ထိုသူတို့ထံ၌ ရှိနှင့်ပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကို ထောက်ခံသော နဗီတမန်တော် (မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) ကြွရောက်လာသည့်အခါ ထိုကျမ်းရလူမျိုးတို့အနက် မှပင် လူတစ်စုသည် မသိကြသကဲ့သို့ အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်(တောင်ရာတ်) ကိုပင် မိမိတို့၏ ကျောနောက်သို့ ပစ်ပယ်ထားကြလေသည်။

[102] ထိုမျှမက (အသိအလိမ္မာ ကင်းမဲ့ကြကုန်သောယင်း ယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ် ၏ဓမ္မဒေသနာတော်ကို မလိုက်နာကြဘဲလျက်) နဗီ တမန်တော် စုလိုင်မာန်(အ) စိုးမိုးအုပ်ချုပ် မင်းပြုလုပ် နေသောအခါဝယ် ရှိုင်တွာန်များရွတ်ဘတ်သရဇ္ဈာယ် ကြလေသော စုန်းပယောဂ အတတ်ကိုသာ ဆည်းပူး လိုက်စားကြကုန်၏။ [ဤတွင်မျှမကသေး၊ အချို့ သော လူ့ဗာလတို့သည် နဗီတမန်တော် စုလိုင်မာန်(အ)သည် ကာဖိရ်အယူကို လိုက်စားသည် ဟူ၍ပင်စွပ်စွဲခဲ့ကြသည်)ကိုပင် မိစ္ဆာဒိဋ္ဌိအယူကို လိုက်စားသည်ဟုစွပ်စွဲကြ သည်။] စင်စစ်တမူကား နဗီတမန်တော် စုလိုင်မာန်(အ)သည် မည်သည့်အခါမျှ ကာဖိရ်အယူကို လိုက် စားခဲ့သည်မဟုတ်ချေ၊ သို့ရာတွင် ထိုရှိုင်တွာန်တို့ သာလျှင် ကာဖိရ်အယူကိုလိုက်စားကြခဲ့၏။ ယင်း ရှိုင်တွာန်တို့သည်ပင်လျှင် စုန်းပယောဂအတတ်ကို လူတို့အား သင်ကြားပြသပေးကြလေသည်။ ထို့ပြင်တဝ (ယင်းယဟူဒီဘာသာဝင်တို့သည်) ဗာဗိလုံမြို့ရှိ အပါးတော်စေတမန် နှစ်ပါးဖြစ်သော ဟာရူတ်နှင့် မာရူတ်တို့ အပေါ်ဝယ် ကျရောက်သည့် စုန်းပယောဂ အတတ်ကိုလည်း လိုက်နာဆည်းပူးကြလေသည်။ ထိုအပါးတော်စေတမန် နှစ်ပါးတို့သည်(မိမိ တို့ထံကျရောက်သော စုန်းပယောဂ အတတ်များကို)မည်သူတစ်ဦးကိုမျှ သင်ကြားပေးလေ့မရှိ။ (သင်ကြားပို့ချပေးပါရန် တောင်းဆို လျှောက်ထားလာသူတို့ကို အိုအချင်းတို့) အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ (အသင်တို့အဘို့) အစမ်းအသပ်တစ်ရပ်အဖြစ်နှင့်သာလျှင် ဆင်းသက်ရောက်ရှိ လာကြသည်။ အသင်တို့သည်(ဤစုန်းပယောဂ အတတ်ကို ဆည်းပူးလေ့လာပြီး) ကာဖိရ်အယူကို မလိုက်စားကြကုန်လင့် (ဟု သွန်သင်ဆုံးမ၍ မြစ်တားကြလေသည်)။သို့မြစ်တားငြားသော်လည်း ယင်းသူ တို့သည်ထိုအပါးတော်စေတမန်နှစ်ပါးတို့ထံမှ ဇနီးမောင်နှံနှစ်ဦးကိုပြတ်စဲစေသောအတတ်ကို နည်းခံသင်ယူကြကုန်၏။ စင်စစ်ဆိုသော် ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏အလိုတော်မရှိဘဲလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအတတ်ဖြင့်ဘေးအန္တရာယ်မပြုနိုင်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့အား အကျိုးကျေးဇူးမဖြစ်ထွန်းစေဘဲ အကျိုးယုတ်နစ်နာစေတတ်သော စုန်းပယောဂအတတ် ကိုသာ နည်းခံသင်ယူကြလေသည်။ စင်စစ်အားဖြင့် (ထိုကဲ့သို့)အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်ဒေသနာ တော်ကို ပစ်ပယ်၍ စုန်းပယောဂအတတ်ကို လေ့လာ ဆည်းပူးသူများအဘို့အရာ နောင်တမလွန်ဘဝတွင် ကုသိုလ်အကျိုး ဝေစုဝေပုံ မရရှိနိုင်ကြောင်းကိုလည်းယင်းယဟူဒီဘာသာဝင်တို့သည် အသိပင်ဖြစ်ကြသည်။ ထိုယဟူဒီများသည် မိမိတို့အသက်နှင့်ပင် လဲလှယ်၍ လေ့လာလိုက်စားဆည်းပူးထားသော ထို စုန်းပယောဂ အတတ်များသည် ဆိုးယုတ်သိမ်ဖျင်း လှစွာတကား၊ ထိုသူတို့သည် (မိမိတို့၏ဘဝ ဖြစ်အင်ကို) သိကြပါလျှင် ကောင်းလေစွ။

[103] (ယဟူဒီဘာသာဝင်တို့၏ အဖြစ်သည် ဝမ်းနည်းကြေကွဲစရာပင်၊) အကြောင်းမှာအကယ်၍သာ ထိုသူတို့သည်(အလ္လာဟ် အရှင်မြတ်၏ တရား ဒေသနာတော်များကို စိတ်စေတနာဖြူစင်စွာဖြင့်) ယုံကြည်မြတ်နိုး၍ ပြစ်မှုဒုစရိုက်များမှဝေးစွာကြဉ် ရှောင်ပါမူ ယင်းသူတို့သည် (အလွန်ချစ်ကြင်သနားတော်မူသော) အလ’ဟ်အရှင်မြတ်အထံတော်မှ ထူး ကဲမြင့်မြတ်လှစွာသော ဆုလာဘ်ပဏ္ဏာများကို ဧကန် မုချ ရကြကုန်ရာသည်။ ယင်းသူတို့သည် (ဤမျှပင်) သိရှိနားလည်ကြပါမူတော်လေစွတကား။

[104] အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြကုန်သော (မုအ်မင်အန်) အပေါင်းတို့၊ အသင်တို့သည် [နဗီတမန်တော် မုဟမ္မဒ်(ဆွ)အထံဝယ် မည်သည့် အကြောင်းအရာကိုမဆို လျှောက်ထားသောအခါ၌] ရာအိနာ ဟူသောပုဒ်ကို မသုံးစွဲကြကုန်လင့်၊ ဥုန်ဇုရ်နာ ဟူသောပုဒ်ကိုသာ သုံးစွဲကြကုန်။ ၎င်းပြင် အသင်တို့သည် [နဗီတမန်တော်မုဟမ္မဒ်(ဆွ) ၏ ဒေသနာတော်များကို မြေဝယ်မကျ] နာခံကြကုန်။ အကြောင်းသော်ကား (ထိုတရားဒေသနာတော်များကို) သွေဖည်ငြင်းဆန် မနာခံကြကုန်သော မိစ္ဆာဒိဋ္ဌိတို့အဘို့မှာ ပြင်းပြနာကျင်ဘွယ်ဖြစ်သော အပြစ်ဒဏ် များသည်အသင့်ရှိနှင့်ချေပြီ။

[105] အထက်ကျော်ကာလများက ကျမ်းရခဲ့ပြီးဖြစ်သော လူတို့အနက်မှ သော်လည်းကောင်း၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်ယှဉ်တွဲ၍ အခြားအရာများကိုပါ ကိုးကွယ်ကြသော သူများအနက်မှသော်လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည် သွေဖည်ငြင်းဆန်သော သူတို့သည် အသင်တို့အား ပြုစုပျိုးထောင် မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ အသင်တို့အထံဝယ် မည်သည့်ကောင်းကျိုးချမ်းသာ (ကြီးပွားရာကြီးပွားကြောင်းနှင့် အမိန့်ဗျာဒိတ်တော်များ) ပို့ချပေးသနားတော်မူခြင်းကို(လုံးဝ) မနှစ်သက်ကြချေ။ သို့ရာတွင် (ယင်းသူတို့၏ မနာလိုဝန်တို ဣဿာမစ္ဆရိယစိတ်စေတနာ ထားခြင်းသည် အချည်းနှီးပင်တည်း)။အဘယ်ကြောင့်ဟူမူ အလ္လာဟ် အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများကို (သာလျှင်) မိမိကရုဏာ တော်မြတ် (သက်ရောက်စေတော်မူရန်) သီးသန့် ခြားနားရွေးကောက်တော်မူလေသည်။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် မြင့်မြတ်သော ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်တည်း။

[106] အကယ်၍ ငါအရှင်သည် အကြင် အာယတ်တော်(၏အမိန့်တော်)ကို ရပ်စဲတော်မူအံ့၊ သို့တည်း မဟုတ် ထိုအာယတ်တော်ကိုပင် မေ့ပျောက်စေတော် မူအံ့၊ ငါအရှင်သည် ထိုအာယတ်တော်ထက် ပိုမို သင့်မြတ်သော အာယတ်တော်ကို သော်လည်းကောင်း၊ ထိုအာယတ်တော်နှင့် အလားတူ အာယတ်တော်ကို သော်လည်းကောင်း၊ ထုတ်ပြန်ပို့ချတော်မူသည်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်သည် ချင့်ချိန် မှန်းဆ၍ စွမ်းဆောင်နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည်ကို အသင်သည် မသိပါသလော။

[107] (ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊ ထို့ပြင်တဝ(အို-လူသားတို့) အသင်တို့အဘို့အရာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကြည့်ရှုစောင့်ရှောက်မည့်သူ ဟူ၍လည်းကောင်း၊ ကူညီ မစမည့်သူ ဟူ၍လည်းကောင်း၊ မရှိချေ။

[108] (အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။

[109] စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။

[110] ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[111] ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ချေ။ ထိုပြောဆိုချက်များသည်ကား ယင်းသူတို့၏ (စိတ်ကူးအလျောက် အချည်းနှီးသော) တပ်မက်မောခြင်း မျှသာဖြစ်သည်။ အို-နဗီ တမန်တော်မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ အကယ်စင်စစ် အသင်တို့သည်၊(ဤအကြောင်းများနှင့် စပ်လျဉ်း၍) ဟုတ်မှန်ရာကို ပြောဆိုကြသူများသာ ဖြစ်ကြလျှင် မိမိတို့၏ အခိုင်လုံ ဆုံးသော သက်သေခံသာဓက အထောက်အထားများ ဆောင်ယူ(တင်ပြ) ကြကုန်လော့ဟု ပြောဆိုပါလေ။

[112] ထို(ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်တို့ပြောဆို ကြသောစကားသည်၊ အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကို အလ္လာဟ် အရှင်မြတ်အား လုံးဝ အပ်နှင်းပြီး (ခယရိုကျိုးရှိခိုး၍) ကောင်းမှုကုသိုလ် များကို ပွားများခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အသျှင့်အထံတော်၌ အကျိုးကျေးဇူးများ ကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြ ပူဆွေးကြရမည်လည်း မဟုတ်ချေ။

[113] ယဟူဒီတို့က ခရစ်ယာန်တို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ တည်ရှိနေကြသည်မဟုတ် ဟူ၍လည်းကောင်း၊ ထိုနည်းတူစွာ ခရစ်ယာန်တို့ကလည်း ယဟူဒီဘာသာဝင် တို့သည် မည်သည့် အခြေခံတရား ပေါ်၌မျှ တည်ရှိနေကြသည် မဟုတ်ဟူ၍လည်ကောင်း၊ (တစ်စုကိုတစ်စုပုတ်ခတ်) ပြောဆိုကြကုန်၏။ စင်စစ် တမူကား ယင်းသူတို့နှစ်စု စလုံးသည် (အလ္လာဟ် အရှင်မြတ်အထံတော်မှ ထုတ်ပြန်ပို့ချသော တဆူ တည်းသော) ကျမ်းဂန်ကိုပင် ရွတ်ဖတ်သရဇ္ဈာယ် လျက်ရှိကြကုန်၏။ ဤကဲ့သို့ ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပြောဆိုကြသကဲ့သို့ပင် သာသနာရေး၌ တတ်သိလိမ္မာခြင်းမရှိသော ပညာမဲ့သူတို့ ကလည်း(အစ္စလာမ်သာသနာသည် အခြေအမြစ်မရှိသော သာသနာဖြစ်သည်ဟူ၍) ပြောဆိုကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့၌ ယင်းသူတို့ ငြင်းခုံလျက်ရှိသော ပြဿနာရပ် အကြောင်းခြင်းရာ များကို (မျက်ဝါးထင်ထင် ပေါ်လွင်ထင်ရှားစွာ) စီရင် ဆုံးဖြတ် အမိန့်ချမှတ်တော်မူအံ့။

[114] ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) ရှိလေသတည်း။

[115] စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။

[116] ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။

[117] (ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထဝီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကို ဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘဝမှအတ္ထိတ ရှိရာဘဝသို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် (ပြတတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။

[118] (အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့ကို တရားတော်အတိုင်း လိုက်နာကျင့်စေ လိုပါလျှင်) အဘယ်ကြောင့် ထိုအသျှင်မြတ်သည် ကျွန်ုပ်တို့နှင့် တိုက်ရိုက စကားမပြောကြားပါသနည်း၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ထံသို့ (ထင်ရှားပေါ်လွင်သော) သက်သေလက္ခဏာ တစ်စုံတစ်ခုကို မပို့ချပါသနည်းဟု အသိတရား ကင်းမဲ့သောသူများက ပြောဆိုကြကုန်၏။ ထိုနည်းတူစွာ ယင်းသူတို့၏အထက် အဆက်ဆက်က ဖြစ်ခဲ့ဘူးသော ရှေးသူမိုက်တို့ကလည်း ဤသူများပြောဆိုကြသကဲ့သို့ပင် ပြောဆိုခဲ့ကြလေပြီ၊ ယင်းသူတို့အားလုံး၏စိတ်နှလုံးများသည် (အသိအလိမ္မာကင်းမဲ့ရာ၌ လည်းကောင်း၊ မောက်မာပလွှားရာ၌ လည်းကောင်း) ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ဧကန်ဆတ်ဆတ် ငါအရှင်မြတ်သည် ယုံကြည်လိုကြကုန်သော သူတို့အဘို့အရာ (အသင်၏ တမန်တော်ဖြစ်ကြောင်း နှင့်စပ်လျဉ်း၍) မြောက်မြားစွာသော ထောက်ခံချက်သက်သေ လက္ခဏရပ် တို့ကို ရှင်းလင်းထင်ရှားစွာ ဖော်ပြထား တော်မူပြီး ဖြစ်လေသည်။

[119] (အလ္လာဟ် အရှင်မြတ်အဘို့မှာ ထိုအသိတရားကင်းမဲ့သူများနှင့် တိုက်ရိုက်စကားပြောရန်လည်းမလို၊ ယင်းသူတို့ထံ အထူးတလည် သက်သေလက္ခဏာများ ပို့ချရန်လည်း အကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူ) ဧကန်အမှန် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်)အား (ခပ်သိမ်းကုန်သောသတ္တဝါတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးရန်) မှန်ကန်သော တရားတော် နှင့်(ယုံကြည်လိုက်နာသူတို့ကို အကျိုးဆုလာဘ်များ ရရှိမည့် အကြောင်း) ဝမ်းမြောက်ဘွယ်ရာသော မင်္ဂလာသတင်း ပြောကြားသူအဖြစ်လည်းကောင်း၊ (မယုံမကြည် သွေဖည်ငြင်းဆန်သူတို့အား ပြစ်ဒဏ်များခံ စားရမည့်အကြောင်းကို) သတိပေး နှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူလေသတည်း။ သို့သော် (မိမိတို့ ကံကြမ္မာအားဖြင့် ငရဲလား ကြကုန်သော) ငရဲသားများ နှင့်ပတ်သက်၍ အသင်သည် (မည်သို့မျှပင် အပြစ်တင်) စောကြောစစ်ဆေး မေးမြန်ခြင်းကို ခံရမည်မဟုတ်ပေ။

[120] အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှ နှစ်သိမ့်ကျေနပ်ကြမည် မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်) ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံတော်မှ) အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရား ရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသော အလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊ (ထိုသို့သောအခါဝယ်) မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အား စောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေးစောင်မမည့်သူ ဟူ၍ လည်းကောင်း၊ ရှိမည်မဟုတ်ပေ။

[121] အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် ရွတ်ဘတ်ကြ၍ လိုက်နာကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် ကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများ ဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်သော သူများပင်ဖြစ်အံ့။

[122] အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေကုန်။

[123] ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။

[124] တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။

[125] ၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့ သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့် လည်းကောင်း၊ ပြုလုပ်သတ် မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တဝ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန် နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) နှင့် နဗီတမန်တော် အစ္စမာအီလ်(အ) တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ် ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ် သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူ အပေါင်းတို့ အဘို့အရာလည်းကောင်း ဤငါ၏အိမ်တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်ကို ချမှတ်တော်မူခဲ့ လေသတည်း။

[126] ထို့ပြင်တဝ(ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) တပါးသောအခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)သည် (အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ လျှောက်ထား ပန်ကြားသည်၊) အို-ကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်၊ ဤဒေသကို (ခပ်သိမ်းကုန်သော ဘေးရန်တို့မှ ကင်းစေ၍) ငြိမ်းချမ်းသာယာ (စည်ကားလှသော) မြို့တော် ဖြစ်ပါစေသတည်း၊ ထို့ပြင်ဤဒေသ၌ (မှီတင်းနေထိုင်ကြကုန်သော) မြို့သူမြို့သားများ အနက်မှ အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ (သေပြီးနောက် ပြန်လည်ရှင်ထမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သူ (အပေါင်း) တို့အားလည်း သစ်သီးဝလံ ခဲဘွယ်ဘောဇဉ် အမျိုးမျိုးကို စားသောက်သုံးစွဲရန်အလို့ငှာ ပေးသနားတော်မူပါ။(ထိုရောအခါ) အလ္လာဟ် အရှင်မြတ်က [အစ်ဗ်ရာဟီမ်] အသင်တင်လျှောက်သည့် ပတ္ထနာ ဆုမွန်ကို ငါအရှင်မြတ်သည် လက်ခံတော်မူလေပြီ။ သို့ငြားလည်း ငါအရှင်မြတ်သည် ဤမြို့သူမြို့သားများအနက်မှ ငါအရှင်မြတ်ကို မယုံမကြည ်သွေဖည် ငြင်းပယ်သူတို့အားလည်း အနည်းငယ် မျှကာလအဘို့ (လောကီ) စည်းစိမ်ကိုပေးသနားတော်မူမည်။ နောင် တမလွန်ဘဝ၌မူ ငါအရှင်မြတ်သည် ထိုသူတို့အား ငရဲမီးဘေးရှိရာသို့ အတင်းအကြပ် မောင်းနှင် (ပို့ဆောင်) တော် မူမည်။ အမှန်စင်စစ် (ယင်းသူတို့) လားရာခရီး လမ်းဆုံးစခန်း သည် အလွန်ပင်ဆိုးဝါးလှပေသည်တကား ဟု မိန့်ကြား တော်မူလေသည်။

[127] ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။

[128] အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။

[129] အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်၊ (အရှင်မြတ်၏) တရားဒေသနာတော်များကို ယင်းသူတို့၏ ရှေ့မှောက်ဝယ် ရွတ်ဖတ်သရဇ္ဈာယ်ရန် အလို့ငှာလည်းကောင်း၊ ကျမ်းဂန်ဓမ္မက္ခန်နှင့်တကွ ဉာဏ်အမြော်အမြင်ကိုပါ သွန်သင်ပြသ သင်ကြားပေးရန်အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အား အပြစ်ဒုစရိုက်မှုများမှ သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အနက်မှပင်(ဆွေမျိုးသား ချင်းတော်စပ်သော) ရစူလ်တမန်တော် တစ်ပါးကို ထိုသူတို့ တွင် ပွင့်စေတော်မူပါ၊ ဧကန်မုချ အရှင်မြတ်သည် သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူထသောအရှင်၊ ထူးသော အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံတော်မူ သောအရှင် ဖြစ်တော်မူပေသတည်းဟု [နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) နှင့် သားတော် နဗီတမန်တော် အစ္စမာအီလ်(အ) တို့သည် ဆု တောင်းပတ္ထနာ ပြုကြလေသည်။

[130] မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။

[131] (ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။

[132] ထို့ပြင် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)တို့သည် ထိုအကြောင်း ကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့၏သားများကို အို-ငါ၏ သားအပေါင်းတို့ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဘို့ရာ (အစ္စလာမ်) သာသနာ တော်ကို ရွေးချယ်တော်မူပြီး ဖြစ်ရာအသင်တို့သည် အမိန့်တော်ကို နာခံသော မုစ်လင်မ်များ အဖြစ်နှင့် သာလျှင် သေဆုံးကြလေလော့ဟု နောက်ဆုံး စကား မှာကြားခဲ့လေသည်။

[133] နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက် မည်သည်ကို ဆည်းကပ် ကိုးကွယ်ကြမည်နည်းဟု မေးမြန်းတော်မူရာ သားများက (အို-ဖခမည်းတော်) ကျွန်တော်တို့သည် ကျေးဇူးရှင် မွေးသဖခင်နှင့်တကွ ဘခင်၏ ဘိုးဘေးများ ဖြစ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)နှင့် နဗီတမန်တော် အစ္စဟာက်(အ) တို့၏ ကိုးကွယ်ဆည်းကပ်ရာ တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြပါမည်။ ထိုအရှင်၏ တရား ဒေသနာတော်များကိုသာလျှင် မြေဝယ်မကျ နာခံကြမည့် မုစ်လင်မ်များ ဖြစ်ကြပါမည်ဟု ဖြေကြား ကြလေသည်။ နဗီတမန်တော် ယအ်ကူဗ်(အ)သည် မိမိ၏သားများကို ယင်းသို့မှာ ကြားနေစဉ်အသင်တို့သည် မိမိတို့ကိုယ်တိုင် ရှိခဲ့ကြပါသလော၊ (အမှန်သော် သင်တို့သည် ထိုအချိန်၌မရှိခဲ့ချေ။ သို့ဖြစ်ပါလျက် ထိုနဗီတမန်တော်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ယခုအခါ၌ မည်သည့် နည်းဖြင့် ဤသို့ မဟုတ်မမှန်သော စကားကိုပြောဆိုနိုင်ကြပါသနည်း။)

[134] (မည်သို့ပင်ဖြစ်စေ) ယင်းသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင် လူစုဖြစ်ကြ၍ ယင်းသူတို့ ပြုကျင့် ဆည်းပူးခဲ့သမျှသော သုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ယင်းသူတို့ အဖို့သာတည်း။ထိုနည်းတူစွာ အသင်တို့ ပြုကျင့်ဆည်းပူးခဲ့သမျှသော (ကောင်းမှု မကောင်းမှု) တို့၏ ကျိုးသည်လည်း အသင်တို့အဖို့သာတည်း။ ထိုမှတပါးတုံ အသင်တို့သည် ယင်းသူတို့ ပြုကျင့်ခဲ့လေသော ကိစ္စများနှင့် စပ်လျဉ်း၍ စောကြော မေးမြန်းခြင်းကို ခံကြရမည် မဟုတ်ပေ။

[135] ထို့ပြင်တဝ ယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့က မုစ်လင်မ်တို့အား ပြောဆိုကြသည်မှာ အသင်တို့သည်ယဟူဒီ ဘာသာဝင်များသော် လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် မှန်ကန်သော တရားလမ်းကို ရရှိကြလတ္တံ့ဟု ပြောဆိုကြသည်။ အို-နဗီတမန်တော် အသင်သည် သူတို့သူတို့အား ဤသို့ ပြန်လည် ဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့ ပြောစကားမှားစွ၊ ငါတို့သည် နဗီတမန်တော် ဣဗ်လရာဟီမ်(အ)၏ သာသနာကို ယုံကြည် မြတ်နိုးသူများသာ ဖြစ်ကြ ကုန်၏။ ထိုနဗီ တမန်တော်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်မြတ်ဖြစ်၏၊ ထိုနဗီတမန်တော်သည် အလ္လာဟ် နှင့် တွဲဘက် ကိုးကွယ်သူများတွင် အပါအဝင်လည်း မဟုတ်ချေ။

[136] (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)၊ နဗီတမန်တော် အစ္စဟာက်(အ)၊ နဗီတမန်တော် ယအ်ကူဗ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အ)နှင ့်နဗီတမန်တော် အီစာ(အ)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသော အရှင်၏ အထံတော်မ ှပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော် များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌ အကျွန်ုပ်တို့သည် ထိုနဗီ တမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။)

[137] ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။

[138] (အို-မုစ်လင်မ် အပေါင်းတို့၊ အသင်တို့သည် ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့ အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော် မူလေပြီ။ ထိုအလ္လာဟ်အရှင်မြတ်ထက်ပင် သာ၍ ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခဝပ်ကိုးကွယ်ကြသူများ ဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။

[139] အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။

[140] အသင်တို့က နဗီတမန်တော်များ ဖြစ်ကြသော အစ်ဗ်ရာဟီမ်(အ)၊ အစ္စမာအီလ်(အ)၊ အစ္စဟာက်(အ)၊ ယအ်ကူဗ်(အ)နှင့် [နဗီတမန်တော် ယအ်ကူဗ်(အ)၏ သားမြေးတို့အနက်] ပွင့်သမျှသော နဗီတမန်တော်များသည် ယဟူဒီ ဘာသာဝင်များ သော်လည်းကောင်း၊ သို့မ ဟုတ် ခရစ်ယာန်ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ခဲ့ကြလေသည်ဟု ပြောဆိုကြလေသလော။ အို-နဗီ တမန်တော် မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ (ဤအကြောင်းကို) အသင်တို့ကပင် ပို၍ သိရှိကြလေသလော၊ သို့တည်းမဟုတ် အလ္လာဟ် အရှင်မြတ်ကပင် ပို၍ပင် သိရှိတော်မူပါသလောဟု မေးပါလေ၊(အကယ်၍ ဤအကြောင်းကို သိလျက်နှင့်ပင် ယင်းသူတို့ လျှို့ဝှက်ထားကြပါလျင်) အလ္လာဟ် အရှင်မြတ် အထံတော်မှ ချပေးသနားတော်မူသော သက်သေခံချက်ကို ထိမ်ချန် လျှို့ဝှက်ထားသောသူထက် သာလွန်၍ မတရား သောသူသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝကို လျစ်လျူရှုတော်မူမည့် အရှင်မဟုတ်ပေ။

[141] ထိုသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင်လူစုဖြစ်ကြကုန်၍ ထိုသူတို့ပြုကျင့် ဆည်းပူးခဲ့သမျှ သောသုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ထိုသူတို့ အဘို့သာဖြစ်လေသည်။ ထိုနည်းတူစွာ အသင်တို့ ပြုကျင့် ဆည်းပူးခဲ့သမျှ သော(ကောင်းမှုမကောင်းမှု) တို့၏အကျိုးသည်လည်း သင်တို့အဘို့ အရာသာတည်း။ ထိုမှတပါးအသင်တို့ သည် ထိုသူတို့ပြုကျင့်ခဲ့ကြသော ကိစ္စများနှင့် စပ်လျဉ်း၍ မေးမြန်းခြင်းကို ခံကြရမည်မဟုတ်ပေ။

[142] မကြာမီကာလအတွင်း လူတို့အနက်မှ (ကစ်ဗ်လဟ် ပြောင်းလွဲခြင်း၏ သဘောတရားကို နားမလည်ကြသော) လူ့ဗာလတို့က အဘယ်အရာသည် ယင်း မုစ်လင်မ် များကို မိမိတို့၏ နဂိုမူလ မျက်နှာမူရာ အရပ်ဒိသာဘက်မှ ပြောင်းလွဲအောင် ပြုဘိသနည်းဟု မုချ (ကဲ့ရဲ့ပြစ် တင်) ပြောဆိုကြကုန်အံ့။ (အို-နဗီတမန်တော်) အသင်သည် အရှေ့နေထွက်ရာ အရပ်ကိုလည်းကောင်း၊ အနောက် နေဝင်ရာ အရပ်ကိုလည်းကောင်း၊ (အရပ်ရှစ်မျက်နှာ လုံးကို) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ သည်၊ ထိုအသျှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူကို သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူသည်ဟု (ထိုသူတို့အား) တုံ့ပြန်ဖြေကြား ပါလေ။

[143] ထို့ပြင် ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကိုလည်း အလယ်အလတ် (တရားမျှတသော အမြင့်မြတ်ဆုံးသော) သာသနာဝင်များအဖြစ် ပြုတော်မူ ခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအံ့သောငှာလ ည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်) သည် လည်း အသင်တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာ လည်း ကောင်း၊(ပြုတော်မူခြင်းပင်) ဖြစ်လေသည်။ စင်စစ် ငါအရှင် မြတ်သည် အသင်(နဂိုမူလက) မျက်နှာမူခဲ့ဘူးသည့် ကစ်ဗ်လဟ် (ဝါ) ဗိုင်တုလ်မုကဒ္ဒတ်စ် ကို (ကစ်ဗ်လဟ်အဖြစ်ယာယီအား ဖြင့်) ထားရှိတော် မူခဲ့ခြင်း အကြောင်းမှာ (နောင်အနာဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ ပြောင်းလွှဲ သောအခါ) ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့် ဘက်သို့ ပြန်လှည့်သွားသူတို့ကို (ခွဲခြား) သိတော် မူရန်သာ ဖြစ်ချေသည်။ စင်စစ်သော်ကား (ကစ်ဗ်လဟ် ပြောင်းလွှဲရန် အမိန့်တော်သည်) အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ညွှန်ကြားပြသ (ပို့ဆောင်) တော်မူခြင်းကို ခံရသူတို့ မှအပ (အခြားသူတို့ အဘို့လိုက်နာရန်) အလွန်ပင် ခဲယဉ်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်း သဒ္ဓါတရား [(ဝါ) မူလ ကစ်ဗ်လဟ်ဘက်သို့ မျက် နှာမူ၍ ဆွလာတ် ဝတ်ပြုခဲ့ကြသည်] ကို အချည်းနှီး အကျိုးမဲ့ ဖြစ်စိမ့် သောငှာ (ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော်မူသည်) မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်းတို့ အပေါ်ဝယ် စင်စစ် နူးညံ့သိမ်မွေ့တော် မူထသောအရှင်၊ မပြတ်မစဲ သနားညှာတာတော် မူထသောအရှင်၊ ဖြစ်တော်မူ ပေသတည်း။

[144] အသင်သည် (မိမိစိတ်တွင်းဝယ် ဆွလာတ် ဝတ်ပြုရာ၌ မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ် အထံတော်မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ် မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ၏မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်) ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။ အမှန်စင်စစ် (အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်းဂန်ရသော သူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်) အရှင်မြတ်အထံတော်မှ ကျရောက်၍ မှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြင့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့ ပြုမူကျင့်ကြံလေသော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင် မဟုတ်ပေ။

[145] ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာ ကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်) တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓက လက္ခဏာ ဟူသမျှကို ယူဆောင်တင်ပြပါသော်လည်း ယင်းသူတို့သည် အသင်၏ မျက်နှာမူရာ ကစ်ဗ်လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏ မျက်နှာမူရာအရပ်ကို လိုက်နာကြသည် မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန် အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။

[146] အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။

[147] (အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။

[148] ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။

[149] ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။

[150] တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌) ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိသူများလည်း ဖြစ်ကြအံ့။

[151] (ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။

[152] သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။

[153] အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။

[154] ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများဟူ၍ မပြောဆိုကြကုန်လင့်။ (ယင်းသူတို့ သည် သူသေများ) အလျင်းမဟုတ်။ စင်စစ်မှာမူ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် မသိမမြင်နိုင်ကြချေ။

[155] ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်လည်းကောင်း၊ ငတ်မွတ်စေခြင်း အားဖြင့် သော်လည်းကောင်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်လည်းကောင်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့် သော်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့် သော်လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက်ဘွယ်ရာ ကောင်းချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။

[156] ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။

[157] ထို(ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းခြီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက်ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကို ရရှိသူများ ဖြစ်ကြကုန် သတည်း။

[158] ဧကန်အမှန် ဆွဖာနှင့် မရ်ဝဟ်တောင်များသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော သာသနာတော်၏အထိမ်းအမှတ်များအနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော ကအ်ဗဟ် ကျောင်းတော်သို့ ဟဂျ်ပြုရန် သွားရောက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် အွန်မ်ရဟ် ပြုသည်ဖြစ်စေ ထိုသူ၏အပေါ်၌ ထိုတောင် နှစ်လုံး အကြားတွင် သွားလာခြင်းသည် တစ်စုံတစ်ရာမျှ အပြစ်မရှိပြီ။ ထို့ပြင် အကြင်သူသည် မိမိ၏စိတ်စေတနာအလျောက် ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

[159] ငါအရှင်မြတ်သည် (အတိတ်ခေတ်တွင်) ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားဓမ္မကို ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ ထို့နောက်တဖန် လူအများသိနား လည်စိမ့်သောငှာ ထိုသက်သေ လက္ခဏာနှင့် တရားဓမ္မများကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမွက်ကြား ထားသော တရားဒေသနာများကိုပင် အချို့လူများသည် ထိမ် ချန်ထားကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ အခြား ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြလေသည်။

[160] သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တရား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။

[161] ဧကန်အမှန် အကြင်သူတို့သည် တရားဒေသနာတော်များကို မယုံမကြည်သွေဖည်ငြင်းဆန်၍ ကာဖစ်ရ် အဖြစ်နှင့်ပင်သေဆုံးကြ၏။ ယင်းသူတို့ အပေါ်၌ အလ္လာဟ် အရှင်မြတ်၏ ကျိန်ဆဲခြင်း၊ အပါးတော်စေတမန်များ (၏ ကျိန်ဆဲခြင်း၊) လူများ (၏ကျိန်ဆဲခြင်း၊) အားလုံးတို့ (၏ ကျိန်ဆဲ ခြင်းသည် ကျရောက်အံ့။)

[162] (ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။

[163] စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။

[164] မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။

[165] သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ (မိမိတို့၏) ဦးစီးနာယကများကို ကိုးကွယ်ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးဘိသကဲ့သို့ပင် မိမိတို့၏ ဦးစီးနာယကများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြသူတို့ မှာမူ အလ္လာဟ်အရှင်မြတ် ကိုသာလျှင် အလွန်ထက်သန်သော (ယုံကြည်ခြင်း သဒ္ဓါတရား ဖြင့်) ချစ်ကြည်မြတ်နိုး (ကိုးကွယ်) ကြလေသတည်း။ (တစ်ဆူ တည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရမည်ဟူသောဒေသနာတော်ကို) ကျူးလွန်သူတို့သည် (နောင်တမလွန် ဘဝ၌) အပြစ်ငရဲများကို မျက်ဝါးထင်ထင်တွေ့ မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌ သာလျှင် တည်ရှိကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်တော်မူသောအရှင် ဖြစ်ကြောင်းကို သိရှိကြလိမ့်မည်။ အကယ်၍သာ ထိုကျူးလွန်သူတို့သည် (မိမိတို့ကိုယ်တိုင်တွေ့ ကြုံရမည့် နောင်ရေးများကို) ဤဘဝ၌ပင် ကြိုတင်၍ သိမြင်ထားကြပါမူ ကောင်းလေစွတကား။

[166] အကြင်အချိန်အခါဝယ် (လူအပေါင်းတို့ကို လှည့် ဖြားသွေးဆောင်ကြကုန်သော) ခေါင်းဆောင် တို့သည် မိမိတို့၏ တပည့်နောက်လိုက်တို့အား စွန့်ပစ်ကြကုန်အံ့၊ ထိုအခါ ယင်း ခေါင်းဆောင်များနှင့် နောက်လိုက်တပည့်တို့သည် ပြစ်ဒဏ်များ ကို (မျက်ဝါးထင်ထင်) ရှုမြင်ကြအံ့၊ (၎င်းပြင်) ယင်းသူတို့၌ တဦးနှင့်တဦး ဆက်သွယ်မှုများသည်လည်း ပြတ်တောက်သွားလတ္တံ့။

[167] ၎င်းပြင် (မသမာသော ဦးစီးနာယကများ၏ လှည့်ပတ်ဖြားယောင်းရာနောက်သို့ လိုက်ပါမိခဲ့သော) နောက် လိုက်တပည့်များက အကယ်၍သာ ငါတို့သည် (လူ့လောကသို့) တကြိမ်မျှပင်ပြန်ကြရပါလျှင် အလွန် ကောင်းပေအံ့၊ သို့ပြန်ရပါလျှင် ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါတို့ကို (ယခုစိမ်းကား စွာ) စွန့်ပစ်သွားကြ သကဲ့သို့ ငါတို့သည်လည်း ယင်းသူတို့အား (စိမ်းကားစွာ) စွန့်ပစ်ကြမည်ဟု ပြောဆိုကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေ့ဆောင်ရှေ့ရပ်များနှင့် တပည့်နောက်လိုက်အားလုံးတို့အား အပြစ်ငရဲကို မျက်ဝါးထင်ထင် ပြတော်မူသကဲ့သို့ပင် ယင်းသူတို့၏ အပြုအမူများကို ဝမ်းနည်း ကြေကွဲဘွယ်ရာများအဖြစ် ပြတော်မူမည်။ စင်စစ်အားဖြင့် ယင်းသူတို့သည် ငရဲမီးတွင်းမှ ထွက်ကြရမည့်သူများလည်း မဟုတ်ကြချေ။

[168] အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သောအရာများကို စားသုံးကြကုန်လော့၊ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေ ထပ်) မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန်သည် သင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင် ဖြစ်ချေသည်။

[169] (အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန် လည်းကောင်း အမိန့်ပေးတိုက်တွန်း နှိုးဆော်သည် သာဖြစ်သည်။

[170] ၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို တွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။

[171] ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့် တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော်ကို မနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။

[172] အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။

[173] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ဝက်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ သ ပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချ တားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာနိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူးသူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

[174] အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ သောကျမ်းဂန်လာ တရားဒေသနာအနည်းငယ်မျှသော အဖိုး အခဖြင့် လဲလှယ်ရောင်းချစားသုံးသောသူများသည် မိမိတို့၏ ဝမ်းတွင်း သို့ အခြား (တစ်စုံတစ်ရာ) စားသုံးကြသည်မမည်။ စင်စစ် အားဖြင့် မီးကိုသာ စားသုံးရာမည်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ထိုသူများအား (ချိုအေးသောစကားကို) ပြောကြားတော်မူမည် လည်းမဟုတ်၊ ထိုသူတို့အား (အပြစ်ဒုစရိုက်မှုများမှ) သန့်ရှင်းစေတော်မူမည် လည်းမဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့ခံစားရန် ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်လည်း အသင့်ရှိပေသတည်း။

[175] (ဤဘဝတွင်)လမ်းမှားကို လမ်းမှန်ဖြင်လည်းကောင်း၊ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လည်းကောင်း၊ လဲလှယ်ဝယ်ယူသူများသည် ဤသူများပင်တည်း၊ ယင်းသူတို့သည် အဘယ်နည်းဖြင့် ငရဲမီး၏ဒဏ်ကို ခံဝံ့ကြပါဘိသနည်း။

[176] ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့သော်လည်း (ယင်း) ကျမ်းတော်မြတ်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲ ကြသူတို့သည် မှန်သောတရားတော်မှ (အလွန်တရာမျှ) ဝေးကွာလှသော ကွဲပြားမှု၌ ဧကန်အမှန် ရောက်ရှိ ကြလေပြီ။

[177] အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။

[178] အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။

[179] အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။

[180] (ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။

[181] တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။

[182] သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။

[183] အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

[184] (အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက် စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက်တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ) သော် ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက် တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနား လည်သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သောအမှု) ပင် ဖြစ်ပေသတည်း။

[185] (ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်) ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ် လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေ ရာ အသင်တို့အနက်မှမည်သူမဆို ထို(ရမဿွာန်)လမြတ် နှင့်ကြုံ ကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လ ပတ်လုံး) ဥပုသ်သီတင်း ဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ် ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်း မမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက် များတွင် (မိမိပျက်ကွက် ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်)ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဖို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကိုကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တဝ (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေရန် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်ညွှန်ပြတော် မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်လည်းကောင်း (အလိုဆန္ဒ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင် မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။

[186] ထို့ပြင်တဝ [အို-နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ငါ အရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့် ထံမေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ)မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ် စွာ ပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆုတောင်း ပတ္ထနာပြုချက်ကို သဘောတူ လက်ခံ တော် မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို လက်ခံနာယူ၍ ငါအရှင်မြတ်ကိုသာ ယုံ ကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိကြသူများဖြစ် တန်ရာ၏။

[187] (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဉ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့ အဖို့ရာ (အရှက်အိန္ဒြေ ကိုလုံခြုံစွာဖုံး ကွယ်သော) ဝတ်စားတန် ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည် လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိန္ဒြေကို လုံခြုံစွာ ဖုံးကွယ်သော) ဝတ်စားတန်ဆာများ (ကဲ့သို့)ပင် ဖြစ်ကြလေ သည်။ အသင်တို့သည်(ဤအမိန့် မကျရောက်မီက ညများ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်း အားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သောအပြစ်တို့) ကို ခွင့်လွှတ်တော်မူပြီး (နောင်အဖို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဉ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူပြီ)။ သို့အတွက်ကြောင့် ယခုမှစ၍အသင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဖို့ အလ္လာဟ် အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဉ့်၏အမှောင်)မှ ချည်မျှင် အဖြူ (တည်းဟူ သော) နံနက်မိုးလင်း အရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့် တိုင်အောင် (အစာ အာဟာရ များကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေဝင်၍) ညဉ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ ဆောက်တည်ကြ ကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေ့တိကာဖ် သီတင်းသုံး နေထိုင် ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသ ပြုခြင်းကို အလျင်း မပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားတော်မူသော နယ်နိမိတ်များပင် ဖြစ်ရကား အသင် တို့သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြ ကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိ အမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။

[188] အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။

[189] (အို-နဗီတမန်တော်) အချို့သူများသည် ဆန်း ဦးစ-လ-များနှင့် စပ်လျဉ်း၍ အသင့်ထံ လာရောက် မေးမြန်း ကြသည်။ အသင်သည် (ထိုသူတို့အား ဤသို့)ဖြေကြားပါလော။ ထိုဆန်းဦးစလများသည် လူခပ်သိမ်း တို့အဖို့ အချိန်ကာလများ ကို အမှတ်သညာပြုနိုင်အံ့သောငှါ လည်းကောင်း၊ ဟဂျ်ပြုရန် သတ်မှတ်ထားသောနေ့ ရက်များကို သိနိုင်အံ့ သောငှာလည်း ကောင်း၊ (ပြုထားတော်မူသော) အမှတ်သညာ များသာဖြစ်ချေ သည်။ သင်တို့သည် (ဟဂျ်ပြုရန် အိဟ်ရာမ် ခေါ် ဝတ်ရုံများ ဝတ်ဆင်ပြီး မိမိတို့)အိမ်များကို (ပြန်လာသောအခါ) အိမ်၏ နောက်ဘက်မှ ဝင်ရောက်ခြင်းသည် ကောင်းမြတ်သောအကျင့် သီလမဟုတ်ပေ။ အမှန် အားဖြင့်(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ၍) မကောင်း မှုဒုစရိုက်များကို ရှောင်ကြဉ် သော သူများသာလျှင် သူမွန်သူမြတ်များ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ အသင်တို့သည် (မိမိတို့) အိမ်တွင်းသို့ (ဝင်ရောက်ကြ သောအခါ) (ဝင်ထွက်သွားလာရိုးဖြစ်သော) တံခါးပေါက်များ မှသာ ဝင်ကြကုန်လော့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကြ ကုန်လော့။ သို့မှသာလျှင် အသင်တို့သည်(နှစ်ဘဝလုံး၌) အောင်မြင်ကြပေမည်။

[190] ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူးလွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။

[191] ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင် ဖြစ်သည်။

[192] သို့သော် အကယ်၍သာ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သွေဖည်ခြင်း၊ မုစ်လင်မ် တို့အားညှဉ်းဆဲခြင်းနှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းတို့ကို) ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့ကို)အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တဝါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။

[193] ထို့အပြင်တဝအသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (ဝါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။

[194] ထူးမြတ်သော လ(ကိုလေးစားခြင်း) သည် ထူးခြားသော လ(ကိုလေးစားခြင်း)အပေါ်၌ တည်ရှိ ပေသည်။ ထိန်းသိမ်းစောင့်ရှောက် ရိုသေမြတ်နိုးအပ်သောအရာများ သည် အပြန်အလှန်တုံ့ပြန်အပ်သော အရာများသာ ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် (ထူးမြတ်သောလကို မလေးစားဘဲလျက်) အသင်တို့ကို စတင်ကျူးကျော်စော်ကားပါမူ ထိုသူက အသင်တို့ကို ကျူးကျော်စော်ကားသကဲ့သို့ အသင်တို့သည်လည်း ထိုသူအားတုံ့ပြန်၍ လက်စားချေကြကုန်လော့။ သို့ရာတွင် အသင်တို့သည် အမြဲမပြတ် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ ၎င်းပြင် အသင်တို့သိထားကြကုန်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအား) ကြောက်ရွံ့ ရိုသေ ခန့်ညားသောသူများနှင့်အတူရှိ တော်မူသည်။

[195] ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏ ဥစ္စာ ပစ္စည်းများကို) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်း ပေးကမ်း စွန့်ကြဲကြလေကုန်။ အသင်တို့သည် (မိမိတို့ကိုယ်ကို) မိမိတို့လက်များဖြင့် ပျက်စီးရာ ပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ကုသိုလ်တရား ပွါးများရာ ပွါးများကြောင်းကိုသာ ပြုလုပ်ကြကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကုသိုလ်တရား ပွါးများသူတို့ကို နှစ်သက် တော်မူသည်။

[196] ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန် ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိတို့ ဦးခေါင်းများကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(ဝါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာတည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။

[197] ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။

[198] (ဟဂျ်အချိန်တွင်) အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အင်တို့အဖို့ သတ် မှတ် (ပြဋ္ဌာန်းထားတော်မူသော) စီးပွားကို ရှာဖွေကြ သည့်အတွက် အသင်တို့အပေါ်၌ တစ်စုံတစ်ရာ အပြစ်မရှိချေ။ တဖန် အသင်တို့သည် အရဖာတ် မှ အစုလိုက် ပြန်လာကြ သောအခါ မရှ်အရိဟရာမ် အနီးအပါး တွင် အလ္လာဟ်အရှင် မြတ်ကို တသကြကုန်။ အသင်တို့သည် ထိုအရှင်က အသင်တို့ ကို ညွှန်ကြားပြသ တော်မူသည့်အတိုင်း ထိုအရှင်မြတ်အား တသကြကုန်။ အမှန်သော်ကား အသင်တို့သည် ယင်းကဲ့သို့ ထိုအရှင်မြတ်က ညွှန်ကြားပြသတော်မမူမီ မုချ မသိလမ်းလွဲသူများ ဖြစ်ခဲ့ကြပေသည်။

[199] ထို့နောက် လူများအစုလိုက်ပြန်လာကြသော နေရာ (အရဖာတ်) မှ အသင်တို့သည်လည်း (သွားရောက်၍) ပြန်လာကြကုန်လော့။ ထိုမှတပါး အသင်တို့သည် (မိမိတို့ အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန်အလို့ငှာ အလ္လာဟ် အရှင်မြတ်၏အထံတော်၌ လျှောက်ထားအသနားခံကြ ကုန် လော့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်၊ အစဉ် သနားကြင်နာ ညှာတာတော် မူထသောအရှင် ဖြစ်တော်မူ လေသတည်း။

[200] ထို့နောက် အသင်တို့သည် (ဟဂျ်နှင့် သက်ဆိုင် သော) မိမိတို့၏ ကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ပြီးကြ သောအခါ၌ (အတိတ်ခေတ်များတွင်) မိမိတို့၏ဘိုးဘေးများကို တ သ ခြင်း ပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား တ သ ကြကုန်။ ဤမျှမက (မိမိတို့၏ဘိုးဘေးများကို တ သ ခြင်းပြုကြသည်ထက်ပင်) ပိုမို၍ (အလ္လာဟ်အရှင်မြတ် အား) အောက်မေ့ တ သကြကုန်။ သို့သော် လူသားတို့အနက် အချို့သည် (အလ္လာဟ်အရှင်မြတ် ထံတော်၌) အို-ကျွန်တော် မျိုးတို့အား မွေးမြူတော်မူ သောရှင်၊ ကျွန်တော်မျိုးတို့အား (ပေးလိုတော်မူသောကောင်းကျိုးများကို) ဤဘဝ၌ပင် (လော လောဆယ်) ပေးသနားတော်မူပါဟူ၍ ဆုပန်ကြကုန်၏။ သို့ဖြစ် ရာ ထိုကဲ့သို့ ဆုပန်သောသူများအဖို့ နောင်တမလွန် ဘဝတွင် (အကျိုးခံစားရန်)တစ်စုံတစ်ရာ ဝေစုဝေပုံရှိမည်မဟုတ်ပေ။

[201] ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကို ရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။

[202] (နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို ရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။

[203] ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။

[204] ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။

[205] ထိုမျှမကသေးချေ၊ ထို(မုနာဖစ်က်)သည် (အသင့်ထံမှ) ပြန်သွားသောအခါ မြေပြင်ဝယ် ပျက်စီးကြောင်း များကို ပြုမူရန်လည်းကောင်း၊ လယ်ယာ ကိုင်းကျွန်းများနှင့် (ကျွဲနွား) တိရစ္ဆာန်များကို ဖျက်ဆီးရန်လည်းကောင်း၊ ကြိုးပမ်းအားထုတ် လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့ သို့) ဖျက်ဆီး ခြင်းကို စိုးစဉ်းမျှ နှစ်သက်တော်မမူပေ။

[206] ထိုမှတစ်ပါးတုံ မည်သည့်အခါမဆို (မုစ်လင်မ် တစ်ဦးက) ထို(မုနာဖစ်က်)ကို အသင်သည် အလ္လာဟ် အရှင် မြတ်အား ကြောက်ရွံ့ပါလေဟု ပြောဆိုသည်ရှိသော် ထိုသူ့အား(ထိုသူ၏) ဂုဏ်မာနသည် မကောင်းမှုဒုစရိုက်ဖက်သို့ ဆွဲဆောင် သွားလေ၏။ သို့ဖြစ်ရာ ထိုသူအဘို့ ဂျဟန္နမ် ငရဲသည် လုံလောက်၏။ အမှန်သော်ကား (ဂျဟန္နမ် ငရဲသည်) အလွန်ဆိုး ရွားလှသောနေရာ ဌာနဖြစ်ပေသည်။

[207] ထို့ပြင်တဝ လူတို့အနက် အချို့သည် အလ္လာဟ် အရှင်မြတ် နှစ်မြို့တော်မူခြင်းကို ရစိမ့် သောငှာ မိမိ၏အသက်ကိုပင် စွန့်လှူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန်ချစ်ကြင် သနားတော်မူသောအရှင် ဖြစ်တော်မူ၏။

[208] အို-ယုံကြည်သူ’မုအ်မင်န်’အပေါင်းတို့ အသင်တို့ သည်အစ္စလာမ်သာသနာတော်အတွင်းသို့လုံးလုံးလျားလျား(စိတ် ရောကိုယ်ပါ) ဝင်ကြကုန် လော့၊ ၎င်းပြင် ရှိုင်တွာန်၏ နောက်သို့ ဖဝါးခြေထပ် မလိုက်ကြ ကုန်လင့်၊ ထိုရှိုင်တွာန်သည် မုချ သင်တို့အဖို့ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။

[209] ထို့ကြောင့် (အစ္စလာမ်သာသနာရေးရာနှင့် စပ် လျဉ်း၍) ထင်ရှားသော သက်သေလက္ခဏာများ အသင် တို့ထံ ရောက်ရှိလာပြီးသည့် နောက်သော်မှပင် အသင်တို့သည် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ) ချွတ်ချော် တိမ်းပါးသွား ခဲ့ကြသော် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနု ဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော် မူသည်ကို အသင်တို့သည် ကောင်းစွာ ယုံကြည် မှတ်သားထားကြကုန် လော့။

[210] (ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်<ကရောက်လာပြီး၊ ကိစ္စပြီးဆုံးသွားခြင်း ကိုသာ စောင့်မျှော်နေကြကုန်၏။ အမှန်သော်ကား အရေးကိစ္စ ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးသို့ ပြန်လည် ရောက်ကြ ရမည်သာ ဖြစ်ကုန်သတည်း။>

[211] (အို-နဗီတမန်တော်) ငါအရှင်သည် ထို (အစ္စရာအီလီ) မျိုးနွယ်ဝင်တို့အား ထင်ရှားသော သက်သေလက္ခဏာများကို အဘယ်မျှ ပေးသနားတော် မူခဲ့သည်ကို အသင်သည် ယင်းအစ္စရာအီလီမျိုးနွယ် ဝင်တို့အား မေးမြန်းပါလေ။ အကြင် သူသည် ၎င်းထံသို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ ရောက်ပြီး သည့်နောက် တနည်းတဖုံ ပြောင်းလွှဲခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည် အပြစ်ဒဏ်ကို ပြင်းထန်စွာစီရင် တော်မူသော အရှင် ဖြစ်တော်မူလေသတည်း။

[212] (အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု ထင်မြင်ယူဆပေရာ ယင်းသူတို့သည် ယုံကြည်သဒ္ဓါတရား ထားရှိကြကုန် သော မုအ်မင်န်တို့ကို ပြက်ရယ်ပြောင်လှောင်ကြ လေသည်။ စင်စစ်သော်ကား (အလ္လာဟ်အရှင်မြတ် အား) ကြောက်ရွံ့ရိုသေ၍ ပြစ်မှုဒုစရိုက်တို့မှကြဉ် ရှောင်သော သူများ သည် ရှင်ပြန်ထမည့်နေ့တွင် ထိုကာဖိရ်တို့ထက် သာလွန်မြင့် မြတ်ကြကုန်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုတော်ရှိသောသူတို့ကို အတိုင်းမရှိ စားနပ်ရိက္ခာ များကို ပေးသနားတော်မူလေသတည်း။

[213] လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တဝ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိချေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကို ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။

[214] (အို-မုအ်မင်န်အပေါင်းတို့) အသင်တို့သည် ဂျန္နတ် အမတသုခဘုံသို့ (လွယ်လင့်တကူ) ဝင်ကြရလိမ့်မည် ဟုမှတ်ထင်ကြလေသလော။ (ယခုမူ) အသင်တို့အလျင်လွန် လေပြီးသော သူမွန်သူမြတ်တို့ထံသို့ သက်ရောက်ခဲ့ဘူး သော အံ့ဩဘွယ်ရာ အဖြစ်အပျက်သည် အသင်တို့ထံသို့ သက် ရောက်သည် မရှိသေးချေ။ ထိုသူမွန်သူမြတ်တို့ အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ထိုသူမွန်သူမြတ်တို့အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ဘေးဥပဒ်အဖုံဖုံတို့သည် ဆိုက်ရောက်ခဲ့ ပေသည်။ (ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကြောင့်) ထိုသူမွန်သူမြတ်တို့သည် တုန်လှုပ် ချောက် ချားခဲ့ကြရပေသည်။ (နောက်ဆုံးတွင်) နဗီတမန်တော်နှင့် နောက်ပါတပည့်သားများဖြစ်ကြကုန်သော မုအ်မင်န် တို့ သည်ပင် (ထိတ်ထိတ်လန့်လန့် ဖြစ်ကာ) အလ္လာဟ် အရှင်မြတ် ၏ ကူညီစောင်မတော်မူခြင်းသည် မည်သည့်အခါ၌ ရောက်ရှိ ပါအံ့နည်းဟု ပြောဆိုကြလေသည်။ (သို့ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရ သောအခါ၌ အလ္လာဟ် အရှင်မြတ်က) သတိပြုကြ ကုန်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်၏ စောင်မတော်မူခြင်း သည် နီးကပ်လျက် ရှိချေပြီ (ဟု မိန့်ကြားတော်မူလေသတည်း)

[215] (အို-နဗီတမန်တော်)အချို့သောသူများသည်(ကု သိုလ်အကျိုးငှာ)မည်သည့်အရာဝတ္ထုကို(မည်သည့်နေရာ၌)လှူဒါန်း ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည် (မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်းနိုင်ကြပေသည်။ သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊ ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊ ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့ အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့လည်းကောင်း (သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။ အမှန်စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ် ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။

[216] (အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ဝယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (ဝန်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။

[217] (အို-နဗီတမန်တော်)ထိုသူတို့သည် ရိုသေလေး စား အပ်သောလမြတ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း နှင့်စပ် လျဉ်း၍ အသင့်ကို (လာရောက်) မေးမြန်းကြရာ အသင် သည် အချင်းတို့) ထိုလမြတ်၌ (သိလျက်နှင့် ပင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းသည် ကြီးလေးသော အပြစ်ပင် ဖြစ်ချေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ (သာသနာ့)လမ်းတော်မှ ပိတ်ပင်တားဆီးခြင်းသည်လည်း ကောင်း၊ ထိုအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ် ခြင်းသည်လည်းကောင်း၊ ရိုသေလေးစားအပ်သော (အလ္လာဟ် အရှင်မြတ်၏) ဗလီကျောင်း တော်မှ (ဖူးမျှော်ရန်လာသောသူ များကို) တားဆီး ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ထိုဗလီ ကျောင်းတော်၌ မှီတင်းနေထိုင်ကြသော သူတို့ကို ယင်းဗလီ ကျောင်းတော်မှ နှင်ထုတ်ခြင်းသည် လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏ အထံတော်၌ သာလွန်၍ ကြီးလေးသောအပြစ်ပင် ဖြစ်ချေသည်။ ထိုနည်းတူစွာ (သာသနာရေး၌) ညှဉ်းပန်းနှိပ် စက်ကလူပြုခြင်းသည်လည်း (ထို)သတ်ဖြတ်ခြင်းထက်ပင် သာလွန်၍ ကြီးလေးသော အပြစ်ကြီးတစ်ရပ်ဖြစ်ပေသည် ဟု အသင်ဖြေကြားပါလေ။ (အို-မုအ်မင်န်အပေါင်းတို့) စင်စစ် တမူကား၊ အကယ်၍သာ ယင်း(ကာဖိရ်)တို့ တတ်စွမ်းနိုင်ကြပါမူ အသင်တို့ (သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်) သာသ နာတော်ကို စွန့်လွှတ်ကြရန်အတွက် အစဉ်မပြတ် အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လတ္တံ့။ ပြီးနောက် အသင်တို့အနက် အကြင်သူ(တို့)သည် မိမိတို့ (သက်ဝင်ယုံကြည်သောအစ္စလာမ်) သာသနာတော်မှ ဖောက်ပြန်၍ ကာဖိရ် အဖြစ်နှင့် သေဆုံး ကြအံ့၊ ထိုသူတို့၏ အကျင့်သီလဟူသရွေ့တို့သည် ဤပစ္စုပ္ပန် ဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနလုံး၌ပင် အချည်းနှီး အကျိုးမဲ့ ဖြစ်ကြချေ၏။ ဤသူများသည် ငရဲသားများဖြစ်ကြ၏။ ၎င်းတို့သည် ထိုငရဲတွင် အမြဲခံစားကြရမည့်သူများပင်တည်း။

[218] ဧကန်မုချ အကြင်သူတို့သည်အီမာန် ယုံကြည် ခြင်းသဒ္ဓါတရားထားရှိကြ၏။ ထို့ပြင် အကြင်သူတို့သည် (မိမိတို့ ၏နေရင်းဌာနများကိုပင်) စွန့်၍ ထွက်ခွာသွားကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် ဂျိဟာဒ် အလ္လာဟ် အရှင်မြတ်၏ လမ်း၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်၏။ ဤသူများ သည်ပင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မြှော်လင့် တောင့်တကြကုန်သည်။ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ် သည် အကြိမ်ကြိမ် အဖန်ဖန် ချမ်းသာခွင့် ပေးသနား တော်မူ သောအရှင်၊ အစဉ်မပြတ် သနားကြင်နာတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

[219] (အို-နဗီတမန်တော်) အချို့သောသူတို့သည် သုရာမေရယ အရက်သေစာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လောင်းတမ်းကစားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသင့် ထံ(လာရောက်)မေးမြန်းကြလေသည်။ အသင်သည် (ယင်းသူ တို့အား အို-အချင်းတို့) ထို (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်း)နှစ်မျိုးလုံးတို့၌ ကြီးလေးသောအပြစ် များသည်လည်းရှိ၏။ လူတို့အဘို့ရာ(အနည်းငယ်သော) အကျိုးကျေးဇူးများသည်လည်းရှိ၏။ သို့ရာတွင် ယင်းအမှု နှစ်မျိုးလုံး ၏အပြစ်များသည် ထိုအမှုနှစ်မျိုးလုံး၏ အကျိုးကျေး ဇူးထက် အလွန်ကြီးလေးပေသည်ဟု ဖြေကြားပါလေ။ ထို မှတစ်ပါးတုံ ယင်းသူတို့သည်(ကုသိုလ်အကျိုးငှာ)မည်မျှလောက် သော ဝတ္ထုပစ္စည်းများကို ပေးကမ်း လှူဒါန်း ရပါမည် နည်း ဟုအသင့်ထံ လာရောက်မေးမြန်းကြပြန်ရာ အသင်သည်(ယင်း သူတို့အား အို-အချင်းတို့ အသင်တို့သည် မိမိတို့အဖို့ လိုအပ် သည်ထက်) ပိုလျှံသောပစ္စည်းများ (အနက်မှ စွမ်းအား ရှိသမျှကို ပေးကမ်းလှူဒါန်းနိုင်ကြသည်) ဟုဖြေကြား ပါလေ။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် ဒေသနာ တော်များကို အသင်တို့အားလိုက် နာကျင့်ဆောင်နိုင်ကြရန် ရှင်းလင်းထင်ရှားစွာ မိန့်ကြားတော်မူသည်။ သို့မှသာလျှင် အသင်တို့သည်(လောကီနှင့်လော ကုတ္တ ရာရေး တို့ကိုကောင်း စွာ)စဉ်းစားဆင်ခြင်ကြ တန်ရာသတည်း။

[220] ဤပစ္စုပ္ပန်ဘဝနှင့် နောင်တမလွန်ဘဝ (၏ ကိစ္စအဝဝတို့)နှင့်စပ်လျဉ်း၍။ ထို့ပြင်တဝ(အို-နဗီတမန်တော်) ယင်းသူတို့သည် အသင့်ကို ဖမဲ့ကလေးသူငယ်များနှင့် ပတ်သက် ၍လည်း(လာရောက်)မေးမြန်းကြ၏။ အသင်သည် ယင်းသူတို့ ကို (ဤသို့) ဖြေကြားပါလေ။ ထိုဖမဲ့ကလေးသူငယ်တို့ (၏အခြေ အနေ)ကို ကောင်းမွန်မှန်ကန်အောင် ပြုပြင်ပေးခြင်း သည်သာ လျှင် အကောင်းဆုံး အမြင့်မြတ်ဆုံးပင်ဖြစ်သည်။ အကယ် ၍သာ အသင်တို့သည် ယင်းသူငယ်တို့နှင့် ရောနှော ပေါင်းစပ် ကြပါလျှင် (စိုးရိမ်စရာမရှိ) ထိုဖမဲ့ကလေးသူငယ် တို့သည် အသင်တို့၏ ညီနောင်များပင် ဖြစ်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်သည် ဖသက်ဆိုးတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောသူများနှင့် ကောင်းမွန်အောင် ပြုပြင် ပေးသောသူများကို ခွဲခြား၍သိရှိတော်မူသည်။ ထိုမှ တစ်ပါးတုံ အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလို တော်ရှိတော်မူခဲ့ပါလျှင် အသင်တို့ကို (မိဖမဲ့ ကလေးသူငယ်များ နှင့်ပတ်သက်၍ ခဲယဉ်းသော စည်းမျဉ်းဥပဒေသတ်မှတ် တော်မူပြီးလျှင်) မုချ ဒုက္ခရောက်စေ တော်မူပြီးဖြစ်ချေပြီ။ မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး အာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူသတည်း။

[221] (အို-အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော မုအ်မင်န် အပေါင်းတို့) အလ္လာဟ် အရှင် မြတ်နှင့်ယှဉ်တွဲ၍အခြားအရာကိုကိုးကွယ်သော မိန်းမများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလ ပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည် ထိမ်းမြားမင်္ဂလာ မပြုကြကုန်လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကိုကိုးကွယ်သော မိန်းမတစ်ဦးသည် အသင်တို့အဖို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန်ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသော ကျွန်မိန်းမ တစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုမိန်းမထက် မုချသာ၍ကောင်း၏။ ထို နည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော ယောက်ျားများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလပတ်လုံး ထိုသူများ နှင့်(မုစ်လင်မ်အမျိုးသမီးများကို) ထိမ်းမြား၍ မပေးကြကုန် လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြား အရာကို ကိုးကွယ်သူတစ်ဦးသည် အသင်တို့အဘို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန် ယုံကြည်ခြင်းသဒ္ဓါ တရားထားရှိသော ကျွန်ယောက်ျား တစ်ဦးသည် (အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုယောက်ျားထက် မုချသာ၍ကောင်း၏။ (အလ္လာဟ်အရှင် မြတ်နှင့် ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ် သောသူတို့ သည် အသင်တို့အား) ငရဲမီးသို့ ခေါ်ဆောင်ကြ ကုန်၏။ အလ္လာဟ် အရှင်မြတ်မှာမူ မိမိ၏ဆန္ဒတော်ဖြင့် (အသင်တို့အား) ဂျန္နတ်အမတ သုခဘုံသို့လည်းကောင်း၊ အပြစ် များမှ လွတ်ငြိမ်းချမ်း သာခွင့်ပေးသနားတော်မူခြင်းသို့လည်း ကောင်း၊ ခေါ်ဆောင် လျက် ရှိတော်မူ၏။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် လူသားတို့ သတိတရားရ စိမ့်သောငှာ မိမိ၏တရား ဒေသနာတော်များကို ထင်ရှားစေ တော်မူ၏။

[222] ထိုမှတပါးတုံ၊ (အို-နဗီတမန်တော်) အသင့် အား ထိုသူတို့သည် ရာသီပန်းပွင့်ခြင်း အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကြ၏။ အသင်သည် (ထိုသူတို့ အားဤသို့)ဖြေကြား ပါလေ။ ထို(ရာသီပန်းပွင့်ခြင်း)သည် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သောအညစ်အကြေး တစ်မျိုးပင်ဖြစ်ချေသည်။ သို့ဖြစ်ရာ ရာသီပန်းပွင့် သည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများ နှင့် (ကာယသံသဂ္ဂပြုခြင်းမှ) ခွဲခွာ၍နေကြလေကုန်၊ ၎င်းပြင် ထိုဇနီးမိန်းမများ သန့်စင်လာကြသည့်တိုင်အောင် အသင်တို့ သည် ထိုဇနီးမိန်းမများထံသို့ မချဉ်းကပ်ကြကုန်လင့်။ သို့ရာတွင် ထိုဇနီးမိန်းမများ(ကောင်းစွာ)သန့်စင်လာကြသော အခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ရှိထား တော်မူသည်နှင့်အညီ ထိုဇနီးမိန်းမများထံသို့ ချဉ်းကပ်ကြကုန်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (မေ့မှားမှုကို) ဝန်ချ တောင်းပန်သောသူများကို ချစ်နှစ်သက်တော်မူ၏။ ထို့အတူ ထိုအရှင်မြတ်သည်သန့်ရှင်းစင်ကြယ် သောသူများကိုလည်း ချစ်နှစ်သက်တော်မူ၏။

[223] အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ(ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ် ယာများသို့ မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး)ကြကုန်။ ထို့ပြင် အသင်တို့သည်(နောင်ရေးကို ရှေ့ ရှုကာ) မိမိတို့အကျိုးအလို့ငှာ(ကောင်းမှုကုသိုလ်များကို) တင်ကြို ၍ ပို့ဆောင်(ပြုလုပ်)ကြကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် အသင်တို့သည် ထို အရှင်မြတ်၏ရှေ့တော်မှောက်သို့ မုချဝင်ရောက် ကြရမည့်သူ များဖြစ်သည်ကိုလည်း မှတ်ယူကြကုန်၊ ထို့ပြင်(အို-နဗီ) အသင် သည် ယုံကြည်ခြင်းသဒ္ဓါ တရားနှင့်ပြည့်စုံသော မုအ်မင်န် တို့အား ဝမ်းမြောက်ဘွယ်ရာသတင်းကို ပြောကြားပါလေ။

[224] ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီးသဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[225] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[226] မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

[227] ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။

[228] ထို့ပြင် ကွာရှင်းခြင်းခံရသော ဇနီးမိန်းမများ သည် ရာသီပန်းသုံးကြိမ်ပွင့်သည့်တိုင်အောင်(အိမ်ထောင်သစ် ပြုခြင်းမှ)မိမိတို့ကိုယ်ကို ဆိုင်းငံ့ထားကြရမည်။ ထို့ပြင် အကယ် စင်စစ် ထိုဇနီးမိန်းမများသည် အလ္လာဟ်အရှင်မြတ် ကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြပါလျှင် ထိုဇနီးမိန်းမ များအဖို့ မိမိတို့ သားအိမ်များတွင် အလ္လာဟ် အရှင်မြတ်ဖန်ဆင်း ထားတော်မူသောအရာ (ကိုယ်ဝန်များကို လည်းကောင်း၊ ရာသီပန်းပွင့်ခြင်းကိုလည်းကောင်း၊) ထိန်ချန် လျှို့ဝှက်ထားပိုင်ခွင့် မရှိချေ။ ထို့ပြင် ထိုဇနီးမိန်းမများတို့၏ လင်ယောက်ျားတို့သည် သင့်မြတ်ခြင်းကို ရည်စူးကြပါလျှင် ထို ဇနီးမိန်းမများအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အရေး ပို၍ရှိ သူများ ဖြစ်ကြပေသည်။ ထို့ပြင် ထိုဇနီးမိန်းမများအပေါ်ဝယ် တာဝန်များရှိ သကဲ့သို့ ထိုဇနီးမိန်းမများအဘို့လည်း တရား စည်းကမ်းများ အတိုင်း အခွင့်အရေးများလည်း ရှိကြပေသည်။ သို့ပင်တစေ လင်ယောက်ျားတို့ အဖို့မှာကား ထိုဇနီးမိန်းမများ အပေါ်ဝယ် သာလွန်ခြင်းတစ်ရပ်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသော အရှင် ဖြစ်တော်မူပေသတည်း။

[229] (ဇနီးမောင်နှံ ပြန်လည်ပေါင်းသင်းနိုင်သော)ကွာ ရှင်းခြင်းသည် နှစ်ကြိမ်မျှသာတည်း။ ထို့နောက်(လင်ယောက်ျား များသည် မိမိတို့၏ဇနီးများကို) တရားတော်နှင့် အညီပြန်လည် သိမ်းပိုက်ပေါင်းသင်း ရန်သာရှိ၏။ သို့တည်းမဟုတ် (တတိယ အကြိမ် ထပ်မံကွာရှင်း၍) ကောင်းမွန်စွာ စွန့်လွှတ်ရန်သာရှိ တော့သတည်း။ ၎င်းပြင် အသင်တို့အဖို့ ထိုဇနီး မိန်းမတို့အား ပေးခဲ့သော (မဟ်ရ်ခန်းဝင်ပစ္စည်း အစရှိသည် များ) အနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်လည်ယူပိုင်ခွင့်မရှိချေ။ သို့ရာတွင် ယင်းဇနီးမောင်နှံနှစ်ဦးတို့သည် အလ္လာဟ်အရှင်မြတ်၏ စည်း ကမ်းများကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော အခါမျိုး၌မူ (ယူနိုင်ခွင့်ရှိပေသည်။) သို့ဖြစ်လေရာ အကယ်၍ ယင်းဇနီးမောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်း ဥပဒေများကို မစောင့် ထိန်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြပါမူ ထိုဇနီးမိန်းမက လျော်ကြေးပေးသောပစ္စည်း နှင့်စပ်လျဉ်း၍ ထိုဇနီးမောင်နှံနှစ်ဦး တို့အပေါ်တွင် တစ်စုံတစ်ရာမျှ အပြစ် မထိုက်သင့်ချေ။ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ် သတ် မှတ်ပြဋ္ဌာန်းထားတော်မူသော စည်းမျဉ်း ဥပဒေများတည်း။ သို့ဖြစ်လေရာ အသင်တို့သည် ယင်းစည်း မျဉ်းတို့ကို မကျူးလွန် ကြကုန်လင့်။ စင်စစ်တမူကား အကြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းမျဉ်းများကို ကျူးလွန်ပါမူ ထိုသူတို့သာလျှင် ပြစ်မှားကျူးလွန်သူများ ဖြစ်ကြကုန်သတည်း။

[230] (တွလာက်ရဂျ်အီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တဖန် အကယ်၍ လင်ယောက်ျားသည် ထိုဇနီး မိန်းမအား ထပ်မံ၍ တွလာက် ကွာရှင်းခဲ့သည် ရှိသော် (သို့သုံးကြိမ် မြောက် တွလာက် ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြား လင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား ဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျား တစ်ဦးဦးနှင့် ထိမ်းမြားပြီး သည့်နောက်) အကယ်၍ ထို(ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီး မိန်းမအား ကွာရှင်း ခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပဌမ) လင်ယောက်ျားနှစေ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့် ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တဖန် ပြန်လည်ပေါင်း သင်း ဆက်ဆံကြပါသော် ထိုဇနီး မောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာအပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဘို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။

[231] တဖန် မည်သည့်အခါဝယ် အသင်တို့သည် (မိမိတို့) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ)ပေး၍ ကွာ ရှင်းပြီးသည့်နောက် ထိုဇနီးမိန်းမတို့သည် (မိမိ တို့အဖို့ ကန့် သတ် ပိုင်းခြားထားသော) အစ်ဒ်ဒတ် ရက်ပိုင်းကာလ ပရိစ္ဆေဒ (ကုန်ဆုံးခါနီး) သို့ရောက်ရှိသွားကြပါမူ၊ အသင်တို့ သည် ထိုဇနီးမိန်းမတို့အား တရားစည်းကမ်းနှင့်အညီ ပြန် လည်သိမ်းပိုက်ပေါင်းသင်းကြရမည်၊ သို့တည်းမဟုတ် တရားစည်းကမ်းအတိုင်း ထိုဇနီးမိန်းမတို့အား စွန့်လွှတ်ကြ ရမည်။ သို့ရာတွင် အသင်တို့သည် ထိုဇနီးမိန်းမတို့ကို နစ်နာစေ သောစေတနာဖြင့် ညှဉ်းပန်းနှိပ်စက်နိုင်ကြရန်အတွက် ပြန် လည် သိမ်းပိုက်ခြင်းကို မပြုကြကုန်လင့်။ အမှန်သော်ကား မည်သူမဆို ယင်းကဲ့သို့ (နစ်နာစေမှုကို) ပြုလုပ်ခဲ့ပါမူ ထို သူသည် အမှန်စင်စစ် မိမိကိုယ်ကိုသာ မိမိ နှိပ်စက်ရာ ရောက် ပေသည်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို ပြောင်လှောင်ပြက်ချော် သရော် သမှုမပြုလုပ်ကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်ပြုထားတော်မူသော ကျေးဇူး တော်များကိုလည်းကောင်း၊ ထို အရှင်မြတ် ထုတ်ပြန်ချမှတ် တော်မူသော ကျမ်းဂန် နှင့်အသိအလိမ္မာ ဉာဏ်ပညာများကို လည်းကောင်း၊ သတိရကြကုန်လော့။ ထိုအရှင်သည် ထိုကျမ်း ဂန် ဒေသနာဖြင့်လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာဖြင့် လည်းကောင်း အသင်တို့အား ပဲ့ပြင်ဆုံးမ တော်မူသည်၊ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြကုန်၊ ဧကန်စင်စစ် အလ’ာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူသည်ကိုလည်း အသင်တို့ ယုံကြည်မှတ်ယူ ကြလေကုန်။

[232] ထို့ပြင် အကြင်အခါဝယ် အသင်တို့သည် (မိမိ တို့၏) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ ပေး၍)ကွာရှင်း ကြပါလျှင် သို့ကွာရှင်းပြီးနောက် ထိုဇနီးမိန်းမတို့သည် မိမိတို့ ၏(အစ်ဒ်ဒတ်) ရက်ပိုင်း (အဆုံး)သို့ ရောက်သွားကြသောအခါ အကယ်၍ (ထိုဇနီးမိန်းမတို့နှင့် နောက်ထပ်အိမ်ထောင် ပြုအံ့ သော လင်ခင်ပွန်းတို့သည်) တရားစည်းကမ်းနှင့်အညီ (အိမ်ထောင်ပြုရန်) အချင်းချင်း ် နှစ်ဦးနှစ်ဝသဘော မျှကြ ပါသော် အသင်တို့သည် ထိုဇနီးမိန်းမတို့အား မိမိတို့၏ ခင်ပွန်း များနှင့် ထိမ်းမြားခြင်းမှ ဖိနှိပ်ချုပ်ချယ် မြစ်တားခြင်း မပြုကြ ကုန်လင့်။ ဤပညတ်တော်ကား အသင်တို့အနက် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သောသူများအား သွန်သင်ဆုံးမအပ်သော ပညတ် တော်တည်း။ ဤ(ပညတ် တော်ကိုနာခံခြင်း)သည် အသင်တို့ အဖို့ အလွန်တရာမျှ အကျိုး ဖြစ်ထွန်းစေ သော၊ (အပြစ်ဒု စရိုက်တို့မှ) ပိုမို၍ သန့်ရှင်းစေသော ပညတ်တော်တည်း။ စင်စစ်သော်ကား အလ္လာဟ် ်အရှင်မြတ်သည် (အကျိုးဖြစ်ထွန်း စေမည့်အကြောင်း တရားတို့ကို) သိတော်မူ၏။ အသင်တို့ မူကား မသိကြချေ။

[233] ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ (သို့ရာ တွင်) မည်သူတစ်ဦးတစ်ယောက်မျှ မိမိတတ်စွမ်း နိုင်သည်ထက် ပို၍ တာဝန်ထမ်းဆောင်စေခြင်းကို မခံရချေ။ (သို့ဖြစ်လေရာ) မည်သည့်မိခင်မျှ မိမိ သားသမီးအတွက်ကြောင့် မနစ်နာစေရ၊ မည်သည့် ဖခင်မျှလည်း မိမိသားသမီးအတွက်ကြောင့် မနစ်နာ စေရ။ (သေဆုံးသည့်အခါ၌) အမွေစားအမွေခံများ အပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် ဝတ်စားတန် ဆာများကို စီမံပေးရန်)တာဝန်ရှိ၏။ ထို့နောက် အကယ်၍ မိဘနှစ်ပါး တို့သည် (ကလေး၏အကျိုးငှာ) မိမိတို့ အချင်းချင်း တိုင်ပင် ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် (နှစ်နှစ်မစေ့ ရောက်မီ) နို့ဖြတ်လိုပါက (နို့ဖြတ်နိုင်ခွင့်ရှိသည်)၊ ထိုသို့ (နို့ဖြတ် သည့်အတွက်) ထိုမိဘနှစ်ပါး အပေါ်ဝယ်မည် သို့မျှ အပြစ်မရှိ ချေ။ ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် မိမိတို့၏ သားသမီးများကို (နို့ထိမ်းသည်တဦးဦး အားငှား ရမ်း၍) နို့ရည်တိုက်ကျွေးစေလိုကလည်း အသင်တို့သည် (နို့ထိမ်းသည် အား) ပေးရန်ရှိသည့် အခကြေးငွေများကို တရား စည်းကမ်း နှင့်အညီ ပေးဆပ်ခဲ့ကြသည်ရှိသော် အသင်တို့၌ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ် ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စ အရပ်ရပ်တို့ကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း ကိုလည်း(ကောင်းစွာ)သိနားလည်ကြကုန်။

[234] ထို့ပြင် အသင်တို့အနက် အကြင်သူတို့သည် ကွယ်လွန်သေဆုံးကြကုန်၏။ ထို့ပြင် ဇနီးမိန်းမများကို ချန်ရစ် ခဲ့ကြ၏။ ထိုဇနီးမိန်းမသည် 4-လနှင့် 10-ရက်တိုင်တိုင် (အိမ် ထောင်သစ်ပြုခြင်းမှ) မိမိတို့ ကိုယ်ကို ဆိုင်းငံ့၍ထားကြရမည်။ ထို့ပြင် ထိုဇနီးမိန်းမများသည် မိမိတို့၏ (အစ်ဒ်ဒတ်) သတ်မှတ် ထားသော ရက်ပိုင်းကာလ ပရိစ္ဆေဒအဆုံးသို့ ရောက်ရှိသော အခါ မိမိတို့ ကိုယ်ရေးနှင့်ပတ်သက်၍ တရားစည်းကမ်းနှင့် အညီ ပြုလုပ်တတ်ကြသောကိစ္စ (အိမ်ထောင်သစ်ပြုခြင်း၊ ဖြီးလိမ်းခြင်း စသည်တို့) တွင် အသင်တို့၌ တစ်စုံတစ်ရာမျှ အပြစ် မရှိချေ။ အမှန်သော် ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ် သမျှသောကိစ္စအရပ်ရပ်ကို အကြွင်းမဲ့ကြား သိတော် မူသောအရှင် ဖြစ်တော်မူသတည်း။

[235] ထို့ပြင်တဝ (အစ်ဒ်ဒတ် အတွင်းရှိနေသော) မုဆိုးမများအား (ထိမ်းမြားရန်) စေ့စပ်ကြောင်းလမ်း ခြင်းနှင့် စပ်လျဉ်း၍ စကားရိပ်စကား>မက် ပြောဆိုခြင်း၌လည်းကောင်း၊ သို့တည်း မဟုတ် (ထိမ်းမြားလိုသော ဆန္ဒကို) မိမိတို့စိတ်နှလုံး များတွင် လျှို့ဝှက်မျိုသိပ် ထားခြင်း၌လည်းကောင်း၊ အသင် တို့အပေါ်ဝယ် တစ်စုံတစ်ရာမျှ အပြစ်မရှိချေ။ အသင်တို့သည် မကြာမြင့်မီ ယင်းမိန်းမများ၏အကြောင်းကို ထုတ်ဖော်ပြော ဆိုကြမည်ကို အလ္လာဟ်အရှင်မြတ်သည် သိပြီးဖြစ်တော်မူ သည်။ သို့ရာတွင် အသင်တို့သည် (စကားရိပ်အားဖြင့်) ယဉ် ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်းမှအပ (ထိမ်းမြားရန် အကြောင်းနှင့်စပ်လျဉ်း၍) ထိုမိန်းမများ နှင့် တီးတိုးလျှို့ဝှက်စွာ မျှပင် ကတိမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် (ထို မိန်းမများအဘို့) ပြဋ္ဌာန်းပြီးဖြစ်သော (အစ်ဒ်ဒတ်) ရက်ပိုင်း ကာလ ပရိစ္ဆေဒ မကုန်ဆုံးမီ ထိမ်းမြားခြင်းတည်းဟူသော မင်္ဂလာအထုံးအဖွဲ့ကို အတည်မဖွဲ့ကြကုန်လင့်။ ထိုမှတပါး အသင်တို့၏စိတ်တွင် (မျိုသိပ်ထားရှိ သော) အကြောင်းအရာ ခပ်သိမ်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် သိရှိ တော်မူသည်ကို ယုံကြည်မှတ်ယူကြ၍ ထိုအရှင်မြတ်အား ကြောက်ရွံ့ကြကုန်လော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ ဆိုင်းငံ့ထောက်ထား တော်မူ သောအရှင်၊ ဖြစ်တော်မူသည်ကိုလည်း ယုံကြည်မှတ်ယူကြကုန် လော့။

[236] အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။

[237] တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော လင် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအ>ပန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။

[238] အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။

[239] သို့ရာတွင် အကယ်၍ အသင်တို့သည် (ရန်သူတို့ ၏ ဘေးရန်များကို) စိုးရိမ်မကင်း ဖြစ်ကြပါမူ ခြေလျင်ဖြစ်စေ၊ (တစ်စုံတစ်ခုသော အစီးအနင်းကို) စီးနင်းလျက်ဖြစ်စေ၊ (ဖြစ်နိုင်သောနည်းဖြင့် ဆွလာတ်ဝတ်ပြုကြလေကုန်)၊ ထို့နောက် အသင်တို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကြသော အခါဝယ် အသင်တို့အား အသင်တို့ မသိ နားမလည်စဉ်က သင်ကြား ပြသတော်မူသည့် အတိုင်း အသင်တို့သည် အလ္လာဟ် အရှင် မြတ်ကို အောက်မေ့ တçသ သတိရကြကုန်လော့။

[240] ၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။

[241] ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။

[242] ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။

[243] (အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။

[244] ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။

[245] အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။

[246] (အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[247] ထို့နောက် ယင်းသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ဟယ်-အချင်းတို့ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့အပေါ် တွာလူတ် ကို ဘုရင်အဖြစ်တင် မြှောက်တော်မူလေပြီ ဟု ပြောကြားလေရာထိုသူတို့က အဘယ်အတွက်ကြောင့် ယင်း ‘တွာလူတ်’ တွင် ကျွန်တော် မျိုးတို့အပေါ်၌ မင်းလုပ် အုပ်ချုပ် နိုင်ရန် ဩဇာအာဏာသည် အသို့လျှင်ရှိနိုင်အံ့နည်း၊ အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် ယင်းပုဂ္ဂိုလ် ထက်ပင် ဩဇာအာဏာ ရထိုက်သူများဖြစ်ကြ ပါသည်။ ၎င်းပြင် ထို ‘တွာလူတ်’ သည် ဥစ္စာဓန<ကယ်ဝချမ်း သာမှုကိုလည်း ရရှိသူ မဟုတ်ပါ ဟု လျှောက်ထားကြကုန်၏။ ထိုအခါဝယ် ယင်း နဗီတမန်တော်က ဟယ်-အချင်းတို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်း ‘တွာလူတ်’ ကိုပင် အသင်တို့အပေါ်၌ (ဘုရင်အဖြစ်) ရွေးချယ် တင်မြှောက် တော်မူလေပြီ၊ ထို့ပြင်တဝ ထိုအရှင်မြတ်သည် ယင်း ‘တွာလူတ်’ အား (စစ်မက်ရေးရာ အဖြာဖြာ၌ ကျွမ်းကျင်လိမ္မာခြင်းတည်း ဟူသော) ဉာဏဗလ၌လည်းကောင်း၊ (ရူပလက္ခဏာကြန် အင်္ဂါ နှင့်ပြည့်စုံ၍ ကိုယ်ခန္ဓာ ထွားကျိုင်းခွန်အားကြီးမားခြင်းတည်း ဟူသော) ကာယဗလအရာ၌လည်းကောင်း၊ အသင်တို့ထက် ကျယ်ဝန်း စွာပေး သနားတော်မူလေသည်။ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် မိမိ(ပိုင်ဆိုင်တော်မူသော) ဩဇာအာဏာကို မိမိနှစ်သက်လိုလားတော်မူသော သူကိုသာလျှင် ပေးသနား တော်မူလေသည်။ တဖန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ဥစ္စာဓန ချမ်းသာ ကြွယ်ဝမှုကို) ကျယ်ဝန်းစွာ ပေးသနား တော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဟု ပြန်လည် ဖြေကြား တော်မူလေသတည်း။

[248] ထို့ပြင် ထိုသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ထိုတွာလူတ် ဘုရင်ဖြစ်ခြင်း၏ နမိတ်လက္ခဏာတော် မှာ အသင်တို့ထံသို့ အကြင် သေတ္တာသည် အလိုအလျောက် ပြန်ရောက်လာခြင်း ပင်ဖြစ်သည်။ ထိုသေတ္တာတွင် အသင်တို့ အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်မှ ဖြစ်သော စိတ်နှလုံးအေးချမ်းစေသော ပစ္စည်းရှိအံ့၊ ၎င်းပြင် နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)၏ အဆက်အနွယ်များ နှင့် နဗီတမန်တော် ဟာရူန်(အလိုင် ဟစ္စလာမ်)၏ အဆက် အနွယ်များ ထားရှိခဲ့ကြသော အကြွင်းအကျန် ပစ္စည်းများ လည်းရှိအံ့၊ ထိုသေတ္တာကို အပါးတော်စေတမန်များ ဆောင်ကြဉ်းလာကြကုန်အံ့။ အကယ်၍ အသင်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’များ ဖြစ်ကြပါမူ ယင်း (သေတ္တာပြန်ရောက်လာခြင်း)သည် မုချ အသင်တို့ အဘို့ သက်သေ သာဓကတရပ်ပင် ဖြစ်ချေသည်ဟု ပြောကြားလေသည်။

[249] ထို့နောက် တွာလူတ်ဘုရင်သည် (မိမိ၏) စစ် သည်တော်များနှင့်တကွ (ဂျာလူတ်အား စစ်မက်ပြိုင်ဆိုင် တိုက် ခိုက်ရန်အလို့ငှါ) ထွက်ခွါ ချီတက်သွားသောအခါ ထို(တွာလူတ်) ဘုရင်က (အချင်းတို့) မုချစင်စစ် အလ္လာဟ်အရှင်မြတ် သည် အသင်တို့အား မြစ်တခုဖြင့် စမ်းသပ်တော်မူ လတ္တံ့၊ သို့ဖြစ်ရာ အကြင်သူသည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးသည် ရှိသော် ထိုသူသည် ငါနှင့်စပ်ဆိုင်သူမဟုတ်။ ထို့ပြင် အကြင်သူသည် ထိုမြစ်ကိုမသောက်သော်၊ ထိုသူသည်သာလျှင် ငါနှင့်စပ်ဆိုင်သူဖြစ်သည်။ သို့ရုာတွင် အကြင်သူသည် (ထိုမြစ်ရေကို)မိမိလက်ဖြင့် တစ်လက်ခုပ်မျှလောက် သောက် သုံးသည်ရှိသော်(တစ်စုံတစ်ရာ အပြစ်မရှိပေ) ဟုပြောကြား လေသည်။ သို့တစေလည်း တွာလူ(တ်) ဘုရင်၏စစ်သည် တော်များအနက် အနည်းငယ်မျှသော လူတစ်စုမှအပ ကျန်အားလုံးတို့သည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးခဲ့ကြလေသည်။ ထို့နောက် သွာလူ(တ်)ဘုရင်နျင့် အတူတကွ လိုက်ပါလာသောယုံကြည်ခြင်း သဒ္ဓါတရား ထား ရှိသော ‘မုအ်မင်န်’ တို့သည်လည်းကောင်း၊ ထိုမြစ်ကိုဖြတ် ကူး၍ ကျော်လွန်သွားကြသည့်အခါ ထိုလိုက်ပါလာသော စစ်သည် တော်တို့ (အနက်တချို့)က ယနေ့အဘို့ ကျွန်ုပ်တို့၌ ဂျာလူတ် နှင့် ထိုဂျာလူတ်၏ စစ်သည်တော်တို့အား ပြိုင်ဆိုင် တိုက်ခိုက်ရန် စွမ်းအားမရှိပြီ ဟု ပြောဆိုကြလေသည်။ (ထိုအခါဝယ်) ငါတို့သည် ဧကန်မုချ အလ္လာဟ်အရှင်မြတ်အား ဖူးတွေ့ရမည့် သူများဖြစ်ကြသည် ဟူ၍ယုံကြည်သောသူများက အလ္လာဟ် အရှင်မြတ်၏ အမိန့် တော်ဖြင့် အနည်းငယ်မျှသော အရှင် မြတ်၏ အမိန့်တော်ဖြင့် အနည်းငယ်မျှသော လူစု ကလေး များသည် စစ်သည်တော် မြောက်မြားစွာ ပါဝင်သော လူစု များကိုပင် ကြိမ်ဖန်များစွာ အောင် နိုင်ခဲ့ဘူးလေပြီ၊ အမှန် စင်စစ်အလ္လာဟ်အရှင်မြတ်သည် ခန္တီပါရမီနှင့် ပြည့်စုံသော သူများ နှင့် အတူတကွ ရှိတော်မူပေသည် ဟု ပြောဆိုကြ ကုန်၏။

[250] ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတိ္တကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။

[251] ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို ကွပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။

[252] (အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။

[253] ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။

[254] အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။

[255] အလ္လာဟ်အရှင်မြတ်သည် (သာလျှင်ခဝပ် ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၏)။ ထိုအရှင်မြတ် မှတစ်ပါးကိုးကွယ် ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်းစောင့် ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်း ကောင်း မဖိစီးနိုင်ပေ။ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့)အရာ ဝတ္ထုဟူသမျှတို့ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ထိုအရှင်မြတ်၏အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စအဖြစ်အပျက် တို့အနက်မှထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်း ကိစ္စ မှအပတစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင်ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲ ထွတ်မြတ်တော်မူသောအရှင်တည်း။

[256] ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျကှိ်နေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။ သို့ဖြစ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် (အလ္လာဟ်အရှင်မြတ်မှအပ လူသားတို့ မှတ်ယူထား သော မမှန်ကန်သော ကိုးကွယ်ရာများကို) သွေဖည်ငြင်းဆန်(စွန့်လွှတ်ပယ်ရှား)ကာ(တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးကွယ်ပါမူ ဧကန်အမှန်ထိုသူသည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ် ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက်ခြင်းအလျင်း မရှိသောကြိုးကွင်းကို မြဲမြံစွာဆွဲကိုင်ထားသူဖြစ်ချေပြီ။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ နှုတ်လျှာမှ ထွက်ဆိုသောအကြောင်းအရာများကို)အလုံးစုံ ကြားတော်မူသောအရှင်၊(အသင်တို့စိတ်တွင်း၌ လျှို့ဝှက်သော အကြောင်းအရာ) ခပ်သိမ်းတို့ကိုလည်း အြွကင်းမရှိ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[257] အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မ တော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို (“ကုဖ်ရ်”တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။ သို့ရာတွင် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အဆွေခင်ပွန်း များမှာမူကားရှိုင်တွာန်များပင်တည်း။ ယင်းရှိုင်တွာန်များ သည် ထိုသူတို့အား(အစ္စလာမ်တည်းဟူသော) အလင်းရောင်မှ “ကုဖ်ရ်” တည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်အတွင်းသို့ ပို့ဆောင်ကြကုန်၏။ယင်းကဲ့သို့(အစ္စလာမ်သာသနာတော်ကို)မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် ငရဲသားများဖြစ်ကြရကား ထိုငရဲ၌ပင် ထာဝစဉ်ခံစားနေထိုင်ကြရမည့်သူများဖြစ်ကြပေသတည်း။

[258] (အို-နဗီတမန်တော်)အသင်သည် အကြင်(ဘုရင်) ၏အကြောင်းကို လေ့လာဆင်ခြင်ပြီး မဟုတ်ပါလော။အလ္လာဟ်အရှင်မြတ်သည် ထိုဘုရင်အား ဩဇာအာဏာ တိက္ကမပေးသနားတော်မူထားသည့်အတွက်ကြောင့် ထိုဘုရင်သည်(စောင်းမာန် တက်ကြွပြီး) နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)အား မွေးမြူတော်မူသော အရှင်နှင့် ပတ်သက်၍ ထိုတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ အခါတစ်ပါး၌ နဗီတမန်တော်စ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ယင်းဘုရင်၏ မေးခွန်းကို အကြောင်းပြု၍) ‘ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည်(သက်မဲ့အပေါင်းတို့ကို)ရှင်စေတော်မူသောအရှင်၊ (သက်ရှိအပေါင်းတို့ကို) သေစေတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်’ ဟု ဖြေကြားခဲ့လေသည်။ ထိုအခါ ထို(ဘုရင်)က’ငါသည်လည်း (မိမိ အလိုရှိသူကို သေဒဏ်မှ လွတ်မြောက်စေခြင်းအားဖြင့်) ရှင်စေနိုင်သည်၊ ထိုနည်းတူစွာ ငါသည်လည်း(မိမိအလိုရှိသူကိုသတ်စေခြင်းအားဖြင့်) သေစေနိုင်သည်’ ဟုပြန်လည်ပြောကြားရာ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ထိုဘုရင်၏အသိဉာဏ် ခေါင်းပါးမှုကို ထောက်ရှုကာ) ဧကန်စင်စစ် (ငါ၏ကိုးကွယ် ရာအရှင်ဖြစ်တော်မူသော)အလ္လာဟ်အရှင်မြတ်သည် သူရိယနေကို အရှေ့ဖက်မှထွက်စေတော်မူလေသည်။ အသင်သည် (အလ္လာဟ်အရှင်မြတ်ကဲ့သို့တန်ခိုးအာနုဘောနှင့်ပြည့်စုံပါလျှင်) ထိုသူရိယနေကို အနောက်ဖက်မှ ထွက်စေပါလေ’ ဟု(တနည်းပြောင်း၍) ပြောကြားပြန်လေသည်။ ထိုအခါ (အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည်သွေဖည်ငြင်းပယ်သော (ဘုရင်)သည် (တစ်စုံတစ်ရာမျှ တုံ့ပြန်ဖြေကြားနိုင်သည်မရှိဘဲ) မိန်းမောတွေဝေ အံ့အားသင့်၍သွားလေတော့သည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတော်မတရား ကျူးလွန်သောသူများအား တရားလမ်းမှန်ကိုညွှန်ကြား ပြသတော်မမူချေ။

[259] င်းပြင် (အို-နဗီတမန်တော်) အသင်သည်အကြင်သူ၏ အဖြစ်အပျက်ကို လေ့လာဆင်ခြင်သုံးသပ်ပြီးဖြစ်သည် မဟုတ်ပါလော။ ထိုသူသည် (အိမ်ခေါင်မိုးများ ပြိုကျကာနံရံများသည်လည်း) ခေါင်မိုးများပေါ်သို့ ပြိုကျ၍ ပျက်စီးလျက်ရှိသော မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားလေရာ “အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာကို ပျက်စီးပြီးနောက်အဘယ်နည်းဖြင့် ပြန်လည်(ရှင်စေ)ထူထောင်တော်မူအံ့နည်း”ဟု(မိမိစိတ်တွင်းဝယ် အံ့ဩကြီးစွာဖြင့်တွေးဆ)ပြောဆို လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူခဲ့လေ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ထိုသူအားရှင်စေတော်မူ၍”အသင်သည်(ဤနေရာ၌)မည်မျှတိုင်အောင် ကြာမြင့်စွာ နေခဲ့ပါသနည်း” ဟု မေးမြန်းတော်မူလေရာ ထိုသူက ကျွန်တော်မျိုးသည် တစ်နေ့တိတိ သို့တည်းမဟုတ် တစ်နေ့လျော့လျော့နေ ခဲ့ပါ သည်” ဟု လျှောက်ထားလေသည်။ (ထိုအခါအလ္လာဟ် အရှင်မြတ်က) “ဤသို့ မဟုတ်၊ စင်စစ်မှာကားအသင်သည်နှစ် ပေါင်း တစ်ရာမျှတိုင် အောင်နေခဲ့လေပြီ။အသင်သည် မိမိ၏ စားဖွယ်သောက်ဖွယ် ရာများကို ရှုပါလေ၊ထိုစားဖွယ်ရာများ သည် (ဤမျှနှစ်ကာလ ပရိစ္ဆေဒကြာမြင့်သော်လည်း စိုးစဉ်းမျှ) ပုပ်သိုးနံစော်ခြင်း မရှိပြီ။တစ်ဖန် (မိမိ စီးနင်း၍လာသော) မြည်းတိရိစ္ဆာန်ကို(လည်း)ကြည့်ပါလေ။ စ်စစ်တမူကား ငါအရှင်မြတ်သည်အသင့်ကို (ယင်းကဲ့သို့သေစေတော်မူပြီး တဖန်ရှင်စေတော်မူခြင်းမှာ လူခပင်းတို့အဖို့ သက်သေခံ လက္ခဏာတစ်ရပ်ပြုလုပ်တော်မူရန်ပင်တည်း။ ထိုနည်းတူစွာငါအရှင်မြတ်သည်(အသင်စီးနင်း၍လာသောမြည်းတိရိစ္ဆာန်၏)အရိုးများကို မည်သည့်နည်းမျိုးဖြင့် ဆက်စပ်တော်မူ၍ အသားဖြင့် ဖုံးအုပ်ပေးတော်မူသည်ကိုလည်း ရှုပါလေ” ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်း အဖြစ်အပျက်အလုံးစုံတို့သည်) ထိုသူ့အဖို့ရာ ထင်ရှားလာသောအခါ ထိုသူက “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ကို ကျွန်တော်မျိုး(မျက်မြင်ဒိဋ္ဌသိမြင်) ယုံကြည် ပါပြီ”ဟု လျှောက်ထား လေသတည်း။

[260] င်းပြင် (အို-နဗီတမန်တော်) အသင်သည် ပြနလည်အောက်မေ့ သတိရပါလေ။ တရံရောအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)သည် (အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) သေသူများအား မည်သည့်နည်းဖြင့် ရှင်စေတော်မူမည်ကို ကျွန်တော်မျိုးအားပြသတော်မူပါ။ထိုအခါ အလ္လာဟ်အရှင်မြတ်က “ (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည် (သေသူတို့အား ငါအရှင်မြတ်ရှင်ပြန်ထစေတော်မူမည်ကို) မယုံကြည်ပါသလော” ဟုမေးမြန်းတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)က ထိုသို့မဟုတ်ပါ၊ မုချပင်ယုံကြည်ပါ၏။ သို့ရာတွင်မိမိစိတ် နှစ်သိမ့်ကျေနပ်ရန်အလို့ငှါ(လျှောက်ထားခြင်းသာဖြစ်ပါသည်)ဟု လျှောက်ထားလေသည်။ ထို့အခါ အလ္လာဟ်အရှင်မြတ်က “သို့ဖြစ်လျှင် (အို-အစ်ဗ်ရာဟီမ်) အသင်သည်ငှက်သတ္တဝါလေးကောင်ကို(ဖမ်း)ယူပြီးလျှင် ထိုငှက်သတ္တဝါများကို မိမိထံ၌ အပိုင်းပိုင်းဖြတ်တောက်၍ (မိမိပတ်ဝန်းကျင်၌ရှိသော) တောင်အသီးသီးတို့ပေါ်ဝယ် ထားပါလေ။ ထို့နောက်သင်သည် ယင်းငှက်သတ္တဝါတို့ကို ဟစ်အော်၍ ခေါ်ပါလေ။ယင်း ငှက်သတ္တဝါတို့သည် (ရှင်ပြန်ထ၍) အသင့်ထံပြေး၍လာကြလိမ့်မည်။ ထို့ပြင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ဘုန်းတန်ခိုး အာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်ယုံကြည်မှတ်ယူပါလေ” ဟု မိန့်ကြားတော်မူလေသတည်း။

[261] မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအြွကင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

[262] အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်းသုံးစွဲကြကုန်၏။ ထိုကဲ့သို့ပေးကမ်းစွန့်ကြဲ သုံးစွဲပြီးသည့်နောက်ယင်းသူတို့သည် (မိမိတို့ စွန့်ကြဲပေးကမ်းသော သူဆင်းရဲတို့အား) ဂုဏ်ဖေါ်ခြင်းလည်းမပြုကြချေ၊ ထိုနည်းတူစွာ မည်သည့်ဒုက္ခ ရောက်စေခြင်းကိုမှလည်း မပြုကြချေ။ ထိုကဲ့သို့သောသူတို့အဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ ကုသိုလ်အကျိုးများရှိသည်။ ယင်း သူတို့အဖို့မည်သည့်စိုးရိမ်ကြောင့် ကြခြင်းမျှလည်းမရှိ။ ယင်းသူတို့သည်ပူဆွေးကြမည်လည်း မဟုတ်ကြချေ။

[263] (ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ြွကယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။

[264] အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှပင်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။

[265] အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။

[266] အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။

[267] အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့သေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။

[268] ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[269] ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေးဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။

[270] စင်စစ်တမူကား အသင်တို့သည် မည်သည့် လှူဒါန်းခြင်းကိုမဆို ပေးကမ်းလှူဒါန်းကြသည်ဖြစ်စေ၊ သို့မဟုတ်သူသည် ယင်းတို့အား ကုံလုြွံကယ်ဝသူများဟူ၍ ထင်မှတ်လေသည်။ (သို့ရာတွင်) အသင်သည် ယင်းသူတို့၏ ရုပ်ရည်လက္ခဏာအမူအရာ(ကို ကြည့်ရှုရုံမျှ)ဖြင့် (ထိုသူတို့၏ ဆင်းရဲမည် သည့်အဓိဋ္ဌာန်ပြုခြင်း ကိုမဆို ဓိဋ္ဌာန်ကြ သည်ဖြစ်စေဧကန်ဆတ်ဆတ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ပြုလုပ်သမျှသော) ထိုထိုကိစ္စ အဝဝတို့ကို အြွကင်းမဲ့ သိရှိတော်မူပေသည်။ (သို့အြွကင်းမဲ့ သိတော်မူသည့်အတိုင်း ကောင်းသူတို့အားကောင်းကျိုး၊ မကောင်းသူတို့အား မကောင်း ကျိုးများကိုပေးတော်မူမည်)၊ သို့ရာတွင် (ရှင်ပြန်ထမည့်နေ့ တွင်) မတရားပြုလုပ်သူတို့အား ကူညီမစ ကယ်ဆယ်မည့်သူဟူ၍ တ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ချေ။

[271] အကယ်၍ အသင်တို့သည်(မိမိတို့ပေးကမ်း စွန့်ကြဲကြကုန်သော) အလှူဝတ္ထုများကို ထင်ရှား စွာ (လှူဒါန်းပေးကမ်းကြပါမူ) ယင်းသို့ထင်ရှားစေ ခြင်းသည်လည်းကောင်းမြတ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်း(ပေးကမ်းလှူဒါန်း ကြကုန်သော) အလှူဝတ္ထုများကို လျှို့ဝှက်စွာသူဆင်းရဲတို့အား ပေးကမ်းစွန့်ကြဲကြပါမူ၊ ယင်းသို့ လျှို့ဝှက်ခြင်းသည်ကား အသင်တို့အဘို့ရာ သာ၍ပင် ကောင်းမြတ်ပေသည်။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့၏ဒုစရိုက်မှုအချို့တို့ကို ဖယ်ရှားတော်မူအံ့။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သောကိစ္စရပ်တို့ကို အြွကင်းမဲ့ ကြားသိတော်မူသောအရှင်တည်း။

[272] (အို-နဗီတမန်တော်) ထို (ကာဖိရ်) တို့အားတရားလမ်းမှန်သို့ အရောက်ပို့ဆောင်ခြင်းသည် အသင်၏တာဝန်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့ကို တရားလမ်းမှန်သို့အရောက် ပို့ဆောင်တော်မူသည်။ ထို့ပြင် (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် (မိမိတို့၏)ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို အလှူဒါနပြုကြကုန်အံ့၊ (ထိုအလှူဒါနများသည်)အသင်တို့၏ အကျိုးငှာသာ ဖြစ်ကုန်၏။ စင်စစ်သော်ကားအသင်တို့သညအလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကိုဆည်းပူးရန်အလို့ငှါသာ လှူဒါန်းပေးကမ်းကြကုန်၏။ (သို့ဖြစ်ရာအသင်တို့သည် ‘မုစ်လင်မ်’၊ ‘ကာဖိရ်’ မခြား သူဆင်းရဲတို့အား ပေးကမ်းလှူဒါန်း ကြရပေမည်)။ တဖန် အသင်တို့သည်(မိမိတို့၏) ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို လှူဒါန်းကြကုန်အံ့၊ (ထိုအလှူဒါနများ၏ ကုသိုလ်အကျိုးများကို) အသင်တို့သည်အပြည့်အစုံ ခံစားကြရကုန်အံ့၊ထို့ပြင် အသင်တို့သည် (မိမိတို့၏ အလှူဒါနများနှင့် စပ်လျဉ်း၍) မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။

[273] (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောနွမ်းပါးကြောင်းကို)သိမြင်နိုင်ပေသည်။ ယင်းသူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်းကိုလည်း မပြုကြချေ။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်း အနက်မှပေးကမ်းစွန့်ကြဲ သုံးစွဲကြသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အြွကင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူချေသတည်း။

[274] အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်း များကိုနေ့ညဉ့်မရွေး(အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့်(တစ်မျိုး)ထင် ရှားစွာဖြင့်(တစ်ဖုံ) လှူဒါန်းသုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်၌(အသင့်)ရှိပေသည်။ ထို့ပြင်တဝယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ်ကြောင့်ကြခြင်း လည်းမရှိ၊ ယင်းသူတို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ပေ။

[275] အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအခါ) ကောင်းမွန်စွာမရပ်နိုင်ကြဘဲ ရှိုင်တွာန်ဖမ်းစား၍ အသိဉာဏ်မှောက်မှားရူးသွပ်တွေဝေနေသူများကဲ့ သို့သာလျှင် ရပ်ကြကုန်အံ့။ ဤကဲ့သို့ ဖြစ်ရခြင်းကား ယင်းသူတို့က “ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အတိုးအညွန့်စားခြင်းနှင့် ထပ်တူထပ်မျှသာဖြစ်သည်” ဟု ပြောဆိုကြသောကြောင့် ဖြစ်လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ် တော်မူခဲ့လေသည်။သို့ဖြစ်လေရာအကြင်သူသည်၊ မိမိအား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (အတိုးအညွန့်ကို မြစ်တားခြင်းနှင့် စပ်လျဉ်း၍)ဆုံးမဩဝါဒ ရောက်ရှိလာပေရာ (အတိုးအညွန့် စားခြင်းကို)စွန့်လွှတ် ရပ်ဆိုင်းလိုက်ပါမူ ယခင်က(လက်ခံပြီးစားသုံးခဲ့သော)ယူခဲ့သော(အတိုးအညွန့် ကြေးငွေများသည်)ထိုသူ၏ ပစ္စည်းများပင်တည်း။ ထို့ပြင်တဝ ထိုသူ၏(အတွင်းရေး) ကိစ္စ သည်အလ္လာဟ်အရှင်မြတ် အထံတော်သို့ အပ်နှံပြီး ဖြစ်လေသည်။သို့ရာတွင် အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ အတိုးအညွန့်နှင့် စပ်လျဉ်းသော ပညတ်တော်များ ရောက်ရှိလာပြီးသည့် နောက်) တဖန် ထပ်မံ၍ (အတိုးအညွန့်စားခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ထိုသူတို့သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ)ခံစား နေထိုင်ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။

[276] အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေးကမ်းစွန့်ကြဲသုံးစွဲကြကုန်သော)အလှူဝတ္တုများကိုမူ (ဆထက် ထမ်းပိုး)တိုးပွား စေတော်မူ၏။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူး လွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ချေ။

[277] မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်”ဝတ်ပြုကြကုန်၏။ 4င်းပြင် ထိုသူတို့သည်”ဇကာတ်”တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ယင်းသူတို့၏အကျိုးဆုလာဘ်သည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏အထံတော်၌ (အသင့်)ရှိ၏။ 4င်းပြင် ယင်းသူတို့အဖို့အရာမည်သည့် စိုးရိမ်ကြောက် ရွံ့ခြင်းမျှမရှိချေ။ 4င်းပြင်ယင်းသူတို့သည် ဝမ်းနည်းပူဆွေး ကြမည်လည်းမဟုတ်ပေ။

[278] အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ 4င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။

[279] တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[280] တဖန် အကယ်၍ (မြီစားသည်) ဆင်းရဲ နွမ်းပါးသူဖြစ်၍ (အသင်တို့၏ကြွေးမြီများကို အချိန်မှီ မပေးဆပ်နိုင်ခဲ့ပါမူ ထိုသူအား) ဥစ္စာပစ္စည်း ချောင်လည်သည်အထိ အချိန်ကိုရွှေ့ဆိုင်း၍ပေးရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်သိတတ်ကြ ပါမူ (မြီစား၏ဒုက္ခကို ထောက်ထားညှာတာသည့်သဘောဖြင့် မိမိတို့ရထိုက်သောကြွေးမြီကိုပင်) အလှူဒါနအဖြစ်(စာရင်းချေဖျက်) စွန့်လွှတ်ခြင်းသည် အသင်တို့အဖို့သာ၍ပင် ကောင်းမြတ်ပေသတည်း။

[281] ထို့ပြင်တဝ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်လည်ရောက်ရှိကြကုန်အံ့။ ထို့နောက် လူတိုင်းသည် မိမိတို့ ရှာဖွေ ဆည်းပူးခဲ့ကြသော (ကောင်းမှု မကောင်းမှုတို့၏ အကျိုးအပြစ်များကို)အပြည့်အစုံပေးခြင်း ခံကြရလတ္တံ့။ သို့ရာတွင် ယင်း သူတို့သည်(ထိုကဲ့သို့ အကျိုးအပြစ်ပေးခြင်း ခံကြရာတွင် တစ်စုံတစ်ရာမျှ)မတော်မတရား နစ်နာ ဆုံးရှုံးခြင်းကို ခံကြရမည် မဟုတ်ပေ။

[282] အို-ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန်သော (မုစ်လင်မ်) အပေါင်းတို့။ အသင်တို့သည် မိမိတို့အချင်းချင်း (ကုန်စည်ရောင်းဝယ်ရာ၌) ကာလ ပရိစ္ဆေဒ သတ်မှတ်ပိုင်းခြား၍ အကြွေးရောင်းဝယ် ကြသောအခါ၊ ထိုအကြွေးရောင်းဝယ်ခြင်းကိစ္စကို (စာချုပ်စာတမ်းပြုလုပ်) ရေးသားကြကုန်၏။ စင်စစ် အသင်တို့သည် မိမိတို့ အချင်းချင်း (ယင်းကဲ့သို့အကြွေးရောင်းဝယ်ကြသောအခါ) ရေးမှတ်သူ တစ်ဦးဦးသည်(စာချုပ်စာတမ်းကို) တရား မျှတစွာဖြင့် ရေးသား၍ ပေးရမည်။ထိုမှတပါးတုံ ရေးမှတ်သူတဦးဦးသည် မိမိအား အလ္လာဟ်အရှင်မြတ် သင်ကြားပြသ၍ ပေးသနားတော်မူသည့်အတိုင်း (စာချုပ်စာတမ်း) ရေးသား၍ ပေးခြင်းကို ငြင်းပယ်ခြင်းမပြုရပေ။ သို့ဖြစ်လေရာ စာရေးသူသည်လည်း ရေးသား၍ပေးရမည်။ထိုနည်းတူစွာ (ကြွေးမြီပေးဆပ်ရန်) တာဝန် ရှိသောသူ(မြီစား)သည် (ပြောပြ) ရေးသားစေရမည်။ သို့ရာတွင် (ယင်းကဲ့သို့ ပြောပြ ရေးသားစေသောအချိန်အခါဝယ်) မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက် ရွံ့ကာထိုတာဝန်ရှိသည့်အနက် တစ်စုံတစ်ရာကိုမျှ လျှော့၍ (ရေးသားစေခြင်းကို) မပြုရချေ။ တဖန် အကယ်၍ (ကြွေးမြီ ပေးဆပ်ရန်) တာဝန်ရှိသူကား ဉာဏ်ထိုင်းသော သူဖြစ်သော် လည်းကောင်း၊ အသက်အရွယ် အိုမင်းရင့်ရော် သူဖြစ်၍သော် လည်းကောင်း၊ အရွယ်မရောက်သေးသော ငယ်ရွယ်သူဖြစ်၍သော်လည်းကောင်း၊ မစွမ်းမသန်သူဖြစ်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် ရေးသားစေရန် မစွမ်းနိုင်သောသူ ဖြစ်၍သော်၊ထိုသူ၏ အုပ်ထိန်းသူ (သို့မဟုတ် အာဏာပိုင် သော ကိုယ်စားလှယ်) သည် (ထိုသူ၏ကိုယ်စား) တရားမျှတစွာ ဖြင့် ရေးသားစေရမည်။ထို့ပြင်တဝ အသင်တို့သည် (ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုကြသည့်ပြင် ခိုင်လုံသည်ထက် ခိုင်လုံစေခြင်းငှာ) မိမိတို့အနက်မှ ယောကျာ်းနှစ်ဦးကို (လည်း) သက်သေထား ရှိကြကုန်။တဖန် အကယ်၍ ထိုသက်သေနှစ်ဦးတို့သည် ယောကျာ်းနှစ်ဦးမဖြစ်ကြပါလျှင် အသင်တို့ သဘောတူညီနှစ်သက်ကြ လေသောသက်သေများအနက်မှ ယောကျာ်း တဦးနှင့် မိန်းမနှစ်ဦးတို့သည်ပင်လျှင် လုံလောက်ကြပေသည်။ အကြောင်းသော်ကား ယင်းမိန်းမနှစ်ဦး အနက်မှတယောက် သည် မေ့လျော့ခဲ့ပါမူ ယင်းမိန်းမနှစ်ယောက်အနက် တစ်ယောက်သည် ကျန်မိန်းမတစ်ယောက်ကို သတိရစေနိုင်ခြင်း ကြောင့်တည်း။ ထိုနည်းနှင်နှင် သက်သေများသည်လည်း ယင်းသူတို့အား (သက်သေခံရန်အတွက်သော်လည်းကောင်း၊ သက်သေအဖြစ် ပါဝင်ရန်အတွက်သော်လည်းကောင်း) ဖိတ်ခေါ် သောအခါဝယ်မငြင်းပယ်ကြရပေ။ ထို့ပြင်တဝ အသင်တို့သည် ကြွေးမြီကိစ္စကိုသေးငယ်သည်ဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ၊ ချိန်းချက်ထားသော အချိန်ကာလအထိ ရေးသားရသည့်အတွက် မငြီးငွေ့ကြကုန်လင့်။ ဤ(ကဲ့သို့ ရေးသားခြင်း)ကား အလ္လာအရှင်မြတ်အထံတော်၌ အသင်တို့အဘို့အရာသာ၍ တရားမျှတသောနည်းလမ်းဖြစ်၏။ (4င်းပြင်) သက်သေခံရန်အတွက် ပိုမို၍ခိုင်လုံသေချာသော နည်းဖြစ်၏။ (4င်းပြင်) အသင်တို့ ဒွိဟသံသယ ကင်းစေ ခြင်းငှာ ပိုမို၍သင့်လျော်သောအချက်လည်းဖြစ်၏။ သို့ရာတွင် (အရောင်းအဝယ်ပြုလုပ်သော ပစ္စည်း သည်ရှေ့မှောက်တွင်) အရန်သင့်ရှိ၍ လက်ချင်းပြောင်းလွှဲ ဖလှယ်ကြလေသော အရောင်းအဝယ်မျိုး ဖြစ်သဖြင့် (စာချုပ်စာတမ်း)ရေးသားခြင်းကို မပြုခဲ့ပါမူ အသင်တို့၌တစုံတရာမျှအပြစ်မရှိချေ။သို့ပင်တစေ (ယင်းကဲ့သို့ ပစ္စည်းနှင့်ငွေ လက်ငင်းပေးဆပ်သော) ရောင်းဝယ်ခြင်းပြုလုပ်သော အချိန်အခါမျိုး၌လည်း သက်သေများထားရှိကြကုန်။ 4င်းပြင် မည်သည့်စာရေးသူနှင့် မည်သည့်သက်သေ ကိုမျှ နစ်နာဆုံးရှုံးစေခြင်းကိုလည်းမပြုအပ်ပေ။ အကယ်၍သာ အသင်တို့သည် ယင်း(ဆုံးရှုံးနစ်နာစေခြင်း) ကို ပြုလုပ်ကြပါမူ ထိုပြုမူချက်ကား အသင်တို့၌ အပြစ်တစ်ရပ်ပင်ဖြစ်၏။ ထိုမှတပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ အား (ယင်းကဲ့သို့ အကျိုးဖြစ်ထွန်းစေသော နည်းစံနစ်တို့ကို မိမိ၏ကျေးဇူးတော်ဖြင့်)သင်ကြား ပြသ၍ ပေးသနားတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် အရာ ခပ်သိမ်းတို့ကိုအြွကင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။

[283] တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။4င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အြွကင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။

[284] မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ဝယ်ရှိသော (သက်ရှိ၊သက်မဲ့) အရာဝတ္တုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသော အရာဝတ္တုများပင်တည်း။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့ စိတ်တွင်းဝယ်ရှိလေသော အကြောင်းအရာများကို ထင်ရှားစွာ ပြုလုပ်ပြောဆိုကြသည်ဖြစ်စေ၊ ထိမ်ချန်လျှို့ဝှက် ထားကြသည်ဖြစ်စေ၊အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းအရာများကိုအသင်တို့အား စစ်ဆေးမေးမြန်းတော်မူအံ့၊ ထို့နောက်ထိုအလ္လာဟ်အရှင် မြတ်သည် မိမိနှစ်လိုတော်မူသောသူတို့ အား(အပြစ်များ မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူ၍ မိမိအလိုရှိသောသူတို့ကို အပြစ်ဒဏ်ပေးတော်မူအံ့၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[285] ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။

[286] အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးပြုလုပ်ခဲ့သော(ကောင်းမှု၏ အကျိုးသည်) သာလျှင် ထိုသူ၏အဖို့ဖြစ်၍၊ မိမိကိုယ်တိုင် ရှာဖွေဆည်းပူး ပြုကျင့်ခဲ့သော (မကောင်းမှု၏အပြစ်သည်) သာလျှင် ထိုသူ၏အပေါ်၌တင်ရှိအံ့။(အသင်တို့သည် အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ဆုတောင်းပတ္ထနာ ပြုကြကုန်) အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (ပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။

အင်မ်ရန်မိသားစု

Surah 3

[1] အလိဖ်လာမ်မီမ်။

[2] အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ခဝပ်ကိုးကွယ် ရာအရှင်ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ (ထိုအရှင်မြတ်သည် မရဏသေခြင်းတရားမှ လုံးဝကင်းစင်တော်မူ၍) နိစ္စထာဝရ အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ သက်ရှိသက်မဲ့ အပေါင်းတို့အား) ထိန်းသိမ်းစောင့်ရှောက်တော် မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။

[3] ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏ အပေါ်ဝယ် ကျမ်းမြတ်(ကုရ်အာန်)ကို မှန်ကန် တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာ ကျရောက်ခဲ့သော ဒေသနာတော် ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့ အဖို့တရားဓမ္မအဖြစ် တော်ရာတ် ကျမ်းမြတ်နှင့် အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော် မူခဲ့လေပြီ။

[4] ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[5] ဧကန်မုချ ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ အာကာသကောင်းကင်၌ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ မည်သည့်တစုံတခုမျှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဖုံးကွယ်နေသည်ဟူ၍ မရှိချေ။

[6] ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ် ပညာနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။

[7] ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ်ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ တော်မူသော အရှင်မြတ်ပင်တည်း။ ထိုကျမ်းမြတ် အနက် မပြောင်းမလွဲ ပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပာယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင်မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှု ရှိသောသူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပာယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်း ဆင်တူရိုးမှားအာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပာယ်ပြားသော ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သောအနက်အဓိပ္ပာယ်အလို သဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှမသိချေ။သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊မုတရှာ၊ ဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှား ဖြစ်သောအာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟု ပြောဆိုကြကုန်၏။ အမှန်သော်ကား စင်ကြယ်သန့်ရှင်းအပြစ်ကင်းသည့် ပညာရှင်အပေါင်းတို့မှအပ အခြားသူများတရားလမ်းမှန် မရနိုင်ချေ။

[8] (ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။

[9] အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။

[10] ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။

[11] (ထိုသူတို့အလေ့အကျင့်သည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံတို့နှင့် ယင်းဖိရ်အောင်န်၏ အခြွေအရံများအလျင် ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်ကဲ့သို့ပင်ဖြစ်၏။ (ထိုအလေ့အကျင့်မှာ) ယင်းသူတို့သည် ငါအရှင်မြတ်၏အမိန့်တော် (သက်သေခံလက္ခဏာတော်) များကိုမဟုတ်မမှန် မုသားဖြစ်သည်ဟူ၍ ငြင်းဆိုခဲ့ကြလေသည်။သို့ဖြစ်ပေရာ အလ္လာဟ် အသျှင်မြတ်သည် ယင်းသူတို့အားယင်းသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် အရေးယူအပြစ်ဒဏ်ပေးတော်မူခဲ့ချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပြင်းထန်စွာအပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။

[12] (အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။

[13] မချွတ်ဧကန် အသင်တို့ (ဆင်ခြင်ရန်၊ ကိုးကားရန်) အတွက် (ဗဒ်ရ်)စစ်ပွဲတွင် လူနှစ်စုသည် တစဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အခြင်းအရာ) ၌ က်သေသာဓက တစ်ရပ် ရှိပေသည်။ (ယင်းလူနှစ်စုအနက်) တစ်စုသည် (မုစ်လင်မ် များပင်ဖြစ်ကြပေရာ) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိခဲ့ကြလေသည်။သို့ရာတွင် နောက်တစ်စုသည် မယုံမကြည် သွေဖည်ငြင်းပယ်လေသော ကာဖိရ်များပင် ဖြစ်ခဲ့ကြ၏။ ယင်းသူတို့သည် မိမိတို့ကိုယ်ကို ထိုမုစ်လင်မ် များထက်နှစ်ဆ ဖြစ်နေသည်ကိုလည်းမျက်ဝါးထင်ထင် တွေ့မြင်ကြလေသည်။ သို့ရာတွင် (အနိုင်အရှုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာ ရှိနေပေရာ) အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုသောသူများကိုသာမိမိ အကူအညီဖြင့် အားပေး၍ (နိုင်စေ)တော်မူလေသည်။အမှန်စင်စစ်သော်ကား ယင်း(အခြင်းအရာ)၌ ဉာဏ စက္ခုဉာဏ်အမြော်အမြင်ရှိသူများ အဖို့အရာ (ကြီးကျယ်သော)သင်ခဏ်းစာသည် အမှန်ရှိပေသတည်း။ ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူ များလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။

[14] လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။

[15] (အို-နဗီတမန်တော်) အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့ အားထို (အထက်အဆိုပါ လောကီရတနာစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။(အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ဒုစရိုက်မှုတို့ကို) ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အားမွေးမြူတော် မူသော အရှင်မြတ်အထံတော်၌ ဥယျာဉ်တော်များရှိပေသည်။ ထိုဥယျာဉ်တော်များ၏အောက်မှ စမ်းရေ ချောင်းများသည် (အယဉ်တွေတွေ)စီးဆင်လျက် ရှိပေသည်။ (ယင်းသူတို့သည်) ထိုဥယျာဉ်တော်များ တွင် အမြဲထာဝရ စံနေကြမည့်သူများပင် ဖြစ်ကြ ပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့)စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်းရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိ၏)ကျွန်များ (၏အခြေအနေအဖြစ်အပျက် အားလုံး တို့ကို)ခွဲခြားသိမြင်တော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

[16] အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။

[17] (အပြစ်များမှကြဉ်ရှောင်သော ထိုသူတော်စင်များသည်) ခန္တီတရားနှင့် ပြည့်စုံသောသူများလည်းကောင်း၊(စိတ်နှလုံးဖြောင့်မတ်မှန်ကန် ငြိမ်သက်တည်ကြည်သော)သစ္စာဝါဒီများလည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူများလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ် အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။

[18] အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိ ကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင် တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ် ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ (ထို အရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရား နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။

[19] မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။

[20] (အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[21] ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။

[22] ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။

[23] (အို-နဗီ)ကျမ်းဂန်များအနက်မှ တစ်စိတ်တစဒေသ ချီးမြှင့်ခြင်းခံရသော အကြင်သူတို့(၏အဖြစ်)ကိုအသင်စဉ်းစားဆင်ခြင် မမြင်မိပါသလော၊ ထိုသူတို့သည်၎င်းတို့၏စပ်ကြားဝယ် အချင်းချင်း (အငြင်းပွားလျက်ရှိသောပြဿနာကို) စီရင်ဆုံးဖြတ် ပေးရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန် (၏အဆုံးအဖြတ်)ကို ခံယူကြရန်ဘိတ်ခေါ်ခြင်း ခံကြရလေသည်။ (သို့ ဖိတ်ခေါ်ခြင်းခံကြရသည့်) နောက်တွင် ယင်းသူတို့အနက် (အကြီးအကဲဖြစ်သော)လူတစ်စုသည် သွေဖည်ကျောခိုင်း၍ သွားကြလေသည်။အမှန်သော်ကား ထိုသူများသည် (အမြဲတစေ) မျက်နှာလွှဲဖယ်သူများပင် ဖြစ်ကြကုန်သတည်း။

[24] ဤ(ကဲ့သို့ တရားဒေသနာတော်များကို သွေ ဖည်ကျောခိုင်းဝံ့ခြင်းအကြောင်း)မှာကား ထိုသူတို့က ငရဲမီးသည်ငါတို့အား ရေတွက်ထားသော နေ့ရက် အနည်းငယ်)မှအပအလျင်းထိရောက်မည်မဟုတ် ဟု (ယုံကြည်) ပြောဆို နေခြင်းကြောင့်ပင်တည်း။ စင်စစ်သော်ကား ၎င်းတို့အား ၎င်းတို့၏သာသနာရေး နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် လီဆယ်လုပ်ကြံ ဖန်တီးထားသော အချက်များကပင် လှည့်ပတ်ဖြားယောင်းထားလေသည်။

[25] သို့ရာတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ငါအရှင်မြတ်သည် ထိုသူတို့အား စုရုံးစေတော် မူသည့်အခါ(ထိုသူတို့၏အဖြစ်သည်) မည်သို့ဖြစ်အံ့နည်း။ ထိုရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ အလျင်းမရှိ။(ထိုနေ့သည်ကား မုချ ဆိုက်ရောက်မည် ဖြစ်သည်။) ထို့ပြင်(ထိုနေ့တွင်) လူတိုင်းလူတိုင်းသည် မိမိတို့ ပြုလုပ်ဆည်းပူးခဲ့သော (ကောင်းမှု၊ မကောင်းမှုတို့၏အကျိုးအပြစ်ကို)အပြည့် အစုံပေးခြင်းခံကြရလတ္တံ့။ ထိုသူတို့သည် (အကျိုးအပြစ်ပေးခြင်းခံကြရာ၌) မတရားပြုလုပ်ခြင်းကို အလျင်းခံကြရမည်လည်းမဟုတ်ချေ။

[26] (အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။

[27] အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ထုတ်တော်မူ၏။ ထိုနည်းပမာသက်ရှိမှသက်မဲ့ကို ထုတ်တော်မူ၏။ ထိုမှတစ်ပါးတုံ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူအား အသချေင်္ အသချင်္ာအရေအတွက်မရှိ ရိက္ခာပေးသနားတော်မူ၏။

[28] ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို ယင်းသို့ပြုအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အဘယ်တစုံတခုနှင့်မျှ မပတ်သက်တော့ချေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)တို့၏ ဘေးရန်မှ စိုးရိမ်ကြောင့်ကြ(၍မိမိတို့ကိုယ်ကို ကာကွယ်လိုကြသောအခါ၌မူ အခြေအနေအရ ပြုလုပ်နိုင်ကြ) ပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအားကြောက်ရွံ့ရန်အသင်တို့ကို ခြိမ်းခြောက်တော်မူသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရန်ဌာနသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။

[29] (အို-နဗီတမန်တော်) အသင်ပြောကြားပါလေ၊(အချင်းတို့) အကယ်၍ အသင်တို့သည် မိမိတို့၏ ရင်တွင်းဝယ်ရှိသော အကြံအစည်များကို ထိမ်ချန် လျှို့ဝှက် ုံးအုပ်ထားကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုအကြံအစည်များကိုထင်ရှားစွာ ထုတ်ဖော်ကြသည် ဖြစ်စေ(မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ် သည် ထိုအကြံအစည်များကိုသိရှိတော်မူလေသည်။ ထိုမျှမကသေးချေ။ ထိုအရှင်မြတ်သည်အာကာသ ကောင်းကင်ဘုံများ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှ အလုံးစုံတို့ကိုအကြွင်းမဲ့ သိရှိတော်မူပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအနန္တ ဘုန်းတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူပေသတည်း။

[30] အကြင်နေ့၌ လူတိုင်းလူတိုင်းသည် မိမိ ပြုလုပ်ခဲ့သမျှသောကောင်းမှုသုစရိုက်များကိုလည်းကောင်း၊ မိမိတို့ပြုလုပ်ခဲ့ သမျှသောမကောင်းမှု ဒုစရိုက်များကိုလည်းကောင်း(မိမိတို့) ရှေ့မှောက်တွင် အဆင်သင့်တွေ့ရှိကြလတ္တံ့။ ထိုအခါယင်းသူတို့သည် (မိမိတို့ ပြုကျင့်ခဲ့လေသော ဒုစရိုက်များကိုမမြင်လိုကြသဖြင့်) အကယ်၍သာ ယင်းသူတို့နှင့် ထို့နေ့၏စပ်ကြားဝယ် ကမ်းလှမ်း ဝေးကွာလှစွာသော ခရီးစခမ်းရှိနေပါလျှင် ကောင်းလေ စွတကား ဟုတောင့်တကြကုန်အံ့။ တဖန်အလ္လာဟ် အရှင်မြတ်သည် မိမိ(၏အပြစ်ဒဏ်တော်)ကိုကြောက်ရွံ့စေရန်) အသင်တို့အား သတိပေး နှိုးဆော်တော်မူသည်။အကြောင်းတမူကား အလ္လာဟ် အရှင်မြတ်သည် (မိမိ)ကျွန်များကို အလွန် သနား ညှာတာတော်မူသောအရှင် ဖြစ်တော်မူသတည်း။

[31] (အို-နဗီတမန်တော်) အသင်သည် (လူခပင်းတို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်ဩဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်)အသင်တို့ အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသော မဟာကရုဏာ တော်ရှင် ဖြစ်တော်မူသတည်း။

[32] အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။

[33] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။

[34] ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။

[35] (ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။

[36] တစ်ဖန် ထို(အင်(မ်)ရာန်၏ဇနီးမိန်းမ)သည်ထို(သန္ဓေ)ကို သမီးမိန်းကလေး ဖွားမြင်ခဲ့လေရာ (ဝမ်းနည်းစွာဖြင့်) အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်တော်မျိုးမသည် ထိုသန္ဓေကိုသမီးမိန်းကလေး ဖွားမြင်ပါပြီ။ အမှန်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူမဖွားမြင်ခဲ့သည်ကို ပိုမို၍ သိရှိတော်မူ၏။ သို့ရာတွင် (ထိုသူမလိုလားသော) ယောက်ျားလေး မူကား(မည်သည့်နည်းနှင့်မျှ) ဤ(ဖွားမြင်လေသော) သမီးမိန်းကလေးကဲ့သို့ မဟုတ်ချေ။ ထို့ပြင်တဝ မုချဧကန် ကျွန်တော်မျိုးမသည်ထိုသမီးမိန်းကလေးကို မရ်ယမ် ဟူ၍ အမည် မှည့်ခေါ်ပါပြီ။ထို့ပြင် ထိုသူမကိုလည်းကောင်း၊ ထိုသူမ၏ ားသမီးများကိုလည်းကောင်း၊ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန် ၏ အနှောင့်အယှက်များမှ ကာကွယ်စောင့်ထိန်းတော် မူပါရန် အရှင်မြတ်အားအပ်နှံပါ၏ ဟု လျှောက်ထားပန်ကြားလေသည်။

[37] ထို့နောက် ထို(မရ်ယမ်)အား ၎င်းကိုမွေးမြူတော်မူသောအသျှင်သည် ကောင်းမွန်သောလက်ခံ ခြင်းမျိုးနှင့်သဘောတူလက်ခံတော်မူ၍ ကောင်းမွန်သော ကြီးပြင်းဖွံ့ဖြိုးခြင်း နည်းမျိုးဖြင့် ကြီးပြင်း ဖွံ့ဖြိုးစေတော်မူ၏။ ၎င်းပြင်ထိုအရှင်မြတ်သည် တမန်တော် ဇကရိယာအား ထိုမိန်းကလေးကို ထိန်းသိမ်းစောင့်ရှောက်စေတော်မူခဲ့၏။ တမန်တော် ဇကရိယာသည် ထိုမရ်ယမ်အား ကြည့်ရှုရန် ၎င်း၏အဆောင်အတွင်းသို့ ဝင်ရောက် သည့်အခါတိုင်း၌ ထို(မရ်ယမ်)၏အနီး၌ စားဘွယ် များကိုတွေ့ရှိရသဖြင့် အို-မရ်ယမ်၊ဤစားဘွယ် ဘောဇဉ်များသည် အသင့်ထံ အဘယ်မှ ရောက်ရှိလာပါသနည်းဟု မေးမြန်းလေသည်။ ထိုအခါ (မရ်ယမ်)ကထိုစားဖွယ်များသည် အလ္လာဟ်အရှင်မြတ် အထံတော်မှဖြစ်ပါသည် ဟု ဖြေကြားခဲ့လေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူများကို မခန့်မှန်းမချင့် တွက်နိုင်လောက်အောင် စားနပ်ရိက္ခာများကို အသချေင်္အသချင်္ာပေးသနား တော်မူလေသတည်း။

[38] (မရ်ယမ် သခင်မ၏ ပြန်ကြားချက်ကို ကြားနာရလေသော်၊ နဗီတမန်တော်) ဇကရိယာ (အလိုင်ဟစ္စလာမ်)သည်ထိုအခါ ထိုနေရာ၌ပင် 1မိမိအား မွေးမြူတော်မူသောအရှင်မြတ်ထံတော်၌ ဆုတောင်းပတ္ထနာ ပြုခဲ့လေသည်။ (ဆုတောင်းရာ တွင်) ထိုနဗီတမန်တော် ဇကရိယာ(အလိုင်ဟစ္စလာမ်) က အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးကို မိမိ အထံတော်မှစင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားကောင်းရတနာတစ်ပါး ကို ပေးသနားတော်မူပါ။ မလွဲဧကန် အရှင်မြတ်သည် ဆုတောင်းပတ္ထနာများကို ကြားတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ ပေသတည်း ဟု လျှောက်ထားပန်ကြားခဲ့လေသည်။

[39] သို့ဖြစ်ပေရာ ထို [တမန်တော် ဇကရိယာ(အလိုင်ဟစ္စလာမ်)] သည် အခန်းတွင်း၌ ဆွလာတ်ဝတ်ပြုနေခိုက် မလာအေ့ကဟ် ကောင်းကင်တမန် များသည်ထိုတမန်တော်အား အသံကျယ်စွာ ပြောဆို နေကြသည်မှာမုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော သားကောင်း ရတနာတပါး ပေးသနားတော်မူသည့် အကြောင်း ပီတိသောမနဿ ဝမ်းမြောက်ဘွယ်ရာသတင်းပြောကြားတော်မူလေသည်။ ထိုသားရတနာသည်ကလိမတုလ’ာဟ် အလ္လာဟ်အရှင်မြတ်၏ ‘မုက္ခပါဌ်တော်’(တည်း ဟူသော တမန်တော်အီစာ)ကို ထောက်ခံမည့်သူဖြစ်အံ့၊အကြီးအမှူးလည်းဖြစ်အံ့။ (ကာမဂုဏ်အာရုံကို) အထူးစောင့်စည်းသူလည်းဖြစ်အံ့၊ သူတော်စင်များ အနက်မှ နဗီတမန်တော်တပါးလည်းဖြစ်အံ့။

[40] (ထိုစကားကိုကြားလျှင်) ထိုနဗီတမန်တော်(ဇကရိယာ)က အို-ကျွန်တော်မျိုးကို မွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားကောင်းရတနာသည်အဘယ်သို့ ရရှိနိုင်ပါအံ့နည်း။ အကြောင်းကား ဧကန်စင်စင်အိုခြင်း တရားသည် ကျွန်တော်မျိုးထံ ဆိုက်ရောက်လာ ခဲ့ချေပြီ။ကျွန်တော်မျိုး၏ ဇနီးမိန်းမသည်လည်း (သက်ရွယ်ကြီးရင့်ပြီဖြစ်သည်သာမက) သားသမီး မမွေးသော အမြုံလည်းဖြစ်ပါသည်ဟု လျှောက်ထား ပန်ကြားလေသည်။ (ထိုရောကာလ)အလ္လာဟ်အရှင်မြတ်က ဤနည်းအတိုင်းပင် (သားကောင်းရတနာကို ရရှိအံ့၊ အကြောင်းကား) အလ္လာဟ်အရှင်မြတ်သည်(ဖြစ်လေ့ဖြစ်ထမရှိ၊ အံ့ဘွယ်သရဲဖြစ်သော အမှု ကိစ္စများကိုပင်)အလိုတော်ရှိရာ ပြုလုပ်တော်မူပေ သည် ဟု ပြန်ကြားတော်မူခဲ့လေသည်။

[41] ထို (နဗီတမန်တော် ဇကရိယာသည် အလ္လာဟ်အရှင်မြတ်၏ ပြန်ကြားချက်ကို ကြားရလျှင် ထပ်မံ၍ ဤသို့)လျှောက်ထား ပန်ကြား ပြန်လေသည်။ အို-ကျွန်တော်မျိုးကိုမွေးမြူတော်မူသောအသျှင်၊ (သို့ဖြစ်လျှင်) အရှင်မြတ်သည်ကျွန်တော်မျိုး အဖို့ရာ(ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကိုယ်ဝန်ဆောင်ရှိကြောင်း ကောင်းစွာ သိနိုင်အံ့သောငှာ)နိမိတ်လက္ခဏာ တရပ်ရပ်ကို ပြဋ္ဌာန်း၍ ပေးတော်မူပါ။(ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်က ဤသို့) မိန့်ကြားတော်မူလေသည်။ (အို-ဇကရိယာ)၊ အသင်၏လက္ခဏာကားသုံးရက်တိုင်တိုင် လူအပေါင်း တို့နှင့်လက်ရိပ်ခြေရိပ် မျက်ရိပ်မှအပ (တစ်ခွန်းတစ်ပါဒမျှ) အသင် စကားမပြောဆို နိုင်ခြင်းပင်တည်း။ အသင်သည် (ထိုနေ့ရက်များတွင်း) မိမိအရှင်ကိုများစွာ တçသ သတိရကာ ညဉ့်ဦးယံများ၌လည်းကောင်း၊နံနက်ယံများ၌၎င်း၊ (ထိုအရှင်မြတ်)၏ တတ်စ်ဗီဟ် ဘာဝနာကို စီးဖြန်း၍နေပါလေ။

[42] တဖန် (သတိရကြလေကုန်) တရံရောအခါ၊မလာအိကဟ် ကောင်းကင်စေတမန်များက (မရ်ယမ်သခင်မအား) အို-မရ်ယမ် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။မနှစ်မြို့ဘွယ်ရာသော အကြာင်း အရာများမှလည်း ကင်းရှင်းစေတော် မူခဲ့လေပြီ။ ၎င်းအပြင် (ယခုတဖန်) အသင့်အားစကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများ တွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ ဟု ပြောကြားခဲ့ကြလေ သည်။

[43] (သို့ဖြစ်ပေရာ) အို-မရ်ယမ်၊ အသင်သည်မိမိအရှင်မြတ်၏ အမိန့်တော်များကို ဦးထိပ်ရွက် ဆင်လျက်နေပါလေ။ ထို့ပြင်တဝ အသင်သည် စဂျ်ဒဟ် ပျပ်ဝပ်ဦးချ လျက်နေပါလေ။ ထို့ပြင် အသင်သည် ရုကူအ် ကိုင်းညွတ်ရိုကျိုးသူတို့နှင့် အတူတကွ ရုကူအ် ကိုင်းညွတ် ရိုကျိုးလျက်နေပါလေ(ဟု မလာအိကဟ် အပါးတော် စတမန်များ ကဆက်လက်၍ ပြောကြားကုန်သတည်း)။

[44] (အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။

[45] (ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။

[46] ၎င်းပြင် ယင်းအီစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာများရရှိခြင်းကြောင့်) ပုခက်တွင်း၌လည်းကောင်း၊ အရွယ်ရောက်သော အခါ၌လည်းကောင်း၊ လူခပင်းတို့နှင့်စကားစမြည်ပြောဆိုအံ့။ ၎င်းပြင်ယင်းအီစာသည် သူတော်စင်သူတော် ကောင်းတို့ဘောင်တွင်အပါအဝင်လည်း ဖြစ်အံ့။

[47] ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။

[48] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်း (သားတော်)အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ တော်ရာတ် ကျမ်းမြတ်ကို လည်းကောင်း၊ အီန်ဂျီလ် ကျမ်းမြတ်ကိုလည်းကောင်း သင်ကြားပြသတော် မူလတ္တံ့။

[49] ထို့ပြင်တဝ (ယင်းသားတော်) အားအစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ထံသို့ ရစူလ် တမန်တော်အဖြစ်စေလွှတ်တော်မူအံ့။ (ထိုအခါယင်းသားတော်က ဣစ်ရာအီလီမျိုးနွယ်တို့အားဤုသို့ပြောကြားအံ့)။ (အို-အချင်းတို့)အကျွန်ုပ်သည် ဧကန်မုချ အသင်တို့ထံသို့ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို အမှန်ပင်ဆောင်ယူခဲ့ပါသည်။ အကျွန်ုပ်သည် မုချဧကန် အသင်တို့ (ယုံကြည်အံ့သောငှာ) ရွှံ့မြေဖြင့် ငှက်တိရစ္ဆာန်၏ ပုံသဏ္ဌာန်ကဲ့သို့ ငှက်ရုပ်ပြုလုပ်ပြီးနောက် ထို ပုံသဏ္ဌာန်အတွင်းသို့ မန်းမှုတ်မည်၊ ထိုအခါ ထို ငှက်ရုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်၍ပျံသန်းနိုင်သောပကတိ)ငှက်တိရိစ္ဆာန် ဖြစ်လာအံ့။၎င်းပြင် အကျွန်ုပ်သည် အမိဝမ်းတွင်းမှ စက္ခုအလင်းမရရှိခဲ့သူကိုလည်းကောင်း၊ (ခရုသင်းစသော)ကုဋ္ဌနူနာစွဲကပ်သူကို လည်းကောင်း၊ ရောဂါဘယပျောက်ကင်း (၍ပြကတေ့ လူကောင်းများဖြစ်လာ)နိုင်စေအံ့။ ထိုနည်း တူစွာအကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် သူသေများကိုလည်း ရှင်စေနိုင်အံ့။ ထိုမှတပါးတုံ အကျွန်ုပ်သည်အသင်တို့ မိမိတို့အိမ်များတွင် စားသုံးခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့ (မိမိတို့အိမ်များ၌) သိမ်း ဆည်းသိုမှီးထားခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့အားထုတ်ဖော်ပြောကြားနိုင်အံ့။ အကယ်၍သာ အသင်တို့သည်ယုံကြည်သူ များဖြစ်ကြပါမူ မလွဲဧကန် ဤအချက်၌ အသင်တို့အဘို့အရာလုံလောက်စွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာ မုချရှိပေသည်။

[50] ထို့ပြင် (အို-အချင်းတို့) အကျွန်ုပ်သည် မိမိအလျင်ရှိနှင့်ပြီးဖြစ်သော တော်ရာတ်ကျမ်းကို ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ အသင်တို့အဖို့အရာ[နဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်၏ ပဋိပတ်ကျင့်စဉ်၌]ဟရာမ် ဟူ၍ မြစ်တားထားသော အရာများအနက်မှ အချို့ကိုဟလာလ် ဟူ၍ ခွင့်ပြုအံ့သောငှာလည်းကောင်း (ပွင့်ခဲ့သည်၊)ထို့ပြင် အကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့၏ အရှင်မြတ်အထံတော်မှပင် (လုံလောက် စွာသော) သက်သေလက္ခဏာ တန်ခိုးပြာဋိဟာကိုလည်း ဆောင်ယူခဲ့သည်။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြကုန်၊ ၎င်းပြင် အကျွန်ုပ် ဟောပြောသောဓမ္မဒေသနာများကိုလည်း(တသဝေမတိမ်း) လိုက်နာဆောင်ရွက်ကြကုန်။

[51] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျွန်ုပ်ကို မွေးမြူတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာလျှင်ခဝပ် ကိုးကွယ်ကြကုန်။ ဤကား ဖြောင့်မတ်မှန်ကန်သောတရားလမ်းပင် ဖြစ်ချေသတည်း။

[52] တဖန် (နဗီတမန်တော်) အီစာ (အလိုင် ဟစ္စလာမ်)သည် ယင်း (အစ္စရာအီလီမျိုးနွယ်) များဘက်မှ သွေဖည်ငြင်းဆန်မှုကို တွေ့သိရသော အခါ အကျွန်ုပ်အားအလ္လာဟ်အသျှင်မြတ်၏ လမ်းစဉ်၌ ကူညီစောင်မမည့်သူမည်သူများ ရှိကြပါသနည်း ဟု မေးမြန်းလေသည်။(ထိုရောကာလ) ဟဝါရီများက ကျွန်တာ်မျိုးတို့သည် အလ္လာဟ်အရှင်(၏သာသနာတော်ကို) ကူညီသော သူများဖြစ်ကြပါသည်။ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါပြီ။ သို့ဖြစ် ပါ၍ အသင်(နဗီတမန်တော်ကိုယ်တိုင်)ပင်ကျွန်တော် မျိုးတို့သည် အမိန့်နာခံသောသူများဖြစ်ကြောင်းသက်သေခံတော်မူပါဟု ပြောဆိုကြကုန်၏။

[53] (ထို့နောက် ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ ဩဝါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။

[54] ယင်း (အစ္စရာအီလီ မျိုးနွယ်တို့အနက် တမန်တော်အီစာအား မယုံကြည်သော) သူတို့သည် လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကို သတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာ ဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော် အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ပရိယာယ် ဝေဝုစ်ဖြင့် ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[55] တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အိုအီစာ(အသင်သည် မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်)မုချဧကန် ငါအရှင်မြတ်သည် အသင့်ကို သတ်မှတ်ထားသောအချိန်၌)သေစေတော်မူအံ့။ ၎င်းပြင် အသင့်အားမိမိအထံတော် (ကောင်းကင်ဘုံ) သို့ပင့်မယူတော်မူအံ့။ ၎င်းပြင်မယုံမကြည်သွေဖည် ငြင်းပယ်သော ကာဖိရ်တို့(၏ စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကို လိုက်နာသူတို့အား (အသင့်ကို) မယုံမကြည်ငြင်းဆန်သောကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိ လွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန် အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင်ရှိနေပေရာ ငါအရှင်မြတ်သည် အသင်တို့ အချင်းချင်း အကွဲအလွဲ ရှိခဲ့သောကိစ္စများနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။

[56] သို့ဖြစ်လေရာ မယုံမကြည် သွေဖည်ငြင်းပယ်သော ကာဖိရ်တို့ကိုမူကား ငါအရှင်မြတ်သည် ယင်းသူတို့အားပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခတ်တော်မူအံ့။ထိုမှတစ်ပါးတုံ ယင်းသူတို့အား ကူညီမိုင်းမမည့်သူဟူ၍လည်းတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။

[57] သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနားတော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။

[58] ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။

[59] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။

[60] (အို-နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်အီစာ၏) အတ္ထုပ္ပတ္တိ အကြောင်းအရာများသည် အသင့်အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (ထုတ်ပြန်မိန့်ကြားတော် မူသော) အတ္ထုပ္ပတ္တိ အကြောင်းအရာများပင်ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်။

[61] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။

[62] မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ ၎င်းပြင် မုချဧကန်ထို အလ္လာဟ်အရှင်မြတ်သည်သာလျှင် စင်စစ်အား ဖြင့် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျုးိ အကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[63] သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

[64] (အို-နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ် ယာန်တို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။

[65] အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။

[66] ဟယ် - အချင်းတို့၊ အသင်တို့သည် အကြငအကြောင်း နှင့်စပ် လျဉ်း၍ အချေအတင် ပြောဆိုခဲ့ကြချေပြီ။(ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့၌ အနည်းငယ်မျှသာအသိတရားရှိခဲ့၏။ ယခုတဖန် မိမိတို့လုံးဝမသိသောကိစ္စနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အသင်တို့ အချေအတင်ငြင်းခုံပြောဆိုကြပြန်သနည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို လုံးဝဥဿုံအလုံးစုံ)သိတော်မူ၏၊ အသင်တို့မူကား (အဘယ်တစ်စုံတစ်ရာကိုမျှအတိအကျ) သိနားမလည်ကြချေ။

[67] တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။

[68] မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[69] ရှေးအထက် ကျမ်းရရှိသူတို့အနက်မှ လူတစ်စုသည် အသင်တို့အား လမ်းမှားစေခြင်းကို အာသာဆန္ဒရှိကြကုန်၏။ အမှန်စင်စစ် ယင်းသူတို့သည် မိမိတို့ကိုယ်မှအပမည်သူတစ်ဦးတစ်ယောက်ကိုမျှ လမ်းမှားသို့ ရောက်စေနိုင်ကြသည်မဟုတ်။ သို့ရာတွင် ယင်းသူတို့သည် (ဤအကြောင်းကို) မသိနားမလည် ကြချေ။

[70] အို-အထက်ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် (မိမိတို့ ယုံကြည်လေးစားကြသော တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းလာ) အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ်တော်များကို အဘယ်ကြောင့် မယုံမကြည် သွေဖည်ငြင်းဆန်ကြ ပါသနည်း။ အမှန်စင်စစ် အသင်တို့သည် မိမိတို့ကိုယ်တိုင် ဝန်ခံပြီး ဖြစ်ကြကုန်၏။

[71] အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။

[72] ရှေးအထက် ကျမ်းဂန်ရရှိသောသူများအနက်မှလူတစ်စုက အသင်တို့သည် မုအ်မင်န်တို့အပေါ်၌ ကျရောက်သော(တရားဓမ္မ)ကို နံနက်ပိုင်းတွင် ယုံကြည်၍ ညနေချမ်းတွင်မူ သွေဖည်ငြင်းပယ်ကြကုန်။ သို့မှသာလျှင် ထို(မုအ်မင်န်)များသည် (မိမိတို့၏ တရားဓမ္မမှ) ဆုတ်ခွာ ပြန်လှည့်သွားကြပေမည်ဟု (အချင်းချင်း) ပြောဆိုကြလေသည်။

[73] ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊

[74] ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။

[75] ၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။

[76] ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။

[77] ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊ ထိုသူတို့အဖို့ နောင်တမလွန်ဘဝ၌ (သုခချမ်းသာများအနက်) ဝေစု ဝေပုံဟူ၍ စိုးစဉ်းမျှ ရှိမည်မဟုတ်၊ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ထိုသူတို့အား စကားပြောကြားတော်မူမည်လည်း မဟုတ်၊ထိုသူတို့အား ရှုစားတော်မူမည်လည်းမဟုတ်၊ ထိုသူတို့အား(ဒုစရိုက်မှုများမှ) သန့်စင်အောင် ပြုလုပ်ပေးတော် မူမည်လည်းမဟုတ်။ ထိုသူတို့အဘို့ ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် အသင့်ရှိပေမည်။

[78] ၎င်းပြင် ထိုသူများအနက် လူတစ်စုသည် မုချရှိ၏။ ထိုသူများသည် ကျမ်းဂန်(ကိုရွတ်ဖတ်ရာ) ၌ မိမိတို့၏လျှာများကို လိပ်ခေါက်ကြ၏။ (ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာထိုသူတို့ လုပ်ကြံရွတ်ဘတ်သော) ထိုအရာကို အသင်တို့ကကျမ်းလာ စကားဟု ထင်မှတ်ကြရန် ဖြစ်သည်။ အမှန်သော်ကား ထိုအရာသည် ကျမ်းလာစကား အလျင်းမဟုတ်ပေ။၎င်းပြင် ထိုသူတို့က (မိမိတို့ ရွတဖတ်သော) အရာသည်အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်)ဟုပြောဆိုကြ၏။ စင်စစ်သော် ကား ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်) အလျင်းမဟုတ်ချေ။ သို့တစေလည်း ထိုသူများသည် မိမိတို့ ကိုယ်တိုင်သိကြပါလျက် နှင့်ပင် အလ္လာဟ်အရှင် မြတ်နှင့်ပတ်သက်၍မုသားကို လုပ်ကြံ ပြောဆို ကြလေသည်။

[79] မည်သည့် လူသားတစ်ဦးတစ်ယောက်မဆို၊အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အား ကျမ်းဂန်ကိုလည်းကောင်း၊ အကျိုး အကြောင်း ဆင်ခြင်နိုင်သော ဉာဏ်ပညာအမြော် အမြင်ကိုလည်းကောင်း၊ နဗီတမန်တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူ၏။ သို့ ချီးမြှင့်ပြီးနောက် ထိုသူက လူခပင်းတို့အား (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ ငါ၏ကျွန်များဖြစ်ကြကုန် ဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ။ သို့ရာတွင် (ထိုသို့ချီးမြှင့်ခြင်း ခံရသောသူက ဤသို့သာလျှင် ပြောဆိုအံ့)၊ (ဟယ်အချင်းတို့)၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသူများ ဖြစ်ကြကုန်၊ အကြောင်းမူကားအသင်တို့သည် ဒေသနာတော် ကျမ်းဂန်ကို(သူတစ်ပါးတို့အား)သင်ကြားပြသ ပို့ချသည့်ပြင် မိမိတို့ ကိုယ်တိုင်လည်း ဖတ်ရွတ်လေ့လာသူများ ဖြစ်သောကြောင့်ပင်တည်း။

[80] ထိုနည်းတူစွာ ယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူက အသင်တို့အား မလာအိကဟ် အပါးတော်စေတမန်များကိုလည်းကောင်း၊ ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား) မွေးမြူတော်မူသောအသျှင်များအဖြစ် ပြုလုပ်ကြရန်လည်း (မည်သည့်အခါမျှ) ညွှန်ကြားမည် မဟုတ်ပေ။အသင်တို့ (မွတ်စ်လင်မ်)အမိန့်နာခံ သောသူများ ဖြစ်ကြပြီးနောက် ထို(နဗီအဖြစ် ချီးမြှင့်ခြင်းခံရသော)သူသည် အသင်တို့အား သွေဖည်ငြင်းပယ်ရန် ညွှန်ကြားပါမည်လော။

[81] ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။

[82] တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ သူများ ဖြစ်ကြပေသည်။

[83] ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်မှတစ်ပါး၊ အခြား(နည်းလမ်း)ကို စူးစမ်းရှာဖွေလိုကြသလော။ စင်စစ်သော်ကား ကောင်းကင် များနှင့် ပထဝီမြေကြီးတွင် ရှိရှိသမျှသော အရာ ခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာလျက် ရှိကြကုန်သည်။ တဖန် (နောက်ဆုံးတွင်)ထို ခပ်သိမ်းကုန်သောအရာတို့သည် ထိုအရှင်မြတ်၏ အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။

[84] (အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။

[85] ထို့ပြင်တဝ မည်သူမဆို အစ္စလာမ် သာသနာမှတစ်ပါး အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (ထိုသူရှာဖွေသော သာသနာသည် အလ’ဟ်အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ ၌လည်း ဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။

[86] ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိပြီးနောက် ၎င်း၊ရစူလ်တမန်တော်[မုဟမ္မဒ် (ဆွ) ] သည် နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပြီးနောက်လည်းကောင်း၊ မိမိတို့ထံဝယ်(အစ္စလာမ် သာသနာတော်သည် မှန်ကန်သော သာသနာဖြစ်ကြောင်းနှင့်စပ်လျဉ်း၍) ထင်ရှားလှစွာသော သက်သေသာဓကများလည်း ရောက်ရှိခဲ့ပြီးနောက် လည်းကောင်းမယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောလူစုကို အလ္လာဟ်အရှင်မြတ်သည် မည်သည့်နည်းဖြင့် တရားလမ်းမှန်ကို ညွှန်ကြားတော်မူပါအံ့နည်း။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် မတော်မတရား ပြစ်မှုကျူးလွန်သူတို့အားတရားလမ်းမှန်ကို ညွှန်ကြားတော်မူမည်မဟုတ်ချေ။

[87] ယင်းသူတို့၏ အကျိုးကား မုချဧကန် ယင်းသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ လအ်နတ် ရှုတ်ချခြင်းသည်လည်းကောင်း၊ မလာအိကဟ် ပါးတော်စေတမန်အပေါင်းတို့၏ ရှုတ်ချ ခြင်းသည်လည်းကောင်း၊ လူခပင်းတို့၏ရှုတ်ချခြင်းတို့သည်လည်းကောင်း အားလုံးတို့၏ ရှုတ်ချခြင်းသည် ကျရောက်လေသည်။

[88] ထိုသူတို့သည် ယင်း(ရှုတ်ချခြင်း) ၌ပင် ထာဝစဉ်ခံစားကြရမည့်အပြင်ယင်းသူတို့၏ အပြစ်ဒဏ်သည်လည်းပေါ့လျော့စေခြင်းခံရမည် မဟုတ်။ ထိုမှတစ်ပါး ယင်းသူတို့သည်(အပြစ်ဒဏ် စီရင်ရာ၌) ဆိုင်းငံ့ထားခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[89] သို့ရာတွင် အကြင်သူတို့သည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် (သံဝေဂတရား ရရှိကာ မိမိတို့အပြစ်များကို)ဝန်ချတောင်းပန်ကြ၍ ပြုပြင်ကြပါမူ မုချဧကန်အလ္လာဟ်အသျှင် မြတ်သည်လည်း (ထိုကဲ့သို့သောသူတို့အား)အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ မပြတ်မစဲ သနား ကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။

[90] ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။

[91] ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။

[92] (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်မိမိတို့ နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သောအကျင့်တရားအစစ် အမှန်(၏ အကျိုးကျေးဇူး) ကိုမည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ ၎င်းပြင်မည်သည့်အရာမဆို အသင်တို့ လှူဒါန်း သုံးစွဲကြပါမူ၊အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။

[93] တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။

[94] သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။

[95] (အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။

[96] ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။

[97] ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

[98] အသင်သည် (ထိုအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အို-ကျမ်းဂန်ရရှိသူ အပေါင်းတို့အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကိုအဘယ်ကြောင့် ငြင်းပယ်ကြပါသနည်း။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စအဝဝကိုဒိဋ္ဌမျက်မြင် အသိသက်သေပင် ဖြစ်တော်မူသည်။

[99] (အို-နဗီတမန်တော်) အသင်သည် (ယင်းအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အိုကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်မှ ထိုတရားလမ်း တော်၌ ကွေ့ကောက်မှုကို ရှာဖွေစူးစမ်း(ဖန်တည်း)ကာ အဘယ်ကြောင့် ပိတ်ပင်တားဆီးကြပါသနည်း။စင်စစ်တမူကား (အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ် မှန်ကန်ကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့ ကိုယ်တိုင်ပင်လျှင်အသိသက်သေများဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကိုမေ့လျော့ လျစ်လျူရှုတော်မူမည့် အရှင်လည်းမဟုတ်ချေ။

[100] အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား အသင်တို့ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြီးနောက်ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူများအဖြစ်သို့ပြန်လည်ရောက်ရှိစေကြကုန်အံ့။

[101] ၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။

[102] အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မုစ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။

[103] ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။

[104] ၎င်းပြင် အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခု ရှိရပေမည်။ ထိုအဖွဲ့အစည်းသည် (လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင် ကောင်းမြတ်သောအရာ များကို ညွှန်ကြားကြရမည်။၎င်းပြင် ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တားကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။

[105] ၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှစွာသော သက်သေသာဓကများရောက်ရှိလာပြီးသည့်နောက်တွင်လည်း (ဂုဏ်တု ဂုဏ်ပြိုင်ပြုလိုကြ၍) အချင်းချင်းကွဲလွဲခဲ့ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အဘို့သာ လျှင် ကြီးလေးသောအပြစ်ဒဏ်သည် ရှိပေသည်။

[106] ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော (သူတို့၏) မျက်နှာများမှာမူကား (ဣန္ဒြေကင်းမဲ့)လျက် မည်းနက်စွာ ရှိကြကုန်အံ့။ ထိုအခါ မည်းနက်သောမျက်နှာရှင်တို့အား အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊။သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ ငြင်းပယ်သွေဖယ်ခဲ့ကြသည့်အတွက် အပြစ်ဒဏ်၏ အရသာကို မြည်းစမ်းကြကုန်လော့ (ဟု မိန့်ကြားတော်မူပေမည်)။

[107] သို့ရာတွင် (ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၍)မျက်နှာသန့်ရှင်းကြည်လင် ဖြူစင်သောသူတို့မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၌ ရှိကြ၍ ထိုကရုဏာတော်၌ပင်ထာဝစဉ် တည်နေကြမည့်သူများ ဖြစ်ကြပေသတည်း။

[108] (အို-နဗီတမန်တော်) ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များတည်း။ ငါအရှင်မြတ်သည်ထိုမုခပါဌ်တော်များကို မှန်ကန်စွာဖြင့် အသင်အားကြားနာစေတော်မူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည်စကြာဝဠာ ခပ်သိမ်းတို့ကို အနည်းငယ်မျှပင် မတရားပြုရန်ကြံရွယ်တော်မူသည် မရှိချေ။

[109] ထို့ပြင်တဝ ကောင်းကင်ဘုံများနှင့် ပထဝီမြေဝယ် ရှိရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများသာ ဖြစ်ကြကုန်၏။ တဖန် အရေးကိစ္စဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြလတ္တံ့။

[110] (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။အကယ်၍သာ (အထက်)ကျမ်းဂန်ရရှိသူတို့သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူ တို့အနက်မှ(အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင်ထိုသူများအနက် အများဆုံးသော သူများမှာမူကားအမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ)သာ ဖြစ်ကြပေသတည်း။

[111] ယင်း(ကျမ်းဂန်ရရှိသော) သူတို့သည်(မည်မျှပင်ရန်ရှာကြသော်လည်း) အသင်တို့အား အနည်းငယ်မျှသောအန္တရာယ်ဖြစ်စေနိုင်ရုံမျှမှအပ ဆုံးရှုံးနစ်နာ ပျက်စီးလေအောင်အလျင်းပြုနိုင်ကြမည် မဟုတ်ချေ။ တဖန် အကယ်၍သာယင်းသူတို့ သည် (တဆင့်တိုး၍) အသင်တို့နှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမူ၊ ယင်းသူတို့သည် အသင်တို့ဘက်သို့ ကျောခိုင်း၍ ထွက်ပြေးကြလတံ္တ။ ထို့နောက် ယင်းသူတို့သည် (မည်သူတစုံတယောက်သောသူ၏) ကူညီစောင်မခြင်းကိုမျှ ခံကြရမည်မဟုတ်ပေ။

[112] ထိုသူတို့သည် မည့်သည့်နေရာ၌မဆို၊ အလ္လာဟ်အရှင်မြတ်နှင့်သော်လည်းကောင်း၊ လူတို့နှင့်သော်လည်းကောင်း၊ ပဋိညာဉ်ထားရှိသည်မှအပ နလေရာအရပ်တိုင်းတွင် ယင်းသူတို့အပေါ်၌ ဂုဏ်အသရေ သေးသိမ်ခြင်းသည်အတည်ပြုပြီးဖြစ်သည့်ပြင်၊ ယင်းသူတို့အား အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် သင့်ခဲ့ ချေပြီ။ ထိုမျှမက ယင်းသူတို့အပေါ်ဝယ် ဒုက္ခဆင်းရဲခြင်းသည်လည်း အတည်ပြုပြီး ဖြစ်ချေပြီ။ ဤ(ကဲ့သို့ ဂုဏ်အသရေ သေးသိမ်ခြင်း၊ အမျက်တော်သင့်ခြင်းနှင့် ဆင်းရဲခြင်းဒုက္ခခံစားရခြင်းတို့) အကြောင်းကားထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို မယုံမကြည်သွေဖည် ငြင်းပယ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား (မည်သည့် နည်းနှင့်မျှ) သတ်ဖြတ်ပိုင်ခွင့် မရှိဘဲလျက် မတရားသဖြင့်သတ်ဖြတ်လေ့ရှိခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။ (တဖန်) ဤ(ကဲ့သို့ ပြစ်မှုဒုစရိုက်များကျူးလွန်ခြင်း) အကြောင်းကား ယင်းသူတို့သည်အမိန့်တော်ကို မနာခံခဲ့ခြင်းကြောင့်လည်းကောင်း၊ စည်းကမ်းဖေါက်ဖျက် ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ဖြစ်ပေသတည်း။

[113] ယင်း (အထက်ကျမ်းဂန်ရရှိသော) သူတို့သည်အားလုံးမတူကြချေ။ (အမှန်စင်စစ် ထိုအထက်) ကျမ်းဂန်ရရှိသူတို့အနက်မှပင် (မှန်ကန်သော တရားလမ်းစဉ်၌) ဖြောင့်မတ်စွာ တည်တံ့နေသော လူစုတစ်စုသည်လည်း ရှိနေကြကုန်၏။ယင်းသူတို့သည် ညဉ့်ယံများ၌ အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။ 4င်းပြင်(အလ္လာဟ် အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်) ‘စဂျ်ဒဟ်’ ဦးချကြကုန်၏။

[114] (ထိုမျှမကသေးချေ၊) ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ယုံကြည်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကောင်းရာကောင်းကြောင်းများကိုလည်း ညွှန်ကြားကြကုန်၏။ ထိုနည်းတူစွာပင်ယင်းသူတို့သည် ဒုစရိုက်မှု (အရပ်ရပ်တို့)မှလည်း တားမြစ်ကြကုန်၏။ တဖန် ထိုသူတို့သည် (မိမိတို့ကိုယ်တိုင်လည်း) ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် သူ့ထက်ငါသာအောင် (အပတ်တကုတ်ကြိုးစားအားထုတ်၍) အဆောတလျင် ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ဤသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည် ကြကုန်သော သူမွန်သူမြတ်များ အနက်မှပင် ဖြစ်ကြကုန်၏။

[115] ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[116] ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။

[117] ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။

[118] ဂ။ အို - မုအ်မင်န် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ (မုစ်လင်မ်များ)အပြင် (အခြားမည်သူကိုမျှ) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော အတွင်းသိ ချစ်ဆွေအဖြစ် မပြုကြကုန်လင့်။ (အကြောင်းတမူကား) ထိုသူတို့ သည် အသင်တို့အား မကောင်းကြံစည်ရာ၌အကြံအစည် လျှော့ကြမည်မဟုတ်ချေ။ (အမှန်စင်စစ်) ယင်းသူတို့သည် အသင်တို့ ဒုက္ခကြီးစွာတွေ့ကြုံ ခြင်းကိုသာ နှစ်သက်ကြကုန်၏။ (သို့ကြောင့်) ရန်ငြိုးထားခြင်းသည် ယင်းသူတို့၏နှုတ်များမှ မုချထွက်ပေါ်လာခဲ့ချေပြီ။ တဖန် ယင်းသူတို့စိတ်နှလုံး များ၌ ကိန်းအောင်းလျက်ရှိသော အကြံအစည်များမှာမူ၊ သာ၍ပင် ကြီးမားလှတော့၏။ အကယ်၍သာ အသင်တို့သိနားလည်ကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှါ(ယင်းသူတို့ ရန်ငြိုးထားရှိကြောင်းနှင့်စပ်လျဉ်း၍)သက်သေသာဓက လက္ခဏာရပ်တို့ကို မုချထုတ်ဖေါ် မိန့်ကြားထင်ရှား စေတော်မူခဲ့ပြီ ဖြစ်ချေသတည်း။

[119] ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

[120] အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[121] (အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[122] ထိုအချိန်တွင် အသင်(မုစ်လင်မ်)တို့အနက်မှလူစုနှစ်စုကားအားလျှော့(၍လှည့်ပြန်ကြ)ရန် ကြံရွယ် ခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ထိုလူစုနှစ်စုလုံးကိုပင် စောင့်ရှောက် လျက် ရှိတော်မူခဲ့သည်။သို့ဖြစ်ရာ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သော မုအ်မာန် အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည်စိတ်ချ၍ အားကိုးအားထား)ပြုထိုက်ကြပေသတည်း။

[123] အသင်တို့သည် ဗဒ်ရ် (စစ်ပွဲ၌) အင်အား ချည့်နဲ့နေခိုက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဧကန်အမှန်ကူညီတော်မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များ ကိုသိတတ်ကြရာသတည်း။

[124] (အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက် ရှိခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့ကိုမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား (ထိုအရှင်မြတ် အထံတော်မှ) ဆင်းသက်စေတော်မူခြင်း ခံရလေ သော’မလာအိကဟ်’အပါးတော်စေတမန်သုံးထောင်ဖြင့် ကူညီစောင်မတော်မူခြင်းသည် အသင်တို့အဖို့ မလုံလောက်ပါသလော။

[125] အဘယ်ကြောင့် မလုံလောက်ပါမည်နည်း။ (မုချလုံလောက်ပေမည်)။ အကယ်၍ အသင်တို့သည် ခနီ္တတရားထားရှိကြပါလျှင်လည်းကောင်း၊ ထိုနည်း တူစွာ အသင်တို့သည်(မြစ်တားထားသောအချက်တို့မှ) ကြည်ရှောင်ကြ ပါလျှင် လည်းကောင်း၊ ထို့ပြင် ထို (ရန်)သူများသည် အသင်တို့ထံ ရုတ်တရက်တမဟုတ်ခြင်း လာရောက်(တိုက်ခိုက်)ကြပါလျှင် လည်းကောင်း၊ အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်သည်အမှတ်သညာ ထားရှိကြကုန်သော မလာအိကဟ် အပါးတော်စေတမန် ငါးထောင်ဖြင့် အသင်တို့အား ကူညီစောင်မတော်မူလတ္တံ့။

[126] အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်၏)ထို (ပြောကြားချက်) ကို အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း (ဖြစ်စေရန်)နှင့် ထို (ပြောကြားချက်ကို ကြားသိရခြင်း)အားဖြင့် အသင်တို့၏ စိတ်နှလုံးများတည်ငြိမ်ရန်အတွက်သာလျှင် ပြုတော်မူခဲ့လေသည်။ အမှန်စင်စစ် ကူညီမှုဟူသည်ကား တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော။ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အလ’ာဟအရှင်မြတ်၏အထံတော်မှသာလျှင် ဖြစ်ချေသည်။

[127] (င်းပြင် ယင်းသို့ ကူညီစောင်မတော်မူခြင်းသည်) ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ် ကြကုန်သောသူတို့အနက်မှတစ်စုကို ဖျက်စီးရန်အတွက် ဖြစ်ချေသည်။သို့တည်းမဟုတ် ယင်းသူအား ဂုဏ်ရည်သေးသိမ်စေရန်အတွက်ဖြစ်သည်။ သို့ဖြစ်ပေရာ ယင်းသူတို့သည် အလိုဆန္ဒမပြည့်ဝကြ ဘဲလျက် ပြန်လှည့်(ဆုတ်ခွာထွက်ပြေး)ကြရပေမည်။

[128] (အို- နဗီတမန်တော်) ဤကိစ္စနှင့်စပ်လျဉ်း၍အသင်တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိချေ။ ထိုအရှင်မြတ်သည် ထိုသူတို့ဖက်သို့ ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊ အဘယ်ကြောင့်ဟူမူ ထိုသူများသည်မုချဧကန် မတော်မတရားကျူးလွန်သောသူများဖြစ်ကြပေသည်။

[129] ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများချည်းသာတည်း။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို အပြစ်မှချမ်းသာပေးသနားတော်မူသည်။၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူကိုအပြစ်ပေးတော်မူလေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ အလွန်ချမ်းသာခွင့် ပေးသနားတော်မူထသောအရှင်၊ အစဉ်သနားကြင်နာ ညှာတာတော်မူထသောအရှင် ဖြစ်တော်မူပေသတည်း။

[130] အို- မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့။ အသင်တို့သည် ဆထက်တိုးပြီးဖြစ်သော၊ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။4င်းပြင် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေ ကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြ ကုန်အံ့။

[131] ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း) ကြဉ်ရှောင်ကြလေကုန်။

[132] ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို၎င်း၊ ရစူလ် တမန်တော်၏ဩဝါဒများကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကြင်နာ ညှာတာ တော်မူခြင်းကို ခံကြရလတ္တံ့။

[133] ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။

[134] ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။ လူသားတို့အား ခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။

[135] ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။

[136] ထိုသူတော်စင်တို့၏အကျိုးကား ယင်းသူတို့ အားမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ အပြစ်ချမ်းသာပေးသနားတော်မူခြင်းနှင့် ဥယျာဉ်များ ဖြစ်၏။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်း များစီးဆင်းလျက်ရှိ၏။ (ထိုသူတော်စင်များသည်)ထို ဥယျာဉ်များ၌ ထာဝစဉ် စံမြန်းနေထိုင်လျက်ရှိကြကုန်အံ့။ စင်စစ် ကောင်းမှုပြုလုပ်သောသူတို့၏ကုသိုလ် အကျိုးသည် အလွန်ကောင်းမြတ်လှပေသတည်း။

[137] ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။

[138] ဤသည်ကား လူခပ်သိမ်းတို့ (သိနားလည် နိုင်ရန်) အလို့ငှာ ရှင်းလင်းဖေါ်ပြချက်လည်းဖြစ်၏။ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ တရားဓမ္မ ညွှန်ကြားချက်များလည်းဖြစ်၏။ ဆုံးမဩဝါဒလည်းဖြစ်၏။

[139] ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။

[140] အကယ်၍ အသင်တို့၌ (အုဟုဒ် စစ်ပြေပြင်တွင်) တစုံတရာ ဒဏ်ရာဒဏ်ချက် ထိရောက်ခဲ့ပါလျှင် ယင်းကဲ့သို့ ဒဏ်ရာဒဏ်ချက်သည်ပင် (ဗဒ်ရ်စစ် မြေပြင်တွင်) ထိုရန်သူများ၌လည်း ထိရောက်ခဲ့ပြီး ဖြစ်ပေသည်။ (နိုင်တစ်ခါရှုံးတစ်လှည့်ဖြစ်သော) ဤခေတ်သမယများကို ငါအရှင်မြတ်သည်လူသား တို့စပ်ကြားတွင်လှည့်ပတ်ရောက်စေတော်မူသည်။(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်အီမာန်ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’တို့ကို သိရှိတော်မူရန် အလို့ငှာလည်းကောင်း၊ အသင်တို့အနက်မှ အချို့တို့ကို (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌) အသက်စွန့်သွားသော အာဇာနည်များအဖြစ် ပြုလုပ်တော် မူရန်အလို့ငှာလည်းကောင်း ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရား ကျူးကျော် စော်ကားသော သူများကိုနှစ်သက်တော်မူသည် မဟုတ်ချေ။

[141] ၎င်းပြင် (ယင်းကဲ့သို့ ပြုလုပ်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ အီမာန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသောသူတို့အား (ပြစ်မှုအပေါင်းတို့မှ) သန့်ရှင်း စင်ကြယ်စေတော် မူရန် အလို့ငှာလည်းကောင်း၊ ကာဖိရ်မယုံမကြည် သွေဖယ် ငြင်းပယ်သောသူများကို သုတ်သင်ရှင်းလင်းတော်မူရန် အလို့ငှာလည်းကောင်း၊ ဖြစ်ချေသတည်း။

[142] (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။ ထိုနည်းတူစွာ ခန္တီတရား ထားရှိသူတို့ကိုလည်း တွေ့ရှိတော်မမူသေးချေ။

[143] ၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မိမိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။

[144] အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။

[145] ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်၌မျှအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်ခွင့်မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက်) တ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားပြီးဖြစ်၏။ တဖန်မည်သူမဆို လောကီအကျိုးကို အလိုရှိ ခဲ့ပါမူ၊ ငါအရှင်မြတ်သည်(အလိုတော်ရှိပါလျှင်) ထိုသူအား လောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည် ထိုသူအား နောင်တမလွန်ဘဝ၏ အကျိုးကို ပေးသနားတော်မူအံ့။၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော သူတို့အားမကြာမီ အကျိုးပေးဆပ်တော်မူအံ့။

[146] ၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။

[147] ၎င်းပြင် ထိုသူတို့သည် (ယင်းကဲ့သို့ ဘေးအတန်တန်၊ ရန်အဖုံဖုံ၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြသောအခါတစ်စုံတစ်ရာ ငြီးငြူခြင်း မပြုဘဲ) ဤသို့သာလျှင် လျှောက်ထားကြကုန်သည်။အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ

[148] သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။

[149] အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။

[150] စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[151] မကြာမြင့်မီ ငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ စိတ်နှလုံးအတွင်းသို့အလွန်တရာကြောက်လန့်သော စိတ်ကိုထည့်သွင်းတော်မူအံ့။အကြောင်းသော်ကား ယင်းသူတို့သည် အကြင်အရာများကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခဲ့ကြ၏။ ထိုအရာများကို (တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ရန်အကြောင်း)နှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် မည်သည့် သက်သေသာဓကတစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ချမှတ်တော်မူခဲ့သည် မဟုတ်ချေ။၎င်းပြင် ယင်းသူတို့၏ နေထိုင်ရာဌာနသည် ငရဲမီးဘုံပင်ဖြစ်၏။စင်စစ် မတော်မတရား ပြုမူသူတို့၏ နေထိုင်ရာဌာနသည်အလွန်တရာ ဆိုးရွားလှ၏တကား။

[152] မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ မိမိထားရှိတော်မူခဲ့သော ကတိတော်ကို အတည်ဖြစ်စေတော်မူခဲ့ချေပြီ။ အကြင်အခါဝယ် အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် ထိုကာဖိရ်တို့အား သတ်ဖြတ်ချေမှုန်းနေကြကုန်၏။ နောက်ဆုံးတွင် အသင်တို့အား ထိုအရှင်မြတ်က အသင်တို့နှစ်သက်ကြကုန်သော (ဝါ)အောင် မြင်မှုကို(မျက်မြင်ကိုယ်တွေ့) ပြသတော်မူပြီးသည့်နောက် အသင်တို့သည် သူရသတိ္တ ညံ့ဖျင်းသွားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် (နဗီတမန်တော်မြတ်၏) အမိန့်တော်နှင့်စပ်လျဉ်း၍အချင်းချင်း အငြင်းပွားခဲ့ကြ၏။ (နဗီတမန်တော်မြတ်၏)အမိန့် တော်ကိုလည်း သွေဖည်ခဲ့ကြ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကူအညီကို ရုပ်သိမ်းထားတော်မူခဲ့လေသည်၊ အကြောင်းသော်ကား) အသင်တို့အနက် အချို့သည် လောကီ(အကျိုးစီးပွား)ကိုအလိုရှိ၏။ အချို့ကမူ နောင်တမလွန်ဘဝ(သုခချမ်းသာ)ကိုအလိုရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် အလို့ငှာထို(ရန်)သူတို့ကို (သုတ်သင်ရှင်းလင်းနေခြင်း)မှ အသင်တို့အားပြန်လှည့်စေတော်မူခဲ့လေသည်။ (ယခုမူကား) ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) မုချဧကန် ခွင့်လွှတ်တော်မူပြီး ဖြစ်လေပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န်ယုံကြည်ခြင်း သဒ္ဒါတရားထားရှိသူ တို့အဖို့ ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။

[153] (ပြန်လည်အောက်မေ့သတိရကြလေကုန်)တရံရောအခါ အသင်တို့သည် (အုဟုဒ် စစ်မြေပြင် မှ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်လှည့်၍ မကြည့်ဘဲ(ကိုယ်လွတ်ရုန်းကာ)ထွက်ပြေးနေကြလေသည်။ စင်စစ်(ထိုအခါ)ရစူလ်တမန်တော်သည် အသင်တို့နောက်မှ အသင်တို့အားဟစ်ခေါ်လျက် ရှိတော်မူခဲ့လေသည်။ (သို့ရာတွင် အသင်တို့သည် မလိုက်နာဘဲ ရစူလ်တမန်တော်ကို စိတ်ဆင်းရဲခြင်း ဖြစ်စေခဲ့ကြသည်။) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည်(နဗီတမန်တော်ကို အသင်တို့စိတ်ဆင်းရဲခြင်းဖြစ်စေခဲ့ကြသည့်အတွက်) အသင်တို့အားစိတ်ဆင်းရဲခြင်းအစား စိတ်ဆင်းရဲခြင်းကိုပင် ပေးတော်မူခဲ့လေသည်။သို့မှသာလျှင် အသင်တို့သည် (ဤသည်ကိုအကြောင်းပြု၍နောက်နောင်များတွင်) မိမိတို့ လက်လွတ်သွားသော ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၌ ဆိုက်ရောက်လာသောဘေးဒုက္ခများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူဆွေးကြမည်မဟုတ်ပေ၊ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[154] တစ်ဖန် (ယင်းကဲ့သို့) စိတ်ဆင်းရဲခြင်းဖြစ် ကြပြီးနောက် (စိတ်ချမ်းသာစေရန်) ထိုအရှင်မြတ်သည် အသင်တို့အပေါ် ၌ ဘေးရန်ကင်းငြိမ်းခြင်း တည်းဟူသော ငိုက်မျည်းခြင်းကို ချပေးတော်မူခဲ့လေသည်။ ယင်းငိုက်မျည်းခြင်းသည်အသင်တို့ အနက်မှ လူတစ်စုကို လွှမ်းမိုးခဲ့လေသည်။ သို့ရာတွင်(မုနာဖစ်က်မည်သော) လူတစ်စုမှာမူ၊ မိမိတို့၏ အသက်(ဘေးအန္တရာယ်)များကိုသာ စိုးရိမ်နေခဲ့ကြကုန်သည်။ ထိုသူတို့ကားအလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော၊ မိုက်မဲသော(ခေတ်က) ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြ ကုန်၏။ထိုသူတို့က အကျွန်ုပ်တို့၌ (ယခုတွေ့ကြုံနေ ရသော ကိစ္စနှင့်စပ်လျဉ်း၍) တစုံတရာ ပြောရေးဆိုခွင့် အမိန့်အာဏာများရှိပါသလား ဟုပြောဆိုကြ၏။ (အို-နဗီတမန်တော်) အမိန့်အာဏာ အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ဟု အသင် ပြောကြားပါလေ။ (စစ်စစ်အားဖြင့်) ထိုသူတို့သည်မိမိတို့စိတ်တွင်း၌ ထိမ်ချန်ထားရှိသမျှတို့ကို အသင့်အား (ပွင့်လင်းစွာ) ထုတ်ဖော်(ပြောဆို)ကြသည်မဟုတ်ပေ။ ယင်းသူတို့က အကယ်၍သာ အကျွန်ုပ်တို့၌ တစ်စုံတစ်ရာမျှသောအမိန့်အာဏာသည် ရှိခဲ့ပါမူ အကျွန်ုပ်တို့သည် ဤနေရာ (စစ်မြေပြင်)၌ အသတ်ခံကြရမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် မိမိတို့အိမ်များ၌ပင်ရှိနေကြသည့်တိုင်အောင် (ရှေးဦးမစွက) အသတ်ခံရန် သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ကြသောသူတို့မှာကား မိမိတို့အသတ်ခံရမည့်နေရာများသို့ မုချထွက်လာကြရမည်သာဖြစ်၏။ စင်စစ်သော်ကား (ယင်းကဲ့သို့ဖြစ်ခဲ့ရသည်မှာ) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ရင်များအတွင်း၌ရှိသော (ယုံကြည်မှု)ကိုစမ်းသပ်တော်မူခြင်းငှာလည်းကောင်း၊ အသင်တို့ စိတ်နှလုံးများ၌ရှိသော (အညစ်အကြေးတို့)ကို သန့်ရှင်းစင်ကြယ် စေတော်မူခြင်းငှာလည်းကောင်း၊ ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏) ရင်များအတွင်း၌ရှိသည့် အရာတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[155] အသင်တို့အနက်မှ အကြင်သူတို့သည် (မုတ်စ်လင်မ်နှင့်ကာဖိရ်) လူစုနှစ်စုတို့ တစ်ဘက်နှင့်တစ်ဘက် ရင်ဆိုင်တွေ့ဆုံ တိုက်ခိုက်ကြသောနေ့တွင် (စစ်မြေပြင်မှ) ဧကန်စင်စစ်ကျောခိုင်း၍ ပြန်လှည့် ဆုတ်ခွာသွားကြ၏။ (စင်စစ်တမူကား)ရှိုင်တွာန်သည် ထိုသူတို့ပြုကျင့်ခဲ့သောအချို့ပြုမူချက်များကြောင့်ပင် ထိုသူတို့ကို ခြေချော်အောင်ပြုလုပ်ခဲ့လေပြီ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ကား ထိုသူတို့အား အမှန်စင်စစ်ခွင့်လွှတ်တော်မူခဲ့လေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်မြတ်၊အလွန်တရာ ထောက်ထား ညှာတာ သည်းခံတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[156] အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှိကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။

[157] သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။

[158] ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။

[159] တဖန် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင် ထိုသူတို့နှင့်နူးညံ့(စွာဆက်ဆံ)ခဲ့လေပြီ။ အကယ်၍သာ အသင်သည်ကြမ်းတန်းသောသူ (လူမှုဆက်ဆံရေး၌) စိတ်သဘော ခက်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ၊ ထိုသူတို့သည် အသင်၏အပါးမှကစဉ့်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်း။ သို့ဖြစ်ရကား အသင်သည် ထိုသူတို့(၏ ချွတ်ယွင်းမှုများ)ကို ခွင့်လွှတ်ပါလေ။ (အလ္လာဟ်အရှင်မြတ်အထံတော်၌လည်း) ထိုသူတို့ အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးပါလေ။ ထိုမှတပါးတုံ အသင်သည် ရေးခွင့်ကိစ္စအဝဝနှင့်စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင်ဆွေးနွေးပါလေ။ (သို့ဆွေးနွေးတိုင်ပင်)ပြီးနောက် အသင်သည် (တစ်စုံတရာသော ကိစ္စနှင့်စပ်လျဉ်း၍) ပြုလုပ်ရန် စိတ်ပြဋ္ဌာန်းလိုက်သည့်အခါ အလ္လာဟ်အရှင်မြတ် အပေါ်ဝယ် ယုံကြည်စိတ်ချ လွှဲအပ်(၍ပြုလုပ်)ပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိအပေါ်ဝယ်) ယုံကြည်စိတ်ချ အားထားသောသူတို့ကိုချစ်ခင်တော်မူလေသတည်း။

[160] (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။

[161] ၎င်းပြင်၊ မည်သည့် နဗီတမန်တော်တစ်ပါးမျှထိမ်ချန်လျှို့ဝှက်ခြင်း (သစ္စာမဲ့ခြင်း) မရှိခဲ့ပြီ။ အမှန်စင်စစ်သော်ကား မည်သူမဆို ထိမ်ချန်လျှို့ဝှက်ခဲ့ပါမူ ထိုသူသည်ရှင်ပြန်ထမည့်နေ့တွင် မိမိထိမ်ချန်လျှို့ဝှက်သောအရာများကို(အလ္လာဟ် အရှင်မြတ်၏ရှေ့တော်မှောက်သို့) ယူဆောင်လာအံ့။ထို့နောက် လူတိုင်းသည် မိမိရှာဖွေဆည်းပူး ခဲ့သမျှ(သောကုသိုလ် အကုသိုလ်၏အကျိုး)ကို အပြည့် အစုံရရှိကြလတ္တံ့။၎င်းပြင် ထိုသူတို့သည် မတရား ပြုခြင်းကို အလျင်း ခံကြရမည်မဟုတ်ချေ။

[162] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်သောသူသည် အကြင် သူ(ယုတ်)ကဲ့သို့အဘယ်မှာလျှင် ဖြစ်နိုင်အံနည်း။ ထိုသူယုတ်သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုခံစားခဲ့ရ၏။ ထိုသူ၏ ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်၏။ ထိုငရဲဘုံသည် အလွန် ယုတ်ညံ့ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ပေသည်။

[163] ထိုသူတို့အဖို့ အလ္လာဟ်အရှင်မြတ်ထံတော်၌အဆင့်အတန်း အမျိုးမျိုး ရှိကြကုန်၏။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော ကိစ္စအရပ်ရပ် တို့ကို ခွဲခြားသိမြင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[164] အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့ထံသို့ ထိုသူတို့၏အ(မျိုးအစား)ထဲမှပင်အကြင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် မုချ ယင်းသူတို့အပေါ် (မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် ယင်းသူတို့ ရှေ့မှောက်ဝယ်အလ္လာဟ်အရှင်မြတ်၏ ဒေသနာ တော်များကိုလည်း ဖတ်ကြားလေသည်။ ထိုသူတို့အား (ပြစ်မှုဒုစရိုက်အပေါင်းတို့မှ) သန့်စင်အောင်လည်း ပြုချေသည်။ ၎င်းပြင် ယင်းသူတို့အား (အလ္လာဟ်အရှင်မြတ်၏) ကျမ်းဂန်တော်ကိုလည်းကောင်း၊ ထူးသောဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ သွန်သင်ပြသ သင်ကြားပို့ချလေသည်။ အမှန်စင်စစ် ၎င်းတို့သည် (ထိုရစူလ် တမန်တော်မပွင့်မီ) အလျင်က ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင်မုချဧကန် ရှိနေခဲ့ကြကုန်၏။

[165] တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။

[166] ၎င်းပြင် (အုဟုဒ်စစ်မြေပြင်ဝယ်) လူစုနှစ်စုတို့သည် တစ်စုနှင့်တစ်စု ရင်ဆိုင်ကြသောနေ့တွင် အသင်တို့၌ဆိုက်ရောက်ခဲ့သော ဆင်းရဲဒုက္ခသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (ဆိုက်ရောက်သောဆင်းရဲဒုက္ခပင်) ဖြစ်ပေသည်။ (ယင်းသို့ ဆိုက်ရောက်ခြင်းသည်ကား) အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူတို့အား သိရှိ တော် မူခြင်းငှာဖြစ်ပေသည်။

[167] ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြလေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။

[168] ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်စဉ်က) ကိုယ်တိုင် (မိမိတို့အိမ်များတွင်) ထိုင်နေခဲ့ကြပါလျက်(အုဟုဒ်စစ်မြေပြင်၌ကျဆုံးခဲ့သော) မိမိတို့၏ ညီသားအစ်ကိုများနှင့် ပတ်သက်ပြီး အကယ်၍သာ ထိုသူတို့သည် ကျွန်ုပ်တို့(ပြောစကား)ကို နာယူခဲ့ကြပါမူ (ယင်းကဲ့သို့) သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေတကား ဟု ပြောဆို (ဝေဘန်) ကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့ အား)သို့ဖြစ်လျှင် အကယ်၍သာ အသင်တို့သည် မှန်ကန်စွာပြောဆိုသူများဖြစ်ခဲ့ကြပါလျှင် မိမိ တို့ကိုယ်မှ ‘မရဏ’ သေခြင်းတရားကို ဖယ်ရှား ကြပါလေကုန် ဟု ပြောဆိုဖြေကြားပါလေ။

[169] ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌ (စစ်တိုက်စဉ်)အသတ်ခံရသော သူတို့ကို သူသေများဟူ၍ အလျင်း မထင်မှတ်ပါလေနှင့်။ (ထိုသူတို့ကား သူသေများ) အလျင်းမဟုတ်၊ စင်စစ်မှာမူကား ထိုသူများသည် ၎င်းတို့၏ အရှင်မြတ်အထံတော်ဝယ်အသက်ရှင်နေသော သူများပင်ဖြစ်ကြသည့်ပြင် (အလ္လာဟ်အရှင်မြတ်၏) ကျွေးမွေးတော်မူခြင်းကိုလည်း ခံကြရကုန်၏။

[170] ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။

[171] ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှစည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များ(ခံစားရသော)ကြောင့်လည်းကောင်း၊ ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်၏)ရက်ရောစွာ ပေးသနားတော်မူခြင်း(ကိုရရှိသော)ကြောင့် လည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် ယုံကြည်သောသူတို့၏အကျိုးကို ဖြုန်းတီးတော်မူမည် မဟုတ်သောကြောင့် လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။

[172] အကြင်သူတို့သည်(အုဟုဒ်စစ်မြေပြင်၌) ဒဏ်ရာဒဏ်ချက်များ ရရှိပြီးနောက်တွင် အလ္လာဟ် အရှင်မြတ်နှင့်ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို က်ခံနာယူခဲ့ကြကုန်သည်။ ထိုသူတို့အနက်မှ ကောင်းမြတ်သော အကျင့် အမူတို့ကိုကျင့်မူသည့်အပြင် (ပြစ်မှုဒုစရိုက်တို့မှလည်း) ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့မှာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ထူးမြတ်ကြီးကျယ် လှသောအကျိုးဆုလာဘ်သည် အသင့်ရှိပေသည်။

[173] ထို(သူတော်စင်)များကား ၎င်းတို့အား အချို့သူများက ဧကန်စင်စစ် ရန်သူတို့သည် အသင်တို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ကြရန်အလို့ငှါ (စစ်မက်ပစ္စည်း အားလုံးတို့ကို)မချွတ်ဧကန် စုဆောင်းထားရှိကြပြီး ဖြစ်လေသည်။ သို့ဖြစ်ရကား အသင်တို့သည် ယင်းသူတို့အား ကြောက်ရွံ့ (တိမ်းရှောင်)ကြလေကုန် ဟု ပြောဆိုလေသည်။ သို့တစေလည်း ၎င်းတို့၏ပြောဆိုမှုသည် (တစုံတရာ စိုးရိမ်ကြောင့်ကြစေခြင်း မရှိစေသည့်အပြင်) ထိုသူ (တော်စင်) တို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်ပွားများ စေခဲ့လေသည်။ ယင်း(သူတော်စင်) တို့ကမူ (ကြောက်ရွံ့စိုးရိမ်ကြမည့်အစား) ပြန်လည် ဖြေကြားကြသည်မှာ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့ (မှီခိုအားထားရန်) အလို့ငှါ လုံလောက်တော်မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် ယုံပုံအားထားရာ အကောင်းဆုံး အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟုတုံ့ပြန်ဖြေကြားခဲ့လေသတည်း။

[174] သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ များအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။

[175] ဤသည် ရှိုင်တွာန်မျှသာတည်း။ ထို ရှိုင်တွာန်သည် (အသင်တို့ထံ ယင်းကဲ့သို့ မဟုတ်မမှန်သောသတင်းများကို ပို့ဆောင်ခြင်းအားဖြင့်) အသင်တို့အား မိမိ အဆွေခင်ပွန်းတို့ကို ကြောက်ရွံ့စေလေသည်။ (တနည်း) မိမိအဆွေခင်ပွန်းတို့ကို ခြိမ်းခြောက်လေသည်။ သို့သော်လည်း အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်ယင်းသူတို့အား မကြောက်မရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။

[176] ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှပင် အကျိုးယုတ် နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် (မိမိ၏စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များအနက်မှ) မည်သည့် ဝေစုဝေပုံကိုမျှ ပေးသနားတော်မူရန်ရည်စူးတော် မမူချေ။ ၎င်းပြင် ထိုသူတို့အဘို့ (နောင်တမလွန်ဘဝတွင်) အလွန်ကြီးလေးသော အပြစ်ဒဏ်သည် လည်း(အသင့်)ရှိပေသည်။

[177] ဧကန်မလွဲ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား(တည်းဟူသောရတနာ)ဖြင့် သွေဖည်ငြင်းပယ်မှုကို လဲလှယ်ဝယ်ယူကြကုန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အားအနည်းငယ်မျှ အကျိုးယုတ်နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ချေ။ အမှန် စင်စစ်သော်ကား ယင်းသူတို့ အဖို့(နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သောအပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။

[178] ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။

[179] အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။

[180] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[181] အလ္လာဟ်အရှင်မြတ်သည် အကြင်သူတို့၏ပြောဆိုသောစကားကို ဧကန်စင်စစ် ကြားတော်မူခဲ့လေပြီ။ ထိုသူတို့က အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ဆင်းရဲတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် အကျွန်ုပ်တို့မူကား ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပေါများသူများပင် ဖြစ်ကုန်၏ ဟု ပြောဆိုခဲ့ကြလေသည်။ (သို့ပြောဆိုကြသည်ကို ကြားတော်မူသည့်အတိုင်း) ငါအရှင်မြတ်သည် ထိုသူတို့၏ ပြောဆိုချက်နှင့်တကွနဗီတမန်တော်များအား မည်သည့်အခွင့်အလမ်းမျှ မရှိဘဲလျက်(သက်သက်မတရားသဖြင့်) ထိုသူတို့၏ သတ်ဖြတ်ခြင်းကိုပါမုချအမှန် ရေးမှတ်တော်မူအံ့။ တဖန် ငါအရှင်မြတ်သည်(ထိုသူတို့အား ကိယာမတ် ခေါ်ရှင်ပြန်ထမည့်နေ့တွင်) အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီး (တည်းဟူသော)အပြစ်ဒဏ်၏ အရသာကို မြည်းစမ်း ကြလေကုန် ဟု မိန့်ကြားတော်မူလတ္တံ့။

[182] ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။

[183] (ထိုယဟူဒီများသည် အကြင်သူများပင် ဖြစ်ကြကုန်၏။) ထိုသူတို့က အကျွန်ုပ်တို့သည် မည်သည့်တမန်တော်တပါးကိုမျှ (ကောင်းကင်မှ) မီးစားသော အလှူဝတ္ထုတစ်စုံတစ်ရာကို ထို တမန်တော်သည် အကျွန်ုပ်ထံ မယူဆောင်လာသမျှ ကာလပတ်လုံး မယုံကြည်ကြရန် အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့အား မုချအမိန့်တော် ချမှတ်ထားတော်မူခဲ့လေသည် ဟု (မဟုတ်မမှန်လုပ်ကြံ) ပြောဆိုကြကုန်သည်။(သို့ဖြစ်၍ အို- နဗီတမန်တော် အသင်သည် ထိုသူတို့အားဟယ်-အချင်းတို့) အသင်တို့သည် အကယ်၍သာ သစ္စာဝါဒီမှန်ကန်စွာ ပြောဆို သူများဖြစ်ကြပါမူ အကျွန်ုပ်၏အလျင်မြောက်မြားစွာသော ရစူလ်တမန်တော်များသည် (အမျိုးမျိုးသော) တန်ခိုးပြာဋိဟာများနှင့်တကွ အသင်တို့ပြောဆိုသောအချက်ကိုပါ ယူဆောင်ကြွရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပါလျက်အသင်တို့သည် အဘယ်ကြောင့် ိုရစူလ်တမန်တော်များကိုသတ်ဖြတ်ခဲ့ကြပါသနည်း ဟု ပြောဆိုမေးမြန်းပါလေ။

[184] (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။

[185] သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။

[186] စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။

[187] ထို့ပြင်တဝ (အသင်တို့သည် ပြန်လည် အောက်မေ့သတိရရှိကြလေကုန်) အခါတစ်ပါး၌ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အလျင်) ကျမ်းဂန်ကို ချီးမြှင်ပေးသနားတော်မူခြင်းခံကြရသောသူတို့၏ထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူခဲ့လေသည်။ မုချဧကန် အသင်တို့သည် ယင်းကျမ်းဂန် (လာတရားဒေသနာတော်များ)ကို ထိမ်ချန်မထားကြဘဲလူသားတို့ (သိစိမ့်သော)ငှာ အတိအကျ ထင်ရှားစေကြရမည်။(သို့ရာတွင်) ထိုသူတို့သည် သို့(ပဋိညာဉ် ဝန်ခံချက်ထားရှိခဲ့ကြ)ပါလျက်နှင့်ပင်၊ ယင်းကျမ်းဂန်ကို မိမိတို့၏ ကျောနောက်သို့ပစ်ထားခဲ့ကြ၏။ ၎င်းပြင် အနည်းငယ်မျှသော အဘိုးအခနှင့်ယင်းကျမ်းဂန်(လာဒေသနာတော်များ)ကို ရောင်းစားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုသူတို့လဲလှယ်ဝယ်ယူကြကုန်သောအဖိုးအခသည် အလွန်တရာမျှပင် ယုတ်ညံ့သိမ်ဖျင်း လှပေသည်တကား။

[188] (အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။

[189] အမှန် စင်စစ်သော်ကား အာကာသကောင်းကင်များနှင့်ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စွမ်းဆောင်တော်မူနိုင်သော အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူပေသတည်း။

[190] ဧကန်စင်စစ် အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊ နေ့နှင့်ညဉ့်တို့၏ ပြောင်းလဲမှု၌လည်းကောင်း နိသမ္မဉာဏ်ရှင်များအဖို့(တစ်ဆူတည်းဖြစ်တော် မူသောအလ္လာဟ်အရှင်မြတ်အားထင်ရှားသိစေနိုင်သော)သက်သေသာဓကများ မုချရှိပေသည်။

[191] အကြင် နိသမ္မဉာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်း ကောင်း၊ လဲလျောင်းလျက်လည်းကောင်း (အခါခပ်သိမ်း)အောက်မေ့တသ သတိရကြ၏။ ၎င်းပြင် ထိုသူတို့သည်အာကာသ ကောင်းကင် ဘုံများနှင့် ကမ္ဘာမြေကိုဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ စဉ်းစားဆင်ခြင်(ကာဤသို့လျှောက်ထား)ကြ၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါ။

[192] အို-ကျွန်တော်မျိုးတို့၏အရှင်၊ ဧကန်မုချ အရှင်မြတ်သည် အကြင်မည်သူ့ကိုမဆို ငရဲမီးထဲသို့ ထည့်သွင်းတော်မူပါလျှင် အရှင်မြတ်သည် ထိုသူအား ုချဂုဏ်ရည်သေးသိမ်အောင်ပြုတော်မူချေပြီ။ ၎င်းပြင် မတရားကျူးလွန်သောသူတို့အဖို့ ကူညီ စောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှမ ရှိပါ။

[193] အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူသည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ။

[194] အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။

[195] သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။

[196] (အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။

[197] (အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်သည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။

[198] သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။

[199] ၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။

[200] အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် (ရန်သူတို့အား ခုခံကာကွယ်ရန်) အဆင်သင့် ရှိကြလေကုန်။ ထို့ပြင်တဝအသင်တို့သည် (အခါခပ်သိမ်း) အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ခန့်ညား ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

အမျိုးသမီးများ

Surah 4

[1] အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို (လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်း။ စောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[2] ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့် လဲလှယ်ခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန် ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။

[3] သို့ရာတွင် အကယ်၍ အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့် (ထိန်းမြားရာတွင် ထိုမိန်းကလေးတို့၏ အခွင့်အရေးများနှင့်) ပတ်သက်၍ တရားမျှတအောင် ပြုလုပ်နိုင်ကြမည်ဟုတ်ဟု စိုးရိမ်ကြသော် (ထိုမိန်းကလေးနှင့် မထိမ်းမြားကြနှင့်) မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ လေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (မိန်းမတစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်) ။ သို့မဟုတ်ပါမူ (တရားတော်အရ) မိမိတို့လက်အောက်ပိုင်ဆိုင်သော ကျွန်မိန်းမနှင့်ပင် တင်းတိမ်ကြရမည်။ ဤသည် အသင်တို့ စည်းကမ်းကျူးလွန်မှု မပြုကြရန် အနီးစပ်ဆုံး (အသင့်လျော်ဆုံးနည်းပင်) ဖြစ်ချေသည်။

[4] ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမတို့က ယင်း ‘မဟရ်’ အနက်မှ တချို့တစ်ဝက်ကို (သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း) အသင်တို့အဖို့ သဒ္ဓါစိတ်ကြည်ဖြူစွာနှင့် စွန့်လွှတ်ကြပါလျှင် အသင်တို့သည် (စွန့်လွှတ်သော) ထို ‘မဟရ်’ ကို အရသာရှိရှိ မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။

[5] ၎င်းပြင် အသင်တို့သည် မိမိတို့ (ထံ၌ ထိန်းသိမ်းထားသော ဖမဲ့ကလေးများ၏) ဥစ္စာပစ္စည်းများကို အသိအလိမ္မာ ဉာဏ်ပညာနည်းပါးသောသူတို့အား မပေးကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းများကို အသင်တို့အဖို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရင်းအနှီးအဖြစ် ပြုထားတော်မူသည်။ သို့ရာတွင် အသင်တို့သည် ထိုဥစ္စာပစ္စည်းများအနက်မှ ထိုသူတို့အား ကျွေးမွေးကြလေကုန်၊ ၎င်းပြင် ထိုသူတို့အား ဝတ်စားတန်ဆာ ဆင်ယင်ပေးကြလေကုန်။ ၎င်းပြင် ထိုသူတို့အား ကောင်းမွန်သောစကားကို ပြောဆိုသွန်သင် ဆုံးမကြလေကုန်။

[6] ၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။

[7] (ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ၎င်းပြင် (ကြီးငယ်မဆို) မိန်းမများအဖို့လည်း မိဘနှစ်ပါးနှင့် သွေးချင်းနီးစပ်သော ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ထို (အမွေပစ္စည်းသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဝေစုဝေပုံတစ်ရပ်ဖြစ်သတည်း။

[8] ၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မှောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။

[9] ၎င်းပြင် အကြင်သူများသည် ကြောက်ရွံ့ကြရပေမည်။ အကယ်၍ ထိုသူများသည် မိမိတို့နောက်၌ အင်အားချည့်နဲ့သောကလေးများကို စွန့်ထား (၍သေဆုံး) ကြရသည်ရှိသော် ထိုကလေးများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြပေမည်။ သို့ဖြစ်ပေရာ ထိုသူတို့သည် (ဖမဲ့ကလေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြရပေမည်။ ၎င်းပြင် (တရားမျှတသော) ဖြောင့်မတ်မှန်ကန်သော စကားကို ပြောဆိုကြရပေမည်။

[10] မုချဧကန် အကြင်သူများသည် ဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့် စားသုံးကြ၏။ မုချဧကန် ထိုသူများသည် မိမိတို့ဝမ်းတွင်းသို့ မီး (ကျီမီးခဲ) ကိုသာလျှင် (ထည့်သွင်း) စားသုံးကြ၏။ ၎င်းပြင် ထိုသူများသည် မကြာမြင့်မီအတွင်း အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲသို့ သက်ဆင်းဝင်ရောက်လာကြရပေမည်။

[11] (အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား၊ အသင်တို့၏ သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့) အမိန့်ပေးတော် မူလေသည်။ (သား) ယောက်ျားအတွက် (သမီး) မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ထပ်တူထပ်မျှ (ဝါ) ယောက်ျားကလေး၏ဝေစုဝေပုံမှာ မိန်းကလေး၏ဝေစုဝေပုံ၏ နှစ်ဆဖြစ်သည်။ တစ်ဖန် အကယ်၍ (သမီး) မိန်းမများသည် နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် (ကွယ်လွန်သူ) ထားရှိခဲ့သော (အမွေ) ပစ္စည်း၏ သုံးပုံနှစ်ပုံ ဖြစ်ပေသည်။ သို့ရာတွင် ယင်း (သမီး) မိန်းမသည် တစ်ဦးတည်းသာဖြစ်ခဲ့ပါမူ ၎င်း၏အဖို့ (ကွယ်လွန်သူထားရှိခဲ့သော အမွေပစ္စည်း၏) ထက်ဝက်ပင် ဖြစ်ချေသည်။ ၎င်းပြင် အကယ်၍ ယင်း (ကွယ်လွန် သူ) ၌ သားသမီး တစ်စုံတစ်ယောက် ရှိခဲ့ပါမူ ထို (ကွယ်လွန်) သူ၏ မိဘနှစ်ပါးတို့အနက် အသီးသီးတို့အတွက် (ကွယ်လွန်သူ၏ အမွေပစ္စည်းအနက်မှ) ခြောက်ပုံတပုံစီဖြစ်၏။ သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်) သူ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိ၍ မိဘနှစ်ပါးတို့သည် (သာလျှင်) ယင်း (ကွယ်လွန်သူ၏ အမွေကို ဆက်ခံခဲ့ကြပါမူ သို့ဖြစ်လျှင် ၎င်း (ကွယ်လွန်သူ) ၏ အမိအဖို့မှာ သုံးပုံတစ်ပုံဖြစ်သည်။ တစ်ဖန် (အကယ်၍) ယင်း (ကွယ်လွန်သူ) ၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမများလည်း ရှိကြပါသော် ထို (ကွယ်လွန်) သူ၏ အမိအဖို့ မှာကား ခြောက်ပုံတစ်ပုံသာဖြစ်၏။ (ယင်းကဲ့သို့ အမွေခွဲဝေခြင်းကိစ္စသည်) ထို (ကွယ်လွန်) သူ မှာကြားခဲ့သော သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်ပြီးနောက်၊ သို့တည်းမဟုတ် (ကွယ်လွန်သူ၏အပေါ်၌ တင်ရှိသော) ကြွေးမြီ ပေးဆပ်ပြီးမှသာလျှင် ခွဲဝေကြရမည်ဖြစ်သည်။ (စင်စစ်မှာမူကား) အသင်တို့၏အဖ (ဘိုး၊ ဘေး) များနှင့် အသင်တို့၏ သား (မြေး၊ မြစ်) များအနက် မည်သူသည် အကျိုးကျေးဇူးဖြစ်ထွန်းစေခြင်းတွင် အသင်တို့နှင့် အနီးစပ်ဆုံးဖြစ်သည်ကို အသင်တို့သည် မသိနိုင်ကြချေ။ (သို့ဖြစ်ပေရာ ဤအမွေခွဲတမ်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ (အသင်တို့၏ ကောင်းကျိုးကို ထောက်ထားကာ) ပြဋ္ဌာန်းပြီးဖြစ်သော တာဝန်တစ်ရပ်ပင်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[12] ၎င်းပြင် အသင်တို့အတွက် အကယ်၍သာ အသင်တို့၏ ဇနီးမိန်းမများ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့လျှင်၊ ထိုဇနီးမိန်းမများ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း၏ ထက်ဝက်ပင်ဖြစ်သည်။ တစ်ဖန် အကယ်၍ ယင်းဇနီးမိန်းမတို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါမူ အသင်တို့အတွက် ထိုဇနီးမိန်းမများထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ လေးပုံတစ်ပုံသာဖြစ်ချေသည်။ (သို့ရာတွင် ၎င်းအမွေပစ္စည်းတို့ကို) ထိုဇနီးမိန်းမများက မှာကြားခဲ့ကြသော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ထိုဇနီးသည်တို့အပေါ်ဝယ် တင်ရှိနေသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်တွင်လည်းကောင်း (ခွဲဝေရပေမည်) ။ ၎င်းပြင် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် မရှိခဲ့ပါလျှင်၊ အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများ အနက်မှ ၎င်းဇနီးမိန်းမတို့အတွက် လေးပုံတစ်ပုံသည် ဖြစ်သည်။ တစ်ဖန် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါသော် ထိုဇနီးမိန်းမတို့အတွက် အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း များအနက်မှ ရှစ်ပုံတစ်ပုံ (သာ) ဖြစ်သည်။ (သို့ရာတွင ယင်းအမွေပစ္စည်းတို့ကို) အသင်တို့မှာကြားခဲ့သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်း ကောင်း၊ (အသင်တို့အပေါ်ဝယ် တင်ရှိသော) ကြွေးမြီကို ပေးဆပ်ပြီးနောက်လည်းကောင်း ခွဲဝေရမည်။ ထို့ပြင်တဝ အမွေထားရှိခဲ့သော အကြင်ယောက်ျား တစ်ဦးတစ်ယောက်ဖြစ်စေ၊ အကြင်မိန်းမ တစ်ဦးတစ်ယောက်ဖြစ်စေ၊ (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ (သို့မဟုတ် ထိုသူမ) ၌ (မိတူဖကွဲ) ညီ (သို့မဟုတ် မောင် သို့မဟုတ်) အစ်ကို တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ (မိတူဖကွဲ) နှမ (သို့မဟုတ် ညီ သို့မဟုတ် အစ်မ) တစ်ဦးတစ်ယောက်သော်လည်းကောင်း ရှိခဲ့သော်၊ ထို (အစ်ကို၊ မောင်၊ နှစ်မ) နှစ်ဦးတို့အနက် အသီးသီးတို့အတွက် ခြောက်ပုံတစ်ပုံစီဖြစ်၏။ တစ်ဖန် အကယ်၍ ယင်း (မိတူဖကွဲ ညီအစ်ကို၊ မောင်၊ နှမ) တို့သည် တစ်ဦးထက်ပိုခဲ့ပါမူ ၎င်းတို့သည် သုံးပုံတစ်ပုံတွင် (ညီတူညီမျှသက်ဆိုင်သော) အစုရှင်များဖြစ်ကြကုန်၏။ (ယင်းသို့ ခွဲဝေခြင်းကို) မှာကြားပြီးဖြစ်သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ရှိသောကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ပေးဆပ်ရန်ရှိသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်လည်းကောင်း ပြုရပေမည်။ သို့ရာတွင် (မှာကြားသွားသူသည်) (သက်ဆိုင်ရာအမွေစားတို့အား မိမိမှာကြားခြင်းဖြင့် နစ်နာဆုံးရှုံးအောင် မဖြစ်စေခဲ့သည်ရှိသော်) ။ (ဤသည်ကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသော) အမိန့်တော်ပင်တည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အလွန်တရာမျှ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[13] ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် (သတ်မှတ်ပြဋ္ဌာန်းတော်မူသော) စည်းမျဉ်းဥပဒေများပင်တည်း၊ အမှန်သော်ကား အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့် တော်များကိုလည်းကောင်း လိုက်နာပါမူ ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ယင်းဥယျာဉ်များအောက်၌ စမ်းရေချောင်းများသည် စီးတွေလျက်ရှိသည်။ ထိုသူတို့သည် ၎င်းဥယျာဉ်များ၌ နေထိုင် စံမြန်းလျက်ရှိကြမည်။ အမှန်စင်စစ် ဤ (ကဲ့သို့ ဝင်ရောက်နေထိုင်စံမြန်းရခြင်း) သည်ကား ကြီးကျယ်လှစွာသော အောင်မြင်မှုပင်တည်း။

[14] သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူအံ့။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ် နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိအံ့။

[15] ထို့ပြင်တဝ အသင်တို့၏ ဇနီးမိန်းမတို့အနက်မှ အကြင်မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများအပေါ်၌ မိမိတို့အနက်မှ (ယောက်ျား) လေးယောက်တို့ကို သက်သေထားရှိကြလေကုန်။ အကယ်၍ ထိုသူလေးဦးတို့က (အမှန်အကန်) သက်သေခံခဲ့ကြပါမူ အသင်တို့သည် ယင်းမိန်းမတို့အား အိမ်များအတွင်း၌ ထိုသူမတို့ အသက်သေဆုံးသည့်တိုင်အောင်ဖြစ်စေ၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည် ထိုသူမတို့အဖို့ တစ်စုံတစ်ရာနည်းလမ်းကို ပြုလုပ်ပေးသည့်တိုင်အောင်ဖြစ်စေ အကျဉ်းချထားကြလေကုန်။

[16] ၎င်းပြင် အသင်တို့အနက်မှ အကြင်သူနှစ်ဦးတို့သည် ယင်းကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါမူ အသင်တို့သည် ထိုသူနှစ်ဦးကို ဒုက္ခပေးကြလေကုန်။ တစ်ဖန် အကယ်၍ ထိုသူတို့နှစ်ဦးသည် (နောင်တ တရားရရှိကာ မိမိတို့အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းငှါ) ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်သွားခဲ့ကြပါမူ အသင်တို့သည် ယင်းသူတို့နှစ်ဦး (အားဒုက္ခပေးခြင်း) မှ ရှောင်ရှားကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဝန်ချတောင်းပန်သူများဘက်သို့) အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသောအရှင်၊ အလွန်သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။

[17] အလ္လာဟ်အရှင်မြတ်အပေါ်၌ အကြင်သူတို့၏ ဝန်ချတောင်းပန်ချက်ကိုသာလျှင် သဘောတူလက်ခံတော်မူရန် တာဝန်ရှိပေသည်။ ထိုသူတို့သည် မသိမိုက်မဲမှုကြောင့် ဒုစရိုက်မှုကိုပြုမိကြ၏။ ထို့နောက် မကြာမီအတွင်း ထိုသူတို့သည် (သတိသံဝေဂ နောင်တရရှိကာ) ဝန်ချတောင်းပန်ကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ (ကရုဏာတော်နှင့်) ပြန်လှည့်တော်မူလေသည်။ စင်စစ် အလ္လာဟ်အရှင်အရှင်မြတ်သည် အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။

[18] သို့ရာတွင် အကြင်သူတို့အဖို့ ဝန်ချတောင်းပန်ချက်ကား မရှိပေ။ ထိုသူတို့သည် ဒုစရိုက်မှုများကို ပြုကျင့်လျက်ရှိကြ၏။ (ယင်းကဲ့သို့ ဒုစရိုက်မှုများတွင် နစ်မွန်းလျက်ရှိကြပေရာ နောက်ဆုံးတွင်) ထိုသူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရားသည် ရောက်ရှိလာလေတော့၏။ ထိုအခါ ထိုသူက “ကျွန်တော်မျိုးသည် ယခု မုချတောင်းပန်ပါပြီ” ဟု လျှောက်ထားလေသည်။ ၎င်းပြင် အကြင်သူများအဖို့လည်း ဝန်ချတောင်းပန်ခြင်းကား မရှိပေ။ ထိုသူများသည် ကာဖိရ်များအဖြစ်နှင့်ပင် သေဆုံးသွားကြ၏။ ဤသူများ (ကာဖိရ်များ) အဖို့ ငါအရှင်မြတ်သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော အပြစ်ဒဏ်ကို အသင့်ပြုလုပ်ထားတော်မူသည်။

[19] အို- သက်ဝင်ယုံကြည်သူ အပေါင်းတို့။ အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ပေးခဲ့ဖူးသော ပစ္စည်းအချို့အဝက်ကို ပြန်လည်၍ယူရန်အလို့ငှာ ထိုမိန်းမတို့အား (ထိမ်းမြားခြင်းမှ) ပိတ်ပင်တားဆီးခြင်းကိုလည်း မပြုကြလေနှင့်၊ သို့ရာတွင် ထိုမိန်းမများသည် ထင်ရှားသော စက်ဆုပ်ရွံ့ရှာဖွယ် အမှုကိစ္စကို ပြုကျင့်သည်ရှိသော် (အသင်တို့သည် ထိုမိန်းမတို့အား ထိမ်းမြားခြင်းမှ ပိတ်ပင်တားဆီးနိုင်ကြပေသည်။ ထိုမိန်းမတို့၏ ဥစ္စာပစ္စည်းကိုယူပိုင်ကြပေသည်) ။ ၎င်းပြင် အသင်တို့သည် ယင်းမိန်းမတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် ထိုမိန်းမတို့ကို မနှစ်ခြိုက်ကြပါမူ (ခန္တီတရားထားရှိကြကာ သည်းခံကြလေကုန်) ။ အကြောင်းသော်ကား အသင်တို့သည် တစ်စုံတစ်ရာကို မနှစ်ခြိုက်ကြငြားလည်း အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများ၌ များစွာသော ကောင်းမြတ်ခြင်းကို ပြုလုပ်တော်မူတန်ရာ၏။

[20] ထို့ပြင်တဝ အကယ်၍ အသင်တို့သည် (ပေါင်းသင်းဆက်ဆံခြင်းငှာ မဖြစ်နိုင်၍) ဇနီးမိန်းမတစ်ဦး (ကိုကွာရှင်းကာ ၎င်း) ၏နေရာ၌ အခြားမိန်းမတစ်ဦးကို ပြောင်းလဲ (ထိမ်းမြား) ရန် ကြံရွယ်ရည်စူး ကြပါမူ၊ အသင်တို့သည် ထို (ပထမ) ဇနီးသည်ကို ပစ္စည်းအမြောက်အမြား ပေးထားခဲ့ကြလင့်ကစား ထိုပစ္စည်းများအနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်၍ မယူကြကုန်လင့်။ အသင်တို့သည် (မိမိတို့ပေးခဲ့ပြီးဖြစ်သော) ပစ္စည်းများကို မဟုတ်မမှန်ပြောဆိုစွပ်စွဲ၍ ထင်ရှားသောပြစ်မှုကို (ကျူးလွန်ကာ) ပြန်၍ ယူလိုကြပါသလော။

[21] တစ်ဖန် အသင်တို့သည် ဥစ္စာပစ္စည်းများကို အဘယ်ကဲ့သို့ ပြန်၍ယူကြမည်နည်း။ ဧကန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး (အကြင်ဇနီးမောင်နှံအဖြစ် ပေါင်းသင်းဆက်ဆံ) ရောနှောစပ်ယှက်ပြီး ဖြစ်ကြသည့်ပြင်၊ ယင်းဇနီးမိန်းမတို့သည် (မိမိတို့၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍) အသင်တို့ထံမှ ခိုင်မာသောကတိသစ္စာ ပဋိညာဉ်ဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်ကြလေသတည်း။

[22] ၎င်းပြင် အသင်တို့သည် မိမိတို့၏ဖခင်များ ထိမ်းမြားခဲ့ကြကုန်သော မိန်းမတို့နှင့် ထိမ်းမြားခြင်းကို မပြုကြကုန်လင့်။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီ) လွန်ခဲ့သောအမှုများကား (လွန်ခဲ့လေပြီ။) အကြောင်းသော်ကား ယင်းအမှုကိစ္စသည် ဧကန်စင်စစ် ယုတ်မာမှုတရပ်ဖြစ်သည့်ပြင် စက်ဆုပ်ရွံရှာဖွယ်လည်းဖြစ်၏။ ဤမျှမက ယင်းကိစ္စသည် အလွန်ဆိုးရွားလှသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသေး၏။

[23] (အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့အဖို့ (နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းမပြုကြရန်) ဟရာမ်ဟူ၍ မြစ်တားထားပြီးဖြစ်သော မိန်းမများကား၊ အသင်တို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့၏ သမီးများသည်လည်းကောင်း၊ အသင်တို့၏အစ်မများ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ အရီးကြီး၊ အရီးကလေးသည်လည်းကောင်း၊ အသင်တို့၏ အမိကြီး၊ အမိထွေးတို့သည်လည်းကောင်း၊ ညီ (သို့မဟုတ်) အစ်ကို၏ သမီးများသည်လည်းကောင်း၊ အသင်တို့အား နို့ရည်တိုက်ကျွေးခဲ့ဖူးသော နို့ထိန်းသည် မိခင်တို့သည်လည်းကောင်း၊ အစ်မ၊ နှမ၏ သမီးများသည် လည်းကောင်း၊ နို့စို့ဖက်အစ်မ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးမိန်းမတို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့ ပေါင်းသင်းစပ်ယှက်ခဲ့ဘူးကြသော ဇနီးမိန်းမတို့မှ ပေါက်ဖွားကြကုန်သော အသင်တို့၏ရင်ခွင်၌ ကြီးပြင်းကြသော မိမိတို့၏ မယားပါသမီးများသည်လည်းကောင်း ဖြစ်ကြကုန်သတည်း။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်းဇနီးမိန်းမတို့နှင့် ပေါင်းသင်းစပ်ယှက်ခြင်းမပြုခဲ့ကြပါမူ (ထိုမယားပါသမီးများနှင့် ထိမ်းမြားခြင်းအားဖြင့်) အသင်တို့၌ အပြစ်တစ်စုံတစ်ရာမျှမရှိပေ။ ၎င်းပြင် အသင်တို့၏ သားရင်းတို့၏ ဇနီးမိန်းမတို့ (နှင့် ထိမ်းမြားခြင်း) သည်လည်းကောင်း၊ ညီအစ်မ နှစ်ယောက်တို့ကို (တစ်ချိန်တည်းထိမ်းမြား) ပေါင်းသင်းခြင်းသည်လည်းကောင်း၊ (မြစ်တားပြီးဖြစ်ပေသည်) ။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီက) ပြုခဲ့သည်တို့သည် (ခွင့်လွှတ်ပြီးဖြစ်ချေသည်) အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့မှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။

[24] ၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[25] သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်းမပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[26] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[27] အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။

[28] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။

[29] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် သဘောတူကျေနပ်မှုဖြင့် တစ်စုံတရာ ေရာင်းဝယ်ဖောက်ကားမှု ပြုလုပ်သည်မှတပါး မိမိ ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသောနည်းနှင့် စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[30] သို့ရာတွင် အကြင်သူသည် ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ မတော်မတရား ညှဉ်းပန်း နှိပ်စက်ခြင်းအားဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပါမူ၊ ငါအရှင်မြတ်သည် ထိုသူအား မကြာမြင့်မီ ငရဲထဲသို့ ထည့်သွင်းတော်မူအံ့။ အမှန်သော်ကား ဤ (ကဲ့သို့ ထည့်သွင်းခြင်း) သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအမှုပင် ဖြစ်ချေသည်။

[31] အို- ‘မုအ်မင်န်’ သင်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိမိတို့အား မြစ်တားပြီးဖြစ်သော၊ ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်၍နေကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့၏ (သေးငယ်သော) မကောင်းမှုဒုစရိုက်တို့ကို အသင်တို့မှ ကျေအေးစေတော်မူ၍ အသင်တို့အား ဂုဏ်သိန် ထူးကဲမွန်မြတ်သောဌာနသို့ ဝင်ရောက်စေတော်မူအံ့။

[32] ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အချို့ကို အချို့ထက် (အရည်အခြင်း၊ အဆင့်အတန်း) သာလွန်စေတော်မူခဲ့သည်ကို အသင်တို့သည် အာသာငမ်းငမ်း လောဘမရှိကြကုန်လင့်။ ယောက်ျားများအဖို့ ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသော ‘အမလ်’ ကျင့်ဝတ် (တို့၏ ကုသိုလ်အကျိုးဖြစ်သော) ဝေစုဝေပုံသည်ရှိ၏။ ထိုနည်းတူစွာ မိန်းမများအဖို့လည်း ယင်းမိန်းမတို့ ရှာဖွေဆည်းပူးခဲ့သော ‘အမလ်’ ကျင့်ဝတ် (တို့၏ ကုသိုလ်အကျိုးဖြစ်သော) ဝေစုဝေပုံသည်ရှိ၏။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အသနားခံကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။

[33] ထို့အပြင်တဝ မိဘနှစ်ပါးသည်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့သည်လည်းကောင်း ထားရှိခဲ့သော အမွေပစ္စည်းများနှင့်စပ်လျဉ်း၍ အားလုံး၌ (အသီးသီး အသက အသကသော) အမွေစားအမွေခံများကို ငါအရှင်မြတ်သည် သတ်မှတ်၍ထားတော်မူခဲ့လေပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ (၏ လက်ျာလက်များဖြင့်) ပဋိညာဉ်ထုံးဖွဲ့ထားသော သူတို့အားလည်း ၎င်းတို့၏ (ထိုက်သင့်သော) ဝေစုဝေပုံကို ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို (အကြွင်းမဲ့) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။

[34] အလ္လာဟ်အရှင်မြတ်သည် (ယောက်ျားနှင့်မိန်းမတို့အနက်) အချို့ကို (ယောက်ျားများကို) အချို့ထက် (မိန်းမများထက်) ပင် အရည်အချင်း၊ အဆင့်အတန်း၊ သာလွန်စေတော်မူခဲ့သောကြောင့် လည်းကောင်း၊ ယောက်ျားများသည် မိမိတို့၏ဥစ္စာပစ္စည်းများကို (မိန်းမတို့အား ကျွေးမွေးထောက်ပံ့ရာတွင်) သုံးစွဲသောကြောင့်လည်းကောင်း၊ ယောက်ျားများသည် မိန်းမတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြသည်။ သို့ဖြစ်ပေရာ သူတော်ကောင်းအမျိုးသမီးတို့သည် (လင်ခင်ပွန်းသည်တို့၏) အမိန့်ကို နာယူသူများသည်လည်းကောင်း၊ ဆိတ်ကွယ်ရာတွင် (လင်ခင်ပွန်းသည်တို့၏ ဥစ္စာပစ္စည်းနှင့် မိမိတို့၏ ကာယိန္ဒြေ သိက္ခာများကို) အလ္လာဟ်အရှင်မြတ်၏ (ကူညီ) စောင့်ရှောက်မှုဖြင့် ထိန်းသိမ်းသူများသည်လည်းကောင်း ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည် (အခြေအနေကို ထောက်ထားသုံးသပ် အကဲခပ်ခြင်းအားဖြင့်) အကြင်ဇနီးသည်တို့၏ သွေဖည်ပုန်ကန်မှုကို (အကယ်စင်စစ်) စိုးရိမ်ကြသော် (ဦးစွာပထမ) အသင်တို့သည် ယင်းမိန်းမတို့အား (ယဉ်ကျေးသိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမ ပဲ့ပြင်ကြလေကုန်။ ထို့နောက် (အကယ်၍ နာယူခြင်းမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား အိပ်ခန်းများတွင် (အိပ်ရာများတွင်တစ်ဦးတည်း ခွဲခွါ) စွန့်ပစ်ထားကြလေကုန်။ ထို့နောက် (အကယ်၍ လိမ္မာရေးခြားမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား (လွန်ကျူးခြင်းမရှိစေကြဘဲ ဆုံးမသောအနေနှင့်) ရိုက်နှက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုမိန်းမတို့သည် အသင်တို့၏အမိန့်ကို နာခံကြပါမူ အသင်တို့သည် ၎င်းတို့နှင့်ဆန့်ကျင်၍ မည်သည့်နည်းလမ်းကိုမျှ မရှာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်တော်မူသော၊ ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[35] ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် ယင်းဇနီးမောင်နှံနှစ်ဦးတို့၏ အကြားဝယ် (အကြီးအကျယ်) ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြပါသော် (၎င်းဇနီးမောင်နှံနှစ်ဦးတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းငှါ) ထိုလင်ယောက်ျား၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတစ်ယောက်ကိုလည်းကောင်း၊ ထိုဇနီးမိန်းမ၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတယောက်ကိုလည်းကောင်း၊ ခန့်အပ် (၍ ယင်းပြဿနာကိုဖြေရှင်းစေ) ကြလေကုန်။ အကယ်၍သာ ယင်း (ခုံသမာဓိလူကြီး) နှစ်ဦးတို့သည် (စိတ်ရောကိုယ်ပါ) ထိုဇနီးမောင်နှံနှစ်ဦးတို့၏ အခြေအနေကို ပြုပြင်ရန်အတွက် ရည်စူးကြပါသော် အလ္လာဟ်အရှင်မြတ်သည် ယင်း (ဇနီးမောင်နှံ) နှစ်ဦးတို့၏အကြားတွင် (မလွဲဧကန်) သင့်တင့်စေတော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် မချွတ်ဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှိသိတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်ပင် ဖြစ်တော်မူပေသတည်း။

[36] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံ အသင်တို့သည် အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) ဝေးလံသော (တစ်နည်း) ဆွေမျိုးတော်စပ်ခြင်းမရှိသော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (မိမိတို့နှင့်အတူ နေထိုင် သွားလာကြကုန်သော) အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့၏လက်အောက်ဖြစ်သော (ဝါ) မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့နှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံ ပြုစုကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသောသူ၊ ဝါကြွားပြောဆိုသောသူကို နှစ်သက်တော်မူသည်မဟုတ်ပေ။

[37] အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတစ်ပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့် ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက်ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကျေးဇူးကန်းသောသူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူသည်။

[38] ၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။

[39] ၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[40] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။

[41] တစ်ဖန် ငါအရှင်မြတ်သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။

[42] အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ရစူလ်တမန်တော်ကိုလည်း မထီမဲ့မြင်ပြုခဲ့ကြ၏။ ထိုနေ့တွင် ထိုသူတို့က ၎င်းတို့သည် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါလျှင် ကောင်းလေစွဟု တောင့်တကြမည်။ စင်စစ်သော်ကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မည်သည့်စကားကိုမျှ ဖုံးအုပ်ထားနိုင်ကြမည်လည်း မဟုတ်ချေ။

[43] အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မူးယစ်နေကြစဉ် မိမိတို့ (နှုတ်ဖြင့်) ထွက်ဆိုသောစကားကို ကောင်းစွာ မသိနားမလည်သမျှကာလပတ်လုံး ‘ဆွလာသ်’ ဝတ်ပြုမှု၏အပါးသို့ပင် မချဉ်းကပ်ကြလေနှင့်။ ထိုနည်းတူစွာ အသင်တို့သည်၊ ခရီးသည်အဖြစ်မှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဂျနာဗတ်’ ရေချိုးရန်တာဝန်ရှိသူများ ဖြစ်နေကြပါလျှင် ရေမချိုးသမျှကာလပတ်လုံး (ဆွလာသ်ဝတ်ပြုခြင်း၏အပါးသို့ ချဉ်းကပ်ခြင်းကို) မပြုကြကုန်လင့်။ (တစ်နည်း) အသင်တို့သည် ဖြတ်သန်းသွားလာခြင်းမှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဆွလာသ်’ ဝတ်ပြုရာဌာနဖြစ်သော ဗလီကျောင်းတော်၏အပါးသို့ မချဉ်းကပ်ကြလေနှင့်။ သို့ရာတွင် အသင်တို့သည် အကယ်၍ ဝေဒနာသည်များ၊ သို့မဟုတ် ခရီးသည်များဖြစ်ကြလျှင်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက်မှ တစ်ဦးတယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်လာခဲ့သည်ဖြစ်လျှင်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ ကြသည်ဖြစ်လျှင်လည်းကောင်း၊ ထိုအချိန်တွင် အသင်တို့သည် (ရေချိုးရန်အတွက်သော်လည်းကောင်း၊ ၀ဿူပြုရန်အတွက်သော်လည်းကောင်း) ရေမရရှိကြလျှင်လည်းကောင်း၊ အသင်တို့သည် စင်ကြယ်သောမြေဖြင့် တယမ်မွန်မ်ပြုကြလေကုန် (တယမ်မွန်မ်ပြုနည်းကား) အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကိုရိုက်ပုတ်၍) မိမိတို့၏မျက်နှာနှင့် လက်များကို ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[44] အသင်သည် ကျမ်းဂန်များအနက် တစ်စိတ်တစ်ဒေသကို ခြီးမြှင့်ပေးသနားတော်မူခြင်း ခံကြရကုန်သောသူတို့၏ (ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့သည် (လမ်းမှန်ကိုစွန့်၍) လမ်းမှားကို လိုက်စားကြသည်။ ၎င်းပြင် အသင်တို့လမ်းမှားခြင်းကိုလည်း လိုလားကြသည်။

[45] အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရန်သူများကို ကောင်းစွာ သိရှိတော်မူလေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ပြုစုစောင့်ရှောက်တော်မူသော မိတ်သဟာယအဖြစ်လည်း လုံလောက်တော်မူပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ကူညီစောင်မတော်မူသော အရှင်မြတ်အဖြစ်လည်း လုံလောက်တော်မူပေသတည်း။

[46] ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်၊ ဂိုင်ရမွတ်စ်မအင်န်’ ဟူ၍လည်းကောင်း၊ မိမိတို့၏လျှာများကို လိပ်ခေါက်ကာ ‘ရာအိနာ’ ဟူ၍လည်းကောင်း၊ ‘ဒီန်’ သာသနာကို ပုတ်ခတ်ထိပါးစေခြင်းအားဖြင့် ပြောဆိုလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် ‘စမစ်အ်နာ၊ ဝအတွာအ်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်’၊ ‘ဝါန်ဇုရ်နာ’ ဟူ၍လည်းကောင်း၊ ပြောဆို ခဲ့ကြပါမူ၊ မချွတ်ဧကန် ထိုသူတို့အဖို့ အကောင်းဆုံးနှင့် အမှန်အကန်ဆုံးပင် ဖြစ်ခဲ့ပေအံ့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ သွေဖည်ငြင်းပယ်မှုကြောင့်ပင် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေပြီ။ သို့ဖြစ်ပေရာ (ယင်းသူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှတစ်ပါး ကျန်ရှိသောသူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။

[47] အို- ကျမ်းဂန်ကို ခြီးမြှင့်ပေးသနားတော်မူခြင်းခံကြရကုန်သောသူအပေါင်းတို့၊ ငါအရှင်သည် (အသင်တို့၏) မျက်နှာများကိုဖျက်ဆီး၍ ကျောဘက်သို့ ပြန်လှည့်တော်မမူမီအလျင်၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ‘စဗ်တ်’ ခေါ် ဥပုသ်နေ့ကို ကျူးလွန်ဖောက်ဖျက်သောသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူဘိသကဲ့သို့ပင် ယင်း (‘အီမာန်’ သက်ဝင်ယုံကြည်မှုမရှိသော) သူတို့အားလည်း (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မမူမီအလျင်၊ အသင်တို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသော အကြင်ကျမ်းဂန် (ကုရ်အာန်) ကို (ဆောလျင်စွာ) သက်ဝင်ယုံကြည်ကြလေကုန်။ ထိုကျမ်းဂန် (ကုရ်အာန်) သည် အသင်တို့ထံ၌ရှိလေသော (မူရင်း) ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်ပြီး ဖြစ်သည်သာတည်း။

[48] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။

[49] (အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။

[50] (အို- နဗီတမန်တော်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို မည်ကဲ့သို့ ကြံဖန်လီဆယ်ပြောဆိုဝံ့ကြသည်ကို အသင်ရှုပါလေ။ အမှန်စင်စစ် ယင်း (ကဲ့သို့) လီဆယ်ပြောဆိုခြင်းသည်ပင်လျှင် (၎င်းတို့၏) ထင်ရှားလှစွာသော ပြစ်မှုဒုစရိုက်အဖြစ် လုံလောက်ပေသတည်း။

[51] (အို- နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့ (၏ဖြစ်အင်) ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတုများကိုလည်းကောင်း၊ ရှိုင်တွာန်ကိုလည်းကောင်း ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူတို့က ကာဖိရ်များနှင့်စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍ တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။

[52] ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေသည်။ အမှန်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ပါလျှင် အသင်သည် ထိုသူအားကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။

[53] သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော ဩဇာအာဏာများအနက်မှ) နှမ်းစေ့ခန့်မျှပင်၊ သူတစ်ပါးတို့အား ပေးကြလိမ့်မည်မဟုတ်ပေ။

[54] သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။

[55] သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ၎င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။

[56] စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[57] သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။

[58] (အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။

[59] အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် တစုံတရာကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့လည်းကောင်း၊ ပြန်လည်၍ ပို့သကြလေကုန်။ ဤ (သို့ ပြုလုပ်ခြင်း) သည်ကား (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံးဖြစ်သည့်အပြင်၊ (နောင်တမလွန်ဘဝ၌လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။

[60] (အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့က မိမိတို့သည် အသင့်ထံ ထုတ်ပြန်ပြီးဖြစ်သော (ကုရ်အာန်) ကျမ်းတော်ကိုလည်းကောင်း၊ အသင်၏အလျင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကျမ်းတော်များကိုလည်းကောင်း၊ မုချဧကန် သက်ဝင်ယုံကြည်ခဲ့ကြလေပြီ ဟု (ဟန်ဆောင်) ထုတ်ဖေါ်ပြောဆိုကြလေသည်။ (သို့တစေလည်း) ယင်းသူတို့သည် (မိမိတို့၏) အမှုအခင်းများကို ရှိုင်တွာန်ထံသို့ (သွားရောက်) တင်ပြလိုကြကုန်၏။ အမှန်စင်စစ်သော်ကား၊ ယင်းသူတို့သည် ထိုရှိုင်တွာန်ကို မယုံမကြည် သွေဖည်ငြင်းပယ်ကြရန် အမိန့်တော်ရရှိပြီး ဖြစ်ကြကုန်၏။ အမှန်သော်ကား ရှိုင်တွာန်သည် ၎င်းတို့အား ဝေးလံစွာသောလမ်းမှားသို့ ပို့ဆောင်လိုပေသတည်း။

[61] ၎င်းပြင် (တစ်ဦးတစ်ယောက်သောသူသည်) ထိုသူတို့အား “အသင်တို့သည် (တရားစီရင်ဆုံးဖြတ်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော တရားဓမ္မ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ဘက်သို့လည်းကောင်း၊ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း လာကြလေကုန်” ဟု ပြောဆိုသောအခါ၊ အသင်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့အား မိမိထံ (လာရောက်ခြင်း) မှ ဖဲကြဉ်သွေရှောင်ကြသည်ကို တွေ့မြင်ရပေအံ့။

[62] တစ်ဖန် ထိုသူတို့၌ မိမိတို့၏ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများကြောင့်ပင် တစ်စုံတစ်ရာ ဘေးဥပါဒ်အန္တရာယ်သည် ဆိုက်ရောက်လတ်သော် (ထိုသူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို (သို့ဖြစ်ကြပြီး) နောက် ထိုသူတို့ကား “ကျွန်တော်များသည် အကောင်းဖြစ်စေခြင်းနှင့် (အချင်းချင်း) စိတ်တူကိုယ်မျှ ဖြစ်စေခြင်းမှတစ်ပါး အခြား မည်သည်ကိုမျှ ရည်စူးခဲ့ကြသည်မဟုတ်ပါ” ဟူ၍ အလ္လာဟ်ရှင်မြတ်အား တိုင်တည်ကျိန်ဆိုလျက် အသင့်ထံ လာကြကုန်သတည်း။

[63] ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။

[64] အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် အကယ်၍သာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူပြုမိခဲ့ကြလျှင် အသင့်ထံလာကြ၍ အလ္လာဟ်အရှင်မြတ်ထံတော်၌ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော်၊ ၎င်းပြင် ရစူလ်တမန်တော်ကလည်း ၎င်းတို့အဖို့ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်အဖြစ်လည်ကောင်း တွေ့ရှိကြရမည်မှာ မလွဲဧကန်တည်း။

[65] သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ) လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။

[66] ၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည် မိမိတို့ (နေရင်း) ဒေသများမှ ထွက်ခွာသွားကြလေကုန်” ဟူ၍သော်လည်းကောင်း (အမိန့်တော်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ပါလျှင် ထိုသူတို့အနက်မှ အနည်းငယ်မျှသောသူတို့မှတစ်ပါး အခြားသူတို့မှာမူကား၊ ထိုပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည်၊ ၎င်းတို့ဆုံးမခြင်းခံကြရသော အမှုကိစ္စများကို လိုက်နာဆောင်ရွက်ကြပါမူ (ယင်းသို့ လိုက်နာဆောင်ရွက်ခြင်းသည်ကား) ၎င်းတို့အဖို့ အကောင်းဆုံးဖြစ်ခဲ့သည့်အပြင်၊ (၎င်းတို့၏‘အီမာန်’ ယုံကြည်မှုကို) ပိုမို၍ပင် ခိုင်မြဲစေမည်လည်း ဖြစ်အံ့သတည်း။

[67] ၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။

[68] ထိုမှတစ်ပါး၊ ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ကိုလည်း ညွှန်ကြားပြသတော်မူပေမည်။

[69] အမှန်စင်စစ်သော်ကား၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ (အမိန့်တော်များ) ကိုလည်းကောင်း လိုက်နာအံ။ ယင်း (ကဲ့သို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော နဗီတမန်တော်များ၊ ‘ဆွစ်ဒ္ဒီက်’ တိကျမှန်ကန်စွာ ပြောဆိုပြုလုပ်ဆောင်ရွက်သူများ၊ ‘ရှဟီဒ်’ အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ အသက်ဇီဝိန်ကိုစွန့်သူ များ၊ ‘ဆွာလိဟ်’သူတော်စင် သူတော်ကောင်းများနှင့် အတူတကွရှိကြလတ္တံ့။ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြတ်လှစွာသော ‘မိတ်သဟာရ’ အဖော်အဖက်များ ဖြစ်ကြပေသနည်း။

[70] ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။

[71] အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ (ကြိုတင်) ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြလေကုန်။ (တစ်နည်း- အသင်တို့သည် မိမိတို့၏လက်နက်များကို စွဲကိုင် ထားကြလေကုန်။) ထို့နောက် အသင်တို့သည် (ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) အစုလိုက် ချီတက်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စည်းတစ်လုံးတည်း ချီတက်ကြလေကုန်။

[72] ၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်) လေသည်။ တစ်ဖန် အကယ်၍ အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့မူ ထိုသူက “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့) လိုက်ပါသွားခြင်းမရှိခဲ့ပြီ” ဟု ပြောဆိုလေသည်။

[73] သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘူးသည့်အလား၊ ဪ- ကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့လိုက်ပါသွားသည်) ဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား။ သို့ (လိုက်ပါသွားခဲ့) ပါလျှင်၊ ကျွန်ုပ်သည်လည်း (၎င်းတို့ကဲ့သို့ပင်) ကြီးကျယ်လှစွာသော အောင်မြင်မှုကို ရရှိချေမည်တကား”ဟု ဧကန်မလွဲ (ဟစ်ကြွေး) ပြောဆိုလေသတည်း။

[74] သို့ဖြစ်ပေရာ ပစ္စုပ္ပန်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းချကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရပေမည်။ (တစ်နည်း- သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြင်သူများနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရပေမည်။ ထိုသူတို့သည် မျက်မှောက်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြ၏) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်အံ့။ ထို့နောက် သို့တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူ့အား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။

[75] စင်စစ်ဆိုသော် အသင်တို့၌ မည်သည့်အကြောင်းရှိချေသနည်း။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌လည်းကောင်း၊ အကြင် အင်အားချည့်နဲ့သော ယောက်ျား၊ မိန်းမနှင့် ကလေး သူငယ်တို့ (အား ကယ်တင်ရန်) အလို့ငှာလည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း မပြုကြချေ။ ထို (ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်) တို့သည်ကား၊ “အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤအကြင်မြို့ရွာမှ ထုတ်ဆောင်တော်မူပါ။ ထို မြို့ရွာသူမြို့ရွာသားများသည် မတရား နှိပ်စက်ညှဉ်းပန်းသူများဖြစ်ကြပါ၏။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ အဆွေခင်ပွန်းတစ်ဦးဦးကို ဖန်တီး၍ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ ကာကွယ်စောင့်ရှောက်မည့်သူ တစ်ဦးဦးကိုလည်း ဖန်တီး၍ပေးသနားတော်မူပါ” ဟုလျှောက်ထားပန်ကြားလျက် ရှိကြကုန်သတည်း။

[76] မုအ်မင်န်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ၏။ ကာဖိရ်တို့သည်မူကား ‘တွာဂူတ်’၏လမ်း၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရှိုင်တွာန်၏အဆွေခင်ပွန်းတို့ကို တိုက်ခိုက်ကြကုန်၏။ မုချဧကန် ရှိုင်တွာန်၏ပရိယာယ်သည် ချည့်နဲ့လှပေသည်။ (တစ်နည်း ပေါ့ပျက်လှပေသည်။) (ရကူ ၇၊ ၇)

[77] (အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ (ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် အမိန့်မကျရောက်မီက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန် အလွန် စိတ်အားထက်သန်နေကြသဖြင့်) ၎င်းတို့အား “အသင်တို့သည် မိမိတို့လက်များကို (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားရှိကာ ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်၍နေကြကုန်။ ၎င်းပြင် ‘ဇကာသ်’တရားဝင်ဒါနကြေး ပေးဆောင်နေကြကုန်” ဟု ပြောခဲ့ဖူးလေသည်။ တစ်ဖန် ထိုသူတို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် (အမိန့်တော်သည်) အတည်ဖြစ်လာခဲ့သောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဘိသကဲ့သို့ပင် လူတို့ကို ကြောက်ရွံ့လာကြရုံမျှမက အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို၍ ကြောက်ရွံ့လာကြကုန်၏။ ၎င်းပြင် ထိုသူတို့က ပြောဆိုခဲ့ကြသည်မှာ “အို- ကျွန်တော်မျိုးတို့၏အရှင်၊ အရှင်မြတ်သည် မည်သည့်အတွက်ကြောင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ကျွန်တော်မျိုးတို့အပေါ်၌ သတ်မှတ် အတည်ပြုတော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထပ်မံ၍ ရက်အနည်းငယ် ရွှေ့ဆိုင်းပေးတော်မူခဲ့ပါလျှင် တော်လေစွတကား” ဟု လျှောက်ထားပန်ကြားခဲ့ကြကုန်သည်။ (အို- နဗီတမန်တော်) အသင်သည် (ယင်းတို့အား) လောကီအကျိုးခံစားမှုသည် ခေတ္တခဏမျှအဖို့သာဖြစ်၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူ (တော်စင်) များအဖို့ နောင်တမလွန်ဘဝ (၏အကျိုးကျေးဇူးများ) သည်သာလျှင် အမွန်အမြတ်ဆုံးဖြစ်ပေသည်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ဆံခြည်ခန့်မျှပင် မတော်မတရားနှိပ်စက်မှုကို ခံကြရမည်မဟုတ်ပေ ဟု ပြောကြားပါလေ။

[78] အသင်တို့သည် မည်သည့်နေရာ၌ပင် ရှိစေကာမူ၊ မရဏသေခြင်းတရားသည် အသင်တို့ထံ ရောက်ရှိလာအံ့။ အကယ်၍ အသင်တို့သည် အလွန်ခိုင်ခံ့လုံခြုံသော ခံတပ်ရဲတိုက်များအတွင်း (ပုန်းအောင်းခိုလှုံ၍) ရှိနေကြသော်လည်း (မရဏသေခြင်းတရားမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ချေ။) ၎င်းပြင် အကယ်၍ ယင်း (အယောင်ဆောင် မွတ်စ်လင်မ်) တို့၌ တစ်စုံတရာ ကောင်းခြင်းမင်္ဂလာ ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့က “ဤကား အလ္လာဟ်အရှင်မြတ်အထံတော်မှဖြစ်သည်” ဟု ပြောဆိုလေ့ရှိကြကုန်၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌ အမင်္ဂလာတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သော် “ဤသည်ကား အသင့်အတွက်ကြောင့်ဖြစ်သည်” ဟု ပြောဆိုလေ့ရှိကြကုန်သည်။ အို- (နဗီတမန်တော်) အသင်သည် (ထိုသူတို့အား မင်္ဂလာ၊ အမင်္ဂလာဟူသမျှ) အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှပင်ဖြစ်သည်ဟု (ပြန်လည်၍) ဖြေကြားပါလေ။ သို့ဖြစ်ပေရာ ဤသူတို့သည် အဘယ်ကဲ့သို့သောအဖြစ်၌ ဆိုက်ရောက်နေကြသနည်း။ ထိုသူများသည် မည်သည့်အတွက်ကြောင့် မည်သည့်စကားကို နားမျှမလည်ဘဲ ရှိကြပါနည်း။

[79] (အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌ ဆိုက်ရောက်သမျှသော ဒုက္ခဟူသရွေ့တို့သည် မိမိ (အပြုအမူတို့) ကြောင့်သာဖြစ်၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့ထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် (အသင် ရစူလ်တမန်တော်မြတ်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍) သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

[80] မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသည်မည်၏။ သို့ရာတွင် မည်သူမဆို (အသင်၏ အမိန့်များကို သွေဖည်၍) မျက်နှာလွှဲဖယ်သွားခဲ့ပါမူ (အသင်၏တာဝန်မဟုတ်ချေ) ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ (တာဝန်ခံ) အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခဲ့သည်မဟုတ်ပေ။

[81] ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်) လိုက်နာရန်သာရှိသည် ဟု ပြောဆိုလေ့ရှိကြကုန်၏။ တစ်ဖန် အသင်၏ထံမှ ထွက်ခွာသွားကြသောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် မိမိတို့ပြောဆိုခဲ့ကြသော အချက်များနှင့် ဆန့်ကျင်သောကိစ္စများကို ညဉ့်အချိန်၌ တိုင်ပင်ဆွေးနွေးကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့ ညဉ့်အချိန်၌ဆွေးနွေးကြသောကိစ္စများကို ရေးသားလျက်ရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်စိတ်ချ အားထား၍နေပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူပေသတည်း။

[82] ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။

[83] ထိုမှတစ်ပါးတုံ ၎င်းတို့ထံ စိတ်အေးဖွယ်ရာသော သတင်းတစ်ရပ်ရပ်၊ သို့မဟုတ် ကြောက်ရွံ့စိုးရိမ်ဖွယ်ရာသော သတင်းတစ်ရပ်ရပ်ရောက်ရှိလတ်သော်၊ ထိုသူတို့သည် ၎င်းသတင်းကို (စဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ ချက်ခြင်းပင်) ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် ဩဇာအာဏာရှိသူများထံသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြပါမူ ထိုသူတို့အနက်မှ နက်နဲစွာ စဉ်စားဆင်ခြင်တတ်သောသူတို့သည် ထိုသတင်း (၏အခြေအမြစ်) ကို မလွဲဧကန် (ဝေဖန်ပိုင်းခြား၍) သိရှိကြပေမည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော်သည် မရှိခဲ့ပါမူ အနည်းငယ်သောသူတို့မှအပ အသင်တို့ (အားလုံး) သည် ရှိုင်တွာန်၏နောက်သို့ မုချ လိုက်ခဲ့ကြမည်သာတည်း။

[84] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။

[85] မည်သူမဆို ကောင်းမြတ်သော (ကိစ္စတွင်) ကြားဝင်တိုက်တွန်းအံ့။ ပါဝင်ဆောင်ရွက်မှုကိုပြုအံ့။ ထိုသူ၏အဖို့ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏ ဝေစုဝေပုံသည် ရှိအံ့။ ထိုနည်းတူစွာ မည်သူမဆို ဆိုးယုတ်သောအမှုကိစ္စဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်မှုကိုပြုအံ့၊ ထိုသူ၏အပေါ်၌ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏တာဝန်သည် ရှိအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[86] တစ်ဖန် အသင်တို့သည် တနည်းနည်းအားဖြင့် (စလာမ်မေတ္တာပို့သလျက်) နှုတ်ခွန်းဆက်သခြင်းကို ခံကြရသောအခါ၊ အသင်တို့သည် ထိုနှုတ်ခွန်းဆက်သခြင်းခံကြရသည်ထက် ပိုမို၍ ကောင်းမြတ် သောနည်းမျိုးဖြင့် (စလာမ်မေတ္တာပို့၍) နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ်ထို (နှုတ်ခွန်း ဆက်ခြင်းခံကြရသည်) အတိုင်းပင် တုံ့ပြန်ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စစ်ဆေးတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[87] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အလျင်းမရှိပေ။ ထိုအရှင်မြတ်သည် မုချ အသင်တို့ကို‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် စုရုံးစေသော်မူအံ့။ ဤအရာ၌ ဒွိဟသံသယ အလျင်းမရှိရပေ။ စင်စစ်သော်ကား စကားအရာ၌ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာပြောဆိုသောသူ မည်သူရှိပါမည်နည်း။

[88] သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။

[89] ၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။

[90] သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။

[91] အသင်တို့သည် အခြားသူတို့ကိုလည်း မကြာမြင့်မီ တွေ့ရှိကြလတ္တံ့။ ထိုသူတို့သည် အသင်တို့၏ဘေးရန်များမှလည်းကောင်း၊ မိမိတို့လူမျိုးဖြစ်သော ကာဖိရ်တို့၏ ဘေးရန်များမှလည်းကောင်း၊ လွတ်ကင်းချမ်းသာစွာနေလိုကြ၏။ (သို့ရာတွင်) ထိုသူတို့သည် မည်သည့်အခါမျိုးမဆို စစ်တိုက်ခိုက်မှုတွင် ကာဖိရ်တို့၏ ပြန်လည်သိမ်းသွင်းခြင်းကို ခံကြရသော်၊ ထိုစစ်တိုက်ခိုက်မှုဘက်သို့ပင် ပြန်လှည့်တတ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍သာ ၎င်းတို့သည် အသင်တို့ (နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်း) မှ ဆုတ်ခွာ၍မနေခဲ့သည်ရှိသော်၊ ၎င်းပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်းမပြုခဲ့သည်ရှိသော်၊ ၎င်းပြင် မိမိတို့လက်များကို (အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားခြင်း မပြုခဲ့ကြသည်ရှိသော် အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။ ဤသူတို့အပေါ်၌ပင်လျှင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှားသောအခွင့်အာဏာ၊ တန်ခိုးသတ္တိ၊ နိုင်နင်းမှုကို ပေးသနားတော်မူခဲ့လေသည်။ (ရကူ)

[92] ၎င်းပြင် မှားယွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။

[93] သို့ရာတွင် အကြင်သူသည် မွတ်စ်လင်မ်စ်တစ်ဦးတစ်ယောက်ကို တမင်သက်သက် ကြံစည်သတ်ဖြတ်ခဲ့ပါမူ ထိုသူ၏အပြစ်သည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်သည်။ (ထိုသူသည်) ယင်း‘ဂျဟန္နမ်’ ငရဲဘုံ၌ အစဉ်အမြဲလားရမည်။ ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အပေါ်၌ အမျက်တော်ထားတော်မူအံ့။ ထိုသူအား ကရုဏာတော်မှလည်း ကင်းဝေးစေတော်မူအံ့။ ထိုသူ၏အဖို့ ကြီးလေးသောပြစ်ဒဏ် တော်ကိုလည်း အဆင်သင့်ပြုထားတော်မူလတ္တံ့။

[94] အို-‘မုအ်မင်န်’ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းငှာ) ခရီးထွက်ကြသောအခါ (ရန်သူနှင့်မိတ်ဆွေကို ခွဲခြား၍သိသာရန်) စီစစ် ရှာဖွေစုံစမ်းကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား‘စလာမ်’ (မေတ္တာ) ပို့သ (ကာ မိမိကိုယ်ကို မွတ်စ်လင်မ်ဖြစ်ကြောင်း ထင်ရှားစေ) သောသူကို အသင်သည် ‘မုအ်မင်န်’ မဟုတ်ဟု မပြောကြကုန်လင့်။ အသင်တို့သည် လောကီဥစ္စာ ပစ္စည်းစည်းစိမ်များကို ရှာဖွေကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ (တရားသဖြင့် သုံးစွဲနိုင်သော) လက်ရပစ္စည်းများသည် ပေါများစွာ ရှိကုန်၏။ အသင်တို့သည်လည်း ယခင်မူလက ထိုကဲ့သို့ ပင် (မိမိတို့ မွတ်စ်လင်မ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ နှုတ်ဖြင့် ကလိမဟ်ရွတ်ဖက်ခြင်းကိုပင် အမှီသဟဲပြုကြရသူများ) ဖြစ်ခဲ့ကြ၏။ ထို့နောက် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စီစစ်ရှာဖွေ စုံစမ်းကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူကြကုန်သော အမှုကိစ္စတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[95] ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ (ချည့်နဲ့ကျိုးကန်း မစွမ်းမသန်သော) ဒုက္ခိတများမဟုတ်ဘဲ (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေသောသူတို့နှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့သည် တူညီကြသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင်တိုက်ကြကုန်သောသူတို့အား (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေကြကုန်သောသူတို့ထက် ဂုဏ်ရည် အဆင့်အတန်းအားဖြင့် မြင့်မြတ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုင်၍နေသူများနှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူများ) အားလုံးတို့ကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ပဋိညာဉ် ထားရှိတော်မူပြီးဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့အား (မိမိတို့အိမ်တွင်း၌ အငြိမ်း) ထိုင်၍နေသောသူတို့ထက် ကြီးကျယ်သော အကျိုးကျေးဇူး (ချီးမြှင့်တော်မူခြင်း) အားဖြင့် မြင့်မြတ်စေတော်မူခဲ့လေပြီ။

[96] အလ္လာဟ်အရှင်မြတ်အထံတော်မှ ဂုဏ်ရည်အဆင့်အတန်း အမျိုးမျိုးတို့ကို ချီးမြှင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကရုဏာ ပြုတော်မူခြင်းအားဖြင့်လည်းကောင်း (ထိုသူတို့အား မြင့်မြတ်စေတော်မူခဲ့လေပြီ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[97] ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’ ကောင်းကင်တမန်တော်တို့က (ဤသို့) စစ်ဆေးမေးမြန်းကြကုန်အံ့။ “အသင်တို့သည် မည်သည့်ကိစ္စမျိုး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့်အဖြစ်မျိုး၌ ရှိခဲ့ကြသနည်း။” (ထိုအခါ) ၎င်းတို့က (ဤသို့) ဖြေကြားကြလတ္တံ့။ “ကျွန်တော်မျိုးတို့သည် (ထို) တိုင်းပြည်ဒေသ၌ ဖိနှိပ်ချုပ်ချယ်မှု ခံနေရသူများဖြစ်ခဲ့ကြပါ၏။” (တစ်ဖန်) ထို‘မလာအိကဟ်’ ကောင်းကင်တမန်တို့က (ဤသို့) ပြန်ပြောကြကုန်အံ့။ “(အသင်တို့ ရွှေ့ပြောင်းနေထိုင်ကြရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်သည် ကျယ်ဝန်းစွာရှိသည်မဟုတ်လော။ သို့ဖြစ်ရာ အသင်တို့သည် ထိုပထဝီမြေပြင်ဝယ် ရွှေ့ပြောင်း (နေထိုင်) နိုင်ကြ၏။ သို့ (ရွှေ့ပြောင်းနေထိုင်နိုင်ကြပါလျက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြသည့်) အတွက်ကြောင့် ထိုကဲ့သို့သောသူတို့၏ဌာနသည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်၏။ အမှန်သော်ကား ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးဝါးလှသော နေရာထိုင်ခင်းပင်ဖြစ်ချေသတည်း။”

[98] သို့ရာတွင် အင်အားချည့်နဲ့ မစွမ်းမသန်သော အကြင်ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် (ဟစ်ဂျ်ရတ်ပြုလုပ်ရန်အတွက်) မည်သည့်အကြံအစည်ကိုမျှ မတတ်စွမ်းနိုင်ကြအံ့။ ၎င်းပြင် မည်သည့် လမ်းကိုမျှလည်း မတွေ့ရှိကြအံ့။

[99] ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[100] ၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)

[101] ၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။

[102] ၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။

[103] တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။

[104] ၎င်းပြင် အသင်တို့သည် ရန်သူတို့အား လိုက်လံ (တိုက်ခိုက်) ရာ၌ စိတ်အားမလျှော့ကြကုန်လင့်။ အကယ်၍ အသင်တို့ ဒုက္ခခံစားကြရပါလျှင် ထိုသူတို့သည်လည်း အသင်တို့ကဲ့သို့ပင် ဒုက္ခခံစားကြရကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြကုန်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ (ရကူ)

[105] (အို- နဗီတမန်တော်) အသင်သည် လူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ်က အသင့်အားပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းငှာ၊ ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ ၎င်းပြင် အသင်သည် သစ္စာဖောက် လိမ်လည်လှည့်ဖြား အလွဲသုံးစားပြုသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်ပါလေနှင့်။

[106] ၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် သနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[107] ထိုမှတစ်ပါး မိမိကိုယ်ကို လိမ်လည်လှည့်ဖြားသူတို့ဘက်မှ အသင်သည် ပြောဆိုခြင်းမပြုလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့သူ၊ အလွန် ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။

[108] ၎င်းတို့သည် လူသားတို့ကို ရှက်ကြောက်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ကိုမူ ရှက်ကြောက်ခြင်းမရှိကြချေ။ စင်စစ် ထိုအရှင်မြတ်သည် ၎င်းတို့ ညဉ့်အချိန်၌ ထိုအရှင်မြတ် မနှစ်မြို့တော်မူသောစကားများကို လျှို့ဝှက်ကြံစည်ကြစဉ်ကလည်း ၎င်းတို့နှင့်အတူ ရှိတော်မူခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော အမှုကိစ္စအဝဝတို့ကိုလည်း ဝန်းခြုံလျက် ရှိတော်မူလေ၏။

[109] ဟယ် (သစ္စာဖောက်တို့ကို ထောက်ခံသူအပေါင်းအပေါင်းတို့) အသင်တို့သည် ယင်းသစ္စာဖောက်တို့ဘက်မှ (ဤမျက်မှောက်) လောကီဘဝတွင် ချေဆိုလျှောက်လဲခဲ့ကြချေပြီ။ သို့ရာတွင် ရှင်ပြန်ထမည့်နေ့၌မူ ထိုသူတို့ဘက်မှ အလ္လာဟ်အရှင်မြတ်အား မည်သူသည် ချေပပြောဆိုအံ့နည်း။ သို့တည်းမဟုတ် ထိုသူတို့အတွက် ကာကွယ်ခုခံပြောဆိုမည့်သူ မည်သူရှိအံ့နည်း။

[110] အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊

[111] ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။

[112] ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို ယိုးစွပ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးမားသောစွပ်စွဲမှုကိုလည်းကောင်း၊ ထင်ရှားလှသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း သည်ပိုးရွက်ဆောင်ခဲ့ချေပြီ။

[113] အကယ်၍ အသင်၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်သည်သာလျှင် မရှိခဲ့ပါမူ ထိုသူတို့အနက်မှ လူတစ်စုသည် အသင့်အား လမ်းလွဲစေကြရန် မုချ စိတ်ပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြ၏။ အမှန်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာလျှင် လမ်းလွဲစေကြ၏။ ၎င်းပြင် ယင်းသူတို့သည် အသင့်အား အလျင်း နစ်နာစေနိုင်ကြသည်လည်းမဟုတ်ချေ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် အသင်၏အပေါ်ဝယ် ကျမ်းမြတ်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း ချပေးသနားထားတော်မူခဲ့၏။ ၎င်းပြင် အသင်မသိနားမလည်ခဲ့သော အရာများကိုလည်း အသင့်အား သင်ကြားပြသတော်မူခဲ့၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်ဝယ် ကြီးကျယ်လှပေသည်။

[114] ယေဘုယျအားဖြင့် ၎င်းတို့၏ လျှို့ဝှက် တိုင်ပင်နှီးနှောခြင်းများ၌ ကောင်းမြတ်ခြင်းသည် အလျင်းမရှိချေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းပေးကမ်းရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်းမှုပြုရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လူတို့၏စပ်ကြားတွင် သင့်မြတ်စေရန်နှင့် စပ်လျဉ်း၍လည်းကောင်း ညွှန်ကြား၏။ (ထိုသို့သောကိစ္စများနှင့်စပ်လျဉ်း၍ လျှို့ဝှက်စွာ တိုင်ပင်နှီးနှောခြင်းများတွင်မူ ကောင်းမြတ်ခြင်းရှိပေသည်။) အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှာ ထိုကဲ့သို့ (ပေးကမ်းစွန့်ကြဲမှုကိုလည်းကောင်း၊ ကောင်းမှုကိုလည်းကောင်း၊ လူခပင်းတို့ စပ်ကြားဝယ် စေ့စပ်ခြင်းကိုလည်းကောင်း) ပြုမူအံ့။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူအား ကြီးကျယ်လှစွာသောအကျိုးကို ချီးမြှင့်ပေးသနားတော်မူအံ့။

[115] သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ အခြားလမ်းစဉ်ကိုလိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင်လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် ထိုသူအား ‘ဂျဟန္နမ်’ ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ‘ဂျဟန္နမ်’ငရဲဘုံသည် အလွန်ယုတ်ညံ့လှသော ပြန်လည်ရာဌာနပင်ဖြစ်ပေသည်။

[116] မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။

[117] ၎င်း (မုရှ်ရိက်) တို့သည် ထိုအရှင်မြတ်မှတစ်ပါး‘ဣတ္ထိ’ ‘မ’ များကိုသာ ကိုးကွယ်ကြ၏။ ၎င်းပြင် ထိုသူတို့သည် ပုန်ကန်သော ရှိုင်တွာန်ကိုသာ တိုင်တည်ကိုးကွယ်ကြသည်။

[118] အလ္လာဟ်အရှင်မြတ်သည် ‘ရှိုင်တွာန်’ ကို (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ချေပြီ။ (ယင်းကဲ့သို့ ကရုဏာတော်မှကင်းဝေးရသောအခါ) ထို ရှိုင်တွာန်က (ဤသို့) လျှောက်ထားခဲ့လေသည်။ “ကျွန်တော်မျိုးသည် အရှင်မြတ်၏ကျွန်များအနက်မှ (မိမိအဖို့ မိမိ) သတ်မှတ်ပြဌာန်းပြီးဖြစ်သော ဝေစုဝေပုံတစ်စုံတစ်ခုကို မုချယူပါမည်။”

[119] ကျွန်တော်မျိုးသည် ယင်းသူတို့အား လမ်းမှားသို့လည်း မုချရောက်စေပါမည်။ ၎င်းပြင် ထိုသူတို့အား လိုချင်တပ်မက်ခြင်းကိုလည်း အမှန်ပင်ဖြစ်စေပါမည်။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ယင်းသူတို့အား ဧကန်စင်စစ် အမိန့်ပေးပါမည်။ သို့ဖြစ်လျှင် ထိုသူတို့သည် ခြေလေးချောင်းသတ္တဝါတို့၏ နားရွက်များကို ဖြတ်တောက်ကြလတ္တံ့။ ထိုနည်းတူစွာ ကျွန်တော်မျိုးသည် ၎င်းတို့အား အမိန့်ပေးပါမည်။ သို့အမိန့်ပေးလျှင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတော်မူသော (နဂိုမူလ) ရုပ်လက္ခဏာကို ပြောင်းလဲကြလတ္တံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်တွာန်ကို အဆွေခင်ပွန်းပြုလုပ်အံ့။ ထိုသူသည် မလွဲဧကန် အလွန်ထင်ရှားလှစွာ နစ်နာဆုံးရှုံးလတ္တံ့။

[120] ထို ‘ရှိုင်တွာန်’သည် ထိုသူတို့အား ကတိပေး၏။ တပ်မက်မောစေ၏။ သို့ရာတွင်ထို ‘ရှိုင်တွာန်’ သည်ထိုသူတို့အား လိမ်လည်ဖြားယောင်းခြင်းအားဖြင့်သာ ကတိပေးသည်။

[121] ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း ရရှိကြမည်မဟုတ်ပေ။

[122] သို့ရာတွင် အကြင်သူများသည်‘အီမာန်’ ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သောကျင့်ဝတ်များကိုလည်း ကျင့်မူခဲ့ကြ၏။ ငါအရှင်မြတ်သည် မကြာမြင့်မီ ထိုသူတို့အား (အကြင်သို့သော) ဥယျာဉ်များသို့ ဝင်ရောက်နေထိုင်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြအံ့။ ထိုသူများသည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြအံ့။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သောကတိကိုပြုထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထက်ပိုမို၍ စကားအရာ၌မှန်ကန်သောသူသည် မည်သူရှိအံ့နည်း။

[123] အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။

[124] သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။

[125] အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ ‘ဒီန်’ သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။

[126] ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက်ရှိတော်မူသောအရှင် ဖြစ်တော်မူသည်။

[127] ၎င်းပြင် ထိုသူတို့သည် မိန်းမတို့ (၏ အမွေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘မဟရ်’ နှင့် စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြကုန်သည်။ အသင်သည် (ထိုသူတို့အားဤသို့) ဖြေကြားပါလေ။“အလ္လာဟ်အရှင်မြတ်သည် မိန်းမတို့နှင့်ပတ်သက်၍ အသင်တို့အား (ယခင်အတိုင်းပင်) တရားစီရင် ပြဋ္ဌာန်းပေးတော်မူလေသည်။ ထို့ပြင်တဝ (ယခင်က ချမှတ်ပေးတော်မူခဲ့ပြီးဖြစ်၍) ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့အား ဖတ်ရွတ်ကြားနာစေတော်မူခဲ့သော မုက္ခပါဌ်တော် များသည်လည်း (အသင်တို့ကို ညွှန်ကြားလျက်) ရှိပေသည်။ ထိုမုက္ခပါဌ်တော်များသည် အကြင် မိဘမဲ့မိန်းကလေးတို့နှင့်ပတ်သက်သော မုက္ခပါဌ်တော်များဖြစ်၏။ အသင်တို့သည် ထိုမိန်းကလေးတို့အဖို့ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို မပေးကြပေ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းကလေးတို့နှင့်လည်း ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ (ယင်း မုက္ခပါဌ်တော်များသည်) အားအင်ချည့်နဲ့သော သူငယ်တို့နှင့်ပတ်သက်သော အမိန့်တော်များလည်းဖြစ်၏။ ၎င်းပြင် အသင်တို့သည် မိဘမဲ့ကလေးတို့နှင့်ပတ်သက်၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်းဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ယင်းကောင်းမှုကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။”

[128] ထို့ပြင်တဝ အကယ်၍ အကြင်မိန်းမတစ်ဦးသည် မိမိလင်ယောက်ျား၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း၊ လျစ်လျူရှု စွန့်ပစ်ထားခြင်းကိုသော်လည်းကောင်း စိုးရိမ်မကင်းဖြစ်ခဲ့အံ့။ သို့ဖြစ်ခဲ့သော် ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် အကယ်၍ ပြန်လည်သင့်မြတ်စေသော စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ကြပါလျှင်၊ ၎င်းနှစ်ဦး၏အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ (မည်သို့ပင်ဖြစ်စေကာမူ) ပြန်လည်သင့်မြတ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ချေသည်။ အမှန်စင်စစ်သော်ကား လောဘရမ္မက်သည် (လူတို့၏) စိတ်တွင် ရှိမြဲပင်ဖြစ်ပေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်) ကောင်းစွာဆက်ဆံ၍ (၎င်းတို့အား လျစ်လျူရှု စွန့်ပစ်ထားခြင်းမှ) ကြဉ်ရှောင်ကြပါမူ၊ (အသင်တို့သည် ကြီးကျယ်လှသော ကုသိုလ်အကျိုးရရှိကြအံ့၊ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ဧကန်စင်စစ် အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[129] ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထားရှိကြသော်လည်း (မိမိတို့၏ တစ်ဦးထက်ပိုသော) ဇနီးမိန်းမတို့၏စပ်ကြားဝယ် (အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ သည် (ဇနီးမိန်းမတစ်ဦးဦးဘက်သို့) လုံးဝ တစ်ဘက်သက် ယိမ်းယိုင်မသွားကြကုန်လင့်။ သို့ (ယိမ်းယိုင်ကြ) ပါလျှင် အသင်တို့သည် (အခြား) ဇနီးမိန်းမကို တွဲလျားထားဘိသကဲ့သို့ ဖြစ်အံ့။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်ပတ်သက်၍ မိမိတို့၏ချွတ်ယွင်းချက်များကို) ပြုပြင်၍ (တစ်ဘက်သက် ဇနီးမိန်းမ တစ်ဦးဦးဘက်သို့ ယိမ်းယိုင်ခြင်းမှ) ဆင်ခြင်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[130] သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ များပြားသောကျေးဇူးတော်ဖြင့် (ယင်းဇနီးမောင်နှံနှစ်ဦးတို့အား) တစ်ဦးကိုတစ်ဦး မတောင့်တ မကြောင့်ကြရအောင် ပြုလုပ်ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပေါများကြွယ်ဝတော်မူသော ကျေးဇူးတော်ရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[131] ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ မုချဧကန် ငါအရှင်မြတ်သည် အသင်တို့အလျင် ကျမ်းဂန်ရရှိပြီးဖြစ်သောသူတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ကြကုန်လော့” ဟု အမိန့်ပေးတော်မူခဲ့၏။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ (အလ္လာဟ်အရှင်မြတ်၌ မည်သို့မျှ အကျိုးယုတ်နစ်နာမှုရှိမည်မဟုတ်၊ အသင်တို့၌သာ အကျိုးယုတ်နစ်နာမှုရှိအံ့။ အဘယ်ကြောင့်ဆိုသော်) အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသောကြောင့်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းထောပနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသတည်း။

[132] အမှန်စင်စစ် အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် စီမံပြုလုပ် ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူသောအရှင် ဖြစ်တော်မူသည်။

[133] အို- လူအပေါင်းတို့၊ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှား (ဖျက်ဆီး) တော်မူ၍ (အသင်တို့၏အစား) အခြားသူတို့ကို ဖြစ်ထွန်းစေတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်ကိစ္စကို စွမ်းဆောင်တော်မူနိုင်သောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။

[134] မည်သူမဆို မျက်မှောက်လောကီဘဝ၏ အကျိုးကို (သာ) အလိုရှိပါမူ၊ (ထိုသူသည် အသိအလိမ္မာကင်းမဲ့သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ်အရှင်မြတ်အထံတော်၌ မျက်မှောက်လောကီဘဝနှင့် နောင်တမလွန်ဘဝ (နှစ်ဘဝလုံး) ၏ အကျိုးကျေးဇူးသည် ရှိ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (လျှောက်ထားပန်ကြားချက်အလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ (လူခပင်းတို့၏ စိတ်စေတနာများကို) အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

[135] အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ်တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း) မိမိတို့ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။ အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆိုရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၎င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသောအရှင် ဖြစ်တော်မူပေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်စားကြကုန်လင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက်ပြောဆကြပါလျှင်၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှလုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[136] အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘မလာအိကဟ်’ အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊

[137] မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြန်၏။ ထို့နောက် တစ်ဖန် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် ၎င်းတို့သည် (အသက်ထက်ဆုံး) သွေဖည် ငြင်းပယ်မှု၌ပင် တိုးတက်နစ်မွန်းလျက် ရှိကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးသနားတော်မူမည်မဟုတ်ပေ။ ထိုသူတို့အား (ဂျန္နတ်) ရောက်ရာရောက်ကြောင်းလမ်းကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။

[138] (အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။

[139] အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။

[140] ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစကားကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။

[141] အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။

[142] ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။

[143] (ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။

[144] အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။

[145] ဧကန်အမှန် ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ငရဲဘုံ၏အောက်ဆုံးအထပ်၌ ရှိကြလတ္တံ့။ ၎င်းပြင် အသင်သည် ထိုသူတို့အဖို့ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိရမည်မဟုတ်ပေ။

[146] သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။

[147] အို- ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်အပေါင်းတို့၊ အကယ်၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ အတိုင်းမသိ အဆုံးမရှိသော) ကျေးဇူးတော်များကိုသိကြ၍ ‘အီမာန်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြပါမူ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အဘယ်သို့လျှင် အပြစ်ဒဏ်ပေးတော်မူအံ့နည်း။ အမှန်စင်စစ်သော်ကား အလ္လာလ်အရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ရက်ရောစွာ ကောင်းကျိုးပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

[148] အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။

[149] (ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

[150] ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ငြင်းပယ်ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (အီမာန်ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိရာ၌လည်း) အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့၏စပ်ကြားတွင် ခွဲခြားလိုကြကုန်သည်။ ထိုမျှမကသေးချေ၊ ယင်းသူတို့သည် (မိမိတို့၏နှုတ်ဖြင့်) ငါတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို ယုံကြည်ကြကုန်၏။ သို့ရာတွင် အချို့ (ရစူလ်တမန်တော် များ) ကိုမူ ငြင်းပယ်ကြသည်ဟူ၍လည်း ပြောဆိုကြကုန်သည်။ ထိုမှတစ်ပါးတုံ ၎င်းတို့သည် ယင်း (‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုနှင့် ‘အီမာန်’ ယုံကြည်မှု) ၏ အလယ်အကြားတွင် နည်းလမ်းတစ်ခုကိုလည်း ပြုလုပ်လိုကြကုန်သတည်း။

[151] (သို့ဖြစ်ပေရာ) ထိုသူတို့သည်သာလျှင် မုချ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြကုန်၏။ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဂုဏ်ရည်သေးသိမ် စေသောအပြစ်ဒဏ်ကို အဆင်သင့် ပြင်ဆင်ထားရှိတော်မူပြီး ဖြစ်ချေသတည်း။

[152] သို့ရာတွင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ယုံကြည်ခဲ့ကြ၏။ (‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိရာ၌) ၎င်း၊ (‘ရစူလ်’တမန်တော်) တို့အနက် မည်သည့် (ရစူလ်တမန်တော်) တစ်ပါးကိုမျှ ခွဲခြားခြင်းကိုလည်း မပြုခဲ့ကြချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးများကို မုချ ချီးမြှင့်ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

[153] (အို- နဗီတမန်တော်) ရှေးအထက်ကျမ်းဂန်ရရှိသူ (ယဟူဒီ) တို့သည် ရေးသားပြီးဖြစ်သော ကျမ်းဂန်တစ်စောင်လုံးကို (လောလောဆယ်ပင်) မိမိတို့ထံ ကောင်းကင်မှချပေးစေရန် အသင့်ထံ တောင်းဆိုကြပါလျှင်၊ မလွဲဧကန် ၎င်းတို့သည် (နဗီတမန်တော်) မူစာ၏ထံ ယင်းထက်ကြီးကျယ်သောအချက်ကိုပင် တောင်းဆိုခဲ့ဖူးကြ၏။ ၎င်းတို့သည် (နဗီတမန်တော်မူစာကို) “အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ကို အထင်အရှားပြပါလေ” ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ဖြစ်၍ ၎င်းတို့၏ဆိုးသွမ်းမှုကြောင့် မိုးကြိုးလောင်မီးသည် ၎င်းတို့အား ဖမ်းဆီး (ကွပ်မျက်) ခဲ့လေသည်။ တစ်ဖန် ထိုသူများသည် မိမိတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာများ ရောက်လာပြီးသည့်နောက်၌ပင် နွားငယ်ကလေး (၏ရုပ်တု) ကို (ကိုးကွယ်ရာဘုရားအဖြစ်) ပြုလုပ် (ကိုးကွယ်) ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ယင်းပြစ်မှုကို ခွင့်လွှတ်တော်မူခဲ့လေသည်။ ထို့ပြင်တဝ ငါအရှင် မြတ်သည် (နဗီတမန်တော်) မူစာအား ပေါ်လွင်ထင်ရှားသော ဩဇာတိက္ကမ အခွင့်အာဏာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

[154] ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့ထံမှ ပဋိညာဉ် ယူခြင်းငှာ ထိုသူထက်ဝယ် ‘တူရ်’ မည်သောတောင်ကို ပင့်မြှောက်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ကို အသင်တို့သည် (မြို့၏) တံခါးပေါက်သို့ ဝပ်တွား၍ဝင်ကြလေကုန် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အား အသင်တို့သည် ‘စဗ်တ်’ (စနေနေ့) ဥပုသ်နေ့နှင့်စပ်လျဉ်း၍ မကျူးလွန်ကြလေနှင့် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့ထံမှ အလွန်ခိုင်မာသောပဋိညာဉ်ကိုလည်း ယူခဲ့တော်မူ၏။

[155] ထို့နောက် ၎င်းတို့သည် မိမိတို့ထားရှိကြကုန်သော ပဋိညာဉ်ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းပယ်ခြင်း ကြောင့်လည်းကောင်း၊ နဗီတမန်တော်များကို မတရားသဖြင့် သတ်ဖြတ်ခြင်းကြောင့်လည်းကောင်း၊ ယင်းသူတို့က (နဗီတမန်တော်မုဟမ္မဒ်အား) “ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ် (လုံခြုံ) ပြီး ဖြစ်လေသည်” ဟု ပြောဆိုခြင်းကြောင့်လည်းကောင်း၊ (ပြစ်ဒဏ်အမျိုးမျိုးတို့ကို ခံစားခဲ့ကြရလေသည်) ။ စင်စစ်သော်ကား (၎င်းတို့၏စိတ်နှလုံးသည်) ထိုသို့ အလျင်း ဖုံးအုပ်နေသည် မဟုတ်ပေ။ အမှန်မှာ ထိုသူတို့၏ ငြင်းပယ်သွေဖည်မှုကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူခဲ့လေသည်။ သို့အတွက်ကြောင့် ၎င်းတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြ ကုန်သတည်း။

[156] ၎င်းပြင် ထိုသူတို့၏ သွေဖည် ငြင်းပယ်မှုကြောင့်လည်းကောင်း၊ မရ်ယမ်၏အပေါ်ဝယ် အကြီးအကျယ် ယိုးစွပ်ခြင်းကြောင့်လည်းကောင်း။

[157] ထိုမှတပါးတုံ ယင်းသူတို့က ဧကန်စင်စစ် “ကျွန်ုပ်တို့သည် မရ်ယမ်၏သား အလ္လာဟ်အရှင်မြတ်၏‘ရစူလ်’ တမန်တော် ‘မစီဟ် အီစာ’ ကို သတ်ဖြတ်ခဲ့ကြကုန်သည်” ဟု ပြောဆိုခြင်းကြောင့် (ငါအရှင်မြတ်သည် ထိုသူတို့ကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တော်မူခဲ့၏။) အမှန်စင်စစ်သော်ကား ယင်းသူတို့သည် ထိုနဗီတမန်တော်အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်းမဟုတ်ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်းမဟုတ်ချေ။ အမှန်မှာကား ၎င်းတို့အဖို့မှာ (လက်ဝါးကပ်တိုင်အတင်ခံရသောသူ၏ အဆင်းသဏ္ဍာန်သည်) ဆင်တူယိုးမှားဖြစ်စေခြင်း ခံရခဲ့လေသည်။ ၎င်းပြင် ဧကန်စင်စစ် ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ကွဲလွဲငြင်းခုံကြကုန်သောသူတို့ကား ယင်းနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ဒွိဟသံသယ၌သာ (နစ်မွန်းလျက်) ရှိနေကြသည်မှာ မလွဲဧကန်တည်း။ ၎င်းတို့၌ ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ (မိမိတို့၏ မဟုတ်မမှန်သော) ထင်မြင်ယူဆချက်ကို လိုက်နာခြင်းမှတစ်ပါး (တိကျမှန်ကန်သော) အသိတရားဟူ၍ အလျင်းမရှိချေ။ စင်စစ်သော်ကား ယင်းသူတို့သည် ထိုနဗီတမန်တော်အီစာအား အမှန်စင်စစ် သတ်ဖြတ်နိုင်ခဲ့ကြသည်မဟုတ်ပေ။

[158] ထိုသို့အလျင်းမဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ထိုနဗီတမန်တော်အီစာအား မိမိအထံတော်သို့ ပင့်ချီမယူတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အား ကြီးမားတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် အလွန်ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။

[159] ၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။

[160] တစ်ဖန် ယဟူဒီတို့၏ (ယင်းကဲ့သို့သော) ကျူးကျော်မှုကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ (လူတို့အား) များစွာ ပိတ်ပင်တားဆီးမှုကြောင့်လည်းကောင်း၊ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ (ယခင်မူလက) ခွင့်ပြုထားသော သန့်စင်ကောင်းမွန်သောအရာများကို ၎င်းတို့အပေါ်၌ ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့လေသည်။

[161] ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။

[162] သို့ရာတွင် ၎င်း (ယဟူဒီ) တို့အနက်မှ ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ခြေမြစ်ခိုင်မာရင့်သန်ကြ၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သောသူတို့သည် အသင့်ထံ ထုတ်ပြန် ချမှတ်ပြီးဖြစ်သော ကျမ်းဂန်ကိုလည်းကောင်း၊ အသင်၏အလျင် (အခြားအခြားသောနဗီတမန်တော်များထံ ထုတ်ပြန်ချမှတ်ပြီးဖြစ်သော ကျမ်းဂန်တို့ကိုလည်ကောင်း၊ ယုံကြည်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် ‘ဆွလာသ်’ဝတ်ပြုမှုကို အမြဲထာဝစဉ် ဆောက်တည်သူများလည်း ဖြစ်ကြကုန်၏။ ထိုမှတစ်ပါးတုံ ‘ဇကာသ်’ တရားဝင်ဒါနကြေးကို ပေးဆောင်သူများလည်းဖြစ်ကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြသူများလည်း ဖြစ်ကြ၏။ ဤကဲ့သို့သောသူများပင်တည်း။ ငါအရှင်မြတ်သည် မုချ ယင်းသူတို့အား ကြီးကျယ် လှစွာသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။ (ရကူ)

[163] ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပွင့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။

[164] ၎င်းပြင် (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်) ။ ထိုရစူလ်တမန်တော်များ၏အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်၊) ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) မူစာနှင့် (အထူးသဖြင့်) စကား ပြောဆိုတော်မူခဲ့လေသတည်း။

[165] (ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[166] သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။

[167] ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။

[168] ဧကန်စင်စစ် အကြင်သူတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြ၏။ ၎င်းပြင် မတော်မတရားပြုမူခဲ့ကြ၏။ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်လည်း မဟုတ်ပေ။ မည်သည့်လမ်းကိုမျှ ညွှန်ကြားပြသတော်မူမည်လည်း မဟုတ်ချေ။

[169] သို့ရာတွင် (အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား) ‘ဂျဟန္နမ်’ ငရဲဘုံ၏လမ်းကိုသာ (ညွှန်ကြားပြသတော်မူအံ့) ၊ ၎င်းတို့သည် ထိုငရဲဘုံ၌ ထာဝစဉ်နေထိုင်သောသူများ ဖြစ်ကြလတ္တံ့။ အမှန်စင်စစ် ယင်းကဲသို့ပြစ်ဒဏ်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူလှပေသတည်း။

[170] အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်‘အီမာန်’ သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို ‘အီမာန်’သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[171] အို- ရှေးအထက် ပရိယတ္တိ ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ဘာသာသာသနာ၌ အလွန်အကျူးလွန်ကဲခြင်းလည်း မပြုကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်အကန်ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းကိုလည်း မပြုကြကုန်လင့်။ မရ်ယမ်၏သားတော် (နဗီတမန်တော်) ‘မစီဟ်’အီစာသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မျှသာ ဖြစ်ချေသည်။ ၎င်းပြင် (နဗီတမန်တော်အီစာသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်သတင်းစကားလည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသတင်းစကားကို မရ်ယမ်၏ထံသို့ ပို့ဆောင်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်အထံတော်မှ ဝိညာဉ်လည်းဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ယုံကြည်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (ကိုးကွယ်ရာဘုရား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်) သုံးပါးရှိသည်ဟူ၍ မပြောဆိုကြကုန်လင့်။ အသင်တို့သည် (ယင်းကဲ့သို့ပြောခြင်းမှ) ရပ်စဲကြလေကုန်။ (သို့ရပ်စဲခြင်သည်) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်လတ္တံ့။အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်သည်သာ ဖြစ်တော်မူလေ၏။ ထိုအရှင်မြတ်သည် မိမိ၌သားရှိခြင်းမှ ကင်းစင်တော်မူ၏။ မိုးကောင်းကင်၌ ရှိသမျှတို့သည်လည်းကောင်း၊ မြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာဖြစ်ကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အရာရာကို စီမံပြုလုပ်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ (ရကူ)

[172] (နဗီတမန်တော်) ‘မစီဟ်’ (အီစာ) သည်လည်းကောင်း၊ အပါးတော်မြဲ ‘မလာအိကဟ်’ စေတမန်အပေါင်းတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ခြင်းကို (ဂုဏ်ရည်ယုတ်ညံ့ ရှက်ဖွယ်ရာဖြစ်သည်ဟု အလျင်းထင်မှတ်ကြမည်မဟုတ်ပေ။ အလျင်း စက်ဆုပ်ကြမည်လည်းမဟုတ်ပေ) ။ သို့ရာတွင် မည်သူမဆို ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို စက်ဆုပ်၍ မာန်မာနထောင်လွှားသည်ရှိသော် ထိုအရှင်မြတ်သည် မကြာမြင့်မီ ထို (ကဲ့သို့သော) သူအားလုံးတို့ကို မိမိအထံတော်သို့ (စစ်ဆေးမေးမြန်းခြင်းငှာ) စုရုံးစေတော်မူအံ့။

[173] တစ်ဖန် ထိုအရှင်မြတ်သည် ‘အီမာန်’ သဒ္ဒါတရားထားရှိ၍ ကောင်းမြတ်သောကိုယ်ကျင့်တရားများ ဆောက်တည်ကြကုန်သောသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးတို့ကို အပြည့်အစုံ ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိကျေးဇူးတော်ဖြင့်လည်း ထိုသူတို့အား ပိုမိုချီးမြှင့်တော်မူအံ့။ သို့ရာတွင် အကြင်သူတို့သည် (ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို) ရွံ့ရှာစက်ဆုပ်၍ မာန်မာနထောင်လွှားခဲ့ကြ၏။ ထိုသူတို့ကို ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာဖြစ်သော အပြစ်ဒဏ်ကို ပေးတော်မူလတ္တံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းအဖြစ်နှင့်လည်းကောင်း၊ ကူညီစောင်မမည့်သူအဖြစ်လည်းကောင်း တွေ့ရှိကြရမည်မဟုတ်ချေ။

[174] အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။

[175] သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။

[176] (အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

စားဖွယ်အရာ

Surah 5

[1] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (မိမိတို့ထားရှိကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ (လာလတ္တံ့သော မုက္ခပါဌ်တော်၌ ) အသင်တို့အား ကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော) ခြေလေးချောင်းရှိသောတိရစ္ဆာန်တို့သည်ကား အသင်တို့အဖို့ (ဟလာလ်ဟူ၍ စားသုံး) ခွင့်ပြုထားပြီးဖြစ်ချေ သတည်း။ သို့ရာတွင် အသင်တို့သည် (ဟဂျ်ပြုရန်အတွက်) ‘အိဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်နေကြစဉ် အမဲလိုက်ခြင်းကို (ဟလာလ်) ခွင့်ပြုပြီးဖြစ်သည်ဟူ၍ မထင်မှတ်မယူဆ ကြရပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာကိုသာ အမိန့်ပေးတော်မူပေသတည်း။

[2] အို- ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူ မုအ်မင်န်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ (သာသနာတော်၏) ထူးခြားထင်ရှားသော အထိမ်းအမှတ်တို့ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ ဟရမ်ဟူ၍ သတ်မှတ်ထားသောနယ်နိမိတ်အတွင်း ပြုလုပ်မည်ဖြစ်သော ကုရ်ဗာနီသားကောင်ကိုလည်းကောင်း၊ ကုရ်ဗာနီပြုလုပ်ရန်အတွက် လည်ပင်းတွင် လည်ဆွဲ၊ ပန်းကုံး၊ အမှတ်အသားတစ်ခုခုဆွဲထားသော ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့် နှစ်သက်မှုကို ရှာဖွေဆည်းပူးခြင်းအားဖြင့် ‘အလ်ဗိုက်သွလ်ဟရာမ်’ ထူးမြတ်သောအိမ်တော် (ဝါ) ကအ်ဗဟ်ကျောင်းတော်သို့သွားရောက်ရန် ရည်စူးကြကုန်သော သူတို့ကိုလည်းကောင်း၊ မရိုမသေမလေးမခန့် မပြုကြကုန်လင့်။ ၎င်းနောက် အသင်တို့သည် (မိမိတို့) အိဟ်ရာမ်ဝတ်ရုံကို ချွတ်ပြီးကြလေသောအခါ အမဲလိုက်ခြင်းကို (ပြုလိုက) ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။

[3] အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏ အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ ‘ဇဗဟ်’လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီးဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့ (စားသုံးခြင်းမပြုကြရန်) ‘ဟရာမ်’ တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ယနေ့အဖို့မှာကား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့သည် အသင်တို့၏သာသနာကို (ဖျက်ဆီးနိုင်ခြင်း) မှ မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့်အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်းမရှိဘဲ (မြစ်တားထားသောအရာများကို စားသုံးမိပါက) မချွတ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[4] (အို- နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ (စားသုံးခြင်း) အလို့ငှာ မည်သည့် (တိရစ္ဆာန်များ) ကို ‘ဟလာလ်’ခွင့်ပြုထားပြီးဖြစ်ပါသနည်းဟု အသင့်အား (လာရောက်) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့) ဖြေကြားပါလေ။ “(အို- အချင်းတို့) ၊ အသင်တို့ (စားသုံးရန်) အလို့ငှာ စင်ကြယ်သန့်ရှင်းသော (တိရစ္ဆာန်) ဟူသရွေ့တို့သည်‘ဟလာလ်’ ခွင့်ပြုပြီးဖြစ်ကုန်၏။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် သင်ကြားပြသတော်မူသော နည်းနိသျှည်းအတိုင်း မိမိတို့၏ အမဲလိုက်တိရစ္ဆာန်များကို (အမဲလိုက်ရန် စည်းကမ်းများကို တတ်သိလိမ်မာအောင်) သင်ကြားပြီး လွှတ်လိုက်၍ အသင်တို့အဖို့ ဖမ်းဆီးခဲ့သော အမဲကိုလည်း အသင်တို့သည် စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည် (ထိုအမဲလိုက်တိရစ္ဆာန်ကို အမဲလိုက်ရန်အလို့ငှာ လွှတ်လိုက်သောအခါ) အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို တသကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးစောကြောတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[5] (အို- မွတ်စ်လင်မ်အပေါင်းတို့) ယနေ့ စင်ကြယ်သန့်ပြန့်သောအရာဟူသမျှတို့သည် အသင်တို့အဖို့ စားသုံးခွင့်ပြုပြီးဖြစ်လေသည်။ ၎င်းပြင် (ရှေးအထက်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်၏။ ၎င်းပြင် သိက္ခာကိုစောင့်ထိန်းသော မွတ်စ်လင်မ် အမျိုးသမီးတို့သည်လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသော သူတို့အနက်မှ ကာအိန္ဒြေကိုစောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ အသင်တို့သည် ထိုအမျိုးသမီးတို့အား ၎င်းတို့၏ ‘မဟရ်’ထိမ်းမြားကြေးများကိုပေးဆပ်၍ ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်းမပြုဘဲ မိမိတို့၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ။ (ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်) ။ စင်စစ်သော်ကား မည်သူမဆို ‘အီမာန်’ ယုံကြည်မှုကိုပယ်ရှားပါလျှင် ထိုသူ၏ (ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿ အချည်းနှီးပင်ဖြစ်အံ့။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ကျိုးယုတ်ပျက်စီးသောသူတို့တွင် အပါအဝင်ဖြစ်လတ္တံ့။ (ရကူ)

[6] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုရန်ထကြသောအခါ မိမိတို့၏မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်) ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ‘ဂျနုဗ်’ခန္ဓာကိုယ် မသန့်သောသူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်အောင်ပြုကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များ ဖြစ်နေကြသော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိသော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင် စင်ကြယ်သန့်ပြန့်သောမြေကြီးဖြင့် သယမ်မွမ် ပြုကြလေကုန်။ ထို (ကဲ့သို့သယမ်မွမ် ပြုသော) အခါ အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့်လက်များကို ထိုမြေကြီးဖြင့် ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန် ရည်ရွယ်တော်မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန်နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့်အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်တန်ကြရာလေသတည်း။

[7] တစ်ဖန် အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်ကပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်တို့က “ကျွန်တော်မျိုးတို့သည် (အမိန့်တော်များကို) နာခံကြပါပြီ။ ထို့ပြင် ကျွန်တော်မျိုးတို့သည် (ယင်းအမိန့်တော်များအတိုင်း) လိုက်နာကြပါပြီ” ဟု ပြောဆိုကြသောအချိန်တွင် ထိုအရှင်မြတ်သည် အသင်တို့နှင့် မြဲမြံခိုင်ခံ့စွာဖွဲ့တော်မူသော ထိုအရှင်မြတ်၏ ပဋိညာဉ်တော် ကိုလည်းကောင်း၊ ပြန်လည်အောက်မေ့သတိရကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (အမြဲတစေ) ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူတို့၏) စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[8] အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သက်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[9] အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။

[10] သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။

[11] အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့အပေါ်၌ (ရှိသော) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့သတိရ ရှိကြလေကုန်။ တစ်ရံရောအခါ လူမျိုးတစ်မျိုးသည် မိမိတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း (၍ အသင်တို့ကိုသတ်ဖြတ်) ကြရန် ကြံရွယ်ခဲ့ကြလေသည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းတို့၏လက်များကို အသင်တို့ (အား သတ်ဖြတ်ခြင်း) မှ တားဆီးတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ အမှန်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြရပေမည်။ (ရကူ)

[12] ၎င်းနောက်မှ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအမိန့်တော်များကို လိုက်နာရန်) အစ္စရာအီလီလူမျိုးတို့ထံမှ (လည်း) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ၊ ဦးစီးနာယက အကြီးအကဲဆယ့်နှစ်ဦး ခန့်အပ်တော်မူခဲ့လေသည်။ ထိုနောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်စင်စစ် ငါအရှင်မြတ် (၏ ကူညီရိုင်းပင်းမှု) သည် အသင်တို့နှင့်အတူရှိအံ့။ အကယ်၍သာ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုမှုကိုလည်း အမြဲ ဆောက်တည်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ‘ဇကာသ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ ရစူလ်တမန်တော်တို့အားလည်း သက်ဝင်ယုံကြည်၍ ထိုရစူလ်တမန်တော်များအား ရိုင်းပင်းကူညီကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားခြင်းကိုလည်း ပြုကြအံ့၊ ယင်းသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အသင်တို့၏ပြစ်မှုဒုစရိုက်များကို မုချ ပပျောက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့အား အကြင်ဥယျာဉ်များ၌လည်း မုချ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်၌ ရေချောင်းများသည် စီးဆင်းလျက်ရှိကြလတ္တံ့။ သို့ရာတွင်မူကား အသင်တို့အနက်မှ မည်သူမဆို ယင်း (ကဲ့သို့ ပဋိညာဉ်ထားရှိပြီး) နောက် သွေဖည်ငြင်းပယ်ခဲ့ပါမူ ထိုသူသည် ဖြောင့်မှန်သော (တရား) လမ်းမှ မုချ ဝေးကွာသွားခဲ့ချေပြီ။

[13] ထိုနောက် ၎င်း (အစ္စရာအီလီမျိုးနွယ်) တို့သည် မိမိတို့ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် ၎င်းတို့အား (မိမိ၏) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ထိုပြင် ၎င်းတို့၏ စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့၏။ ထိုသူတို့သည် မုက္ခပါဌ်တော်များကို ၎င်းတို့၏မူရင်းနေရာမှများမှ ရွေ့ပြောင်းကြသည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အား ဆုံးမထားသော အဆုံးအမဩဝါဒများအနက်မှ (ကြီးကျယ် သော) အစိတ်အပိုင်းတစ်ခုကိုလည်း မေ့ပစ်ခဲ့ကြလေသည်။ အမှန်သော်ကား အသင်သည် ၎င်းတို့အနက်မှ တချို့သောသူတို့မှတစ်ပါး ကျန်လူများ၏ သစ္စာဖောက်မှုတစ်ခုခုကို အမြဲပင် ကြားသိလျက်ရှိနေပေမည်။ သို့ရာတွင် အသင်သည် ၎င်းတို့အား ခွင့်လွှတ်ပါလေ။ ထို့ပြင် (၎င်းတို့ဘက်မှ) မျက်နှာလွှဲရှောင်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုသောသူတို့အား ချစ်မြတ်နိုးတော်မူလေသတည်း။

[14] ထိုနည်းတူစွာ ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) “အကျွန်ုပ်တို့သည် ‘နဆွာရာ’ ခရစ်ယာန်များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့ထံမှလည်း (ငါအရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြရန်) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ သို့ပါလျက် ယင်းသူတို့သည် ဆိုဆုံးမခဲ့ပြီးဖြစ်သော ဆုံးမဩဝါဒတို့အနက်မှ (အကြီးအကျယ်ဆုံး) အစိတ်အပိုင်းကို မေ့လျော့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့တွင် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ရန်ငြိုးထားမှုနှင့် မုန်းတီးမှုတို့ကို ထည့်သွင်းပေးတော်မူခဲ့လေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့ ပြုလုပ်လေ့ရှိခဲ့ကြသောအရာများကို မကြာမြင့်မီ သိမြင်စေတော်မူအံ့။

[15] အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ မုချဧကန် ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် (တောင်ရာတ်နှင့်အိန်ဂျီလ်) ကျမ်းထဲမှ အသင်တို့ ထိန်ချန်လျှို့ဝှက် ဖုံးအုပ်ထားခဲ့သောအရာများအနက် များစွာသောအရာတို့ကို အသင်တို့အား ရှင်းလင်းထင်ရှားစွာ ဖော်ပြလေသည်။ ၎င်းပြင် များစွာသောအချက် တို့ကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်လေသည်။ အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထွန်းလင်းတောက်ပသော) ရောင်ခြည်တော် (ဝါ) နဗီတမန်တော် (မုဟမ္မဒ်) နှင့်တကွ ထင်ရှားလှစွာသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။ (တစ်နည်း) အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရောင်ခြည်တော်တည်းဟူသော ထင်ရှားသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။

[16] အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း ‘ကုဖ်ရ်’ တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။

[17] အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မရ်ယမ်၏ သားတော် မစီဟ် (အီစာ) ပင်ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည်ငြင်းပယ်သူများ ဖြစ်ခဲ့ကြချေပြီ။ (အို- နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့ချေပ) ပြောဆိုပါလေ။ “(ဟယ်-အချင်းတို့) သို့ဖြစ်လျှင် အကယ်၍သာ ထိုအလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ကိုလည်းကောင်း၊ ထို‘မစီဟ်’၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှအားလုံးတို့ကို ဖျက်ဆီးလိုတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထုအားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[18] ၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန်တို့သည်လည်းကောင်း ငါတို့သည် အလ္လာဟ်အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်ဟူ၍ ပြောဆိုကြ၏။ (အို- နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် (လူသားများ) အနက်မှ လူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသော အရာများကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသည်။ ၎င်းပြင် (လူခပ်သိမ်းတို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။

[19] အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[20] ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”

[21] “အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”

[22] ၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”

[23] (ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။”

[24] ထိုအခါ အမျိုးသားတို့က အို- မူစာ ၎င်းတို့သည် ထို (နယ်) မြေအတွင်း ရှိနေသမျှကာလပတ်လုံး မုချဧကန် ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ မည်သည့်အခါမျှ အလျင်း ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်ကိုယ်တိုင် မိမိအရှင်မြတ်နှင့်တကွ သွားရောက်ပြီး အသင်တို့နှစ်ဦးသာလျှင် တိုက်ခိုက်ကြလေကုန်။ ကျွန်ုပ်တို့မူကား ဤနေရာ၌ပင် ထိုင်၍နေကြကုန်အံ့” ဟု ပြောဆိုကြကုန်သတည်း။

[25] ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။

[26] ထိုအခါဝယ် (အလ္လာဟ်အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို (နယ်) မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။ ၎င်းတို့သည် (ဤ သိနကျွန်းစွယ်၏ နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ) သည် (ဤ) စည်းကမ်းဖောက်ဖျက် အမိန့်တော်ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့်ပတ်သက်၍ (လုံးဝ) ပူဆွေးဝမ်းနည်းခြင်း မရှိပါလေနှင့်” ဟု မိန့်ကြားတော်မူခဲ့လေသတည်း။

[27] ၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။

[28] အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် မိမိလက်ကိုလှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကို လှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။”

[29] “ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။”

[30] ထို့နောက် ထို (ကာဗီလ်) ၏ စိတ်သည် ၎င်းအား မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပေရာ ယင်း (ကာဗီလ်) သည် မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းသည် ကျိုးယုတ်ပျက်ပြားသူတို့အနက် အပါအဝင်ဖြစ်သွားခဲ့လေသတည်း။

[31] ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့လေ၏။ ထိုကျီးကန်းသည် ၎င်း (ကာဗီလ်) အား မိမိညီတော် (ဟာဗီလ်) ၏ ရုပ်ကလာပ်ကို မည်သို့မည်ပုံ (မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်ရမည်ကို ပြသရန်အလို့ငှာ မြေကြီးကို ကုတ်ခြစ်တူးဆွလေသည်။ ထိုအခါ ယင်း (ကာဗီလ်) က “ဪ ငါသည် ဤကျီးကန်းကဲ့သို့ပင် မဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွတကား။ အကယ်၍သာ (ယင်းကျီးကန်းကဲ့သို့) ဖြစ်နိုင်ခဲ့မူ ငါသည် မိမိညီတော် (ဟာဗီလ်) အား (မြေကြီးတူး၍မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်နိုင်မည်သာဖြစ်ချေသည်” ဟု ပြောဆို (ညည်းညူမြီတမ်း) ခဲ့လေသည်။ ထို့နောက် ၎င်း (ကာဗီလ်) သည် နောင်တရသူတို့တွင် အပါအဝင်ဖြစ်လေသတည်း။

[32] ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့အပေါ်၌ (ဤသို့) အမိန့်ပြဌာန်းတော်မူခဲ့လေသည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်) ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင် ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတစ်ယောက်ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအားဖြင့်) အသက်ရှင်စေခဲ့ပါမူ ထိုသူသည် လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ၎င်းအပြင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်များသည် ထို (အစ္စရာအီလီလူမျိုး) တို့ထံ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များ၊ သက်သေလက္ခဏာတော်များနှင့်တကွ မုချ ရောက်ရှိလာခဲ့ကြလေ၏။ သို့ပါလျက်နှင့်ပင် ယင်း (အစ္စရာအီလီလူမျိုး) တို့တွင် များစွာသောသူတို့သည် တိုင်းပြည်၌ စည်းကမ်းဖောက်ဖျက် ကျူးလွန်လျက်နေကြပေမည်။

[33] အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (၏အမိန့်တော်များ) ကို (သွေဖည်ငြင်းဆန် ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်းခံကြရမည်။ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်း ခံကြရမည်။ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာဘက် လက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင် ဖြစ်၏။ ၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင် (လည်း) အလွန်ကြီးလေးသောပြစ်ဒဏ်သည် ရှိပေမည်။

[34] သို့ရာတွင် အကြင်သူတို့သည် အသင်တို့ လက်ရမဖမ်းဆီးမီ (သတိသံဝေဂ၊ နောင်တတရားရရှိကာ) ဝန်ချတောင်းပန်ခဲ့ကြသည်ရှိသော် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် သနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူကြောင်းကို အသင်တို့သည် သိထားကြလေကုန်။ (ရကူ)

[35] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏အပါးတော်သို့ ချဉ်းကပ်မှုကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (နောင်တမလွန်ဘဝတွင်) အောင်မြင်ကြအံ့သောငှါ ထိုအရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ကြလေကုန်) (တစ်နည်း) (အပတ်တကုတ် ကြိုးစားအားထုတ်ကြလေကုန်) ။

[36] ဧကန်စင်စစ် သွေဖည်ငြင်းပယ်သောသူတို့သည် (မည်သည့်အခါမျှ မိမိတို့၏အပြစ်များမှ ချမ်းသာခွင့်ရရှိကြလိမ့်မည်မဟုတ်ပေ) ။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့၏ ပြစ်ဒဏ်များမှ လျော်ကြေးပေး၍ လွတ်မြောက်ခြင်းငှာ ၎င်းတို့ထံ၌ ကမ္ဘာလောက၌ ရှိရှိသမျှသော ဥစ္စာပစ္စည်းအားလုံးရှိသည့်ပြင် ၎င်းနှင့်တကွ ထိုမျှလောက်သောဥစ္စာပစ္စည်း နောက်ထပ်ရှိသော်လည်း ထိုပစ္စည်းများကို (လျော်ကြေးပေးကြသည့်တိုင်) ၎င်းတို့ထံမှ သဘောတူ လက်ခံတော်မူလိမ့်မည်မဟုတ်ပေ။ အမှန်သော်ကား ထိုသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် အဆင့်သင့်ရှိပေသည်။

[37] ၎င်းတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြကုန်အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (မည်သည့်အခါမျှ) ထို (ဂျဟန္နမ်) ငရဲမီးမှ ထွက်ကြရမည့်သူများမဟုတ်ပေ။ အမှန်စင်စစ်သော်ကား ၎င်းတို့အဖို့ အမြဲတည်တံ့သောပြစ်ဒဏ်သည် (အဆင့်သင့်) ရှိနေမည်သာတည်း။

[38] ၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။

[39] တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[40] ဧကန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား ချမ်းသာခွင့်ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[41] အို- ရစူလ်တမန်တော်၊ အကြင်သူတို့သည်‘ကုဖ်ရ်’သွေဖည်မှု၌ အပြေးအလွှားကျဆင်းလျက်ရှိသော အကြင်သူတို့သည် အသင့်အား စိတ်နှလုံးမချမ်းမမြေ့ မဖြစ်စေကြရ။ ထိုသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများက ‘အီမာန်’ သက်ဝင်ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏နှုတ်များဖြင့်သာ “ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြပါပြီ” ဟု ပြောဆိုသူတို့အနက်မှပင်ဖြစ်စေ၊ ယဟူဒီများအနက်မှပင်ဖြစ်စေ ထိုထိုသောသူတို့သည် မုသားကို အလွန်တရာကြားနာသူများ၊ အသင့်ထံမလာကြသောသူတို့အဖို့ (အသင့်ထံလာရောက်၍) နားစွင့်သူများ ဖြစ်ကြကုန်၏။ ၎င်းတို့သည် မုက္ခပါဌ်တော်များကို ထိုမုက္ခပါဌ်တော်များ၏ မူရင်းနေရာများမှ ရွှေ့ပြောင်းလေ့ရှိကြသည့်ပြင် (မိမိတို့အုပ်စုဝင်များအား) အသင်တို့သည် (နဗီတမန်တော် မုဟမ္မဒ်၏ထံမှ) ဤ (ရွှေ့ပြောင်းထားသည့်) အတိုင်း အမိန့်ရရှိကြပါမူ နာယူလက်ခံကြလေကုန်။ သို့ရာတွင် ထို (ရွေ့ပြောင်းထားသည့်) အတိုင်း မရရှိကြလျှင် ဖယ်ရှောင်ကြလေကုန်ဟူ၍လည်း ပြောဆိုလေ့ရှိကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲစေတော်မူပါလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူအား မည်သည့်အကျိုးကိုမျှ ပြုစွမ်းနိုင်ခြင်း အလျင်းမရှိပေ။ ဤသူတို့ကား အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို သန့်ရှင်းစင်ကြယ်စေရန် ရည်စူးတော်မူခဲ့သည်မဟုတ်ပေ။ ၎င်းတို့၌ (ဤပစ္စုပ္ပန်) လောကီဘဝတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[42] ယင်း (ယဟူဒီ) တို့သည် မဟုတ်မမှန်မုသားကို အလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ်အရှင်မြတ် က) ဟရာမ် (ဟူ၍ မြစ်တားထားတော်မူသော တံဆိုးလက်ဆောင် အစရှိသည်) ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေခြင်းငှာ) လာရောက်ကြပါမူ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမဟုတ် (တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်ပါမူ ၎င်းတို့သည် အသင့်အား လုံးဝ အကျိုးယုတ် နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေးစီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင်တည်း။

[43] ၄င်းအပြင် ထိုသူတို့သည် အသင့်အား အဘယ်ကဲ့သို့ ခုံသမာဓိတင်မြှောက်ကြပါသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံဝယ် တောင်ရာတ်ကျမ်းလည်းရှိ၏။ ယင်းတောင်ရာတ်ကျမ်းတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်လည်းပါရှိ၏။ တစ်ဖန် ထို (ကဲ့သို့ အသင့်အား ခုံသမာဓိတင်မြှောက်ပြီး) နောက် ယင်းသူတို့သည် (အသင်၏ တရားစစ်ဆေးစီရင်ချက်မှ) မျက်နှာလွှဲဖယ်သွားကြပြန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ အလျင်းမဟုတ်ကြချေ။ (ရကူ)

[44] ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။

[45] ၎င်းပြင် ငါအရှင်မြတ်သည် ထို တောင်ရာတ်ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်၏အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့) ဒဏ်ရာဒဏ်ချက်များ၌လည်း (ထပ်တူထပ်မျှ) လက်စားချေခြင်းပင် ရှိသည်ဟူ၍လည်းကောင်း၊ အမိန့်တော် ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တစ်ဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကို ခွင့်လွှတ်ခဲ့လျှင် ထို (ကဲ့သို့) ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊ (ခွင့်လွှတ်သူ) ၏အဖို့ အပြစ်များမှလွတ်ကင်းရန် အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့် (အမိန့် တော်) အတိုင်း တရားစစ်ဆေးဆုံးဖြတ်ခြင်းကို မပြုခဲ့ပါလျှင် ထိုကဲ့သို့သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။

[46] ၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။

[47] ထို့ပြင်တဝ အီန်ဂျီလ်ကျမ်းတော်ကို ရရှိသောသူတို့သည်လည်း ယင်း အီန်ဂျီလ်ကျမ်းတော်တွင် အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်တော်မူသည့်အတိုင်း စီရင်ကြရပေမည်။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့သော် ထိုကဲ့သို့သောသူများသည် အမိန့်တော်ကို ကျူးလွန်ဖေါက်ဖျက်သောသူများပင်တည်း။

[48] ၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။

[49] ၎င်းပြင် (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်စပ်လျဉ်း၍ ထိုသူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍ ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှုဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက၌ပင်) ပြစ်ဒဏ်ပေးလိုတော်မူကြောင်း အသင် ကောင်းစွာမှတ်ယူပါလေ။ အမှန်စင်စစ်သော်ကား လူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ်အရှင်မြတ်၏) စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန်သူများပင် ဖြစ်ကြကုန်သတည်း။

[50] ပြီးနောက် ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန်စင်စစ်သော်ကား ယုံကြည်မှုထားရှိသော အမျိုးသားတို့အဖို့ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့်သူကား အသူနည်း။ (ရကူ)

[51] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။

[52] ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။

[53] ၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။

[54] အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာတော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[55] အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ်အရှင်မြတ်သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သာလျှင်လည်းကောင်း ဖြစ်ကြကုန်၏။ ထို (‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော) သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ဆွလာသ်ဝတ်ပြုကြ၏။ ‘ဇကာတ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြ၏။ ထိုသူများသည် ကျိုးနွံသူများဖြစ်ကြ၏။

[56] အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သောသူများသည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြပေသတည်း။ (ရကူ)

[57] အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသောသူတို့အနက်မှ အသင်တို့၏သာသနာကို ပြက်ရယ်ကျီစယ်ဖွယ်ရာ၊ ကစားဖွယ်ရာပြုလုပ်သော သူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။

[58] ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။

[59] (အို- နဗီတမန်တော်) အသင်သည် (ရှေးအထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့်ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို- ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးအထက်ကျော်ကာလက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်းဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။”

[60] အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။

[61] ၄င်းပြင် ထို (မုနာဖစ်က်) တို့သည် အသင်တို့ထံ လာကြလေသောအခါ “ကျွန်ုပ်တို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုယူဆောင်၍ ဝင်ရောက်လာကြပြီး ထို ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ ထိမ်ချန်လျှို့ဝှက်ထားရှိကြလေသော အရာများကို အသိဆုံးပင်ဖြစ်တော်မူပေသတည်း။

[62] ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့အနက် မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကားခြင်း၌လည်းကောင်း၊ မတရားသဖြင့် ရရှိသောပစ္စည်းကို စားသုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား (သက်ဆင်း) ကြသည်ကို တွေ့မြင်လတ္တံ့။ စင်စစ်ဧကန် ၎င်းတို့၏အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေတကား။

[63] (၎င်းတို့၏) ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော (မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စားသုံးခြင်းမှလည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ ထိုသူတို့ပြုလေ့ရှိသော အပြုအမူများသည် မုချဧကန် ဆိုးရွားလှပေ၏တကား။

[64] ၎င်းပြင် ယဟူဒီတို့က “အလ္လာဟ်အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည်” ဟု ပြောဆိုကြကုန်သည်။ ၎င်းတို့၏လက်များသည်သာလျှင် ဆုပ်ထားပြီးဖြစ်ကြ၏။ စင်စစ် ထိုသူတို့သည် မိမိတို့၏ ထိုပြောဆိုမှုကြောင့် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်မှ ကင်းဝေးကြရလေပြီ။ (အလ္လာဟ်အရှင်မြတ်၏လက်တော်များသည်) အလျင်း (ဆုပ်ထားပြီး) မဟုတ်ပေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်၏ လက်တော်နှစ်ဘက်စလုံးပင် ဖြန့်လျက်ရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်အတိုင်း သုံးစွဲလျက်ရှိတော်မူ၏။ ၎င်းပြင် အသင်၏အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်) သည် ထိုသူတို့အနက် များစွာသောသူတို့အား ကျူးလွန်မှုနှင့် သွေဖည်ငြင်းပယ်မှုကို မုချ တိုးပွားစေအံ့။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့၏စပ်ကြားဝယ် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို “ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖန်တီးတော်မူခဲ့လေသည်။ ၎င်းတို့သည် စစ်မီးကို မွှေးတိုင်းမွှေးတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းသူတို့သည် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ကြိုးစားအားထုတ်ကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့အား (အလျင်း) ချစ်ကြည်မြတ်နိုးတော်မူသည် မဟုတ်ပေ။

[65] ၎င်းပြင် အကယ်၍ ရှေးအထက်ကျမ်းဂန်ရရှိသူ ကိတာဗီများသည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို (ခွင့်လွှတ်) တော်မူ၍ ၎င်းတို့အား ချမ်းသာသုခနှင့်ပြည့်စုံသော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူအံ့။

[66] ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် တောင်ရာတ်၊ အီန်ဂျီလ်ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော်မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာသော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုပါ အတည်ပြုလိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည် မိမိတို့အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်သောလူတစ်စုသည် (လည်း) ရှိကြပေသည်။ သို့ရာတွင် ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။ (ရကူ)

[67] အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။

[68] (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။

[69] စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။

[70] ဧကန်မုချ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့ (များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါးသည် ထိုသူတို့မကြိုက်မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော် ထိုသူတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို မုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။

[71] ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့သည် မျက်စိစုံလုံးကန်းခဲ့ကြလေသည်။ နားပင်းခဲ့ကြလေသည်။ ထို့နောက်တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ဘက်သို့ (မိမိ) ကရုဏာတော်နှင့် ပြန်လှည့်တော်မူ၍ (၎င်းတို့အား အပြစ်မှ ချမ်းသာပေးသနားတော်မူ) ခဲ့လေ၏။ ထို့နောက်သော်မှပင် ယင်းသူတို့အနက် များစွာသောသူတို့သည် မျက်စိစုံလုံးကန်းသူများနှင့် နားပင်းသူများပင် ဖြစ်သွားကြပြန်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပေတည်း။

[72] မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ (အီစာ) ပင် ဖြစ်တော်မူသည်” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်” ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။

[73] ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။

[74] ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[75] မရ်ယမ်၏သားတော် မစီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။

[76] (အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။”

[77] (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ)

[78] အစ္စရာအီလီမျိုးနွယ်တို့အနက်မှ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူ (နဗီတမန်တော်) ဒါဝူဒ်နှင့်မရ်ယမ် (သခင်မ) ၏သားတော် (နဗီတမန်တော်) အီစာ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင် အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူးလွန်လေ့ရှိခြင်းကြောင့်ပင်တည်း။

[79] ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ ပြုကျင့်လေ့ရှိခဲ့ကြကုန်သော အပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။

[80] (အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထိုင်ကြရမည်။

[81] အကယ်၍ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြပါလျှင် ထို (ကာဖိရ် သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက် များစွာသောသူတို့မှာကား (အမိန့်တော်ကို ဖီဆန်သောသူများပင် ဖြစ်ကြကုန်သတည်း။) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင်ဖြစ်ကြ၏။)

[82] (အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။

[83] ၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။

[84] ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”

[85] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ (ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့်အတွက်ကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကား ကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့်ဆည်းပူးကြလေသော သူတော်ကောင်းတို့၏ အကျိုးပင်တည်း။

[86] သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ်နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် ငါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟု ငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သောသူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။ (ရကူ)

[87] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။

[88] ထို့ပြင်တဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ (စားသုံး) ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။

[89] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။

[90] အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

[91] မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။

[92] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်အရပ်ရပ်) ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော် (၏ ဩဝါဒအရပ်ရပ်) ကိုလည်း လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏ အမိန့်တော်များကို မလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။

[93] ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောသီလများကို ကျင့်မူကြကုန်သောသူတို့အပေါ်ဝယ် ၎င်းတို့သည် (အတိတ်ကာလ၌ ‘ဟရာမ်’ ဟူ၍ တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့် ရရှိသောပစ္စည်းကိုလည်ကောင်း အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့်အတွက် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည် (ထိုစဉ်အခါက တားမြစ်ထားသောအရာများမှလည်း) ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (‘ဆွလာသ်’ ဝတ်ပြုခြင်း၊ ‘ဆွိယာမ်’ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ ‘ဂျီဟာဒ်’ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တစ်ဖန် ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍ တားမြစ်တော်မူသောအခါ ထိုတားမြစ်တော်မူသောအရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော်များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တစ်ဖန် ထိုသူတို့သည် (သဒ္ဓါတရားထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး ဟရာမ်ဟူ၍ တားမြစ်ထားသောအရာများမှ လွတ်ကင်းနိုင်ခြင်းငှာ ဒွိဟသံသယမကင်းသောအရာများမှလည်း) ကြဉ်ရှောင်ကြ၏။ ၎င်းပြင် (ကောင်းမြတ်သောကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ) ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူလေသတည်း။ (ရကူ)

[94] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအား အကွယ်၌ မည်သူကြောက်ရွံ့သည်ကိုသိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့် လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို (ကဲ့သို့ ထုတ်ဖေါ်မိန့်ကြားတော်မူပြီး) နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ ထိုသူတို့၏အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။

[95] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ‘အစ်ဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်အခါဝယ် အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆို အသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ ထိုသတ်ခဲ့သောတိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်။ ၎င်း (ဒဏ်ဆောင်ရမည့်တိရစ္ဆာန်) ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ်ခဲဘွယ်တို့ကို ကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့် သူဆင်းရဲတို့၏ ဦးရေ) နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့် အပြစ်အာပတ်ဖြေစေခြင်းမှာ) ထိုသူသည် မိမိပြုမူချက်၏အရသာကို မြည်းစမ်းခြင်းငှာဖြစ်ချေသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[96] အသင်တို့အဖို့ (အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ် (ဝါ) ရေသတ္တဝါများကိုဖမ်းခြင်းနှင့် ၎င်းတို့ကိုစားသုံးခြင်းသည် ဟလာလ်ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏အကျိုးငှာလည်းကောင်း ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို (အလ္လာဟ်) အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံးကြရမည်ဖြစ်သည်။

[97] အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[98] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။

[99] ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။

[100] (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)

[101] အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[102] အသင်တို့အလျင် အထက်ကျော်ကာလ၌ရှိခဲ့ကြသော သူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်းအရာများကို မေးမြန်းခဲ့ဖူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။

[103] အလ္လာဟ်အရှင်မြတ်သည် ‘ဗဟီရဟ်’ ကိုလည်း (ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်းတော်မူခဲ့သည်မဟုတ်ပေ။ ‘စာအိဗဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဝဆွီလဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဟာမီ’ ကိုလည်း အသိအမှတ်ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌ မဟုတ်မမှန်လုပ်ကြံ၍ မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ကြကုန်သတည်း။

[104] ၎င်းပြင် ထိုသူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဘက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ ထိုသူတို့က ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည် လုံလောက်ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း ( ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။)

[105] အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင် တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ) အကျိုးယုတ် နစ်နာစေနိုင်မည်မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။

[106] အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”

[107] တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါလျှင် ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက်ရပ်ပြီးလျှင် “ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦးသက်သေခံခြင်းထက် ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် (ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင်ဖြစ်ကြပါအံ့” ဟု အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြရပေမည်။

[108] ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်အတိုင်း သက်သေခံကြရန်၊ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက် ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ်ဆုံး (အကောင်းဆုံး) သောနည်းပင် ဖြစ်ချေသည်။ (မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် (ထိုအရှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုကျူးလွန်သောသူတို့အား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည်မဟုတ်ပေ။

[109] (အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်။ ကြောက်ရွံ့ကြလေကုန်။) ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထိုရစူလ်တမန်တော်များကို) “အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သောပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း” ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက) “ကျွန်တော်မျိုးတို့တွင် အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။” ဟု လျှောက်ထားခဲ့ကြကုန်အံ့။

[110] (၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့) မိန့်ကြားတော်မူအံ့။ အို- မရ်ယမ်၏သား အီစာ အသင်သည် မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ‘ရူဟုလ်ကုဒွတ်စ်’ ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌) လည်းကောင်း၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ၌လည်းကောင်း၊ လူတို့နှင့် (တစ်မျိုးတစ်စားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်များကိုလည်းကောင်း၊ ‘ဟစ်က်မတ်’ အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်’နှင့် ‘အိန်ဂျီလ်’ ကျမ်းဂန်များကိုလည်းကောင်း သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင်မှုတ်၏။ ထိုအခါ ထိုအရာသည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့) ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်း စသောကုဌနူနာစွဲကပ်လျက်ရှိသော သူတို့ကိုလည်းကောင်း ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီး သင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့် (အား ဖမ်းဆီးကွပ်မျက်ခြင်း) မှ တားဆီးတော်မူခဲ့၏၊ အကြင်အခါဝယ် အသင်သည် ၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ) များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။

[111] ၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။

[112] (အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။

[113] ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။

[114] မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။

[115] အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ)

[116] (ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။”

[117] “ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်” ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။”

[118] “အရှင်မြတ်သည် အကယ်၍ ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါလျှင်လည်း (ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ် အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။”

[119] အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ “ယနေ့မူကား မှန်ကန်သူများအဖို့ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို (မှန်ကန်သူများ) အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်) ရှိကြပေအံ့။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီးဖြစ်တော်မူ၏။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော (ဇေယျတုမင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။”

[120] မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း (အာဏာ) သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူချေသတည်း။ (ရကူ)

တိရစ္ဆာန်များ

Surah 6

[1] အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။

[2] ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။

[3] အမှန်စင်စစ် မိုးများနှင့်မြေတွင်၊ ထိုအလ္လာဟ်အရှင်မြတ်သည်သာလျှင်၊ ကိုးကွယ်ခြင်းကို ခံထိုက် သောမူသော (တစ်ဆူတည်းသော)အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့၏လျှို့ဝှက် ထားသောအဖြစ်အပျက်အခြေအနေကိုလည်းကောင်း၊ အသင် တို့၏ပေါ်လွင်ထင်ရှားစေသောအဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ သိတော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှာဖွေဆည်းပူး ပြုလုပ်ကြသမျှသော အရာများကိုလည်း (အကြွင်းမဲ့) သိတော်မူသည်။

[4] ၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည်ရှိသော်ထိုသူတို့သည် ထိုသက်သေသာဓက လက္ခဏာတော်များမှမျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည်ချည်းသာတည်း။

[5] သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။

[6] ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအသျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။

[7] ၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။

[8] ၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။

[9] ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။

[10] (အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။

[11] (အို-နဗီတမန်တော် အကယ်၍ ၎င်းတို့သည်ရှေးဟောင်းလူများ အပြစ်ဒဏ်ခံစားခဲ့ကြရသည်ကို မယုံမကြည်ငြင်းပယ်ကြပါမူ) အသင်သည် (ယင်းသူတို့အား ဤသို့ ပြောကြားပါလေ၊) အသင်တို့သည် ပထဝီမြေပြင်ဝယ် သွားလာလည်ပတ်ကြလေကုန်။ ၎င်းနောက် မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့ ၏အကျိုးသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ကြည့်ရှုကြလေကုန်။

[12] (အို-နဗီတမန်တော်) အသင်သည် (ထိုသွေဖည်ငြင်းပယ်သောသူတို့အား) မိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှသောအရာတို့သည် မည်သူပိုင်ဆိုင်သော အရာများဖြစ်သနည်းဟု မေးမြန်းပါလေ။ ( ထိုသူတို့သည် ပဌမသော် အမှန်အတိုင်း ဖြေကြားကြမည်ဖြစ်သည်။ အကယ်၍အကြောင်း တစုံတရာကြောင့် အမှန်အတိုင်း မဖြေကြားခဲ့သည်ရှိသော်) အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာဖြစ်ချေသည် ဟု အသင်ကပင် ဖြေကြားပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် (သတိတရားရရှိ၍ရှစ်ရ်က် မှ ဝန်ချတောင်းပန်သူတို့အား) ကရုဏာပြုတော်မူရန် မိမိအပေါ်၌ တာဝန်အဖြစ် သတ်မှတ်ထားတော်မူပြီးဖြစ်သည်ဟုလည်း ပြောဆိုပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား ကိယာမတ်နေ့တွင် မုချ စုရုံးတော်မူမည်။ထိုနေ့၏ (ဆိုက်ရောက်ခြင်း) ၌ အလျင်း ဒွိဟမရှိပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်ကို နစ်နာ ပျက်စီးစေခဲ့ကြ၏။ ထိုသူတို့ကား အီမာန် ယုံကြည်ကြမည် မဟုတ်ပေ။

[13] ထိုမှတစ်ပါး ညဉ့်နှင့်နေ့တွင် နေထိုင်သောအရာများသည်လည်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာတည်း။ ၎င်းအပြင် ထိုအရှင်မြတ်သည်၊ အကြွင်းမဲ့ကြားတော်မူသောအရှင၊် အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။

[14] (အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။)

[15] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။

[16] မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။

[17] ၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[18] ၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။

[19] (အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။

[20] အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[21] အမှန်စင်စစ် မည်သူမဆို မဟုတ်မမှန် မုသားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ ကြံစည်လီဆယ် ၍ စွပ်စွဲအံ့။သို့တည်းမဟုတ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများကိုမဟုတ်မမှန်ဟု ငြင်းပယ်အံ့၊ ထိုသူထက်ပိုမို၍ မတရားသောသူကား မည်သူရှိအံ့နည်း။ အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။

[22] ၎င်းပြင် အကြင်နေ့ကိုလည်း သတိရသင့်၏။ထိုနေ့တွင် ငါအရှင်မြတ်သည် ယင်းသူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် (တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသော သူတို့အား အသင်တို့သည် (ငါအရှင်မြတ်၏တွဲဖက်များ ဖြစ်ကြသည်ဟူ၍) ထင်မြင်ယူဆ (ကိုးကွယ်)ခဲ့ကြသော အသင်တို့၏ အပေါင်းအဖော် (တွဲဖက်ကိုးကွယ်ရာ)များသည် အဘယ်နည်းဟု မေးမြန်းတော်မူအံ့။

[23] ထို့နောက် ၎င်းတို့က ကျွန်တော်မျိုးတို့(သည်မိမိတို့)၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ကျွန်တော်မျိုးသည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်၍ ကိုးကွယ်သူများမဖြစ်ခဲ့ကြပါ ဟုပြောဆိုကြသည် မှအပ၊ ၎င်းတို့၌ မည်သည့်ဆင်ခြေလဲခြင်းမျှရှိနိုင်မည် မဟုတ်ပေ။

[24] (အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့နှင့်ဆန့်ကျင် ၍ပင် မည်ကဲ့သို့ မုသားပြောဆိုကြသည် ကိုလည်းကောင်း၊ ယင်းသူတို့ထံမှ ယင်းသူတို့၏အကြံအစည်များ သည်၊မဟုတ်မလျား စွပ်စွဲပြစ်မှားလေ့ရှိခဲ့ကြသော အရာများသည်(မည်ကဲ့သို့) ပျက်ပြားဆုံးပါး၍ သွားသည်ကိုလည်းကောင်း၊အသင်သည် (စဉ်းစားဆင်ခြင်၍) ကြည့်ပါလေ။

[25] း25| ၎င်းပြင် ထိုသူတို့တွင် အသင့်ဖက်သို့ နားစွင့်၍ နေကြသူများလည်း ရှိကြ၏။ အမှန်သော်ကား ၎င်းတို့ထိုကုရ်အာန်ကို နားမလည်နိုင်ကြရန်၊ ငါအရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်၌ အကာအဆီးများ ချထားတော်မူခဲ့၏။ယင်းသူတို့၏ နားများတွင် လေးလံခြင်းကိုလည်းပြုထားတော်မူခဲ့၏။ စင်စစ်တမူကား ယင်းသူတို့သည် သက်သေလက္ခဏာများအားလုံးကို တစ်ခုမကျန် တွေ့မြင်ကြရ သော်လည်း ထိုသက်သေလက္ခဏာများကို ယုံကြည်ကြမည်မဟုတ်ပေ။ ဤမျှတိုင် ၎င်းတို့သည် အသင့်ထံသို့ပင် လာရောက်ကြသောအခါအသင်နှင့် အငြင်းအခုံပြုကြ၏။ ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ် သောသူတို့က ဤကား ရှေးသူဟောင်းတို့၏ဒဏ္ဍာရီပုံပြင်များသာ ဖြစ်ချေသည် ဟု ပြောဆိုကြ၏။

[26] ၎င်းပြင် ယင်းသူတို့သည်(သူတစ်ပါးတို့ကိုလည်း)ထိုကုရ်အာန်ကျမ်းတော်မြတ်(ကိုနားဆင်ခြင်း)မှ တားမြစ်ကြကုန်၏။ မိမိတို့ကိုယ်တိုင်လည်း ယင်း ကုရ်အာန်ကျမ်းမြတ်(ကိုနားဆင်ခြင်း) မှ (ဝေးစွာ) ကြဉ်ရှောင်ကြကုန်၏။ စင်စစ်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်သာ ပျက်စီးကုန်၏။ သို့ရာတွင် ၎င်းတို့သည် (ဤမျှပင်) မသိတတ်ကြချေ။

[27] ထို့ပြင်တဝ၊ (အို-နဗီတမန်တော်) အကြင်အခါဝယ်၊ ၎င်းတို့သည် ငရဲဘုံ(အဝ)တွင် ရပ်စေခြင်းကိုခံရ၍ဪ ငါတို့သည် (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းကိုခံရကြသော် ကောင်းလေစွတကား။ (အကယ်၍သာ ပြန်သွားရလျှင်) ငါတို့သည် မိမိတို့ အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းမပြုကြဘဲ၊ ငါတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်ပေမည် ဟု ပြောဆိုကြလတ္တံ့။ အကယ်၍ အသင်သည် ထိုအဖြစ်ကိုကြည့်ရပါသော် (အလွန်ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို တွေ့မြင်ရပေအံ့)။

[28] (သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့တားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။

[29] ၎င်းပြင် ထိုသူတို့က အသက်ရှင်ခြင်းကားပစ္စက္ခမျက်မှောက်လောကီဘဝ၌ ငါတို့၏ရှင်ခြင်းသာ ဖြစ်သည်။ အမှန်သော်ကား ငါတို့သည် ရှင်ပြန်ထစေခြင်း ခံကြရမည်မဟုတ်ချေ ဟုပြောဆိုကြသည်။

[30] (အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ)

[31] အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံကြမည်ကိုမဟုတ်မမှန်ဟု ပြောဆိုကြကုန်သော သူတို့သည် ဧကန်စင်စစ်ဆုံးရှုံးပျက်စီးကြလေပြီ။ (ဤသို့ မဟုတ်မမှန် ပြောဆိုခြင်းသည်ရက် အနည်းငယ်သာဖြစ်မည်) နောက်ဆုံးတွင် ၎င်းတို့ထံထိုကန့်သတ်ပြီးဖြစ်သော အချိန်ကာလ (ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့)သည် ရုတ်တရက်ရှောင်တခင် ရောက်ရှိလာသောအခါ (ထိုသူတို့၏ မဟုတ်မမှန် ပြောဆိုခြင်းသည်ရပ်သွားပေမည်။ ၎င်းပြင်) ထိုသူတို့က ဪ ငါတို့သည်ဤအချိန်နှင့် စပ်လျဉ်း၍ ပေါ့လျော့ ပျက်ကွက်ခဲ့ကြသည်မှာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရလေခြင်း ဟု ညည်းငြူမြည်တမ်းကြမည်။ ထို့ပြင် ၎င်းတို့သည် (ထိုနေ့တွင်) မိမိတို့(၏ အပြစ်များ)၏ ဝန်ထုပ်များကို မိမိတို့၏ ကျောက်ကုန်းများထက်ဝယ်သည်ပိုးလျှက်ရှိကြမည်။ ၎င်းတို့ သည်ပိုးလျှက်ရှိကြသောအရာများမှာ ဆိုးရွား လှသည်ဟု မှတ်ယူကြလေကုန်။

[32] စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။

[33] (အို-နဗီတမန်တော်)၎င်းတို့ပြောဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။

[34] ၎င်းပြင် မချွတ်ဧကန် အသင့်အလျင် မြောက်မြားစွာသော ရစူလ်တမန်တော်များသည် မဟုတ်မမှန်ဟုငြင်းပယ်ခြင်း ခံခဲ့ကြရလေပြီ။ သို့ရာတွင် ထိုရစူလ်တမန်တော်တို့သည် မိမိတို့အား မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းကိုခံခဲ့ကြရခြင်း အပေါ်၌လည်းကောင်း၊ ဒုက္ခပေးခြင်းကို ခံခဲ့ကြရခြင်းအပေါ်၌လည်းကောင်း၊ သည်းခံခဲ့ကြလေသည်။ နောက်ဆုံးတွင် ငါအရှင်မြတ်၏အကူအညီသည် ထိုရစူလ်တမန်တော်များထံသို့ ရောက်ရှိလာခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များကို မည်သူမျှပြောင်းလဲနိုင်သည်မဟုတ်ချေ။ စင်စစ်ဧကန် ရစူလ်တမန်တော်တို့၏ အချို့အကြောင်းသတင်းများသည် အသင့်ထံရောက်ရှိလာခဲ့ပြီးဖြစ်၏။

[35] သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။

[36] (စိတ်စေတနာ ဖြူစင်စွာဖြင့် တရားကို) နားထောင်သောသူများသာလျှင် တရားကို လက်ခံနာယူကြပေသည်။ အမှန်စင်စစ် သူသေတို့မူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ရှင်ပြန်ထစေတော်မူမည်။ ထို့နောက်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင် ပြန်သွားကြရမည်။

[37] ၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။

[38] ၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရပေမည်။

[39] စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။

[40] (အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။

[41] (ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ)

[42] (အို-နဗီတမန်တော်) မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရှိခဲ့ကြကုန်သောလူမျိုး များတို့ထံသို့လည်း(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် (ယင်းလူမျိုးတို့သည် ထိုတမန်တော်များအား သွေဖည်ငြင်းပယ် ခဲ့ကြလေရာ) ငါအရှင်မြတ်သည် ယင်းသူတို့၌ဆင်းရဲဒုက္ဓများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေ တော်မူခဲ့လေသည်။ သို့မှသာလျှင် ထိုသူများသည် ကျိုးနွံကြပေမည်။ (နောင်တ တရားရရှိကြပေမည်။)

[43] ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများသည် မာမြဲတိုင်းမာကျောလျက်ရှိခဲ့၏။ ထို့အပြင် ရှိုင်တွာန် မိစ္ဆာကောင်သည်လည်း ၎င်းတို့ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ပြထားခဲ့လေသည်။

[44] ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်၏။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။

[45] ထို့နောက် မတော်မတရား ပြုမူကြကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့၏။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အမှန်စင်စစ်အားဖြင့် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။

[46] (အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။

[47] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်သည်အသင်တို့ထံ ရုတ်တရက်သော်လည်းကောင်း၊ အထင်အရှားသော်လည်းကောင်း၊ ရောက်ရှိလာလတ်သော် မတော်မတရားပြုကျင့်ကြကုန်သောသူတို့မှအပ (အခြားမည်သူများ) ပျက်စီးစေခြင်းခံကြရဦးမည်နည်း။

[48] ၎င်းပြင် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပေါင်းတို့ကို ဝမ်းမြောက်ဘွယ်သတင်းပေးသူများနှင့် သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်လေ့ရှိတော်မူ၏။သို့ဖြစ်ပေရာ မည်သူမဆို အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကာ(မိမိအခြေအနေကို)ပြုပြင်ခဲ့ပါမူ ထိုကဲ့သို့သောသူတို့၌ မည်သည့်စိုးရိမ်မှုမျှမရှိချေ။ ၎င်းတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။

[49] သို့ရာတွင် ငါအရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့မူကား ထိုသူတို့သည်စည်းမျဉ်းကို ကျူးကျော်ဖောက်ဖျက် ကြသည့်အတွက် ၎င်းတို့အပေါ်၌ အပြစ်ဒဏ်သည် သက်ရောက်လိမ့်သတည်း။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြ၏။ ထိုသူများသည်(အီမာန်တည်းဟူသော စည်းဝိုင်းအတွင်းမှ) ထွက်ကြသည့်အတွက် ၎င်းတို့၌ ပြစ်ဒဏ်တော်သည် သက်ရောက်၏။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန် ငြင်းပယ်ကြ၏။ ထိုသူများသည် အမိန့်တော်ကို မနာခံခဲ့ကြသည့် အတွက်ကြောင့် ၎င်းတို့၌အပြစ်ဒဏ်သည် သက်ရောက်မည်ဖြစ်၏။

[50] (အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့)ပြောဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည်အသင်တို့အား ပြောဆိုသည်မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည်(ဟူ၍လည်းပြောဆိုသည်)မဟုတ်။၎င်းပြင် ကျွန်ုပ်သည် အပါးတော်စေတမန် ဖြစ်သည် ‘ ဟူ၍လည်း အသင်တို့အား ပြောဆိုသည်မဟုတ်။ စင်စစ်သော်ကားကျွန်ုပ်သည် မိမိထံ ကျရောက်လာသော ဝဟ်ယ်အမိန့်တော်ကိုသာ လိုက်နာလျက်ရှိ၏။ (အို-နဗီ)အသင်သည်ပြောကြားပါလေ။ (အို-အချင်းတို့) မျက်စိမမြင်သောသူနှင့်မျက်စိ မြင်သောသူသည် တူနိုင်ပါသလော။ သို့ပါလျက် အသင်တို့သည် မစဉ်းစား မဆင်ခြင်ကြလေသလော။(ရကူ)

[51] ၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။

[52] င်းပြင်အသင်သည် အကြင်သူများကို(မိမိထံမှ)နှင်မထုတ်ပါနှင့်။ ထိုသူများသည် မိမိတို့ကို မွေးမြူတော်မူသောအရှင်မြတ်အား နံနက်အချိန်တွင်လည်းကောင်း၊ ညနေအချိန်တွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ကြ၏။ ထိုအရှင်မြတ်၏နှစ်မြို့တော်မူခြင်းကိုသာလျှင် ရည်စူးကြ၏။ အသင်သည်ထိုသူတို့ကို နှင့်ထုတ်ရလေအောင် ထိုသူတို့အားစူးစမ်းခြင်းနှင့်ပတ်သက်၍ အသင့်အပေါ်၌ တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ 4င်းအပြင် အသင့်အားစူးစမ်းခြင်းနှင့်ပတ်သက်၍ထိုသူတို့အပေါ်၌လည်း တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ သို့ပါလျက် အကယ်၍ အသင်ဤသို့ပြုမိလျှင်၊အသင်သည် မတရားပြုသူများတွင် အပါအဝင်ဖြစ်သွားချေမည်။

[53] ၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။

[54] ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင့်ထံသို့ငါအရှင်မြတ်၏ သက်သေသာဓက လက္ခဏာတော်များကို ယုံကြည်သောသူတို့ လာရောက်ကြသောအခါ အသင်သည် (၎င်းတို့အား ဤသို့ပြောဆိုပါလေ)၊ အသင်တို့အပေါ်ဝယ် ချမ်းမြေ့သာယာခြင်း သည် သက်ရောက်ပါစေသား၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း၍ ထားရှိတော်မူလေသည်။စင်စစ်ဧကန် အသင်တို့အနက် မည်သူမဆို နားမလည်၍မကောင်းမှု ဒုစရိုက်ကိုပြုမိခဲ့၏။ ထို့နောက် ထိုသူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျှင် မုချစင်စစ် ထိုအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[55] ၎င်းပြင်၊ ဤနည်းအတိုင်းပင် အပြစ်ထိုက်သင့်သောသူတို့၏လမ်းစဉ်သည် ထင်ရှားသွားရန်အလို့ငှာ ငါအရှင်မြတ်သည် သက်သေလက္ခဏာတော်များကို ထင်ရှားစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။တနည်း၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အာယသ် သက်သေလက္ခဏာတော်များကို ထင်ရှားစွာဖော်ပြတော်မူသည်။ (သို့မှသာလျှင် မုအ်မင်န်တို့၏ လမ်းစဉ်သည်လည်း ထင်ရှားသွားပေမည်)။ ၎င်းပြင် အပြစ်ထိုက်သင့်သူတို့၏ လမ်းစဉ်လည်း ထင်ရှားသွားပေမည်။

[56] (အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အလ္လာဟ်အရှင်မြတ်ကိုစွန့်ပယ်၍ အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ကိုးကွယ်ဆည်းကပ်ခြင်းမှငါသည် တားမြစ်ခြင်းကို ခံရပြီးဖြစ်သည်။ အသင်သည် (ဤသို့လည်း) ပြောကြားပါလေ။ ငါသည် အသင်တို့၏ အချည်းနှီးသော အလိုဆန္ဒများကို အလျင်း လိုက်နာမည်မဟုတ်ပေ။သို့လိုက်နာ မိပါလျှင် ငါသည် လမ်းမှားသို့ ရောက်သွားပေမည်။၎င်းပြင် ငါသည် တရားလမ်းမှန်ကို ရရှိသောသူတို့တွင်လည်းအပါအဝင် ဖြစ်တော့မည်မဟုတ်ပေ။

[57] (အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။

[58] (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။

[59] ၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။

[60] ၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် အသင်တို့အား ညဉ့်အချိန်၌အိပ်စက်စေတော်မူ၏။ ၎င်းပြင် အသင်တို့ နေ့၌ပြုမူသမျှတို့ကိုလည်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ထို့နောက်တဖန်ထိုအရှင်မြတ်သည် အသင်တို့အား ထိုနေ့၌ပြန်ထစေတော်မူ၏။(တနည်း) ယင်းအိပ်စက်ခြင်းမှ ပြန်နိုးစေတော်မူ၏။ သို့မှသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားသော အသက်တမ်းသည် စေ့သွားပေမည်။ တဖန် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြကုန်အံ့။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူသမျှတို့ကို ထုတ်ဖော်မိန့်ကြားတော်မူအံ့။(ရကူ)

[61] ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။

[62] ထို့နောက် တဖန် ယင်းသူတို့သည် မိမိတို့၏အရှင်သခင် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရမည်။ နားထောင်ကြလေကုန်။ စီရင်ဆုံးဖြတ်ရန် တန်ခိုးအာဏာသည်ထိုအရှင်မြတ်၌သာရှိသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်အမြန်ဆုံး စောကြောမေးမြန်းတော်မူမည့် အရှင်မြတ်ပင်ဖြစ်တော်မူသည်။

[63] (အို-နဗီတမန်တော်) အသင်သည်ပြောကြားပါလေ။ (အချင်းတို့) အသင်တို့အား ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်အထပ်ထပ်တို့မှ မည်သူသည် ကယ်တင်ပါသနည်း။ အကယ်၍ ထိုအရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ဤအန္တရာယ်များမှ လွတ်မြောက်စေတော်မူပါလျှင်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင်အပါအဝင် ဖြစ်ကြပါမည် ဟူ၍ အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာ ငိုကြွေးကာလည်းကောင်း၊ တိတ်ဆိတ်စွာည်းကောင်း၊ ဟစ်ခေါ်တသ (ဆုတောင်းပတ္ထနာပြု)ကြကုန်သည် (မဟုတ်ပါလော)။တနည်း။(အို-နဗီ) အသင်သည် ပြောကြားပါလေ။ (အိုမုရ်ှရစ်က်အပေါင်းတို့) ကုန်းမြေနှင့်သမုဒ္ဒရာ၏ အမှောင်(ဘေးဒုက္ခ)များမှ အသင်တို့ကို မည်သူ ကယ်တင်သနည်း။ (ထိုအချိန်တွင်) အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာလျှင် (တစ်ခါတစ်ရံ)ကျိုးနွံစွာဖြင့်လည်းကောင်း၊ (တစ်ခါ တစ်ရံ)တိတ်ဆိတ်စွာ လည်းကောင်း၊ တသကြ၏။ (၎င်းပြင် အသင်တို့က)အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကို သိတတ်သောသူများတွင် မုချအပါအဝင် ဖြစ်ကြပါမည် (ဟု ပြောဆိုကြသည်)။

[64] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့) ပြောကြားပါလေ၊ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အား ထို(ဘေးအန္တရာယ်)တို့မှလည်းကောင်း၊ (အခြားအခြားသော) ဘေးအန္တရာယ်တိုင်းမှလည်းကောင်း၊ (စိတ်ဒုက္ခအပေါင်းမှလည်ေးကာင်း၊) လွတ်မြောက်စေတော်မူ၏။ ထို(သို့ လွတ်မြောက်စေတော်မူပြီး) နောက်၌လည်းအသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်(ယှဉ်တွဲ၍) ကိုးကွယ်ကြကုန်သတည်း။

[65] (အို-နဗီတမန်တော်)အသင်သည်(ဤသို့ လည်း)ပြောကြားပါလေ။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်သို့အသင်တို့၏အထက်မှဖြစ်စေ၊ အသင်တို့၏ခြေထောက်များအောက်မှဖြစ်စေ၊ အပြစ်ဒဏ်(တစ်စုံတစ်ရာ)တို့ သက်ရောက်စေခြင်းကိုသော်လည်းကောင်း၊ အသင်တို့အား အသင်းအဖွဲ့များကွဲပြားစေပြီး အချင်းချင်းတိုက်ခိုက်စေလျက် အသင်တို့ အနက်အချို့၏(တိုက်ခိုက်မှု)အရသာကို မြည်းစမ်းခြင်းကို သော်လည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။(အို-နဗီတမန်တော်) ငါအရှင်မြတ်သည်(တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပုံ အမျိုးမျိုးအဖုံဖုံ ပြောင်းလွှဲပြသ တော်မူသည်ကို အသင်ရှုပါလေ၊သို့မှသာလျှင် ထိုသူများသည် နားလည်ကြပေမည်။

[66] သို့ရာတွင် (အို-နဗီတမန်တော်) ထိုအရာကိုအသင်၏အမျိုးသားများက မဟုတ်မမှန်ဟုငြင်းပယ် ခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း(အပြစ်ဒဏ်)သည် အမှန်ပင်(သက်ရောက်မည်သာ)တည်း။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား) ငါသည် အသင်တို့အပေါ် ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပါ ဟု ပြောကြားပါလေ။

[67] အကြောင်းကြားချက်၊ မှာကြားချက်သတင်းတိုင်း(ဖြစ်ပျက်ရန်) အတွက် ကန့်သတ်ထားသော အချိန်တစ်ချိန်ရှိ၏။ စင်စစ် အသင်တို့သည် မကြာမီအတွင်း သိရှိကြမည်။

[68] ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ကဲ့ရဲ့ပြစ်တင်သော သူတို့ကို အသင်တွေ့မြင်သောအခါ ၎င်းတို့သည် အခြားအကြောင်းအရာများ၌ စိတ်ဝင်စားသွားကြသည်အထိ အသင်သည် ၎င်းတို့၏ထံ (ထိုင်ခြင်း)မှ လွှဲရှောင်နေပါလေ။ ၎င်းပြင် အကယ်၍ ရှိုင်တွာန်သည် အသင့်အား မေ့လျော့စေခဲ့သော် ပြန်လည်သတိရရှိပြီးနောက်တွင်မူ အသင်သည် မတော်မတရားပြုမူသော သူတို့နှင့်အတူ မထိုင်ပါလေနှင့်။

[69] ၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။

[70] ၎င်းပြင် အသင်သည် အကြင်သူများကို စွန့်လွှတ်ထားပါလေ။ ထိုသူများသည် မိမိတို့၏ ‘ဒီန်’သာသနာကိုကစားခုန်စားစရာ၊ ပျော်ရွှင်မြူးထူးစရာ ပြုလုပ်ထားကြ၏။၎င်းပြင် ထိုသူတို့ကို ဤပစ္စုပ္ပန် လောကီဘဝသည် လှည့်ဖြားထား၏။ သို့ရာတွင် တဦးတယောက်သောသူသည် မိမိအပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို မခံရလေအောင် အသင်သည်(၎င်းတို့အား) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ဖြင့် ဆုံးမလျက်လည်းရှိပါလေ။ (ယင်းသို့ဖြစ်လျှင်) ထိုသူတို့၏အဖို့မှာ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ဆောင်ရွက်ပေးမည့် သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာမှုရရှိစေရန်) ကြားဝင်အသနား ခံပေးမည့်သူ ဟူ၍လည်းကောင်း၊ (မည်သူတစ်ဦးတစ်ယောက်မျှ) ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ထိုသူသည် အားလုံးသောအစားထိုးခြင်းကို အစားထိုးငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ထံမှ လက်ခံခြင်းရှိလိမ့်မည် မဟုတ်ချေ။ (မိမိတို့ဘာသာ သာသနာကို ကစားဖွယ်ဖွယ်ရ ပျော်ရွင်မြူးထူးဖွယရာ ပြုလုပ်ထားသော) ဤသူများပင်လျှင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့၏အပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို ခံကြရလေပြီ။ ၎င်းတို့အဖို့၎င်းတို့သွေဖည်ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သောက်ရန် အလွန်ပူလောင်သောရေနှင့် အလွန် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။(ရကူ)

[71] (အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။

[72] ထိုမှတစ်ပါး (ငါတို့သည် အမိန့်ပေးတော်မူခြင်းကို ခံကြရသည်မှာ) အသင်တို့သည် စွဲမြဲစွာဆွလာတ် ဝတ်ပြုကြလေကုန်။ ၎င်းပြင် အသင်တို့ သည် ထိုအရှင်မြတ်အားကြောက်ရွံ့ကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည်ထိုအရှင်မြတ် ထံတော်သို့သာလျှင် စုရုံးကြရမည်။

[73] ၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။

[74] ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ပြန်လည်ပြောကြားပါလေ) တစ်ရံရောအခါ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အာဇရ်အား(ဤသို့)ပြောကြားခဲ့လေသည်။ အသင်သည် ရုပ်ပွားဆင်းတုများကိုကိုးကွယ်ရာ ဘုရားများပြုလုပ်ပါသလော။ ဧကန်စင်စစ်အကျွန်ုပ်သည် အသင်နှင့်တကွ အသင်၏အမျိုးသားတို့ကိုပါအလွန်ထင်ရှားသော လမ်းမှားခြင်း၌ (ရောက်ရှိနေကြသည်ကို)တွေ့မြင်ရပါသည်။တနည်း။၎င်းပြင် (အကြင်အချိန်အခါကို ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါ တမန်တော်အစ်ဗ်ရာဟီမ် (အလိုင်အစ္စလာမ်)က မိမိ၏ဖခင် အာဇရ် အား ပြောကြားခဲ့သည်မှာ(အို-ဖခင်)ဖခင်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာဘုရားများပြုလုပ် ထားပါသလော။ မုချဧကန် အကျွန်ုပ်သည် ဖခင်အားလည်းကောင်း၊ ဖခင်၏အမျိုးသားများအားလည်းကောင်း၊ထင်ရှားသော လမ်းမှားခြင်း၌ (သက်ရောက်နေကြသည်ကို)တွေ့မြင်နေပါသည်ဟု ပြောကြားခဲ့၏။

[75] ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။

[76] သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။

[77] တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။

[78] ဂ။ တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) သူရိယနေကို ထွန်းလင်းတောက်ပစွာ မြင်လေပြန်သောအခါ (အသင်တို့၏ထင်မြင်ယူဆချက်အရ) ဤသည်သာလျှင် ငါ့အား ဖန်ဆင်းတော်မူသောအရှင် ဤသည်သာလျှင် အကြီးဆုံးဖြစ်သည်ဟု ပြောဆိုခဲ့ပြန်၏။ သို့ရာတွင် ထိုသူရိယနေသည်လည်းကွယ်ပျောက်သွားသောအခါ (တမန်တော် အစ်ဗ်ရဟီမ်က) အိုငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်လျက်ရှိကြသောအရာများမှ လုံးဝလွတ်ကင်းသည်ဟုပြောကြားခဲ့လေသည်။

[79] ဧကန်စင်စစ် ငါသည် မိမိမျက်နှာကို မိုးများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်မြတ်ဖက်သို့သာလျှင်အာရုံစူးစိုက်လျက် လှည့်ခဲ့လေပြီ။ စင်စစ်သော်ကား ငါသည်(တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သော သူတို့အနက်မှာ မဟုတ်ပြီ။(တစ်နည်း။)မုချဧကန် ကျွန်ုပ်သည် (အခြားသောလမ်းစဉ်များကိုစွန့်လွှတ်၍) တစ်စိတ်တစ်လတ်တည်း ဖြောင့်မတ်တည်ကြည်သူအဖြစ်ဖြင့် မိမိမျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော အရှင်မြတ်ဖက်သို့လှည့်ပါပြီ။ ၎င်းပြင် ကျွန်ုပ်သည် မုရှ်ရစ်က်များတွင် အပါအဝင်မဟုတ်ပါ။

[80] ၎င်းနောက် ထို(တမန်တော် အစ်ဗ်ရာဟီမ်)၏အမျိုးသားများသည် ထို(တမန်တော် အစ်ဗ်ရာဟီမ်)နှင့် အငြင်းအခုံ ပြုကြလေသည်။ ထိုအခါ (တမန်တော် အစ်ဗ်ရာဟီမ်)ကအသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ပင် ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသလော။ အမှန်မှာ ထိုအရှင်မြတ်သည်ငါ့အား တရားလမ်းမှန်ကို ပြတော်မူပြီးဖြစ်သည်။ ၎င်းပြင်ငါသည် အသင်တို့ ယှဉ်တွဲကိုးကွယ် ကြသောအရာများကိုမကြောက်ပေ။ သို့ရာတွင် ငါ၏အရှင်သည်ပင် တစ်စုံတစ်ရာကို အလိုရှိတော်မူပါသော် (ဖြစ်နိုင်၏။) ငါ၏အရှင်သည် အရာခပ်သိမ်းတို့ကို အသိပညာအားဖြင့် ဝန်းခြုံလျက်ရှိ တော်မူသည်။သို့ပါလျက် အသင်တို့သည် သတိမမူ ကြပါလော။

[81] ကျွန်ုပ်သည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ်ကြောင့်ကြောက်ရမည်နည်း။ အမှန်စင်စစ်အားဖြင့် အသင်တို့သည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ကြ၏။ ၎င်းအရာများနှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် အသင်တို့ထံ မည်သည့်သက်သေသာဓကကိုမျှ ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။(ဤသို့ပြုလုပ်ကြသည်ကိုပင်) အသင်တို့ မကြောက် မရွံ့ကြပေ။သို့ဖြစ်ရာ (အုပ်စုနှစ်စု)အနက် မည်သည့်အုပ်စုသည် ဘေးရန်ကင်းငြိမ်းခြင်းကို ပိုမို၍ ထိုက်သနည်း။ အကယ်၍ အသင်တို့သိကြပါလျှင် (ပြောကြလေကုန်)။(တစ်နည်း)၎င်းပြင် ငါသည် အသင်တို့တွဲဖက်ကိုး ကွယ်ကြသည်များကို အသို့လျှင် ကြောက်ရွံ့ရပါမည်နည်း။ အမှန်စင်စစ်မူကား အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ် အရှင်မြတ်က သက်သေသာဓက တစ်စုံတစ်ရာမျှပင် အလျင်း ချပေးသနားတော်မူခြင်းမပြုခဲ့သော အရာများကို ထိုအရှင် မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်နေကြသည် အမှန်ဖြစ်ပါလျက် နှင့်ပင်ကြောက်ရွံ့ စိုးရိမ်ကြသည် မရှိချေ။ သို့ဖြစ်ပေရာ အုပ်စုနှစ်စုက် မည်သည့်အုပ်စုကား ဘေးရန်ကင်း ငြိမ်းခြင်းနှင့် ပိုမို၍ထိုက်သည်ကို အသင်တို့သည် အကယ်၍ သိရှိကြပါလျှင်(ပြော၍ပြကြလေကုန်)။

[82] အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ)

[83] ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။

[84] ၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။

[85] ထို့ပြင်တဝ (ငါအရှင်မြတ်သည်)(တမန်တော်)ဇကရီယာ၊ (တမန်တော်)ယဟ်ယာ၊ (တမန်တော်)အီစာနှင့်(တမန်တော်)အစ်လ်ယာစ်၊ တို့အား(လည်း တရားလမ်းမှန်သို့ပို့ဆောင်တော်မူခဲ့၏။ ထိုနဗီတမန်တော်) အသီးသီးတို့သည်သူတော်စင်တို့ အနက်မှပင် ဖြစ်ကြကုန်သတည်း။

[86] ထိုနည်းတူစွာ(ငါအရှင်မြတ်သည်တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အလ်ယစအ်၊ (တမန်တော်)ယူနွတ်စ်နှင့်(တမန်တော်)လူတွ်တို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။) ၎င်းပြင် ငါအရှင်မြတ်သည် (ထိုနဗီတမန် တော်)အသီးသီးတို့အား စကြာဝဠာ အပေါင်းတို့ အပေါ်ဝယ်ဂုဏ်ထူးဝိသေသ) ခြီးမြှင့်တော်မူခဲ့လေသတည်း။

[87] ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီတမန်တော်)တို့၏ အဖ၊ ဘေးတို့အနက် အချို့ကိုလည်းကောင်း၊ယင်းတို့၏သား၊ မြေး၊ တို့အနက် အချို့ကိုလည်းကောင်း၊ ယင်းတို့၏ ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကိုလည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ ခဲ့လေသည်)။ စင်စစ်သော်ကားငါအရှင်မြတ်သည် ယင်းသူတို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ညွှန်ကြား ပြသတော်မူခဲ့လေသတည်း။

[88] ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။

[89] (အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ ဉာဏ်ပညာရပ်တို့ကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ်ကုလည်းကောင်း၊ ခြီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည်ဤသည်တို့ကို ငြင်းပယ်ကြပါမူ မုချစင်စစ် ငါအရှင်မြတ်သည်ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည် သည့်အခါမျှ ငြင်းပယ်ကြမည့်သူများမဟုတ်ပေ။

[90] ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြာဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ)

[91] စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။

[92] ၎င်းပြင် ဤ(ကုရ်အာန်ကျမ်းဂန်)သည် အကြင်သို့သော ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်ကို ငါ အရှင်မြတ်သည် ချပေးတော်မူခဲ့သည်။ ဗရကတ် မင်္ဂလာ နှင့်ပြည့်စုံ(သောကျမ်းဂန်ဖြစ်)သည်။ ၎င်းထက်အလျင် ရှိခဲ့သောကျမ်းဂန်များကိုလည်း အလ္လာဟ်အရှင်မြတ်အထံတော်မှထုတ်ပြန်တော်မူ သောကျမ်းဂန်များဖြစ်ကြောင်း) အတည်ပြုသော ကျမ်းဂန်လည်းဖြစ်သည်။ ၎င်းပြင် အသင်သည်(ထိုကျမ်းဂန်ဖြင့်) မက္ကာမြို့တော်(သားများ)ကိုလည်းကောင်း၊ထိုမြို့တော်၏ ပတ်ဝန်းကျင်၌ ရှိသောသူများကို လည်းကောင်း၊သတိပေးရန်ဖြစ်သည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝကို ယုံကြည်သောသူများသည် ဤ(ကုရ်အာန်ကျမ်းဂန်)ကိုလည်း ယုံကြည်ကြသည်သာဖြစ်သည်။ ၎င်းပြင် ထိုသူများသည် မိမိတို့၏ဆွလာတ်ဝတ်ပြုမှုကိုလည်း စွဲမြဲစွာစောင့်ထိန်းကြသည်သာ ဖြစ်သည်။

[93] အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ် ထိုသူသည် မိမိအပေါ်၌ဝဟ်ယ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်သည်ဟု ပြောဆိုလေသည်။ အမှန်မှာကား ၎င်း၏အပေါ်ဝယ် မည်သည့်အမိန့်တော် တစ်စုံတစ်ရာမျှကျရောက်သည်မရှိချေ။ထိုနည်းတူစွာ (အကြင်သူထက် ပိုမို၍ မတရားသောသူကားမည်သူရှိအံ့နည်း၊) ထိုသူက အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူဘိသကဲ့ သို့ပင် ကျွန်ုပ်သည်လည်း မကြာမီ (ထိုကဲ့သို့သော မုက္ခပါဋ္ဌ်တော်များကို) ချပေးအံ့ဟု ပြောဆိုလေ၏။အကယ်၍သာ အသင်သည် အကြင်အခါ၌ တွေ့မြင်ရပါမူကောင်းလေစွ၊ ထိုအခါဝယ် (ယင်း) မတရားပြုမူသော သူတို့သည် မရဏ သေခြင်း တရား၏ပြင်းထန်မှု၊ (ဒုက္ခများ)တို့၌ကျရောက် လျက်ရှိကြကုန်အံ့၊ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်များသည် မိမိတို့၏လက်များကို(၎င်းတို့ဖက်သို့)ကမ်းလျက် (အသင်တို့သည် မိမိတို့၏ အသက်ဇီဝိန်များကို (အလျင်အမြန်)ထုတ်(၍ပေး)ကြလေကုန်။ ယနေ့မူကား အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မမှန်ကန်သောစကားကို ကြံဖန်လီဆယ်၍ ပြောဆိုကြသောကြောင့်၎င်း၊ ထိုအရှင် မြတ်၏သက်သေလက္ခဏာများကို မထီမဲ့မြင် ပြုပြင်ကြသောကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့၊ (ဟုပြောဆိုကြကုန်အံ့၊)

[94] ၎င်းပြင် (အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ)(ယခုမူကား) အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပထမမူလက ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်းတော်မူသည့် အတိုင်းပင် တစ်ယောက်စီ၊ တစ်ယောက်စီ လာကြလေပြီ။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (ဥစ္စာပစ္စည်း)များကိုလည်း မိမိတို့နောက်တွင် စွန့်ထားခဲ့ကြလေပြီ။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့နှင့် အတူတကွ အသင်တို့အားကြားဝင်အသနားခံပေးမည့် အကြင်သူများကိုလည်း တွေ့မြင်တော်မမူ။ အသင်တို့သည် မိမိတို့၏အရေးကိစ္စများတွင် ထိုသူများသည် (ငါအရှင်မြတ်၏) အပေါင်းအဖက်များ ဖြစ်သည်ဟူ၍ ထင်မြင်ယူဆခဲ့ကြလေသည်။ (ယခုမူကား) အသင်တို့(အချင်းချင်း)၏ စပ်ကြားဝယ် အဆက်ပြတ်သွားချေပြီ၊ ၎င်းပြင်အသင်တို့၏ ထင်မြင်ယူဆချက်သည်လည်း အသင်တို့ထံမှပျောက်ကွယ်သွားချေပြီ။ (သို့ဖြစ်ပေရာ ယခုမူကား အပြစ်ဒဏ်ကို အပြည့်ခံကြရတော့ပေမည်)။ (ရကူ)

[95] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။

[96] (ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။

[97] ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။

[98] ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်တည်း။ ထိုအရှင်မြတ်သည် အသင်(လူသား)တို့အားလူတစ်ဦးတယောက်တည်းမှ ဖြစ်ပွားစေတော်မူခဲ့လေသည်။တဖန်(အသင်တို့အဖို့) ကြာရှည်နေကြရန် နေရာတစ်ခု (မိခင်တို့၏သားအိမ်)လည်းရှိ၏။ ၎င်းပြင် ခေတ္တနေကြရန် နေရာတစ်ခု (သင်တို့၏ကျောက်ကုန်း)လည်းရှိ၏။ အမှန်စင်စစ်ငါအရှင်မြတ်သည် အသိဉာဏ် ရှိသောသူတို့အဖို့ (မိမိ)သက်သေသာဓကများကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီးဖြစ်လေသည်။

[99] ၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင် မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် မိုးကောင်ကင်မှ (မိုး)ရေကိုရွာသွန်းချတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည်ထိုရေဖြင့် ကောက်ပဲသီးနှံအညှောင့်အတက် မျိုးစုံတို့ကို ထွက်စေတော်မူခဲ့လေသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုအညှောင့်အတက်မှ စိမ်းစိုသော အကိုင်းအလက်ကို ထွက်စေတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကိုင်းအလက်မှ အထပ်ထပ်ပြွတ်လျက်ရှိသော အစေ့၊ အဆန်တို့ကို ထွက်စေတော်မူ၏။ထို့ပြင် စွန်ပလွံပင်များမှ(ဝါ)၎င်း၏အဖူး ဝတ်ဆံများမှ တွဲလဲကျနေသောအခိုင်များ (ထွက်လေ၏။) ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စပျစ်ခြံများကိုလည်းကောင်း၊ သံလွင်သီး၊ သလဲသီးများကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အချို့မှာအချင်းချင်းတူ၏။ အချို့မှာမတူချေ။ အသင်တို့သည်ထိုအသီးများသီးချိန်၌လည်းကောင်း၊ မှည့်ခြင်းများကို ကြည့်ရှုကြလေကုန်။ ဧကန်စင်စစ် ဤသည်တို့၌ သက်ဝင်ယုံကြည်(လို)သောသူတို့အဖို့ သက်သေသာဓကများ ရှိကြကုန်သတည်း။

[100] သို့ပါလျက် ထိုသူများသည် ဂျင်န်(န်)သတ္တဝါများကို အလ္လာဟ်အရှင်မြတ်၏တွဲဖက်များ ပြုခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည်ပင်လျှင်ယင်း(မွတ်ရှ်ရစ်က်တို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ (ဂျင်န်များကဖန်ဆင်းထားသည်မဟုတ်၊) လည်းကောင်းပြင် ယင်းတို့သည် မသိနားမလည်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်၌သားသမီးများ ရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေ၏။ထိုအရှင်မြတ်သည် ၎င်းတို့စွပ်စွဲပြောဆိုကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း။(ရကူ)

[101] (ထိုအရှင်မြတ်သည်) မိုးများနှင့်ပထဝီမြေကိုစတင်ဖန်ဆင်းတီထွင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်၌ ကြင်ရာကြင်ဘက်မရှိဘဲလျက်အဘယ်မှာလျှင် ထိုအရှင်မြတ်၌ သားသမီးရှိနိုင်ပါအံ့နည်း။စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။

[102] (ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[103] (မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။

[104] (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။

[105] ၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။

[106] (အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။

[107] (အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။

[108] ၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။

[109] ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။)

[110] ၎င်းပြင် ထိုသူတို့ ပထမအကြိမ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံကြည်ခြင်း မရှိကြသကဲ့သို့ပင်၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့၏စိတ်နှလုံးများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ လှည့်ပေးတော်မူအံ့။ ထို့အပြင် ငါအရှင်မြတ်သည် 4င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူအံ့။(ရကူ-19)(တစ်နည်း။)၎င်းပြင် (ထိုသူများ မယုံကြည်ကြသည့်အတွက်) ငါအရှင်မြတ်သည်လည်း ထိုသူများ၏ စိတ်နှလုံးများကို (အမှန်တရားရှာဖွေရန် ဆန္ဒထားခြင်းမှ)လည်းကောင်း၊ထိုသူများ၏မျက်စိများကို (အမှန်တရားမြင်ခြင်းမှ)လည်းကောင်း၊ လှည့်ထားတော်မူမည်ဖြစ်သည်။ ယခု ထိုသူများ၏မယုံကြည်ခြင်းမှာ)ထိုသူများသည် ထို(ကုရ်အာန်ကျမ်းမြတ်) ကိုပထမအကြိမ် မယုံကြည်ကြသကဲ့သို့ပင်ဖြစ်သည်။ (အထူးအဆန်းမဟုတ်ပေ၊) ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူများအား၎င်းတို့၏ မောက်မာပလွှားမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူမည်။

[111] အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။

[112] ၎င်းပြင် ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် နဗီတမန်တော်အသီးသီးတို့၌ လူရှိုင်တွာန်များကလည်းကောင်း၊ဂျင်န်ရှိုင်တွာန်များကလည်းကောင်း၊ ပြုလုပ်ထားတော်မူ၏။ ထိုရှိုင်တွာန်များအနက် အချို့တို့သည် အချို့တို့(၏ စိတ်နှလုံးတွင်း)သို့ အပြင်ပန်းလှသော အရောင်တင်ထားသောစကားများကိုထည့်သွင်းလေ့ရှိကြ၏။ ၎င်းပြင် အကယ်၍သာ အသင့်အားမွေးမြူ တော်မူသောအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုရှိုင်တွာန်များသည် ထိုသို့ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာအသင်သည် ထိုသူများကိုလည်းကောင်း၊ ထိုသူတို့ လိမ်လည်ပြောဆိုကြသည့် အရာကိုလည်းကောင်း၊ စွန့်ပယ်ထားပါလေ။

[113] ၎င်းပြင် (ယင်းသူတို့သည် အချင်းချင်း တစ်ဦးထံတဦး အပြင်ပန်းလှသော စကားများကို ပို့လေ့ရှိကြသည်မှာ’အာခိရတ်’ နောင်တမလွန်ဘဝကို မယုံကြည် သောသူတို့၏စိတ်နှလုံးများသည် ထို(အပြင်ပန်း လှသောစကားများ)ဘက်သို့ယိမ်းယိုင် ကိုင်းညွတ်ရန်အလို့ငှာ၎င်း၊ ထိုစကားများကိုနှစ်သက်ကြရန် အလို့ငှာလည်းကောင်း၊ ထိုသူတို့သည် (ယခု)ပြုလုပ်လျက်ရှိသည်များကို ပြုလုပ်မြဲ ပြုလုပ်ကြရန်လည်းကောင်း၊ဖြစ်ချေသတည်း။

[114] (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။

[115] ၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။

[116] စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှအပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။

[117] စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။

[118] သို့ဖြစ်ပေရာ အသင်တို့သည်အကြင် (တိရစ္ဆာန်)ကို စားသုံးကြလေကုန်။ ထို(တိရစ္ဆာန်) ၏အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်သည်၊ တသ (၍လှီးဖြတ်) ပြီးဖြစ်လေသည်။ အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်များကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်။

[119] ၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။

[120] အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။

[121] ၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ)

[122] အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။

[123] ၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။

[124] ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်ဒဏ်တို့ကို ခံစားကြရလတ္တံ့။

[125] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှန်သို့ ပို့ဆောင်တော်မူရန် ရည်စူး တော်မူပါလျှင်၊ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အစ္စလာမ်သာသနာတော်(ကိုယုံကြည်လက်ခံလာနိုင်ရန်)အလို့ငှာ ပွင့်လင်း ကျယ်ဝန်းစေတော်မူအံ့။ သို့ရာတွင် ထိုအရှင်မြတ်သည်အကြင်သူအား လမ်းမှား၌ပင်ထားရှိရန် ရည်စူးတော်မူပါလျှင်ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အလွန့်အလွန် ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့တက်ရဘိသကဲ့သို့ ဖြစ်နေအံ့။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်ခြင်းကင်းမဲ့သောသူတို့အပေါ်၌ [အညစ်အကြေးများကို ပြုလုပ် ထားတော်မူလေသတည်း။]

[126] အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။

[127] ထို(တရားရယူသော)သူတို့အဖို့၊ ၎င်းတို့၏ အရှင်မြတ်အထံတော်၌ ချမ်းမြေ့သာယာသော (ဂျန္နတ်အမတသုခ)ဘုံသည် အဆင်သင့်ရှိချေသည်။ ၎င်းပြင် ထိုသူတို့၏ (မွန်မြတ်သော) အပြုအမူတို့ကြောင့် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့၏ အဆွေခင်ပွန်း ဖြစ်တော်မူပေသတည်း။

[128] ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည် လူသတ္တဝါအပေါင်းတို့အား (လမ်းမှားသို့သွေးဆောင် ခြင်းကို) များစွာ ပြုလုပ်ခဲ့ကြကုန်၏။ ထို့နောက်လူသားတို့အနက်မှ ထိုဂျင်(န်)သတ္တဝါတို့၏ မိတ်ဆွေများကလျှောက်ထားကြမည်မှာ အို-ကျွန်တော်မျိုးတို့၏အရှင်၊ ကျွန်တော်မျိုးတို့အနက် အချို့သည်၊ အချို့ထံမှ အကျိုးခံစားခဲ့ကြပါသည်။ ၎င်းနောက် ကျွန်တော်မျိုးတို့သည် မိမိတို့အတွက်အရှင်မြတ် သတ်မှတ်ပိုင်းခြား ထားတော်မူသော အချိန်ကာလ(ဝါ)ကိယာမတ်နေ့သို့ ဆိုက်ရောက်ခဲ့ကြပါပြီ ဟု လျှောက်ထားကြလတ္တံ့။ (ထိုရောကာလ အလ္လာဟ်အရှင်မြတ်သည် ဤသို့)မိန့်ကြားတော်မူအံ့။ အို-မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ဂျင်(န်)နှင့် လူအပေါင်းတို့) ဂျဟန္နမ်ငရဲဘုံသည်သာလျှင်အသင်တို့ ၏နေရာဌာနဖြစ်သည်။ (အသင်တို့သည်) ထို(ဂျဟန္နမ် ငရဲဘုံ၌ပင် ထာဝစဉ်နေထိုင်ကြရလတ္တံ့။ သို့ရာတွင်အလ္လာဟ်အရှင်မြတ် (ထိုငရဲဘုံးမှထုတ်ရန်) အလိုတော်ရှိတော်မူပါလျှင် (ပြဿနာတစ်ခြားဖြစ်ပေမည်)။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူ တော်မူသော အရှင်မြတ်သည်မုချစင်စစ် ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊အရာခပ်သိမ်းတို့ကို၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[129] ၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစိုး စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊)

[130] အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။

[131] ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။

[132] စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။

[133] စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။

[134] ဧကန်စင်စစ် အသင်တို့အား ကတိထားရှိပြီးဖြစ်သော [ကိယာမတ် (ခေါ်)ရှင်ပြန်ထရမည့်နေ့နှင့် ပြစ်ဒဏ်တို့သည်] မလွဲဧကန် ဆိုက်ရောက်မည်သာဖြစ်၏။ ၎င်းပြင်အသင်တို့သည်(မိမိတို့၏ပရိယာယ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ထိုသို့)မစွမ်းဆောင်နိုင်ရန် တားဆီးနိုင်ကြသူများလည်းမဟုတ်ကြပေ။

[135] (အို-နဗီတမန်တော်) အသင်တို့သည် (ထိုကာဖိရ်တို့အားဤသို့)ပြောကြားပါလေ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့နည်းအတိုင်းသာ ပြုလုပ်ကြလေကုန်။ ငါသည်လည်း (မိမိနည်းလမ်းအတိုင်းပင်) ပြုလုပ်လျက်ရှိချေပြီ။ နောက်ဆုံး စိတ်ချမ်းသာမှုသည် မည်သူတို့အဖို့ဖြစ်သည်ကို မကြာမြင့်မီ အသင်တို့သိရှိ ကြရလတ္တံ့။ ဧကန်မုချမတရားပြုကျင့်သော သူတို့သည် အလျင်းအောင်မြင်ကြလိမ့်မည်မဟုတ်ချေ။

[136] ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။

[137] ၎င်းပြင် ထိုနည်းအတိုင်းပင်၊ မုရှ်ရစ်က်တို့အနက် များစွာသောသူတို့၏ အမြင်၌ ၎င်းတို့၏ ကိုးကွယ်ရာ(ရှိုင်တွာန်)များက၊ ၎င်းတို့ကို ဖျက်ဆီးကြရန်အတွက်လည်းကောင်း၊ ၎င်းတို့အပေါ်၌ ၎င်းတို့၏ ဘာသာကို ရှုပ်ထွေးစေကြရန်အတွက်လည်းကောင်း၊ ၎င်းတို့၏သားသမီးများအားသတ်ဖြတ်ခြင်းကို တင့်တယ်အောင် ပြုလုပ်ထားခဲ့ကြသည်။၎င်းပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ယင်းကဲ့သို့ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရှိရာ အသင်သည် ထိုသူများကိုလည်းကောင်း၊ထိုသူတို့ လုပ်ကြံလိမ်ညာ ပြောဆိုသောစကားများကိုလည်းကောင်း၊ စွန့်လွှတ်ထားပါလေ။

[138] ၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။

[139] ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်နှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[140] အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)

[141] ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။

[142] ၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။

[143] (အသင်တို့သည် မိမိတို့၏ စိတ်ထင်ရာ အတိုင်းစားသုံးပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ထင်မြင်ယူဆပြောဆိုလျက်ရှိကြသော အခြေလေးချောင်းတိရစ္ဆာန်တို့အနက် ထိုအရှင်မြတ်သည် အထီးအမ)ရှစ်ကောင်ကို (ဖန်ဆင်းတော်မူခဲ့လေသည်။) သိုးများအနက်အထီးအမ နှစ်ကောင၊် ထိုနည်းတူ ဆိတ်များအနက် အထီးအမနှစ်ကောင်၊(ဖန်ဆင်းတော်မူလေ၏။အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည် အထီးနှစ်ကောင်ကို ဟရာမ်ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမနှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ အကယ်၍အသင်တို့သည် မှန်ကန်စွာပြောဆို သူများဖြစ်ကြပါလျှင်၊ ငါ့အား သက်သေသာဓက၊ အထောက်အထားနှင့်တကွ တင်ပြကြလေကုန်။

[144] ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်များအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို ဟရာမ် ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ)

[145] (အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။

[146] စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။

[147] ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။

[148] အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။

[149] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကသည်သာလျှင် (တိကျ)ပြည့်စုံလုံလောက်သောသာဓကပင်ဖြစ်၏။ သိုြ့ဖစ်ပေရာ အကယ်၍သာထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့ အားလုံးကိုလမ်းမှန်သို့ ဧကန်မုချ ပို့ဆောင်တော် မူခဲ့ပြီးဖြစ်အံ့။

[150] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ(များ)ကို ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသည်ဟု သက်သေခံကြမည့် အသင်တို့၏သက်သေများကို ခေါ်ယူခဲ့ကြလေကုန်ဟုပြောဆိုပါလေ။ အကယ်၍ ၎င်း(သက်သေ)တို့သည် (မုသား)သက်သေခံကြသည့်တိုင်အောင် အသင်သည် ၎င်းတို့နှင့်အတူသက်သေမခံပါလေနှင့်။ ၎င်းပြင် အသင်သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ပါလေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်များကို မဟုတ်မမှန် ဟုပြောဆိုကြသည်။၎င်းပြင် နောင်တမလွန်ဘဝကိုပင် မယုံကြည်ကြသည့်ပြင် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်နှင့်တန်းတူထား၍(အခြားအရာများကိုလည်း) ကိုးကွယ်ကြသူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်ပါလေနှင့်။(ရကူ)

[151] (အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။

[152] ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။

[153] ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။

[154] တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။

[155] စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။

[156] အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။)

[157] သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။

[158] ယင်းသူတို့သည် မိမိတို့ထံ မလာအိကဟ်ကောင်းကင်စေတမန်များ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ အသင့်အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ်ကိုယ်တိုင် ကြွရောက်လာတော်မူသည် ကိုသော်လည်းကောင်း၊ အသင့်အားမွေးမြူတော်မူသော (အလ္လာဟ်)အရှင်မြတ်၏အကြီးအကျယ် လက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ စောင့်ဆိုင်း၍ နေကြသလော။(အမှန်စင်စစ်သော်ကား) အသင့်အား မွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော် ရောက်ရှိလာသောနေ့တွင်၊ ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အသင်တို့သည် စောင့်ဆိုင်း၍နေကြလေကုန်။ ငါတို့သည်(လည်းအသင်တို့နှင့်အတူ) စောင့်ဆိုင်းလျက်ပင် ရှိပါသည် ဟုပြောကြားပါလေ။

[159] စင်စစ်ဧကန် အကြင်သူတို့သည် မိမိတို့၏ သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။ ၎င်းနောက် ထိုသူများသည်ဂိုဏ်းဂဏ အသီးသီးကွဲခဲ့ကြ၏။ အသင်သည် ထိုသူတို့နှင့်မည်သို့မျှ မပတ်သက်ပေ။ မုချဧကန် ၎င်းတို့၏ကိစ္စသည်အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်ပြီးဖြစ်ချေသည်။ထိုနောက် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့အား၊ ၎င်းတို့ပြုမူခဲ့သည်တို့ကို သိစေတော်မူပေမည်။

[160] မည်သူမဆို ကောင်းမှုကို ယူဆောင်ခဲ့အံ့။ ထိုသူသည်(အနည်းဆုံး)ယင်းကောင်းမှု၏ ဆယ်ဆကိုရရှိပေအံ့။ ၎င်းပြင် မည်သူမဆို မကောင်းမှုဒုစရိုက်ကို ယူဆောင်ခဲ့အံ့။ ထိုသူသည် ယင်းမကောင်းမှုနှင့် ထပ်တူထပ်မျှသာ အစားပေးခြင်းခံရ လတ္တံ့။ (အပြစ်ရှိသည်ထက် ပို၍ခံရမည်မဟုတ်)။၎င်းပြင် ထိုသူတို့သည် မတရားနှိပ်စက်ခြင်းကိုခံကြရမည်မဟုတ်ပေ။

[161] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။

[162] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။

[163] ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။

[164] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။

[165] ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားပထဝီမြေပြင်၌ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့် တော်မူခဲ့လေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားမိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့်စပ်လျဉ်း၍စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အဆင့်အတန်းအားဖြင့် အချို့ထက် မြင့်စေတော်မူခဲ့၏။ ဧကန်စင်စစ်အသင့်အား မွေးမြူတော်မူ သောအရှင်မြတ်သည် လျှင်မြန်စွာပြစ်ဒဏ်ပေး တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။၎င်းပြင် ထိုအရှင်မြတ်သည် အလွန်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။(ရကူ)

အမြင့်များ

Surah 7

[1] အလစ်ဖ်၊ လာမ်၊ မီမ်၊ ဆွားဒ်။

[2] (ဤသည်) အသင့်ထံ ထုတ်ပြန်ခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ (ဤကျန်းဂန်သည်) အသင်သည် ထိုကျမ်းဂန်ဖြင့် သတိပေးနှိုးဆော်ရန်အလို့ငှာဖြစ်သည်။ သို့ဖြစ်ပေရာအသင်၏စိတ်တွင်းဝယ် မည်သို့မျှကျဉ်းကျပ်မှု မဖြစ်ရာချေ။၎င်းပြင် (ဤကျမ်းဂန်သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ ဆုံးမဩဝါဒလည်း ဖြစ်ချေသတည်း။

[3] အသင်တို့သည် မိမိတို့၏ အရှင်မြတ်အထံတော်မှ မိမိတို့ထံကျရောက်လာသော ဒေသနာတော်ကိုသာလိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားမိတ်ဆွေများ(၏ပြောစကားများ)ကို မလိုက်နာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် ဆုံးမဩဝါဒများ ကို အနည်းငယ်မျှသာလျှင် နာယူကြကုန်သတည်း။

[4] ငါအရှင်မြတ်သည် များစွာသော မြို့ရွာများကိုဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် ထိုမြို့သူမြို့သားရွာသူရွာသားတို့အပေါ်ဝယ်ညဉ့်အချိန်၌သော်လည်းကောင်း၊ ထိုသူတို့သည် နေ့လည်အချိန်တွင် အပန်းဖြေနေကြသောအခါ၌သော်လည်းကောင်း၊ ဆိုက်ရောက်ခဲ့လေသည်။

[5] သို့ဖြစ်ပေရာ ထိုသူတို့ထံ ငါအရှင်မြတ်၏ ပြစ်ဒဏ်ဆိုက်ရောက်လာသောအခါ ထိုသူတို့ကကျွန်ုပ်တို့သည်သာ လျှင်မတရား ကျူးလွန်သူများ ဖြစ်ကြပါသည် ဟု ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ ဆင်ခြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။

[6] ပြီးနောက် တဖန် ငါအရှင်မြတ်သည် တမန်တော်များ စေလွှတ်ခြင်းခံခဲ့ကြရသူတို့အား မုချစစ်ဆေး မေးမြန်းတော်မူအံ့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အားလည်း ဧကန်မလွဲ စစ်ဆေးမေးမြန်းတော်မူအံ့။

[7] ထို့နောက် ငါအရှင်သည် ၎င်းတို့ရှေ့ဝယ် (အလုံးစုံတို့ကို) အကြွင်းမဲ့ သိရှိတော်မူသည့်အတိုင်း(ပြန်လည်)မိန့်ကြားတော်မူအံ့။ အမှန်စင်စစ် သော်ကား ငါအရှင်မြတ်သည် မည်သည့်အခြေအနေ မည်သည့်အချိန်၌မျှ ပျောက်ကွယ်နေတော်မူသည် မဟုတ်ချေ။

[8] ၎င်းပြင် ထိုနေ့တွင် (ကုသိုလ်အကုသိုလ်များကို)ချိန်စက်မည်မှာ(လည်း)လုံးဝမှန်ကန်၏။ သို့ဖြစ်ပေရာ အကြင်သူ၏ အလေးချိန်သည် အချိန်စီးအံ့။ ထို(ကဲ့သို့သော) သူတို့သည်ပင်လျှင် အောင်မြင်သောသူများ ဖြစ်ကြလတ္တံ့။

[9] သို့ရာတွင်မူကား၊ အကြင်သူ၏ အလေးချိန်သည်အချိန်ပေါ့ပါးအံ့။ ထို(ကဲ့သို့သော)သူတို့ သည်သာလျှင်မိမိတို့ကိုယ်ကို (မိမိတို့ပင်) နစ်နာဆုံးရှုံးအောင် ပြုလုပ်ခဲ့သောသူများဖြစ်ကြ၏။ အကြောင်းမူကား ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာများနှင့် စပ်လျဉ်း၍ မတရား ပြုလုပ်ခဲ့သောကြောင့်ပင်တည်း။

[10] မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင်၌ တန်ခိုးအာဏာ ချီးမြှင့်ပေး သနားတော်မူခဲ့လေသည်။(တစ်နည်း)မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အားပထဝီမြေပြင် ဝယ်(အသင်တို့)နေထိုင်ရန် နေရာထိုင်ခင်း ချီးမြှင့်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အဖို့ ထိုပထဝီမြေ၌ ပရိယေသနအသက် မွေးဝမ်းကျောင်းပြုနိုင်ရန် အကြောင်းကိစ္စများကိုလည်း ပြုလုပ်၍ ပေးသနားတော်မူခဲ့လေသည်။ (သို့ရာတွင်) အသင်တို့မူကား အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြကုန်သတည်း။(ရကူ)

[11] မုချစင်စစ် ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် အသင်တို့၏ရုပ်သဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်တို့အားအာဒမ်ကို ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြား တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အစ်ဗ်လီးစ်မှတစ်ပါး မလာအိကဟ် ကောင်းကင်တမန်အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်း အစ်ဗ်လီးစ်မှာမူကားပျပ်ဝပ်ဦးချသူတို့အနက် အပါအဝင် မဖြစ်ခဲ့ချေ။

[12] (ထိုအခါ) အရှင်မြတ်က (ဟယ်-အစ်ဗ်လီးစ်)ငါအရှင်မြတ်သည် အသင့်အား အမိန့်ပေးတော်မူခဲ့သည့် အခါမည်သည့်အရာက အသင့်ကို ဦးမချရန် တားမြစ်ခဲ့ သနည်းဟု မေးမြန်းတော်မူခဲ့၏။ (ထိုအခါ) ယင်း အစ်ဗ် လီးစ်က(အို-အရှင်) ကျွန်တော်မျိုးသည် ထို(အာဒမ်)ထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား၊ မီးဖြင့်ဖန်ဆင်းတော်မူ၍၊ ၎င်းကိုမူကား ရွှံ့မြေဖြင့်ဖန်ဆင်း တော်မူပါသည် ဟု လျှောက်ထားခဲ့လေ၏။

[13] (ထိုရောကာလ) ထိုအရှင်မြတ်သည် (ယင်းအစ်ဗ်လီးစ်အား ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-ဣဗ်လီးစ်) သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နတ် အမတသုခဘုံ)မှ ဆင်းလော့။ အသင်သည် ဤ(ဂျန္နတ်အမတသုခဘုံ)၌မောက်မာပလွှား[တနည်း] ဂုဏ်ဟိတ်ထုတ်ရန် မထိုက်ပေ။ သို့ဖြစ်ပေရာ အသင်သည်(ဤမှ)ထွက်လော့။ မုချဧကန် အသင်သည် ဂုဏ်သိရ်သိမ်ဖျင်းသူတို့တွင် အပါအဝင် ဖြစ်ချေသည်။

[14] (ထိုအခါ) ယင်းအစ်ဗ်လီးစ်က အို-အရှင်အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြစ်ဒဏ်ပေး တော်မူခြင်းမှလည်းကောင်း၊ အသက်သေခြင်းမှလည်းကောင်း၊ သတ္တဝါအပေါင်းတို့ ရှင်ပြန်ထကြရမည့်နေ့အထိ ရွှေ့ဆိုင်းပေးတော်မူပါဟု လျှောက်ထားခဲ့လေ၏။

[15] (သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။

[16] (ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။

[17] ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။

[18] (ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]

[19] ၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။

[20] ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏စိတ်တွင်း၌၎င်းတို့မှ ဖုံးကွယ်လျက်ရှိသော ၎င်းတို့၏အရှက်ကို ၎င်းတို့၏ရှေ့ဝယ် ပေါ်လွင်စေရန်အကြံပေးလေ၏။ ထို့ပြင် (ဤသို့) ပြောဆိုခဲ့၏။ (အမှန်စင်စစ်)အသင်တို့၏အရှင်သည် အသင်တို့အား အသင်တို့နှစ်ဦးအပါးတော်စေတမန်များသော်လည်းကောင်း၊ ထာဝစဉ်အသက်ရှင်နေသူများသော်၎င်း၊ မဖြစ်နိုင်ကြရန်သာလျှင်ဤသစ်ပင်မှ တားမြစ်တော် မူခဲ့လေသည်။(တစ်နည်း)ထို့နောက် ရှိုင်တွာန်သည် ထိုနှစ်ဦးတို့ထံမှ ဖုံးကွယ်လျက်ရှိသော ထိုနှစ်ဦးတို့၏အရှက်ကို ပေါ် လွင်သွားစေရန် မကောင်းသောအကြံအစည်ကို ထိုနှစ်ဦးတို့(၏စိတ်)တွင်ဖြစ်ပေါ်စေ၏။ ၎င်းနောက် ထိုရှိုင်တွာန်က အသင်တို့နှစ်ဦးအား အသင်တို့နှစ်ဦး ၏အရှင်က ဤသစ်ပင်မှ တားမြစ်တော်မူခြင်းမှာ အသင်တို့နှစ်ဦး ကောင်းကင်တမန်များ(မ)ဖြစ်ကြရန်သို့မဟုတ် အသင်တို့နှစ်ဦး ထာဝစဉ် အသက်ရှင် နေသူများတွင်အပါအဝင် (မ)ဖြစ်ကြရန်အတွက်သာလျှင် ဖြစ်ချေသည်ဟုပြောဆိုလေ၏။

[21] ၎င်းပြင် ယင်း(ရှိုင်တွာန်မိစ္ဆာကောင်သည်) ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ရှေ့ဝယ် ဧကန်မလွဲ ကျွန်ုပ်သည်အသင်တို့နှစ်ဦး၏ ကောင်းရာကောင်း ကြောင်းကို လိုလားသူသာလျှင် ဖြစ်ပါသည် ဟု သစ္စာပြုကျိန်ဆိုလေ၏။

[22] အဆုံးတွင် ထိုရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်မာယာဖြင့် (တဖြည်းဖြည်း)ဆွဲဆောင်လေသည်။ ထို့နောက် ထို(ဇနီးမောင်နှံ)နှစ်ဦးတို့သည် ထိုသစ်ပင်(၏အသီးအနှံ)ကို မြည်းစမ်းကြလေသောအခါ ၎င်းတို့၏ဖုံးကွယ်လျက်ရှိသော အရှက်သည် ၎င်းတို့၏ရှေ့ဝယ် ပေါ်၍သွားလေတော့၏။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့ကိုယ်ကိုဂျန္နတ်အမတသုခဘုံမှ သစ်ရွက်(များ)ဖြင့် စတင်(တွယ်စပ်)ဖုံးအုပ်ခဲ့ကြလေသည်။ ထိုအခါ ထိုသူတို့၏အရှင်မြတ်သည်ထိုတို့အား (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ထိုသစ်ပင်မှတားမြစ် တော်မူခဲ့သည်မဟုတ်လော။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးစလုံးကို ဧကန်စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့နှစ်ဦး၏ ထင်ရှားသော ရန်သူပင်ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည် မဟုတ်လော။

[23] ထို(ဇနီးမောင်နှံ)နှစ်ဦးတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် (ဧကန်စင်စစ်)ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းမိခဲ့ကြပါပြီ။ နစ်နာ ဆုံးရှုံးအောင် ပြုလုပ်မိကြပါပြီ။ထို့ပြင် အကယ်၍သာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်းမပြုပါလျှင်၊ ၎င်းပြင် ကျွန်တော်မျိုးတို့အပေါ်ဝယ် သနားညှာတာတော်မူခြင်းမပြုပါလျှင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် နစ်နာ ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်ကြရပါတော့အံ့ ဟု လျှောက်ထားအသနားခံကြလေသည်။

[24] (ထိုအခါ အလ္လာဟ်)အရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူလေ၏။ အသင်တို့သည် (ဤ ဂျန္နတ်အမတသုခဘုံမှ) ဆင်းကြလေကုန်။ အသင်တို့အနက် အချို့သည်အချို့၏ရန်သူပင် ဖြစ်ကြပေလိမ့်မည်။ ၎င်းပြင် အသင်တို့အဖို့ပထဝီမြေ၌ (ငါအရှင်မြတ်) သတ်မှတ်တော်မူအပ်သော သက်တမ်းတိုင်အောင် နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်တို့သည်ရှိပေသတည်း။

[25] ထိုအရှင်မြတ်က အသင်တို့သည် ထိုပထဝီမြေ၌ အသက်ထင်ရှား နေထိုင်ကြရမည်။ ၎င်းပြင် ပထဝီမြေ၌ပင်သေကြရမည်။ ၎င်းပြင် (ရှင်ပြန်ထ မြောက်မည့်နေ့တွင်လည်း) ထိုပထဝီမြေမှပင် ထွက်ကြရမည်ဟု မိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)

[26] အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)ဝတ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိဩတ္တပ္ပတရားတည်းဟူသော ဝတ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။

[27] အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့်ဟောင်ဝါတို့)အား ၎င်းတို့နှစ်ဦးသည် ၎င်းတို့အရှက်ကို မြင်နိုင်စေရန်၎င်းတို့(၏ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ကျွတ်စေလျက် ဂျန္နတ်အမတသုခဘုံမှ ထွက်စေဘိသကဲ့သို့ (ယင်းရှိုင်တွာန် မိစ္ဆာကောင်သည်) အသင်တို့အားလည်း အလွဲသွေးဆောင် ဖြားယောင်းနိုင်ခွင့် မရှိစေရ။ စင်စစ်သော်ကား ယင်းရှိုင်တွာန်မိစ္ဆာကောင် ကိုယ်တိုင်သည်လည်းကောင်း၊ ယင်း၏မျိုးနွယ်တို့သည်လည်းကောင်း၊ အသင်တို့အား၊ အသင်တို့ ၎င်းတို့ကိုမမြင်နိုင်သောနည်းဖြင့် မြင်ကြကုန်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင်တို့ကို အီမာန်သက်ဝင် ယုံကြည်မှုမရှိကြသောသူတို့၏ အဆွေခင်ပွန်းများ ပြုလုပ်တော်မူခဲ့လေသတည်း။(တစ်နည်း)အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်သည် အသင်တို့၏မိဘနှစ်ပါးတို့အား ၎င်းတို့၏အရှက်ကို ၎င်းတို့အားပြသရန်အတွက် ၎င်းတို့ထံမှ ၎င်းတို့၏ဝတ်စားတန်ဆာကိုချွတ်ကာ ဂျန္နတ်မှထုတ်ခဲ့သကဲ့သို့ အသင်တို့အားသွေးဆောင်ဖြားယောင်းခွင့် မရရှိစေနှင့်။ ဧကန်မုချ ရှိုင်တွာန်နှင့် ၎င်း၏အုပ်စုသည် အသင်တို့အား ၎င်းတို့ကို အသင်တို့မမြင်နိုင်ကြသောနည်းဖြင့်မြင်ကြ၏။ ဧကန်မုချ ငါအရှင်မြတ်သည် ရှိုင်တွာန်များကိုအီမာန်ယုံကြည်မရှိကြသောသူများ၏ အဆွေခင်ပွန်းအဖြစ် လုပ်ထားတော်မူသည်။

[28] ၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သောကိစ္စများကို လီဆယ် ပြောဆိုကြသလော။

[29] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။

[30] ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။

[31] အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)

[32] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။

[33] (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။

[34] လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။

[35] အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပင် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သောရစူလ်တမန်တော်များ ရောက်လာခဲ့ကြသောအခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို)ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ချေ။

[36] သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ထို(ကဲ့သို့သော) သူတို့သာလျှင် ငရဲသားများဖြစ်ကြကုန်၏။၎င်းတို့သည် ငရဲ၌ပင် ထာဝစဉ် နေထိုင်ကြမည့်သူများ ဖြစ်ကြပေသည်။

[37] အကြင်သူထက် ပိုမို မတရားကျူးလွန် သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုကြံဖန်လီဆယ်၍စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ ဒေသနာတော်များကိုအမှားဟု ဆိုခဲ့လေသည်။ ထိုသူတို့ထံ ထိုသူတို့အဖို့ သတ်မှတ်ထားသော ဝေစုဝေပုံသည် (ထိုပစ္စက္ခကာလ၌ပင်) ရောက်ရှိအံ့။နောက်ဆုံးတွင်မူ ထိုသူတို့ထံ ငါအရှင်မြတ် ၏စေတမန်တို့သည်ထိုသူတို့၏ ဇီဝိန်ကို နှုတ်သိမ်း ရန် ရောက်ရှိလာကြသောအခါထိုစေတမန်တို့က (ထိုသူတို့အား ဤသို့) မေးမြန်းကြလတ္တံ့။အသင်တို့ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ဟစ်ခေါ်ခဲ့ကြသောအရာများသည် အဘယ်မှာနည်း။ ထိုအခါ ၎င်းတို့က ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ပျောက်ကွယ်သွားကြလေပြီဟု ဖြေကြားကြမည်။ ၎င်းပြင် ထိုသူများသည် မိမိတို့နှင့်ဆန့်ကျင်၍ကျွန်ုပ်တို့သည် ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သူများဖြစ်ကြပါသ် ဟူ၍လည်း သက်သေခံကြလိမ့်မည်။

[38] (အလ္လာဟ်)အရှင်မြတ်သည် (ရှင်ပြန်ထမည့် နေ့တွင် ၎င်းတို့အား) အသင်တို့ မိမိတို့အလျင် လွန်လေပြီးသောကာဖိရ်ဖြစ်သောဂျင်(န်)နှင့် လူအုပ်စုများ နှင့်အတူ ဂျဟန္နမ်ငရဲဘုံသို့) လားကြလေကုန်ဟု မိန့်ကြားတော်မူအံ့။ မည်သည့်အခါမဆို အုပ်စုတစ်စုသည် (ဂျဟန္နမ်ငရဲဘုံသို့) ဝင်ရောက်လျှင်မိမိတို့နှင့် ဘာသာဝါဒတူ (အသွင်တူ) အုပ်စုအချင်းချင်းအားကျိန်ဆဲကြလတ္တံ့။ နောက်ဆုံးတွင် ထိုဂျဟန္နမ် ငရဲဘုံ၌ (အုပ်စု)အားလုံးစုမိကြသောအခါ ၎င်းတို့အနက်မှ နောင်လာနောင်သားများက မိမိတို့အနက်မှ ရှေးလူတို့နှင့် ပတ်သက်၍ အိုကျွန်တော်မျိုးတို့၏အရှင်မြတ်၊ ဤသူတို့သည်ပင်လျှင် ကျွန်တော်မျိုးတို့အား လမ်းလွဲ စေခဲ့ကြပါသဖြင့် အရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ဆထက်ထမ်းပိုးတိုး၍ပေးတော်မူပါ ဟု လျှောက်ထားကြလတ္တံ့။ ထိုအခါ အရှင်မြတ်ကဆထက်ထမ်းပိုးပြစ်ဒဏ်သည်(အသင်တို့)အသီးသီးတို့၌ရှိ၏။သို့ရာတွင် အသင်တို့သည် မသိကြချေဟု မိန့်ကြားတော်မူအံ့။

[39] ထို့ပြင် ၎င်းတို့၏ ရှေးလူများက မိမိတို့၏ နောင်လာနောင်သားများအား (ဤသို့) ပြောဆိုကြလတ္တံ့။ သို့ဖြစ်လျှင်အသင်တို့၌ (အပြစ်ဒဏ်လျှော့ခြင်းနှင့်စပ်လျဉ်း၍) ငါတို့ထက်မည်သို့မျှသာ ပိုခြင်းမရှိပြီ၊ သို့ဖြစ်လေရာ အသင်တို့သည် မိမိတို့ဆည်းပူးခဲ့ကြသည့် (မကောင်းမှုဒုစရိုက်) များကြောင့်ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းကြလေကုန်။(ရကူ)

[40] ဧကန်စင်စစ် အကြင်သူတို့သည် ငါအရှင်မြတ်၏ ဒေသနာတော်များကို မဟုတ်မမှန်ဟု ငြင်းဆိုကြကုန်၏။၎င်းပြင် ထိုသူတို့သည် ယင်းဒေသနာတော် များကိုနာယူခြင်းမှမထီလေးစား ပြုလုပ်ကြကုန်၏။ ထိုသူတို့အဖို့ ကောင်းကင်၏တံခါးများသည် ဖွင့်ထားခြင်း ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူစွာ ကုလားအုတ်သည် အပ်ပေါက်တွင်းသို့ မဝင်နိုင်သမျှကာလပတ်လုံး ၎င်းတို့သည် ဂျန္နတ် အမတသုခဘုံ သို့လည်းဝင်ရောက်နိုင်ကြမည် မဟုတ်ချေ။ အမှန်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် အပြစ်ရှိသူတို့အား ပြစ်ဒဏ်ပေးတော်မူပေသတည်း။

[41] င်းတို့၌ ငရဲမီးအိပ်ယာပင်ရှိအံ့။ ထိုနည်းတူစွာ4င်းတို့အပေါ်၌(လည်းငရဲမီး၏)အဖုံးအအုပ်ပင်ရှိအံ့။ စင်စစ်မူကား ငါအရှင်မြတ်သည် မတရားကျူးလွန်သော သူတို့ အားဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်မူပေသတည်း။

[42] သို့ရာတွင် အကြင်သူတို့သည် သက်ဝင်ယုံကြည်ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့် သီလများကိုလည်းဆောက်တည်ကြကုန်၏။ (အမှန်သော်ကား) ငါအရှင်မြတ်သည်မည်သူ့ကိုမဆို ၎င်း ၏အင်အားနှင့် အမျှသာလျှင် တာဝန်ပေးတော်မူ၏။ ထိုသူတို့သည်ပင်လျှင် ဂျန္နတ်အမတ သုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်းဂျန္နသ်အမတသုခဘုံ၌ပင် ထာဝစဉ် နေထိုင်စံမြန်းကြလတ္တံ့။

[43] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။

[44] ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။

[45] အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[46] ၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။

[47] တဖန် ၎င်းတို့၏ မျက်စိများကို ဂျဟန္နမ်ငရဲသားတို့ဘက်သို့ လှည့်လိုက်သောအခါ ထိုသူများက အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(ရကူ)

[48] ၎င်းပြင် အအ်ရာဖ် ၌ ရှိသူတို့က အကြင်(များပြားစွာသော) သူတို့ကို ဟစ်ခေါ်ကြကုန်အံ့။ ၎င်းတို့သည်ထိုသူတို့အား ထိုသူတို့၏အမှတ်အသားဖြင့် မှတ်မိကြကုန်အံ့။(ထို့နောက်) ၎င်း(အမြင့်၌ရှိသူ) တို့က (ဤသို့)ပြောဆိုကြလတ္တံ့။အသင်တို့၏အသင်းအဖွဲ့ လူစုများပြားခြင်းသည်လည်းကောင်း၊ အသင်တို့ မာန်မာနထောင်လွှားခြင်းသည်လည်းကောင်း အသင်တို့အဖို့ အသုံးမဝင်ခဲ့ချေပြီတကား။

[49] (၎င်းပြင် အအ်ရာဖ်၌ရှိသူများက ဆက်လက်၍ပြောကြားကြဦးအံ့) ဤသူများကား အကြင်သူများ ပင်လော။အသင်တို့သည် (ထိုသူတို့နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အပေါ် ကရုဏာပြုတော်မူလိမ့်မည်မဟုတ်ဟုကျိန်တွယ်၍ ပြောဆိုခဲ့ကြလေသည်။ (သို့ရာတွင်မူကား၊ ၎င်းတို့နှင့်စပ်လျဉ်း၍) အသင်တို့သည် ဂျန္နတ်အမတသုခဘုံ သို့ ဝင်ရောက်ကြလေကုန်။ (ထိုဂျန္နတ်အမတသုခဘုံတွင်) အသင်တို့အပေါ်၌ မည်သည့်စိုးရိမ်မှုမျှလည်း ရှိလိမ့်မည်မဟုတ်ပေ၊၊၎င်းပြင် အသင်တို့သည် ပူဆွေး ကြရမည်လည်း မဟုတ်ချေ။(ဟူသော အမိန့်တော်သည် ကျရောက်ခဲ့ချေပြီတကား။)

[50] ၎င်းပြင် ငရဲသားတို့သည် ဂျန္နတ် အမတသုခဘုံသားတို့အား အသင်တို့သည် ကျွန်ုပ်တို့အပေါ် ရေအနည်းငယ်မျှကိုသော်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်ကအသင်တို့အား ချီးမြှင့်ပေးသနား တော်မူသောစားသောက်ဖွယ်အချို့ကိုသော်လည်းကောင်း၊ ပေးသနားကြပါ ဟု ဟစ်အော်တောင်းခံကြလတ္တံ့။ ထိုအခါ ယင်း(ဂျန္နတ်အမတသုခဘုံသား)တို့က ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထို (ရေနှင့်စားသောက်ဖွယ်) နှစ်ခုလုံးကိုပင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အပေါ် ဟရာမ် ဟူ၍ တားမြစ်ထားတော်မူသည်ဟု ဖြေကြားကြကုန်အံ့။

[51] အကြင် (ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်)သူတို့သည် မိမိတို့ ယုံကြည်လိုက်နာကြရမည် ဖြစ်သော) ဒီန်သာသနာတော်ကို ပျော်ရွှင်ဖွယ်ရာနှင့် ကစားစရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းပြင် ပစ္စုပ္ပန်လောကီဘဝ၌ အသက်ရှင်ခြင်းသည် ထိုသူအား ဖြားယောင်းခဲ့လေသည်။ သို့ဖြစ်ပေရာ ယနေ့မူကား ထိုသူတို့သည် ဤ(ကိယာမတ်ခေါ်ရှင်ပြန်ထရမည့်) နေ့နှင့် ကြုံကြိုက်သည်ကို မေ့ပျောက်ခဲ့ကြဘိသကဲ့သို့လည်းကောင်း၊ငါအရှင်မြတ်၏ဒေသနာတော်များကို ငြင်းပယ်ခဲ့ ကြဘိသကဲ့သို့လည်းကောင်း၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့အား မေ့ပစ်ထားတော်မူအံ့။

[52] ဧကန်အမှန် ငါအရှင်မြတ်သည် ထိုသူတို့ထံ(အကြင်ကုရ်အာန်)ကျမ်းတော်မြတ်ကို ပို့တော် မူခဲ့လေသည်။ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို (မိမိ) ဉာဏ်တော်ဖြင့် ရှင်းလင်းဖော်ပြ တော်မူခဲ့သည်။ (ထိုကျမ်းဂန်သည်) အီမာန်သက်ဝင်ယုံကြည်သော မုအ်မင်န်များအဖို့ တရားလမ်းညွှန် လည်းဖြစ်သည်။ ကရုဏာတော်လည်း ဖြစ်သည်။

[53] း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က ဧကန်စင်စစ် ကျွန်ုပ်တို့အရှင်မြတ်၏ရစူလ်တမန်တော်တို့သည် အမှန်ကိုသာယူဆောင်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ (ယခုသော်) ကျွန်ုပ်တို့အဖို့ ကြားဝင်တောင်းပန်မည့်သူ ရှိပါဦးမည်လော။ သို့ရှိပါလျှင် ထိုသူတို့သည် ကျွန်ုပ်တို့အဖို့ကြားဝင်တောင်းပန်၍ ပေးကြအံ့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်(ကမ္ဘာလောကသို့)ပြန်လွှတ်ခြင်းကို ခံကြရပါဦးမည်လော။သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့ဟု (ညည်းညူ) ပြောဆိုကြလတ္တံ့။ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင်ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူတို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။(ရကူ)

[54] ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။

[55] အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)

[56] ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။

[57] ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။

[58] အမှန်သော်ကား (မြေဩဇာ)ကောင်းမွန် သန့်စင်သောမြေ၌၊ထိုမြေမှ ၎င်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်၏အမိန့်တော်ဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများသည်(ကောင်းမွန်များပြားစွာ)ပေါက်ရောက်လေ၏။ သို့ရာတွင်(မြေဩဇာ) မကောင်းသောမြေမှာမူကား၊ အလွန်ခဲယဉ်းစွာပေါက်ရောက်လေ၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်သက်သေသာဓကများကို ကျေးဇူးသိတတ်သူတို့အဖို့ နည်းအမျိုးမျိုးဖြင့် ညွှန်ပြမိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)

[59] စင်စစ်ဧကန် ငါအရှင်မြတ်သည် (နဗီတမ်တော်)နူဟ်ကို၊ ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်က (မိမိအမျိုးသားတို့အား)အို-ငါ၏ အမျိုးသား အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အလျဉ်းမရှိပြီ။ ငါသည် အသင်တို့အပေါ်၌ အလွန် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ် (သက်ရောက်မည်) ကို မလွဲဧကန် စိုးရိမ်မိသည်ဟုပြောကြားခဲ့လေသည်။

[60] ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ အကြီးအကဲတို့က ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်(နူဟ်)အား၊ ထင်ရှားလှစွာသော မှောက်မှားမှုတွင် (ကျရောက်နေသည်ကို) တွေ့မြင်နေရပါသည်ဟု ပြောဆိုကြကုန်၏။

[61] ထိုအခါ ၎င်း(နဗီတမန်တော်နူဟ်)က အိုငါ၏အမျိုးသားအပေါင်းတို့ ငါ၌မှောက်မှားမှုသည် အလျဉ်းမရှိပါ။ အမှန်စင်စစ်သော်ကား ငါသည် စကြဝဠာခပ်သိမ်းကိုဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်အထံတော်မှ စေလွှတ်တော်မူသောရစူလ်တမန်တော် တစ်ပါးသာဖြစ်ပေသည်ဟု ဖြေကြားခဲ့လေသတည်း။

[62] ငါသည် မိမိအရှင်မြတ် မှာကြားလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်ပါသည်။ ၎င်းပြင်ငါသည် အသင်တို့၏အကျိုးကိုလည်း လိုလားပါသည်။ ထို့ပြင်တဝ ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အသင်တို့ မသိနားမလည်သော အရာများကိုလည်း သိရှိပါသည်။

[63] အသင်တို့သည် မိမိတို့ အရှင်မြတ်အထံတော်မှမိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် အသင်တို့ထံ ဆုံးမဩဝါဒတော် ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ (အမှန်စင်စစ်သော်ကား ထိုပုဂ္ဂိုလ်သည်) အသင်တို့အား သတိပေးနှိုးဆော်ရန်လည်းကောင်း၊ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြရန်လည်းကောင်း၊ (ဖြစ်ပေသည်။) သို့မှသာလျှင် အသင်တို့သည်(ထိုအရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြအံ့သတည်း။

[64] သို့ပါလျက် ၎င်း(နဗီတမန်တော်နူဟ်၏ အမျိုးသား)တို့သည် ၎င်း(နဗီတမန်တော်နူဟ်)အား မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်)အားလည်းကောင်း။ ယင်း(နဗီတမန်တော်နူဟ်)နှင့်အတူတကွ သင်္ဘောပေါ်ပါရှိသူတို့အားလည်းကောင်း၊ကယ်ဆယ် တော်မူခဲ့လေသည်။ သို့ရာတွင် အရှင်မြတ်၏ဒေသနာတော်များကို ငြင်းပယ်သော သူတို့အားမူကား နစ်မြုပ်စေတော်မူခဲ့၏။ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် စက္ခုအလင်း(ဝါ)အသိအမြင် ကင်းမဲ့သော သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[65] ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကို သားချင်းဖြစ်သော (နဗီတမန်တော်)ဟူဒ် ကို(စေလွှတ်တော် မူခဲ့လေသည်။) ထိုအခါ ယင်း(နဗီတမန်တော် ဟူဒ် က အို-ငါ၏အမျိုးသားအပေါင်းတို့၊သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ ထိုအလ္လာဟ်အရှင်မြတ် မှတစ်ပါးခဝပ် ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည်မကြောက်ရွံ့ကြပါသလော ဟု ဟောကြားခဲ့လေသတည်း။)

[66] (ထိုအခါ) ယင်း(နဗီတမန်တော်ဟူဒ်)၏ အမျိုးသားတို့အနက် သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့ကဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးမှုတွင် (ကျရောက် နေသည်ကို)တွေ့မြင်နေကြပါသည်။ ၎င်းပြင်မုချဧကန် ကျွန်ုပ်တို့သည် အသင့်အား ပြောဆိုသူတို့တွင် ပါဝင်သည်ဟူ၍လည်း ထင်မြင်ယူဆကြသည် ဟု ပြောဆိုကြကုန်သတည်း။

[67] (ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။

[68] ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။

[69] အသင်တို့သည် မိမိတို့အရှင်မြတ်အထံတော်မှမိမိတို့အားသတိပေးနှိုးဆော်ရန် ဩဝါဒဓမ္မသည် မိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် မိမိတို့ထံ ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ အသင်တို့သည် မိမိတို့အား ထိုအရှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့်နောက်တွင် နေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမိုထွားကြိုင်းကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြလတ္တံ့။

[70] ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန် အသင်သည်ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော။ သို့ဖြစ်လျှင် အကယ်၍သာ အသင်သည် မှန်ကန်စွာပြောဆိုသူတဦးဖြစ်ပါမူ အသင်ခြိမ်းခြောက်လေ့ရှိသော(ပြစ်ဒဏ်)ကို ယူခဲ့ပါလေ ဟုပြောဆိုကြကုန်၏။

[71] ထိုအခါ (နဗီတမန်တော်ဟူဒ်)က (အို-ငါ၏အမျိုးသားတို့) အသင်တို့၏ အရှင်မြတ်အထံတော်မှ ပြစ်ဒဏ်သည်လည်းကောင်း၊ အမျက်တော်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဧကန်စင်စစ် ကျရောက်အံ့ဆဲဆဲပင်ဖြစ်ချေပြီ။အသင်တို့သည် အကြင် အမည်နာမများနှင့်စပ်လျဉ်း၍ ငါနှင့်အငြင်းအခုံ ပြုကြလေသလော။ ထိုအမည်နာမများကို အသင်တို့နှင့် အသင်တို့၏ဘိုး ဘေး ဘီ ဘင်တို့သည် မှည့်ခေါ်ထားခဲ့ကြသည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်ထိုအမည်နာမများနှင့်စပ်လျဉ်း၍ မည်သည့်သက်သေ သာဓကကိုမျှ ချပေးတော်မူခဲ့သည်မရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကို) စောင့်ဆိုင်း၍ နေကြကုန်လော့။ ဧကန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ချေသည် ဟု ဖြေကြားခဲ့လေသတည်း။

[72] ထို့နောက် ငါအရှင်မြတ်သည် ယင်း(နဗီတမန်တော်ဟူဒ်)ကိုလည်းကောင်း၊ ယင်း(နဗီတမန်တော်ဟူဒ်)၏အပေါင်းပါတို့ကိုလည်းကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်ဆယ်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်၏ ဒေသနာတော်များ ကို ငြင်းပယ်သောသူတို့၏ အမြစ်ကို ဖြတ်တောက်တော်မူခဲ့လေသည်။ အမှန်စင်စစ်မူကား ၎င်းတို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများပင်မဖြစ်ခဲ့ကြချေ။(ရကူ)

[73] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်) ဆွာလိဟ် အား (စေလွှတ်တော်မူခဲ့လေသည်)။ထိုအခါ ယင်း(နဗီတမန်တော် ဆွာလိဟ်က (မိမိ၏အမျိုးသားတို့အား) အို-ငါ၏ အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား) အသင်တို့၌ ထိုအရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏အရှင်မြတ် အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် ရောက်ရှိခဲ့ချေပြီ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မပင်ဖြစ်သည်။ အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ် (စေလွှတ်တော်မူ၏။) သို့ဖြစ်ရာအသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ် စားသောက်(သွားလာ)ရန် လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့် မထိကြကုန်လင့်။ သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည် ဟု ပြောကြားတော်မူခဲ့လေသတည်း။

[74] ၎င်းပြင် (အို-ဆမူဒ် အမျိုးသားအပေါင်းတို့)အသင်တို့သည် မိမိတို့ိအား ထိုအရှင်မြတ်က အားဒ်အမျိုးသားများမရှိသည့်နောက်တွင် ကိုယ်စားလည်များအဖြစ် ခန့်အပ်တော်မူခဲ့သည်ကိုလည်းကောင်း၊ ပထဝီမြေ၌ မိမိတို့အားနေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ 4င်းအပြင် အသင်တို့သည် ထိုပထဝီမြေပြင်၏ နူးညံ့သော နေရာများတွင် ခမ်းနားသိုက်မြိုက်သည့် အဆောက်အအုံများ တည်ဆောက်ကြ ကုန်ကြ၏။ ၎င်းပြင် အသင်တို့သည်တောင်များကိုဖောက်ထွင်း ၍ နေအိမ်များ ပြုလုပ်ကြကုန်၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရ ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ပထဝီမြေပြင်ဝယ် ဖျက် ဆီးသောင်းကျန်းသူများအဖြစ်မဆိုးသွမ်းကြကုန်လင့်။

[75] ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။

[76] (ထိုအခါ) မောက်မာပလွှားသော သူတို့က မုချဧကန် ငါတို့သည် အသင်တို့ယုံကြည်ကြသည့်အရာကို ငြင်းပယ်သူများပင် စင်စစ်ဖြစ်ကြသည် ဟု ပြောဆိုကြကုန်၏။

[77] နောက်ဆုံးတွင် ၎င်းတို့သည် ကုလားအုတ်မကို(လည်း)သတ်ဖြတ်ခဲ့ကြ၏။ မိမိတို့အရှင်မြတ်၏အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့က ‘အို-ဆွာလိဟ် အသင်သည် အကယ်၍ ရစူလ်တမန်တော်တို့တွင်တစ်ပါး အပါအဝင်ဖြစ်ခဲ့လျှင် အသင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လေ့ရှိသော (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံယူခဲ့ပါလေ’ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။

[78] သို့ဖြစ်ပေရာ ငလျင်သည် ၎င်းတို့အား ဖမ်းဆီးသိမ်းယူခဲ့လေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ နေအိမ်(ဝါ)မြို့ရွာ၌ မှောက်လျက်သား(မြေနှင့်တစ်သားတည်းဖြစ်ကာသေကြေပျက်စီး) သွားခဲ့ကြကုန်၏။

[79] ထိုအခါ ယင်း(နဗီတမန်တော်) ဆွာလိဟ်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်။ ထို့ပြင်အို-ငါ၏အမျိုးသားတို့ ငါသည် မိမိအရှင်မြတ်က မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံ ဧကန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်၏။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုးကိုလည်း သယ်ပိုးရွက်ဆောင်ခဲ့သည်။ သို့ရာတွင်အသင် တို့သည်ကား ကောင်းကျိုးသယ်ပိုးရွက်ဆောင်သူတို့ကိုပင် မနှစ်သက်ကြပါ ဟု ပြောကြားခဲ့လေသည်။

[80] ထိုနည်းတူစွာ (ငါအရှင်မြတ်သည် နဗီတမန်တော်)လူတ်ကို(လည်း စေလွှတ်တော်မူခဲ့လေသည်။) တစ်ရံရောအခါ ထို(နဗီတမန်တော်လူတ်)က မိမိအမျိုးသားတု့ိအား(ဤသို့)ပြောကြားခဲ့လေ၏။ (ဟယ်-အချင်းတို့) အသင်တို့သည်အကြင် စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို ကျူးလွန်ကြလေသလော။ယင်း စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို အသင်တို့၏အလျင် စကြဝဠာခပ်သိမ်းတို့အနက် မည်သူတဦးတယောက်မျှ ကျူးလွန်ခဲ့သည်မရှိခဲ့ပေ။

[81] မုချဧကန် အသင်တို့သည် မိန်းမတို့ကိုစွန့်၍[ယောက်ျား များထံ ကာမဂုဏ်ခံစားရန်သွားကြကုန်သည်]။(တစ်နည်း-ယောက်ျားများထံ ကာမဂုဏ်ခံစားရန် သွားကြ ကုန်၏။) ထိုမျှမက အသင်တို့သည် (အရာရာတွင်လည်း အလွန်အမင်း)စည်းကမ်းကျူးလွန်သူများပင် ဖြစ်ကြကုန် သတည်း။

[82] ထို(နဗီတမန်တော်လူတ်)၏အမျိုးသားတို့က(မိမိတို့အချင်းချင်း) အသင်တို့သည် ထို(လူတ်နှင့်တကွ မုအ်မင်န် သက်ဝင်ယုံကြည်သူ)တို့ကို မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သန့်ရှင်းစင်ကြယ်ဟန်ဆောင်သူများသာ ဖြစ်ကြကုန်သည်ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြပေ။

[83] ထို့နောက် ငါအရှင်မြတ်သည်(နဗီတမန်တော်)လူတ်၏ ကြင်ရာမှတစ်ပါး ထိုလူတ်နှင့်တကွ အိမ်သူအိမ်သားတို့ကိုပါ ကယ်ဆယ်တော်မူခဲ့လေသည်။ ထိုကြင်ရာသည် နောက်ကျန်ရစ်သူတို့တွင် အပါအဝင် ဖြစ်ခဲ့ချေသည်။

[84] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးတစ်မျိုး(ဝါ)ခဲမိုးကို ရွာသွန်းစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့၏အကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။(ရကူ)

[85] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။

[86] ထို့ပြင် အသင်တို့သည် (သက်ဝင်ယုံကြည်သူတို့အား) ခြိမ်းခြောက်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ထိုအရှင်မြတ်အားယုံကြည်သူတို့ကို ပိတ်ပင်တားဆီးရန်လည်းကောင်း၊ ထို(အရှင်မြတ်၏)လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေရန်လည်းကောင်း၊ မည်သည့်လမ်းပေါ်၌မျှမထိုင်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အနည်းငယ်မျှသာရှိခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား တိုးပွားများပြားစေတော်မူခဲ့သည်ကိုလည်း ပြန်လည်သတိရ ရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကိုလည်း ရှုကြလေကုန်။

[87] ၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်စုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[88] ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)၏အမျိုးသားတို့အနက်မှ မောက်မာပလွှားကြသော အကြီးအကဲ တို့ကအို-ရှုအိုက်ဗ် ကျွန်ုတို့သည် အသင်နှင့်တကွ အသင်နှင့် အတူသက်ဝင်ယုံကြည်သောသူတို့ကိုပါ မိမိတို့မြို့ရွာမှ မုချနှင်ထုတ်ပစ်ကြမည်။ သို့မဟုတ်လျှင် အသင်တို့သည် ကျွန်ုပ်တို့၏ ဘာသာ သာသနာတွင်းသို့ ပြန်လည် (ဝင်)ခဲ့ကြလေကုန် ဟု ပြောဆိုခဲ့ကြလေသည်။ ထိုအခါ ထိုနဗီတမန်တော် (ရှုအိုက်ဗ်)ကငါတို့သည် (အသင်တို့၏ဘာသာကို) စက်ဆုပ်ပါလျက်နှင့်ပင်(ပြန်ဝင်ကြရပါမည်)လောဟု ဖြေကြားခဲ့လေသတည်း။

[89] အကယ်၍သာ ငါတို့သည် အသင်တို့၏ ဘာသာသာသနာအတွင်းသို့ အလ္လာဟ်အရှင်မြတ်က ငါတို့အား ထိုဘာသာမှ ကယ်ဆယ်တော်မူပြီးနောက် ပြန်လည်ဝင်ရောက်ခဲ့ကြပါလျှင် အမှန်စင်စစ် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ကြံဖန်လီဆယ်၍ မုသားစွပ်စွဲသူများသာ ဖြစ်ကြပေအံ့။ စင်စစ်သော်ကား ငါတို့သည် ငါတို့၏အရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်က အလိုရှိတော်မူသည်မှအပ ငါတို့အဖို့ထိုဘာသာတွင်းသို့ ပြန်ဝင်ကြရန်မဖြစ်နိုင်ပေ။ ငါတို့၏ အရှင်မြတ်သည် အသိပညာအားဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိတော်မူ၏။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ခဲ့ကြချေပြီ။ အို-ကျွန်တော် မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော် မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏အမျိုးသားတို့ စပ်ကြားဝယ် မှန်ကန်စွာ စီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ အမှန်သော်ကား အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်၍ ပေးတော်မူသောအရှင်ဖြစ်တော် မူပါသတည်း။

[90] ၎င်းပြင် ထို(နဗီတမန်တော်)ရှုအိုက်ဗ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့က(မိမိတို့အမျိုးသားချင်းတို့အား အို-အချင်းတို့) အကယ်၍အသင်တို့သည် ရှုအိုက်ဗ် ၏အမိန့်ကို လိုက်နာကြပါလျှင် မုချစင်စစ် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်အံ့ဟုပြောဆိုခဲ့ကြကုန်၏။

[91] ထို့နောက် ၎င်းတို့အား မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်၏။ သို့ဖြစ်ရာတွင် ၎င်းတို့သည် မိမိတို့နေအိမ်(ဝါ)မြို့ရွာတွင် မှောက်လျက်သေကြေ ပျက်စီးသွားကြချေသတည်း။

[92] နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။

[93] ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)သည်၎င်းတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်၊ ၎င်းပြင် အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်စင်စစ် မိမိ အရှင်မြတ်ကမှာကြားတော်မူလိုက်သော အမိန့်ပညတ်တော်များကို အသင်တို့ထံအရောက် ပို့ဆောင် ခဲ့ချေပြီ။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုး ကိုလည်း (မုချ) သယ်ပိုးဆောင်ရွက်ခဲ့ပေပြီ။သို့ဖြစ်ပေရာ ငါသည် သွေဖည်ငြင်းပယ်ကြကုန်သော အမျိုးသားတို့ နှင့်ပက်သက်၍ အသို့လျှင် ဝမ်းနည်း ပူဆွေးရပါမည်နည်း ဟု ပြောကြားခဲ့လေသတည်း။(ရကူ)

[94] အမှန်သော်ကား၊ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို နဗီတမန်တော် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် ထိုမြို့သူရွာသားတို့အား မာန်မာနကျိုး၍ အောက်ကျို့လာကြရန် ဆင်းရဲဒုက္ခဖြင့်လည်းကောင်း၊ ရောဂါဝေဒနာဖြင့်လည်းကောင်း၊ နှိပ်ကွက်တော်မူခဲ့လေသတည်း။

[95] ထိုနောက် ငါအရှင်မြတ်သည် မကောင်းသောအခြေအနေ၏အစား ကောင်းသော အခြေအနေကို ပြောင်းလဲ၍ ပေးတော်မူခဲ့လေသည်။ နောက်ဆုံးတွင်မူ ထိုသူတို့သည်တိုးတက်ကြီးပွားလာ၍ ဆင်းရဲဒုက္ခ သည်လည်းကောင်း၊ သက်သာချောင်ချိမှုသည်လည်းကောင်း၊ ငါတို့၏ဘိုးဘေးဘီဘင်တို့၌လည်း သက်ရောက်မြဲပင် ဖြစ်ခဲ့သည်ဟူ၍ ပြောဆိုလာကြကုန်၏။နှိပ်ကွပ်တော်မူလေသည်။ ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ၎င်းတို့သတိမမူ အမှတ်မဲ့ဖြစ်နေခိုက် ရုတ်တရက်ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသတည်း။

[96] အကယ်၍သာ (နဗီတမန်တော်များ ပွင့်ခဲ့ကြလေသော) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြ၍ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ခဲ့ကြပါမူ ငါအရှင်မြတ်သည် ထိုသူတို့အဖို့ မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မင်္ဂလာအဖြာဖြာတို့ကို မုချဖွင့်ပေးတော်မူခဲ့အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (နဗီတမန်တော် အသီးသီးတို့အား)မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့်(ပြစ်မှုဒုစရိုက်များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသတည်း။

[97] သို့ပါလျက် (မက္ကာဟ်မြို့နှင့်တကွ ပတ်ဝန်းကျင်)မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် ညအခါ၌ ၎င်းတို့အိပ်ပျော်နေကြစဉ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (ရုတ်တရက်) ၎င်းတို့ထံ ရောက်ရှိလာမည်ကိုစိုးရိမ်ခြင်းကင်းမဲ့၍ စိတ်ချ၍နေကြပါသလော။

[98] သို့တည်းမဟုတ် (ထိုမက္ကာဟ်မြို့နှင့် ပတ်ဝန်းကျင်) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် နံနက်နေတက်ချိန်တွင်၎င်းတို့ ကစားခုန်စားလျက်ရှိနေကြစဉ် ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် (ရုတ်တရတ်) 4င်းတို့ထံရောက်ရှိလာမည်ကို ကြောင့်ကြခြင်းကင်းမဲ့၍ စိတ်ချပြီးနေကြပါသလော။

[99] င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုကို စိုးရိမ်ခြင်းကင်းမဲ့ကာ စိတ်ချ၍နေကြပါသလော။ သို့ဖြစ်လျှင် နစ်နာဆုံးရှုံးသူတို့မှအပ အလ္လာဟ်အရှင်မြတ်၏ အကြံအစည်ကို စိုးရိမ်ကင်းမဲ့သူဟူ၍ တဦးတယောက်မျှမရှိပြီ။

[100] ဝ။(ဤ)ပထဝီမြေ နေထိုင်ခဲ့ကြသူများမရှိသည့်နောက် ယခု ဤပထဝီမြေကို အမွေဆက်ခံလျက် ရှိသူတို့အဖို့ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် 4င်းတို့အားလည်း 4င်းတို့၏ ပြစ်မှုများကြောင့် ဒုက္ခရောက်စေတာ်မူမည် ဖြစ်ကြောင်း မထင်ရှားသေးပါသလော။အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် 4င်းတို့ သည် (မှန်ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင်ကြမည် မဟုတ်ချေ။

[101] ဤသည်တို့ကား (ရှေးဟောင်းခေတ်၏) အကြင်မြို့ရွာဒေသများ၏ အချို့အတ္ထုပ္ပတ္တိ များကို အသင့်ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူလေသည်။ ဧကန်စင်စစ် ထိုမြို့ရွာဒေသတို့ ၌မှီတင်းနေထိုင်သော သူတို့ထံ 4င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများနှင့်တကွ ရောက်ရှိလာခဲ့ကြလေသည်။ သို့ရာတွင် 4င်းတို့ယခင်က (တကြိမ်)မိမိတို့ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအရာများကို ယုံကြည်မည့်သူများ မဟုတ်ခဲ့ကြချေ။ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၏စိတ်နှလုံးများအပေါ် ၌ တံဆိပ်ခတ်နှိပ်တော်မူလေသတည်း။

[102] အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့အနက် မြောက်မြားစွာသောသူတို့ ၌ ကတိသစ္စာတည်ကြည်မှုကို တွေ့ရှိတော်မမူခဲ့ချေ၊ စင်စစ်တမူကား ငါအရှင်မြတ်သည် 4င်းတို့ အနက်မြောက်မြားစွာသောသူတို့အား တရားလမ်းမှန်ကို ဖယ်ရှားသူများသာ တွေ့ရှိတော်မူခဲ့လေသတည်း။

[103] တဖန် ငါ အရှင်မြတ်သည် ထိုရစူလ်တမန်တော်များ၏နောက်တွင် (နဗီတမန်တော်)မူစာအား မိမိ သက်သေလက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န် နှင့် 4င်း၏အကြီးအမှူးတို့ထံ စေလွှတ်တော်မူခဲ့ရာ 4င်းတို့သည် ထိုသက်သေလက္ခဏာတော်များကို မထီမဲ့မြင် ပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်ကြသူတို့၏ နောက်ဆုံးအဖြစ်သည် မည်သို့ ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။

[104] င်းပြင် (နဗီတမန်တော်)မူစာက အိုဖစ်ရ်အောင်န် ငါသည် ဧကန်စင်စစ် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ် အထံတော်မှစေလွှတ်ခြင်းခံရသော ရစူလ်တမန်တော် တစ်ပါးပင်ဖြစ်ချေသည်ဟု ပြောကြားခဲ့လေ၏။

[105] အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ (တစ်စုံတစ်ရာကို ကြံဖန်လီဆယ် ပြောဆိုခြင်းမပြုပဲ)အမှန် ကိုသာပြောဆိုရန် ငါ၏အပေါ်၌ တာဝန်ရှိပေသည်။ ငါသည် ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှထင်ရှားစွာသောသက်သေ လက္ခဏာကို ယူဆောင်ခဲ့လေပြီ။သို့ဖြစ်ပေရာ (အို-ဖစ်ရ်အောင်န်) အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါနှင့်အတူ (ထည့်)လိုက်ပါ။

[106] ထိုအခါ ယင်း(ဖစ်ရ်အောင်န်)ကပြန်ပြောသည်မှာ (အို-မူစာ)အသင်သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်ခဲ့၍ မှန်ကန်စွာ ပြောဆိုသူ တဦးဖြစ်ခဲ့ပါလျှင်ထိုသက်သေလက္ခဏာကို (ငါ၏ရှေ့ဝယ်)တင်ပြလော့ဟု ပြန်ပြောလေ၏။

[107] ထိုအခါ ထိုနဗီတမန်တော်(မူစာ)သည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလေရာ ရုတ်တရက် ထိုတောင်ဝှေးသည် ထင်ရှားသောမြွေ(နဂါး) တစ်ကောင်ဖြစ်နေလေ၏။

[108] ၎င်းပြင် ထိုနဗီတမန်တော်(မူစာ)သည် မိမိလက်ကို (မိမိရင်ချိုင်းကြားမှ) အပြင်သို့ဆွဲ၍ ထုတ်ခဲ့ရာ ရုတ်တရက် ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့တွင် ထွန်းတောက် လျက်ရှိနေလေသည်။(ရကူ)

[109] ဖစ်ရ်အောင်န်၏ အမျိုးသားများအနက်မှ အကြီးအမှူးတို့သည် (ဤသည့်တန်ခိုးပြာဋိဟာများ ကိုတွေ့မြင်ကြသောအခါ) မုချဧကန် ဤသူသည် တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပဉ္စလက်ဆရာ တစ်ဦးပင်ဖြစ်သည်ဟု ပြောဆိုကြကုန်သည်။

[110] ၎င်းသည် (မိမိ ပဉ္စလက်ပညာ၏အစွမ်းဖြင့်)အသင်တို့အား အသင်တို့၏နယ်မြေ(ဝါ)တိုင်းပြည်မှ ထုတ်ပစ်ရန် ကြံရွယ်လျက်ရှိနေလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်(ဤကိစ္စနှင့်စပ်လျဉ်း၍)မည်သို့ အကြံပေးလိုကြသနည်း။

[111] ထိုအခါ ယင်း(ဖစ်ရ်အောင်န်၏မှူးမတ်)တို့က(ဖစ်ရ်အောင်န်အား ဤသို့)လျှောက်ထားအကြံဉာဏ် ပေးကြလေသည်။ ၎င်းနဗီတမန်တော်(မူစာ)နှင့် ၎င်း၏နောင်တော်နဗီတမန်တော်ဟာရူန်)အား ဆိုင်းခွင့်ပေးပါ။ ဆိုင်းငံ့၍ထားပါ။ထို့ပြင် အမြို့မြို့အရွာရွာသို့ မင်းစေများကို စေလွှတ်ပါ။

[112] ထိုမင်းစေသည် ဘုရင်းမင်းမြတ်၏ထံသို့ (တစ်ဖက်ကမ်းခတ်) ကျွမ်းကျင် တတ်မြောက်သောပဉ္စလက် ဆရာအပေါင်းတို့ကို (ရှာဖွေ) ခေါ်ဆောင်လာကြပေမည်။

[113] ထို့နောက် ပဉ္စလက်ဆရာတို့သည် ဖင်ရ်အောင်န်ထံသို့ ရောက်ရှိလာခဲ့ကြလေသည်။ ထိုပဉ္စလက် ဆရာတို့ကအကယ်၍ ကျွန်တော်မျိုးတို့သည် အောင်နိုင်ခဲ့ကြပါလျှင် (ကြီးကျယ်သော) ဆုလာဘ် တစ်ခုခုကို မုချရရှိကြပါလိမ့်မည်(လော)ဟုပြောဆို ကြလေသည်။

[114] ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ပြန်၍) ပြောဆို သည်မှာ ဟုတ်ပေသည်၊ (အသင်တို့သည် ဆုလာဘ်များကိုမုချရရှိမည်)။ ၎င်းပြင် ထိုသို့ဖြစ်ခဲ့လျှင် အသင်တို့သည် (ငါနှင့်အတူ) လက်ပွန်း တတီးနေထိုင် (ချစ်ကျွမ်း)သူတို့တွင်လည်းမုချ အပါအဝင် ဖြစ်ကြလတ္တံ ဟု ပြောဆိုလေ၏။(တစ်နည်း)(ထိုအခါ) ယင်း(ဖစ်ရ်အောင်န်)ကကောင်း၏(အသင်တို့ တောင်းဆိုကြသည့်အတိုင်း ဆုလာဘ်တော် ကိုလည်းငါပေးမည်။) ထို့ပြင်တဝ အသင်တို့သည် အပါးတော်၌ရာထူးဌာနန္တရဖြင့် မြှောက်စားခြင်း ခံရသူများ၊ လူယုံတော်များလည်း မုချဖြစ်ကြပေမည်ဟု ပြောဆိုလေ၏။

[115] ထိုပဉ္စလက်ဆရာများက အို-မူစာ အသင်သည်(မိမိ၏တောင်ဝှေးကို ဦးစွာပထမ) ချပြပါ။ သို့မဟုတ် ကျွန်ုပ်တို့သည် (မိမိ၏ဒုတ်များနှင့် ကြိုးများကို ဦးစွာပထမ) ချပြကြရပါမည်လော ဟု ပြောဆိုကြ၏။

[116] ထို(တမန်တော်မူစာ)က၊ အသင်တို့သည် ပင်လျှင် ပစ်ချလေကုန်ဟု ပြောကြားလေ၏။ ထို့နောက် ၎င်း(ပဉ္စလက်ဆရာ)တို့သည် (မိမိတို့ လှင်ကန်များနှင့် ကြိုးများကို)ပစ်ချကြ ၍ လူတို့၏မျက်စိများကို လှည့်စားကြလေသည်။ ၎င်းပြင် ထိုသူတို့အား ကြောက်လန့်စေခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ကြီးကျယ်သော စုန်းပယောဂကိုဆောင်ယူခဲ့ ကြလေသတည်း။

[117] ထိုအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာထံ အသင်သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလော့ဟူ၍ အမိန့်တော် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ဖြစ်ရာ[နဗီတမန်တော်(မူစာ)သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလေရာ] ထိုလှင်ကန် တောင်ဝှေးသည် ရုတ်တရက် (ေ>မနဂါးကြီးဖြစ်လာပြီး) ထိုမျက်လှည့်ဆရာများ လှည့်စားကြသည့် အရာများကို မျိုလေတော့သည်။

[118] သို့ဖြစ်ပေရာ အမှန်သည်ထင်ရှားခဲ့ပြီ၊ ၎င်းပြင်ထို(ပဉ္စလက်ဆရာ)တို့ ပြုလုပ်ထားသော အမှုကိစ္စတို့ သည်အချည်းနှီး ပျက်စီးသွားချေပြီ။

[119] သို့ဖြစ်၍ လည်းကောင်း(ဖစ်ရ်အောင်နှင့်ယင်း၏မှူးမတ်)တို့သည် ထိုနေရာ၌ပင် အရေးရှုံးနိမ့်ခဲ့သည့်ပြင်ကျိုးယုတ်ရှက်ရလည်း ဖြစ်ခဲ့ကြရလေသည်။

[120] ထို့ပြင် ပဉ္စလက်ဆရာတို့သည် ဦးချ မှောက်လဲသွားခဲ့ကြလေသည်။

[121] ၎င်းတို့က ကျွန်ုပ်တို့သည် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်ကြပါပြီ ဟု ပြောဆိုကြလေသည်။

[122] (နဗီတမန်တော်မူစာ)နှင့် (နဗီတမန်တော်)(ဟာရူန်) တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အားယုံကြည် ကြလေပြီ)။တစ်နည်း။(ထိုအရှင်မြတ်သည်) တမန်တော်(မူစာ)နှင့်တမန်တော်(ဟာရူန်)တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း (ဖြစ်တော်မူသည်)။

[123] ထိုအခါ ဖစ်ရ်အောင်န်က ငါသည် အသင်တို့အားခွင့်မပြုမီပင် အသင်တို့သည် [ထို(မူစာနှင့်ဟာရူန် တို့၏)အရှင်အား] [(တနည်း)(မူစာ)အား] သက်ဝင် ယုံကြည်ခဲ့ကြချေပြီလော။ ဤသည်ကား ဧကန်စင်စစ် ပရိယာယ် မာယာကာရတစ်ရပ်ပင် ဖြစ်ချေသည်။ အသင်တို့သည် ယင်းပရိယာယ်မာယာကာရကို မြို့ထဲ၌ ထိုမြို့တွင် နေထိုင်ကြသောသူတို့အား မြို့တွင်းမှ ထုတ်ပစ်ကြရန် (မူစာနှင့်လျှို့ဝှက်စွာပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟုပြောဆို ကြိမ်းဝါးခဲ့လေသတည်း။

[124] ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။

[125] ထိုအခါ ယင်း(ပဉ္စလက်ဆရာ)တို့က ကျွန်ုပ်တို့သည် ဧကန်မလွဲ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရမည့် သူများသာဖြစ်ကြသည်ဟု ပြောဆိုကြကုန်သည်။

[126] စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)

[127] ထို့နောက် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အနက်မှ မှူးမတ်တို့က (ဤသို့)ပြောဆိုကြလေသည်။ အသင်သည် မူစာနှင့်ယင်း၏အမျိုးသားတို့ကို တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် ကြရန်လည်းကောင်း၊ ထိုတမန်တော်(မူစာ)သည် အသင်နှင့်တကွ အသင်၏ကိုးကွယ်ရာများကိုပါ စွန့်ပစ်ထားရန်လည်းကောင်း၊ (ဤအတိုင်းပင်)လွှတ်၍ထားပါမည်လော။ ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ဤသို့ပြန်လည်)ပြောကြားလေသည်။ ငါတို့သည် မကြာမီ ၎င်းတို့၏သားယောက်ျားကလေးများကို သတ်ဖြတ်ကြမည်။ သို့ရာတွင်၎င်းတို့၏ အမျိုးသမီးများကိုမူကား (ခိုင်းစေနိုင်ရန်အတွက်သတ်ဖြတ်ခြင်းမပြုပဲ) အသက်ချမ်းသာခွင့် ပေးထားကြမည်။အမှန်သော်ကား ငါတို့သည် ၎င်းတို့အား(နိုင်နင်း လွှမ်းမိုးသူများပင် ဖြစ်ကြသည်။)

[128] ထို(နဗီတမန်တော်မူစာ)က မိမိအမျိုးသားတို့ အား(အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော် မှအကူအညီကို အသနားခံကြလေကုန်။ ၎င်းပြင် အသင်တို့ သည်(ထိုအရှင်မြတ်၏ တရား လမ်းစဉ်၌) တည်ကြည်ကြံ့ခိုင် စွာရှိကြလေကုန်။ ဧကန်စင်စစ် (ဤ)ကမ္ဘာမြေသည် အလ္လာဟ်အရှင် မြတ်စိုးပိုင်တော်မူသော ကမ္ဘာမြေပြင်သာ ဖြစ်ချေသည်။ထိုအရှင်မြတ်သည် ယင်းကမ္ဘာမြေကို မိမိ၏ ကျွန်တို့အနက်အလိုရှိတော်မူသောသူအား စိုးပိုင်စေ တော်မူလေသည်။ သို့ရာတွင် နောက်ဆုံးအကျိုးသည် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသော သူတော်စင်များအဖို့သာဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။

[129] ထိုအခါ ၎င်း(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့က အို-နဗီတမန်တော်(မူစာ) ကျွန်ုပ်တို့သည် အသင်ကျွန်ုပ်တို့ထံ မရောက်မီကလည်း ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။ အသင်ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်တွင်လည်းညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံနေကြရပါသည်ဟု ပြောဆိုကြလေသည်။ (ထိုအခါ) နဗီတမန်တော်(မူစာ)က (အချင်းတို့)အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည်မကြာမီ အသင်တို့၏ရန်သူကို သေကျေပျက်စီးစေတော်မူ၍အသင်တို့အား တိုင်းပြည် တွင် အုပ်စိုးစေတော်မူမည်ဖြစ်သည်။ထို့နောက် အသင်တို့သည် မည်သို့ကျင့်မူကြသည်ကို ရှုစားတော်မူလိမ့်မည်ဟု ပြောကြားလေသည်။(ရကူ)

[130] ၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။

[131] သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။

[132] ၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။

[133] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။

[134] ၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။

[135] တဖန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်မှအပြစ်ဒဏ်ကို သတ်မှတ်ထားသည့်အချိန် ထိုအချိန်အထိ၎င်းတို့သည်ရောက်ကြရမည်ဖြစ်၏။ ဖယ်ရှား၍ ပေးတော်မူလိုက်သောအခါ ၎င်းတို့သည် ရုတ်တရက်(ချက်ချင်း) ကတိဖျက်ကြပြန်လေသည်။

[136] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား(အပြည့်အဝ) တုံ့ပြန်တော်မူခဲ့လေသည်။ သို့ပါ၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက်လည်းကောင်း၊ ထိုသက်သေလက္ခဏာတော်များကို (လုံးဝ) သတိမမူ လျစ်လျူရှု၍ နေခဲ့ကြသည့်အတွက် လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌ နှစ်မြှုပ်တော်မူခဲ့လေသတည်း။

[137] ၎င်းနောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ယူဆခြင်းခံခဲ့ကြရသော (အစ္စရာအီလီ) အမျိုးသားတို့အား အကြင်နယ်မြေဒေသ၏ အရှေ့ပိုင်းဒေသများ ကိုလည်းကောင်း၊ အနောက်ပိုင်း ဒေသများကိုလည်းကောင်း၊ စိုးပိုင်စေတော်မူခဲ့လေသည်။ ထိုနယ်မြေဒေသများတွင်ငါအရှင်မြတ်သည် မင်္ဂလာနှင့် ပြည့်စုံစေတော်မူခဲ့၏။ ၎င်းပြင်အစ္စရာအီလီအမျိုးသားတို့နှင့်ပတ်သက်၍ အသင့်အား မွေးမြူတော်မူသောအရှင်၏ အလွန် မွန်မြတ်လှသောကတိတော်သည်လည်း ၎င်းတို့သည်းခံခဲ့ကြသည့်အတွက်ကြောင့် ပြီးမြောက်အတည် ဖြစ်သွားချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြသောအရာများကိုလည်းကောင်း၊ မြင့်မားစွာ တည်ဆောက် ထားခဲ့ကြသောအဆောက်အအုံများကိုလည်းကောင်း၊ လုံးဝဖျက်ဆီးတော်မူခဲ့လေသည်။

[138] ထိုမှတစ်ပါး ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား သမုဒ္ဒရာပင်လယ်ကို ကူးကျော်ဖြတ်သန်း၍တစ်ဖက်ကမ်းသို့ ရောက်စေတော်မူခဲ့လေသည်။ ထို့နောက်၎င်းတို့သည် အကြင်လူမျိုးတို့ထံ ရောက်ရှိလာကြကုန်သည်။ထိုလူမျိုးတို့သည် မိမိတို့၏ရုပ်ပွားဆင်းတုများကို စွဲလမ်းလျက်ရှိကြ လေသည်။ မိမိတို့၏ရုပ်ပွားဆင်းတုများထံ ချဉ်းကပ်(ကိုးကွယ်)လျက် ရှိကြလေသည်။ (ထိုအခါ) ၎င်း (အစ္စရာအီလီအမျိုးသား) တို့က အို-(နဗီတမန်တော်)မူစာ၊ အသင်သည်ကျွန်ုပ်တို့အဖို့လည်း ၎င်းတို့၌ရှိကုန်သော ကိုးကွယ်ရာများကဲ့သို့ကိုးကွယ်ရာတစ်ဆူကိုပြုလုပ်၍ ပေးပါလော့ဟု ပြောဆိုကြလေသည်။ (ထိုအခါနဗီတမန်တော်)မူစာက(၎င်းတို့အား) အချင်းတို့၊ အသင်တို့သည် ဧကန်စင်စစ် (အလွန်တရာမျှ) အသိတရား ကင်းမဲ့ကြကုန်သော သူမိုက်များပင် ဖြစ်ကြကုန်သည်ဟုပြောဆိုခဲ့လေ၏။

[139] ဧကန်မလွဲ ၎င်းတို့ လုံးပန်းလျက်ရှိကြသောအမှုကိစ္စများသည် ဖျက်ဆီးခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့ပြုလျက်ရှိကြသော အမှုကိစ္စများသည်(လုံးဝ) အချည်းနှီး (အခြေအမြစ်မရှိသော) ကိစ္စများသာ ဖြစ်ကုန်၏။

[140] (နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။

[141] ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)

[142] ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။

[143] ၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။

[144] (ထိုအခါအလ္လာဟ်)အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ အို-(နဗီတမန်တော်) မူစာ၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူအများပေါ်၌ မိမိရစူလ်တမန်တော်အဖြစ်ကို ချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ ငါအရှင်မြတ်သည် အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ ရွေးချယ်မြှောက်စားတော်မူ လိုက်ပြီ။ သို့ဖြစ်ပေရာ အသင်သည် အသင့်အား ငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင်အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင် အပါအဝင်ဖြစ်ပါလေ။

[145] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(တမန်တော်မူစာ)အား (သာသနာရေးတွင်မုချလိုအပ်သည့်)အလုံးစုံသောအဆုံးအမ ဩဝါဒများကိုလည်းကောင်း၊ (အမိန့်ပညတ်များနှင့်ပတ်သက်၍) အရာခပ်သိမ်းတို့၏ ရှင်းလင်းချက်ကိုလည်းကောင်း၊ ၎င်းကျောက်သင်ပုန်းများတွင် ရေးမှတ်၍ ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် မူစာ)အသင်သည် ၎င်းကို မြဲမြံစွာစွဲကိုင်၍ ထားပါလေ။ ၎င်းပြင်အသင်သည် မိမိအမျိုးသားတို့အား ယင်းဩဝါဒတော်များအနက်မှ အကောင်းဆုံးများကို(စွဲမြဲစွာ)လိုက်နာကြရန် ဆင့်ဆိုပါလေ၊ မကြာမြင့်မီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်တော် မနာခံသောသူတို့၏ နေရာဌာနကို ပြသတော်မူအံ့။

[146] ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည် သက်သေလက္ခဏာအလုံးစုံကို တွေ့မြင်ကြသည့်တိုင်အောင် ထိုသက်သေလက္ခဏာတို့ကို ယုံကြည်ကြမည်မဟုတ်ပေ။ ၎င်းပြင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို တွေ့မြင်ကြသော်လည်း ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြမည် မဟုတ် ပေ။ သို့ရာတွင်၎င်းတို့သည် အကယ်၍ မဖြောင့်မမှန် ကွေ့ကောက်သောလမ်းကို တွေ့မြင်ကြပါမူ ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ်ပြုလုပ်ကြပေမည်။ ဤ(သို့လမ်းလွဲခြင်း)မှာကား ၊ ယင်းသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ သက်သေလက္ခဏာတော်များကို အလေးမမူ ဂရုမစိုက်လျစ်လျူရှုခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။

[147] အမှန်သော်ကား အကြင်သူတို့သည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကိုလည်းကောင်း၊ နောင်တမလွန်ဘဝနှင့် တွေ့ကြုံကြရမည်ကိုလည်းကောင်း၊ မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ ပြုမူသမျှတို့သည် အချည်းနှီးပင်ဖြစ်သွားချေပြီ။ ၎င်းတို့သည် မိမိတို့ ပြုကျင့်ကြသည်များကိုသာ အစားပေးခြင်း ခံကြရမည်။(ရကူ)

[148] ၎င်းပြင် (နဗီတမန်တော်)မူစာ၏အမျိုးသားများသည် ထို(နဗီတမန်တော်)မူစာ (သည် အလ္လာဟ်အရှင်မြတ်ချိန်းချက်တော်မူသည့်အတိုင်း တောင်ရာတ်ကျမ်းကိုယူရန်၎င်းတို့အားထား၍ ထွက်ခွာသွားပြီး)နောက်တွင် မိမိတို့၏လက်ဝတ်လက်စားများဖြင့် နွားငယ်ကလေး ခန္ဓာကိုယ် သဏ္ဍာန်ကိုပြုလုပ်ကြလေသည်။ ထိုနွားငယ်၏ ခန္ဓာကိုယ်အတွင်း၌ အသံတစ်မျိုးရှိခဲ့၏။ ထိုနွားငယ်သည် ၎င်းတို့နှင့်စကားလည်း မပြော၊၎င်းတို့အား မည်သည့်လမ်းကိုမျှလည်း မညွှန်နိုင်သည်ကို ၎င်းတို့ မသိကြလေသလော။ ၎င်းတို့သည် ယင်းနွားငယ်ကိုပင် (ကိုးကွယ်ရာ)ပြုလုပ်ခဲ့ကြလေသည်။ ၎င်းပြင် ယင်းသူတို့သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်)မတရားနှိပ်စက် ညှဉ်းပန်းသူများဖြစ်သွားခဲ့ကြကုန်သတည်း။

[149] ထို့ပြင် ၎င်းတို့သည် ဝမ်းနည်းပက်လက်ဖြစ် ၍မိမိတို့သည် လမ်းမှားနေကြပြီဖြစ်ကြောင်း သိမြင်ကြသောအခါ(ဤသို့ညည်းညူမြီတမ်းပြောဆိုကြကုန်၏။) အကယ်၍ ငါတို့၏အရှင်မြတ်သည် ငါတို့အား သနားကြင်နာတော်မမူခဲ့ပါလျှင်(အပြစ်)မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူခဲ့ပါလျှင် ဧကန်မလွဲ ငါတို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြရတော့မည်။

[150] ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့ထံသို့ အမျက်ထွက်လျက် (ဝမ်းနည်း ပူဆွေးစွာ)ပြန်လာခဲ့သောအခါ အသင်တို့သည် ငါမရှိသည့်နောက် ငါ၏ကွယ်ရာ၌ ပြုမူခဲ့ကြသည်မှာ အလွန်ဆိုးယုတ်လှပေတကား။အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်(မရောက်မီ)အလျင်တဆော ပြုခဲ့ကြလေသလောဟုပြောကြားလေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) မူစာသည်သင်ပုန်းများကို (တစ်ဖက်တွင်)ချထားခဲ့လေသည်။ ထို့နောက်မိမိနောင်တော်(နဗီတမန်တော်ဟာရူန်၏)ဦးခေါင်းကို ဆွဲကိုင်၍ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။ (ထိုအခါ)ထိုနောင်တော် (နဗီတမန်တော်ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်)ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် ငါ့အားသတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ပေရာအသင်သည် ငါ့အပေါ်၌ ရန်သူများ ဝမ်းသာ အားရဖြစ်အောင်မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ဘောင်အတွင်းသို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။

[151] (ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာဆုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)

[152] ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင် အမျက်ဒေါသသည်လည်းကောင်း၊ ဂုဏ်သရေနိမ့်ကျခြင်းသည်လည်းကောင်း၊ သက်ရောက်မည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကြံဖန်စွပ်စွဲသူတို့အား ဤနည်းအတိုင်းပင် အပြစ်ပေးတော်မူသည်။

[153] သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။

[154] ထု့ိနောက်(နဗီတမန်တော်)မူစာ၏ဒေါသပြေငြိမ်းသွားလေသောအခါ ထိုတမန်တော်(မူစာ)သည် သင်ပုန်းကြီးကို ကောက်ယူလေသည်။ အမှန်သော်ကား[ထိုရေးသား၍ထားသောသင်ပုန်းများတွင်] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သောသူတို့အဖို့တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတရားသည်လည်းကောင်း၊ ပါရှိခဲ့လေသတည်း။

[155] ္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် မြေငလျင်ဘေးသင့်၍ပျက်စီးသွားသောအခါ (ထိုနဗီတမန်တော်) မူစာက (ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤအတိုင်းသာ)အလိုရှိတော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေတော်မူပြီးဖြစ်အံ့။ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သောအချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုတစ်ရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အရှင်မြတ်သည် မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာအရှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ ရောက်စေတော်မူ၏။ အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အဝဝတို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း။

[156] ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။ (ထိုအခါ)အရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအပြစ်ဒဏ်ကို မိမိအလိုရှိတော်မူသောသူ၏အပေါ်၌သာလျှင် သက်ရောက်စေတော်မူ၏။ သို့ရာတွင် ငါအရှင်မြတ်၏ ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိချေပြီ။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုကရုဏာတော်ကို ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြသည့်ပြင် ဇကာတ်ခေါ် တရားဝင်ဒါနကြေးကို ပေးဆောင်သော သူတို့အဖို့လည်းကောင်း၊ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့ကို ယုံကြည်သော သူတို့အဖို့လည်းကောင်း၊ မုချ သတ်မှတ်ပြဌါန်းတော်မူပေအံ့။

[157] အကြင်သူတို့သည် အကြင်စာပေမတတ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကို မိမိတို့ထံရှိ တောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီး ဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တားလေသည်။ ၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါး ထိုသူတို့အပေါ်၌(ယခုတိုင်အောင်) တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ (အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ် နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့ သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။(ရကူ)

[158] (အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိချေသည်။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အသျှင်ဟူ၍ အလျင်းမရှိပြီ။ထိုအရှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်သာလျှင် အသက်သေစေတော် မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသောရစူလ်နဗီတမန်တော်အားလည်းကောင်း၊ ယုံကြည်ကြလေကုန်။ထိုရစူလ်နဗီ တမန်တော်မြတ်သည်( မိမိကိုယ်တိုင်လည်း)အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကိုလည်းကောင်း၊ ယုံကြည်လေသည်။ ၎င်းပြင် အသင်တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့်တော်များ)ကိုလိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိတန်ကြရာသည်။

[159] ၎င်းပြင် (နဗီတမန်တော်)မူစာ၏ အမျိုးသားတို့တွင် လူတစ်စုရှိသည်။ ၎င်းတို့သည် (သူတစ်ပါးတို့အားလည်း)မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြလေသည်။ ထိုပြင် မိမိတို့ကိုယ်တိုင်လည်း ထိုမှန်ကန်သော တရားဓမ္မနှင့်အညီစီရင်ဆုံးဖြတ် ကြကုန်သတည်း။

[160] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မျိုးနွယ်ဆယ့်နှစ်သွယ်ခွဲ၍ အုပ်စုအသီးသီးသီး ပြုလုပ်ပေးတော်မူခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာ၏ထံသို့ ထို(နဗီတမန်တော်)မူစာ၏ အမျိုးသားတို့က (သောက်သုံးရန်)ရေကိုတောင်းကြသောအခါ၊ ငါအရှင်မြတ်သည် မူစာထံသို့ (အိုမူစာ)အသင်သည် မိမိလှင်ကန်ဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ ဟူ၍ အမိန့်တော်ထုတ်ပြန်တော်မူခဲ့လေသည်။ သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော်မူစာသည် ကျောက်တုံးကို)ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်း(ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကိုအသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်(မွတ်သိပ်ဆာလောင်ခြင်းမှကင်းစိမ့်သောငှာ)မန္န (ဟူသောစားဖွယ်)ကိုလည်းကောင်း၊ စလ်ဝါ (ခေါ်ငုံးသတ္တဝါ)ကိုလည်းကောင်း၊ ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။ အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့်ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအရှင်မြတ်အားညှဉ်းပန်းနှိပ်စက်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကို မိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြလေသတည်း။

[161] ၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင် မိမိတို့နှစ်သက်ရာနေရာများမှ စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဟစ်တ်တွတွန် (ကျွန်တော်မျိုးတို့အား အပြစ်မှချမ်းသာခွင့် ပေးသနားတော်မူပါ)ဟု ရွတ်ဆိုကာ (ငါအရှင်မြတ်အား ခယ ရိုကျိုးသောအားဖြင့်) မြို့၏တံခါးပေါက်သို့ ဝပ်တွား၍ ဝင်ကြလေကုန်။(အသင်တို့သည် ဤ အမိန့်တော်အတိုင်း လိုက်နာကြပါမူဧကန်စင်စစ်) ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏မှားယွင်းမှုများကို ခွင့်လွှတ်တော်မူသည့်ပြင် (အသင်တို့အနက်)ကောင်းမှု ပြုသူတို့ကိုမူကား ဆထက်တိုး၍ပင် ချီးမြှင့်တော်မူအံ့။

[162] သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)

[163] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား သမုဒ္ဒရာပင်လယ်ဆိပ်ကမ်းရှိ မြို့ရွာ(နေလူတို့)နှင့်ပတ်သက်၍ မေးမြန်းပါလေ။ အကြင် အခါဝယ် ထိုသူတို့သည်စဗ်တ် နေ့နှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ကြလေသည်။အကြင်အခါဝယ် ၎င်းတို့၏ (သမုဒ္ဒရာမှ) ငါးများသည် ၎င်းတို့ထံသို့ ၎င်းတို့၏ စဗ်တ်နေ့တွင် (ရေပေါ်သို့) ထွက်ပြူ၍လာကြလေသည်။ သို့ရာတွင် စဗ်တ် မဟုတ်သောနေ့တွင်မူထိုငါးများသည် ၎င်းတို့ ထံသို့လာကြသည်မရှိချေ။ ထိုကဲ့သို့ပင်ငါအရှင်မြတ် သည် ၎င်းတို့အား ၎င်းတို့ ဖီဆန်လေ့ရှိခဲ့ကြသည့်အတွက် စမ်းသပ်တော်မူခဲ့လေသတည်း။

[164] တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။

[165] တဖန် ထိုသူတို့သည် မိမိတို့သတိပေးခြင်း ခံကြရသောအမှုကိစ္စကို မေ့လျက်ပင်ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုတို့မှ မြစ်တားလျက်ရှိကြသူတို့အား ကယ်ဆယ်တော်မူ၍ မတရားကျူးလွန်သောသူတို့ကိုမူ ၎င်းတို့သည်သွေဖည်လျက် ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့်ဖမ်းဆီးတော်မူခဲ့လေသတည်း။

[166] သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။

[167] ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်သတိရပါလေ)။ အခါတစ်ပါး၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်(ဤသို့)ကြေငြာတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အကြင်ကဲ့သို့သောသူများကို ကိယာမတ် နေ့တိုင်အောင် မလွဲဧကန် လွှမ်းမိုးစေတော်မူအံ့။ ထိုသူများသည် ပြင်းထန်လှသောပြစ်ဒဏ်ကို၎င်းတို့၌ သက်ရောက်ကြစေအံ့။ ဧကန်မလွဲ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန် လျင်မြန်စွာအပြစ်ပေးတော်မူသောအသျှင်ဖြစ်တော် မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် မုချစင်စစ် အလွန်ချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။

[168] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။

[169] တစ်ဖန် ၎င်းတို့မရှိသည့်နောက်တွင် အကြင်ယုတ်မာသော သားမြေးတို့က (၎င်းတို့၏)ရိုက်ရာ ဆက်ခံခဲ့ကြကုန်၏။ ထိုသူတို့သည် ကျမ်းဂန်ကို အမွေရယူခဲ့ကြကုန်၏။(သို့ရာတွင်) ၎င်းတို့သည် (ထိုကျမ်းဂန်လာ ဒေသနာတော်များ၏အစား) ဤလောကီပစ္စည်းများကို ယူကြလေသည်။ ထို့ပြင်၎င်းတို့က ကျွန်ုပ်တို့သည် (ဤကျမ်းဂန်လာ ဒေသနာတော်များကို ရောင်းစားခဲ့ကြသည့်အပြစ်မှ) မုချချမ်းသာခွင့် ပေးသနားတော်မူခြင်းခံကြရပေမည် ဟူ၍လည်း ပြောဆိုကြသေး၏။စင်စစ်သော်ကား ၎င်းတို့သည် အကယ်၍ (ယခုတဖန်) ထိုကဲ့သို့သော ဥစ္စာပစ္စည်းများသည် ၎င်းတို့ထံရောက်လာပါလျှင်ထိုပစ္စည်းများကို ယူကြဦးမည်သာတည်း။ (တောင်ရာတ်)ကျမ်းတော်တွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မှန်ရာကိုသာပြောဆိုကြရန် ၎င်းတို့ထံမှ ပဋိညာဉ်ယူထားပြီးဖြစ်သည်သာမက ၎င်းတို့သည် ယင်းကျမ်းဂန်လာ အမိန့်တော်များကိုဖတ်ခဲ့ပြီးလည်းဖြစ်ကြသည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ သုခချမ်းသာသည်(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသော(အားဖြင့် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်ကြကုန်သော)သူတို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့ပါလျက်အသင် တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။

[170] အကြင်သူတို့သည် ကျမ်းဂန် ဒေသနာတော်ကိုတည်ကြည်စွဲမြဲစွာ စောင့်ထိန်းကြ၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုခြင်းကိုလည်း အမြဲမပြတ် ဆောက်တည်ကြ၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) ပြုပြင်ကြကုန်သောသူတို့၏ အကျိုးကျေးဇူးကို ပျက်စီးစေတော်မူမည် မဟုတ်ပေ။

[171] ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)

[172] ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။

[173] သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။

[174] အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။

[175] ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။

[176] စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။

[177] အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။

[178] အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်တရားလမ်းမှန်ကို ညွှန်ပြတော်မူအံ့။ ထိုသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်အံ့။ သို့ရာတွင် အကြင်သူအား ထိုအရှင်မြတ်သည်လမ်း မှားသို့ရောက်စေတော်မူအံ့။ ထို(ကဲ့သို့) သူတို့သည်သာလျှင် နစ်နာဆုံးရှုံးမည့်သူများ ဖြစ်ကြလတ္တံ။

[179] ၎င်းပြင် ငါအရှင်မြတ်သည် ငရဲဘုံအတွက် လူနှင့် ဂျင်န်များအနက် မြောက်မြားစွာသောသူများကို ဖန်ဆင်းပေးထားတော်မူ၏။ ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် (စဉ်စားဆင်ခြင်နားလည်ခြင်း မရှိကြချေ။) ထိုသူတို့၌ စက္ခုအာရုံများကားရှိ၏။သို့သော် ထိုသူတို့သည် ယင်းစက္ခုအာရုံများဖြင့် မမြင်ကြချေ။ထိုသူတို့၌ သောတာရုံများရှိ၏။ သို့သော် ထိုသူတို့သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရစ္ဆာန်များနှင့်တူကြသည်သာမက တိရစ္ဆာန်များထက်ပင် လွန်စွာမိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည်(မိမိတို့၏တာဝန် ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်သတည်း။

[180] စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်၌ကောင်း မြတ်သောနာမံတော် (ဂုဏ်တော်)များ ရှိကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ယင်းနာမံတော်များဖြင့်သာ တသကြလေကုန်။ [(တစ်နည်း) ဆုတောင်းပတ္ထနာ ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏နာမံတော်များနှင့်စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို ပစ်ပယ်စွန့်ပစ်၍ထားကြလေကုန်။] ၎င်းတို့သည် မကြာမြင့်မီကာလတွင် မိမိတို့၏အပြုအမူများနှင့်စပ်လျဉ်း၍ အစားပေးခြင်းကိုခံကြရလတ္တံ။(တစ်နည်း)၎င်းပြင် ကောင်းမွန်မြင့်မြတ်သော(သီးသန့်)နာမံတော်များသည် အလ္လာဟ်အရှင်မြတ်၌(သီးခြား)ရှိသည်။သို့ဖြစ်ရာ အသင်တို့သည် ထိုနာမံတော်များနှင့် ထိုအရှင်မြတ်ကိုသာလျှင် တသကြကုန်။ (ထိုနာမံတော်များဖြင့် သူတစ်ပါးတို့ကိုမခေါ်ဝေါ်ကြကုန်လင့်။) ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော်များနှင့်ပတ်သက်၍ တိမ်းစောင်းရွေ့ပါး ပြစ်မှားသူတို့ကို စွန့်ပယ်ထားကြကုန်။ ၎င်းတို့သည် မကြာမီအတွင်းမိမိတို့၏ အပြုအမူများနှင့်စပ်လျဉ်း၍ အပြစ်ဒဏ်ပေးခြင်းခံကြရလိမ့်မည်။

[181] ၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)

[182] ၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။

[183] အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။

[184] ၎င်းတို့သည် မိမိတို့၏အဖော် (နဗီတမန်တော်မုဟမ္မဒ်သခင်) ၌ရူးသွပ်ခြင်းသည် လုံးဝမရှိကြောင်း၊ ၎င်းသည်ထင်ရှားစွာသော အသိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်ကြောင်း ကောင်းမွန်စွာ ဆင်ခြင်သုံးသပ်ခဲ့ကြသည် မရှိလေသလော။

[185] ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသော (သက်ရှိသက်မဲ့)အရာဝတ္ထု အလုံးစုံတို့ကိုလည်းကောင်း၊ မိမိတို့ (သေဆုံးရန်)သတ်မှတ်ထား ပြီးဖြစ်သောကာလ အပိုင်းအခြားသည် နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊ မတွေးမမြင်မဆင်ခြင် မသုံးသပ်ကြလေသလော။ ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက် မည်သည့်စကားကို ယုံကြည်ကြပါဦးမည်နည်း။

[186] အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအံ့။ ထိုသူ၌ တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ အလျင်းရှိတော့မည် မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝေ့လည်လည် ဖြစ်စေလျက် စွန့်ပစ်၍ထားတော်မူအံ့သတည်း။

[187] ၎င်းတို့သည် (ပြက်ရယ် ပြောင်လှောင်သောသဘောနှင့်) အသင့်အား ကိယာမတ်ရှင်ပြန်ထမည့်နေ့ နှင့်စပ်လျဉ်း၍ ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့သည် မည်သည့်အချိန်အခါ၌ ဆိုက်ရောက်မည်နည်း ဟု မေးမြန်းကြကုန်၏။အသင်သည် ၎င်းတို့အား (ဤသို့)ဖြေကြားပါလေ၊ (အိုအချင်းတို့) ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်းသောအသိကား ငါ၏အရှင်မြတ် ထံတော်၌သာလျှင်ရှိ၏။ ထိုအရှင်မြတ်သည်သာလျှင် ယင်းကိယာမတ်နေ့ကို ထိုကိယာမတ်(ဆိုက်ရောက်မည့်)အချိန်ကာလတွင် ပေါ်လွင်ထင်ရှားစေ တော်မူအံ့။ထိုကိယာမတ်(ဆိုက်ရောက်ခြင်းသည်)မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အလွန်လေးလံ (ကြီးကျယ်လှသောကိစ္စတရပ်ဖြစ်)၏။ ယင်းကိယာမတ်သည် အသင်တို့ထံ ရုတ်တရက် ရှောင်တခင် အားဖြင့်သာ ဆိုက်ရောက်လာပေမည်။ ၎င်းတို့သည် အသင့်အား ထိုကိယာမတ်နှင့် စပ်လျဉ်း၍အသင်သည် ကောင်းမွန်စွာ လေ့လာစူးစမ်းပြီး ဖြစ်ဘိသကဲ့သို့ပင် မေးမြန်းကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (အို-အချင်းတို့) ထိုကိယာမတ်နှင့် စပ်လျဉ်းသော အသိကား။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင်ရှိ၏။ သို့ရာတွင် အများဆုံးသောသူတို့မူကား (ဤမျှ လောက်ပင်) မသိနားမလည်ကြပြီတကား။

[188] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)

[189] ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။

[190] သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။

[191] ၎င်းတို့သည် အကြင် သို့သောအရာများကို(အလ္လာဟ်အရှင်မြတ်နှင့်)ယှဉ်တွဲကိုးကွယ်ကြသလော။ ထိုအရာများသည် တစ်စုံတစ်ရာကိုမျှ ဖန်ဆင်းနိုင်ကြသည်မရှိသည့်ပြင်မိမိတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်း ခံကြရပေသည်။

[192] ထိုမှတစ်ပါး ယင်းတို့သည် ထိုသူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက မိမိတို့ ကိုယ်တိုင်လည်း(လုံးဝ) ကူညီရိုင်းပင်း နိုင်ကြသည် မဟုတ်ပေ။

[193] ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အားမှန်ကန်သောတရားလမ်းသို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို့သည် အသင်တို့နောက်သို့ လိုက်နိုင်ကြမည် မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်တို့သည် ၎င်းတို့အား ဟစ်ခေါ်ကြသည်ဖြစ်စေ၊ ဆိတ်ဆိတ်နေကြသည်ဖြစ်စေ၊ (မည်သို့မျှ) အကြောင်းမထူးပေ။

[194] ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍သာ ဟုတ်တိုင်းမှန်ရာ ပြောဆိုသူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းတို့အားဟစ်ခေါ်ကြလေကုန်။ တစ်ဖန်4င်းတို့သည် (လည်း)အသင်တို့အား ပြန်၍ထူးကြပါစေ။

[195] ၄င်းတို့၌ လမ်းလျှောက်နိုင်ကြရန် ခြေများရှိကြကြလေသလော။ သို့မဟုတ် ၎င်းတို့တွင် (တစ်စုံတစ်ရာ)ကိုကိုင်တွယ်နိုင်ကြရန် လက်များရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြည့်မြင်နိုင်ကြရန် မျက်စိများရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြားနိုင်ရန် နားများရှိကြလေသလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည်(အလ္လာဟ်အရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက်ကိုးကွယ်လျက် ရှိကြကုန်သော) မိမိတို့၏တွဲဖက်ကိုးကွယ် ရာတို့ကို ခေါ်ယူကြလေကုန်။ ထို့နောက် အသင်တို့သည် ငါ့အားဆိုင်းငံ့ခွင့်မပေးပဲ(၎င်းတို့နှင့်ပူးပေါင်းကာ) ငါနှင့်ဆန့်ကျင်၍ ကြံစည်ကြလေကုန်။

[196] ဧကန်စင်စစ် (ငါ့ထံသို့)ကျမ်းဂန်ဒေသနာတော်ကို ချပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင်ငါ့အား ကာကွယ်စောင့်ရှောက်တော်မူသော အဆွေခင်ပွန်းဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် သူတော်ကောင်းအပေါင်းတို့ အားလည်း ကာကွယ်စောင့်ရှောက်တော်မူပေသတည်း။

[197] သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်တမ်းတ)ကြကုန်သော သူတို့မှာမူကား အသင်တို့အားလည်း ကူညီနိုင်ကြသည် မဟုတ်ပေ။မိမိတို့ ကိုယ်များကိုလည်း (မိမိတို့)ကူညီနိုင်ကြသည် မဟုတ်ချေ။

[198] ထိုမှတစ်ပါး အသင်တို့သည် အကယ်၍ ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို ့သည်(အသင်တို့ဖိတ်ခေါ်သည်ကိုပင်) ကြားနိုင်ကြမည် မဟုတ်ချေ။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ယင်းမမှန်သော(ကိုးကွယ်ရာ)များအား မိမိဘက်သို့ကြည့်နေဘိသကဲ့သို့ တွေ့မြင်နေရသော်လည်း စင်စစ်မူကား ၎င်းတို့သည် (အလျင်း)ကြည့်မြင်နိုင်ကြသည် မဟုတ်ပေ။

[199] (အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။

[200] ထို့ပြင် အကယ်၍ ရှိုင်တွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေးချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ါမူ အသင်သည်(ချက်ချင်းပင်)အလ္လာဟ် ရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ (ရယူ)ပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်တည်း။

[201] မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။

[202] သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။ ထို့နောက် ၎င်းတို့သည်(ထိုကဲ့သို့ ဆွဲငင်ခေါ်ယူခြင်းကို)ရပ်စဲကြ သည်မဟုတ်ပေ။ (မိုက်မြဲတိုင်း ဆက်လက်မိုက်လျက်ရှိကြကုန်သတည်း။)

[203] ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။

[204] ၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ် သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာ တော်ကို ခံစားကြရလတ္တံ။

[205] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်နံနက်မိုးသောက်ယံ၌လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ မိမိကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အားမိမိစိတ်နှလုံးတွင်းဝယ် နိဝါတတရားထားရှိ၍ ကြောက်ရွံ့ရိုသေလျက် ကျယ်လောင် စွာမဟုတ်သည့်အသံဖြင့် အောက်မေ့တသသတိရပါလေ။ ထို့ပြင် အသင်သည် အလေးမမူဂရုမပြု ပမာမထားသောသူတို့တွင် အပါအဝင် မဖြစ်ပါလင့်။

[206] ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အပါးတော်၌ရှိသူ (မလာအိကဟ်) အပါးတော်စေတမန်တို့သည် ထိုအရှင်မြတ်အား ခဝပ်ခြင်းကို မပြုဘဲမာန်မာန ထောင်လွှားကြသည်မဟုတ်ချေ။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို မြွက်ဆိုကြသည့်ပြင်၊ ၎င်းတို့သည် ထိုအရှင်မြတ်အားသာလျှင်ပျပ်ဝပ်ဦးချ၍ နေကြကုန်သတည်း။

စစ်ပစ္စည်းများ

Surah 8

[1] (အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား(စစ်မက်တိုက်ခိုက်ရာ၌ရရှိသော)လက်ရပစ္စည်း တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်သည်။ အသင်သည်(၎င်းတို့အားဤသို့)ဖြေကြားပါလေ။ (အို-ငါ၏တပည့်သာဝကအပေါင်းတို့)လက်ရပစ္စည်းတို့သည်(စင်စစ်အားဖြင့်)အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော် ပိုင်ဆိုင်တော်မူသောပစ္စည်းများပင်တည်း၊ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်သည် မိမိတို့အချင်းချင်း၏ အခြေအနေကို ပြုပြင်ကြလေကုန်။ ထိုမှတစ်ပါး အသင်သည် အကယ်၍ မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်၊အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ လိုက်နာကြလေကုန်။

[2] အကြင်သူတို့သည်သာလျှင် မုအ်မင်န် သက်ဝင်ယုံကြည်သူ (အစစ်အမှန်များ) ဖြစ်ကြကုန်၏။ (၎င်းတို့ရှေ့ဝယ်)အလ္လာဟ်အရှင်မြတ်အားသတိရခဲ့လျှင်၊ ၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့်သွားကြကုန်၏။ ထို့ပြင် အကယ်၍ ၎င်းတို့ရှေ့၌ ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားခဲ့ပါမူ၊ ထိုအာယတ်တော်များသည် ၎င်းတို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏ကိစ္စအဝဝ၌) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွှဲအပ်ကြကုန်သတည်း။

[3] အကြင်သူတို့သည် ဆွလာတ် ဝတ်ပြုမှုကို အမြဲမပြတ် ဆောက်တည်ကြကုန်၏။ ထို့ပြင် ၎င်းတို့အား ငါအရှင်မြတ်ချီး မြှင့်ပေးသနားတော် မူသည်များအနက်မှ(လှူဒါန်း)သုံးစွဲကြကုန်သတည်း။

[4] ဤသူများပင် မုအ်မင်န် သက်ဝင်ယုံကြည်သူအစစ်အမှန်များ ဖြစ်ကြကုန်၏။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌(မြင့်မြတ်လှသော) အဆင့်အတန်းများသည် လည်းကောင်း၊ (အပြစ်များမှ)လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မင်္ဂလာနှင့်ပြည့်စုံသော (ဂုဏ်ရှိသော) ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။

[5] အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မှန်ကန်စွာဆုံးဖြတ်၍ အသင့်ကို အသင်၏အိမ်မှထွက်စေတော်မူသကဲ့သို့ပင်။ စင်စစ် သော်ကား(ထိုအချိန်ကလည်း) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်မှ လူတစ်စုသည်(ယင်းသို့ထွက်ကြရသည်ကို)မနှစ်သက်မလိုလား ခဲ့ကြချေ။

[6] ၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့်စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍(မရဏသေခြင်းတရားကို မျက်ဝါးထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။

[7] ၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။

[8] (သို့ရည်စူးတော်မူခြင်းကား) အပြစ်ရှိသူတို့သည်နှစ် သက်ကြမည်မဟုတ်သော်လည်း အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ အမှားသည် အမှားပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ ဖြစ်ပေသတည်း။

[9] (ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျက်ရှိကြလေသည်။ ၎င်းနောက် ထိုအရှင်မြတ်သည်အသင်တို့၏ ပန်ကြား ချက်ကို (လက်ခံတော်မူ၍) ဧကန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်)လာကြမည်ဖြစ်သော မလာအိကဟ်ကောင်းကင်တမန်တစ်ထောင်ဖြင့် ကူညီစောင်မတော်မူမည်ဟု ပြန်ကြားတော်မူခဲ့လေသတည်း။

[10] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)

[11] (ပြန်လည်၍သတိရရှိကြလေကုန်)။ အခါ တစ်ပါး၌ ထိုအရှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး)ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အား သန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏စိတ်နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင်တို့၏)ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သော ငှာလည်းကောင်း၊ ရွာသွန်းစေလျက်ရှိတော်မူခဲ့ချေသတည်း။

[12] (ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။

[13] ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[14] သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန် မလွဲ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်ကုန် သောသူတို့ခံစားအံ့သောငှာဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် အဆင်သင့်ရှိသည် (ကိုလည်းကောင်းစွာ မှတ်ယူကြလေကုန်။)

[15] အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။

[16] အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။

[17] အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[18] ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။

[19] (အို-မက္ကာမြို့သား ကာဖိရ်အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကိုရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေပြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်)ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်သည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထပ်မံ၍ ပြုလုပ်ကြပါမူ ငါအင်မြတ်သည်လည်း ထပ်မံ၍ ပြုလုပ်တော်မူအံ့။ ထိုအခါ အသင်တို့၏အုပ်စုသည် မည်မျှပင်များပြားသော်လည်း အသင်တို့အဖို့ အနည်းငယ်မျှပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲမုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်အတူ ရှိတော်မူသည်(ကိုလည်း ကောင်းစွာ သတိပြုကြလေကုန်)။(ရကူ)

[20] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်တော်(များ)မှ လွှဲဖယ်မသွားကြကုန်လင့်။

[21] ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်။ ထိုသူများသည် ကျွန်တော်မျိုးတို့ ကြားကြပါပြီ ဟု ပြောဆိုခဲ့ကြလေသည်။ စင်စစ်မူကား ၎င်းတို့သည်(တစ်စုံတစ်ရာကိုမျှ) ကြားကြသည်မဟုတ်ပေ။

[22] း22| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တဝါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တဝါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တဝါတို့သည်ကား (မည်သည့်တစ်စုံတစ်ရာကိုမျှ) မသိနားမလည် ကြချေ။

[23] အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။

[24] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။

[25] ၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။

[26] း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။

[27] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။

[28] ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့်သားသ္မီးများသည် စမ်းသပ်မှုတရပ်သာလျှင်ဖြစ်သည်ကို လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သောအကျိုးဆုလာဘ်သည် ဧကန်စင်စစ်ရှိသည်ကိုလည်းကောင်း၊အသင်တို့ (ကောင်းစွာ) သိထားကြလေကုန်။(ရကူ)

[29] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။

[30] ၎င်းပြင် (အို-နဗီတမန်တော် အသင်သည် ပြန်လည်၍ သတိရပါလေ။) အကြင်အခါ၌ ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့် ပတ်သက်၍အသင့် အား ဖမ်းဆီးချုပ်နှောင် ကြရန်သော်လည်းကောင်း၊အသင့်အား သတ်ဖြတ်ကြ ရန်သော်လည်းကောင်း၊ အသင့်အား(မက္ကဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျို့ဝှက်စွာကြံစည်လျက်ရှိကြကုန်၏။ (ထိုစဉ်အခါဝယ်)၎င်းတို့သည် (မိမိတို့၏ အကြံအစည်များကို) ကြံစည်လျက် ရှိကြလေသည်။အလ္လာဟ်အရှင်မြတ်သည်လည်း (မိမိအကြံအစည်ကို)ကြံစည်လျက် ရှိတော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးကြံစည်နိုင် တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[31] စင်စစ်သော်ကား ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ကျမ်းဂန်လာ ဒေသနာတော်များကို ရွတ်ဖတ်၍ ပြခဲ့ပါလျှင်၊၎င်းတို့က ငါတို့သည် အမှန်ပင် (ဤသည်တို့ကို အဖန်တလဲလဲ)ကြားခဲ့ဖူးကြချေပြီ။ ငါတို့သည် အလိုရှိလျှင် ငါတို့သည်လည်းဤအတိုင်းပင် ဧကန်မလွဲ (စီကုံး)ပြောဆိုနိုင်ကြပေသည်။ ဤသည်ကား ရှေးသူတော်ကောင်းတို့၏ ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည် ဟုပြောဆိုကြကုန်သတည်း။

[32] တစ်ဖန် (အသင်သည် ၎င်းတို့အား သတိရစေပါလေ။) တစ်ရံရောအခါဝယ် ၎င်းတို့က အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(မုက္ခပါဌ်တော်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အဟုတ်အမှန် ဖြစ်ခဲ့ပါလျှင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့ အပေါ်၌ ကျောက်ခဲများကို မိုးကောင်းကင်မှရွာသွန်းစေတော်မူပါ။ သို့တည်းမဟုတ် အလွန်ပြင်းပြ နာကျင်ဖွယ်သော အခြားပြစ်ဒဏ် တစ်စုံတစ်ရာကို ကျွန်တော်မျိုးအပေါ်၌ ကျရောက်စေတော်မူပါ ဟု ပြောဆိုလျှောက်ထားခဲ့ကြလေသည်။

[33] အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် အသင်(နဗီတမန်တော်)ရှိနေစဉ် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ပြစ်မှုဒုစရိုက်တို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုပန်လျက် ရှိနေခိုက်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ချေ။

[34] သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (လုံးဝ)အပြစ်မပေးတော်မူရန် မည်သည့်အကြောင်း ရှိချေသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော် (တွင်ဝတ်ပြုခြင်းတို့)မှ တားဆီးကြလေသည်။ စင်စစ်မူကား ၎င်းတို့သည် ထိုဗလီကျောင်းတော်ကိုစောင့် ရှောက်သောဂေါပကလူကြီးများလည်း မဟုတ်ကြချေ။မွတ္တကီ သူတော်စင်များသည်သာလျှင် ထိုဗလီကျောင်းတော်ကို အုပ်ထိန်းသူများ ဖြစ်နိုင်ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့ကား (ဤမျှပင်) မသိနားမလည်ကြချေ။

[35] စင်စစ်သော်ကား(သန့်စင်သော)အိမ်တော်(ဝါ)ကအ်ဗဟ်ကျောင်းတော်၏အပါးတွင် ၎င်းတို့၏ ဆွလာတ်ဝတ်ပြုမှုသည် လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းမျှသာ ဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ မယုံမကြည်သွေဖည်ငြင်းပယ်မှုကြောင့် ပြစ်ဒဏ်(၏ ရသာကို မြိန်ရှက်စွာ)မြည်းစမ်းကြလေကုန်။

[36] ဧကန်စင်စစ် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှတားဆီးရန် မိမိတို့၏ဥစ္စာပစ္စည်းများကို သုံးစွဲကြလေသည်။(ယခုသော်) ၎င်းတို့သည် ထိုဥစ္စာပစ္စည်း များကို သုံးစွဲလျက်ပင်ရှိနေကြလိမ့်မည်။ သို့ရာတွင် နောက်ဆုံးတွင် ထိုပစ္စည်းများပင်၎င်းတို့၌ ဝမ်းနည်းဖွယ်ရာ ဖြစ်သွားချေမည်။ ထို့ နောက်၎င်းတို့သည် နှိမ်နင်းခြင်းကို (လည်း) ခံကြရပေ(ဦး)မည်။ ထိုမှတစ်ပါး မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့သည်ဂျဟန္နမ်ငရဲဘုံသို့ စုရုံးစေခြင်းကို ခံကြရမည်ဖြစ်သတည်း။

[37] (ထိုသို့ ပြုတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် သူယုတ်လူညစ်တို့အား သူတော်စင်သန့်စင် သောသူတို့နှင့် ခွဲခြားတော်မူအံ့သောငှာလည်းကောင်း၊ သူယုတ်လူညစ်တို့အား တစ်ဦးအပေါ်တစ်ဦး ထပ်ဆင့်တော်မူပြီးနောက်အားလုံးကိုစုပုံပြီးလျှင် ဂျဟန္နမ် ငရဲဘုံတွင်းသို့ ပို့တော်မူအံ့သောငှာလည်းကောင်း၊ (ပြုတော်မူခြင်းပင်)ဖြစ်ချေသည်။ ဤသို့သောသူများသည်ပင် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်သတည်း ။ (ရကူ)

[38] (အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။

[39] ၎င်းပြင် (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့)အသင်တို့သည် ယင်းသူတို့အား (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက် ညှဉ်းပန်းမှုသည် ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍ သွားသည်အထိတိုက်ခိုက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ၎င်းတို့ သည်(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ရပ်စဲခဲ့ကြပါလျှင်၊ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ခွဲခြားသိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(တစ်နည်း)ထို့ပြင်တဝ အသင်တို့သည် သာသနာရေး ညှဉ်းပန်းမှု လုံးဝပပျောက်၍ သာသနာတော်သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်သွားသည့်တိုင် အောင် ((ဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သာလျှင် လိုက်နာကြသည့်တိုင်အောင်)ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။

[40] တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။

[41] ၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့)အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့အား) ခွဲခြားသိသာစေသောနေ့တွင်(ဝါ)အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ) ကိုလည်းကောင်း၊ ယုံကြည် ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစ်စုံတစ်ရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ထိုပစ္စည်းများအနက်ငါးပုံတစ်ပုံကို ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဖမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊သူဆင်းရဲတို့သည်လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိထားကြလေကုန်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[42] ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။

[43] ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။

[44] ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်း မှာ) အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသည့်ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေသည်။အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။(ရကူ)

[45] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် အုပ်စုတစ်စုစုနှင့် (ရင်ဆိုင်)တွေ့ဆုံ ကြရသောအခါ၊ မြဲမြံကြံ့ခိုင်စွာတည်ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာအောက်မေ့ တသကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြမည်ဖြစ်သည်။

[46] ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အမိန့်တော်များကို လည်းကောင်း၊လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်းအငြင်းမပွားကြကုန်လင့်။ သို့အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓါတ်ကျဆုံးကြပေမည်။ အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ် သွားချေမည်။ ၎င်းပြင် အသင်တို့သည်သည်းခံကြ လေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သည်းခံသူတို့နှင့် အတူရှိတော်မူပေသတည်း။

[47] ၎င်းပြင် (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မိမိတို့အိမ်များမှပလွှားဝါးကြွားလျက်လည်းကောင်း၊ လူတို့အား ပြစားလျက်လည်းကောင်း၊ ထွက်လာခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ဝန်းဝိုင်းလျက်ရှိတော်မူသတည်း။

[48] ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပေတည်း။၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ယနေ့ လူတို့အနက်မှအသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့လေသည်။ထို့နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြလေသောအခါ ယင်းရှိုင်တွာန် မိစ္ဆာကောင်သည် (နောက်ဆုတ်၍ )ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်က ဟယ်အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(ရကူ)

[49] (ပြန်လည်၍သတိရရှိကြလေကုန်)။ အကြင်အခါ၌မုနာဖစ်က်မုစ်လင်မ် အယောင်ဆောင်တို့ကလည်းကောင်း၊စိတ်နှလုံးတွင်း၌ ရောဂါစွဲကပ်လျက် ရှိသူတို့ကလည်းကောင်း၊(မုစ်လင်မ်များနှင့်ပတ်သက်၍) ဤသူတို့အား 4င်းတို့၏ ဒီန်သာသနာက လှည့်စား၍ထားလေသည်ဟုပြောဆိုကြကုန်၏။အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်သည်ရှိသော် (ထိုသူသည်အောင်မြင်မည်သာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ပေသတည်း။

[50] ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။

[51] ဤ(ပြစ်ဒဏ်)သည် အသင်တို့၏ လက်များကတင်ကြို၍ ပို့ထားနှင့်ပြီးဖြစ်သော (အကုသိုလ်ဒုစရိုက်များ)ကြောင့်ပင်ဖြစ်ချေသည်။ အမှန်စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်(မိမိ)၏ကျွန်များအား နှိပ်စက်ညှဉ်းပန်းတော်မူသောအရှင်အလျင်းမဟုတ်ပေ၊

[52] (ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။

[53] ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

[54] (မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏အခြေအနေကား)ဖရ်အောန်၏အခြွေအရံများ၏အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ပေသည်။ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏အခြွေအရံတို့ကိုနစ်မြုပ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့အားလုံးသည်ပင် မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။

[55] မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။

[56] ဤကာဖိရ်များကား အသင်သည် ထိုသူတို့ထံမှ(အကြိမ်ကြိမ်)ပဋိညာဉ်ယူခဲ့ပြီး ဖြစ်လေသည်။ ထို့နောက်သော်မှပင် ထိုသူတို့သည် မိမိတို့၏ပဋိညာဉ်ကို အကြိမ်တိုင်းအကြိမ်တိုင်း ဖောက်ဖျက်ကြလေသည်။ အမှန်သော်ကား ထိုသူတို့သည်(ပဋိညာဉ်ဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြသည် မဟုတ်ပေ။

[57] သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင် (လက်ရ)ဖမ်းမိသည်ရှိသော်၊ အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ ရှိကြကုန် သော(ရန်)သူတို့အားဖရိုဖရဲ ကစဉ့်ကလျား ဖြစ်အောင်ပြုလေလော့၊ သို့မှသာလျှင် ၎င်းသူတို့သည် သတိရကြလတ္တံ့။ (တစ်နည်း) နောင်ကြဉ်ကြလတ္တံ့။

[58] ၎င်းပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်းဖြစ်ပါမူ၊အသင်သည် (၎င်းတို့နှင့်ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ (ပဋိညာဉ်စာချုပ် ရုပ်သိမ်းပြီးဖြစ်ကြောင်းကို သိရှိရာတွင် အသင်နှင့်၎င်းတို့သည်) တန်းတူဖြစ်ရှိသွားမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည် မဟုတ်ချေ။(ရကူ)

[59] ထို့ပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က မိမိတို့သည် လွတ်မြောက်ခဲ့ကြချေပြီ ဟုအလျှင်း မထင်မှတ်မယူဆကြရာချေ။ ဧကန်အမှန် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။

[60] ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တဝ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။

[61] ၎င်းပြင် အကယ်၍ ထိုသူတို့သည် စစ်ငြိမ်းရန်အလို့ငှာ ယိမ်းညွှတ်ကြပါမူ အသင်သည်လည်း ထို စစ်ငြိမ်းရန်ယိမ်းညွှတ်ပါလေ၊ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ ဧကန်မလွဲထိုအရှင်မြတ်သည်ပင်လျှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[62] သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊အားပေးတော်မူခဲ့လေသတည်း။

[63] ၎င်းပြင် ထိုအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင်(သမစိတ္တ ဖြစ်စေခြင်းငှာ) ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍အသင်သည် ကမ္ဘာမြေ၌ ရှှိသမျှ(ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊ ထိုသူတို့ ၏ စိတ်နှလုံးများစပ်ကြားဝယ် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(မိမိတန်ခိုးတော်ဖြင့်) ၎င်းတို့၏စပ်ကြားတွင် (သမစိတ္တဖြစ်စေ၍)ညီညွတ်စေတော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော် မူသောအရှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[64] အို-နဗီတမန်တော် အသင်၏အဖို့ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ အသင်၏နောက်သို့ လိုက်ကြကုန်သော မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ လုံလောက်ကြပေသတည်း။(ရကူ)

[65] အို-နဗီတမန်တော်၊ အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာတိုက်တွန်းနှိုးဆော်ပါလေ။ အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင် (စွာတိုက်ခိုက်မည့်) သူနှစ်ဆယ်ရှိကြပါမူ၊ ၎င်းတို့သည်(ကာဖိရ်တို့ဘက်မှလူ)နှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့။ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် (ကြံ့ခိုင်စွာတိုက်ခိုက်မည့်သူ)တစ်ရာရှိကြလျှင် ၎င်းတို့သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အနက်မှ (လူ)တစ်ထောင်ကို နှိမ်နင်း နိုင်ကြပေအံ့။အကြောင်းမူကား ၎င်းတို့သည် (လုံးဝ) နားမလည်သောသူများဖြစ်ကြသောကြောင့်ပင်တည်း။

[66] ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။

[67] မည်သည့်နဗီတမန်တော်မဆို ကမ္ဘာမြေပြင်ဝယ် (ကောင်းစွာ) တိုက်ခိုက်သတ်ဖြတ်အောင်မြင်မှုကို မပြုသေးသမျှ ကာလပတ်လုံး ထိုနဗီတမန်တော်၌ (စစ်မြေအရပ်မှ)လက်ရဖမ်းဆီး၍ မိခဲ့သောသုံ့ပန်းများသည် မရှိသင့်ပေ။အသင်တို့သည် ပစ္စုပ္ပန်လောကီ ပစ္စည်းကိုအလိုရှိကြ၏။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) နောင်တမလွန်ဘဝ(၏ စည်းစိမ်ရိပ်ငြိမ်)ကိုလိုလားတော်မူ၏။ စင်စစ်အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့် စုံတော်မူသောအရှင်၊ နက်နဲသိမ်မွေ့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[68] အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။

[69] ယခုမူ အသင်တို့သည်(၎င်းတို့ထံမှလက်ရပစ္စည်းအဖြစ်) မိမိတို့ရယူခဲ့ကြသည်များကို တရားဝင်သော သန့်စင်သော ပစ္စည်းများအဖြစ် စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။(ရကူ)

[70] အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။

[71] သို့ရာတွင် ၎င်းတို့သည် အကယ်၍ အသင့်အားသစ္စာဖောက်ရန် ရည်စူးကြပါလျှင် ဧကန်စင်စစ် ၎င်းတို့သည်ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာဖောက်ခဲ့ကြချေပြီ။သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည်(အသင့်အား) ၎င်းတို့ကိုဖမ်းဆီးနိုင်စေတော်မူခဲ့လေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[72] ဧကန်စင်စစ် အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ)’ဟစ်ဂျ်ရတ်’ ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် ‘မုဟာဂျီရီန်’မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။(ထိုသူတို့သည် ‘အန်ဆွာရ်’မည်၏)။ ထိုသူတို့ကား အချင်းချင်းတစ်ဦးသည်တစ်ဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကားေ သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် ‘ဟစ်ဂျ်ရတ်’ (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံးအသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ။ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် ‘ဒီန်’ သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှအကူအညီရလိုကြပါလျှင် အသင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတစ်ပါးအခြားလူမျိုး နှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန်အသင်တို့၌ တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[73] ၎င်းပြင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။ အကယ်၍သာ(အိုမုစ်လင်မ်တို့)အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊ ကမ္ဘာမြေဝယ် (အကြီးအကျယ်)ရှုပ်ထွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုသည်လည်းကောင်း၊ အကြီးအကျယ် ဖျက်ဆီးမှုသည်လည်းကောင်း၊ ဖြစ်ပေါ်၍လာလတံ္တ။

[74] ထို့ပြင်တဝ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင်ထိုသူတို့သည် (မိမိတို့ ၏) အိုးအိမ်စည်းစိမ် (တို့ကိုစွန့်ကာအရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏၊ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြကုန်၏။ ထို့အတူအကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ယိုင်းပင်းကူညီခဲ့ကြကုန်၏။ ထိုသူတို့သည်ပင်လျှင် ပြည့်စုံသော ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူများ ဖြစ်ကြကုန်သတည်း။ ထိုသူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။

[75] ၎င်းပြင် အကြင်သူတို့သည် နောက်သော်မှ’အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(အရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အသင်တို့နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ သို့ဖြစ်လျှင်၎င်း တို့သည်လည်း အသင် (မုဟာဂျီရီန်နှင့် အန်ဆွာရ်) တို့တွင်အပါအဝင် ဖြစ်ကြကုန်သည်။ သို့ရာတွင်(၎င်းတို့အနက်မှ)ဆွေမျိုးရင်းချာတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်အရအချင်းချင်း တစ်ဦး၏အမွေကိုတစ်ဦးက ပိုမို၍ပင် ဆက်ခံထိုက်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။(ရကူ)

နောင်တတရား

Surah 9

[1] ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။

[2] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]

[3] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။

[4] အကြင် ‘မုရှ်ရစ်က်’ တို့မှတစ်ပါး အသင်တို့သည်ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ဝတ္တရားပျက်ကွက်ခဲ့ကြသည်လည်းမရှိပေ။ ယုတ်လျောစေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍မည်သူ တစ်ဦးတယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိ သောကတိကိုထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလအပိုင်းအခြားအထိပြီးမြောက်အောင်ဆောင်ရွက်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သောသူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။

[5] သို့ဖြစ်ပေရာ ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ အသင်တို့သည် (ပဋိညာဉ်ကိုချိုးဖောက်ခဲ့ ကြသော) ‘မွရှ်ရစ်က်’တို့အား အသင်တို့ တွေ့လေရာနေရာများတွင် (သတ်ဖြတ်ကြလေကုန်၊ ထို့ပြင် အသင်တို့သည် ၎င်းတို့အား ဖမ်းဆီးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား ချုပ်နှောင်(အကျဉ်းချထား)ကြလေကုန်။ ၎င်းပြင်အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်) ပုန်းအောင်းရာနေရာတိုင်းတွင် (ပုန်းအောင်း၍) ချောင်းမြောင်းကြလေကုန်။)တဖန် အကယ်၍ ထိုသူတို့သည်(မိမိတို့၏အယူဝါဒမျာကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ‘ဆွလာတ်’ ဝတ်ပြုခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေးပေးဆောင်ခြင်းကိုလည်းကောင်း၊ ပြုကြပါလျှင် အသင်တို့သည် ၎င်းတို့၏လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ် သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[6] တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)

[7] မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။

[8] (ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။

[9] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။

[10] ၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်ပင်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။

[11] သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။

[12] တစ်ဖန်အကယ်၍ ထိုသူတို့သည် ကတိသစ္စာထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန် သောကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ဒီန်သာသနာနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ(အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင် အသင်တို့သည် ကုဖ်ရ်မယုံမကြည်သွေဖည်ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ကတိသစ္စာများမရှိကြတော့ပြီ။

[13] အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။

[14] အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။

[15] ၎င်းပြင် ထိုအရှင်မြတ်သည် ထို(သက်ဝင်ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်းပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့်ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

[16] အသင်တို့သည် မိမိတို့မှာ (စမ်းသပ်ခြင်းမခံရဘဲအေးချမ်းစွာ) စွန့်လွှတ်ထားခြင်းကို ခံကြရလိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်(ယခုထက်တိုင်)အသင်တို့အနက်မှ (ထိုအရှင်မြတ်၏လမ်းတော်၌) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့အားလည်းကောင်း၊အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်နှင့်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပြင် အခြားသူတို့ကိုချစ်ကျွမ်းတဝင် မပြုကြသော သူတို့အားလည်းကောင်း၊ သိ(မြင်)တော်မမူသေးချေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)

[17] မွတ်ရှ်ရစ်က် တို့၌ ၎င်းတို့သည် မိမိတို့ ကာဖိရ် ဖြစ်ကြောင်း ဝန်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရ မည့်သူများပင် ဖြစ်ကြကုန်လေသတည်း။

[18] အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ‘ဆွလာတ်’ ဝတ်ပြုမှုကိုလည်းကောင်း၊’ဇကာတ်’ တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိမျှော်လင့်ကြရာပေသတည်း။

[19] အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ် ခြင်းကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်သည့်ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သောသူ (၏ကောင်းမှုကုသိုလ်) နှင့်တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည်အလ္လာဟ်အရှင်မြတ်အထံတော်၌ (အဆင့်အတန်း ချင်း)မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကိုပြသတော်မူသည် မဟုတ်ပေ။

[20] အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။

[21] ထိုသူတို့ကား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုသူတို့ကို မိမိအထံတော်မှ ကရုဏာတော်ကို ခံစားကြရမည်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်မှုကို ရရှိကြမည်ကိုလည်းကောင်း၊ ထိုသူတို့အဖို့ ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ ရရှိကြမည်ကိုလည်းကောင်း၊ သတင်းကောင်း မိန့်ကြားတော်မူလေသတည်း။

[22] ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝရ နေထိုင်စံမြန်းကြပေမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်သည် ရှိချေသတည်း။

[23] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့၏ အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုတို့သည်လည်းကောင်း၊ အကယ်၍ ‘ကုဖ်ရ်သွေဖည်ငြင်းပယ်မှု’ကို ‘အီမာန်ယုံကြည်မှု’ထက် နှစ်သက်မြတ်နိုးကြပါလျှင် အသင်တို့သည် ၎င်းတို့အား အဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်။ စင်စစ်မူကား မည်သူမဆို အသင်တို့အနက်မှ ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်ပါလျှင် ထိုကဲ့သို့သောသူများသည်သာ မတရာမှု ကျူးလွန်သူများ ဖြစ်ကြအံ့သတည်း။

[24] (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့၏အဖများသည်လည်း ကောင်း၊ အသင်တို့၏သားများသည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည် လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသောပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွား မည်ကိုစိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာဂေဟာများသည်လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏လမ်းတော်၌စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင်ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် (‘ဟစ်ဂျ်ရတ်’ မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့်စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာနေကြကုန်လော့။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။

[25] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မြေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။ ထို(ဟို့နိုင်န် တောင်ကြားတွင်စစ်ဖြစ်သော)အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွားထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်)များပြားမှုသည် အသင်တို့အဖို့ လုံးဝ အသုံးမဝင်ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။

[26] ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။

[27] ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၏ဘက်သို့ ကရုဏာတော် နှင့်လှည့်တော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[28] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့။မွရှ်ရစ်က်တို့ကား ညစ်ညမ်းသောသူများသာ ဖြစ်ကြကုန်၏။သို့ဖြစ်ပေရာ ၎င်းတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်၏အပါးသို့ပင်ချဉ်းကပ်ခြင်း မပြုကြရချေ။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲနွမ်းပါးမှုကို စိုးရိမ်ကြပါလျှင်၊ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူပါက မကြာမြင့်မီအတွင်း အသင်တို့အား မိမိကျေးဇူးတော်ဖြင့် ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ပြည့်စုံစေတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[29] (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့)အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို(မိမိတို့၏)လက်ဖြင့် အောက်ကြို့၍ လူခွန်တော်ကိုကြည်ဖြူစွာဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလည်း ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊’ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသောအရာများကို’ဟရာမ်’ တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်)သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။(ရကူ)

[30] စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့်ပြောဆိုကြသော (အခြေအနေကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသောကာဖိရ် ယုံကြည်မှုကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍တုခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည်(အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင်ပြန်လှည့်သွားကြသနည်း။

[31] ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။

[32] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။

[33] ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။

[34] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ဧကန်စင်စစ် များစွာသော (ယဟူဒီ၊ ခရစ်ယာန်) ဓမ္မဆရာများသည်လည်းကောင်း၊ ဘုန်းကြီးရဟန်းများသည်လည်းကောင်း၊လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးကြကုန်၏။ ထို့အပြင်အကြင်သူတို့သည် ရွှေ၊ ငွေ၊(ရတနာပစ္စည်း)များကို စုဆောင်းသိုမှီး၍ ထားရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် ၎င်း(ရွှေ၊ငွေ၊ရတနာများ) ကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲကြသည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ခံကြရမည့်အကြောင်း သတင်းကောင်း ပြောကြားပါလေ။

[35] (ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်ထားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။

[36] ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထဝီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ‘ဒီန်’ သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘မွတ်ရှ်ရစ်က်’ အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။

[37] လများကိုရွှေ့ဆိုင်းခြင်းသည် ကွဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ‘ကာဖိရ်’မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ‘ဟလာလ်’ ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ‘ဟရာမ်’ ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ်’ ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။(ရကူ)

[38] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အား ‘အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြလေကုန်’ ဟု ပြောဆိုသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် မြေကြီးဘက်သို့ လေးလံစွာ ထိုင်နေကြကုန်သတည်း။(ဝါ)(လေးသွားကြသနည်း)။ အသင်တို့သည် (ဤ)မျက်မှောက် လောကီဘဝ၏ (စည်းစိမ်ချမ်းသာများ)ကို နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာများ)ထက် နှစ်သက်ကြလေပြီလော။ သို့ဖြစ်ပါမူ (ဤ)ပစ္စက္ခမျက်မှောက်ဘဝ၏ စည်းစိမ်ချမ်းသာသည်နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာ)နှင့် နှိုင်းလျှင် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ (အသင်တို့သည် ကောင်းစွာမှတ်ယူကြလေကုန်)။

[39] အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်) မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတစ်ပါးလည်း ထိုအရှင်မြတ်သည် အသင်တို့အစား အခြားလူမျိုးတစ်မျိုးကိုလဲလှယ်(ဖန်ဆင်း)တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည်အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။

[40] အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်)အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ကို ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင့်ထုတ်ကြစဉ် ၎င်း (နဗီတမန်တော်)သည် နှစ်ယောက်အနက်ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည် ဟု ပြောဆို၍ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ (စိတ်)တည်ငြိမ်မှုကို၎င်း(နဗီတမန်တော်) ၏အပေါ်၌ ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါးလည်း ၎င်း(နဗီတမန်တော်)အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော်မူခဲ့လေ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်၏စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံးဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါပေသတည်း။

[41] အသင်တို့သည် ပေါ့ပါးစွာ လည်းကောင်း၊ လေးလံစွာလည်းကောင်း၊ (သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ၊ ဝဖြိုးသည်ဖြစ်စေ၊ ပိန်ချုံးသည်ဖြစ်စေ၊ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ရွှင်လန်းသည်ဖြစ်စေ၊ ပျင်းရိသည်ဖြစ်စေ၊ ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲ နွမ်းပါးသည်ဖြစ်စေ၊ ခရီးသွားရန် အစီးအနင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အားလပ်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) မိမိတို့အိမ်များမှ(စစ်ချီ)ထွက်ကြ၍အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ကြလေကုန်။ ဤသည် အကယ်၍ အသင်တို့သိတတ် ကြပါလျှင် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသတည်း။

[42] အကယ်၍သာ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုရုတ်တရက် လွယ်ကူစွာရရှိမည်ဖြစ်သည့်ပြင် (ခရီး သည်လည်း)မနီးမဝေး အလယ်အလတ်ခရီးပင်ဖြစ်ခဲ့မူ၊ ၎င်းတို့သည် အသင်၏နောက်သို့ အမှန်ပင် လိုက်ခဲ့ကြမည်သာတည်း။ သို့ရာတွင်(ယခုသော်ကား) ၎င်းတို့(အမြင်)၌ ခရီးသည် ကမ်းလှမ်းဝေးကွာ၍ ရှိနေခဲ့ပေရာ ၎င်းတို့သည် အသင်၏ နောက်သို့ မလိုက်ပဲနေရစ်ခဲ့ကြလေသည်။ ထိုမှတစ်ပါး မကြာမြင့်မီ ၎င်းတို့သည်(အသင်တို့ရှေ့ဝယ်) အကယ်၍သာ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြလျှင် အသင်တို့နှင့်အတူ ထွက်ခဲ့ကြမည် အမှန်ပင်ဟုအလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ပြောဆို ကြဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဖျက်ဆီးလျက် ရှိကြပေသည်။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့မုသာဝါဒီများ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိတော်မူပေသတည်း။ (တနည်း)(ရကူ-12)တနည်း။ အကယ်၍သာ အလွယ်တကူ ဥစ္စာပစ္စည်းတစ်စုံတစ်ရာရရှိမည်ဖြစ်သော် သွားလာရမည့် ခရီးသည်လည်းသာမန်သာဖြစ်သော် ယင်း(မုနာဖစ်က်)တို့သည် ဧကန်မုချအသင်နှင့်အတူတကွ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင်(ယခုမူ)ခရီးသည် ၎င်းတို့(အမြင်)၌ ဝေးကွာကမ်းလှမ်း၍ နေချေ၏။ (ထို့အတွက်ကြောင့်ပင် ၎င်းတို့သည် စစ်ပွဲသို့ မလိုက်ပါပဲ နောက်တွင်ထိုင်နေခဲ့ကြ၏။) မကြာမြင့်မီ(အသင်မုစ်လင်မ်တို့ စစ်ပွဲမှပြန်လာကြသောအခါ) ယင်း(မုနာဖစ်က်)တို့သည် (အသင်တို့ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍) အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြပါလျှင်အသင်တို့နှင့်အတူ မုချ ထွက်ခဲ့ကြမည်သာဖြစ်ပါသည် ဟုပြောဆိုကြဦးမည်ဖြစ်သည်။ ယင်း(မုနာဖစ်က်)များသည် မိမိတို့ကိုယ်ကိုသာ ဖျက် ဆီးလျက်ရှိကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)များ မုချဧကန် မုသားပြောဆိုသူများဖြစ်ကြသည်ကို ကောင်းစွာသိရှိတော်မူသည်။

[43] (အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း မရှိသေးမီလည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။

[44] အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်သောသူတို့ကား၊ မိမိတို့၏ဥစ္စာ ပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမှထိုင်နေကြရန် (မည်သည့်အခါ၌မျှ) အသင့်ထံ ခွင့်ပန်ကြမည်မဟုတ်ပေ။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သောသူတော်စင်တို့အား ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[45] အကြင်သူတို့သည်သာလျှင် အသင့်ထံခွင့်ပန်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ မယုံကြည်ကြသည့်ပြင် ၎င်းတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယ၌ပင် တစ်ဝဲလည်လည် ရှိကြကုန်သတည်း။

[46] စင်စစ်တမူကား အကယ်၍သာ ၎င်းတို့သည်(အသင်တို့နှင့်အတူ စစ်တလင်းသို့) ထွက်ကြရန် ရည်စူးခဲ့ကြပါလျင်၊ မုချဧကန် ၎င်းတို့သည် ထွက်ရန်အလို့ငှာ တစ်စုံတစ်ရာပြင်ဆင်မှု အသင့်ပြုလုပ်ထားရှိ ကြပေမည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (စစ်တလင်းသို့လိုက်ပါ) သွားခြင်းကို မနှစ်မြို့တော်မူခဲ့ချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား နေမြဲနေစေတော်မူခဲ့လေသည်။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်အထံတော်မှ ထိုသူတို့အား) အသင်တို့သည် ကျန်ရစ်ခဲ့သောသူတို့နှင့်အတူ၊ ထိုင်၍ ပင် ကျန်ရစ်ခဲ့ကြလေကုန် ဟု အမိန့်ရှိခဲ့လေသတည်း။

[47] အကယ်၍ ထိုသူတို့သည် အသင်တို့တွင် ပါဝင်၍ ထွက်ခဲ့ကြသည်ရှိသော် ၎င်းတို့သည် ပျက်စီးရာပျက်စီးကြောင်းမှအပ အသင်တို့၌ မည်သည့်တစ်စုံတစ်ရာကိုမျှတိုးပွားစေခဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်မုချ ထိုသူတို့သည် အသင်တို့အကြားတွင် အနှောင့်အယှက်ဖြစ်စေရန်လူးလာပြန်ခတ် သွားချေလာချေ ပြုလုပ်ကြမည်သာတည်း။ထို့ပြင် (ယခုလည်း) အသင်တို့တွင် ၎င်းတို့၏ သတင်းထောက်လှမ်းသူများ (သူလျှိုများ) ရှိကြကုန်၏။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် မတရားမှုပြုသော သူတို့အားကောင်းစွာ သိရှိတော်မူပေသတည်း။

[48] ဧကန်စင်စစ် ၎င်းတို့သည် ယခင်ကလည်း(အသင်တို့အား အုဟုဒ် အစရှိသော စစ်ပွဲများတွင်) အနှောင့်အယှက် ဖြစ်စေခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် [အသင်၏အရေးကိစ္စများကို ကပြောင်းကပြန် ပြုလုပ်ခဲ့ကြလေသည်။]နောက်ဆုံးတွင်မူ ၎င်းတို့မနှစ်မြို့ကြသော်လည်း အမှန်တရားသည် ရောက်လာခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်လည်း ထင်ရှားလာခဲ့လေသတည်း။

[49] ၎င်းပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖစ်က်)တို့ တွင်ကျွန်ုပ်အား (စစ်တလင်းသို့ မလိုက်ပါပဲ အိမ်တွင် နေရစ်ခဲ့ရန်)ခွင့်ပေးပါ၊ ထို့ပြင် အသင်သည် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်ဟူ၍ ပြောဆိုသူလည်း ရှိပေသေး၏။ ၎င်းတို့သည် ပျက်စီးမှု၌ကျဆင်းခဲ့ပြီး ဖြစ်ကြသည်ကို (အသင်တို့သည်) ကောင်းစွာမှတ်ယူ ကြလေကုန်။ ထိုမှတစ်ပါး(နောင်တမလွန်ဘဝတွင်လည်း) ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အား ဝန်းရံလျက် ရှိချေအံ့သတည်း။

[50] အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစ်စုံတစ်ရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည်မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည် ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့် သွားလေ့ ရှိကြကုန်သတည်း။

[51] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။

[52] အို-နဗီတမန်တော်အသင်သည် (4င်းတို့အားဤဤသို့)ပြောကြားပါလေ။ ဟယ်-(အချင်းတို့) အသင်တို့သည်အကျွန်ုပ်တို့နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြောင်းအရာနှစ်ခုအနက် တခုမှတစ်ပါး အခြားတစ်စုံတစ်ရာကို စောင့်မျှော်၍နေကြသလော။ စင်စစ်သော်ကား အကျွန်ုပ်တို့သည်အသင်တို့နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှဖြစ်စေ၊ အကျွန်ုပ်တို့၏လက်များဖြင့်ဖြစ်စေ၊ အသင်တို့၌ပြစ်ဒဏ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူရန် စောင့်မျှော်လျက် ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍ နေကြလေကုန်။ အကျွန်ုပ်တို့သည်လည်း (မိမိတို့အနေနှင့်) အသင်တို့နှင့်အတူ စောင့်မျှော်လျက်ပင် ရှိကြပေသည်။

[53] (အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြလေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။

[54] စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှုပစ္စည်းများကို သဘောတူလက်ခံတော် မူခြင်းမှအလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် 4င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ်ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတစ်ပါး လှူဒါန်းသုံးစွဲကြသည်လည်း မရှိပေ။

[55] သို့ဖြစ်ပေရာ ထို(မုနာဖစ်က်) တို့၏ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီး များသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့်၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော်မူလေသတည်း။

[56] ထိုမှတစ်ပါး ယင်း(မုနာဖစ်က်)တို့သည် ဧကန်စင်စစ် အသင်တို့အနက်မှ ဖြစ်ကြသည်ဟူ၍ အလ္လာဟ်အရှင်မြတ်အားတိုင်တည်ကာ ကျိန်ဆိုကြလေသည်။ အမှန်သော်ကား၎င်းတို့သည် အသင်တို့အနက်မှ မဟုတ်ကြချေ။ သို့ရာတွင်၎င်းတို့သည် သူရဲဘောနည်း သတ္တိကြောင်သူများသာ ဖြစ်ကြကုန်သတည်း။

[57] အကယ်၍သာ ထို (မုနာဖစ်က်) တို့သည် ခိုကိုးရာနေရာ တစ်ခုခုကိုသော်လည်းကောင်း၊ ဥမင်လိုဏ်ခေါင်းများကိုသော်လည်းကောင်း၊ ဝင်ရောက်(ပုန်းအောင်း)ရန်နေ ရာတစ်ခုခုကိုသော်လည်းကောင်း၊ တွေ့ရှိကြပါ လျှင် ၎င်းတို့သည်ထိုနေရာသို့ ဦးခေါင်းမော့ကာ တစ်ဟုန် တည်း တွန်းထိုးကာထွက်ပြေး (ဝင်ရောက်ပုန်းအောင်း) ကြမည် သာတည်း။

[58] ထို့ပြင် ယင်း(မုနာဖစ်က်)တို့တွင် အသင့်အားအလှူပစ္စည်းများနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ သူများလည်းရှိကြသေး၏။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် ယင်းအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) ရရှိခဲ့ကြလျှင်ထိုသူတို့သည် ကျေနပ်ကြလေသည်။ သို့ရာတွင် အကယ်၍၎င်းတို့သည် ထိုအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ)မရရှိခဲ့ကြပါလျှင် ရုတ်တရက်အမျက်ထွက်ကြလေသတည်း။

[59] အမှန်သော်ကား အကယ်၍သာ ထိုသူတို့သည်မိမိတို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူသည်များအပေါ်၌ ကျေနပ်ခဲ့ကြပြီး ကျွန်ုပ်တို့အဖို့ အလ္လာဟ်အရှင်မြတ်သည်ပင် လုံလောက်တော်မူပေသည်။အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ ကျွန်ုပ်တို့အား မိမိကျေးဇူးတော်ဖြင့် ချီးမြှင့်ပေးသနားတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်း (ကျွန်ုပ်တို့အား ထပ်မံ၍ပေးတော်မူဦးအံ့၊) ဧကန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ဘက်သို့သာလျှင် တိမ်းယိမ်းညွှတ်ပြောင်းသူများဖြစ်ကြပါသည် ဟုပြောဆိုခဲ့ကြပါလျှင် ကောင်းလေစွ တကား။(ရကူ)

[60] မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်သက်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။

[61] ထိုမှတစ်ပါး ၎င်းတို့တွင် အချို့သူများသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခပေးကြ၏။ ၎င်းပြင် ထိုနဗီတမန်တော်မြတ်သည် (မည်သည့်စကားမျိုးမဆို) နား ထောင်(၍ယုံစား)လေ့ရှိသည်ဟု ပြောဆိုကြ၏။(အို-နဗီတမန်တော်)အသင်သည် (4င်းတို့အားဤသို့)ပြောကြားပါ လေ။ (ဟယ်အချင်းတို့) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ နားထောင်လေ့ရှိသည်။ ‘အလ္လာဟ်’အရှင်မြတ်အား ယုံကြည်သည်။ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများကိုလည်း (4င်းတို့ပြောကြားသော သတင်းစကားနှင့်စပ်လျဉ်း၍) ယုံကြည်ထောက်ခံလေသည်။ 4င်းအပြင် အသင်တို့အနက်မှ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ ကရုဏာတော်လည်းဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးကြသူတို့်အဖို့ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[62] ထိုသူတို့သည် အသင်တို့အား နှစ်သိမ့်ကျေနပ်စေအံ့သောငှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့၏ ကျေနပ်စေခြင်းကိုပိုမို၍ပင် ခံထိုက်တော်မူပါပေ၏။

[63] ဧကန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖက်ပြုပါလျှင် မလွဲဧကန် ထိုသူ၏အဖို့ ငရဲမီးသာလျှင်ရှိ၍ ထိုငရဲမီးတွင် ထာဝစဉ်နေထိုင်လျက်ရှိချေမည်။ ဤကား ကြီးကျယ်လှစွာသော ကျိုးယုတ်ရှက် ရစေခြင်းပင် ဖြစ်သည်ကို ထိုမုနာဖစ်က်များသည် (ယခုထက်တိုင်)မသိကြသေးသလော။

[64] မုနာဖစ်က် တို့သည် ထို ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အပေါ်၌ မိမိတို့၏ စိတ်နှလုံး တွင်းရှိသည်တို့ကိုထိုမုအ်မင်န်တို့အား သိကြားစေသောကဏ္ဍတစ်ခုခု ချပေးခြင်းခံရမည်ကို ကြောင့်ကြစိုးရိမ်လျက်ရှိကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါလေ။ အသင်တို့သည် ပြက်ရယ်ပြောင်လှောင် နေကြကုန်၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်လျက်ရှိကြသည်ကို ထုတ်ဖော်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[65] စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။

[66] အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)

[67] ‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမတို့သည် တစ်မျိုးတစ်စားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ထိုမှတစ်ပါး ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ထိုအရှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က်’မုစ်လင်မ်အယောင်ဆောင်’တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။

[68] အလ္လာဟ်အရှင်မြတ်သည် ‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမ တို့အားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ ဂျဟန္နမ်ငရဲမီး(ထဲသို့လားစေတော်မူမည့်အကြောင်း) ကတိပြုထားတော်မူခဲ့လေသည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်လျက် ရှိကြလတ္တံ့။ ထိုငရဲမီးသည် ၎င်းတို့အား (ပြစ်ဒဏ်) ပေးရန် လုံလောက်တော်မူအံ့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူအံ့။ ထိုမှတစ်ပါး၎င်းတို့တွင် (ထိုအရှင်မြတ်၏ ကတိတော်အတိုင်း) ထာဝစဉ်တည်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[69] (အသင်တို့၏ အခြေအနေကား) အသင်တို့ အလျင်ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြဖူးသော သူတို့(၏အခြေအနေ)ကဲ့သို့ပင်။ ၎င်းတို့သည် အသင်တို့ထက် ခွန်အားဗလအားဖြင့် ပိုမိုပြင်းထန်ကြသည့်အပြင် ဥစ္စာပစ္စည်းနှင့် သားသမီးအားဖြင့်လည်း (အသင်တို့ထက်) အလွန်များပြားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြ လေသည်။ အသင်တို့သည် အသင်တို့အလျင် ရှိခဲ့ကြဖူးသောသူများက မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြသည့်နည်းတူ အသင်တို့သည်လည်း မိမိတို့၏ (လောကီ) ဝေစုဝေပုံဖြင့်(အစွမ်းကုန်) အကျိုးခံစားခဲ့ကြချေပြီ။ ထို့ပြင်၎င်းတို့သည်မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြသည့်အလား အသင်တို့သည်လည်း မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြလေသည်။ ဤသူများသည်ပင် အကြင်သူများပင်တည်း။ ထိုသူတို့၏အကျင့်အမူများသည် ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ အချည်းအနှီးပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင်ဤသူများသာလျှင် နစ်နာဆုံးရှုံးသောသူများ ဖြစ်ကြကုန်သတည်း။

[70] ထို(မုနာဖစ်က်)များထံသို့ ၎င်းတို့အလျငရှိခဲ့ကြသောသူတို့၏ (ပျက်စီးဆုံးရှုံးခြင်း၏)သတင်း၊ (ဥပမာ-နဗီတမန်တော်) ‘နူဟ်’၏ အမျိုးသားများ၏သတင်း၊ ‘အာဒ်’ အမျိုးသားများ၏သတင်း၊ ‘ဆမူဒ်’ အမျိုးသားများ၏သတင်း၊ (နဗီတမန်တော်) ‘အစ်ဗ်ရာဟီမ်’၏ အမျိုးသားများ၏သတင်း၊’မဒ်ယန်’မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်၍ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများ နှင့်တကွရောက်ရှိလာခဲ့ကြလေသည်။ (သို့ရာတွင် ယင်းအမျိုးသားများသည် သွေဖည်ငြင်းဆန် မနာခံခဲ့ကြသည့်အတွက် ပျက်စီးဆုံးရှုံး၍သွားခဲ့ကြလေသည်။) စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ဤပျက်စီးမှု)၌ ၎င်းတို့အား မတရားသဖြင့် နှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ခဲ့ကြပေသတည်း။

[71] ထိုနည်းတူစွာမုအ်မင်န်သက်ဝင်ယုံကြည်သောသူ ယောက်ျား၊ မိန်းမတို့သည်လည်း(သာသနာရေးတွင်)အချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းများပင် ဖြစ်ကြကုန်၏။၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင် စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတစ်ပါး ယင်းသူတို့သည် အမြဲတစေ ဆွလာတ် ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဇကာတ်တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်၏အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။ ဤသူများသည် အကြင်သူများပင်၊ အလ္လာဟ် အရှင်မြတ်သည်ထိုသူတို့အား မုချ ကရုဏာပြုတော်မူပေမည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[72] အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အား၊ အကြင် ဥယျာဉ်များကို(ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးတွေလျက်ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)

[73] အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။

[74] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခြားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။

[75] ၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား(ဤသို့)ပဋိညာဉ် ပေးခဲ့ကြလေသည်။ အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (မိမိ၏ကျေးဇူးတော်ဖြင့်)(ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင်သူတော်ကောင်းတို့တွင် မုချ ပါဝင်ကြပါမည်။

[76] တဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူသောအခါ၊ ၎င်းတို့သည်ကျေးဇူးတော်ကို(ပေးကမ်းလှူဒါန်းခြင်းမပြုဘဲ)စေးနှဲကြကုန်၏။ထို့ပြင် ၎င်းတို့သည် မျက်နှာ လွှဲဖယ် ကျောခိုင်းခဲ့ကြလေသည်။စင်စစ်သော်ကား ၎င်းတို့သည် တိမ်းရှောင်လေ့ရှိကြသူများပင်ဖြစ်ကြကုန်သတည်း။

[77] သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများတွင် ထိုအရှင်မြတ်နှင့်ထိုသူများ တွေ့ဆုံကြမည့်နေ့တိုင်အောင် နိဖာက် (မုစ်လင်မ်အရေခြုံမှု)ကို (ထည့်သွင်းတော်မူခြင်းအားဖြင့်) ၎င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့ ပေးခဲ့ကြသောကတိဝန်ခံချက်ကို ဖောက်ခဲ့ကြသည့်ပြင်၊ မုသားပြောဆိုလေ့ ရှိခဲ့ကြသောကြောင့်ပင်။

[78] အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။

[79] (ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။

[80] (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)

[81] (စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။

[82] သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်)အနည်းငယ်မျှ ရယ်မောကြစေ။ တစ်ဖန် (နောင်တမလွန်ဘဝတွင်မူ) မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်များကြောင့် များစွာငိုကြွေးကြစေ။

[83] သို့ဖြစ်ပေရာ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ၎င်းတို့အနက်မှ လူတစ်စုစု၏ထံသို့ ပြန်လည်၍ ရောက်ရှိစေခဲ့ပါလျှင်၊ တဖန် ၎င်းတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ရန်) ထွက်ခဲ့ကြပါရစေဟု အသင့်ထံ ခွင့်ပန်ကြပါလျှင်၊ အသင်သည် (ထိုသူတို့အား) အချင်းတို့၊ အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါ၌မျှ ထွက်ကြမည်လည်းမဟုတ်၊ ထိုနည်းတူစွာ အသင်တို့သည် ငါနှင့်အတူ မည်သည့်ရန်သူ တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ကြမည်လည်း မဟုတ်။အဘယ်ကြောင့်ဆိုသော် အသင်တို့သည် ပထမအကြိမ်ကလည်း (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် မထွက်ခဲ့ကြဘဲ) ထိုင်၍နေရစ်ခဲ့ခြင်းကိုသာ နှစ်မြို့ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာယခုလည်းအသင်တို့သည်နောက်၌ ကျန်ရစ်ခဲ့ကြသောသူတို့နှင့်အတူထိုင်၍ပင် နေရစ်ခဲ့ကြလေကုန် ဟုဖြေကြားပါလေ။

[84] င်းပြင် (နဗီတမန်တော်)အသင်သည် 4င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်မဆို သေဆုံးခဲ့ပါလျှင် ထိုသူ၏အပေါ်၌ ဆွလာသွလ်ဂျနာဇဟ် ဝတ်ပြုမှုကို မည်သည့်အခါမျှမပြုပါလေနှင့်။ 4င်းပြင် ထိုသူ၏သချႋုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ပါလေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ကြသော ကြောင့်ပင်တည်း။

[85] ထို့ပြင် ယင်းသူတို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ယင်းသူတို့၏ သားသမီးများသည်လည်းကောင်း အသင့်အား အံ့ဩခြင်းကိုမဖြစ်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ယင်းဥစ္စာပစ္စည်းများနှင့်သားသမီးများအားဖြင့် လောကီဘဝတွင်ပြစ်ဒဏ်ပေးတော်မူရန်နှင့် ထိုသူတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့်၊ ထိုသူတို့၏အသက်ဇီဝိန်ထွက်သွားရန်ကိုသာ ရည်စူးတော်မူလေသတည်း။

[86] စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံကြည်သည့်ပြင်ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန် ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတစ်ခုခုသည် ကျရောက်လာသောအခါ၊၎င်းတို့ အနက်မှ ဥစ္စာဓနကြွယ်ဝသောသူများကပင်လျှင်ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့သည် ထိုင်၍နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရစေ ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြ ကုန်သတည်း။

[87] ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။

[88] သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။

[89] အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)

[90] စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။

[91] အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်းသို့မလိုက်ခဲ့ကြသောကြောင့်)အပြစ်တစ်စုံတစ်ရာမျှမရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း(အပြစ်)မရှိပြီ၊ ိုနည်းတူစွာ(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာမျှ မရရှိကြသောသူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့်ပတ်သက်၍လည်းကောင်း၊ သဒ္ဓါကြည်ဖြူသောစိတ်စေတနာထား ရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[92] ထိုမှတစ်ပါး အကြင် သူတို့အပေါ်၌လည်း(အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ) မရှိချေ။ ထိုသူတို့သည်အသင့်ထံသို့ ၎င်းတို့အား အသင်သည် (တစ်စုံတစ်ရာ) အစီးအနင်းပေါ်သို့တင်ပေးရန် လာကြသောအခါ အသင်သည် ၎င်းတို့အား ငါ့ထံ၌ အသင်တို့အားတင်ပေးရန် အစီးအနင်း တစ်စုံတရာမရှိပါ ဟု ပြောခဲ့လေသည်။ (ထိုအခါ) ၎င်းတို့သည်(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာကိုမျှ မရရှိကြသောကြောင့်ဝမ်းနည်းပူဆွေး၍ မျက်စိများမှာ ၎င်းတို့မျက်ရည်များဖြင့်ပြည့်လျှံလျက် (ပြန်သွားခဲ့ကြရရှာလေသတည်း။)

[93] ပြစ်တင်ရန်လမ်းမှာကား အကြင်သူတို့အပေါ်၌သာရှိချေသည်။ ထိုသူတို့သည် ချမ်းသာကြွယ်ဝသူများဖြစ်ကြပါလျက် (စစ်တလင်းသို့ မလိုက်ဘဲနေကြရန်)အသင့်ထံ ခွင့်ပန်ကြလေသည်။ 4င်းတို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော အမျိုးသမီးတို့နှင့်အတူ နေရစ်ခဲ့ကြရန် နှစ်မြှို့ခဲ့ကြလေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် 4င်းတု့ိ၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ 4င်းတို့သည်(စစ်မ်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏သဘောတရားကိုပင်) မသိနားမလည်ကြပေ။

[94] အသင်တို့(စစ်တလင်းမှ) ၎င်းတို့ထံ ပြန်ခဲ့ကြသည့်အခါ ၎င်းတို့သည် အသင်တို့ရှေ့ဝယ်(စစ်တလင်းသို့မလိုက်ဘဲနေခဲ့ကြသည်နှင့်စပ်လျဉ်း၍) အကြောင်းပြကြလိမ့်မည်။ (ထိုအခါ) အသင် (၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် အကြာင်းမပြကြလေနှင့်၊ ကျွန်ုပ်တို့သည်အသင်တို့ (၏စကား)ကို (မှန်သည်ဟု)အလျဉ်းယုံကြည်ကြမည်မဟုတ်။ (အကြောင်းသော်ကား)ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အသင်တို့၏(လျှို့ဝှက်သော)သတင်းများကို(အလုံးစုံ) အကြောင်းကြားတော်မူပြီးဖြစ်သည်။ (နောက်နောင်တွင်လည်း) အလ္လာဟ်အရှင် မြတ်သည်လည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်သည်လည်းကောင်း၊အသင်တို့၏ အကျင့်အမူကို တွေ့မြင်တော်မူကြအံ့၊ ထို့နောက်တဖန် အသင်တို့သည် ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ ထင်ပေါ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့) သိရှိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုအခါထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသောအမှုကိစ္စတို့ကို ထုတ်ဖော်၍ မိန့်ကြားတော်မူပေအံ့။

[95] မကြာမြင့်မီ အသင်တို့ (စစ်တလင်းမှ) ၎င်းတို့ထံ (မဒီနာမြို့သို့)ပြန်ခဲ့ကြသောအခါ၊ အသင်တို့သည် ၎င်းတို့အား (တစ်စုံတစ်ရာ ပြစ်တင်အရေးယူခြင်းမပြုဘဲ) ခွင့်လွှတ်ကြရန် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ကျိန်ဆိုကြပေလိမ့်မည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့အား စွန့်ထားကြလေကုန်။ အမှန်သော်ကား ၎င်းတို့သည်ညစ်ညမ်းသူများပင် ဖြစ်ကြကုန်၏။ ထို့ပြင် ၎င်းတို့၏ခိုလှုံရာစခန်းသည် ဂျဟန္နမ် ငရဲဘုံပင် ဖြစ်ချေသည်။ စင်စစ်သော်ကား ၎င်းတို့ ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ အကျိုးအားဖြင့် ၎င်းတို့၏ခိုလှုံရာစခန်းမှာ ဂျဟန္နမ် ငရဲဘုံပင် ဖြစ်ချေသတည်း။

[96] ထိုသူတို့သည် အသင်တို့ ထိုသူတို့အပေါ်၌ကျေနပ်အံ့သောငှာ ကျိန်ဆိုကြပေမည်။ သို့ရာတွင် အကယ်၍အသင်တို့သည် ထိုသူတို့အပေါ်၌ ကျေနပ်ခဲ့အံ့ငြားလည်းအလ္လာဟ်အရှင်မြတ်သည် အမိန့်တော် ဖီဆန်သူတို့အပေါ်၌ကျေနပ်တော်မူမည် မဟုတ်ပေတကား။

[97] ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသား(မုနာဖစ်က်)များသည် ကုဖ်ရ် သွေဖည် ငြင်းပယ်မှုတွင်လည်းကောင်း၊ နိဖာက် အယောင် ဆောင်မှုတွင်လည်းကောင်း၊ ပိုမို၍ပင် ပြင်းထန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်မြတ်အပေါ်၌ချပေးသနားတော်မူသော အမိန့်ပညတ်တော်များကို ပို၍ပင်မသိထိုက်ကြသူများဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[98] စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် (ဇကာတ်၊ ဂျိဟာဒ် စသည့်မွန်မြတ်သောကိစ္စများတွင်)မိမိတို့ သုးံစွဲကြသည်တို့ကို ဒဏ်ဆောင် ခြင်း ဖြစ်သည် ဟု မှတ်ယူကြသူများလည်း ရှိကြကုန်၏၊၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ပက်သက်၍ အလှည့်ကြုံခြင်းများကို စောင့်မျှော်နေကြကုန်၏။ (အမှန်အားဖြင့်)ထိုသူတို့အပေါ်၌ပင် မကောင်းသောအလှည့် ကြုံခြင်းသည်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

[99] ထို့အပြင် ကျေးရွာများ၌ နေထိုင်ကြကုန်သောအရဗ် အမျိုးသားတို့တွင် အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူများလည်း ရှိကြကုန်၏။ ထိုသူတို့သည်(မွန်မြတ်သောကိစ္စများ)၌ မိမိတို့ သုံးစွဲကြသည်များကို အလ္လာဟ်အရှင်မြတ် အထံတော်တွင် ချဉ်းကပ်ရန်အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ ရစူလ်တမန်တော်(မုဟမ္မဒ်)၏ ဆုမွန်များရယူရန် အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း မှတ်ယူကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်မလွဲ ထိုသုံးစွဲသူများသည် ၎င်းတို့အဖို့ ချဉ်းကပ်ရန် အကြောင်းပင်ဖြစ်ပေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကရုဏာတော်တွင် ပါဝင်စေတော်မူအံ့။ ဧကန်မလွဲအလ္လာဟ်အရှင် မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[100] (အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်သာဝကကြီးများသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်)တို့၏နောက်သို့ ကောင်း မွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏ အောက်၌ စမ်းချောင်းများ စီးထွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။

[101] ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်းကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သောသူများ ရှိကြကုန်၏။ ထိုသူတို့သည် နိဖာက် အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ငါအရှင်မြတ်သည် ထိုသူတို့အား သိတော်မူ ၏။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင် ပြစ်ဒဏ်ပေးတော်မူမည်။ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။

[102] ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ထိုသူတို့သည် ကောင်းမြတ်သောအကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ပြစ်မှု များကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊(မိမိကျွန်များအပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[103] (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။

[104] မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။

[105] ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။

[106] ၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။

[107] ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်ဆောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။

[108] (အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။

[109] သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ်ငရဲဘုံ၏မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သောသူတို့အား တရားလမ်းမှန်သို့ ပို့တော်မူသည်မဟုတ်ပေ။

[110] ၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှကာလပတ်လုံး ၎င်းတို့၏စိတ်နှလုံးများတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုသိတော်မူသောအရှင်၊နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

[111] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏)သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအရှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ တောင်ဝ်ရာတ် ကျမ်းမြတ်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်’ ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူမည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏အရောင်းအဝယ်ပြုခဲ့ကြသောရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင် အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။

[112] ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။

[113] နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။

[114] စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံချက်ကြောင့်သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ဖခင်နှင့်(မည်သို့မျှ)မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့သူ၊ သည်းခံခြင်းတရားအလွန်ထားရှိသူ ဖြစ်ခဲ့လေသတည်း။

[115] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးတို့အား တရားလမ်းမှန်သို့ ပို့တော်မူပြီးနောက်၊ ၎င်းတို့ ရှောင်ကြဉ်ကြရမည့်အရာများကို ထင်ရှားစွာ မိန့်ကြားတော်မူခြင်း ပြုတော်မမူသမျှ ကာလပတ်လုံး လမ်းလွဲစေ တော်မူသည် မဟုတ်ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[116] ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုး အုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ ထိုအရှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။

[117] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် မုဟာဂျီရီန်နှင့် အန်ဆွာရ် သာဝကများအပေါ်သို့လည်းကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်းမုဟာဂျီရီန် နှင့်အန်ဆွာရ်သာဝကတို့သည် မိမိတို့အနက် လူတစ်စု၏ စိတ်နှလုံးများတိမ်းစောင်းလုဆဲဆဲဖြစ်ပြီးနောက် ကျပ်တည်းသောအချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ထို့နောက် အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကရုဏာတော်နှင့်လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော်မူသောအရှင်အလွန်တရာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[118] ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[119] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ သစ္စာဝါဒီနှင့်အတူ နေထိုင်ကြလေကုန်။

[120] မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မူခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။

[121] ၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်းကို လည်းကောင်း၊သုံးစွဲကြသည်ရှိသော်၊ ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တစ်ရပ်ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ထိုသူတို့အဖို့ ရေးသားထားရှိပြီး ဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့အား ထိုသူတို့၏အပြုအမူများနှင့်စပ်လျဉ်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။

[122] စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် တစ်ယောက်မကျန် (စစ်တလင်းသို့) ထွက်ကြရန်(လည်း) မထိုက်ချေ။ သို့ဖြစ်ပေရာ ၎င်းတို့ အနက် အုပ်စုတိုင်းမှလူတစ်စုသည်သာလျှင် (စစ်တလင်းသို့)ထွက်ကြရပေမည်။ သို့မှသာလျှင် (ကျန်လူတို့မှာ) ဒီန်သာသနာ နှင့်စပ်လျဉ်း၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြပေမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အမျိုးသားတို့အား (စစ်တလင်းမှ) မိမိတို့ထံပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ(အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်တော်များကို ဟောကြားခြင်းအားဖြင့်) သတိပေးနှိုးဆော်နိုင်ကြပေမည်။ သို့မှသာလျှင် ထိုအမျိုးသားတို့သည်(ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ရှားတန်ကြရာ ကုန်သတည်း။

[123] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်းကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည်အသင်တို့၌ ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။

[124] စင်စစ်သော်ကား မည်သည့်အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏)’စူရဟ်ကဏ္ဍ တစ်ခုခုသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ထို (မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ဤ စူရဟ် ကဏ္ဍသည် အသင်တို့အနက် မည်သူ၏အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက်စေပါသနည်းဟု ပြောဆိုလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည်ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြကုန်၏။

[125] သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။

[126] ၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။

[127] ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို စူရဟ်ကဏ္ဍတစ်ခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တစ်ဦးကတစ်ဦးကိုကြည့်(၍)အသင်တို့အား (နဗီတမန်တော်နှင့်မုစ်လင်မ်တို့အနက်မှ) တစ်ဦးဦးသည် ကြည့်နေသလောဟုအရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက်ပြန်လှည့်(၍ထွက်သွား) ခဲ့ကြလေသည်။ (စင်စစ် သော်ကား) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ထားတော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။

[128] ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။

[129] တဖန် အကယ်၍ ၎င်းတို့သည် (သိနားလည်ပါလျက်နှင့်ယုံကြည်လိုက်နာခြင်းမရှိပဲ) ပြန်လှည့်၍ သွားခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား ဤသို့ ပြောကြားပါလေ)ငါတို့အဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရ်ှပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း။

ယူနွတ်စ်

Surah 10

[1] အလာစ်ဖ်၊ လမ်၊ ရာ။ ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံသော (ခိုင်မာသော) ကျမ်းတော်မြတ်၏ အာယတ်တော်များပင်တည်း။

[2] ငါအရှင်မြတ်သည် ၎င်း တို့အနက်မှပင် လူတစ်ဦး၏ထံသို့ အသင်သည် လူခပ်သိမ်းတို့အား သတိ ပေးနှိုးဆော်ပါလေ ဟူ၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ထိုသူတို့၏အရှင်မြတ် အထံတော်၌ ထိုသူတို့အဖို့ မြင့်မြတ်သော အဆင့်အတန်းရှိသည်ဟု သတင်းကောင်းပြောကြားပါလေ ဟူ၍လည်းကောင်း၊ ဝဟီ အမိန့်ဗျာဒိတ်တော် ချပေးတော်မူခြင်းသည် လူတို့၌အံ့ဩဖွယ်ဖြစ်နေပါသလော၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့ကမူ (ထိုသူနှင့်ပတ်သက်၍)ဤသူကား ထင်ရှားသော စုန်းကဝေ အမှန်ပင်ဖြစ်သည် ဟုပြောဆိုကြကုန်၏။

[3] ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့ လေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရ်ှ ပလ္လင်တော်ထက်၌ တည်နေတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်ပင်အမှုကိစ္စ အရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ မည်သူမဆိုထိုအရှင်မြတ် ခွင့်ပြုတော်မူပြီးမှသာလျှင် ကြားဝင်အသနားခံပေးနိုင်မည်ဖြစ်၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အားဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ်အရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ သို့ပါလျက် အသင်တို့သည်သတိတရား မရရှိကြသေးသလော။

[4] ထိုအရှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြမည်ဖြစ်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ မှန်ကန်စွာကတိပြုတော်မူခြင်းပင်ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင်ဖန်ဆင်း ခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင်ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ် သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကိုဆောက်တည်ကြသောသူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်း တို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။

[5] ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင်နေကိုထွန်းတောက်စွာလည်းကောင်း၊ လကို လင်းဝင်းစွာ လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ထို့ပြင် ထိုအရှင်မြတ်သည် နှစ်များ၏ အရေအတွက်ကိုလည်းကောင်း၊ စာရင်းကိုလည်းကောင်း၊ အသင်တို့ သိနားလည်ကြအံ့သောငှာ၊ ယင်းလစန္ဒာ(သွားလာရန်)စခန်းများကို သတ်မှတ်၍ပေးတော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသည်(တို့)ကို မှန်ကန်သော ရည်ရွယ်ချက်နှင့်သာလျှင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် သိနားလည်သူတို့အကျိုးငှာသက်သေလက္ခဏာရပ်တို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသည်။

[6] ဧကန်မလွဲ ညဉ့်နှင့်နေ့တို့၏ပြောင်းလွဲမှု၌ လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတွင် အလ္လာဟ် အရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများ၌လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသူတို့အဖို့သက်သေလက္ခဏာများသည် ဧကန်မုချ ရှိချေသည်။

[7] ဧကန်အမှန် အကြင်သူတို့သည် ငါအရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မမျှော်လင့်ကြချေ။ ထို့ပြင် ၎င်း တို့သည်လောကီဘဝကိုပင် ကျေနပ်၍ ထိုလောကီ ဘဝနှင့်ပင် နှစ်သိမ့်စိတ်ဝင်စားကာ အာရုံစိုက်၍ နေခဲ့ကြလေသည်။ ၎င်း ပြင်အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကိုမေ့လျော့၊ လျစ်လျူရှုသူများ ဖြစ်ကြကုန်၏။

[8] ထိုသူများပင် ၎င်း တို့သည်(ပြစ်မှုဒုစရိုက်များကို)ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသောကြောင့် ၎င်း တို့၏ ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်လတ္တံ့။

[9] ဧကန်စင်စစ် အကြင်သူများသည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်း ပြင် ထိုသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ပြုလုပ်ဆောက်တည်ကြ၏။ ၎င်း တို့အား၎င်း တို့ကို ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုကြောင့် ချမ်းသာသုခနှင့် ပြည့်စုံသော ဥယျာဉ်များသို့ ပို့ဆောင်တော်မူမည် ဖြစ်သည်။ ၎င်း တို့(နေထိုင်ရာ)အောက်၌ စမ်းရေချောင်းများ စီးတွေလျက်ရှိပေမည်။

[10] ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။

[11] ၎င်း ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ ၎င်း တို့အကောင်းကို အလျင်အမြန်တောင်းဆိုသကဲ့သို့ အဆိုးကို ပို့ဆောင်(သက်ရောက်) စေတော်မူပါလျှင် ၎င်း တို့၏သက်တမ်းသည် မုချ အဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင်မြတ် နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်း တို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။

[12] သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။

[13] ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အလျင်(များစွာသော)အမျိုးနွယ်များကို ၎င်း တို့ မတော်မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီးတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်း တို့ထံ ၎င်း တို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသောသက်သေ၊ လက္ခဏာတော်များကိုယူဆောင်လာခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း တို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤကဲ့သို့ပင်အစားပေးတော်မူလေသည်။

[14] ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။

[15] ၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(ဟယ်-အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်ရသည်။

[16] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။

[17] သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။

[18] စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။

[19] စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။

[20] ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။

[21] အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း တို့၌ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အကြံ အစည်များပေါ်လာလေ့ရှိပေသည်။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား) ‘အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာ၌ (၎င်း တို့ထက်) ပိုမို၍ပင်လျင်မြန်တော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည်တို့ကို ရေးမှတ်လျက်ရှိကြ၏။

[22] ထိုအရှင်မြတ်သည် ထိုအရှင်မြတ်ပင်။ထိုအရှင်မြတ်သည်သာလျှင် အသင်တို့အား ကုန်းကြောင်း၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌လည်းကောင်း၊ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် သင်္ဘောများ တွင်ရှိနေကြသောအခါ သင်္ဘောများသည်လေညင်းလေ ပြည် ဖြင့် ၎င်း တို့အား သယ်ဆောင်သွားလေ၏။၎င်း တို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ ထိုအခါ(ရုတ်တရက်) ထိုသင်္ဘောများကိုလေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်၎င်း တို့အပေါ်၌ အဖက် ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်း တို့သည်ဧကန်မလွဲ မိမိတို့မှာ ဝိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၌သာလျှင်(အာရုံစူးစိုက်)သဒ္ဓါကြည်ဖြူလျှက် (အို-အရှင်) အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ(ဘေး အန္တရာယ်)မှ လွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန် တော်မျိုးတို့သည် ကျေးဇူး တော်ကို သိတတ်ကြသောသူတို့တွင် အပါအဝင် ဖြစ်ကြပါမည်ဟု ဟစ်ခေါ်ဆုတောင်းကြ၏။

[23] တစ်ဖန် ထိုအရှင်မြတ်သည် ၎င်း တို့အား လွတ်မြောက်စေတော်မူသောအခါ ရုတ်တရက်ချက်ချင်းပင် ၎င်း တို့သည် ကမ္ဘာမြေပြင်ဝယ် မတရားသဖြင့် စည်းကမ်းကျူးလွန်ကြကုန်၏။ အို-လူအပေါင်းတို့ အသင်တို့၏ စည်းကမ်း ကျူးလွန်မှုသည် အသင်တို့အပေါ်၌သာ (ပြန်လည် ကျရောက်မည်)ဖြစ်သည်။ (အသင်တို့သည်)လောကီဘဝ၏(အနည်းငယ်မျှသော)အကျိုးကျေးဇူးကို (ခံစားလျက်ရှိကြကုန် လော့)။ ထို့နောက်အသင်တို့သည် ငါအရှင်မြတ်၏အထံတော် သို့သာလျှင်ပြန်ကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အားအသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည်များကို ပြသ တော်မူမည်ဖြစ်သတည်း။

[24] (ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင်ပထဝီမြေသည် မိမိဝတ်စားတန်ဆာကိုယူ၍(လှပတင့်တယ်စွာ)တန်ဆာဆင်ယင်ပြီး၊ ထိုမြေကိုပိုင်ဆိုင်သူတို့က ၎င်း တို့သည်ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ည၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက်ငါအရှင်မြတ်သည် ယင်းလယ်ယာဥယျာဉ် များကိုရုပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော၊် ထိုလယ်ယာဥယျာဉ်များသည်ယမန်နေ့က လုံးဝမရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင် ချင့်ချိန်သူတို့အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသတည်း။

[25] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်။ ၎င်း ပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ ပို့ဆောင်တော်မူ၏။

[26] ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။

[27] သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သောသူတို့မူကား (၎င်း တို့ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏အကျိုးသည် ထိုမကောင်းမှုနှင့်ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း ၎င်း တို့အား ဖုံးလွှမ်းမည်ဖြစ်သည်။၎င်း တို့အား အလ္လာဟ်အရှင်မြတ်၏(ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း တို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည်ငရဲသားများ ဖြစ်ကြပေသည်။ ၎င်း တို့သည် ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။

[28] ၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။

[29] သို့ဖြစ်ပေရာ အသင်တို့၏ကိုးကွယ်မှုကို ငါတို့(အလျဉ်း)မသိခဲ့ကြောင်း အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့နှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် လုံလောက်တော်မူပေသည်။

[30] ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။

[31] (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။

[32] သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။

[33] ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်ဝင်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။

[34] (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။

[35] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အား)အသင်တို့၊ (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသူအသင်တို့တွင် မှန်ကန်ရာသို့ လမ်းညွှန်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလေသလောဟု မေးမြန်းပါလေ။ (တစ်ဖန်)အသင်ကပင် (၎င်း တို့အားဤသို့)ပြန်၍ ပြောကြားပါလေ။အလ္လာဟ်အသျှင်မြတ်ပင် မှန်ကန်ရာသို့ လမ်းညွှန်တော်မူ၏။သို့ဖြစ်ပေရာ မှန်ကန်ရာသို့ လမ်းညွှန်တော် မူသောအရှင်မြတ်သည် လိုက်နာခြင်းကို ပို၍ခံထိုက်တော်မူပါသလော၊ သို့ တည်းမဟုတ် မိမိကိုယ်တိုင် လမ်းညွှန်ခြင်းကို မခံရက မှန်ကန်သောတရားလမ်း ကို မရရှိသောသူသည် လိုက်နာခြင်းကိုပို၍ခံထိုက် လေသလော။ သို့ဖြစ်ပေရာ (ဤသည်တို့ကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ကြရန်) အသင်တို့တွင်မည်သည့် အကြောင်းရှိသနည်း။ အသင်တို့သည် မည်ကဲ့သို့ဆုံးဖြတ်ကြပါ သနည်း။

[36] စင်စစ် ၎င်း တို့အနက် အများဆုံးသောသူတို့ သည်(မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာ ကြကုန်၏။အမှန်စင်စစ်သော်ကား ထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်၍ အနည်းငယ်စိုးစဉ်းမျှပင်အကျိုးပေးသည်မဟုတ်ပေ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုမူလျက်ရှိသည်တို့ကိုအကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[37] စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။

[38] ၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။

[39] ထိုသို့အလျဉ်းမဟုတ်၊ စင်စစ်မူကား ၎င်း တို့ သည်မိမိတို့ကိုယ်တိုင် မသိနားမလည်သောအရာကို(စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် တို့ထံ ယင်း၏ အကျိုးသည်လည်းရောက်ခဲ့သည်မရှိချေ။ ဤနည်းနှင်နှင် ၎င်း တို့အလျင် ရှေးအထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့ကလည်း မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ဖူးကြလေသည်။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) မတရားသောသူတို့သည် မည်သို့မည်ပုံ အကျိုးခံစားခဲ့ကြရသည်ကို အသင်သည် ကြည့်ရှုဆင်ခြင်ပါလေ။

[40] ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

[41] ၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်း တို့အား ဤသို့) ဖြေကြားပါလေ။ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည်ငါပြုသမျှနှင့်(မည်သို့မျှမဆိုင်၊လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်း အသင်တို့ပြုသမျှ တို့နှင့်(မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသည်။

[42] ထိုမှတစ်ပါး ၎င်း တို့တွင်(အမြင်အားဖြင့်) အသင့်ဘက်သို့ နားစွင့်နေကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာအသင်သည် နားပင်းနေသော သူတို့အား (၎င်း တို့သည်အသိဉာဏ်ကိုအသုံးမပြုဘဲ ရှိနေကြပါလျက်) ကြားအောင်ပြုနိုင်ပါသလော။

[43] ထိုနည်းတူစွာ ၎င်း တို့တွင်(အမြင်အားဖြင့်)အသင့် အားကြည့်နေသူများလည်း ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကန်းနေသောသူတို့အား (4င်းတို့သည်ဉာဏ် မျက်စိဖြင့်မမြင်ကြပါလျက်)တရားလမ်းမှန်ကိုညွှန်ပြနိုင်ပါ သလော။

[44] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အနည်းငယ်စိုးစဉ်းမျှပင် နှိပ်စက်ကလူ ပြုတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား လူတို့သည် မိမိကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သတည်း။

[45] ထို့ပြင် (အသင်သည် ၎င်း တို့အား) အကြင်နေ့ကို သတိပေးပါလေ။ ထိုနေ့တွင် ထိုအရှင်မြတ်သည် ၎င်း တို့အားစုရုံးတော်မူပေမည်။ ထိုအခါ ၎င်း တို့သည်(မိမိတို့မှာ လောကတွင်) နေ့၏တစ်နာရီခန့်မျှသာ နေခဲ့ကြရသည်(ဟု ထင်မှတ်ကြပေမည်)။ ၎င်း တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦးလည်းမှတ်မိကြပေမည်။ (သို့သော်ငြားလည်း တစ်ဦးသည်တစ်ဦးအဖို့အသုံးကျမည် မဟုတ်ချေ)။ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့သည် ဧကန်မလွဲကျိုးယုတ်ဆုံးရှုံးကြခဲ့လေပြီတကား။ စင်စစ်သော်ကား ၎င်း တို့သည် တရားလမ်းမှန်ကို ရရှိအံ့သောသူများ မဟုတ်ခဲ့ကြပေ။

[46] စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည်၎င်း တို့အား ငါအရှင်မြတ် ကတိထားတော်မူခဲ့သော ပြစ်ဒဏ်အချို့ကို အသင့်အား ပြတော်မူသည် ဖြစ်စေ၊ သို့တည်းမဟုတ်ငါအရှင်မြတ်သည် အသင့်အား(ထိုပြစ်ဒဏ်မကျရောက်မီ)သေဆုံးတော်မူသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်း တို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌ပင်ရှိပေသည်။ ပြီးနောက်အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုလုပ် ကြသည်တို့ ကိုလည်းသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[47] စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ တစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်း တို့သည်မတရားပြုလုပ်ခြင်းကို လုံးဝခံကြရသည် မဟုတ်ပေ။

[48] ထိုမှတစ်ပါး ၎င်း တို့က အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြပါလျှင်ဤ(ပြစ်ဒဏ်ကျရောက်ခြင်းနှင့်စပ်လျဉ်းသည့်) ကတိသည် မည်သည့်အခါ၌ အတည်ဖြစ်အံ့နည်းဟု ပြောဆိုကြကုန်သတည်း။

[49] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရေးကိစ္စမှတစ်ပါး မိမိကိုယ်နှင့် ပတ်သက်၍မည်သည့်ကျိုးယုတ်၊ ဆုံးရှုံးစေခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည် မဟုတ်ပေ။ လူမျိုးတိုင်းတွင် သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလသည်ရှိ၏။ ၎င်း တို့၏ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလ ရောက်ရှိလာသောအခါ ၎င်း တို့သည်တစ်နာရီခန့်မျှပင် ရွှေ့ဆိုင်းနိုင်ကြသည်လည်း မဟုတ်၊။စောနိုင်ကြသည်လည်း မဟုတ်ချေ။

[50] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အကယ်၍ အသင်တို့၌ ထိုအရှင်မြတ်၏ပြစ်ဒဏ်သည် ညအချိန်၌ဖြစ်စေ၊ နေ့အချိန်၌ဖြစ်စေ၊ (ရုတ်တရက်) ဆိုက်ရောက်လာခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ (သို့ပါလျက်) ပြစ်မှုကျူးလွန်သူတို့သည် မည်သည့်အတွက်ကြောင့် ထိုပြစ်ဒဏ်ကျရောက်ရန် အလျင်လိုကြသနည်း။

[51] အဘယ်သို့ပါနည်း၊ ထိုပြစ်ဒဏ် ကျရောက် လာသည့်နောက်မှသာ အသင်တို့သည် ယင်းပြစ်ဒဏ်ကို ယုံကြည်ကြမည်လော။ ယခုပင်(ယုံကြည်ကြလေသလော)။အမှန်စင်စစ်သော်ကား အသင်တို့သည် ထိုပြစ်ဒဏ်နှင့်စပ်လျဉ်း၍ ဧကန်မလွဲ အလျင်လိုခဲ့ကြကုန်သတည်း။

[52] ထိုနောက် (မိမိကိုယ်ကို) နှိပ်စက်ကလူ ပြုခဲ့ကြသည် အစဉ်ထာဝရတည်အံ့သောအပြစ်ဒဏ်၏(အရသာ) ကိုမြည်းစမ်းကြလေကုန်။ အသင်တို့သည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်တို့မှတစ်ပါး မည်သည်ကိုမျှ အစားပေးခြင်းကိုခံကြရသည်မဟုတ်ပေတကား။

[53] ၎င်း ပြင် ထိုသူတို့သည် အသင့်အား ဤ(ပြစ်ဒဏ်ကျရောက်မည့်)ကိစ္စသည် မှန်ကန်ပါသလောဟု သတင်းမေးမြန်းစုံစမ်းကြကုန်သည်။ အသင်သည် (၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ ဟုတ်ပေသည်(ငါသည်)မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား တိုင်တည်၍ပြောကြားအံ့။ဧကန်မလွဲ ဤကိစ္စသည် အမှန်သာလျှင်ဖြစ်သည်။ ထို့ပြင်အသင်တို့သည် (မိမိတို့၌ ထိုပြစ်ဒဏ်မကျရောက်စေရန်)တားဆီးထားနိုင်ကြမည့်သူများလည်း မဟုတ်ကြပေ။

[54] ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင် ထိုသူတို့သည် ပြစ်ဒဏ်ကို(ဦးစွာပထမ) မြင်ကြရသောအခါတွင် (မိမိတို့) နောင်တရ(ဝမ်းနည်း)ကို လျှို့ဝှက်ကြကုန်အံ့။ ထို့ပြင် (ထိုနေ့တွင်)၎င်း တို့၏အကြားဝယ် တရားမျှတစွာ စီရင်ဆုံးဖြတ်ပြီးဖြစ်အံ့။ စင်စစ်သော်ကား ၎င်း တို့သည် မတရားပြုလုပ်ခြင်းကို အလျဉ်းခံကြရမည်မဟုတ်ပေ။

[55] သတိပြုကြလေကုန်၊ ဧကန်စင်စစ် မိုးကောင်းကင်များ၌ရှိကုန်သော အရာဝတ္ထုအလုံးစုံတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော အရာဝတ္ထု အလုံးစုံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာဝတ္ထုချည်းသာ ဖြစ်ကြပေသည်။ သတိပြုကြလေကုန်၊ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ထားရှိတော်မူသော ကတိတော်သည် မှန်ကန်သောကတိတော်ပင်ဖြစ်၏။ သို့ရာတွင်၎င်း တို့ အနက် အများစုသည် မသိနားမလည်ကြချေ။

[56] ထိုအရှင်မြတ်သည်သာလျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ထံတော်သို့ပင်အသင်တို့သည် ပြန်လည်၍ ရောက်ရှိ ကြရပေမည်။

[57] အို-လူအပေါင်းတို့ မုချဧကန် အသင်တို့ထံသို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ဆုံးမဩဝါဒတော်သည်လည်းကောင်း၊ ရင်များတွင်ရှိသော(ဝေဒနာများ)ကို ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ တရားပြလမ်းညွှန်ခြင်းသည် လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း ရောက်ရှိလာခဲ့လေပြီ။

[58] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်ကြောင့်လည်းကောင်း၊ ဤသည်တို့ကိုအကြောင်းပြု၍ လူသားတို့သည်ဝမ်းမြောက်သင့်ကြပေသည်။ ထို(ကျေးဇူးတော်ကရုဏာတော်)သည်ကား ၎င်း တို့ စုဆောင်းလျက်ရှိကုန်သော (လောကီ)ဥစ္စာပစ္စည်းများထက် လွန်စွာပိုမို၍ ကောင်း မြတ်ပေသတည်း။

[59] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။

[60] ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။

[61] (အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်ဆောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။

[62] (အို-ကြားနာသူ အပေါင်းတို့ အသင်တို့သည်)သတိပြုကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ အဆွေတော်တို့အပေါ်၌မူကား တစ်စုံတစ်ရာကြောက်ရွံ့စိုးရိမ်ဖွယ်ရာလည်းရှိလိမ့်မည်မဟုတ်ပေ၊ ထို့ပြင် ၎င်း တို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ချေ။

[63] ၎င်း (အဆွေတော်)တို့သည် အကြင်သူတို့ပင်ထိုသူတို့သည် အီမာန်ယုံကြည်မှုထားရှိကြသည့်ပြင် (ပြစ်မှုဒုစရိုက်များမှလည်း) ရှောင်ကြဉ်လျက် ရှိခဲ့ကြကုန်သတည်း။

[64] ယင်း(အဆွေတော်)တို့အဖို့ လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင် လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းသည် ရှိပေသည်။ အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များ၌ ပြောင်းလဲခြင်း အလျဉ်းမရှိချေ။ ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပေတည်း။

[65] (အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[66] (အို-ကြားနာရသူ အပေါင်းတို့) အသင်တို့ သည်(ကောင်းစွာ) သတိမူကြလေကုန်၊ ဧကန်အမှန် မိုးကောင်း ကင်၌ရှိသူတို့ကိုလည်းကောင်း၊ ကမ္ဘာ မြေပြင်ဝယ် ရှိသူတို့ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင်ပိုင်ဆိုင်တော်မူ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုနှိုင်းယှဉ်ဖက်များအဖြစ်ဟစ်ခေါ် ကိုးကွယ်ကြကုန်သောသူတို့သည် (မိမိတို့၏)ထင်မြင်ယူဆချက်မှအပ အခြားတစ်စုံတစ်ရာကို လိုက်နာကြသည် မဟုတ်ပေ။ စင်စစ်မူကား၎င်း တို့သည် ရမ်းဆ(ကျင့်ကြံ) နေကြသည်သာတည်း။

[67] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင် တို့အဖို့ ညဉ့်ကိုအသင်တို့ အိပ်စက်နားနေကြရန်လည်းကောင်း၊ နေ့ကို မြင်နိုင်စွမ်းရှိစေသောအရာအဖြစ်လည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ ဤ (မည်သော)အချက်တို့တွင် (အာရုံစိုက်လျှင်)ကြားနာသူ တို့အဖို့ သက်သေသာဓကများသည် ရှိချေသတည်း။

[68] ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်လိုလား၊ တောင့်တခြင်းကင်းမဲ့တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာတည်း။ အသင်တို့၌ ဤ(မဟုတ်မမှန်သော ပြောဆိုစွပ်စွဲမှု)နှင့်စပ်လျဉ်း၍ မည်သည့်သက်သေသာဓကမျှပင် မရှိချေ။ အသင်တို့သည် မိမိတို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ်၍ပြောဆိုကြလေသလော။

[69] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြကုန်သော သူတို့သည် အလျင်း အောင်မြင်ကြမည် မဟုတ်ပေတကား။

[70] (၎င်း တို့အဖို့)လောကီဘဝတွင် အကျိုးခံစားခြင်းအနည်းငယ်မျှသာရှိပေသည်။ ထို့နောက် ၎င်း တို့သည် ငါအရှင်မြတ်အထံတော်တို့သာလျှင် ပြန်လည်ရောက်ရှိရပေမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အား ၎င်း တို့သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ပြင်းထန်စွာသော ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းစေတော်မူမည် ဖြစ်ပေသတည်း။

[71] ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်း တို့၏ရှေ့ဝယ် (နဗီတမန်တော်) နူးဟ်၏အတ္ထုပ္ပတ္တိအကြောင်းကိုဖတ်ကြားပါလေ။ တစ်ရံရော အခါဝယ်(နဗီတမန်တော်) နူးဟ်သည် မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့်ငါ၏ဆုံးမဩဝါဒပေးခြင်းသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဝန်လေးနေပါလျှင် ငါသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ပြီးဖြစ်ပေရာ အသင်တို့သည် (ငါ့အားချေမှုန်းရန်) မိမိတို့၏ အကြံအစည်များကို မိမိတို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းကြလေကုန်။ ထို့နောက်အသင်တို့၏(ယင်း)အကြံ အစည်များသည်လည်း အသင်တို့အပေါ်ဝယ် ဖုံးအုပ်လျက် မရှိပါစေနှင့်။ ထို့နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ကြလေကုန်။ ၎င်း ပြင်အသင်တို့သည် ငါ့အား ရွှေ့ဆိုင်းခွင့်ပင် မပေးကြကုန်လင့်။

[72] သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။

[73] သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။

[74] ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။

[75] ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။

[76] သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။

[77] (ထိုအခါ နဗီတမန်တော်)မူစာက (ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့သည်အမှန်တရားနှင့်စပ်လျဉ်း၍ ထိုအမှန်တရားသည် အသင်တို့ထံရောက်လာခဲ့ပြီးမှ (ဤသည် စုန်းပယောဂဖြစ်သည်ဟ)ုပြောဆိုကြလေသလော။ ဤသည် စုန်းပယောဂအတတ် ဖြစ်ပါသလော။ အမှန်စင်စစ် သော်ကား စုန်းကဝေတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြသည် မရှိချေတကား။

[78] ၎င်း တို့က (နဗီတမန်တော်မူစာအား ဤသို့)ပြောဆိုကြပြန်လေသည်။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား လွှဲဖယ်ရန်လည်းကောင်း၊ တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦး၌သာ ရှိအံ့သော ငှာလည်းကောင်း၊ အသင် ကျွန်ုပ်တို့ထံရောက်ရှိခဲ့လေသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည်အသင်တို့နှစ်ဦးအား(မည်သည့်အခါ၌မျှ) ယုံစား ကြမည့်သူများမဟုတ်ချေ။

[79] ထို့နောက် ဖစ်ရ်အောင်န်က (မိမိမှူးကြီး မတ်ရာတို့အား)အသင်တို့သည် တတ်မြောက်ကျွမ်းကျင်သောစုန်းကဝေခပ်သိမ်းတို့ကို ငါတို့ထံ ခေါ်သွင်းခဲ့ကြလေကုန်ဟု အမိန့်ထုတ်ပြန်ခဲ့လေသတည်း။

[80] တစ်ဖန် စုန်းကဝေတို့ လာရောက်ကြသောအခါ(နဗီတမန်တော်)မူစာက ၎င်း တို့အား အသင်တို့သည် မိမိတို့ပစ်ချကြမည့်အရာများကို ပစ်ချကြလေကုန်ဟုပြောဆိုခဲ့လေသည်။

[81] ထို့နောက် ၎င်း တို့သည် (မိမိတို့ပစ်ချလိုသောကြိုးများကို မြေဝယ်)ပစ်ချခဲ့ကြသောအခါ (နဗီတမန်တော်)မူစာက(၎င်း တို့အားဤသို့)ပြောဆိုခဲ့ကြလေသည်။ အသင်တို့ ယူဆောင်ခဲ့ကြသောအရာများကား စုန်းပယောဂအတတ်ပင် ဖြစ်ပေသည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ယခုမကြာမီပင် ဤစုန်းပယောဂများကို အချည်းနှီး ဖြစ်စေတော်မူမည်။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (တန်ခိုးပြာဋိဟာနှင့်ပြိုင်ဆိုင်၍)ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ လုပ်ငန်းကို အဆင်ပြေအောင် ပြုလုပ်ပေးသနားတော်မူသည် မဟုတ်ပေ။

[82] စင်စစ်သော်ကား ပြစ်မှု ကျူးလွန်သူများသည်(မည်မျှပင်)မကျေနပ်မနှစ်သက်ကြလင့်ကစား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိပြဋ္ဌာန်းချက်များနှင့်အညီ အမှန်ပင်ဖြစ်စေတော်မူပေသည်တကား။

[83] ထို့နောက် နဗီတမန်တော်မူစာအား ထို(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့အနက်မှ ဖစ်ရ်အောင်န်နှင့်မိမိတို့၏အနက်မှ အကြီးအကဲတို့သည် မိမိတို့အား အန္တရာယ်ပြုကြမည်ဟု စိုးရိမ်ကြီးစွာရှိနေကြသဖြင့် လူတစ်စုသာလျှင်ယုံစား (ယုံကြည်ထောက်ခံ) ခဲ့ကြလေသည်။ စင်စစ်မှာမူကားဖစ်ရ်အောင်န်သည်(ထိုစဉ်အခါက)တိုင်းပြည်တွင် လွှမ်းမိုးကြီးစိုးနေသူဖြစ်ခဲ့သည့်ပြင်၊ ဧကန်စင်စစ် ၎င်း သည် ကျူးကျော်လွန်ကဲသူတစ်ဦးလည်း ဖြစ်ခဲ့ပေသတည်း။

[84] ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ် အမိန့်တော်ကို နာခံသူများ ဖြစ်ကြပါလျှင် အသင်တို့သည် (မိမိတို့၏အရေးကိစ္စအဝဝတွင်) ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည် အားထားကြလေကုန်။

[85] ထိုအခါ နဗီတမန်တော်မူစာ၏ အမျိုးသားတို့က (အို-နဗီတမန်တော်မူစာ၊) ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထားကြပါပြီ ဟုပြောဆိုပြန်ကြားခဲ့ပြီး (အလ္လာဟ်အရှင်မြတ်အထံတော်၌) အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်(ဟုပန်ကြားခဲ့ကြလေသည်။)

[86] ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ(ဟူ၍ဆုပန်ခဲ့ကြလေသတည်း။)

[87] ၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။

[88] ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။

[89] (ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။

[90] ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တို့၏နောက်သို့ ဖစ်ရ်အောင်န် နှင့် ထိုဖစ်ရ်အောင်န်ဗိုလ်ခြေဗိုလ်ပါ တို့သည် မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သော အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ပါပြီ။ ထို့ပြင် ကျွန်တော်မျိုးသည် မုစ်လင်မ်အမိန့်တော်ကို လိုက်နာသောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါပြီဟု ပြောဆိုခဲ့လေသတည်း။

[91] (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။) ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကား အသင်သည် ယခု (မနစ်မြုပ်မီ)အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမက အသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ချေ သတည်း။

[92] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင့်အားအသင်၏ခန္ဓာကိုယ် ရုပ်ကလာပ်နှင့်တကွ အသင်သည် မိမိနောင်လာနောက်သားတို့အဖို့ အထိမ်းအမှတ်၊ လက္ခဏာ၊သံဝေဂရဖွယ်တစ်ရပ် ဖြစ်အံ့သောငှာ ဆယ်တင်ထားတော်မူမည်။ သို့ရာတွင် များစွာသော သူတို့သည် ငါအရှင်မြတ်၏သက်သေ၊ လက္ခဏာတော်များကို လျစ်လျူရှု မေ့ပျောက်၍သွားသောသူများသာ ဖြစ်ကြပေသတည်း။

[93] ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည်ပင်အစ္စရာအီလီမျိုးနွယ်ဝင်တို့အား အလွန်ကောင်းမွန်သင့်မြတ်သောနေရာတွင် နေရာချထားပေးတော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည်ပင် ၎င်း တို့အား ကောင်းမွန်သန့်စင်သောစားနပ်ရိက္ခာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တစ်ဖန် ၎င်း တို့သည် မိမိတို့ထံ အသိပညာရောက်ရှိလာပြီးမှ သာလျှင် ကွဲလွဲခဲ့ကြပေသည်။ ဧကန်မလွဲ အသင်၏ အရှင်မြတ်သည် ၎င်း တို့၏စပ်ကြားတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ၎င်း တို့ကွဲလွဲလျက် ရှိကြကုန်သောအရေး ကိစ္စများနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူပေမည်။

[94] တဖန် အကယ်၍ အသင်တို့သည် မိမိထံ ငါအရှင်မြတ် ချပေးသနားတော်မူသော အကြောင်းအချက်များနှင့်စပ်လျဉ်း၍ ဒွိဟသံသယဖြစ်ခဲ့ပါမူ အသင်သည် မိမိအလျင်ကျမ်းဂန်များကို ဖတ်လျက်ရှိသောသူတို့အား စုံစမ်းမေးမြန်းပါလေ။ စင်စစ်ဧကန် အသင့်ထံ အသင်၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိလာခဲ့လေပြီ။ သို့ဖြစ် ပေရာအသင်သည် ဒွိဟသံသယရှိသူတို့အနက်မှ အလျင်းမဖြစ်ပါလေနှင့်။

[95] ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့၏အနက်မှလည်း အလျင်း မဖြစ်ပါလေနှင့်။ သို့ဖြစ်ခဲ့ပါလျှင် အသင်သည်လည်း ဆုံးရှုံးသူတို့တွင် အပါအဝင်ဖြစ်သွားပေမည်။

[96] အမှန်စင်စစ် အကြင်သူတို့ကား ၎င်း တို့အပေါ်၌အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့လေပြီ၊ ထိုသူတို့သည်ကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။

[97] အကယ်၍ ၎င်း တို့ထံ သက်သေလက္ခဏာ အလုံးစုံရောက်လာခဲ့ငြားသော်လည်း ၎င်း တို့သည် ပြင်းပြနာကျယ်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်) မတွေ့မမြင်ကြရသည့်ကာလပတ်လုံး(သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။)

[98] တဖန် အကြင်ကဲ့သို့သော ရွာတစ်ရွာမျှပင်အဘယ့်ကြောင့် မရှိခဲ့ပါသနည်း။ ထိုရွာ(သူရွာသား တို့)သည်အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသဖြင့် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုသည် ၎င်း တို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့လေသည်။ သို့ဖြင့်(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့ကာ(အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်အတွက်)အီမာန်အကျိုးခံစားခဲ့ကြရလေသည်။ ထို(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသောအခါ ငါအရှင် မြတ်သည် ကျိုးယုတ်ရှက်ရဖြစ်စေမည့်ပြစ်ဒဏ်ကို ပစ္စက္ခလောကီဘဝတွင် ၎င်း တို့မှ ကင်းဝေးစေတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း တို့အား(သတ်မှတ်ပြဋ္ဌာန်းအပ်သော) အချိန်ကာလတိုင်အောင် ကောင်းစားတော်မူခဲ့လေသတည်း။

[99] စင်စစ်သော်ကား အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကမ္ဘာမြေဝယ် ရှိရှိသမျှသော သူခပ်သိမ်းတို့သည် တစ်ပြိုင်နက် အီမာန်သက်ဝင်ယုံကြမည်သာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် လူတို့အား မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်လာကြရန် အတင်းအကျပ် ပြုလုပ်နိုင်ပါသလော။

[100] အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိလျှင် မည်သူတစ်ဦးတစ်ယောက်မျှပင် အီမာန်သက်ဝင်ယုံကြည်နိုင်သည်မရှိချေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသိဉာဏ်ကို အသုံးမပြုသော သူတို့အပေါ်၌သာလျှင် မစင်ကြယ်မှုကို သက်ရောက်စေတော်မူချေသတည်း။

[101] (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊အဘယ်ကဲ့သို့သောအရာများရှိကြသည်ကို ကြည့်ရှုကြလေကုန်။စင်စစ်မူကား မယုံကြည်(လို)သောသူတို့အား သက်သေလက္ခဏာများသည်လည်းကောင်း၊ သတိပေး နှိုးဆော် ချက်များသည်လည်းကောင်း၊ အကျိုးပေးသည်မဟုတ်ချေ။

[102] သို့ပါလျက် ၎င်း တို့သည် မိမိတို့အလျင် လွန်လေပြီးခဲ့ကြသောသူတို့၏ ဘေးအန္တရာယ်များ ကဲ့သို့သော ဘေးအန္တရာယ်ကိုသာ မျှော်လင့်လျက် ရှိကြလေသလော။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား အချင်းတို့) ဤသို့ဖြစ်လျှင် အသင်တို့သည် မျှော်လင့်ကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ မျှော်လင့်သူတို့အနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြောကြားပါလေ။

[103] ထိုနောက် ငါအရှင်မြတ်သည် မိမိရစူလ် တမန်တော်များအားလည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်သောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူလေ့ရှိခဲ့သည်။ဤနည်းအတိုင်းပင် ငါအရှင်မြတ်အပေါ်၌ (ကယ်ဆယ်ရန်)တာဝန်တော် ရှိ၏။ ငါအရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား ကယ်ဆယ်တော်မူပေမည်။

[104] (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။

[105] ထို့ပြင် အသင်သည် မိမိမျက်နှာကို ဒီန်သာသနာတော်ဘက်သို့ သဒ္ဒါကြည်ဖြူစွာ လှည့်ထားပါလေ။ ထိုမှတစ်ပါး အသင်သည် မုရှ်ရစ်က် တို့တွင် အပါအဝင် မဖြစ်ပါလေနှင့် (ဟူ၍လည်း အမိန့်တော် ရရှိ၏။)

[106] ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)

[107] စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[108] (အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။

[109] ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

ဟူဒ်

Surah 11

[1] အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။

[2] အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးတစ်စုံတစ်ရာကိုမျှ မကိုးကွယ်၊ မဆည်းကပ် ကြကုန်လင့်။ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထို အရှင်မြတ်အထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းယူလာသူ ဖြစ်ပေသတည်း။

[3] ထို့ပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်လျက်ရှိကြလေကုန်။ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြီးဖြစ်သောအချိန်ကာလ တိုင်အောင် ကောင်းမွန်လှစွာသော စည်းစိမ်များကို ခံစားစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အကျင့်အမူအားဖြင့် ပိုမိုသောသူတိုင်းကို ၎င်း၏ပိုမို(၍ရထိုက်)သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။ သို့ရာတွင်အကယ်၍၊ အသင်တို့သည် မျက်နှာလွှဲဖယ်လျက် ပင်ရှိကြပါလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်သော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်လေသတည်း။

[4] အသင်တို့၏ ပြန်လည်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ပြုနိုင် စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[5] သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[6] အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။

[7] ၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။

[8] ၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။

[9] စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် မနုဿလူသားများကို မိမိအထံတော်မှ ကရုဏာ တော်၏ရသကို မြည်းစမ်းစေတော်မူပြီးနောက် ငါအရှင်မြတ်သည် ယင်းမနုဿလူသားထံမှ ထိုကရုဏာတော်ကို ရုပ်သိမ်းတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ထိုမနုဿလူသားသည် မျှော်လင့်ချက်ကင်းမဲ့သူများ၊ လွန်စွာကျေးဇူးတော်ကိုမသိတတ်သူများ ဖြစ်သွားတတ်ကြကုန်သတည်း။

[10] ထိုနည်းတူစွာ အကယ်၍ ငါအရှင်မြတ်သည် ထိုမနုဿလူသားများအား ၎င်းတို့၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခ၏နောက်တွင် ကျေးဇူးတော်၏အရသာကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ၎င်းတို့သည် ကျွန်ုပ်တို့ ဘေးဒုက္ခများပပျောက်၍သွားလေပြီဟု ပြောဆိုလေ့ရှိကြကုန်၏။ ဧကန်စင်စစ် ယင်းမနုဿလူသားတို့သည် ဘဝင်ကြီးသူများ ဝါကြွားပလွှားသူများပင် ဖြစ်ကြကုန်သတည်း။

[11] သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။

[12] သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။

[13] ၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။

[14] တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။

[15] မည်သူမဆိုလောကီဘဝကိုလည်းကောင်း၊ယင်းလောကီဘဝ၏ (ပကာသနဖြစ်သော) လှပ တင့်တယ်မှုကိုလည်းကောင်း၊ ရည်စူးပါလျှငငါ အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များ၏(အကျိုး)ကိုဤလောကီ ဘဝ၌ပင် အပြည့်ပေးတော်မူလေသည်။ ထို့ပြင်၎င်း တို့သည် ဤလောကီဘဝတွင် (အနည်းငယ်မျှပင်) ယုတ်လျော့စေခြင်းကို ခံကြရသည်မရှိချေ။

[16] ဤသူများသည် အကြင်သူများပင်တည်း။ ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် ငရဲမီးမှအပ အခြားတစ်စုံတစ်ရာမျှပင် (အကျိုးခံစားခွင့်) ရှိလိမ့် မည်မဟုတ်ပေ။ ထို့ပြင်၎င်းတို့ပြုလုပ်သမျှတို့သည် အချည်းနှီးပင်ဖြစ်သည့်ပြင် ၎င်းတို့ကျင့်မူဆောင်ရွက် ခဲ့သမျှတို့သည်လည်း နောင်တမလွန်ဘဝတွင် အကျိုးမဲ့ ဖြစ်လိမ့်မည်သာတည်း။

[17] သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏ အရှင်မြတ်ထံတော်မှ (ရောက်ရှိလာသော)ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုသူ၏နောက်မှ သက်သေတစ်ခုသည် ထိုအရှင်မြတ်အထံတော်မှပါရှိခဲ့၏။(တစ်နည်း)သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ထံတော်မှ(ရောက်ရှိလာခဲ့သော) ကုရ်အာန်ကျမ်းမြတ်အပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုကျမ်းမြတ်နှင့်အတူ ထိုကျမ်းမြတ်ထဲ၌ပင်သက်သေခံတစ်ခုပါရှိ၏။) ထိုမှတစ်ပါး ၎င်း၏အလျင်(နဗီတမန်တော်)မူစာ၏ ကျမ်းဂန်သည် ရှေ့ဆောင်ရှေ့ ရပ်အဖြစ်လည်းကောင်း၊ ကရုဏာတော်အဖြစ်လည်းကောင်းး (ထောက်ခံလျက်)ရှိခဲ့၏။ (လောကီဘဝကို ရည်စူးသောသူတို့သည်ထိုကဲ့သို့သောသူတို့နှင့် တူနိုင်ကြပါမည်လော။) ထိုကဲ့သို့သောသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြလေသည်။ ထို့ပြင် အုပ်စုများအနက်မှ မည်သူမဆို ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ငြင်းပယ်ခဲ့ပါလျှင် ငရဲဘုံသည်ထိုသူ၏ ချိန်းချက်ထားသောနေရာပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ဒွိဟသံသယမဖြစ်ပါလေနှင့်။ ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းတော် မြတ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ (ကျရောက်လာသည့်)မှန်ကန်သောကျမ်းတော်မြတ်ပင် ဖြစ်ချေသည်။ သို့ရာတွင် မြောက်မြားစွာသောသူတို့မူကား သက်ဝင်ယုံကြည်သည် မဟုတ်ချေ။

[18] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်၍စွပ်စွဲသောသူထက်ပို၍ မတရားစောကားသောသူသည် မည်သူရှိပါဦးမည်နည်း။ ဤကဲ့သို့သောသူများသည် ၎င်းတို့၏ အရှင်မြတ်ရှေ့တော်မှောက်ဝယ် ဝင်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ သက်သေများက ဤသူများပင် မိမိတို့၏အရှင်မြတ်အပေါ်၌ မုသားပြောဆို စွပ်စွဲခဲ့သောသူများဖြစ်ကြသည်ဟု ပြောဆိုကြပေမည်။ အလ္လာဟ်အရှင်မြတ်၏ စက်ဆုပ်တော်မူခြင်းသည် မတရားသောသူတို့၏ အပေါ်၌ရှိချိမ့်မည်ဖြစ်ကြောင်း(ကောင်းစွာ) သတိပြုကြလေကုန်။

[19] (ထိုကျူးကျော်စော်ကားသော)သူများကားအကြင်သူတို့ပင်၊ ထိုသူတို့သည် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်လမ်းတော်မှ ပိတ်ပင်တားဆီးကြလေသည်။၎င်းပြင် ထိုသူတို့သည် ထိုလမ်းတွင် ကွေ့ကောက်မှုကို ရှာကြံကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့ကိုယ်တိုင်ပင်နောင်တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်သတည်း။ (တစ်နည်း)၎င်းတို့သည်ကား နောင်တမလွန်ဘဝကိုပင် ငြင်းပယ်သူများဖြစ်ကြပေသတည်း။

[20] ဤသူများသည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ပေးတော်မူခြင်းမှ)လွတ်မြောက်နိုင်သူများမဟုတ်ခဲ့ကြချေ။ ထိုမှတစ်ပါး ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ (ယနေ့မူကား) ၎င်းတို့၌ပြစ်ဒဏ်သည် နှစ်ဆ ပြုလုပ်ခြင်းကို ခံရပေမည်။ ၎င်းတို့သည်(မလိုမုန်းတီးမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း) ကြားနာနိုင်စွမ်းမရှိခဲ့ကြပေ။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာသာဓကများကိုလည်း)မြင်နိုင်ကြသည် မရှိခဲ့ချေ။

[21] ဤသူများပင် မိမိတို့ကိုယ်ကို မိမိတို့ ဆုံးရှုံး နစ်နာစေခဲ့ကြသောသူများတည်း။ ထို့ပြင် ၎င်းတို့ထံမှ ၎င်းတို့ လီဆယ်ဖန်တီးခဲ့ကြသော (ကိုးကွယ်ရာများသည်) ပျောက်ကွယ်၍သွားကြလေပြီ။

[22] ဧကန်မလွဲ ၎င်းတို့သည်ပင် နောင်တမလွန်ဘဝတွင် အနစ်နာဆုံးသော သူများဖြစ်ကြပေမည်။

[23] ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည် ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အရှင်မြတ်ရှေ့တော်ဝယ် ကျိုးနွံခဲ့ကြကုန်၏။ ထိုသူများ ကား ဂျန္နတ်အမတသုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်း ဂျန္နတ်အမတသုခဘုံ၌ထာဝစဉ် နေထိုင်စံမြန်းကြရမည့်သူများပင်တည်း။

[24] (သက်ဝင်ယုံကြည်သူနှင့် သွေဖည်ငြင်းပယ်သူ)အုပ်စုနှစ်စု၏ ဥပမာကား မျက်စိကန်းသူနှင့်နားပင်းသူ၊ မျက်စိမြင်သူနှင့်နားကြားသူကဲ့သို့ပင်။ ထိုသူတို့နှစ်ဦးသည် အခြေအနေအားဖြင့် တူကြလေသလော။ သို့ဖြစ်ပါလျက် အသင်တို့သည် သတိတရား မရရှိကြပါသလော။

[25] ထို့ပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ (သို့ဖြစ်ပေရာ ထိုနဗီတမန်တော်နူဟ်က) ဧကန်အမှန် ငါသည် အသင်တို့အဖို့ ပွင့်ပွင့်လင်းလင်း ထင်ရှားစွာသော သတိပေးသူဖြစ်သည်(ဟု ပြောဆိုခဲ့လေသည်)။

[26] အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှ တစ်ပါးအခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြကုန်လင့်။ အကြောင်းသော်ကား ငါသည် အသင်တို့နှင့်ပတ်သက်၍နာကျင်ဖွယ်ဖြစ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သောကြောင့်ပင်။

[27] ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။

[28] (ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။

[29] စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။

[30] ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။

[31] ၎င်းပြင် ငါသည် မိမိထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များရှိသည်ဟူ၍လည်းကောင်း၊ ငါသည်အကွယ်၌ရှိသောအရာအားလုံးကို သိသည် ဟူ၍လည်းကောင်း၊အသင်တို့အား ပြောဆိုသည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ် ငါသည် ကောင်းကင်တမန်ဖြစ်သည်ဟူ၍လည်း ပြောဆိုသည် မဟုတ်ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်တွင်သေးသိမ်လျက်ရှိကြကုန်သောသူတို့နှင့် ပတ်သက်၍ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်ခြင်းကို အလျင်းချီးမြှင့်ပေးသနားတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းပြောဆိုသည်မဟုတ်ချေ။ ၎င်းတို့၏စိတ်နှလုံးတွင် ရှိသည်တို့ကိုအလ္လာဟ်အရှင်မြတ်ပင် အသိဆုံးသောအရှင်မြတ်ဖြစ်တော်မူပေသည်။ ဧကန်မလွဲ ငါသည် ထိုကဲ့သို့(ပြောမိခဲ့ပါ)လျှင်မတရား သောသူတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ပေမည်။

[32] (ထိုအခါ အမျိုးသားများက ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို-နူဟ်၊ ဧကန်မလွဲ အသင်သည် ကျွန်ုပ်တို့နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ တစ်ဖန် အသင်သည်(ယင်းကဲ့သို့)ကျွန်ုပ်တို့နှင့် အငြင်းအခုံ ပြုခြင်းကို အလွန်များမြောင် (ကျယ်ပြန့်)စေခဲ့ပြန်၏။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည်သစ္စာဝါဒီ မှန်ကန်စွာပြောဆိုသူဖြစ်ပါလျှင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော ပြစ်ဒဏ်ကို အသင်သည် ကျွန်ုပ်တို့ထံယူဆောင်ခဲ့လော့။

[33] (နဗီတမန်တော်နူဟ်သည်ဤသို့)ပြောဆို ပြန်ကြားခဲ့လေသည်။ (အချင်းတို့) အကယ်၍ ထိုအရှင်မြတ်သည်အလိုရှိတော်မူခဲ့ပါလျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယူလာတော်မူပေမည်။ စင်စစ်သော်ကား အသင်တို့သည်(ထိုအရှင်မြတ်အား ပြစ်ဒဏ်ယူလာတော်မူခြင်းကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်သူများမဟုတ်ကြချေ။

[34] စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။

[35] ၎င်းတို့က ထို(နဗီတမန်တော် မုဟမ္မဒ်)သည်ယင်း(ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့) ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) ထိုသို့ဖြစ်ခဲ့ပါမူငါ၏အပြစ်သည် ငါ၏ အပေါ်၌သာလျှင် ရှိပေမည်။ သို့ရာတွင် ငါသည် အသင်တို့ ကျူးလွန်လျက်ရှိကုန်သော ပြစ်မှုများမှလွတ်ကင်းသူဖြစ်သည်။

[36] ထို့ပြင်(နဗီတမန်တော်) နူဟ်ထံ (ဤသို့)အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရလေသည်။ (အို-နူဟ်)ဧကန်စင်စစ်အသင်၏အမျိုးသားတို့သည် (၎င်းတို့အနက်) အီမာန်သက်ဝင်ယုံကြည်ပြီးဖြစ်သောသူတို့မှတစ်ပါး အီမာန်သက်ဝင်ယုံကြည်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်လျက် ရှိကုန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ ပူပင်သောကမဖြစ်ပါလေနှင့်။

[37] ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ မျက်စိအောက်တွင် ငါအရှင်မြတ်၏အမိန့်တော်အရ သင်္ဘောကိုပြုလုပ်တည်ဆောက်ပါလေ။ ၎င်းပြင် အသင်သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက်ကလူ ပြုကုန်သော သူတို့နှင့်ပတ်သက်၍ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားပန်ကြားခြင်း မပြုပါလေနှင့်။ ဧကန်အမှန် ၎င်းတို့သည် နစ်မြုပ်ကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။

[38] ထို့နောက် ထို(နဗီတမန်တော်နူဟ်)သည်သင်္ဘောကို ပြုလုပ်တည်ဆောက်လေ၏။ ၎င်းပြင်၊ ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ လူတစ်စုသည် ထို(နဗီတမန်တော်နူဟ်)ထံ ဖြတ်သန်းသွားလာကြတိုင်း ထို(နဗီတမန်တော်နူဟ်)အား ပြက်ရယ်ပြုလေ့ရှိကြကုန်၏။ ထိုအခါ(နဗီတမန်တော် နူဟ်)ကအကယ်၍ သင်တို့သည် ငါတို့အားပြက်ရယ် ပြုကြပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အားအသင်တို့ ပြက်ရယ်ပြုကြသကဲ့သို့ပင် ပြက်ရယ်ပြု ကြပေမည်ဖြစ်သတည်း။

[39] သို့ဖြစ်ပေရာ မည်သူ့ထံ ထိုသူအား (ဤပစ္စက္ခဘဝ၌) အရှက်တကွဲ အကျိုးနည်းဖြစ်စေသောပြစ်ဒဏ်သည်ရောက်လာမည်ကိုလည်းကောင်း၊ ထိုသူအပေါ်(နောင်တမလွန်ဘဝ၌ ထာဝစဉ်တည်မြဲသော ပြစ်ဒဏ်သက်ရောက်မည်ကိုလည်းကောင်း၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။)

[40] အဆုံးတွင် ငါအရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိလာခဲ့ရာ မုန့်ဖိုသည် ဆူပွက်လာသည်။ (ထိုအခါ)ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်အား ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်နူဟ်) အသင်သည် အမျိုးအစားအသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ မိမိအိမ်သူအိမ်သားတို့အနက် အကြင်သူမှတစ်ပါး ထိုသူနှင့်ပတ်သက်၍ အမိန့်တော်ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ ကျန်အိမ်သူအိမ် သားတို့ကိုလည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်ခဲ့သောသူတို့အားလည်းကောင်း၊ ထိုသင်္ဘောပေါ်သို့ တင်ဆောင်ပါလေ။ စင်စစ်သော်ကား ထို(နဗီတမန် တော်နူဟ်)နှင့်အတူ အနည်းငယ်မျှသောသူတို့သာလျှင် သက်ဝင်ယုံကြည်ခဲ့ကြကုန်သတည်း။

[41] ထို့နောက် ထို(နဗီတမန်တော်နူဟ်) က (မိမိအိမ်သူအိမ်သားများနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားအချင်းတို့) အသင်တို့သည် ထိုသင်္ဘောပေါ်သို့ စီးနင်းကြလေကုန်။ ထိုသင်္ဘော၏ သွားလာလှုပ်ရှားမှုသည်လည်းကောင်း၊ထိုသင်္ဘောဆိုက်ကပ် (ရပ်ဆိုင်း)ခြင်းသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်သာ ဖြစ်ပေသည်။ ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည်အမှန်ပင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင်။

[42] ၎င်းနောက် ထိုသင်္ဘောသည် ၎င်းတို့အား တင်ဆောင်၍ တောင်လုံးကြီးများပမာ ကြီးမားလှသော လှိုင်းတံပိုး၏ကြားဝပ်တွားလျက်ရှိပေသည်။ ထို့ပြင် (နဗီတမန်တော်)နူဟ်သည် မိမိ၏သား(ကင်န်အာန်)အား ဟစ်ခေါ်ခဲ့လေသည်။ စင်စစ် ထိုသားသည် အဝေး၌ပင်ရှိနေခဲ့လေသည်။ (သို့ဖြစ်ပေရာနဗီတမန်တော်နူဟ်သည် ၎င်းအား) အို-ချစ်သား အသင်သည်ငါတို့နှင့်အတူ(သင်္ဘောပေါ်သို့)စီနင်းခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်ကုန်သော သူတို့နှင့်အတူမနေရစ်လေနှင့် (ဟု ဟစ်အော်ပြောဆိုခဲ့လေသတည်း)

[43] ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။

[44] ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။

[45] ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။

[46] ထိုအရှင်မြတ်သည် (ဤသို့)ပြန်ကြားတော်မူခဲ့လေသည်။ အို-နူဟ်၊ ဧကန်စင်စစ် ယင်းသားသည် အသင်၏အိမ်သားတို့အနက်မှမဟုတ်ပေ။ ဧကန်မလွဲ ၎င်းသည်မကောင်းမှုကို ပြုမူကျင့်ဆောင်သောသူပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် မိမိမသိသောအရာကို ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားခြင်းမပြုပါလေနှင့်။ မုချစင်စစ် ငါအရှင်မြတ်သည် အသင့်အား(အနာဂတ်တွင်)အသင်သည် မသိသူတို့နှင့် အပါအဝင်မဖြစ်ရန် ဆုံးမတော်မူသည်။

[47] ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။

[48] (ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။

[49] ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။

[50] ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဟူဒ်အား (စေလွှတ်တော်မူခဲ့လေသည်။) ထို(နဗီတမန်တော်)ဟူဒ်သည် (မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဆုံးမခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိချေ။ (စင်စစ်သော်ကား)အသင်တို့သည် လီဆယ်ဖန်တီးသူများသာလျှင် ဖြစ်ကြကုန်သတည်း။

[51] အို-ငါ၏အမျိုးသားတို့ ငါသည် အသင်တို့ထံဤ(တရားဓမ္မဟောကြားခြင်း)နှင့်စပ်လျဉ်း၍ မည့်သည့် အကျိုးဆုလာဘ်ကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်မှာမူကား ငါ့အားဖန်ဆင်းတော်မူသော အရှင်မြတ်ပေါ်၌သာ တာဝန်ရှိပေသည်။ သို့ပါလျက် အသင်တို့သည် (ဤမျှထင်ရှားလှသော အကြောင်းကိုပင်) နားမလည်ကြပါသလော။

[52] ၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။) (တစ်နည်း) ထိုအရှင်မြတ်အထံတော်သို့လှည့်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ မိုးကို ဖြိုင်ဖြိုင် ရွာသွန်းစေတော်မူအံ့။ အသင်တို့၏အားအင်၌ အသစ်ထပ်ဖြည့်တော်မူ၍ အသင်တို့ကို အားအင်တိုးတက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများအဖြစ် မျက်နှာလွှဲ၍ မသွားကြကုန်လင့်။

[53] ၎င်း(အမျိုးသား)တို့က (နဗီတမန်တော်ဟူဒ်အား ဤသို့)ပြောဆိုခဲ့ကြလေသည်။ အို-ဟူဒ်၊ အသင်သည်(မိမိပြောဆိုချက်နှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ထံ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုမျှ ယူဆောင်ခဲ့သည်မရှိချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်ပြောဆိုချက်ကြောင့် မိမိတို့၏ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများလည်း မဟုတ်ကြချေ။ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင့်၏အပေါ်၌ ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြပေ။

[54] ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။

[55] သို့ဖြစ်ပေရာ အသင်တို့အားလုံးသည် ငါနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်ကြလေကုန်။ ထို့နောက် အသင်တို့သည် ငါအား (အနည်းငယ်မျှပင်) ရွှေ့ဆိုင်း ခွင့်မပေးကြကုန်လင့်။

[56] အကယ်စင်စစ် ငါသည် ငါ၏အရှင်မြတ်လည်းဖြစ်တော်မူသော အသင်တို့၏အရှင်မြတ်လည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ခဲ့လေပြီ။ ထိုအရှင်မြတ်သည် ရှိရှိသမျှသော တိရစ္ဆာန်တို့၏နဖူး(ဆံစ)ကို ဆုပ် ကိုင်ထားတော်မူပေသည်။ ဧကန်မလွဲ ငါ၏ အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ ပင်ရှိနေတော်မူပေသတည်း။

[57] သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲဖယ်လျက်ပင် ရှိနေကြလျှင် မုချဧကန် ငါသည် အကြင်အမိန့်တော်များကို အသင်တို့ထံ ပို့ခဲ့ပြီးဖြစ်ပေသည်။ ငါသည် ထိုအမိန့်တော်များနှင့်တကွ အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းကို ခံခဲ့ရလေသည်။ ထို့ပြင် ငါ၏အရှင်မြတ်သည် (အသင်တို့နေရာတွင်) အသင်တို့၏ကိုယ်စား အခြားလူမျိုးတစ်မျိုးကို ခန့်အပ်တော်မူမည်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အားတစ်စုံတစ်ရာမျှပင် ကျိုးယုတ်ဆုံးရှုံး စေနိုင်ကြမည် မဟုတ်ပေ။ဧကန်စင်စစ် ငါ၏အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[58] တစ်ဖန် ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာ သောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဟူဒ်အားလည်း ကောင်း၊ ထို(နဗီတမန်တော်) ဟူဒ်နှင့်အတူ သက်ဝင်ယုံကြည် ခဲ့ကြသော သူတို့အား လည်း ကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်တင် တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို သူတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တစ်ရပ်မှလည်း ကယ်တင်တော်မူခဲ့လေသတည်း။

[59] စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။

[60] ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။

[61] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။

[62] ၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)

[63] ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။

[64] ၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။

[65] သို့(သတိပေးခဲ့)ပါလျက် ၎င်းတို့သည် ယင်းကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြလေသည်။ ထိုအခါထို(နဗီတမန်တော်)ဆွာလိဟ်သည် (၎င်းတို့အား ဤသို့)ပြောကြားခဲ့လေသည်။ (ဟယ်အချင်းတို့) အသင်တို့သည် သုံးရက်မျှတိုင်အောင် မိမိတို့၏နေအိမ်များတွင် စည်းစိမ်ခံ၍နေ ထိုင်ကြဦးလော့။ (ထို့နောက်တွင် ပြစ်ဒဏ်သက်ရောက်တော်မူမည်)။ဤသည်မုသားမဟုတ်၊ (ပကတိမှန်ကန်)သော ချိန်းချက်ပင်တည်း။

[66] တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။

[67] သို့ရာတွင် မတရားပြုမူသောသူတို့အား ကျယ်လောင်သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့နေအိမ်များတွင် နံနက်အချိန်၌မှောက်လျက်(သေကြေပျက်စီးသွားခဲ့ကြလေသည်။)

[68] ၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့ကြလေသည်။ သတိပြုကြလေကုန်။ဧကန်အမှန်ဆမူဒ် အမျိုးသားတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို သွေဖည်ငြင်းဆန်ခဲ့ကြကုန်သည်။ သတိပြုကြလေကုန်။ ဆမူဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။

[69] ၎င်းပြင် မချွတ်မလွဲ ငါ၏အရှင်မြတ်၏ကောင်းကင်တမန်များသည် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို ဆောင်ယူခဲ့ကြလေသည်။ (ထို့နောက်) ၎င်းတို့က (နဗီတမန်တော်အစ်ဗ်ရာဟီမ်အား) စလာမ်(အသင်သည်) ငြိမ်းချမ်းစွာရှိပါစေသား ဟုပြောဆို(နှုတ်ခွန်းဆက်)ခဲ့ကြပေရာ၊ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်က (အသင်တို့သည်လည်း) ငြိမ်းချမ်းစွာ ရှိကြပါစေသားဟု(တုန့်ပြန်)ပြောဆို(နှုတ်ခွန်းဆက်)ခဲ့လေ၏။ ထို့နောက် ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ကင်ထားသော နွားကလေးကိုမဆိုင်းမတွ ယူဆောင်(၍ဧည့်ခံ)ခဲ့လေသည်။

[70] တစ်ဖန် ထိုစေတမန်များ၏ လက်များသည်ထိုကင်ထားသော နွားကလေးသို့ ကမ်းလှမ်းခြင်းမရှိသည်ကိုယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်တွေ့မြင်ခဲ့လေရာ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ၎င်းတို့အား မယုံသင်္ကာဖြစ်ခဲ့လေ၏။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(မိမိ)စိတ်ထဲတွင် ၎င်းတို့ဖက်မှစိုးရိမ်ခဲ့လေ၏။ (ထိုအခါ) ၎င်းစေတမန်တို့က (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည်မစိုးရိမ်ပါလေနှင့်၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (နဗီတမန်တော်လူ(တ်)၏အမျိုးသားတို့ထံ စေလွှတ်ခြင်းခံခဲ့ကြရ(ကုန်သောကောင်းကင်စေတမန်များပင်ဖြစ်ကြ)သည်ဟု ပြောဆိုခဲ့ကြလေသတည်း။

[71] ထိုအခါ ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ကြင်ရာတော်(စာရာ)သည် မတ်တပ်ရပ်လျက်ရှိခဲ့ပေရာ(ဤအဖြစ်အပျက်ကိုသိမြင်၍)ရယ်မောခဲ့လေ၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) ကြင်ရာတော်အား (ယင်းစေတမန်တို့မှတစ်ဆင့် နဗီတမန်တော်)အစ္စဟာက်(ကိုဖွားမြင်မည့်အကြောင်း)နှင့် ထို(နဗီတမန်တော်)အစ္စဟာက်၏နောက်တွင် (မြေးတော်နဗီတမန်တော်) ယအ်ကူဗ်(သည်လည်းဖွားမြင်မည့်အကြောင်း) သတင်းကောင်းကိုပြောကြားတော်မူခဲ့လေ၏။

[72] (ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း အသက်အရွယ်ကြီးရင့်သောအဘိုးအိုတစ်ဦးပင်ဖြစ်ချေသည်။ ဧကန်စင်စစ် ဤသည်အလွန်အံ့ဖွယ်ရာ စကားတစ်ရပ်ပင်ဖြစ်ပေသည်တကားဟုပြောဆိုခဲ့ပေသတည်း။

[73] ထိုစေတမန်တို့က (နဗီတမန်တော်ဣဗ်ရာဟီမ်၏ကြင်ရာတော် စာရဟ်သခင်မအား ဤသို့) ပြောဆိုဖြေကြားခဲ့ကြလေသည်။ အသင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို အံ့ဩ၍နေပါသလော။ အို-(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) အိမ်သူအိမ်သားတို့ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်လည်း ကောင်း၊ ထိုအရှင်မြတ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း၊ အသင်တို့အပေါ်၌ကျရောက် မြဲပင် ဖြစ်ချေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ချီးမွမ်းထောပနာပြုခြင်းကို ခံထိုက်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[74] တစ်ဖန် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏စိတ်ထဲ)မှစိုးရိမ်မှုသည် ကင်းရှင်း၍သွားပြီးနောက် ယင်း၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ရောက်ရှိလာသောအခါထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(နဗီတမန်တော်)လူ(တ်)၏အမျိုးသားတို့နှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ကောင်းကင်တမန်များ)နှင့် အငြင်းအခုံ ပြုလုပ်လေတော့သည်။

[75] ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် အလွန်တရာ ထောက်ထား စာနာတတ်သူ၊ အလွန်တရာတိုးလျှိုးတောင်းပန်သူ၊ အလွန်တရာ နောင်တရတတ်သူပင်ဖြစ်ပေသတည်း။

[76] အို-အစ်ဗ်ရာဟီမ်၊ အသင်သည် ဤသည်မှရှောင်ဖယ်၍နေပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိခဲ့လေပြီ။ ထိုမှတစ်ပါး ၎င်းတို့ထံ ပြန်လည် ရုပ်သိမ်းခြင်းမရှိသော ပြစ်ဒဏ်ကျရောက်တော့မည်မှာ ဧကန်မလွဲတည်း။

[77] ထို့နောက် ငါအရှင်မြတ်၏ စေတမန်တော်များသည် (နဗီတမန်တော်)လူ(တ်)၏ထံသို့ ရောက်ရှိလာ ခဲ့ကြသောအခါ ထို(နဗီတမန်တော်)လူ(တ်)သည် ၎င်းတို့အတွက် ရတက်မအေးဖြစ်ခဲ့ရသည့်ပြင် ၎င်းတို့အတွက် အလွန် စိတ်ကျဉ်းကျပ်ခြင်းလည်း ဖြစ်ခဲ့လေသည်။ ထိုမှတစ်ပါး ဤနေ့သည် အလွန်ခက်ခဲသောနေ့ပင် ဖြစ်ပေသည်တကားဟု ထို(နဗီတမန်တော်)လူ(တ်)သည် ပြောဆိုမြည်တမ်းခဲ့လေသတည်း။

[78] ထို့နောက် ယင်း(နဗီတမန်တော်) လူ(တ်)၏အမျိုးသားများသည် ယင်း၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ယခင်မူလကပင်မကောင်းမှု ဒုစရိုက်များကို ကျင့်မူ ပွားများလျက်ရှိခဲ့ကြကုန်၏။(ထိုအခါ) ယင်း (နဗီတမန်တော်)လူ(တ်)က အို-ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် ၎င်းတို့နှင့်ထိမ်းမြားကြလေကုန်) ၎င်းတို့သည် အသင်တို့အဖို့ ပိုမို၍ပင်သန့်စင်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် အသင်တို့သည် ငါ့အား ငါ၏ဧည့်သည်တော်များ(ရှေ့)တွင် အရှက်တကွဲအကျိုးနည်း မပြုကြကုန်လင့်။ အသင်တို့တွင် ရိုးသားဖြောင့်မတ်သောသူ တစ်ယောက်တစ်လေမျှပင် မရှိလေသလောဟုပြောဆိုခဲ့လေသတည်း။

[79] ထိုအခါ ယင်းအမျိုးသားတို့က [အို-လူ(တ်)]ကျွန်ုပ်တို့၌ အသင်၏သမီးများနှင့်ပတ်သက်၍ အလိုတစ်စုံတစ်ရာမျှမရှိကြောင်း အသင်သည် ဧကန်အမှန် သိရှိပြီးဖြစ်ပေသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏ ရည်စူးချက်ကိုလည်း (ကောင်းစွာ)သိရှိပြီးဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသည်။

[80] ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။

[81] ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ ၎င်းတို့သည် အသင်၏အပါးသို့ အလျဉ်းချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည်မိမိအိမ်သူ အိမ်သားတို့နှင့်တကွ ည၏ အစိတ်အပိုင်းတစ်ခုခုတွင် ထွက်ခွာသွားပါလေ။ သို့ရာတွင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့လှည့်၍ မကြည့်ရပေ။သို့ရာတွင် အသင်၏ဇနီးမူကား ဧကန်မုချ ၎င်းတို့၌ ဆိုက်ရောက်မည့်ပြစ်ဒဏ်သည် ယင်းဇနီး၌လည်း ဆိုက်ရောက်မည်ဖြစ်ချေသည်။ ဧကန်စင်စစ် ၎င်းတို့အား ချိန်းချက်ထားသော အချိန်သည် နံနက်မိုးသောက်ချိန်ပင်ဖြစ်ပေသည်။ နံနက်မိုးသောက်ချိန်ကား နီးကပ်လျက်ပင်ရှိသည် မဟုတ်ပါလော။

[82] ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။

[83] (ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။

[84] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။

[85] ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အသင် တို့သည် (တောင်း၊တင်းစသော)ပမာဏအချင်အတွယ်များ ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ အပြည့်ပေးကြလေကုန်။ ထို့ပြင် အသင်တို့သည် လူတို့အား (အရောင်းအဝယ်ပြုကြသောအခါဝယ်) ၎င်းတို့ပစ္စည်းများကို လျော့၍ မပေးကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေဝယ်ဖျက်ဆီးသူများ အဖြစ်ဖြင့် မသောင်းကျန်းကြကုန်လင့်။

[86] အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ)

[87] ၎င်း(အမျိုးသား)တို့က(နဗီတမန်တော် ရှုအိုက်ဗ်အားဤသို့)ပြောဆိုခဲ့ကြ၏။ အို-ရှုအိုက်ဗ်၊ အသင်၏ ဆွလာတ်ဝတ်ပြုမှုသည်(သာသနာသည်)အသင့်အား ကျွန်ုပ်တို့(၏အကြီးအကဲများဖြစ်ကြကုန်သော)အဖ၊ဘိုး၊ဘေးတို့ကိုးကွယ်ဆည်းကပ်ကြလေသောဘုရားများကို ကျွန်ုပ်တို့စွန့်လွှတ်ရန်လည်း ကောင်း၊ကျွန်ုပ်တို့သည် မိမိတို့ဥစ္စာပစ္စည်းများတွင် မိမိတို့အလိုကျပြုလုပ်ကြသည်ကို ကျွန်ုပ်တို့ စွန့်လွှတ်ရန်လည်းကောင်း၊ စေခိုင်းပါသလော။ ဧကန်အမှန် အသင်တစ်ဦးသည်(ပင်ဣန္ဒြေ)နှင့်ပြည့်စုံသောသူ၊ ရိုးသားဖြောင့်မတ်သောသူ ဖြစ်သည်လော။

[88] (ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။

[89] အမှန်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါနှင့်စိတ်ဝမ်းကွဲပြားမှုသည် အသင်တို့၌(နဗီတမန်တော်)နူဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်)ဟူဒ်၏အမျိုးသားတို့၌သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်) ဆွာလိဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော် လည်းကောင်း၊ သက်ရောက်စေရန်အသင်တို့အား အလျဉ်းလှုံ့ဆော်ဖန်တီးသည် မရှိစေရ။ ၎င်းပြင်(နဗီတမန်တော်)လူ(တ်)၏အမျိုးသား တို့(၌သက်ရောက်ခဲ့သောပြစ်ဒဏ်)မှာလည်း သင်တို့နှင့် မဝေးလှပေ။

[90] ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာ ချစ်ကြင်တော်မူသော အရှင်မြတ်ပင်တည်း။

[91] ယင်း(အမျိုးသား)တို့က (ဤသို့)ပြောဆိုကြိမ်းမောင်းခဲ့ကြလေသည်။ အို-ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်ပြောဆိုသောစကားများအနက် များစွာသော စကားများကိုလည်း နားမလည်နိုင်ကြပေ။ ထို့ပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် အသင့်အား မိမိ တို့အထဲတွင် အင်အားချိနဲ့သူတစ်ယောက် ဟူ၍သာ မြင်နေကြပေသည်။ စင်စစ်မူကား အသင်၏သားချင်းတို့သာ မရှိခဲ့ ကြပါလျှင် ကျွန်ုပ်တို့သည် အသင့်အားကျောက်ခဲများဖြင့် ပစ်သတ်ကြမည်မှာ ဧကန်မလွဲပင်။ စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အပေါ်ဝယ် လွှမ်းမိုးကြီးစိုးနေသူလည်း မဟုတ်ချေ။

[92] (ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[93] ၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။

[94] ၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)

[95] ၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင်။ သတိပြုကြလေကုန်၊ စမူဒ် အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ)ကင်းဝေးခဲ့ကြဘိသကဲ့သို့ပင် မဒ်ယန်(မြို့သူမြို့သား)တို့၌လည်း(ထိုအရှင်မြတ်၏ကရုဏာတော်မှ) ကင်းဝေးခြင်းသည် ရှိစေသတည်း။

[96] ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာများနှင့် လည်းကောင်း၊ထင်ရှားစွာသောသက်သေခံတစ်ရပ်နှင့်လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသတည်း။

[97] ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ယင်း ဖစ်ရ်အောင်န်၏အကြီးအကဲ (မှူးကြီးမတ်ရာ)များထံ သို့လည်းကောင်း၊ သို့ရာတွင် ၎င်းမူကား ဖစ်ရ်အောင်န် တို့၏အမိန့်ကိုပင် လိုက်နာနေခဲ့ကြကုန်၏။ စင်စစ် ဆိုသော် ဖစ်ရ်အောင်န်၏အမိန့်သည် လုံးဝသင့်တော် မှန်ကန်သော လမ်းမှန်သောအမိန့်မဟုတ်ခဲ့ပေ။

[98] ယင်းဖစ်ရ်အောင်န်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိအမျိုးသားတို့အား ရှေ့ဆောင်ပေမည်။ ထို့နောက် ၎င်းသည် ယင်းအမျိုးသားတို့အား ငရဲဘုံ၌ စခန်းချစေမည်ဖြစ်၏။ အမှန်သော်ကား (၎င်းတို့) စခန်းချစေခြင်း ခံကြရမည့်နေရာသည် အလွန်ဆိုးရွားလှပေသည်တကား။

[99] ထို့ပြင် ယင်းသူတို့သည် ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်းကောင်း၊ ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင်လည်းကောင်း၊ ကရုဏာတော်မှကင်းဝေးစေခြင်း ကို (မိမိတို့)နောက်မှထပ်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။ (၎င်းတို့)ချီးမြှင့်ခြင်းခံကြရမည့် မေတ္တာလက်ဆောင်သည် အလွန်ဆိုးရွားလှသော မေတ္တာလက်ဆောင်ပင် ဖြစ်ပေသည်တကား။

[100] ဤကား အကြင်မြို့ရွာများ၏ အချို့သတင်းစကားစကားပင်။ ငါအရှင်မြတ်သည် ထိုသတင်းစကားကို အသင်၏ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူ၏။ ထိုမြို့ရွာများအနက် အချို့မှာ(ယနေ့တိုင်အောင်)တည်ရှိနေ၍ (အချို့မြို့ရွာများမှာမူကား)ပျက်ပြုန်းခဲ့လေသတည်း။

[101] စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ပင် (အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားအရာများကိုဟစ်ခေါ်ခြင်းအားဖြင့်) မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုခဲ့ကြလေသည်။ သို့တစေလည်း အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် လေ့ရှိကြကုန်သော ၎င်းတို့၏ ကိုးကွယ်ရာများသည် ၎င်းတို့အဖို့ အနည်းငယ်တစ်စုံတစ်ရာမျှပင် အသုံးမဝင် အကျိုးမပေးနိုင်ခဲ့ကြချေ။ ထိုမှတစ်ပါး ယင်းကိုးကွယ်ရာများသည် ၎င်းတို့၌ ပျက်စီးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ တိုးပွားစေခဲ့ကြသည်လည်းမဟုတ်ပေတကား။

[102] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန် လှပေသတည်း။

[103] ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)တို့တွင်နောင်တမလွန်ဘဝ၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် သောသူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာရှိပေသည်။ ထိုနေ့သည်ကားလူခပ်သိမ်းတို့ စုရုံးခြင်းခံကြရပေမည်။ ထိုနေ့သည်ကား(လူခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင်)အသင့် ရောက်ရှိစေခြင်းခံကြရမည့်နေ့ပင်ဖြစ်ချေသတည်း။

[104] စင်စစ်မူကား ငါအရှင်မြတ်သည် ထိုနေ့ရက်ကိုရေတွက်ပြီးဖြစ်သောအချိန်ကာလတိုင်မျှသာလျှင်ရွှေ့ဆိုင်းထား တော်မူလေသည်။

[105] ထိုနေ့သည် ဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦး တစ်ယောက်မျှပင် စကားပြောဆိုနိုင်မည်မဟုတ်ပေ။ တစ်ဖန် ထိုသူတို့အနက်အချို့မှာ အကြောင်းမလှသူများ ဖြစ်ကြပေအံ့။ အချို့မှာမူကားအကြောင်းလှသူများပင် ဖြစ်ကြလတ္တံ့။

[106] သို့ဖြစ်ပေရာ အကြောင်းမရှိလှသော သူတို့ သည်ဂျဟန္နမ်ငရဲဘုံ၌ ရှိကြပေမည်။ ၎င်းတို့၌ ထိုဂျဟန္နမ်ဘုံတွင်ဟစ်အော်ခြင်းနှင့် ညည်းတွားခြင်းများပင် ရှိကြပေမည်။

[107] (င်းတို့သည်)မိုးကောင်းများနှင့် ပထဝီမြေတည်နေသမျှကာလပတ်လုံး ထိုငရဲဘုံတွင် အသင် ၏အရှင်မြတ်အလိုရှိတော်မူသည်မှတပါး ထာဝစဉ်နေထိုင်သူများအဖြစ် ရှိကြပေမည်။ ဧကန်စင်စစ် အသင်၏အရှင်မြတ်သည် မိမိကြံရွယ်တော်မူသောကိစ္စကို အပြီးအစီး ပြုလုပ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[108] သို့ရာတွင် အကြောင်းလှသောသူတို့မှာမူကားဂျန္နတ်အမတသုခဘုံ၌ ရှိကြပေမည်။ (၎င်းတို့သည်) မိုးကောင်းကင်များနှင့်ပထဝီမြေသည် တည်ရှိနေသမျှကာလပတ်လုံး ထိုဂျန္နတ်အမတသုခဘုံတွင် အသင်၏အရှင်မြတ် အလိုတော်ရှိတော်မူခဲ့သည်မှတစ်ပါး ထာဝစဉ်နေထိုင်သူများအဖြစ် စံမြန်းကြပေမည်။ (ဤဆုကျေးဇူး) ချီးမြှင့်တော်မူခြင်းကား အဆက်မပြတ် ချီးမြှင့်တော်မူခြင်းပင်တည်း။

[109] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ဤသူများ ဆည်းကပ်ကိုးကွယ်သောအရာ များနှင့်စပ်လျဉ်း၍ဒွိဟသံသယ မဖြစ်ပါလေနှင့်။ (စင်စစ်သော်ကား)၎င်းတို့သည်မိမိတို့အဖ ဘိုးဘေး များအလျင်က ဆည်းကပ်ကိုးကွယ်လျက်ရှိခဲ့ကြသည့်နည်းတူ ကိုးကွယ်ဆည်းကပ်နေကြသည်ပင်။ ထို့ပြင်ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ဝေစုဝေပုံကို ယုတ်လျော့စေခြင်းမရှိစေဘဲ အပြည့်ပေးတော်မူမည်ဖြစ်ပေသတည်း။

[110] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည် မူလကပင် မရှိခဲ့ပါလျှင် ၎င်းတို့၏စပ်ကြားတွင် စီရင်ဆုံးဖြတ်ခဲ့မည်မှာ ဧကန်မလွဲ အမှန်သော်ကား ၎င်းတို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမြဲတစေယုံမှားသံသယဖြစ်စေသော ဒွိဟ၌ အမှန်ပင် ရှိနေကြကုန်၏။

[111] ၎င်းပြင် (ထိုသူတို့အနက်) အသီးသီးတို့သည်အကြင်သူများပင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အချိန်ကျရောက်သောအခါ ထိုသူတို့၏ အပြုအမူများ(၏အစား)ကို အပြည့်ပေးတော်မူမည်။ ဧကန်အမှန်ထိုအရှင်မြတ်သည် ၎င်းတို့ ပြုမူကြသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[112] သို့ဖြစ်ပေရာ အသင်သည်လည်းကောင်း၊ ဝန်ချတောင်းပန်ပြီး အသင်နှင့်အတူရှိနေသူများသည် လည်းကောင်း၊အသင့်အမိန့်တော် ကျရောက်သည့်အတိုင်း ဖြောင့်မတ်တည်ကြည်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ကျူးလွန်ခြင်းမပြုကြ ကုန်လင့်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[113] ထိုမှတစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)ညှဉ်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ် ဝယ် ယုံကြည်စိတ်ချအားထားခြင်း မပြုကြကုန်လင့်။ သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့၌ ငရဲမီး(ဘေး)သည် ထိရောက်ပေမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ အဆွေခင်ပွန်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီမှိုင်းမခြင်းကိုလည်း ခံကြရမည်မဟုတ်ပေတကား။

[114] ၎င်းပြင် အသင်သည် ဆွလာတ်ဝတ်ပြုမှုကိုနေ့၏နှစ်ဖက်အစွန်း၌လည်းကောင်း၊ ည၏အစိတ်အပိုင်းများ၌လည်းကောင်း၊ ဆောက်တည်ပါလေ။ (မလွဲဧကန် ကောင်းမှုသုစရိုက်များသည် မကောင်းမှုဒုစရိုက်များကို ပပျောက်စေကုန်၏။) ဤကား ဆုံးမဩဝါဒကို နာခံသူများအဖို့ ဆုံးမဩဝါဒပင် ဖြစ်ချေသတည်း။

[115] ထို့ပြင် အသင်သည် သည်းခံပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုကုန်သော သူတော်စင်တို့၏အကျိုးကို အချည်းနှီး ဆုံးရှုံး စေတော်မူသည်မဟုတ်ပေ။

[116] သို့ပါ၍ အသင်တို့ အလျင်ရှိခဲ့ဘူးကြသော သာသနာဝင် လူစုတို့တွင် ငါအရှင်မြတ်သည် ထို သာသနာဝင်လူစုအနက်မှ ကယ်ဆယ်တော်မူခဲ့သော အနည်းငယ်မျှသောသူတို့မှတစ်ပါး ကမ္ဘာမြေပေါ်၌ ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းမှ တားမြစ်ကြမည့် ဉာဏ်အမြော်အမြင်ရှိသူများအဘယ်ကြောင့် မရှိခဲ့ကြဘိသနည်း။ ထို့ပြင်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းကြကုန်သော သူတို့မူကား ၎င်းတို့ပျော် ပိုက်စေခြင်းခံကြရသောစည်းစိမ်များ၌ ပျော်မွေ့လျက်ရှိ ထိုစည်းစိမ်များ၏နောက်သို့ပင် လိုက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် ပြစ်မှု ကျူးလွန်လေ့ရှိသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[117] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် မြို့ရွာများကို ထိုမြို့ရွာ သူမြို့ရွာသားများသည် လူကောင်းများ ဖြစ်နေကြပါလျက် အဓမ္မ အလျဉ်းဖျက်ဆီးတော်မူသည် မဟုတ်ပေ။

[118] အမှန်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူခပ်သိမ်းတို့အား သာသနာဝင် တစ်ခုတည်းသော လူစုသာ ပြုလုပ်တော်မူခဲ့အံ့။ သို့ရာတွင် ၎င်းတို့သည် သဘောကွဲလွဲသူများအဖြစ် အမြဲထာဝစဉ် ရှိနေကြမည်သာတည်း။

[119] အသင်၏ အရှင်မြတ်က ကရုဏာပြုတော်မူသော သူတို့မှတစ်ပါး စင်စစ်မှာမူကား ထိုအရှင် မြတ်သည်ဤသည့်အတွက်ကြောင့်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်(န်)သတ္တဝါများနှင့် လူများအားလုံးဖြင့် ပြည့်နှက်စေတော်မူမည်ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏စကားတော်လည်း ဆုံးခန်းတိုင် ရောက်ခဲ့လေပြီ။

[120] စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်များ၏ အကြောင်းသတင်းများအနက်မှ အကြင်အကြောင်းသတင်း အလုံးစုံကို အသင်အား ပြောကြားတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကြောင်း သတင်းများဖြင့်အသင်စိတ်နှလုံးကို မြဲမြံကြံ့ခိုင် စေတော်မူ၏။ ၎င်းပြင် ဤကဏ္ဍတွင် အမှန်တရားလည်း အသင့်ထံ ရောက်ရှိလာခဲ့လေပြီ။ထိုနည်းတူစွာ (ဤအကြောင်းသတင်းများတွင်) မုအ်မင်(န်)သက်ဝင်ယုံကြည် သူတို့အဖို့ ဆုံးမဩဝါဒသည်လည်းကောင်း၊သတိပေး နှိုးဆော်ချက်သည်လည်းကောင်း၊ ရှိပေသတည်း။

[121] ထို့ပြင်(အို-နဗီတမန်တော်)အသင်သည် အီမာန်ယုံကြည်သူတို့အား (ဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် (မိမိတို့နေရာတွင် မိမိတို့)တတ်စွမ်းနိုင်သမျှကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါတို့သည်လည်း (မိမိတို့အနေနှင့်) ဆန့်ကျင်လျက်ပင် ရှိကြကုန်သည်။

[122] ၎င်းပြင် အသင်တို့ မျှော်ကြလေကုန်၊ ဧကန်အမှန် ငါတို့သည်လည်း စောင့်မျှော်သူများပင် ဖြစ်ကြပေသည်။

[123] စင်စစ်သော်ကား မိုးကောင်းကင်များ၌ လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မမြင်နိုင် သောအရာများ(ကိုစိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိပေသည်။ ထိုမှတစ်ပါး အရေးကိစ္စအလုံးစုံတို့သည်ထိုအရှင်မြတ် အထံသို့သာလျှင် ပြန်လည်ရောက်ခြင်းကိုခံကြရပေမည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်ကိုသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။၎င်းပြင် အသင်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ စင်စစ်သော်ကား အသင်၏အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို မေ့လျော့တော်မူမည့် အရှင်မြတ်မဟုတ်ချေ။

ယူစွတ်ဖ်

Surah 12

[1] အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကားအလွန်ထင်ရှားသော ကျမ်းဂန်၏ စာပိုဒ်များပင် ဖြစ်ကြပေသတည်း။

[2] ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။

[3] ငါအရှင်မြတ်သည် အသင့်ထံ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းအားဖြင့် ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် အကောင်းဆုံးသော အကြောင်းအတ္ထုပ္ပတ္တိတစ်ခုကို ပြန်၍ပြောကြားတော်မူလေသည်။ စင်စစ်သော်ကား အသင်သည် ထိုကုရ်အာန်မကျရောက်မီ အလျင်က(ဤအကြောင်းအတ္ထုပ္ပတ္တိကို)အလျင်း မသိသူတစ်ဦးပင် ဖြစ်ခဲ့ပေသတည်း။

[4] (ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။

[5] (ထိုအခါ ခမည်းတော် နဗီတမန်တော်ယအ်ကူဗ်က ဤသို့)ပြန်ကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည်မိမိအိပ်မက်ကို မိမိညီနောင်များရှေ့တွင် ပြော၍မပြလေနှင့်။သို့ပြောပြခဲ့ပါလျှင် ၎င်းတို့သည် အသင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြပေလိမ့်မည်။ ဧကန်မလွဲရှိုင်တွာန်မိစ္ဆာ ကောင်သည်ကား လူတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။

[6] ၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

[7] ဧကန်မလွဲ (နဗီတမန်တော်)ယူဆွဖ်နှင့် ထို (နဗီတမန်တော်)ယူဆွဖ်၏နောင်တော်တို့(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်(အမှန်တရားနှင့် ဉာဏ်ပညာကိုလိုလား၍ ရှာဖွေစူးစမ်း)မေးမြန်းသူတို့အဖို့(များစွာသော) သက်သေလက္ခဏာရပ်များရှိချေသတည်း။

[8] တစ်ရံရောအခါ ထိုနောင်တော်များက ငါတို့သည် (အားအင်တောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်ယူဆွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင်ပိုမို၍ ချစ်ခင်ယုယခြင်း ခံနေကြရသည်။ ဧကန်မုချ ငါတို့၏ခမည်းတော်သည် ထင်ရှားစွာသော အထင်အရှား လွဲမှားနေချေပြီဟု အချင်းချင်း ပြောဆိုကြလေသည်။

[9] (၎င်းတို့အနက် တစ်ဦးက ဤသို့ပြောဆို အကြံပေးခဲ့လေသည်။) အသင်တို့သည် ယူဆွဖ်အားသတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့ (သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကိုဝန်ချတောင်းပန်ကာ) ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။(လိမ့်မည်။)

[10] ၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပြန်၏။ (အချင်းတို့) အသင်တို့သည် ယူဆွဖ်အား မသတ်ကြပါလေနှင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာကိုမုချ) ပြုလုပ်ကြတော့မည့်သူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းအား ရေတွင်း၏ စောက်နက်ထဲသို့ ပစ်ချကြလေကုန်။၎င်းအား ခရီးသည်စုအနက်မှ တစ်ဦးဦးသည် (ထိုရေတွင်းထဲမှ)ဆယ်ယူသွားပေလိမ့်မည် ဖြစ်သတည်း။

[11] (ထို့နောက်) ၎င်းတို့သည်(ဖခမည်းတော်ထံသွားရောက်ပြီး ဤသို့)ပြောဆိုလျှောက်ထားကြကုန်၏။ အို-ကျွန်ုပ်တို့၏ဖခမည်းတော်၊ ခမည်းတော်သည် ယူဆွဖ်နှင့် ပတ်သက်၍ကျွန်ုပ်တို့အပေါ်၌ အဘယ်ကြောင့် စိတ်မချပါသနည်း။ စင်စစ်သော်ကား ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကောင်းကျိုးကိုသာ လိုလားသူများဖြစ်ကြပါသည်။

[12] (သို့ပါ၍) ခမည်းတော်သည် ယင်းယူဆွဖ်အားနက်ဖြန်နံနက် ကျွန်ုပ်တို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ကစားနိုင်ရန်အလို့ငှာလွှတ်ပါ။ ကျွန်ုပ်တို့သည် ဧကန်အမှန်၎င်းအား (ဘေးရန်ခပ်သိမ်းတို့မှ ကာကွယ်)စောင့်ရှောက်မည့်သူများပင် ဖြစ်ကြပါသည်။

[13] (ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။

[14] (ထိုအခါ နောင်တော်များက ဤသို့)လျှောက်ထားခဲ့ကြပြန်၏။ (အို-ဖခမည်းတော်) အမှန်စင်စစ် ကျွန်ုပ်တို့သည် ရင်းနှီးပွန်းတီး အားအင်တောင့်တင်း သောအုပ်စုတစ်စုပင်ဖြစ်ကြပါလျက် အကယ်၍ ထိုယူဆွဖ်အား ဝံပုလွေကိုက်စားခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးပါးသူများသာဖြစ်ကြပါလိမ့်မည်။

[15] ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။

[16] ထို့နောက် ယင်းနောင်တော်များသည် ၎င်းတို့၏ဖခမည်းတော်ထံသို့ ညမှောင်ခါစအချိန်တွင် ငိုကြွေးလျက်(ပြန်)လာခဲ့ကြလေသည်။

[17] (ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။

[18] ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့ အကြောင်းတစ်ခုကိုပရိယာယ်ဆင်ပေးခဲ့ခြင်းသာဖြစ်ပေသည်။ သို့ဖြစ်ပေရာ(ငါ၏အဖို့မှာ) သည်းခံခြင်းသည်သာ ကောင်းမြတ်ပေတော့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌သာလျှင် အသင်တို့လုပ်ကြံပြောပြကြသော အကြောင်းနှင့်စပ်လျဉ်း၍ ကူညီစောင်မတော်မူရန် တိုးလျှိုးတောင်းပန်အသနားခံပြီး ဖြစ်ချေသတည်း။(တစ်နည်း) အလ္လာဟ်အရှင်မြတ်သည်ပင် ကူညီတော်မူသည်ဖြစ်ပါစေသတည်း။

[19] ထို့နောက် ခရီးသည်တစ်စုသည် (ထိုရေ တွင်းရှိရာသို့) ရောက်ရှိလာခဲ့လေသည်။ တစ်ဖန် ထိုခရီးသည်တစ်စုသည် မိမိတို့၏ရေငင်သူအား (ထိုရေတွင်းမှရေငင်ရန် စေလွှတ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုရေငင်သူသည် (ရေတွင်း၌)မိမိရေပုံးကိုချခဲ့လေသည်။ (ထို့နောက်ယူစုဖ်ကို မြင်လေသော်)ထိုရေငင်သူက (ခရီးသည်တစ်စုအား ဤသို့ ဝမ်းသာအားရစွာဟစ်အော်၍) အို-(အချင်းတို့) ဤသည် တွင် (အလွန်ချောလှသော)လုလင်ပျိုတစ်ဦး (တွေ့ရှိရပေရာ) အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်တကားဟု ပြောဆိုခဲ့လေသည်။ ထို့နောက်ယင်းခရီး သည်တစ်စုသည် ထိုယူဆွဖ်အား ရောင်းကုန်ဝယ်ကုန်အဖြစ် လျှို့ဝှက်စွာထားရှိခဲ့ကြလေသည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ပြုမူလျက်ရှိသည်တို့ကိုကောင်းမွန်စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူခဲ့ပေသတည်း။

[20] ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[21] အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။

[22] ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။

[23] ထို့နောက် အကြင်မိန်းမသည် ယင်းယူဆွဖ်အား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့၍ မှူဆွယ်ခဲ့လေသည်။ ယင်းယူစုဖ်သည် ထိုမိန်းမ၏အိမ်တွင်(နေထိုင်လျက်ရှိခဲ့၏။) ၎င်းပြင် ထိုမိန်းမသည် တံခါးများကို (လုံခြုံစွာ)ပိတ်၍ (ယူဆွဖ်အား)လာပါလေ၊ (ကျွန်ုပ် အသင့်အဖို့အသင့်ရှိနေပြီ)ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့လေသည်။ (ထိုအခါ)ယင်းယူဆွဖ်က (ဤသို့)ပြောဆို(ငြင်းဆန်)ခဲ့လေသည်။ (ကျွန်ုပ်ဤပြစ်မှုကို ကျူးလွန်ခြင်းမှကင်းလွတ်ရန်) အလ္လာဟ်အရှင်မြတ်၏အကာအကွယ်ကို ယူလိုပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာပြုလုပ်ပေးသနား တော်မူခဲ့လေသည်။ ဧကန်အမှန် မတော်မတရား ကျူးလွန်သောသူတို့သည်အောင်မြင် ကြသည်မဟုတ်ပေ။

[24] ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။

[25] ထိုနောက် ၎င်းတို့နှစ်ဦးသည် တံခါးရှိရာသို့(ရှေ့နောက်)ပြေးခဲ့ကြလေသည်။ ၎င်းပြင် ထိုမိန်းမသည် ယင်းယူဆွဖ်၏အင်္ကျီကို နောက်မှ ဆုတ်ပစ်ခဲ့လေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ခင်ပွန်းနှင့်တွေ့ရှိခဲ့လေသည်။ (ထိုအခါ) ယင်းမိန်းမက (ဤသို့)ပြောဆိုခဲ့လေသည်။အသင်၏ အိမ်သူအိမ်သားအား မကောင်းကြံသူ၌ အကျဉ်းချထားခြင်းခံရသည်မှတစ်ပါး၊ သို့မဟုတ် ပြင်းပြ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ပေးခြင်း(ကိုခံရသည်) မှတစ်ပါး၊ မည်သည့်ပြစ်ဒဏ်ရှိပါဦးမည်နည်း။

[26] (ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။

[27] သို့ရာတွင် အကယ်၍သာ ထိုယူဆွဖ်၏အင်္ကျီသည် နောက်မှစုတ်ပြဲ၍နေသည်ဖြစ်ပါမူ၊ ယင်းမိန်းမသည် မုသားပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ထိုယူဆွဖ်မှာမူကားမှန်ကန်စွာ ပြောဆိုသူတစ်ဦးပင် ဖြစ်ချေသတည်း။

[28] ထို့နောက် (ယင်းမိန်းမ၏ခင်ပွန်းသည်) ထို ယူဆွဖ်၏အင်္ကျီမှာ နောက်မှစုတ်ပြဲ၍နေသည်ကို တွေ့မြင်လတ်သော် ဤသည် အသင်မိန်းမတို့၏ စဉ်းလဲဉာဏ်သာဖြစ်သည်။အသင်တို့၏ စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကားဟုပြောဆိုခဲ့လေသတည်း။

[29] (ထို့နောက် ဆက်လက် ပြောဆိုခဲ့ပြန်သည်မှာ)အို-ယူဆွဖ်၊ အသင်သည် ဤသည်ကိုလျစ်လျူရှုကာ လွှဲရှောင်၍သွားလော့။ ထို့ပြင် (အို-မိန်းမ)သင်သည် မိမိပြစ်မှုကို (ဝန်ချတောင်းပန်၍)လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ အသင်မသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်ချေသတည်း။(ဟုပြောဆိုခဲ့လေ၏။)

[30] ၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။

[31] ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။

[32] (ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။

[33] (ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။

[34] ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

[35] ထို့နောက်တစ်ဖန်၎င်းတို့သည်(အပြစ်တစ်စုံတစ်ရာမရှိကြောင်း)သက်သေခံအထောက်အထားများကိုတွေ့မြင်ကြပြီးနောက် ၎င်းတို့၌ထိုယူဆွဖ်အားကာလအနည်းငယ်မျှအကျဉ်းချထားရန် သင့်တော်၏သည်ဟု အတွေးပေါ်လာခဲ့လေသည်။

[36] ၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။

[37] (ထိုအခါ)ယူဆွဖ်က (ဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစာအာဟာရသည် အသင်တို့နှစ်ဦးထံ ရောက်မလာမီပင် ကျွန်ုပ်သည်အသင်တို့အား ယင်းအိပ်မက်ကို ကြားသိစေလေ့ရှိပါမည်။ ဤကား ကျွန်ုပ်အား ကျွန်ုပ်၏အရှင်မြတ်က သင်ကြားတော်မူခဲ့သော ပညာများအနက်မှ ဖြစ်ပေသည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်မူလကပင်) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီးဖြစ်ပေမည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည်နောင်တမလွန်ဘဝကိုလည်း မယုံကြည်သွေဖည် ငြင်းပယ်သူများပင် ဖြစ်ကြကုန်သတည်း။

[38] ၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။

[39] အို-(ကျွန်ုပ်၏)အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး အထူးထူး အပြားပြားသော ကိုးကွယ်ရာများ ပင် သာလွန်၍ကောင်းမြတ်ကြသလော၊ သို့တည်းမဟုတ် (အလုံးစုံတို့ထက်ဝယ်) နှိမ်နင်းလွှမ်းမိုးတော် မူသောတစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်သည်ပင် သာလွန်၍ ကောင်းမြတ်တော်မူပါလေသလော။

[40] (အမှန်စင်စစ်ကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့၏အဖ၊ ဘိုးဘေးများ၊ အပါအဝင် မိမိတို့ကိုယ်တိုင် အမည်နာမမှည့်ခေါ်ထားသည့် (ဘုရား)များကိုသာ ကိုးကွယ်နေကြကုန်၏။ (စင်စစ်ဆိုသော်)အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့(အား ကိုးကွယ်ရန်)နှင့်စပ်လျဉ်း၍ သက်သေခံ တစ်စုံတစ်ရာမျှပင် ချပေးတာ်မူခဲ့သည်မဟုတ်ပေ။ အမိန့်အာဏာ (အလုံးစုံတို့)ကား အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်က အသင်တို့သည်ထိုအရှင်မြတ်မှတစ်ပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြရ ဟု အမိန့်တော်ထုတ်ပြန် ချမှတ်တော် မူခဲ့လေသည်။ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်တည်း။ သို့ရာတွင် အများဆုံး သောလူတို့မှာကား မသိနားမလည်ကြပေ။

[41] အို-အကျဉ်းထောင်ဖက် မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးအနက် တစ်ဦးမှာမူ မိမိ၏သခင်(ဖြစ်သောဘုရင်)အား (ရှေးယခင်အတိုင်းပင်) သေစာအရက်ကို ဆက်လက်၍တိုက်ကျွေးရပေမည်၊ သို့ရာတွင် တခြားတစ်ဦးမှာမူကား လက်ဝါး ကပ်တိုင်သို့ အတင်ခံရပြီးနောက် ငှက်များသည် ဦးခေါင်းကို (နှုတ်သီးဖြင့် ထိုး၍)စားကြပေလိမ့်မည်။အသင်တို့နှစ်ဦး မေးမြန်းလျက် ရှိကြကုန်သောကိစ္စမှာ (ဤအတိုင်းပင်) ပြဌာန်းပြီးဖြစ်ခဲ့ပေသတည်း။

[42] ၎င်းပြင် ထိုယူဆွဖ်သည် ယင်းလုလင်နှစ်ဦးအနက်မှ လွတ်မြောက်မည့်သူဖြစ်သည်ကို ယုံကြည် သာသူအား အသင်သည် မိမိသခင်(ဖြစ်သောဘုရင် မင်းမြတ်)ထံတွင်ကျွန်ုပ်၏အကျိုးအကြောင်းကို ဖော် ပြပြောဆိုပါလေဟု ပြောဆိုမှာကြားခဲ့လေ၏။ သို့ရာတွင် ရှိုင်တွာန်မိစ္ဆာကောင်သည်ထိုလုလင်အား မိမိသခင် (ဘုရင်မင်းမြတ်)ရှေ့တွင်ထိုယူဆွဖ်၏အကြောင်း ပြောပြရန် မေ့လျော့စေခဲ့ရာ ထိုယူဆွဖ်သည် အကျဉ်းထောင်ထဲတွင် နှစ်ကာလအတန်ကြာအောင်နေထိုင်ခဲ့ရလေသတည်း။

[43] ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။

[44] (ထိုရောကာလ) ယင်းမှူးကြီးမတ်ရာတို့က (အိုဘုရင်မင်းမြတ် ဤကား) ဂယောင်ဂယက် မြင်မက်သော အိပ်မက်မျှသာဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့မှာမူကားဂယောင်ဂယက် အိပ်မက်များ၏ဒိဗ်ဓုမ်ကို နားလည်သူများလည်း မဟုတ်ကြပါဟု လျှောက်ထားခဲ့ကြလေသတည်း။

[45] ထိုအခါ ယင်း(အကျဉ်းချထားခြင်း ခံခဲ့ကြသော) လုလင်နှစ်ဦးအနက် ပြန်၍လွတ်မြောက်ခဲ့သော လုလင်သည် ကာလအတော်ကြာပြီးနောက်သော်မှပင် သတိရလာ၍ထိုအိပ်မက်၏ဒိဗ်ဓုမ်ကို ဘုရင်မင်းမြတ်တို့အား ကျွန်တော်မျိုးတစ်ဆင့်ပြောပြပါမည်။ သို့ပါ၍ အရှင်မင်းမြတ်သည် ကျွန်တော်မျိုးအား သွားခွင့်ပြုတော်မူပါဟု လျှောက်ထားခဲ့လေ၏။

[46] (အကျဉ်းထောင်သို့ရောက်လတ်သော် ထိုလုလင်သည် တမန်တော်ယူဆွဖ်အား ဤသို့ ပြောဆိုလေ၏။) အို-ယူဆွဖ်၊ အို-သစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား ဝဝဖြိုးဖြိုးရှိသော နွားမခုနစ်ကောင်ကို ပိန်ချုံးသော နွားမခုနစ်ကောင်သည် စား၍နေသည်။ ၎င်းပြင် စိမ်းစိုသော စပါးနှံခုနစ်နှံနှင့်ခြောက်သွေ့သော စပါးခုနှစ်နှံဖြစ်ကုန်သည်။ (မြင်မက်သောအိပ်မက်)နှင့်စပ်လျဉ်း၍ (ဒိဗ်ဓုမ်ကို) ရှင်းလင်း ပြောပြပါလေ။သို့မှသာလျှင် ကျွန်ုပ်သည် လူများထံပြန်နိုင်၍ လူများလည်း(အသင်၏ မြင့်မြတ်လှသောဂုဏ်အင်များကို) သိနားလည်နိုင်ကြပေမည် ဖြစ်သတည်း။

[47] ထိုယူစုဖ်သည် (အိပ်မက်ဒိဗ်ဓုမ်ကို ဤသို့ ရှင်းလင်း၍) ပြောပြလေသည်။ အသင်တို့သည် (မိမိတို့စိုက်ပျိုးနေကျအတိုင်း) ခုနစ်နှစ်တိုင်တိုင်(မိမိတို့လယ်ယာများကို) အဆက်မပြတ် စိုက်ပျိုးကြလေကုန်။ သို့ရှိရာ အသင်တို့သည် မိမိတို့ရိတ်သိမ်း သော ကောက်လှိုင်းများအနက် မိမိတို့စားသုံးရန်ဖြစ်သော အနည်းငယ်မျှမှအပ ကျန်ရှိသော ကောက်လှိုင်း များကိုကောက်လှိုင်းအတိုင်းပင် ထားရှိကြလေကုန်။

[48] ထို့နောက် တစ်ဖန် (ဒုဗ္ဘိက္ခန္တရကပ်ဆိုက်၍) ပြင်းထန်လှသော ခုနစ်နှစ်သည် ဆိုက်ရောက်လာပေမည်။ ထိုနှစ်ကာလခုနစ်နှစ်သည် အသင်တို့(မျိုးစေ့အလို့ငှာ) သိမ်းထားကြသည့် အနည်းငယ်မျှ(သောရိက္ခာ)မှအပ အသင်တို့ကြိုတင် စုဆောင်းထား သည့်(ရိက္ခာ)များကို စားသုံးပစ်ကြပေမည်။

[49] ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။

[50] ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[51] (ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။

[52] ဤ(သို့အပြစ်ကင်းကြောင်းကို ထင်ရှားစေခြင်းသည်)ကား ထိုအဇိဇ်သည် ၎င်း၏နောက်ကွယ်ရာတွင် ၎င်းအားကျွန်ုပ် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူတို့၏အကြံအစည်ကို (အထမြောက်အောင်မြင်စေရန်အလို့ငှာ)နည်းလမ်းပေးတော်မူသည်မဟုတ်ကြောင်း (ပိုမိုကောင်းမွန်စွာ)သိနားလည်ရန် ဖြစ်ပေသတည်း။

[53] စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်း သော်ကားဧကန်မလွဲ စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[54] ထိုအခါ ဘုရင်မင်းမြတ်က အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်။ ငါသည် ၎င်းအား မိမိအဖို့ ရွေးချယ်အံ့ဟု အမိန့်ပေးခဲ့လေသည်။ တစ်ဖန်ယင်းယူဆွဖ်သည် ထိုဘုရင်နှင့် စကားပြောဆိုလေသောအခါ၊ထိုဘုရင်က (ယူဆွဖ်အား) အသင်သည် ယနေ့မှစ၍ ကျွန်ုပ်၏ထံတွင် မြင့်မြတ်သောဂုဏ်ဒြပ်နှင့်ပြည့်စုံသူ၊ ယုံကြည်စိတ်ချအပ်သူဖြစ်သည်ဟု ချီးမြှင့်ပြောကြား မြှောက်စား ခဲ့လေသတည်း။

[55] (ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်ဟုပြောကြားခဲ့လေ၏။

[56] စင်စစ်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ယူဆွဖ်အား တိုင်းပြည်တွင် ထိုယူဆွဖ်သည် ယင်းတိုင်းပြည်၌ မိမိနေလိုသောနေရာတွင်နေထိုင်ရန် အာဏာကိုချီးမြှင့်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၌ မိမိကရုဏာတော်ကို သက်ရောက်စေတော်မူ၏။၎င်းပြင် ငါအရှင်မြတ်သည် ကောင်းမှုပြုလုပ်သူတို့၏အကျိုးကိုအချည်းအနှီး ဖြစ်စေတော်မူသည် မဟုတ်ပေ။

[57] သို့ရာတွင် အီမန်သက်ဝင်ယုံကြည်၍ (ပြစ်မှုဒုစရိုက်များမှ) အမြဲတစေ ကြဉ်ရှောင်လျက်ရှိကြ သောသူတို့အဖို့မှာကား နောင်တမလွန်ဘဝ၏ အကျိုး သည် အကောင်းဆုံးပင်ဖြစ်ပေသတည်း။

[58] ထို့နောက် ယူဆွဖ်၏ နောင်တော်တို့လည်း (အီဂျစ်သို့)လာခဲ့ကြပြီး၊ ယင်းယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်သည် ၎င်းတို့အား မှတ်မိခဲ့လေသည်။ သို့ရာတွင် ယင်းတို့မူကား ထိုယူဆွဖ်အား မမှတ်မိကြပေ။

[59] တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။

[60] သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။

[61] (ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီတော်အား ၎င်း၏ခမည်းတော်ထံ တောင်းခံကြပါမည်။ ကျွန်ုပ်တို့သည် ဧကန်မလွဲ (ဤအတိုင်းပင်)ပြုလုပ်ကြပါမည်ဟု ပြောဆိုဖြေကြားခဲ့ကြလေသတည်း။

[62] ၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။

[63] ထို့နောက် ၎င်းတို့သည် မိမိတို့၏ ခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိခဲ့ကြသောအခါ (ဤသို့) လျှောက်ထားခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ရိက္ခာသည်ကျွန်တော်မျိုးတို့(အားရောင်းချခြင်း)မှ ပိတ်ထားပြီးဖြစ်လေသည်။ သို့ဖြစ်ပေရာ ခမည်းတော်သည် ကျွန်တော်မျိုးတို့နှင့်အတူ ကျွန်တော်မျိုးတို့၏ညီတော်(ဗင်န်ယာမီန်)အား စေလွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည်(ရိက္ခာကိုနောက်တစ်ဖန်)ခြင်တွယ်၍ယူခဲ့ကြပါမည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ထိုညီတော်အား ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းမည့်သူများလည်း ဖြစ်ကြပါသည်။

[64] (ထိုအခါ)ထိုခမည်းတော်သည် (ဤသို့) ပြန်ကြားခဲ့လေ၏။ ငါသည် အသင်တို့အပေါ်ဝယ် ယင်းညီတော်နှင့်ပတ်သက်၍ ယခင်က ၎င်း၏နောင်တော်(ယူဆွဖ်)နှင့်ပတ်သက်၍ယုံကြည်စိတ်ချဘိ သကဲ့သို့ပင် ယုံကြည်ရမည်သာဖြစ်သည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးစောင့်ရှောက်တော်မူသောအရှင်၊ ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[65] ထို့နောက် ၎င်းတို့သည် မိမိတို့၏ ပစ္စည်းကိုဖွင့်ခဲ့ကြသောအခါ မိမိတို့ အရင်းအနှီးပြုသော ပစ္စည်းကို ၎င်းတို့အား ပြန်လည်ထည့်ပေးလိုက်သည်ကို တွေ့ရှိခဲ့ကြလေသည်။(ထိုအခါ) ၎င်းတို့က (ဤသို့) လျှောက်ထားကြပြန်လေသည်။အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ကျွန်တော်မျိုးတို့ မည်သည့်အရာကို အလိုရှိကြပါသေးသနည်း၊ ဤသည် ကျွန်တော်မျိုး တို့ အရင်းအနှီးပြုသောပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းအနှီးပြုသောပစ္စည်းသည်လည်း ကျွန်တော်မျိုးတို့အား ပြန်ပေးထားပြီး ဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့အိမ်သူအိမ်သားများအဖို့(ထပ်မံ၍)စားနပ်ရိက္ခာများ ယူဆောင်လာကြပါမည်။ ထိုမှတစ်ပါး၊ ကျွန်တော်မျိုးတို့သည် မိမိတို့ညီတော်အားလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါမည်။ ထို့ပြင်ကျွန်တော်မျိုးတို့သည် ကုလားအုတ်တစ်စီးစာ (စားနပ်ရိက္ခာ)ကိုလည်း ပိုမို၍ယူဆောင်လာကြပါမည်။ ဤကား လွယ်ကူစွာရရှိမည်ဖြစ်သောရိက္ခာပင်ဖြစ်ပါသည်။ (တစ်နည်း-ယခု ကျွန်တော်မျိုးတို့ ယူဆောင်လာခဲ့ကြသော) ဤ(ရိက္ခာ)သည်ကားအလွန်နည်းလှပါသည်။

[66] (ထိုအခါ) ထိုဖခမည်းတော်က အသင်တို့သည်ငါ့အား အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အသင်တို့ကိုယ်တိုင် (ဘေးရန်များ) ဝန်းဝိုင်းခြင်းကို ခံကြရသည်မှအပ ယင်းညီတော်အား ငါ့ထံသို့(ပြန်လည်၍ခေါ်)ယူခဲ့ကြမည်ဟူ၍ တစ်စုံတစ်ရာ(ခိုင်မာသော) အာမခံချက် မပေးသမျှ ကာလပတ်လုံးငါသည် ယင်း ညီတော်အား အသင်တို့နှင့်အတူ အလျှင်းစေလွှတ်မည် မဟုတ်ဟု ပြောကြားခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ထိုဖခမည်းတော်အား မိမိတို့၏အာမခံချက်ကို ပေးခဲ့ကြသောအခါ ထိုဖခမည်းတော်က အလ္လာဟ်အရှင်မြတ်သည် ငါတို့ပြောဆိုကြကုန်သော အကြောင်းအရာနှင့်စပ်လျဉ်း၍ လွှဲအပ်ခြင်းခံရတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟုပြောဆိုခဲ့လေ၏။

[67] ၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် တခြားစီဖြစ်သောတံခါးများမှ ဝင်ကြေလေကုန်။ စင်စစ်သော်ကား ငါ(၏အကြံပေးချက်)သည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ယှဉ်ပြိုင်၍ အနည်းငယ်မျှပင်အသုံးကျမည်မဟုတ်ပေ။ အမိန့် အာဏာသည်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှမရှိချေ။ စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။

[68] ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။

[69] တစ်ဖန် ၎င်းတို့သည် ယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြသောအခါ ထိုယူဆွဖ်သည် မိမိညီတော်အား မိမိထံတွင်နေရာထိုင်ခင်းပေးခဲ့လေသည်။ (ထို့နောက်) ယင်းယူဆွဖ်ကဧကန်စင်စစ် ငါသည် အသင်၏နောင်တော်(ယူဆွဖ်)ပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စိတ်ဒုက္ခမဖြစ်ပါလေနှင့်ဟုပြောဆို (နှစ်သိမ့်စေ)ခဲ့လေသတည်း။

[70] ထို့နောက် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ စီမံ အပ်သည်တို့ကို အဆင်သင့်ဖြစ်အောင်စီမံ၍ ပေးခဲ့ပြီးသောအခါရေဖလားကို မိမိညီတော်၏ခရီးဆောင် ပစ္စည်းထဲတွင် ထည့်လိုက်လေသည်။ ထို့နောက် ကြေညာသူတစ်ဦးက အို-ခရီးသည်စု၊ ဧကန်မလွဲ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်သည် ဟု ကြေညာ(မောင်းခတ်)ခဲ့လေသည်။

[71] (ထိုအခါ) ယင်းနောင်တော်များသည် ထိုကြေညာသူနှင့်အပေါင်းတို့ဘက်သို့ မျက်နှာလှည့်ကာ အသင်တို့သည်မည်သည့်အရာ ပျောက်ဆုံးနေပါသနည်းဟု (ပြန်လည်) ပြောဆိုမေးမြန်းခဲ့ကြလေသည်။

[72] ထိုကြေညာသူတို့က (ဤသို့) ပြောဆိုခဲ့ကြလေ၏။ကျွန်ုပ်တို့ ဘုရင်မင်းမြတ်၏ ပမာဏခြင်ခွက်(ဖလား)ကိုပျောက်ဆုံးနေပါသည်ဟု ပြောဆိုခဲ့ကြလေသည်။ မည်သူမဆို ထိုခြင်ခွက် ပမာဏကို(ရှာဖွေ)ယူဆောင်ခဲ့ပါလျှင်၊ ၎င်း၏အဖို့ ကုလားအုတ် တစ်စီးစာ(စားနပ်ရိက္ခာ)သည်ရှိအံ့။ ထို့ပြင် ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။

[73] (ထိုအခါ) ၎င်းတို့က(ဤသို့)ပြောဆိုဖြေ ကြားခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောအံ့။ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဆူပူသောင်းကျန်ရန်အတွက်လာခဲ့ကြသည်မဟုတ်ကြောင်း။ ထို့ပြင် ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်း။ အသင်တု့ိသည် ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ကုန်၏။

[74] ယင်းကြေညာသူတို့က သို့ဖြစ်လျှင် အကယ်၍အသင်တို့သည် မုသာဝါဒီများဖြစ်ခဲ့ကြသော် ထို(ခိုးသား)၏ပြစ်ဒဏ်သည် မည်သို့ဖြစ်ပါမည်နည်း ဟု ပြောဆို(မေးမြန်း)ခဲ့ကြလေ၏။

[75] ၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။

[76] ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင် ငါအရှင်မြတ်သည် ယူဆွဖ်၏အကျိုးငှာ ကြံစည်တော်မူခဲ့လေ၏။ (အမှန်စင်စစ်မှာမူကား)ထိုယူဆွဖ်သည် မိမိညီတော်အား (အီဂျစ်)ဘုရင်၏ စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(ဤအတိုင်းပင်) အလိုရှိတော်မူ၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အဆင့်အတန်းများစွာ မြှင့်တင်၍ပေးတော်မူ၏။ အမှန်သော်ကား ပညာရှင်တိုင်း၏ထက်ဝယ်(၎င်းထက်) အလွန်တတ်မြောက်သော ပညာရှင်တစ်ပါးသည်ရှိချေသတည်း။

[77] ၎င်းတို့က အကယ်၍ ဤညီငယ်သည် ခိုးဝှက်သည်ရှိသော် (အံ့ဖွယ်ရာမဟုတ်ပေ။ အကြောင်းမူကား) ယင်း၏ နောင်တော်(ယူဆွဖ်)သည်လည်း ယခင်က ခိုးဝှက်ခြင်းကိုပြုခဲ့ဖူးလေသည်ဟု ပြောဆိုခဲ့ကြပေသည်။ သို့ပါလျက် ယူဆွဖ်သည် ယင်းပြောဆိုချက်ကို မိမိစိတ်ထဲ၌ပင် မျိုသိပ်၍ထားရှိခဲ့လေသည်။ ၎င်းပြင် ထိုစကားကို ၎င်းတို့ရှေ့တွင် ထုတ်ဖော်(ပြောဆို)ခြင်း မပြုခဲ့ချေ။ (သို့ရာတွင်) ထိုယူဆွဖ်သည် (မိမိစိတ်ထဲတွင်) အသင်တို့သည် အဆင့်အတန်းအားဖြင့် ပိုမို၍ပင်ဆိုးရွားကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြောဆိုလျက်ရှိသည်ကို အသိဆုံးပင် ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့ချေသတည်း။

[78] ၎င်းတို့က ပြောဆိုခဲ့ကြပြန်သည်မှာ အို-အဇီဇ်၊ဧကန်စင်စစ် ထိုညီငယ်၌ အလွန်အိုမင်း အသက်အရွယ်ကြီးရင့်သော ဖခင်ကြီးတစ်ပါးရှိပါသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်း၏အစား ကျွန်ုပ်တို့အနက်မှ တစ်ဦးဦးကို ယူထားပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျေးဇူးပြုတတ်သူတစ်ဦး ဖြစ်သည်ဟူ၍ပင် မြင်ကြပေသည်။

[79] (ထိုရောအခါ) ယင်းယူဆွဖ်က (ဤသို့) ပြောဆိုဖြေကြားခဲ့၏။ ငါတို့သည် မိမိတို့ပစ္စည်းကို တွေ့ရှိသောသူမှတစ်ပါး အခြားသူအား ဖမ်းဆီးခြင်းကို မပြုမိကြရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေကြပေသည်။ဧကန်စင်စစ် ငါတို့သည် (ထို)သို့ (ပြုခဲ့ကြ)ပါလျှင် အမှန်ပင်မတရားသောသူများ ဖြစ်ကြမည်သာတည်း။

[80] (သို့ဖြစ်ပေရာ ထိုနောင်တော်များသည် ယင်းယူဆွဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသောအခါဝယ် ၎င်း၏ထံမှ) ဆုတ်ခွာခဲ့ကြကာ လျှို့ဝှက်တိုင်ပင်ကြပြန်သည်။ (ထိုအခါ) ၎င်းတို့အနက်မှ အကြီးဆုံးဖြစ်သူက (ဤသို့)ပြောဆိုခဲ့လေ၏။ (အို-ငါ့ညီတော်များ) အသင်တို့သည် အသင်တို့ဖခင်က အသင်တို့ထံမှ (ယင်းညီတော်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိဝန်ခံချက်ယူခဲ့သည်ကိုလည်းကောင်း၊ အသင်တို့သည် ယခင်ကယူဆွဖ်နှင့်ပတ်သက်၍ (ကတိ)ပျက်ကွက် လစ်ဟင်းခဲ့ ကြသည်ကိုလည်းကောင်း၊ မသိခဲ့ကြပါသလော။ သို့ဖြစ်ပေရာ ငါ၏ဖခင်သည် ငါ့အား ခွင့်မပြုသမျှသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ငါ၏အဖို့ စီရင်ဆုံးဖြတ်တော်မူခြင်း မပြုတော်မူသမျှသော်လည်းကောင်း၊ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှအလျှင်း စွန့်ခွာမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုအလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်တကား။

[81] အသင်တို့သည် မိမိတို့၏ ဖခင်ထံသို့ ပြန်၍ သွားကြပြီးလျှင်(ဤသို့)ပြောဆိုလျှောက်ထားကြလေကုန်။ အို-မွေးသဖခင်၊ မလွဲဧကန် အသင်ဖခင်၏ သားတော်သည် ခိုးဝှက်ခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့(မျက်မြင်ကိုယ်တွေ့) သိရှိခဲ့ကြသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုသက်သေခံကြသည် မဟုတ်ပါ။ စင်စစ်မှာမူကား ကျွန် တော်မျိုးတို့သည် အကွယ်၌ရှိသော ကိစ္စများကို သိရှိကြသည် မဟုတ်ပါ။

[82] ၎င်းပြင် အသင်(ဖခင်)သည် ကျွန်တော်တို့ နေထိုင်ခဲ့ကြသော (အီဂျစ်)မြို့သူမြို့သားများကို လည်းကောင်း၊ကျွန်တော်မျိုးတို့နှင့် အတူလာခဲ့ကြသော ခရီးသည်စုကိုလည်းကောင်း၊ စုံစမ်းမေးမြန်း၍ကြည့်ပါ။ ဧကန်မလွဲ ကျွန်တော်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြပါသတည်း။

[83] ထို(အခါ)ဖခင်က ထိုသို့အလျှင်းမဟုတ်။ အမှန်စင်စစ်မှာမူကား အသင်တို့၏ စိတ်နှလုံးသည် အသင်တို့အဖို့အမှုကိစ္စတစ်ခုကို ကြံစည်ဖန်တီးခဲ့ ခြင်းသာဖြစ်ပေသည်။သို့ဖြစ်ပေရာ သည်းခံခြင်းသာလျှင် အကောင်းဆုံးပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့အား ငါ့ထံသို့ ပြန်လည်ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရာ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[84] ထို့နောက်၊ ထိုခမည်းတော်သည် ၎င်းတို့ဘက်မှမျက်နှာလွှဲခဲ့ပြီးလျှင် ဪ-ယူဆွဖ်၊ ဖြစ်မှဖြစ်ရလေခြင်းဟုပြောဆို(ညည်းညူ)ခဲ့လေသည်။ ၎င်းပြင် ယင်း၏မျက်စိနှစ်လုံးတို့မှာလည်း ဝမ်းနည်းပူဆွေးမှုကြောင့် ဖြူ၍သွားခဲ့လေသည်။သို့တစေလည်း ယင်းသည်(မိမိ)မျိုသိပ်လျက် ရှိနေခဲ့ရရှာလေသတည်း။

[85] ယင်း(သား)တို့က (အို-ခမည်းတော်) အလ္လာဟ်အရှင်မြတ်၏ကစမ်၊ အသင်ခမည်းတော်သည် ယူဆွဖ်အားအမြဲမပြတ် တမ်းတသတိရလျက်ပင်ရှိနေသည် ဖြစ်ရာ နောက်ဆုံးတွင်မူ အသင်ဖခင်သည် ကျန်းမာရေး ချွတ်ယွင်းသူသော်လည်းကောင်း၊ အသက်ဇီဝိန် ချုပ်ငြိမ်းသူသော်လည်းကောင်း၊ဖြစ်ရပါတော့မည် ဟုပြောဆိုကြကုန်၏။

[86] (ထိုအခါ) ယင်းခမည်းတော်သည်(ဤသို့) ပြောဆိုဖြေကြားခဲ့လေ၏။ ငါသည် အလ္လာဟ်အရှင်မြတ်၏အထံတော်၌သာလျှင် မိမိစိတ်သောကဖြစ်မှုကို လည်းကောင်း၊မိမိပူဆွေးမှုကိုလည်းကောင်း၊ လျှောက်ထားခြင်း ဖြစ်ပေသည်။စင်စစ်မှာမူကား ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှအသင်တို့ မသိကြသောအရာကို သိရှိရပေသတည်း။

[87] အို-ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူဆွဖ်အားလည်းကောင်း၊ ယင်းယူဆွဖ်၏ညီငယ်အား လည်းကောင်း၊သွား၍ရှာဖွေ စုံစမ်းကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းကြကုန်လင့်။ ဧကန်မလွဲ ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းကြပေသတည်း။

[88] တစ်ဖန် ၎င်းတို့သည် ထိုယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ(ဤသို့)ပြောဆိုလျှောက် ထားခဲ့ကြကုန်၏။ အိုအဇီဇ်၊ကျွန်ုပ်တို့၌လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်သူအိမ်သားတို့၌လည်းကောင်း၊ (ငတ်မွတ်ခြင်း)ဘေးဒုက္ခသည် ဆိုက်ရောက်နေပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အနည်းငယ်မျှသောအရင်းအနှီးပစ္စည်းကိုသာ ယူဆောင်လာခဲ့ကြပါသည်။ သို့ပါ၍အသင်အဇီဇ်သည် ကျွန်ုပ်တို့အား (စားနပ်ရိက္ခာကို) အပြည့်ခြင်၍ပေးပါ။ ၎င်းပြင် ကျွန်ုပ်တို့ အပေါ်၌ မေတ္တာလည်းထားပါ။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မေတ္တာတရားထားရှိသူတို့အား အကျိုးကျေးဇူးကို ချီးမြှင့်တော်မူပါ၏။

[89] ထို(ရောအခါဝယ်) ယူဆွဖ်က (၎င်းတို့အား ဤသို့) ပြောဆိုမေးမြန်းခဲ့လေသည်။ အသင်တို့သည် မိမိတို့မသိမိုက်မဲသူများ ဖြစ်ခဲ့ကြစဉ်အခါက မိမိတို့သည် ယူစုဖ်နှင့်လည်းကောင်း၊ ယင်းယူဆွဖ်၏ ညီငယ်အားလည်းကောင်း၊ မည်သည့်အပြုအမူကို ပြုမူ ခဲ့ကြသည်ကို အသင်မှတ်မိကြသေးသလော။

[90] (ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် အသင်သည်ပင် ယူဆွဖ်ဖြစ်ပါသလောဟု ပြောဆိုခဲ့ကြလေသည်။(ထိုအခါ)ထိုယူဆွဖ်က ကျွန်ုပ်ယူဆွဖ်ပင်ဖြစ်သည်။ ဤသည် ကျွန်ုပ်၏ညီတော်ပင်ဖြစ်သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် ကျေးဇူးပြုတော်မူခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်အံ့။ ၎င်းပြင် ခန္တီတရားထားရှိအံ့။ သို့ဖြစ်လျှင် အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောသီလကို ဆောက်တည်သူတို့၏ အကျိုးကျေးဇူးကို အချည်းနှီးဖြစ်စေတော်မူမည်မဟုတ် ဟုပြောကြားခဲ့လေသည်။

[91] ၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက်မြင့်မြတ်စေတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင် မှားယွင်းသူများ ဖြစ်ကြပေသည်ဟု (ဝန်ခံ)ပြောဆိုကြလေသတည်း။

[92] ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့ထက်သာလွန်၍ သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့လေသတည်း။

[93] အသင်တို့သည် အကျွန်ုပ်၏ ဤအင်္ကျီကို ယူသွားကြလေကုန်။ ထို့နောက် အသင်တို့သည် ယင်းအင်္ကျီကိုအကျွန်ုပ်၏ဖခမည်းတော်၏မျက်နှာပေါ်သို့ တင်ကြလေကုန်။ထိုဖခမည်းတော်သည် စက္ခုအလင်းရရှိလာအံ့။ ၎င်းပြင်အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအားလုံးကို(လည်း) အကျွန်ုပ် ၏ထံသို့ (ခေါ်)ဆောင်၍ လာခဲ့ကြလေကုန်။

[94] တစ်ဖန် ခရီးသည်တစ်စုသည် (အီဂျစ်ပြည်မှ)ထွက်ခွာခဲ့လေသောအခါ ၎င်းတို့၏ ခမည်းတော်က အကယ်၍အသင်တို့သည် ငါ့အား သူငယ်ပြန်သည် မယူဆကြပါလျှင်ဧကန်စင်စစ် ငါသည် ယူဆွဖ်၏အနံ့ကို ရနေပေသည်ဟုပြောဆိုခဲ့လေ၏။

[95] ၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ အသင်သည် မိမိ ရှေးဟောင်းလွဲမှားမှု၌ပင် ရှိနေပေသေးသည်ဟု ပြောဆိုကြကုန်၏။

[96] တစ်ဖန် ဝမ်းမြောက်ဖွယ် သတင်းကို ယူဆောင်၍လာသောသူသည် (ခမည်းတော်ထံသို့) ရောက်ရှိလာသောအခါ၊ ၎င်းသည် ယင်းအင်္ကျီကို ထိုခမည်းတော်၏ မျက်နှာပေါ်သို့ တင်ခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းခမည်းတော်သည်ပြန်၍ စက္ခုအလင်း ရရှိလာခဲ့လေသည်။ ထို(အခါ)ယင်းခမည်းတော်က (ဤသို့)ပြောဆိုခဲ့လေသည်။ ငါသည် အသင်တို့အားအလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိနားမလည်သောပညာကို ဧကန်စင်စစ် သိနားလည်သည်ဟု ပြောဆိုခဲ့သည်မဟုတ်ပါလော။

[97] (ထိုအခါ ယင်းသားတော်များက) အို-ကျွန် တော်မျိုး၏ဖခမည်းတော်၊ ဖခမည်းတော်သည် ကျွန်တော်မျိုးတို့အဖို့ကျွန်တော်မျိုးတို့၏ ပြစ်မှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေအံ့သောငှာ အသနားခံ၍ ပေးတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ပင်လျှင် အပြစ်မကင်းသူများ ဖြစ်ကြပါသည်ဟုပြောဆို လျှောက်ထားခဲ့ကြကုန်သတည်း။

[98] ထိုဖခမည်းတော်က (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ ငါသည် မကြာမြင့်မီ အသင်တို့အဖို့ မိမိအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ၍ပေးအံ့။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[99] ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို မိမိထံတွင် နေရာချ၍ပေးခဲ့လေသည်။ ၎င်းပြင် ယင်းယူဆွဖ်က (ဤသို့)ပြောဆို လျှောက်ထားခဲ့လေသည်။ (အို-ခမည်းတော် မယ်တော်တို့၊ ခမည်းတော်မယ်တော် နှင့်နောင်တော်တို့အားလုံး) အီဂျစ်မြို့ထဲသို့ ကြွမြန်းတော်မူကြပါ။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ဘေးရန်ကင်းငြိမ်းစွာ (နေထိုင်ကြရပါမည်ဖြစ်ပါသည်)။

[100] ထို့ပြင် ယင်းယူဆွဖ်သည် မိမိခမည်းတော် နှင့်မယ်တော်နှစ်ပါးတို့အား ရာဇပလ’င်ထက်ဝယ် စမ္ပယ်စေခဲ့လေသည်။ ထို့နောက် ယင်း(ခမည်းတော်နှင့်နောင်တော်) အားလုံးတို့သည် ထိုယူဆွဖ်၏ရှေ့ဝယ် ညွှတ်ခဲ့ကြလေသည်။ ဦးချခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်က အို-ကျွန်ုပ်၏ ဖခမည်းတော်၊ ဤသည်ပင် ကျွန်ုပ် ရှေးဦးမဆွက မြင်မက်ခဲ့သောအိပ်မက်၏ဒိဗ်ဓုမ်ဖြစ်ပါသည်။ မလွဲဧကန် ကျွန်ုပ်၏အရှင်မြတ်သည် ထိုအိမ်မက်ကို အမှန်ဖြစ်အောင် ပြုပေးတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်အား အကျဉ်းထောင်မှအပြင်သို့ ထုတ်တော်မူခဲ့သည့်အချိန်တွင် ကျေးဇူးပြုတော်မူခဲ့လေသည်။ ထိုမှတစ်ပါးရှိင်တွာန်မိစ္ဆာကောင်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏နောင်တော်တို့၏စပ်ကြားဝယ် နှောင့်ယှက်ဖျက်ဆီးခဲ့သည့်နောက်တွင် ထိုအရှင်မြတ်သည် အသင်(ခမည်းတော်၊ မယ်တော်နှင့် နောင်တော်)တို့ အားလုံးကို တောကျေးမှ(ထုတ်၍ ယဉ်ကျေးတိုးတက်လျက်ရှိသောဤမြို့တော်သို့)ယူဆောင်တော်မူခဲ့လေသည်အကယ်စင်စစ် ကျွန်ုပ်၏ အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကိုသိမ်မွေ့စွာ စီမံ၍ပေးတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဧကန်အမှန် ထို အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[101] အို-ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူသောအရှင်၊ ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးအား စိုးမိုးအုပ်ချုပ်မှုကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါသည်။ ထိုမှတစ်ပါးအရှင်မြတ်သည် ကျွန်တော်မျိုးအား အိပ်မက်များ၏ ဒိဗ်ဓုမ်ကိုလည်း သင်ကြားပေးတော်မူခဲ့ပါသည်။ အို-မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤ)ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ကျွန်တော်မျိုး၏ကိစ္စအဝဝကိုစီမံပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူအဖြစ်နှင့် ကျွန်တော်မျိုး၏အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သူတော်စင်တို့နှင့်အတူ တွဲဖက်၍ ပေးတော်မူပါ။

[102] ဤအကြောင်း အတ္ထုပ္ပတိ္တသည်ကား အကွယ်၌ရှိသော သတင်းများအနက်မှပင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်းအကြောင်း အတ္ထုပ္ပတိ္တကို အသင်(မုဟမ္မဒ်)ထံသို့ဝဟီဖြင့် ပေးပို့တော်မူလေသည်။ စင်စစ်တစ်မူကား ထိုသူတို့သည် မိမိတို့ အရေးကိစ္စကို တစ်စည်းတစ်လုံးတည်း ဆုံးဖြတ်စဉ်အခါ၌လည်းကောင်း၊ ထိုသူတို့သည် ကြံစည်လျက် ရှိနေကြစဉ်ခါ၌လည်းကောင်း၊ အသင်(မုဟမ္မဒ်)သည် ထိုသူတို့ထံ၌ ရှိခဲ့သည်မဟုတ်ပေ။

[103] အမှန်စင်စစ် အသင်သည် (၎င်းတို့သက်ဝင် ယုံကြည်ကြရန်) မည်မျှပင်တပ်မက်ငြားလည်း (၎င်းတို့အနက်)အများဆုံးသောသူတို့မှာမူကား မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြမည်မဟုတ်ချေ။

[104] အမှန်သော်ကား အသင်သည် ၎င်းတို့ထံမှ ဤတရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ဤ(ကုရ်အာန်ကျမ်းတော်)သည်ကား စကြာဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။

[105] စင်စစ်မူကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မြောက်မြားစွာသော သက်သေလက္ခဏာများရှိကြပေသည်။ ၎င်းတို့သည် ယင်းသက်သေလက္ခဏာများဘက်မှ ဖြတ်ကျော်၍ သွားကြလေသည်။ သို့ရာတွင် ၎င်းတို့သည် ယင်းသက်သေ လက္ခဏာများ မျက်နှာလွှဲသွားသူများ ဖြစ်လျက် ရှိကြကုန်သတည်း။

[106] စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုဘဲ သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေတကား။

[107] ထိုသူတို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တစ်မျိုးသားလုံးကို) ဖုံးလွှမ်းမည့် ပြစ်ဒဏ်သည်သက်ရောက် မည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် ယင်းသူတို့အမှုမဲ့ အမှတ်မဲ့ရှိနေကြစဉ် ကိယာမတ်သည် ရုတ်တရက်အားဖြင့် ဆိုက်ရောက် မည်ကိုလည်းကောင်း၊ စိုးရိမ်ခြင်းမရှိဘဲစိတ်ချ၍ နေကြလေသလော။

[108] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။

[109] စင်စစ်သော်ကား ငါအရှင်မြတ်သည် မြို့ရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ ယောက်ျား များကိုသာလျှင် (ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူ၍ ၎င်းတို့ထံသို့ ဝဟီပို့တော်မူခဲ့လေသည်။ (သို့ပါလျက်) ဤသူတို့သည်ကမ္ဘာမြေပေါ်ဝယ် လှည့်လည်သွားလာခြင်းကို မပြုကြလေသလော။ ထိုသို့ လှည့်လည်သွားလာကြပါလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်ကဲ့သို့ ရှိခဲ့သည်ကို ရှုမြင်ကြပေမည်။ အမှန်စင်စစ်သော်ကားနောင်တမလွန်ဘဝ၏ နေရာထိုင်ခင်းသည် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်သောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည်(ဤမျှပင်)နားမလည်ကြလေသလော။

[110] နောက်ဆုံးတွင် ရစူလ်တမန်တော်များသည်မျှော်လင့်ချက်ကင်း၍ အမျိုးသားတို့ကလည်း ယင်း ရစူလ်တမန်တော်များသည် အလိမ်ခံခဲ့ကြရလေပြီ ဟုထင်မှတ်ခဲ့ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ယင်းရစူလ်တမန်တော်များထံ(ရုတ်တရက်)ရောက်ရှိခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်အလို ရှိတော်မူသောသူသည် ကယ်တင်ခြင်းကို ခံခဲ့ရလေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူတို့အပေါ်မှ ပယ်ရှားသွားသည် မဟုတ်ချေတကား။

[111] မချွတ်ဧကန် ၎င်းတို့၏အကြောင်းအတ္ထုပ္ပတိ္တများတွင် ဆင်ခြင်သိမြင်နားလည်သူတို့အဖို့(အကြီးအကျယ်)သင်ခန်းစာသည်ရှိချေသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်)ကြံဖန်လီဆယ်ထားသောကျမ်းမဟုတ်။ ယင်း၏ အလျင်ရှိနေသော(ကျမ်းများ)ကို အတည်ပြုသောကျမ်းသည်လည်းကောင်း၊အရာခပ်သိမ်းတို့ကိုအသေးစိတ်ရှင်းလင်းမှုသည် လည်းကောင်း၊သက်ဝင်ယြုံကညြ်ကသူတို့ အဖို့ တရားလမ်းညွှန်မှုသည်လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း၊ ဖြစ်ချေသတည်း။

မိုးကြိုး

Surah 13

[1] အလစ်ဖ်၊ လာမ်၊ မီမ်၊ ရာ။ ဤသည်တို့ကား(ထွတ်မြတ်လှစွာသောကုရ်အာန်) ကျမ်းတော်မြတ်၏ ဒေသနာတော်များပင်တည်း။ စင်စစ်မူကား အသင့်ထံ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ကျရောက်လာသော တရားတော်များသည်(လုံးဝ)အမှန်ပင် ဖြစ်ချေသည်။သို့ရာတွင် လူသားတို့အနက် မြောက်မြားစွာသောသူများမူကားသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[2] အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်များကို အသင်တို့မမြင်နိုင်ကြသော တိုင်များဖြင့် မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ (တစ်နည်း)အသင်တို့တွေ့မြင်ကြသည့်အတိုင်း တိုင်များမပါဘဲ မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရှ် ပလ’င်တော်ထက်ဝယ် စံမြန်းတော်မူလေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊လ စန္ဒာကိုလည်းကောင်း နာခံစေတော်မူလေသည်။ (ထိုနေနှင့်လသည်) သတ်မှတ်ထားသောအချိန် ကာလတွင် အသီးသီးသွားလာလျက်ပင် ရှိကြကုန်၏။ ထိုအရှင်မြတ်သည် အရေးကိစ္စတို့ကို စီမံခန့်ခွဲတော်မူ၏။ သက်သေလက္ခဏာတော်များကိုအသေးစိတ်ရှင်းလင်းတော်မူ၏။ သို့မှသာလျှင် အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံခြင်းကို ယုံကြည်ကြရာသတည်း။

[3] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုပထဝီမြေ၌ တောင်များကိုလည်းကောင်း၊ ချောင်းမြစ်တို့ ကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၌သစ်သီးဝလံ အသီးသီးကို နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မလွဲဤသည်တို့၌ စဉ်းစားဆင်ခြင်ကုန်သော သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများသည် ရှိချေသတည်း။

[4] ၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။

[5] ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။

[6] စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံ၌ ဘေးရန်ကင်းငြိမ်းခြင်းထက် အလျင် ဘေးအန္တရာယ်ကို အသင့်ထံ၌အလျင်စလိုတောင်းဆွဲကြကုန်၏။ အမှန်စင်စစ်သော်ကား ပြစ်ဒဏ်ခတ်မှုများသည် ၎င်းတို့အလျင်ရှိခဲ့ပြီး ဖြစ်ခဲ့ပေသည်။ ၎င်းပြင် မလွဲဧကန် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မတရားမှုကိုကျူးလွန်သူများဖြစ်ကြပါလျက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါးအသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်လည်း အမှန်ပင်ဖြစ်တော်မူပေသတည်း။

[7] ၎င်းပြင် မယုံမကြည် သွေဖည်ငြင်းပယ် ကုန်သောသူတို့သည် ထို(နဗီတမန်တော်မုဟမ္မဒ်)၏ အပေါ်၌ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာတစ်ရပ်ရပ်သည် အဘယ်ကြောင့် ကျရောက်ခဲ့သည်မရှိပါသနည်းဟူ၍လည်း ပြောဆိုကြသေး၏။ (စင်စစ်မှာမူကား) အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးမျှသာဖြစ်ပေသည်။ ထိုနည်းတူစွာ လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကိုညွှန်ကြားပြသသူသည် ရှိချေသတည်း။

[8] အလ္လာဟ်အရှင်မြတ်သည် အမိတိုင်း မည်သည့်အရာကို ကိုယ်ဝန်ဆောင်လျက်ရှိသည်ကိုလည်းကောင်း၊သားအိမ်များသည် မည်သည့်အရာကို ချွတ်ယွင်းစေသည်ကိုလည်းကောင်း၊ ထို့အတူ မည်သည့်အရာကို ပိုမိုစေသည်ကိုလည်းကောင်း သိရှိတော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မိန်းမတစ်ဦးတစ်ယောက်၏ဝမ်းတွင်း လွယ်ထားသည်ကိုလည်းကောင်း၊ (မိန်းမများ၏)သားအိမ်များတွင် လျော့သည်ပိုသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ (စင်စစ်သော်ကား)အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အထံတော်၌ ချင့်ချိန်တိုင်းတာ သတ်မှတ်ပြီး ဖြစ်ပေသတည်း။

[9] ထိုအရှင်မြတ်သည် (သတ္တဝါအပေါင်း) မမြင်နိုင်သောအရာများကိုလည်းကောင်း၊ မြင်နိုင်သောအရာများကိုလည်းကောင်း၊(တစ်နည်း)လျှို့ဝှက် နေသောအရာများကိုလည်းကောင်း၊ ထင်ရှား၍နေသော အရာများကိုလည်းကောင်း၊ သိတော်မူသောအရှင်၊(အလုံးစုံတို့ထက်) ကြီးကဲတော်မူသောအရှင်၊မြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[10] အသင်တို့အနက် စကားကို လျှို့ဝှက်သော သူသည်လည်းကောင်း၊ ထုတ်ဖော်ပြောဆိုသူသည် လည်းကောင်း၊ညဉ့်(၏အမှောင်)၌ ပုန်းကွယ်၍နေသူသည်လည်းကောင်း၊ နေ့(၏အလင်းရောင်) ၌ (အထင်အရှား) သွားလာသောသူသည်လည်းကောင်း၊(ထိုအရှင်မြတ်၏အသိဉာဏ်တော်တွင်) အတူတူပင် ဖြစ်ကုန်သတည်း။

[11] ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စောင့်ရှောက်ကြကုန်၏။ အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏အပေါ်၌ ဘေးဒုက္ခဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည်ရှိသော် (မည်သူတစ်ဦးတစ်ယောက်မျှပင်) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်းမရှိချေ။ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။

[12] ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာအဖြစ် လည်းကောင်း၊မျှော်လင့်ဖွယ်ရာအဖြစ်လည်းကောင်း ပြတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် လေးလံစွာသောမိုးတိမ်များကို ဖန်ဆင်း (မြှင့်)မြှောက်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[13] ၎င်းပြင် ရအ်ဒ် အမည်ရှိသော ကောင်းကင်တမန် (မိုးခြိမ်းသံ)သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်(ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုဘာဝနာစီးဖျန်းလေသည်။ ထိုနည်းတူစွာ(အခြား)ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့်(ချီးမွမ်းထောပနာပြုခြင်းနှင့်သန့်ရှင်း တော်မူကြောင်းကို ဘာဝနာစီးဖျန်းကြကုန်၏။) ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏အပေါ်ဝယ် ယင်းမိုးကြိုးသွားများကို ကျရောက်စေတော်မူ၏။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံလျက် ရှိကြကုန်၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် ဖမ်းဆီးအရေးယူတော်မူသောအရှင်၊(အားအင်အလွန်ကြီးမားသောအရှင်)မြတ်ပင် ဖြစ်တော်မူပေသတည်း။

[14] မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။

[15] ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။

[16] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[17] ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။

[18] မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။

[19] အကြင်သူသည် စက္ခုအလင်းမရရှိသော မျက်ကန်းကဲ့သို့ဖြစ်နိုင်ပါမည်လော။ ထိုသူသည် အသင်၏ထံသို့အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်အထံတော်မှ ကျရောက်လာသောအရာသည် အမှန်တရားပင် ဖြစ်သည်ဟုကောင်းစွာ ယုံကြည်လေသည်။ (စင်စစ်မှာမူကား) နိသမ္မဉာဏ်ရှင်တို့ သည်သာသာလျှင် တရားကျကြကုန်သတည်း။

[20] (ထိုပညာရှင်များကား) အကြင်သူများတည်း၊ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ခံဝန်ချက်ကို ကျေပြွန်စွာဆောင်ရွက်ကြပေသည်။ ထို့ပြင် (ယင်း)ပဋိညာဉ်ခံဝန်ချက်ကို မဖောက်ဖျက်ကြပေ။ မချိုးဖောက်ကြပေ။

[21] ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကဆက်စပ်၍ထားရှိရန် အမိန့်ပေးတော်မူသည့် အဆက်အသွယ်များကို ဆက်စပ်၍ ထားရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည်မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် အလွန်ပူဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုကိုလည်း စိုးရိမ်ကြောင့်ကြကြကုန်သတည်း။

[22] ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုနည်းတူစွာယင်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာတစ်ဖုံ၊ ထင်ရှားစွာတစ်မျိုးလှူဒါန်းသုံးစွဲကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်မကောင်းမှုကို ကောင်းမှုဖြင့်လွှဲဖယ်ကြကုန်၏။ ဤကဲ့သို့သောသူတို့အဖို့ နောင်တမလွန်ဘဝ၏ကောင်းကျိုးသည်ရှိပေသတည်း။

[23] (ဆိုလိုသည်ကား ၎င်းတို့အဖို့) ထာဝရတည်သော ဥယျာဉ်များသည် (ရှိပေမည်)။ ၎င်းတို့သည် ထိုဥယျာဉ်များသို့ (မိမိတို့ကိုယ်တိုင်လည်း)ဝင်ရောက်ကြပေမည်။ ထိုမှတစ်ပါး ယင်းတို့၏အဖ၊ ဘိုး၊ ဘေးတို့အနက်မှလည်းကောင်း၊ ယင်းသူတို့၏ ကြင်ယာကြင်ဖက်တို့အနက်မှလည်းကောင်း၊ ယင်းတို့၏သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊ (ဂျန္နတ်၏) ထိုက်တန်သောသူတို့သည်လည်း(ဝင်ရောက်ကြပေမည်)။ ၎င်းပြင် မလာအိကဟ်ကောင်းကင်တမန်များသည် ထိုသူတို့ထံသို့ တံခါးတိုင်းမှဝင်ရောက်ကြပေမည်။

[24] (ယင်းမလာအိကဟ် ကောင်းကင်တမန်များသည် ၎င်းတို့ထံဝင်ရောက်ကြသောအခါ ဤသို့နှုတ်ခွန်းဆက်သပြောဆိုကြမည်ဖြစ်၏)။ အသင်တို့သည်(လောကီဘဝ၌)ခန္တီတရားထားရှိ၍ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက် ငြိမ်းချမ်း သာယာမှုသည် အသင်တို့အပေါ်၌ ကျရောက်ပါစေသား။ဤ တမလွန်ဘဝ၌ (အသင်တို့ခံစားကြရမည့်)အကျိုးသည်အလွန် ကောင်းမြတ်လှပေသည်တကား။

[25] သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ဝန်ခံချက်ကို ယင်းပဋိညာဉ်ခံဝန်ချက်ကို အခိုင်အမာပြုလုပ်ပြီးနောက် ဖောက်ဖျက်ကြကုန်၏။ ထို့ပြင်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်စပ်၍ထားရန် အမိန့်ပေးတော်မူသည်များကိုလည်း ဖြတ်တောက်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကမ္ဘာမြေဝယ် ဆူပူသောင်း ကျန်းလျက်လည်းရှိကြကုန်၏။ ထိုကဲ့သို့သူတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ထိုလောက၏အကျိုးယုတ်မှုသည်လည်း ရှိပေမည်သတည်း။

[26] အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည် ဤလောကီဘဝ၌ အသက်ရှင်မှုကြောင့်ပင် ဝမ်းမြောက်ရွှင်မြူးခဲ့ကြလေသည်။ စင်စစ်မှာမူကား ဤလောကီဘဝ၌ အသက်ရှင်မှုသည် အနည်းငယ်တဒင်္ဂမျှ အကျိုးခံစားခြင်းသာလျှင် ဖြစ်ပေသတည်း။

[27] ထို့ပြင် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့က ၎င်း၏အပေါ်၌ ၎င်းအားမွေးမြူဖန်ဆင်း တော်မူသောအရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်သည် အဘယ့်ကြောင့် ချပေးခြင်းကို မခံခဲ့ရပါသနည်းဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ဧကန်မလွဲအလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားလမ်းမှား၌ပင် ရှိစေတော်မူ၏။ သို့ရာတွင် ထိုအရှင်မြတ်သည်မိမိဘက်သို့ ပြန်လှည့်သောသူတို့ ကိုမူကား တရားလမ်းမှန်ကိုပြသတော်မူပေသတည်း၊

[28] အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် ငြိမ်းအေးကြည်နူး၍ သွားလေသည်။ ကောင်းစွာမှတ်ယူကြလေကုန်။ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် ငြိမ်းအေးကြည်နူး၍ သွားသည်ချည်းသာတည်း။

[29] အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြ ကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ စိတ္တသုခ ကောင်းကြီးမင်္ဂလာသည်လည်းကောင်း၊ ထိုသူတို့အဖို့(ဤပစ္စက္ခဘဝ၌) ကောင်းသော အခြေအနေသည်လည်းကောင်း၊ကောင်းမြတ်သော (အကျိုးဆက်)ပြန်လည်ရာဌာနသည် လည်းကောင်း၊ ရှိချေသတည်း။

[30] ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင့်အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ် အသင့်ထံပို့တော်မူသော ကျမ်းဂန်ဒေသနာတော်ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ ထိုလူမျိုးအလျင်ကလည်း လူမျိုးအသီးသီးတို့သည် လွန်လေပြီးဖြစ်ကုန်၏။ သို့ရာတွင် ဤလူမျိုးများကား ရဟ်မာန် (အနန္တကရုဏာတော်ရှင်)အား သွေဖည် ငြင်းပယ်လျက်ပင်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။(အချင်းတို့) ထိုအရှင်မြတ်သည်သာလျှင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပေ။ ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါသည်လုံးဝ အားကိုးအားထား ယုံပုံလွဲအပ်ခဲ့လေပြီ။ ထိုမှတစ်ပါး ထိုအရှင်မြတ်ထံသို့ပင် ငါသည် ပြန်လည်၍သွားရမည် ဖြစ်သတည်း။

[31] စင်စစ်မူကား အကယ်၍သာ အကြင်ကဲ့သို့ သောကုရ်အာန်တစ်စောင်သည်ရှိခဲ့အံ့။ ထိုကုရ်အာန်ဖြင့် တောင်များသည် လွှဲဖယ်ရွှေ့ပြောင်းခြင်းကို ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကုရ်အာန်ဖြင့် ပထဝီမြေသည် အက်ကွဲစေခြင်းကိုခံရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကုရ်အာန်ဖြင့် သူသေများသည် စကားပြောဆိုစေခြင်းကို ခံကြရသည်ဖြစ်စေ၊ (သို့ဖြစ်ငြားလည်း ၎င်းတို့သည် အလျှင်းသက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ)။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အလုံးစုံသောအမိန့် အာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ သို့ပါလျက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည်အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် လူခပ်သိမ်းတို့အား တရားလမ်းမှန်သို့ ပို့တော်မူခဲ့မည်ဖြစ်ကြောင်း မသိခဲ့ကြလေသလော။ အမှန်စင်စစ်မှာမူကား သွေဖည်ငြင်းပယ်ခဲ့ ကြကုန်သောသူတို့၌ ၎င်းတို့၏ အပြုအမူများကြောင့် အတိဒုက္ခတစ်စုံတစ်ရာသည် ဆိုက်ရောက်မြဲ ဆိုက်ရောက်လျက်ပင် ရှိပေသည်။ သို့တည်းမဟုတ်၎င်းတို့၏မြို့ရွာ၏အနီး (ပတ်ဝန်းကျင်)၌ပင် အမြဲမပြတ် သက်ရောက်လျက်ရှိလေသည်။ နောက်ဆုံးတွင်မူ အလ္လာဟ်အရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်သည် ရောက်ရှိလာပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (မိမိ) ချိန်းချက်ထားတော်မူသောကတိကို အလျှင်း ဖောက်ဖျက်တော်မူသည်မဟုတ်ပေ။

[32] ၎င်းပြင် စင်စစ်ဧကန် အသင်၏အလျင်လည်းရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရကုန်၏။ သို့ပါလျက် ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော် မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်ပစ်ဒဏ် သည်အသို့ရှိခဲ့ပါသနည်း။ (အလွန်ပြင်းထန်ခဲ့ပေသည်)။

[33] တစ်ဖန် လူတိုင်းလူတိုင်း မည်သည်ကို ပြုလုပ်ကြသည်ကို သိရှိတော်မူသောအရှင်မြတ်သည် (အခြား မဟုတ်မမှန်သော ကိုးကွယ်ခံများနှင့် တူနိုင်တော်မူပါမည်လော)။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ နှိုင်းယှဉ်ဖက်များကို ပြုလုပ်ခဲ့ ကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ၎င်းတို့၏ဂုဏ်အရည်အချင်းကို (ငါ့အား)ပြော၍ပြကြလေကုန်။ ထိုအရှင်မြတ်သိတော်မမူသောအရာများကို ကြားသိစေကြလေသလော။သို့တည်းမဟုတ် (ယင်းကိုးကွယ်ရာများကို) အပေါ်ရိကအားဖြင့်သာ (ကိုးကွယ်ရာများဟူ၍) ပြောဆိုခြင်းဖြစ်လေသလော။ထိုသို့အလျှင်းမဟုတ် စင်စစ်မှာကား ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့၏အမြင်၌ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည်လှပတင့်တယ်အောင်ပြုလုပ်ပြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ၎င်းတို့သည် (မှန်ကန်သောတရား)လမ်းမှလည်းတားဆီးခြင်း ခံခဲ့ရလေသည်။ အသင်တို့သည် ထိုအရှင်မြတ်အား ပထဝီမြေ၌ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ် လမ်းမှား၌ ထားရှိသောသူအား တရားလမ်းမှန်ကို ညွှန်ကြားပြသမည့် သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။

[34] ၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။

[35] ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့က ကတိပေးခြင်းခံကြရသော ဂျန္နတ် အမတသုခဘုံ၏အခြေအနေကား ယင်းဂျန္နတ်အမတ သုခဘုံ၏အောက်၌စမ်းရေချောင်းများသည် စီးတွေလျက်ရှိပေမည်။ ယင်းဂျန္နတ်၏သစ်သီးဝလံများ သည်လည်းကောင်း၊ ယင်းဂျန္နတ်၏ အရိပ်ဆာယာသည် လည်းကောင်း၊ ထာဝရတည်သော သစ်သီးဝလံများ၊အရိပ်ဆာယာများပင်ဖြစ်ချေမည်။ ဤသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့၏ အကျိုးတည်း။ သို့ရာတွင် ကာဖိရ် မယုံမကြည် သွေဖည် ငြင်းပယ်ကုန်သောသူတို့၏ အကျိုးမှာကား ငရဲမီးပင် ဖြစ်အံ့သတည်း။

[36] အမှန်သော်ကား ငါအရှင်မြတ်က ဒေသနာတော်ကျမ်းမြတ်ကို ချီးမြှင့်ပေးသနားတော်မူသော သူတို့သည်အသင့်ထံသို့ ကျရောက်လာသော ကျမ်းမြတ်ဒေသနာတော်ကြောင့် ရွှင်မြူးလျက်ရှိကြကုန်၏။ သို့ရာတွင် ယင်းအုပ်စုထဲ၌ပင် ယင်းကျမ်းမြတ်ဒေသနာတော်၏ အချို့အစိတ်အပိုင်းကိုငြင်းပယ်သောသူများလည်း ရှိကုန်၏။(သို့ဖြစ်ပေရာ) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊ အမှန်စင်စစ် မှာမူကား)ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်လည်းကောင်း အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရလေသည်။ ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင်(အသင်တို့အား) ဖိတ်ခေါ်လျက်ရှိပေသည်။ ၎င်းပြင် ငါသည်ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်၍ သွားရမည်ဖြစ်ချေသတည်း။

[37] စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည် မိမိထံသို့ (မှန်ကန်တိကျသော) အသိပညာရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့၏ အလိုဆန္ဒများကို လိုက်နာခဲ့ပါမူ အသင့်အား အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ ကူညီစောင်မမည့် အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မည့်သူဟူ၍လည်းကောင်း၊တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။

[38] ၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည်အသင်၏အလျင် ရစူလ်တမန်တော်များကို စေလွှတ် တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအဖို့ ဇနီးကြင်ရာများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း စီမံပြုလုပ်၍ ပေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါး၌မျှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲလျက် အာယတ်တော် (သက်သေလက္ခဏာ) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိချေ။ ခေတ်ကာလ အပိုင်းအခြားတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း။ (ခေတ်တိုင်းအဖို့ သီးသန့်အမိန့်တော်များရှိသည်)။

[39] အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။

[40] အမှန်သော်ကား အကယ်၍ ငါအရှင်မြတ်သည်အသင်အား ငါအရှင်မြတ် ၎င်းတို့ကို ကတိပေးတော်မူရာအချို့ကိုပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ကွယ်လွန်စေတော်မူသည်ဖြစ်စေ၊ (မည်သို့ပင်ဖြစ်စေ) အသင့် အပေါ်၌မူကား (ငါအရှင်မြတ် အမိန့်ပညတ်တော်များကိုလူတို့ထံ)ပို့ဆောင်ရုံမျှပင် ထာဝန်ရှိပေသည်။ ငါအရှင်မြတ်အပေါ်၌မူကား စစ်ဆေးရန်တာဝန်သည် ရှိပေသတည်း။

[41] ငါအရှင်မြတ်သည် မြေကိုဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့စေအောင်ပြုလုပ် လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် (မိမိအလိုရှိတော်မူသည်ကို) အမိန့်တော်ချမှတ်တော်မူလေသည်။ ထိုအရှင်မြတ်၏အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိပေ။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[42] အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။

[43] ၎င်းပြင် ကာဖိရ် သွေဖည် ငြင်းပယ်ကုန် သောသူတို့က အသင်သည် ရစူလ်တမန်တော်မဟုတ်ဟု ပြောဆိုကြပေသည်။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့)ငါနှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည်လည်း ကောင်း၊ ဒေသနာတော် ကျမ်းဂန်၏ အသိပညာရှိသောသူတို့သည်လည်းကောင်း၊ လုံလောက်ပေသတည်း။

အီဗရာဟင်မ်

Surah 14

[1] အလစ်ဖ်၊ လမ်၊ ရာ။ ဤ(ကုရ်အာန်)သည်ကားအကြင်ကျမ်းမြတ်ပင်တည်း။ အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အမှောင်ထုမှအလင်းသို့ (ဝါ) တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်မြတ်၏လမ်းသို့ ထုတ်ဆောင်(ကယ်တင်)အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အသင်၏ထံသို့ ချပေးသနားတော် မူခဲ့လေသတည်း။

[2] အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။

[3] အကြင်သူတို့သည် ပစ္စက္ခ မျက်မှောက်လောကီဘဝ၌ အသက်ရှင်ခြင်းကို တမလွန်ဘဝထက် သာပို၍ပင် မြတ်နိုးကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် (လူတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးကုန်သည်။ ထို့ပြင်၎င်းတို့သည် ယင်း လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေလျက်ရှိကြကုန်သည်။ ဤသူတို့ကား (အမှန်နှင့်)အလွန်ဝေးလံသောလမ်းမှား၌ ရှိနေကြကုန်သတည်း။

[4] စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[5] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာတော် များနှင့်တကွ စေလွှတ်တော်မူ(၍ ဤသို့ အမိန့်တော် ထုတ်ပြန်တော်မူ)ခဲ့၏။ အသင်သည် မိမိအမျိုးသားတို့ကို အမှောင်ထုမှအလင်းသို့ ထုတ်ဆောင်ပါလေ။ ထိုမှတစ်ပါး အသင်သည်ယင်းအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်မူများကိုပြန်လည်၍ သတိရစေပါလေ။ ဧကန်မလွဲ ယင်းကျေးဇူးတော်များတွင် အလွန်ခန္တီတရားထားရှိသူတိုင်း၊ အလွန်ကျေးဇူးတော်ကို သိတတ်သူတိုင်းအဖို့ သက်သေလက္ခဏာများသည်ရှိကုန်သတည်း။

[6] ၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရကြလေကုန်။ အကြင်အခါဝယ် ထိုအရှင်မြတ်သည် အသင်တို့အားဖိရ်အောင်(န်)၏ အခြွေအရံတို့၏ (ဘေးအန္တရာယ်များ)မှကယ်ဆယ်တော် မူခဲ့လေသည်။ ယင်း ဖိရ်အောင်(န်)၏ အခြွေအရံတို့သည် အသင်တို့၌ ပြင်းထန်လှစွာသော ဘေးအန္တရာယ်များကို သက်ရောက်စေလျက်ရှိခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်အသင်တို့၏ သားယောက်ျားကလေးများကိုသတ်ဖြတ်၍၊အသင်တို့၏ (သမီး) မိန်းကလေးများကိုမူကား အသက်နှင့် ထားလေ့ရှိခဲ့ကြကုန်၏။ အမှန်သော်ကား ထိုတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှုသည် ရှိခဲ့ချေသတည်း။

[7] ထိုမှတစ်ပါး (ပြန်လည်၍သတိရကြလေကုန်၊)အကြင်အခါဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် (အသင်တို့အား)အကယ်၍ အသင်တို့သည်ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား တိုး၍ချီးမြှင့် ပေးသနားတော်မူမည်ဖြစ်ကြောင်း။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ကျေးဇူးကန်းခဲ့ကြသည် ရှိသော်၊ ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြင်းထန်လှကြောင်း၊ သိစေတော်မူလေသတည်း။

[8] ထို့ပြင် (နဗီတမန်တော်)မူစာသည်(မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အကယ်၍ အသင်တို့နှင့်တကွ ကမ္ဘာမြေဝယ် ရှိသမျှသော သူခပ်သိမ်းတို့သည် ကျေးဇူးကန်းကြပါသော်လည်း၊(ထိုအရှင်မြတ်၌ တစ်စုံတစ်ရာကျိုးယုတ်မှု အလျှင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်)ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[9] အသင်တို့ထံ အသင်တို့အလျင် ရှိခဲ့ကြဘူး သောနူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်တွင် ရှိခဲ့ဖူးကြ သောသူတို့၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှမသိပေ။ ၎င်းတို့ထံ ၎င်းတို့၏ရစူလ်တမန်တော်များသည် ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည်မိမိတို့၏လက်များကို ယင်းရစူလ်တမန်တော်များ၏ ပါးစပ်များထဲသို့(တစ်နည်း) မိမိတို့၏ ပါးစပ်များထဲသို့ တွန်းထိုးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က(ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အကြင်အရာကို ငြင်းပယ်ခဲ့ကြလေပြီ။အသင်တို့သည် ထိုအရာနှင့်တကွ စေလွှတ်ခြင်းခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် အကြင်အရာနှင့်စပ်လျဉ်း၍ ယုံမှားသံသယဖြစ်စေသော ဒွိဟ၌ပင်ရှိကြပေသည်။အသင်တို့သည် ကျွန်ုပ်တို့အား ထိုအရာဘက်သို့ ဖိတ်ခေါ်လျက်ရှိကြကုန်သည်။

[10] ၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ပြစ်မှုများမှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူအံ့သောငှာလည်းကောင်း၊ အသင်တို့အား ကန့်သတ်ထားသော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူအံ့သောငှာ လည်းကောင်း၊ဖိတ်ခေါ်တော်မူလေသည်ဟု ပြောဆိုဖြေကြားခဲ့လေသည်။ (ထိုရောအခါဝယ်) ၎င်းတို့က (မိမိတို့၏ ရစူလ်တမန်တော်များအားဤသို့တုံ့ပြန်)ပြောဆိုကြလေသည်။ အသင်တို့သည်ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာဖြစ်ကြပေသည်။ အသင်တို့သည် ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏အဖ၊ ဘိုးဘေးများ ကိုးကွယ်လျက်ရှိခဲ့ကြသည်ကိုမှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးပြာဋိဟာကို ယူဆောင်ခဲ့ကြလေကုန်။

[11] ၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။

[12] စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။

[13] ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။

[14] ၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။

[15] ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။

[16] ၎င်း၏ရှေ့ဝယ် ဂျဟန္နမ်ငရဲဘုံသည် ရှိနေပေသည်။ ၎င်းပြင် ယင်းသည် ပြည်ပုပ်ရေတိုက်ကျွေးခြင်းကို ခံရပေမည်။

[17] (၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။

[18] မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ အကျင့်သီလများ၏ဥပမာကား အကြင် ပြာနှင့်တူပေသည်။ ထိုပြာကိုလေမုန်တိုင်းကျသောနေ့တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်ခဲ့လေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေ ဆည်းပူးခဲ့ကြသောအရာများအနက်မှ မည်သည့်တစ်စုံတစ်ရာ(အကျိုးကျေးဇူး)ကိုမျှ (ခံစားနိုင်ရန်) တတ်စွမ်းနိုင်ကြမည် မဟုတ်ပေ။ ဤသည်အလွန်ဝေးစွာသောလမ်းမှားခြင်း ပင် ဖြစ်ချေသတည်း။

[19] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။

[20] စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။

[21] အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။

[22] ၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[23] ၎င်းပြင် (အီမာန်)သက်ဝင် ယုံကြည်ခဲ့သည့်ပြင်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်သောသူတို့ကား ဥယျာဉ်များ သို့ ဝင်ရောက်စေခြင်းကိုခံကြရလတ္တံ့။ ထိုဥယျာဉ် များ၏အောက်တွင် စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြကုန်အံ့။ ၎င်းတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင်စံမြန်းသူများ ဖြစ်ကြပေအံ့။ထိုဥယျာဉ်များတွင် ၎င်းတို့၏မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုကားစလာမ် (ငြိမ်းချမ်းသာယာ)ဟူ၍ပင် ဖြစ်ချိမ့်အံ့သတည်း။

[24] (အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။

[25] ထိုသစ်ပင်သည် မိမိအား ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် မိမိ၏အသီးများကို ဥတုရာသီမရွေး၊ အခါခပ်သိမ်း ပေးလျက်ရှိနေပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လူတို့အဖို့ ၎င်းတို့ ဆင်ခြင်သုံးသပ် သိမြင်နိုင်အံ့သောငှာ ဥပမာ ပုံဆောင်ချက်များကိုခိုင်းနှိုင်း တော်မူပေသတည်း။

[26] သို့ရာတွင် ညစ်ညမ်းသောစကား၏ ဥပမာပုံဆောင်ချက်ကား အကြင်ညစ်ညမ်းသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။ ထိုသစ်ပင်သည် မြေ၏အပေါ်ယံမှ နှုတ်ပစ်ခြင်းကို ခံခဲ့ရလေရာ၊ ၎င်း၌ မြဲမြံခိုင်ခံ့မှု အလျင်းမရှိချေ။

[27] အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတည်တံ့ခိုင်မြဲသောစကားဖြင့် ပစ္စက္ခမျက်မှောက်လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း တည်တံ့မြဲမြံစေတော်မူ၏။ သို့ရာတွင်မတရားသော(ကာဖိရ်) သူတို့ကိုမူကား အလ္လာဟ်အရှင်မြတ်ချွတ်ချော်တိမ်းပါးစေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောကိစ္စကို ပြုလုပ်ဆောင်ရွက်တော်မူချေသတည်း။

[28] (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား မမြင်ခဲ့လေသလော။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သွေဖည်ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် မိမိတု့ိ၏ အမျိုးသားတို့ကိုပျက်စီးရာဌာနသို့ဆွဲချ သက်ဆင်းစေခဲ့ကြကုန်သတည်း။

[29] ဂျဟန္နမ်ငရဲဘုံသို့၊ ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံသို့ လားကြပေမည်။ စင်စစ်မှာမူကား ယင်းဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးရွားလှသော ရပ်တည်ရာဌာနပင် ဖြစ်လေသတည်း။

[30] ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲစေအံ့သောငှာ ထိုအရှင်မြတ်၏ ဂုဏ်ရည်တူများကို ပြုလုပ်ခဲ့ကြကုန်၏။(မှတ်ယူခဲ့ကြကုန်၏)။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့) အသင်တို့သည်(ဤလောကီဘဝ၌အနည်းငယ်)အကျိုးခံစားကြလေကုန်(နောက်ဆုံး)စခန်းသည် ငရဲမီး၌ပင်ဖြစ်ပေသည်ဟုပြောကြားပါလေ။

[31] (အို- နဗီတမန်တော်) အသင်သည် သက်ဝင်ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ကျွန်များအား ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ အကြင်နေ့ မဆိုက်ရောက်မီ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြရမည်ဟု ပြောကြားပါလေ။ ထိုနေ့တွင် ကုန်သွယ်မှုသည်လည်းရှိလိမ့်မည်မဟုတ်ပေ။ မိတ်ဖွဲ့ရင်းနှီး ကျွမ်းဝင်မှုဟူ၍လည်းရှိလိမ့်မည်မဟုတ်ပေ။

[32] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့လေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုရေဖြင့် အသင်တို့အဖို့ သစ်သီးဝလံများကို ရိက္ခာအဖြစ်ထွက်စေတော် မူခဲ့လေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ရွက်သင်္ဘောများကို၊ထိုရွက်သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့်ပင်လယ်သမုဒ္ဒရာ၌သွားလာအံ့သောငှာ၊ အသင်တို့၏အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ၊ မြစ်ချောင်းများကိုလည်း နိုင်နှင်းစေတော်မူခဲ့၏။

[33] ၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။

[34] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အားထိုအရှင်မြတ်အထံတော်၌ အသင်တို့ အသနားခံခဲ့ကြသည့်အရာအလုံးစုံတို့အနက်မှလည်း ချီးမြှင့်ပေးသ နားတော်မူခဲ့ပေသည်။ စင်စစ်သော်ကား အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် (များ)ကို ရေတွက်ကြသည်ရှိသော်အသင်တို့သည် ယင်းကျေးဇူးတော်(များ)ကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ မလွဲဧကန် မနုဿလူသား(တို့)သည် အမှန်ပင် အလွန်မတရားသောသူ(များ)အလွန်ကျေးဇူးကန်းသူ(များ)ပင် ဖြစ်(ကြ)ပေသတည်း။

[35] ၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။

[36] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

[37] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။

[38] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။

[39] ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ် သည်ကျွန်တော်မျိုးအား အသက်အရွယ် အိုမင်းကြီး ရင့်ပါလျက်နှင့်ပင်(သားတော်)အီစ်မာအီလ်ကိုလည်းကောင်း၊ (သားတော်)အစ္စဟာက်ကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ဧကန်စင်စစ် ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမှန်ပင် ဆုတောင်းပတ္ထနာပြုခြင်းကိုအလွန်ကြားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

[40] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား အမြဲတစေ ဆွလာတ်ဝတ်ပြုသူ ပြုလုပ်တော်မူပါ။ ထိုနည်းတူစွာ ကျွန်တော်မျိုး၏နောက်သားနောက်မြေးတို့အနက်မှလည်း (ဆွလာတ်ဝတ်ပြုသူများပြုလုပ်တော်မူပါ)။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏(ဤ) ဆုမွန်ပတ္ထနာကို သဘောတူ လက်ခံတော်မူပါ။

[41] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် စစ်ဆေးမှုဖြစ်ပေါ်လာမည့်နေ့တွင် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါးအားလည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။

[42] ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသောသူများ ကျင့်မူကြကုန်သော အမှုကိစ္စတို့မှအမှုမဲ့အမှတ်မဲ့ နေတော်မူသောအရှင်မြတ်ဟူ၍ အလျင်းမထင်မှတ်လေနှင့်၊ ထိုအရှင်မြတ်သည် ၎င်းတို့အား အကြင်နေ့တိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးထားတော်မူခြင်းသာလျှင် ဖြစ်ပေသည်။ ထိုနေ့တွင်(ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏)မျက်စိမျက်ဆံများသည်(မျက်တောင်မခတ်)စူးစိုက်လျက်ပင်ရှိကုန်အံ့သတည်း။

[43] (ထိုနေ့တွင် ၎င်းတို့သည်) မိမိတို့၏ဦးခေါင်းများကိုမော့၍ ပြေးလွှားလျက်ပင်ရှိကြပေမည်။ ထိုနေ့တွင်)၎င်းတို့၏မျက်စိများသည် ၎င်းတို့ဘက်သို့ ပြန်လှည့်မည်မဟုတ်ပေ။(ဝါ) ၎င်းတို့သည် မျက်တောင်မခတ်ဘဲရှိကြမည်။ ထိုမှတစ်ပါး၎င်းတို့ ၏စိတ်နှလုံးများသည်လည်း လွင့်ပျံလျက်ပင် ရှိနေကြပေမည်၊ (ဝါ) သတိရှိကြမည် မဟုတ်ပေ။

[44] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။

[45] အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။

[46] ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။

[47] သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား မိမိရစူလ်တမန်တော်များနှင့် ချိန်းချက်ထားရှိတော်မူသော ကတိတော်ကို ဖောက်ဖျက်တော်မူမည့်အရှင် ဟူ၍အလျင်း မထင်မှတ်လေနှင့်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ လက်စားချေတော်မူ သောအရှင်၊ ဖြစ်တော်မူပေသတည်း။

[48] (ဤသည်တို့ကားထိုနေ့၌ဖြစ်အံ့)၊ အကြင်နေ့တွင် (ဤ)ပထဝီမြေသည် အခြားသောပထဝီမြေဖြင့် ပြောင်းလဲသွားအံ့။ ထိုနည်းတူစွာ (ဤ)မိုးကောင်းကင်များသည်လည်း(အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလတ္တံ့)။ထိုမှတစ်ပါး (ခပ်သိမ်းကုန်သောလူသတ္တဝါတို့သည်) တစ်ဆူတည်း ဖြစ်တော်မူသော၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြလတ္တံ့။

[49] ၎င်းပြင် အသင်သည် ထိုနေ့တွင် ပြစ်မှု ကျူးလွန်သောသူတို့အား သံကြိုးများဖြင့် ပူးတွဲချုပ်နှောင်၍ ထားလျက်(ရှိသည်ကို) တွေ့မြင်အံ့။

[50] ၎င်းတို့၏ အကျႌ အဝတ်အစားများကား ကတွီရာန် ကျောက်မီးသွေး၊ ကတ္တရာစေးဖြင့်ပြီးသော အဝတ်အစားများပင် ဖြစ်ကြပေမည်။ ထိုမှတစ်ပါး ငရဲမီးသည် ၎င်းတို့၏မျက်နှာများကို ဖုံးအုပ်လျက်ရှိချေမည်။

[51] (ဤသည်တို့ကား) အလ္လာဟ်အရှင်မြတ်သည်လူတိုင်းလူတိုင်းအား ၎င်းတို့ရှာဖွေ ဆည်းပူးခဲ့ကြ သည်များနှင့်စပ်လျဉ်း၍ အစားပေးတော်မူရန် ဖြစ်ပေသည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသည့်အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[52] ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား လူတို့အဖို့ အကြောင်းကြားချက်သည်လည်းကောင်း၊ ထို့ပြင် ထိုသူတို့သည် သတိပေးနှိုးဆော်ခြင်း ခံကြရ အံ့သောငှာလည်းကောင်း၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်ဖြစ်တော်မူကြောင်း။ ထိုသူတို့ သိရှိယုံကြည်အံ့သောငှာလည်းကောင်း၊ ထို့ပြင်တစ်ဝ နိသမ္မဉာဏ်ရှင်တို့သည် တရားရကြအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း

ကျောက်ဆောင်မြေ

Surah 15

[1] အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်ကား(အဖက်ဖက်မှပြည့်စုံသော)ကျမ်းဂန်ဓမ္မက္ခန်၏ အာယတ်တော်များသည်လည်းကောင်း၊ ထင်ရှားလှစွာသော ကုရ်အာန်ကျမ်းတော်မြတ်၏အာယတ်တော်များသည်လည်းကောင်း၊ ဖြစ်ပေသတည်း။

[2] ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည်အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင်ကောင်းလေစွတကားဟု အကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒထားရှိကြကုန်အံ့။

[3] (အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ်သွေဖည်ငြင်းပယ်သော) သူတို့အား (လက်ရှိအခြေအနေအတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစား လျက်ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အား အာရုံလွှဲပြောင်းထားရှိရန်လည်းကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို) သိရှိကြကုန်အံ့။

[4] စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။

[5] မည်သည့်လူမျိုးမျှပင် မိမိတို့၏(သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွား နိုင်ကြမည်လည်းမဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြမည်လည်း မဟုတ်ချေ။

[6] ၎င်းပြင် (အို-နဗီတမန်တော်) ထို (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) အို-ဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနားတော်မူခြင်းခံရသောသူဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

[7] အကယ်၍ အသင်သည် (သစ္စာဝါဒီ)မှန်ကန်စွာပြောဆိုသူဖြစ်ခဲ့ပါလျှင် အဘယ်ကြောင့် အသင်သည် မလာအိကဟ် ကောင်းကင်တမန်တော်များ အား ကျွန်ုပ်တို့ထံ ခေါ်ဆောင်မလာသနည်း။

[8] (စင်စစ်သော်ကား) ငါအရှင်မြတ်သည် တိကျမှန်ကန်သောစီရင်ဆုံးဖြတ်ချက်မရှိဘဲလျက် မလာအိကဟ် ကောင်းကင်တမန်များကို ချပေးတော်မူသည် မဟုတ်ပေ။ ထိုမှတပါး၎င်းတို့သည် ထို(ကောင်းကင်တမန်များ ရောက်ရှိလာကြသော)အခါ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူခြင်းကို ခံရသူများလည်း ဖြစ်ကြမည် မဟုတ်ပေ။

[9] ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။

[10] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်၏အလျင် ရှေးအုပ်စုများတွင်လည်း(နဗီတမန်တော်များအား) စေလွှတ်တော်မူခဲ့လေသည်။

[11] စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်တစ်ပါးပါး ရောက်ရှိလာတိုင်း ၎င်းတို့သည် ထိုရစူလ်တမန်တော်အား ပြက်ရယ်သမှု ပြုလေ့ရှိခဲ့ကြသည်သာတည်း။

[12] ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူတို့၏ စိတ်နှလုံးများ၌ ယင်း (ပြက်ရယ်သမှုပြုခြင်း)ကို သို့မဟုတ် ယင်းကုရ်အာန်ကို လမ်းဖွင့်၍ပေးတော်မူ၏။(ထည့်သွင်းပေးတော်မူ၏)။

[13] (သို့ဖြစ်ပေရာ) ထို (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်)ကို မယုံကြည်ကြချေ။ အမှန်စင်စစ်သော်ကား ရှေးသူဟောင်းတို့၏အစဉ်အလာသည် လွန်လေပြီး ဖြစ်ပေသတည်း။

[14] အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် မိုးကောင်းကင်၌ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူခဲ့ပါလျှင် ထို့နောက် ၎င်းတို့သည် နေ့ကြောင်တောင်ပင် ထိုတံခါးပေါက်မှ (ဆင်း)တက်(သွားလာ)ကုန်ကြအံ့။

[15] (ထိုသို့သောအခါမျိုး၌လည်း) ၎င်းတို့က ကျွန်ုပ်၏မျက်စိများသည်(လှည့်စား)ပိတ်ပင်ထားခြင်းကို ခံခဲ့ကြရပေသည်။ ထိုမျှမက ကျွန်ုပ်တို့သည် စုန်းပြုစားခြင်းကို ခံခဲ့ကြရသောလူစုပင် ဖြစ်ကြပေသည်ဟု ပြောဆိုကြမည်မှာ အမှန်ပင်။

[16] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်၌ ဂြိုဟ်နက္ခတ်များကို ပြုလုပ်(ဖန်ဆင်း) တော်မူ၍ယင်းမိုးကိုကြည့်ရှုသူတို့အဖို့ မျက်စိပသာဒ ဖြစ်စေတော်မူခဲ့လေသည်။

[17] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမိုးကို နှင်ထုတ်ခြင်းခံရသောရှိုင်တွာန်မိစ္ဆာကောင် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။

[18] သို့ရာတွင် အကြင် ရှိုင်တွာန်မိစ္ဆာကောင် (တစ်ဦးဦး)သည် တိတ်တဆိတ် (စကားကို) နားထောင်ခဲ့ပါလျှင်(ခိုးဝှက်နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည်၎င်း၏နောက်သို့ (ထက်ကြပ်မကွာ) လိုက်လေတော့သတည်း။

[19] ၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထဝီမြေ၌ လေးလံသော တောင်ကြီးများကိုချထားတော်မူလေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်ယင်းပထဝီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။

[20] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုပထဝီမြေ၌အသင် တို့အဖို့လည်းကောင်း၊ အသင်တို့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းမပြုသော သူတို့အဖို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ် (စီမံ) ထားတော်မူခဲ့လေသတည်း။

[21] စင်စစ်သော်ကား မည်သည့်အရာမျိုးမဆို ငါအရှင်မြတ်အထံတော်၌ ထိုအရာဝတ္ထု၏အစုအပုံများ (ဘဏ္ဍာတော်များ)သည် (အပြည့်)ရှိပေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုအရာဝတ္ထုကို သတ်မှတ်ထားသော အတိုင်းအတာအချိန်အဆနှင့်အညီသာလျှင် ချပေးတော်မူပေသတည်း။

[22] ၎င်းပြင် ငါအရှင်မြတ်သည် လေများကိုရေထမ်းလျက် စေလွှတ်တော်မူခဲ့လေသည်။ တဖန် ငါ အရှင်မြတ်သည်မိုးကောင်းကင်မှရေကို ရွာသွန်းစေတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကိုတိုက်ကျွေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား အသင်တို့သည် ထိုရေကိုစုဆောင်း သိုလှောင်နိုင်ကြသောသူများ မဟုတ်ကြချေ။

[23] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ငါအရှင်မြတ် သည်ပင်လျှင်သေစေတော်မူ၏။ ၎င်းအပြင် ငါအရှင် မြတ်သည်ပင်လျှင်အမွေစားအမွေခံ ဖြစ်တော်မူ၏။ (ကျန်ရစ်တော်မူမည့်အရှင်ဖြစ်တော်မူ၏။)

[24] ထို့ပြင် မုချစင်စစ် ငါအရှင်မြတ်သည် အသင်၏တို့အနက်မှ ရှေးလူဟောင်းတို့ကိုလည်း ကောင်းစွာ သိတော်မူပြီးဖြစ်လေသည်။ ထိုနည်းတူစွာ မုချစင်စစ် ငါအရှင်မြတ်သည်အသင်တို့အနက်မှ နောင်လာနောက်သားတို့ကိုလည်း ကောင်းစွာ သိတော်မူပြီး ဖြစ်ပေသတည်း။

[25] ထိုမှတစ်ပါး အမှန်စင်စစ် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုအရှင်မြတ် သည်ပင်လျှင် ၎င်းတို့အား (ကိယာမတ်နေ့တွင်) စုရုံးတော်မူပေမည်။ဧကန်မလွဲ ထိုအရှင်မြတ်သည် ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[26] ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည်လူသားကို ပုံသွင်းပြီဖြစ်သော အသံမြည်သောရွှံ့ပုပ်ခြောက်ဖြင့်ဖန်ဆင်းတော်မူခဲ့လေသည်။

[27] ၎င်းပြင် ဂျင်(န်)သတ္တဝါကို (လူသားအားဖန်ဆင်းတော်မမူမီ)အလျင်က ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသတည်း။

[28] ၎င်းပြင် အခါတစ်ပါး၌ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်အမှန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူမည် ဖြစ်ပေသည်။

[29] တဖန် ငါအရှင်မြတ်သည် (လူသား၏) ထို မြေရုပ်ကိုစနစ်တကျ ပြီးစီးအောင် ပြုလုပ်(ဖန်ဆင်း)တော်မူ၍ ယင်း(မြေရုပ်တွင်း)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူလိုက်သောအခါ အသင်တို့သည် ထိုလူသား၏ ရှေ့မှောက်တွင် ပျပ်ဝပ်ဦးချကြလေကုန်။

[30] သို့ဖြစ်ပေရာ မလာအိကဟ်ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် အသီးသီး စဂျ်ဒဟ် ပျပ်ဝပ်ဦးချခဲ့လေကြသည်။

[31] အီဗ်လီစ်မှအပ၊ ယင်းအီဗ်လီစ်မှာမူကား စဂျ်ဒဟ်ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင်ဖြစ်ခြင်းကို ငြင်းပယ် ခဲ့လေသတည်း။

[32] ထိုအခါ ထိုအရှင်မြတ်က အို-အီဗ်လီစ်၊ အသင်သည် ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင် မဖြစ်ရန် အသင့်၌မည်သည့်အကြောင်းရှိပေသနည်းဟု မေးမြန်းတော်မူခဲ့လေသည်။

[33] (ထိုအခါ) ယင်းအီဗ်လီစ်က ကျွန်တော်မျိုးသည်အရှင်မြတ်က ပုံသွင်းထားသော အသံမြည်သောရွှံ့ပုပ် ဖြင့်ဖန်ဆင်းတော်မူခဲ့သောလူသားအား ပျပ်ဝပ်ဦးချ မည့်သူမဟုတ်ဟု လျှောက်ထားခဲ့လေသည်။

[34] ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-အီဗ်လီစ်) သို့ဖြစ်လျှင် အသင်သည် (ယခုပင်) ဤကောင်းကင်မှထွက်လော့။ ဧကန်စင်စစ် အသင်သည်နှင်ထုတ်ခြင်းခံရသောသူပင် ဖြစ်ချေပြီ။

[35] ၎င်းပြင် စင်စစ်ဧကန် ကရုဏာတော်မှ ကင်းဝေးခြင်းသည် အစားပေးမည့်နေ့တိုင် အသင်၏အပေါ်၌ ရှိချေမည်။

[36] (ထိုအခါ) ယင်းအီဗ်လီစ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား(လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တိုင်အောင်(သေခြင်းမှလည်းကောင်း၊ ပြစ်ဒဏ်ခတ်တော်မူခြင်းမှလည်းကောင်း၊) ရွှေ့ဆိုင်းထားတော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။

[37] ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာသို့ဖြစ်လျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းကို ခံရသောသူတစ်ဦးပင် ဖြစ်ပေသည်။

[38] သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလ(ဆိုက်ရောက်မည့်)နေ့တိုင်အောင်ပင်ဟု မိန့်ကြားတော်မူသည်။

[39] (ထိုအခါ) ယင်းအီဗ်လီစ်က (ဤသို့)လျှောက်ထား ပန်ကြားခဲ့ပြန်၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုး အားလွဲချော်မှောက်မှားစေတော်မူခဲ့သောကြောင့် အမှန်ပင် ကျွန်တော်မျိုးသည် ကမ္ဘာ လောကတွင် (ပြစ်မှုဒုစရိုက်များကို) ယင်းလူသားတို့၏အမြင်၌ လှပတင့်တယ်အောင်ပြုလုပ်ပါမည်။ ထို့ပြင်ဧကန်မလွဲ ကျွန်တော်မျိုးသည် ၎င်းတို့အားလုံးကိုပင်လွဲချော်မှောက်မှားအောင်လည်း ပြုလုပ်ပါမည်။

[40] သို့ရာတွင် ၎င်းတို့အနက် (အရှင်မြတ်)ရွေးချယ်ထားတော်မူသောအရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော်မှောက်မှားအောင် အလျှင်းပြုလုပ်နိုင်မည်မဟုတ်ပါဟု (လျှောက်ထားပန်ကြားခဲ့၏)။

[41] ထိုအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်အထံတော်သို့ (ရောက်စေမည့်)ဖြောင့်မတ်သော လမ်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူလေ၏။

[42] ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်များ အပေါ်ဝယ် အသင့်၌ မည်သို့မျှပင် ဩဇာအာဏာရှိမည်မဟုတ်။ သို့ရာတွင် လွဲချော်မှောက်မှားသူများအနက် အသင့်စကားနားထောင်သူများ(အပေါ်တွင်မူအသင့် ဩဇာအာဏာရှိပေမည်)။

[43] ၎င်းပြင် ဧကန်မလွဲ ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အားလုံး၏ ချိန်းချက်ပြီးဖြစ်သောဌာနပင် ဖြစ်ပေသည်။

[44] ယင်းဂျဟန္နမ်ငရဲဘုံ၌ တံခါးပေါက် ခုနှစ်ပေါက်ရှိ၍ တံခါးပေါက်အသီးသီးတို့အဖို့ ယင်းအီဗ်လီစ်၏နောက်လိုက်များအနက်မှ ခွဲဝေပြီးဖြစ်သောဝေစုဝေပုံသည်ရှိပေသတည်း။

[45] ဧကန်မလွဲ သူတော်စင် သူတော်မြတ်တို့မှာမူကား ဥယျာဉ်များ၌လည်းကောင်း၊ စိမ့်စမ်းများ၌လည်း ကောင်း၊ရှိကြပေမည်။

[46] (ယင်းသူတော်စင် သူတော်မြတ်တို့အား ကိယာမတ်နေ့တွင်) အသင်တို့သည် ယင်းဥယျာဉ်များသို့ (စိုးရိမ်ကြောင့်ကြမှုအပေါင်းမှ) ငြိမ်းချမ်းလျက် (ဘေးအန္တရာယ်အသွယ်သွယ်တို့မှ) ကင်းလွတ်စွာ ဝင်ရောက်ကြလေကုန် (ဟုမိန့်ကြားတော်မူမည်။)

[47] ထို့ပြင် ငါအရှင်မြတ်သည် ယင်းသူတော်စင်တို့၏ စိတ်နှလုံးများတွင် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စအာဃာတကို ထုတ်ပစ်တော်မူမည်။ (၎င်းတို့သည်)သလွန်များပေါ်၌ မျက်နှာချင်းဆိုင်ကြလျက် ညီသားအစ်ကိုများဖြစ်ကာ(ခင်မင်ရင်းနှီးစွာ) ရှိနေကြပေမည်။

[48] ၎င်း(သူတော်စင်)တု့ိ၌ ယင်းဥယျာဉ်များတွင်မည်သည့် ဘေးဒုက္ခမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ၎င်းပြင် ထိုသူတို့သည် ယင်းဥယျာဉ်များမှ နှင်ထုတ်ခြင်း ခံကြရမည်လည်း မဟုတ်ပေ။

[49] (အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဧကန်မလွဲ ငါအရှင်မြတ်သည်သာလျှင်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာညှာတာတော်မူသောအရှင်၊ဖြစ်တော်မူကြောင်း ပြောကြားပါလေ။

[50] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ် သည်လည်း အလွန်ပြင်းထန်သောပြစ်ဒဏ်ဖြစ်ကြောင်းကိုလည်း (အသင်သည် ပြောကြားလိုက်ပါလေ)။

[51] ထိုမှတပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား(နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ ဧည့်သည်များနှင့်ပတ်သက်၍လည်း အကြောင်းကြားပါလေ။

[52] တစ်ရံရောအခါဝယ် ထိုဧည့်သည်များသည်ယင်း (နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏ထံသို့ ဝင်ရောက်ခဲ့ကြကုန်၏။ ထိုအခါဝယ် ယင်းဧည့်သည်တို့က စလာမ်ငြိမ်းချမ်းသာယာမှုသည်(အသင်တို့အပေါ်၌)သက်ရောက်ပါစေသားဟုပြောဆိုခဲ့ကြကုန်၏။ (ထိုအခါ) ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အားကြောက်ရွံ့ စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့လေသည်။

[53] (ထိုအခါ) ယင်းဧည့်သည်တို့က (အို-အစ်ဗ်ရာဟီမ်) အသင်သည် မကြောက်ပါလေနှင့်။ ဧကန်စင်စစ်ကျွန်ုပ်တို့သည် အသင့်အား ဉာဏ်ပညာနှင့်ပြည့်စုံသော သားတော်တစ်ပါးနှင့်ပတ်သက်၍ ဝမ်းမြောက်ဖွယ် သတင်းပေးကြပါသည်ဟု ပြောကြားခဲ့ကြလေသည်။

[54] ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)က အကျွန်ုပ်၌အသက်အရွယ် အိုမင်းမှုသည် ဆိုက်ရောက်နေပါလျက် အသင်တို့သည် အကျွန်ုပ်အား သတင်းကောင်းပေးကြလေသလော။သို့ဖြစ်ပေရာ အသင်တို့သည် မည်သည့်အကြောင်းနှင့်စပ်လျဉ်း၍ သတင်းကောင်းပေးကြပါသနည်းဟု ပြောဆို မေးမြန်းခဲ့လေသည်။

[55] ထိုဧည့်သည်တို့က ကျွန်ုပ်တို့သည် အသင့်အားအဟုတ်အမှန်(ဖြစ်မည့်ကိစ္စ)နှင့်စပ်လျဉ်း၍ သတင်းကောင်းပေးကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အသင်သည် မျှော်လင့်ချက်ကင်းသူတို့အနက်မှ မဖြစ်ပါလေနှင့်ဟု ပြောဆို ဖြေကြားခဲ့ကြပေသည်။

[56] ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က အမှန်စင်စစ် လမ်းလွဲသူတို့မှတစ်ပါး မည်သူသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းပါသနည်းဟု ပြောဆိုခဲ့၏။

[57] (တစ်ဖန်) ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်က (ဆက်လက်၍) အို-စေလွှတ်ခြင်းခံကြရကုန်သော (ကောင်းကင်တမန်တို့၊) ထို့နောက် အသင်တို့၌ (ဆောင်ရွက်ရန်) မည်သည့်ကိစ္စ ရှိနေပါသေးသနည်းဟု ပြောဆိုမေးမြန်းခဲ့ပြန်၏။

[58] ယင်း(ကောင်းကင်တမန်)တို့က(ဤသို့)ကြားခဲ့ကြလေသည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ပြစ်မှုကျူးလွန်ကြကုန်သောလူမျိုးထံ စေလွှတ်ခြင်းကို ခံခဲ့ကြရလေသည်။

[59] သို့ရာတွင် (နဗီတမန်တော်)လူတ်၏အိမ်ထောင်စုသားတို့မပါ။ သို့ရာတွင် ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုတမန်တော်လူတ်၏အိမ်ထောင်စုသား အားလုံးကို ကယ်တင်မည့်သူများပင် ဖြစ်ကြပေသည်။

[60] သို့ရာတွင် ထိုတမန်တော်လူတ်၏ ကြင်ရာမှတစ်ပါး၊ ထိုကြင်ရာနှင့် ပတ်သက်၍(အလ္လာဟ်အရှင်မြတ်က)မုချထိုသူမသည် နောက်ကျန်ရစ်နေကြမည့်သူများတွင် အပါအဝင်ဖြစ်မည်ဟူ၍ ငါအရှင်မြတ် ပြဌာန်းတော်မူပြီးဖြစ်သည်(ဟု မိန့်ဆိုတော်မူသည်၊)

[61] ထို့နောက် စေလွှတ်ခြင်း ခံကြရကုန်သော(ကောင်းကင်တမန်)တို့သည် (နဗီတမန်တော်)လူတ်၏အိမ်ထောင်စုသားတို့ထံသို့ ရောက်ရှိလာကြသောအခါ။

[62] ထို(နဗီတမန်တော်)လူ(တ်)က ဧကန်စင်စစ်အသင်တို့သည် သူစိမ်းများပင် ဖြစ်ကြကုန်သည်ဟု ပြောဆိုလေသည်။

[63] ထို(ကောင်းကင်တမန်တော်)တို့က (ဤသို့)ပြောဆို ပြန်ကြားခဲ့ကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ကျွန်ုပ်တို့သည် အသင်၏ထံသို့၊ ၎င်းတို့ ဒွိဟသံသယဖြစ်နေကြသောကိစ္စကို ဆောင်ယူ၍ လာခဲ့ကြပါသည်။

[64] ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင်၏ထံသို့(အကယ်စင်စစ်) အဟုတ်အမှန်ဖြစ်မည့်ကိစ္စကို ဆောင်ယူခဲ့ကြပါသည်။ ၎င်းပြင် မလွဲဧကန် ကျွန်ုပ်တို့သည် အမှန်ပြောဆိုသူများပင် ဖြစ်ကြကုန်သည်။

[65] သို့ဖြစ်ပေရာ အသင်သည် မိမိအိမ်သူအိမ်သားတို့ကို ည၏အစိတ်အပိုင်းတစ်ခုခုတွင် ခေါ်ဆောင်၍ ထွက်ခွာသွားပါလေ။ ၎င်းနောက် အသင်သည် ၎င်းတို့၏နောက်မှ လိုက်သွားပါလေ။ ၎င်းပြင် အသင်တို့၏အနက်မှ တစ်ဦးတစ်ယောက်မျှပင်(နောက်သို့) ပြန်လှည့်၍မကြည့်ရ။ ၎င်းနောက် အသင်တို့(အားလုံး)သည် မိမိတို့၏အမိန့်ပေးခြင်းခံရသော နေရာသို့သာလျှင် (အာရုံစူးစိုက်၍)သွားကြလေကုန်။

[66] ၎င်းပြင် ငါအရှင်မြတ်သည် ထိုလူတ်၏ထံသို့ဧကန်စင်စစ် ထိုမြို့သားများ၏ အခြေအမြစ်သည် နံနက်မိုးလင်းချိန်၌ ဖြတ်တောက်ပြီး ဖြစ်ချိမ့်မည် ဟူသော စီရင်ဆုံးဖြတ်ချက်ကို ပေးပို့တော်မူခဲ့ပေသတည်း။

[67] ထို့နောက် (စဒူမ်)မြို့သားတို့သည် ဝမ်းမြောက်ဝမ်းသာစွာ လာခဲ့ကြလေသည်။

[68] (ထိုအခါ) ယင်း(နဗီတမန်တော်)လူတ်က ဧကန်စင်စစ် ဤသူတို့ကား ငါ၏ဧည့်သည်များပင် ဖြစ်ကြပေရာအသင်တို့သည် ငါ့အားအရှက်မခွဲကြကုန်လင့်ဟု ပြောကြားခဲ့လေသည်။

[69] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ့အား ဂုဏ်ရည်သေးသိမ်အောင် မပြုကြကုန်လင့်။

[70] ၎င်း(မြို့သား)တို့က ကျွန်ုပ်တို့သည် အသင့်အားလူခပ်သိမ်းတို့(ကို မိမိထံတည်းခိုစေခြင်း)မှ တားမြစ်ခဲ့ပြီး ဖြစ်ကြသည်မဟုတ်လောဟု ပြောဆိုကြ လေသည်။

[71] (ထိုအခါ) ယင်း(နဗီတမန်တော်)လူ(တ်)ကအကယ်၍ အသင်တို့သည် (ငါပြောဆိုသည့်အတိုင်း လိုက်နာ)ပြုလုပ်မည့်သူများ ဖြစ်ကြပါလျှင် ဤငါ၏သမီးများသည် ရှိနေကြပေသည်ဟု ပြောဆိုခဲ့လေသည်။

[72] (အို-နဗီတမန်တော်မုဟမ္မဒ်) အသင်၏ အသက်ဇီဝိန်၏ကစမ်။ စင်စစ်ဧကန် ၎င်းတို့သည် မိမိတို့ မာန်ယစ်မှု၌ပင် တွေဝေလျက် ရှိကြကုန်၏။

[73] သို့ဖြစ်ပေရာ ၎င်းတို့အား ကျယ်လောင်သောအသံသည် နေထွက်ချိန်တွင် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

[74] ထိုအခါ ငါအရှင်မြတ်သည် ထိုမြို့၏အထက်ပြင်ကိုအောက်ပြင် ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းင်တို့အပေါ်၌ ရွှံ့စေးဖြင့်ပြုလုပ်သော ကျောက်ခဲများကို ရွာသွန်းစေတော်မူခဲ့လေသည်။

[75] ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)၌ စဉ်းစားဆင်ခြင်တတ်သော သူတို့အဖို့ သက်သေလက္ခဏာ များသည်အမှန်ပင် ရှိပေသတည်း။

[76] ထို့ပြင် ဧကန်အမှန် ထို(မြို့ရွာ)သည် စည်ကားလျက်ရှိသောလမ်း၌ အမှန်ပင် တည်ရှိပေသည်။

[77] မလွဲဧကန် ဤသည့်(အဖြစ်အပျက်)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ သက်သေလက္ခဏာသည် အမှန်ပင်ရှိပေသတည်း။

[78] ထိုမှတစ်ပါး ဧကန်အမှန် အိုင်ကဟ် (တောအုပ်)၌ နေထိုင်သောသူတို့သည်လည်း မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။

[79] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလက်စားချေတော်မူခဲ့၏။ ၎င်းပြင် ဧကန်စင်စစ် ထို မြို့ရွာနှစ်ခုစလုံးသည် ထင်ရှားသောလမ်းပေါ်၌ အမှန်ပင် ရှိနေကြပေသည်။

[80] ၎င်းပြင် မလွဲဧကန် ဟစ်ဂျ်ရ် ၌ နေထိုင်သောသူတို့သည်လည်း စေလွှတ်ခြင်းခံခဲ့ရကုန်သော ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ် ခဲ့ကြလေသည်။

[81] စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား မိမိသက်သေလက္ခဏာတော်များကို ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်း သက်သေလက္ခဏာတော်များမှ မျက်နှာလွှဲဖယ်သူများပင် ဖြစ်ခဲ့ကြကုန်၏။

[82] ထိုမှတစ်ပါး ၎င်းတို့သည် တောင်များကို အိမ်များအဖြစ် ဖောက်ထွင်း၍ ဘေးရန်ကင်းငြိမ်းစွာ နေထိုင်လေ့ရှိခဲ့ကြကုန်၏။

[83] ထို့နောက် ၎င်းတို့အား နံနက်မိုးလင်းချိန်တွင်ကျယ်လောင်စွာသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

[84] ထိုအခါ ၎င်းတို့ ဆည်းပူးခဲ့သမျှတို့သည် ၎င်းတို့အဖို့ လုံးဝအသုံးမဝင်ခဲ့ချေ။

[85] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်ကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ထိုမြေနှင့်မြေစပ်ကြား၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ (အကြောင်းမဲ့မဟုတ်) မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ (ငါအရှင်မြတ် သတ်မှတ်ထားတော်မူသော) ကိယာမတ်သည် မုချဆိုက်ရောက်လာမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့၏နှောက်ယှက်မှုများကို) ကောင်းမွန်စွာ ခွင့်လွှတ်ခြင်းနည်းမျိုးနှင့် ခွင့်လွှတ်ပါလေ။

[86] မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[87] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား အဖန်တလဲလဲ (ရွတ်ဖတ်သရဇ္ဈာယ်ရ)သော (အာယတ်တော်)ခုနစ်ပါးကိုလည်းကောင်း၊ ကြီး ကျယ်မြင့်မြတ်လှစွာသောကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

[88] ငါအရှင်မြတ်သည် ယင်း(ကာဖိရ်)တို့အနက်မှ၊အမျိုးမျိုးအစားစားတို့အား အကျိုးခံစားခွင့်ပေးတော် မူသောဥစ္စာပစ္စည်းများဘက်သို့(မိမိ၏မျက်စိအစုံဖြင့်မော်၍ပင်၏မကြည့်ပါလေနှင့်)။ မိမိမျက်စိနှစ်လုံးကိုလှည့်၍ပင် အသင် မကြည့်ပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ဝမ်းနည်းပူဆွေး ခြင်းကိုလည်း မပြုပါလေနှင့်။ ထိုပြင် အသင်သည် မိမိပခုံးကို မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ နှိမ့်ချပါလေ၊ (ဝါ-၎င်းတို့အား သနားကြင်နာပါလေ)။

[89] ထိုမှတစ်ပါး အသင်သည် (ယင်းကာဖိရ်သွေဖည်ငြင်းပယ်သူတို့အား) ဧကန်အမှန် ငါသည် ထင်ရှားစွာသောသတိပေးနှိုးဆော်သူပင်ဖြစ်သည်ဟု (အတိအလင်း) ပြောကြားလေလော့။

[90] ငါအရှင်မြတ်သည် ကျိန်တွယ်သော(ခွဲဝေသော)သူတို့အပေါ်၌ (ပြစ်ဒဏ်) ချပေးတော်မူဘိ သကဲ့သို့ပင် (၎င်းတို့အပေါ်လည်းချပေးတော်မူမည်၊)

[91] အကြင်သူတို့သည်၊ ထိုသူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစိတ်အစိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြလေသည်။

[92] သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ ကစမ် ဧကန်အမှန် ငါအရှင်မြတ်သည်၎င်းတို့အားလုံးကို မုချစစ်ဆေးမေးမြန်းတော်မူမည်။

[93] ၎င်းတို့ကျင့်မူလျက် ရှိခဲ့ကြကုန်သောအမှုကိစ္စများ နှင့်စပ်လျဉ်း၍။

[94] သို့ဖြစ်ပေရာ အသင်သည် မိမိအမိန့်ပေးခြင်းခံရသော အကြောင်းအရာကို အတိအလင်း ကြေညာပါလေ။၎င်းပြင် အသင်သည် မုရှ်ရစ်က် (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သောသူ)တို့အား (အလျှင်းဂရုမစိုက်ဘဲ) လျစ်လျူရှု၍ ထားပါလေ။

[95] ဧကန်မလွဲ ငါအရှင်မြတ်သည် ပြက်ရယ်သမှုပြုကြသူတို့နှင့် ယှဉ်ပြိုင်ရန် အသင့်အဖို့ လုံလောက်တော်မူ၏။

[96] အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများကို (တွဲဖက်ကိုးကွယ်ခြင်းကို)ပြုလုပ်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီ(မိမိတို့ပြုလုပ်ဲခဲ့ကြသော ရှရစ်က်၏ အကျိုးကို) သိရှိကြပေမည်။

[97] ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့၏ ပြောဆိုမှုကြောင့် အသင်၏ စိတ်နှလုံးကျဉ်းကျပ်သည်ကို ဧကန်မုချ ငါအရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသည်။

[98] သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြု ခြင်းနှင့်အတူ (ထိုအရှင်မြတ်၏)ဂုဏ်တော်ကိုလည်း ထင်ရှားစေပါလေ။၎င်းပြင် အသင်သည်(ထိုအရှင်မြတ်အား)ပျပ်ဝပ်ဦးချသူတို့တွင်အပါအဝင် ဖြစ်ပါလေ။

[99] ထိုမှတစ်ပါး အသင်သည် မိမိထံသို့ မုချမလွဲဖြစ်မည့်ကိစ္စ (ဝါ) မရဏသေခြင်းတရားဆိုက် ရောက်လာသည့်တိုင်အောင် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကို ဝတ်ပြုနေ ပါလေ။

ပျား

Surah 16

[1] အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်း အမိန့်တော်ကို အလျင်စလိုမတောင်းကြကုန်လင့်။ ထိုအရှင်မြတ်သည်ယင်း(မုရ်ှရစ်က်)တို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်လျက် ရှိကြသည်တို့မှ သန့်ရှင်းစင်ကြယ်မြင့်မြတ် လှတော်မူပေသတည်း။

[2] ထိုအရှင်မြတ်သည် မိမိ၏အမိန့်တော်ဖြင့် မိမိကျွန်များအနက်မှ အလိုရှိတော်မူသောသူများထံ မလာအိကဟ်ကောင်းကင်တမန်များအား ဝဟီအမိန့်တော်နှင့်တကွ ဆင်းသက်(လာရောက်) စေတော်မူ၏။ (ထိုအမိန့်တော်မှာ) အသင်(နဗီတမန်တော်)တို့သည် ဧကန်စင်စစ် ငါအရှင်မြတ်မှ တစ်ပါး၊အခြားကိုးကွယ်ရာ အလျှင်းမရှိရာ၊ ငါအရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြလေကုန် (ဟူ၍ဖြစ်သည်)။

[3] ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်၎င်းတို့ တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိကြသည်တို့ထက်မြင့်မြတ်လှတော်မူပေသတည်း။

[4] ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်၎င်းတို့သည် ရုတ်တရက် ထင်ရှားသော အန်တုသူ ဖြစ်လာ၏။

[5] ၎င်းပြင် ထိုအရှင်မြတ်သည် အခြေလေးချောင်းတိရိစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ အသင်တို့အဖို့ ထိုခြေလေးချောင်းတိရစ္ဆာန်များ၌ အနွေးထည်သည်လည်းကောင်း၊ အခြားအကျိုးကျေးဇူးများသည်လည်းကောင်း၊ ရှိပေသည်။ ထိုမှတစ်ပါး အသင်တို့သည် ယင်းခြေလေးချောင်း တိရစ္ဆာန်များ အနက်မှပင် (စားဖွယ်ရာများကို) စားသုံးကြကုန်၏။

[6] ၎င်းပြင် အသင်တို့အဖို့ ယင်းခြေလေးချောင်းတိရစ္ဆာန်များတွင် အသင်တို့သည်(၎င်းတို့ကို)ညနေချမ်းတွင်စားကျက်မှ (အိမ်သို့) ပြန်သွင်းလာကြ သောအချိန်၌လည်းကောင်း၊ အသင်တို့သည် နံနက်ယံတွင် စားကျက်သို့လွှတ်ကြသောအချိန်၌လည်းကောင်း၊ နစှ လ် ဖို ယွ အ် ကြောင်း လည်း ရေှိ ပသည။်

[7] ထိုမှတစ်ပါး ယင်းခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်စလယ်များကို အသင်တို့ အလွန်အမင်း ခဲယဉ်းစွာသာလျှင် ရောက်ရှိနိုင်ကြသောမြို့ရွာသို့ သယ်ပိုး(၍ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်သည်။ ဧကန်စင်စစ်အသင်တို့၏အရှင်မြတ်သည် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာ တာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[8] ၎င်းပြင် (ထိုအရှင်မြတ်သည်ပင်လျှင်)မြင်း၊ လားနှင့်မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် ၎င်းတို့ကို စီးနင်းကြရန်လည်းကောင်း၊ (အသင်တို့အဖို့)လှပတင့်တယ်မှုရှိစေရန်လည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့ပေသည်)။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။

[9] စင်စစ်သော်ကား ဖြောင့်မှန်သော လမ်းကိုပြတော်မူရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် တည်ရှိပေသည်။ စင်စစ် ထိုလမ်းများအနက် ကွေ့ ကောက်သောလမ်းများသည်လည်းရှိပေသည်။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော် မူခဲ့ပါလျှင် အသင်တို့အားလုံးကိုတရားလမ်းမှန်ကို ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။

[10] ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊အမျိုးမျိုးသော)အပင်(များ)သည် ပေါက်ရောက်လေသည်။အသင်တို့သည် ထိုအပင်များ၌ပင်(တိရစ္ဆာန်များကို) ထိန်းကျောင်းကြပေသည်။

[11] ထိုအရှင်မြတ်သည် အသင်တို့၏အကျိုးငှာ ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ သံလွင်ပင် များကိုလည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်(ပင်)များကိုလည်းကောင်း၊ သီးနှံမျိုးစုံတို့ကို လည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌စဉ်းစားဆင်ခြင်ချင့်ချိန် သုံးသပ်သူတို့ အဖို့ အမှန်ပင်သက်သေလက္ခဏာသည်ရှိချေသတည်း။

[12] ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အကျိုးငှာ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်း ကောင်း၊အမိန့်ကို လိုက်နာစေတော်မူခဲ့၏။ ထိုမှတစ်ပါး ကြယ်နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏အမိန့်တော်နှင့် လိုက်နာစေခြင်းကိုခံခဲ့ကြရပြီ ဖြစ်၏။ဧကန်မလွဲ ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့သက်သေသာဓကများသည်ရှိကြပေသည်။

[13] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။

[14] စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။

[15] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။

[16] ၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။

[17] သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။

[18] စင်စစ်သော်ကား အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းကျေးဇူးတော်များကို (အလျှင်း)ရေတွက်နိုင်ကြမည်မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[19] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြသောအကြောင်းကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော အကြောင်းကိစ္စများကိုလည်းကောင်း၊ (ကောင်းစွာ)သိရှိတော်မူပေသည်။

[20] စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်၏အပြင်၎င်းတို့ ဟစ်ခေါ်ကြကုန်သောသူတို့သည် တစ်စုံတစ်ရာကိုမျှဖန်ဆင်းနိုင်ကြသည်မဟုတ်။ ၎င်းတို့(ကိုယ်တိုင်)သည်ပင်လျှင်ဖန်ဆင်းခြင်းကိုခံခဲ့ကြရပေသတည်း။

[21] (၎င်းတို့သည်) သူသေများ(သက်မဲ့များပင်) ဖြစ်ကြကုန်၏။ ရှင်သူများမဟုတ်ကြပေ။ ထိုမှတစ်ပါး ၎င်းတို့မှာမိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုပင် မသိကြချေ။

[22] အသင်တို့၏ ခဝပ်ကိုးကွယ်ရာ အရှင်မြတ်သည်တစ်ဆူတည်းသော ခဝပ်ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ရာတွင် တမလွန်ဘဝကို မယုံ ကြည်ကြသောသူတို့၏စိတ်နှလုံးများသည်(ထိုအရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို)ငြင်းဆိုလျက်ရှိ၍ ၎င်းတို့မှာမူ မာန်မာန ထောင်လွှားလျက်ပင်ရှိကြကုန်၏။

[23] မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူို့လျှို့ဝှက်ကြသောအမှုကိစ္စတို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြကုန်သောအမှုကိစ္စတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိတော်မူပေသည်။ ဧကန်အမှန် ထိုအရှင်မြတ်သည် မာန်မာနထောင်လွှားသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

[24] ထို့ပြင် ၎င်းတို့ကို အသင်တို့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်က မည်သည့်အရာကို ချပေးသနားတော်မူပါသနည်းဟု မေးမြန်းလေသောအခါ၊ ၎င်းတို့ကရှေးသူဟောင်းတို့နှင့်စပ်လျဉ်း၍ဖန်တီးထားသောဒဏ္ဍာရီဝတ္ထုများပင်ဟုပြောဆိုဖြေကြားလေသည်။

[25] နောက်ဆုံး၌ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် မိမိတို့၏ ဝန်ထုပ်များကိုလည်း အပြည့် အဝထမ်းဆောင်ကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့)အသိပညာမရှိဘဲ လမ်းလွဲစေခဲ့ကြသောသူတို့၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကြရပေမည်။ သတိပြုကြလေကုန်။၎င်းတို့သယ်ပိုးထမ်းရွက်ကြကုန်သော ဝန်ထုပ်ဝန်ပိုးသည်အဘယ်မျှဆိုးရွားလှပေသနည်း။

[26] ဧကန်အမှန် ၎င်းတို့အလျင်ရှိခဲ့ကြသောသူတို့သည် လျှို့ဝှက်ကြံစည်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် 4င်းတို့၏ အဆောက်အဦကို အခြေမမြစ်မှပြိုပျက်စေတော်မူခဲ့ရာ ၎င်းတို့ထက်မှ အိမ်ခေါင်မိုးသည် ၎င်းတို့အပေါ်၌ ပြိုကျလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ထံပြစ်ဒဏ်သည် ၎င်းတို့ မထင်သောနေရာမှ ဆိုက်ရောက်၍ လာခဲ့လေသည်။

[27] ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အရှက်တကွဲ ဖြစ်စေတော်မူမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူမည်။ ငါအရှင်မြတ်၏အကြင်တွဲဖက်ယှဉ်ဖက်များသည်အဘယ်မှာနည်း။ အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍(အမှန်ကိုလက်ခံနာယူသူတို့နှင့်)စိတ်သဘောကွဲလွဲ ပဋိပက္ခဖြစ်လျက် ရှိခဲ့ကြကုန်သည်။ (ထိုအခါ) အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရသောသူတို့က ယနေ့ အရှက်ကွဲမှုသည်လည်းကောင်း၊ ပြစ်ဒဏ်သည်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌သာ ရှိအံ့ဟုပြောဆိုကြပေမည်။

[28] ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား(၎င်းတို့သည် မကောင်းမှုများကိုအမှန်ပင် ပြုလုပ်လျက်ရှိခဲ့ကြကုန်၏) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက် ရှိခဲ့ကြသည်တို့ကိုအကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်ပေတော်မူတည်း။

[29] သို့ဖြစ်ပေရာ (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များသို့ ထိုဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင်သူများအဖြစ် ဝင်ကြလေကုန်။ စစ်စစ်မှာမူကား မောက်မာပလွှားသူတို့၏ ပြန်လည်ရာ ဌာနသည် အဘယ်မျှဆိုးရွားလှဘိသနည်း။

[30] သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။

[31] (ထိုနေအိမ်များမှာ) အမြဲထာဝရ နေထိုင်ကြရမည့် ဥယျာဉ်များပင်။ ထိုသူတော်စင်တို့သည် ယင်းဥယျာဉ်များတွင် ဝင်ရောက်ကြပေမည်။ ယင်းဥယျာဉ်များအောက်၌ မြစ်ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့အဖို့ ယင်းဥယျာဉ်များတွင် ၎င်းတို့အလိုရှိသမျှတို့သည် ရှိချေမည်။အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့အား ဤအတိုင်းပင်အစားပေးတော်မူ၏။

[32] အကြင်သူ(တော်စင်)တို့အား မလာအိကဟ်ကောင်းကင်တမန်တို့သည် ၎င်းတို့၏အသက်ကို(၎င်းတို့) သန့်ရှင်းစွာရှိနေကြစဉ် နှုတ်ယူကြလေသည်။ (၎င်းပြင်) ထိုမလာအိကဟ် ကောင်းကင်တမန်များက (ထိုသူတော်စင်တို့အားအသက်နုတ်ယူစဉ်အခါ၌ (စလာမွန်အလိုက်ကွန်မ်) ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ရှိပါစေသား။ အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော(ကောင်းမှုသုစရိုက်များ)ကြောင့်ပင် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ကြလေကုန်ဟု ပြောဆိုကြပေမည်။

[33] ၎င်း(သွေဖည်ငြင်းပယ်သောသူ)တို့သည် မိမိ ထံမလာအိကဟ် ကောင်းကင်တမန်များ ရောက်ရှိ လာကြခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာခြင်းမှတစ်ပါးအခြားတစ်စုံတစ်ရာကို စောင့်မျှော်၍ နေကြသည်မဟုတ်ပေ။၎င်းတို့အလျင် ရှိခဲ့ဘူးကြသော(ရှေးလူဟောင်းတို့) ကလည်းဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြပေသည်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကြကုန်၏။

[34] သို့ဖြစ်ပေရာ ၎င်းတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော မကောင်းမှု၏အန္တရာယ်များသည် သက်ရောက်ခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ ပြက်ရယ်သမှု ပြုခဲ့ကြသည့်အရာ(ဝါ)ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းရံခဲ့လေသတည်း။

[35] စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။

[36] စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။

[37] (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။

[38] စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။

[39] (သို့ရှင်ပြန်ထစေတော်မူခြင်းမှာ) ထိုသူတို့ ရှေ့ဝယ် ထိုသူတို့ကို ကွဲလွဲခဲ့ကြသောအကြောင်းကို ထင်ရှားစေတော်မူအံ့သောငှာလည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ် သူတို့သည် ဧကန်စင်စစ် မိမိတို့မှာ မုသာဝါဒီများဖြစ်ခဲ့ကြသည်ကိုကောင်းစွာ သိကြအံ့ သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

[40] (ဧကန်စင်စစ်)ငါအရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ ရည်စူးတော်မူသောအခါ ထိုအရာကို ငါအရှင်မြတ်ကဖြစ်လော့ဟု မိန့်ကြားတော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာလေသည်။

[41] စင်စစ်သော်ကား နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ထွန်းကားမှုကိုရည်စူး၍ ရွှေ့ပြောင်းနေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် ကောင်းမွန်သောနေရာတွင် နေရာချပေးတော်မူမည်ဖြစ်၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆုလာဘ်ကြီးသည် အကြီးဆုံးပင်ဖြစ်ပေသတည်း။ အကယ်၍ ၎င်းတို့သိကြပါလျှင် ကောင်းစွ။

[42] (ထိုရွှေ့ပြောင်းနေထိုင်သူတို့ကား) သည်းခံခဲ့ကြသူများပင် ဖြစ်ကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အပေါ်၌သာလျှင်ယုံကြည်စိတ်ချ လွှဲအပ်ကြကုန် သတည်း။

[43] အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင်လည်း ယောက်ျားများကိုသာလျှင်(ရစူလ် တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ထိုရစူလ်တမန်တော်များထံသို့ ဝဟီ အမိန့်တော်ကို ပို့တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (မိမိတို့ကိုယ်တိုင်)မသိကြလျှင် (ရှေး)ကျမ်းဂန်ရရှိသူတို့အား မေးမြန်းကြည့်ကြလေကုန်။

[44] (ငါအရှင်မြတ်သည်တမန်တော်များအား) ထင်ရှားသောသက်သေသာဓကများ၊ ကျမ်းဂန်များနှင့်တကွ(စေလွှတ်တော်မူခဲ့သည်။) ထိုမှတစ်ပါး ငါအရှင်မြတ်သည်အသင့်ထံသို့လည်း ကျမ်းဂန်ဓမ္မခန်ကို အသင်သည် လူသားတို့အား ထိုသူတို့ထံချပေးသနားတော်မူခြင်းခံရသည့် အမိန့်တော်များကို ထင်ရှားပြစေအံ့သောငှာလည်းကောင်း၊ ထိုသူတို့သည်စဉ်းစားဆင်ခြင်ကြအံ့သောငှာလည်းကောင်း၊ ချပေး နားတော်မူခဲ့ပေသတည်း။

[45] အသို့ပါနည်း၊ (အစ္စလာမ်နှင့် ဆန့်ကျင်၍ လည်းကောင်း၊ ရစူလ်တမန်တော်မြတ်နှင့်ဆန့်ကျင်၍ လည်းကောင်း၊)အန္တရာယ်ပြုကြရန် လျှို့ဝှက်ကြံစည် ခဲ့ကြသောသူတို့သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် မြေမျိုစေတော်မူမည်ကိုသော်လည်းကောင်း၊ ထိုသူတို့ထံ ထိုသူတို့ မထင်ကြသောနေရာမှ ပြစ်ဒဏ်ရောက်ရှိလာမည်ကိုသော်လည်းကောင်း၊ စိုးရိမ်ခြင်းကင်း၍ နေကြလောသလော။

[46] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့သွားလာနေခိုက် ဖမ်းဆီးကွပ်မျက် တော်မူမည်ကို(စိုးရိမ်ခြင်းမရှိကြသလော)။ သို့ဖမ်းဆီး တော်မူပါလျှင် ၎င်းတို့သည် (ထိုအရှင်မြတ်အား) မစွမ်းဆောင်နိုင်တော်မူအောင်တားဆီးနိုင်ကြသူများ မဟုတ်ပေ။

[47] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား တဖြည်းဖြည်း ဖမ်းဆီးကွပ်မျက်တော်မူမည်ကို (စိုးရိမ်ခြင်းကင်း၍နေကြသလော)။ သို့ရာတွင် ဧကန်မလွဲ အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်သနား ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[48] အသို့ပါနည်း၊ ၎င်းတို့သည် အလ္လာဟ် အရှင်မြတ်ဖန်ဆင်းတော်မူသော အကြင်အရာများကို မကြည့်ရှုခဲ့ကြလေသလော။ ထိုအရာများ၏ အရိပ်ဆာယာများသည် လက်ယာမှလည်းကောင်း၊ လက်ဝဲဘက်များမှလည်းကောင်း၊ တိမ်းယိမ်းကာ အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ကျိုးနွံ့စွာပျပ်ဝပ်ဦးချလျက် ရှိကြကုန်သတည်း။

[49] ထိုနည်းတူစွာ မိုးကောင်းကင်များ၌ လည်းကောင်းပထဝီမြေ၌လည်းကောင်း၊ ရှိသမျှသောသွားလာလှုပ်ရှားသည့် သက်ရှိသတ္တဝါများနှင့် မလာအိကဟ်ကောင်းကင်တမန် အပေါင်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုပင် လိုက်နာကြကုန်၏။ စင်စစ်သော်ကား ထိုကောင်းကင်တမန်တို့သည် မာနထောင်လွှားကြသည် မဟုတ်ပေ။

[50] င်းတို့သည် မိမိတို့ထက်၌လွှမ်းမိုးလျက် ရှိတော်မူသော မိမိတို့၏အရှင်မြတ်အား ကြောက်ရွံ့ကြလေသည်။ ထိုမှတစ်ပါး 4င်းတို့သည် မိမိတို့အား ချမှတ်ပေးတော်မူသော အမိန့်တော်များကို လိုက်နာဆောင်ရွက်ကြသည်သာတည်း။

[51] စင်စစ် အလ္လာဟ်အရှင်မြတ်က (ဝေနေယျသတ္တဝါအပေါင်းတို့အား နဗီတမန်တော်များမှတစ်ဆင့်) အသင်တို့သည် ကိုးကွယ်ရာအရှင်နှစ်ပါး(ရှိသည်ဟု ယူဆကိုးကွယ်ခြင်း) မပြုကြကုန်လင့်။ ထိုကိုးကွယ်ရာ အရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်ဟု(အမိန့်တော်ထုတ်ပြန်) မိန့်ကြားတော်မူခဲ့လေသည်။

[52] ထို့ပြင် မိုးကောင်းကင်များ၌ ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထု အလုံးစုံတို့သည်လည်း ကောင်း၊ ပထဝီမြေ၌ရှိကုန်သော (သက်ရှိသက်မဲ့) အရာဝတ္ထုခပ်သိမ်းတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ၏(အမိန့်တော်)ကိုသာ ထာဝစဉ် လိုက်နာရပေမည်။ သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်အခြားတစ်စုံတစ်ရာကိုကြောက်ရွံ့ကြလေသလော။

[53] ထိုမှတစ်ပါး မည်သည့်ကျေးဇူးတော်မဆို အသင်တို့၌ရှိခဲ့လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ချီးမြှင့်တော်မူသော) ကျေးဇူးတော်သာဖြစ်၏။ ထို့နောက် အသင်တို့၌ ဘေးဒုက္ခသက်ရောက်ခဲ့သောအခါ အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် (ကူညီစောင်မတော်မူပါဟု) ဟစ်ကြွေးပန်ကြားကြကုန်သတည်း။

[54] ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ဘေး ဒုက္ခကို အသင်တို့မှ ဖယ်ရှားတော်မူသောအခါ အသင် တို့အနက်မှလူတစ်စုသည် ရုတ်တရက်ပင် (အခြားအရာများကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ကြကုန်၏။

[55] နောက်ဆုံးတွင် ၎င်းတို့သည် အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျေးဇူးတော်များနှင့်စပ်လျဉ်း ၍ကျေးဇူးကန်းသွားကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ခေတ္တခဏမျှအဖို့ အကျိုးကျေးဇူးခံစားကြလေကုန်။ ထို့နောက်အသင်တို့သည် မကြာမီသိရှိကြပေမည်။

[56] ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့် ပေးသနားတော်မူသောအရာများအနက် မှ မိမိတို့မသိနားမလည်သော အရာများအဖို့ ဝေစုဝေပုံ ပြုလုပ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ် အသင်တို့သည် မိမိတို့လီဆယ်ဖန်တီးလျက် ရှိသော ကိစ္စများနှင့်စပ်လျဉ်း၍ အမှန်ပင်စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။

[57] ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌သမီးများရှိကြသည်ဟု ယိုးစွပ်ကြကုန်၏။ ထိုအရှင် မြတ်သည်(၎င်းတို့စွပ်စွဲပြောဆိုကြသည်များမှလုံးဝ) သန့်ရှင်းစင်ကြယ်တော်မူ၏။ သို့ရာတွင် ၎င်းတို့အဖို့ ၎င်းတို့နှစ်သက်ကြသောအရာသည် ရှိပေသည်။

[58] စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်ကလေးနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းကို ခံရလေသောအခါ ၎င်း၏မျက်နှာသည် (ရုတ်တရက်ချက်ချင်း) ညိုမည်း၍ သွားလေတော့၏။ ထိုမှတစ်ပါး၎င်းသည် ကျိတ်၍ ပူဆွေးလျက်ရှိပေသည်။

[59] ၎င်းသည် မိမိကို မကောင်းသတင်းပေးခြင်းကိုခံရသောကြောင့် လူများထံမှမမြင်နိုင်ကြလေအောင် ပုန်းကွယ်လေသည်။ (ထို့ပြင်) ယင်းသည် ထိုမိန်းကလေးကို ယုတ်ညံ့သောအခြေအနေနှင့် ထိန်းသိမ်း၍ ထားရပါမည်လော။ သို့တည်းမဟုတ် ၎င်းအား မြေကြီးထဲ၌ မြှုပ်ရပါမည်လောဟု(သို့လော၊ သို့လော ဖြစ်၍နေပေသည်)။ သတိပြုကြလေကုန်။၎င်းတို့၏ ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့လှပေသတည်း။

[60] နောင်တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၌ မကောင်းသော အရည်အချင်းရှိ၏။ သို့ရာတွင်အလ္လာဟ်အရှင် မြတ်၌မူကား မြင့်မြတ်လှစွာသော အရည်အချင်းများသည်ရှိကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။

[61] စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။

[62] ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စက်ဆုပ်ကြကုန်သောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု ယိုးစွပ်ကြပေသည်။ သို့ပါလျက် ၎င်းတို့၏နှုတ်(လျှာ)များသည် ဧကန်စင်စစ် ၎င်းတို့အဖို့ ကောင်းကျိုးချမ်းသာရှိသည်ဟူ၍ပင်မုသားပြောဆိုကြသေးသည်။ မချွတ်မလွဲ ၎င်းတို့အဖို့ ငရဲမီးသည်(အဆင်သင့်)ရှိပေသည်။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့သည်(ယင်းငရဲမီးထဲသို့)ရှေးဦးစွာပို့ဆောင်ခြင်း ခံကြရမည့်သူများပင် ဖြစ်ကုန်သတည်း။

[63] အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။

[64] စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။

[65] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်မှရေကို ချပေးသနားတော်မူလေသည်။ တစ်ဖန်ထိုအရှင်မြတ်သည် ထိုရေဖြင့် သေပြီးသောမြေကို ရှင်စေတော်မူလေသည်။ ဧကန်စင်စစ် ဤသည် ၌ ကြားနာကြကုန် သောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသတည်း။

[66] ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။

[67] ထိုမှတစ်ပါး စွန်ပလွံပင်များ၏ အသီးများ၌လည်းကောင်း၊ စပျစ်သီးများ၌လည်းကောင်း၊ အသင်တို့သည်ထိုအရာဖြင့် မူးယစ်စေသောအရာကိုလည်းကောင်း၊ ကောင်းမွန်သော စားကောင်းသောက်ဖွယ် ရာကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသည်။

[68] ၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။ အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်းကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊ (မိမိတို့)နေအိမ်များ ပြုလုပ်လေကုန်။

[69] ထို့နောက်အသင်သည်အသီးအနှံအမျိုးမျိးကိုစုတ်ယူစားသုံးလေသည်။ တစ်ဖန်အသင်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ လွယ်ကူလျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်းပျားကောင်၏ဝမ်းဗိုက်များမှ အရောင်အမျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)သည်ထွက်လေသည်။ ယင်းသောက်သုံးဖွယ်(ပျားရည်)၌လူတို့အဖို့ အနာရောဂါ ပျောက် ကင်းခြင်းသည်ရှိပေသည်။ ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင် ခြင်တတ်သောသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။

[70] င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[71] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်အသင်တို့အနက် အချို့ကိုအချို့ထက် စားနပ်ရိက္ခာ တိုးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် (ယင်းကဲ့သို့) တိုးမြှင့်ခြင်းခံကြရသောသူတို့သည် မိမိတို့၏ ဝေစုဝေပုံကို မိမိတို့ပိုင်ဆိုင်ကြကုန်သော ကျေးကျွန်တို့အား ဤ(ဥစ္စာပစ္စည်း)အရာ၌ ၎င်းတို့ (ကျွန်နှင့်သခင်)အားလုံး သာတူညီမျှဖြစ်အံ့သောငှာ ခွဲဝေပေးမည့်သူများ မဟုတ်ကြချေ။ သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြလေသလော။

[72] ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။

[73] ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အကြင်ကဲ့သို့သောအရာများကို ဆည်းကပ်ကိုးကွယ်ကြမည်။အရာများသည် ၎င်းတို့အား မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ ရိက္ခာပို့ဆောင်ခြင်းတစ်စုံတစ်ရာကိုမျှပြုနိုင်ခွင့်လည်းမရှိချေ။ ပြုနိုင်စွမ်းလည်းမရှိကြချေ။

[74] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာ ပုံဆောင်ချက်များကို မခိုင်းနှိုင်းကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏။ သို့ရာတွင် အသင်တို့မူကား မသိကြချေ။

[75] အလ္လာဟ်အရှင်မြတ်သည် ဥပမာတစ်ရပ်ကို ခိုင်းနှိုင်းတော်မူခဲ့၏။ (ယင်းဥပမာကား)သူတစ်ပါးပိုင် ကျွန်တစ်ယောက်ရှိ၏။ ထိုကျွန်သည် မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခွင့်မရှိချေ။ ထို့ပြင် ငါအရှင်မြတ်က မိမိအထံတော်မှရိက္ခာပေါများစွာ ချီးမြှင့်ထားတော်မူသောသူတစ်ယောက်ရှိ၏။ထိုသူသည်ယင်းရိက္ခာများမှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ လှူဒါန်းသုံးစွဲ၏။ ၎င်းတို့သည် တူညီနိုင်ကြပါမည်လော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက်အများဆုံးသောသူတို့မှာ မသိနားမလည်ကြချေတကား။

[76] ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား မည်သည့်နေရာသို့မဆို စေလွှတ်ခဲ့ပါလျှင် ထိုသူသည် တစ်စုံတစ်ရာ ကောင်းကျိုးကို ဆောင်ကြဉ်းလာသည်မရှိချေ။ ထိုသို့သောသူသည်(သူတစ်ပါးတို့အား)တရားမျှတမှုကို ညွှန်ကြားသည့်ပြင် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသောသူနှင့် တူညီနိုင်ပါမည်လော။ (အလျင်းမတူနိုင်ပေ)။

[77] စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့အလျင်း မဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍လျင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[78] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။

[79] ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။

[80] ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။

[81] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)

[82] သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။

[83] (စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။

[84] ၎င်းပြင် (အို-နဗီတမန်တော်အသင်သည် မိမိအမျိုးသားတို့များအား) အကြင်နေ့(၏အကြောင်း)ကို (ပြောပြပါလေ)။ ငါအရှင်မြတ်သည်(ထိုနေ့တွင်) သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးကို ထူတော်မူမည်။ ထို့နောက် ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့အဖို့(အကြောင်းပြနိုင်ရန်) ခွင့်ပြုခြင်းလည်းခံရမည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုသွေဖည် ငြင်းပယ်သောသူတို့သည် ကျေရာကျေကြောင်း ပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေတကား။

[85] ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[86] ထိုမှတစ်ပါး (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခဲ့ကြသော သူတို့သည်မိမိတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ကို တွေ့မြင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ ဤသည်တို့ပင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် တမ်းတခဲ့ကြသော ကျွန်တော်မျိုးတို့၏တွဲဖက်များ ဖြစ်ကြပါသည်ဟုလျှောက်ထားကြပေမည်။ ထို့နောက် ယင်းတွဲဖက် ယှဉ်ဖက်များသည် ထိုသူတို့ဘက်သို့ စကားကိုလွှဲပစ်၍ ဧကန်အမှန် အသင်တို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်သည် ဟု ပြောဆိုကြပေမည်။

[87] ၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန် လီဆယ်လေ့ ရှိခဲ့ကြသည်များသည်လည်း ပျောက်ပျက်၍ သွားအံ့သတည်း။

[88] အကြင်သူတို့သည် (မိမိတို့ကိုယ်တိုင်) သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ တားဆီးခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြ သောကြောင့် ပြစ်ဒဏ်တစ်မျိုးပေါ်၌ ပြစ်ဒဏ်တစ်မျိုးကို ထပ်တိုးစေတော်မူအံ့။

[89] တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား ဤသူတို့နှင့်ဆန့်ကျင်၍ သက်သေအဖြစ်ရောက်စေတော် (ထူတော်)မူမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။

[90] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော် မူပေသတည်း။

[91] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီးနောက်မဖောက်ဖျက်ကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့အပေါ်၌ အာမခံသူပြုလုပ်ခဲ့ကြချေပြီ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပေသည်။

[92] ထိုမှတစ်ပါး အသင်တို့သည် အုပ်စုတစ်စုထက်အုပ်စုတစ်စုက ပိုမို၍တိုးတက်ကြီးပွားလာရန် မိမိတို့၏ ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည် မိမိချည်မျှင်များကို ကောင်းမွန်ခိုင်ခံ့စွာငင်ပြီးနောက် အပိုင်းပိုင်း ဖျက်ဆီးခဲ့သော မိန်းမကဲ့သို့မဖြစ်ကြကုန်လင့်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ဤအမိန့်တော်ဖြင့် အသင်တို့အား စမ်းသပ်တော်မူခြင်းမျှ ဖြစ်ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ သဘောကွဲလွဲလျက် ရှိကြသည်များကို ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်အသင်တို့ရှေ့မှောက်ဝယ် ထင်ရှားစွာပြတော်မူပေမည်ဖြစ်သည်။

[93] ထို့အြုပင် အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် အသင်တို့အား သာသနာဝင် အုပ်စုတစ်စုတည်း ပြုလုပ်တော်မူခဲ့ပေမည်။ သို့ရာတွင်ထိုအရှင်မြတ်သည် မိမိအလိုမရှိတော်မူသောသူအား လမ်းမှား၌ထားရှိတော်မူ၍ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့တော်မူလေသည်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှသော အမှုများနှင့်စပ်လျဉ်း၍ အမှန်မုချ စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။

[94] ထို့ပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် မပြုလုပ်ကြကုန်လင့်။ သို့ဖြစ်လျှင် (အခြားသူတို့၏)ခြေသည် မြဲမြံခိုင်ခံ့ပြီးနောက်ချွတ်ချော်တိမ်းပါး သွားပေလိမ့်မည်။ ထို့ပြင် အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသောကြောင့်(ဤလောက၌လည်း) ဘေးဒုက္ခ ခံစားကြရပေမည်။ ထိုမှတစ်ပါး(တမလွန်ဘဝ၌လည်း) အသင်တို့၌ ကြီး ကျယ်လှစွာသောပြစ်ဒဏ်သည် သက်ရောက်ပေမည်။

[95] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင်ထားရှိကြသော ပဋိညာဉ်ဖြင့် အနည်းငယ်မျှသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြကုန်လင့်။ အကယ်၍ အသင်တို့သည် သိကြပါလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသော (အကျိုးဆုလာဘ်)သည် အသင်တို့အဖို့အကောင်း ဆုံးပင် ဖြစ်ချေသတည်း။

[96] အသင်တို့ထံ၌ရှိသော အရာများသည် ကုန်ခန်းသွားမည်သာတည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသောအရာတို့မှာမူကား ရှိရစ်မည့်အရာများပင် ဖြစ်ကုန်သတည်း။ ထို့ပြင် ဧကန်အမှန် ငါအရှင်မြတ်သည် ကြံ့ခိုင်စွာရပ်တည် ခဲ့ကြကုန်သောသူတို့အား၊ ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ပေးဆပ်တော်မူပေမည်။

[97] မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ(မုအ်မင်န်အဖြစ်နှင့်) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ(လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူဆောက်တည်လျက်ရှိခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ချီးမြှင့်တော်မူပေမည်။

[98] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ် သရဇ္ဈာယ်သောအခါနှင်ထုတ်ခြင်းခံရသော ရှိုင်တွာန်မိစ္ဆာကောင် (၏နှောင့်ယှက်မှု)မှ (လွတ်ကင်းနိုင်ရန်)အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ကို ယူပါလေ။

[99] ဧကန်စင်စစ် ယင်းရှိုင်တွာန် မိစ္ဆာကောင်၌အကြင်သူတို့အပေါ်ဝယ် လုံးဝဩဇာအာဏာမရှိချေ။ ထိုသူတို့သည် ဧကန်စင်စစ် အီမာန်သက်ဝင် ယုံကြည်၍ မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်အားထားကြကုန်သောသူတို့ အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်သည် လုံးဝဩဇာ အာဏာ မရှိချေ။

[100] ယင်းရှိုင်တွာန်မိစ္ဆာကောင်၏ ဩဇာအာဏာသည်ကား ၎င်းအားအဆွေခင်ပွန်းဖွဲ့သော သူတို့နှင့် ယင်းရှိုင်တွာန်မိစ္ဆာကောင်ကြောင့် (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်သောသူတို့ အပေါ်၌သာရှိပေသတည်း။

[101] ၎င်းပြင် ငါအရှင်မြတ်သည် အာယတ်တော်တစ်ပုဒ်ကို အာယတ်တော်တစ်ပုဒ်၏ နေရာတွင် ပြောင်းလဲတော်မူသောအခါ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ ယင်း (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့ကအသင်သည် ကြံဖန်လီဆယ်သူမျှသာဖြစ်သည်ဟု ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့အနက်အများဆုံးသောသူတို့သည် မသိနားမလည်ကြပေ။

[102] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို ဖြေကြားပါလေ။ ထိုအာယတ်တော်ကို ရူဟုလ်ကုဒွတ်စ် (ကောင်းကင်တမန်ဂျစ်ဗ်ရီလ်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်အထံတော်မှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား တည်တံ့မြဲမြံစေခြင်း ငှာလည်းကောင်း၊ (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ သတင်းကောင်းအဖြစ်လည်းကောင်း၊ (တိကျ)မှန်ကန်စွာချပေးခဲ့လေသတည်း။

[103] ၎င်းပြင် ဧကန်စင်စစ် ၎င်းတို့သည် ထို(နဗီတမာန်တော်မုဟမ္မဒ်)အား လူတစ်ယောက်က သင်ကြားပို့ချ၍ပေးသည်ဟု ပြောဆိုကြသည်ကို ဧကန်မလွဲ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူပေသည်။ (စင်စစ်)၎င်းတို့စောင်းမြောင်းရည်ညွှန်း ပြောဆိုကြကုန်သောသူ၏ဘာသာစကားမှာမူနိုင်ငံခြား ဘာသာစကားပင် ဖြစ်ပေသည်။ သို့ရာတွင် ဤအာယတ်တော်တွင်မူကား ရှင်းလင်းပြေပြစ်သော အရဗီဘာသာစကားပင် ဖြစ်လေသည်။

[104] ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မယုံကြည်ကြပေ။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပြတော်မူမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်(လည်း) ရှိချေအံ့ သတည်း။

[105] အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုမယုံကြည်သောသူတို့သည်သာလျှင် မုသားကို ကြံဖန်လီဆယ်၍ပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်သာလျှင် မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။

[106] မည်သူမဆို မိမိ အီမာန်သက်ဝင် ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ် သွားခဲ့ပါလျှင်(အကယ်၍)အကြင်သူသည် အနိုင်အထက်ပြုမူခြင်းခံရ၍၎င်း၏စိတ်နှလုံးမှာ အီမာန်သက်ဝင်ယုံကြည်မှုနှင့်ပင် နှစ်သိမ့်ကျေနပ်လျက်ရှိခဲ့သော် (၎င်း၌အပြစ်မရှိချေ)။ သို့ရာတွင်အကြင်သူ၏စိတ်နှလုံးသည် ကုဖ်ရ်သွေဖည်ငြင်းပယ်မှု၌ပင်မွေ့လျော်ခဲ့ပါလျှင် (အကြင်သူသည် စိတ်နှလုံး ကြည် ဖြူစွာနှင့်ကုဖ်ရ် သွေဖည်ငြင်းပယ်မှုကို လက်ခံခဲ့ ပါလျှင်) ထိုကဲ့သို့သောသူတို့အပေါ်၌မူ အလ္လာဟ်အရှင်မြတ်အထံတော်မှ အမျက်တော်သည် ကျရောက်ပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ကြီးလေးသော ပြစ်ဒဏ်သည်လည်း ရှိချိမ့်သည်တည်း။

[107] ဤ(သို့ အမျက်တော်နှင့်ပြစ်ဒဏ်ခံကြရခြင်း)သည်ကား ၎င်းတို့သည် လောကီဘဝကို နောင်တမလွန်ဘဝထက်သာ၍ နှစ်သက်သဘောကျခဲ့ကြသောကြောင့်တည်း။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သော သူတို့ကို တရားလမ်းမှန်ပြတော်မူသည်မဟုတ်ပေ။

[108] ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။

[109] ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။

[110] ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။

[111] (ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။

[112] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။

[113] ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။

[114] သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့အားအလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော အရာများအနက် သန့်ရှင်းစင်ကြယ်သော၊ စားသုံးခွင့် ပြုတော်မူသော၊အရာများကို စားသုံးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူး တော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။

[115] ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား)ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[116] ထိုမှတစ်ပါး အသင်တို့သည် မိမိတု့ိ၏နှုတ်လျှာများက မုသားကိုပြောဆိုပြဋ္ဌာန်းခဲ့သောကြောင့် ဤကားဟလာလ်ခွင့်ပြုထားသောအရာဖြစ်သည်။ ဤကား ဟရာမ်တားမြစ်ထားသောအရာ ဖြစ်သည်ဟူ၍ မပြောဆိုကြကုန်လင့်။ ထိုသို့ပြောဆိုလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြသည်သာ ဖြစ်ပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြသောသူတို့သည် အောင်မြင်ကြမည် မဟုတ်ပေ။

[117] အနည်းငယ်မျှအကျိုးခံစားမှုပင် ဖြစ်ပေသည်။၎င်းပြင် ထိုသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် ရှိပေမည်။

[118] ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။

[119] ထို့နောက် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့၊ ၎င်းတို့သည် အသိပညာကင်းမဲ့သောကြောင့် မကောင်းမှုကို ကျင့်မူခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(မိမိတို့အခြေအနေကိုလည်း) ပြုပြင်ခဲ့ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သူတို့ဝန်ချတောင်းပန်ပြီး)နောက်တွင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[120] မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။

[121] ထိုအရှင်မြတ်၏ ကျေးဇူးတော်များကို အလွန် သိတတ်၍ကျေးဇူးတင်ရှိသူဖြစ်ခဲ့၏။ ထိုအရှင်မြတ်သည် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်အား ရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းသို့လည်း ပို့တော်မူခဲ့သတည်း။

[122] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား ဤမျက်မှောက်လောက၌လည်း၊ကောင်းမြတ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင်ဧကန်စင်စစ် ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည်တမလွန်ဘဝ၌လည်း အမှန်ပင် သူတော်စင်တို့အနက်မှဖြစ်အံ့သတည်း။ပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။

[123] ထို့နောက် ငါအရှင်မြတ်သည် အသင်တို့၏ထံသို့ (နဗီတမန်တော်)အီဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာပါလေဟု အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ (အမှန်စင်စစ်ယင်းနဗီတမန်တော် အီဗ်ရာဟီမ်သည်) ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့၏။ ၎င်းပြင် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှလည်းမဖြစ်ခဲ့ချေ။

[124] စဗ်တ် (ဥပုသ်)နေ့(ကို ရိုသေလေးစားရန်အမိန့်တော်)သည် ထို စဗ်တ် (ဥပုသ်)နေ့နှင့် စပ်လျဉ်း၍သဘောကွဲလွဲကြကုန်သောသူတို့အပေါ် ၌သာလျှင် (အတည်)ပြုလုပ်ခြင်း ခံခဲ့ရလေသည်။ ၎င်းပြင် ဧကန်အမှန် အသင့်အားဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ကိယာမတ်ရှင်ကြကပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။

[125] (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမဩဝါဒနှင့်လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။

[126] ၎င်းပြင် အကယ်၍ အသင်တို့သည် တုံ့ပြန်လက်စားချေလိုခဲ့ကြသည်ရှိသော် မိမိတို့ ဒုက္ခပေးခြင်းခံကြရသည်နှင့် ညီတူညီမျှပင် တုံ့ပြန်လက်စားချေ ကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြပင်လျှင် ဧကန်မလွဲ ယင်းသည်းခံမှုသည် ခနီ္တတရားထားရှိကြသူတို့အဖို့အကောင်းဆုံးပါတည်း။

[127] သို့ရာတွင် (အို-နဗီတမန်တော်) အသင်သည်သည်းခံ(မြဲသည်းခံလျက်ပင်)ရှိပါလေ။ စင်စစ် အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီကြောင့်ပင်ဖြစ်ပေသည်။ ထို့ပြင် အသင်သည် ၎င်းတို့အတွက် ပူဆွေးခြင်းမရှိပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများကြောင့် စိတ်ဆင်းရဲခြင်းလည်း မရှိပါလေနှင့်။

[128] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန်သော သူတို့နှင့် အတူလည်းကောင်း၊ ကောင်းမြတ်သော အကျင့်သီလကို ကျင့်မူကြကုန်သောသူတို့နှင့်အတူလည်းကောင်း၊ ရှိတော်မူပေသတည်း။

ညဉ့်ခရီး

Surah 17

[1] အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည် တစ်ည၌ မိမိကျွန်(နဗီတမန်တော်မုဟမ္မဒ်)အားမတ်စ်ဂျစ်ဒ်ဒေဟရာမ်ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ထိုကျွန် (နဗီတမန်တော် မုဟမ္မဒ်)အား မိမိ၏အချို့သက်သေ လက္ခဏာတော်များကို ပြသတော်မူအံ့သောငှာအကြင်မတ်စ်ဂျစ်ဒ်ဒေအတ်က်ဆွာ (အလွန်ဝေးလံလှသော)ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်၍ သွားခဲ့တော်မူ၏။ ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော် ၏ပတ်ဝန်းကျင်ကိုဗရ်ကတ်သုခချမ်းသာမင်္ဂလာနှင့်ပြည့်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[2] စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ဒေသနာတော်ကို အစ္စရာအီလီမျိုးနွယ်အဖို့ အသင်တို့သည်ငါအရှင်မြတ်မှတစ်ပါး အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ အားကိုးအားထားရာမပြုလုပ်ကြကုန်လင့်ဟူ၍ တရားလမ်းညွှန်ပြုတော် မူခဲ့လေသည်။

[3] အို-အကြင်သူတို့၏ သားမြေးအပေါင်းတို့၊ ငါအရှင်မြတ်သည် ထိုသူတို့အား (နဗီတမန်တော်)နူဟ် နှင့်အတူ(သင်္ဘောပေါ်သို့)တင်ဆောင်တော်မူခဲ့လေသည်။ (အသင်တို့သည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူကြောင်းကိုသက်ဝင်ယုံကြည်ကြလေကုန်။ မလွဲဧကန် ထို(နဗီတမန်တော်)နူဟ်သည် ကျေးဇူးတော်ကို အလွန်သိတတ်သော ကျွန်တစ်ပါးဖြစ်ခဲ့ပေသတည်း။

[4] စင်စစ်သော်ကား ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံ(သောင်ရာတ်)ကျမ်းတော်၌(ဤသို့)စီရင်ပြဋ္ဌာန်း(ချက်ကိုပေးပို့)တော်မူခဲ့လေသည်။ (အို-အီစ်ရာအီလီမျိုးနွယ်တို့၊) မုချစင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ်တိုင်တိုင် ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြပေမည်။ ထိုမှတစ်ပါး ဧကန်မလွဲ အသင်တို့သည် အကြီးအကျယ် ရက်စက်စွာအုပ်စိုးမှုဖြင့်လည်း အုပ်စိုးကြပေမည်။

[5] တစ်ဖန် ထိုနှစ်ကြိမ်အနက် ပထမအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ ပြုလုပ်ခဲ့ ကြသည့်)အတွက်ချိန်းချက်ထားသော ပြစ်ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ ငါအရှင်မြတ်သည် အလွန်အမင်း တိုက်ခိုက်ကြသော မိမိကျွန်များကို အသင်တို့အပေါ်ဝယ် နိုင်လိုမင်းထက် ပြုမူစေတော်မူပေမည်။ ထိုအခါ၎င်းတို့သည် (အသင်တို့အား ဖျက်ဆီးသတ်ဖြတ်ကြရန် အသင်တို့၏) နေအိမ်များအတွင်းသို့ဝင်ရောက်ကြပေမည်။ စင်စစ်သော်ကား(ငါအရှင်မြတ်၏ ဤချိန်းချက်မှုသည် မုချ) ပြီးမြောက် အောင်မြင်မည့်ချိန်းချက်မှုပင် ဖြစ်ပေသတည်း။

[6] ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား၎င်းတို့အပေါ်၌ (လွှမ်းမိုးရန်) အလှည့်ပြန်ပေးတော်မူမည်။ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ သား(သမီး)များဖြင့်လည်းကောင်း၊ ကူညီစောင်မတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အားလူစုလူရုံး အားဖြင့်လည်း (လူဦးရေ)မြားမြောင်သော လူစုလူရုံးဖြစ်စေတော်မူပေမည်။

[7] အကယ်၍ အသင်တို့သည် အကောင်းပြုခဲ့ကြသည်ရှိသော် မိမိတို့ကိုယ်များအဖို့ အကောင်းပြုကြမည်သာ။သို့ရာတွင် အကယ်၍ အသင်တို့သည် အဆိုးပြုခဲ့ကြပါလျှင်လည်း မိမိတို့ကိုယ်များနှင့် ဆန့်ကျင်(၍ ပြုကြ)မည်သာတည်း။တစ်ဖန် ဒုတိယအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ပြုလုပ်ခဲ့ကြသည့်) အတွက် ချိန်းချက်ထားသော ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ (ငါအရှင်မြတ်သည် မိမိအခြားကျွန်များအား) ယင်းတို့သည် အသင်တို့၏မျက်နှာများကို ပျက်စီးညှိုးနွမ်းစေကြအံ့သောငှာ လည်းကောင်း၊ထိုသူတို့သည် ဗလီဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ရောက်ခဲ့ကြသကဲ့သို့ ဝင်ရောက် ကြအံ့သောငှာလည်းကောင်း၊ယင်းတို့(လက်လှမ်းမီ) နိုင်နင်းသမျှသော အရာဝတ္ထုများကိုဖြိုခွင်းဖျက်ဆီး ကြအံ့သောငှာလည်းကောင်း၊ (အသင်တို့အပေါ်၌ လွှမ်းမိုးစေတော်မူမည်) ဖြစ်ပေသည်။

[8] (အို-အစ္စရာအီလီမျိုးနွယ်တို့) အသင်တို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အသင် တို့အပေါ်၌ကရုဏာပြုကောင်းပြုတော်မူပေမည်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်(ရှေးနည်းတူ)မောက်မာပလွှားခြင်းတို့ကိုထပ်မံ၍ပြုခဲ့ကြသည်ရှိသော် ငါအရှင်မြတ်သည်လည်း (အသင်တို့အား ရှေးနည်းအတိုင်းပင်) ထပ်မံ၍ (ပြစ်ဒဏ်ပေးတော်မူခြင်းကို) ပြုလုပ်ထားတော်မူမည်သာတည်း။ စင်စစ်တွင် မူကားငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့အဖို့ အကျဉ်းထောင်ပြုလုပ်ထားတော်မူချေတည်း။

[9] ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။

[10] ၎င်းပြင် ဧကန်စင်စစ် နောင်တမလွန်ဘဝကိုမယုံကြည်သော သူတို့အဖို့ ငါအရှင်မြတ်သည် ပြင်း ပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားတော်မူသည်(ကိုလည်းဤကုရ်အာန်ကျမ်းတော်မြတ်သည် သတင်းပေး လေသည်။)

[11] စင်စစ် လူသားများသည် အကောင်းနှင့် စပ်လျဉ်း၍ မိမိတို့လျှောက်ထားပန်ကြားဘိသကဲ့သို့ပင် အဆိုးနှင့်စပ်လျဉ်း၍လည်း လျှောက်ထားပန်ကြားကြကုန်၏။ စင်စစ်သော်ကား လူသားတို့သည်(သဘာဝအလျောက်ပင်)အလွန် အလျင်လိုသူများ ဖြစ်ကြကုန် သတည်း။

[12] ထု့ိပြင် ငါအရှင်မြတ်သည် ညကိုလည်း ကောင်း၊နေ့ ကိုလည်းကောင်း၊ သက်သေလက္ခဏာ နှစ်ရပ်ကို ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာနှစ်ရပ်ကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကို ဆည်းပူးရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် နှစ်များ၏အရေအတွက်နှင့်တွက်ချက်မှုကို သိရှိကြအံ့ သောငှာလည်းကောင်း၊ငါအရှင်မြတ်သည် စက္ခုကိုအလင်းပေးသောအရာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် သော်ကား ငါအရှင်မြတ်သည် (လိုအပ်သော) အရာ ခပ်သိမ်းတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပေသတည်း။

[13] ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်းလူတိုင်း၏အပြုအမူကို ၎င်း၏လည်ကုပ်တွင် ခိုင်မြဲစွာချည်နှောင် ထားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကိယာမတ်နေ့တွင်၎င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူပေမည်။ ၎င်းသည် ထိုမှတ်တမ်းကို ပွင့်လျက်တွေ့ရှိရပေလိမ့်မည်။

[14] (ထို့နောက်၎င်းအား) အသင်သည် မိမိ မှတ်တမ်းကိုဖတ်လော့၊ ယနေ့သည်ကား အသင်ကိုယ်တိုင်ပင် မိမိကိုယ်နှင့်ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်။

[15] အကြင်သူသည် တရားလမ်းမှန်ကို ရရှိခဲ့လျှင်မိမိကိုယ်တိုင်၏အကျိုးငှာ တရားလမ်းမှန်ကို ရရှိခဲ့သည်သာ။ထိုနည်းတူစွာ အကြင်သူသည် လမ်းမှားခဲ့လျှင်လည်း မိမိကိုယ်နှင့်ဆန့်ကျင်၍ လမ်းမှားခဲ့သည်သာတည်း။ အမှန်စင်စစ် မည်သည့်သယ်ပိုးသူတစ်ဦးတယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကိုသယ်ပိုး လိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ် တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူသမျှကာလပတ်လုံး ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။

[16] တစ်ဖန် ငါအရှင်မြတ်သည် ရွာတစ်ရွာကို ဖျက်ဆီးရန် ရည်စူးတော်မူသောအခါ ထိုရွာရှိ စည်းစိမ်ရှင်များကို(အီမာန်ယုံကြည်ရန်၊ အမိန့်တော်နာခံရန်) အမိန့်ပေးတော်မူ၏။ထိုအခါ ၎င်းတို့သည် ထိုရွာတွင် ဆိုးသွမ်းကြလေသည်။ သို့ဖြစ်ပေရာ ချိန်းချက်ထားသောပြစ်ဒဏ်သည် ထိုရွာ၌သက်ရောက်လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုရွာကို ဖျက်ဆီးတော်မူလေသတည်း။

[17] စင်စစ်သော်ကား ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်၏နောက်တွင် မြောက်မြားစွာသော လူမျိုးဆက်တို့ကိုဖျက်ဆီးတော်မူခဲ့လေသည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကိုသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင်အဖြစ်လုံလောက်တော်မူပေသည်။

[18] မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။ ထို့နောက်ထိုသူအဖို့ ဂျဟန္နမ်ငရဲဘုံကို (အဆင်သင့်) ပြုလုပ်၍ထားတော်မူ၏။ ထိုသူသည် ယင်းဂျဟန္နမ်ငရဲဘုံသို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက်၊ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်သာတည်း။

[19] သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။

[20] ငါအရှင်မြတ်သည် ဤသူတို့ကိုလည်းကောင်း၊ထိုသူတို့ကိုလည်းကောင်း၊ အသီးသီးတို့ကို အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏(လောကီ ဆိုင်ရာ)ဆုလာဘ်ကျေးဇူးတော်မှ ကူညီစောင်မတော်မူလေသည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ (လောကီဆိုင်ရာ)ဆုလာဘ် ကျေးဇူးတော်ကား (မည်သူတစ်ဦးတစ်ယောက်အပေါ်၌မျှ) ပိတ်ပင်ထားသည် မရှိချေ။

[21] ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့ကိုအချို့ထက် မည်သို့မည်ပုံ ထွတ်မြတ်စေတော်မူခဲ့ သည်ကိုအသင်သည်ရှုပါလေ။ အမှန်စင်စစ် နောင်တမလွန်ဘဝသည်အဆင့်အတန်းအားဖြင့်လည်းကောင်း၊ ထွတ်မြတ်မှုအားဖြင့်လည်းကောင်း၊ အလွန် ကြီးကျယ်လှပေသတည်း။

[22] အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူမည်သည့် ကိုးကွယ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို) မပြုလုပ်လေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် (ကူညီစောင်မသူအဆွေခင်ပွန်းများကင်းမဲ့စွာ) စွန့်ပစ်ထားခြင်းခံရလျက်(တစ်ကိုယ်တည်း)ထိုင်၍နေရမည်သာတည်း။

[23] စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)အမိန့်တော်စီရင်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါးအခြားကိုခဝပ်ကိုးကွယ် ရှိခိုးပူဇော်ခြင်း အလျှင်းမပြုကြရပေ။၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးဦးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင် ၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ရောက်ရှိလတ်သော်အသင်သည် ထိုမိဘနှစ်ပါးအား အို ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး(နှင့်စကားပြောဆိုသောအခါ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။

[24] ၎င်းအပြင် အသင်သည် ထိုမိဘနှစ်ပါး၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိ သောအားဖြင့် ကျိုးနွံစွာရှိပါလေ။ ထို့ပြင် အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘဝ၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။

[25] အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများ (သူတော်စင်များ)ဖြစ်ကြပါလျှင် ဧကန်မလွဲ ထိုအရှင်မြတ်သည်လည်း ဝန်ချတောင်းပန် သူတို့အဖို့ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[26] ထိုမှတစ်ပါး အသင်သည် ဆွေမျိုးနီးစပ်သူအား၎င်း၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးပါလေ။ (ထို့ပြင်သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အား လည်းကောင်း၊(ယင်းတို့ရသင့်ရထိုက်သောအခွင့်အရေးများကိုပေးပါလေ)။ သို့ရာတွင် အသင်သည်(မိမိဥစ္စာပစ္စည်းများကို)အလဟဿမဖြုန်းတီးလေနှင့်။

[27] ဧကန်မလွဲ အလဟဿဖြုန်းတီးသူတို့သည်ရှိုင်တွာန်မိစ္ဆာကောင်၏ ညီသားအစ်ကိုများပင် ဖြစ်ကြကုန်သည်။ စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အလွန် ကျေးဇူးကန်းသူပင်ဖြစ်ချေသတည်း။

[28] သို့ရာတွင် အကယ်၍ အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ကရုဏာတော်ကို စောင့်မျှော်နေခိုက် ၎င်းတို့အား လျစ်လျူရှုရပါလျှင်အသင်သည် ၎င်းတို့အား ပြေပြစ်သာယာသော စကားကိုပြောဆိုပါလေ။

[29] ထိုမှတစ်ပါး အသင်သည် မိမိလက်ကို မိမိလည်ကုပ်တွင် တုပ်နှောင်ပြီးမထားလေနှင့်၊ ထိုနည်းတူစွာအသင်သည် ယင်းလက်ကို လုံးဝ ဖွင့်၍လည်း မထားလေနှင့်။သို့ပြုခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက် ဝမ်းနည်းကြေကွဲလျက်၊ ထိုင်၍နေရချိမ့်မည်။

[30] ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားရိက္ခာကို တိုးချဲ့၍ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင်(မိမိအလိုမရှိတော်မူသောသူအား ရိက္ခာကို) ကျဉ်းကျပ်စေတော်မူလေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မိမိကျွန်များ၏(အခြေအနေ)ကို အလွန်တရာ သိတော်မူသောအရှင်၊ အလွန်တရာမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[31] ၎င်းပြင် အသင်တို့သည် စီးပွားရေးကျပ်တည်းမှုကို စိုးရိမ်သောကြောင့် မိမိတို့၏သားသမီးများအား မသတ်ဖြတ်ကြကုန်လင့်။ (စင်စစ်) ငါအရှင်မြတ်သည် ပင်လျှင်ယင်းတို့အားလည်းကောင်း၊ အသင်တို့အား လည်းကောင်း၊စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော် မူပေသည်။ ဧကန်မလွဲ၎င်းတို့အား သတ်ဖြတ်ခြင်းကား အလွန်ကြီးလေးသော ပြစ်မှုပင် ဖြစ်ချေသတည်း။

[32] ထို့ပြင် အသင်တို့သည် ကာမေသုမိစ္ဆာစာရ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ဧကန်မလွဲ ယင်းကာမေသုမိစ္ဆာစာရသည် အလွန်စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည့်ပြင်အလွန် ဆိုးဝါးလှသော လမ်းစဉ်လည်း ဖြစ်ပေသတည်း။

[33] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။

[34] ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။

[35] ၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။

[36] ထို့ပြင်တစ်ဝအသင်သည်မိမိမသိသောအကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။

[37] ၎င်းပြင် အသင်သည် ပထဝီမြေပြင်ဝယ် ဟိတ်ဟန်ထုတ်၍ မလျှောက်လေနှင့်။ ဧကန်စင်စစ် အသင်သည်(ယင်းသို့လမ်းလျှောက်ခြင်းအားဖြင့်)ပထဝီမြေကိုလည်းအလျင်းထွင်းဖောက် (ခွဲ) နိုင်မည်မဟုတ်ပေ။ ထိုမှတစ်ပါးအသင်သည် မိမိကိုယ်လုံးကိုယ်ရပ် မြင့်မားခြင်းဖြင့် တောင်များကိုလည်း အလျင်းမီနိုင်မည် မဟုတ်ချေ။

[38] ဤ(အမိန့်ပညတ်) အသီးသီးတို့အနက် မကောင်းမှုတို့မှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် စက်ဆုပ်ရွံရှာဖွယ်များ ပင် ဖြစ်ကုန်သတည်း။

[39] ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။

[40] အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။

[41] ၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။

[42] (အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။

[43] ထိုအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော် မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်)တို့ ပြောဆို(စွပ်စွဲ)ကြသည်တို့ထက်သာလွန်ထူးကဲ မြင့်မြတ်လှတော်မူပေသတည်း။

[44] မိုးခုနစ်ထပ်သည်လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ထိုမိုးများနှင့် ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ရှိကြကုန်၏။ အမှန်စင်စစ်(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ပင်ရှိကြကုန်သည်။ သို့ရာတွင် အသင် တို့မှာမူကား ၎င်းတို့၏ ပွားများသရဇ္ဈာယ်မှုကို နားမလည်ကြချေ။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ သည်းခံတော်မူသောအရှင်၊ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[45] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သောအခါငါအရှင်မြတ်သည် အသင်နှင့်နောင်တမလွန်ဘဝကို မယုံကြည်သောသူတို့၏အကြားဝယ် လျှို့ဝှက်လျက်ရှိသော အကာအဆီးကို ချထားတော်မူပေသတည်း။

[46] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများပေါ်၌ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်း တော်မြတ်ကို နားလည်ကြမည်ကိုစိုး၍ အဖုံးအအုပ် ဖုံးပေးတော်မူသည်။၎င်းပြင် ထိုသူတို့၏နားများကိုလည်း ပင်းစေတော်မူသည်။သို့ရာတွင် အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် တဆူတည်းကိုသာ ကုရ်အာန်ကျမ်းတော်မြတ်တွင်သတိရသောအခါ၌မူကား ၎င်းတို့သည် စက်ဆုပ်၍ မိမိတို့နောက်ကျောဘက်သို့ ပြန်လှည့်၍ ထွက်ခွာသွားကြသည်။

[47] ထိုသူတို့သည် အသင်ဘက်သို့ နားစွင့်ကြ၍မည်သည့်အကြောင်းကြောင့် (ယင်းကုရ်အာန်ကျမ်းတော် ကို)နားထောင်ကြသည်ကိုလည်းကောင်း၊ ထိုမှတစ်ပါး ထိုသူတို့သည်(အချင်းချင်း)လျှို့ဝှက်စွာ ပြောဆိုတိုင်ပင်ကြသောအခါ အသင်တို့သည် စုန်းပြုစားခြင်းခံရသောသူ၏ နောက်သို့လိုက်နေကြသည် ဟု ပြော ဆိုကြသည်ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူသည်။

[48] (အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပတ်သက်၍ မည်သို့သောပုံဆောင်ချက်များကို ခိုင်းနှိုင်း ခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် မည်သည့်(ထွက်)လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည်မဟုတ်ပေ။

[49] ထို့ပြင် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်အရိုးများသာကျန်ရှိ၍ စိစိကြေညက်လျက်ရှိကြသော အခါအသစ်ဖန်ဆင်း၍ ရှင်ပြန်ထစေခြင်းကို ခံကြရဦး မည်လောဟုပြောဆိုမေးမြန်းကြကုန်၏။

[50] (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ အသင်တို့သည် ကျောက်ခဲသော်လည်းကောင်း၊ သံခဲသော်လည်းကောင်း၊ ဖြစ်ကြလေကုန်။

[51] သို့တည်းမဟုတ် အသင်တို့၏ စိတ်နှလုံး၌ အဖန်ဆင်းခံများအနက်မှ အလွန် ကြီးကျယ်လှသည်ဟု (အသင်တို့)ထင်မြင်ယူဆသော အရာဝတ္ထု တစ်စုံ တစ်ရာ ဖြစ်ကြလေကုန်။သို့ဖြစ်လျှင်လည်း (ထိုအရှင်မြတ်သည် ရှင်စေတော်မူနိုင်သည်)ထို့နောက် ၎င်းတို့က မည်သူသည် ကျွန်ုပ်တို့အား ရှင်ပြန်ထစေမည်နည်းဟုပြောဆိုကြဦးအံ့။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား) အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်သည်ပင်လျှင်(ရှင်ပြန်ထစေတော်မူအံ့ဟု) ပြောဆိုဖြေကြားပါလေ။ ထိုအခါ ၎င်းတို့သည် အသင်၏ရှေ့ဝယ်မိမိတို့၏ဦးခေါင်းများကို (အံ့ဩစွာ)ခါ၍ ယင်းရှင်ပြန်ထ စေခြင်းသည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု ပြောဆို ကြဦးပေမည်။အသင်သည် (၎င်းတို့အား) ထို(အချိန်)သည်နီးကပ်ပြီးဖြစ်ဟန်တူသည်ဟု ပြောဆိုဖြေကြားပါလေ။

[52] အကြင်နေ့တွင် ထိုအရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ ထိုအခါ အသင်တို့သည် ထို အရှင်မြတ်အား ချီးမွမ်းကာထူးကြပေမည်။ (အမိန့် တော်နာခံကြပေမည်)ထို့ပြင် အသင်တို့သည် မိမိတို့မှာ(လူ့လောကတွင်) အနည်းငယ်မျှသာနေထိုင်ခဲ့သည်ဟု ထင်မြင်ယူဆကြပေမည်။

[53] ၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။

[54] အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။

[55] ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်း ကောင်း၊ပထဝီမြေ၌လည်းကောင်း၊ ရှိသူတို့အား ကောင်းမွန်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။ ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအားအချို့(သောနဗီတမန်တော်တို့)ထက် သာစေတော်မူခဲ့လေ၏။ထို့ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေ၏။

[56] (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် ထိုအရှင်မြတ်အားစွန့်၍ (ကိုးကွယ်ရာများအဖြစ်)ထင်မှတ်(ကိုးကွယ်) ခဲ့သူတို့အားဟစ်ခေါ်တမ်းတကြလေကုန်။ သို့(အသင် တို့ထင်မှတ်ကိုးကွယ်ကြ)ပါလည်း၊ ၎င်းတို့သည် အသင်တို့အပေါ်မှ ဘေးဒုက္ခကိုပပျောက်စေနိုင်ကြသည်လည်း မဟုတ်ချေ။ (ယင်းဘေးဒုက္ခကို)လွှဲပြောင်းနိုင်ကြ သည်လည်း မဟုတ်ပေ။

[57] ဤသူတို့သည် ယင်းကာဖိရ်တို့ ဟစ်ခေါ်လျက်ရှိကြသောသူများပင်၊ ထိုသူတို့သည် မိမိတို့အနက် မည်သူသည်(ထိုအရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်အံ့နည်းဟူ၍ မိမိတို့အားဖန်ဆင်းတော်မူသောအရှင်မြတ် အထံတော်သို့ ချဉ်းကပ်မှုကိုရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ထိုအရှင်မြတ်၏ကရုဏာတော်ကိုလည်း မျှော်လင့်လျှက်ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏ပြစ်ဒဏ်ကိုလည်းကြောက်ရွံ့ စိုးရိမ်လျက်ရှိကြကုန်၏။ ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်သည်အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်ချေသတည်း။

[58] မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့(သူ)ရွာ(သားတို့)အား ကိယာမတ်မဖြစ်မီအလျင် ဖျက်ဆီးတော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ) ရွာ(သားတို့)အား ပြင်းထန်စွာပြစ်ဒဏ်ခတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ဤသည်(လောင်ဟုမဟ်ဖူဇ်)သင်ပုန်းတွင် ရေးသားပြီးဖြစ်သတည်း။

[59] စင်စစ်သော်ကား ငါအရှင်မြတ်အား တန်ခိုးပြာဋိဟာများကို ချပေးတော်မမူရန် ယင်းတန်ခိုးပြာဋိဟာများမဟုတ်မမှန်ဟူ၍ ရှေးလူဟောင်းတို့၏ ငြင်းပယ်မှုမှတစ်ပါးအခြားမည်သည့် တစ်စုံတစ်ရာမျှ တားဆီးခဲ့သည်မဟုတ်ပေ။စင်စစ် ငါအရှင်မြတ်သည် ဆမူဒ် လူမျိုးတို့အား ကုလားအုတ်မကို (နဗီတမန်တော်ဆွာလစ်ဟ်သည် အလ္လာဟ်အရှင်မြတ်၏နဗီတမန်တော်ဖြစ်တော်မူကြောင်းကို) ထင်ရှားစေသောတန်ခိုးပြာဋိဟာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းကုလားအုတ်မနှင့် ပတ်သက်၍(မိမိတို့ကိုယ်ကို)ကျူးကျော်စော်ကားခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် တန်ခိုးပြာဋိဟာများကို သတိပေးနှိုးဆော်ချက်အဖြစ်သာလျှင် ချပေးတော်မူပေသတည်း။

[60] (အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား မိန့်ကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ တော်မူခဲ့သော ရှုကွက်ကိုလည်းကောင်း၊ ကုရ်အာန် ကျမ်းတော်မြတ်၌ရှုတ်ချခြင်းခံရသော သစ်ပင်ကိုလည်းကောင်း၊ လူတို့အဖို့စမ်းသပ်မှုတစ်ရပ်သာလျှင် ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ငါအရှင်မြတ်သည် လူတို့အား သတိပေး နှိုးဆော်တော်မူ၏။သို့ရာတွင် ယင်းသတိပေး နှိုးဆော်ချက်များသည် ၎င်းတို့အားကြီးကျယ်စွာသော မထီမဲ့မြင်ပြုမှုကိုသာ တိုးတက်ပွားများစေလေသတည်း။

[61] တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး ထိုကောင်းကင်တမန်အပေါင်းတို့သည် ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်ကအရှင်မြတ်ရွှံ့စေးဖြင့်ဖန်ဆင်းတော်မူခဲ့သောသူအားကျွန်တော်မျိုးသည်ဦးချရပါမည်လော ဟုလျှောက်ထားခဲ့လေသည်။

[62] ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။

[63] ထိုအခါ အရှင်မြတ်က (အစ်ဗ်လီစ်) အသင်သွား၊(ကြိုက်ရာလုပ်)။ တစ်ဖန် မည်သူမဆို ယင်း(အာဒမ်၏သားမြေး)တို့အနက်မှ အသင်၏နောက်သို့ လိုက်ပါခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ လုံလောက်စွာသော အကျိုးပင် ဖြစ်ပေသတည်း။

[64] ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊ ခြေလျင် သူရဲဖြင့်လည်းကောင်း၊ထိုသူတို့အား ဝိုင်းဝန်းလော့။ ထိုမှတစ်ပါး အသင်သည် ဥစ္စာပစ္စည်းများ၌လည်းကောင်း၊ သားသမီးများ၌လည်းကောင်း၊ ထိုသူတို့နှင့် အတူဖက်စပ်ပါဝင်လော့။ ထို့ပြင် အသင်သည် ၎င်းတို့အား(မဟုတ်မမှန် သော)ကတိကိုပြုလော့။ စင်စစ်သော်ကားရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား ဖြားယောင်းသွေးဆောင်ခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ ကတိပေးသည်မဟုတ်ပေ။

[65] ဧကန်စင်စစ် ငါအရှင်မြတ်၏ကျွန်(အစစ်အမှန်)တို့မူကား အသင်၌ ၎င်းတို့အပေါ်တွင် လုံးဝဩဇာ အာဏာရှိလိမ့်မည်မဟုတ်ပေ။ စင်စစ် အသင်(မုဟမ္မဒ်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင်(၎င်းတို့အား)ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။

[66] အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင်တို့ ထိုအရှင်မြတ်၏ကျေးဇူးတော်(ရိက္ခာတော်)ကို ရှာဖွေဆည်းပူးကြအံ့သောငှာရွက်သင်္ဘောများကို သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားစေတော်မူသောအရှင်တည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အသင်တို့အပေါ်ဝယ် အလွန်တရာသနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[67] စင်စစ် အသင်တို့တွင် သမုဒ္ဒရာပင်လယ်၌ ဘေးဒုက္ခသက်ရောက်ခဲ့သော် (အသင်တို့သည်)ထို အရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ်(ကိုးကွယ်)လျက် ရှိကြသူတို့သည် ပျောက်ကွယ်သွားကြလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်သို့ လွတ်မြောက်စေတော်မူခဲ့သောအခါ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြပြန်၏။ စင်စစ်သော်ကား မနုဿလူသားသည် အလနွ တ် ရာ ကျေးဇူး ကန်း သပူ ငြ်ဖစေ် ချသတည်း ။

[68] ထိုအရှင်မြတ်သည် ကုန်းပေါ်၌ အသင်တို့အားမြေမျိုစေတော်မူမည်ကိုလည်းကောင်း၊ အသင်တို့ အပေါ်၌သဲမုန်တိုင်း စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ အသင်တို့သည် စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထို(သို့ပြုတော်မူခဲ့သည့်)နောက်တွင်မူ အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက် မည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ) တွေ့ရှိကြမည်မဟုတ်ပေ။ (တစ်နည်း)ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်းကိုလည်းကောင်း၊ အသင်တို့အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကိုသော်လည်းကောင်း၊ ပြုနိုင်တော်မူ၏။ ထိုအခါတွင်အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက်မည့်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ) တွေ့ရှိကြမည် မဟုတ်ပေ။အသင်တို့သည် (ဤသည့်ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။

[69] သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။

[70] ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။

[71] အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။

[72] စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။

[73] စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။

[74] အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။

[75] ထိုအခါ ငါအရှင်မြတ်သည် အသင့်အား ဤအသက်ရှင်လျက်ရှိသော ပစ္စုပ္ပန်ဘဝ၏ နှစ်ဆနှင့် သေလွန်ပြီးနောင်ဘဝတွင် (ပြစ်ဒဏ်)နှစ်ဆကို မုချမြည်းစမ်းစေတော်မူမည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မိမိတို့အဖို့ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိလိမ့်မည် မဟုတ်ပေ။

[76] စင်စစ်ဧကန် ၎င်းတို့သည် အသင့်အား ဤနိုင်ငံမှနှင်ထုတ်ကြရန် ခြောက်လှန်အံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏ စင်စစ် ထိုအခါ ၎င်းတို့သည်လည်း အသင်၏နောက်တွင် အနည်းငယ်မျှ(အချိန်ကာလ)မှတစ်ပါး၊ နေနိုင်ကြမည်မဟုတ်ပေ။

[77] ဤသည်ကား ငါအရှင်မြတ်သည်အသင်၏အလျင်စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်သည့်(ငါအရှင်မြတ်၏) စီရင်ချမှတ်ထားသောမူသော စည်းကမ်းစနစ်ပင်ဖြစ်ချေသည်။ စင်စစ် အသင်သည်ငါအရှင်မြတ်၏ စည်းကမ်းစနစ်တွင် မည်သည့်အပြောင်းအလဲကိုမျှ တွေ့ရမည်မဟုတ်ပေတကား။

[78] (အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။

[79] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်ညဉ့်၌တစ်ဖန်တဟဂျွဒ်ဆွလာတ်ကိုလည်း မိမိ၌အပို(တာဝန်)အဖြစ် ဆောက်တည်ပါလေ။ အမှန်စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မကာမု မဟ်မူဒ်သို့ အသင့်အား ပို့တော်မူအံ့သတည်း။

[80] ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။

[81] ထို့ပြင် အသင်သည် (ဤသို့) ပြောကြားပါလေ။အမှန်သည် ရောက်ရှိလာခဲ့ချေပြီ၊ ၎င်းပြင် အမှားသည် ပျောက်ကွယ်သွားခဲ့လေပြီ၊ ဧကန်မလွဲ အမှားသည် ကွယ်ပျောက်မည့်အရာပင် ဖြစ်ခဲ့ပေသတည်း။(ဟူ၍ဖြစ်၏)။

[82] စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။

[83] အမှန်စင်စစ် ငါအရှင်မြတ်သည် လူသား၏အပေါ်၌ ကျေးဇူးပြုလေတော်မူသောအခါဝယ်၊ ၎င်းသည် မျက်နှာလွှဲ၍ ဝေးစွာဖယ်ရှောင်သွားလေ့ရှိပေသည်။ သို့ရာတွင်ယင်းလူသား၌ ဘေးဒုက္ခရောက်လေသော် ၎င်းသည် မျှော်လင့်ချက်ကင်းသူ ဖြစ်သွားလေတော့သတည်း။

[84] (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ လူတိုင်းလူတိုင်းသည် မိမိနည်းလမ်း အတိုင်းပင်ကျင့်မူလေ့ရှိပေသည်။ သို့ရာတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးသောသူဖြစ်သည်ကို အသိတော်မူဆုံး အရှင်မြတ် ဖြစ်တော်မူလေသတည်း။

[85] စင်စစ် ၎င်းတို့သည် အသင့်အား ‘ရူဟ်’ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်၏။ အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသက်ဇီဝိန်သည်ငါ့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏အမိန့်တော်အတိုင်း ဖြစ်လာသည်။ စင်စစ် အသင်တို့သည် အနည်းငယ်မျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရကုန်သတည်းဟူ၍(4င်းတို့အား)ပြောကြားပါလေ။(တစ်နည်း) စင်စစ် ၎င်းတို့သည် အသင့်အား (စမ်းသပ်လိုသောအားဖြင့်) ရူဟ်(၏အဖြစ်အမှန်)ကို မေးမြန်းကြကုန်၏။အသင်သည် (၎င်းတို့အား ဤသို့ပြောဆို (ဖြေကြား)ပါလေ။(အချင်းတို့) ရူဟ်(နှင့်စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဤသို့သိထားကြလေကုန်။ ယင်းရူဟ်)သည်၊ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်အတိုင်း ဖြစ်လာ(သောအရာဝတ္ထုဖြစ်ပေ)သည်။ စင်စစ်(ယင်း၏)အဖြစ်အမှန် မှာမူကား အသင်တို့သည် (မိမိတို့၌ရှိသောအသိဉာဏ်နှင့်အမျှ)အနည်းငယ်လိုအပ်သမျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရ(သဖြင့် ယင်းရူဟ်၏ အဖြစ်အမှန်ကိုသိနားလည်နိုင်ကြမည်လည်းမဟုတ်သောကြောင့်လည်းကောင်း၊အသင်တို့အဖို့ လိုအပ်သော ပညာလည်းမဟုတ်သောကြောင့်လည်းကောင်း၊ ဖော်ပြခြင်းမပြုဘဲ ထားရှိခြင်းဖြစ်) ပေသည်။

[86] စင်စစ် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အသင်၏အထံသို့ ငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော် မြတ်)ကို အမှန်ပင်ပြန်လည်ရုပ်သိမ်းတော်မူပေမည်။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့် ဆန့်ကျင်သောအားကိုးအားထား တစ်ဦးတစ်ယောက်ကိုမျှပင် အသင်တွေ့ရှိလိမ့်မည် မဟုတ်ပေ။

[87] သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့်သာ (ထိုသို့ရုပ်သိမ်းခြင်းကိုပြုတော်မမူခဲ့ချေ)။ ဧကန်စင်စစ် ထိုအရှင်မြတ်၏ကျေးဇူးတော်ကား အသင်၏အပေါ်၌ ကြီးမားလှပေသတည်း။

[88] (အို-နဗီတမန်တော်)အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့)စင်စစ်အကယ်၍ လူသားအပေါင်းတို့သည်လည်းကောင်း၊ ဂျင်(န်)အပေါင်း တို့သည်လည်းကောင်း၊ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို (စီကုံးရေးသား၍)ယူလာရန် စုရုံးကြပြီးလျှင် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခဲ့ငြားလည်း၊ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့် တူသောကျမ်းကို (စီကုံးရေးသား) ယူဆောင်လာ နိုင်ကြမည်အလျှင်း မဟုတ်ပေ။

[89] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့ (သိနားလည်ကြစေအံ့သော)ငှာ ဤကုရ်အာန်ကျမ်းတော် မြတ်တွင်ဥပမာပုံဆောင်ချက်အလုံးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့တစေလည်း(မက္ကာသားတို့အနက်)အများဆုံးသောသူတို့သည် ငြင်းပယ်မှုမှတစ်ပါး အခြားမည်သည်ကိုမျှ နှစ်သက်ခဲ့ ကြသည် မဟုတ်ပေ။

[90] ထိုမှတစ်ပါး၊ ၎င်းတို့က(အို-မုဟမ္မဒ်)အသင်သည်ကျွန်ုပ်တို့အဖို့ ပထဝီမြေမှစမ်းရေချောင်းတစ်ခုကို သွင်သွင်စီးထွက်လာအောင် မပြုလုပ်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည်အသင်၏စကားကို အလျှင်းယုံကြည်လက်ခံကြမည် မဟုတ်ပါဟုပြောဆိုခဲ့ကြကုန်၏။

[91] သို့တည်းမဟုတ် အသင်၌ စွန်ပလွံပင်များနှင့်စပျစ်ပင်များ (ပြည့်စုံစွာရှိကုန်သော)ခြံတစ်ခုရှိရမည်။ ပြီးနောက် အသင်သည် ထိုခြံ၏အလယ်ဗဟို၌ စမ်းရေချောင်းများသွင်သွင် စီးထွက်လာအောင် ပြုလုပ်ရမည်။

[92] သို့တည်းမဟုတ် အသင်သည် မိမိထင်မြင် ယူဆခဲ့သည့်အတိုင်း ကျွန်ုပ်တို့အပေါ်၌ မိုးကိုအပိုင်းပိုင်း အစစဖြစ်၍ပြိုကျလာအောင်ပြုလုပ်ရမည်။ သို့တည်းမဟုတ် အသင်သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ကောင်းကင်တမန်များအားလည်းကောင်း၊ ကျွန်ုပ်တို့၏ရှေ့မှောက်သို့ (သက်သေများအဖြစ်) ခေါ်ယူ၍လာရမည်။

[93] သို့တည်းမဟုတ် အသင်၌ ရွှေဖြင့်ပြီးသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့မူကား အသင်သည်(ထိုမိုးကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်သော ကျမ်းတစ်စောင်ကို ကျွန်ုပ်တို့အဖို့ ယူချလာခြင်း မပြုသမျှကာလပတ်လုံး(မိုးကောင်းကင်သို့) အသင်တက်သွားခြင်းကို အလျှင်း ယုံကြည်လက်ခံကြမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား (ဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏၊ ငါသည် လူသားရစူလ်တမန်တော် တစ်ပါးမှအပ အခြားမဟုတ်ပြီ။

[94] စင်စစ် လူတို့ထံ(ဖြောင့်မတ်မှန်ကန်သော)တရားဓမ္မရောက်ရှိလာသောအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည်ရစူလ်တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုခဲ့ ကြသည်မှအပ အခြားတစ်စုံတစ်ရာမျှ၎င်းတို့အား အီမာန် သက်ဝင်ယုံကြည်ခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်မဟုတ်ပေ။

[95] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။

[96] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့)အလ္လာဟ် အရှင်မြတ်သည်ပင် ငါနှင့်အသင်တို့၏ စပ်ကြားဝယ် သက်သေအဖြစ်လုံလောက်တော်မူ၏။ အကြောင်းမူကား ထိုအရှင်မြတ်သည်မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ အကြွင်းမဲ့သိတော်မူသော၊အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသောကြောင့်တည်း။

[97] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။

[98] ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။

[99] ဧကန်စင်စစ် မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(အသစ်ပြန်လည်) ဖန်ဆင်းတော်မူရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ၎င်းတို့သည် မသိမမြင်ကြလေသလော။ စင်စစ် ထိုအရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) ယုံမှားသံသယ လုံးဝကင်းရှင်းသောကာလအပိုင်းအခြားတစ်ခုကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ သို့တစေလည်း မတရား ကျူးလွန်သူတို့မူကား မယုံမကြည် ငြင်းဆိုခြင်းမှတစ်ပါး အခြားကို မနှစ်သက်ခဲ့ကြပေ။

[100] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ) သုံးစွဲ၍ ကုန်ဆုံးသွားမည်ကိုစိုး၍ အသင်တို့စေးနှဲကြပေမည်။ စင်စစ် လူသားတို့သည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြကုန်သတည်း။

[101] ၎င်းပြင် (နဗီတမန်တော်) မူစာသည် အစ္စရာအီလီမျိုးနွယ်တို့ထံ ရောက်ရှိလာသောအခါ မချွတ်မလွဲ ငါအရှင်မြတ်သည် ယင်းမူစာအား တန်ခိုးပြာဋိဟာကိုးပါးကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (ဤအကြောင်းကို) အစ္စရာအီလီမျိုးနွယ်တို့အားမေးမြန်းစုံစမ်း၍ကြည့်ပါလေ။ ထို(ကဲ့သို့မူစာ ရောက်လာသော)အခါ ယင်းမူစာအား ဖိရ်အောင်(န်)က အို-မူစာ၊ ဧကန်စင်စစ်ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဖြစ်သည်ဟု ထင်မှတ်ကြောင်း ပြောဆိုခဲ့လေသည်။

[102] ထိုမူစာက (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ဤသည်တို့ကို မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာလျှင် ပိုင်းခြားသိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ်ချပေးတော်မူခဲ့ ကြောင်း။ အမှန်စင်စစ် အသင်သည်သိရှိခဲ့ပြီးဖြစ်ပေသည်။ ၎င်းပြင်၊ အို-ဖိရ်အောင်(န်) ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်ဖြစ်သည်ဟု ထင်မှတ်ပေသတည်း။

[103] ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။

[104] ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။

[105] စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။

[106] ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။

[107] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ၊(အကြောင်းမထူးပေ) အသင်တို့ ယုံကြည်ကြသဖြင့်ယင်းကုရ်အာန်ကျမ်း တော်မြတ်သည် ပိုမို၍ ပြည့်စုံသွားမည်လည်းမဟုတ်။ အသင်တို့ မယုံကြည်သဖြင့် ချို့တဲ့နေမည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် ယင်းကုရ်အာန်မကျရောက်မီ အလျင်က အသိပညာကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့မူကား ၎င်းတို့ရှေ့ဝယ် ယင်း(ကုရ်အာန် ကျမ်းတော်မြတ်)ကိုဖတ်ကြားလေသောအခါ ၎င်းတို့ သည် မျက်နှာအောက်ချလျက်ပျပ်ဝပ်ဦးချကြကုန်သည်။

[108] ၎င်းပြင် ထိုသူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ကတိသည် အမှန်မလွဲဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်ဟု (ဝန်ခံ)လျှောက်ထား ကြကုန်၏။

[109] ၎င်းပြင် ထိုသူတို့သည် ငိုကြွေးလျက် မျက်နှာအောက်ချကြကုန်၏။ ၎င်းပြင် ယင်းကုရ်အာန် ကျမ်းတော်သည်ထိုသူတို့၌ ချစ်ကြောက်ရိုသေမှုကို ပိုမိုတိုးပွားစေပေသတည်း။

[110] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။

[111] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောဆို (ထောပနာပြု) ပါလေ။ ချီးမွမ်းထောပနာအပေါင်း တို့သည် အကြင် အလ္လာဟ်အရှင်မြတ် နှင့်သာထိုက်၏။ထိုအရှင်မြတ်သည် သားသမီးတစ်ဦးတစ်ယောက်မျှလည်းပြုလုပ်တော်မမူခဲ့ချေ။ ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင်ဖက်စပ်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိပေ။ ထို့ပြင်ဂုဏ်သရေ သိမ်ငယ် မှုကြောင့် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ ၎င်းပြင် အသင်သည် ထိုအရှင်မြတ်၏ ကြီးကဲမြင့်မြတ်တော်မူကြောင်းကိုလည်း ချီးကျူးကြေညာပါလေ။

ဂူ

Surah 18

[1] ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာသက်ဆိုင်၏။ ထိုအရှင်မြတ်သည် မိမိကျွန်(မုဟမ္မဒ်)၏အပေါ်ဝယ် ကျမ်းတော်မြတ်(ကုရ်အာန်)ကို ချပေးသနားတော်မူခဲ့၏။ ၎င်းပြင်ထိုအရှင်မြတ်သည် ယင်း(ကုရ်အာန်)ကျမ်းတော်၌ မည်သည့်(ဝေ့ဝိုက်)ကွေ့ကောက်မှုကိုမျှထားရှိတော်မမူခဲ့ချေ။

[2] အမှန်မှာ ထိုကျမ်းဂန်ကို ဖြောင့်မတ်စွာပြုစုထားတော်မူခဲ့ပေသည်။ ထိုအရှင်မြတ်အထံတော်မှ (ကျရောက်အံ့သော)ပြင်းထန်လှသောပြစ်ဒဏ်မှ သတိပေးအံ့သောငှာလည်းကောင်း၊ ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတို့အဖို့ အလွန်မွန်မြတ်လှစွာသော အကျိုးဆုလာဘ်ရှိသည်ဟုသတင်းကောင်း ပေးအံ့သောငှာလည်းကောင်း။

[3] (၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။

[4] အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးမွေးစားတော်မူခဲ့သည်ဟု ပြောဆိုကြကုန်သောသူတို့အား သတိပေးနှိုးဆော်အံ့သောငှာလည်းကောင်း။

[5] (စင်စစ်)ထိုသူတို့လည်းဤ(စွပ်စွဲချက်)နှင့်စပ်လျဉ်း၍မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိပေ။ ထိုနည်းတူစွာ ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေးတို့၌လည်း (မည်သည့်အသိပညာ သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိချေ။ ၎င်းတို့၏နှုတ်မှထွက်သောစကားသည်အလွန်ကြီးကျယ်လှပေသည်။၎င်းတို့သည် မဟုတ်မမှန်မုသား(စကား)ကိုသာ ပြောဆိုကြကုန်သတည်း။

[6] သို့ဖြစ်ရာ(အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် ဤကျမ်းတော်ကို မယုံကြည်ခဲ့ကြပါလျှင် အသင်သည်(သေလုမတတ် ပူပန်သောကများနေဟန်တူသည်)။

[7] ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အား ၎င်းတို့အနက် မည်သူသည်အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှါ၊ ပထဝီမြေပေါ်၌ရှိကုန်သော အရာဝတ္ထုများကို ငါအရှင် မြတ်သည် ယင်းပထဝီမြေ၏အလှများ ပြုလုပ်တော် မူခဲ့လေ၏။

[8] တစ်ဖန် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်၌ ရှိရှိသမျှတို့ကို အမှန်ပင် သွေ့ခြောက်သောမြေပြင်အတိပြုလုပ်တော်မူမည့်အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။

[9] ဧကန်စင်စစ် ဥမင်လိုဏ်ခေါင်းတွင် ခို(အောင်းခဲ့)သူတို့သည် ရေးသားထားသော သင်ပုန်းရှင်တို့နှင့် ရကီမ်မြို့သားတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာများအနက်ထူးဆန်းအံ့ဖွယ်ဖြစ်သည်ဟု အသင်ထင်မှတ်လေသလော့။

[10] (ပြန်လည် အောက်မေ့သတိရပါလေ)၊ အကြင်အခါ ဝယ် ထိုလူငယ်တို့သည် ဥမင်လိုဏ်ခေါင်းသို့ (သွားရောက်)ခိုအောင်းခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။

[11] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့၏နားပေါ်၌ ဥမင်လိုဏ်ခေါင်းတွင် ရေတွက်ထားသော နှစ်ပေါင်းများစွာအထိ (တံဆိပ်)ရိုက်နှိပ် အဖုံးပိတ်ထားတော်မူခဲ့လေ၏။(ဝါ) (အိပ်ပျော်စေတော်မူခဲ့လေသည်။)

[12] ထိုနောက် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုအုပ်စုနှစ်စုအနက် မည်သည့်အုပ်စုသည် ၎င်းတို့ နေထိုင်ခဲ့ကြသော (အချိန်ကာလ၏)အဆုံးအစွန်ကို ရေတွက်မှတ်သားခဲ့သည်ကို သိအံ့သောငှာ ပြန်နိုးစေတော်မူခဲ့ပေသတည်း။

[13] (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။

[14] ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ဘုရင်၏ရှေ့ဝယ် သို့မဟုတ် လူများ၏ရှေ့ဝယ်) မားမားမတ်မတ် ရပ်တည်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးကိုကြံ့ခိုင်စေတော်မူခဲ့လေသည်။ ထိုအခါ ၎င်းတို့သည် (ဤသို့)ပြောကြားခဲ့ကြလေသည်။ ကျွန်ုပ်တို့၏အရှင်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ရာ)ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှကိုးကွယ်ရာအဖြစ် အလျှင်း ဟစ်ခေါ်(တသကိုးကွယ်ဆည်းကပ်)ကြမည်မဟုတ်ကြောင်း၊ ထိုသို့(ပြုခဲ့ကြသည်)ဖြစ်လျှင် ဧကန်မလွဲကျွန်ုပ်တို့သည် အလွန့်အလွန် လွန်ကဲသောအမှုကိစ္စကို၊ အမှန်တရားနှင့် အလွန်ဝေးကွာ ကမ်းလှမ်းသောစကားကို၊ ပြောဆို(ကျူးလွန်)သူများ ပင် ဖြစ်သွားကြမည်ဖြစ်ကြောင်း။

[15] (ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို လီဆယ်စွပ်စွဲသောသူထက် သာလွန်မတရားသောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေတကား။

[16] ထို့နောက် (ယင်းလုလင်တို့အနက် အချို့ကအချို့အား) အသင်တို့သည် ယင်း(အမျိုးသား)တို့ထံ မှလည်းကောင်း၊ အလ္လာဟ်အရှင်မှတစ်ပါး ထိုသူတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ကိုးကွယ်ရာများထံ မှလည်းကောင်း၊ ခွဲခွာနောက်ဆုတ်ခဲ့ကြပြီးဖြစ်ပေရာ အသင်တို့သည် (ထို)ဥမင်လိုဏ်ခေါင်းသို့(သွားရောက်)ခိုလှုံကြလေကုန်။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည် မိမိကရုဏာတော်ကို အသင်တို့အပေါ်ဝယ် ဖြန့်၍ပေးသနားတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အရေးကိစ္စကိုအထူး အကျိုးကျေးဇူးရှိစေရန် စီမံ၍ ပေးတော် မူမည် ဖြစ်သည်။

[17] ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် နေထွက်သောအခါ ထိုနေသည် ထို(လုလင်)တို့၏လိုဏ်ဂူမှ လက်ယာဘက်သို့ ညွှတ်၍နေသည်ကိုလည်းကောင်း၊ တစ်ဖန်ထိုနေသည် (ပြန်)ဝင်သောအခါ လက်ဝဲဘက်သို့ (ကျော်ထွက်ကာ) ထိုသူတို့အား ရှောင်ကွင်း၍သွားသည်ကိုလည်းကောင်း၊တွေ့မြင်ရမည် ဖြစ်၏။ စင်စစ် ၎င်းတို့သည် ယင်းလိုဏ်ဂူတွင်ကျယ်ဝန်းသောနေရာ၌ပင် ရှိခဲ့ကြကုန်၏။ ဤသည်ကားအလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များအနက် လက္ခဏာတော်တစ်ရပ်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ် တရားလမ်းမှန်ကို ညွှန်ပြသောသူသည်သာလျှင် တရားလမ်းမှန်ကို ရရှိသူဖြစ်၏။ သို့ရာတွင် ထိုအရှင်မြတ်က လမ်းမှားစေတော်မူသောသူမှာမူကားထိုသူအား ကူညီရိုင်းပင်းမည်ဖြစ်သော၊ တရားလမ်းမှန်ညွှန်ပြသော အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။

[18] ထို့ပြင်(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (တွေ့မြင်ရပါလျှင်) နိုးနေကြသူများဟူ၍ပင် ထင်မှတ်ပေမည်။ စင်စစ် ၎င်းတို့သည် အိပ်ပျော်၍ နေကြသူများပင်ဖြစ်ကြကုန်၏။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ထိုသူတို့အား လက်ယာဘက်သို့လည်းကောင်း၊ လက်ဝဲဘက်သို့လည်းကောင်း၊ ပြောင်း၍ပေးတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့၏ခွေးသည် တံခါးဝ၌ မိမိလက်နှစ်ဖက်ကို ဖြန့်(ခင်း)လျက်ရှိခဲ့၏။ (အို-နဗီတမန်တော်)အကယ်၍သာ အသင်သည် ၎င်းတို့အား ချောင်းကြည့်ခဲ့ပါမူအမှန်ပင်အသင်သည် ၎င်းတို့ဘက်မှ ကျောခိုင်း၍ထွက်ပြေးသည့်ပြင် ၎င်းတို့အား ထိတ်လန့်မှုသည်လည်း အမှန်ပင်အသင်၌ ပြည့်လျှံ၍ သွားခဲ့မည်သာတည်း။

[19] ၎င်းပြင် ဤနည်းနှင်နှင် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြအံ့သောငှာ (ပြန်လည်၍) နိုးထစေတော်မူခဲ့၏။ (ထိုအခါ)၎င်းတို့အနက် ပြောဆိုသူတစ်ဦးက အသင်တို့သည် အဘယ်မျှလောက်(အချိန်ကာလတိုင်အောင် အိပ်ပျော်)နေခဲ့ကြသနည်းဟုပြောဆိုမေး မြန်းခဲ့ရာ ထိုသူတို့(အနက်အချို့)က ကျွန်ုပ်တို့သည်တစ်နေ့ သို့မဟုတ်နေ့၏တစ်စိတ်တစ်ဒေသမျှပင် အိပ်နေခဲ့ကြပါသည်ဟု ဖြေကြားခဲ့လေသည်။ (ထိုအခါ) ၎င်း(တို့အနက်အချို့သူ)တို့ကမူ (ဤသို့)ပြောဆိုခဲ့ကြလေသည်။ (စင်စစ်)အသင်တို့ အိပ်ပျော်နေခဲ့ကြသောအချိန်ကာလကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်သာလျှင်အသိဆုံးပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည်(ယခု) မိမိတို့ အနက် တစ်ဦးဦးကို မိမိတို့၏ ဤငွေဒင်္ဂါးကိုပေး၍မြို့ထဲသို့ စေလွှတ်ကြလေကုန်။ သို့စေလွှတ်ခဲ့လျှင် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုပြီးနောက် ထိုသူသည် စားဖွယ်အချို့ကို အသင်တို့ထံ ယူဆောင်လာခဲ့ရမည်။ သို့ရာတွင် ထိုသူသည် (မြို့ထဲသို့သွားရာ၌ မြို့သူမြို့သားတို့သည် လုံးဝဒွိဟသံသယမဖြစ်ကြစေရန်) ပရိယာယ်ကျင့်သုံးရမည်။ ၎င်းပြင် ထိုသူသည် အသင်တို့နှင့် ပတ်သက်၍မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသိစေရ။

[20] အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ သိသွားခဲ့ကြပါလျှင် ထိုသူတို့သည် အသင်တို့အား ခဲဖြင့်ပစ်ပေါက်၍ သတ်ခြင်းကိုသော်လည်းကောင်း၊ မိမိတို့၏ဘာသာ၊ သာသနာတွင်းသို့ ပြန်လည်သိမ်းသွင်းခြင်းကိုသော် လည်းကောင်း၊ ပြုလုပ်ကြမည်ဖြစ်သောကြောင့်ပင်၊ စင်စစ်သော်ကား (အကယ်၍သာ ထိုကဲ့သို့ ဖြစ်ခဲ့ရပါလျှင်) အသင်တို့သည် မည်သည့်အခါမျှပင် အောင်မြင်ကြမည်မဟုတ်ပေ။

[21] စင်စစ်သော်ကား ဤနည်းနှင်နှင် ငါအရှင်မြတ်သည် (ထိုခေတ်ရှိ လူသားတို့အား)၎င်းတို့နှင့်ပတ်သက်၍ သိစေတော်မူခဲ့လေ၏။ သို့မှသာလျှင် (လူတို့သည်) အလ္လာဟ်အရှင်မြတ်၏ကတိတော် မှန်ကန်ကြောင်းကိုလည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ အလျှင်းမရှိနိုင်ကြောင်းကိုလည်းကောင်း၊ သိရှိကြပေမည်။ ထိုအခါ မြို့နေလူထုသည် ယင်း (လုလင်) တို့၏အရေးကိစ္စနှင့်စပ်လျဉ်း၍အချင်းချင်း ငြင်းခုံနေကြကုန်၏။ ထိုအခါ အချို့သူတို့က ထို(လုလင်)တို့၏အနီးတွင် အဆောက်အအုံတစ်ခုကိုတည်ဆောက်ကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ရာတွင် မိမိတို့၏အရေး အရေးကိစ္စ၌ အောင်မြင်ခဲ့ကြသော ( အာဏာပိုင် မုအ်မြင် သက်ဝင်ယုံကြည်)သူတို့က ကျွန်ုပ်တို့မူကား ယင်း(လုလင်)တို့၏အနီးတွင် ဝတ်ကျောင်းတစ်ခုကို မုချတည်ဆောက်ကြမည်ဟု ပြောဆိုခဲ့ကြကုန်သတည်း။

[22] မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။

[23] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။

[24] သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။

[25] စင်စစ် (ယင်းလုလင်) တို့သည် မိမိတို့၏ဥမင်လိုဏ်ခေါင်းတွင် တိုနှစ်ပေါင်းသုံးရာနှင့်ကိုးနှစ် တိုင်တိုင် နေခဲ့ကြကုန်၏။

[26] (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားအချင်းတို့) ယင်း(လုလင်)တို့နေခဲ့ကြသောအချိန်ကာလ နှစ်ပရိစ္ဆေဒကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူကြောင်း။ (စင်စစ်)မိုးကောင်းကင်များရှိ ဖုံးကွယ်လျက်ရှိကုန်သောအရာများကိုလည်းကောင်း၊ ပထဝီမြေရှိ ဖုံးကွယ်လျှက်ရှိကုန်သောအရာများကိုလည်းကောင်း၊ သိစွမ်းနိုင်မှုသည် အလ္လာဟ်အရှင်မြတ်၌သာရှိနေပေရာ၊ ထိုအရှင်မြတ်သည် အဘယ်မျှ မြင်တော်မူသောအရှင်၊ အဘယ်မျှ ကြားတော်မူသောအရှင်ဖြစ်တော်မူကြောင်း၊ ထိုသူတို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုပြီးစီးအောင်ပြုလုပ်၍ ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း၊ စင်စစ် ထိုအရှင်မြတ်သည် မိမိအမိန့်ပြဋ္ဌာန်းမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဖက်စပ်ပါဝင်စေတော်မူသည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။

[27] ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။

[28] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍ နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ဟစ်ခေါ်(တသ သတိရ)ကြကုန်၏။ထိုမှတစ်ပါး အသင်သည် ဤလောကီဘဝ၏ တင့်တယ် မှုကိုရည်စူးလျက် မိမိ၏မျက်စိနှစ်လုံးကို ၎င်းတို့ ဘက်မှ(ပြန်)မလှည့်ပါလေနှင့်(လျစ်လျူမပြုပါနှင့်။) ငါအရှင်မြတ်သည်ထိုသူ၏စိတ်နှလုံးကို ငါအရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မေ့လျော့စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူသည် မိမိအလိုဆန္ဒကိုသာလိုက်နာလျက် ရှိနေလေ၏။ စင်စစ်သော်ကား၎င်း၏အရေးကိစ္စမှာ အလွန်အကျွံပင် ဖြစ်နေချေသတည်း။

[29] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။

[30] ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ဧကန်စင်စစ် ငါအရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ကုသိုလ်အကျိုးကို ဆုံးရှုံးစေတော်မူသည် မဟုတ်ပေ။

[31] ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။

[32] ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား လူနှစ်ယောက်၏ဥပမာကို ခိုင်းနှိုင်း၍ပြပါလေ။ ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးအားစပျစ်ခြံနှစ်ခြံကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်ယင်းခြံနှစ်ခြံကို စွန်ပလွံပင်များဖြင့်ခြံရံ၍ ပေးတော်မူခဲ့သည်။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြား တွင် လယ်တစ်ခုကိုလည်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။

[33] ထိုခြံနှစ်ခြံမှာ အသီးအနှံများကို အနည်းငယ်မျှပင် လျော့နည်းစေခြင်းမရှိပဲ(ရာသီမလပ်)သီးပွင့်၍ ပေးလျက်ပင်ရှိခဲ့ကြ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားဝယ် ချောင်းတစ်ခုကိုလည်း စီးထွက်စေတော်မူခဲ့ပေသည်။

[34] ထိုမှတစ်ပါး ထိုသူ၌ (ယင်းလယ်ယာဥယျာဉ်များအပြင် အခြားသော)ဥစ္စာပစ္စည်းများလည် ရှိခဲ့ပေရာ၊ 4င်းကမိမိအဖော်အား ထိုအဖော်နှင့် ဤသို့ပြောဆိုလေသည်။ကျွန်ုပ်သည် အသင့်ထက် ဥစ္စာပစ္စည်းအားဖြင့်လည်း (ချမ်းသာကြွယ်ဝ)ပိုမိုများပြားသူ ဖြစ်သည့်ပြင် ခြွေရံသင်းပင်းအားဖြင့်လည်း (အသင့် ထက်)ပိုမို များပြားသူဖြစ်ပေသည်။

[35] ၎င်းနောက် ထိုသူသည် မိမိဥယျာဉ်သို့ မိမိကိုယ်ကို မိမိနှိပ်စက်သူအဖြစ် ဝင်ရောက်လျက်(ဤသို့)ပြောဆိုခဲ့လေသည်။ ကျွန်ုပ်မူကား ဤဥယျာဉ်သည်မည်သည့်အခါ၌မျှ ပျက်စီးလိမ့်မည်မထင်ဟုပြောဆိုခဲ့လေ၏။

[36] ထိုနည်းတူစွာ ကျွန်ုပ်သည် ကိယာမတ်ဖြစ်လိမ့်မည်ဟူ၍လည်းမထင်။ သို့ရာတွင် အကယ်၍ ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပြန်ပို့ခြင်းကို ခံခဲ့ရသည့်တိုင်လည်း၊ ဧကန်မလွဲ ကျွန်ုပ်သည်ယင်းဥယျာဉ်ထက် ပိုမို၍ကောင်းမြတ်သောနေရာကိုပင် ရရှိအံ့သတည်းဟူ၍လည်း ပြောဆိုပြန်၏။

[37] (ထိုအခါ)၎င်း၏အဖော်သည် ၎င်းအား ဖြေကြားသောအားဖြင့်(ဤသို့)ပြောဆိုခဲ့လေ၏။ (အိုချစ်ဆွေ)အသင်သည် အကြင်အရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့လေသလော။ထိုအရှင်မြတ်သည် အသင့်အား (ဦးစွာပထမ)မြေကြီးဖြင့်ဖန်ဆင်းသောမူခဲ့လေသည်။ ထို့နောက် သုတ်ရည်စက်တစ်စက်ဖြင့် (သန္ဓေတည်စေ)ပြီးနောက် အသင့်အား ယောက်ျားအဖြစ်ပြီးမြောက်စုံလင်အောင် စီမံဆောင်ရွက်တော်မူခဲ့ပေသည်။

[38] သို့ရာတွင် ကျွန်ုပ်မူကား ထိုအရှင်မြတ်သည်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ် အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ၎င်းပြင် ကျွန်ုပ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သည် လည်းမဟုတ်ပေ။

[39] ၎င်းပြင် အသင်သည် မိမိဥယျာဉ်သို့ ဝင်ရောက်ခဲ့စဉ်အခါက(မာရှာအလ္လာဟ်လာကူးဝသအစ်လ္လာဗစ်လ္လာဟ်)ဤသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာကိစ္စသာလျှင် ဖြစ်မြောက်၏။ အလ္လာဟ်အရှင်အကူအညီမရှိလျှင်မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိပါ ဟု အဘယ်ကြောင့် မဆိုခဲ့ပါသနည်း။ အကယ်၍ အသင်သည် ကျွန်ုပ်အား အသင့်ထက်ပစ္စည်းဥစ္စာအားဖြင့် လည်းကောင်း၊ သားသမီးဥစ္စာအားဖြင့်လည်းကောင်း နည်းပါးသူဖြစ်သည်ဟု မြင်နေပါသော်လည်း၊

[40] ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်၏ဥယျာဉ်ထက် ပိုမိုကောင်းမြတ်သော(ဥယျာဉ်ကို) ကျွန်ုပ်အား ချီးမြှင့်ပေးသနားတော်မူ၍ (အသင်၏)ထိုဥယျာဉ်ပေါ်၌ မိုးကောင်ကင်မှ မိုးကြိုးလောင်မီးဘေးအန္တရာယ်တစ်စုံတစ်ရာကို ချတော်မူလတ္တံ့။ သို့ဖြစ်လျှင်(အသင်၏) ထိုဥယျာဉ်မှာချောမွတ်သော မြေပြင်တစ်ခုသာဖြစ်သွားအံ့တည်း။

[41] သို့တည်းမဟုတ် (အသင်ဥယျာဉ်အနီး၌ရှိ သော)ချောင်းရေသည် (မြေကြီးအောက်သို့) နက်ဝင်သွားတန်ရာ၏။သို့ဖြစ်လျှင် အသင်သည် ထိုရေကို အလျှင်း ရှာဖွေ(ထုတ်ယူ)နိုင်မည် မဟုတ်ပေတကား။

[42] ထို့နောက်ထိုသူ၏ဥစ္စာပစ္စည်း(ခြံဥယျာဉ်စသည်)များသည် (ဘေးအန္တရာယ်များ၏)ဝန်းဝိုင်းခြင်းကို ခံခဲ့ရလေသည်။၎င်းပြင် ယင်းဥယျာဉ်မှာမူကား မိမိစင်များပေါ်၌ ပြိုကျသွားခဲ့၏။ သို့ဖြစ်ရာ ထိုသူသည် ယင်းဥယျာဉ်၌(မိမိ) သုံးစွဲခဲ့သော(စရိတ်ကြေးငွေအားလုံးဆုံးရှုံးပျက်ပြုန်းခဲ့)ရသည့်အတွက်(ဝမ်းနည်းသောအားဖြင့်) မိမိလက်ဝါး နှစ်ဖက်ကို ပွတ်သက်၍ ၎င်းအား ယိုင်းပင်းကူညီနိုင်သော အုပ်စုဟူ၍လည်း အလျှင်းမရှိခဲ့ပေ။ ထို့ပြင် ၎င်း(ကိုယ်တိုင်) လည်း (ယင်းပြစ်ဒဏ်မှလွတ်ကင်းအောင်)ကူညီကယ်ဆယ်နိုင်ခြင်း မရှိချေ။

[43] င်းပြင် ထိုသူ၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်(ရပ်စေ)လျက် (ရှေ့တော်သို့)သွင်းစေခြင်းကို ခံကြရမည်။ (ထိုအခါ ငါအရှင်မြတ်သည် ဤသို့မိန့်ကြား တော်မူပေမည်။)အသင်တို့သည် ငါအရှင်မြတ် အသင်တို့အား ရှေးဦးမဆွ ပထမအကြိမ်က ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ငါအရှင်မြတ်အထံတော်သို့လာခဲ့ကြချေပြီ။ သို့ရာတွင် အမှန်စင်စစ် အသင်တို့သည်မိမိတို့အတွက် ငါအရှင်မြတ်က (ရှင်ပြန်ထကြရန်) မည်သည့်အချိန် မည်သည့်နေရာကိုမျှ သတ်မှတ်တော်မူလိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်နေခဲ့ကြကုန်သတည်း။

[44] ထိုကဲ့သို့သော အချိန်အခါမျိုးတွင် ကြည့်ရှု စောင်မနိုင်စွမ်းသည် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ နောက်ဆုံးအကျိုး ချီးမြှင့်တော်မူရာ၌လည်း အမွန်မြတ်ဆုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[45] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား လောကီဘဝ၏ ဥပမာကို ခိုင်းနှိုင်း၍ ပြပါလေ။(ဤလောကီသက်တမ်းမှာ)မိုးရေနှင့်တူ၏။(တစ်နည်း)လောကီဘဝ၏ဥပမာကိုမိုးရေနှင့်တူကြောင်း ခိုင်းနှိုင်း၍ပြပါလေ။ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ထိုရေနှင့် မြေမှပေါက်ရောက်သော သစ်ပင်ငယ်များတို့သည်ရောယှက်ထူထပ်လျက် ရှိခဲ့ကြကုန်၏။ ထို့နောက် ယင်းသစ်ပင်ငယ်များသည် သွေ့ခြောက်ကျေမွသွားခဲ့ရာ လေများသည် ယင်းသစ်ပင်များကို လွင့်စေလျက်ရှိကြ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[46] ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ လောကီဘဝ၏ တင့်တယ်မှုမျှပင်ဖြစ်ပေသည်။ သို့ရာတွင် ဆက်လက်၍ အမြဲတစေ တည်အံ့သောကောင်းမြတ်သော အကျင့်သီလတို့မှာမူကား၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြပေသည်။မျှော်လင့်ချက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသတည်း။

[47] ၎င်းပြင် အကြင်နေ့ကို(လည်းသတိရသင့်၏၊)ငါအရှင်မြတ်သည် (ထိုနေ့တွင်)တောင်များကို ရွေ့ရှား စေတော်မူမည်။ ထို့ပြင် အသင်သည် ကမ္ဘာမြေကို လွင်ပြင်ထီးထီးအဖြစ်တွေ့မြင်ပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(လူသားအားလုံး)တို့ကို ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်းမရှိပဲ စုရုံးစေတော်မူပေမည်။

[48] ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် စီတန်းလျက်ရှိနေလေတော့၏။ ထိုအခါ ၎င်းမှာ ဪ-ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်ခြင်းမပြုခဲ့ပါလေသော် တော်လေစွ ဟု (ဝမ်းနည်းပက်လက်)ပြောဆို ညည်းညူမြည်တမ်းလျက်ရှိ ချိမ့်မည်။

[49] ၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် ၎င်းတို့က ဪ-ကျွန်ုပ်တို့အကျိုးနည်းရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ ဟုပြောဆိုမြည်တမ်း ညည်းညူကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။

[50] ၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။

[51] ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။

[52] ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။

[53] ထိုမှတစ်ပါး အပြစ်ရှိသူတို့သည် (ဂျဟန္နမ်ငရဲ)မီးကို တွေ့မြင်ကြသောအခါ ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာယင်းမီးထဲသို့ ကျဆင်းအံ့သောသူများပင် ဖြစ်ကြသည်ဟုယုံကြည်ကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ယင်းမီး(ဘေးမှ)လွဲရှောင်နိုင်ရန်နေရာတစ်စုံတစ်ခုကိုမျှတွေ့ရှိကြမည်မဟုတ်ပေ။

[54] ၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ အရာခပ်သိမ်းတို့ထက် အငြင်းအသန်ဆုံးပင်ဖြစ်ကြကုန်သတည်း။

[55] စင်စစ် လူတို့အား ၎င်းတို့ထံ တရားလမ်းမှန်ရောက်ရှိခဲ့ပြီးနောက် သက်ဝင်ယုံကြည်ခြင်းမှလည်း ကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းခွင့်ကို အသနားခံပန်ကြားခြင်းမှလည်းကောင်း၊(မည်သည့်အရာကမျှပင်) တားဆီးခဲ့သည့် မဟုတ်ပေ။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ထံ ရှေးသူဟောင်းတို့(ထံ ရောက်ရှိခဲ့သည့် စီရင်ချက်)ကဲ့သို့သော စီရင်ချက်သည် ရောက်ရှိလာခဲ့ခြင်းကိုသော်လည်းကောင်း၊ မိမိတို့ထံ အမျိုးမျိုးသောပြစ်ဒဏ်များသည် ဆိုက်ရောက်လာခြင်းကိုသော်လည်းကောင်း၊ (စောင့်မျှော်၍ပင်နေခဲ့ကြကုန်သတည်း၊)

[56] စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အား သတင်းကောင်းပြောကြားသူများ သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်တော်မူ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ မှာမူကား မတရားသဖြင့်အငြင်းအခုံပြုကြကုန်၏။ (သို့အငြင်းအခုံပြုကြခြင်းမှာ ၎င်းတို့သည် အငြင်းခုံမှုဖြင့် အမှန်တရားကို ချွတ်ချော်စေအံ့သောငှာ(ဖြစ်ပေသည်)။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်များပြုလုပ်ခဲ့ကြကုန်၏။

[57] အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။

[58] ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။

[59] စင်စစ် ဤသည်(တို့သည်)အကြင်မြို့(သူ) ရွာ(သား)များပင်။ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီး တော်မူခဲ့၏။ အမှန်သော်ကားငါအရှင်မြတ်သည် ၎င်းတို့ပျက်စီးကြရန်အလို့ငှာ ချိန်းချက်ထားသောကာလတစ်ခုကို ပြုလုပ်သတ်မှတ်တော်မူခဲ့ပေသတည်း။

[60] ၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)မူစာသည် မိမိနောက်ပါတပည့်အား ငါသည် မြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနားသွားပေမည်။ သို့တည်းမဟုတ်ငါသည် နှစ်ရှည်လများ သွား၍ပင်နေမည်ဟု ပြောကြားခဲ့လေသည်။

[61] ထိုနောက် ၎င်း(မူစာနှင့်နောက်ပါတပည့်) နှစ်ဦးစလုံးသည် ထိုမြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိခဲ့ ကြသော အခါ၎င်းတို့နှစ်ဦးသည် မိမိတို့၏ငါးကို မေ့သွားခဲ့ကြ၏။ စင်စစ်ယင်းငါးသည် မြစ်ထဲတွင် မိမိလမ်းကို အက်ကြောင်းရှည်ကြီးပြုလုပ်လျက် လျှောဆင်း၍ သွားခဲ့လေသည်။

[62] တစ်ဖန် ယင်း(မူစာနှင့်နောက်ပါတပည့်)နှစ်ဦးသည်(ယင်းမြစ်နှစ်သွယ်ဆုံရာမှ) ရှေ့သို့ကျော်လွန် လာခဲ့ကြသောအခါ ထိုမူစာက မိမိ နောက်ပါတပည့်အား နံနက်စာကိုကျွန်ုပ်ထံယူခဲ့လော့။ ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိတို့၏ဤခရီးကြောင့် မောပန်းကြရချေပြီဟု ပြောဆိုခဲ့လေသည်။

[63] (ထိုအခါ) ယင်းနောက်ပါတပည့်က (ဤသို့)ပြောဆို ဖြေကြားခဲ့လေသည်။ ကျွန်ုပ်တို့သည် ကျောက်ဆောင်၏အနီးတွင် နားခဲ့ကြသည်ကို (ကိုယ် တော်) သတိရပါလိမ့်မည်။ထိုအခါ ကျွန်ုပ်သည် ဧကန်မလွဲ ငါး(၏ ထူးဆန်းအံ့ဖွယ်သောအကြောင်း)ကို ကိုယ်တော်အား ပြောပြရန်မေ့သွားခဲ့ပါသည်။အမှန်သော်ကား ကျွန်ုပ်အား ယင်း(အကြောင်း)ကို သတိမရနိုင်ရန် ရှိုင်တွာန်မိစ္ဆာကောင်ကသာလျှင် မေ့လျော့စေခဲ့ပါသည်။ စင်စစ် ယင်းငါးသည် မြစ်ထဲတွင် မိမိလမ်းကို ထူးဆန်းအံ့ဩစွာ ပြုလုပ်၍ သွားခဲ့ပါသည်။

[64] (ထိုအခါ) ယင်းမူစာက ထို(နေရာ)သည်ပင်ကျွန်ုပ်တို့ ရှာဖွေနေသော(နေရာ)ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့ ခြေရာများပေါ်၌ ခြေထပ်၍ နောက်သို့ ပြန်ခဲ့ကြလေသည်။

[65] ထိုအခါ ထိုနှစ်ဦးသည် ငါအရှင်မြတ်၏ ကျွန်များအနက် ကျွန်တစ်ပါးကို တွေ့ရှိကြလေသည်။ ငါ အရှင်မြတ်သည် ထိုကျွန်အား မိမိအထံတော်မှ အထူးကျေးဇူးတော်တစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် (အထူး)ပညာတစ်ရပ်ကို လည်း ထိုကျွန်အား သင်ကြား၍ပေးတော်မူခဲ့လေသတည်း။

[66] မူစာသည် (ငါအရှင်မြတ်၏)ထိုကျွန်အား အသင်သည် မိမိသင်ကြားပို့ချခြင်းခံရသည့် ဆင်ခြင်တုံ တရားအနက်မှကျွန်ုပ်အားလည်း သင်ပေးပါရန် ကျွန်ုပ်အသင်နှင့်အတူ လိုက်နိုင်ပါသလောဟု ပြောဆို (မေတ္တာရပ်ခံ)ခဲ့လေ၏။

[67] ၎င်းက ဧကန်အမှန် အသင်သည် ကျွန်ုပ်နှင့်အတူ အလျင်းသည်းခံ(၍နေ)နိုင်မည် မဟုတ်ဟု ပြောဆိုဖြေကြားခဲ့လေ၏။

[68] စင်စစ် အသင်သည် အသိပညာအားဖြင့် မိမိမငုံမိသောကိစ္စနှင့်စပ်လျဉ်း၍ အသို့လျှင်သည်းခံ၍ နေနိုင်ပါအံ့နည်း။

[69] (ထိုအခါ) ယင်းမူစာက အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင် အသင်သည် ကျွန်ုပ်အား သည်းခံ သူတစ်ဦးဖြစ်သည်ကို တွေ့ရှိပါလိမ့်မည်။ ထိုမှတစ်ပါး ကျွန်ုပ်သည်အသင်၏ မည်သည့်အမိန့်ကိုမျှပင် သွေဖည်မည် မဟုတ်ပါဟုပြောဆိုခဲ့လေသည်။

[70] ၎င်းက (ဤသို့)ပြောကြားခဲ့၏။ အကယ်၍အသင်သည် ကျွန်ုပ်နှင့်အတူ လိုက်ခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား မည်သည့်အရာနှင့်မျှစပ်လျဉ်း၍ ကျွန်ုပ်ကိုယ်တိုင် အသင့်အား ထိုအရာကို စတင်ပြောဆိုရှင်းလင်းခြင်း မပြုသမျှကာလပတ်လုံး မေးမြန်းခြင်းကို မပြုပါနှင်

[71] ထို့နောက် 4င်း(မူစာနှင့်ခဿွရ်)တို့နှစ်ဦးသည်လျှောက်သွားကြပြီး နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် ရွက်သင်္ဘောပေါ်သို့ စီးနင်းကြသောအခါ ယင်း(ခစ်ဿွ်ရ်)သည်ထိုရွက်သင်္ဘောကို ဖောက်ခဲ့လေသည်။ (ထိုအခါ) ယင်း(မူစာ)က (ဤသို့)ပြောဆိုခဲ့လေသည်။ အသင်သည် ဤသင်္ဘောကိုသင်္ဘောပေါ်၌ ပါရှိသောသူတို့အား နစ်မြုပ်စေအံ့သောငှာဖောက်ခဲ့လေသလော။ ဧကန်မလွဲ အသင်သည် အလွန်ဆိုးရွားသော အပြုအမူတစ်ရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။

[72] ယင်း (ခစ်ဿွ်ရ်) က (ဤသို့) ပြောဆိုခဲ့လေ၏။(အချင်းမူစာ)ဧကန်အမှန် အသင်သည် ကျွန်ုပ်နှင့်အတူအလျင်းသည်းခံ၍ နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ် ပြောကြားခဲ့သည် မဟုတ်ပါလောဟု ဆိုလေ၏။

[73] ယင်း(မူစာက) အသင်သည် ကျွန်ုပ်မေ့လျော့ခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား အရေးမယူပါလေနှင့်။၎င်းပြင် အသင်သည် ကျွန်ုပ်၏ (ဤ) ကိစ္စတွင် ကျွန်ုပ်အပေါ်၌ကျပ်တည်းမှုမပြုပါနှင့်ဟု ပြောဆိုခဲ့လေသည်။

[74] ထိုနောက် တစ်ဖန် ၎င်း(မူစာနှင့်ခစ်ဿွ်ရ်)တို့နှစ်ဦးသည် (ရှေ့သို့ဆက်လက်၍ လျှောက်သွားခဲ့ကြပြန်ရာ သူငယ်တစ်ယောက်ကို တွေ့ကြသောအခါ ယင်း(ခစ်ဿွ်ရ်)ကထိုသူငယ်အား သတ်ဖြတ်ခဲ့လေ၏။ (ဤသည်တွင်) ထို(မူစာ)က(အချင်းခစ်ဿွ်ရ်) အသင်သည် သန့်စင်သော အသက်တစ်ချောင်းကို မည်သည့်အသက်တစ်ချောင်း(၏ သက်စားသတ်ခြင်း)မျှ မဟုတ်ဘဲ (မတရားသဖြင့်) သတ်ဖြတ်ခဲ့လေသလော။ဧကန်မလွဲ အသင်သည် အလွန့်အလွန် ဆိုးရွားလှသောအမှုတစ်ရပ်ကို ကျူးလွန်ပြုလုပ်ခဲ့ချေပြီတကား ဟု ပြောဆိုခဲ့လေသတည်း။

[75] ၎င်း (ခစ်ဿွ်ရ်)က (ဤသို့) ပြောဆိုခဲ့ပြန်၏(အချင်း-မူစာ) ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့နှင့်အတူအလျှင်း သည်းခံ၍နေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်အသင့်အား ပြောကြားခဲ့သည်မဟုတ်ပါသလော။

[76] ယင်း(မူစာ)က (အချင်း-ခစ်ဿွ်ရ်)အကယ်၍ကျွန်ုပ်သည် ဤသည့်နောက်တွင် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား(မိမိနှင့်) အတူမထားပါနှင့်၊ ဧကန်မလွဲ အသင်သည်ကျွန်ုပ်ထံမှ ခွင့်လွှတ် ရန်အကြောင်းပြချက်(၏အဆုံးစွန်)သို့ရောက်ခဲ့ချေပြီဟု ပြော ဆိုခဲ့၏။

[77] တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။

[78] (ထိုအခါ)ယင်း(ခစ်ဿွ်ရ်)က(အချင်း-မူစာ၊) ဤသည်ကား အသင်နှင့်ကျွန်ုပ်ခွဲခွာရန်(အချိန်)ပင်တည်း။ ယခုသော်ကား ကျွန်ုပ်သည် အသင်သည်းမခံ နိုင်ခဲ့သောကိစ္စနှင့်စပ်လျဉ်း၍ အဖြစ်မှန်ကို အသင့်အားသိစေပါတော့မည်ဟုပြော ဆိုခဲ့လေသတည်း။

[79] စင်စစ် ထိုရွက်သင်္ဘောကား မြစ်ထဲတွင်လုပ်ကိုင်(စားသောက်)ကြရရှာသောသူဆင်းရဲများ၏ ရွက်သင်္ဘောပင်ဖြစ်ခဲ့ပေရာ ကျွန်ုပ်သည် ယင်းရွက်သင်္ဘော၌ အပြစ်အနာအဆာရှိစေရန် ရည်ရွယ်ခဲ့ပေသည်။ အကြောင်းသော်ကား၎င်း တို့(ရောက်ရှိကြမည့်)ရှေ့(စခန်း)တွင် ဘုရင်တစ်ပါးရှိသည်။ ထို ဘုရင်သည်(အပြစ်အနာအဆာကင်းသော)ရွက်သင်္ဘော မှန်သ မျှကို အဓမ္မနည်းနှင့် လုယူသိမ်းပိုက်လေ့ရှိသောကြောင့်ပင်တည်း။

[80] ၎င်းပြင် ထိုသူငယ်ကား ၎င်း၏မိဘနှစ်ပါးမှာမုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်ခဲ့ကြရာ ယင်းသူငယ်သည်(မိမိ)၏ ဆိုးသွမ်းမှုဖြင့်လည်းကောင်း၊ သွေဖည်မှုဖြင့်လည်းကောင်း၊ ထိုမိဘနှစ်ပါးအား ဖိစီးနှိပ်စက်မည်ကို ကျွန်ုပ်တို့စိုးရိမ် ခဲ့ပေသည်။

[81] သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးအား ၎င်းတို့၏ အရှင်မြတ်က ထိုသူငယ်ထက်(အကျင့်စာရိတ္တ)စင်ကြယ်သန့်ရှင်းရာတွင် ပိုမိုကောင်းမြတ်၍ (မိဘနှစ်ပါးအား) ချစ်ခင်မြတ်နိုး၍ထောက်ပံ့ရာတွင်လည်း ပိုမိုထူးကဲသော(သားသမီးမျိုးကို)အစားပေးတော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့ပေသတည်း။

[82] ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။

[83] ထိုမှတစ်ပါး ၎င်း(ကုရိုက်ရှ်အမျိုးသား)တို့သည်ဇုလ်ကရ်နိုင်န် နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (အချင်းတို့၊) ငါသည် ယခုပင် ယင်း(ဇုလ်ကရ်နိုင်န်)၏ (အကြောင်းများ)အနက် အကြောင်းတစ်ခုကို အသင်တို့ရှေ့ဝယ် ပြန်၍ပြောပြမည်ဟူ၍ ပြောကြားပါလေ။

[84] ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

[85] သို့ဖြစ်ပေရာ ယင်းဇုလ်ကရ်နိုင်န်သည် လမ်းတစ်ခုကို လိုက်ခဲ့လေသည်။

[86] နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထိုအိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိလေသည်။ (ထိုအခါ) ငါအရှင်မြတ်သည် (ယင်း ဇုလ်ကရ်နိုင်န်အား) အို-ဇုလ်ကရ်နိုင်န်၊ အသင်သည် (ဤအမျိုးသားတို့အား)ပြစ်ဒဏ်ခတ်ခြင်းကိုသော်လည်းကောင်း၊ ယင်းတို့နှင့်ပတ် သက်၍ထောက်ထားညှာတာခြင်းကို သော်လည်းကောင်း၊ (ဤနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာကို) ပြုနိုင်ခွင့်ရှိသည် ဟု မိန့် ဲကြား တော် မူခဲ့ပေသည်။

[87] ယင်းဇုလ်ကရ်နိုင်န်က မည်သူမဆို မတရားပြုမြပြုနေခဲ့ပါလျှင်၊ ကျွန်ုပ်သည် မကြာမြင့်မီပင် ထိုသူအား ပြစ်ဒဏ်စီရင်ပေမည်။ ထို့နောက် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်၍ ရောက်စေခြင်းကိုခံရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်ကို စီရင်တော်မူပေလိမ့်မည်။

[88] သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ပါမူထိုသူ၏အဖို့ အကျိုးအားဖြင့် အကောင်းဆုံးသောအရာပင် ရှိပေမည်။ ထိုမှတစ်ပါး အမှန်ပင် ကျွန်ုပ်သည်လည်း မိမိ အမိန့်ထုတ်ပြန်ချက်တွင် နူးညံ့သောစကားကို ပြောဆိုပေအံ့သတည်း။

[89] ထိုနောက် ယင်းဇုလ်ကရ်နိုင်န်သည်(အခြားသော)လမ်းတစ်ခုကို လိုက်ပြန်လေ၏။

[90] နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေထွက်ရာနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကို အကြင်လူမျိုးတစ်မျိုး၏အပေါ်၌ ထွက်နေဘိသကဲ့သို့ တွေ့ရှိခဲ့လေသည်။ ငါအရှင်မြတ်သည် ထိုလူမျိုးအားနေ၏ ဤမှာဘက်တွင် အကာအကွယ်တစ်စုံတစ်ရာကိုမျှ ပြုလုပ်၍ပေးတော်မူခဲ့သည်မဟုတ်ချေ။

[91] (ဇုလ်ကရ်နိုင်န်၏အထ္ထုပတ္တိအကြောင်းကား) ဤအတိုင်းပင်ဖြစ်၏။ စင်စစ်ဧကန် ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်ထံ၌ ရှိသမျှ(သောလက်နက် ကိရိယာအလုံးစုံ)တို့ကိုတစ်ခုမကျန် သိရှိတော်မူပေသတည်း။

[92] ထို့နောက် ယင်းဇုလ်ကရ်နိုင်န်သည်(အခြားသော)လမ်းတစ်ခုကို လိုက်ခဲ့ပြန်လေ၏။

[93] နောက်ဆုံးတွင်ယင်းဇုလ်ကရ်နိုင်န်သည် တောင်နှစ်လုံး၏အကြားသို့ ရောက်ရှိခဲ့သောအခါ ယင်းတောင် နှစ်လုံး၏ဤမှာဘက်တွင် မည်သည့်စကားကိုမျှ နားမလည်နိုင်ကြသောလူမျိုးတစ်မျိုးကို တွေ့ရှိခဲ့လေသည်။

[94] ယင်းလူမျိုးတို့က အို-ဇုလ်ကရ်နိုင်န်၊ ဧကန်မလွဲယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တု့ိသည် ဤအရပ်ဒေသတွင် ဆူပူသောင်းကျန်းလုယက်တိုက်ခိုက် ဖျက်ဆီးသူများပင် ဖြစ်ကြပါသည်။ သို့ပါ၍ အသင်သည် ကျွန်ုပ်တို့နှင့်၎င်းတို့၏အကြားတွင်အကာအကွယ်တစ်ခုကို ပြုလုပ်ပေးပါ။ ကျွန်ုပ်တို့သည် အသင့်အား အခွန်အကောက်(လက်အောက်ခံကြေး)တစ်စုံတစ်ရာကို ပေးဆောင်ကြရပါမည်လောဟု ပြောဆိုကြ၏။

[95] ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)

[96] အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။

[97] ထို(တံတိုင်းကြီးကို ပြုလုပ်၍ ပြီးစီးသော) အခါထို(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်)တို့မှာ ယင်းတံတိုင်းကြီးကို ကျော်တက်ခြင်းကိုလည်းကောင်း၊ ဖောက်ထွင်း ခြင်းကိုလည်းကောင်း၊မပြုစွမ်းနိုင်ခဲ့ကြချေ။

[98] ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က ဤသည်ကားကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ပင်တည်း။ တစ်ဖန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ချိန်းချက်ထားတော်မူသော အချိန်ကာလဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်သည် ဤတံတိုင်းကို ဖြိုဖျက်တော်မူအံ့။ စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းချက်မှုသည် မှန်ကန်သောချိန်းချက်မှုပင်ဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။

[99] စင်စစ်ဧကန် ငါအရှင်မြတ်သည် ယင်း(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်လူမျိုး)တို့အနက် တစ်ဦးကိုတစ်ဦး ၏အပေါ်၌လှိုင်းလိပ်ကဲ့သို့ပင် တိုးဝှေ့ထပ်ဆင့်လျက် ရှိစေတော်မူပေမည်။၎င်းပြင် တံပိုးခရာမှုတ်ပြီးသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို စုရုံးတော်မူပေမည်။

[100] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနေ့တွင် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန် သောသူတို့ရှေ့ဝယ် အထင်အရှား ပြတော်မူပေမည်။

[101] အကြင် (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့သည် ထိုသူတို့၏မျက်စိများမှာ ငါအရှင်မြတ်အား အောက်မေ့သတိရခြင်းမှ ဖုံးအုပ်လျက်ပင်ရှိခဲ့ကြ၏။ ထို့ပြင် ၎င်းတို့သည်(ယင်းကုရ်အာန်ကျမ်းမြတ်တော်ကိုနားဝင်အောင်) နားထောင်နိုင်ခြင်းလည်း မရှိခဲ့ကြချေ။

[102] သို့ပါလျက် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က ၎င်းတို့သည် ငါအရှင်မြတ်အားစွန့်၍ ငါအရှင်မြတ်၏ကျွန်များကို (မိမိတို့အား)ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်များ ပြုလုပ်ခဲ့ကြမည်ဟု ထင်မှတ်ကြလေသလော။ (သို့ဖြစ်လျှင်) ဧကန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဧည့်ခံရာဌာနအဖြစ် အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်။

[103] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့၊) ငါသည် အသင်တို့အား အကျင့်အမူအားဖြင့် လုံးဝဆုံးရှုံးသောသူတို့နှင့်ပတ်သက်၍ အသင်တို့အား အသိပေးရမည်လောဟု ပြောကြားပါလော။

[104] (ထိုသူကား) အကြင်သူများပင်တည်း။ [၎င်းတို့၏(ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်းသော)ကြိုးပမ်းဆောင်ရွက်မှုသည် လောကီဘဝ၌ပင် အချည်းနှီးဖြစ်ခဲ့ရလေပြီ၊] [(တစ်နည်း) ၎င်းတို့၏ လောကီဘဝနှင့်စပ်လျဉ်းသော ကြိုးပမ်းဆောင်ရွက်မှုသည် အချည်းနှီးပင် ဖြစ်ခဲ့လေပြီ၊] [(တစ်နည်း)၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် လောကီရေး၌ပင် ပျက်ပြုန်းခဲ့ရချေပြီ၊] သို့ပါလျှက် ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာကောင်းမြတ်သောအပြုအမူများ ကိုပင် ပြုလုပ်နေကြသည်ဟုထင်မှတ်ကြ၏။

[105] ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏ အကျင့်အမူများမှာ အချည်းနှီးပင်ဖြစ်ခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်လည်း ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မည်သည့်အလေးချိန်ကိုမျှပင် ၎င်းတို့အဖို့ သတ်မှတ်၍ ပေးတော်မူမည်မဟုတ်ပေ။

[106] ဤသည် (ဝါ) ဂျဟန္နမ်ငရဲဘုံသည်ပင် ၎င်းတို့၏အကျိုးတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ကား သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ငါအရှင်မြတ် ၏သက်သေလက္ခဏာများကိုလည်းကောင်း၊ ငါအရှင် မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်ရာများလည်း ပြုလုပ်ခဲ့ကြသောကြောင့်ပင်။

[107] ဧကန်မလွဲ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ ဖစ်ရ်ဒေါက်စ်တည်း ဟူသောဥယျာဉ်သည် ဧည့်ခံရာဌာနအဖြစ် (အဆင်သင့်) ရှိကြပေသတည်း။

[108] (ထိုသူတို့သည်) ယင်းဥယျာဉ်တွင် ထာဝစဉ်နေထိုင်သူများအဖြစ် (ဝင်ရောက်နေထိုင်ကြရပေမည်၊) ထိုသူတို့သည် ယင်းဥယျာဉ်များမှ လုံးဝရွှေ့ပြောင်းလိုကြမည် မဟုတ်ပေတကား။

[109] အို-(နဗီတမန်တော်) အသင်သည် (4င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ ငါ့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မုက္ခပါဌ်တော်များ(ကိုရေးသားရန်)အလို့ငှာ သမုဒ္ဒရာပင်လယ်(အားလုံးတို့) သည်ပင် မင်ရည်များဖြစ်ခဲ့ငြားအံ့။ ၎င်းပြင် အကယ်၍ ငါတို့သည်ယင်းပင်လယ်များကဲ့သို့ (အခြားပင်လယ်များ)ကိုပင် အကူအညီအဖြစ်(ထပ်မံ၍)ယူခဲ့အံ့ငြားသော်လည်း ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ မုက္ခပါဌ်တော်များကား ရေးသားကုန် ဆုံးခြင်းမရှိဘဲ၊ (ထိုထိုသော)သမုဒ္ဒရာ ပင်လယ်ရေများသည်သာလျှင် ကုန်ခန်း၍ သွားအံ့သတည်း။

[110] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင်ဖြစ်သည်။ အသင်တို့၏ ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူကြောင်း၊ ငါ့ထံသို့ ဝဟီအမိန့်တော်ကျရောက်လာ(ခြင်းသည်သာလျှင်ငါ၏ထူးခြားချက်ဖြစ်) ချေသည်။ သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက် ရှိသောသူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။

မာရ်ယမ်

Surah 19

[1] ကာဖ်၊ ဟာ၊ ယာ၊ အိုင်န်၊ ဆွာဒ်။

[2] ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။

[3] (ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။

[4] (တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။

[5] ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊

[6] ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။

[7] (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။

[8] (ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။

[9] (ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။

[10] (ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။

[11] ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။

[12] အို-ယဟ်ယာ၊ အသင်သည် ကျမ်းဂန်ကို စွဲမြဲစွာ ကိုင်ထားလော့(ဟုမိန့်ကြားတော်မူခဲ့၏၊) စင်စစ်သော်ကား ငါအရှင်မြတ်သည် ယင်းယဟ်ယာအား ကလေးဘဝ၌ပင် ဉာဏ်အမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပေသည်။

[13] ထိုနည်းတူစွာ မိမိအထံတော်မှ အကြင်နာတရားကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်မှုကိုလည်း ကောင်း၊(ချီးမြှင့်တော်မူခဲ့၏)။ ၎င်းပြင် ယင်းယဟ်ယာသည် (ပြစ်မှုဒုစရိုက်တို့မှ) အလွန် ရှောင်ရှားသူပင် ဖြစ်ခဲ့ပေသည်။

[14] ထို့ပြင် မိမိ၏ မိဘနှစ်ပါးအား အလွန်ကျေးဇူးပြုတတ်သူလည်းဖြစ်ခဲ့၏။ ထို့ပြင် မာန်မာနထောင်လွှားသူအမိန့်တော်ကို ဖီဆန်သူမဖြစ်ခဲ့ပေ။

[15] ထိုမှတစ်ပါး ထိုယဟ်ယာ၏အပေါ်၌ ယင်းဖွားမြင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ထရမည့်နေ့တွင်လည်းကောင်း၊ (ငါအရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှု(ဘေးရန်ကင်းငြိမ်းမှု)သည် ကျရောက်ပါစေသတည်း။

[16] ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။

[17] တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။

[18] ထိုအခါ ယင်းမရ်ယမ်က (ထိုကောင်းကင်တမန်အား အကယ်စင်စစ် လူထင်မှတ်၍ဤသို့)ပြောကြား ခဲ့သည်မှာအကယ်၍ အသင်သည် သူတော်စင်တစ်ဦး ဖြစ်ခဲ့မူ ကျွန်ုပ်သည်အသင်(၏ဘေးအန္တရယ်)မှ(လွတ်ကင်းအံ့သောငှာ)ရဟ်မာန်အနန္တကရုဏာတော်ရှင်ထံတော်၌ အကာအကွယ်ယူပါ၏။

[19] (ထိုအခါ) ယင်းကောင်းကင်တမန်က (အိုမရ်ယမ်) ကျွန်ုပ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စေတမန်သာလျှင်ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားရတနာတစ်ပါးကိုပေးရန် သာလျှင် (လာရခြင်း)ဖြစ်သည်ဟုပြောကြားခဲ့လေသည်။

[20] ထိုအခါ ယင်းမရ်ယမ်က (အို-ကောင်းကင်တမန်)စင်စစ် ကျွန်ုပ်အား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် ထိတွေ့ခဲ့ဖူးသည်လည်း မရှိပါဘဲလျက်လည်းကောင်း၊ ကျွန်ုပ်သည် အကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက်လည်းကောင်း၊ အသို့လျှင် ကျွန်ုပ်မှာ သားရတနာထွန်းကားနိုင်အံ့နည်းဟု ပြန်ပြောခဲ့လေသည်။

[21] ကောင်းကင်တမန်က(အို-မရ်ယမ်) ဤအတိုင်းပင်ဖြစ်ပေမည်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်၌ အလွန်လွယ်ကူလှကြောင်း၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသား ရတနာအား လူတို့အဖို့ သက်သေလက္ခဏာတစ်ရပ် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ် အထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ပြုလိုတော်မူကြောင်း၊ ဤသည်စီရင်ဆုံးဖြတ်ပြီးဖြစ်သောကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်း၊ မိန့်ကြားတော်မူလေသတည်း။

[22] ထို့နောက် မရ်ယမ်သည် ထိုသားရတနာကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်သည် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသောနေရာတစ်ခုသို့ ရှောင်သွားခဲ့လေသည်။

[23] ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။

[24] ထိုအခါ ယင်းမရ်ယမ်အား ၎င်းရှိရာ အောက်နားမှ (ထိုစွန်ပလွံပင်အောက်မှ) ကောင်းကင်တမန်က (ဤသို့)ပြောကြားခဲ့လေသည်။ (အို-မရ်ယမ်) အသင်မသည် စိတ်မပူလေနှင့်။ ဧကန်စင်စစ် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခုကို ဖြစ်ပေါ်စေတော်မူလေပြီ။

[25] ထိုမှတစ်ပါး အသင်မသည် စွန်ပလွံပင်၏ ပင်မကို မိမိဖက်သို့(ဆွဲ၍)လှုပ်ပါလျှင် စိမ်းစိုလတ်ဆတ်သေစွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကေကျလာပါလိမ့်မည်။

[26] ထိုအခါ အသင်မသည် (ထိုစွန်ပလွံသီးများကို)စားသုံး၍(ထိုချောင်းမှရေကို)သောက်သုံးပါလေ။ ၎င်းပြင် မျက်စိကို ကြည်လင်စေပါလေ။ တစ်ဖန် အကယ်၍ အသင်သည်လူသားတစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ ဧကန်အမှန် ကျွန်မသည် ရဟ်မာန်အနန္တကရုဏာတော်ရှင်အား ရည်စူး၍ ဥပုသ်သီလဆောက်တည်ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည်ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်းစကားပြောဆိုမည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။

[27] ၎င်းနောက် ထိုမရ်ယမ်သည် ယင်းသားရတနာကို(မိမိရင်ခွင်ဝယ်)ပွေ့ချီလျက် မိမိအမျိုးသားတို့ထံ လာခဲ့လေ၏။ (ထိုအခါ)ယင်းအမျိုးသားတို့က(ဤသို့) ပြောကြားခဲ့ကြကုန်၏။ အို-မရ်ယမ် အသင်မ သည် အလွန်ဆိုးဝါးလှသောပြစ်မှုကိုကျူးလွန်ခဲ့သည် တကား။

[28] အို-ဟာရူန်၏နှမ၊ အသင်မ၏ ဖခင်မှာလည်းအကျင့်မကောင်းသူ မဟုတ်ခဲ့ပေ။ အသင်မ၏ မိခင်မှာလည်းအကျင့်ပျက်သူတစ်ဦး မဟုတ်ခဲ့ချေတကား။

[29] ထိုအခါ ထိုမရ်ယမ်သည် ထိုသားရတနာကို ညွှန်ပြခဲ့လေရာ၊ ယင်းအမျိုးသားတို့က (အို-မရ်ယမ်) အကျွန်ုပ်တို့သည် ပုခက်တွင်းဝယ် ကလေး(ဘဝ၌)ပင်ရှိနေသေးသောသူငယ်နှင့်အသို့လျှင် စကားပြောဆိုကြ ရအံ့နည်းဟု ပြောဆိုခဲ့ကြလေသည်။

[30] (ထိုအခါ)၊ ယင်း(ပုခက်တွင်းမှ)ကလေးသူငယ်(အီစာ)က (ဤသို့စကား)ပြောဆို(ဖြေကြား)ခဲ့လေ၏။ ဧကန်မလွဲ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်သာလျှင် ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား [အင်(န်)ဂျီလ်)]ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား နဗီတမန်တော်အဖြစ်လည်း ချီးမြှောက်တော်မူခဲ့ပေသည်။

[31] ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား မည်သည့်နေရာ၌မဆကျွန်ုပ်ရှိနေစေကာမူ ဗရ်ကတ်မင်္ဂလာ နှင့်ပြည့်စုံသူ ပြုလုပ်တော်မူခဲ့ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကျွန်ုပ်အား အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံးဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးတော် မူခဲ့လေသည်။

[32] ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် ကျွန်ုပ်အား)ကျွန်ုပ်၏မိခင်ကို ကောင်းစွာပြုစု ကျေးဇူးပြုတတ်သူလည်း(ဖြစ်စေတော်မူခဲ့၏၊) ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အားမာန်မာနထောင်လွှားသူ၊ အကြောင်းမလှသူအဖြစ်လည်း ပြုလုပ်တော်မမူခဲ့ချေ။

[33] ထို့ပြင် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်မွေးဖွားခဲ့သည့်နေ့၌လည်းကောင်း၊ ကျွန်ုပ်သေဆုံးမည့်နေ့၌ လည်းကောင်း၊ကျွန်ုပ်ရှင်ပြန်ထစေခြင်း ခံရမည့်နေ့၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှုသည် ကျရောက်ပါစေသတည်း။

[34] ဤသည်ကား မရ်ယမ်၏သားတော် အကြင်အီစာပင်။ ယင်းမှန်ကန်သောစကားကိုပြောဆိုခဲ့လေသည်။၎င်းတို့သည် ထိုအီစာနှင့်ပတ်သက်၍ အငြင်းအခုံပြုလျက်ရှိကြကုန်သည်။

[35] သားသမီးတစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည်အလ္လာဟ်အရှင်မြတ်နှင့် အလျှင်းမအပ်စပ်ပေ။ ထိုအရှင်မြတ်သည်(အိမ်ထောင်ပြုသားမွေးခြင်းကိစ္စတို့မှ) လုံးဝကင်းတော်မူ၏။ (အမှန်စင်စစ်) မည်သည့် အခါမဆို ထိုအရှင်မြတ်သည်အမှုကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူပါလျှင် ထိုအရှင်မြတ်သည် ယင်းအမှုကိစ္စကို ဖြစ်စေဟု မိန့်ကြားတော်မူရုံမျှဖြင့်ထိုအမှုကိစ္စသည် ဖြစ်သွားလေ၏။

[36] ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကျွန်ုပ်အားလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အသင်တို့အားလည်း ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်၊ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ဤသည်သာလျှင် ဖြောင့်မတ်သော တရားလမ်းပင်ဖြစ်ပေသတည်း။

[37] ထို့နောက် ၎င်း(ခရစ်ယာန်)တို့အနက် အုပ်စုအသီးသီးတို့သည် အထင်အမြင် အယူအဆ ကွဲပြားခဲ့ ကြလေသည်။ သို့ဖြစ်ပေရာ ကြီးကျယ်လှစွာသော (ကိယာမတ်)နေ့ရောက်ရှိလာသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သူတို့၌(အကြီးအကျယ်) ပျက်စီးမှုသည် ရှိအံ့သတည်း။

[38] ၎င်းတို့သည် ငါအရှင်မြတ်ထံတော်သို့ လာကြသောနေ့တွင် အဘယ်မျှလောက် ကြားသူများ၊ အဘယ်မျှလောက် မြင်သူများ ဖြစ်သွားကြအံ့နည်း။ သို့ရာတွင် ယနေ့သော်ကား မတရားကျူးလွန်သူတို့သည် အလွန်ထင်ရှားစွာသောလမ်းမှားမှု၌ပင် ရှိနေကြကုန်၏။

[39] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရ မည့်နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် 4င်းတို့သည် မယုံကြည်ကြချေ။

[40] ဧကန်မလွဲ ငါအရှင်မြတ်သာလျှင် ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းကမ္ဘာမြေဝယ် ရှိသမျှတို့ကိုလည်းကောင်း၊အမွေခံ(ဝါ) နောက်ဆုံးပိုင်ဆိုင်တော်မူသော အရှင်မြတ်အဖြစ်ကျန်ရစ်တော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြရမည်သာတည်း။

[41] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(မိမိအမျိုးတို့ရှေ့ဝယ်ဤ) ကျမ်းဂန်မှ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ဖတ်ကြားပါလေ။ ဧကန်မလွဲ ထိုအစ်ဗ်ရာဟီမ်သည် သစ္စာဝါဒီ ဖြစ်ခဲ့ပေသည်။ နဗီတမန်တော်လည်း ဖြစ်ခဲ့ပေသည်။

[42] တစ်ရံရောအခါ ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)သည် မိမိဖခင်(အာဇရ်)အား (ဤသို့)ပြောကြားခဲ့လေသည်။ အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)သည် အဘယ်ကြောင့်အကြင်အရာကို ခဝပ်ကိုးကွယ်နေပါသနည်း။ ထိုအရာသည်(တစ်စုံတစ်ရာကိုမျှပင်)ကြားသည်လည်းမဟုတ်၊မြင်သည်လည်းမဟုတ်ချေ။ ထိုမှတစ်ပါး ယင်းအရာသည် အသင်(ဖခင်)အဖို့စိုးစဉ်းမျှပင် အသုံးဝင်နိုင်မည်လည်းမဟုတ်ပေတကား။

[43] အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)၏ထံသို့ မရောက်ခဲ့သော အသိပညာ(ဝဟီအမိန့်တော်)ကား ဧကန်မလွဲကျွန်ုပ်ထံရောက်လာခဲ့ပြီဖြစ်ပါ၍ အသင်(ဖခင်)သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ပါ။ ကျွန်ုပ်သည် အသင်(ဖခင်)အား ဖြောင့်မတ်သောတရားလမ်း မှန်ကို ပြသပါမည်။

[44] အို-ကျွန်ုပ်၏ဖခင်၊အသင်(ဖခင်)သည် ရှိုင်တွာန်မိစ္ဆာကောင်ကို ခဝပ်ကိုးကွယ်ခြင်းမပြုပါနှင့်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်မှာ ရဟ်မာန်အနန္တ ကရုဏာရှင်(၏အမိန့်တော်)ကို ဖီဆန်သူဖြစ်ခဲ့ပါသည်။

[45] အို-ကျွန်ုပ်၏ဖခင်၊ ဧကန်ဆတ်ဆတ် ကျွန်ုပ်မူကား အသင်(ဖခင်)၌ ရဟ်မာန်အနန္တကရုဏာ တော်ရှင်၏အထံတော်မှ ပြစ်ဒဏ်သက်ရောက်မည်ကို စိုးရိမ်မိပါသည်။ထိုသို့ဖြစ်ခဲ့ပါလျှင် အသင်(ဖခင်) သည် ရှိုင်တွာန်မိစ္ဆာကောင်၏အဆွေခင်ပွန်း ဖြစ်သွားပါလိမ့်မည်။

[46] (ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။

[47] ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။

[48] ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။

[49] တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။

[50] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သောဂုဏ်သတင်းကိုလည်း မြင့်မြတ်(ကျော်ကြားထင်ရှား)စေတော်မူခဲ့ပေသတည်း။

[51] ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် (ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)မူစာ၏အကြောင်း အတ္ထုပ္ပတ္တိကိုဖတ်ကြားပါလေ။ ဧကန်မုချ ယင်းမူစာသည် အထူးရွေးချယ်တော်မူခြင်းခံရသူဖြစ်သည့်ပြင် ရစူလ်တမန်တော်လည်း ဖြစ်ခဲ့၏။ နဗီတမန်တော်လည်းဖြစ်ခဲ့၏။

[52] ထို့ပြင် ငါအရှင်မြတ်သည် ယင်းမူစာအား (၎င်း၏) လက်ယာဘက်၌ရှိသော သူ(ရ်)မည်သော တောင်၏ဘက်မှဟစ်ခေါ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးလည်း ငါအရှင်မြတ်သည် ယင်းမူစာအား လျှို့ဝှက်စကားပြောကြားသူအဖြစ်မြှောက်စားတော် မူခဲ့လေသည်။

[53] ၎င်းပြင် ငါအရှင်မြတ်သည် ယင်းမူစာအား ၎င်း၏အစ်ကိုဟာရူန်ကို နဗီတမန်တော်အဖြစ်နှင့် ချီးမြှင့်ပေးသနားတော်မူခဲ့ပေသတည်း။

[54] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)အစ္စမာအီလ်၏အကြောင်းအတ္ထုပ္ပတ္တိကို (၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ဧကန်စင်စစ်ယင်းအစ္စမာအီလ်သည် ကတိတည်ကြည်သူဖြစ်ခဲ့သည့်ပြင်ရစူလ်တမန်တော်လည်းဖြစ်ခဲ့၏။ နဗီတမန်တော်လည်း ဖြစ်ခဲ့၏။

[55] ၎င်းပြင် ယင်းအစ္စမာအီလ်သည် မိမိအိမ်သူအိမ်သားတို့အား ဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးညွှန် ကြားလေ့ရှိခဲ့ပေသည်။ထိုမှတစ်ပါး ယင်းအစ္စမာအီလ်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်တွင် နှစ်မြို့ဖွယ်လည်း ဖြစ်ခဲ့ပေသတည်း။

[56] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့ရှေ့ဝယ်ဤ)ကျမ်းဂန်မှ (နဗီတမန်တော်) အိဒ်ရီစ်၏အကြောင်းအတ္ထုပ္ပတ္တိကို ဖတ်ကြားပါလေ။ ဧကန်အမှန်ပင်ယင်းအိဒ်ရီစ်သည် သစ္စာဝါဒီဖြစ်ခဲ့၏။ နဗီတမန်တော်ဖြစ်ခဲ့၏။

[57] ထို့ပြင် ငါအရှင်မြတ်သည် ယင်းအိဒ်ရီစ်အားမြင့်မြတ်သော နေရာဌာနသို့ ချီးမြှင့်မြှောက်စားတော် မူခဲ့ပေသတည်း။

[58] အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သောသူတို့ကား ဤနဗီတမန်တော်များပင်တည်း။ အချို့မှာ အာဒမ်၏သားသမီးများ၊ အချို့မှာ ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်နှင့်အတူ(သင်္ဘောပေါ်တွင်)တင်ဆောင်တော်မူခဲ့သော သူတို့၏သားသမီးများ၊ အချို့မှာ အစ်ဗ်ရာဟီမ်၏သားသမီးများ၊အချို့မှာ အစ္စရာအီလ်၏သားသမီးများ ဖြစ်ကြပေသည်။ ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့သော၊ (ငါအရှင်မြတ်) ရွေးချယ်တော် မူခဲ့သောသူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်သည်။ မည်သည့်အခါမျိုးမဆို ထိုသူတို့ရှေ့ဝယ် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ မုက္ခပါဌ်တော်များကို ဖတ်ကြားခဲ့ပါလျှင်၊ ထိုသူတို့သည် ငိုကြွေးလျက်ပျပ်ဝတ်ဦးချကြကုန်၏။

[59] တစ်ဖန် ၎င်းတို့နောက်တွင် အကြင်ဆိုးရွားသောအရိုက်ရာဆက်ခံသူတို့က ရိုက်ရာဆက်ခံခဲ့ကြကုန်၏။၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြ၏။ (မိမိတို့)စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြ၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင်ပျက်စီးမှုနှင့်တွေ့ကြုံရင်ဆိုင်ကြရပေမည်။

[60] အကြင်သူမှတစ်ပါး ထိုသူသည် ဝန်ချတောင်းပန်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် သက်ဝင်ယုံကြည် ခဲ့လေသည်။ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ် သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့လေသည်။ သို့ဖြစ်လျှင်ထို(ကဲ့သို့သော)သူတို့မူကား ဂျန္နတ်သုခဘုံသို့ လားကြရပေမည်။၎င်းပြင် ထိုသူတို့သည် (မိမိတို့၏ကုသိုလ်အကျိုးများမှ) အနည်းငယ်စိုးစဉ်းမျှပင် လျော့နည်းစေခြင်းကိုခံကြရမည် မဟုတ်ပေ။

[61] (၎င်းတို့သည်)အကြင်ထာဝရ ဥယျာဉ်များသို့(လားကြရပေမည်)။ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မိမိကျွန်များအား (၎င်းတို့) မမြင်ဘဲလျက် အကျေအပွန်ဆောင်ရွက်ပြီးသာဖြစ်လိမ့်မည်။

[62] ၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ စလာမ်မေတ္တာပို့သခြင်းမှတစ်ပါး အချည်းနှီးသောစကားလုံးကို လုံးဝကြားကြရလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့အဖို့ ယင်းဂျန္နတ်သုခဘုံ၌ ၎င်းတို့၏စားသောက် ဖွယ်ရာများသည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ ရှိချေအံ့သတည်း။

[63] ဤသည် အကြင်ဂျန္နတ်သုခဘုံတည်း။ ငါအရှင်မြတ်သည် မိမိ၏ကျွန်များအနက်(ငါအရှင်မြတ်အား ကြောက်ရွံ့ရိုသေသောအားဖြင့်) ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်သောသူများ)အား အမွေဆက်ခံစေတော်မူမည် ဖြစ်သတည်း။

[64] စင်စစ် ကျွန်ုပ်တို့(ကောင်းကင်တမန်များ)သည်အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် ဆင်းသက်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့ရှေ့၌ရှိသောအရာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ နောက်၌ရှိသော အရာများသည်လည်းကောင်း၊ ယင်း၏အကြား၌ရှိသောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများသာလျှင် ဖြစ်ကုန်၏။ စင်စစ် အသင်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မေ့လျော့တော်မူသောအရှင် အလျှင်းမဟုတ်ပေ။

[65] (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်နှင့်ပထဝီမြေနှစ်ခုစလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ပါလေ။ ၎င်းပြင် ထိုအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ တည်ကြည်စွဲမြဲစွာ ရှိပါလေ။

[66] စင်စစ် လူသားသည် ကျွန်ုပ်သေဆုံးပြီး နောက်(ပြန်လည်၍) အသက်ရှင်လျက် (သင်္ချိုင်းတွင်းမှ) ထွက် စေခြင်းကိုခံရဦးမည်လောဟုမေး၏။

[67] (ယင်း)လူသားသည် ယခင်က ၎င်းဘာမျှမရှိခဲ့စဉ်အခါ၌ ငါအရှင်မြတ်သည်ပင် ၎င်းအား ဖန်ဆင်းတော်မူခဲ့သည်ကို သတိမရလေသလော။

[68] သို့ဖြစ်ပေရာ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကစမ် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူတို့အားလည်းကောင်း၊ ရှိုင်တွာန်မိစ္ဆာကောင်တို့အားလည်းကောင်း၊ စုရုံးတော်မူပြီးလျှင်မုချအမှန် ငါအရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပတ်ဝန်းကျင်၌ ပုဆစ်ဒူးတုပ်လျက် အသင့်ရောက်ရှိစေ တော်မူပေမည်။

[69] ထို့နောက် အမှန်ပင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးမှ ရဟ်မာန် အနန္တကရုဏာတော်ရှင်အား အပြင်းထန်ဆုံး ပုန်ကန်သူတို့ကို (ရွေးချယ်) ထုတ်ယူတော်မူပေမည်။

[70] တစ်ဖန် ဧကန်မလွဲ ယင်းဂျဟန္နမ် ငရဲဘုံ၌ မီးလောင်စေရန်၊ ပစ်ချရန်၊ အထိုက်တန်ဆုံးသောသူတို့အား ငါအရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူပေသည်။

[71] စင်စစ် အသင်တို့အနက် လူတိုင်းလူတိုင်းသည်ယင်းဂျဟန္နမ်ငရဲဘုံ၌ ဆိုက်ရောက်ရမည့်သူချည်း ဖြစ်ကုန်၏။(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်က မိမိအပေါ်၌ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။

[72] ထို့နောက် ငါအရှင်မြတ်သည်(မိမိအားကြောက်ရွံ့ရိုသေသောအားဖြင့် ပြစ်မှုဒုစရိုက်များမှ) ရှောင်ကြဉ်ကြကုန်သောသူတို့အား လွတ်မြောက်စေတော်မူမည်။ သို့ရာတွင်မတော်မတရား ကျူးလွန်သော သူတို့အား ငါအရှင်မြတ်သည်ယင်းဂျဟန္နမ်ငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူအံ့သတည်း။

[73] စင်စစ် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသောအာယတ်တော်များကို ဖတ်ကြားသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့အား (ကျွန်ုပ်တို့နှင့်အသင်တို့) အုပ်စုနှစ်စုအနက်မည်သည့်အုပ်စုသည် အခြေအနေအားဖြင့် ပိုကောင်း၍ (မည်သည့်အုပ်စုသည်) အပေါင်းအဖော်အားဖြင့် ပို၍ကောင်းပေသနည်း ဟု ပြောဆို(မေးမြန်း)ကြကုန်၏။

[74] အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည်ထိုသူတို့အလျင် များစွာသောအုပ်စုများကို ဖျက်ဆီးတော်မူခဲ့ပေပြီ။ ယင်း(ဖျက်ဆီးခြင်းခံခဲ့ကြရသော)အုပ်စုများကား ဥစ္စာပစ္စည်းအားဖြင့်လည်းကောင်း၊ အမြင်အားဖြင့်လည်းကောင်း၊(ထိုသူတို့ထက်) သာလွန်ကောင်းမြတ် သူများပင်ဖြစ်ခဲ့ကြကုန်၏။

[75] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) မည်သူမဆို လမ်းမှား၌ရှိခဲ့မူ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် ထိုသူအား အဓွန့်ရှည်စွာ ရွှေ့ဆိုင်းထားတော်မူပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့ ချိန်းချက်ထားခြင်းခံကြရသော(လောကီ) ပြစ်ဒဏ်ကိုလည်းကောင်း၊ ကိယာမတ်ကိုလည်းကောင်း၊ တွေ့မြင်ကြသောအခါ၊ မည်သူသည် အခြေအနေအားဖြင့် ပို၍ဆိုးရွားသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် အုပ်စုအားဖြင့် အားနည်းသူဖြစ်သည်ကိုလည်းကောင်း၊ ထိုသူတို့သည် မုချ သိရှိကြအံ့သတည်း။

[76] စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို လိုက်စားသူတို့အား တရားလမ်းမှန်၌ တိုး တက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိနေမည်ဖြစ်သောကောင်းမြတ်သော အကျင့်သီလများသည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။ နောက်ဆုံးအကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ချေသတည်း။

[77] (အို-နဗီတမန်တော်)အသင်သည် အကြင်သူအားမြင်ခဲ့လေသလော။ ထိုသူသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်း ငြင်းပယ်ခဲ့သေး၏။ ၎င်းပြင်အမှန်မုချ ကျွန်ုပ်သည် (နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာပစ္စည်းကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ ချီးမြှင့်ခြင်းကို ခံရဦးမည်ဟူ၍လည်း ပြောဆိုခဲ့ပေသည်။

[78] အသို့ပါနည်း ထိုသူတို့သည် အကွယ်၌ရှိသည်ကို သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည်ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အထံတော်၌ ပဋိညာဉ်တစ်ခုခုကိုဖွဲ့ခဲ့လေသလော။

[79] အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။

[80] ၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။

[81] ထို့ပြင် ၎င်းတို့သည် မိမိတို့အဖို့ အကူအညီပေးသူများဖြစ်ကြအံ့သောငှာ အလ္လာဟ်အရှင်မြတ်အပြင်အခြားကိုးကွယ်ရာများလည်း ပြုလုပ်ထားခဲ့ကြကုန်၏။

[82] (ယင်းကိုးကွယ်ရာများသည် ၎င်းတို့အား အကူအညီပေးသူများ) အလျှင်း (ဖြစ်ကြမည်)မဟုတ်ပေ။ (စင်စစ်)မကြာမီပင် (ယင်းကိုးကွယ်ရာများသည်) ၎င်းတို့အား ကိုးကွယ်မှုကိုငြင်းပယ်၍ ၎င်းတို့၏ ရန်သူရန်ဘက်များပင် ဖြစ်သွားကြပေမည်။

[83] (အို-နဗီတမန်တော်)အသင်သည် မသိမမြင်ခဲ့ပါသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များကို စေလွှတ်ထားတော်မူခဲ့လေသည်။ ထိုရှိုင်တွာန်မိစ္ဆာကောင်များသည် ယင်းသွေဖည်ငြင်းပယ်သောသူတို့အား လွန်စွာလှုံ့ဆော်လျက်ရှိကြကုန်၏။

[84] သို့ဖြစ်ပေရာ အသင်သည် ယင်း(သွေဖည်ငြင်းပယ်သောသူ)တို့နှင့်ပတ်သက်၍ အလျင်မလိုလေနှင့်။ ငါအရှင်မြတ်ကိုယ်တော်တိုင်ပင် ၎င်းတို့(၏အပြုအမူများ)ကို ရေတွက်လျက် ရှိနေတော်မူပေသတည်း။

[85] (၎င်းတို့အပေါ်၌ ပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်မည်ဖြစ်၏။) ထိုနေ့တွင် ငါအရှင်မြတ်သည်မွတ္တကီသူတော်စင်တို့အား ရဟ်မာန်အနန္တ ကရုဏာတော်ရှင်အထံတော်သို့ ဧည့်သည်တော်များအဖြစ် စုရုံးစေတော်မူမည်။

[86] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား (ထိုနေ့တွင်) ဂျဟန္နမ်ငရဲဘုံသို့ ရောက်အောင်ရေငတ်မွတ်သိပ်စေလျက် မောင်းနှင်တော်မူပေမည်။

[87] (ထိုနေ့တွင်) ရဟ်မာန် အနန္တကရုဏာတော်ရှင်၏အထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီးဖြစ် သောသူမှတစ်ပါး အခြားသူတို့မှာ ကြားဝင်အသနား ခံပိုင်ခွင့်ရှိကြမည်မဟုတ်ပေတကား။

[88] ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။

[89] ဧကန်မလွဲ အသင်တို့သည် အလွန်ဆိုးရွား သောအရာကို ကျူးလွန် (ပြောဆို)ခဲ့ကြကုန်သည်။

[90] ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။

[91] ၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။

[92] စင်စစ်မူကား သားသမီး တစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်နှင့် လုံးဝအပ်စပ်သည်မဟုတ်ပေ။

[93] မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိကုန်သောသူ ဟူဟူသမျှတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့်သူချည်းသာ ဖြစ်ကုန်သတည်း။

[94] ဧကန်မလွဲ ထိုအရှင်မြတ်သည် ၎င်းတို့အားဝန်းခြုံ၍ထားတော်မူသည့်ပြင် ၎င်းတို့အား ရေတွက်၍လည်းထားတော်မူလေသည်။

[95] စင်စစ် ၎င်းတို့အနက် အသီးသီးတို့သည် ထိုအရှင်မြတ်အထံတော်သို့ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင်တစ်ဦးချင်း လာရောက်ရမည့်သူများသာလျှင် ဖြစ်ကြကုန်တည်း။

[96] ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မကြာမြင့်မီပင် ၎င်းတို့အဖို့ ချစ်ကြည်မြတ်နိုးမှုကို ပြုလုပ်၍ ပေးတော်မူပေမည်။

[97] စင်စစ် ငါအရှင်မြတ်သည်ပင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အသင်၏ဘာသာစကားဖြင့် လွယ်ကူအောင် ပြုလုပ်တော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်သည်ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် မွတ္တကီသူတော်စင်တို့အားသတင်းကောင်းပြောကြားခြင်းကိုလည်းကောင်း၊ စကားအငြင်းပွားအားကြီးသောအမျိုးသားတို့အား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုနိုင်မည် ဖြစ်ပေသတည်း။

[98] စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် များစွာသောအုပ်စုများကိုပင် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ပေသည်။အသင်သည် ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုပင် မြင်ပါသေးသလော။ သို့တည်းမဟုတ် အသင်သည် ၎င်းတို့၏သဲ့သဲ့အသံကိုပင် ကြားပါသေးသလော။

တွာဟာ

Surah 20

[1] တွာ-ဟာ။

[2] ငါအရှင်မြတ်သည် အသင် အတိဒုက္ခ ခံစားအံ့သောငှာ အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။

[3] စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော်မြတ်သည် ငါအရှင်မြတ်အား) ကြောက်ရွံ့ (ရိုသေသော) သူ၏အဖို့ဆုံးမဩဝါဒပင် ဖြစ်ပေသည်။

[4] ပထဝီမြေကိုလည်းကောင်း၊ မြင့်မားလှစွာသောမိုးကောင်းကင်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏အထံတော်မှ ချပေးသနားတော်မူခြင်းပင် ဖြစ်၏။

[5] (ထို) ရဟ်မာန် အနန္တကရုဏာတော်ရှင်ကားအရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူ၏။

[6] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတို့၏ အကြားဝယရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ရှိသမျှ တို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသည်လျှင် ဖြစ်ကုန်၏။

[7] (အို-နဗီတမန်တော်) အကယ်၍ အသင်သည်အသံကျယ်စွာ စကားပြောဆိုပါလျှင်လည်း (ထိုအရှင်မြတ်သည်သိတော်မူသည်သာဖြစ်၏။) ဧကန်စင်စစ် ထိုအရှင်မြတ်သည်စိတ်ထဲတွင် ပြောဆိုသောစကားကို လည်းကောင်း၊ စိတ်ထဲတွင်ပေါ်ပေါက်ရုံမျှ ရှိသေးသောစကားကိုလည်းကောင်း၊ သိရှိတော်မူ၏။

[8] (ထိုအရှင်ကား) အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်၌ အမွန်မြတ်ဆုံးသော နာမံတော်များသည် ရှိကုန်သတည်း။

[9] ၎င်းပြင် (နဗီတမန်တော်)မူစာ၏ အကြောင်းသတင်းသည် အသင့်ထံ ရောက်လာခဲ့လေပြီလော။

[10] တစ်ရံရောအခါဝယ် ယင်း(နဗီတမန်တော်)မူစာသည် မီးတစ်ခုကို မြင်လေသော် မိမိအိမ်သူ အိမ်သားတို့အား အသင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်း၍နေရစ်ကြလေကုန်။ ဧကန်မလွဲ ကျွန်ုပ်သည် မီးတစ်ခုကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ထိုမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ရာ၏။ သို့တည်းမဟုတ် ကျွန်ုပ်သည်မီ၏အနီးတွင် လမ်းညွှန်တစ်စုံတစ်ရာကို တွေ့ရှိတန်ရာသည်ဟု ပြောဆိုလေ၏။

[11] ထို့နောက် ယင်း(နဗီတမန်တော်)မူစာသည် ထိုမီး၏အနီးသို့ ရောက်လတ်သော် အို-မူစာ ဟု အသံပြုခြင်းကိုခံခဲ့ရလေသည်။

[12] ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်။ သို့ဖြစ်ပေရာအသင်သည် မိမိ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ လေ။ ဧကန်စင်စစ်အသင်သည် ထူးမြတ်သော တွုဝါ တောင်ကြားအရပ်၌(ရောက်)ရှိနေချေပြီ။

[13] စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။

[14] ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။

[15] ဧကန်မလွဲ ကိယာမတ်သည် ရောက်ရှိလာ ပေမည်။ လူတိုင်းလူတိုင်းသည် မိမိကြိုးပမ်းမှု၏ အကျိုးကို ခံစားနိုင်အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကိယာမတ်နေ့ကို(မည်သူ့အားမျှအသိမပေးဘဲ) လျှို့ဝှက်ထားလိုတော်မူပေသည်။

[16] သို့ဖြစ်ပေရာ ယင်းကိယာမတ်ကို မယုံကြည်ဘဲမိမိစိတ်အလိုဆန္ဒကို လိုက်စားသောသူသည် အသင့်အား ယင်းကိယာမတ်ကို ယုံကြည်ခြင်းမှ တားဆီးခြင်းမပြုစေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားအံ့သတည်း။

[17] ၎င်းပြင် အို-မူစာ၊ အသင်၏ လက်ယာဘက်လက်၌ ဤသည် အဘယ်အရာနည်း။

[18] ယင်းမူစာက (အို-အရှင်)ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပါသည်။ ကျွန်တော်မျိုးသည် ယင်းတောင်ဝှေးပေါ်၌ အမှီသဟဲပြုပါသည်။ ကျွန်တော်မျိုးသည် ယင်း တောင်ဝှေးဖြင့် မိမိဆိတ်များအဖို့ သစ်ခက်သစ်ရွက်များကိုလည်းခြွေပါသည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးအဖို့ ယင်းတောင်ဝှေး၌အခြားအလိုဆန္ဒများ (အလုပ်များ)လည်း ရှိပါသေးသည်ဟုလျှောက်ထား အစီရင်ခံခဲ့လေ၏။

[19] ထိုအရှင်မြတ်က အို-မူစာ အသင်သည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေဟု မိန့်ကြားတော်မူခဲ့လေ၏။

[20] သို့ဖြစ်ပေရာ ထိုမူစာသည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချခဲ့သောအခါ ရုတ်တရက် ယင်းတောင်ဝှေးသည် လှုပ်ရှား သွားလာနေသော မြွေတစ်ကောင် ဖြစ်နေလေေတော့၏။

[21] ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူခဲ့လေ၏။ (အို-မူစာ) အသင်သည် ယင်းေ>မကို (မိမိလက်ဖြင့်)ကိုင်ဖမ်းပါလေ။ ၎င်းပြင် အသင်မကြောက်နှင့် ယခုပင်ငါအရှင်မြတ်သည် ယင်းေ>မကို ၎င်း၏ မူလပထမအခြေအနေအတိုင်း ပြန်လည်၍ဖြစ်စေတော်မူမည်။

[22] ထို့ပြင် အသင်သည် မိမိ(ယာဘက်)လက်ကို မိမိ(ဝဲဘက်)ချိုင်းကြားတွင် သွင်းလေ၊ ယင်းလက်မှာ နောက်ထပ်သက်သေလက္ခဏာတော်တစ်ပါးအဖြစ် အပြစ်အနာအဆာလုံးဝမရှိဘဲ၊ လင်းဝင်းထွန်းတောက်လျက် ထွက်ပေါ်၍လာပေမည်။

[23] (ဤသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် မိမိကြီးကျယ်စွာသော သက်သေလက္ခဏာတော် များအနက် (အချို့ကို) အသင့်အား ပြသတော်မူရန် ဖြစ်ချေသည်။

[24] (ယခုသော်) အသင်သည် ဖိရ်အောင်(န်)ထံ သို့သွားလေ။ ဧကန်မလွဲ ယင်းဖစ်ရ်အောင်န်ကား သွေဖည်ရာတွင်လွန်ကျူးနေချေပြီ။

[25] (ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။

[26] ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ။

[27] ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏ လျှာမှအထုံးကို ဖြေ၍ ပေးတော်မူပါ။

[28] သို့မှသာလျှင် လူတို့သည်ကျွန်တော်မျိုး၏စကားကနား လည်နိုင်ကြမည်ဖြစ်ပါသည်။

[29] ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏အိမ်ထောင်စုသားတို့အနက်မှပင် ကျွန်တော်မျိုးအဖို့ ကူညီယိုင်းပင်းသူအဖြစ် ပြုလုပ်၍ပေးသနားတော်မူပါ။

[30] ကျွန်တော်မျိုး၏နောင်တော် ဟာရူန်အား၊ ခန့်ထားတော်မူပါ။

[31] အရှင်မြတ်သည် ယင်းဟာရူန်အားဖြင့် ကျွန်တော်မျိုး၏အင်အားကို ဖြည့်တင်း၍ပေးတော်မူပါ။

[32] ထိုမှတစ်ပါး အရှင်မြတ်သည် ယင်းဟာရူန် အားကျွန်တော်မျိုး၏အရေးကိစ္စတွင်လည်း တွဲဖက်၍ ပေးတော်မူပါ။

[33] ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ တဆ်ဗီဟ်(သန့်ရှင်းစင်ကြယ်တော်မူကြောင်း)ကို များစွာဂုဏ်တော်မွှမ်းနိုင်ကြအံ့သောငှာလည်းကောင်း။

[34] ကျွန်တော်မျိုးတို့သည် အရှင်မြတ်အား များစွာအောက်မေ့တသ သတိရနိုင်ကြအံ့သောငှာ လည်းကောင်း။

[35] ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

[36] ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်။ အို-မူစာ၊ ဧကန်မလွဲ အသင်သည် မိမိတောင်းခံချက်ကို ချီးမြှင့် ပးသနားတော်မူခြင်းခံရလေပြီ။

[37] အမှန်စင်စစ်မူကား ငါအရှင်မြတ်သည် အသင့်အပေါ်၌ ယခင်ကလည်း တစ်ကြိမ် ကျေးဇူးပြုတော် မူခဲ့ဖူးလေသည်။

[38] အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ ထုတ်ပြန်အပ်သော အကြောင်းကို ဤသို့ထုတ်ပြန်တော်မူခဲ့လေသည်။

[39] အသင်မသည် ထိုမူစာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် အသင်မ ယင်းမူစာအား(သေတ္တာနှင့်တကွ)မြစ်ထဲသို့ (မျှော)ချလော့။ ထိုအခါ ထိုမြစ်(ရေ)သည် ယင်းမူစာအား ကမ်းခြေသို့ (ရိုက်ခတ်) ဆိုက်ရောက်စေမည်။ ထိုရောအခါဝယ် ငါအရှင်မြတ်၏ရန်သူလည်းဖြစ်သူ၊ ထိုမူစာ၏ရန်သလည်းဖြစ်သူသည် ထိုမူစာအား (ရေထဲမှ) ဆယ်ယူလိမ့်မည်ဟု (ထုတ်ပြန်တော်မူခဲ့လေသည်။) ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ခင်အံ့သောငှာ)အသင့်အပေါ်၌ မိမိအထံတော်မှ ချစ်မြတ်နိုးမှုကို သက်ရောက်စေတော် မူခဲ့ပေသည်။(ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) စင်စစ် အသင်သည် ငါအရှင်မြတ်၏ မျက်မှောက်တော်၌ မွေးမြူပြုစုခြင်း ခံရအံ့သောငှာဖြစ်ပေသတည်း။

[40] အကြင်အခါဝယ် အသင်၏ အစ်မသည် လမ်းလျှောက်၍လာလေသည်။ ထို့နောက်၎င်းက ကျွန်ုပ်သည်အသင်တို့အား ဤ(ကလေးသူငယ်)ကို (ကောင်းစွာ)မွေးမြူပြုစုနိုင်မည့်သူအား ညွှန်ပြရမည်လောဟု ပြောဆိုလေသည်။ တစ်ဖန်ငါအရှင်မြတ်သည် အသင်အား အသင်၏ မိခင်ထံသို့ ထိုမိခင်၏မျက်စိအေးမြ (ကြည်လင်)အံ့သောငှာလည်းကောင်း၊ ယင်းမိခင်သည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ရန်လည်း ကောင်း၊ပြန်လည် ရောက်ရှိစေတော်မူခဲ့ပေသည်။ ထို့ပြင် အသင်သည်လူတစ်ယောက်ကို(မတော်တဆ)သတ်ဖြတ်မိခဲ့ရာ ငါအရှင်မြတ်သည် အသင်၏ စိတ်ဒုက္ခရောက်ရှိခြင်းမှ ကယ်တင်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်တော်မူခဲ့ပေသည်။ ထို့နောက် အသင်သည်မဒ်ယန်မြို့သားတို့တွင် အနှစ်နှစ်အလလ နေ(ထိုင်)ခဲ့လေသည်။ထို့နောက် တစ်ဖန် အို-မူစာ၊ အသင်သည် သတ်မှတ်ပိုင်းခြားအပ်သောအချိန်၌(ဤနေရာသို့ပြန်လည်)ရောက်ရှိလာခဲ့လေသည်။

[41] စင်စစ် ငါအရှင်မြတ်သည် အသင်အား ငါအရှင်မြတ်၏(အရေးကိစ္စများကို ဆောင်ရွက်ရန်)အလို့ငှာ ရွေးချယ်တော်မူခဲ့လေပြီ။

[42] (သို့ဖြစ်ပေရာ ယခုမူကား) အသင်သည်လည်းကောင်း၊ အသင်၏နောင်တော်(ဟာရူန်)သည်လည်း ကောင်း၊ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များနှင့်တကွ သွားကြလေကုန်။ ၎င်းပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်အားအောက်မေ့တသခြင်းနှင့် စပ်လျဉ်း၍ ဝီရိယ မပေါ့ကြကုန်လင့်။

[43] အသင်တို့ နှစ်ဦးသည် ဖိရ်အောင်(န်)ထံသို့ သွားကြလေကုန်။ ဧကန်မလွဲ ယင်းဖိရ်အောင်(န်)သည် လွန်စွာမောက်မာလျက် ရှိနေချေပြီ။

[44] ထို့နောက် အသင်တို့ နှစ်ဦးသည် ၎င်းအား နူးညံ့သိမ်မွေ့သော စကားကို ပြောဆိုကြလေကုန်။ယင်းဖိရ်အောင်(န်)သည် တရားရကောင်းရရှိပေလိမ့်မည်။ သို့တည်းမဟုတ် ၎င်းသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကောင်းကြောက်ရွံ့ပေလိမ့်မည်။

[45] (ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။

[46] (ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။

[47] သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ယင်းဖိရ်အောင်(န်)ထံသို့ သွားကြပြီးလျှင် (ဤသို့)ပြောကြား ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်နှစ်ပါးပင်ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အား ကျွန်ုပ်နှင့်အတူ ထည့်လိုက်လော့။ ထို့ပြင် အသင်သည် ၎င်းတို့ အား ဒုက္ခမပေးလင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ သက်သေလက္ခဏာတော်ကို ယူဆောင်လာခဲ့ကြပေသည်။ စင်စစ် ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာသူ၏အဖို့သာရှိပေသည်။

[48] ဧကန်စင်စစ် ပြစ်ဒဏ်သည် အကြင်သူ၏ အပေါ်၌ပင် ကျရောက်မည် ဖြစ်ကြောင်း၊ အမှန်ပင် ကျွန်ုပ်တို့ထံ အမိန့်တော်ရောက်ရှိလာပြီးဖြစ်ပေသည်။ ထိုသူသည်(ကျွန်ုပ်တို့ယူဆောင်လာခဲ့ကြသောအမိန့် ပညတ်တော်များကို) မဟုတ်မမှန်ဟူ၍ ငြင်းပယ်အံ့။ ၎င်းပြင် ထိုသူသည် မျက်နှာလွှဲဖယ် ကျောခိုင်းသွားအံ့။

[49] း 49| ယင်းဖိရ်အောင်(န်)က သို့ဖြစ်လျှင် အို-မူစာအသင်တို့ နှစ်ဦးအား ဖန်ဆင်းတော်မူသောအရှင်သည် မည်သူနည်း ဟု ပြောဆို(မေးမြန်း)လေ၏။

[50] (ထိုအခါ) ထိုမူစာက ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည် အသီးသီးသောအရာ ကိုယင်းအရာနှင့်ထိုက်သည့်အားလျော်စွာ ရုပ်ဆင်းသဏ္ဌာန်ကိုချီးမြှင့်တော်မူပြီးလျှင် (ဆောင်ရွက်အံ့သော) နည်းလမ်းကို ညွှန်ပြတော်မူသော အရှင်မြတ်သည် ပင်ဖြစ်တော်မူသည်ဟု ပြောကြားခဲ့လေသတည်း။(တစ်နည်း) ထိုအခါ ထိုတမန်တော်မူစာက ကျွန်ုပ်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် အရာခပ်သိမ်းတို့ကို ၎င်းတို့နှင့် (လျော်ကန်သော)ရုပ်ဆင်းသဏ္ဌာန်ကို ချီးမြှင့်တော်မူပြီး(ကျိုး၊ ပြစ်၊ ဆိုး၊ ကောင်း) လမ်းညွှန်ပြတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ဖြေကြားခဲ့လေသည်။

[51] (တစ်ဖန်) ထိုဖိရ်အောင်(န်)က သို့ဖြစ်လျှင် ရှေးဟောင်းမျိုးနွယ်တို့၏ အခြေအနေသည် မည်သို့ ရှိချေသနည်းဟု ပြောဆို(ပြန်)လေ၏။

[52] မူစာသည် (ဤသို့)ပြောကြားခဲ့၏။ ထိုရှေးဟောင်း မျိုးနွယ်တို့နှင့် ပတ်သက်သောအသိကား ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် မှတ်တမ်းစာအုပ်၌ရှိပေသည်။ (အမှန်စင်စစ်) ကျွန်ုပ်၏ အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ်ပေ။ မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။

[53] (ထိုအရှင်မြတ်သည်)အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည်ပင် ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ယင်းပထဝီမြေ၌အသင်တို့အဖို့ လမ်းများကိုလည်း ပြုလုပ်တော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင် မြတ်သည်ပင် ထိုရေဖြင့်(အနံ့အရသာ)ကွဲပြားခြားနားသော ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့ကို ပေါက်ရောက်စေတော်မူခဲ့၏။

[54] အသင်တို့သည်(မိမိတို့ကိုယ်တိုင်လည်း) စားသုံးကြလေကုန်။ ၎င်းပြင် မိမိတို့၏ခြေလေးချောင်း တိရစ္ဆာန်များကိုလည်း စားကျက်ချကြလေကုန်။ ဧကန်စင်စစ်(ဤသည်တို့)တွင် ဉာဏ်ရှင်များအဖို့ သက်သေသာဓကများရှိကုန်၏။

[55] ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည်အသင်တို့အား ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ယင်းပထဝီမြေကြီး၌ပင် ငါအရှင်မြတ်သည် (အသင်တို့အားတစ်ဖန်ပြန်လည်၍ ရောက်စေတော်မူပေမည်။ ထိုမှတစ်ပါး ယင်းပထဝီမြေကြီးမှပင် ငါအရှင်မြတ်သည် အသင်တို့အား ဒုတိယအကြိမ် ထွက်စေတော်မူအံ့သတည်း။)

[56] ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)ကို (မူစာအားချီးမြှင့်တော်မူသော) မိမိ သက်သေလက္ခဏာတော် အလုံးစုံကို ပြသတော်မူခဲ့ပေသည်။ သို့ပါလျက်၎င်းသည် (ယင်းသက်သေလက္ခဏာများကို) မဟုတ်မမှန် ဟူ၍ဆိုခဲ့သည့်အပြင် (တစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်အားယုံကြည်ရန်လည်း) ငြင်းပယ်ခဲ့လေသည်။

[57] (၎င်းပြင်) ယင်းဖိရ်အောင်(န်)သည် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-မူစာ အသင်သည် မိမိ စုန်း အတတ်ဖြင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏တိုင်းပြည် (အီဂျစ်)မှ နှင်ထုတ်ရန် လာခဲ့သလော။

[58] သို့ဖြစ်လျှင် ကျွန်ုပ်တို့သည်လည်း အသင်နှင့်ယှဉ်ပြိုင်ရန် ယင်းကဲ့သို့သောစုန်းအတတ်ကိုပင် ယူဆောင်လာခဲ့ကြမည်။ သို့ဖြစ်ပေရာ အသင်သည် ညီညာသော ကွင်းပြင်တစ်ခု၌ (ပြိုင်ဆိုင်နိုင်ရန်) ကျွန်ုပ်တို့နှင့်မိမိအကြားဝယ် အချိန်တစ်ချိန်ကို ချိန်းဆိုသတ်မှတ်လော့။ ထိုချိန်းဆိုသော အချိန်ကိုကျွန်ုပ်တို့လည်း ပျက်ကွက်စေကြမည်မဟုတ်။ အသင်သည်လည်း မပျက်ကွက်လေနှင့်။

[59] (ထိုအခါ) ယင်းမူစာက[အို-ဖိရ်အောင်(န်)]အသင်တို့၏ ချိန်းဆိုသော(နေ့)သည် ပွဲနေ့ပင်ဖြစ်သည်။ ၎င်းပြင် လူတို့သည်(လည်း) နေတက်ချိန်၌ စုရုံးပြီး ဖြစ်ကြရမည်ဟုပြောကြားခဲ့လေသတည်း။

[60] ထိုအခါ ဖိရ်အောင်(န်)သည် ပြန်သွားခဲ့ပေသည်။ တစ်ဖန် ၎င်းသည် မိမိလျှို့ဝှက်ကြံစည်ချက်များကို စုဆောင်းပြီးနောက်(ချိန်းချက်ထားသောနေရာသို့)လာခဲ့လေသည်။

[61] (ထိုအခါ) မူစာက ယင်းပဉ္စလက်ဆရာတို့အား(ဤသို့) ပြောကြားခဲ့လေသည်။ အသင်တို့ အကျိုး ယုတ်ပါစေ။အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲခြင်း မပြုကြကုန်လင့်။ သို့ပြုခဲ့ကြပါလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်ပေးတော်မူခြင်းအားဖြင့် လုံးဝပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကားလီဆယ်ဖန်တီး သူသည် မျှော်လင့်သည့်အတိုင်း မအောင်မြင်သောသူသာလျှင်ဖြစ်မည်ဟု ပြောကြားခဲ့လေသည်။

[62] ထို့နောက် ယင်းပဉ္စလက်ဆရာတို့သည် မိမိတို့အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံကွဲလွဲခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် တီးတိုးဆွေးနွေးခဲ့ကြပြန်သည်။

[63] (နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။

[64] သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ကြံစည်ချက်များကိုစုဆောင်းပြီးလျှင် စီတန်း၍လာကြလေကုန်။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည်သာလျှင် စင်စစ် အောင်မြင်သောသူဖြစ်အမှန်ဖြစ်အံ့သတည်းဟု ဆိုကြလေ၏။

[65] (ထို့နောက်) ယင်းပဉ္စလက်ဆရာတို့က အို-မူစာ၊အသင်သည် (မိမိတောင်ဝှေးကို ဦးစွာ)ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်ပင် ဦးစွာပထမ(မိမိတို့၏ကြိုးများ၊ တုတ်ရှည်များကို)ပစ်ချကြမည်လောဟု ပြောဆိုခဲ့ကြလေသည်။

[66] မူစာကထိုသို့မဟုတ်၊ အသင်တို့ပင်(ဦးစွာ)ပစ်ချကြလော့ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်းတို့၏ပဉ္စလက်အတတ်ကြောင့် ထိုသူတို့ ၏ကြိုးများသည်လည်းကောင်း၊ထိုသူတို့၏ တုတ်ရှည်များသည်လည်းကောင်း၊ ထိုမူစာ၏အမြင်၌ လှုပ်ရှားပြေးလွှားနေကြသည်ဟု ထင်ရလေသည်။

[67] သို့ဖြစ်ပေရာ မူစာသည် မိမိစိတ်ထဲတွင် အနည်းငယ်မျှ စိုးရိမ်မိခဲ့လေသည်။

[68] (ထိုအခါ) ငါအရှင်မြတ်က(မူစာအားဤသို့) မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ) အသင်သည် မကြောက်လေနှင့်၊ဧကန်မလွဲ အသင်သည်သာလျှင် အောင်နိုင်သူ ဖြစ်ပေမည်။

[69] ၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။

[70] ထို့နောက်သော်ကား ပဉ္စလက်ဆရာတို့သည်စစ်ဂျဒဟ်၌ ကျသွားကာ ပျပ်ဝပ်ဦးချကာ ကျွန်ုပ်တို့သည် (နဗီတမန်တော်)ဟာရူန်နှင့် (နဗီတမန်တော်)မူစာတို့၏အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ပေပြီဟု ပြောဆိုခဲ့ကြလေသည်။

[71] (ထိုအခါ)ဖိရ်အောင်(န်)က (ဤသို့)ပြောဆို(ကြိမ်းမောင်း)ခဲ့လေ၏။ အသင်တို့သည် ကျွန်ုပ် ခွင့်မပြုမီပင်ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်စင်စစ် ယင်းမူစာကားအသင်တို့အား ပဉ္စလက်အတတ်ပညာကို သင်ကြားပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်အမှန်ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ ခြေများကိုလည်းကောင်း၊ (လက်ယာလက်ဝဲ)ဘက်လွှဲ၍ ဖြတ်တောက်မည်ဖြစ်သည်။ ၎င်းပြင် မလွှဲဧကန် ကျွန်ုပ်သည် အသင်တို့အားစွန်ပလွံပင်များ၌ လက်ဝါး ကပ်တိုင်တင်မည်။ စွန်ပလွံပင်များ၌ကားတိုင်တင်မည်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည်ကျွန်ုပ်တို့အနက် မည်သူ၏ပြစ်ဒဏ်သည်ပို၍ ပြင်းထန်သည်ကိုလည်းကောင်း၊ ပို၍ကြာရှည် တည်မြဲသည်ကို လည်းကောင်း၊အမှန်ပင် သိရှိကြပေမည်။

[72] ထိုပဉ္စလက်ဆရာတို့က (ဤသို့)ပြောကြားခဲ့လေ၏။ [အို-ဖိရ်အောင်(န်)] ကျွန်ုပ်တို့သည် အသင့်အား မိမိတို့ထံရောက်ရှိလာသော သက်သေသာဓက များထက်လည်းကောင်း၊ ကျွန်ုပ်တို့အား ဖန်ဆင်းတော် မူသောအရှင်မြတ်ထက်လည်းကောင်း၊ အလျှင်းနှစ်သက်ကြမည်မဟုတ်။ သို့ဖြစ်ပေရာအသင်သည် မိမိစီရင်ပြဋ္ဌာန်းလိုသည်ကို စီရင်ပြဋ္ဌာန်းပါလေ။(စင်စစ်မှာမူကား) အသင်၏မျက်မှောက်လောကီဘဝ၌သာစီရင်ပြဌာန်းနိုင်မည် ဖြစ်ပေသည်။

[73] ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိကို ဖန်ဆင်းတော်မူသောအရှင်မြတ်အား ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကိုလည်းကောင်း၊ ကျွန်ုပ်တို့အား ပဉ္စလက် အတတ်နှင့်စပ်လျဉ်း၍ အတင်းအကျပ် အသင်ပြုလုပ်စေခဲ့သည် ကိုလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးတော်မူပါရန် သက်ဝင်ယုံကြည်ခဲ့ကြချေပြီ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည်သာလျှင်အမွန်မြတ်ဆုံး၊ နိစ္စထာဝရဖြစ်တော်မူပေသည်ဟု ဖြေကြားခဲ့ကြလေသတည်း။

[74] ဧကန်စင်စစ် မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ အပြစ်ရှိသူအဖြစ်ရောက်ရှိပါလျှင် ဧကန်မလွဲ ထိုသူ၏အဖို့ ဂျဟန္နမ်ငရဲဘုံသည်သာလျှင်ရှိပေမည်။ ထိုသူသည် ယင်းငရဲဘုံ၌ အသက်သေဆုံးမည်လည်းမဟုတ်ပေ။ အသက်ရှင်မည်လည်း မဟုတ်ချေ။

[75] သို့ရာတွင် အကြင်သူသည် ထိုအရှင်မြတ် အထံတော်သို့ ဧကန်အမှန် ကောင်းမြတ်သောအကျင့် သီလများကိုကျင့်မူဆောက်တည်ခဲ့သော မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်ရောက်ရှိလာသည်ရှိသော် ထိုကဲ့သို့သောသူတို့အဖို့ မြင့်မြတ်လှစွာသော အဆင့်အတန်းများသည်(ရှိပေမည်)။

[76] ထာဝစဉ်နေထိုင်ရမည့် ဥယျာဉ်များ ရှိပေမည်။ယင်းဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်) ယင်းဥယျာဉ်များ၌အမြဲနေထိုင်ကြရပေမည်။ စင်စစ်သော်ကား ဤသည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းခဲ့သောသူ၏ အကျိုးပင်တည်း။

[77] ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာ၏ထံသို့(ဤသို့)ဝဟီအမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်၌ခေါ်သွားပါလေ။ထို့နောက် အသင်သည် ၎င်းတို့အဖို့ ပင်လယ်၌ သွေ့ခြောက်သောလမ်းကိုပြုလုပ်ပါလေ။ အသင်သည် (မိမိတို့အား ရန်သူများ) မှီလာကြမည်ကိုလည်း စိုးရိမ်ရမည်မဟုတ်။ (မိမိတို့သည်ပင်လယ်၌ နစ်မြုပ်သွားကြမည်ကိုလည်း) ကြောက်ရမည်မဟုတ်ပေ။

[78] ထို့နောက် ဖိရ်အောင်(န်)သည် မိမိစစ်သည် ဗိုလ်ပါတို့နှင့်တကွ ၎င်းတို့၏နောက်မှ လိုက်လာခဲ့လေရာ၊ ပင်လယ်မှရေများသည် ၎င်းတို့အား လွှမ်းမိုး(နစ်မြုပ်စေ)ခဲ့လေသည်။

[79] စင်စစ် ဖိရ်အောင်(န်)သည် မိမိအမျိုးသားတို့အား တရားလမ်းမှန်ကိုမပြပဲ လမ်းမှားစေခဲ့လေသည်။

[80] အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့၊ ဧကန်အမှန်၊ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ ရန်သူ(၏ဘေးအန္တရာယ်)မှ ကယ်တင်တော်မူခဲ့လေပြီ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင်တို့အား(အသင်တို့၏)လက်ယာဘက်၌ရှိသော တူရ်မည်သောတောင်၏နံဘေး(သို့လာကြရန်) ချိန်းချက်တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်အသင်တို့အပေါ်၌ မန္န(မုန့်ချိုတစ်မျိုး)ကိုလည်းကောင်း၊စလ်ဝါ(ငုံးသတ္တဝါတစ်မျိုး)ကိုလည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသည်။

[81] အသင်တို့သည် ငါအရှင်မြတ်က အသင်တို့ အားချီးမြှင့်ပေးသနားတော်မူခဲ့သည့် စင်ကြယ်သန့်ရှင်းသော (စားဖွယ်များ)ကို စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည်ဤသည်နှင့်စပ်လျဉ်း၍ စည်းကမ်း မကျူးလွန်ကြကုန်လင့်။သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ အမျက်တော်သည်အသင်တို့၌ သက်ရောက်မည်ဖြစ်ပေသည်။ စင်စစ်မူကားမည်သူမဆို ငါအရှင်မြတ်၏အမျက်တော်သည် ထိုသူ၏အပေါ်၌ သက်ရောက်ခဲ့မူ ဧကန်မလွဲ ထိုသူသည် (ဂျဟန္နမ် ငရဲဘုံသို့)ကျသွားပေမည်။

[82] သို့ရာတွင် အကြင်သူ နောင်တတရားရရှိခဲ့သည့်ပြင်(အလ္လာဟ်အရှင်မြတ်အားလည်း) သက်ဝင်ယုံကြည်ခဲ့ပေသည်။ ထိုမှတစ်ပါး ကောင်းမြတ်သောအကျင့်သီလများကိုလည်းကျင့်မူ ဆောက်တည်ခဲ့ပေသည်။ ထို့နောက် တရားလမ်းမှန်ပေါ်၌ တည်ရှိနေခဲ့၏။ ထိုသူအား ငါအရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်တော်မူ၏။

[83] ၎င်းပြင် အို-မူစာ၊ မည်သည့်အရာသည် အသင့်အား မိမိအမျိုးသားတို့ထက် ဦးစွာလာရောက်စေခဲ့ပါသနည်း။

[84] ယင်းမူစာက (ဤသို့)လျှောက်ထားခဲ့လေသည်။၎င်းတို့သည် ဤမှာ ကျွန်တော်မျိုး၏နောက်၌ပင် လိုက်ပါခဲ့ကြပါသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူ သောအရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ်ကျေနပ် တော်မူပါရန် အလျင်လာခဲ့ခြင်းပင်ဖြစ်ပါသည်။

[85] ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့ လေသည်။ (အို-မူစာ) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်ကွယ်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့လေသည်။ စာမိရီ သည် ၎င်းတို့အား လမ်းမှားစေခဲ့လေပြီ။

[86] ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။

[87] (ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့ အလိုသဘောနှင့်ဖောက်ဖျက်ခဲ့ကြသည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့မှာမူကား(ကစ်ဗ်တီ) အမျိုးသားတို့၏လက်ဝတ်လက်စားများကို သယ်ပိုးယူဆောင်လာခဲ့ကြရလေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည်ယင်းလက်ဝတ်လက်စားများကို(မီးထဲသိ)ု့ပစ်ချခဲ့ကြပေသည်။ထို့နောက် စာမိရီသည်လည်းထိုနည်းအတိုင်းပင်ပစ်ချခဲ့လေသည်။

[88] ထို့နောက် ယင်းစာမိရီသည် ၎င်းတို့အဖို့ အသံထွက်သော နွားငယ်ကလေးတစ်ကောင်၏ ခန္ဓာကိုယ် အသွင်သဏ္ဌာန်တစ်ခုကို (သွန်းလောင်း) ထုတ်ယူလာခဲ့လေသည်။(ထိုအခါ) ယင်းအမျိုးသားတို့က ဤသည်ပင် အသင်တို့၏ကိုးကွယ်ရာအရှင်၊ မူစာ၏ ကိုးကွယ်ရာအရှင်ဖြစ်သည်။ သို့သော် မူစာကား(မိမိကိုးကွယ်ရာအရှင်အား ဤမှာပင်)မေ့ထားခဲ့လေပြီဟု (အချင်းချင်း) ပြောဆိုကြလေသည်။

[89] အသို့ပါနည်း။ ယင်းနွားကလေးမှာ မိမိတိုု့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ မိမိတို့နှင့်ပတ်သက်၍ မည်သို့မျှပင် အကျိုးယုတ်စေခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်းကိုလည်း ပြုစွမ်းနိုင်ခြင်းမရှိသည်ကို ၎င်းတို့မမြင်ကြလေသလော။

[90] အမှန်စင်စစ်သော်ကား ဟာရူန်က(မူစာ) ပြန်မရောက်မီကပင်ယင်းအမျိုးသားတို့အား(ဤသို့)ပြောဆို (သတိပေး)ခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ်အသင်တို့သည် ဤနွားရုပ်ကြောင့်လမ်းမှားခဲ့ကြရချေပြီ။ အမှန်စင်စစ်မှာမူကား အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ရဟ်မာန်အနန္တကရုဏာတော်ရှင်သာတည်း။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကိုလိုက်နာကြလေကုန်။

[91] (ထိုအခါ) ယင်းအမျိုးသားတို့က ကျွန်ုပ်တို့သည်မိမိတို့ထံ မူစာပြန်မလာသမျှကာလပတ်လုံး ယင်းနွားရုပ်အပေါ်၌ အမြဲမပြတ် စွဲလမ်းလျက်ပင် ရှိကြမည်ဟု ပြောကြားခဲ့ကြ၏။

[92] (ထို့နောက်) မူစာသည်(ပြန်လာပြီးလျှင် ဟာရူန်အား) အို-ဟာရူန် အသင်သည် ၎င်းတို့ လမ်းမှားခဲ့ကြသည်ကိုတွေ့မြင်ခဲ့သောအခါ၊

[93] အသင့်အား ကျွန်ုပ်ထံလိုက်လာခြင်းမှ မည်သည့်အရာက တားဆီးဘိသနည်း။ အသင်သည် ကျွန်ုပ်၏ အမိန့်ကိုဖီဆန်ခဲ့လေသလောဟု ပြောကြားခဲ့လေသည်။

[94] (ထိုအခါ) ယင်းဟာရူန်က (ဤသို့) ပြောဆို (ဖြေကြား)ခဲ့၏။ အို-ကျွန်ုပ်၏မိခင်၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ဆွဲကိုင်ခြင်းမပြုပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်မူကား၊ အသင်သည် ကျွန်ုပ်(ပြောဆိုအံ့သော)စကားကို စောင့်ဆိုင်း(၍နားထောင်)ခြင်းမရှိဘဲ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အချင်းချင်း သွေးကွဲအောင်ပြုခဲ့သည်ဟု ပြောဆိုမည်ကို စိုးရိမ်မိခဲ့ပေသတည်း။

[95] မူစာက သို့ဖြစ်လျှင် အို-စာမိရီ၊ အသင်၏ရည်ရွယ်ချက်ကား အသို့နည်းဟု ပြောဆို(မေးမြန်း) ခဲ့လေသည်။

[96] (ထိုအခါ) ၎င်းစာမိရီက ကျွန်ုပ်သည် အခြားသူတို့ မမြင်ခဲ့ကြသောအရာကို တွေ့မြင်ခဲ့ပါသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်သည် စေတမန်၏(မြင်း)ခြေရာမှ(မြေကြီး) လက်တစ်ဆုပ်ကို ဆုပ်ယူခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်သည် ထို(မြေကြီး)ကို(ဤနွားငယ်ကလေး၏ခန္ဓာကိုယ်တွင်)ပစ်ထည့်ခဲ့ပါသည်။စင်စစ် ကျွန်ုပ်၏စိတ်နှလုံးသည် ကျွန်ုပ်အား ဤအတိုင်းပင်ဖြားယောင်းခဲ့ပါသည်ဟု ပြောဆို (ဖြေကြား) လေ၏။

[97] (သို့ဖြစ်ပေရာ) ယင်းမူစာက (စာမိရီအားဤသို့)ပြောကြားခဲ့လေ၏။ (အို-စာမိရီ) အသင်သည်ထွက်သွားလော့။ဧကန်အမှန် အသင်၌ ဤဘဝသက်တမ်းတစ်လျှောက်တွင်(ခံစားရမည့်ပြစ်ဒဏ်ကား) အသင်သည် (မိမိအပါးသို့ ချဉ်းကပ်လာသူတို့ကို ကျွန်ုပ်အား မည်သူမျှ) ‘မထိရ’ ဟု ပြောဆိုနေရန်သာရှိပေသည်။ ၎င်းပြင် အသင့်အဖို့(နောင်တမလွန်၌ပြစ်ဒဏ်ခံစားရန်လည်း) ပြဌာန်းချက်တစ်ခု ရှိသေး၏။ အသင်သည်ယင်းပြဋ္ဌာန်းချက်မှ လွဲစေခြင်းကို အလျှင်း ခံရလိမ့်မည်မဟုတ်ပေ။ ထို့ပြင် အသင်သည် အစဉ်မပြတ် စွဲလမ်းလျက်ရှိခဲ့သော မိမိ ကိုးကွယ်ရာကို ရှုလော့။ ဧကန်မလွဲ ငါတို့သည်၎င်းအား မီးချပြီးနောက် အမှန်စင်စစ် ၎င်း(၏ပြာ)ကို မြစ်ထဲ၌ကြဲ(၍မျှော)ကြမည်ဖြစ်သည်။

[98] (စင်စစ်မှာမူကား) အသင်တို့၏ ခဝပ်ကိုးကွယ်ရာအရှင်သည် အကြင် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ် ရာအရှင်ဟူ၍ကားအလျှင်း မရှိပြီ။ ထိုအရှင်မြတ်သည် (မိမိ)အသိပညာတော်ဖြင့်အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူပေသတည်း။

[99] ယင်းကဲ့သို့ပင် ငါအရှင်မြတ်သည် အသင်၏ ရှေ့ဝယ် လွန်လေပြီးသောဖြစ်စဉ်များ၏ အကြောင်း သတင်းများကို ပြန်ပြောင်းမိန့်ကြားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား မိမိအထံတော် မှ (ကုရ်အာန်တည်းဟူသော)သတိပေးနှိုးဆော်သည့်ကျမ်းဂန်တစ်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

[100] မည်သူမဆို ယင်း(ကျမ်းတော်)မှ မျက်နှာလွှဲခဲ့ပါမူ ဧကန်မလွဲ ထိုသူသည် ကိယာမတ်ရှင်ပြန်ထ ရမည့်နေ့တွင်(အလွန်လေးလံသော) ဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ရမည်ဖြစ်ပေသည်။

[101] (ထိုသူတို့သည်) ယင်း(ဝန်ထုပ်ကိုထမ်းဆောင်သယ်ပိုးခြင်း၏)အဖြစ်၌ ထာဝစဉ် ခံစားလျက် ရှိကြပေမည်။စင်စစ် ထိုဝန်ထုပ်သည် ၎င်းတို့အဖို့ ကိယာမတ် ရှင်ပြန်ထရမည့်နေ့တွင် အလွန်ဆိုးရွား လှသော ဝန်ထုပ်ပင် ဖြစ်ချိမ့်မည်။

[102] အကြင်နေ့တွင် တံပိုးခရာကို မှုတ်ပေမည်။ 4င်းပြင် ငါအရှင်မြတ်သည် ထိုနေ့တွင် အပြစ်ရှိသူတို့အား မျက်စိကန်းသူများအဖြစ်စုရုံးစေတော်မူမည်။

[103] (ထိုနေ့တွင်) 4င်းတို့သည် မိမိတို့အချင်းချင်းအသင်တို့သည် (လောကတွင်)ဆယ်ရက်မျှသာ နေခဲ့ကြသည်ဟုတီးတိုးပြောဆိုကြပေမည်။

[104] ငါအရှင်မြတ်သည် ၎င်းတို့ပြောဆိုကြသည့်(အကြောင်း)ကို ကောင်းမွန်စွာ သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။ အကြင်အခါဝယ် ၎င်းတို့အနက် အကြံဉာဏ်အားဖြင့် အတော်ဆုံးသောသူက အသင်တို့သည် တစ်ရက်မျှသာ နေခဲ့ကြသည်ဟု ပြောဆိုအံ့သတည်း။

[105] ၎င်းပြင် ထို(မက္ကာမြို့သားမိစ္ဆာဝါဒီ)တို့သည်အသင်အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်းတောင်များကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေ၍) လွင့်ပါးစေတော်မူမည် ဖြစ်ပေသည်။

[106] တစ်ဖန် ထိုအရှင်မြတ်သည် ယင်း (ပထဝီမြေ)ကို ညီညာသော လွင်ပြင်အဖြစ် ကျန်ရစ်စေတော်မူမည်ဖြစ်ချေသည်။

[107] အသင်သည် ထို(ပထဝီမြေ)၌ မည်သည့် ချိုင့်ဝှမ်းကိုမျှလည်းကောင်း၊ မည်သည့် ကုန်းကိုမျှ လည်းကောင်း၊တွေ့မြင်လိမ့်မည်မဟုတ်ပေ။

[108] ထိုနေ့တွင် လူတို့သည် ဆင့်ခေါ်သူ၏နောက်သို့ကွေ့ကောက်ခြင်းမရှိဘဲ (ဖြောင့်တန်းစွာ) လိုက်ကြပေမည်။၎င်းပြင်ရဟ်မာန်အနန္တကရုဏာတော်ရှင် ၏ရှေ့တော်မှောက်ဝယ် (၎င်းတို့၏) အသံများမှာ ငြိမ်ဆိမ်၍ သွားကြပေမည်။သို့ဖြစ်ပေရာ အသင်သည် (တိုးတိုးပြောဆိုချက်) ခြေသံမှတစ်ပါး မည်သည့်အသံကိုမျှ ကြားလိမ့်မည် မဟုတ်ပေ။

[109] ထိုနေ့တွင် ကြားဝင်အသနားခံခြင်းသည်အကြင်သူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်အဖို့မျှပင်)အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုသူနှင့် ပတ်သက်၍ ရဟ်မာန်အနန္တကရုဏာတော်ရှင်သည် ခွင့်ပြုတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်း၏စကား တစ်စုံတစ်ရာကို နှစ်သက်တော်မူခဲ့ လေသည်။

[110] ထိုအရှင်မြတ်သည် ၎င်းတို့၏ရှေ့နောက် အဖြစ်အပျက်(အကြောင်းကိစ္စ)အလုံးစုံတို့ကို (အကြွင်းမဲ့)သိရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မူကား ထိုအရှင်မြတ် (သိတော်မူသောယင်းအကြောင်းကိစ္စများ)ကို (မိမိတို့၏) အသိပညာဖြင့် ဝန်းခြုံ(၍သိ)နိုင်ကြသည် မဟုတ်ပေ။

[111] ထို့ပြင်(ထိုနေ့တွင် လူခပ်သိမ်းတို့၏)မျက်နှာများမှာထာဝရရှင်နေတော်မူသော၊ အစဉ်အမြဲ တည်ရှိနေတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အောက်ကြို့လျက်ရှိကြပေမည်။ ၎င်းပြင် ဧကန်မလွဲ မတရားမှုကို (ကျူးလွန်)ထမ်းဆောင်ခဲ့သောသူမှာ မူကား (ထိုနေ့၌)လုံးဝဆုံးရှုံးမည်သာတည်း။

[112] သို့ရာတွင် အကြင်သူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရုံမျှမက ထိုသူသည်မုအ်မင်န် သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့မူ၊ ထိုသူကား မတရားမှုကိုလည်းကောင်း၊ လျော့နည်းစေခြင်းကိုလည်းကောင်း၊စိုးရိမ်ရမည် မဟုတ်ချေတကား။

[113] စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည်ယင်း(ကျမ်းဂန်)ကို စကားပြေပြစ် ကောင်းမွန်လှသော ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ချပေးသနားတော် မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ခြိမ်းခြောက်မှုများကို အနည်းနည်းအဖုံဖုံ မိန့်ကြားတော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် ကြောက်ရွံ့ကြပေမည်။ သို့တည်းမဟုတ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းတို့၌ (အသိတရား) သတိတရားကို ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။

[114] သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ မကျရောက်မီ ကုရ်အာန်ကျမ်းတော်မြတ်(ကိုရွတ်ဖတ်သရဇ္ဈာယ်ရာ)၌ အလျင်စလိုမပြုလေနှင့်။ ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။

[115] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏ထံသို့ အမိန့်တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေသည်။ သို့ရာတွင် ထိုအာဒမ်သည်(ယင်းအမိန့်တော်ကို) မေ့လျော့ခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် ယင်းအာဒမ်၌ တည်ကြည်ကြံ့ခိုင်မှုကို တွေ့တော်မမူခဲ့ချေ။

[116] (ပြန်လည်အောက်မေ့ သတိရကြလေကုန်)။တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်များအား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် စစ်ဂျဒဟ်ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတပါး ကောင်းကင်တမန် အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်မှာမူကား (ပျပ်ဝပ်ဦးချခြင်းမပြုဘဲအမိန့်တော်ကို) သွေဖည် ငြင်းပယ်ခဲ့လေသည်။

[117] ထိုအခါ ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့၏။ အို-အာဒမ်၊ ဤ(အစ်ဗ်လီစ်)ကား အသင်နှင့်အသင့်ခင်ပွန်း၏ ရန်သူပင်ဖြစ်ချေသည်။ သို့ဖြစ်ပေရာ ယင်းအစ်ဗ်လီစ်သည် အသင်တို့နှစ်ဦးအား ဂျန္နတ်အမတသုခဘုံမှနှင်မထုတ်စေနှင့်။ သို့ဖြစ်ခဲ့မူ အသင်သည် ပင်ပန်းဆင်းရဲဒုက္ခတွေ့မည်။

[118] ဧကန်အမှန် အသင်၌ ယင်းဂျန္နတ်အမတသုခဘုံတွင် ဆာလောင်ခြင်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ ၎င်းပြင်အသင်သည် အဝတက် ကင်းမြဲ့ခင်း ဖြစ် လိမ့်မည်လည်း မဟုတ်ချေ။

[119] ထို့ပြင် ဧကန်စင်စစ် အသင်သည် ယင်းသုခဘုံ၌ ရေမွတ်သိပ်မည်လည်းမဟုတ်ပေ။ ထို့ပြင် အသင်သည် နေပူခံရမည်လည်း မဟုတ်ချေ။

[120] ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် အာဒမ်အား(သွေးဆောင်ဖြားယောင်း ခဲ့လေသည်)။ ၎င်းက (အာဒမ်အား) အို-အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်အမြဲ ရှင်နေသောသစ်ပင်ကိုလည်းကောင်း၊ ဟောင်းမြင်းဆွေးမြည့်ခြင်းမရှိသော စိုးမိုးအုပ်ချုပ်မှု(အာဏာ)ကိုလည်းကောင်း၊ ညွှန်ပြရမည်လော ဟု ပြောဆိုခဲ့လေ၏။

[121] သို့ဖြစ်ပေရာ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည်ထိုသစ်ပင်မှ (အသီးကို)စားသုံးခဲ့ကြလေ၏။ ထိုအခါ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ (ဖုံးအုပ်လျက်ရှိသော) အရှက်များသည်၎င်းတို့ရှေ့ဝယ် ပေါ်၍သွားခဲ့လေသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့(ကိုယ်)ကို ဂျန္နတ်အမတသုခဘုံမှ သစ်ရွက်များဖြင့်ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေသည်။ စင်စစ် အာဒမ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို ဆန့်ကျင်မိခဲ့လေရာ လမ်းမှန်မှလွဲခဲ့ရလေသည်။

[122] ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။

[123] ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့၏။အသင်တို့နှစ်ဦးသည် ယင်းဂျန္နတ်အမတသုခဘုံမှ ဆင်းသွားကြလေကုန်။ အသင်တို့(၏သားသမီးများ) အနက် တစ်ဦးသည်တစ်ဦး၏ ရန်သူပင်ဖြစ်ပေမည်။ ထို့နောက် အကယ်၍ အသင်တို့ထံ ငါအရှင်မြတ်အထံတော်မှ တစ်စုံတစ်ရာ တရားလမ်းညွှန်ရောက်ရှိ လာသောအခါ မည်သူမဆို ငါအရှင်မြတ်၏ တရားလမ်းညွှန်အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှားလိမ့်မည်လည်းမဟုတ်ပေ။ ဆင်းရဲဒုက္ခ(ပျက်စီးဆုံးရှုံးခြင်းနှင့်)တွေ့ကြုံရမည်လည်း မဟုတ်ပေ။

[124] သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ တရားဒေသနာတော်မှ မျက်နှာလွှဲခဲ့မူ ဧကန်မလွဲ ထိုသူ၌ ကျပ်တည်းသောအသက်မွေးမြူမှုရှိပေမည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းအား ကိယာမတ်နေ့တွင် မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်။

[125] (ထိုအခါ) ထိုသူက အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးသည်မျက်စိမြင်သူ (တစ်ဦး)ဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်တော်မျိုးအား မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူပါသနည်းဟု လျှောက်ထားပေမည်။

[126] (ထိုအခါ) ထိုအရှင်မြတ်သည်(ဤသို့)မိန့် ကြားတော်မူပေမည်။ (ဤကိစ္စသည်) ဤအတိုင်းပင် ဖြစ်ပေမည်။ငါအရှင်မြတ်၏ သက်သေသာဓကများသည် အသင့်ထံ ရောက်ရှိလာခဲ့သောအခါ အသင်သည် ထိုသက်သေ သာဓကများကို(ယုံကြည်လက်ခံခြင်းမပြုဘဲ) စွန့်ထားခဲ့လေသည်။ ထိုနည်းအတိုင်းပင် ယနေ့အသင်သည်လည်း စွန့်ထားခြင်းကိုခံရပေမည်။

[127] စင်စစ်သော်ကား ဤအတိုင်းပင် ငါအရှင်မြတ်သည် အကြင်သူအား အစားပေးတော်မူပေမည်။ ထိုသူသည်စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခဲ့ပေသည်။ ၎င်းပြင် ထိုသူသည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေသာဓကများကိုလည်း မယုံကြည်ခဲ့ချေ။ စင်စစ်ဧကန်တမလွန်ဘဝ၏ ပြစ်ဒဏ်သည်ကား ပိုမို၍ပင်ပြင်းထန်လှ၏။၎င်းပြင် ပိုမို၍ပင် တည်မြဲလှပေသတည်း။

[128] အသို့ပါနည်း၊ ငါအရှင်မြတ်သည် ၎င်းတို့ အလျင်များစွာသောရှေးလူဟောင်းတို့ကို ပျက်စီး စေတော်မူခဲ့ခြင်းသည်၎င်းတို့အား တရားလမ်းမှန်ကို မရစေခဲ့လေသလော။ ၎င်းတို့သည် ထိုရှေးလူဟောင်းများ၏ နေထိုင်ရာနေရာများတွင်သွားလာလှုပ်ရှားလျက် ရှိကြပေသည်။ ဧကန်စင်စစ် ဤသည်၌ ဆင်ခြင်တုံတရားရှိသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိကုန်၏။

[129] စင်စစ် အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည်လည်းကောင်း၊ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလတစ်ခုသည်လည်းကောင်း၊ မူလကပင် မရှိခဲ့ပါလျှင် အမှန်ပင်(ပြစ်ဒဏ်သည် ၎င်းတို့အပေါ်၌)မလွှဲမရှောင်သာဆိုက်ရောက်ခဲ့မည်သာ။

[130] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့ပြောဆိုကြသော ကိစ္စနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ထို့ပြင် အသင်သည် (မိမိ)ကျေနပ်မှုရှိအံ့သောငှာ နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (ထိုအရှင်မြတ်အား) ဂုဏ်တော်မွှမ်းပါလေ။ ထို့ပြင် အသင်သည်ညဉ့်အချိန်များတွင်လည်းကောင်း၊ နေ့၏အစွန်များ၌ လည်းကောင်း၊ (ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော် မူကြောင်းကိုမြွက်ဆိုပါလေ။ (ဤသို့အားဖြင့်)အသင်သည် ထိုအရှင်မြတ်၏နှစ်သက်မှုကို ရတန်ရာ၏။

[131] ထို့ပြင် အသင်သည် ငါအရှင်မြတ်က ယင်း (ကာဖိရ်မိစ္ဆာဝါဒီ)တို့အနက် လူတန်းစားအမျိုးမျိုးတို့အား အကျိုးခံစားစေတော်မူခဲ့သော ဥစ္စာပစ္စည်းကို မိမိမျက်စိအစုံဖြင့် မော်၍မျှ မကြည့်ပါလေနှင့်။ (အမှန်သော်ကား) ငါအရှင်မြတ်သည်ယင်းဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းတို့အား စမ်းသပ်တော်မူရန်သာလျှင်(အကျိုးခံစားစေတော်မူခြင်းပင်)ဖြစ်ချေသည်။စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ချီးမြှင့်တော်မူသော)စားနပ်ရိက္ခာသည်သာလျှင် အကောင်းဆုံး၊ ထို့အပြင် အကြာရှည်ဆုံး အတည်မြဲဆုံးဖြစ်ပေသည်။

[132] ၎င်းပြင် အသင်သည် မိမိအိမ်သူအိမ်သား တပည့်သာဝကတို့အား ဆွလာတ်ဝတ်ပြုကြရန် အမိန့်ပေးလျက်ရှိပါလေ။ ထို့ပြင် အသင်ကိုယ်တိုင်လည်း ယင်းဆွလာတ်ဝတ်ပြုမှုအပေါ်၌ မယိမ်းမယိုင်တည်ကြည် မြဲမြံစွာရှိပါလေ။ ငါအရှင်မြတ်သည် အသင့် ထံတွင် စားနပ်ရိက္ခာကို တောင်းခံတော်မူမည် မဟုတ်ပေ။ (အမှန်မှာ) ငါအရှင်မြတ်သည်သာလျှင် အသင့်အား ရိက္ခာကို ချီးမြှင့်တော်မူလေသည်။ စင်စစ်နောက်ဆုံးအကျိုးဆက်သည် သူတော်စင်တို့အဖို့သာ ဖြစ်သည်။

[133] ထို့ပြင် ၎င်းတို့က ယင်း(မုဟမ္မဒ်)သည် အဘယ်ကြောင့် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ကျွန်ုပ်ထံယူဆောင်၍မလာပါသနည်းဟု ပြောဆိုကြကုန်၏။ အသို့ပါနည်း။ ၎င်းတို့ထံ ရှေးကျမ်းများ၌လာရှိသော ရှင်းလင်းချက်များသည် ရောက်ရှိမလာခဲ့လေသလော။

[134] စင်စစ် အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းတို့အား ထို(နဗီတမန်တော်မုဟမ္မဒ်၊ ထိုကုရ်အာန် မကျရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာဖြင့် ပျက်စီးစေတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည်အဘယ်ကြောင့် ကျွန်တော် မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့(စေလွှတ်တော်မူခဲ့)ပါလျှင် ကျွန်တော်မျိုး တို့သည် မိမိတို့ဂုဏ်အသရေနိမ့်မကျကြမီ အလျင်၌လည်းကောင်း၊ ကျိုးယုတ်ရှက်ရ မဖြစ်ကြမီအလျင်လည်းကောင်း၊ အရှင်မြတ်၏ အမိန့်ပညတ်တော်များကိုလိုက်နာကြမည်သာဖြစ်ပါသည် ဟု ပြောဆိုကြပေမည်။

[135] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊)အားလုံးပင် စောင့်မျှော်၍နေသူများပင်ဖြစ်ကြပေရာ အသင်တို့သည်လည်း စောင့်မျှော်ကြလေကုန်။ သို့(စောင့်မျှော် ကြ)ပါလျှင် မကြာမြင့်မီ မည်သူတို့သည် ဖြောင့်မှန်သောလမ်းပေါ်၌ ရှိခဲ့သူများ ဖြစ်ကြသည်ကိုလည်းကောင်း၊ မည်သူတို့သည် တရားလမ်းမှန် ရရှိခဲ့သူများဖြစ်ကြသည်ကိုလည်းကောင်း၊ အသင်တို့သည် သိရှိကြအံ့သတည်း။

ပရောဖက်များ

Surah 21

[1] လူသားတို့အား စစ်ဆေးရန် အချိန်ကာလသည်၎င်းတိုနှင့် နီးကပ်၍လာခဲ့လေပြီ။ အမှန်သော်ကား ၎င်းတို့သည်မျက်နှာလွှဲလျက် ပေါ့ဆမှု၌ပင် ရှိကြသေး၏။

[2] ၎င်းတို့ထံ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မည်သည့်သစ်လွင်သော သတိပေးနှိုးဆော်ချက်မဆို ရောက်လတ်သော်၎င်းတို့သည် ယင်းသတိပေး နှိုးဆော်ချက်ကိုပြက်ချော်ပြောင်လှောင်၍သာနားထောင်ကြကုန်၏။

[3] ၎င်းတို့၏ စိတ်နှလုံးများသည် (ယင်းသတိ ပေးနှိုးဆော်ချက်ကို) ဂရုမမူဘဲ(ရှိကြ၏)။ ၎င်းပြင် (ယင်း)ကျူးလွန်သောသူတို့က ဤသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မိမိတို့ သိမြင်ကြ လျက်၌ပဉ္စလက်(ဆိုင်ရာစကား)ကို (နားထောင်ရန်) လာကြဦးမည်လောဟု လျှို့ဝှက်ဆွေးနွေးကြကုန်၏။

[4] (နဗီတမန်တော်က)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်၌(ရှိသောစကား)ကိုဖြစ်စေ၊ ပထဝီမြေ၌(ရှိသောစကား)ကို ဖြစ်စေ၊ (အလုံးစုံသော)စကားကို သိတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[5] ထိုသို့မဟုတ်၊ စင်စစ်မှာကား ယင်း(မိစ္ဆာဝါဒီ) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (ဤကုရ်အာန်ကျမ်းသည်) ဂယောင်ချောက်ချားမြင်မက်သော အိပ်မက်မျှသာ ဖြစ်သည်။ ထိုမျှမက စင်စစ်မှာကား ယင်း(မုဟမ္မဒ်)သည် ဤ(ကုရ်အာန်ကျမ်းတော်)ကို ကြံဖန်(သီကုံး)ခဲ့သည်။ ထိုမျှသာမက စင်စစ်မူကား ယင်း(မုဟမ္မဒ်)သည် လင်္ကာဆရာတစ်ဦးပင် ဖြစ်ပေသည်။ ထိုသို့မဟုတ်ခဲ့လျှင် ရှေးသူဟောင်းများ (ရစူလ်တမန်တော်အဖြစ်)စေလွှတ်ခြင်း ခံခဲ့ရသကဲ့သို့ပင် ယင်း(မုဟမ္မဒ်)သည်လည်း ကျွန်ုပ်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာကို ယူလာသင့်၏။

[6] ၎င်းတို့အလျင် ငါအရှင်မြတ် ပျက်စီးစေတော်မူခဲ့သောမည်သည့်မြို့ရွာ(မှမြို့သူရွာသားများ)မျှပင် (တန်ခိုးများကို တွေ့မြင်ကြပါလျှက်နှင့်ပင်)သက်ဝင် ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ဤသူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။

[7] စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်ကလည်း ယောက်ျားများကိုသာလျှင်(ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့ထံ "ဝဟ်ယ်"အမိန့်တော်ကို ပို့တော်မူလေသည်။ သို့ဖြစ်ပေရာ အကယ်၍အသင်တို့သည် (မိမိကိုယ်တိုင်)မသိကြလျှင် (ရှေး)ကျမ်းဂန်ရရှိသူများအား မေးမြန်း(၍ကြည့်)ကြလေကုန်။

[8] ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)တို့အား အစာအဟာရ စား(သောက်)ခြင်း မပြုကြသောခန္ဓာကိုယ်များ(အဖြစ်) ပြုလုပ်(ဖန်ဆင်း) တော်မူခဲ့သည်လည်းမဟုတ်ပေ။ ထို(ရစူလ်တမန်တော်)များသည် (အသက်သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ (အသက်ရှင်)နေသူများလည်းမဖြစ်ခဲ့ကြချေ။

[9] ထို့နောက် ငါအရှင်မြတ်သည် ထို(ရစူလ်တမန်တော်)များအဖို့ (၎င်းတို့နှင့်ထားရှိတော်မူခဲ့သော)ကတိကို တည်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း(ရစူလ်တမန်တော်)များအားလည်းကောင်း၊ မိမိတို့အလိုရှိ တော်မူသောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့လေသည်။သို့ရာတွင် ငါအရှင်မြတ်သည် စည်းကမ်းကျူးလွန်သူတို့အားပျက်စီးစေတော်မူခဲ့၏။

[10] မလွဲဧကန် ငါအရှင်မြတ်သည် အသင်တို့ထံအကြင်ကဲ့သို့သော ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့ပြီးဖြစ်၏။ ယင်းကျမ်းဂန်တွင် အသင်တို့အား သတိပေး နှိုးဆော်ချက်(များ)ပါရှိ၏။ သို့ပါလျက် အသင်တို့သည် မသိ နားမလည်ကြလေသလော။

[11] စင်စစ် ငါအရှင်မြတ်သည် များစွာသောကျူးလွန်လျက်ရှိခဲ့သောမြို့ရွာများကို ပျက်စီးစေတော်မူခဲ့၏။ ၎င်းပြင်ယင်းမြို့ရွာများ(ပျက်စီးသွားပြီး)နောက်တွင် ငါအရှင်မြတ်သည်အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့၏။

[12] သို့ဖြစ်ပေရာ ယင်းမြို့ရွာသားတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (သက်ရောက်လာသည်) ကို သိမြင်ကြသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းမြို့ရွာများမှ ထွက်ပြေးကြကုန်၏။

[13] (ထိုအခါ ကောင်းကင်တမန်များက ၄င်းတို့အားပြက်ရယ်သောအားဖြင့်)"အသင်တို့သည် မပြေးကြကုန်လင့်။ အသင်တို့သည် စည်းစိမ်အဖြစ် ချီးမြှင့် ပေးသနားခြင်းခံခဲ့ ကြရသော ဥစ္စာပစ္စည်းများ(ရှိရာ)သို့လည်းကောင်း၊ မိမိတို့နေအိမ်များသို့လည်းကောင်း၊ပြန်ခဲ့ကြလေကုန်။ အသင်တို့သည် မေးမြန်းခြင်း ခံကြရာသည်၊"(ဟုပြောဆိုခဲ့ကြကုန်၏)။

[14] (ထိုအခါ) ယင်းမြို့သူရွာသားတို့က "ဪ-ဖြစ်မှ ဖြစ်ရလေခြင်း၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင်မတရားမှုကို ကျူးလွန်သူများဖြစ်ခဲ့ကြ သည်တကား" ဟု ပြောဆို (ညည်းညူမြည်တမ်း)ခဲ့ကြကုန်၏။

[15] ၎င်းတို့၏ ထို ဟစ်အော်မြည်တမ်းမှုသည် (ဆက်လက်၍) ရှိမြဲအတိုင်းပင်ရှိနေခဲ့၏။ နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရိတ်သိမ်းပြီးဖြစ်သော လယ်ယာကိုငြိမ်းသွားသော မီး(ကဲ့သို့) ပြုလုပ်တော်မူခဲ့ပေသတည်း။

[16] စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ) နှစ်ခု၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ကစားသူအဖြစ်(အပျင်းပြေ)ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ။

[17] အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျှင် ငါအရှင်မြတ်သည် ယင်းကစားစရာကို ဧကန်မုချ မိမိအထံတော်၌ ရှိသည်တို့အနက်မှပင် ပြုလုပ်ထားတော်မူပေမည်။ အကယ်၍သာ ငါအရှင်မြတ်သည် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူခဲ့ပါလျှင်။

[18] ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်၌ပစ်ပေါက်တော်မူ၏။ ထိုအခါ ယင်းအမှန်သည် ထိုအမှား၏ဦးနှောက်ကို ထွက်စေ၏။ ထိုအခါယင်းအမှားသည် ရုတ်တရက် ပျောက်ပျက်သွားလေ၏။ စင်စစ်အသင်တို့၌ မိမိတို့၏ ကြံဖန်စွပ်စွဲချက်များကြောင့် ပျက်စီးခြင်းသည် ရှိပေမည်။

[19] စင်စစ်သော်ကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိသူအားလုံး တို့သည်ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် ထိုအရှင်မြတ်၏အပါးတော်၌ ရှိနေသူတို့သည်ထိုအရှင်မြတ်အား ခဝပ်ခြင်းမှ မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။ မောပန်းကြသည်လည်း မရှိပေ။

[20] ယင်း (အပါးတော်၌ ရှိသူတို့သည်) (ထို အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို နေ့ညဉ့်မပြတ် မြွက်ဆိုဘာဝနာ စီးဖြန်းလျက်ရှိကြကုန်၏။ ရပ်တန့်ကြသည်ဟူ၍လည်း မရှိပေ။

[21] သို့ပါလျက် ၎င်း(မုရှ်ရစ်က်)တို့သည် ပထဝီမြေမှဖြစ်သောအရာများကို ကိုးကွယ်ရာများ ပြုလုပ် ထားကြလေသလော။ ယင်းအရာများသည် ရှင်ပြန်စေနိုင်ကြသည်(လော)။

[22] အကယ်၍သာ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြား(ထာဝရတည်ရှိသော)ကိုးကွယ်ရာများရှိခဲ့ကြပါမူ(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးမှာ မလွဲဧကန် ပျက်စီးခဲ့ပြီးဖြစ်ကြပေမည်။ စင်စစ်သော်ကား အရ်(ရှ်)ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန် စွပ်စွဲကြသည်တို့မှ (လုံးဝ)စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူ၏။

[23] ထိုအရှင်မြတ်သည် မိမိပြုလုပ်တော်မူသော ကိစ္စများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံရတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့မူကား (မိမိတို့ပြုလုပ်ကြသော အမှုကိစ္စတို့နှင့်စပ်လျဉ်း၍) စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။

[24] သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။

[25] စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။

[26] ထိုမှတစ်ပါး ၎င်းတို့က "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည်(မလာအိကဟ် ကောင်းကင်တမန်များအား)သားသမီးပြုလုပ်တော်မူခဲ့သည်ဟု (စွပ်စွဲ)ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား (ကောင်းကင်တမန်သည်ထိုအရှင်မြတ်၏သားသမီးများ မဟုတ်ကြချေ။ ထိုအရှင်မြတ်၏) မြင့်မြတ်သော ကျွန်များပင် ဖြစ်ကြကုန်၏။

[27] ယင်း(ကောင်းကင်တမန်)တို့မူကား ထိုအရှင်မြတ်၏ရှေ့တော်သို့ကျူး၍ စကားပြောဆိုနိုင်ကြသည် အလျှင်းမဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ (တစ်သွေမတိမ်း)လိုက်နာ ဆောင်ရွက်ကြကုန်၏။

[28] ထိုအရှင်မြတ်သည် ၎င်းတို့၏ ရှေ့နောက်အကြောင်းကိစ္စ အလုံးစုံတို့ကို (အကြွင်းမဲ့) သိတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့သည် ထိုအရှင်မြတ် ကျေနပ်နှစ်သက်တော်မူသော သူမှတစ်ပါး မည်သူ့အဖို့မျှ ကြားဝင် အသနားခံနိုင်ကြမည် မဟုတ်ပေ။စင်စစ် သော်ကား ၎င်းတို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားမှုကြောင့် (အမြဲတစေ)ကြောက်ရွံ့လျှက်ပင် ရှိကြကုန်၏။

[29] စင်စစ် ၎င်းတို့အနက် မည်သူမဆို ကျွန်ုပ်သည်လည်း ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာအရှင်(တစ်ပါး) ဖြစ်သည်ဟု ပြောဆိုပါမူ ငါအရှင်မြတ်သည် ၎င်းအား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူတို့အား ဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်သည်သာ ဖြစ်သည်။

[30] စင်စစ် မိုးကောင်းကင်များသည်လည်းကောင်း၊ပထဝီမြေသည်လည်းကောင်း၊ ပိတ်လျက်ရှိခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးကို ဖွင့်ပေးတော်မူခဲ့သည်။ (ဤသည်ကို)ကာဖိရ်များမသိ မမြင်ခဲ့ကြလေသလော။ ထို့ပြင်ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိသတ္တဝါ ခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် ၎င်းတို့သည်သင်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။

[31] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေ၌ ယင်းပထဝီမြေသည် ၎င်းတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်းမရှိနိုင်ရန် တောင်များကို (ကျောက်ဆူးများအဖြစ်)ချထား တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့လိုရာသို့ ရောက်ရှိနိုင်ကြ အံ့သောငှာ ယင်းတောင်များ၌ တောင်ကြား လမ်းများကို လမ်းများအဖြစ်ပြုလုပ်ထားတော်မူခဲ့ လေသည်။

[32] ၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင် ကို(ပြိုပျက်ခြင်းမှ) ထိန်းသိမ်းပြီးဖြစ်သော အမိုး ပြုလုပ်တော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်းမိုးကောင်းကင်ရှိ သက်သေလက္ခဏာများမှ မျက်နှာလွှဲလျက် ရှိကြကုန်၏။

[33] စင်စစ် ထိုအရှင်မြတ်သည်ပင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင် ဖြစ်တော်မူ၏။(ထို ဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ)ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက် ပင် ရှိကြကုန်သတည်း။

[34] စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် မည်သည့် လူသားတစ်ဦးတစ်ယောက်၌မျှပင် သေခြင်းကင်းသည့်အနေကို ပြုလုပ်တော်မမူခဲ့ချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည် သေဆုံးခဲ့ပါလျှင် ၎င်းတို့သည် အစဉ်ထာဝရ နေကြမည့် သူများ ဖြစ်ကြလေသလော။

[35] သက်ရှိသတ္တဝါတိုင်းသည် မရဏသေခြင်းတရား(၏ရသာ)ကို မြည်းစမ်းရမည့်သူများသာ ဖြစ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ဆိုးသော အခြေအနေဖြင့် လည်းကောင်း၊ ကောင်းသောအခြေအနေဖြင့်လည်းကောင်း၊ (ကောင်းစွာ)စမ်းသပ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည်ရောက်စေခြင်းကို ခံကြ ရပေမည်။

[36] ၄င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည် အသင့်အား မြင်ကြသောအခါ ပြက်ရယ် ပြောင်လှောင်သမှုပြုကြ၏။ အသင်တို့၏ကိုးကွယ်ရာဘုရားများကို(ကဲ့ရဲ့) ပြောဆိုသူသည် ဤသူပင်လော။ စင်စစ်သော်ကား ၄င်းတို့သည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်နှင့် ပတ်သက်၍ ပြောဆိုခြင်းကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။

[37] မနုဿလူသားသည် အလျင်လိုမှုဖြင့် ဖန်ဆင်းခြင်း ခံခဲ့ရလေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခာဏာတော်များကို အသင်တို့အားပြသတော်မူမည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်ငါအရှင်မြတ်ထံတော်တွင် အလျင်မလို ကြကုန်လင့်။

[38] ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည်မှန်ကန်စွာ ပြောဆိုသူများ ဖြစ်ကြပါလျှင် ဤ ချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်း" ဟု ပြောဆိုကြကုန်၏။

[39] အကယ်၍သာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြင်အချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် ယင်းသူတို့သည် မိမိတို့၏မျက်နှာများမှလည်းကောင်း၊ မိမိတို့၏ကျောက်ကုန်းများမှလည်းကောင်း၊ မီးကို တားဆီးနိုင်ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် (မည်သည့်)အကူအညီကို(မျှ)လည်း ရရှိကြမည် မဟုတ်ပေ။

[40] စင်စစ်မှာကား ယင်းမီးသည် ၎င်းတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် ၎င်းတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ သည်ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။

[41] ၎င်းပြင် မချွတ်ဧကန် အသင့်အလျင်လည်း ရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရလေ၏။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များအား ပြက်ရယ်သမှု ပြုကြသူတို့အား ထိုပြက်ရယ် သမှုပြုခြင်း၏ ပြစ်ဒဏ်သည်ဝိုင်းဝန်းခဲ့လေသည်။

[42] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့အား ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း၊ "ရဟ်မာန်" အနန္တကရုဏာတော်ရှင်(၏ပြစ်ဒဏ်)မှ မည်သူသည် ကာကွယ်စောင့်ရှောက်၍ထားပါသနည်း။ စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲ၍နေသူများပင် ဖြစ်ကြ ကုန်၏။

[43] ၎င်းတို့၌ ငါအရှင်မြတ်အပြင် မိမိတို့အား ကာကွယ်အံ့သောကိုးကွယ်ရာများ ရှိကြလေသလော။ (စင်စစ်)ယင်းကိုးကွယ်ရာများသည် မိမိတို့ကိုယ်ကိုပင် ကူညီရန် တတ်စွမ်းနိုင်ကြသည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ငါအရှင်မြတ်(၏ပြစ်ဒဏ်မှ) ကာကွယ်စောင့်ရှောက်ခြင်းကို ခံကြရမည်လည်း မဟုတ်ပေ။

[44] စင်စစ်မှာကား ငါအရှင်မြတ်သည် ယင်းတို့အားလည်းကောင်း၊ ယင်းတို့၏ အဘ၊ အဘိုး၊ ဘေးတို့ အားလည်းကောင်း၊ (လောကီစည်းစိမ်များကို ချီးမြှင့်တော်မူခြင်းအားဖြင့်) အသက်တာ ရှည်လျားသွားသည်အထိ စံစားစေတော်မူခဲ့၏။ ငါအရှင်မြတ်သည် (မက္ကာမြို့၏)မြေကို ဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့ (ကျဉ်းမြောင်း)အောင် ပြုလုပ်လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ သို့ဖြစ်ရာ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြမည်လော။

[45] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အား "ဝဟ်ယ်" အမိန့်တော်ဖြင့် သတိပေးနှိုးဆော်ခြင်းသာဖြစ်သည်။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်း ခံကြရသောအခါ ဟစ်ခေါ်ခြင်းကိုပင် မကြားကြချေ။

[46] ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။

[47] စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။

[48] ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာနှင့်ဟာရူန်အား အမှားနှင့်အမှန်ကိုကွဲပြား ခြားနားစေသော အလင်းရောင်တစ်ခုဖြစ်သော ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီသူတော်စင်တို့အဖို့ ဆုံးမစာတစ်စောင်ဖြစ်သော (တောင်ရာတ်)ကျမ်းကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။

[49] အကြင်သူ(တော်)တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မမြင်ကြပါဘဲလျက် ကြောက်ရွံ့ရိုသေကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်သူများလည်း ဖြစ်ကြကုန်သည်။

[50] စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဆုံးမစာတစ်စောင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်း(ဆုံးမစာ)ကို ချပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် အသင်တို့သည် ယင်းဆုံးမစာကို ငြင်းပယ်သူများပင် ဖြစ်ကြလေသလော။

[51] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်(တမန်တော်)အိဗ်ရာဟီမ်အား ရှေးဦးမဆွကပင် ၎င်း၏ဆင်ခြင်တုံတရားကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ကောင်းစွာသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

[52] အကြင်အခါဝယ် ထိုအိဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိအမျိုးသားတို့အားလည်းကောင်း၊ (အချင်းတို့၊)အသင်တို့ စွဲလမ်းကိုးကွယ်လျှက်ရှိကြကုန်သော ဤရုပ်တုများကား အဘယ်သို့သောအရာများနည်းဟု ပြောဆို(မေးမြန်း)ခဲ့လေသည်။

[53] ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။

[54] ထိုအိဗ်ရာဟီမ်က အသင်တို့သည်လည်းကောင်း၊အသင်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထင်ရှားစွာသော မှောက်မှားမှု၌ပင် ရှိခဲ့ကြကုန်သည်ဟု ပြောကြားခဲ့၏။

[55] ၎င်းတို့က(အို-အိဗ်ရာဟီမ်)အသင်သည် ကျွန်ုပ်တို့ထံ အမှန်ကို ယူဆောင်လာခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် ပြက်ချော်ပြောင်လှောင်သူတစ်ဦးပင် ဖြစ်လေသလောဟု ပြောဆိုခဲ့ကြကုန်၏။

[56] အိဗ်ရာဟီမ်က ထိုသို့အလျင်းမဟုတ်။ စင်စစ် အသင်တို့၏ အရှင်သခင်သည်ကား မိုးကောင်းကင်များနှင့်ပထဝီမြေကို စိုးပင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းအပြင် ငါသည်ဤသည်နှင့်စပ်လျဉ်း၍ သက်သေများတွင် တစ်ဦးအပါအဝင်ပင်ဖြစ်သည်ဟု (ဖြေကြား)ခဲ့လေသည်။

[57] ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ကစမ်၊ ငါသည်အသင်တို့၏ (ကိုးကွယ်ရာဖြစ်သော) ရုပ်ပွားဆင်းတု များနှင့်စပ်လျဉ်း၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်ကြံစည်မည်ဖြစ်သည်။

[58] ထို့နောက် ထိုအိဗ်ရာဟီမ်သည် ယင်းရုပ်ပွားဆင်းတုတော်များကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ခဲ့လေသည်။ သို့ရာတွင် ယင်းတို့အနက် အကြီးဆုံးကိုမူကား ချန်၍ထားခဲ့လေ၏။ သို့မှသာလျှင် ၎င်းတို့သည် ထိုတမန်တော်အိဗ်ရာဟီမ်ထံသို့ (စုံစမ်းရန်) ပြန်လာကြပေမည်။

[59] ယင်းအမျိုးသားတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို မည်သူသည် ဤသို့ပြုလုပ်ခဲ့ပါဘိသနည်း။ ဧကန်မလွဲ ထိုသူသည် ကျူးကျော်စော်ကားသူတစ်ဦးပင် ဖြစ်သည်ဟုပြောဆိုခဲ့ကြကုန်၏။

[60] ယင်းအမျိုးသားတို့(အနက်အချို့)ကကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟုခေါ်တွင်သော လူငယ်တစ်ဦးအား ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)တို့ကို (ပြစ်တင်) ပြောဆိုသည်ကိုကြားဖူးခဲ့ကြသည်ဟု ပြောကြကုန်၏။

[61] (ထိုအခါ) ယင်းအမျိုးသားတို့က သို့ဖြစ်လျှင်အသင်တို့သည် အိဗ်ရာဟီမ်အား လူအပေါင်းတို့၏မျက်မှောက်သို့ ၎င်းတို့(အားလုံး အိဗ်ရာဟီမ်)အား မြင်နိုင်ကြအံ့သောငှာ ခေါ်ဆောင်ခဲ့ကြလေကုန်ဟု ပြောဆိုကြလေ၏။

[62] (အိဗ်ရာဟီမ်သည် ၎င်းတို့ရှေ့မှောက်သို့ရောက်သောအခါ) ၎င်းတို့က အို-အိဗ်ရာဟီမ် အသင်သည်ပင်လျှင်ကျွန်ုပ်တို့၏ ကိုးကွယ်ရာများကို ဤသို့ ပြုလုပ်ခဲ့လေသလောဟုပြောဆို(မေးမြန်း)ခဲ့ကြကုန်၏။

[63] ထို(အခါ) အိဗ်ရာဟီမ်က (ဤသို့)ပြောဆို (ဖြေကြား)ခဲ့၏။ အချင်းတို့၊ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား၎င်းတို့၏ အကြီးအကဲဖြစ်သော ဤ(ရုပ်ပွားဆင်းတုကြီး) ကသာလျှင် ဤသို့ပြုလုပ်(ဟန်လက္ခဏာရှိ)သည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုရုပ်တုများကိုပင် အကယ်၍ ၎င်းတို့သည် စကားပြောဆိုနိုင်ကြပါလျှင် (မေးမြန်း၍ကြည့်)ကြလေကုန်။

[64] ထိုအခါ ယင်းအမျိုးသားတို့သည် မိမိတို့၏စိတ်ထဲတွင် တွေးတောစဉ်းစားခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် (မိမိတို့အချင်းချင်း) "အသင်တို့ သည်သာလျှင်အမှားကိုကျူးလွန်သူများဖြစ်ကြသည်" ဟု (ထုတ်ဖော်) ပြောဆိုခဲ့ကြကုန်၏။

[65] ထို့နောက် ၄င်းတို့သည် မိမိတို့ဦးခေါင်းများကို အောက်သို့စိုက်လျက် (အို-အိဗ်ရာဟီမ်)ဤရုပ်ပွားဆင်းတုများ(အလျင်း)စကားပြောဆိုနိုင်ကြသည် မဟုတ်ကြောင်းကို အသင်သည်အသိပင် ဖြစ်သည် ဟုပြောဆိုခဲ့ကြကုန်၏။

[66] ထို(အခါ)အိဗ်ရာဟီမ်က သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ခ၀ပ်ကိုးကွယ်ကြလေသလော။ ထိုအရာသည် အသင်တို့အား လုံးဝအကျိုးဖြစ်ထွန်း စေနိုင်သည်လည်းမဟုတ်ပေ။ အသင်တို့အား အကျိုးယုတ်စေနိုင်သည်လည်း မဟုတ်ပေ။

[67] ထွီ၊ အသင်တို့သည် ၎င်းအလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ကိုးကွယ်ကြသော အရာများသည် လည်းကောင်း၊ စက်ဆုပ်ဖွယ်ကောင်းလှပေသည်။ အသင်တို့သည် မသိနားမလည်ကြလေသလော။

[68] ယင်းအမျိုးသားတို့က (အချင်းတို့၊) အကယ်၍အသင်တို့သည် (တစ်စုံတစ်ရာကို)ပြုလုပ်မည့် သူများပင်ဖြစ်ကြပါမူ ထိုအိဗ်ရာဟီမ်အား မီးတင်ရှို့လျက် မိမိတို့၏ကိုးကွယ်ရာ ဘုရားများကို ဝိုင်းမကူညီကြလေကုန်ဟု ပြောဆိုကြကုန်၏။

[69] (ထိုအခါ) ငါအရှင်မြတ်က "အို-မီး၊ သင်သည်အိဗ်ရာဟီမ်အပေါ်၌ အေးမြစွာလည်းကောင်း၊ သာယာစွာလည်းကောင်း ရှိလော့" ဟု မိန့်ကြားတော်မူခဲ့၏။

[70] စင်စစ်သော်ကား ၎င်းတို့သည် ထိုအိဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြကုန်၏။ သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား အကြံမအောင်သောသူများပင် ဖြစ်စေတော်မူခဲ့၏။

[71] ထို့အပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အားလည်းကောင်း၊ လူ(တ်) အားလည်းကောင်း၊ အကြင်နယ်မြေသို့ (စေလွှတ်တော်မူခြင်းအားဖြင့်) ကယ်တင်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ယင်းနယ်မြေ ကမ္ဘာသူ၊ကမ္ဘာသားတို့အဖို့ ကျက်သရေမင်္ဂလာ၊ သုခချမ်းသာများ၊ ရှိတော်မူခဲ့၏။

[72] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား အစ္စဟာက်ကို (သားတော်အဖြစ်)လည်းကောင်း၊ ယအ်ကူးဗ်ကို မြေးတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (၎င်းတို့အနက်)အသီးသီးအား သူတော်စင်များပင် ဖြစ်စေတော်မူခဲ့၏။

[73] ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[74] ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။

[75] ၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။

[76] ထို့ပြင် (အို-နဗီတမန်တော်) နူဟ်(၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြန်လည်သတိရပါလေ။ တမန်တော်အိဗ်ရာဟီမ်မပွင့်မီ) ရှေးကာလကပင် ထိုနူဟ်သည် (ငါအရှင်မြတ်အား) ဟစ်ခေါ်ပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုနူဟ်၏ ဟစ်ခေါ်ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်၏ ဘက်တော်သားတို့အားလည်းကောင်း၊ ကြီးစွာသော ပူပင်သောက ဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့၏။

[77] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူဟ်အားငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသော အမျိုးသားတို့ (၏ ဘေးအန္တရာယ်)မှကာကွယ်စောင့်ရှောက်တော် မူခဲ့၏။ ဧကန်မလွဲ ၎င်းတို့သည်အလွန်ဆိုးရွားသော အမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို နစ်မြုပ်စေတော် မူခဲ့ပေသတည်း။

[78] ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန်၏။ အကြင်အခါဝယ်အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဉ့်အချိန်တွင် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။

[79] ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။

[80] ၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။

[81] ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့် နှင့် ငါအရှင်မြတ်ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသောနယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ်သော်ကားငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[82] ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း ကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူ ပေသတည်း။

[83] ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)အိုက်ယူးဗ်(၏အတ္ထုပ္ပတ္တိအကြောင်း) ကို(လည်းထုတ်ဖော်ပြောကြားပါလေ)။ တစ်ရံသော အခါဝယ် ထိုအိုက်ယူးဗ်သည် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အား (အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊) ဧကန်မလွဲ ကျွန်တော်မျိုး၌ ဘေးဥပဒ်သက်ရောက်ပါပြီ။စင်စစ် သော်ကား အရှင်မြတ်သည် သနားကရုဏာ ပြုတတ်သူတို့တွင် သနားကရုဏာ ပြုတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။

[84] ထိုအခါ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၏ အသနားခံပန်ကြားချက်ကို သဘောတူ လက်ခံတော်မူခဲ့၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၌ သက်ရောက်ခဲ့သော ဘေးဥပဒ်ကို ပျောက်ကင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်အား ၎င်း၏အိမ်ထောင်စုသား၊ သားမယား၊ သားသမီးများ(ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်) အပြင် ထိုသူတို့နှင့်အတူ ထိုသူတို့ကဲ့သို့ အလားတူကိုလည်း မိမိအထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်သူများအဖို့ သတိရစေသော အထိမ်းအမှတ်အဖြစ်လည်းကောင်း ချီးမြှင့်ပေးသနား တော်မူခဲ့ပေသတည်း။

[85] ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် နဗီတမန်တော်)အီစ်မာအီလ်၊ (နဗီတမန်တော်) အီဒ္ဒရီစ်(နဗီတမန်တော်) ဇူလ်ကီဖ်လ်တို့(၏အထ္ထုပ္ပတ္တိအကြောင်းများ)ကိုလည်းထုတ်ဖော်ပြောကြားပါလေ။ ထိုနဗီတမန်တော် အသီးသီးတို့သည် ခန္ဒီသူတို့တွင် ပါဝင်ခဲ့ကြကုန်၏။

[86] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း(နဗီတမန်တော်)တို့အား မိမိကရုဏာတော်အတွင်း ပါဝင်စေတော် မူခဲ့၏။ဧကန်စင်စစ် ထိုနဗီတမန်တော်တို့ကား သူတော်စင်တို့တွင်ပါဝင်ခဲ့ကြကုန်သတည်း။

[87] ထို့ပြင်(အို-နဗီတမန်တော်၊ အသင်သည်) "ဇွန်နူန်" ငါးရှင်(နဗီတမန်တော်ယူနွတ်စ်၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြောကြားပါလေ)။ တစ်ရံရောအခါဝယ် ထိုငါးရှင်(နဗီတမန်တော်ယူနွတ်စ်)သည် (မိမိ၏အမျိုးသားတို့အပေါ်ဝယ်) ဒေါသအမျက်ထွက်ကာ (မိမိမြို့ရွာဒေသမှထွက်ခွာ၍)သွားခဲ့လေသည်။ တစ်ဖန် ထိုငါးရှင်က ငါအရှင်မြတ်သည်၎င်း၏အပေါ်၌ အလျင်းကျပ်တည်းစေတော်မူသည် မဟုတ်ဟူ၍ ထင်မြင်ခဲ့လေသည်။ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင် ဟူ၍ အလျင်း မရှိပါ။ အရှင်မြတ်သည်စင်ကြယ် သန့်ရှင်း တော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကား ဟု ဟစ်ခေါ်တသ အသနားခံ ပန်ကြားခဲ့လေသည်။

[88] ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်)ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား(ပူပင်သောကဖြစ်ခြင်းမှ)ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အားဤနည်းနှင်နှင် ကယ်တင်လေ့ရှိတော်မူပေသတည်း။

[89] ထို့ပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)ဇကရီယာ(၏အကြောင်း)ကိုလည်း (ပြောကြားပါလေ)။ အခါတစ်ပါး၌ ထို(နဗီတမန်တော်) ဇကရီယာသည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။

[90] ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။

[91] ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည်)ထိုအမျိုးသမီး၏ အတ္ထုပ္ပတ္တိအကြောင်းကိုလည်း (ပြောကြားပါလေ)။ ထို(အမျိုးသမီး)သည် မိမိဂုဏ်အသရေကို စောင့်စည်းထိန်းသိမ်းခဲ့လေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို(အမျိုးသမီး)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထို(အမျိုးသမီး)အားလည်းကောင်း၊ ထို(အမျိုးသမီး)၏ သားတော်အားလည်းကောင်း၊ကမ္ဘာသူကမ္ဘာသားခပ်သိမ်းတို့အဖို့ သက်သေ လက္ခဏာတော်တစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။

[92] ဧကန်မလွဲ ဤ(အစ္စလာမ်သာသနာတော်ပင်)အသင်တို့၏ တစ်ခုတည်းသော သာသနာတော်ဖြစ်ပေသည်။၎င်းပြင် ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ငါအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။

[93] သို့ရာတွင် လူတို့သည် မိမိတို့ အချင်းချင်းပင်မိမိတို့၏(သာသနာ့)အရေးကိစ္စကို အပိုင်းပိုင်း ပြုလုပ် ခဲ့ကြကုန်၏။ (စင်စစ်သော်ကား)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်၍လာကြရမည့်သူများပင်ဖြစ်ကြကုန်၏။

[94] သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူအံ့။ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့။ သို့ဖြစ်လျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ရှားခြင်းခံရမည် မဟုတ်ပေ။မချွတ်ဧကန် ငါအရှင်မြတ်သည် ယင်းအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[95] စင်စစ်သော်ကား မည်သည့်မြို့ရွာကိုမဆို ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့ပါလျှင် ထိုမြို့သူ မြို့သားတို့အား (ဤလောကသို့ ၎င်းတို့ ပြန်လာကြရန် မဖြစ်နိုင်ပေ)။

[96] နောက်ဆုံးတွင် ‘ယအ်ဂျူဂျ်’နှင့် ‘မအ်ဂျူဂျ်’(လူမျိုးတို့သည် လွတ်လပ်ခဲ့ကြပြီ)၊ (ဖွင့်ပေးခြင်း ခံရသောအခါ)(ကမ္ဘာမြေဝယ်ရှိ) ကုန်းမြင့်တိုင်းမှ လျင်မြန်စွာ(ဆင်း၍) လာကြပေမည်။

[97] ၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။

[98] ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။

[99] အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။

[100] ၎င်းတို့၌ ယင်းဂျဟန္နမ်ငရဲဘုံတွင် ညိုးညံညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့အပြင် ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌(မည်သည့်စကား မည်သည့်အသံကိုမျှ)ကြားကြလိမ့်မည် မဟုတ်ချေ။

[101] ဧကန်မလွဲ အကြင်သူတို့သည် ငါအရှင်မြတ်အထံတော်မှ မူလကပင် ထိုသူတို့အဖို့ ကောင်းကျိုးပြဌာန်းပြီးဖြစ်၏။ ထိုသူတို့သည် ယင်းဂျဟန္နမ်ငရဲဘုံမှ ဝေးစေခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြပေမည်။

[102] ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၏ လေသံကိုသဲ့သဲ့မျှပင် ကြားကြရလိမ့်မည်မဟုတ်ပေ။ စင်စစ် ၎င်းတို့သည် မိမိစိတ်ကြိုက် စည်းစိမ်များတွင် ထာဝစဉ်မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။

[103] ၎င်းတို့သည် ထိုအကြီးဆုံးသော ထိတ်လန့်ဖွယ်(ဖြစ်သောကိယာမသ်နေ့သည်)ပင်လျှင် စိတ်ဒုက္ခရောက်စေမည်မဟုတ်။ ၎င်းအပြင်(ထိုနေ့တွင်) မလာအိကဟ်ကောင်းကင်တမန်များက ၎င်းတို့အား "ဤနေ့သည်ကား အသင်တို့အားချိန်းချက်ထားသောနေ့ ဖြစ်သည်" ဟူ၍ပင် ကြိုဆိုဧည့်ခံကြအံ့သတည်း။

[104] (အို-နဗီတမန်တော်)အကြင်(နေ့၏အကြောင်းကိုလည်းပြောကြားပါလေ။)ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်လိပ်ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ်စတင် ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ်(ဖန်ဆင်း)တော်မူပေမည်။ (ဤသည် ငါအရှင်မြတ်) မိမိအပေါ်၌ကတိပြု(တာဝန်ယူ)တော်မူခြင်းပင် ဖြစ်ပေရာ ဧကန်အမှန် ငါအရှင်မြတ်သည် (မိမိကတိတော်အတိုင်း)ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[105] မချွတ်မလွဲ ငါအရှင်မြတ်သည် "လောက်ဟ်မဟ်ဖူဇ်" သင်ပုန်း( ၌ရေးသားတော်မူပြီး)နောက်၊ ကောင်းကင်ကျကျမ်းတော်(လည်း) ဧကန်စင်စစ် မြေကို ငါအရှင်မြတ်၏ သူတော်စင် ကျွန်များပင် အမွေဆက်ခံကြမည်ဟု ရေးသားတော်မူခဲ့ပြီးဖြစ်ပေသတည်း။

[106] မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်)၌ ခဝပ်ကိုးကွယ်သူတို့အဖို့ အမှန်ပင် (ရှင်းလင်းသော) အကြောင်းကြားချက်သည် ရှိပေသည်။

[107] စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာ တော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။

[108] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့) တစ်ဆူတည်းသောကိုးကွယ်ရာအရှင်မြတ် သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာအရှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ "ဝဟ်ယ်" အမိန့်တော် ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ပေရာအသင်တို့သည် (အမိန့်တော်ကိုနာခံသူ) မုစ်လင်မ်များ ဖြစ်ကြမည်လောဟု ပြောဆို(မေးမြန်း)ပါလေ။

[109] သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲ ငြင်းဆန်ခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား အချင်းတို့) ငါသည်အသင်တို့အား တိလင်းထင်ရှားစွာ အသိပေး(ကြေညာ) ခဲ့ပြီးဖြစ်သည်။ အသင်တို့ ချိန်းချက် ခြင်းခံကြရသောကိစ္စသည်နီးသည် ဝေးသည်ကိုမူ ငါမသိဟု ပြောကြားပါလေ။

[110] ဧကန်မလွဲ ထိုအရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာ ပြောဆိုချက်ကိုလည်း သိရှိတော်မူ၏။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက် ထားကြသည်ကိုလည်းသိရှိတော်မူပေသည်။

[111] ထို့ပြင် ယင်းချိန်းချက်မှု (ကိုဆောလျင်စွာပြုတော်မမူဘဲ ဆိုင်းငံ့၍ထားတော်မူခြင်း)သည် အသင်တို့အားစမ်းသပ်ခြင်းဖြစ်တန်ရာသည်။ သတ်မှတ်ထားသော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူး ခံစားခွင့်ပေးထားခြင်းလည်း ဖြစ်တန်ရာသည်။ ငါသည် အတိအကျမသိပေ။

[112] (နဗီတမန်တော်မြတ်သည် ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ စင်စစ်ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "ရဟ်မာန်" အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် အသင်တို့ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာ များနှင့်စပ်လျဉ်း၍ အကူအညီတောင်းခြင်းကို ခံရတော် မူသောအရှင်လည်း ဖြစ်တော်မူပေသတည်း

ဟဂ်ျပြုခြင်း

Surah 22

[1] အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ ဧကန်စင်စစ် ကိယာမတ်၏ မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ကြောက်မက်ဖွယ် ကိစ္စတစ်ရပ်ပင်ဖြစ်ချေသည်။

[2] ယင်းမြေငလျင်လှုပ်ခြင်းကို အသင်တို့ တွေ့မြင်ကြသောနေ့တွင် နို့တိုက်သောမိခင်တိုင်းသည် မိမိနို့တိုက်လျက်ရှိသော ကလေးကို (လုံးဝ) မေ့လျော့၍ သွားပေမည်။ ၎င်းပြင် သန္ဓေရှိသူတိုင်းသည်လည်း (ကြောက်ရွံ့ထိတ်လန့်ကာ) မိမိ၌ရှိသောသန္ဓေလျှောကျပေမည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား မူးယစ်တွေဝေမိန်းမောနေသူများအဖြစ် တွေ့မြင်ပေမည်။ စင်စစ်၎င်းတို့သည် မူးယစ်တွေဝေမိန်းမောနေသူများ(အလျင်း)မဟုတ် သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကား ပြင်းထန်လှပေသတည်း။

[3] စင်စစ် လူတို့အနက် အကြင်သို့သောသူလည်းရှိ၏။ ထိုသူသည် အသိပညာမရှိဘဲလျက် အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုသည်။ ၎င်းပြင် ထိုသူသည်ဆိုးသွမ်း ပုန်ကန်သော "ရှိုင်တွာန်" မိစ္ဆာကောင် အသီးသီး၏နောက်သို့လိုက်သည်။

[4] (အမှန်သော်ကား) ထို "ရှိုင်တွာန်" မိစ္ဆာကောင်နှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီးဖြစ်သည်မှာ မည်သူမဆို ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား အဆွေခင်ပွန်း ပြုလုပ်ခဲ့မူ ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် ထိုသူအားလမ်းမှားစေခြင်းကိုလည်းကောင်း၊ ထိုသူအား အလျှံ ပြောင်ပြောင် တောက်လောင်သောငရဲမီး၏ ပြစ်ဒဏ်သို့ လမ်းညွှန်ခြင်းကိုလည်းကောင်း၊ဧကန်မလွဲ ပြုလုပ်မည်ဖြစ်သည်ဟု စီရင်ပြဋ္ဌာန်းပြီး ဖြစ်ချေသတည်း။

[5] အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။

[6] ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။

[7] ထိုမှတစ်ပါး ဧကန်မလွဲ ကိယာမတ်သည်လည်း(မုချ)ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းကိယာမတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအလျင်းမရှိပြီ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများတွင်ရှိသူတို့ကို ဧကန်စင်စစ် ရှင်ပြန်ထစေတော်မူမည် ဖြစ်သတည်း။

[8] စင်စစ် လူတို့တွင် အသိပညာ လုံးဝမရှိဘဲလျက်လည်းကောင်း၊ မည်သည့်သက်သေထင်ရှား တင်ပြချက်မျှမရှိဘဲလျက်လည်းကောင်း၊ မည်သည့်ရှင်းလင်းစေသော ကျမ်းဂန်မျှမရှိဘဲလျက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူလည်း ရှိပေသည်။

[9] (မာန်မာနထောင်လွှားကာ)မိမိလည်ပင်းကိုလိမ်လျက်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင် မြတ်၏လမ်းတော်မှလွဲမှားစေခြင်းငှာ ထိုသူ၌ (ဤ) ပစ္စုပ္ပန်လောကတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား (ကျွမ်းလောင်စေသောငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်ပေသည်။

[10] ဤသို့ဖြစ်ရခြင်းမှာ အသင်၏လက်နှစ်ဖက်သည် တင်ကူး၍ပို့ခဲ့သော(ပြစ်မှုဒုစရိုက်များ)ကြောင့်ပင်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်များအားနှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပြီ။

[11] ၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။

[12] (စင်စစ်သော်ကား) ထိုသူသည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ မိမိအားအကျိုးယုတ်စေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ မိမိအားအကျိုး ဖြစ်ထွန်းစေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ ဟစ်ခေါ်လျက်ရှိပေသည်။ ဤကား (အမှန်တရားနှင့်) အလွန်ဝေးလံသော လမ်းမှားခြင်းပင်။

[13] (အမှန်စင်စစ်) ထိုသူသည် အကြင်အရာကို ဟစ်ခေါ်လျက်ရှိပေသည်။ ထိုအရာ၏ အကျိုးယုတ်စေမှုသည် ၎င်း၏ အကျိုးဖြစ်စေခြင်းထက် ပိုမို၍ပင်နီးကပ်လျက်ရှိပေသည်။စင်စစ်(ထိုသူဟစ်ခေါ်လျက်ရှိသောအရာမှာမူကား)အလွန်ယုတ်ညံ့သော ကြည့်ရှုထောက်မသူ၊ ၎င်းပြင် အလွန်ယုတ်ညံ့သောအဆွေခင်ပွန်းပင် ဖြစ်ပေသတည်း။

[14] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်တော်မူသောကိစ္စကို(ပြီးမြောက်အောင်) ပြုလုပ်တော်မူပေသည်။

[15] မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။

[16] စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။

[17] ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့တို့သည်လည်းကောင်း၊ ရေ၀တီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ န(ဆ်)ရာနီတို့သည်လည်းကောင်း၊ မဂျူစီ မီးကိုးကွယ်သူတို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[18] ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လသည်လည်းကောင်း၊ ကြယ် နက္ခတ်များသည်လည်းကောင်း၊ တောင်များသည် လည်းကောင်း၊ သစ်ပင်များသည်လည်းကောင်း၊ တိရစ္ဆာန်များသည်လည်းကောင်း၊ မြောက်များစွာသော လူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဦးချကြသည်ကို အသင်သည် မသိပါသလော။သို့ရာတွင် (လူတို့အနက်) မြောက်များစွာ သောသူတို့အပေါ်၌ပြစ်ဒဏ်သည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား မည်သူအားမဆို အလ္လာဟ်အရှင်မြတ်သည် ဂုဏ်အသရေ ယုတ်ညံ့စေတော်မူပါလျှင်၊ ထိုသူအား (ဂုဏ်အသရေ) ချီးမြှင့်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကို ပြုလုပ်တော် မူပေသတည်း။

[19] ဤအုပ်စုနှစ်စုကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ ကြသောအုပ်စုနှစ်စုပင်။ သို့ဖြစ်ပေရာ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြသောသူတို့အဖို့ မီးဖြင့်ပြီးသော အဝတ်အထည်များသည် ကိုက်ညှပ်(ချုပ်စပ်)ပြီးဖြစ်ပေမည်။ (ထို့ပြင်) ၎င်းတို့၏ဦးခေါင်းများထက်မှ ကျိုက်ကျိုက်ဆူသောရေ သွန်းလောင်းခြင်းခံရမည်။

[20] ထိုရေကြောင့် ထိုသူတို့၏ဝမ်းဗိုက်များ၌ရှိသောအရာ (အူသိမ်အူမ၊ အသည်း၊ နှလုံး) စသည်တို့သည်လည်းကောင်း၊ အသားအရည်တို့သည် လည်းကောင်း၊ အရည်ပျော်၍သွားကြပေမည်။

[21] ထိုမှတစ်ပါး ၎င်းတို့အဖို့ သံတုတ်များလည်းရှိကြပေမည်။

[22] ၎င်းတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ယင်း(ဂျဟန္နမ်ငရဲဘုံ)မှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ယင်း(ဂျဟန္နမ်ငရဲဘုံ)ထဲသို့ပင် ပြန်လည်ပို့ ခြင်းကို ခံကြရပေမည်။ ထို့ပြင်(ကောင်းကင်တမန်များက ၎င်းတို့အား ယခုသော်) အသင်တို့သည် မီး၏ပြစ်ဒဏ်ကိုပင် မြည်းစမ်းလျက်ရှိကြလေကုန် (ဟုပြောဆိုကြအံ့သတည်း။)

[23] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော် မူပေမည်။ ထိုဥယျာဉ်များအောက်မှ ချောင်းများ စီးတွေလျက် ရှိကြပေမည်။ ထိုသူသည် ယင်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်မောင်းပတ်)များဖြင့်လည်း ကောင်း၊ ပုလဲများဖြင့်လည်းကောင်း တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်းဥယျာဉ်များတွင် ၎င်းတို့၏ဝတ်စားတန်ဆာများသည် ပိုးအဝတ်များပင်ဖြစ်ချေမည်။

[24] စင်စစ် ၎င်းတို့သည်(ဤပစ္စက္ခဘဝတွင်) စင်ကြယ်သန့်ရှင်းသောစကား (ကလိမတ် တွိုက်ယိဗဟ်)ကိုလည်း ညွှန်ကြားပြသခြင်းခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ချီးမွမ်းထောမနာပြုခြင်းကို ခံယူထိုက်တော်မူသော အရှင်မြတ်၏လမ်းတော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရကုန်သတည်း။

[25] ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။

[26] ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။

[27] ၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။

[28] မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။

[29] ထို့နောက် ၎င်းတို့သည် ကြေးညှော်ကို(သုတ်သင်)ပယ်ရှားကြရမည်။ ထို့ပြင် မိမိတို့၏(တာဝန်များ)အဓိဋ္ဌာန်များကို ပြီးဆုံးအောင် ဆောင်ရွက်ကြရမည်။ ထိုမှတစ်ပါး ရှေးကျသောအိမ်(ကအ်ဗဟ်ကျောင်း)တော်ကို တွဝါဖ် လှည့်ကြရမည်ဖြစ်ချေသတည်း။

[30] (အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။

[31] (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ် ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် (မည်သည့် တစ်စုံတစ်ရာကိုမျှပင်) ထိုအရှင်မြတ်နှင့် တွဲဖက်(နှိုင်းယှဉ် ကိုးကွယ်)သူများ မဖြစ်ကြဘဲ။ စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ပါလျှင် ထိုသူသည် မိုးကောင်းကင်မှ ကျလာဘိသကဲ့သို့ပင်။ ထို့နောက် ၎င်းအား (အသေသားစားသော) ငှက်တိရစ္ဆာန်များက သုတ်ယူမည်ဖြစ်ပေသည်။ သို့တည်းမဟုတ် လေသည် ၎င်းအားဝေးလံစွာသောနေရာသို့ (ပို့ဆောင်) ပစ်ချေမည်ပင် ဖြစ်ချေသတည်း။

[32] (အမိန့်တော်သည်)ဤသည်ပင်၊ စင်စစ်မူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် စိတ်နှလုံးများမှ ရိုသေလိုက်နာမှုပင်ဖြစ်ပေသည်။

[33] အသင်တို့အဖို့ သတ်မှတ်ထားသော အချိန်ကာလတိုင်အောင် ယင်းအထိမ်းအမှတ်တော်များ (ကုရ်ဗာနီသားကောင်များ) အကျိုးခံစားခွင့်ရှိပေသည်။ ထို့နောက် ယင်းသားကောင်များ(ကိုလှီးဖြတ်ရန်)နေရာကား ရှေးဟောင်းအိမ်တော်၏အနီး၌ပင် ဖြစ်ချေသတည်း။

[34] စင်စစ် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော် ထိုအရှင်မြတ်က မိမိတို့အား အစားအစာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သော အခြေလေးချောင်း တိရစ္ဆာန်များအပေါ်၌ တသကြအံ့သောငှာ ကုရ်ဗာနီပြုခြင်းကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ စင်စစ်သော်ကား အသင်တို့၏ ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာကြလေကုန်။ ထို့ပြင်(အို-တမန်တော်)အသင်သည်ကျိုးနွံသောသူတို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ပြောကြားပါလေ။

[35] အကြင်(ကျိုးနွံသော)သူတို့အား(၎င်းတို့ ရှေ့ဝယ်)အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခဲ့သောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် ထိတ်လန့် တုန်လှုပ်၍ သွားကြလေသည်။ ထို့ပြင်(အသင်သည်)မိမိတို့၌ သက်ရောက်သော ဘေးဒုက္ခများနှင့်စပ်လျဉ်း၍ သည်းခံခြင်းတရားထားရှိကြသော သူတို့အားလည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို အမြဲမပြတ်ဆောက်တည်ကြသော သူတို့အားလည်းကောင်း၊ မိမိတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ လှူဒါန်းသုံးစွဲကြသူတို့အားလည်းကောင်း (သတင်းကောင်းကို ပြောကြားပါလေ)။

[36] စင်စစ် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏(သာသနာ့)အထိမ်းအမှတ်များအနက် အထိမ်းအမှတ်တစ်ရပ် ပြုလုပ်တော်မူခဲ့၏။ အသင်တို့အဖို့ ယင်းကုရ်ဗာနီ ကုလားအုတ်များတွင် ကောင်းကျိုးသည်ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကုရ်ဗာနီကုလားအုတ်များအပေါ်ဝယ် (၎င်းတို့အား)စီတန်းရပ်စေလျက် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသ(၍ကုရ်ဗာနီပြုလုပ်)ကြလေကုန်။ ထို့နောက် ယင်းကုရ်ဗာနီကုလားအုတ်များသည် ဘေးစောင်းလဲကျသွားကြလေသောအခါ အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြ လေကုန်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးတင်ကြအံ့သောငှာ ယင်းကုရ်ဗာနီကုလားအုတ်များကို အသင်တို့၏လက်အောက်ခံ ဖြစ်စေတော်မူခဲ့ပေသတည်း။

[37] အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အရှင်မြတ်သည် အသင်တို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။

[38] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) တွန်းလှန်ပယ်ရှားတော်မူမည်။ (တစ်နည်း) မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့ဘက်မှ (မုရှ်ရစ်က်တို့၏ ဘေးအန္တရာယ်များကို) ခုခံကာကွယ်တော်မူမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သော သစ္စာသွေသူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။

[39] (ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စ်လင်မ်)တို့သည် (ခုခံတိုက်ခိုက်)ခွင့် ရရှိလေပြီ။ အကြောင်းမူကား၊ ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[40] အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[41] အကြင်သူတို့သည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် လွှမ်းမိုးအုပ်စိုးမှုကို ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြပေမည်။ ၎င်းပြင် ဇကာတ်ကိုလည်း ပေးဆပ်ကြပေမည်။ ကောင်းမြတ်သော ကိစ္စများကိုလည်း အမိန့်ပေးကြပေမည်။ မကောင်းမှုများမှလည်း တားမြစ်ကြပေမည်။ အမှန်သော်ကား အရေးကိစ္စ (အလုံးစုံ)တို့၏ နောက်ဆုံးအကျိုးသည်အလ္လာဟ် အရှင်မြတ်အထံတော်၌သာ ရှိပေသည်။

[42] စင်စစ်အကယ်၍ ၎င်းတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပါလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်းမဟုတ်ပေ)။ ဧကန်မလွဲ ထိုသူတို့ထက်အလျင် (နဗီတမန်တော်)နူဟ်၏ အမျိုးသားတို့သည်လည်းကောင်း၊ အာဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ဆမူဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ မဟုတ်မမှန်ဟူ၍ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။

[43] ထိုနည်းတူစွာ (နဗီတမန်တော်) အိဗ်ရာဟီမ်၏ အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော်)လူ(တ်)၏ အမျိုးသားတို့သည်လည်းကောင်း။

[44] မဒ်ယန်မြို့သားတို့သည်လည်းကောင်း၊ (ငြင်းပယ်ခဲ့ကြကုန်၏)။ ထိုမှတပါး (နဗီတမန်တော်) မူစာသည်လည်း( Copt အမျိုးသားတို့ဘက်မှ) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်းကို ခံခဲ့ရလေသည်။ ထိုအခါ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား (ပြစ်ဒဏ်ခတ်ခြင်းမှခေတ္တ)ရွှေ့ဆိုင်း ထားတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့ဘိသနည်း။

[45] စင်စစ် မြောက်မြားစွာသော မြို့ရွာများကို ငါအရှင်မြတ်သည် ယင်းမြို့၊ ရွာ(သား)များ မတရား ကျူးလွန်သူများ ဖြစ်နေကြစဉ် ဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းမြို့ရွာများ(ရှိတိုက်တာအိမ်ဂေဟာ အစရှိသော အဆောက်အအုံများ ပြိုကျကာ နံရံများ)မှာ ယင်းအဆောက်အအုံများ၏ ခေါင်မိုးများပေါ်သို့ ပြိုကျ(ပျက်စီး)လျက်ရှိနေပေသည်။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်စွင့်သော တိုက်တာအိမ်ဂေဟာ အစရှိသည့် အဆောက်အအုံများသည်လည်းကောင်း၊ (ယခုတိုင်အောင် လက်ငုတ်လက်စအဖြစ်) ကျန်ရှိနေသေး၏။

[46] သို့ပါလျက် ၎င်းတို့သည် ပထဝီမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင်၊ ထိုသူတို့၌ နားလည်နိုင်သော စိတ်နှလုံးများ သော်လည်းကောင်း၊ ကြားနိုင်သောနားများသော်လည်း ကောင်း၊ ရှိလာကြပေမည်။အကြောင်းမူကား မျက်စိများသည် ကန်းသွားကြသည် မဟုတ်ပေ။ စင်စစ်မှာကား ရင်များ၌ရှိသော စိတ်နှလုံးများသည်သာလျှင် ကန်းသွားလေ့ရှိကြသတည်း။

[47] ၎င်းပြင် ထိုသူတို့သည် အသင့်ထံ (လာရောက်ကြ၍) ပြစ်ဒဏ်ကို အဆောတလျင် တောင်းဆိုကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိကတိကို အလျင်း ပျက်ကွက်တော်မူမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ နေ့တစ်နေ့သည် အသင်တို့ရေတွက်ကြသော အနှစ်တစ်ထောင်ကဲ့သို့ပင် ဖြစ်ပေသည်။

[48] စင်စစ် မြောက်မြားစွာသော မြို့ရွာများရှိ၏။ငါအရှင်မြတ်သည် ထိုမြို့ရွာ(သား)တို့ကို ပြစ်မှု ကျူးလွန်သူများဖြစ်နေကြစဉ် (ပြစ်ဒဏ်ခတ်ခြင်းမှ) ရွှေ့ဆိုင်းတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမြို့(သား)တို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းပြင်(ထိုသူတို့အားလုံးသည်) ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည် ဖြစ်ချေသတည်း။

[49] (အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ။ အို-လူသားအပေါင်းတို့ ငါသည် အသင်တို့ အဖို့ထင်ရှားစွာသော သတိပေးနှိုးဆော်သူ တစ်ဦးမျှဖြစ်ပေသည်။

[50] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်ခဲ့ကြသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်သော သူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်သော စားနပ်ရိက္ခာသည်လည်းကောင်း၊ရှိချိမ့်မည်။

[51] သို့ရာတွင် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်စပ်လျဉ်း၍ (နဗီတမန်တော်မြတ် အားလည်းကောင်း၊ မွတ်စ်လင်မ်တို့ အားလည်းကောင်း၊ နှိမ်နင်းရန်(ရှုံးနိမ့်စေရန်) ကြိုးပမ်း(ဆောင်ရွက်) သူတို့ကား၊ ထိုသူတို့သည်ပင်လျှင် ငရဲများဖြစ်ကြကုန်သတည်း။

[52] စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်ကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ ထို(ရစူလ် သို့မဟုတ် နဗီ)တမန်တော်သည် (တစ်စုံတစ်ရာကို) ရွတ်ဖတ်သရဇ္ဈာယ်သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည် ထို(ရစူလ် သို့မဟုတ် နဗီ) ၏ ရွတ်ဖတ်သရဇ္ဈာယ်မှု (ကျမ်းချက်)နှင့်စပ်လျဉ်း၍ (မယုံကြည်သောသူ၊ မတည်မငြိမ်ဖြစ်နေသောသူတို့၏ စိတ်တွင်းဝယ် ဒွိဟသံသယကို) ထည့်သွင်းလေ့ရှိခဲ့၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသမျှ(သောဒွိဟသံသယမှုများ)ကို ပပျောက် စေတော်မူလေ၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် မိမိအာယတ်တော်များကို (ပိုမို၍ပင်)တည်တံခိုင်မြဲတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော် မူပေသတည်း။

[53] (ဤသို့ဖြစ်ရခြင်မှာ) ထိုအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသည့် (ဒွိဟသံသယမှုများ)ကို စိတ်တွင်းရောဂါဝေဒနာ ရှိနေသူတို့အဖို့ လည်းကောင်း၊ စိတ်နှလုံး ခက်ထန်မာကျောသူတို့အဖို့ လည်းကောင်း၊ စမ်းသပ်မှုပြုတော်မူရန်ဖြစ်ပေသည်။ ဧကန်မလွဲ မတရားကျူးလွန်သော သူတို့သည် ဝေးလံစွာသော ကွဲပြားမှု၌ပင် (ငြင်းခုံမှု၌ပင်)ရှိနေကြကုန်၏။

[54] ထိုမှတစ်ပါး (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အမှန်ဖြစ်ကြောင်း သိရှိကြရန်လည်း ဖြစ်ပေသည်။ သို့(သိရှိကြ)လျှင် ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်ကို(ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ တစ်ဖန်၎င်းတို့၏ စိတ်နှလုံးများသည်လည်း ယင်း(ကုရ်အာန်ကျမ်းမြတ်)၏ ရှေ့ဝယ်(သာ၍ပင်)ညွှတ်ပျောင်း ယိမ်းညွှတ်လာကြမည် ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။

[55] ကာဖိရ်မယုံမကြည် သွေဖည် ငြင်း ပယ်ခဲ့ကြသောသူတို့သည် ထိုသူတို့အပေါ်ဝယ် ကိယာမတ် ရောက်လာသည့်တိုင်အောင်၊ သို့မဟုတ် ထိုသူတို့ထံ အကြောင်းမလှသော(အမင်္ဂလာဖြစ်သော)နေ့၏ ပြစ်ဒဏ်ရောက်လာသည့်တိုင်အောင်၊ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေကြပေမည်။

[56] ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်၏။(ထိုသူတို့သည်) သုခချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များ၌ ရှိကြပေမည်။

[57] သို့ရာတွင် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြကုန်၏။ ထိုသူတို့မူကား ၎င်းတို့၌ ဂုဏ်အင်သေးသိမ်စေသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[58] ၎င်းပြင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာ့လမ်းစဉ်၌(မိမိတို့အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ ကိုစွန့်၍) ရွှေ့ပြောင်းခဲ့ကြရ၏။ ထို့နောက် ထိုသူတို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်ဖြစ်စေ၊ သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလွန်ကောင်းမြတ်သော စားနပ်ရိက္ခာမျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး(အပေါများဆုံး)စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပေသည်။

[59] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှစ်သက်ကြအံ့သော နေရာဌာနကို ဝင်ရောက်စေတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အလုံးစုံကိုသိမြင်တော်မူသောအရှင်၊ အလွန်တရာ သည်းခံတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။

[60] ဤသည်ပင်(အသင့်အား ငါအရှင် ပြောကြားတော်မူသော အရေးကိစ္စများဖြစ်၏)။ ၎င်းပြင် အကြင်သူသည် မိမိဒုက္ခပေးခြင်းကို ခံခဲ့ရသည်နှင့် အညီအမျှ ပြန်လှန်ဒုက္ခပေးခဲ့လေသည်။ ထို့နောက်တစ်ဖန် ထိုသူသည် ကျူးလွန်စော်ကားခြင်းကို ခံခဲ့ရပြန်သည်ရှိသော် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကူညီတော်မူမည်ဖြစ်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ အပြစ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။

[61] ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ ဝင်စေတော်မူ၍ နေ့(၏အစိတ်အပိုင်း)ကို ည၏အတွင်း၌ ဝင်စေတော်မူသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်(မုအ်မင်န်သက်၀င်ယုံကြည်သူတို့၏ ဆုတောင်းပတ္တနာကို) အလွန်ကြားတော်မူသောအရှင်၊ (ထိုသူတို့၏အခြေအနေကိုလည်း) အလွန်မြင်ကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။

[62] ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှန်ကန်သော အရှင်ဖြစ်တော်မူ၍ ထိုသူတို့ ဟစ်ခေါ်(တသကိုးကွယ်)ကြသော အရာများမှာမူကား (လုံးဝ)မှားသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။

[63] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေတော်မူခဲ့ရာ ပထဝီမြေမှာ စိမ်းစိမ်းစိုစို ဖြစ်လာသည်ကို အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ချစ်ခင်သနားကြင်နာတော်မူသော၊ အလွန်တရာ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[64] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ကမ္ဘာမြေဝယ်ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်သော အရာများချည်းသာ ဖြစ်ကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှီခိုအားထားခြင်း ကင်းမဲ့တော်မူသော၊ ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသော၊အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[65] အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေဝယ်ရှိသည်တို့ကို နိုင်နင်းစေတော်မူခဲ့၏။ (အသုံး၀င်စေတော်မူခဲ့၏)။ ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) သင်္ဘော(စသည်တို့)ကိုလည်း (အသင်တို့အဖို့ နိုင်နင်းစေတော်မူခဲ့၏။) ယင်းသင်္ဘော ထိုအရှင်မြတ်၏ အမိန့်တော်နှင့် သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားလျက်ရှိပေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်ကို ပထဝီမြေပေါ်သို့ ပြိုကျမသွားရန် တားဆီး(ထိန်းသိမ်း)၍ ထားတော်မူသည်။ (သို့ရာတွင် အချိန်တန်၍) မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်ဝယ် အလွန်နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[66] ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်သေစေတော်မူမည်။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်ရှင်စေတော်မူမည်ဖြစ်သည်။ ဧကန်မလွဲ လူသားသည် အလွန်တရာကျေးဇူးကန်သူ အမှန်ပင် ဖြစ်ချေသတည်း။

[67] ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။

[68] အကယ်၍ ၎င်းတို့သည် အသင်နှင့် အငြင်းအခုံပြုခဲ့ကြသည်ရှိသော် အသင်သည်(၎င်းတို့အား ဤ သို့)ပြောဆိုပြန်ကြားပါလေ။ (အချင်းတို့၊ ဧကန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အပြုအမူတို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[69] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ကွဲလွဲလျက်ရှိခဲ့ကြသော အရေးကိစ္စများနှင့်စပ်လျဉ်း၍ (လက်တွေ့)စီရင်ဆုံး ဖြတ်တော်မူအံ့သတည်း။

[70] ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသည်ကို အသင်မသိလေသလော။ ဧကန်စင်စစ် ထို(အရာများ)သည် မှတ်တမ်းတွင်ရှိပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အဖို့ ယင်း(အဆုံးအဖြတ်)ကား လွယ်ကူလှပေသတည်း။

[71] စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုအရှင်မြတ်သည် ယင်းအရာများ(ကို ကိုးကွယ်နိုင်ခွင့်ရှိကြောင်းနှင့်စပ်လျဉ်း၍) မည်သည့်သက်သေခံ တစ်စုံတစ်ရာကိုမျှ ချပေးတော်မူခဲ့သည်မရှိပေ။ ယင်းအရာများ(ကိုကိုးကွယ် ဆည်းကပ်မှု)နှင့် စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာ အထောက်အထား တစ်စုံတစ်ရာမျှလည်း မရှိချေ။၎င်းပြင် မတရားသောသူတို့အား ကူညီစောင့်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

[72] ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏ မျက်နှာများတွင်မနှစ်မြို့မှု၊ သွေဖည် ငြင်းဆန်မှုကို တွေ့မြင်ရပေမည်။ ၎င်းတို့သည် မိမိ တို့ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက်ရောက်) တိုက်ခိုက် လုနီးနီးဖြစ်ကုန်ကြပေသည်။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်မူ ငါသည် အသင်တို့အား ထို့ထက်ပင် ပိုမိုဆိုးရွားလှသောအရာကို ကြားသိစေရမည်လော။ (ထိုအရာကားငရဲ)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အား ယင်းမီး(ထဲသို့ လားစေတော်မူမည်)ကို ချိန်းချက်ထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ချေသတည်း။

[73] အို-လူခပ်သိမ်းတို့၊ ဥပမာ ပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ အသင်တို့သည် ယင်းဥပမာ ပုံဆောင်ချက်ကို(ကောင်းစွာ) နားထောင်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ်(တသ ဆည်းကပ် ကိုးကွယ် လျက်ရှိ)ကြသော အရာများမှာ ၎င်းတို့အားလုံး(တစ်စည်းတစ်လုံးတည်း) စုရုံး(ကြိုးပမ်းအား ထုတ်ကြသည့်တိုင်အောင် ယင်ကောင်တစ်ကောင်ကိုမျှပင် အလျှင်း ဖန်ဆင်းနိုင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ ထိုယင်ကောင်သည် ၎င်းတို့ထံမှ တစ်စုံတစ်ရာကို လုယူပါလျှင်(သုတ်ယူသွားပါလျှင်) ၎င်းတို့သည် ယင်းအရာကိုပင် ထိုယင်ကောင်၏ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ချေ။ ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)သောသူနှင့် ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)ခြင်း ခံရသောသူတို့သည် အားနည်းချိနဲ့ကြ ပေတကား။

[74] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေကိုင်းရှိုင်းရန် တာဝန်ရှိသည်နှင့်အညီ ရိုသေကိုင်းရှိုင်းကြသည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ခွန်အားပြည့်စုံတော်မူသော၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[75] အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ စေတမန်များ(တမန်တော်များ)ကို ရွေးချယ်တော်မူခဲ့၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[76] ထိုအရှင်မြတ်သည် ၎င်းတို့၏ ရှေ့နောက် အဖြစ်အပျက် အလုံးစုံတို့ကို(အကြွင်းမဲ့)သိရှိတော်မူပေသည်။ စင်စစ်သော်ကား အရေးကိစ္စအဝဝတို့မှာ အလ္လာဟ်အရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည် သာတည်း။

[77] အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့ အောင်မြင်ကြအံ့သောငှာ "ရုကုအ်"ဦးညွှတ်(၍နေ)ကြလေကုန်။ ထို့ပြင် အသင် တို့သည် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချ(၍နေ)ကြလေကုန်။ ၎င်းပြင် အသင်တို့သည်မိမိတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား ခဝပ်ကိုးကွယ်(၍နေ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ကောင်းမြတ်သော အမှုကိစ္စများကိုလည်း ပြုလုပ်(၍နေ)ကြလေကုန်။

[78] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏(သာသနာတော်အရေးတွင်) ထိုအရေးကိစ္စ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသည်နှင့်အညီ သက်စွန့်ကြိုးပမ်းဆောင်ရွက်(၍နေ)ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား ရွေးချယ်တော်မူခဲ့ပေသည်။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ဖခင်(နဗီတမန်တော်)အိဗ်ရာဟီမ်၏ သာသနာ့နည်းတူ အသင်တို့အပေါ်၌လည်း "ဒီန်"သာသနာတော်၌ မည်သည့်ကျပ်တည်းခဲယဉ်းမှု တစ်စုံတစ်ရာကိုမျှပင် ပြုတော်မမူခဲ့ချေ။ ရစူလ်တမန်တော်မြတ်(မုဟမ္မဒ်)သည် အသင်တို့နှင့် ပတ်သက်၍ အသိသက်သေ ဖြစ်အံ့သောငှာ လည်းကောင်း၊အသင်တို့သည်လည်း လူခပ်သိမ်းတို့နှင့်ပတ်သက်၍ အသိသက်သေများ ဖြစ်ကြအံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ယခင်ကလည်း (မွတ်စ်လင်မ်များဟူ၍ အမည်ပညတ်တော်မူခဲ့ပေသည်)။ (ယခု)ဤ(ကုရ်အာန်ကျမ်းတော်မြတ်)တွင်လည်း "မွတ်စ်လင်မ်" များဟူ၍ပင် အမည်ပညတ် ထားတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်"ကိုလည်း ပေးဆောင်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် (မိမိတို့အရေးကိစ္စတို့တွင်) အလ္လာဟ်အရှင်မြတ်အားသာလျှင် စွဲမြဲစွာ ဆုပ်ကိုင်ထားကြလေကုန်။ ထိုအရှင်မြတ်သည်ပင် အသင်တို့၏ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ(ထိုအရှင်မြတ်သည်)အဘယ်မျှလောက် ကောင်းမြတ်လှသော၊ ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပါဘိသနသည်း၊ ၄င်းပြင် အဘယ်မျှလောက်ကောင်းမြတ်လှသော၊ ကူညီစောင်မတော်မူသောအရှင် ဖြစ်တော်မူဘိသနည်း။

ယုံကြည်သူများ

Surah 23

[1] ဧကန်မလွဲ (အကြင်) "မုအ်မင်န်" သက်ဝင်ယုံ ကြည်သူတို့သည် ဧကန်မလွဲ အောင်မြင်ခဲ့ကြချေပြီ။

[2] ထို("မုအ်မင်န်" သက်ဝင် ယုံကြည်)သူတို့ သည် မိမိတို့ ဆွလာတ်ဝတ်ပြုရာ၌ ကျိုးနွံသူများ ဖြစ်ကြကုန်၏။

[3] ၄င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် အချည်းနှီး အကျိုးမဲ့ အမှုကိစ္စတို့မှ ရှောင်ဖယ် သူများလည်း ဖြစ်ကြကုန်၏။

[4] ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် (မိမိတို့စိတ်နှလုံးများ) စင်ကြယ်သန့်ရှင်းအံ့သောငှာ (ကောင်းမှုများကို) ပြုလုပ်သူများ ဖြစ်ကြကုန်၏။

[5] ထိုမှတစ်ပါး ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် (ကာမေသုမိစ္ဆာရကံ ကျူးလွန်ခြင်းမှ) မိမိတို့၏ အရှက်အင်္ဂါများကို စောင့်စည်း ထိန်းသိမ်းသူများလည်း ဖြစ်ကြကုန်၏။

[6] မိမိတို့၏ ဇနီးကြင်ယာများ၊ သို့မဟုတ် မိမိတို့ လက်ယာလက်များက ပိုင်ဆိုင်သော(တရားဝင်)ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်းမူကား (မိမိတို့ ဇနီးကြင်ယာများနှင့်သော်လည်းကောင်း၊ တရားဝင်ကျွန် မိန်းမများနှင့်သော်လည်းကောင်း၊ သံဝါသပြုခြင်း အားဖြင့်) ထိုသူတို့သည် ပြစ်တင်ခြင်း ခံထိုက်သူများ မဟုတ်သောကြောင့်ပင်။

[7] သို့ရာတွင် မည်သူမဆို ထို(ဇနီးကြင်ယာများ သို့မဟုတ် တရားဝင်ကျွန်မများ)မှ ကျော်လွန်၍ (အခြား အမျိုးသမီးများကို) တောင့်တ ရှာဖွေခဲ့မူ ယင်းကဲ့သို့ သူတို့သည်သာလျှင် စည်းကမ်းကို ကျူးလွန်သူများ ဖြစ်ကြကုန်၏။

[8] ၎င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်းခံရသော တာဝန်များကို လည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက် များကိုလည်းကောင်း၊ စောင့်ထိန်းသူများလည်း ဖြစ်ကြကုန်၏။

[9] ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့ သည် မိမိတို့၏ ဆွလာတ်ဝတ်ပြုမှု(တာဝန်)ကို ဂရုဓမ္မပြုသူများလည်း ဖြစ်ကြကုန်၏။

[10] ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည်ပင်လျှင် အမွေခံမည့်သူများ ဖြစ်ကြကုန်၏။

[11] ၎င်းတို့သည် ဖိရ်ဒေါက်စ်(တည်းဟူသောဥယျာဉ်) ကို အမွေခံကြပေမည်။ ၎င်းတို့သည် ယင်း ဖိရ်ဒေါက်စ်တွင် အစဉ်ထာဝရ နေထိုင်မည့်သူများပင် ဖြစ်ကြကုန်သတည်း။

[12] မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့့်် ဖန်ဆင်းတော် မူခဲ့၏။

[13] ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။

[14] ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။

[15] တစ်ဖန် ဧကန်အမှန် အသင်တို့သည် ထို (ထူး ဆန်းအံ့ဖွယ်ဖြစ်သော အခြေအနေတို့ကို ကျော်လွန်ပြီး)နောက် အမှန်ပင် အသက်သေဆုံးကြရမည့်သူများ ဖြစ်ကြကုန်၏။

[16] တစ်ဖန် ဧကန်မလွဲ အသင်တို့သည် ကိယာမတ်နေ့တွင် ရှင်ပြန်ထကြရအံ့သတည်း။

[17] ၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့၏ထက်ဝယ် (မိုး)ခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ စင်စစ် သော်ကား ငါအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို လျစ်လျူရှုထားတော်မူသောအရှင် မဟုတ်ပေ။

[18] ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး) ရေကို (သင့်တော်သော) အတိုင်းအတာ ချိန်ဆချက်နှင့်တကွ ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(မိုး) ရေကို ပထဝီမြေဝယ် ရပ်တည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို(မိုး)ရေကို ပပျောက်စေခြင်းငှာ တတ်စွမ်းနိုင်တော်မူသော အရှင်လည်း ဖြစ်တော်မူပေသည်။

[19] ထို့နောက် ငါအရှင်မြတ်သည် ထို(မိုး)ရေဖြင့် အသင်တို့အဖို့ စွန်ပလွံခြံများကို လည်းကောင်း၊ စပျစ်ခြံများကို လည်းကောင်း၊ ပေါက်ရောက်စေတော် မူခဲ့၏။ အသင်တို့အဖို့ ယင်းခြံများတွင် မြောက်မြားစွာသော သစ်သီးဝလံများသည်ရှိ ၏။ ထို့ပြင် အသင်တို့သည် ယင်းခြံများမှ စားသုံးကြကုန်၏။

[20] ထိုမှတစ်ပါး(ငါအရှင်မြတ်သည်) သံလွင်ပင်ခေါ် သစ်ပင်တစ်မျိုးကိုလည်း(ပေါက်ရောက်စေတော်မူခဲ့၏)။ ထိုသစ်ပင်သည် သိနတောင်ပေါ်၌ ပေါက်ရောက်လေ့ရှိသည်၊ ထို သစ်ပင်သည် ဆီကိုလည်းကောင်း၊ စားသုံးသူတို့အဖို့ ဟင်းလျာ ကိုလည်းကောင်း ထွက်စေသည်။

[21] ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင်ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်းတို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်)ကို တိုက်ကျွေး တော်မူပေသည်။ ထို့ပြင် အသင်တို့အဖို့ ၎င်းတို့တွင် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိလေသည်။ ထို့ပြင်တစ်ဝ အသင်တို့သည် ၎င်းတို့ အနက်မှ စားသုံးကြလေသည်။

[22] ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ စီးနင်း (သွားလာ တင်ဆောင်)ကြကုန်သတည်း။

[23] ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (နဗီ တမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။ ထိုအခါ ထိုနူဟ်က အို-ငါ၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတပါး အသင်တို့၌ ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ မကြောက် ရွံ့ကြလေသလော။

[24] ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။ ၎င်းသည် အသင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်ချေသည်။ စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန်သို့ ရောက်စေရန်) အလိုရှိတော်မူခဲ့ပါလျှင် ကောင်းကင်တမန်များကိုသာ စေ လွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဤ (တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်ဟူသော)စကားကို မိမိတို့ ရှေးသူဟောင်းများဖြစ်သော ဘိုးဘေးတို့ထံမှ(တစ်ခါဘူးမျှပင်) မကြားခဲ့ဘူးကြချေ။

[25] (စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။

[26] ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။

[27] ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။

[28] တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။

[29] ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ) "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်" ဟုလျှောက်ထားပန်ကြားပါလေ။

[30] ဧကန်မလွဲ ဤသည့်(အတ္ထုပ္ပတ္တိအကြောင်း) တွင် (အလ္လာဟ်အရှင်မြတ်၏များစွာသော)သက်သေလက္ခဏာများသည် ရှိကြပေသည်။ ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် စမ်းသပ်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[31] ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် အခြားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့၏။

[32] တစ်ဖန် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တို့တွင် ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူ(၍ ဤသို့မိန့်မှာတော်)မူခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ၊ သို့ပါလျက် အသင်တို့သည် မကြောက်ရွံ့ ကြလေသလော။

[33] ၎င်းပြင် ထိုရစူလ်တမန်တော်၏ အမျိုးသားတို့အနက် အကြင်အကြီးအကဲတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် တမလွန်ဘဝနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ကိုလည်း မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြသေး၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား (ဤမျက်မှောက်) လောကီ ဘဝတွင် စည်းစိမ်ချမ်းသာကိုလည်း ပေးတော်မူခဲ့၏။ ၎င်းတို့က (မိမိတို့အမျိုးသားတို့အား-အချင်းတို့၊) ဤသူသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှဖြစ်၏။ ၎င်းသည် အသင်တို့ စားသုံးကြ ကုန်သောအရာများကို စားသုံးလေသည်။ ၎င်းပြင် အသင်တို့ သောက်ကြကုန်သော အရာများကိုပင် သောက်သုံးလေသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[34] အကယ်၍ အသင်တို့သည် မိမိတို့ကဲ့သို့သော လူသားတစ်ဦး(၏အမိန့်ကို လိုက်နာခဲ့ကြသည်ရှိသော် ဧကန်မလွဲ အသင်တို့သည် ဆုံးရှုံးသူများသာလျှင်ဖြစ်ကြပေမည်။)

[35] ၎င်းက အသင်တို့ သေဆုံးကြပြီးနောက် မြေကြီးဖြစ်၍ အရိုးများသာကျန်သောအခါ ဧကန်အမှန် အသင်တို့ သည်(သင်္ချိုင်းတွင်းမှ)ပြန်ထွက်ကြရမည့်သူများ ဖြစ်ကြသည်ဟု) အသင်တို့အား ပြောဆိုသည် မဟုတ်လော။

[36] ဝေးလေစွ၊ ဝေးလေစွ၊ အသင်တို့ ပြောဆိုခြင်း ခံကြရသောကိစ္စသည် အလျှင်း မဖြစ်နိုင်ပြီ။

[37] အသက်ရှင်ခြင်းဟူသည် ကျွန်ုပ်တို့၏ လောကီဘဝ၌ အသက်ရှင်ခြင်း မှတစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့(အနက် အချို့)သည် သေဆုံးကြလေသည်။ ထိုနည်းတူစွာကျွန်ုပ်တို့ (အနက်အချို့)မှာ အသက်ရှင်လျက်ရှိနေကြပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ရှင်ပြန်ထကြရမည့်သူများ အလျှင်းမဟုတ်ပြီ။

[38] ဤသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားစကားကို လီဆယ်ပြောဆိုသူတစ်ဦးမျှဖြစ်ပေရာ ကျွန်ုပ်တို့သည် ၎င်းအား ယုံကြည်မည့်သူ့ အလျှင်းမဟုတ်ကြချေ။

[39] (ထိုအခါ) ထိုရစူလ်တမန်တော်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပေရာ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက် ထားပန်ကြားခဲ့လေသည်။

[40] (ထိုအခါ) ထိုအရှင်မြတ်က (အို-နဗီတမန်တော်) ၎င်းတို့သည် အမှန်ပင် မကြာမြင့်မီကာလအတွင်း နောင်တရ မည့်သူများဖြစ်ကြသည်ဟု မိန့်ကြားတော်မူခဲ့လေ၏။

[41] ထို့နောက် အလွန်ပြင်းထန် ကျယ်လောင်စွာသောအသံသည် မှန်ကန်သောချိန်းဆိုချက်နှင့်အညီ ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အား အမှိုက်သရိုက်များ(ကဲ့သို့)ချေမှုန်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ မတရားကျူးလွန်သော(ထို)အမျိုးသားတို့မှာ(ကရုဏာတော် မှ) ကင်းဝေးခဲ့ကြရကုန်သတည်း။

[42] ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏ နောက်တွင် အခြားသော မျိုးနွယ်တို့ကို ဖန်ဆင်းတော်မူခဲ့၏။

[43] မည်သည့်အုပ်စုမျှပင် မိမိတို့နှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလထက် စောနိုင်သည်လည်းမဟုတ်ပေ။ နောက်ကျနိုင်သည်လည်းမဟုတ်ချေ။

[44] ထို့နောက် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို အုပ်စုတစ်စု၏ထံသို့ ၎င်း၏ ရစူလ်တမန်တော်သည်(ပွင့်)ရောက်ခဲ့ပါလျှင် ယင်းအုပ်စုသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသည်သာ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား တစ်ဦး၏နောက်သို့ တစ်ဦးကို လိုက်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား(တရားရဖွယ်ရာအကြောင်းများ) ပြုလုပ်တော်မူခဲ့ ၏။ သို့ဖြစ်ပေရာ သက်ဝင် ယုံကြည်ခြင်းမရှိသောသူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြရလေသတည်း။

[45] ထို့နောက် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်းကောင်း၊ ထို(နဗီတမန်တော်)မူစာ၏နောင်တော် (နဗီတမန်တော်)ဟာရုန်အားလည်းကောင်း၊ မိမိ အမိန့်ပညတ်တော်များနှင့် ထင်ရှားလှစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။

[46] ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏ မှူးမတ်တို့ထံသို့လည်းကောင်း၊ သို့ရာတွင် ၎င်းတို့သည် မောက်မာခဲ့ကြကုန်၏။ စင်စစ် ၎င်းတို့သည် (ရှေးဦးမဆွကပင်) မောက်မာသူများ ဖြစ်ခဲ့ကြကုန်၏။

[47] သို့အတွက်ကြောင့်ပင် ၎င်းတို့သည်(ဤသို့) ပြောဆိုခဲ့ကြကုန်၏။ ကျွန်ုပ်တို့သည် မိမိတို့ကဲ့သို့သော လူသားနှစ်ဦးကိုပင် ယုံကြည်ကြရမည်လော။ စင်စစ်သော်ကား ၎င်းတို့နှစ်ဦး၏အမျိုးသားတို့မှာ ကျွန်ုပ်တို့၏လက်အောက်ခံ ကျေးကျွန်များပင် ဖြစ်ကြကုန်၏။

[48] အချုပ်မှာ ၎င်းတို့သည် ထို(နဗီတမန်တော်)မူစာ နှင့် (နဗီတမန်တော်)ဟာရူန်၊ နှစ်ပါးစလုံးကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ယင်း(ဖစ်ရ်အောင်န်နှင့် မှူးမတ်)တို့သည် ပျက်စီးခဲ့ကြရကုန်သည်။

[49] အမှန်သော်ကား (ဖစ်ရ်အောင်န်နှင့် ၄င်း၏မှူးမတ်များ သေကြေပျက်စီးကြပြီးနောက်) ငါအရှင်မြတ်သည် တမန်တော်မူစာအား တောင်ရာတ်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့မှသာလျှင် (တမန်တော်မူစာ၏) ယင်းအစ္စရာအီလီ အမျိုးသားများ တရားလမ်းမှန်ကို ရရှိကြပေမည်။

[50] စင်စစ် ငါအရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ထိုသားတော်၏မယ်တော် (မရ်ယမ်)အား ကြီးကျယ်သော သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသားအမိနှစ်ပါးစလုံးကို တည်းခိုရန် သင့်လျော်၍ စိုပြည်သော၊ စီးတွေသော ရေများလည်းရှိသောကမူ၌ ခိုလှုံစေတော်မူခဲ့၏။

[51] အို-ရစူလ်တမန်တော်အပေါင်းတို့၊ အသင်တို့သည် (ဟလာလ်) စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူ ဆောက်တည်ကြလေကုန်။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[52] ၎င်းပြင် ဧကန်မလွဲ ဤသည် အသင်တို့၏သာသနာပင်။ တစ်ခုတည်းသောသာသနာ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်။

[53] သို့ရာတွင် ထိုနောက်လိုက်များသည် မိမိတို့ အချင်းချင်းတွင် မိမိတို့၏သာသနာကို အပိုင်းပိုင်း ပိုင်းဖြတ်(ကာအုပ်စုအသီးသီး ဖြစ်သွား)ခဲ့ကြကုန်၏။ အုပ်စုတိုင်းသည် မိမိတို့၌ရှိသော (သာသနာ)နှင့် ပျော်ပိုက်လျက်ရှိကြကုန်၏။

[54] သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ၎င်းတို့၏မှောက်မှားမှု၌ပင် သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် စွန့်ထားပါလေ။

[55] အသို့ပါနည်း။ ၄င်းတို့သည် ထင်မှတ်ကြလေသလော။ ငါအရှင်မြတ်သည် ၎င်းတို့အား ဥစ္စာပစ္စည်း နှင့်သားရတနာများ ပေးသနားတော်မူသည်မှာ၊

[56] ၎င်းတို့အား ငါအရှင်မြတ်သည် ကောင်းကျိုးများကို ဆောလျင်စွာပေးတော်မူသည်ဟု၊ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် မသိ နားမလည်ကြချေ။

[57] ဧကန်စင်စစ် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားမှုကြောင့် စိုးရိမ်မကင်း ဖြစ်နေကြသူတို့သည် လည်းကောင်း။

[58] မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ယုံကြည်သူတို့သည် လည်းကောင်း၊

[59] ထို့ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် (တစ်စုံတစ်ရာကိုမျှ) တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)မှုကို မပြုကြသောသူတို့သည် လည်းကောင်း။

[60] အကြင်သူတို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့ ပေးကမ်း(စွန့်ကြဲ) ကြသည်များကို ပေးကမ်း(စွန့်ကြဲ)လျက်ရှိကြငြားသော်လည်း မိမိတို့ သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်သို့ ပြန်သွားကြရမည် ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးများမှာမူကား ထိတ်လန့်စိုးရိမ်လျက် ရှိကြကုန်၏။

[61] ထိုသူတို့သည် ကောင်းမှုများကို ကြိုးပမ်း ဆောင်ရွက်ကြသည်ဖြစ်ပေရာ၊ ၎င်းတို့သည်ပင် ယင်းကောင်းကျိုးများကို ရှေးဦးစွာရရှိကြမည့်သူများ ဖြစ်ကြကုန်သတည်း။

[62] အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ၎င်း စွမ်းရည်ထက်ပို၍ တာဝန်ထမ်းဆောင် စေတော်မူသည်မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်အထံတော် တွင် မှတ်တမ်းစာအုပ်တစ်အုပ် ရှိနေပေရာ ထိုမှတ်တမ်းစာအုပ်သည် တိကျမှန်ကန်စွာ ထုတ်ဖော်ပြောဆိုမည်ဖြစ်၏။ သို့ရာတွင် ၎င်းတို့သည် (စိုးစဉ်းမျှပင်) မတရားနှိပ်စက်ခြင်းကို ခံကြရမည် မဟုတ်ပေ။

[63] ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့၏ စိတ်နှလုံးများသည် ဤအချက်နှင့်စပ်လျဉ်း၍ မသိမိုက်မဲမှု၌ပင် ရှိနေကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြကုန်သော အခြားဆောင်ရွက်ချက်များလည်း ရှိကြသေး၏။

[64] နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အနက်မှ စည်းစိမ်ရှင်တို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီး ကွပ်မျက်တော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် အော်ဟစ်ငိုကြွေးကြပေသည်။

[65] (ထိုအခါ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်မှ) အသင်တို့သည် ဤနေ့တွင် အော်ဟစ်ငိုကြွေးခြင်းကို မပြုလုပ်ကြကုန်လင့်၊ အကြောင်းသော်ကား (ယနေ့ပင်) အသင်တို့ သည် ငါအရှင်မြတ်အထံတော်မှ(မည်သို့မျှ)ကူညီစောင်မတော်မူခြင်းကို ခံကြရမည်မဟုတ်ပြီ(ဟု အဖြေရရှိကြမည်ဖြစ်၏။)

[66] ဧကန်မလွဲ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းကို ခံခဲ့ကြရလေသည်။ ထိုအခါ အသင်တို့သည် မိမိတို့၏ ခြေဖနှောင့်များသို့ ပြန်ဆုတ်ခဲ့ကြလေသည်။

[67] မထီလေးစား ပြုလုပ်ကြလျက် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ညဉ့်အချိန်များတွင် အကြောင်းမဲ့ အချည်းနှီးသော စကားများကို ပြောဆိုကြလျက်။

[68] သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ (ဤ)အာယတ်တော်(များ)ကို နက်နဲစွာဆင်ခြင် သုံးသပ်ခြင်း မပြုခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့၏ ရှေးဟောင်း (လူကြီးများဖြစ်ကြသော) အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံ ရောက်ရှိမလာခဲ့ဘူးသော အရာသည်(ယခု)၎င်းတို့ထံ ရောက်ရှိလာခဲ့လေသလော။

[69] သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့(ထံပွင့်ရောက်လာသော) ရစူလ်တမန်တော်အား မသိခဲ့ကြသောကြောင့် ထိုရစူလ်တမန်တော်အား ငြင်းပယ်ခဲ့ကြလေသလော။

[70] သို့တည်းမဟုတ် ၎င်းတို့သည် ထိုရစူလ်တမန်တော် ၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ရစူလ်တမန်တော်သည် ၎င်းတို့ထံ အမှန်တရားကို ဆောင်ယူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် အများစုမှာမူကား အမှန်တရားကို စက်ဆုပ်သူများပင် ဖြစ်ကြကုန်၏။

[71] စင်စစ်သော်ကား အကယ်၍သာ အမှန်တရားသည်(အလ္လာဟ်အရှင်မြတ်သည်) ၎င်းတို့၏အလိုဆန္ဒများကို လိုက်နာခဲ့ပါလျှင်၊ မိုးကောင်းကင်များသည် လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ အမှန်ပင် ပျက်စီးသွားခဲ့ကြမည်သာ။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ ၎င်းတို့အဖို့ အဆုံးအမဩဝါဒကို ထုတ်ပြန် ပို့ဆောင်တော်မူခဲ့ ၏။ သို့ပါလျက် ၎င်းတို့သည် မိမိတို့အဖို့ဖြစ်သော အဆုံးအမဩဝါဒမှပင် မျက်နှာလွှဲခဲ့ကြကုန်၏။

[72] သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ တစ်စုံတစ်ရာ အခကြေးငွေကို တောင်းဆိုလေသလော။ (ဤသို့လည်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အခကြေးငွေသည် အကောင်းဆုံးပင်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ရိက္ခာပေးသူတို့အနက် အကောင်းဆုံးသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[73] စင်စစ်သော်ကား ဧကန်မလွဲ အသင်သည် ၎င်းတို့အား ဖြောင့်မတ်မှန်ကန်သော တရားမှန်သို့ အမှန်ပင် ဖိတ်ခေါ်လျက်ရှိပေသည်။

[74] သို့ရာတွင် ဧကန်စင်စစ် တမလွန်ဘဝကို မယုံကြည်သောသူတို့မှာမူကား (ထိုဖြောင့်မတ်မှန်ကန်သော)တရားလမ်းမှ လွှဲဖယ်သူများပင် ဖြစ်ကြကုန်၏။

[75] စင်စစ်အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သနားကရုဏာပြုတော်မူခဲ့သော်၊ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၌ သက်ရောက်နေသော ဘေးဒုက္ခကို ပပျောက်စေတော်မူခဲ့သော်၊ ၎င်းတို့သည် မိမိတို့၏ လမ်းမှားမှု၌ပင် တဝဲလည်လည်ဖြစ်ကြလျက် ခေါင်းမာမြဲ မာနေကြမည်သာတည်း။

[76] ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ထိုသူတို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ သို့တစေလည်း ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကျိုးနွံ့ နိမ့်ကျလာခဲ့ကြသည်လည်းမရှိပေ။ တိုးလျှိုးတောင်းပန် အသနားခံခဲ့ကြသည်လည်း မရှိချေ။

[77] နောက်ဆုံးတွင် အကြင်အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှသောပြစ်ဒဏ်၏ တံခါးကိုဖွင့်လှစ်တော်မူခဲ့ပါလျှင် ထိုအခါတွင်မူ ၎င်းတို့သည် မျှော်လင့်ချက် လုံးဝကင်းသွားကြပေမည်။

[78] စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ နားများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့သည် အနည်းငယ် စိုးစဉ်းမျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။

[79] ၎င်းပြင်၊ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေဝယ် ပျံ့နှံ့ပွားများစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် စုရုံးကြရပေမည်။

[80] ထို့ပြင် အရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူသည်၊ အသင်သေစေတော်မူသည်။ ထိုမှတစ်ပါး ညဉ့်နှင့်နေ့တို့ ၏(အလှည့်ကျ)အပြောင်းအလဲသည်လည်း ထိုအရှင်မြတ်(လက်တော်တွင်း)၌သာ ရှိပေသည်။ သို့ပါလျက် အသင်တို့သည် အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

[81] ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ရှေးသူဟောင်းတို့ ပြောဆိုခဲ့ကြသည့်နည်းတူ ပြောဆိုကြကုန်၏။

[82] ထိုရှေးသူဟောင်းတို့က ပြောဆိုခဲ့ကြသည်မှာ ကျွန်ုပ်တို့သည် သေဆုံးကြပြီးနောက် မြေကြီးဖြစ်၍ အရိုးများသာ ကျန်ရှိကြသောအခါ၊ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။

[83] မချွတ်ဧကန် ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး ချိန်းချက်ခြင်းကို ခံခဲ့ကြရလေပြီ။ (စင် စစ်သော်ကား)ဤသည် ရှေးသူဟောင်းတို့၏ (ယုတ္တိကင်းမဲ့သော) ဒဏ္ဍာရီမျှသာ ဖြစ်ချေသတည်း"။

[84] (အို-နဗီတမန်တော်)အသင်သည်(ယင်းမက္ကာမြို့သား မုရှ်ရစ်က်တို့အား ဤသို့)ပြောဆို မေးမြန်းပါလေ။ (အချင်းတို့၊) အကယ်၍ အသင်တို့ သိရှိကြလျှင်(ငါ့အား ပြောပြကြလေကုန်၊) ပထဝီမြေကိုလည်းကောင်း၊ ထိုပထဝီမြေ၌ ရှိသူတို့ကိုလည်းကောင်း၊ မည်သူစိုးပိုင်သနည်း။

[85] ၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။

[86] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့၊)မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မည်သူနည်းဟု မေးမြန်းပါဦးလေ။

[87] (ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။

[88] (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။

[89] (ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် တွေဝေနေကြပါသနည်း" ဟု ပြောကြားပါလေ။

[90] ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ အမှန်တရားကို ထုတ်ပြန်ပို့ဆောင်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့သည် (ထို) အမှန်တရားကို ငြင်းပယ်ရာတွင် မုသားပြောဆိုသူများပင် ဖြစ်ကြကုန်သတည်း။

[91] အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသာ အရာခပ်သိမ်းတို့ကို အမှန်ပင် ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏အပေါ်၌ မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူ၏။

[92] မျက်ကွယ်၌ ရှိသမျှတို့ကိုလည်းကောင်း၊ မျက်မှောက်၌ ရှိသမျှတို့ကိုလည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် လွန်စွာ မြင့်မြတ်လှတော်မူပေသတည်း။

[93] (အို-နဗီတမန်တော်) အသင်သည် (ဤသို့) လျှောက်ထားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ထို(ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့ ချိန်းချက်ခြင်းခံကြရကုန်သော (ပြစ်ဒဏ်)ကို ကျွန်တော်မျိုးအား ပြသတော်မူလျှင်၊

[94] အို-ကျွန်တော်မျိုး၏ အရှင်မြတ်၊ ထိုအခါ အရှင်မြတ် သည် ကျွန်တော်မျိုးအား မတရားကျူးလွန်သော အမျိုးသားတွင် ပါဝင်စေတော်မမူပါနှင့်၊

[95] စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူသော(ပြစ်ဒဏ်ကို) အသင့်အား ပြသတော်မူရန် တတ်စွမ်းနိုင်တော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူ၏။

[96] (အို-နဗီတမန်တော်) အသင်သည် (ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့၏) ဆိုးရွားသောပြုမူချက်တို့ကို အကောင်းဆုံးသောနည်းဖြင့် တွန်းလှန်ပါလေ။ ငါအရှင်မြတ်သည် (အသင့်အား) ၎င်းတို့ ကြံဖန်ပြောဆို စွပ်စွဲကြသည်များကို ကောင်းစွာ သိရှိတော်မူပေသည်။

[97] ၎င်းပြင် အသင်သည်(ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရှိုင်တွာန် မိစ္ဆာကောင်တို့၏ တိုက်တွန်းနှိုးဆော်ချက်တို့မှ (လွတ်ကင်းရန်) အရှင်မြတ်၏ အကာအကွယ်ကို ရလိုပါ၏။

[98] ထိုနည်းတူစွာ ကျွန်တော်မျိုးသည် မိမိထံသို့ ထိုရှိုင်တွာန် မိစ္ဆာကောင်များ ရောက်ရှိမလာနိုင်ကြရန်လည်း အရှင်မြတ်၏ အကာအကွယ်ကိုရလိုပါ၏။

[99] (ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည် (ဤသို့) လျှောက်ထားလေ၏။ "အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြန်လွှတ်တော်မူပါ။

[100] ကျွန်တော်မျိုးသည် မိမိစွန့်ထားခဲ့သော (လောကသို့ပြန်သွား၍)ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်အံ့သောငှာ၊ "အလျှင်း မဖြစ်နိုင်ပြီ။ ဧကန်စင်စစ် ဤသည်ကား ထိုသူသည် (မိမိနှုတ်ဖြင့်သာ)ပြောဆိုနေသော စကားတစ်ခွန်းမျှပင်။ စင်စစ် ၎င်းတို့၏ရှေ့ဝယ် ၎င်းတို့ ရှင်ပြန်ထကြရမည့်နေ့ တိုင်အောင် အကာအဆီးတစ်ခု ရှိနေချေပြီတကား။

[101] ထို့နောက် တံပိုးမှုတ်သောအခါ ၎င်းတို့ အချင်းချင်းတွင် သွေးတော်စပ်ခြင်းများလည်း အလျှင်းရှိလိမ့်မည် မဟုတ်ပေ။ အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြမည်လည်း မဟုတ်ချေ။

[102] ထို့ကြောင့် (ထိုနေ့တွင် ကောင်းမှုဘက်၌) အလေးချိန်သာသော သူတို့သည်သာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။

[103] သို့ရာတွင် (ကောင်းမှုဘက်တွင်) အလေးချိန် ပေါ့လျော့နေသူတို့မူကား မိမိတို့ကိုယ်ကို မိမိတို့ပင် ဆုံးရှုံးစေခဲ့သူများ ဖြစ်ကြပေရာ (၎င်းတို့သည်) ဂျဟန္နမ်ငရဲဘုံ၌ ထာဝစဉ် နေထိုင်ကြရပေမည်။

[104] (ငရဲ)မီးသည် ၎င်းတို့၏ မျက်နှာများကို လောင်ကျွမ်းလျက်ရှိပေမည်။ ထို့ပြင် ၎င်းတို့သည် ယင်းငရဲဘုံ၌ ရုပ်ဆင်း သဏ္ဌာန်ပျက်ယွင်းလျက် ရှိကြမည် ဖြစ်သတည်း။

[105] (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဤသို့မိန့်ကြားတော်မူပေမည်။) "ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ ရှေ့မှောက်တွင် ဖတ်ကြားခြင်း ခံခဲ့ရသောအခါ၊ အသင်တို့သည် ယင်းအာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ ရှိခဲ့ကြသည် မဟုတ်လော။

[106] ထိုအခါ ၎င်းတို့သည်(ဤသို့)လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (စင်စစ်) ကျွန်တော်မျိုးတို့၏ ကုသိုလ်ကံဆိုးမှုသည် ကျွန်တော်မျိုးတို့အပေါ်၌ လွှမ်းမိုးဖိစီးခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် လမ်းမှားသူများလည်း ဖြစ်ခဲ့ကြပါသည်။

[107] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဂျဟန္နမ်ငရဲဘုံမှ ထုတ်ယူတော်မူပါ၊ တစ်ဖန် အကယ်၍ ကျွန်တော်မျိုးတို့သည်(ဤသို့သော အပြုအမူမျိုးကို) ထပ်မံ၍ပြုလုပ်ခဲ့ကြပါလျှင်၊ ထိုအခါ ကျွန်တော်မျိုးတို့သည် ပြစ်မှုကျူးလွန်သူများ အမှန်ပင် ဖြစ်ကြပါမည်။

[108] (ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့် ကြားတော်မူမည်။ အသင်တို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌ ဂုဏ်ရည်သေးသိမ်စွာ မောင်းထုတ်ခြင်း ခံရသူများအဖြစ် ရှိနေကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်နှင့် အလျှင်း စကားမပြောဆိုကြကုန်လင့်။

[109] ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်တို့အနက် လူတစ်စုသည် ရှိခဲ့ကြကုန်၏။ ၎င်းတို့သည်(ငါအရှင်မြတ်အထံတော်တွင် ဤသို့) လျှောက်ထား ပန်ကြားလျက် ရှိခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန် သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။

[110] ထိုအခါ အသင်တို့သည် ၎င်းတို့အား ပြက်ချော် ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ နောက်ဆုံးတွင် ၎င်းတို့အား အသင်တို့၏ ပြက်ချော်မှုသည် အသင်တို့ကို ငါ အရှင်မြတ်အား သတိရခြင်းမှ မေ့ပျောက်စေခဲ့ကုန်သည်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အပေါ်၌ ရယ်မောလျက်ပင် ရှိခဲ့ ကြကုန်၏။

[111] ယနေ့ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏သည်းခံမှုကြောင့် ကောင်းကျိုးကို ချီးမြှင့်တော်မူလိုက်ပြီ၊ မုချဧကန် ၎င်းတို့သည်သာ အောင်မြင် သူများ ဖြစ်ကြကုန် သတည်း။

[112] အရှင်မြတ်သည် (၎င်းတို့အား) အသင်တို့သည် ကမ္ဘာမြေဝယ် နှစ်ပရိစ္ဆေဒ အရေအတွက်အားဖြင့် မည်မျှကြာအောင် နေခဲ့ကြသနည်းဟု မေးမြန်းတော်မူမည်။

[113] (ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့သည် တစ်နေ့တိတိသော်လည်းကောင်း၊ တစ်နေ့လျော့လျော့သော်လည်းကောင်း၊ နေခဲ့ကြပါသည်။ သို့ပါ၍ အရှင်မြတ်သည် ရေတွက်သူ(များဖြစ်ကြသော "မလာအိကဟ်" ကောင်းကင်တမန်) တို့ အား မေးမြန်း၍ ကြည့်တော်မူပါဟု လျှောက်ထားကြပေမည်။

[114] (ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူမည်။ အသင်တို့သည် (ကမ္ဘာမြေဝယ်) အနည်းငယ်မျှသာ ကြာမြင့်ခဲ့ကြပေသည်။ အကယ်၍သာ (ဤသည်ကို) အသင်တို့သည် (ယခင်ကပင်) သိရှိခဲ့ကြလျှင် ကောင်းလေစွတကား။

[115] အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။

[116] စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့ အချည်းနှီး ပြုလုပ်တော်မူခြင်းမှ) လုံးဝကင်းစင် မြင့်မြတ်လှတော်မူသော၊ ဘုရင်မင်းမြတ် အစစ်အမှန် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) မြင့်မြတ်လှစွာသော "အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[117] စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အကြောင်းမဲ့၊ အထောက်အထားမဲ့၊ အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကို ဟစ်ခေါ် ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူအား စစ်ဆေးရန်မှာ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်၌သာလျှင် ရှိပေသည်။ မလွဲဧကန် ကာဖိရ် သွေဖည် ငြင်းပယ်သော သူတို့ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။

[118] ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် (ဤသို့) လျှောက်ထားပန်ကြားပါလေ။ ကျွန်တော်မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည်(ကျွန်တော်မျိုးအား) ခွင့်လွှတ်တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် (ကျွန်တော်မျိုးအပေါ်၌) သနားကြင်နာတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူတို့တွင် (အသာလွန်ဆုံး)အရှင်ဖြစ်တော်မူပါသတည်း။

အလင်းရောင်

Surah 24

[1] (ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။

[2] ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။

[3] ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။

[4] ၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။

[5] သို့ရာတွင် အကြင်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[6] ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသုမိစ္ဆာစာရမှုကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းတို့၌ မိမိတို့အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။

[7] ၎င်းပြင် ပဉ္စမအကြိမ်တွင် အကယ်၍ မိမိသည် မုသာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲချက်သည် ကျရောက်ပါစေဟုဆိုရမည်။

[8] ၎င်းပြင် ထိုဇနီးကြင်ရာသည် အလ္လာဟ်အရှင် မြတ်အားတိုင်တည်၍ ဧကန်မလွဲ ထိုယောက်ျားသည် မုသာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်တော်ကို ဖယ်ရှားမည်ဖြစ်သည်။

[9] ထို့ပြင် ပဉ္စမအကြိမ်၌ အကယ်၍ ထိုယောက်ျားသည် သစ္စာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် ကျရောက်ပါစေဟု ထွက်ဆိုရမည်။

[10] စင်စစ်သော်ကား အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်သည်လည်းကောင်း၊ မရှိခဲ့လျှင် (အမှန်ကိုပေါ်လွင်စေတော်မူခဲ့မည်သာ။) သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား တောင်းပန်ဝန်ခံ ချက်ကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့အား ဝန်ချတောင်းပန်နိုင်ကြရန် အလို့ငှာ အခွင့်အရေးပေးတော်မူခြင်းပင် ဖြစ်ပေသတည်း။

[11] ဧကန်အမှန်(ဤ)မုသားစွပ်စွဲချက်ကို ဖြန့်ချီခဲ့သောသူတို့ကား အသင်တို့အနက်မှ အုပ်စု(ကလေး)တစ်ခုပင် ဖြစ်၏။ အသင်တို့သည် မိမိတို့နှင့်ပတ်သက်၍ ယင်းမုသားစွပ်စွဲချက်ကို ဆိုးရွားလှသည်ဟု မယူဆကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ယင်းမုသားစွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ကောင်းလှပေသည်။ ထိုအုပ်စုအနက် အသီးသီး၌ မိမိရှာဖွေဆည်းပူးခဲ့သော ပြစ်မှုသည်ရှိပေသည်။ ထိုမှတစ်ပါး ယင်းမုသားစွပ်စွဲမှု(ကိုဖြန့်ချီရာ၌) (အများဆုံး တာဝန်ယူ ဆောင်ရွက်ခဲ့သော)သူ၌မူ အလွန်ကြီးလေးလှသော ပြစ်ဒဏ်သည် ရှိပေသတည်း။

[12] ယင်းမုသားစွပ်စွဲချက်ကို အသင်တို့ကြားသိခဲ့စဉ်က ‘မုအ်မင်န်’ ယောက်ျားတို့သည်လည်းကောင်း၊ ‘မုအ်မင်န်’ မိန်းမတို့သည်လည်းကောင်း၊ မိမိတို့ အချင်းချင်းနှင့်ပက်သက်၍ အဘယ်ကြောင့် ကောင်းမွန်သော ထင်မြင်ချက်ကို မထင်မြင်မ ယူဆခဲ့ကြသနည်း။ ထိုမှတစ်ပါး ထို ‘မုအ်မင်န်’ ယောက်ျား မိန်းမတို့က ဤသည် ထင်ရှားလှစွာသော မုသားစွပ်စွဲချက်ပင် ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။

[13] ထို(မုသားစွပ်စွဲခဲ့ကြသော)လူစုသည် အဘယ်ကြောင့် ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေလေးယောက် တင်မပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေတင်မပြခဲ့ကြသောကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။

[14] စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ထိုအရှင်၏ ကရုဏာတော်သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ မရှိခဲ့လျှင် အသင်တို့ နစ်မွန်းလျှက် ရှိခဲ့ကြသောကိစ္စနှင့် စပ်လျဉ်း၍ အသင်တို့၌ အလွန်ကြီးလေးလှစွာသော ပြစ်ဒဏ်သည် အမှန်ပင်သက်ရောက်ခဲ့ပြီး ဖြစ်ချေသည်။

[15] အကြင်အခါ၌ အသင်တို့သည် ယင်းကိစ္စကို မိမိတို့လျှာများဖြင့် လက်ခံပြောဆိုနေခဲ့ကြ၏။ ထို့ပြင် မိမိတို့ အလျှင်းမသိသော အကြောင်းကိစ္စကို မိမိတို့နှုတ်များဖြင့် မြွက်ဆိုနေခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းကိစ္စကို ပေါ့ပေါ့ဆဆ သာမန်ကိစ္စဟု ထင်မှတ်နေကြကုန်၏။ အမှန်စင် စစ်မှာမူကား ယင်းကိစ္စသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ကြီးလေးလှသောကိစ္စပင် ဖြစ်ချေသတည်း။

[16] ၎င်းပြင် အသင်တို့သည် ယင်းမုသားစွပ်စွဲချက်ကို ကြားခဲ့ကြသောအခါ "(အို-အလ္လာဟ်အရှင်မြတ်) အရှင်မြတ် သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်ုပ်တို့သည် ဤသည်ကို (မိမိတို့နှုတ်ဖြင့်) ပြောဆိုကြရန် အလျှင်းမထိုက်။ ဤသည် ကြီးကျယ်လှစွာသော သွားပုပ်လေလွင့် မတရားပြောဆိုချက်မျှသာဖြစ်ပေသည်" ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။

[17] အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သော အပြုအမူမျိုးကို နောက်ထပ်၍ မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော် မူလေသည်။

[18] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို ရှင်းလင်းစွာ မိန့်ကြားတော်မူပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[19] ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကားပျံ့ပွားခြင်းကို နှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း၊ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။

[20] စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ထိုအရှင်မြတ်၏ကရုဏာတော်မရှိခဲ့မူ(အမှန်ပင် အသင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော်မူခဲ့ပေမည်)။ သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင် နာတော်မူထသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူထသောအရှင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ပေရာ အသင်တို့အား တောင်းပန် ဝန်ချနိုင်ရန် အခြေအနေကို ဖန်တီး၍ ပေးသနားတော်မူခဲ့ပေသည်။)

[21] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကိုလိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်သည်(ထိုသူအား)ရှက်ဖွယ်ကိစ္စနှင့် မကောင်းမှုဒုစရိုက် ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင်(ဝန်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား(ဝန်ချတောင်းပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်းလွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[22] ၎င်းပြင် အသင်တို့အနက် ဂုဏ်အသရေနှင့် ကုံလုံကြွယ်ဝမှုရှိသောသူများသည် ဆွေရင်းမျိုးရင်းများအားလည်းကောင်း၊ သူဆင်းရဲများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (မိမိတို့၏ အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းလာခဲ့ကြသော မုဟာဂျိရ်များအားလည်းကောင်း၊ (အကူအညီ အထောက်အပံ့) မပေးကြတော့ပါဟူ၍ ကျိန်ဆိုခြင်းမပြုကြရာ။ စင်စစ် ၎င်းတို့သည်(ထိုသူတို့ အား)ခွင့်လွှတ်သင့်ကြပေသည်။ ၎င်းပြင် လျစ်လျူပြုသင့်ကြပေ သည်။ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က အပြစ်မှ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်ကို မနှစ်သက် မလိုလားကြလေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူသောအရှင် အလွန်တရာ သနားညှာတာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[23] ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။

[24] အကြင်နေ့တွင်(ထိုနေ့တွင်) ထိုသူတို့၏ နူတ်လျှာများသည်လည်းကောင်း၊ ထိုသူတို့၏ ခြေလက်များသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ ကျင့်မူခဲ့သမျှတို့ကို သက်သေခံကြပေမည်။

[25] ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို အပြည့်အဝ ပေးတော်မူပေမည်။ ထို့ပြင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် (အကြောင်း ကိစ္စများကို) ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း ကို ၎င်းတို့သိရှိကြပေမည်။

[26] ယုတ်မာသောမိန်းမများသည် ယုတ်မာသော ယောက်ျားများနှင့်သာ ထိုက်ကြပေသည်။ ထိုနည်းတူစွာ ယုတ်မာသောယောက်ျားများမှာလည်း ယုတ်မာသော မိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ၎င်းပြင် မွန်မြတ်သောမိန်းမများသည် မွန်မြတ်သောယောက်ျားများနှင့်သာ ထိုက်တန်ကြပေသည်။ ထိုနည်းတူစွာ မွန်မြတ်သောယောက်ျားများသည်လည်း မွန်မြတ်သောမိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ထို(မွန်မြတ် သောယောက်ျား-မိန်းမ)တို့မှာ မူကား ၎င်း(မုနာဖစ်က်)တို့၏ ပြောဆို(စွပ်စွဲ)ချက်များမှ (လုံးဝ) ကင်းရှင်းသူများပင် ဖြစ်ကြပေသည်။ ထိုသူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည် လည်းကောင်း၊ မွန်မြတ်လှစွာသော စားနပ်ရိက္ခာသည် လည်းကောင်း၊ ရှိပေသတည်း။

[27] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို၊ အသင်တို့သည် မိမိတို့အိမ်များမှတစ်ပါး အခြားအိမ်များအတွင်းသို့(ထိုအိမ်သားများထံမှ) ခွင့်ရယူခြင်း၊ ထိုအိမ်သားများအပေါ် ၌’စလာမ်’ မေတ္တာပို့သခြင်း၊ မပြုသမျှကာလပတ်လုံး ဝင်ရောက်ခြင်းကို မပြုကြကုန်လင့်။ ဤ(ခွင့်ရယူခြင်းနှင့်’စလာမ်’ မေတ္တာ ပို့သခြင်းတို့သည်)ကား အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့မှသာလျှင် အသင်တို့သည် သတိဝီရိယ ပြုကြပေမည်။

[28] တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့၌ အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။

[29] အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။

[30] (အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[31] (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သောမိမိတို့၏အလှ မှတစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ်မိမိတို့၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ်မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်းမဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သောမိန်းမများ (ဝါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျားများအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ဝှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။

[32] ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကျေးဇူး တော်နှင့် ကြွယ်ဝချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[33] သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ(စားရိတ်ငွေကြေး) မရှိကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ၎င်းတို့အား ကုံလုံကြွယ်ဝစေတော်မူသည်အထိ (မိမိတို့၏) ကာယိန္ဒြေကို စောင့်စည်း၍နေကြရမည်။ ထို့ပြင် အသင်တို့၏ ကျေးကျွန်များအနက် အကြင်သူတို့သည်(ကျွန်ဘဝမှလွတ်မြောက်ရန်)ကတိစာချုပ်ကိုချုပ်ဆိုလိုကြ၏။ အကယ်၍ အသင်တို့သည် ထိုသူတို့၌ ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ ရှိခဲ့ကြလျှင် ၎င်းတို့နှင့် ကတိစာချုပ်ကို ချုပ်ဆိုကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ အကြင်ပစ္စည်းအနက်မှလည်း ပေးကမ်းကြလေကုန်။ ထိုအရှင်မြတ်သည် (ယင်းပစ္စည်းကို) အသင်တို့အား ချီးမြှင့်ထားတော်မူ၏။ ထို့ပြင် အသင်တို့သည် မိမိတို့၏ ကျွန်မများအား(အထူးသဖြင့်) ၎င်းတို့သည် ကာယိန္ဒြေစောင့်စည်းရန် လိုလားကြလျှင် အသင်တို့သည် မျက်မှောက်လောကီဘ၀၏ ပစ္စည်းဥစ္စာရရှိအံ့သောငှာ (ထိုကျွန်မများအား) ပြည့်တန်ဆာလုပ်ငန်း ပြုလုပ်ကြရန် အတင်းအကျပ် မပြုလုပ်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို၎င်းတို့အား အတင်းအကျပ်ပြုလုပ်စေခဲ့သည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ပြုစေခြင်းကို ခံကြရပြီးနောက် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[34] ထို့ပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များကိုလည်းကောင်း၊ အသင်တို့အလျင် လွန်လေပြီးသော ရှေးသူဟောင်းတို့၏ အလားတူ အတ္ထုပ္ပတ္တိများကိုလည်းကောင်း၊ သူမွန်သူ မြတ်တို့အကျိုးငှာ ဆုံးမဩဝါဒကိုလည်းကောင်း၊ ချပေးသနား တော်မူခဲ့ပေသတည်း။

[35] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၏ ရောင်ခြည်တော် ဖြစ်တော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေနှင့် မိုးကောင်းကင်များတွင်ရှိသူတို့အား ဓမ္မရောင်ခြည်ပေးတော်မူသော အရှင်ဖြစ်တော်မူသည်)။ ထိုအရှင်မြတ်၏ (ဓမ္မ)ရောင်ခြည်တော်၏ ဥပမာကား နံရံတွင်းရှိ အကြင်ဂူလိုဏ်နှင့် အလားတူပေသည်။ ထိုဂူလိုဏ်အတွင်းဝယ် ဆီမီးတစ်ခုရှိ၏။ ထိုဆီမီးမှာ မှန်အိမ်တစ်ခုအတွင်း၌ ရှိပေသည်။ ထိုမှန်အိမ်မှာမူကား ထွန်းလင်းတောက်ပသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ယင်းဆီမီးမှာ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံသော သစ်ပင်မှ သံလွင်ဆီဖြင့် ထွန်းရလေသည်။ ထိုသစ်ပင်မှာမူကား အကာအကွယ်တစ်ခုခု၏ အရှေ့ဘက်၌ ကျသည်လည်းမဟုတ်၊ အနောက်ဘက်၌ ကျသည်လည်းမဟုတ်ပေ။ ထိုသစ်ပင်၏အဆီမှာ မီးနှင့်လုံးဝ တို့မိခြင်း မရှိငြားသော်လည်း ထတောက်အံ့ဆဲဆဲ ဖြစ်နေပေသည်။ (အမှန်သော်ကား)ရောင်ခြည်ပေါ်၌ ရောင်ခြည် (ထပ် လျက်ပင်) ရှိနေပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိ၏(ဓမ္မ)ရောင်ခြည်တော်သို့ လမ်းညွှန် တော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ သိမ်းတို့ကို အကြွင်းမဲ့သိမြင်ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

[36] (ယင်းမှန်အိမ်သည်) အကြင်အိမ်တော်များ၌ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ရိုသေ ချီးမြှောက်ရန်လည်းကောင်း၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို အောက်မေ့တသရန်လည်းကောင်း၊ အမိန့်တော် ထုတ်ပြန်ထားတော်မူ၏။ ထိုအိမ်တော်များတွင် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြ၏။

[37] အကြင်ကဲ့သို့သော ယောက်ျားတို့သည် ထိုယောက်ျားတို့အား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့်ရောင်း(ဝယ်ဖောက်ကား)မှုမျှပင် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းမှလည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ခြင်းမှလည်းကောင်း၊ ‘ဇကာတ်’ ပေးဆောင် ခြင်းမှလည်းကောင်း၊ အာရုံပြောင်းစေခြင်းမရှိပေ။ ထိုယောက်ျားတို့သည်ကား စိတ်နှလုံးများနှင့်မျက်စိများ ယောက်ယက်ခတ်နေမည့်နေ့ကို ကြောက်ရွံ့ စိုးရိမ်လျက် ရှိကြကုန်၏။

[38] နောက်တွင်မူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူမည့်ပြင် မိမိကျေးဇူးတော်ဖြင့် ပို၍ပင် ချီးမြှင့်ပေးသနားတော်မူဦးမည် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အကန့်အသတ်မရှိ ချီးမြှင့်ပေးသနားတော်မူပေသတည်း။

[39] သို့ရာတွင် ‘ကာဖိရ်’ မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့သည် ၎င်းတို့၏ပြုကျင့်မှုတို့မှာမူကား လွင်တီးပြင်၌ရှိနေသော လင်းလျှပ်ပမာဖြစ်ပေရာ ရေမွတ်သိပ်သောသူတို့သည် ထိုလင်းလျှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၎င်းသည် ထိုလင်းလျှပ်အနီးသို့ ရောက်လတ်သော် ထိုလင်းလျှပ်ကို တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသည့်အပြင် ယင်း၏အနီးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ တွေ့ရှိခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်း၏စာရင်းအင်းကို အပြည့်အဝ ရှင်းလင်းတော်မူခဲ့လေသည်။ (ဝါ)၎င်း၏သက်တမ်းကို ကုန်ဆုံးစေတော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[40] သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။

[41] ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်သည် မသိမြင်ခဲ့လေသလော။ (၎င်းတို့အနက်) အသီးသီးတို့သည် မိမိတို့၏ ဆုတောင်း ပတ္တနာပြုနည်းကိုလည်းကောင်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကိုလည်းကောင်း၊ ဧကန်အမှန်သိရှိပြီး ဖြစ်ကြကုန်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[42] ထို့ပြင် မိုးကောင်းကင်တွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေတွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုမှတစ်ပါး(နောက်ဆုံး)ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။

[43] အသင်သည် မသိမမြင်ခဲ့လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်တော်မူ၏။ ထို့နောက် ယင်းမိုးတိမ်းများကို အချင်းချင်း ပေါင်းစပ်တော်မူ၏။ ထို့နောက် ၎င်းတို့ကို အထပ်ထပ်ဖြစ်စေတော်မူ၏။ ထိုအခါ အသင်သည် ယင်းမိုးတိမ်များအကြားမှ မိုးပေါက်များထွက်၍ ရွာသွန်းလာသည်ကို တွေ့မြင်ရလေသည်။ ထိုနည်းတူ တစ်နည်း၊ ထိုအရှင်မြတ်သည် ထိုမိုးတိမ်မှပင် (ဝါ)ထိုမိုးတိမ်၏ အစိုင်အခဲကြီးများမှပင် မိုးသီးများကို ကျစေတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးသီးများပါရှိသော အစိုင်အခဲကြီးများကို ကျစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုမိုးသီးများဖြင့် မိမိအလိုရှိတော်မူသောသူအား ထိခိုက်စေတော်မူ၍၊ မိမိအလိုရှိတော်မူသောသူမှ ယင်းမိုးသီးများကို လွှဲ ဖယ်တော်မူ၏။ ယင်းမိုးတိမ်၏ လျှပ်ပြက်ရောင်သည် စက္ခုအလင်းကို သိမ်းယူသွားအံ့ဆဲဆဲ ဖြစ်ပေသည်။

[44] အလ္လာဟ်အရှင်မြတ်သည် ညဉ့်နှင့်နေ့ကို(အလှည့်ကျ) လွှဲပြောင်းတော်မူပေသည်။ ဧကန်မလွဲ ဤသည်၌ (ဉာဏ်)မျက်စိရှိသူတို့အဖို့ (မှတ်သားဖွယ်) သင်ခန်းစာသည် အမှန်ပင် ရှိပေသတည်း။

[45] ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထို့ပြင် ၎င်းတို့တွင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထိုမှတစ် ပါး ၎င်းတို့တွင် ခြေလေးချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[46] ဧကန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှားစွာ သက်သေလက္ခဏာတော်များကို ချပေးသနားတော်မူခဲ့သည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ပြပို့ဆောင်တော်မူပေသတည်း။

[47] စင်စစ် ထို(မုနာဖစ်က်တို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ယုံကြည်ပါပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း) နာခံကြပါပြီဟု ပြောဆိုကြ လေသည်။ တစ်ဖန် ထိုသည့်နောက်တွင် ၎င်းတို့အနက် လူတစ်စုသည် ရှောင်သွေကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ မဟုတ်ကြချေ။

[48] ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ ၎င်းတို့အနက် လူတစ်စုသည် ရုတ်တရက် လွှဲရှောင်သွားကြကုန်၏။

[49] သို့ရာတွင် အကယ်၍ ၎င်းတို့၌အခွင့်အရေးရှိလျှင် ၎င်းတို့သည် ထိုရစူလ်တမန်တော်မြတ်သို့ ကျိုးနွံစွာနှင့် ရောက်ရှိလာကြကုန်၏။

[50] အသို့ပါနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းဝယ် (ကုဖ်ရ်-နိဖာက်၏) ရောဂါရှိနေသလော၊ သို့တည်းမဟုတ် ၎င်းတို့သည် (တမန်တော်မြတ်၏ တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ်နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန် တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့အပေါ်၌ မတရားပြုလုပ်တော်မူမည်ဟု စိုးရိမ်နေကြသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မတရားပြုသူများ ဖြစ်ကြကုန်၏။

[51] (သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။

[52] စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။

[53] ထိုမှတပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး အကယ်၍ အသင်သည် ၎င်းတို့အား အမိန့်ပေးခဲ့ပါလျှင် မုချစင်စစ် ၎င်းတို့သည် (အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ထွက်ကြပါမည်ဟု အစွမ်းကုန် ကျိန်တွယ်ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မကျိန်တွယ်ကြကုန်လင့်။ (အသင်တို့၏) အမိန့်နာခံခဲ့မှုသည် ထင်ရှားပြီးဖြစ်သည်။ တစ်နည်း- အသင်တို့အပေါ်၌ စည်းကမ်းနှင့်လျော်ညီစွာ အမိန့်နာခံရန်သာရှိပေသည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[54] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။

[55] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။

[56] ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။

[57] အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။

[58] အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် မိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[59] သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[60] ၎င်းပြင် ထိမ်းမြားရန် မျှော်လင့်ချက်မရှိကြသော အဖွားအိုများသည် လှပမှုကိုဖော်ပြခြင်းမပြုဘဲ မိမိတို့ ၏(အပို)အဝတ်များကို ချွတ်ထားခြင်းကြောင့် ၎င်းတို့အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ သို့တစေလည်း ၎င်းတို့သည် (ဤသည်မှ)ရှောင်ကြဉ်ကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်း မဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[61] မျက်ကန်း၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ ခြေမစွမ်းမသန်သော သူ၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ မကျန်းမမာသောသူ၏ အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ အသင်တို့ ကိုယ်တိုင်အပေါ်၌လည်း (တစ်စုံတစ်ရာ တားမြစ်ခြင်း) မရှိချေ။ မိမိတို့ အိမ်များမှဖြစ်စေ၊ မိမိတို့၏ ဖခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့၏မိခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ညီများ အစ်ကိုများ၏အိမ်များမှဖြစ်စေ၊ မိမိတို့၏နှမများ အစ်မများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ဘကြီး ဘထွေးများ၏ အိမ်များမှဖြစ် စေ၊ မိမိတို့ အရီးကြီးအရီးကလေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ ဦးရီးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ မိကြီးမိထွေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ သော့ထိန်းကြရသောအိမ်များ မှဖြစ်စေ၊ မိမိတို့ မိတ်ဆွေများ၏ အိမ်များမှဖြစ်စေ၊ အသင်တို့၏စားသုံးခြင်း၌ တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိပေ။ အသင်တို့သည် အထူးရောနှော စုရုံးလျက် စားသုံးကြသည်ဖြစ်စေ၊ တခြားစီ(စားသုံးကြသည်)ဖြစ်စေ၊ အသင်တို့အပေါ်၌ အပြစ် တစ်စုံတစ်ရာမျှ မရှိချေ။ သို့ရာတွင် အသင်တို့သည် အိမ်များသို့ ဝင်ရောက်ကြသောအခါ မိမိတို့ကိုယ်များကို အချင်းချင်း စလာမ်မေတ္တာ ပို့သကြလေကုန်။ (ယင်းစလာမ် မေတ္တာပို့သ ခြင်းကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (သတ်မှတ် ပြ ဋ္ဌာန်းအပ်သော)နှုတ်ခွန်းစကား၊ ဆုတောင်းပတ္ထနာပြုချက်ဖြစ် ၏။ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံ၏။ ကောင်းမြတ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို အသင်တို့နားလည်(ကျင့်သုံး) ကြအံ့သောငှာ ထုတ်ဖော်မိန့်ကြား တော်မူလေသတည်း။

[62] အကြင်သူတို့သည်သာလျှင် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင် မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် တစ်စုံတစ်ရာ စုပေါင်းဆောင်ရွက်အပ်သော ကိစ္စနှင့်စပ်လျဉ်း ၍ ထိုရစူလ်တမန်တော်မြတ်နှင့်အတူ ရှိကြသောအခါ၊ ထိုရစူလ် တမန်တော်မြတ်ထံတွင် ခွင့်ပန်ကြားခြင်း မပြုသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ အသင့်ထံ ခွင့်ပန်ကြားကြကုန်သော သူတို့သာလျှင် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်း ကောင်း၊ သက်ဝင်ယုံကြည်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အသင့်ထံ မိမိတို့၏ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် ၎င်းတို့အနက် မိမိအလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အဖို့ အလ္လာဟ်အရှင်မြတ်အထံတော်၌ အပြစ်မှချမ်းသာခွင့်ရရှိရန် ပန်ကြားပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[63] အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ ဖိတ်ခေါ်ခြင်းကို မိမိတို့အကြားဝယ် မိမိတို့အချင်းချင်း တစ်ဦးတစ်ယောက်ကို တစ်ဦးတစ်ယောက်က ဖိတ်ခေါ်သကဲ့သို့ မယူဆကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အကွယ်အကာယူ၍ တိတ်တဆိတ်ခိုးထွက် သွားကြသောသူတို့အား ကောင်းစွာသိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထို ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို ရှောင်သွေကုန်ကြသော သူတို့သည် မိမိတို့၌ ဒုက္ခတစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြရာကုန်သတည်း။

[64] သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။ ဧကန်အမှန် ထိုအရှင်မြတ်သည် အသင်တို့၏ လက်ရှိ အခြေအနေကိုလည်း သိတော်မူ၏။၎င်းတို့ ထိုအရှင်မြတ်အထံတော်သို့ ပြန်လည် ရောက်ရှိကြရမည့် နေ့ကိုလည်းသိတော်မူ၏။ (ထိုနေ့တွင်) ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကို ထုတ်ဖော်၍ ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စံနှုန်း

Surah 25

[1] အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိ၏ကျွန်အပေါ်၀ယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ ချပေးသနားတော်မူခြင်းပင် ဖြစ်ပေသည်။ (တစ်နည်း) မိမိကျွန်၏ အပေါ်ဝယ် ထိုကျွန်သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို ချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။

[2] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။

[3] သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။

[4] ၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့က ဤ "ကုရ်အာန်ကျမ်းတော်မြတ်" သည် ဤသူ (တမန်တော်မြတ်) လီဆယ်ဖန်တီးထားသော မုသားသက်သက်ပင်ဖြစ်သည်။ ဤကိစ္စ၌ ၎င်းအား အခြားအမျိုးသားများကလည်း ကူညီရိုင်းပင်းခဲ့ကြသည်ဟု ပြောဆိုကြလေသည်။ (ယင်းသို့ ပြောဆို၍) ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြီးအကျယ် မတရားမှုကိုလည်းကောင်း၊ အကြီးအကျယ် မုသား စကားကိုလည်းကောင်း၊ ကျူးလွန်ခဲ့ကြလေပြီ။

[5] ၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။

[6] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[7] ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။

[8] သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။

[9] (အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။

[10] အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။

[11] ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူ၏အဖို့ မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူပြီး ဖြစ်သည်။

[12] ယင်း မီးတောက်မီးလျှံသည် ထိုသူတို့အား အဝေးမှ မြင်လေသောအခါ၊ ထိုသူတို့သည် ယင်းမီးတောက်မီးလျှံ၏ ဆူညံခြင်းနှင့် အမျက်ဒေါသ ထွက်ခြင်းကိုလည်းကောင်း၊ မြည်ဟိန်းခြင်းကိုလည်းကောင်း၊ ကြားကြရပေမည်။

[13] ထို့ပြင် ၎င်းတို့သည် ယင်းငရဲ၌ ကျဉ်းမြောင်းသော နေရာတစ်ခုခုတွင် (သံကြိုးများဖြင့်) ခြေလက်တုပ်နှောင်လျက် ပစ်ချခြင်းခံကြရသောအခါ ၎င်းတို့သည် ထိုနေရာ၌ ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ကြပေမည်။

[14] (ထိုအခါ ၎င်းတို့သည် ဤသို့ပြောကြားခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယနေ့ တစ်ခုတည်းသော ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ခြင်း မပြုကြကုန် လင့်။ မြောက်မြားစွာသော ပျက်စီးခြင်း (မရဏသေခြင်းတရား) များကို ဟစ်ခေါ်ကြလေကုန်။

[15] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ဤ (ဒုက္ခ)သည် ကောင်းလေသလော၊ သို့တည်းမဟုတ် "မွတ္တကီ" သူတော်စင်များ ကတိပေးခြင်းခံကြရသော အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့် "ဂျန္နတ်" သုခသည် ကောင်းမြတ်လေသလော။ ယင်း ဂျန္နတ် သုခသည် ထိုမွတ္တကီသူတော်စင်တို့အဖို့ အကျိုးလည်းဖြစ် သည်။ နောက်ဆုံး ပြန်လည်ရာဌာနလည်း ဖြစ်ပေသည်။

[16] ၎င်းတို့သည် ယင်း"ဂျန္နတ်" သုခတွင် မိမိတို့ အလိုရှိကြသည်များကို ရရှိကြပေမည်။ ၎င်းတို့သည် ယင်း(ဂျန္နတ် သုခ) ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပေမည်။ (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော် အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။

[17] ၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် ကိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။

[18] (ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။

[19] ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။

[20] စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[21] စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။

[22] အကြင်နေ့တွင် ၎င်းတို့သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား တွေ့မြင်ကြပေမည်။ ထိုနေ့တွင် ပြစ်မှုရှိသူတို့၌ မည်သည့် ဝမ်းမြောက်ခြင်းမျှ မရှိသည့်ပြင်၊ ၎င်းတို့သည် (ကောင်းကင်တမန်တို့နှင့်)ကင်းပါရစေ၊ ကင်းဝေးပါစေ ဟု ပြောဆိုကြပေမည်။

[23] ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။

[24] ဂျန္နတ်" သုခဘုံသားတို့မှာကား ထိုနေ့တွင် နေရာဌာနအားဖြင့်လည်း၊ အကောင်းဆုံးဖြစ်ကြပေမည်။ နေ့လည်အချိန် အနားယူ အပန်းဖြေသောနေရာ အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြအံ့သတည်း။

[25] ၎င်းပြင် အကြင်နေ့တွင် မိုးကောင်းကင်သည် မိုးတိမ်(ထွက်ပေါ်လာသည့်)အတွက် ပွင့်သွားပေမည်။ မိုးတိမ်နှင့်တကွ အက်ကွဲ၍သွားပေမည်။ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် ဆင်းသက်၍ လာကြပေမည်။

[26] ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် "ရဟ်မာန်"ကရုဏာတော်ရှင်၌သာ ရှိပေမည်။ စင်စစ် ထိုနေ့သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွန်စွာ ခက်ခဲသောနေ့ပင်ဖြစ်ချိမ့်မည်။

[27] ထိုမှတစ်ပါး အကြင်နေ့တွင် မတော်မတရား ပြုမူသောသူသည် "ဪ-ငါသည် ရစူလ်တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့သော်၊ ကောင်းလေစွ" ဟု ပြောဆိုလျက် မိမိလက်နှစ်ဖက်ကို ကိုက်ပေမည်။

[28] ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ ငါသည် မည်သူမည်ဝါကို အဆွေခင်ပွန်း မပြုခဲ့လျှင် တော်လေစွ။

[29] မုချဧကန် ၎င်းသည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒရောက်ရှိလာပြီး နောက်မှပင် ထိုဆုံးမဩဝါဒ(ကိုလိုက်နာခြင်း) မှ လွဲချော်စေခဲ့သည်။ စင်စစ် သော်ကား ရှိုင်တွာန်မိစ္ဆာကောင်သည် လူသားတို့အား စွန့်ပစ်ထားသူပင် ဖြစ်ချေသတည်း။

[30] ထို့ပြင် ရစူလ်တမန်တော်မြတ်က "အို-ကျွန် တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုး၏ အမျိုးသားများသည် ဤကုရ်အာန် ကျမ်းမြတ်တော်ကို စွန့်ပစ်၍ ထားခဲ့ကြပါသည်" ဟု လျှောက်ထားပေမည်။

[31] စင်စစ် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် နဗီတမန်တော်တိုင်း၌ ပြစ်မှုရှိသူတို့အနက်မှ ရန်သူများ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ပင် တရားလမ်းမှန်သို့ ပို့ဆောင်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ ကူညီဆောင်မသူ အဖြစ်လည်း ကောင်း၊ လုံလောက်တော်မူပေသတည်း။

[32] ၎င်းပြင် ကာဖိရ် သွေဖယ်ငြင်းပယ်သော သူတို့က "အဘယ်ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်သည် ထိုသူ၏အပေါ်၌ တစ်ကြိမ်တည်း (အစအဆုံး) အလုံးစုံ ချပေးခြင်းကို မခံခဲ့ရပါသနည်း" ဟု ပြောဆိုကြကုန်၏။ ယင်း(သို့ အလီလီချပေးတော်မူခြင်း)မှာ ငါအရှင်မြတ်သည် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်း ဆိုင်းငံ့၍ ချပေးသနားတော်မူခဲ့၏။

[33] စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံသို့ မည်မျှပင် အံ့ဖွယ်ထူးဆန်းသော ဥပမာ ပုံဆောင်ချက်ကိုပင် ယူဆောင်၍ လာကြစေကာမူ၊ ငါအရှင်မြတ်သည် တိကျမှန်ကန်သည့်ပြင် ရှင်းလင်းဖော်ပြချက်အားဖြင့် ပိုမို၍ကောင်းမွန်သော (၎င်း၏)အဖြေကို အသင့်ထံသို့ ပို့ဆောင်တော်မူခဲ့သည် ချည်းသာ။

[34] ထိုသူတို့ပင် "ဂျဟန္နမ်"ငရဲဘုံသို့ မျက်နှာမှောက်လျက် (တရွတ်တိုက်ဆွဲကာ) ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုသူတို့ကား နေရာဌာနအားဖြင့် အဆိုးဆုံးသောသူများ၊ တရားလမ်းစဉ်အားဖြင့် လွန်စွာ မှားယွင်းသောသူများသာ ဖြစ်ကြကုန်သတည်း။

[35] ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား (တောင်ရာတ်)ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ထိုမူစာနှင့်အတူ ၎င်း၏နောင်တော် ဟာရူန်အား ကူညီဖော်ကူညီဖက်အဖြစ် ပြုလုပ်ပေးတော်မူခဲ့၏။

[36] ထို့နောက် ငါအရှင်မြတ်သည်(၎င်းတို့နှစ်ပါးအား) အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်သော အမျိုးသားတို့ထံ သွားကြလေကုန်ဟု မိန့်ကြားတော်မူခဲ့၏။ (ထိုအခါ ၎င်းတို့နှစ်ပါးသည် ထိုအမျိုးသားတို့ထံ သွားရောက်၍ သာသနာပြုခဲ့ကြသော်လည်း ၎င်းတို့သည် ယုံကြည်လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့ကြလေသည်)။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား လုံးဝဖျက်ဆီးတော်မူခဲ့၏။

[37] ထိုနည်းတူစွာ နူဟ်၏ အမျိုးသားတို့အား ၎င်းတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အားလည်း နစ်မြုပ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လူခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် မတော်မတရား ပြုလုပ်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်၍ ထားရှိတော်မူသည်။

[38] ထိုမှတစ်ပါး အာဒ်အမျိုးသားတို့အားလည်းကောင်း၊ ဆမူဒ်အမျိုးသားတို့အားလည်းကောင်း၊ "ရတ်စ္စ" မြို့ သားတို့အားလည်းကောင်း၊ ၎င်းတို့အကြား၌ မြောက်မြားစွာသော မျိုးနွယ်တို့အားလည်းကောင်း၊ (ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့၏။)

[39] စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသော အမျိုးသားတို့အနက်) အသီးသီးတို့၏အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကို ခိုင်းနှိုင်းတော်မူခဲ့၏။ (သို့ပါလျက် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့ကြ၏၊) ထိုအခါ ငါအရှင်မြတ်သည် အသီးသီးတို့အား လုံးဝ ဖျက်ဆီးတော်မူခဲ့၏။

[40] စင်စစ်သော်ကား ၎င်းတို့သည်(မက္ကာမြို့သား ကာဖိရ်များသည်) အလွန်ဆိုးရွားသော မိုးရွာသွန်းစေခြင်းကို ခံခဲ့ရသောမြို့ရွာသို့ ဧကန်အမှန် ရောက်ရှိခဲ့ကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် ယင်း(ပြစ်ဒဏ်၏အမှတ်လက္ခဏာများ)ကို မမြင်ခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာမူကား ၎င်းတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်ရန်လက္ခဏာရှိသည် ဟူ၍ပင် မမျှော်လင့်ကြပေ။

[41] ၎င်းပြင် ထိုသူတို့သည် အသင့်အား တွေ့မြင်ကြသောအခါ "အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူသောသူသည် ဤသူ ပင်လော" ဟု အသင့်အား ပြောင်လှောင်ကြကုန်၏။

[42] အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုးကွယ်ရာဘုရားများ(အား ကြည်ညိုမြတ်နိုးရာ)၌ စွဲမြဲကြံ့ခိုင်စွာ မရှိခဲ့ကြပါလျှင် ဧကန်မလွဲ ၎င်းသည် ကျွန်ုပ်တို့အား ထိုကိုးကွယ်ရာဘုရားများမှ ဝေးအောင်ပြုခဲ့ပြီးသာ ဖြစ်ပေသည်။" စင်စစ်သော်ကား ၎င်းတို့သည် မကြာမြင့်မီ ပြစ်ဒဏ်ကို တွေ့မြင်ကြ သောအခါ မည်သူသည် လမ်းလွဲသူဖြစ်ကြောင်း သိရှိသွားကြပေမည်။

[43] (အို-နဗီတမန်တော်၊) မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သောသူ၏အကြောင်းကို အသင်သည် သိမြင်ခဲ့ပြီ မဟုတ်လော။ သို့ပါလျက် အသင်သည် ထိုသူ၏အပေါ်၌ အုပ်ထိန်းသူအဖြစ် ရှိနေနိုင်ပါသလော။

[44] သို့တည်းမဟုတ် ထိုသူတို့အနက် များစွာသော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြသည်။ ထိုမျှမက(ထို တိရစ္ဆာန်များထက်ပင်) သာလွန် လမ်းလွဲသူများဖြစ်ကြကုန် သတည်း။

[45] အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က(အရာဝတ္ထုခပ်သိမ်းတို့၏) အရိပ်ကို မည်သို့မည်ပုံ ပြန့်စေတော်မူခဲ့ကြောင်း လေ့လာဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့လေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ထိုအရိပ်ကို(လှုပ်ရှားနိုင်ခြင်း မရှိစေဘဲ) တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်သာတည်း။ ထို့နောက် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့် စပ်လျဉ်း၍ သက်သေ လက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့၏။

[46] ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိပ်ကို မိမိအထံတော်သို့ တဖြည်ဖြည်း ဆွဲယူရုပ်သိမ်းတော်မူခဲ့၏။

[47] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ညဉ့်ကို အသင်တို့အဖို့ အကွယ်အကာ အဖုံးအအုပ်၊ အိပ်စက်ခြင်းကို အပန်းဖြေရာ ပြုလုပ်တော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် နေ့ကို ရှင်ပြန်ရာကာလ ပြုလုပ်တော်မူခဲ့ပေသတည်း။

[48] ၎င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော် (ဝါ) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်သော (မိုး)ရေကို ချပေးသနားတော်မူခဲ့၏။

[49] (ယင်းကဲ့သို့ ချပေးသနားတော်မူခြင်းမှာ) ငါ အရှင်မြတ်သည် အသက်မရှိသော (ဝါ) သွေ့ခြောက်လျက်ရှိသောမြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူအံ့သောငှာ (ဝါ) စိုပြည်စိမ်းလန်းစေတော်မူအံ့သောငှာ လည်းကောင်း၊ ငါအရှင် ဖန်ဆင်းတော်မူခဲ့သော မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူတို့အား ထိုရေကို တိုက်ကျွေးတော်မူအံ့သောငှာ လည်းကောင်း၊ ဖြစ်ပေ၏။

[50] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။

[51] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။

[52] သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။

[53] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်မှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။

[54] တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[55] သို့ရာတွင် ထို(မုရှ်ရစ်က်)တို့မှာမူကား အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုအရာများသည် ၎င်းတို့အား အကျိုးဖြစ် ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ စင်စစ် သော်ကား "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်မှ ကျောခိုင်းသူပင် ဖြစ်ပေသည်။

[56] စင်စစ်သော်ကား (အို-နဗီတမန်တော်၊) ငါ အရှင်မြတ်သည် အသင့်အား သတင်းကောင်း ပြောကြားသူနှင့် သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့၏။

[57] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) မည်သူမဆို အလိုရှိခဲ့လျှင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားရာလမ်းကို ရွေးချယ်ရန်မှတပါး ငါသည် ယင်း(အမိန့်တော်များကို ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အဖိုး အခကိုမျှ တောင်းဆိုသည် မဟုတ်ပေ။

[58] ၎င်းပြင် (အို-နဗီတမန်တော်၊) အသင်သည် မည်သည့်အခါ၌မျှ သေဆုံးတော်မူမည် မဟုတ်သော အမြဲထာဝရ ရှင်တော်မူသော အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ထိုအရှင်မြတ်အား ချီးမွမ်းထော မနာပြုခြင်းကို မြွက်ဆိုပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကို သိတော်မူသောအရှင် အဖြစ်လုံလောက်၏။

[59] အကြင်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ နှစ်ခုလုံး၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်း တော်မူခဲ့ပြီးနောက် ‘အရ်ရှ်’ ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထို(အရှင်မြတ်သည်ပင်) "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင် ဖြစ်တော်မူပေရာ ထို "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးတစ်ယောက်အား မေးမြန်းရာ၏။

[60] စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်အား ‘စဂျီဒဟ်’ ပျပ်ဝပ် ဦးချကြလေကုန်ဟု ပြောကြားခဲ့ပါလျှင် ၎င်းတို့က ‘ရဟ်မာန်’ ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင် အကျွန်ုပ်တို့အား အမိန့်ပေးသောအရာကို ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦး ချကြရပါမည်လောဟု ဆိုကြကုန်၏။ စင်စစ် (ဤပြောဆို ညွှန်ကြားမှုသည်) ၎င်းတို့၌ စက်ဆုပ်မှုကို ပိုမိုတိုးတက်စေခဲ့ပေသတည်း။

[61] အကြင်အရှင်မြတ်သည် ‘ဗရ်ကသ်’ မင်္ဂလာနှင့် အလွန်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်၌ ဆယ့်နှစ်ရာသီအင်သာစက်များကို ဂြိုဟ်နက္ခတ်များကို ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၌ ဆီးမီးတစ်ခုကိုလည်းကောင်း၊ လင်းဝင်းတောက်ပသော လစန္ဒာကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။

[62] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အကြင်သူ၏အဖို့ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ တစ်ခု၏ နောက်တစ်ခု အလှည့်ကျသွားလာသောအရာများပင် ပြုလုပ်တော်မူခဲ့၏။ ထိုသူသည် သိနားလည်ရန်အလိုရှိခဲ့၏။ သို့တည်းမဟုတ် ကျေးဇူးသိတတ်ရန် ရည်စူးခဲ့ပေသတည်း။

[63] စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက်ကြကုန်၏။ ထိုမှတစ်ပါး အသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့် စကားပြောဆိုကြသောအခါ ၎င်းတို့သည် ကောင်းမွန်စွာ ပဋိပက္ခ ကင်းငြိမ်းသောစကားကို အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏။

[64] ၎င်းပြင် အကြင်သူများပင် ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချကြလျက် လည်းကောင်း၊ မတ်တတ်ရပ်ကြလျက်လည်းကောင်း၊ ညဉ့်ကို ကုန်လွန်စေကြကုန်၏။

[65] ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည်(ဤသို့) လျှောက်ထားကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို ကျွန်တော်မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်းဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန်လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက်အံ့သော ပြစ်ဒဏ်ပင်ဖြစ်ပါသည်။

[66] ဧကန်စင်စစ် ယင်းဂျဟန္နမ်ငရဲသည် စခန်းချရာ နေရာအဖြစ်လည်းကောင်း၊ နေထိုင်ရာနေရာအဖြစ် လည်းကောင်း၊ အလွန်ညံ့ဖျင်းလှပါသည်။

[67] ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် သုံးစွဲကြသောအခါ အချည်းနှီး၊ ဖြုန်းတီးကြသည်လည်း မဟုတ်ပေ။ စစ်စီစေးနှဲကြသည်လည်း မဟုတ်ပေ။ စင်စစ် (၎င်းတို့၏သုံးစွဲမှုကား) ယင်း (အချည်းနှီးဖြုန်းတီးမှုနှင့် စစ်စီစေးနှဲမှု)၏ အကြားတွင် မလွန်မယုတ် အလယ်(အလတ်သုံးစွဲမှု)သာလျှင် ဖြစ်ပေသတည်း။

[68] ၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တ သ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။

[69] ကိယာမသ်"ရှင်ပြန်ထမည့်နေ့တွင် ထိုသူ၌ ပြစ်ဒဏ်သည် တိုးတက်(သက်ရောက်)စေခြင်းကိုခံရမည့်ပြင်၊ ထိုသူသည် အမြဲထာဝရ ယင်းပြစ် ဒဏ်၌ပင် ဂုဏ်သရေယုတ်ညံ့စွာ ခံစားနေရပေမည်။

[70] သို့ရာတွင် အကြင်သူသည် (ကာဖိရ်ရှရစ်က်မှ) ၀န်ချတောင်းပန်ပြီး သက်ဝင်ယုံကြည်ခဲ့၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့ ၏မကောင်းမှုများကို ကောင်းမှုများနှင့် လဲလှယ်၍ ပေးသနားတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[71] အမှန်သော်ကား၊ မည်သူမဆို(အပြစ်မှ)ဝန်ချတောင်းပန်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့ပါမူ ဧကန်မလွဲ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဖက်သို့ ပြန်လှည့်သူပင်ဖြစ်ပေ၏။

[72] ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည် မလျော်ကန်သောနေရာသို့လည်း သွားရောက်ပါဝင်ကြသည် မဟုတ်ပေ။ (တစ်နည်း) မုသားသက်သေခံကြသည်လည်း မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အချည်းနှီးသော အမှုကိစ္စ၏အပါးမှ ဖြတ်သန်း၍ သွားကြလေသောအခါ၊ (မျက်နှာအောက်စိုက်၍) ဣန္ဒြေရှိသူများပီပီ ဖြတ်သန်း၍သွားကြကုန်၏။

[73] ၎င်းပြင် အကြင်သူများပင်၊ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အာယတ်တော်များဖြင့် ဆုံးမဩဝါဒပေးခြင်းကို ခံကြရသောအခါ ထိုသူတို့သည် ယင်းအာယတ်တော်များအပေါ်၌ နားပင်းသူများ အဖြစ်လည်းကောင်း၊ မျက်စိကန်းသူများ အဖြစ်လည်းကောင်း၊ ကျလာကြ သည်မဟုတ်ပေ။

[74] ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။

[75] ထို(ဝိသေသဂုဏ်ထူးနှင့် ပြည့်စုံကြကုန်သော ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ကျွန်)တို့မှာကား မိမိတို့ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက်ကြောင့် (ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များကိုပင် အစားပေးချီးမြှင့်ခြင်း ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ယင်းအဆောင်များ၌("မလာအိကဟ်" ကောင်းကင်တမန်များ၏) နှစ်ထောင်းအားရကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို လည်းကောင်း၊ ‘စလာမ်’ မေတ္တာပို့ နှုတ်ခွန်းဆက်သခြင်းကို လည်းကောင်း၊ (တွေ့ကြုံစေခြင်း)ခံကြရပေမည်။

[76] (၎င်းတို့သည်) ယင်း(‘ဂျန္နတ်’သုခဘုံ၏) မြင့်မြတ်သောအဆောင်များ၌ပင် အမြဲထာဝစဉ် နေထိုင်ကြပေမည်။ ထို(ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များသည် အလွန်မွန်မြတ်လှစွာသော စခန်းချရာနေရာသည် လည်းကောင်း၊ နေထိုင်ရာနေရာသည် လည်းကောင်း၊ ဖြစ်ပေသည်။

[77] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါ လေ။ (အို-အချင်းတို့၊) အကယ်၍ အသင်တို့သည် ဆုတောင်းပတ္ထနာမပြုကြလျှင် ငါ့အားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်သည် အသင်တို့အား လုံးဝဂရုစိုက်တော်မူမည် မဟုတ်ပေ။ ယခုသော်ကား ဧကန်မလွဲ အသင်တို့သည် (ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို လည်းကောင်း၊) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြပြီးဖြစ်ရာ မကြာမြင့်မီ ယင်းစွပ်စွဲငြင်းပယ်မှုကြောင့် (အသင်တို့အပေါ်၌)အန္တရာယ်ပင် ဖြစ်ချေအံ့သတည်း။

ကဗျာဆရာများ

Surah 26

[1] သွာ၊ စီမ်၊ မီမ်။

[2] ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ (အာယတ်) တော်များပင်။

[3] (အို-နဗီတမန်တော်၊)၎င်း(မက္ကာမြို့သား)တို့သည် သက်ဝင်ယုံကြည်ခြင်း မရှိကြသောကြောင့် အသင်သည် မိမိကိုယ်ကို သတ်သေချင်လုမတတ် ဖြစ်နေဘိ၏။

[4] အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးကို ၎င်းတို့အပေါ်၌ ချပေးတော်မူမည်။ ထိုအခါ ၎င်းတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ ရှေ့မှောက်ဝယ် ကိုင်းညွှတ်ရိုကျိုး လာကြပေမည်။

[5] စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ အထံတော်မှ မည်သည့် သစ်လွင်သော ဆုံးမဩဝါဒမဆို ၎င်းတို့ထံ ရောက်ရှိလာပါလျှင် ၎င်းတို့သည် ယင်းဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲ၍ နေလေ့ရှိကြသည်သာ။

[6] ယခုသော် ၎င်းတို့သည် (ယင်းဆုံးမဩဝါဒကို)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့ ပြက်ရယ်သမှုပြုလျက် ရှိခဲ့ကြသောအရာ၏ အဖြစ်မှန်သည် မကြာမြင့်မီပင် ၎င်းတို့ထံ ရောက်ရှိလာပေမည်။

[7] ၎င်းတို့သည် ပထဝီမြေကို မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ တင့်တယ် ကောင်းမြတ်လှစွာသော(သစ်ဥ၊ သစ်ပွင့်၊ သစ်သီးအစရှိသော) အမျိုးအစားတိုင်းမှ အဘယ်မျှလောက် များပြားစွာ ပေါက်ရောက်စေတော်မူခဲ့ပါသနည်း။

[8] ဧကန်စင်စစ် ဤသည်၌ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတစ်ရပ်ရှိပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည် ကြသည်မဟုတ်ပေ။

[9] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[10] ထိုမှတစ်ပါး တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မူစာအား အသင်သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)နှိပ်စက်ညှဉ်းပန်းသူတို့ထံ သွားပါလေဟု(မိန့်ကြား)တော်မူခဲ့၏။

[11] (မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ညှဉ်းပန်းသူများကား) ဖစ်ရ်အောင်န်၏ အမျိုးသားပင်တည်း။ ၎င်းတို့သည် မကြောက်ရွံ့ကြလေသလော။

[12] (ထိုအခါ) ထိုမူစာသည်(ဤသို့)လျှောက်ထားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့က ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။

[13] ၎င်းပြင် ကျွန်တော်မျိုးသည် စိတ်ကျဉ်းကျပ်သည့်ပြင် ကျွန်တော်မျိုး၏လျှာမှာလည်း သွက်လက်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်(ကျွန်တော်မျိုး၏နောင်တော်) ဟာရူန်၏ထံသို့လည်း(ဝဟ်ယ်)အမိန့် တော်ပို့သတော်မူပါ။

[14] ထိုမှတစ်ပါး ၎င်းတို့နှင့်ပက်သက်၍ ကျွန်တော်မျိုး၏အပေါ်၌ အပြစ်တစ်ခုလည်းရှိနေပါသဖြင့် ၎င်းတို့ သည်ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကိုလည်း ကျွန်တော်မျိုးစိုးရိမ်မိပါသည်။

[15] ထိုအရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ၊ ၎င်းတို့သည် အသင့်အား) အလျှင်း (သတ်ဖြတ်နိုင်ကြမည်) မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ (ညီနောင်)နှစ်ဦးသည် ငါအရှင်မြတ်၏ အမိန့်တော်များနှင့်တကွ သွားကြလေကုန်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ(အသင်တို့နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို)နားထောင်လျက်ပင် ရှိတော်မူပေမည်။

[16] သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ဖစ်ရ်အောင်န်၏ထံသို့သွား၍ (ဤသို့)ပြောဆိုကြလေကုန်။ ဧကန်စင်စစ် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်(များ)ပင် ဖြစ်ကြသည်။

[17] အသင်သည် အစ္စရာအီလီအမျိုးသားတို့အား ငါတို့နှင့်အတူ သွားခွင့်ပြုပါလေ။

[18] ထိုဖစ်ရ်အောင်န်က (ဤသို့) ပြောဆိုခဲ့လေ၏။ (အို-မူစာ၊) ကျွန်ုပ်တို့သည် အသင့်အား ကလေးဘဝ၌ မိမိတို့ထံ ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်လော။ ၎င်းပြင် သင်သည် မိမိသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။

[19] ထိုမှတစ်ပါး အသင်သည် မိမိပြုခဲ့သောပြစ်မှုကိုလည်း ကျူးလွန်ခဲ့သည် မဟုတ်လော။ စင်စစ် အသင်သည် ကျေးဇူးမသိတတ်သူ တစ်ဦးပင် ဖြစ်ပေသည်။

[20] ထို(မူစာ)က (ဤသို့)ပြောဆိုဖြေကြားခဲ့၏။ ငါသည် ယင်းအပြုအမူကို မဆင်ခြင် မသိတတ်သောအခါ၌ မေ့မှား ပြုမိခဲ့ပေသည်။

[21] ထို့နောက် ငါသည် အသင်တို့အား ကြောက်ရွံ့ခဲ့သောအခါ အသင်တို့ထံမှ ထွက်ပြေး၍ တိမ်းရှောင်နေခဲ့၏။ထို့နောက် ငါ၏အရှင်မြတ်သည် ငါ့အား အထူးဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူ၍ ငါ့အား ရစူလ်တမန်တော်တို့တွင်အပါအဝင် ဖြစ်စေတော် မူခဲ့ပေသည်။

[22] စင်စစ် ဤသည် အကြင်ကျေးဇူးပင်။ အသင်သည် ယင်းကျေးဇူးဖြင့် ငါ၏အပေါ်၌ ဂုဏ်ဖော်၍ အစ္စရာအီလီအမျိုးသားတို့အား ကျွန်ပြုလုပ်ထားခြင်းပင် ဖြစ်ပေသတည်း။

[23] ဖစ်ရ်အောင်န်က စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဟူသည် အဘယ်နည်းဟုမေးမြန်းခဲ့လေ၏။

[24] ထို(မူစာ)က အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် (ထိုအရှင်မြတ်)သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်နှင့် ပထဝီမြေ၏အကြား၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုဖြေကြားခဲ့၏။

[25] ထိုဖစ်ရ်အောင်န်က မိမိအနီးအနား၌ ရှိကြသူတို့အား(မောင်မင်းတို့၊) ကြားကြပါ၏လောဟု ဆိုခဲ့လေ၏။

[26] ထို(မူစာ)က (ထိုအရှင်မြတ်သည်) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လည်းကောင်း၊အသင်တို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည်လည်းကောင်း၊ ဖြစ်တော်မူသည်ဟု ပြောကြားခဲ့ပြန်၏။

[27] ထို(ဖစ်ရ်အောင်န်)က ဧကန်စင်စစ် အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် အမှန်ပင် ရူးနှမ်းသူဖြစ်သည်ဟု ဆိုခဲ့ပြန်၏။

[28] ထို(မူစာ)က အကယ်၍ အသင်တို့သည် သိနားလည်ကြပါမူ (ထိုအရှင်မြတ်သည်)အရှေ့ဘက် နေထွက်ရာအရပ်ကိုလည်းကောင်း၊ အနောက်ဘက် နေဝင်ရာအရပ်ကိုလည်းကောင်း၊ ယင်းအရပ်နှစ်မျက်နှာ၏ကြား၌ ရှိရှိသမျှကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြားခဲ့ပြန်လေသတည်း။

[29] ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားသောကိုးကွယ်ရာ တစ်ပါးပါးကို ရွေးချယ်ခဲ့ပါလျှင် ဧကန်မလွဲ ကျွန်ုပ်သည် အသင့်အား အကျဉ်းထောင်ချထားမည်ဟု ပြောဆို ကြုံးဝါးခဲ့လေ၏။

[30] ထိုမူစာက (အို-ဖစ်ရ်အောင်န်) ငါသည် အသင့်ထံ ထင်ရှားစွာသော (မုအ်ဂျီဇဟ်)တန်ခိုးတော်တစ်ပါးပါး ဆောင်ကြဉ်းခဲ့သည်ရှိသော် ကျွန်ုပ်အား အကျဉ်းချဦးမည်လောဟု ပြောဆိုမေးမြန်းခဲ့လေ၏။

[31] ထိုဖစ်ရ်အောင်န်က(အို-မူစာ၊)သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်ဆိုသူတစ်ဦးဖြစ်ပါမူ ထိုအရာ (မုအ်ဂျီဇဟ်)ကို ယူခဲ့ပါဟု ပြောဆိုခဲ့လေ၏။

[32] ထိုအခါ ထိုမူစာသည် မိမိတောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချခဲ့ရာ ထိုတောင်ဝှေးမှာ ရုတ်တရက် ထင်ရှားစွာမြွေ(နဂါးကြီး)တစ်ကောင် ဖြစ်သွားခဲ့လေ၏။

[33] ထိုမှတစ်ပါး ထိုမူစာသည် မိမိလက်ကို (မိမိချိုင်းကြားမှအပြင်သို့)ဆွဲ၍ ထုတ်လိုက်ရာ ထိုလက်မှာ ကြည့်ရှုသူတို့ရှေ့ဝယ် ထွန်းတောက်လျက်ရှိနေခဲ့၏။

[34] (ထိုအခါ) ထိုဖစ်ရ်အောင်(န်)က မိမိအနီးအနား၌ရှိကုန်သော အကြီးအမှူးတို့အား ပြောကြားခဲ့သည်မှာ (အချင်းတို့၊) ဧကန်မလွဲ ဤသူမှာ ကျွမ်းကျင်သော ပဉ္စလက်ဆရာတစ်ဦးပင် ဖြစ်ပေသည်။

[35] ၎င်းသည် မိမိပဉ္စလက်အတတ်ဖြင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်လျက် ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့ (အကြံ)ပေးလိုကြသနည်း။

[36] ထိုအကြီးအမှူးတို့က လျှောက်ထား(အကြံပေး) ခဲ့ကြကုန်၏။ ဘုရင်မင်းမြတ်သည် ထို(မူစာ)နှင့် ၎င်း၏နောင်တော် (ဟာရူန်)အား ရွှေ့ဆိုင်းခွင့်ပေး၍ မင်းစေတို့အား အမြို့မြို့အရွာရွာသို့ စေလွှတ်တော်မူပါ။

[37] ထိုမင်းစေတို့သည်(တစ်ဖက်ကမ်းခပ်)တတ်မြောက်ကျွမ်းကျင်ကြကုန်သော ပဉ္စလက်ဆရာတို့အား (ဘုရင်မင်းမြတ်ထံသို့) ခေါ်ဆောင်၍ လာခဲ့ကြကုန်အံ့သတည်း။

[38] ထို့နောက် ပဉ္စလက်ဆရာတို့သည် သတ်မှတ်ထားသော နေ့တစ်နေ့၏ အထူးချိန်းချက်ထားသော အချိန်တွင် စုဝေးခဲ့ကြရလေသည်။

[39] ထိုမှတစ်ပါး လူတို့အား ဆင့်ဆိုထားသည်မှာ အသင်တို့သည်လည်း စုရုံးကြရပေမည်။

[40] သို့မှသာလျှင် ကျွန်ုပ်တို့သည် ပဉ္စလက်ဆရာတို့၏ လမ်းစဉ်ကိုပင် အကယ်၍ ၎င်းတို့သည် အောင်နိုင်ကြသည်ရှိသော် လိုက်နိုင်ကြပေမည်။

[41] ထို့နောက် ပဉ္စလက်ဆရာတို့ ရောက်ရှိလာကြသောအခါ ၎င်းတို့က ဖစ်ရ်အောင်န်အား အကယ်၍ ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ခဲ့ကြပါလျှင် ဧကန်အမှန် ကျွန်ုပ်တို့သည်(ကြီးကျယ်သော)ဆုလာဘ်ကို အမှန်ပင်ရရှိကြမည် မဟုတ်ပါလောဟု ဆိုခဲ့ကြကုန်၏။

[42] ထိုဖစ်ရ်အောင်န်က ဟုတ်ပေသည်။ ထို့ပြင်တစ်ဝ ထိုသို့ဖြစ်ခဲ့လျှင် အသင်တို့သည် (ငါနှင့်အတူ) လက်ပွန်းတတီး(ချစ်ကျွမ်း)နေထိုင်သူတို့တွင်လည်း အပါအဝင် ဖြစ်ကြပေမည်ဟု ဆိုခဲ့လေ၏။

[43] (တမန်တော်)မူစာသည် ထိုပဉ္စလက်ဆရာတို့အား အသင်တို့သည် မိမိတို့ ပစ်ချကြအံ့သော အရာများကိုပစ်ချကြလေကုန်ဟု ပြောကြားခဲ့၏။

[44] သို့ဖြစ်ပေရာ ထိုပဉ္စလက်ဆရာတို့သည် မိမိတို့၏ ကြိုးများကိုလည်းကောင်း၊ မိမိတို့၏ တောင်ဝှေးများကိုလည်းကောင်း၊ ပစ်ချခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ဖစ်ရ်အောင်န်(ဘုရင်မင်းမြတ်)၏ ဘုန်းတန်ခိုးကိုတိုင်တည်၍ မလွဲဧကန် ကျွန်ုပ်တို့သည် ပင်လျှင် အောင်နိုင်သူများ အမှန်ပင် ဖြစ်ကြပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။

[45] ထို့နောက် မူစာသည် မိမိလှင်ကန် တောင်ဝှေးကို ပစ်ချခဲ့ရာ ထိုလှင်ကန်တောင်ဝှေးမှာ ရုတ်တရက်(မြွေနဂါးကြီးဖြစ်လာပြီး)ထိုပဉ္စလက်ဆရာတို့ လှည့်စားထားကြသောအရာများကို မျိုလေတော့၏။

[46] ထိုအခါ ပဉ္စလက်ဆရာတို့သည် မှောက်လဲ၍ပျပ်ဝပ် ဦးချကြကုန်၏။

[47] ၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ ကျွန်ုပ်တို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပါပြီ။

[48] (ထိုအရှင်မြတ်သည်) မူစာ၏ အရှင်မြတ်သည်လည်းကောင်း၊ ဟာရူန်၏ အရှင်မြတ်သည်လည်း ကောင်း၊ဖြစ်တော်မူပါ၏။

[49] ထို(ဖစ်ရ်အောင်န်) က အသင်တို့အား ကျွန်ုပ်ခွင့်မပြုမီ အသင်တို့သည် ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်မလွဲ ၎င်းသည် အသင်တို့အား ပဉ္စလက် အတတ်ပညာကိုသင်ကြား၍ပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ယခုပင် အသင်တို့သည် (အကြောင်း) သိရှိကြပေမည်။ မလွဲဧကန် ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကို လည်းကောင်း၊ (ဝဲယာ) လွှဲ၍ဖြတ်တောက်ပစ်မည်။ ထိုမှတစ်ပါး မချွတ်ဧကန် ကျွန်ုပ်သည်အသင်တို့ အားလုံးကိုပင် လက်ဝါးကပ်တိုင်တင်မည်ဟု ပြောဆိုကြုံးဝါးခဲ့၏။

[50] ထိုပဉ္စလက်ဆရာတို့က (ကျွန်ုပ်တို့၌) လုံးဝ အကျိုးယုတ်မှု ရှိလိမ့်မည်မဟုတ်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်သွားကြမည့်သူများပင် ဖြစ်ကြကုန်၏ဟု ပြောကြားလေ၏။

[51] စင်စစ်ဧကန် ကျွန်ုပ်တို့သည် ရှေးဦးမဆွ မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပေရာ ကျွန်ုပ်တို့၏အရှင်မြတ်သည် ကျွန်ုပ်တို့၏ ပြစ်မှုများကို ခွင့်လွှတ် ချမ်းသာပေးတော်မူမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ကြပေသတည်း။

[52] ၎င်းပြင် ငါအရှင်မြတ်သည် မူစာ၏ထံသို့ အသင်သည် ငါအရှင်မြတ်၏ (ဤ)ကျွန်တို့အား ညဉ့်အချိန်၌ခေါ်ဆောင်၍သွားပါလေ။ ဧကန်အမှန် အသင်တို့သည်(မိမိတို့အား) နောက်မှလိုက်လံခြင်းကို ခံကြရမည့်သူများပင်ဖြစ်ကြပေသည်ဟု ‘ဝဟ်ယ်’ အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။

[53] ထို့နောက် ဖစ်ရ်အောင်န်သည် မင်းစေတို့အား အမြို့မြို့အရွာရွာသို့ စေလွှတ်ခဲ့လေသည်။

[54] ဧကန်စင်စစ် ဤသူတို့ကား အနည်းငယ်မျှသော အုပ်စုကလေးပင် ဖြစ်ပေသည်။

[55] ထို့ပြင် ဧကန်အမှန် ၎င်းတို့သည် ကျွန်ုပ်တို့အား အလွန် အမျက်ပွားစေသူများပင် ဖြစ်ကြကုန်၏။

[56] ထိုမှတစ်ပါး ဧကန်စင်စစ် ကျွန်ုပ်တို့သည် အမှန်ပင် စိုးရိမ်လျက် ရှိကြကုန်၏။

[57] ထို့နောက် ငါအရှင်မြတ်သည် ထိုသူတို့အား ဥယျာဉ်များမှလည်းကောင်း၊ စမ်းချောင်းများမှလည်းကောင်း၊ထုတ်ပစ်တော်မူခဲ့၏။

[58] ထိုနည်းတူစွာ ဘဏ္ဍာများမှလည်းကောင်း၊ ခမ်းနားသိုက်မြိုက်လှစွာသော နေအိမ်များမှလည်းကောင်း၊

[59] စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းပစ္စည်းများကို အစ္စရာအီလီမျိုးနွယ်တို့အား ပိုင်ဆိုင်စေတော်မူခဲ့ပေသတည်း။

[60] ထို့နောက် ၎င်း(ဖစ်ရ်အောင်န်နှင့်တကွ အခြွေအရံ)တို့သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား နေထွက်ချိန်၌ နောက်မှလိုက်၍ မီခဲ့ကြကုန်၏။

[61] တစ်ဖန် အုပ်စုနှစ်ခုလုံးသည် တစ်ဖက်ကိုတစ်ဖက် တွေ့မြင်ကြလေသောအခါ မူစာ၏အပေါင်းပါတို့က ဧကန်မလွဲ ကျွန်ုပ်တို့သည် အမှန်ပင် အဖမ်းခံကြရပြီဟု (ထိတ်လန့်) ပြောဆိုခဲ့ကြကုန်၏။

[62] (ထိုအခါ) မူစာက အလျှင်း(အဖမ်းခံကြရမည်)မဟုတ်။ မလွဲဧကန် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါနှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ထိုအရှင်မြတ်သည် ငါ့အား(ပင်လယ်မှထွက်နိုင်ရန်) လမ်းညွှန်တော်မူမည်ဟုပြန်ကြားခဲ့လေ၏။

[63] ထိုအခါ ငါအရှင်မြတ်သည် မူစာ၏ထံသို့အသင်သည် မိမိတောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်ပါလေဟု အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ သို့ဖြစ် ပေရာ(မူစာသည် အမိန့်တော်အတိုင်းရိုက်ခတ်လေသော်)ထိုပင်လယ်မှာ ကွဲ၍သွားပြီးလျှင်(ရေ၏)အစုအပုံ အသီးသီးတို့မှာ ကြီးမားလှစွာသော တောင်ကြီးများပမာ ဖြစ်သွားခဲ့ကြလေ၏။

[64] ၎င်းပြင် ငါအရှင်မြတ်သည် (အခြားအုပ်စုဖြစ်သော ‘ဖစ်ရ်အောင်န်’ နှင့် ၎င်း၏ အခြွေအရံတို့)ကိုလည်း ထိုနေရာသို့ ပို့တော်မူခဲ့၏။

[65] ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာအားလည်းကောင်း၊ ထိုမူစာ၏အပေါင်းပါတို့ အားလည်းကောင်း၊အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။

[66] ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော’ဖစ်ရ်အောင်န်’ နှင့်၎င်း၏ အခြွေအရံတို့) ကို (ပင်လယ်နီတွင်)နှစ်မြှုပ်တော်မူခဲ့၏။

[67] မလွဲဧကန် ဤသည့်(ဖြစ်ရပ်)၌ ကြီးကျယ် လှစွာသော သင်ခန်းစာသည်ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြချေ။

[68] စင်စစ်မှာမူကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[69] (အို-နဗီတမန်တော်၊)အသင်သည် ၎င်း(မက္ကာမြို့သား)တို့၏ရှေ့ဝယ် အိဗ်ရာဟီမ်၏အကြောင်း နှင့် အတ္ထုပ္ပတ္တိကို ပြန်ပြောပါလေ။

[70] တစ်ရံရောအခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ၊ဖခင်အားလည်းကောင်း မိမိအမျိုးသားတို့အားလည်းကောင်း၊’အသင်တို့သည် မည်သည့်အရာကို ကိုးကွယ် ဆည်းကပ်လျက်ရှိကြသနည်း’ ဟု ပြောဆိုမေးမြန်းခဲ့၏။

[71] ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အရုပ်များကို ကိုးကွယ်ဆည်းကပ်ကြသည့်ပြင် ထိုအရုပ်များ၏အပါး၌ပင် အခါခပ်သိမ်း စွဲလမ်းတွယ်ကပ်လျက် ရှိကြပေသည်ဟု ပြန်ကြားခဲ့ကြကုန်၏။

[72] အိဗ်ရာဟီမ်က မေးမြန်းခဲ့၏။ အသင်တို့ ဟစ်ခေါ်ကြသောအခါ ထိုအရုပ်များသည် အသင်တို့၏ ဟစ်ခေါ်သံကို ကြားကြလေသလော။

[73] သို့မဟုတ်၊ ၎င်းတို့သည် (အသင်တို့အား) အကျိုးပြုကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် (အသင်တို့အား) အကျိုးယုတ်စေနိုင်ကြလေသလော။

[74] ထိုအမျိုးသားတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုးဘေးတို့အား ဤအတိုင်း ပြုမူကြသည်ကို တွေ့ရှိခဲ့ကြ ပါသည်ဟု ဖြေကြားခဲ့ကြကုန်၏။

[75] အိဗ်ရာဟီမ်က အသင်တို့သည် မိမိတို့ ကိုးကွယ်ဆည်းကပ် လျက်ရှိကြသောအရာများ၏ (အခြေအနေ)ကို(လေ့လာသုံးသပ်)တွေ့မြင်ကြပြီလော။

[76] အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ရှေးဟောင်းအဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊

[77] အကြောင်းမှာမူ ဧကန်မလွဲ ၎င်းတို့သည် ငါ၏ရန်သူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မှာမူကား လောကီဘ၀တွင်လည်းကောင်း၊ "အာခိရတ်" တမလွန်ဘ၀တွင်လည်းကောင်း၊ ငါ၏အဆွေခင်ပွန်းပင် ဖြစ်တော်မူပေသတည်း။

[78] အကြင်အရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အားလမ်းညွှန်ပြတော်မူ၏။

[79] ၎င်ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား ကျွေးမွေးတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား တိုက်ကျွေးတော်မူ၏။

[80] ထိုမှတစ်ပါး ငါသည် နာဖျားသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အား(ဝေဒနာ)ပျောက်ကင်းစေတော်မူ၏။

[81] ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား(သေချိန်တွင်) သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ငါ့အား (ကိယာမတ်နေ့တွင်) ရှင်စေတော်မူမည်။

[82] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် တရားစီရင်မည့်နေ့တွင် ငါ၏မှားယွင်းချက်များကို ခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း ငါမျှော်လင့်လျက်ပင် ရှိပေသတည်း။

[83] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအား သူတော်စင်များနှင့်အတူ ပေါင်းဖက် ပါဝင်စေတော်မူပါ။

[84] ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် နာမည်ကောင်းခြင်းကို ပြုလုပ်၍ ပေးတော်မူပါ။ (တစ်နည်း) အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် ကောင်းစွာ ကျော်ကြားမှုကို (ကောင်းစွာသတိရခြင်းကို) ပြုလုပ်၍ ပေးတော်မူပါ။

[85] ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျေးဇူးတော်နှင့်ပြည့်စုံသော ‘ဂျန္နတ်’ သုခဘုံ၏ အမွေစားအမွေခံ ပြုလုပ်တော်မူပါ။

[86] ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ် ၎င်းမှာ လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ပါသည်။

[87] ၎င်းပြင် အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။

[88] အကြင်နေ့တွင် ပစ္စည်းဥစ္စာသည် လည်းကောင်း၊သား(သမီး)များသည် လည်းကောင်း၊ အသုံးဝင်မည် မဟုတ်ပါ။

[89] သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွရောက်ရှိခဲ့ပါလျှင်(ထိုသူသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပေမည်)။

[90] ၎င်းပြင် (ထိုနေ့တွင်) ‘ဂျန္နတ်’ သုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့နှင့် နီးကပ်စွာထားရှိပြီး ဖြစ်ပေမည်။

[91] ထို့ပြင် ‘ဂျဟန္နမ်’ ငရဲသည် လမ်းလွဲသူတို့၏ရှေ့ဝယ် ထင်ရှားစေခြင်းကို ခံရပေမည်။

[92] ထိုမှတစ်ပါး ၎င်းတို့သည် ‘အသင်တို့ ဆည်းကပ် ကိုးကွယ်လျက်ရှိခဲ့ကြသော ကိုးကွယ်ရာများသည် (ယခု) မည်သည့်နေရာ၌ ရှိကြသနည်း’ ဟု ပြောဆိုမေးမြန်းခြင်းကို ခံကြရပေမည်။

[93] အလ္လာဟ်အရှင်မြတ်အား စွန့်၍ (အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြသော) ကိုးကွယ်ရာများသည်(ယခု)အသင်တို့အား ကူညီနိုင်ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်တင်နိုင်ကြလေသလော။

[94] ထို့နောက် ထိုသူတို့သည်လည်းကောင်း၊ လမ်းလွဲသူတို့သည်လည်းကောင်း၊ ‘ဂျဟန္နမ်’ငရဲ၌ စောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။

[95] ထိုမှတစ်ပါး အစ်ဗ်လီစ်၏ ဗိုလ်ခြေအပေါင်းတို့သည်လည်းကောင်း၊

[96] ၎င်းတို့သည် ယင်း(‘ဂျဟန္နမ်’ငရဲ)၌ ငြင်းခုံလျက်ရှိကြစဉ် ပြောဆိုကြပေမည်။

[97] အလ္လာဟ်အရှင်မြတ်၏ ‘ကစမ်’။ ဧကန်အမှန် ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြကုန်၏။

[98] အကြင်အခါဝယ် ကျွန်ုပ်တို့သည် အသင်တို့အား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူများ ပြုလုပ်လျက် ရှိခဲ့ကြကုန်၏။

[99] စင်စစ်သော်ကား ကျွန်ုပ်တို့အား (ဤအကြီးအကျယ်) ပြစ်မှုကျူးလွန်သူတို့သည်သာလျှင် လမ်းလွဲစေခဲ့ကြကုန်၏။

[100] ယခုသော်ကား ကျွန်ုပ်တို့အဖို့ ကြားဝင် အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။

[101] ထိုနည်းတူစွာ ချစ်ကျွမ်းဝင် ရင်းနှီးသော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။

[102] သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည်(လူလောကသို့)တစ်ဖန် ပြန်လည်သွားခွင့်ရရှိကြပါလျှင် ကောင်းလေစွ။ သို့ ပြန်သွားခွင့်ရရှိကြပါလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြရမည်။

[103] ဧကန်မလွဲ ဤ(သည့်ဖြစ်ရပ်)၌ အမှန်ပင် (ကြီးကျယ်လှသော) သင်ခန်းစာသည် ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများစုမှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။

[104] စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော် မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော် မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[105] ‘နူဟ်’၏ အမျိုးသားတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

[106] အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော်နူဟ်က(ဤသို့)ပြောကြားခဲ့၏။(အချင်းတို့)အသင်တို့ သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေ သလော။

[107] ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။

[108] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည်ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[109] စင်စစ် ငါသည် ဤအမိန့်တော်ကို ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။

[110] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[111] ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ကြရမည်လော။ အမှန်စင်စစ် ဂုဏ်အသရေ သေးသိမ်သူတို့သာလျှင် အသင်၏နောက်လိုက်များ ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[112] ထိုနူဟ်က(ဤသို့)ပြန်ကြားခဲ့၏၊ (အချင်းတို့၊) ငါသည် ၎င်းတို့၏ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ မည်သည်ကို သိရှိရန်လိုပါသနည်း။

[113] ၎င်းတို့အား စစ်ဆေးရန်တာဝန်မှာ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်အပေါ်၌သာ ရှိကြောင်း အသင်တို့နားလည်ကြပါလျှင် ကောင်းလေစွ။

[114] စင်စစ် ငါသည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (မိမိအပါးမှ) နှင်ထုတ်မည့်သူမဟုတ်ပြီ။

[115] ငါသည် ရှင်းလင်းထင်ရှားစွာ သတိပေး နှိုးဆော်သူတစ်ဦးမျှဖြစ်၏။

[116] ထိုအမျိုးသားတို့က အို-နူဟ်။ အကယ်၍ အသင်သည်(မိမိဆုံးမဩဝါဒပေးခြင်းကို)မရပ်တန့်ခဲ့ပါလျှင် ဧကန်မလွဲ အသင်သည် ခဲပစ်ပေါက်(၍သတ်ဖြတ်)ခြင်းကို ခံရသူတို့တွင် အပါအဝင်ဖြစ်ပေမည်။

[117] ထိုနူဟ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ဤသို့) လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော် မျိုးအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏ အမျိုးသားတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေပြီ။

[118] သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် ၎င်းတို့၏အကြား၌ ထင်ရှားစွာသောအဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်ပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုးနှင့်အတူရှိကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ကယ်တင်တော်မူပါ။

[119] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်နှင့်အတူ ဝန်အပြည့်တင်ထားသောသင်္ဘော၌ ပါလာကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အားလည်းကောင်း၊ ကယ်တင်တော်မူခဲ့လေ၏။

[120] ထို့နောက် တစ်ဖန် ငါအရှင်မြတ်သည် ကျန်ရှိသူတို့အား နှစ်မြှုပ်တော်မူခဲ့၏။

[121] ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌(ကြီးကျယ်လှသော)သင်ခန်းစာသည်ရှိ၏။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။

[122] စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား၊ အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[123] ‘အာဒ်’ အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် ခဲ့ကြကုန်၏။

[124] အကြင်အခါဝယ် ၎င်းတို့၏ နောင်တော် ‘ဟူဒ်’က ပြောကြားခဲ့၏။ (အချင်းတို့)အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။

[125] ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်သည်။

[126] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[127] စင်စစ် ငါသည် အသင်တို့ထံ ဤအမိန့်တော်ပို့ဆောင်ခြင်းနှင့် စပ်လျဉ်း၍ မည်သည့်အကျိုး တစ်စုံတရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။

[128] အသင်တို့သည် ကုန်းမြင့်တိုင်း၌ အထိမ်းအမှတ်တစ်ခု အချည်းနှီး တည်ဆောက်ကြလေသလော။

[129] ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ အမြဲနေထိုင်ကြရမည်ကဲ့သို့ပင် ကြီးကျယ်ခမ်းနားသော တိုက်တာဂေဟာများကို ပြုလုပ်တည်ဆောက်ကြကုန်၏။

[130] ထိုမှတစ်ပါး အသင်တို့သည် ဖမ်းဆီး အရေးယူကြလေသောအခါ ရက်စက်ကြမ်းကြုတ်သူများအဖြစ် ဖမ်းဆီးအရေးယူကြကုန်၏။

[131] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[132] ၎င်းပြင် အသင်တို့သည် အကြင်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သိရှိကြကုန်သောအရာများဖြင့် ကူညီဆောင်မတော်မူခဲ့၏။

[133] ထိုအရှင်မြတ်သည် အသင်တို့အား ကျွဲ၊ နွား၊ကုလားအုတ် တည်းဟူသော တိရစ္ဆာန်များဖြင့်လည်းကောင်း၊ သားသမီးရတနာများဖြင့်လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့၏။

[134] ထိုမှတစ်ပါး ဥယျာဉ်များဖြင့်လည်းကောင်း၊စမ်းချောင်းများဖြင့်လည်းကောင်း၊ (ကူညီတော်မူခဲ့၏)။

[135] ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော(ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ပြစ်ဒဏ်ကို စိုးရိမ်မိပေသည်တကား။

[136] ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဟူဒ်၊) အသင်သည် ဆုံးမသည်ဖြစ်စေ၊ ဆုံးမခြင်း မပြုသည်ဖြစ်စေ၊ ကျွန်ုပ်တို့အဖို့ အကြောင်းမထူးပေ။

[137] ဤသည် ရှေးလူဟောင်းတို့၏ ဓလေ့ထုံးစံမျှဖြစ်ပေ၏။

[138] စင်စစ် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများ မဟုတ်ပေ။

[139] အချုပ်မှာ ၎င်းအမျိုးသားတို့သည် ထိုဟူဒ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းဖြင့် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော) သင်ခန်းစာ ရှိပေ၏။ သို့ရာတွင် ၎င်းတို့(မက္ကာမြို့သားကာဖိရ်များ)အနက် အများဆုံးသော သူတို့မှာကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြချေ။

[140] စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူ သောအရှင် ဖြစ်တော်မူပေသတည်း။

[141] ‘ဆမူဒ်’ အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။

[142] အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော် တမန်တော်ဆွာလိဟ်က ပြောကြားခဲ့၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။

[143] ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေ၏။

[144] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[145] စင်စစ် ငါသည် အသင်တို့ထံ ဤအမိန့်တော် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍၊ မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။

[146] အသင်တို့သည် ဤပစ္စက္ခဘဝ၌ရှိသော အရာများတွင် စိတ်အေးချမ်းနေခြင်းကို လျစ်လျူပြုထားခြင်းကို ခံကြရမည်လော။

[147] ဥယျာဉ်များ၌ လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း၊

[148] လယ်ယာများ၌လည်းကောင်း၊ အကြင် စွန်ပလွံခြံများ၌လည်းကောင်း၊ ထိုစွန်ပလွံပင်များ၏ အဖူးအညွန့်များမှာ နူးညံ့လျက်ရှိ၏။ (တစ်နည်း) ထိုစွန်ပလွံပင်မှ စွန်ပလွံသီးအခိုင်များမှာ ပြွတ်လျက်ရှိ၏။

[149] ၎င်းပြင် အသင်တို့သည် တောင်များကို အိမ်များဖြစ်အောင် ကျွမ်းကျင်စွာ ထွင်းကြကုန်၏။ (တစ်နည်း) ၎င်းပြင် အသင်တို့သည် မော်ကြွားလျက် တောင်များကို အိမ်များဖြစ်အောင် ထွင်းကြကုန်၏။

[150] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[151] သို့ရာတွင် အသင်တို့သည် စည်းကမ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်ကို မလိုက်နာကြကုန်လင့်။

[152] အကြင်သူတို့သည် တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ သို့ရာတွင် ထိုသူတို့သည်(တိုင်းပြည်ကိုသာယာဝပြောအောင်) ပြုပြင်ကြသည်ကား မဟုတ်ကြပေ။

[153] ထို ‘ဆမူဒ်’ အမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ တစ်ဦးသာလျှင်ဖြစ်၏။

[154] အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှတစ်ပါး အခြားမဟုတ်ပြီ။ သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီ အမှန်ဆိုသူတစ်ဦး ဖြစ်ခဲ့ပါလျှင် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခဲ့ပါလေ။

[155] (ဆွာလိဟ်ကပြောကြားခဲ့၏)။ ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်၏။ ယင်း ကုလားအုတ်မ၌ ရေသောက်ရန် အလှည့်တစ်လှည့်ရှိ၍ အသင်တို့၌လည်း သတ်မှတ်ထားပြီးဖြစ်သော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်သည်ရှိ၏။

[156] ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မကောင်းသောစေတနာနှင့် မထိပါးကြကုန်လင့်။ သို့ထိပါးခဲ့ကြလျှင် ကြီးကျယ်လှစွာသော(ကိယာမတ်ရှင်ပြန်ထမည့်) နေ့၏ ပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး ကွပ်မျက်မည်ဖြစ်၏။

[157] သို့တစေ ၎င်း ‘ဆမူဒ်’ အမျိုးသားတို့သည် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် နောင်တရရှိသူများ ဖြစ်သွားခဲ့ကြကုန်၏။

[158] သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော)သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်း(မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။

[159] စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[160] လူ(တ်)၏ အမျိုးသားတို့သည်(လည်း) ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

[161] အကြင်အခါဝယ် ၎င်းတို့အား၊ ၎င်းတို့၏နောင်တော်လူ(တ်)က ပြောကြားခဲ့လေ၏။ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။

[162] ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေသည်။

[163] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[164] စင်စစ် ငါသည် အသင်တို့ထံ ဤ(အမိန့်တော်ပို့ဆောင်ခြင်း) နှင့်စပ်လျဉ်း၍၊ အကျိုးတစ်စုံတစ်ရာ ကိုမျှတောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အပေါ်၌သာ ရှိပေသတည်း။

[165] အသင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အနက် ယောက်ျားများထံ လာရောက်(၍ ကာမဂုဏ်ခံစား) ကြလေသလော။

[166] သို့ရာတွင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အဖို့ ဖန်ဆင်းထားတော်မူသော ဇနီးမိန်းမတို့ကိုမူ စွန့်ထားကြလေသလော။ စင်စစ်မှာမူကား အသင်တို့သည် စည်းကမ်းကျူးလွန်ဖောက်ဖျက်သော အမျိုးသားများပင် ဖြစ်ကြကုန်၏။

[167] ထိုအမျိုးသားတို့က ‘‘အို-လူ(တ်)၊ အကယ်၍အသင်သည် (မိမိဆုံးမဩဝါဒပေးခြင်းမှ) မရပ်တန့်ပါလျှင် ဧကန်မလွဲ အသင်သည်(တိုင်းပြည်မှ)နှင်ထုတ်ခြင်းခံရသူတစ်ဦးပင် ဖြစ်ချေလိမ့်မည်ဟု ဆိုခဲ့ကြကုန်၏။

[168] ထိုလူ(တ်)က (အချင်းတို့၊) ဧကန်အမှန် ငါသည် အသင်တို့၏အကျင့်အမူကို လွန်စွာစက်ဆုပ်သူတစ်ဦးပင် ဖြစ်သည်ဟု ပြောကြားခဲ့၏။

[169] ထို့နောက် လူ(တ်)က] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ အိမ်သူအိမ်သားတို့အားလည်းကောင်း၊ (နောက်လိုက်ငယ်သားတို့အားလည်းကောင်း၊) ထိုအမျိုးသားတို့ ကျင့်မူလျက်ရှိကြကုန်သော (ပြစ်မှုဒုစရိုက်၏ပြစ်ဒဏ်မှ) ကင်းလွတ်စေတော်မူပါ (ဟုလျှောက်ထားခဲ့၏)။

[170] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို လူ(တ်)နှင့်တကွ ၎င်း၏အိမ်သူအိမ်သား တပည့်သားအားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။

[171] သို့ရာတွင် အမယ်အိုတစ်ဦးမှာမူကား နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ကျန်ရစ်ခဲ့လေ၏။

[172] ထို့နောက် ငါအရှင်မြတ်သည် ကျန်လူအားလုံးတို့ကို ဖျက်ဆီးတော်မူခဲ့၏။

[173] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့ (အပေါ်၌ရွာသွန်းခဲ့သော)မိုးမှာ အဘယ်မျှ ဆိုးရွားလှဘိသနည်း။

[174] ဧကန်စင်စစ် ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ်လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်းတို့အနက်(မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။

[175] စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[176] တောအုပ်၌ နေထိုင်ကြကုန်သော အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။

[177] အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။

[178] ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။

[179] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

[180] စင်စစ် ငါသည် ဤ(အမိန့်တော်ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဋ္ဌာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။

[181] အသင်တို့သည် (ခွက်၊ စလယ်၊ တင်းတောင်း၊စသော) အခြင်အတွယ်ကို အပြည့်(ခြင်၍) ပေးကြလေကုန်။၎င်းပြင် အသင်တို့သည် ဆုံးရှုံးအောင် ပြုလုပ်သူများ မဖြစ်ကြကုန်လင့်။

[182] ထို့ပြင် အသင်တို့သည် မှန်ကန်သော ရာဇူချိန်ခွင်ဖြင့် ချိန်တွယ်ကြလေကုန်။

[183] ၎င်းပြင် အသင်တို့သည် လူတို့အား ၎င်းတို့၏ ဝတ္ထုပစ္စည်းများကိုလျှော့၍ မပေးကြကုန်လင့်။ ထိုမှတစ်ပါးအသင်တို့သည် တိုင်းပြည်တွင် ဖျက်ဆီးသူများအဖြစ် သွားလာလှုပ်ရှား သောင်းကျန်းခြင်းကို မပြုကြကုန်လင့်။

[184] ထို့ပြင် အသင်တို့သည် မိမိတို့အားလည်းကောင်း၊ ရှေးဟောင်း အဖန်ဆင်းခံတို့အားလည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။

[185] ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ရှုအိုက်ဗ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်း ခံရသူတစ်ဦးပင်ဖြစ်၏။

[186] စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှအပ အခြားမဟုတ်ပြီ။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီတစ်ဦးပင်ဖြစ်သည်ဟု ထင်မှတ်ကြကုန်၏။

[187] သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်မူ ကျွန်ုပ်တို့အပေါ်၌ မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာအောင် သင်ပြုလုပ်ပါလေ။

[188] ထိုရှုအိုက်ဗ်က ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ပြုမူကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ပြောကြားခဲ့၏။

[189] ၎င်းနောက် ထိုအမျိုးသားတို့သည် ထိုရှုအိုက်ဗ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေရာ တိမ်များကျလာသောနေ့၏ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ယင်းပြစ်ဒဏ်သည် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ်ပင်ဖြစ်ခဲ့၏။

[190] ဧကန်စင်စစ် ဤသည့်ဖြစ်ရပ်၌ (ကြီးကျယ်စွာသော) သင်ခန်းစာတစ်ရပ်သည်ရှိခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသောသူတို့မှာမူကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။

[191] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူသော အရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊အလွန်တရာ ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[192] ၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။

[193] အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။

[194] အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။

[195] ရှင်းလင်းသော အရဗီဘာသာဖြင့်။

[196] ၎င်းပြင် ဧကန်အမှန် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်၏အကြောင်း)မှာ ရှေးလူဟောင်းတို့၏ ကျမ်းဂန်များ၌(လည်း)ပါရှိ၏။

[197] အီစ်ရာအီလီ အမျိုးသားတို့အနက်မှ ပညာရှင်များ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို သိရှိကြခြင်းမှာ ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့အဖို့ (လုံလောက်သော) သက်သေသာဓက မဖြစ်ခဲ့လေသလော။

[198] စင်စစ် အကယ်တန္တု ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အရဗ်အမျိုးသား မဟုတ်သူတစ်ဦးတစ်ယောက်၏ အပေါ်၌ ချပေးခဲ့တော်မူခဲ့အံ့။

[199] တစ်ဖန် ထိုသူသည် ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့ ရှေ့ဝယ် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို ဖတ်ကြားခဲ့အံ့။သို့ပင်တစေလည်း ၎င်းတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ပေတကား။

[200] ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့၏ စိတ်တွင်းဝယ် ယင်းငြင်းပယ်မှုကို ထည့်သွင်းတော်မူခဲ့၏။

[201] ၎င်းတို့သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်ကြရလေသမျှကာလပတ်လုံး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည် မဟုတ်ပေ။

[202] စင်စစ် ထိုပြစ်ဒဏ်မှာ ၎င်းတို့ထံသို့ ၎င်းတို့မသိရှိကြခိုက် ရုတ်တရက် ရောက်ရှိ၍လာပေမည်။

[203] ထိုအခါ ၎င်းတို့က ကျွန်ုပ်တို့သည် ရွှေ့ဆိုင်းခွင့်ရရှိနိုင်ကြပါမည်လောဟု ဆိုကြပေမည်။

[204] သို့ပါလျက် ၎င်းတို့က ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။

[205] အသင်သည် မည်သို့ယူဆပါသနည်း။ အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကာလ ကြာရှည်စွာအကျိုးခံစားခွင့် ပေးတော်မူခဲ့ပါလျှင်။

[206] ထို့နောက် ၎င်းတို့ထံ ၎င်းတို့ ချိန်းချက်ခံကြရသော (ပြစ်ဒဏ်)သည် ၎င်းတို့ထံ ရောက်ရှိလာခဲ့သော်၊

[207] ထိုအခါ ၎င်းတို့အဖို့ ၎င်းတို့ အကျိုးခံစားခွင့်ရရှိခဲ့ကြသောအရာများမှာ မည်သို့မျှ အသုံးဝင်မည် မဟုတ်ပေ။

[208] စင်စစ် ငါအရှင်မြတ် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့သော မြို့ရွာတိုင်း၌ သတိပေးနှိုးဆော်သူများ ရောက်ရှိခဲ့ကြသည်သာ ဖြစ်သည်။

[209] (ထိုမြို့သူမြို့သားတို့အား) သတိပေး ဆုံးမဩဝါဒပေးရန်။ စင်စစ် ငါအရှင်မြတ်သည် မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းတော်မူသော အရှင်မဟုတ်ပေ။

[210] စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို "ရှိုင်တွာန် " မိစ္ဆာကောင်များ ဆောင်ကြဉ်းခဲ့ကြသည် မဟုတ်ပေ။

[211] စင်စစ် ထို(ကုရ်အာန်ကိုယူဆောင်လာခြင်း)ကိစ္စမှာ ၎င်းတို့နှင့် (လားလားမျှ) အပ်စပ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် (ယူဆောင်လာရန်)တတ်စွမ်း နိုင်ကြသည်လည်း မဟုတ်ပေ။

[212] ဧကန်အမှန် ထိုရှိုင်တွာန် မိစ္ဆာကောင်များသည်(ဝဟ်ယ်အမိန့်တော်)ကို ကြားနာခြင်းမှ အမှန်ပင် ပယ်ရှားခြင်းခံခဲ့ကြရပြီး ဖြစ်ကုန်၏။

[213] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့် ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ်တသခြင်း မပြုပါလေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည်လည်း ပြစ်ဒဏ်ပေးခြင်းခံကြရသူတို့တွင် အပါအဝင် ဖြစ်သွားပေမည်။

[214] ၎င်းပြင် အသင်သည် မိမိနီးစပ်သော ဆွေမျိုးသားချင်းကို သတိပေးနှိုးဆော်ပါလေ။

[215] ထို့ပြင် အသင်သည် မိမိ၏နောက်သို့ လိုက်ကြသော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ ရှေ့ဝယ် (၎င်းတို့အားကရုဏာထား ရှိသောအားဖြင့်) ကျိုးနွံပါလေ။

[216] သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏အမိန့်ကို ဖီဆန်ခဲ့ကြလျှင် အသင်သည် (၎င်းတို့အား) ဧကန်မလွဲ ငါသည် အသင်တို့၏ အပြုအမူတို့မှ ကင်းလွတ်သည်ဟု ပြောကြားပါလေ။

[217] ထိုမှတစ်ပါး အသင်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံ အားထားပါလေ။

[218] အကြင်အရှင်မြတ်သည် အသင် မတ်တတ်ရပ်သောအခါ အသင့်အား မြင်တော်မူ၏။

[219] ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) "ဆွလာတ်"ဝတ်ပြုသူတို့တွင် အသင်၏ ပါဝင်နေထိုင် သွားလာမှု ကိုလည်း(မြင်တော်မူ၏)

[220] မလွဲဧကန် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[221] (အို-နဗီတမန်တော်၊ အသင်သည် မက္ကာမြို့သားမုရှ်ရစ်က်တို့အား ပြောကြားပါလေ။ အချင်းတို့၊) ငါသည် မည်သူ၏အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များ ဆင်းသက်၍ လာကြသည်ကို အသင်တို့အား ပြောပြရမည်လော။

[222] ထို ရှိုင်တွာန်မိစ္ဆာကောင်များမှာ ဒုစရိုက်ကျူးလွန်သောမုသာဝါဒီတိုင်း၏ အပေါ်၌ ဆင်းသက်၍လာကြကုန်၏။

[223] အကြင်သူတို့သည်(ထို ရှိုင်တွာန်မိစ္ဆာကောင်များဘက်သို့) နားစိုက်၍ နားထောင်ကြကုန်၏။ စင်စစ် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။

[224] သို့ရာတွင် လင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် ၎င်းတို့နောက်သို့လိုက်ကြကုန်၏။

[225] ဧကန်အမှန် ၎င်းတို့သည် ချောင်းလျှိုရိုးတိုင်းတွင် ဦးလှည့်ရာ သွားလာလျက်ရှိကြသည်ကို အသင်သည် မမြင်ပါလော။

[226] ထိုမှတစ် ပါး ၎င်းတို့သည် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ ရှိကြကုန်၏။

[227] သို့ရာတွင် (ယင်းလင်္ကာဆရာများအနက်မှ)အကြင်သူတို့သည် အီမာန် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အားလည်း များစွာတသ သတိရခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ မတရားသဖြင့်နှိပ်စက်မှုကို ခံခဲ့ရပြီးနောက်တွင် လက်စားချေခဲ့ကြကုန်၏။(ထိုကဲ့သို့သော သူတို့မှာ ဤအမိန့်တော်၌ အကျုံးမဝင်ကြပေ)။စင်စစ်သော်ကား မတရားသဖြင့် နှိပ်စက်ကြကုန်သောသူတို့သည် မိမိတို့မှာ မည်သည့် နေရာသို့ ပြန်လှည့်ကြမည်ကို မကြာမြင့်မီပင် သိရှိကြကုန်အံ့သတည်း။

ပုရွက်ဆိတ်

Surah 27

[1] သွာ၊စီန်" ဤသည်တို့ကား ထင်ရှားသောကုရ်အာန်ကျမ်းဂန်၏ အာယတ်တော်များပင်။

[2] မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်ရာနှင့် သတင်းကောင်းဖြစ်၏။

[3] အကြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြသည့်ပြင် ဇကာတ်လည်း ပေးဆောင်ကြကုန်၏။ "အာခိရတ်" တမလွန်ဘဝကိုလည်း ယုံကြည်ကြကုန်၏။

[4] ဧကန်မလွဲ အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့၏အမြင်တွင် ငါအရှင်မြတ်သည် ၎င်းတို့၏ပြုမူချက်များကို လှပတင့်တယ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ၎င်းတို့မှာ တဝဲလည်လည် ဖြစ်နေကြကုန်၏။

[5] ၎င်းတို့သည်ပင်လျှင် အကြင်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ (ဤလောက၌လည်း) အလွန်ဆိုးရွားသောပြစ်ဒဏ်သည် ရှိပေ၏။ "အာခိရတ်"နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြပေမည်။

[6] ၎င်းပြင် ဧကန်စင်စစ် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊ အလွန်တရာ အသိပညာနှင့်ပြည့်စုံ တော်မူသောအရှင်မြတ်ထံတော်မှ ရရှိနေပေသတည်း။

[7] (ပြန်လည်သတိရရှိပါလေ)။ တစ်ရံရောအခါဝယ် မူစာသည် မိမိအိမ်သူအိမ်သားများအား ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် မီးတစ်ခုကို မြင်တွေ့လေပြီ။ယခုပင် ငါသည် အသင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည်။ သို့တည်းမဟုတ် ငါသည် အသင်တို့ထံ မီးလှုံနိုင်ကြအံ့သောငှာ မီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့်)ညှိ၍ အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပေမည်။

[8] ထို့နောက် ထိုမူစာသည် ၎င်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊(အို-မူစာ)၊ မီး၌ ရှိသူတို့သည် လည်းကောင်း။ ထိုမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည်လည်းကောင်း၊ ဗရ်ကသ်ကျက်သရေမင်္ဂလာကို ရရှိကြစေသော်ဝ်။ စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါပေသည်တကားဟူ၍ အသံပေးခြင်းကို ခံခဲ့ရလေသည်။

[9] အို-မူစာ၊ ငါသည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် အလွန်တရာ ပြည့်စုံတော်မူသောငါအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[10] ၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။

[11] သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် တစ်ဖန်ထိုသူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲ၍ပြုခဲ့လျှင် မလွဲဧကန် ငါ အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] ၎င်းပြင် အသင်သည် မိမိလက်ကို မိမိလက်ကတီးကြားတွင် သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်လျက် ထွက်ပေါ်၍ လာပေမည်။ (ဤသည်)ဖစ်ရ်အောင်န်နှင့်တကွ ၎င်း၏အမျိုးသားတို့နှင့်ယှဉ်ပြိုင်အံ့သောငှာ တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်၏။ ဧကန်စင်စစ် ၎င်းတို့မှာ စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသောအမျိုးသားများပင် ဖြစ်ကြပေသည်။

[13] ထို့နောက် ၎င်းတို့ထံ ငါအရှင်မြတ်၏ ရှင်းလင်းသော တန်ခိုးတော်များ ရောက်ရှိလာခဲ့လေသော်၊ ၎င်းတို့က ဤသည် ထင်ရှားသော ပဉ္စလက် အတတ်ပညာပင် ဖြစ်သည်ဟုဆိုခဲ့ကြကုန်၏။

[14] ထိုမှတစ်ပါး ၎င်းတို့၏ စိတ်နှလုံးများသည် ထိုတန်ခိုးတော်များကို ယုံကြည်သော်လည်း ထိုသူတို့မှာမူကား မတရားသောအားဖြင့်လည်းကောင်း၊ မောက်မာသောအားဖြင့်လည်းကောင်း၊ ယင်းတန်ခိုးတော်များကို ငြင်းပယ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။

[15] ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် "ဒါဝူဒ်"အားလည်းကောင်း၊ "စုလိုင်မာန်" အားလည်း ကောင်း၊(အထူး) အသိပညာတစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦးတို့က "ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူသည်"ဟု လျှောက်ထားခဲ့ကြကုန်၏။

[16] ၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏အရိုက်အရာကိုဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို-လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တဝါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။

[17] ထိုမှတစ်ပါး စုလိုင်မာန်၏အဖို့ ထိုစုလိုင်မာန်၏ဗိုလ်ခြေများကို ဂျင်(န်)သတ္တဝါ တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ ငှက်သတ္တဝါ တို့အနက်မှလည်းကောင်း၊ စုရုံးစေခြင်းကို ခံခဲ့ကြရကုန်၏။ တဖန် ထိုဗိုလ်ခြေတို့မှာ(စနစ်တကျ စီတန်းချီတက်နိုင်ကြအံ့သောငှာ) တားမြစ်ခြင်းကိုပင် ခံကြရကုန်၏။

[18] နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသော ချောင်းလျှိုရိုးသို့ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏။

[19] ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ဝင်ရောက်ပါဝင်စေတော်မူပါ။

[20] ၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။

[21] ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည်၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။

[22] ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက်သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော်မသိသောအကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်းခဲ့ပါသည်။

[23] ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာ အရာခပ်သိမ်းတို့ ချီးမြှင့် ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ ကြီးကျယ်ခမ်းနားသော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။

[24] ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ်ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ထားပါသည်။ တစ်ဖန် ထိုရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား(မှန်ကန်သော)တရားလမ်းမှ ပိတ်ပင်တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကိုမရနိုင်ကြပါ။

[25] အကြင် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်းကပ်ကိုးကွယ်)ကြရန် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ပထဝီမြေ၌ လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြကုန်သော ကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို(အလုံးစုံတို့ကို) သိရှိတော်မူ၏။

[26] အလ္လာဟ်အရှင်မြတ်သည်(အကြင်အရှင်မြတ်ပင်၊)ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ကြီးကျယ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်ပေသတည်း။

[27] ထိုစုလိုင်မာန်က ပြောကြားခဲ့လေ၏။ အသင်သည် မှန်ကန်စွာ လျှောက်ထားခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောဟု ယခုပင် ငါရှုမည်။

[28] အသင်သည် ငါ၏စာကို ယူဆောင်၍ သွားလော့၊ထို့နောက် အသင်သည် ဤစာကို ၎င်းတို့ထံ ချ၍ပေးပြီးလျှင်၊ ၎င်းတို့၏အပါးမှ (အနည်းငယ်) ဘေးဖယ်၍နေလော့။ တစ်ဖန်အသင်သည် ၎င်းတို့ မည်သို့အကြောင်းပြန်ကြသည်ကို ရှုလော့။

[29] ထို(ရှီဗာဘုရင်မ)က (ဤသို့)ပြောကြားခဲ့လေ၏။အို-မှူးမတ်အပေါင်းတို့၊ ဧကန်စင်စစ် မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်ုပ်၏ထံသို့ ပေးပို့ခြင်း ခံခဲ့ရလေသည်။

[30] ဧကန်စင်စစ် ထိုစာမှာ စုလိုင်မာန်ထံမှ ဖြစ်၏။ထို့ပြင် ဧကန်အမှန် ၎င်းမှာ ဤသို့ဖြစ်၏။ ကြီးမားလှသော၊ ကရုဏာရှင်ဖြစ်တော်မူသော၊ အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြု၏။

[31] အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်၍ ဘဝင်မကြွကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်"အမိန့်နာခံသူများအဖြစ် လာရောက်ကြလေကုန်။

[32] ထို(ရှီဗာဘုရင်မ)က အို-မှူးမတ်အပေါင်းတို့။အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဉာဏ်ပေးကြလေကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌ မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။

[33] ထိုမှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများ၊ တိုက်ခိုက်မှုကို ပြင်းထန်စွာ ဝါသနာထုံသူများ ဖြစ်ကြပါသည်။သို့ရာတွင် အမိန့်အာဏာသည်ကား အသင် ဘုရင်မ၏လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။

[34] ထို(ရှီဗာဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ဝင်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။

[35] သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာတစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန်တို့သည် မည်သို့သော ပြန်ကြားချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။

[36] ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန်၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က(ဤသို့)ပြောကြားခဲ့၏။အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။စင်စစ် ငါ့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် မိမိတို့၏လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။

[37] အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ထိုမှတစ်ပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည်သေးသိမ်သူများအဖြစ်နှင့် နှင်ထုတ်ကြမည်။ ထို(အခါ)၎င်းတို့သည် အရှက်ကွဲအကျိုးနည်းသူများ ဖြစ်သွားကြပေမည်။

[38] ထိုစုလိုင်မာန်က "အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်" အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင်သနည်း" ဟု ပြောဆိုမေးမြန်းခဲ့၏။

[39] ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။

[40] ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏မျက်စိ တစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထိုစုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သောအခါ (ဤသို့)ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော။ သို့တည်းမဟုတ် ငါသည် ကျေးဇူးကန်းလေသလောဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။

[41] ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော။ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလောဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။

[42] ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက "ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် "မွတ်စ်လင်မ်" အမိန့်ကိုနာခံသူများပင် ဖြစ်ခဲ့ပေပြီ" ဟု ပြောဆိုဖြေကြားခဲ့လေ၏။

[43] စင်စစ်သော်ကား ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ၎င်းကိုးကွယ်လျက်ရှိခဲ့သောအရာများက သူမအား (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။ (တနည်း) [၎င်းပြင် အလ္လာဟ်အရှင်မြတ်က သို့မဟုတ် ထိုအရှင်မြတ်၏ အမိန့်တော်အရ တမန်တော်စုလိုင်မာန်က ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ဘဲနှင့် ၎င်းဆည်းကပ်ကိုးကွယ်နေခဲ့သော အရာများမှ တားဆီးလိုက်လေသည်။]ဧကန်စင်စစ် ထိုဘုရင်မသည် "ကာဖိရ်"သွေဖည်ငြင်းပယ်ကြသော အမျိုးသားတို့အနက်မှပင် ဖြစ်ခဲ့ပေသည်။

[44] (ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ဝင်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကိုမြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟုထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ)ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။ သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ(အရှင်မြတ်၏)အမိန့်တော်ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။

[45] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် "ဆမူဒ်"အမျိုးသားတို့ထံ ၎င်းတို့၏နောင်တော်"ဆွာလိဟ်"အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရမည်(ဟူသောအမိန့်တော်နှင့်တကွ) စေလွှတ်တော်မူခဲ့၏။

[46] ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။

[47] ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။

[48] ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးယောက် ရှိခဲ့ကြရာ၊ ၎င်းတို့သည် တိုင်းပြည်ကို (စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုကိုသာ ပြုလုပ်လျက်ရှိ ကြကုန်၏။

[49] ၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။

[50] စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။

[51] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။

[52] ဤသည် ၎င်းတို့၏သွေဖည်မှုကြောင့် ပျက်စီးလျက်ရှိကြသော ၎င်းတို့၏နေအိမ်များတည်း။ ဧကန်မလွဲ ဤသည့်(ဖြစ်ရပ်)၌ သိနားလည်ကြကုန်သောသူတို့အဖို့ (ကြီးကျယ်စွာသော) သက်သေလက္ခဏာသည် ရှိပေသည်။

[53] ထိုမှတစ်ပါး ငါအရှင်မြတ်သည် "အီမာန်"သက်ဝင်ယုံကြည်ပြီး (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင် ကြကုန်သောသူတို့အား ကယ်ဆယ်တော်မူခဲ့ပေသတည်း။

[54] ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အား(လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏၊) အကြင်အခါဝယ် ထိုလူ(တ်)က မိမိအမျိုးသားတို့အား ပြောကြားခဲ့လေ၏။ အသင်တို့သည် သိမြင်ကြလျက် စက်ဆုပ်ဖွယ်ရာအမှုကို ကျူးလွန်ကြလေသလော။

[55] အသင်တို့သည် မိန်းမတို့အားစွန့်၍ ယောက်ျားများထံ ကာမဂုဏ်ခံစားရန် လာကြလေသလော။ စင်စစ်မှာကား အသင်တို့သည် မိုက်မဲသောအမျိုးသားများပင် ဖြစ်ကြကုန်၏ဟု ပြောကြားခဲ့လေသည်။

[56] ထိုအခါ ထိုလူ(တ်)၏ အမျိုးသားတို့က မိမိတို့အချင်းချင်း အသင်တို့သည် လူ(တ်)နှင့်ပက်သက်သော သူတို့အား မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ ဧကန် မလွဲ ၎င်းတို့သည် သန့်ရှင်းဟန်ဆောင်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်မှတစ်ပါး၊ ၎င်းတို့၌ အခြားအဖြေမရှိခဲ့ပေ။

[57] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုလူ(တ်)အားလည်းကောင်း၊ ထိုလူ(တ်)နှင့်ပက်သက်သော သူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့၏။ သို့ရာတွင် ထိုလူ(တ်)၏ဇနီးမှာမူ ငါအရှင်မြတ်သည် ၎င်းအား ကျန်ရစ်သူတို့တွင် သတ်မှတ်တော်မူခဲ့၏။

[58] ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုးကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်း ခံခဲ့ကြရသောသူတို့၏ မိုးမှာ အလွန်ဆိုးရွားခဲ့ပေသတည်း။

[59] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာထိုက်၏။ ၎င်းပြင် ငြိမ်းချမ်းသာယာမှုသည် ထိုအရှင်မြတ် ရွေးချယ်တော်မူခဲ့သော ကျွန်များအပေါ်၌ ရောက်ပါစေသား။ အလ္လာဟ်အရှင်မြတ်သည် သာ၍ မြင့်မြတ်တော်မူပါသလော၊ သို့တည်းမဟုတ် ၎င်းတို့(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသောအရာများသည်(သာ၍မြင့်မြတ်ကြ လေသလော။)

[60] (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊

[61] (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။

[62] (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။

[63] (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။

[64] (ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။

[65] အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ် မှတစ်ပါး၊ မိုးကောင်းကင်၌ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၎င်းတို့ မသိကြပေ။

[66] စင်စစ်မှာကား "အာခိရတ်"တမလွန်ဘဝနှင့်စပ်လျဉ်း၍ ၎င်းတို့၏အသိပညာမှာ ပျောက်ပျက်၍သွားချေပြီ။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် ထို "အာခိရတ်" တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည်ယင်း "အာခိရတ်" တမလွန်ဘဝဘက်မှ မျက်စိကန်းနေသူများပင် ဖြစ်ကြကုန်သတည်း။

[67] စင်စစ် "ကာဖိရ်" သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့က ကျွန်ုပ်တို့သည် မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ အလားတူ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေး တို့သည်လည်း(မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ) ကျွန်ုပ်တို့သည် (သင်္ချိုင်းတွင်းမှ) ထွက်စေခြင်းကို ခံကြရဦးမည်လော။

[68] ဧကန်မလွဲ ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး(ခြိမ်းခြောက်ပြောဆို)ခြင်းကို ခံခဲ့ကြရလေသည်။ ဤသည် ရှေးသူဟောင်းတို့၏ အခြေအမြစ်မရှိသော ပုံပြင်များသာ ဖြစ်ကြပေသည်။

[69] (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အသင်တို့သည် ကမ္ဘာမြေ၌ လှည့်လည်သွားလာကြပြီးလျှင်၊ အပြစ်ထင်ရှားသော သူတို့၏ နောက်ဆုံးအကျိုးဆက် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုကြလေကုန်။

[70] ထို့ပြင် အသင်သည် ၎င်းတို့နှင့်ပက်သက်၍ မပူဆွေးလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကြောင့် စိတ်ဆင်းရဲခြင်းလည်း မဖြစ်လေနှင့်။

[71] ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်းဟု ဆိုကြကုန်၏။

[72] (အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊(အချင်းတို့၊) အသင်တို့ အလျင်စလို လိုလားလျက်ရှိကြသောပြစ်ဒဏ် တစ်စိတ်တစ်ဒေသသည် မဝေးတော့ပြီ။ အသင်တို့၏နောက်မှပင် (ထပ်ကြပ်မကွာ)လိုက်လာခဲ့လေပြီ။

[73] ၎င်းပြင် ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူတို့အပေါ်၌ အလွန်ကျေးဇူးပြုတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။ သို့ရာတွင် ထိုလူတို့အနက် များစွာသောသူတို့မှာ ကျေးဇူးမသိတတ်ကြပေ။

[74] ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ ရင်များက လျှို့ဝှက်ထားကြသည်တို့ကို လည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကို လည်းကောင်း၊ အမှန်ပင် သိရှိတော်မူ၏။

[75] စင်စစ်သော်ကား မိုးကောင်းကင်၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ လျှို့ဝှက်သောအရာဟူ၍ မရှိချေ။သို့ရာတွင် (ထိုအရာသည်) ထင်ရှားစွာသော (မှတ်တမ်းတော်)စာအုပ်တွင် မှတ်သားထားပြီး ဖြစ်ပေသတည်း။

[76] ဧကန်မလွဲ ဤကုရ်အာန်ကျမ်းမြတ်သည် အီစ်ရာအီလီအမျိုးသားတို့ရှေ့ဝယ်၊ ၎င်းတို့ ကွဲလွဲနေကြကုန်သော အကြောင်းအရာများအနက်မှ များစွာသော အကြောင်းအရာများကို ဖော်ပြလေ၏။

[77] ၎င်းပြင် ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းမြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ ဖြစ်လေ၏။

[78] မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ်၊ မိမိ အမိန့်တော်ဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။

[79] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ ဧကန်မလွဲ အသင်သည် ထင်ရှားစွာသော အမှန်တရားအပေါ်၌ပင် တည်ရှိနေပေသည်။

[80] ဧကန်စင်စစ် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ နားပင်းသူတို့အားလည်း ၎င်းတို့သည် ကျောခိုင်းကြလျက် ပြန်၍ လှည့်သွားကြသောအခါ အသင်သည် ကြားစေနိုင်သည် မဟုတ်ပေ။

[81] ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏ လမ်းလွဲမှုမှ(တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူတို့အားသာလျှင် အသင်ကြားစေနိုင်သည် ဖြစ်ပေသတည်း။

[82] စင်စစ်သော်ကား ချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ ကြုံကြိုက်လာသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ မြေကြီးမှ အကြင်တိရစ္ဆာန်ကို ထွက်စေတော်မူမည်။ ထိုတိရစ္ဆာန်သည် ၎င်းတို့နှင့် စကားပြောဆိုမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည်ခဲ့ကြသောကြောင့်ပင်။

[83] ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။

[84] နောက်ဆုံးတွင် ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့) ရောက်ရှိ၍ လာခဲ့ကြသောအခါ ထိုအရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မိမိတို့အသိပညာအားဖြင့် ယင်းအာယတ်တော်များ ဝန်းခြုံခြင်းမရှိကြသေးမီပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် အသင်တို့သည် မည်သည်တို့ကို ပြုလုပ်လျက်ရှိခဲ့ကြသနည်းဟု မိန့်ကြားတော်မူပေမည်။

[85] ၎င်းနောက် (ထိုအချိန်အခါတွင်) ၎င်းတို့၏ ကျူးလွန်ခဲ့ကြခြင်းကြောင့် ကတိချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ပြီးဖြစ်ပေရာ၊ ၎င်းတို့မှာ စကားပြောဆိုနိုင်ကြမည် မဟုတ်ပေ။

[86] အသို့ပါနည်း။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ညဉ့်ကို ထိုသူတို့ ယင်းညဉ့်၌ အနားယူကြအံ့သောငှာ လည်းကောင်း၊နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့(ကြီးကျယ်လှစွာသော) သက်သေလက္ခဏာများသည် အမှန်ပင်ရှိကုန်သတည်း။

[87] ၎င်းပြင် တံပိုးခရာမှုတ်သောနေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတပါး မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ ထိတ်လန့်၍သွားကြပေမည်။ ထိုမှတစ်ပါး အားလုံးတို့သည် ဂုဏ်သိန်နိမ့်ကျလျက် ထိုအရှင်မြတ်အထံတော်သို့ ရောက်ရှိ၍လာကြကုန်အံ့။

[88] ထိုမှတစ်ပါး အသင်သည် တောင်များကို တွေ့မြင်လေ၏။ အသင်သည် ယင်းတောင်များကို အစိုင်အခဲများဖြစ်သည် ထင်မှတ်ပေ၏။ သို့ရာတွင်(ထိုနေ့တွင်) ယင်းတောင်များမှာ မိုးတိမ်များ လွင့်ပါးဘိသကဲ့သို့ပင် လွင့်ပါး၍ သွားပေမည်။ (ဤသည်)အရာခပ်သိမ်းတို့ကို ခိုင်ခံ့အောင်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်စွမ်းလက်စပင် ဖြစ်ပေသည်။ မလွဲဧကန် ထိုအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[89] မည်သူမဆို ကောင်းမှု(အီမာန်သက်ဝင်ယုံကြည်မှု)နှင့်တကွလာခဲ့ပါမူ ထိုသူ၏အဖို့ ထိုထက်ကောင်းမြတ် အကျိုးကျေးဇူးရှိသည့်ပြင် ၎င်းတို့သည်(ကြီးကျယ်သော)ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြပေမည်။

[90] သို့ရာတွင် မည်သူမဆို ဒုစရိုက် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုနှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာမှောက်စေလျက် မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်)အသင်တို့သည် မိမိတို့ကျင့်မူလျက် ရှိခဲ့ကြသော အပြုအမူများ၏ အစားပေးခြင်းကို ခံကြရခြင်းသာလျှင် ဖြစ်သည်ဟု(ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း)။

[91] (အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။

[92] ထိုမှတစ်ပါး ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို(အသင်တို့ရှေ့ဝယ် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်သောသူအနေနှင့်)ဖတ်ကြားရန်(အမိန့်ပေးတော်မူခြင်းကိုလည်း ခံရလေသည်)။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအဖို့သာလျှင် တရားလမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မည်သူမဆို လမ်းလွဲလျက်နေခဲ့မူ ငါသည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင် ဖြစ်ပေသည်။

[93] ထိုမှတစ်ပါး (အို-နဗီတမန်တော်၊) အသင်သည်(ဤသို့လည်း) ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား မကြာမြင့်မီပင် မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်။ ထိုအခါအသင်တို့သည် ယင်းသက်သေ လက္ခဏာတော်များကို သိရှိကြပေမည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြကုန်သော အကျင့်အမူတို့ကို မသိတော်မူသောအရှင် မဟုတ်ပေတကား။

ပုံပြင်များ

Surah 28

[1] သွာ၊ စီန်၊ မီမ်။

[2] ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ အာယတ်တော်များပင်။

[3] ငါအရှင်မြတ်သည်"မုအ်မင်န်"သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အကျိုးငှာ မူစာနှင့်ဖစ်ရ်အောင်န်၏ အတ္ထုပ္ပတ္တိအချို့ကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားတော်မူ၏။

[4] ဧကန်မလွဲ ဖစ်ရ်အောင်န်သည် တိုင်းပြည်တွင် လွန်စွာမောက်မာလာလေပြီ။ ထို့ပြင် ၎င်းသည် ထိုတိုင်းသူပြည်သားတို့အား အုပ်စုအသီးသီး(ဖြစ်အောင်) ပြုလုပ်၍ထားသည်။ ၎င်းသည် ထိုအုပ်စုများအနက် အုပ်စုတစ်ခုကို အားအင်လျော့နည်းပါးအောင် ပြုလုပ်ထားသည်။ ၎င်းတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်၍၊ ၎င်းတို့၏(သမီး) မိန်းကလေးများကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်နှင့်ထားသည်။ ဧကန်စင်စစ် ထိုဖစ်ရ်အောင်န်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတစ်ဦးပင်။

[5] သို့ရာတွင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အားအင်လျော့နည်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရသူတို့အား ကျေးဇူးပြုတော်မူရန်လည်းကောင်း၊ ထိုသူတို့အား ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်တော်မူရန်လည်းကောင်း၊ ထိုသူတို့အား အမွေစားအမွေခံများ ပြုလုပ်တော်မူရန်လည်းကောင်း၊ အလိုရှိတော်မူ၏။

[6] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် စိုးမိုးအုပ်ချုပ်သူများ ပြုတော်မူရန်လည်းကောင်း၊ ဖစ်ရ်အောင်န်-ဟာမာန်နှင့် ထိုဖစ်ရ်အောင်န်-ဟာမာန်နှစ်ဦး၏ ရဲမက်တို့အား ထို(အားအင်လျော့နည်းပါးသူတို့ဘက်မှ စိုးရိမ်လျက်ရှိကြသည်များကို (မျက်ဝါးထင်ထင်)ပြသတော်မူရန်လည်းကောင်း အလိုရှိတော်မူပေသတည်း)။

[7] ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာ၏မိခင်ထံသို့ (ဤသို့) အသိပေးတော်မူခဲ့၏။ အသင်သည် ထိုမူစာအား နို့ရည်တိုက်ကျွေးလော့။ ထို့နောက် အသင်သည် ထိုမူစာနှင့်ပက်သက်၍ စိုးရိမ်သောအခါ ၎င်းအား မြစ်ထဲသို့ပစ်လေလော့။ထို့ပြင် အသင်သည် စိုးရိမ်ခြင်းလည်း မရှိလေနှင့်။ ပူဆွေးခြင်းလည်း မရှိလေနှင့်။ ဧကန်အမှန် ငါအရှင်မြတ်သည် ထိုမူစာအား အသင့်ထံသို့ ပြန်ပို့ပေးတော်မူမည့်အရှင် ထိုမှတစ်ပါး ထိုမူစာအား ရစူလ်တမန်တော်များတွင် တစ်ပါးအပါအဝင် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူ၏။

[8] ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။

[9] ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။

[10] ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။

[11] ၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။

[12] စင်စစ် ငါအရှင်မြတ်သည် မူလကပင် ထိုမူစာ၏အပေါ်၌ နို့ထိန်းသည်တို့၏နို့ရည်ကို (မစို့ရန်) တားမြစ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏) အစ်မက ကျွန်ုပ်သည် အသင်တို့အား ထိုကလေးသူငယ်ကို အသင်တို့အဖို့ မွေးမြူစောင့်ရှောက်၍ ပေးကြမည့်ပြင်၊ ထိုကလေးသူငယ်၏ ကောင်းကျိုးကို လိုလားသူများဖြစ်ကြသော အိမ်ထောင်သားချင်းတို့ကို ညွှန်ပြရပါမည်လောဟု ဆိုခဲ့လေ၏။

[13] ထို့နောက် ထိုမိခင်၏မျက်စိ အေးမြကြည်လင်စေရန်လည်းကောင်း၊ ထိုမိခင် ပူဆွေးမနေရန်လည်းကောင်း၊ အမှန်မုချ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်ကို ထိုမိခင်(လက်တွေ့)သိရှိရန်လည်းကောင်း၊ ငါအရှင်မြတ်သည် (မိမိထားရှိတော်မူသော ကတိတော်အတိုင်း) ထိုသားငယ်အား ၎င်း၏ မိခင်ထံ ပြန်ပို့ပေးတော်မူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူများသည် မသိကြပေ။

[14] တစ်ဖန် ထိုမူစာသည် မိမိလူလားမြောက်သော အရွယ်သို့ရောက်ရှိပြီး (အသိဉာဏ်) ရင့်သန်လာသောအခါ၊ ငါအရှင်မြတ်သည် ထိုမူစာအား ဉာဏ် အမြော်အမြင်ကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူသည်။

[15] ၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။

[16] ထိုမူစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်တွင်) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့ရာ ထိုအရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့ပေသည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင်လျှင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အလွန်တရာ ကြင်နာသနား ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[17] (ထိုအခါ) ထိုမူစာသည် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည်ဖြစ်ရကား၊ ကျွန်တော်မျိုးသည်လည်း (နောင်တွင်) အပြစ်ရှိသူတို့အား မည်သည့်အခါမျှ အကူအညီပေးသူဖြစ်တော့မည် မဟုတ်ပါဟူ၍ လျှောက်ထားခဲ့ပေသတည်း။

[18] တစ်ဖန် (ထို)မူစာသည် မြို့ထဲတွင် ကြောက်ရွံ့စိုးရိမ်စွာ စောင့်မျှော်လျက် နံနက်မိုးလင်းခဲ့ရာ ရုတ်တရက် ယမန်နေ့က မိမိထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့တစ်ဖန် ထပ်မံ၍) မိမိအား ဟစ်ခေါ်နေပြန်၏။ ထိုမူစာက ၎င်းအား ဧကန်အမှန် အသင်သည် ထင်ရှားစွာသော လမ်းလွဲသူတစ်ဦးပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။

[19] တစ်ဖန် ထိုမူစာသည် မိမိတို့နှစ်ဦးလုံး၏ ရန်သူဖြစ်သောသူ(ကစ်ဗ်တွီ)အား လက်ရောက်ပြုရန် ကြံရွယ်ခဲ့လေရာ ထို(မိမိအုပ်စုထဲမှဖြစ်သော)သူက အို-မူစာ၊ အသင်သည် ယမန်နေ့က လူတစ်ယောက်အားသတ်ဖြတ်ဘိသကဲ့သို့ (ယခုမူ)ကျွန်ုပ်အား သတ်ဖြတ်လိုသလော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်လိုသူ ဖြစ်ရန်သာလျှင်အလိုရှိပေသည်။ အသင်သည် စေ့စပ်၍ပေးသူမဟုတ်ဟု ပြောဆိုခဲ့ပေသတည်း။

[20] ၎င်းပြင် မြို့၏အစွန်မှ လူတစ်ယောက်သည် ပြေးလျက်လာပြီးလျှင်၊ အို-မူစာ၊ မှူးကြီးမတ်ရာတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြပေသည်။ သို့ပါ၍ အသင်သည် ထွက်သွားပါလေ။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုး လိုလားသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။

[21] ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။

[22] တစ်ဖန် ထိုမူစာသည် ‘မဒ်ယန်’ မြို့ဘက်သို့ မျက်နှာလှည့်ခဲ့သောအခါ ငါ၏အရှင်မြတ်သည် ငါ့အား လမ်းမှန်ကိုညွှန်ပြတော်မူမည်ကို မျှော်လင့်ရပေသည်ဟု မြွက်ဆိုခဲ့လေသည်။

[23] ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့နှင့် သီးခြားအမျိုးသမီးနှစ်ဦးအား(မိမိတို့၏တိရစ္ဆာန်များကို) တားဆီးထိန်းသိမ်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိခဲ့၏။ ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက(ဤ)သိုးထိန်းတို့သည် (မိမိတို့၏တိရစ္ဆာန်များကို)ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့တိရစ္ဆာန်များကို)ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ဖခင်မှာ သက်ရွယ်အလွန့်အလွန် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်။

[24] ထိုအခါ ထိုမူစာသည် ၎င်းတို့နှစ်ဦးအား ငဲ့ညှာ၍ (၎င်းတို့၏တိရစ္ဆာန်များကို) ရေ(ငင်၍) တိုက်ခဲ့ပြီးနောက် အရိပ်ရှိရာသို့ (သွားရောက်ထိုင်နေခဲ့၏)။ ထို့နောက် ထိုမူစာသည် ‘အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသော မည်သည့်ကောင်းမြတ်သောအရာကိုမဆို လိုလားတောင့်တရသူဖြစ်ပါသည်’ ဟု လျှောက်ထားပန်ကြားခဲ့ပေသတည်း။

[25] ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။

[26] ထို(အမျိုးသမီး)နှစ်ဦးအနက် တစ်ဦးက ‘အို-ဖခင် အသင်ဖခင်သည် ဤသူအား(သူရင်းငှားအဖြစ်) ငှားထားပါ။ ဧကန်မလွဲ အသင်ဖခင်သည်(သူရင်းငှားအဖြစ်)ငှားအံ့သောသူတို့တွင် ခွန်အားရှိသူ၊ ယုံကြည်စိတ်ချအပ်သောသူသည် အကောင်းဆုံးပင်ဖြစ်ပါသည်’ ဟုပြောဆိုလေ၏။

[27] ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။

[28] ထိုသူ(မူစာ)က ‘ဤစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်၏စပ်ကြား(အတည်)ဖြစ်ခဲ့လေပြီ။ ကန့်သတ်ပြီးဖြစ်သော ကာလအပိုင်းအခြား နှစ်ခုအနက် မည်သည့်ကာလ အပိုင်းအခြားကိုမဆို ကျွန်ုပ်ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါလျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အဓမ္မပြုလုပ်ရန် အကြောင်းမရှိတော့ပြီ။ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ ပြောဆိုကြကုန်သော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ သက်သေဖြစ်တော်မူပါသည်’ ဟု ပြောဆိုခဲ့လေသတည်း။

[29] ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် 'တွူရ်' မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။

[30] ထို့နောက် မူစာသည် ယင်းမီးရှိရာသို့ ရောက်ရှိလတ်သော် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသောနေရာ၌ လက်ယာဘက်ဖြစ်သော တောင်ကြားအရပ်၏အစွန်းရှိ သစ်ပင်(တစ်ပင်)မှ (ဤသို့) အသံကြားခဲ့ရလေ၏။ ‘အို-မူစာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်’။

[31] ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင် မကြည့်တော့ဘဲ နောက်သို့လှည့်၍ ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ် အထံတော်မှ ဤသို့ အမိန့်တော်လာရှိခဲ့၏)။ အို-မူစာ၊ အသင်သည် ရှေ့သို့လာခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိပါလေနှင့်။ ဧကန်မလွဲ အသင်သည် ဘေးအန္တရာယ် ကင်းရှင်းသူတစ်ဦး ဖြစ်ပါသည်။

[32] အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည် ကြောက်ရွံ့စိုးရိမ်မှု ကင်းအံ့သောငှာ မိမိလက်ကို မိမိကိုယ်နှင့် (ရင်နှင့်လည်းကောင်း၊ ချိုင်းနှင့်လည်းကောင်း၊) (ပြန်၍)ပူးကပ်ထားပါလေ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏မှူးမတ်တို့ထံသို့လည်းကောင်း၊ (ဆောင်ကြဉ်းရန်)ထင်ရှားစွာ သောသာဓကနှစ်ရပ်ပင် ဖြစ်ကြပေသည်။ ဧကန်မလွဲ ၎င်းတို့မှာ အမိန့်တော်ကို သွေဖည်ကြကုန်သော အမျိုးသားများပင် ဖြစ်ကြကုန်သတည်း။

[33] ထိုမူစာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အနက် လူတစ်ယောက်အား သတ်ဖြတ်မိခဲ့သည် ဖြစ်ရကား၊၎င်းတို့သည် ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။

[34] စင်စစ် ကျွန်တော်မျိုး၏နောင်တော် ဟာရူန်မှာမူကား၊ ၎င်းမှာ စကားပြောဆိုရာ၌ ကျွန်တော်မျိုး ထက်ပို၍ပင် စကားပီသ အာစလျှာစကောင်းသူ ဖြစ်ပါ၏။ အရှင်မြတ်သည် ထိုနောင်တော်အားလည်း ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံ(ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိအား ၎င်းတို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။

[35] ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ဂုဏ်အရှိန်တစ်မျိုးကို ချီးမြှင့်ပေးသနားတော်မူ မည်ဖြစ်ရကား ၎င်းတို့သည် အသင်တို့နှစ်ဦးအား မည်သို့မျှ ထိပါးနိုင်ကြမည်မဟုတ်ပေ။ (အသင်တို့နှစ်ဦးသည်)ငါအရှင်မြတ်၏ သက်သေလက္ခဏာတော် များနှင့်တကွ (သွားကြလေကုန်)။ အသင်တို့နှစ်ဦးနှင့်တကွ အသင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသောသူတို့ပင် အောင်နိုင်သူများ ဖြစ်ကြကုန်အံ့သတည်း။

[36] ထို့နောက် မူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ဆောင်ကြဉ်းခဲ့လေရာ ၎င်းတို့က ‘ဤသည် အသစ်တီထွင်ဖန်တီးထားသော ပဉ္စလက်အတတ်မျှသာ ဖြစ်သည်။ စင်စစ် ကျွန်ုပ်တို့သည် မိမိတို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးတို့(လက်ထက်)တွင် ဤသို့သောစကား (ရှိခဲ့ဖူးသည်ဟူ၍လည်း) မကြားခဲ့ဖူးကြပါဟု ဆိုကြကုန်၏။

[37] ၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။

[38] ထို့ပြင် ဖစ်ရ်အောင်န်က ပြောဆိုလေ၏။ အို-မှူးမတ်တို့၊ ကျွန်ုပ်သည် မိမိအပြင် အသင်တို့၌ အခြားကိုးကွယ်ရာရှိသည် ဟူ၍မသိပေ။ သို့ဖြစ်ပေရာ အို-’ဟာမာန်’၊ အသင်သည် ကျွန်ုပ်၏အဖို့ ရွှံ့မြေကို မီးဖြင့်ဖုတ်ပြီးလျှင် ကျွန်ုပ်၏အဖို့ မြင့်မားသော အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။သို့မှသာလျှင် ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ရာ အရှင်အား ကြည့်ရှုနိုင်ပေမည်။ သို့ရာတွင် ဧကန်မလွဲ ကျွန်ုပ်သည် ထိုမူစာအား မုသာဝါဒီဖြစ်သည်ဟူ၍ ထင်မှတ်ပေသည်။

[39] စင်စစ်သော်ကား ထိုဖစ်ရ်အောင်န်သည် လည်းကောင်း၊ ဖစ်ရ်အောင်န်၏ရဲမက်တို့သည် လည်းကောင်း၊ တိုင်းပြည်တွင် မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ကြသည် သာမက၊ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား လည်းကောင်း၊ ထိုဖိရ်အောင်(န်)၏ရဲမက်တို့အား လည်းကောင်း၊ ဖမ်းဆီးကာ သမုဒ္ဒရာပင်လယ်ထဲ၌ ပစ်ချတော်မူခဲ့၏။သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) မတရားသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို အသင်သည် ကြည့်ရှုပါလေ။

[41] စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည် ကူညီစောင်မခြင်းကို လုံးဝခံကြရမည်မဟုတ်ပေ။

[42] စင်စစ် ငါအရှင်မြတ်သည် ဤပစ္စုပ္ပန်လောက၌လည်း ကရုဏာတော်မှ ကင်းဝေးမှုကို ၎င်းတို့၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါစေတော်မူခဲ့၏။ ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်လည်း ၎င်းတို့သည် အခြေအနေ အလွန်ဆိုးရွားသူတို့အနက်မှပင် ဖြစ်ကြကုန်အံ့သတည်း။

[43] ၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ရှေးဟောင်းမျိုးဆက်များကို ဖျက်ဆီးတော်မူခဲ့ပြီးနောက် လူတို့အဖို့ တရားရကြအံ့သောငှာ ထင်ရှားစွာသော သက်သေခံများ အဖြစ်လည်းကောင်း၊ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ကရုဏာတော် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ်သည် မူစာအား ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

[44] စင်စစ်သော်ကား (အို-တမန်တော်၊) ငါအရှင်မြတ်သည် မူစာ၏ထံသို့ အမိန့်တော်(များ)ကို ထုတ်ပြန်တော်မူခဲ့စဉ်အခါ၌ အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ ထိုနည်းတူစွာ အသင်သည် ကြည့်ရှုသောသူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။

[45] သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို ပေါက်ပွားစေတော်မူခဲ့၏။ ၎င်းတို့အပေါ်၌ နှစ်ပရိစ္ဆေဒလည်း ကြာညောင်းခဲ့၏။ ထိုမှတစ်ပါး(အို-တမန်တော်၊) အသင်သည် မဒ်ယန်မြို့သားတို့တွင် နေထိုင်ကာ ၎င်းတို့ရှေ့ဝယ် ငါ အရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားလျက် ရှိခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။

[46] ၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။

[47] စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။

[48] သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[49] (အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)(အချင်းတို့၊) အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤ(တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍တရားလမ်းညွှန်ဖြစ်သော ကျမ်းဂန်တစ်စောင်ကို ဆောင်ကြဉ်းခဲ့ကြလေကုန်။ ငါသည် ယင်းကျမ်းဂန်နှင့်အညီ လိုက်နာပါမည်ဟု ပြောကြားပါလေ။

[50] သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူခဲ့ကြပါလျှင် ၎င်းတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်စားသူများသာလျှင် ဖြစ်ကြသည်ဟူ၍သာ အသင်သည် မှတ်ယူပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ တရားလမ်းညွှန်ခြင်း တစ်စုံတစ်ရာမျှ မရှိဘဲလျက် မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပိုမို၍လမ်းလွဲမှားသောသူဟူ၍ကား မည်သူရှိပါအံ့နည်း။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်စော်ကားသော အမျိုးသားတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

[51] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်းတို့တရားရကြအံ့သောငှာ(မိမိ) အာယတ်တော်များကို အဆက်မပြတ်(တဖြည်းဖြည်း) ပို့တော်မူခဲ့ပေသတည်း။

[52] ဤ(ကုရ်အာန်ကျမ်းမြတ်)၏အလျင် ငါအရှင် ကျမ်းဂန်ချီးမြှင့် ပေးသနားတော်မူခဲ့သော သူတို့မှာကား ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ကြပေသည်။

[53] ထို့ပြင် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားသောအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ပါပြီ။ ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းမြတ်)သည် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသည့်) အမှန်တရားပင် ဖြစ်ပါသည်။ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်မကျရောက်မီ) အလျင်ကပင် ‘မွတ်စ်လင်မ်’ အမိန့်တော်ကိုလိုက်နာသူများ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[54] ထိုသူတို့သည် ကြံ့ခိုင်စွာ ရှိခဲ့ကြခြင်းကြောင့်လည်းကောင်း၊ အဆိုးကို အကောင်းဖြင့်(တုံ့ပြန်)တွန်းလှန်ကြ သောကြောင့်လည်းကောင်း၊ ၎င်းတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ သုံးစွဲလှူဒါန်းကြ သောကြောင့်လည်းကောင်း၊ မိမိတို့၏အကျိုးကို နှစ်ဆ ပေးသနားတော်မူခြင်း ခံကြရပေမည်။

[55] ထို့ပြင် ၎င်းတို့မှာ အချည်းနှီးသောစကားကို ကြားကြလေသောအခါ ထိုအချည်းနှီးသောစကားမှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် ကျွန်ုပ်တို့၏ အပြုအမူများသည် ကျွန်ုပ်တို့အဖို့ဖြစ်၍ အသင်တို့၏ အပြုအမူများမှာ အသင်တို့အဖို့ ဖြစ်သည်။ ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ကျွန်ုပ်တို့သည် အသိပညာ ကင်းမဲ့သူတို့အား အလိုမရှိကြပြီဟု ပြောဆိုခဲ့ကြကုန်သတည်း။

[56] ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[57] ထိုမှတစ်ပါး ၎င်းတို့က ‘အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့မှာ မိမိတို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့အား ဘေးရန်ခပ်သိမ်းကင်းငြိမ်းသော အကြင် ‘ဟရမ်’ အတွင်း၌ အတည်တကျ နေရာချပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုဟရမ်သို့ အမျိုးမျိုးသောအသီးအနှံများသည် ငါအရှင်မြတ်၏အထံတော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူရောက်ရှိလာပေသည်။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မသိနားမလည်ကြပေတကား။

[58] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိမိတို့၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုကြောင့် မော်ကြွားရွှင်မြူးခဲ့ကြသော များစွာသော မြို့ရွာတို့ကို ဖျက်ဆီးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ဤသည်တို့ကား ၎င်းတို့၏ နေအိမ်များပင်။ ထိုနေအိမ်များမှာ ၎င်းတို့မရှိကြသည့်နောက်တွင် အနည်းငယ်မျှသော အချိန်ကာလမှအပ စည်ပင်သာယာခဲ့သည် မရှိချေ။ စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် (၎င်းတို့၏အမွေပစ္စည်းတို့ကို) ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူခဲ့ပေသည်။

[59] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ၎င်းတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန်တော်တစ်ပါးပါးကို ပွင့်စေတော်မူခြင်း မရှိသမျှကာလပတ်လုံး ဖျက်ဆီးတော်မူသည့် အရှင်မဟုတ်ပေ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၌ နေထိုင်ကြသောသူတို့သည် (လွန်စွာ) မတရားသောသူများ မဖြစ်ကြသမျှ ကာလပတ်လုံး ဖျက်ဆီးတော်မူသောအရှင် မဟုတ်ပေ။

[60] စင်စစ် အသင်တို့ပေးသနားတော်မူခြင်း ခံကြရသောအရာများမှာ ဤပစ္စုပ္ပန်လောကီဘဝ၏ အသုံးအဆောင်နှင့် ဤပစ္စုပ္ပန်လောကီဘဝ၏ တင့်တယ်မှုမျှသာ ဖြစ်ကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာများမှာမူကား အကောင်းဆုံး ဖြစ်ကြသည့်ပြင် အခိုင်အမြဲဆုံးလည်းဖြစ်ကြကုန်၏။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်)မသိ နားမလည်ကြလေသလော။

[61] သို့ဖြစ်ပေရာ အကြင်သူအား ငါအရှင်မြတ်သည် ကောင်းမြတ်သောကတိ ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် ယင်းကတိပေးချက်အတိုင်း တွေ့ကြုံ(ခံစား)ရမည့်သူလည်းဖြစ်၏။ ထိုသူသည် အကြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ ငါအရှင်မြတ်သည် ထိုသူအား ဤမျက်မှောက် လောကီဘဝ၏ အကျိုးခံစားခွင့်ကို ပေးတော်မူခဲ့၏။ ထို့နောက် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ထိုသူမှာ ဖမ်းဆီး၍ ရှေ့တော်မှောက် သွင်းခြင်းကို ခံကြရသောသူတို့အနက်မှ ဖြစ်ချေမည်။

[62] အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား’အသင်တို့ ထင်မှတ်(ကိုးကွယ်)လျက် ရှိခဲ့ကြကုန်သော ငါအရှင်မြတ်၏ တွဲဖက်များသည် အဘယ်မှာနည်း’ ဟု ဟစ်ခေါ်မိန့်ကြားတော်မူပေမည်။

[63] (ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည် လမ်းလွဲစေခဲ့ကြပါသည်။ (အမှန်မှာ) ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှားခဲ့ကြသည့်နည်းတူ ၎င်းတို့အားလည်း လမ်းလွဲစေခဲ့ကြခြင်းသာဖြစ်ပါသည်။ (ယခုသော်ကား)အရှင်မြတ်၏ရှေ့တော်မှောက်၌ (၎င်းတို့နှင့်ကျွန်တော်မျိုး တို့မှာမည်သို့မျှ)မပက်သက်ကြောင်း လျှောက်ထားပါသည်။ (စင်စစ်)၎င်းတို့မှာ ကျွန်တော်မျိုးတို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မဟုတ်ပါ။

[64] ထိုမှတစ်ပါး (၎င်းတို့မှာ) ‘အသင်တို့သည် မိမိတို့(ဆည်းကပ်ကိုးကွယ်ခဲ့ကြကုန်သော)တွဲဖက်များအား ခေါ်ယူကြလေကုန်’ ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြငြားလည်း ထိုတွဲဖက်များက ၎င်းတို့အား ပြန်၍ထူးကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်)တွေ့မြင်ကြပေမည်။ အကယ်၍သာ ၎င်းတို့သည်(လောကီဘဝ၌ အသက်ထင်ရှားရှိခဲ့ကြစဉ်အခါ၌) တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ခဲ့ကြပါလေသော်(ထိုပြစ်ဒဏ်ကို တွေ့မြင်ကြရမည် မဟုတ်ပေတကား)။

[65] ထိုနည်းတူစွာ အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့ကို ဟစ်ခေါ်၍ ‘အသင်တို့သည် ရစူလ်တမန်တော်တို့အား မည်သို့ဖြေကြားခဲ့ကြသနည်း’ ဟု မေးမြန်းတော်မူပေမည်။

[66] ထိုအခါ ၎င်းတို့အပေါ်၌ ထိုနေ့တွင် အလုံးစုံသော သတင်းစကားများသည် ဖုံးအုပ်ပျောက်ကွယ် သွားပေမည်။ ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည်မဟုတ်ပေ။

[67] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ဝန်ချတောင်းပန်ပြီးနောက် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့သည်ရှိသော်၊ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် အောင်မြင်မှုကို ရရှိကြကုန်သောသူတို့တွင် အပါအဝင်ဖြစ်နိုင်ရန် မျှော်လင့်ရာချေသတည်း။

[68] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကိုဖန်ဆင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသည်ကို) ရွေးချယ်တော်မူ၏။ ၎င်း(မုရှ်ရစ်က်)တို့၌ ရွေးချယ်ခွင့်ကား အလျှင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ (လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင်၊ (ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူ၏။

[69] ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများ၌ ကိန်းအောင်းလျက်ရှိသည် တို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကိုလည်းကောင်း၊ (အလုံးစုံ)သိရှိတော်မူ၏။

[70] စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် (တစ်ဆူတည်း)သော ဆည်းကပ်ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ကား အလျှင်းမရှိပြီ။ ဤမျက်မှောက် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ထိုအရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ၎င်းပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်သွားကြရကုန် အံ့သတည်း။

[71] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် (ငါ့အား)ပြောပြကြလေကုန်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်’ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် ညဉ့်ကို အသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ထံသို့ အလင်းရောင်ကို ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။သို့ပါလျက် အသင်တို့သည် မကြားကြလေသလော။

[72] (အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ အနားယူကြအံ့သောငှာ ညဉ့်ကို အသင်တို့ထံသို့ ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။

[73] စင်စစ် ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အသင်တို့အဖို့ ညဉ့်နှင့်နေ့ကို၊ အသင်တို့သည် ညဉ့်၌ အနားယူကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(နေ့၌)ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာ ဖွေရှာကြအံ့သောငှာလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေဇူးသိတတ်ကြရာသတည်း။

[74] စင်စစ် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)လျက်ရှိခဲ့ကြသော တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မိန့်ကြားတော်မူမည်။

[75] ၎င်းပြင် ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးစီကို ထုတ်ပြတော် မူပြီးလျှင် (ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အား) ‘အသင်တို့သည်(ယှဉ်တွဲ ကိုးကွယ်မှု မှန်ကန်ကြောင်းနှင့် စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓက အထောက်အထားကို တင်ပြကြလေကုန်’ဟုမိန့်ကြား တော်မူမည်။ ထိုအခါ ၎င်းတို့သည် မှန်ကန်မှုမှာ(အမှန်တရားမှာ) အလ္လာဟ်အရှင်မြတ် ၌သာရှိကြောင်း ကောင်းစွာ သိရှိသွားကြပေမည်။ ၎င်းပြင် ၎င်းတို့လီဆယ် ဖန်တီးလေ့ရှိခဲ့ကြသော အရာများမှာလည်း ၎င်းတို့ထံမှ ပျောက်ပျက်၍သွားကြပေမည်။

[76] စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းအား အဘယ်မျှလောက် ရွှေငွေဘဏ္ဍာများကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်ဟူမူ၊ ယင်းရွှေငွေဘဏ္ဍာများ၏ သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းဖြစ်စေကြလေသည်။ တစ်ရံရောအခါဝယ် ထို ‘ကာရူန်’ ၏(သားချင်း)တို့က ၎င်း အား (ဤသို့)ပြောဆို(ဆုံးမခဲ့)ကြကုန်၏။ ‘အသင်သည် ဂုဏ်မမောက်လေနှင့်၊’ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

[77] ၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။

[78] ထို ‘ကာရူန်’ က ငါသည် ဤ(ဥစ္စာပစ္စည်းရွှေငွေဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင် ၎င်းထက် ပိုမို၍ပင် ခွန်အားဗလအားဖြင့် ပြင်းထန်လှသည့်ပြင် အခြွေအရံအားဖြင့်လည်း ၎င်းထက်ပိုမို၍ များပြားသောမျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ကြောင်းကို ကာရူန်သည် မသိခဲ့လေသလော။ အပြစ်ရှိသော သူတို့အား ၎င်းတို့၏ ပြစ်မှုများနှင့်စပ်လျဉ်း၍(စုံစမ်းသည့်အနေဖြင့်) မေးမြန်းရန်ပင်လိုလိမ့်မည် မဟုတ်ပေတကား။

[79] ထို့နောက် ထို’ကာရူန်’သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝကို အလိုရှိသူတို့က ‘ဪ-ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်းရှိခဲ့လျှင် ကောင်းလေစွ၊ ဧကန်မလွဲ ထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေသည်တကား’ ဟုဆိုခဲ့ကြကုန်၏။

[80] သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။

[81] ထို့နောက် ငါအရှင်မြတ်သည် ထို ‘ကာရူန်’အား၎င်း၏အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ၎င်းအား ကူညီစောင်မမည့် အစုလည်းမရှိခဲ့ပေ။ ၎င်းကိုယ်တိုင်လည်း (မိမိ ကိုယ်ကို) ကယ်တင်နိုင်ခဲ့သည်မဟုတ်ပေ။

[82] ထိုမှတစ်ပါး ယမန်နေ့က ၎င်းကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသော သူတို့က ‘ဪ-အံ့ပါဘိ။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုမရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူပါသည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာဖြစ်ပေသည်။ ဪ-အကျိုးနည်းလေခြင်း၊ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ အောင်မြင်ကြသည် မဟုတ်ပေတကား’ဟု ပြောဆိုကြကုန်သတည်း။

[83] ဤသည် တမလွန်ဘဝ၏ ဗိမာန်တည်း။ ငါအရှင်မြတ်သည် ထိုဗိမာန်ကို အကြင်သူတို့အဖို့ သတ်မှတ်ပေးသနားတော်မူသည်။ ထိုသူတို့သည် တိုင်းပြည်တွင် မောက်မာပလွှားမှုကိုလည်း အလိုရှိကြသည် မဟုတ်ပေ။ ဖျက်ဆီးမှုကိုလည်း လိုလားကြသည်မဟုတ်ပေ။ စင်စစ်သော်ကား (ကောင်းမြတ်သော) အကျိုးဆက်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့သာ ဖြစ်ပေသည်။

[84] မည်သူမဆို ကောင်းမှုကို ဆောင်ကြဉ်းခဲ့သည်ရှိသော်၊ ထိုသူ၏အဖို့ ယင်းကောင်းမှုထက် ပိုမိုကောင်းမြတ်သော (အကျိုး)သည် ရှိပေသည်။ သို့ရာတွင် မည်သူမဆို မကောင်းမှုဆောင်ကြဉ်းခဲ့မူ မကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကား မိမိတို့ကျင့်မူခဲ့ကြကုန်သော ပြစ်မှုနှင့်အမျှသာလျှင် အစားပေးခြင်းကို ခံကြရကုန်အံ့သတည်း။

[85] ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍ ပို့ပေးတော်မူအံ့သော အရှင်ဖြစ်တော်မူ၏။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ကို ဆောင်ကြဉ်းခဲ့သောသူအားလည်းကောင်း၊ ထင်ရှားစွာသော လမ်းမှား၌ ရှိနေသောသူအားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။

[86] စင်စစ် အသင်သည် မိမိထံသို့(ဤကုရ်အာန်)ကျမ်းမြတ် ချပေးသနားတော်မူခြင်းခံရမည်ဟု မျှော်လင့်၍ နေခဲ့သည်ပင် မဟုတ်ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ဖြင့် (ကျရောက်လာခဲ့လေပြီ)။ သို့ဖြစ်ပေရာ အသင်သည်(ဤ)’ကာဖိရ်’သွေဖည်ငြင်းပယ်ကြသော သူတို့အား ကူညီထောက်ခံသူ အလျှင်း မဖြစ်ပါလေနှင့်။

[87] ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ကျရောက်လာခဲ့ပြီးနောက်၊ ၎င်းတို့သည် အသင့်အား ထိုအမိန့်တော်များမှ လုံးဝတားဆီးခြင်း မပြုကြစေနှင့်။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့(လူတို့အား) ဖိတ်ခေါ်လျက်ရှိပါလေ။၎င်းပြင် အသင်သည်’မုရှ်ရစ်က်’တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော သူတို့တွင် အပါအဝင် အလျှင်း မဖြစ်ပါလေနှင့်။

[88] ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် (တသ)ခြင်း မပြုပါလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်မှတစ်ပါး၊ အခြားအရာခပ်သိမ်းကုန်တို့သည် ပျက်စီးဆုံးပါးမည့် အရာချည်း သာဖြစ်ကုန်၏။ အမိန့်အာဏာ အလုံးစုံတို့သည် ထိုအရှင်မြတ်၌သာ ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်ပို့ပေးခြင်း ခံကြရကုန်အံ့သတည်း။

ပင့်ကူ

Surah 29

[1] အလိဖ်၊ လာမ်၊ မီမ်။

[2] လူတို့သည် ၎င်းတို့က ‘ကျွန်ုပ်တို့သည် ‘အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောကြသောကြောင့် မိမိတို့မှာစမ်းသပ်ခြင်း မခံကြရဘဲ လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြလေသလော။

[3] စင်စစ်သော်ကား မချွတ်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့အား စမ်းသပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာပြောဆိုကြသော သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။ ထိုမှတစ်ပါး ဧကန်မုချ ထိုအရှင်မြတ်သည် မုသာဝါဒီတို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။

[4] သို့တည်းမဟုတ် မကောင်းမှု ဒုစရိုက်များကိုကျင့်မူ(ကျူးလွန်)နေကြကုန်သော သူတို့သည် မိမိတို့မှာ ‘ငါအရှင်မြတ်(ဖမ်းဆီးကွပ်မျက်တော်မူခြင်း)မှ ထွက်ပြေးလွတ်မြောက်သွားကြမည်’ ဟု ထင်မှတ်ကြ လေသလော။ ၎င်းတို့၏ အဆုံးအဖြတ်မှာ အလွန်ဆိုးရွားလှပေသည်တကား။

[5] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း၍ ထားတော်မူသော ကာလအပိုင်းအခြားသည် မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[6] အမှန်သော်ကား မည်သူမဆို ကြိုးပမ်းဆောင်ရွက်ခဲ့မူ ထိုသူသည် မိမိအကျိုးငှာ ကြိုးပမ်းဆောင်ရွက်သည်သာ ဖြစ်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို(မှ) လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[7] အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။

[8] အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။

[9] ၎င်းပြင် ‘အီမာန်’သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား ဧကန်စင်စစ် ငါအရှင်မြတ်သည် သူမွန်သူမြတ်တို့တွင် ဝင်ရောက်စေတော် မူအံ့သတည်း။

[10] လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌) ဒုက္ခပေးခြင်းကို ခံခဲ့ကြရသောအခါ ၎င်းတို့သည် လူတို့၏ဒုက္ခပေးမှုကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆကြလေသည်။ သို့ရာတွင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် ၎င်းတို့က ‘ကျွန်ုပ်တို့သည်လည်း ဧကန်အမှန် အသင်တို့နှင့် အတူရှိခဲ့ကြပေသည်’ ဟု မုချဧကန် ပြောဆိုကြ ကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်ပါလော။

[11] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ‘မုနာဖစ်က်’ အယောင်ဆောင်တို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူအံ့သတည်း။

[12] စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။

[13] သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။

[14] ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။

[15] ထို့နောက် ငါအရှင်မြတ်သည် ထို’နူဟ်’ အားလည်းကောင်း၊ သင်္ဘော၌ပါရှိခဲ့သောသူတို့အား လည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသင်္ဘောကို ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။

[16] ထိုမှတစ်ပါး အိဗ်ရာဟီမ်အား(လည်းငါအရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။)အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ အမျိုးသားတို့အား(ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အား ခန့်ညားကြောက်ရွံ့ကြလေကုန်။ အကယ်၍ အသင်တို့သည် သိရှိကြလေသော် ဤသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။

[17] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်တုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် မုသား(အယူဝါဒ)ကို လီဆယ်ဖန်တီးကြကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့သည် ဆည်းကပ်ကိုးကွယ်လျက် ရှိကြသည်တို့မှာ အသင်တို့၏ စားနပ်ရိက္ခာကို လုံးဝပိုင်ဆိုင်ကြသည် မဟုတ်ပေ။သို့ဖြစ်ပေရာ အသင်တို့သည် (မိမိတု့ိအဖို့) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်ကို သိတတ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့အားလုံးတို့သည် ထိုအရှင်မြတ်အထံတော် သို့သာလျှင် ပြန်သွားကြရပေမည်။

[18] သို့ရာတွင် အကယ်၍ အသင်တို့သည် (ငါ့အား)မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အသင်တို့အလျင်ရှိခဲ့ကြလေသော အုပ်စုများကလည်း (မိမိတို့၏ နဗီတမန်တော်များအား)မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို လူသားတို့ထံ) ရှင်းလင်းထင်ရှားစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိပေသတည်း။

[19] အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကိုမည်သို့ စတင်ဖန်ဆင်းတော်မူသည်ကို ၎င်းတို့သည် မတွေ့မမြင် မဆင်ခြင်ခဲ့ကြလေသလော။ ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်အဖို့ လွန်စွာ လွယ်ကူလှပေသည်။

[20] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာ၍ ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို မည်သို့စတင် ဖန်ဆင်းတော်မူသည်ကို ကြည့်ရှုလေ့လာကြလေကုန်။ထို့နောက် တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် (ထိုအဖန်ဆင်းခံတို့အား) နောက်တစ်ကြိမ် ထပ်မံ၍ပင် ဖန်ဆင်းတော်မူမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[21] ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား ပြစ်ဒဏ်ပေးတော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား သနားကြင်နာတော်မူပေမည်။ ၎င်းပြင် အသင်တို့အားလုံးသည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရပေမည်။

[22] စင်စစ်သော်ကား အသင်တို့သည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်က မိမိတို့အား ပြစ်ဒဏ် ပေးတော်မူခြင်းကို) မစွမ်းဆောင်နိုင်လေအောင် ပြုနိုင်ကြသည် မဟုတ်ပေ။ မိုးကောင်းကင်၌လည်း ပြုနိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ပေးမည့်သူဟူ၍လည်းကောင်း၊ ကူညီစောင်မ မည့်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။

[23] သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့် တွေ့ဆုံခြင်းကိုလည်းကောင်း ငြင်းပယ်ခဲ့ကြသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်အားထားခြင်း ကင်းမဲ့ကြပေမည်။ ၎င်းပြင် ထိုသူတို့၌သာလျှင် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သက်ရောက်အံ့သတည်း။

[24] ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။

[25] ၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။

[26] ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။

[27] ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။

[28] ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။

[29] အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။

[30] ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။

[31] ၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။

[32] (ထိုအခါ)ထိုအိဗ်ရာဟီမ်က ထိုမြို့ရွာ၌ (နဗီတမန်တော်) ‘လူ(တ်)’သည်(လည်း) ရှိနေပေသည်ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က ပြောဆိုဖြေကြားခဲ့သည်မှာ ထိုမြို့ရွာ၌ မည်သူတို့ နေထိုင်ကြသည်ကို ကျွန်ုပ်တို့သည် ကောင်းစွာသိရှိကြပေသည်။ အမှန်ပင် ကျွန်ုပ်တို့သည် ‘လူ(တ်)’ ၏ဇနီးမှအပ ထို ‘လူ(တ်)’ နှင့်တကွ ၎င်း၏အိမ်သူအိမ်သား သက်ဆိုင်သူများကိုပါ ကယ်ဆယ်ကြပေမည်။ ထို[‘လူ(တ်)]၏ဇနီးမှာမူကား ကျန်ရစ်သူတို့တွင် အပါအဝင်ဖြစ်ပေမည်ဟု ပြောကြားခဲ့ကြကုန်၏။

[33] တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။

[34] ဧကန်အမှန် ကျွန်ုပ်တို့သည် ဤမြို့သူရွာသားတို့အပေါ်၌ ၎င်းတို့သည် အမိန့်တော်ကိုဖီဆန်လျက် ရှိခဲ့ကြသောကြောင့် မိုးကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချပေးအံ့သောသူများပင် ဖြစ်ကြပေသည်။

[35] သို့ရာတွင် ငါအရှင်မြတ်သည် သိနားလည်ကြကုန်သော အမျိုးသားတို့အဖို့ ထိုမြို့ရွာမှ ထင်ရှားစွာသော သက်သေလက္ခဏာအချို့ကို ချန်လှပ်၍ ထားရှိတော်မူခဲ့ပေသတည်း။

[36] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့(သားတို့)ထံသို့ ၎င်းတို့၏နောင်တော် ရှုအိုက်ဗ် အား(နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) သို့ဖြစ်ပေရာ ထို’ရှုအိုက်ဗ်’ က ‘အို-ငါ၏အမျိုးသားတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။၎င်းပြင် အသင်တို့ သည် နောက်ဆုံးနေ့ကို စိုးရိမ်ကြလေကုန်။ထိုမှတပါး အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင်သောင်းကျန်းမှု မပြုလုပ်ကြကုန်လင့်’ဟု ပြောကြားခဲ့၏။

[37] သို့ရာတွင် ၎င်းတို့သည် ထို’ရှုအိုက်ဗ်’အားမဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မြေငလျင်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေရာ၊ ၎င်းတို့မှာ မိမိတို့နေအိမ်များ၌ မှောက်လျက်လဲနေသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[38] ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ‘အာဒ်’ အမျိုးသားတို့အားလည်းကောင်း၊ ‘ဆမူဒ်’ အမျိုးသားတို့အားလည်းကောင်း၊ (ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏၊) ထို့ပြင် မချွတ်မလွဲ(၎င်းတို့ကွပ်မျက်ခြင်းခံခဲ့ရသည်မှာ) အသင်တို့အဖို့ ၎င်းတို့၏နေအိမ်များကို (ကြည့်ရှုလေ့လာခြင်း)ဖြင့် ထင်ရှားခဲ့လေပြီ။စင်စစ်သော်ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏လုပ်ကိုင် ဆောင်ရွက်ချက်များကို ၎င်းတို့၏အမြင်၌ တင့်တယ်လှပအောင် ပြုလုပ်ပြီးလျှင် ၎င်းတို့အား (မှန်ကန်သောတရား)လမ်းမှ တားဆီးပိတ်ပင်ခဲ့လေ၏။ စင်စစ် ၎င်းတို့မှာ အသိအမြင်ရှိသောသူများပင် ဖြစ်ခဲ့ကြကုန်၏။

[39] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’ သည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိ၍လာခဲ့ပေသည်။သို့ရာတွင် ၎င်းတို့မှာ တိုင်းပြည်၌ မောက်မာဆိုးသွမ်းခဲ့ကြကုန်၏။ အမှန်မှာ ၎င်းတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်မြောက် သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (၎င်းတို့အနက်) အသီးသီးအား ၎င်း၏ပြစ်မှုကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့၏အပေါ်၌ ကျောက်ခဲများပါရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ ထိုနည်းတူစွာ ၎င်းတို့အနက်အချို့ကို ကျယ်လောင်ပြင်းထန်လှသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ ထို့ပြင်၎င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အနက် အချို့ကိုမူကား ငါအရှင်မြတ်သည် ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရားနှိပ်စက်တော်မူခဲ့ သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်ကိုနှိပ်စက် ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်သတည်း။

[41] အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားတစ်စုံတစ်ရာကို (မိမိတို့၏) ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးသူများဟု ရွေးချယ်ပြုလုပ်ကြ ကုန်သောသူတို့၏ ဥပမာကား၊ ပင့်ကူ၏ဥပမာ အလားတူ၏။ ထိုပင့်ကူမှာ အိမ်တစ်ခုကိုပြုလုပ်၏။ သို့ရာတွင် ဧကန်မလွဲ နုန့်နဲ့ဆုံး(အားအနည်းဆုံး) သောအိမ်မှာ ပင့်ကူ၏အိမ်ပင်ဖြစ်ကြောင်း၊၎င်းတို့ သိရှိကြလျှင် ကောင်းလေစွ။

[42] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအားစွန့်၍၊ ၎င်းတို့ ဟစ်ခေါ်လျက်ရှိကြသော မည်သည့်အရာကိုမဆို ကောင်းစွာသိရှိတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[43] ငါအရှင်မြတ်သည် ဤဥပမာပုံဆောင်ချက်များကို လူတို့၏အကျိုးငှာ ခိုင်းနှိုင်းတော်မူ၏။ သို့ရာတွင် ‘အာလင်မ်’ပညာရှင်တို့သည်သာလျှင် ယင်းဥပမာ ပုံဆောင်ချက်တို့ကိုသိနားလည်ကြကုန်သတည်း။

[44] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ဖန်ဆင်းတော်မူခဲ့ပေသည်။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အဖို့ (ကြီးကျယ်လှစွာသော)သက်သေခံသည် အမှန်ပင် ရှိချေသတည်း။

[45] (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်းအပြင် သင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကိုဆောက်တည်ပါလေ။ ဧကန်မလွဲ ဆွလာတ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာသော အမှုကိစ္စများမှလည်းကောင်း၊ မဖွယ်မရာသော အလွန့်အမှုကိစ္စ များမှလည်းကောင်း၊ ပိတ်ပင်တားဆီးလေ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသခြင်းသည် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)ပင်ဖြစ်ပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာသိရှိတော်မူပေသတည်း။

[46] ၎င်းပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသောသူတို့နှင့် ကောင်းမွန်(ယဉ်ကျေးသိမ်မွေ့)လှသော နည်းဖြင့်သာလျှင် အချေအတင် ပြောဆိုကြလေကုန်။ သို့ရာတွင် ၎င်းတို့အနက် တရားလွန်ပြုမူသောသူတို့နှင့်မူကား ပြတ်သားစွာ အချေအတင် ပြောဆိုနိုင်ခွင့်ရှိ၏။ သို့တစေလည်း အသင့်မြတ်ဆုံးမှာ သိမ်မွေ့သောနည်းပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည် (ဤသို့) ပြောကြားကြလေကုန်၊ "ကျွန်ုပ်တို့သည် မိမိတို့ထံ ကျရောက်ခဲ့သော (ကျမ်းမြတ်)ကိုလည်းကောင်း၊အသင်တို့ထံ ကျရောက်ခဲ့ကြသော (ကျမ်းဂန်)တို့ကိုလည်းကောင်း၊ ယုံကြည်ကြကုန်၏။ စင်စစ်သော်ကား ကျွန်ုပ်တို့၏ဆည်းကပ် ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာလျှင် လိုက်နာသူများ ဖြစ်ကြပေသတည်း။

[47] စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ် သည်အသင့်ထံသို့ ကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)ကို ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ် ကျမ်းဂန် ချီးမြှင့် ပေးသနားတော်မူခဲ့သောသူတို့သည် ယင်း(ကုရ်အာန်)ကျမ်းမြတ်ကိုယုံကြည်ကြကုန်၏။ ထိုမှတစ်ပါး ဤ(မက္ကာမြို့သားတို့)အနက်မှလည်း ယင်း(ကုရ်အာန်)ကျမ်းမြတ်ကို ယုံကြည်ကြသူများရှိ ကြ၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ‘အာယတ်’တော်များကို ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့ သည်သာလျှင် ငြင်းပယ်ကြကုန်၏။

[48] အမှန်စင်စစ်သော်ကား အသင်သည် ဤကျမ်းဂန်(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် မည်သည့်ကျမ်းကိုမျှပင် ဖတ်ရွတ်လျက်ရှိခဲ့သည်လည်း မဟုတ်ပေ။ မည်သည့်ကျမ်းကိုမျှပင် မိမိလက်ယာလက်ဖြင့် ရေးသားခဲ့သည်လည်း မဟုတ်ပေ။ သို့ဖြစ်ခဲ့ပါလျှင် အမှားကိုလိုက်စားကြသော သူတို့သည်အမှန်ပင် ဒွိဟသံသယ ဖြစ်ကြပေမည်။

[49] ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ဤကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)သည် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့၏ စိတ်နှလုံးများတွင် (ထိန်းသိမ်းထားသော) လွန်စွာထင်ရှားလှသည့် သက်သေလက္ခဏာများပင် ဖြစ်ပေသည်။ စင်စစ်သော်ကား မတရားသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏အာယတ်တော်များကို ငြင်းပယ်ကုန်ကြသတည်း။

[50] ထိုမှတစ်ပါး ၎င်းတို့က "အဘယ်ကြောင့် ဤ(တမန်တော်)၏အပေါ်၌ သက်သေလက္ခဏာများ ကျရောက်လာခြင်း မရှိပါသနည်း"ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။(အချင်းတို့) သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိကုန်၏။ စင်စစ်မှာကား ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်ပေသည်။

[51] ငါအရှင်မြတ်သည် ၎င်းတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလျက်ရှိသော (ကုရ်အာန်)ကျမ်းမြတ်ကို အသင့်အပေါ်၌ ချပေးသနားတော်မူခဲ့ခြင်း သည်ပင်လျှင် ၎င်းတို့အဖို့ လုံလောက်ပြီ မဟုတ်ပါလော။ ဤသည့် (ကျမ်းမြတ်)၌ သက်ဝင်ယုံကြည်သူတို့အဖို့ ကရုဏာတော်သည်လည်းကောင်း၊ အဆုံးအမသည်လည်းကောင်း၊ အမှန်ပင် ရှိပေသည်။

[52] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ၊ "(အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်ပင် ငါနှင့် အသင်တို့၏အကြား၌ သက်သေအဖြစ် လုံလောက်တော်မူ၏။ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းစွာသိရှိတော်မူ၏။ သို့ရာတွင် အမှားကို ယုံကြည်လက်ခံ၍ အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ကြသော သူတို့မှာမူကား ၎င်းတို့သည်သာလျှင် ဆုံးရှုံးပျက်စီးသူများ ဖြစ်ကြပေသတည်း။

[53] (အို-နဗီတမန်တော်) ဧကန်စင်စစ် ၎င်းတို့သည် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အသင့်ထံတွင် အဆောတလျင် တောင်းဆိုကြကုန်၏။ သို့ရာတွင် အကယ်၍သာ ကာလအပိုင်းအခြားတစ်ခုသည် သတ်မှတ်ပြဋ္ဌာန်းပြီး မဖြစ်ခဲ့ပါလျှင် ပြစ်ဒဏ်သည် ၎င်းတို့ထံ မုချ ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပေမည်။ စင်စစ်သော်ကား ထိုပြစ်ဒဏ်သည် ၎င်းတို့ထံ ရုတ်တရက်မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ ၎င်းတို့သည် (အလျှင်း) သိရှိလိုက်ကြမည်ပင် မဟုတ်ပေ။

[54] ၎င်းတို့သည် အသင့်ထံတွင်ပြစ်ဒဏ်ကို အဆောတလျင် တောင်းဆိုကြကုန်၏။ ၎င်းပြင် ဧကန်မလွဲ ‘ဂျဟန္နမ်’ငရဲဘုံသည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့အား ဝန်းရံလျက်ပင်ရှိပေသည်။

[55] အကြင်နေ့တွင် ပြစ်ဒဏ်သည် ထိုသူတို့အား၊ ထိုသူတို့၏ အထက်မှလည်းကောင်း၊ ထိုသူတို့၏ ခြေများအောက်မှလည်းကောင်း၊ (အဖက်ဖက်မှ) ဖုံးလွှမ်းဝန်းရံလျက် ရှိချေမည်။၎င်းပြင် ထိုအရှင်မြတ်က (၎င်းတို့အား) ‘အသင်တို့သည် မိမိတို့ကျင့်မူ ပြုလုပ်လျက်ရှိခဲ့ကြသည့် (ပြစ်မှုဒုစရိုက်)များ၏ အရသာကို မြည်းစမ်းကြကုန်လော့’ဟု မိန့်ကြားတော် မူအံ့သတည်း။

[56] အို-မုအ်မင်န် သက်ဝင် ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ ဧကန်စင်စစ် ငါ အရှင်မြတ်၏ ကမ္ဘာမြေသည် လွန်စွာကျယ်ဝန်းလှပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာ ဆည်းကပ်ကိုးကွယ်ကြလေကုန်။

[57] သက်ရှိသတ္တဝါတိုင်းသည် ‘မရဏ’ သေခြင်းတရား၏အရသာကို မြည်းစမ်းကြရမည်သာတည်း။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။

[58] သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့မှာမူကား အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ဂျန္နတ်သုခဘုံ၌ မြင့်စွင့်လှစွာသော အဆောင်များတွင် နေရာချပေးတော်မူမည်။ ယင်း အဆောင်များ၏အောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်)ယင်းအဆောင်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော (သူတော်ကောင်း)တို့၏ အကျိုးကား လွန်စွာကောင်းမြတ်လှပါဘိတကား။

[59] အကြင်(ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ခဲ့ကြ)သူတို့သည် (မုရှ်ရစ်က်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစ္စလာမ်သာသနာတော် ထွန်းကားစေခြင်းငှာ မိမိတို့၏ အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကို စွန့်၍ ထွက်ခွာသွားကြရသည်နှင့် စပ်လျဉ်း၍လည်းကောင်း၊) သည်းခံခြင်းတရား ထားရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ကြကုန်၏။

[60] စင်စစ်သော်ကား မြောက်မြားစွာသော တိရစ္ဆာန်တို့မှာ မိမိတို့၏စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ထိုတိရစ္ဆာန်တို့ကိုလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်အလုံးစုံတို့ကို အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[61] စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား "မည်သူသည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခဲ့သနည်း၊ ထိုနည်းတူစွာ မည်သူသည် လေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ပိုင်နိုင်စွာ ခိုင်းစေသနည်း"ဟု မေးမြန်းခဲ့ပါလျှင် ၎င်းတို့သည် ‘အလ္လာဟ်အရှင်မြတ်’ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ သို့ပါလျက် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို ယုံကြည်လက်ခံခြင်းမပြုဘဲ) အဘယ်သို့ လှည့်သွားကုန်ကြသနည်း။

[62] အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့် ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တိုင်းထွာ၍ပေးတော်မူ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

[63] ထိုမှတစ်ပါး အကယ်၍ အသင်သည် ၎င်းတို့အား မည်သူသည် မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေသနည်း၊ တဖန် သေပြီးသော(ဝါ)ခြောက်သွေ့ လျက်ရှိပြီးနောက် ပထဝီမြေကို ထိုမိုးမြေဖြင့် မည်သူရှင်စေခဲ့သနည်း၊ (ဝါ) စိမ်းလန်းစိုပြေစေခဲ့သနည်း၊ ဟု မေးမြန်းခဲ့ပါလျှင်လည်း ၎င်းတို့သည် "အလ္လာဟ်အရှင်မြတ်" ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ အို-နဗီတမန်တော် အသင်သည်ပြောပါလေ (အချင်းတို့၊) ချီးမွမ်းထောပနာအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ခံယူထိုက်တော်မူ၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။

[64] စင်စစ် ဤမျက်မှောက် လောကီဘဝသည် ပျော်မြူးဖွယ်ရာနှင့် ကစားခုန်စားဖွယ်ရာမှတပါး အခြားမဟုတ်ပြီ။အမှန်မှာ နောင်တမလွန် ဘဝသည်သာလျှင် စစ်မှန်သော အစဉ်ထာဝရရှင်ခြင်း ဖြစ်ပေသည်။ (ဤ သည်ကို)၎င်းတို့သိရှိကြလျှင် ကောင်းလေစွတကား။

[65] စင်စစ် ၎င်းတို့သည် သင်္ဘော၌ စီးနင်းကြလေသောအခါ အလ္လာဟ်အရှင်မြတ်အားသာလျှင် စေတနာ သဒ္ဓါဖြူစင်စွာနှင့် ဟစ်ခေါ်တသ ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား ကယ်တင်၍ ကုန်းမြေသို့ ဆောင်ကြဉ်းတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို ထိုအရှင်မြတ်နှင့်) တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြကုန်၏။

[66] ၎င်းတို့သည် ငါအရှင်မြတ်မှ ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြအံ့သောငှာ (တွဲဖက်ကိုးကွယ်မှုကို ပြုလုပ်ကြကုန်၏)။သို့ဖြစ်ပေရာ ၎င်းတို့သည် ခေတ္တခဏ အကျိုးခံစားကြပါစေ၊ထို့နောက်တွင်မူ မကြာမြင့်မီပင် ၎င်းတို့သည် သိရှိကြကုန်အံ့သတည်း။

[67] ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်းတို့ နေထိုင်လျက်ရှိကြသော မက္ကဟ်မြို့တော်ကို) ဘေးရန်ကင်းငြိမ်း သော’ဟရမ်’ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မတွေ့မမြင်ခဲ့ကြလေသလော။ စင်စစ်သော်ကား ၎င်းတို့ ၏ပတ်ဝန်းကျင်၌ လူတို့သည် လုယက်တိုက်ခိုက် (သတ်ဖြတ်)ခြင်းကို ခံနေခဲ့ကြရကုန်၏။ သို့ပါလျက် ၎င်းတို့သည် အမှားကိုယုံကြည်လက်ခံ၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြလေသလော။

[68] အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်၍စွပ်စွဲသော၊ သို့မဟုတ် မိမိထံ အမှန်တရားရောက်ရှိလာသောအခါ ယင်းအမှန်တရားကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သောသူထက် သာလွန်မတရားသော သူကား မည်သူရှိနည်း၊ ‘ကာဖိရ်’သွေဖည်ငြင်းပယ်ကြ ကုန်သောသူတို့၏ နေထိုင်ရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင်ရှိမည် မဟုတ်ပါလော။

[69] သို့ရာတွင် ငါအရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြကုန်သော သူတို့မှာမူကား ငါအရှင်မြတ်သည် မိမိလမ်းများကို ၎င်းတို့အား မချွတ်မလွဲ ပြသတော်မူပေမည်။ ထိုမှတစ်ပါး မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့နှင့် အတူတကွ အမှန်ပင် ရှိတော်မူပေသတည်း။

ရောမလူမျိုးများ

Surah 30

[1] အလစ်ဖ်၊ လာမ်၊ မီမ်။

[2] ရောမနိုင်ငံသားတို့သည် (စစ်ရေး)ရှုံးနိမ့်ကြရချေပြီ။

[3] (အရေးဗျတိုင်းပြည်နှင့်)နီးကပ် ဆက်စပ်လျက်ရှိသော တိုင်းပြည်တွင်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ ယခု(စစ်ရေး)ရှုံးနိမ့်ကြရပြီးနောက် မကြာမြင့်မီပင် ၎င်းတို့သည် အောင်နိုင်ကြပေမည်။

[4] နှစ်ကာလအနည်းငယ်တွင် အမိန့်အာဏာဟူသည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်၌သာ ရှိခဲ့ပေသည်။နောင်တွင်လည်း (ထိုအရှင်မြတ်၌သာ ရှိနေပေမည်။) ထိုနေ့တွင် "မုအ်မင်န်" သက်ဝင်ယုံကြည်သောသူတို့သည် ဝမ်းမြောက်ကြပေမည်။

[5] အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူအား အောင်နိုင်စေတော်မူ၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[6] (ဤသည်) အလ္လာဟ်အရှင်မြတ်၏ ကတိပင်၊အလ္လာဟ်အရှင်မြတ်သည် မိမိထားရှိတော်မူသော ကတိကိုဖောက်ဖျက်တော်မူသည် မဟုတ်ပေ၊ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား မသိကြပေ။

[7] ၎င်းတို့သည် လောကီဘဝ၏ အပေါ်ယံပုံပန်းကိုသာ သိရှိကြကုန်၏။ သို့ရာတွင် နောင်တမလွန်ဘဝကိုမူကား ၎င်းတို့သည် (လုံးဝ) မသိကြသူများသာလျှင် ဖြစ်ကြကုန်သတည်း။

[8] ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် မစဉ်းစားခဲ့ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထို(မိုးကောင်းကင်များနှင့်ပထဝီမြေ)နှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ တိကျမှန်ကန်သော ကျိုးကြောင်းနှင့်သာ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံကြရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏။

[9] ၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့လှည့်လည် သွားလာကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသော ရှေးလူဟောင်းတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးလူဟောင်းတို့သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတောင့်တင်းသူများ ဖြစ်ခဲ့ကြသည့်ပြင် ၎င်းတို့သည်မြေကို ဤသူများ စည်ပင်သာယာအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက် စိုက်ပျိုး၍ စည်ပင်သာယာအောင်ပြုလုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ထံသို့(လည်း) ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရား နှိပ်စက်ညှဉ်းဆဲတော်မူခဲ့သည် မဟုတ်ပေ။သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို မတရား နှိပ်စက်ညှဉ်းပမ်းခဲ့ကြပေသည်။

[10] ထို့နောက် ဆိုးယုတ်သောအမှုကိစ္စကို ပြုမူပွားများခဲ့ကြကုန်သော သူတို့၏ နောက်ဆုံးအကျိုးမှာ အဆိုးဆုံးပင်ဖြစ်ခဲ့လေ၏။ အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာမက ယင်းသက်သေ လက္ခဏာများကိုပင် ပြက်ချော်ပြောင်လှောင်သမှု ပြုခဲ့ကြပေသေးသည်။

[11] အလ္လာဟ်အရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့ကို စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို တဖန် ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ ထို့နောက် အသင်တို့ (အားလုံး)သည် ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရပေမည်။

[12] စင်စစ် "ကိယာမတ်" ရှင်ပြန်ထရမည့် အချိန်ကာလ ဆိုက်ရောက်လာသောနေ့တွင် အပြစ်ရှိသူတို့မှာ မျှော်လင့်ချက်ကင်းမဲ့ကာ စိတ်ပျက်၍သွားကြပေမည်။

[13] ၎င်းပြင် (ထိုနေ့တွင်)၎င်းတို့၏ တွဲဖက် နှိုင်းယှဉ်ဖက်တို့အနက် ၎င်းတို့အား ကြားဝင်အသနားခံ၍ ပေးမည့်သူများဟူ၍ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ကိုယ်တိုင်ပင် မိမိတို့၏ တွဲဖက်နှိုင်းယှဉ်ဖက်များအား ငြင်းပယ်ကြပေမည်။

[14] ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထရမည့်ကာလ ဆိုက်ရောက်လာသောနေ့တွင်(ခပ်သိမ်းကုန်သော သူတို့သည်) သီးခြားဖြစ်သွားကြပေမည်။ အစားစားဖြစ်သွားကြပေမည်။ ကွဲပြားသွားကြပေမည်။

[15] သို့ဖြစ်ပေရာ အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့သည် ဥယျာဉ်တော်၌ ဂုဏ်ပြုဧည့်ခံခြင်းကို ခံကြရပေမည်။ ဝမ်းသာကြပေမည်။

[16] သို့ရာတွင် သွေဖည်ငြင်းပယ်၍ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန် စွပ်စွဲခဲ့ကြကုန်သော သူတို့မှာမူကား၊ ပြစ်ဒဏ်၌ အဆင်သင့် ရောက်ရှိစေခြင်းကို ခံကြရပေအံ့သတည်း။

[17] သို့ဖြစ်ပေရာ အသင်တို့သည် ညနေအချိန်သို့ဝင် ရောက်ကြသောအခါ၌လည်းကောင်း၊ နံနက်အချိန်သို့ ဝင်ရောက်ကြသောအခါ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြလေကုန်။

[18] စင်စစ်သော်ကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မွန်းတိမ်းပြီးနောက်တွင်လည်းကောင်း၊ အသင်တို့သည် နေ့လယ်အချိန်သို့ ဝင်ရောက်ကြသောအခါ၌လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် (အခါခပ်သိမ်း) ချီးမွမ်းထောပနာမှုကို ခံယူလျက် ရှိတော်မူ၏။

[19] ထိုအရှင်မြတ်သည် သက်ရှိကိုသက်မဲ့မှ ထုတ်တော်မူ၏။ ထိုနည်းတူစွာ သက်မဲ့ကိုသက်ရှိမှ ထုတ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေသေ(သွေ့ခြောက်)ပြီးနောက် ပြန်ရှင်(စိုပြည်စိမ်းလန်း)စေတော်မူ၏။ စင်စစ်သော်ကား အသင်တို့သည်လည်း ဤနည်းနှင်နှင် ထွက်စေခြင်းကို ခံကြရကုန်အံ့သတည်း။

[20] စင်စစ် (ဤသည်) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် အသင်တို့သည် ရုတ်တရက် လူသားများဖြစ်လာပြီး(ကမ္ဘာမြေဝယ်) ပျံ့နှံ့လျက် ရှိကြကုန်၏။

[21] ထိုနည်းတူစွာ (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်ပေသည်။ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားအနက်မှပင် ကြင်ရာကြင်ဖက်များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူစိတ်ချမ်းသာမှု ရရှိကြအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း၊ စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ဤသည်၌ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိပေသတည်း။

[22] ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊အသင်တို့၏ ဘာသာစကားနှင့်အသွေးအရောင်တို့ ကွဲပြားခြားနားခြင်းသည်လည်းကောင်း၊စင်စစ် ဤသည် ပညာရှိ သုခမိန်တို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိချေသည်။

[23] ၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် ညနှင့်နေ့၌ အသင်တို့အိပ်စက်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျေးဇူးတည်းဟူသော စားနပ်ရိက္ခာကို အသင်တို့ ဆည်းပူး ရှာဖွေခြင်းသည်လည်းကောင်း၊ ဧကန်မုချ ဤသည်၌ ကြားနာသူတို့အဖို့ အမှန်ပင် သက် သေလက္ခဏာများသည် ရှိကုန်သတည်း။

[24] ထို့ပြင် (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များ အနက်မှပင်ဖြစ်၏။ ထိုအရှင်မြတ်သည် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်ရွံ့စေသောအားဖြင့်လည်းကောင်း၊ မျှော်လင့်စေသောအားဖြင့်လည်းကောင်း၊ ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကိုရွာသွန်းစေတော်မူ၏။ တဖန် ထိုအရှင်မြတ်သည် ထိုမိုးရေဖြင့် ပထဝီမြေကို ယင်းပထဝီမြေ သေပြီးနောက် (သွေ့ခြောက်စေပြီးနောက်)ရှင်ပြန် (စိမ်းလန်းစိုပြည်)စေတော်မူ၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိပေသည်။

[25] ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင်၊ မိုးကောင်းကင်နှင့် ပထဝီမြေ၏ရပ်တည်နေခြင်းသည်လည်း ဖြစ်ပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ပထဝီမြေမှ (ထွက်လာကြအံ့သောငှာ) တစ်ကြိမ်မျှ ဟစ်ခေါ်တော်မူသောအခါ ရုတ်တရက်အသင်တို့သည် ထွက်လာကြကုန်အံ့သတည်း။

[26] ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။

[27] အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်။ ထိုမှတစ်ပါး မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ထူးကဲမြင့်မြတ်လှစွာသော ဝိသေသဂုဏ်ထူးသည်ရှိပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[28] ထိုအရှင်မြတ်သည် အသင်တို့၏ ဖြစ်ရပ်များမှပင် အသင်တို့အဖို့ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ အသင်တို့၌ မိမိတို့ကျွန်များအနက်မှ အသင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သော (စားနပ်ရိက္ခာ)ဥစ္စာပစ္စည်းများတွင် ဖက်စပ်ပါဝင်သူများရှိကြပြီး အသင်တို့သည် ယင်း ဥစ္စာပစ္စည်းတွင် ညီတူညီမျှဖြစ်ကြသည် ရှိသလော။(၎င်းပြင်) အသင်တို့သည် မိမိတို့အချင်းချင်းနှင့် ပတ်သက်၍ စိုးရိမ်ကြဘိသကဲ့သို့ပင်၊ ၎င်းတို့နှင့် ပတ်သက်၍လည်း စိုးရိမ်ကြသည်(ဟူ၍ရှိပါသလော၊) ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူတို့အဖို့ သက်သေသာဓက အထောက်အထားများကို ဤနည်းအတိုင်းပင် ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်မိန့်ကြားတော်မူ၏။

[29] သို့ပါလျက် မတရားပြုလုပ်ကြသော သူတို့မှာမူကား၊ သက်သေအထောက်အထား မရှိဘဲလျက် မိမိတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်နာလိုက်စား ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်က လမ်းမှားစေတော်မူခဲ့သောသူအား တရားလမ်းမှန်ကို မည်သူညွှန်ကြားပြသနိုင်မည်နည်း။ ထိုမှတစ်ပါး ၎င်းတို့၌ ယိုင်းပင်းကူညီသူများဟူ၍လည်း ရှိကြမည်မဟုတ်ပေတကား။

[30] သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မနှင့်အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာအပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိလေ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလွဲမှုမျှ အလျှင်းမရှိပြီ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော "ဒီန်" သာသနာဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ။

[31] ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်ကြသူများအဖြစ် (အစ္စလာမ်၏ သဘာဝဓမ္မကို နာယူ ကျင့်မူကြကုန်)။ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ ရိုသေခန့်ညားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထို့ပြင် အသင်တို့သည် "မုရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့အနက်မှ မဖြစ်ကြကုန်လင့်။

[32] အကြင် (မုရှ်ရစ်က်) တို့အနက်မှ ထိုသူတို့သည် မိမိတို့၏ "ဒီန်"သာသနာကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြပြီးလျှင် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်သွားခဲ့ကြကုန်၏။ (၎င်းတို့အနက်) ဂိုဏ်းဂဏအသီးသီး အသကအသကတို့သည် မိမိတို့၌ရှိသော (ဝါဒလမ်းစဉ်များ)နှင့်ပင် ကျေနပ်ဝမ်းမြောက်လျက် ရှိကြပေသတည်း။

[33] စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသကြကုန်၏။ ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိအထံတော်မှ အနည်းငယ်ကျေးဇူးတော် ရသာကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့အနက် လူတစ်စုသည် မဆိုင်းမငံ့ ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြလေ၏။

[34] ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြအံ့သောငှာ (တွဲဖက်ကိုးကွယ်မှုကိုပြုကြကုန်၏)။ သို့ဖြစ်ပေရာ အသင်တို့သည် (အခိုက်အတန့်အားဖြင့်) အကျိုးကျေးဇူး ခံစားကြလေကုန်။ ထို့နောက် မကြာမြင့်မီပင် အသင်တို့သည် သိရှိကြရပေမည်။

[35] အသို့ပါနည်း ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သက်သေအကိုးအကား အထောက်အထား တစ်စုံတစ်ရာကိုချပေးတော်မူခဲ့၍ ယင်းသက်သေအထောက်အထားက ပြောဆိုသောကြောင့် ၎င်းတို့သည် တွဲဖက် နှိုင်းယှဉ်ကိုးကွယ် ကြလေသလော။

[36] ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူသားတို့အား အနည်းငယ်သော ကျေးဇူးတော်၏ အရသာကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့သည် ယင်းကျေးဇူးတော်နှင့် စပ်လျဉ်း၍ ဝမ်းမြောက်လေ့ရှိကြကုန်၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်ခဲ့ကြသော (ပြစ်မှုဒုစရိုက်) များကြောင့် ၎င်းတို့၌ ဘေးဒုက္ခ တစ်စုံတစ်ရာ သက်ရောက်သည်ရှိသော် ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် မျှော်လင့်ချက်ကင်းမဲ့၍ သွားကြလေ၏။

[37] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မမူသောသူအား ထိုစားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူသည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မုချ ဤသည်၌ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ (များစွာသော) သက်သေလက္ခဏာများသည် ရှိကြပေသတည်း။

[38] သို့ဖြစ်ပေရာ အသင်သည် သွေးရင်းသားရင်းတို့၏ အခွင့်အရေးကို ပေးဆောင်လော့။ ထို့ပြင် သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အားလည်းကောင်း၊ (ပေးကမ်းလှူဒါန်းလေ)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလားကြသောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။စင်စစ်သော် ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်မှု ရရှိကြအံ့သောသူများ ဖြစ်ကြကုန်၏။

[39] စင်စစ်မှာမူကား အသင်တို့သည် လူတို့၏ပစ္စည်းများတွင် (ရောစပ်၍)တိုးပွားပြီးလျှင် အသင်တို့ထံ ရောက်လာရန် ပေးခဲ့ကြသော လက်ဆောင်ပစ္စည်းမှာ အလ္လာဟ်အရှင်မြတ်အထံတော်တွင် တိုးပွားသည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလား၍တစ်စုံတစ်ရာ အလှူဒါနကို ပေးကမ်းလှူဒါန်းကြပါမူ၊ ယင်းကဲ့သို့(ပေးကမ်းလှူဒါန်းကြ)သောသူတို့သာလျှင် (မိမိတို့ ပေးကမ်းလှူဒါန်းခဲ့ကြသည်များကို အလ္လာဟ်အရှင်မြတ်အထံတော်၌)တိုးပွားစေကြသူများဖြစ်ကြကုန်၏။

[40] အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင်အသင်တို့အား သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ (အသင်တို့ ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက် ကိုးကွယ်လျက် ရှိကြကုန်သော)အသင်တို့၏ တွဲဖက်များတွင် ဤသည်တို့အနက် မည်သည့်တစ်စုံတစ်ရာကိုမဆို ပြုစွမ်းနိုင်သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလေသလော။ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း မြင့်မြတ်လှတော်မူပေသည် တကား။

[41] လူတို့၏လက်များက ဆည်းပူးခဲ့ကြသော(မကောင်းမှုဒုစရိုက်တို့)ကြောင့် ကုန်းမြေ၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌လည်းကောင်း၊ ပျက်စီးမှု (ဘေးဥပါဒ်များ)သည် ဖြစ်ပေါ်၍နေချေပြီ။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့ကျင့်မူခဲ့ကြသော ပြစ်မှုအချို့၏ရသာကို ၎င်းတို့အား မြည်းစမ်းစေတော်မူမည် ဖြစ်ပေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏ ပြစ်မှုများမှ) ပြန်လှည့်ကြပေမည်။

[42] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာကြပြီးလျှင် ယခင်က ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို ကြည့်ရှု(လေ့လာ)ကြလေကုန်။ ၎င်းတို့အနက် အများစုမှာမူကား "မုရှ် ရစ်က်" အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[43] သို့ဖြစ်ပေရာ အသင်သည် မိမိ၏မျက်နှာကို(ဤသို့) ဖြောင့်မတ်သော ‘ဒီန်’ သာသနာပေါ် မြဲမြံတည်တံ့စွာ ထားရှိလော့၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရွှေ့ပြောင်းမှုအလျှင်းရှိမည် မဟုတ်သောနေ့ ဆိုက်ရောက်မလာမီ ထိုနေ့တွင်လူတို့သည် တကွဲစီရှိ ကြပေမည်။

[44] မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့မူ ၎င်း၏သွေဖည်မှုသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်ခဲ့မူ ၎င်းတို့သည် မိမိတို့အကျိုးငှာ စီမံဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်။

[45] သို့မှသာလျှင် ထိုအရှင်မြတ်သည် ‘အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူတည်ဆောက် ခဲ့ကြကုန်သောသူများအား မိမိကျေးဇူးတော်ဖြင့်(ကောင်းမြတ်သော) အစားကို ပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် သွေဖည်ငြင်းပယ်သော သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။

[46] စင်စစ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများအနက်မှ ထိုအရှင်မြတ်သည် ရှေ့ပြေးသတင်းကောင်း အဖြစ်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်၏ရသာကို အသင်တို့အား မြည်းစမ်းစေတော်မူအံ့ သောငှာလည်းကောင်း၊ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ရွက်သင်္ဘောများသည် (ပင်လယ်သမုဒ္ဒရာ)၌ သွားလာနိုင်ကြအံ့သောငှာလည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေနိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာလည်းကောင်း(မိုးမရွာမီ) လေများကို စေလွှတ်တော်မူခြင်းပင် ဖြစ်ပေသည်။

[47] ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။

[48] အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် (တစ်ခါတစ်ရံ) ယင်းမိုးတိမ်များကို မိမိ အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်၌ ဖြန့်တော်မူ၏။ (တစ်ခါတစ်ရံ) ထိုအရှင်မြတ်သည် ယင်းမိုးတိမ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်တော်မူ၏။ ထို့နောက် အသင်သည် ယင်းမိုးတိမ်များ၏အကြားမှ မိုးရေ (ကျလာသည်)ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးရေကို မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူ၏ထံသို့ သက်ရောက်စေတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်ကြကုန်၏။

[49] အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။

[50] သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(တည်းဟူသော မိုးရွာသွန်းခြင်း)၏ အမှတ်လက္ခဏာများကို ကြည့်လေ။ ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေ (သွေ့ခြောက်) သေပြီးနောက် မည်သို့ ရှင်စေတော်မူခဲ့ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် သူသေတို့အား ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[51] သို့ရာတွင် အမှန်ပင် အကယ်၍ ငါအရှင်မြတ်သည် (အခြားသော)လေတစ်မျိုးကို စေလွှတ်တော်မူ၍ ၎င်းတို့သည် ထိုလယ်ယာကို ဝါ၍နေသည်ကို တွေ့မြင်ခဲ့ကြလျှင် ၎င်းတို့သည် ထို(သို့ဝါသွားသည့်) နောက်တွင် အမှန်ပင် ကျေးဇူးကန်းကြကုန်အံ့သတည်း။

[52] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ဧကန်အမှန် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ထိုနည်းတူစွာ အသင်သည် နားပင်းသူတို့အားလည်း ၎င်းတို့ကျောခိုင်းလှည့် ပြန်သွားကြသောအခါ ဟစ်ခေါ်သံကို ကြားစေနိုင်သည် မဟုတ်ပေ။

[53] ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏လမ်းလွဲခြင်းမှ (ကယ်တင်ခြင်းငှာ) တရားလမ်းကို ပြသနိုင်မည်မဟုတ်ပေ။ အသင်သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်၍(အမိန့်တော်များကို) နာခံသော သူတို့အားသာလျှင် ကြားစေနိုင်ပေသတည်း။

[54] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား အားနည်းရာမှ ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်(ယင်း)အားနည်းမှု၏ နောက်တွင် ခွန်အားကို ပြုလုပ်၍ ပေးတော်မူ၏။ ထို့နောက်တဖန် ထိုအရှင်မြတ်သည် (ထို)ခွန်အား၏နောက်တွင် အားနည်းမှုကိုလည်းကောင်း၊ အသက်အရွယ်အိုမင်းရင့်ရော်မှုကို လည်းကောင်း၊ ပြုလုပ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော အရာကို ဖန်ဆင်းတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အလွန်တရာ သိတော်မူသော(အရာခပ်သိမ်းတို့ကို) စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[55] ၎င်းပြင်"ကိယာမတ်"ရှင်ပြန်ထမည့်နေ့၏ အချိန်အခါ ဆိုက်ရောက်လာသောနေ့တွင် ပြစ်မှုကျူးလွန်ခဲ့ကြကုန်သော သူတို့သည် မိမိတို့မှာ တစ်နာရီထက်ပို၍ နေခဲ့ကြသည်မဟုတ်ဟု(ကျိန်တွယ်၍ပြောဆို)ကြပေမည်။ ၎င်းတို့သည် ဤနည်းအတိုင်းပင်(လောကီဘဝ၌)လှည့်စားလျက် ရှိခဲ့ကြကုန်၏။

[56] သို့ရာတွင် အသိပညာကိုသော်လည်းကောင်း၊ "အီမာန်" ယုံကြည်မှုကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့မှာမူကား "မချွတ်ဧကန် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်တွင် ပါရှိသည်နှင့်အညီ၊ ရှင်ပြန်ထမည့်နေ့(အထိ) နေခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ဤသည်ပင်လျှင် ရှင်ပြန်ထမည့်နေ့ ဖြစ်ပေသည်။ သို့သော် အသင်တို့သည် မယုံကြည်ခဲ့ကြပေ"ဟုပြောဆိုကြကုန်အံ့။

[57] သို့ဖြစ်ပေရာ ထိုနေ့တွင် မတရားပြုလုပ်ခဲ့ကြသော သူတို့အား ၎င်းတို့၏ အကြောင်းပြချက်သည် အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အမှားကိုပြုပြင်ရန်လည်း တောင်းဆိုခြင်းကို ခံကြရမည် မဟုတ်ပေတကား။

[58] စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အကျိုးငှာ ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်အမျိုးစုံတို့ကို ခိုင်းနှိုင်းထားတော်မူ၏။ သို့ရာတွင် အကယ်၍ အသင်သည် ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာကို ဆောင်ယူလာပါလျှင် ဧကန်အမှန် သွေဖည်ငြင်းပယ်ကြသောသူတို့က "အသင်တို့သည် လူလိမ်များသာလျှင်ဖြစ်ကြသည်" ဟု ပြောဆိုကြပေမည်။

[59] အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးများအပေါ်၌ ဤအတိုင်းပင် တံဆိပ် ခတ်နှိပ်တော်မူသည်။

[60] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ခန္တီတရားထားရှိပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သော ကတိတော်ပင် ဖြစ်သည်။ ၎င်းပြင် မယုံကြည်သောသူတို့သည် အသင့်အား သည်းမခံနိုင်အောင် မပြုကြစေရ။

လုက္ကမန်

Surah 31

[1] အလစ်ဖ်၊ လာမ်၊ မီမ်။

[2] ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံသော ကျမ်းဂန်၏(အကြင်) အာယတ်တော်များပင်။

[3] (ယင်း အာယတ်တော်များသည် အကြင်) သူမွန်သူမြတ်တို့အဖို့ တရားလမ်းညွှန်သည်လည်း ကောင်း၊ ကရုဏာတော်သည်လည်းကောင်း ဖြစ်ကြပေသည်။

[4] (ထိုသူမွန်သူမြတ်တို့သည်) ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ၎င်းပြင် ဇကာတ် ပေးဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် တမလွန်ဘဝကို ယုံကြည်ကြကုန်၏။

[5] ထိုသူတို့ကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်မှ တရားလမ်းမှန်ပေါ်၌ (ရပ်တည်လျက်) ရှိကြပေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်မှုရရှိသောသူများ ဖြစ်ကြကုန်သတည်း။

[6] း 6| စင်စစ်သော်ကား လူတို့အနက် အသိပညာသက်သေအထောက်အထားမရှိဘဲ(သူတစ်ပါးတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေအံ့သောငှာလည်းကောင်း၊ ယင်းလမ်းတော်ကို ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်အံ့သောငှာလည်းကောင်း၊ အချည်းနှီး အကျိုးမဲ့သောစကားကို ဝယ်ယူသောသူလည်းရှိ၏။ ယင်းကဲ့သို့သောသူတို့၌ဂုဏ်အသရေ ပျက်စေသောပြစ်ဒဏ်ရှိချေမည်။

[7] ၎င်းပြင် ထိုသူ၏ရှေ့၌ ငါအရှင်မြတ်၏ အာယတ် တော်များ ဖတ်ကြားသောအခါ ထိုသူသည် ယင်း(အာယတ်တော်)များကို မကြားဘိသကဲ့သို့ လည်းကောင်း၊ ထိုသူ၏နားနှစ်ဖက်သည် ပင်းနေဘိသကဲ့သို့လည်းကောင်း မျက်နှာလွှဲ၍ သွားလေ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော၊်)အသင်သည်၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်းသော သတင်းကို ပြောကြားပါလေ။

[8] ဧကန်မလွဲ အီမာန် သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ ရှိကြပေသည်။

[9] (၎င်းတို့သည်) ယင်းဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ (ဤသည်) အလ္လာဟ် အရှင်မြတ်က မှန်ကန်စွာ ကတိထားရှိတော်မူခြင်းပင် ဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[10] ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။

[11] ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ^ဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။

[12] ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။

[13] ၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမဩဝါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။

[14] ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။

[15] သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။

[16] အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထဝီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာ သိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။

[17] အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတိ္တနှင့်သက်ဆိုင်သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။

[18] ၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။

[19] ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။

[20] အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။

[21] ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)

[22] စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။

[23] သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[24] ငါအရှင်မြတ်သည် နေ့ရက်အနည်းငယ်မျှပင်၊၎င်းတို့အား အကျိုးခံစားခွင့်ပေးတော်မူသည်။ ထို့နောက်ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်သို့ အတင်းအကြပ်မောင်းနှင် ပို့ဆောင်တော်မူအံ့သတည်း။

[25] စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား မိုးကောင်းကင်များနှင့်ပထဝီမြေကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါလျှင် မုချဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင် (ဖန်ဆင်းတော်မူခဲ့သည်)ဟု ပြောဆိုကြမည်သာ။(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာ အပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင်ခံယူထိုက်တော်မူ၏။ သို့ရာ တွင် ၎င်းတို့အနက် အများစုမှာမူကား မသိကြပေ။

[26] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာချည်းသာဖြစ်ကုန်၏။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ် သည်သာလျှင် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသော၊ ချီးမွမ်းခြင်းခံရတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[27] စင်စစ်သော်ကား၊ အကယ်၍ အမှန်ဧကန်ပထဝီမြေ၌ ရှိကုန်သော သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်၍ သမုဒ္ဒရာပင်လယ်သည် (မင်ဖြစ်ပြီး၊ ယင်းပင်လယ်ကုန်ခန်းပြီးနောက်) သမုဒ္ဒရာ ပင်လယ်ခုနစ်ခုသည် ယင်း(ခန်းခြောက်ပြီးဖြစ်သော) ပင်လယ်ကို ထပ်မံ၍ဖြည့်အံ့ငြားလည်းအလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကား ကုန်ဆုံးမည်မဟုတ်ပေ။ မချွတ်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[28] အသင်တို့အား ဖန်ဆင်းတော်မူခြင်းနှင့် အသင်တို့အား (သေပြီးနောက်တဖန်) ရှင်ပြန်ထစေတော်မူ ခြင်းသည်လူတစ်ယောက်(ကိုဖန်ဆင်းတော်မူခြင်း၊ သို့မဟုတ် လူတစ်ယောက်အား ရှင်ပြန်ထစေတော်မူခြင်း) ကဲ့သို့သာဖြစ်သည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာကြားတော်မူသော၊ အလွန်တရာ မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[29] အသင်သည် မသိမမြင်ခဲ့လေသလော၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့တွင်လည်းကောင်း၊ နေ့(၏ အစိတ်အပိုင်းများ)ကို ညတွင်လည်းကောင်း ဝင်စေတော်မူ၏။ ထို့ပြင်၊ ထိုအရှင်မြတ်သည် ‘နေ’ကိုလည်းကောင်း၊ ‘လ’ ကို လည်းကောင်း နိုင်နင်းစေတော်မူ၏။ယင်း (‘နေ’နှင့်’လ’) အသီးသီးတို့သည် သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင်ရှိပေမည်။ ထိုမှတစ်ပါး အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[30] ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။

[31] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် သမုဒ္ဒရာပင်လယ်၌ ရွက်သင်္ဘောများ သွားလာလှုပ်ရှားလျက်ရှိကြခြင်းမှာ ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အချို့သက်သေသာဓကများကို ပြသတော်မူရန်ဖြစ်ကြောင်းအသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ဤသည်တွင်ကျေးဇူးသိတတ်သော သည်းခံခြင်းတရား ထားရှိသူတိုင်း၏အဖို့အမှန်ပင် သက်သေသာဓကများ ရှိကြပေသည်။

[32] စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။

[33] အို-လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် မိမိသားအဖို့ အသုံးမဝင်သည့်အပြင်၊မည်သည့် သားတစ်ဦးတစ်ယောက်မျှသည်လည်း မိမိဖခင်အဖို့လုံးဝအသုံးဝင်မည် မဟုတ်သောနေ့ကို စိုးရိမ်ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သောကတိပင်ဖြစ်၏။ သို့ဖြစ်ပေရာ လောကီဘဝ၌ အသက်ရှင်ခြင်းသည် အသင်တို့အား လှည့်ဖြားခြင်းမပြုစေရ။ ထိုနည်းတူစွာ၊ထိုလှည့်စားသူ (ရှိုင်တွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရပေတကား။

[34] ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌ မည်သည့်အ ရာ ရှိသည်ကိုလည်းထိုအရှင်မြတ်သာလျှင် သိတော်မူ၏။ စင်စစ်သော်ကား မည်သူတစ်ဦးတယောက်မျှပင် ၎င်းမှာ နက်ဖြန်မည်သည့်အမှုကိစ္စပြုလုပ်မည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သာလျှင်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

ဦးညွှတ်ခြင်း

Surah 32

[1] အလိဖ်၊ လာမ်၊ မီမ်။

[2] (ဤသည်) ချပေးတော်မူသောကျမ်းဂန်ဖြစ်၏။ဤကျမ်းဂန်နှင့် စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။(ဤသည်) စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ထံတော်မှဖြစ်သည်။(တနည်း) ဤကျမ်းဂန်သည် စကြာဝဠာ ခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှချပေးတော်မူခြင်း ဖြစ်၏။ ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။

[3] ၎င်းတို့က တမန်တော်မြတ်သည် ဤကျမ်းတော်မြတ်ကို ကြံစည်၊ ဖန်တီး(စီကုံးရေးသား)ခဲ့သည်ဟု ဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား ယင်းကျမ်းဂန်သည် အသင့်အလျင် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်မျှ လာရောက်ခဲ့ခြင်း မရှိ သေးသော အမျိုးသားတို့အား၎င်းတို့တရားလမ်းမှန် ရရှိကြအံ့သောငှာ အသင် သတိပေးနှိုးဆော်ရန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ(ချပေးသနားတော်မူသောမှန်ကန်သောကျမ်းဂန်)ပင် ဖြစ်ပေသတည်း။

[4] အလ္လာဟ်အရှင်မြတ်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ ကိုလည်းကောင်း၊ခြောက်ရက်တွင် ဖန်ဆင်းတော်မူပြီး နောက် အရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။ သို့ပါလျက်အသင်တို့ သတိမမူ နားမလည်ကြလေသလော။

[5] ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ပထဝီမြေအထိ အမှုကိစ္စအရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ ထို့နောက်ယင်းအမှုကိစ္စတို့မှာ အသင်တို့ရေတွက်ကြကုန်သော အရေအတွက်ဖြင့် အနှစ်တစ်ထောင်အတိုင်း အတာရှိသော နေ့တစ်နေ့တွင် ထိုအရှင်မြတ် အထံတော်သို့ တက်သွားပေမည်။

[6] ထိုအရှင်မြတ်သည်ပင် ဖုံးကွယ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသော၊ တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသော၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။

[7] အကြင် အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သောအရာဝတ္ထုတိုင်းကို ကောင်းမွန်စွာ ပြုလုပ်ဖန်ဆင်း တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူသားအား ဖန်ဆင်းခြင်းကိုရွှံ့ညွန်ဖြင့်အစပြုတော်မူခဲ့၏။

[8] ထို့နောက် ထိုအရှင်မြတ်သည် ထိုလူသား၏အဆက်အနွယ်တို့ကို ညှစ်ထုတ်ထားသော အဖိုးမတန်သောရေဖြင့် ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။

[9] ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား နေထားကျနစွာ ပြုလုပ်တော်မူ၍ ၎င်း(၏ ခန္ဓာကိုယ် အတွင်း)၌မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ နားကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူခဲ့၏။ (သို့ပါလျက်) အသင်တို့သည် အနည်းငယ်သာလျှင် ကျေးဇူးတင်ကြကုန်သတည်း။

[10] စင်စစ် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်မြေထဲ၌ ဆွေးမြည့်ပျောက်ပျက် သွားခဲ့ကြသောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရဦးမည်လော ဟုဆိုကြကုန်၏။ စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံမှုကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။

[11] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ထားခြင်းခံရလေသော သေမင်းတမန်သည် အသင်တို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းလေသည်။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင်ပြန်ရောက်စေခြင်းကို ခံကြရကုန်အံ့သတည်း။

[12] အကယ်၍ အသင်တွေ့မြင်ပါလျှင် ထူးဆန်းစွာတွေ့မြင်ရပေမည်။ အကြင်အခါဝယ် အပြစ်ရှိသူတို့သည် (လွန်စွာရှက်ကြောက်၍) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်တွင် မိမိတို့၏ဦးခေါင်းများကိုစိုက်ချလျက် (ရပ်ကြကာ) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(ယခုသော်)ကျွန်တော် မျိုးတို့သည် မြင်လည်းမြင်ကြပါပြီ၊ ကြားလည်းကြားကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား (ကမ္ဘာလောကသို့)ပြန်၍ ပို့ပေးတော်မူပါ။ (ယခုတစ်ကြိမ်သော်ကား) ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြပါတော့မည်။ (ယခုသော်)ကျွန်တော်မျိုးတို့သည် ဧကန်မလွဲ ကောင်းစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ (ဟု လျှောက်ထားအသနားခံကြပေမည်၊)

[13] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူတိုင်းလူတိုင်းအား ၎င်းတို့၏တရားလမ်းမှန်ကို ပေးတော်မူခဲ့မည်ဖြစ်၏။ သို့ရာတွင် မုချဧကန် ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါများဖြင့်လည်းကောင်း၊လူသတ္တဝါများဖြင့်လည်းကောင်း၊ တစ်ပြိုင်နက်တည်း ဂျဟန္နမ် ငရဲဘုံကို ဖြည့်တော်မူမည်ဟူသောအမိန့်တော်သည်ငါအရှင်မြတ် အထံတော်မှ အတည်ပြုပြီးဖြစ်၏။

[14] (သို့ဖြစ်ပေရာ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်) ယခုသော်အသင်တို့သည် မိမိတို့၏ ဤနေ့ဤရက်နှင့် တွေ့ဆုံကြရမည်ကိုမေ့ပျောက်ခဲ့ခြင်း၏ အရသာကို မြည်းစမ်းကြကုန်လော့။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ကျင့်မူလျက်ရှိခဲ့ ကြကုန်သောအကျင့်အမူများကြောင့် ထာဝရပြစ်ဒဏ် ၏အရသာကို (မြိန်ရှက်စွာ) မြည်းစမ်းကြကုန်လော့။

[15] ငါအရှင်မြတ်၏ အာယတ်တော်များကို အကြင်သူတို့သည်သာလျှင် သက်ဝင်ယုံကြည်ကြကုန်၏။ ထိုသူတို့သည်ယင်းအာယတ်တော်များဖြင့် သတိပေးခြင်းကိုခံခဲ့ကြရသောအခါ ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်ဝယ်) စဂျ်ဒဟ် ပျပ်ဝပ် ဦးချလျက်ကျလာကြကုန်၏။ ထို့ပြင်၎င်းတို့သည် မိမိတို့၏အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ(ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုကြသည့်ပြင် ၎င်းတို့သည် မာနထောင်လွှားခြင်း လည်း မရှိကြပေ။(စဂျ်ဒဟ်)

[16] ထိုသူတို့၏ နံဘေးများသည် အိပ်ရာများမှ ခွဲခွာလျက်ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့၏အရှင်မြတ်အားကြောက်ရွံ့စွာလည်းကောင်း၊ မျှော်လင့်စွာလည်းကောင်း၊ ဟစ်ခေါ်တçသကြသည့်ပြင် ၎င်းတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲလှူဒါန်းခြင်းကိုလည်းပြုလုပ်ကြကုန်သည်။

[17] စင်စစ်သော်ကား မိမိတို့အဖို့ မိမိတို့ကျင့်မူလျက်ရှိခဲ့ကြသည်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်စွာထားရှိပြီးဖြစ်သော မျက်စိအေးမြကြည်လင်မှုကို မည်သူတဦးတစ်ယောက်မျှပင် မသိပြီတကား။

[18] သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူသည် အမိန့်တော်ကို ဖီဆန်သောသူကဲ့သို့ ဖြစ်ပါ သလော။(အလျှင်းမဟုတ်)၊ ၎င်းတို့သည် မတူညီကြပေ။

[19] မည်သို့ပင်ဖြစ်စေ၊ အီမာန် သက်ဝင်ယုံကြည်မှုထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကိုကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အဖို့ ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသည့် (ကောင်းမြတ်သော) အကျင့်အမူများကြောင့် ဧည့်ခံသောအားဖြင့် ခိုလှုံနေထိုင်ရာဥယျာဉ်များ ရှိကြပေမည်။

[20] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကိုဖီဆန်ခဲ့ကြကုန်သော သူတို့၏ခိုလှုံရန်ဌာနမှာမူကား ငရဲပင်ဖြစ်လေ၏။ ၎င်းတို့သည် မည်သည့်အခါမျိုးမဆို ယင်းငရဲမှထွက်ရန် ကြံရွယ်ခဲ့ကြလျှင် ထိုငရဲမီးထဲသို့ပင် ပြန်လည်တွန်းပို့ြ့ခင်းကိုခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့မှာ အသင်တို့သည်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြကုန်သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုခြင်းကိုလည်းခံကြရပေမည်။

[21] ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုတွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကိုစွန့်ပြီး) ပြန်လှည့်၍လာကြအံ့သောငှာ မုချစင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုကြီးစွာသောပြစ်ဒဏ်အပြင် ဤပစ္စက္ခတွင်ပင် သေးငယ်သောပြစ်ဒဏ်ကိုလည်း မြည်း စမ်းစေအုံးမည်။

[22] အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များအားဖြင့် သတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် ထိုသူသည် ယင်းအာယတ်တော်များမှမျက်နှာလွှဲခဲ့၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား တုံ့ပြန်လက်စားချေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[23] ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူစာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန်ဓမ္မက္ခန်ကို အစ္စရာအီလီ မျိုးနွယ်တို့အဖို့ တရားလမ်းညွှန်ပြုလုပ်တော်မူခဲ့၏။

[24] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အနက် ၎င်းတို့သည် သည်းခံခဲ့ကြသောအခါ၊ ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်ခန့်အပ်တော်မူခဲ့၏။ ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါအရှင်မြတ်၏အမိန့်တော်နှင့် တရားလမ်းညွှန်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်သူများလည်း ဖြစ်ခဲ့ကြကုန်၏။

[25] ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင် (မုအ်မင်န် သက်ဝင်ယုံကြည်သူများနှင့် မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်)သူတို့၏အကြားဝယ် ၎င်းတို့ သဘောကွဲလွဲလျက်ရှိခဲ့ကြ ကုန်သောအရေးကိစ္စနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော် မူအံ့သတည်း။

[26] ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောမျိုးနွယ်တို့ကို (သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့၍၊ ၎င်းတို့ သည် (ဖျက်ဆီးခြင်းခံခဲ့ကြရသော)သူတို့၏ နေထိုင်ရာ ဒေသများ၌ (ဖြတ်သန်း)သွားလာလျက် ရှိကြသည်။ ဤသည် ၎င်းတို့အဖို့ တရားလမ်းညွှန် မဖြစ်လေသလော။ ဧကန်စင်စစ် ဤ(ဖြစ်ရပ်)၌ အမှန်ပင်သက်သေ အထောက်အထားများသည် ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် မကြားကြလေသလော။

[27] ၎င်းတို့သည် စဉ်းစားဆင်ခြင်တွေ့မြင်ကြသည်မဟုတ်လော၊ ဧကန်အမှန် ငါအရှင်မြတ်သည် (မိုး)ရေကိုခြောက်သွေ့လျက်ရှိသောမြေယာသို့ မောင်းနှင်ပို့ပေးတော်မူ၏။ထို့နောက် ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကို ထွက်စေတော်မူ၏။ ထို(ပေါက်ရောက်သော) ကောက်ပဲသီးနှံတို့မှ ၎င်းတို့ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်းစားကြကုန်၏။ ၎င်းတို့ကိုယ်တိုင်လည်း စားသုံးကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် မမြင်ကြလေသလော။

[28] ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများ ဖြစ်ကြပါလျှင် ဤစီရင် ဆုံးဖြတ်မှုသည်မည်သည့်အခါ၌ ဖြစ်အံ့နည်း ဟု ပြောဆိုကြ ကုန်၏။

[29] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထို စီရင်ဆုံးဖြတ်ကြမည့်နေ့ တွင် ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ယုံကြည်မှုသည်၎င်းတို့အား အကျိုးပေးမည် မဟုတ်ပေ။

[30] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည်4င်းတို့(၏ပြန်ပြောဆိုမှုကို လျစ်လျူရှု၍)အလ္လာဟ်အရှင်မြတ်ချိန်းချက်ထားတော်မူသော အဆုံးအဖြတ်ကိုစောင့်ဆိုင်းလျက်၊ရှိကြပါလေ။ 4င်းတို့သည်လည်း(မိမိတို့ ယူဆချက်အရ အသင့်အား အန္တရာယ်ပြုရန် စောင့်ဆိုင်းနေကြသူများပင် ဖြစ်ကြကုန်သတည်း။)

မဟာမိတ်များ

Surah 33

[1] အို-နဗီတမန်တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့၍ပင်နေပါလေ၊ ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာပါလေနှင့်။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြင်းမဲ့သိတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[2] သို့ရာတွင် အသင်သည် မိမိထံသို့ မိမိအရှင်မြတ်အထံတော်မှ ထုတ်ပြန်ခြင်းခံရသောအမိန့် တော်များကိုသာလျှင် လိုက်နာဆောင်ရွက်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို ကောင်းစွာကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[3] ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။

[4] အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူတစ်ဦးတစ်ယောက်အဖို့မျှ ၎င်း၏ခန္ဓာကိုယ်၌ စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မူခဲ့သည်မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများကို အသင်တို့၏မိခင်(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်တို့ ထိုဇနီးမိန်းမတို့အား အသင်မသည် ကျွန်ုပ်အပေါ်၌ မိခင်ကဲ့သို့’ဟရာမ်’ ဖြစ်သည် ဟု ပြောဆို၍(ဇိဟာရ် ပြုလုပ်)ကြကုန်၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏ သား(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထိုသည်တို့ကား အသင်တို့ မိမိတို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ ပြောဆိုချက်မျှပင်ဖြစ်ပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်ကို မိန့်ကြားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် သည်သာလျှင် (ဖြောင့်မတ်သော)လမ်းကို ညွှန်ပြတော်မူ၏။

[5] အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[6] နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ပိုမို၍နီးစပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။

[7] ၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။

[8] (ယင်းကဲ့သို့ ပဋိညာဉ်ယူခဲ့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သစ္စာဝါဒီတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) ၎င်းတို့၏ သစ္စာရှိမှုနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းတော်မူအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်သော်ကားထိုအရှင်မြတ်သည် ကာဖိရ် သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပေသတည်း။

[9] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (ပြုတော်မူခဲ့သော) ကျေးဇူးတော်ကို ပြန်လည်သတိရရှိ ကြလေကုန်။ အခါတစ်ပါး၌ အသင်တို့ထံသို့ များစွာသော စစ်တပ်များသည်(တိုက်ခိုက်ရန်)ချီတက်၍လာခဲ့ကြကုန်၏။ ထို့ နောက်ငါအရှင်မြတ်သည်စစ်တပ်များအပေါ်၌ လေပြင်းတစ်ခုကိုလည်းကောင်း၊ အသင်တို့မမြင်ကြရသော စစ်တပ်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည် တို့ကိုကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[10] အကြင်အခါဝယ် ထိုစစ်တပ်များသည် အသင်တို့၏ အထက်ဘက်မှလည်းကောင်း၊ အသင်တို့၏ အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြကုန်၏။ ထိုမှတစ်ပါးအကြင်အခါဝယ် မျက်စိများသည် (ကြောက်ရွံ့ထိတ်လန့်မှုကြောင့်) ပြူး၍သွားခဲ့ကြကုန်၏။ ထို့ပြင် နှလုံးများမှာလည်းလည်မျိုသို့ရောက်ရှိ၍သွားခဲ့ကြ၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အမျိုးမျိုးသောထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြကုန်သတည်း။

[11] ထိုရောအခါဝယ် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့မှာ စမ်းသပ်ခြင်းခံခဲ့ကြရသည့်ပြင်၊ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားစေခြင်းကိုလည်း ခံခဲ့ကြရကုန်၏။

[12] ထိုမှတစ်ပါး အကြင်အခါဝယ် မုနာဖစ်က်အယောင်ဆောင်မုစ်လင်မ်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူတို့က အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်သည်လည်းကောင်း၊ ကျွန်ုပ်တို့အားဖြားယောင်းခြင်းမှတစ်ပါး မှန်ကန်သောကတိကို ပေးခဲ့ကြသည်မဟုတ် ဟု ပြောဆိုလျက် ရှိခဲ့ကြကုန်၏။

[13] ၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။

[14] စင်စစ်သော်ကား ၎င်းတို့ထံ ယင်း ယတ်ဆရစ်ဗ် မြို့၏ ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ် စစ်သည်တို့သည်) ဝင်ရောက်ခဲ့ကြသော် ထို့နောက် ၎င်းတို့သည် ဖျက်ဆီးမှုပြုရန် (မုစ်လင်မ်တို့နှင့် တိုက်ခိုက်ရန်) တောင်းဆိုခြင်းကိုခံခဲ့ကြရသော် ၎င်းတို့သည် ထိုအိမ်များ၌ အနည်းငယ်မျှသာဆိုင်းငံ့ပြီး ရုတ်တရက်ချက်ချင်းပင်လျှင် ယင်းဖျက်ဆီးမှု (တိုက်ခိုက်မှု)ကို အမှန်ပင်လက်ခံပြုလုပ်ကြမည်သာ။

[15] မချွတ်မလွဲ ၎င်းတို့သည် ရှေးဦးမဆွက ကျောခိုင်း၍ထွက်ပြေးကြမည်မဟုတ်ပါ ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့ပြီးဖြစ်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ စစ်ဆေးမေးမြန်းခံရအံ့သော ကတိဝန်ခံချက်ပင် ဖြစ်ချေသည်။

[16] အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊(အို-အချင်းတို့) အကယ်၍ အသင်တို့သည် သေဘေးမှသော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးမှ သော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြလေသော် အသင်တို့အား ယင်းထွက်ပြေးခြင်းသည် အလျှင်းအကျိုးရှိ စေမည်မဟုတ်ပေ။ ၎င်းပြင်ထိုအခါ အသင်တို့သည်(ထွက်ပြေးခြင်းဖြင့်) အနည်းငယ်မျှမှအပ အကျိုးခံစား ရမည်လည်း မဟုတ်ပေ။

[17] အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်အသင်တို့နှင့် ပတ်သက်၍ ဘေးအန္တရာယ် တစ်စုံတစ်ရာကိုရည်စူးတော်မူခဲ့သည်ရှိသော် မည်သူသည် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ ကာကွယ်စောင့်ရှောက်နိုင်အံ့နည်း။သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ကျေးဇူးတစ်စုံတစ်ရာကို ရည်စူးတော်မူခဲ့ပါလျှင် (မည်သူသည်ပိတ်ပင်တားဆီးနိုင်အံ့နည်း)။ ထိုမှတစ်ပါး ၎င်းတို့သည်အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့အဖို့ ကူညီအားပေးသူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေ။ ကာကွယ်သူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေတကား။

[18] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် နှောင့်ယှက်တားဆီးကြသောသူတို့အား လည်းကောင်း၊ မိမိတို့၏ညီအစ်ကိုများအား အသင်တို့သည် ကျွန်ုပ်တို့ထံလာခဲ့ကြကုန်လော့ ဟု ပြောဆိုကြကုန်သော သူတို့အားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား၎င်းတို့သည် အမည်ခံအားဖြင့်သာလျှင် စစ်တိုက်ရာသို့လာကြကုန်၏။

[19] အသင်တို့အပေါ်၌ တွန့်တိုကြလျက် တဖန်စိုးရိမ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့သည်ရှိသော် ၎င်းတို့သည် သေခြင်းတရား ဆိုက်ရောက်လာသဖြင့် မေ့မြောနေသောသူကဲ့သို့ မျက်စိများမူးဝေလျက်ရှိပြီး အသင့်ဘက်သို့ကြည့်ရှုနေကြသည်ကို အသင်သည် တွေ့မြင်ရလေသည်။တဖန် စိုးရိမ်မှု ပပျောက်သွားလေသောအခါ ဝယ် ၎င်းတို့သည်(လက်ရ)ပစ္စည်းများအပေါ်၌ လောဘရမ္မက်ထားရှိကြလျက်ထက်မြက်သောနှုတ်သီးများဖြင့် အသင်တို့အား နာကြည်းစေရန် စောင်းမြောင်းပြောဆိုကြကုန်၏။ ထိုသူတို့ကား သက်ဝင်ယုံကြည်ခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား ဤသည် အလ္လာဟ် အရှင်မြတ်အဖို့ (လွန်စွာ) လွယ်ကူလှပေတကား။

[20] ၎င်းတို့သည် သွေးစည်းထားသော (ကာဖိရ်မဟာမိတ်)အုပ်စုတို့မှာ (ယခုတိုင်အောင်) မသွားကြသေး ဟုထင်မှတ်နေကြကုန်၏။ သို့ရာတွင် ထိုသွေးစည်းထားသော အုပ်စုများရောက်ရှိ၍ လာကြလျှင်၊ ၎င်းတို့မှာ အကယ်၍ ကျွန်ုပ်တို့သည် ကျေး လက်တောရွာများ၌ နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်းမေးမြန်းလျက်ရှိကြသော် ကောင်း လေစွဟု နှစ်သက်လိုလားကြပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်မျှသာလျှင် တိုက်ခိုက်ကြပေမည်။

[21] ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာ အောက်မေ့တçသç သတိရလျက်ရှိသူ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။

[22] အမှန်စင်စစ်သော်ကား မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့သည် သွေးစည်းထားသောအုပ်စု တို့အားတွေ့မြင်ခဲ့ကြသောအခါ ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်မြတ်သည်လည်းကောင်း၊ ချိန်းချက်တော်မူခဲ့သောကိစ္စပင်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်မြတ်သည်လည်းကောင်း၊ မှန်ကန်စွာ(သတင်းပေး)မိန့်ကြားတော်မူခဲ့သည်ဟုပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ယင်းကိစ္စသည် ၎င်းတို့၌ အီမာန်ယုံကြည်မှုနှင့်လိုက်နာမှုကိုသာ တိုးပွားများပြားစေခဲ့လေသတည်း။

[23] မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့ထားရှိခဲ့ကြသော ပဋိညာဉ်နှင့်အညီ မှန်ကန်စွာပြုလုပ်ခဲ့ကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အနက် မိမိတို့၏အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သူများလည်းရှိကြ၏။ ထို့ပြင် ၎င်းတို့အနက်(မိမိတို့၏ အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ရန်)စောင့်စားနေသူများလည်းရှိကြကုန်၏။ ၎င်းတို့သည် အနည်းငယ် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ကြပေ။

[24] (ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သစ္စာဝါဒီတို့အား ထိုသူတို့၏သစ္စာရှိမှုကြောင့် အစားပေးတော်မူအံ့သောငှာလည်းကောင်း၊ အကယ်၍ အလိုရှိတော်မူခဲ့ပါလျှင် မုနာဖစ်က် အယောင်ဆောင် မုစ်လင်မ်တို့အားပြစ်ဒဏ် ပေးတော်မူအံ့သောငှာ သို့မဟုတ် (အလိုရှိတော်မူပါလျှင်) ထိုသူတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူအံ့ သောငှာလည်းကောင်း၊ ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော၊ အလွန်တရာ ကရုဏာပြုတော် မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[25] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့သည် မည်သည့် ကောင်းကျိုးကိုမျှ မရရှိခဲ့ကြဘဲ၊ ၎င်းတို့၏ အမျက်ဒေါသနှင့်တကွ ပြန်သွားစေတော်မူခဲ့၏။ ၎င်းပြင် စစ်မက်တိုက်ခိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ လုံလောက်တော်မူခဲ့၏။ စင်စစ်မှာကားအလ္လာဟ် အရှင်မြတ်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော၊ အလွန်တရာ လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[26] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အားကူညီထောက်မခဲ့ကြကုန်သော ကျမ်းဂန်ရရှိသူတို့အား ၎င်းတို့၏ခံတပ်များမှ ထွက်စေတော်မူခဲ့သည့်ပြင် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်းတော်မူခဲ့ရာအသင်တို့သည် ၎င်းတို့အနက် လူတစ်စုကို သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူကား (သုံ့ပန်းများအဖြစ်) ဖမ်းဆီးချုပ်နှောင်ကြကုန်၏။

[27] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူတို့၏မြေကိုလည်းကောင်း၊ ထိုသူတို့၏ နေအိမ်များကိုလည်းကောင်း၊ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ထို့ပြင် အသင်တို့ခြေမချရသေးသော မြေကိုလည်းကောင်း၊ အသင်တို့အားအမွေဆက်ခံစေတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[28] အို-နဗီတမန်တော်၊ အသင်သည် မိမိ ကြင်ရာတော်များအား ပြောကြားပါလေ။ အကယ်၍ အသင်မတို့သည်လောကီဘဝကိုလည်းကောင်း၊ ယင်းလောကီ ဘဝ၏လှပတင့်တယ်မှုကိုလည်းကောင်း အလိုရှိကြပါလျှင်၊ အသင်မတို့လာကြပါကုန်၊ ငါသည် အသင်မတို့အား ကျေနပ်အောင်အကျိုးခံစားစေ၍ ကောင်းမွန်စွာ စွန့်လွှတ်လိုက်မည်။

[29] သို့ရာတွင် အကယ်၍အသင်မတို့သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း၊ရည်စူးကြပါလျှင် မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့အနက် ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူမတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူသည်။

[30] အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက် မည်သူမဆို ထင်ရှားစွာသာမဖွယ်မရာအမှုကိစ္စ တစ်စုံတစ်ခုကို ပြုလုပ်သည် ရှိသော်၎င်းမှာ နှစ်ဆတိုး၍ ပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၌ ယင်းကဲ့သို့ ပြုလုပ်ရန်လွယ်ကူပေသတည်း။

[31] ထိုနည်းတူစွာ မည်သူမဆို အသင်မတို့အနက်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊လိုက်နာသည်ရှိသော်၊ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်သော် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏အကျိုးကို နှစ်ဆချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါးငါအရှင်မြတ်သည် ၎င်း၏အဖို့ မြင့်မြတ်လှစွာသော ရိက္ခာကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ချေသတည်း။

[32] အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော် အပေါင်းတို့၊ အသင်တို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အပြစ်မှကြဉ်ရှောင်ကြပါလျှင်အသင်တို့သည် စကား ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြကုန်လင့်။ သို့ရှိခဲ့ကြ ပါလျှင် စိတ်တွင်း၌ ရောဂါရှိသောသူသည်ရမ္မက် ထားရှိလာပေမည်။ သို့ရာတွင် အသင်တို့သည် ထုံးစံအတိုင်းသာလျှင် စကားပြောဆိုမှုကိုပြုကြလေကုန်၊

[33] ထိုမှတပါး အသင်တို့သည် မိမိတို့နေအိမ်များ၌ပင်တည်ငြိမ်စွာနေကြလေကုန်၊ ထို့ပြင် ရှေးဟောင်း အမိုက်ခေတ်တွင် မိမိတို့ကိုယ်ကို ပြကြသကဲ့သို့ အသင်တို့သည် မိမိတို့ကိုယ်ကို မပြကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘ဆွလာတ်’ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ထို့ပြင် အသင်တို့သည်’ဇကာတ်’ ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အမိန့်တော်ကိုလည်းကောင်း၊လိုက်နာကြလေကုန်။ အို-(နဗီတမန်တော်မြတ်၏) အိမ်တော်သူ အိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့မှမစင်ကြယ်မှုကို ပပျောက်စေတော်မူရန်နှင့် အသင်တို့အားကောင်းမွန်စွာ စင်ကြယ်သန့်ရှင်းတော်မူရန် ကိုသာလျှင်ရည်စူးတော်မူ၏၊

[34] ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အိမ်များတွင်ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုလည်းကောင်း၊ ဉာဏ်ပညာများကို လည်းကောင်း၊ကျက်မှတ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာကြားသိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[35] မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။

[36] မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။

[37] ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ သတိရပါလေ) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ် သည်လည်းကောင်း၊ အသင်ကိုယ်တိုင်သည်လည်းကောင်း၊ ကျေးဇူးပြုခဲ့သောသူအား အသင်က အသင် သည် မိမိဇနီးကို (ကွာရှင်းခြင်းမပြုပဲ) မိမိထံ၌ပင် (တရားဝင်ဇနီးအဖြစ်) ထားရှိပါလေ။၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါလေ၊ ဟု ပြောဆို ဆုံးမလျက်ရှိခဲ့၏။ ထို့ပြင် အသင်သည်မိမိစိတ်တွင်းဝယ် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်၍ ထားလေ၏။အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို(နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်သာဖြစ်သည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား စိုးရိမ်လျက်ရှိခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အားသာလျှင် အသင်သည် ပိုမိုစိုးရိမ်ထိုက်၏။ ထို့နောက်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ ၎င်းတို့၏ မွေးစားသားများ၏ ဇနီးမိန်းမများနှင့် ပတ်သက်၍ ထိုမွေးစားသားများသည်၎င်းတို့အား အလိုမရှိတော့သည့်အခါ တစ်စုံတစ်ရာ ကျပ်တည်းမှုမရှိရန် ဇိုက်ဒ် သည် ထိုမိန်းမအားအလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ပေးတော်မူလိုက်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်မည်သာတည်း။

[38] အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အပေါ်၌ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်တင်ခြင်းမရှိပေ။ (ဤသည်)ရှေးယခင်က လွန်ခဲ့ကြသောသူတို့ (တမန်တော်တို့)နှင့်ပတ်သက်သည့် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းအတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ကား ကောင်းမွန်စွာ စီမံပြီးသားဖြစ်ပေသတည်း။

[39] (ထိုသူတို့ကား) အကြင်သူများပင်၊ ၎င်းတို့ သည်အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များကို (တိကျမှန်ကန်စွာ)ပို့ဆောင်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အပြင်မည်သူတစ်ဦးတစ်ယောက် ကိုမျှပင် ကြောက်ရွံ့ကြသည်မဟုတ်ပေ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် စောကြောစစ်ဆေးတော်မူမည့် အရှင်မြတ်အဖြစ် လုံလောက်တော်မူ၏။

[40] မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[41] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အလွန် များပြားစွာ အောက်မေ့တသ သတိရကြလေကုန်။

[42] ထို့ပြင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊(အမြဲတစေ)ထိုအရှင်မြတ်စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြလေကုန်။

[43] ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်။ထိုအရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ကောင်းချီးမင်္ဂလာ ပို့လျက်ရှိကြကုန်၏။ (သို့ပို့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုများမှအလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာသနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[44] ၎င်းတို့သည် ထိုအရှင်မြတ်နှင့် တွေ့ဆုံကြသောနေ့တွင် (ထိုအရှင်မြတ်၏)၎င်းတို့အား နှုတ်ခွန်းဆက်တော် မူမည့် စကားမှာ စလာမ် ဟူ၍ပင် ဖြစ်ပေမည်။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် ၎င်းတို့ အဖို့ မြင့်မြတ်လှစွာသော အကျိုးကိုအဆင်သင့် ပြုလုပ်၍ ထားရှိတော်မူပေသတည်း။

[45] အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေး နှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။

[46] ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ဖိတ်ခေါ်သူအဖြစ်လည်းကောင်း၊ လင်းဝင်းတောက်ပသော မီးရှုးမီးတိုင် (သူရိယ)အဖြစ်လည်းကောင်း၊(စေလွှတ်တော်မူ၏)။

[47] းး 47| ထိုမှတစ်ပါး အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် ထံတော်မှ ကြီးကျယ်လှစွာသောကျေးဇူးတော်ရှိကြောင်း သတင်းကောင်းပြောကြားပါလေ။

[48] ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် ၎င်းတို့၏ထိပါးပြောဆိုမှုကို လျစ်လျူရှု၍ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံ လွှဲအပ်ထားပါလေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။

[49] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင် ယုံကြည်သူ အမျိုးသမီးများနှင့် ‘နီကာဟ်’ ပြု ထိမ်းမြားခဲ့ပြီးနောက်၎င်းတို့အား ထိတွေ့ခြင်းမပြုကြသေးမီ အသင်တို့သည် တွလာက်ပေး ကွာရှင်းခဲ့ကြလျှင်၊ အသင်တို့နှင့်ပတ်သက်၍၎င်းတို့အပေါ်၌မည်သည့် အစ်ဒ္ဒတ် ရက်ဆိုင်းငံ့ခြင်းကိုမျှပင်အသင်တို့ ရေတွက်ကြရန် မရှိတော့ပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့အား အကျိုးကျေးဇူး ခံစားစေပြီး ကောင်းမွန်စွာစွန့်လွှတ်ကြလေကုန်။

[50] အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင် မဟရ် ထိမ်းမြားကြေးပေးခဲ့သော အသင်၏ကြင်ရာများကိုလည်းကောင်း၊ အသင့်အား အလ္လာဟ်အရှင်မြတ်က လက်ရပစ္စည်းအဖြစ် ချီးမြှင့်တော်မူခဲ့၍ အသင်ပိုင်ဆိုင်ခဲ့သော ကျွန်မများကိုလည်းကောင်း၊ အသင်နှင့်အတူ ရွှေ့ပြောင်းခဲ့ကြလေသော အသင့်ဘကြီး၊ ဘထွေး၏သမီးများကို လည်းကောင်း၊ အသင့်မိကြီး၊ မိထွေးများ၏သမီးများကိုလည်း ကောင်း၊အသင့်ဦး၊ ဦးရီးများ၏သမီးများကိုလည်းကောင်း၊ အသင့်အရီးကြီး၊ အရီးလေးများ၏ သမီးများကိုလည်း ကောင်း၊အသင့်အဖို့ ဟလာလ်တရားဝင် ပြုလုပ်တော် မူ၏။ထိုနည်းတူစွာ မုအ်မင်န် သက်ဝင်ယုံကြည် သောအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍နဗီတမန်တော်မြတ်အား (မဟရ် ထိမ်းမြားကြေးမယူဘဲ)သက်သက်ပေးအပ်ခဲ့၍ ထိုနဗီတမန်တော်မြတ်သည် လည်းထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်စူးခဲ့ပါလျှင်ထိုအမျိုးသမီးအားလည်း (တရားဝင်ပြုလုပ်တော်မူ၏။ဤခွင့်ပြုချက်မှာ) အခြား မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ မဟုတ်ဘဲ သက်သက် အသင်၏ အဖို့အထူး(ခွင့်ပြုခြင်းပင်)ဖြစ်၏။ ငါအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင် ယုံကြည်သူတို့အပေါ်၌ ၎င်းတို့၏ဇနီးမိန်းမများ၊ ၎င်းတို့၏ ကျွန်မများနှင့်ပတ်သက်၍ ထုတ်ပြန်သတ်မှတ် တော်မူခဲ့သော အမိန့်ပညတ်တော်များကို ဧကန်စင်စစ် ငါအရှင်မြတ်သည် သိရှိတော်မူ၏။ (အသင့်အဖို့ ယင်း အထူးအမိန့်တော်ထုတ်ပြန်တော်မူခြင်းမှာ) အသင့်အပေါ်၌ ကျပ်တည်းမှု တစ်စုံတစ်ရာမရှိရန်(ထုတ်ပြန်တော်မူခြင်း)ပင် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[51] အသင်သည် ထိုကြင်ရာများအနက် မိမိအလိုမရှိသူအားခွဲထား၍ မိမိအလိုရှိသူအား မိမိအပါး၌ ထားရှိနိုင်ပေသည်။ ထိုနည်းတူစွာ အသင်သည် ဘေးဖယ်ထားခဲ့သူအားအလိုရှိခဲ့လျှင်လည်း ပြန်လည်ထားနိုင်သည်။ အသင့်အပေါ်၌အပြစ်တစ်စုံတရာမျှမရှိချေ။ ဤသည် ထိုကြင်ရာတို့၏မျက်စိအေးရန်၊ ထိုကြင်ရာတို့သည် သောကမဖြစ်ကြရန်၊ ထိုကြင်ရာ အားလုံးတို့သည် အသင်ပေးသမျှနှင့် နှစ်သိမ့်ကျေနပ်ကြရန် ပို၍ပင်နီးစပ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ် သည်အသင်တို့၏ စိတ်နှလုံးများ၌ ရှိသမျှတို့ကို ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ အလွန်တရာ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[52] ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[53] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။

[54] အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

[55] ထိုကြင်ရာတော်များအပေါ်ဝယ် မိမိတို့ဖခင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့အစ်ကိုများ၊ မောင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ ထိုနည်းတူစွာ မိမိတို့၏အစ်မများ၊ ညီမများ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့ (သာသနာဝင်)မိန်းမချင်းတို့(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်ကြသော ကျွန်မများ(၏ ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ထိုမှတစ်ပါး (အို-ကြင်ရာတော်အပေါင်းတို့၊) အသင်မတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အသိသက်သေဖြစ်တော် မူပေသတည်း။

[56] ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။

[57] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ စိတ်ဒုက္ခပေးကြကုန်သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။

[58] မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊

[59] အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။

[60] အမှန်စင်စစ်သော်ကား အကယ်၍ မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ်တို့သည်လည်းကောင်း၊ စိတ်တွင်းဝယ် ရောဂါဝေဒနာ ရှိသူတို့သည်လည်းကောင်း၊ မဒီနာမြို့တွင်း၌ ထိတ်လန့်ဖွယ် သတင်းလွှင့်သူတို့သည်လည်းကောင်း၊(မိမိတို့၏ အပြုအမူများကို) မရပ်စဲခဲ့ကြလျှင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်ဝယ် လွှမ်းမိုးစေတော်မူမည်။ ထို့နောက် ၎င်းတို့သည် အသင့်ထံတွင် မဒီနာမြို့၌ အနည်းငယ်မျှသော ကာလမှတစ်ပါး နေကြရမည်မဟုတ်ပေ။

[61] (ယင်းကဲ့သို့ အနည်းငယ်မျှသော ကာလတိုင်အောင် နေပင်နေကြရငြားသော်လည်း ၎င်းတို့မှာ) ကရုဏာတော်မှကင်းဝေးစေခြင်း ခံကြရသူများအဖြစ် (နေကြရသည့်ပြင်) မည်သည့်နေရာ၌မဆို တွေ့ရှိခဲ့ ကြရလျှင် ၎င်းတို့သည်ဖမ်းဆီးခြင်းခံကြရပေမည်။ ထို့ပြင် ၎င်းတို့သည် ပြင်းထန်စွာသတ်ဖြတ်ခြင်းကို ခံကြရပေမည်။

[62] ဤသည် ရှေးအထက်ကျော်ကာလ၌ လွန်လေခဲ့ကြသောသူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ ဥပဒေစည်းကမ်းပင်။ စင်စစ် အသင်သည် အလ္လာဟ် အရှင်မြတ်၏ဥပဒေစည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။

[63] လူတို့သည် ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ အသင့်အား မေးမြန်းကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့၊)ယင်းကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်းသော အသိပညာကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ အသင်သည် အသို့လျှင် သိနိုင်ပါအံ့နည်း။ စင်စစ် ရှင်ပြန်ထမည့်အချိန် ကာလသည် နီးကပ်လျက် ရှိတန်ရာသည်။

[64] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြသော သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အဖို့အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူ၏။

[65] ၎င်းတို့သည် ယင်းမီး၌ အမြဲမပြတ် နေထိုင်လျှက်ရှိကြပေမည်။ ၎င်းတို့သည် မည်သည့်စောင့် ရှောက်သောသူကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ချေ။ မည်သည့်ကာကွယ်မည့် သူကိုမျှလည်း တွေ့ရှိကြမည် မဟုတ်ပေ။

[66] ၎င်းတို့၏ မျက်နှာများသည် မီးထဲ၌ လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် ၎င်းတို့ကဪ- ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ရစူလ်တမန်တော် မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ကောင်းလေစွတကားဟု ပြောဆိုညည်းညူကြပေမည်။

[67] ထိုမှတပါး ၎င်းတို့သည် လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့၏ခေါင်းဆောင်များနှင့် မိမိတို့၏ အကြီးအကဲများ၏စကားကိုနာခံမိခဲ့ကြပါသည်။ ၎င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းလွဲမှားစေ ခဲ့ကြပါသည်။

[68] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။

[69] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မူစာအား စိတ်ဒုက္ခပေးခဲ့ကြကုန်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုမူစာအား ၎င်းင်တို့၏ ပြောဆိုစွပ်စွဲချက်များမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့၏။စင်စစ် ထိုမူစာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ဂုဏ်ကျက်သရေနှင့် အလွန်ပြည့်စုံသူပင် ဖြစ်ခဲ့ပေသတည်း။

[70] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက် ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။

[71] ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။

[72] ဧကန်စင်စစ် ငါအရှင်မြတ်သည် အပ်နှံသော(ဤတာဝန်ကို မိုးကောင်းကင်များ ရှေ့ဝယ်လည်းကောင်း၊ပထဝီမြေ၏ရှေ့ဝယ်လည်းကောင်း၊ တောင်များ၏ရှေ့ဝယ်လည်းကောင်း၊ ဖော်ပြတော်မူခဲ့ရာ ၎င်းတို့သည် ယင်းတာဝန်ကိုငြင်းဆန်ခဲ့ကြကုန်၏။ ထို့ပြင် ယင်းတာဝန်ကို ထမ်းဆောင်ရန်ကြောက်ရွံ့စိုးရိမ်ခဲ့ ကြကုန်၏။ သို့ရာတွင် လူသားမှာမူကားယင်း တာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်အမှန် ထိုလူသားသည် လွန်စွာ ရက်စက်သူ၊ လွန်စွာ အသိတရားကင်းမဲ့သူပင်ဖြစ်ပေသည်။)

[73] နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ် ယောက်ျား မိန်းမတို့အားလည်းေကောင်း၊ မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူ ယောက်ျား၊ မိန်းမတို့အား လည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူပေမည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

ရှေဗ

Surah 34

[1] မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ တမလွန်ဘဝ၌လည်း ထိုအရှင်မြတ်သည်သာလျှင် ချီးမွန်ထောပနာခြင်း အလုံးစုံတို့ကို ခံယူထိုက်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည် ပထဝီမြေအတွင်းသို့ ဝင်သောအရာများကိုလည်းကောင်း၊ ယင်းပထဝီမြေ အတွင်းမှထွက်သောအရာများကို လည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းသောအရာများကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့တက်သွားသော အရာများကိုလည်းကောင်း၊ (အလုံးစုံတို့ကို)ကောင်း မွန်စွာ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[3] စင်စစ်သော်ကား ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ် ဟု ဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါ့အားမွေးမြူဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသော၊ အရှင်မြတ်၏ ကစမ်၊ ယင်းရှင်ပြန်ထမည့်အချိန် ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အဏုမြူခန့်မျှသောဝတ္ထုပစ္စည်းသည်ပင်လျှင် ထိုအရှင်မြတ်၏ အသိပညာမှကွယ်ပျောက်နေသည်ဟူ၍မရှိပေ။ စင်စစ်သော်ကား ယင်းအဏုမြူ ထက်သေးငယ်သော အရာဝတ္ထုပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်)ကြီးသော အရာဝတ္ထုပင်ဖြစ်စေ၊ ထင်ရှားစွာသောမှတ်တမ်းစာအုပ်တွင် (ရေးသားပြီး)ဖြစ်ပေသည်။

[4] (ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်စေခြင်းမှာ) ထိုအရှင်မြတ်သည် အီမာန် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့အား အစားပေးတော်မူရန်ပင် ဖြစ်၏။ထိုကဲ့သို့သော သူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်စွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိပေသည်။

[5] သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကိပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသူတို့မှာမူကား ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ဘေးအန္တရာယ်တည်းဟူသော ပြစ်ဒဏ်သည် ရှိပေမည်။

[6] စင်စစ်မှာကား အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့သည် အသင့်ထံ ချပေးခြင်းခံခဲ့ရသော (ကုရ်အာန်ကျမ်းတော်)သည် မှန်ကန်သည်ဟူ၍ လည်းကောင်း၊ ထို(ကုရ်အာန်ကျမ်းတော်)သည် အလွန်တရာနိုင်နင်းလွှမ်းမိုးတော် မူသော၊ ချီးမွမ်းထောပနာခြင်းအပေါင်းကိုအလွန်တရာ ခံယူထိုက်တော်မူသော၊ အရှင်မြတ်၏လမ်းကိုညွှန်ပြသည်ဟူ၍လည်းကောင်း၊ (သိ)မြင်ကြကုန်သတည်း။

[7] ထိုမှတစ်ပါး ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က (အချင်းချင်း) ပြောဆိုကြကုန်၏။ ကျွန်ုပ်တို့သည်အသင်တို့အား အကြင်ယောက်ျားတစ်ယောက်ကို ညွှန်ပြကြရမည်လော။ ထိုသူသည် အသင်တို့အား အသင်တို့သည် လုံးဝမွမွကြေအောင် ချေပစ်ခြင်းခံခဲ့ကြရလေသောအခါ ဧကန်မလွဲအသင်တို့သည် အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရမည်ဟု သတင်းပေး၏။

[8] ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်စွပ်စွဲခဲ့လေသလော၊ သို့တည်းမဟုတ် ထိုသူ၌ ရူးသွပ်ခြင်းဝေဒနာ ရှိနေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့သည်သာလျှင် ပြစ်ဒဏ်၌လည်းကောင်း၊ ဝေးလံသော လမ်းမှားမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။

[9] ထိုသူတို့သည် မိမိတို့ ရှေ့နောက်(ထက်အောက်)ရှိနေသော မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မမြင်ကြလေသလော။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား မြေမျိုစေတော်မူပေမည်။ သို့တည်း မဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးကောင်းကင်၏ အပိုင်းအစများကို ကျရောက်စေတော်မူပေမည်။ ဧကန်စင်စစ် ဤသည်၌ (ငါအရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသော ကျွန်တိုင်းအဖို့ (လုံလောက်သော) သက်သေသာဓကရှိပေသတည်း။

[10] မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)ဒါဝူဒ်အား မိမိအထံတော်မှ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (ထို့ပြင် ငါအရှင်မြတ်သည် တောင်များကို)အို-တောင်တို့ အသင်တို့သည်ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်လော့ (ဟုမိန့်ကြားတော်မူခဲ့၏)။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်များကိုလည်း (ငါအရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့၏)ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အဖို့ အသံကိုပျော့ပျောင်း စေတော်မူခဲ့၏။

[11] (ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အားမိန့်ကြားတော်မူခဲ့၏။) အသင်သည် ပြည့်စုံသော သံချပ်အကျႌရှည်များကို ပြုလုပ်ပါလေ။ ၎င်းပြင် အသင်သည် (ကွင်းဆက်များကို) ဆက်ရာတွင် သင့်မြတ်အောင် ချိန်ဆခန့်မှန်း၍ ပြုလုပ်ပါလေ။ ထို့ပြင် (အို-ဒါဝူဒ်၏သားမြေးတို့) အသင်တို့သည်(ထိုဒါဝူဒ်နှင့်အတူ) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့ ကျင့်မူပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

[12] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။

[13] ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။

[14] ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။

[15] ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[16] သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။

[17] ဤကား ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ကျေးဇူးကန်းမှုကြောင့် ပေးတော်မူခဲ့သော အပြစ်ဒဏ်ပင်ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အလွန်ကျေးဇူးကန်းသော သူတို့အားသာလျှင်(ယင်းကဲ့သို့သော)အပြစ်ပေးလေ့ရှိတော်မူပေသတည်း။

[18] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများ၌ခရီး ထောက်များကိုလည်း သတ်မှတ်၍ ပေးတော်မူခဲ့၏။(၎င်းပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)အသင်တို့သည် ယင်းမြို့ရွာများတွင် ဘေးအန္တရာယ် ကင်းငြိမ်းစွာ နေ့ရောညပါ ခရီးသွားလာကြလေကုန်။

[19] ထိုအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားမွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ခရီးလမ်းများကို ကွာဝေးစေတော်မူပါဟု လျှောက်ထားကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် နှိပ်စက်ကလူ ပြုခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့(၏အကြောင်း အတ္ထုပ္ပတိ္တ)ကို ယုံတမ်းစကားများပြုလုပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကစဉ့်ကလျား ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲဤသည့်(ဖြစ်ရပ်)၌ လွန်စွာကျေးဇူးသိတတ်သော၊ သည်းခံခြင်းတရားထားရှိသူ တိုင်းအဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကုန်သတည်း။

[20] စင်စစ်ဧကန် အီဗ်လီစ် သည် ၎င်းတို့ (အာဒမ်၏သားသမီးများ)နှင့်ပတ်သက်သော မိမိ၏ ထင်မြင်ယူဆချက်ကို မှန်ကန်ကြောင်းတွေ့ရှိခဲ့၏။ အကြောင်းမူကား မုအ်မင်န်သက်ဝင်ယုံကြည်သူ များဖြစ်ကြသောလူစုမှအပ ၎င်းတို့မှာ ထိုအီဗ်လီစ် ၏နောက်သို့ လိုက်ခဲ့ကြသောကြောင့်ပင်။

[21] စင်စစ်သော်ကား ထို အီဗ်လီစ် သည် ၎င်းတို့အပေါ်၌ လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်သည် အာခိရတ်တမလွန်ဘဝကို ယုံကြည်သော သူတို့အား ယင်းအာခိရတ်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ ရှိနေသောသူတို့နှင့်ခွဲခြား၍ သိတော်မူရန်သာလျှင်ဖြစ်ခဲ့၏။ စင်စစ်သော်ကားအသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်အရာခပ်သိမ်းတို့အပေါ်၌ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[22] (အို-နဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်(ကိုးကွယ်ရာဘုရားများဖြစ်ကြသည်ဟု) မိမိတို့ထင်မှတ် ကိုးကွယ်ခဲ့ကြသောသူတို့အားဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည်မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊နှမ်းစေ့ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါးယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၌ ၎င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထိုနည်းတူစွာ ၎င်းတို့အနက်ထိုအရှင်မြတ်အား ယိုင်းပင်းကူညီသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။

[23] ၎င်းပြင် ထိုအရှင်တော်မြတ် အထံတော်တွင်ထိုအရှင်မြတ် ခွင့်ပြုတော်မူသောသူ၏အဖို့မှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်အဖို့မျှပင် ကြားဝင်အသနားခံပေးမှုသည် အကျိုးရှိစေမည်မဟုတ်ပေ။ နောက်ဆုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုသည် ၎င်းတို့၏စိတ်နှလုံးများမှ ပပျောက်သွား လေသောအခါ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သည်ကို မိန့်ကြားတော်မူပါသနည်း ဟု ၎င်းတို့သည် (အချင်းချင်း) မေးမြန်းကြပေမည်။ (ထိုအခါ) ၎င်းတို့ကအမှန်ကို (မိန့်ကြားတော်မူခဲ့သည်)ဟု ပြန်ကြားကြပေမည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်ကြီးကဲတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[24] (အို-နဗီတမန်တော်)အသင်သည် မေးမြန်းပါလေ။ (အချင်းတို့၊) မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မည်သူသည် အသင်တို့အား စားနပ်ရိက္ခာချီးမြှင့်ပါသနည်း။ (ထို့နောက်)အသင်သည် အလ္လာဟ်အရှင်မြတ်ပင် ချီးမြှင့်ပေးသနားတော်မူ၏ဟု ဖြေကြားပါလေ။ ၎င်းပြင် ငါတို့သည် သို့မဟုတ် အသင်တို့သည်ပင် တရားလမ်းမှန်ပေါ်၌သော်လည်းကောင်း၊ ထင်ရှားစွာ သောလမ်းမှားမှု၌သော်လည်းကောင်း၊ ရှိကြပေသည်။

[25] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ၊ (အချင်းတို့၊)အသင်တို့သည်လည်း ငါတို့ကျူးလွန်ခဲ့ကြသော ပြစ်မှုများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်ပေ၊ ငါတို့သည် အသင်တို့ ကျင့်မူကြသည်တို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံကြရမည် မဟုတ်ပေ။

[26] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) ငါတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ငါတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) စုရုံးတော်မူပေမည်။ ထို့နောက် ထိုအရှင်မြတ်သည်ငါတို့၏အကြား၌ မှန်ကန်စွာစီရင် ဆုံးဖြတ်တော်မူပေမည်။စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ စီရင်ဆုံးဖြတ်တော်မူသော၊လွန်စွာ သိတော် မူသောအရှင် ဖြစ်တော်မူ၏။

[27] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အသင်တို့သည် တွဲဖက်များအဖြစ် ထိုအရှင်မြတ်နှင့် ပေါင်းဖက်(ကိုးကွယ်)ခဲ့ကြသောသူတို့ကို ငါ့အားပြသကြလေကုန်၊ အလျှင်း မဟုတ်ပေ၊ စင်စစ်မှာ ထိုကိုးကွယ်ရာအစစ်ဖြစ်သည့် အရှင်မြတ်မှာကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[28] (အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်းကောင်း၊သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။သို့ရာတွင် များစွာသောသူတို့မှာ မသိနားမလည်ကြပေ။

[29] ထို့ပြင် ၎င်းတို့က အကယ်၍ အသင်တို့သည်သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း ဟု မေးမြန်းကြကုန်၏။

[30] အသင်သည် ဖြေကြားပါလေ၊(အချင်းတို့၊)အသင်တို့အား အထူးနေ့တစ်နေ့ကို ချိန်းချက်ထားသည်ဖြစ်ပေရာ၊အသင်တို့သည် ယင်းချိန်းချက်ထားသောနေ့မှ အချိန် အနည်းငယ်ခန့်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ၊ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ပြီတကား။

[31] ၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်ငယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။

[32] (ထိုအခါ) အကြီးအကဲတို့က နောက်လိုက်ငယ်သားတို့အား ပြောဆိုကြပေမည်။ (အချင်းတို့၊) အသင်တို့ထံတရားလမ်းမှန် ရောက်ရှိ၍လာပြီးနောက် ကျွန်ုပ်တို့သည်အသင်တို့အား ယင်းတရားလမ်းမှန်မှ ပိတ်ပင်တားဆီးခဲ့ကြပါသလော၊ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်၏

[33] ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။

[34] စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူတစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်အခါ ထိုမြို့ရွာရှိ စည်းစိမ်ရှင်တို့က ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်တို့ပေး၍ စေလွှတ်ခြင်းခံကြရသည့်(ဒီန်သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်သာ။

[35] ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။

[36] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားပြောဆို)ဖြေကြားပါလေ။ (အချင်းတို့၊)ဧကန်စင်စစ် ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူ၏။ သို့ရာတွင် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။

[37] စင်စစ်သော်ကား အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့၏သားသမီးများ သည်လည်းကောင်း၊ အသင်တို့အား မည်သည့်အဆင့်အတန်း၌မျှ ငါအရှင်မြတ်၏အထံတော်သို့ နီးကပ်စေအံ့သောအရာများ မဟုတ်ပေ။သို့ရာတွင် မည်သူမဆို အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ၎င်းတို့အဖို့၎င်းတို့ ကျင့်မူဆောက်တည်ခဲ့ကြကုန်သော အကျင့်သီလများ၏တိုးသောအကျိုးရှိသည့်အပြင် ၎င်းတို့သည် မြင့်စွင့်သောအဆောင်များ၌ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ ရှိကြပေမည်။

[38] သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော သူတို့မှာမူကား ပြစ်ဒဏ်၌ အဆင်သင့် ရောက်ရှိစေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။

[39] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။

[40] ၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည်၎င်းတို့အားလုံးကို စုရုံးတော်မူပြီးနောက် မလာအိကဟ်ကောင်းကင်တမန်တို့အား ဤသူတို့သည် အသင်တို့အားဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်လော ဟု မေးမြန်းတော်မူပေမည်။

[41] ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။

[42] သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား အသင်တို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောငရဲမီး ၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟုမိန့်ကြား တော်မူအံ့သတည်း။

[43] စင်စစ်သော်ကား ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များသည် ၎င်းတို့၏ရှေ့မှောက်ဝယ် ဖတ်ကြားခြင်းခံခဲ့ကြရလေသောအခါ ၎င်းတို့က ဤသူသည်အသင်တို့အား အသင်တို့၏ အဖ ဘိုးဘေးတို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်များကို (ဆည်းကပ်ကိုးကွယ်ခြင်း)မှပိတ်ပင်တားဆီးလိုသူတစ်ဦးသာလျှင်ဖြစ်သည် ဟု ပြောဆိုခဲ့ကြသည့်ပြင် ဤ(ကုရ်အာန်)သည် ကြံဖန်လီဆယ်ထားသောမုသားစကားတစ်ရပ်သာလျှင် ဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။ ထိုမှတပါး ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြသောသူတို့က မိမိတို့ထံ အမှန်တရား ရောက်ရှိ၍ လာသောအခါယင်းအမှန်တရားနှင့် စပ်လျဉ်း၍ ဤသည် ထင်ရှားစွာသောပဉ္စလက်အတတ် ပညာတရပ်သာလျှင်ဖြစ်သည် ဟု ဆိုကြကုန်၏။

[44] စင်စစ်မှာမူကား ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ သည်လည်းမဟုတ်။ ၎င်းတို့သည် ယင်းကျမ်းဂန်များကို ဖတ်ရွတ်သင်ကြားလျက်ရှိကြသည်(လည်းမဟုတ် ပေ)၊ ငါအရှင်မြတ်သည် အသင့်အလျင် ၎င်းတို့ထံ သတိပေး နှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှစေလွှတ် တော်မူခဲ့သည်လည်း မဟုတ်ပေ။

[45] ၎င်းတို့အလျင် ရှိခဲ့ကြသောသူများသည်လည်းမဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ် ဤ(လက်ရှိ)သူတို့မှာ ထို(ရှေး)သူတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (စည်းစိမ်ချမ်းသာ)၏ ဆယ်ပုံတစ်ပုံကိုမျှရရှိကြသည် မဟုတ်ပေ။ မည်သို့ ပင်ဖြစ်စေ၊ ထို(ရှေး)သူတို့သည်ငါအရှင်မြတ်၏ ရစူလ်တမန်တော်များအား မုသာဝါဒီများဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ကားမည်သို့ရှိခဲ့ချေသနည်း။

[46] (အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။၊ (အချင်းတို့၊) ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာတိုက်တွန်းနှိုးဆော်လို၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ တစ်ယောက်စီ နှစ်ယောက်စီ ထကြပြီးလျှင်မိမိတို့၏အဖော်ဖြစ်သူ (ငါ)၌ ရူးသွပ်ခြင်းဝေဒနာရှိပါသလောဟု စဉ်းစားဆင်ခြင်ကြလေကုန်။ ထိုအသင်တို့၏ အဖော်ဖြစ်သူ(ငါ)သည် အသင်တို့အား ပြင်းထန်စွာသော ပြစ်ဒဏ်မကျရောက် မီ (ကြိုတင်) သတိပေး နှိုးဆော်သူတစ်ဦးသာလျှင်ဖြစ်ချေသတည်း။

[47] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ထံ(အဖိုးအခ) တစ်စုံတစ်ရာတောင်းခဲ့သည်ရှိလျှင် ယင်းအဖိုးအခမှာ အသင်တို့အဖို့သာလျှင် ဖြစ်၏။ အဘယ်ကြောင့်ဟူမူ ငါ့(အား)အကျိုးကျေးဇူး(ပေးသနားတော်မူရန်တာဝန်) မှာကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာ ရှိသောကြောင့်ပင်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ အသိသက်သေပင် ဖြစ်တော်မူ၏။

[48] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့် နှိမ်နင်းတော်မူ၏။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[49] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အမှန်တရားသည် ရောက်ရှိ၍ လာခဲ့ချေပြီ။ စင်စစ်သော်ကား အမှားသည် (တစ်စုံတစ်ရာကို)ဖြစ်ပေါ်စေသည်လည်းမဟုတ်ပေ။ (တစ်စုံတစ်ရာ)ကို ပြန်၍ယူလာသည်လည်း မဟုတ်ပေ။ (ယိုယွင်းပျက်စီးချေပြီ)။

[50] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် လမ်းမှားခဲ့မူ၊ ငါသည်မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားဒဏ်ကို ငါသာခံရမည်၊) သို့ရာတွင် အကယ်၍ ငါသည်တရားလမ်းမှန် ရရှိခဲ့သည်ဖြစ်မူ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ငါ့ထံသို့ ဝဟီ အမိန့်တော်ထုတ်ပြန်တော်မူသောကြောင့်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အလွန်တရာကြားသိတော်မူသော၊ အလွန်တရာ နီးကပ်စွာရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[51] စင်စစ် အကယ်၍ အသင်သည် (4င်းတို့အား)၎င်း တို့ ထိတ်လန့် ကြောက်ရွံ့ကြသည့်အခါတွင် တွေ့မြင်ပါလျှင် (အံ့ဩသွားပေမည်)။ ထိုအခါ ၎င်းတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ အနီးအနားမှာပင် ဖမ်းဆီးခြင်းကိုခံကြရပေမည်။

[52] ထိုအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(မှန်ကန်သောဒီန်သာသနာ)ကို ယုံကြည်ကြပါပြီဟု ပြောဆိုကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ဤမျှဝေးလံစွာသောနေရာမှ (အီမာန် သက်ဝင်ယုံကြည်မှုကို) အဘယ်မှာလျှင်ရယူနိုင်ကြအံ့နည်း။

[53] စင်စစ်ဧကန် ၎င်းတို့သည် ရှေးဦးမဆွကပင်ယင်းမှန်ကန်သော ဒီန် သာသနာတော်ကို ငြင်းပယ်လျက်၏ရှိခဲ့ ကြသည်သာမက မသိမမြင်ဘဲလျက် ဝေးစွာသောနေရာမှရမ်းဆပြောဆို စွပ်စွဲလျက်ပင်ရှိခဲ့ကြကုန်၏။

[54] ၎င်းပြင် (ထိုနေ့တွင်) ရှေးယခင်က ၎င်းတို့ကဲ့သို့သောသူတို့အား ပြုလုပ်ခဲ့သည့်နည်းတူ ၎င်းတို့နှင့် ၎င်းတု့ိအာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရပေမည်။ ဧကန်အမှန် ၎င်းတို့သည် ယုံမှားသံသယဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိခဲ့ကြပေသတည်း။

အစပြုသူ

Surah 35

[1] ချီးမွမ်းထောပနာ အပေါင်းတို့သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊တီထွင်ဖန်ဆင်းတော်မူသော၊ အတောင်ပံနှစ်ခုစီ၊ သုံးခုစီ၊လေးခုစီရှိသောမလာအိကဟ်ကောင်းကင်တမန်တို့အား စေတမန်များအဖြစ်ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်၏။ ထိုအရှင်မြတ်သည် ဖန်ဆင်းမှု၌ မိမိအလိုရှိတော်မူသည့်အရာကို တိုးပွားများပြား ပိုမိုစေတော်မူ၏။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[2] အလ္လာဟ်အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင်တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင် တားဆီးတော်မူသောအရာကိုလည်း ထိုအရှင်မြတ်ပိတ်ပင် တားဆီးတော်မူပြီးနောက် ပို့ပေးနိုင်သောသူဟူ၍ အလျှင်းမရှိပြီ။ စင်စစ်ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[3] အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။

[4] (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့သည်အသင့်အား မုသာဝါဒီဟု စွပ်စွဲငြင်းပယ်ကြပါလျှင် (အသင်သည် စိတ်ငြိုငြင်မှုမရှိပါလေနှင့်၊) ဧကန်အမှန် အသင့်အလျင်ရှေးရစူလ်တမန်တော်များသည်လည်း မုသာဝါဒီများဟူ၍စွပ်စွဲငြင်းပယ်ခြင်း ခံခဲ့ကြရလေ၏။ အမှန်သော်ကား အရေးကိစ္စအလုံးစုံတို့မှာ အလ္လာဟ် အရှင်မြတ်ထံတော်သို့သာလျှင်ပြန်လည် ရောက်ကြ ရပေမည်။

[5] အို-လူအပေါင်းတို့၊ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်ထားရှိတော်မူသောကတိသည် မှန်ကန်၏။ သို့ဖြစ်ပေရာလောကီဘဝ၌ အသက်ရှင်ခြင်းသည်လည်း အသင်တို့အားလှည့်ဖြားခြင်းမပြုစေရ၊ လှည့်စားသူ ရှိုင်တွာန်(မိစ္ဆာကောင်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရ။

[6] မလွဲဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် အသင်တို့၏ရန်သူပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်အား (မိမိတို့၏) ရန်သူဟူ၍ပင်အသိအမှတ်ပြုကြလေကုန်။ (စင်စစ် သော်ကား) ထို ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် မိမိဘက်သားများအား (ငရဲဘုံ၏)မီးတောက်မီးလျှံ၌ လားကြရသူတို့တွင် အပါအဝင်ဖြစ်ကြစေရန်သာလျှင် ဖိတ်ခေါ်လေသတည်း။

[7] ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိချေသည်။ သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြ ကုန်သော သူတို့အဖို့မှာမူကားလွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည်လည်းကောင်း၊ ရှိပေသည်။

[8] သို့ဖြစ်ပေရာ အသို့ပါနည်း။ မိမိ၏ မကောင်းမှုများသည် မိမိအမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်းမကောင်းသောကျင့်မူများကိုအကောင်းဟူ၍ ထင်မြင်လာသောသူသည် အမှားကို အမှန်ဟုထင်မြင်သောသူနှင့်တူလေသည်။ စင်စစ်မှာကား ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားလမ်းမှား၌ ထားတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်၏အသက်ဇီဝိန်သည် ၎င်းတို့နှင့်ပတ်သက်၍ဆွေးကာတွေးကာ မဆုံးပါးစေရ။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှ တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[9] စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့နောက်ယင်းလေများသည် မိုးတိမ်များကို သယ်ဆောင်၍ သွားကြလေ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်များကို(သွေ့ခြောက်)သေလျက်ရှိသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များမှရွာသွန်းသော)ရေဖြင့် (သွေ့ခြောက်)သေနေသောမြေကိုပြန်လည် စိမ်းလန်းစိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ချေသည်။

[10] မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။

[11] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက်ကလလရေကြည်ဖြင့်(ဖန်ဆင်းတော်မူခဲ့၏)။ ထိုနောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။စင်စစ် မည်သည့်မိန်းမတစ်ဦးတစ်ယောက်မျှပင် ထိုအရှင်မြတ်မသိတော်မူပဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိ၊ သားဖွားခြင်းလည်းမရှိပေ။ ထိုနည်းတူစွာ မည်သည့်အသက်ရှည်သောသူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှလျော့၍ သတ်မှတ်သည်လည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကားအလ္လာဟ်အရှင်မြတ်၌ လွန်စွာ လွယ်ကူလှပေသတည်း။

[12] ၎င်းပြင် သမုဒ္ဒရာပင်လယ်နှစ်ခုသည် မတူကြပေ။ ဤ(ပင်လယ်တစ်ခု၏)ရေမှာချိုမြိန်၏။ ရေငတ်ပြေစေ၏။ထိုရေကို သောက်သုံးရာ၌လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ပင်လယ်တစ်ခု၏ရေ)မှာမူကား ငံ၏။ခါး၏။ သို့ရာတွင် အသင်တို့သည်(ထိုပင်လယ်)အသီးသီးမှလတ်ဆတ်သောအသား၊(ဝါ) ငါးများကို စားသုံးကြကုန်၏။ ၎င်းပြင်အသင်တို့သည်(ထိုပင်လယ်များမှ)မိမိတို့ဝတ်ဆင်ကြ ကုန်သောလက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေဆည်းပူးကြအံ့သောငှာ ထိုပင်လယ်၌ သင်္ဘောများ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်သည် တွေ့မြင်ရပေမည်။ သို့မှာသာလျှင်အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း။

[13] ထိုအရှင်မြတ်သည်(အချို့သောရာသီဥတု၌) ည၏(အစိတ်အပိုင်းအချို့ကို) နေ့၏အတွင်းသို့ ဝင်စေတော်မူ၍(အချို့သောရာသီဥတု၌မူ)နေ့၏(အချို့သော အစိတ်အပိုင်း)ကိုည၏အတွင်းသို့ ဝင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ ‘စန္ဒာ’ ကိုလည်းကောင်း၊ ပိုင်နိုင်စွာအကျိုး ပြုထားစေတော်မူရာ (ယင်း ‘သူရိယ’နေနှင့် လ ‘စန္ဒာ’) အသီသီးတို့မှာ သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတိုင်အောင် လှုပ်ရှားသွားလာလျက်ပင် ရှိကြပေသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည်ထိုအရှင်မြတ်၌သာရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍အသင်တို့ ဟစ်ခေါ်တသလျက် ရှိကြကုန်သော သူတို့မှာမူကားစွန်ပလွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။

[14] အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ (ပြုလုပ်ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်ပေ)။ ထိုမှတစ်ပါး ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်မူ ၎င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်မျှပင် အသင့်အား ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပြီ။

[15] အို-လူအပေါင်းတို့၊ အသင်တို့သည်(သာလျှင်)(မိမိတို့၏ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အရှင်မြတ်အား လိုလားတောင့်တကြရသူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့သောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသ ဂုဏ်ထူးနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[16] အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ်ကို ယူလာတော်မူနိုင်၏။

[17] စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပြီ။

[18] အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။

[19] ၎င်းပြင် မျက်စိကန်းသူနှင့် မျက်စိမြင်သောသူသည်လည်း မတူပေ။

[20] ထိုနည်းတူစွာ အမှောင်ထုနှင့် အလင်းရောင်သည်လည်း မတူပေ။

[21] ထို့ပြင် အရိပ်အာဝါသနှင့် နေ၏အပူရှိန်သည်လည်း မတူပေ။

[22] ထိုမှတစ်ပါး အသက်ရှင်သူများနှင့် သေသူများသည်လည်း မတူကြချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသေသူအား ကြားစေတော်မူ၏။ သို့ရာတွင် အသင်သည် သချုႋင်းများတွင် ရှိသူတို့အား ကြားစေနိုင်သည် မဟုတ်ပေ။

[23] အသင်သည် သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။

[24] ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားအမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ် သတင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော် သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင်စစ်သော်ကား သာသနာဝင်အုပ်စုတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏။

[25] ထို့ပြင် အကယ်၍ ၎င်းတို့သည် အသင့်အားမုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အမှန်စင်စစ် ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော ရှေးသူဟောင်းတို့ သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။ ထို(ရှေးသူဟောင်း)တို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသောသက်သေလက္ခဏာများကိုလည်းကောင်း၊ ကျမ်းငယ်များကိုလည်းကောင်း၊ ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်၍လာခဲ့ကြကုန်၏။

[26] ထိုနောက် ငါအရှင်မြတ်သည် သွေဖည်ငြင်းပယ်ခဲ့ကုန်သောသူတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့ပေသနည်း။

[27] အသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ချပေးတော်မူခဲ့၏။ထို့နောက် ငါအရှင်မြတ်သည် ထိုရေဖြင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားခြားနားသော သစ်သီးဝလံများကို ထွက်(ဖူး၊ပွင့်၊ သီး) စေတော်မူခဲ့၏။ ထိုနည်းတူစွာ တောင်များ၌လည်းတောင် ကြား လမ်းများရှိကြပေရာ အချို့မှာအဖြူများဖြစ်၍အချို့မှာ အနီများဖြစ်ကြသည့်ပြင်၊ ၎င်းတို့၏ အရောင်များမှာအထူးထူး အပြားပြားဖြစ်ကြ၏။ အချို့ မှာလည်း အလွန်မည်းနက်၏။

[28] ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[29] ဧကန်အမှန် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော် ကျမ်းဂန်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြကုန်၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ထိုမှတစ်ပါး ထိုသူတို့အား ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူခဲ့သည့် (ပစ္စည်းဥစ္စာ)များအနက်မှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ပေါ်စွာသော်လည်းကောင်း၊ လှူဒါန်းကြကုန်၏။ထိုသူတို့ကား အလျဉ်င်း ဆုံးရှုံးပျက်စီးမည် မဟုတ် သောရောင်းဝယ်ဖောက်ကားမှုမျိုးကို မျှော်လင့် တောင့်တလျက်ရှိကြကုန်၏။

[30] နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏အကျိုးများ ပြည့်စုံစွာ ချီးမြှင့်ပေး သနားတော်မူသည့်အပြင် မိမိကျေးဇူးတော်နှင့် ၎င်းတို့ အား ပိုမို၍ပင် ချီးမြှင့်တော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသော၊ အလွန်တရာရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[31] စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[32] ထို့နောက် ငါအရှင်မြတ်သည် မိမိကျွန်များအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (ဤ)ကျမ်းဂန်ကို အမွေအဖြစ် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင် ၎င်းတို့အနက်အချို့မှာ မိမိကိုယ်ကို မိမိရက်စက်သောသူရှိ၏။ အချို့မှာ မဇိ္ဈမဋိပဒါစနစ်ကို လိုက်နာသူရှိ၏။ အချို့မှာကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် ကောင်းမှုများနှင့်တကွ ရှေ့မှသွားသူရှိ၏။ ဤသည်ကား ကြီးကျယ်စွာသောကျေးဇူးတော်ပင်ဖြစ်ပေသတည်း။

[33] ထာဝစဉ် နေထိုင်ရအံ့သော ဥယျာဉ်များပင်၊၎င်းတို့သည် ယင်းဥယျာဉ်များ၌ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်းဥယျာဉ်များ၌ ရွှေလက်ကောက် များဖြင့်လည်းကောင်း၊ ပုလဲများဖြင့်လည်းကောင်း၊ တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှ တစ်ပါး ယင်းဥယျာဉ်များ၌ ၎င်းတို့၏ဝတ်စား တန်ဆာမှာ ပိုးအဝတ်အထည်ပင် ဖြစ်ပေမည်။

[34] ထိုမှတစ်ပါး ၎င်းတို့သည်(ဤသို့)ပြောဆိုကြပေမည်။ ချီးမွမ်းခြင်း ထောပနာအပေါင်းတို့သည် ကျွန်တော်မျိုးတို့မှ ပူပင်သောကကို ပပျောက်စေတော်မူသော အလ္လာဟ်၏အရှင် မြတ်နှင့်သာသက်ဆိုင်၏။ မလွဲဧကန် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်အမှန်ပင် ဖြစ်တော်မူ၏။

[35] အကြင် အရှင်မြတ်သည် မိမိကျေးဇူးတော်နှင့်ကျွန်တော်မျိုးတို့အား အမြဲထာဝရ နေရအံ့သောဌာန၌နေရာချပေးတော်မူ၏။ ထိုဌာနတွင် ကျွန်တော်မျိုးတို့၌ မည်သည့်ပင်ပန်းမှုမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့၌ ထိုဌာနတွင် မည်သည့်ငြီးငွေ့မှုမျှလည်းသက်ရောက်မည် မဟုတ်ပေတကား။

[36] သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သူတို့ အဖို့ဂျဟန္နမ် ငရဲဘုံ၏ မီးသည်ရှိပေမည်။ ၎င်းတို့အပေါ်၌ ၎င်းတို့သေဆုံးနိုင်ကြအံ့သောငှာ အမိန့်တော်ပြဋ္ဌာန်းခြင်း ခံရမည်လည်း မဟုတ်ပေ။ ယင်းငရဲဘုံ၏ပြစ်ဒဏ်သည် ၎င်းတို့မှပေါ့လျော့စေခြင်းခံရမည်လည်းမဟုတ်ပေ။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သွေဖည်သူတိုင်းကို အစားပေး တော်မူသည်။

[37] ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြုလုပ်လျက် ရှိခဲ့ကြသောအပြုအမူများမှ တစ်ပါး ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူ ဆောက်တည်ကြပါမည် ဟု ဟစ်အော်(လျှောက်ထား)ကြပေမည်။ ထိုအခါ) ၎င်းတို့သည် ဤသို့ ပြန်ကြားတော်မူခြင်းကိုခံကြရပေမည်)၊ ငါအရှင်မြတ်သည် စဉ်းစား ဆင်ခြင်လိုသောသူများ စဉ်းစားဆင်ခြင်နိုင် လောက်သော သက်တမ်းကိုအသင်တို့အားပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုမှတစ်ပါးအသင်တို့ထံ သတိပေး နှိုးဆော်သူလည်း ရောက်ရှိခဲ့သည်(မဟုတ်ပါလော)။ သို့ဖြစ်ပေရာ (ယခုမူ)အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလေကုန်။ စင်စစ် မတရားသောသူတို့၏အဖို့ ကူညီယိုင်းပင်းမည့်သူဟူ၍ အလျှင်းမရှိပြီတကား။

[38] မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။

[39] ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားကမ္ဘာမြေ၌ ရိုက်ရာဆက်ခံသူများအဖြစ် ပြုလုပ်တော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ကျေးဇူးကန်းခဲ့ပါမူ ၎င်း၏ ကျေးဇူးကန်းမှု၏(အပြစ်)သည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သူတို့အပေါ်၌ ၎င်းတို့၏သွေဖည်မှုသည် ၎င်းတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာလျှင် တိုးပွားစေမည်ဖြစ်၏။ ထိုနည်းတူစွာကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၌ ၎င်းတို့၏ သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာလျှင် ပိုမိုတိုးပွားစေအံ့သတည်း။

[40] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ်တသကြကုန်သော မိမိတို့၏ တွဲဖက်ကိုးကွယ်ရာတို့အား မမြင်ခဲ့ကြလေသလော။ အသင်တို့သည် ငါ့အားပြသကြလေကုန်။ ထို(အသင်တို့၏တွဲဖက် ကိုးကွယ်ရာ)တို့သည်ပထဝီမြေ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်း ခဲ့ကြသနည်း။သို့တည်းမဟုတ် မိုးကောင်းကင်များ၌ ၎င်းတို့၏ ဖက်စပ်မှုတစ်စုံတစ်ရာရှိလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သဖြင့် ၎င်းတို့သည် ယင်းကျမ်းဂန်၏အထောက်အထား တစ်ရပ်ရပ်အပေါ်၌ ရပ်တည်၍ နေကြသလော။ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား မတရားသောသူတို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြားခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှပင် ကတိပေးကြသည်မဟုတ်ပြီ။

[41] စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ရွေ့လျားတိမ်းပါးမသွားရန် ထိန်းထားတော်မူ၏။ သို့ရာတွင်ဧကန်စင်စစ် အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့သည် ရွေ့လျားတိမ်းပါး၍ သွားခဲ့ကြသော် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှကပင် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေတို့ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဧ ကန်အမှန် ထိုအရှင်မြတ်သည် ခနီ္တတရားနှင့်အလွန်ပြည့်စုံတော်မူထသော၊ အလွန်တရာ ခွင့်လွှတ်တော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[42] စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက် ပိုမို၍ပင် တရား လမ်းမှန်ကို လိုက်နာသူများ ဖြစ်ကြပေမည် ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန်ကျိန်ဆိုခဲ့ကြကုန်၏။ သို့တစေလည်း (ထို)သတိပေးနှိုးဆော်သူသည် ၎င်းတို့ထံသို့ ရောက်ရှိ၍လာသောအခါ ထို(သို့ရောက်ရှိ၍လာခြင်း)သည် ၎င်းတို့၌ စက်ဆုပ်မှုကိုသာလျှင် တိုးပွားစေခဲ့၏။

[43] မိမိတို့ကိုယ်ကို ကမ္ဘာမြေ၌ အထင်ကြီးခဲ့ကြသောကြောင့် ထိုမှတစ်ပါး မကောင်းသော ကြံစည်မှုကို(လည်းတိုးပွားစေခဲ့၏)။ အမှန်စင်စစ်သော်ကား မကောင်းသောအကြံအစည်၏ အကျိုးသည် ယင်း မကောင်းသောအကြံအစည်ကိုကြံစည်သောသူတို့၏ အပေါ်၌သာလျှင် သက်ရောက်ပေသည်။သို့ဖြစ်ပေရာ ၎င်းတို့သည် ရှေးသူဟောင်းတို့၏ ကျင့်ရိုးကျင့်စဉ်ကို သာလျှင် စောင့်မျှော်၍နေကြကုန်၏။ စင်စစ်မှာကားအသင်သည် အလ္လာဟ်အရှင်မြတ်၏ ကျင့်ရိုးကျင့်စဉ်၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျဉ်း တွေ့ရှိမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင် မြတ်၏ ကျင့်ရိုးကျင်စဉ်၌မည်သည့်လဲလှယ်မှုကိုလည်း အလျှင်းတွေ့ရှိမည် မဟုတ်ပေတကား။

[44] ၎င်းတို့သည် ကမ္ဘမြေဝယ် လှည့်လည်မသွားလာခဲ့ကြသလော။ သို့သွားလာခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ စင်စစ်မှာကား ထို(ရှေး)သူ(ဟောင်း)တို့သည် ခွန်အားဗလအရာ၌ ၎င်းတို့ထက်ပိုမိုသန်စွမ်းပြင်းထန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ သို့ရာတွင်မိုးကောင်းကင်များ၌ဖြစ်စေ၊ ပထဝီမြေ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ်အား အရေးရှုံးနိမ့်အောင်ပြုစွမ်းနိုင်သည်မရှိပေ။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[45] အမှန်စင်စစ်သော်ကား အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် လူတို့အား၊ ၎င်းတို့ရှာဖွေဆည်းပူး ခဲ့ကြလေသော ပြစ်မှုများကြောင့် ဖမ်းဆီးအရေးယူ တော်မူသည်ရှိသော်ကမ္ဘာမြေ၏ ကျောက်ကုန်းထက်ဝယ် လှုပ်ရှားသွားလာသောမည်သည့်သတ္တဝါကိုမျှပင် ချန်ထားတော်မူမည် မဟုတ်ပေ။သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့၍ထားတော်မူ၏။ထို့နောက် ၎င်းတို့၏ အချိန်ကာလ ဆိုက်ရောက် လာသောအခါ(၎င်းတို့၏ အကျင့်အမူတို့နှင့်စပ်လျဉ်း၍ အကျိုးအပြစ်ပေးတော်မူပေမည်)။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ကောင်းစွာသိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

ယာစင်

Surah 36

[1] ယာစီန်။

[2] (ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော (ဤ)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေ ထူထောင်တော်မူသည်။

[3] မလွဲဧကန် အသင်သည် ရစူလ်တမန်တော်အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအဝင် ဖြစ်သည်။

[4] ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိနေပေသည်။

[5] (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော၊ အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသော (ကျမ်းတော်)ဖြစ်သည်။

[6] (ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။

[7] ဧကန်မလွဲ ၎င်းတို့အနက် မြောက်မြားစွာသော သူတို့အပေါ်၌ အမိန့်တော်သည် အတည်ဖြစ်ခဲ့ပေရာ ၎င်းတို့မှာ "အီမာန်" သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။

[8] ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။

[9] ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ရှေ့၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ထိုသူတို့၏ နောက်၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား (အထက်မှလည်း)ဖုံးလွှမ်းထားတော်မူခဲ့ရာ (တစ်နည်း) ထိုသို့အားဖြင့် ငါအရှင်မြတ်သည် ၎င်းတို့အား (အဖက်ဖက်မှ) ဝိုင်းဝန်းထားတော်မူခဲ့ရာ၊ ၎င်းတို့မှာ မြင်နိုင်ကြတော့သည် မဟုတ်ပြီ။

[10] စင်စစ် (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား သတိပေး နှိုးဆော်ခဲ့သည်ဖြစ်စေ၊ သတိပေး နှိုးဆော်ခြင်းမပြုခဲ့သည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ၊ ၎င်းတို့သည် "အီမာန်" သက်ဝင် ယုံကြည်ကြတော့မည် မဟုတ်ပေတကား။

[11] အသင်သည် ဆုံးမဩဝါဒကို လိုက်နာသည့်အပြင် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်အား အကွယ်မှ ကြောက်ရွံ့ရိုသေသော သူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။သို့ဖြစ်ပေရာ အသင်သည် ထိုသူအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင့်မြတ်လှစွာသော အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်း ကိုပြောကြားပါလေ။

[12] မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။

[13] ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ထိုမြို့သူမြို့သားတို့၏ အတ္ထုပ္ပတ္တိတစ်ခုကို ပြောပြပါလေ။ အခါတစ်ပါး၌ ထိုမြို့သူမြို့သားတို့ထံ ရစူလ်တမန်တော်များသည် ရောက်ရှိ၍လာခဲ့ကြကုန်၏။

[14] အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။

[15] ထိုမြို့သူမြို့သားတို့က "အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ကြပေသည်။ စင်စစ် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် အသင်တို့အပေါ်၌ မည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးတော်မူသည် မဟုတ်ပေ။ အသင်တို့သည် မုသားပြောဆိုနေကြသည်သာ ဖြစ်သည်" ဟု ပြောဆိုခဲ့ကြကုန်၏။

[16] ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။

[17] သို့ရာတွင် ငါတို့အပေါ်၌မူကား (အလ္လာဟ်အရှင်မြတ်၏ အကြောင်းကြားချက်များကို အသင်တို့ထံ)ထင်ရှားစွာ ပို့ဆောင်ရန်တာဝန်မှတပါး အခြား တာဝန်မရှိပြီ။

[18] ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။

[19] (ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။

[20] ထိုအခါမြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေး၍လာခဲ့ပြီးလျှင် (ဤသို့)ပြောကြားခဲ့လေ၏။ "အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ရစူလ်တမန်တော်များ၏လမ်းကို လိုက်ကြလေကုန်၊

[21] အသင်တို့ထံမှ မည်သည့်အကျိုး (မည်သည့်အစား)ကိုမျှ တောင်းဆိုခြင်း မပြုကြသည့်ပြင် မိမိတို့ကိုယ်တိုင်လည်း တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ကြကုန်သော (ရစူလ်တမန်တော်)တို့၏လမ်းကို အသင်တို့ လိုက်ကြလေကုန်။

[22] ကျွန်ုပ်တွင် မိမိအား ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် မည်သည့်အကြောင်း ရှိပါသနည်း။ အမှန်သော်ကား အသင်တို့(အားလုံး)သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရပေမည်။

[23] ကျွန်ုပ်သည် ထိုအရှင်မြတ်အားစွန့်၍ အခြားအကြင်ကဲ့သို့သော ကိုးကွယ်ရာများကို (ကိုးကွယ်) ရမည်လော။ အကယ်၍ "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် ကျွန်ုပ်တွင် ဘေးအန္တရာယ် တစ်စုံတစ်ရာ သက်ရောက်စေရန် ရည်စူးတော်မူပါလျှင် ယင်းကိုးကွယ်ရာများ၏ ကြားဝင် အသနားခံပေးမှုသည်လည်း ကျွန်ုပ်၏အဖို့ အနည်းငယ်မျှပင် အသုံးကျမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကျွန်ုပ်အား လွတ်မြောက်စေနိုင်ကြမည်လည်း မဟုတ်ပေ။

[24] ထိုသို့ဖြစ်ခဲ့လျှင် ဧကန်မလွဲ ကျွန်ုပ်သည် ထင်ရှားစွာသော လမ်းမှားမှု၌ (သက်ရောက်သွားပေမည်)။

[25] ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင် ယုံကြည်ခဲ့ပြီဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နားထောင်ကြလေကုန်။

[26] အသင်သည် "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်လေလော့ဟု မိန့်ကြားတော်မူခြင်း ခံရလေသောအခါ ထိုသူက ပြောဆိုခဲ့လေ၏။ ဪ-ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွ။

[27] ကျွန်ုပ်၏အရှင်မြတ်သည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်သိန်ရှိသူတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ (ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွတကားဟု ပြောဆိုခဲ့လေသတည်း)။

[28] ထို့နောက် ငါအရှင်မြတ်သည် ထိုသူ(သေဆုံးပြီး)နောက်တွင် ထိုသူ၏ အမျိုးသားတို့အပေါ်ဝယ် မိုးကောင်းကင်မှ မည်သည့်စစ်တပ်ကိုမျှပင် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်မှာ စေလွှတ်တော်မူရန်လည်း မလိုပေ။

[29] (စင်စစ် ထိုမြို့သူမြို့သားတို့၌ သက်ရောက်ခဲ့သောပြစ်ဒဏ်မှာ) ပြင်းထန်စွာသော ဟစ်အော်သံ တစ်ခုသာလျှင် ဖြစ်ခဲ့၏။ ထိုအခါ ၎င်းတို့မှာ ရုတ်တရက် (ဇီဝိန်ချုပ်)ငြိမ်းသွားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

[30] ဪ-အကြင်ကျွန်များ(၏အခြေအနေမှာ) ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှဘိ၏တကား။ ၎င်းတို့ထံ မည်သည့် "ရစူလ်" တမန်တော်တစ်ပါးမဆို ရောက်ရှိ၍လာသည်ရှိသော် ၎င်းတို့သည် ထို"ရစူလ်" တမန်တော်အား ပြက်ရယ်ပြောင်လှောင်ခဲ့ကြသည် ချည်းသာဖြစ်၏။

[31] ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့ရာ ထိုပျက်စီးခဲ့ကြရသော လူမျိုးဆက်တို့မှာ ၎င်းတို့ထံ ပြန်လာကြမည် မဟုတ်သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။

[32] ထိုမှတစ်ပါး (၎င်းတို့)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့ အဆင်သင့်ရောက်ရှိစေခြင်းကို ခံကြရမည့်သူများသာ ဖြစ်ကြကုန်သတည်း။

[33] စင်စစ်သော်ကား ၎င်းတို့အဖို့ သက်သေ လက္ခဏာတစ်ရပ်မှာ (သွေ့ခြောက်လျက်ရှိသော) မြေသေပင်ဖြစ်၏။ငါအရှင်မြတ်သည် ယင်းမြေသေကို ရှင်စေတော်မူပြီးနောက် ယင်းမြေမှ ကောက်ပဲသီးနှံကို ထွက်စေတော်မူခဲ့ရာ ၎င်းတို့သည် ယင်းကောက်ပဲသီးနှံများကို စားသုံးလျက် ရှိကြကုန်၏။

[34] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမြေ၌ စွန်ပလွံခြံများကိုလည်းကောင်း၊ စပျစ်ခြံများကိုလည်းကောင်း၊ စီရင်ပြုလုပ်တော်မူခဲ့သည်သာမက ယင်းမြေ၌ စိမ့်စမ်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။

[35] ၎င်းတို့သည် ယင်းစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများမှ စားသုံးအံ့သောငှာ စင်စစ် ထိုအသီးများကို(ကောက်ပဲသီးနှံများကို) ၎င်းတို့၏လက်များက [(တစ်နည်း)၎င်းတို့ ကိုယ်တိုင်က] ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင် ကြလေသလော။

[36] မြေ၌ပေါက်ရောက်သော အရာများတွင်လည်းကောင်း၊ ထိုသူတို့ကိုယ်များတွင်လည်းကောင်း၊ ထိုသူတို့ မသိကြသောအရာများတွင်လည်းကောင်း၊ ဖို၊ မများ၊ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်းထားတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းတို့မှ စင်ကြယ် သန့်ရှင်းတော်မူပါ၏တကား။

[37] ၎င်းပြင် ထိုသူတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်မှာ ညဉ့်ပင်ဖြစ်၏။ ငါအရှင်မြတ်သည် ထိုညဉ့်မှ နေ့ကိုချွတ်ခွာ၍ ယူတော်မူ၏။ ထိုအခါ ၎င်းတို့သည် အမှောင်ထဲ၌ ရှိနေကြရကုန်၏။

[38] ၎င်းပြင် နေသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ထိုနေသည် မိမိ(သွားလာရာ)လမ်းအတိုင်း သွား(လာ)လျက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာ သတ်မှတ်ချက်ပင် ဖြစ်၏။

[39] ထိုနည်းတူစွာ လသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ငါအရှင်မြတ်သည် ထိုလ၏အဖို့ ခရီးစခန်းများကို သတ်မှတ်တော်မူခဲ့ရာ နောက်ဆုံးတွင်မူ ထိုလမှာ ခြောက်သွေ့လျက်ရှိသော စွန်ပလွံကိုင်းကဲ့သို့ ပြန်၍ဖြစ်လာလေ၏။

[40] နေသည် လကို မမီနိုင်ပေရာ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကို ကျော်လွန်နိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အသီးသီးတို့သည် ဂြိုဟ်နက္ခတ် သွားလာရာ လမ်းကြောင်းတစ်ခုစီ၌ ကူးခတ်သွားလာ၍ နေကြကုန်သတည်း။

[41] ထိုမှတစ်ပါး ၎င်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ်မှာ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့၏ သားမြေးတို့အား ဝန်ကုန်အပြည့်တင်ထားသော သင်္ဘောပေါ်၌ တင်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။

[42] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ထိုသင်္ဘောကဲ့သို့သော ၎င်းတို့စီးနင်းကြသော အခြားအရာ (အစီးအနင်း)များကိုလည်း ဖန်ဆင်းထားတော်မူခဲ့၏။

[43] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား နှစ်မြှုပ်တော်မူပေမည်။ သို့နှစ်မြှုပ်တော်မူခဲ့လျှင် ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။၎င်းတို့သည် လွတ်မြောက်စေခြင်း ခံကြရမည်လည်း မဟုတ်ပေ။

[44] (စင်စစ်) ငါအရှင်မြတ်သည် မိမိကရုဏာတော်အားဖြင့်လည်းကောင်း၊ သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အကျိုးခံစားစေခြင်းအားဖြင့်လည်းကောင်း၊ (ကယ်တင်ထားတော်မူခြင်းသာလျှင်) ဖြစ်ပေသတည်း။ (တစ်နည်း)သို့ရာတွင် (ဤသည်)ငါအရှင်မြတ်၏ ကရုဏာတော်ပင်ဖြစ်၏။ ထိုမှတစ်ပါး (၎င်းတို့အား) သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးခံစားစေခြင်းလည်းဖြစ်ပေသတည်း။

[45] သို့ရာတွင် ၎င်းတို့အား အသင်တို့သည် ကရုဏာပြုတော်မူခြင်း ခံကြရအံ့သောငှာ မိမိတို့၏ ရှေ့မှောက်၌ရှိသော(ပြစ်ဒဏ်)ကိုလည်းကောင်း၊ မိမိတို့၏ နောက်၌ရှိသော ပြစ်ဒဏ်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ကြလေကုန်ဟု ပြောခဲ့သောအခါ (၎င်းတို့သည် မျက်နှာလွှဲခဲ့ကြကုန်၏)။

[46] စင်စစ် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်များအနက် အမိန့်တော်တစ်ပါးပါးသည် ၎င်းတို့ထံ ရောက်ရှိ၍လာတိုင်းပင်၊ ၎င်းတို့သည် ယင်းအမိန့်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်သာ ဖြစ်၏။

[47] ထိုမှတစ်ပါး ၎င်းတို့အား အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်ဟု ပြောဆိုသောအခါ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က "အလ္လာဟ်အရှင်မြတ်သည် အကယ်၍ အလိုရှိတော်မူပါလျှင် ကိုယ်တော်တိုင် ကျွေးမွေးတော်မူမည်ဖြစ်သော သူတို့အား ကျွန်ုပ်တို့က ကျွေးမွေးကြရမည်လော၊ အသင်တို့သည် ထင်ရှားစွာသော လမ်းမှားမှု၌ ရှိနေကြသည်" ဟု မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ပြောဆို(ဖြေကြား)ကြကုန်သတည်း။

[48] ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်လတ္တံ့"ဟု မေးမြန်းကြကုန်၏။

[49] (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့အား ဖမ်းဆီးကွပ်မျက်အံ့သော ပြင်းထန်စွာ ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်မျှော်၍ နေကြကုန်၏။ ထိုအခါ၌ ၎င်းတို့သည် မိမိတို့အချင်းချင်း အငြင်းပွားလျက်ပင် ရှိကြပေမည်။

[50] သို့ဖြစ်ရာ ၎င်းတို့သည် တစ်စုံတစ်ရာသော သေတမ်းစကားကို မှာကြားနိုင်ကြမည် မဟုတ်ပေ။ မိမိတို့၏ အိမ်သူအိမ်သားတို့ထံ ပြန်သွားနိုင်ကြမည်လည်း မဟုတ်ပေ။

[51] ထို့ပြင် တံပိုးခရာမှုတ်သောအခါ ရုတ်တရက် ၎င်းတို့သည် သင်္ချိုင်းများမှထွက်၍ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ လျင်မြန်စွာ လာကြပေမည်။

[52] ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ကြရလေခြင်း။ မည်သူသည် ငါတို့အား ငါတို့၏အိပ်ရာမှ ထစေသတည်း" ဟု ပြောဆိုညည်းညူကြပေမည်။ (ထိုအခါ "မလာအိကဟ်" ကောင်းကင်တမန်များက ဖြေကြားကြပေမည်။) ဤသည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင် ချိန်းချက်ထားတော်မူခဲ့သော ချိန်းချက်ပင်ဖြစ်၏။ စင်စစ် ရစူလ်တမန်တော်များသည် မှန်ကန်စွာ ပြောကြားခဲ့ကြပေသည်။

[53] ယင်း(တံပိုးခရာမှုတ်ခြင်း)မှာ ပြင်းထန်စွာ ဟစ်အော်သံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့အားလုံးသည် (တစ်ယောက်မကျန်) ငါအရှင်မြတ်အထံတော်သို့ ခေါ်ဆောင်လာခြင်းကို ခံကြရပေမည်။

[54] သို့ဖြစ်ပေရာ ယနေ့သော်ကား မည်သူတစ်ဦးတစ်ယောက်မျှပင် အနည်းငယ် စိုးစဉ်းမျှပင် မတရားပြုမူခြင်းကို ခံရမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော အမှုကိစ္စတို့၏ အစားပေးခြင်းကိုသာလျှင် ခံကြရကုန်အံ့သတည်း။

[55] ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသားတို့သည် ယနေ့(မိမိတို့၏)အရေးကိစ္စများမှ မွေ့လျော် ရွှင်ပျော်လျက် ရှိကြပေမည်။

[56] ၎င်းတို့နှင့် ၎င်းတို့၏ ကြင်ရာကြင်ဖက်တို့သည် အရိပ်အာဝါသများအောက်တွင် သလွန်များထက်ဝယ် မှီအုံးများကို မှီအုံးလျက် ထိုင်နေကြပေမည်။

[57] ၎င်းတို့အဖို့ ယင်း"ဂျန္နတ်" သုခဘုံ၌ (အမျိုးမျိုးသော) သစ်သီးဝလံများလည်း ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့တောင်းသမျှသော အရာများလည်း ရှိကြပေမည်။

[58] ဖန်ဆင်းမွေးမြူတော်မူသော အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်အထံတော်မှ "စလာမ်" (ချမ်းမြေ့သာယာစေ)ဟူ၍ မိန့်ကြားတော်မူအံ့သတည်း။

[59] ၎င်းပြင် (အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူပေမည်) အို-အပြစ်ရှိသူအပေါင်းတို့၊ အသင်တို့သည် ယနေ့ တစ်သီးတစ်ခြား နေကြကုန်လော့။

[60] အို-"အာဒမ်"၏သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား(ကြပ်ကြပ်)သတိပေး တော်မူခဲ့သည် မဟုတ်လော။ အသင်တို့သည် "ရှိုင်တွာန်" မိစ္ဆာကောင်အား ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်၊ ဧကန်မလွဲ "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့၏ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။

[61] ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းဖြစ်၏။

[62] ထို့ပြင် မချွတ်မလွဲ ထို "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အနက် မြောက်များစွာသော အဖန်ဆင်းခံတို့အား လမ်းလွဲစေခဲ့လေပြီ။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) မသိ နားမလည်ခဲ့ကြလေသလော။

[63] ဤသည် အသင်တို့ ကတိပေးချိန်းဆိုခြင်း ခံခဲ့ကြရကုန်သော "ဂျဟန္နမ်" ငရဲဘုံပင် ဖြစ်၏။

[64] အသင်တို့သည် မိမိတို့ မယုံမကြည် သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ယနေ့ ထို "ဂျဟန္နမ်" ငရဲဘုံသို့ လားကြကုန်လေ။

[65] ယနေ့သော်ကား ငါအရှင်မြတ်သည် ၎င်းတို့၏နှုတ်များပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူမည်။ ထို့ပြင် ၎င်းတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကားပြောဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ခြေများသည် ၎င်းတို့ ပြုလုပ်ဆည်းပူးခဲ့သမျှတို့ကို သက်သေခံကြပေမည်။ (တစ်နည်း) ထိုအခါ ၎င်းတို့ဆည်းပူးခဲ့သမျှတို့ကို ၎င်းတို့၏လက်များက ငါအရှင်မြတ်အား လျှောက်ထားကြ၍ ၎င်းတို့၏ခြေများက သက်သေခံကြပေမည်။

[66] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် (လူ့လောက၌ပင်) ၎င်းတို့၏မျက်စိများကို ကွယ်ပျောက်စေတော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် လမ်းသို့ ပြေးကြပေမည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်မှာလျှင် မြင်ကြပေမည်နည်း။

[67] ထိုနည်းတူစွာ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့၏နေရာ၌ပင် ၎င်းတို့အား ပုံသဏ္ဌာန်ပြောင်းလဲပစ်တော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် ရှေ့သို့သွားနိုင်ကြမည်လည်း မဟုတ်ပေ။ နောက်သို့ ပြန်လာနိုင်ကြမည်လည်း မဟုတ်ပေတကား။

[68] စင်စစ်သော်ကား ငါအရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား ၎င်း၏ ဖန်ဆင်းမှု၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် ၎င်းတို့သည် (ဤမျှပင်) မသိ နားမလည်ကြလေသလော။

[69] စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို (တမန်တော်မြတ်မုဟမ္မဒ်)အား လင်္ကာ (ဖွဲ့စပ်သီကုံးခြင်း)ကို သင်ကြားပို့ချ၍ ပေးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ယင်းလင်္ကာ(စပ်ဆိုသီကုံးခြင်း)သည် ထို(တမန်တော်မြတ်)နှင့် အပ်စပ်သည်လည်းမဟုတ်ပေ။ ထို(တမန်တော်မြတ် ယူဆောင်လာသော) တရားဒေသနာမှာ ဆုံးမဩဝါဒနှင့် ထင်ရှားသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်ပေသည်။

[70] (ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းမှာ)ထိုတမန်တော်မြတ်သည် (စိတ်နှလုံး)ရှင်သူတို့အား သတိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အပေါ် စွပ်စွဲချက် အတည်ဖြစ်အံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း။

[71] စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အကျိုးငှာ မိမိလက်တော်ဖြင့် ပြုလုပ်တော်မူခဲ့သောအရာတို့တွင် ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့ကို ဖန်ဆင်းတော်မူခဲ့ရာ၊ ၎င်းတို့သည် ယင်းကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို ၎င်းတို့ မမြင်ခဲ့ကြလေသလော။

[72] ထို့ပြင် ငါအရှင်မြတ်သည် ယင်းတိရစ္ဆာန်များကို အညံ့ခံစေတော်မူခဲ့ရာ ယင်းတိရစ္ဆာန်များအနက် အချို့မှာ ၎င်းတို့၏ အစီးအနင်းဖြစ်ကြ၏။ ထိုမှတစ်ပါး ယင်းတိရစ္ဆာန်များအနက် အချို့ကို ၎င်းတို့သည် စားသုံးကြကုန်၏။

[73] ထိုမှတစ်ပါး ထိုသူတို့အဖို့ ယင်းတိရစ္ဆာန်များ၌(အခြား) အကျိုးကျေးဇူးများသည် လည်းကောင်း၊ သောက်သုံးဖွယ်ရာများသည် လည်းကောင်း၊ ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင်ကြလေသလော။

[74] ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့မှာ ကူညီရိုင်းပင်းခြင်းကို ခံကြရမည်ဟု မျှော်လင့်ကြလျက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို သတ်မှတ်ခဲ့ကြကုန်၏။

[75] (အမှန်စင်စစ်သော်ကား) ထိုကိုးကွယ်ရာများသည် ၎င်းတို့အား (အနည်းငယ် စိုးစဉ်းမျှပင်) ယိုင်းပင်း ကူညီနိုင်ကြသည် မဟုတ်သည့်ပြင် စင်စစ် ယင်းကိုးကွယ်ရာများမှာ(ရှေ့တော်မှောက်သို့) အဆင်သင့် ရောက်ရှိစေခြင်း ခံကြရသော ၎င်းတို့၏ ဆန့်ကျင်ဖက်အုပ်စုပင် ဖြစ်သွားကြပေမည်။

[76] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့၏ပြောဆိုမှုသည် အသင့်အား စိတ်နှလုံးမချမ်းမြေ့ မဖြစ်စေရ။ဧကန်အမှန် ထိုသူတို့ လျှို့ဝှက်သမျှတို့ ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်(အကြွင်းမဲ့) သိရှိတော်မူပေသတည်း။

[77] မနုဿ" လူသားသည် မစဉ်းစားမဆင်ခြင် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်း တော်မူခဲ့၏။ သို့ရာတွင် ရုတ်တရက် ၎င်းမှာ ထင်ရှားစွာသော အငြင်းအခုံ ပြုလုပ်သူဖြစ်လာခဲ့၏။

[78] ထိုမှတစ်ပါး ထို "မနုဿ" လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍(လွန်စွာရိုင်းပြသော) ဥပမာတစ်ခုကို ခိုင်းနှိုင်း ပြောဆိုခဲ့လေ၏။ ထို့ပြင် ၎င်းသည် မိမိဖန်ဆင်းခြင်းခံခဲ့ရသောအဖြစ်ကို မေ့သွားခဲ့၏။ ၎င်းက (ခိုင်းနှိုင်း ပြောဆိုခဲ့သည်မှာ) အရိုးများ ဆွေးမြည့်သွားခဲ့သောအခါ မည်သူသည် ယင်းအရိုးများကို ရှင်စေအံ့နည်းဟု ပြောဆိုခဲ့လေ၏။

[79] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[80] အကြင်အရှင်မြတ်သည် စိမ်းစိုသောသစ်ပင်မှပင် အသင်တို့၏အကျိုးငှာ မီးကိုဖန်ဆင်းတော်မူခဲ့ရာ ယခုသော်ကား အသင်တို့သည် ထိုသစ်ပင်မှပင် မီးမွှေးနေကြကုန်သတည်း။

[81] မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(ဒုတိယအကြိမ်ထပ်မံ၍) ဖန်ဆင်းတော်မူရန် စွမ်းနိုင်တော်မူသော အရှင်မဟုတ်ပါလော။ အဘယ်ကြောင့်မဟုတ်ပါသနည်း။ မုချမလွဲ(စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်)ဖြစ်တော်မူ၏။ စင်စစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ ဖန်ဆင်းတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အာကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[82] ထိုအရှင်မြတ်၏ အမိန့်တော်ကား တစ်စုံတစ်ရာကို ထိုအရှင်မြတ်သည် (ဖန်ဆင်းတော်မူရန်) ရည်စူးတော်မူသောအခါ ထိုအရာကို ဖြစ်စေဟု မိန့်ကြားတော်မူခြင်းမျှဖြစ်၏။ ထိုအခါ ယင်းအရာသည် ဖြစ်လာလေ၏။

[83] သို့ဖြစ်ပေရာ အကြင်အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူ၏။ အရာခပ်သိမ်းတို့ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့ (အားလုံး)သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်၍ သွားကြရကုန်အံ့သတည်း။

အတန်းလိုက်စီသူများ

Surah 37

[1] (ငါအရှင်မြတ်သည်) အနေအထားကျနစွာ တန်းစီ မတ်တတ်ရပ်ကြသူတို့အား သက်သေထူတော်မူ၏။

[2] တစ်ဖန် (ငါအရှင်မြတ်သည်) ငေါက်ငမ်းလျက် မောင်းနှင်သူတို့အား သက်သေထူတော်မူ၏။

[3] ထို့နောက်တစ်ဖန် (ငါအရှင်မြတ်သည်) "ဇစ်က်ရ်"ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ကြသူတို့အား (တစ်နည်း) ကျက်မှတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား သက်သေထူတော်မူ၏။

[4] မလွဲဧကန် အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာအရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူ၏။

[5] (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းစိုးပိုင်တော်မူသောအရှင်၊ ထိုမှတစ်ပါး နေထွက်ရာအရပ်များကို ဖန်ဆင်းစိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[6] ဧကန်စင်စစ် ငါအရှင်မြတ်သည် အောက်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်နက္ခတ်များတည်းဟူသော အဆင်အယင်ဖြင့် တန်ဆာဆင်ယင်တော်မူခဲ့၏။

[7] ၎င်းပြင် (ငါအရှင်မြတ်သည်) "ရှိုင်တွာန်" မိစ္ဆာကောင်အသီးသီးမှ အကာအကွယ် ပြုလုပ်တော် မူခဲ့၏။

[8] ထို "ရှိုင်တွာန်" မိစ္ဆာကောင်များသည် အထက်ကောင်းကင်ရှိ ပရိသတ်မြို့တော်သို့ (သွားရောက်) နားစွင့်နိုင်ခြင်း မရှိကြသည့်ပြင် ၎င်းတို့သည် အဖက်ဖက်မှ (မီးတောက် ကြယ်ပျံဖြင့်) ပစ်ပေါက်ခြင်းကို ခံကြရကုန်၏။

[9] နှင်ထုတ်ခြင်းခံကြရလျက်၊ ထိုမှတစ်ပါး ၎င်းတို့၌ ထာဝစဉ်ခံကြရအံ့သော ပြစ်ဒဏ်သည်လည်း ရှိပေဦးမည်။

[10] သို့ရာတွင် အကြင်"ရှိုင်တွာန်" မိစ္ဆာကောင်သည်(သတင်းတစ်စုံတစ်ရာကို) ရုတ်တရက် သုတ်ယူခဲ့မူ တောက်လောင်သော မီးတောက်တစ်ခုသည် ၎င်း၏နောက်သို့ ထက်ကြပ်မကွာ လိုက်ခဲ့လေတော့သတည်း။

[11] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။

[12] စင်စစ်မှာကား (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့၏ ငြင်းပယ်မှုကြောင့်)အံ့ဩ၍နေပေသည်။ သို့ရာတွင် ၎င်းတို့မှာမူကား(အသင့်အား)ပြက်ရယ်သမှု ပြုကြကုန်၏။

[13] ၎င်းပြင် သတိပေးဆုံးမခြင်းကို ခံကြရသောအခါ ၎င်းတို့သည် တရားရကြသည် မဟုတ်ပေ။

[14] ထို့ပြင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်ရပ်ရပ်ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ် ပြောင်လှောင်ကြကုန်၏။

[15] ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။

[16] မည်သို့နည်း ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။

[17] ၎င်းပြင် ရှေးသူဟောင်းများဖြစ်ကြသော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း(ရှင်ပြန်ထကြရဦးမည်လော)။

[18] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "ဟုတ်ပေသည်"(အသင်တို့သည် အမှန်ပင် ရှင်ပြန်ထကြရပေမည်)။ ၎င်းပြင် အသင်တို့သည် ဂုဏ်ရည် သေးသိမ်သူများလည်း ဖြစ်ကြရပေဦးမည်။

[19] စင်စစ်မှာကား ယင်းသည် ပြင်းထန်စွာသော အသံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာ) ကြည့်ရှုလျက် ရှိကြကုန်အံ့သတည်း။

[20] ထိုမှတစ်ပါး ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ပျက်စီးကြရလေခြင်း၊ ဤသည် အစားပေးမည့်နေ့ပါတကား"ဟု ပြောဆို ညည်းညူကြပေမည်။

[21] ဤကား မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော စီရင်ဆုံးဖြတ်မည့်နေ့ပင်ဖြစ်ပေသည်။

[22] (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူပေမည်)။ အသင်တို့သည်(မိမိတို့ကိုယ်ကို)နှိပ်စက်ကလူပြုခဲ့ကြသော သူတို့အားလည်းကောင်း၊ ထိုသူတို့နှင့် ဝါဒတူဖြစ်ကြသော အဖော်အဖက်တို့အားလည်းကောင်း၊ ထိုသူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်တို့အားလည်းကောင်း၊ စုရုံးကြလေကုန်။

[23] အလ္လာဟ်အရှင်မြတ်အားစွန့်၍၊ တစ်ဖန် အသင်တို့သည် ၎င်းတို့အားလုံးကိုပင် "ဂျဟန္နမ်"ငရဲဘုံ၏လမ်းအတိုင်း ခေါ်ဆောင်သွားကြလေကုန်။

[24] ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား(အနည်းငယ်) ဆိုင်းငံ့၍ထားကြလေကုန်။ ဧကန်မလွဲ ၎င်းတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။

[25] အသင်တို့သည် မည်သည့်အကြောင်းကြောင့် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီယိုင်းပင်းခြင်း မပြုကြပေသနည်း။

[26] စင်စစ်မှာကား ၎င်းတို့သည် ထိုနေ့တွင် ဦးခေါင်းညွှတ်ချ အညံ့ခံကြပေမည်။

[27] ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဖက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။

[28] ၎င်းတို့ (အနက်မှ နောက်လိုက်များ)က (ခေါင်းဆောင်များအား) "ဧကန်စင်စစ် အသင်တို့သည် အရှိန်အစော်ကြီးစွာဖြင့် ကျွန်ုပ်တို့ထံ လာရောက်လေ့ ရှိခဲ့ကြသည်" ဟုပြောဆိုကြပေမည်။

[29] (ထိုအခါ) ၎င်းတို့(အား ခေါင်းဆောင်များ)ကပြောဆို ဖြေကြားကြပေမည်။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့ကိုယ်တိုင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြပေ။

[30] ထိုမှတစ်ပါး ကျွန်ုပ်တို့၌ အသင်တို့အပေါ်ဝယ် ဩဇာအာဏာ တစ်စုံတစ်ရာမျှလည်း မရှိခဲ့ပေ။ စင်စစ်မှာကား အသင်တို့ ကိုယ်တိုင်ပင် လွန်စွာ သောင်းကျန်းဆိုးသွမ်းများ ဖြစ်ခဲ့ကြပေသည်။

[31] အမှန်သော်ကား "ကျွန်ုပ်တို့သည် ဧကန်အမှန်(ပြစ်ဒဏ်၏) အရသာကို မြည်းစမ်းမည့်သူများ ဖြစ်ကြသည်"ဟူသော ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်၌ မှန်ကန်ကြောင်း ထင်ရှားလေသည်။

[32] သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြကုန်၏။

[33] သို့ဖြစ်သောကြောင့် စင်စစ်ဧကန် ၎င်းတို့အားလုံးသည် ထိုနေ့တွင် ပြစ်ဒဏ်၌(ခံစား)သူများပင် ဖြစ်ကြပေမည်။

[34] မလွဲဧကန် ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ဤအတိုင်းပင် ပြုလုပ်လေ့ရှိတော်မူ၏။

[35] မုချဧကန် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိဟု ၎င်းတို့အား ပြောဆိုခဲ့သောအခါ ၎င်းတို့သည် မာန်မာန ထောင်လွှားလေ့ရှိခဲ့ကြကုန်၏။

[36] ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး၏ပြောဆိုမှုကြောင့် မိမိတို့၏ ဆည်းကပ်ကိုးကွယ်ရာများကို စွန့်လွှတ်ကြရ မည်လောဟု ပြောဆိုလေ့ရှိကြကုန်၏။

[37] စင်စစ်မှာကား ထို(တမန်တော်မြတ်)သည် အမှန်တရားကို ယူဆောင်ခဲ့သည့်ပြင်(အခြားသော)"ရစူလ်"တမန်တော်အပေါင်းတို့အားလည်း (ဟုတ်မှန်ကြောင်း)ယုံကြည် ထောက်ခံခဲ့ပေသတည်း။

[38] ဧကန်မလွဲ အသင်တို့အားလုံးသည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများ အမှန်ပင် ဖြစ်ကြကုန်၏။

[39] သို့ရာတွင် အသင်တို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသော အမှုကိစ္စများ၏ အစားပေးခြင်းကိုသာလျှင် ခံကြရပေမည်။

[40] သို့ရာတွင် ရွေးခြယ်ခြင်းကို ခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များသည်၊

[41] ထိုသူတို့အဖို့မှာမူကား သတ်မှတ်ပြီးဖြစ်သော အစာအာဟာရသည် ရှိပေသည်။

[42] သစ်သီးဝလံများပင်၊ ထိုမှတစ်ပါး ၎င်းတို့သည် ဂုဏ်အင် ချီးမြှင့်ခံကြရသူများ ဖြစ်ကြပေမည်။

[43] စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ၌၊

[44] သလွန်များထက်ဝယ် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။

[45] ၎င်းတို့ရှေ့ဝယ် သွင်သွင်စီးလျက်ရှိသော အရက်ဖြင့်ပြည့်လျှံနေသောဖလားသည် လှည့်ပတ်လျက်ရှိချေမည်။

[46] အရောင်အသွေးဖြူသော၊ သောက်သုံးသူအဖို့ အရသာနှင့်ပြည့်စုံသော၊

[47] ထိုအရက်ကြောင့် မူးဝေခြင်း-ခေါင်းခဲခြင်းလည်း ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းအရက်ကြောင့် ၎င်းတို့သည် သတိလစ်ကြရမည်လည်း မဟုတ်ပေ။

[48] ထိုမှတစ်ပါး ၎င်းတို့ထံတွင် မျက်စိကို အောက်သို့နှိမ့်ချထားသော၊ မျက်စိပြူး၍လှပသော ကြင်ဘက်များလည်း ရှိကြပေမည်။

[49] ထိုကြင်ဘက်များမှာကား လျှို့ဝှက်ဖုံးအုပ်လျက်ထားရှိသော ဥများပမာ ဖြစ်ကြကုန်အံ့သတည်း။

[50] ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။

[51] ၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပေမည်။ ကျွန်ုပ်တွင် အဖော်တစ်ယောက် ရှိခဲ့ဖူး၏။

[52] ထိုအဖော်သည် ကျွန်ုပ်အား ပြောဆို(မေးမြန်း)လေ့ရှိ၏။ အသင်သည်လည်း ("ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို) ယုံကြည်ထောက်ခံသူတစ်ဦး ဖြစ်လေသလော။

[53] ကျွန်ုပ်တို့သည် သေဆုံး၍(အသားအရေတို့မှာ)မြေကြီးဖြစ်သွားပြီးလျှင် အရိုးများသာလျှင် ကျန်ရစ်သောအခါ အမှန်ပင် ကျွန်ုပ်တို့သည် အစားပေးခြင်းခံကြရသူများ ဖြစ်ကြရမည်လော။

[54] (ထိုအခါ) ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။ (တစ်နည်း) ["ဂျန္နတ်" သုခဘုံ၌ အတူရှိနေသော အဖော်တစ်ဦးက ပြောဆိုပေမည်။] အသင်တို့သည် (ထိုအဖော်အား)ချောင်း၍ ကြည့်လိုကြလေသလော။

[55] ထို့နောက် ထိုသူသည် ချောင်း၍ကြည့်သောအခါ ထိုအဖော်အား "ဂျဟန္နမ်" ငရဲဘုံ၏အလယ်၌ တွေ့မြင်ပေမည်။

[56] (ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။

[57] အမှန်သော်ကား အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်သာလျှင် မရှိခဲ့မူ အမှန်ပင် ကျွန်ုပ်သည်လည်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ကြရသောသူတို့တွင် အပါအဝင် ဖြစ်မည်သာ။

[58] သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးကြအံ့သောသူများ မဟုတ်တော့ပြီလော။

[59] ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှအပ၊ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများလည်း မဟုတ်ပြီ။

[60] ဧကန်မလွဲ ဤသည်ပင်လျှင် ကြီးကျယ်စွာသော အောင်မြင်မှုတည်း။

[61] (ကောင်းမြတ်သော အကျင့်သီလများကို) ကျင့်မူဆောက်တည်ကြသောသူတို့သည် ဤကဲ့သို့သော အောင်မြင်မှုရယူရန်) အလို့ငှာ ကျင့်မူ ဆောက်တည်ကြရာသတည်း။

[62] ဤသည့်ဧည့်ခံပွဲသည် ပိုမို၍ကောင်းမြတ်လေသလော၊ သို့တည်းမဟုတ် ရှားစောင်းကြီးဆူးပင်သည် ပိုမို၍ကောင်းမြတ်လေသလော။

[63] ဧကန်အမှန် ငါအရှင်မြတ်သည် ယင်းသစ်ပင်ကို မတရားကျူးလွန်ကြသော သူတို့အဖို့ စမ်းသပ်မှုတစ်ရပ်ပင် ပြုလုပ်တော်မူခဲ့၏။

[64] ဧကန်စင်စစ် ၎င်းမှာ "ဂျဟန္နမ်" ငရဲဘုံ၏အရင်း၌ပေါက်ရောက်သော သစ်ပင်တစ်ပင်ဖြစ်လေ၏။

[65] ယင်းသစ်ပင်၏အသီးမှာ "ရှိုင်တွာန်" မိစ္ဆာကောင်များ၊ မြွေများ၏ပါးပျဉ်းများကဲ့သို့ပင်ဖြစ်ပေ၏။

[66] သို့ဖြစ်ပေရာ ဧကန်အမှန် ၎င်းတို့သည် ယင်းသစ်ပင်မှ အမှန်ပင် စားသုံးကြပေမည်။ ထို့နောက် ၎င်းတို့သည် ယင်းသစ်ပင်ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြပေမည်။

[67] ထို့နောက် ထိုသူတို့သည် ၎င်း၏အပေါ်၌ ဝါ(ထိုအပင်ကို စားသုံးဖြည့်တင်းပြီးနောက်) ကျိုက်ကျိုက်ဆူပွက်သောရေနွေးကို ရောစပ်(၍သောက်စေ) ခြင်းကို ခံကြရပေမည်။

[68] ထို့နောက် ဧကန်မုချ ၎င်းတို့သည် "ဂျဟန္နမ်"ငရဲဘုံသို့ အမှန်ပင် ပြန်ကြရပေမည်။

[69] ဧကန်စင်စစ် ၎င်းတို့သည် မိမိတို့၏အဘ၊ ဘိုး၊ဘေးတို့အား လမ်းမှားသူများအဖြစ် တွေ့ရှိခဲ့ကြကုန်၏။

[70] သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအဘ၊ ဘိုး၊ ဘေးတို့၏ခြေရာများပေါ်၌ လျင်မြန်စွာ ပြေးလျှောက် ခဲ့ကြလေသတည်း။

[71] အမှန်သော်ကား မုချဧကန် ၎င်းတို့အလျင်လည်း ရှေးသူဟောင်းတို့အနက် များစွာသောသူတို့မှာ လမ်းမှားခဲ့ကြကုန်၏။

[72] စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့တွင် သတိပေးနှိုးဆော်သူတို့အား စေလွှတ်တော်မူခဲ့၏။

[73] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သတိပေး နှိုးဆော်ခြင်းခံခဲ့ကြရသောသူတို့၏ နောက်ဆုံးအကျိုးမှာ မည်ကဲ့သို့ဖြစ်ခဲ့သည်ကိုရှုပါလေ။

[74] သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များမှာမူကား(လွတ်မြောက်ခဲ့ကြပေသတည်း)။

[75] ၎င်းပြင် ဧကန်မလွဲ (နဗီတမန်တော်) "နူးဟ်"သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့လေရာ ငါ အရှင်မြတ်သည်(နူးဟ်၏ပန်ကြားချက်ကို) အဘယ်မျှလောက် ကောင်းစွာ နားထောင်တော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။

[76] ထို့ပြင် ငါအရှင်မြတ်သည် ထိုနူးဟ်အားလည်းကောင်း၊ ထိုနူးဟ်၏ အိမ်သူအိမ်သားများအားလည်းကောင်း၊ ကြီးကျယ်လှစွာသော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။

[77] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူးဟ်၏ အဆက်အနွယ်ကိုသာလျှင် (မသေမကြေ မပျောက်မပျက်) ကျန်ရစ်စေတော်မူခဲ့၏။

[78] ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထို"နူးဟ်"နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရစေခြင်းကို) ရှိစေတော်မူခဲ့၏။

[79] ခပ်သိမ်းကုန်သော ကမ္ဘာသူကမ္ဘာသားများ တွင်"နူးဟ်" ၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့ သာယာမှုသည်ကျရောက်ပါစေ။

[80] ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူ၏။

[81] ဧကန်စင်စစ် ထိုနူးဟ်သည် ငါအရှင်မြတ်၏"မုအ်မင်န်" သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် အပါအဝင်ဖြစ်၏။

[82] ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား နှစ်မြှုပ်တော်မူခဲ့ပေသတည်း။

[83] ထို့ပြင် ဧကန်မလွဲ ထို(နဗီတမန်တော်) နူးဟ်၏ လမ်းစဉ်ကိုလိုက်သူတို့တွင် (နဗီတမန်တော် "အီဗ်ရာဟီမ်"သည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။)

[84] (ပြန်လည်သတိရကြလေကုန်၊) အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် (ဒွိဟသံသယ စသောရောဂါများ)ကင်းရှင်းသော စိတ်နှလုံးနှင့်တကွ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ လှည့်ခဲ့လေ၏။

[85] တစ်ရံရောအခါဝယ် ထို (နဗီတမန်တော်)အီဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိ အမျိုးသားတို့အားလည်းကောင်း၊ ပြောဆို (မေးမြန်း)ခဲ့၏။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။

[86] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍(မိမိတို့ကိုယ်တိုင်) ကြံဖန်ပြုလုပ်ထားသော ကိုးကွယ်ရာများကို(ဆည်းကပ်ကိုးကွယ်ရန်) လိုလားကြလေသလော။

[87] သို့ဖြစ်လျှင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် ပတ်သက်၍ အသင်တို့သည် မည်သို့ ယူဆကြပေသနည်း။

[88] ထို့နောက် အီဗ်ရာဟီမ်သည် ကြယ်နက္ခတ်များကို တစ်ချက်စူးစိုက်၍ ကြည့်ခဲ့လေ၏။

[89] ထို့နောက် "ဧကန်အမှန် ငါသည် စိတ်ထိခိုက်သူဖြစ်သည်" ဟု ပြောဆိုခဲ့လေ၏။

[90] ထို့နောက် ၎င်းတို့သည် ထိုအီဗ်ရာဟီမ်၏ထံမှကျောခိုင်းလျက် လှည့်ပြန်ခဲ့ကြကုန်၏။

[91] ထို့နောက် ထိုအီဗ်ရာဟီမ်သည် ထိုအမျိုးသားတို့၏ ကိုးကွယ်ရာ(ဆင်းတု)များထံ ဝင်ရောက်ခဲ့ပြီးလျှင်(ဤသို့)ပြောဆိုခဲ့၏။ အသင်တို့သည် အဘယ်ကြောင့် မစားကြသနည်း။

[92] အသင်တို့သည် မည်သည့်အကြောင်းကြောင့် စကားမပြောကြသနည်း။

[93] တစ်ဖန် ထိုအီဗ်ရာဟီမ်သည် ယင်းဆင်းတုတော်များအပေါ်သို့ အရှိန်ပြင်းစွာ သွားရောက်၍ လက်ယာလက်ဖြင့် ရိုတ်ခတ်လေတော့၏။

[94] ထို့နောက် ၎င်းအမျိုးသားတို့သည် ထိုအီဗ်ရာဟီမ်၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။

[95] ထိုအခါ ထိုသူ(အီဗ်ရာဟီမ်)က (ဤသို့)ပြောကြားခဲ့၏။ အသင်တို့သည် မိမိတို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ် ကြလေသလော။

[96] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အားလည်းကောင်း၊ အသင်တို့ ပြုလုပ်ကျင့်မူကြသော အရာဝတ္ထုများကိုလည်းကောင်း၊ (အားလုံးကိုပင်)ဖန်ဆင်းတော်မူခဲ့၏။

[97] ထို(အခါ) အမျိုးသားတို့က "အသင်တို့သည် ထိုအီဗ်ရာဟီမ်၏အဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးလျှင်၊ ၎င်းအား မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလေကုန်" ဟု ပြောဆိုခဲ့ကြကုန်၏။

[98] အချုပ်မှာ ၎င်းတို့သည် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် ၎င်းတို့အား (အရေး)နိမ့်စေတော်မူခဲ့ပေသတည်း။

[99] ထို့နောက် ထိုအီဗ်ရာဟီမ်သည် (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်အမှန် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားတော့မည်။ ထိုအရှင်မြတ်သည် ငါ့အား (လိုရာပန်းတိုင်သို့) အမှန်ပင် ပို့ဆောင်တော်မူပေမည်။

[100] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်အား သူတော်ကောင်း(သား)တစ်ယောက် ချီးမြှင့်ပေးသနားတော်မူပါ။

[101] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား ခန္တီတရားနှင့် ပြည့်စုံသောသားတော်တစ်ပါး၊ (ချီးမြှင့်တော်မူမည် ဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းပေးတော်မူခဲ့၏။

[102] ၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ်နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအစ်ဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။"အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန်အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ထင်မြင်ယူဆသနည်း"စဉ်းစားပါလေ။ ထို(အခါ)သားတော်က "အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော်ကိုသာ လိုက်နာဆောင်ရွက်ပါ။ "အင်န်ရှာအလ္လာဟ်" (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်းတော်သည် ကျွန်တော့်အား ခန္တီတရား ထားရှိသူတစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြားခဲ့လေ၏။

[103] ထို့နောက် ထို(သားအဖ)နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်)ထိုသားတော်အား မှောက်လျက် လှဲခဲ့လေ သောအခါ။

[104] ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြုတော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊

[105] ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန်အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

[106] ဧကန်မလွဲ ဤသည် ထင်ရှားစွာသော စမ်းသပ်မှုတစ်ရပ် အမှန်ပင်ဖြစ်၏။

[107] ၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့်(အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။

[108] ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။

[109] အီဗ်ရာဟီမ်၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့သာယာမှုသည် ကျရောက်ပါစေ။

[110] ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

[111] ဧကန်စင်စစ် ထိုအီဗ်ရာဟီမ်သည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့အနက် အပါအဝင်ဖြစ်၏။

[112] ၎င်းပြင် ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား "အစ်ဟာက်"နှင့်ပတ်သက်၍ နဗီတမန်တော်တစ်ပါး၊ သူတော်ကောင်းတစ်ပါး ဖြစ်မည့်အကြောင်း ဝမ်းမြောက်ဖွယ်သတင်း မိန့်ကြားတော်မူခဲ့၏။

[113] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်၏အပေါ်၌လည်းကောင်း၊ "အစ်ဟာက်"၏အပေါ်၌ လည်းကောင်း၊ ချမ်းသာကြောင်းကို ချပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ သားမြေးတို့အနက် သူတော်ကောင်းလည်းရှိ၏။ မိမိကိုယ်ကိုမိမိ အထင်အရှား နှိပ်စက်ကလူပြုသူလည်းရှိချေသတည်း။

[114] ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)"မူစာ"၏အပေါ်၌လည်းကောင်း၊(နဗီတမန်တော်)"ဟာရူန်"၏အပေါ်၌လည်းကောင်း၊ ကျေးဇူးပြုတော်မူခဲ့၏။

[115] ထို့ပြင် ငါအရှင်မြတ်သည် ထို"မူစာ"နှင့်"ဟာရူန်" နှစ်ဦးတို့အားလည်းကောင်း၊ ထိုနှစ်ဦးတို့၏ အမျိုးသားတို့အားလည်းကောင်း၊ ကြီးကျယ်စွာ သော ပူပင်သောကမှ ကယ်တင်တော်မူခဲ့၏။

[116] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မတော်မူခဲ့ရာ ၎င်းတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်ခဲ့ကြကုန်၏။

[117] ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

[118] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။

[119] ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ၎င်းတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (၎င်းတို့နှစ်ဦးစလုံးအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။

[120] စလာမ်" ငြိမ်းချမ်းသာယာမှုသည် မူစာ၏အပေါ်၌လည်းကောင်း၊ ဟာရူန်၏အပေါ်၌လည်းကောင်း၊ ကျရောက်ပါစေ။

[121] ဧကန်မလွဲ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သူတော်ကောင်းတို့အား အစားပေးလေ့ရှိတော်မူ၏။

[122] ဧကန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့တွင် အပါအဝင် ဖြစ်ကြကုန်သတည်း။

[123] ထိုမှတစ်ပါး ဧကန်စင်စစ် "အီလ်ယာစ်" သည်"ရစူလ်" တမန်တော်တို့တွင် အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်၏။

[124] တစ်ရံရောအခါဝယ် "အီလ်ယာစ်"သည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။

[125] အသင်တို့သည် အကောင်းဆုံး ဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားကြ၍ "ဗအ်လ်" (ဟုမည်တွင်သော ဆင်းတု)ကို ဟစ်ခေါ်(တသ ကိုးကွယ်ဆည်းကပ်)ကြလေသလော။

[126] အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုနည်းတူစွာ အသင်တို့၏ ရှေးဟောင်းအဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြ၍)။

[127] သို့တစေလည်း ၎င်းတို့သည် ထို(နဗီတမန်တော်) အီလ်ယာစ်အား မုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ၊ ဧကန်စင်စစ် ၎င်းတို့သည် (ငါအရှင်မြတ်၏) ရှေ့တော်မှောက်သို့ သွင်းခြင်းခံကြရမည့်သူများ အမှန်ပင်ဖြစ်ကြကုန်၏။

[128] သို့ရာတွင် ရွေးချယ်ခြင်း ခံခဲ့ကြရလေသော အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့မှာမူကား (ကောင်းမြတ်သော အကျိုးကျေးဇူးကို ခံစားကြရပေမည်)။

[129] စင်စစ် ငါအရှင်မြတ်သည် ထိုအီလ်ယာစ်နှင့်ပတ်သက်၍ နောင်လာနောက်သားတို့တွင် (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။

[130] စလာမ်" ငြိမ်းချမ်း သာယာမှုသည် "အီလ်ယာစီန်" ၏အပေါ်ဝယ် ကျရောက်ပါစေ။

[131] ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

[132] စင်စစ်ဧကန် ထို"အီလ်ယာစီန်"သည် ငါအရှင်မြတ်၏ သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် တစ်ဦးအပါအဝင် ဖြစ်ချေသတည်း။

[133] ထိုမှတစ်ပါး ဧကန်မလွဲ"လူတ်"သည်လည်း"ရစူလ်" တမန်တော်တို့တွင် အပါအဝင်ဖြစ်လေ၏။

[134] အကြင်အခါဝယ် ငါအရှင်မြတ်သည် ထို "လူတ်"အားလည်းကောင်း၊ ထို"လူတ်"၏ အိမ်သူအိမ်သား အားလုံးတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။

[135] သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ခဲ့၏။

[136] ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား ဖျက်ဆီးတော်မူခဲ့၏။

[137] စင်စစ်ဆိုသော် မုချဧကန် အသင်တို့သည် နေ့အခါ၌ ၎င်းတို့၏(ပျက်စီးနေသောမြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက်ပင် ရှိကြကုန်၏။

[138] ထိုနည်းတူစွာ (အသင်တို့သည်) ညဉ့်အခါ၌လည်း(ဖြတ်သန်းသွားလာလျက် ရှိကြပေသည်၊)သို့ပါလျက် အသင်တို့သည် (မစဉ်းစားမဆင်ခြင်) မသိ နားမလည်ကြလေသလော။

[139] ထိုမှတစ်ပါး ဧကန်အမှန် "ယူနွတ်စ်"သည်လည်း "ရစူလ်" တမန်တော်တစ်ဦးဖြစ်ခဲ့၏။

[140] အခါတစ်ပါး၌ ထို "ယူနွတ်စ်" သည် ကုန်စည်အပြည့်တင်ထားသော သင်္ဘော၏အနီးသို့ ပြေး၍သွားခဲ့လေ၏။

[141] ထို့နောက် ထို"ယူနွတ်စ်"သည်(သင်္ဘောသားများ) မဲစာရေးတံချရာတွင် ပါဝင်မဲချစေခဲ့ရာ၊ ၎င်းမှာ အရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရလေ၏။

[142] ထို့နောက် ထိုယူနွတ်စ်သည် မိမိကိုယ်ကိုမိမိ အပြစ်တင်လျက်ရှိနေစဉ် ငါးသည် ၎င်းအား မျိုခဲ့လေ၏။

[143] စင်စစ်သော်ကား အကယ်၍သာ ထို"ယူနွတ်စ်"သည် (ငါအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူ မဖြစ်ခဲ့မူ။

[144] အမှန်ပင် ထို"ယူနွတ်စ်" သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တိုင်အောင် ထိုငါး၏ ဝမ်းဗိုက်ထဲ၌သာ နေခဲ့ရပေမည်။

[145] ထို့နောက် ငါအရှင်မြတ်သည် ထို"ယူနွတ်စ်"အား လွင်တီးပြင်၌ချတော်မူခဲ့ရာ ၎င်းမှာ နွမ်းရိလျက်ရှိခဲ့၏။

[146] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌နွယ်တက်သော အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။

[147] ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိ အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့၏။

[148] ထိုအခါ ၎င်းအမျိုးသားတို့သည် "အီမာန်"သက်ဝင်ယုံကြည်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အားသတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူးခံစားခွင့် ပေးသနားတော်မူခဲ့ပေသတည်း။

[149] ယခုသော် အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၌ သမီးမိန်းကလေးများရှိကြ၍၊ ၎င်းတို့၌မူကား သားယာက်ျားကလေးများ ရှိကြလေသလော။

[150] သို့တည်းမဟုတ် ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ သို့ ကြည့်ရှုလျက် ရှိခဲ့ကြလေသလော။

[151] ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့၏ လီဆယ်မှုဖြင့်သာ ပြောဆိုနေကြသည်။

[152] အလ္လာဟ်အရှင်မြတ်သည် (သားသမီး) မွေးဖွားတော်မူသည်" ဟု။ သို့ရာတွင် စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။

[153] အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများအား သားယောက်ျားကလေးများထက် ဦးစားပေးတော်မူခဲ့သလော။

[154] အသင်တို့၌ မည်သို့သော အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ်ပေးကြသနည်း။

[155] အသင်တို့သည် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

[156] သို့တည်းမဟုတ် အသင်တို့၌ ထင်ရှားစွာသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိလေသလော။

[157] သို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါမူ မိမိတို့၏ကျမ်းဂန်ကို ယူလာ (တင်ပြ)ကြလေကုန်။

[158] ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏စိတ်ကူးဖြင့်) ထိုအရှင်မြတ်နှင့် ဂျင်(န်)သတ္တဝါတို့၏ အကြားဝယ် ဆွေမျိုးတော်စပ်မှုကို ဖန်တီးခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ဂျင်(န်)သတ္တဝါတို့ကိုယ်တိုင် မိမိတို့မှာ (ပြစ်ဒဏ်၌)အမှန်ပင် အဆင်သင့် ရောက်ရှိစေခြင်း ခံကြရမည့်သူများဖြစ်ကြသည်ကို ကောင်းစွာသိရှိပြီး ဖြစ်ကြကုန်၏။

[159] အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူ၏။

[160] သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များမှာမူကား (ပြစ်ဒဏ်မှ ကင်းလွတ်ကြကုန် အံ့သတည်း)။

[161] သို့ဖြစ်ရာ အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ် ကိုးကွယ်ရာတို့သည်လည်းကောင်း။

[162] အသင်တို့သည် (အားလုံးစုရုံးလျက်ပင်)ထိုအရှင်မြတ်ဘက်မှ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။ (တစ်နည်း) ထိုအသင်တို့၏ ကိုးကွယ်ရာဘက်သို့ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။

[163] ဂျဟန္နမ်" ငရဲဘုံ၌ ကျရောက်အံ့သောသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှပင်။

[164] (ကောင်းကင်တမန်များ)က စင်စစ်သော်ကား ကျွန်ုပ်တို့အနက် အသီးသီးအဖို့ အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီး ဖြစ်သည်။

[165] ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် စီတန်း၍နေကြသူများပင် ဖြစ်ကြကုန်သည်။

[166] ထိုမှတစ်ပါး ဧကန်စင်စစ် ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်) စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူများပင် ဖြစ်ကြကုန်သည်။ (ဟုဆိုကြသည်)။

[167] စင်စစ်သော်ကား ဧကန်မလွဲ ထို(မုရှ်ရစ်က်) တို့သည် (ဤသို့)ပြောဆိုလျက် ရှိခဲ့ကြကုန်၏။

[168] ဧကန်အမှန် အကယ်၍သာ ကျွန်ုပ်တို့ထံ၌ ရှေးသူဟောင်းတို့၏ဆုံးမဩဝါဒ တစ်စုံတစ်ရာရှိခဲ့မူ။

[169] အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြမည်။

[170] သို့ပါလျက် ၎င်းတို့သည် ယင်းဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင် သိရှိကြရမည်။

[171] အမှန်သော်ကား ငါအရှင်မြတ်၏ ရစူလ်တမန်တော်များဖြစ်ကြသော ကျွန်တို့နှင့်ပတ်သက်၍ ငါအရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်သည် ရှေးဦး မဆွကပင် သတ်မှတ်ပြီးဖြစ်ခဲ့ပြီ။

[172] ဧကန်အမှန် ၎င်းတို့သည်သာလျှင် ကူညီစောင်မခြင်း ခံကြရမည့်သူများ ဖြစ်ကြောင်း။

[173] စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။

[174] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူရှု၍ နေပါလေ။

[175] ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ကြည့်နေပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်လည်း မြင်ကြရပေမည်။

[176] ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။

[177] စင်စစ်သော်ကား ယင်းပြစ်ဒဏ်သည် ၎င်းတို့၏အိမ်ဝင်းထဲ၌ ကျရောက်လာသောအခါ သတိပေးနှိုးဆော်ခြင်းခံ ကြရသောသူများ၏ နံနက်အချိန်ပင် အချိန်မှာ အလွန်ဆိုးရွားလှသော နံနက်အချိန်ပင် ဖြစ်ချိမ့်မည်။

[178] (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူ၍ နေပါလေ။

[179] ထို့ပြင် အသင်သည် ကြည့်၍သာနေပါလေ။ ထို့နောက် ၎င်းတို့သည်လည်း မကြာမြင့်မီပင် မြင်ကြရကုန်အံ့သတည်း။

[180] အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အနန္တ ဂုဏ်ထူးရှင် ဖြစ်တော်မူသော အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူပါဘိတကား။

[181] ၎င်းပြင် ချမ်းမြေ့သာယာမှုသည် "ရစူလ်"တမန်တော်တို့အပေါ်ဝယ် ကျရောက်ပါစေသော်။

[182] ထိုမှတစ်ပါး ချီးမွမ်းထောပနာ အလုံးစုံတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာ အပ်စပ်ပေသတည်း။

ဆွဒ်

Surah 38

[1] ဆွာဒ်"။ (ငါအရှင်မြတ်သည်) ကျော်စောကိတ္တိရှိသော အဆုံးအမနှင့်ပြည့်နှက်သော၊ မြင့်မြတ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။

[2] (ကာဖိရ်"သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ သွေဖည်ငြင်းပယ်မှုသည် မည်သည့်သက်သေ အထောက်အထားကိုမျှ အခြေခံပြုထားခြင်း) အလျှင်းမဟုတ်၊ စင်စစ်မှာကား (ထို)"ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့မှာ အယူသည်းမှု၌လည်းကောင်း၊ ဆန့်ကျင်ဖီလာပြုမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။

[3] ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောလူမျိုးဆက်ကို ဖျက်ဆီးတော်မူခဲ့၏။ (ပျက်စီးသည့်အချိန်တွင်) ၎င်းတို့သည် ဟစ်အော်မြည်တမ်း ခဲ့ကြကုန်၏။သို့ရာတွင် အကျိုးမရှိပြီ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ လွတ်မြောက်ရန်အချိန် မဟုတ်တော့ပြီ။

[4] စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အနက်မှပင် သတိပေး နှိုးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့ဩခဲ့ကြကုန်၏။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်သောသူတို့က ဤသည် လွန်စွာမုသားပြောဆိုသူ ပဉ္စလက်ဆရာတစ်ဦးပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။

[5] ဤသူသည် များစွာသော ကိုးကွယ်ရာများနေရာတွင် ကိုးကွယ်ရာတစ်ဆူတည်းသာ ပြုလုပ်ချန်ထားလေသလော။ ဧကန်မလွဲ ဤသည် လွန်စွာအံ့ဖွယ်ရာ တစ်ခုပင်ဖြစ်၏။

[6] ထို့ပြင် ၎င်းတို့အနက် အကြီးအကဲများက (ငယ်သားများအား ဤသို့)(ပြောဆို)ထွက်သွားခဲ့ကြ၏။ အသင်တို့သည် သွားကြလေကုန်။ (တစ်နည်း) သွားကြစို့။ ၎င်းပြင် အသင်တို့သည် မိမိတို့၏(မိရိုးဖလာ)ကိုးကွယ်ရာများကိုသာ ကြံ့ခိုင်စွာ(ကိုးကွယ်လျက်) ရှိနေကြကုန်။ ဧကန်အမှန် ဤသည်၌ ၎င်း၏ ရည်ရွယ်ချက်တစ်ခုခု အမှန်ပင်ရှိ၏။ (တစ်နည်း)ဧကန်အမှန် ဤသည်အမှန်ပင် ရည်ရွယ်ချက်တစ်ခုခု ရှိ၏။

[7] ကျွန်ုပ်တို့သည် လွန်လေခဲ့ပြီးဖြစ်သောသာသနာတွင် ဤမည်သောစကားမျိုးကို ကြားခဲ့ဘူးကြသည် မရှိပေ။ဤသည် လီဆယ်ဖန်တီးမှုမှအပ အခြားမဟုတ်ပြီ။

[8] ကျွန်ုပ်တို့အားလုံးတို့အနက်မှ ၎င်း၏အပေါ်၌သာလျှင် ဆုံးမဩဝါဒသည် ချပေးခြင်းခံရလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒ(တစ်နည်း) ငါအရှင်မြတ်၏"ဝဟ်ယ်" အမိန့်တော်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခြင်း မပြုခဲ့ကြရသေးပေ။

[9] ၎င်းတို့ထံ၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်၏ ဘဏ္ဍာတော်များသည် ရှိလေသလော။

[10] သို့တည်းမဟုတ် ထိုသူတို့၌ မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာမြေ နှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ရှိလေသလော။ သို့ရှိခဲ့လျှင် ၎င်းတို့သည် ကြိုးများ၊ လှေကားများ တပ်ဆင်လျက်(မိုးကောင်းကင်သို့) တက်ကြရာကုန်၏။

[11] (၎င်းတို့သည်)ထိုနေရာတွင်(မက္ကာမြို့တော်တွင်)အုပ်စုများအနက်မှ အုပ်စုကလေးတစ်ခုပင် ဖြစ်သည်။ မကြာမီ ရှုံးနိမ့်ရတော့မည်။

[12] ၎င်းတို့အလျင်လည်း (နဗီတမန်တော်) "နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အာဒ်"အမျိုးသားတို့သည်လည်းကောင်း၊ သံငုတ်များရှင်ဖြစ်သော "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ (နဗီတမန်တော်များအား) မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

[13] ထိုနည်းတူစွာ "ဆမူဒ်" အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော် "လူတ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အိုက်ကဟ်" တောအုပ်၌ နေကြသောသူတို့သည်လည်းကောင်း (တမန်တော်များအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏)။ ထိုသူတို့ကား အုပ်စုကြီးများပင်။

[14] (ယင်းအုပ်စုကြီးများအနက်) အသီးသီးတို့သည် ရစူလ်တမန်တော်တို့အား မုသာဝါဒီများဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (၎င်းတို့အပေါ်၌)သက်ရောက်ခဲ့လေ၏။

[15] စင်စစ်သော်ကား ဤသူတို့သည် စက္ကန့်ပိုင်းမျှပင် ဆိုင်းငံ့ခြင်းမရှိ(ဘဲ အဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်)သော ပြင်းထန်လှသည့် ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်စား၍ နေကြကုန်၏။

[16] ထိုမှတစ်ပါး ၎င်းတို့သည် (တမန်တော်မြတ်အား ပြက်ရယ် ပြောင်လှောင်သောအားဖြင့်) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမေးမြန်းမည့်နေ့မတိုင်မီပင် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဝေစုဝေပုံကို အလျင်အမြန် ပေးတော်မူပါဟု လျှောက်ထားခဲ့ကြကုန်သတည်း။

[17] (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့၏ပြောဆိုချက်များအပေါ်၌ သည်းခံပါလေ။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ကျွန် စွမ်းအားသတ္တိရှင်ဖြစ်သူ (နဗီတမန်တော်)"ဒါဝူဒ်"(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ ဧကန်မလွဲ ထို "ဒါဝူဒ်" သည် (ငါအရှင်မြတ်ဘက်သို့)လွန်စွာ ပြန်လှည့်သူဖြစ်ခဲ့၏။

[18] ဧကန်အမှန် ငါအရှင်မြတ်သည် တောင်များအား ထို"ဒါဝူဒ်"နှင့်အတူ လိုက်နာစေတော်မူခဲ့ရာ ယင်းတောင်များမှာ(ထိုဒါဝူဒ်နှင့်အတူ)ညနေချမ်း၌ လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း ဘာဝနာစီးဖြန်း မြွက်ဆိုလျက် ရှိခဲ့ကြကုန်၏။

[19] ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ငှက် တိရစ္ဆာန်များကိုလည်း စုရုံးစေလျက်(လိုက်နာစေတော်မူခဲ့ရာ ယင်းငှက်တိရစ္ဆာန်များမှာ) ထို"ဒါဝူဒ်" နှင့်အတူ (အလ္လာဟ်ဘက်တော်သို့)လွန်စွာ ပြန်လှည့်သူများ(ဘာဝနာစီးဖြန်းသူများ)ပင် ဖြစ်ခဲ့ကြကုန်၏။

[20] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)"ဒါဝူဒ်"၏ နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်ပြင် ထိုဒါဝူဒ်အား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ စကားအဆုံးအဖြတ်ပေးနိုင်သော ဉာဏ်စွမ်းကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ပေသတည်း။

[21] ၎င်းပြင် (အို-နဗီတမန်တော်)အသင့်ထံ ပဋိပက္ခဖြစ်သူများ၏ အကြောင်းသတင်းသည် ရောက်လာလေသလော။ တစ်ရံရောအခါဝယ် ထိုပဋိပက္ခဖြစ်သူတို့သည် နံရံကိုကျော်တက်၍ ဝတ်ပြုဆောင်ထဲသို့ ခုန်ချခဲ့ကြလေ၏။

[22] ၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင် မစိုးရိမ်မကြောက်ရွံ့ပါလေနှင့်။ (ကျွန်ုပ်တို့သည်) နှစ်ဖက်သောအမှုသည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့အနက် တစ်ဦးသည်တစ်ဦး၏အပေါ်၌ မတရားကျူးလွန်ခဲ့ပါသည်။ သို့ဖြစ်ပေရာ အသင်သည် ကျွန်ုပ်တို့၏အကြား၌ မတရားပြုလုပ်ခြင်းမရှိဘဲ မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြပါလေ။

[23] ဧကန်စင်စစ် ဤသူသည် ကျွန်ုပ်နှင့်ညီအစ်ကိုတော်စပ်သူ ဖြစ်ပါသည်။ ၎င်း၌ သိုးမကိုးဆယ့်ကိုးကောင်ရှိ၍ ကျွန်ုပ်တွင်မူ သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ပါလျက် ဤသူသည် "ယင်းသိုးမကိုလည်း ကျွန်ုပ်အား လွှဲအပ်လော့"ဟုပြောဆိုပါသည်။ ထိုမှတစ်ပါး ၎င်းသည် စကားပြောရာ၌လည်း ကျွန်ုပ်အား နိုင်ပါသည်။

[24] (ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား မတရားပြုလုပ်ခဲ့လေ၏။ စင်စစ်မှာကား "အီမာန်"သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသောသူတို့မှအပ များစွာသောစီးပွားဘက်တို့မှာ တစ်ဦးအပေါတစ်ဦး အမှန်ပင် မတရားကျူးလွန်လေ့ရှိကြ၏။ သို့ရာတွင် ထို(သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသော) သူတို့မှာမူကား လွန်စွာနည်းပါးလှ၏။ ထို့ပြင် (နဗီတမန်တော်)"ဒါဝူဒ်"သည် ၎င်းအား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ရိပ်မိခဲ့လေ၏။ သို့ဖြစ်ပေရာ ထို"ဒါဝူဒ်" သည် မိမိအရှင်မြတ်အထံတော်တွင် ခွင့်လွှတ်ချမ်းသာပေးတော်မူပါမည့်အကြောင်း တောင်းပန်အသနားခံ၍ ဦးညွှတ်ကျလာခဲ့၏။ ထိုမှတစ်ပါး (မိမိအရှင်မြတ်အထံတော်သို့) စိတ်ထားဖြူစင်စွာ ပြန်လှည့်ခဲ့လေ၏။

[25] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို"ဒါဝူဒ်"အား ယင်းကိစ္စကို ခွင့်လွှတ်တော်မူခဲ့၏။ စင်စစ်သော်ကားထို "ဒါဝူဒ်" အဖို့ ငါအရှင်မြတ်အထံတော်၌ (ထူးကဲမြင့်မြတ်သော) အဆင့်အတန်းသည်လည်းကောင်း၊ ကောင်းမြတ်သော နောက်ဆုံးအကျိုးဆက်သည်လည်းကောင်း၊ အမှန်ပင် ရှိပေသတည်း။

[26] အို-"ဒါဝူဒ်"၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာမြေဝယ် ကိုယ်စားလှယ် ခန့်အပ်တော်မူခဲ့ပေရာ အသင်သည် လူတို့၏အကြား၌ မှန်ကန်စွာ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် စိတ်၏အလိုဆန္ဒကို မလိုက်စားလေနှင့်၊ သို့လိုက်စားခဲ့မူ ယင်းစိတ်၏အလိုဆန္ဒသည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှားစေပေလိမ့်မည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲမှားကြကုန်သောသူများ၌မူကား၊ ၎င်းတို့သည် စစ်ဆေးမေးမြန်းသောနေ့ကို မေ့လျော့ခဲ့ကြခြင်းကြောင့် ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

[27] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်နှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ အချည်းနှီးအကြောင်းမဲ့ ဖန်ဆင်းတော်မူခဲ့သည် မဟုတ်ပေ။ ဤသည် (ဝါ) (အကြောင်းမဲ့ဟူ၍ယူဆခြင်းမှာ) "ကာဖိရ်"သွေဖည် ငြင်းပယ်သောသူတို့၌ ငရဲမီးဖြင့် ပျက်စီးခြင်းရှိပေသည်။

[28] ငါအရှင်မြတ်သည် "အီမာန်" သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့အား တိုင်းပြည်ဝယ် သောင်းကျန်းဖျက်ဆီးမှုကို ပြုလုပ်ကြသောသူတို့ကဲ့သို့ ပြုလုပ်တော်မူပါမည်လော၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား သွေဖည်ဆိုးသွမ်းသောသူတို့ကဲ့သို့ ပြုလုပ်တော်မူပါမည်လော။

[29] (ဤသည်)အသင့်ထံသို့ ငါအရှင်မြတ်ချပေးတော်မူခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ "ဗရ်ကတ်" မင်္ဂလာနှင့်ပြည့်စုံ၏။ (ယင်းကျမ်းဂန်ကို ချပေးတော်မူခြင်းကား) လူတို့သည် ယင်းကျမ်းဂန်၏ အာယတ်တော်များကို စဉ်းစားဆင်ခြင်ကြအံ့သော ငှာလည်းကောင်း၊ အသိအမြင်ရှိသောသူတို့သည် တရားရယူကြအံ့သော အကျိုးငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

[30] ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)"ဒါဝူဒ်"အား(နဗီတမန်တော်)"စုလိုင်မာန်"ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ထို "စုလိုင်မာန်" သည် (ငါအရှင်မြတ်အထံတော်သို့) လွန်စွာ ပြန်လှည့်သူပင် ဖြစ်ခဲ့လေ၏။

[31] တစ်ရံရောအခါဝယ် လျင်မြန်ပေါ့ပါးသော မျိုးကောင်းမြင်းများသည် ညနေချမ်းအချိန်၌ ထို "စုလိုင်မာန်"၏ရှေ့ဝယ် တင်ပြခြင်းကို ခံခဲ့ကြရလေ၏။

[32] ထိုအခါ ထို"စုလိုင်မာန်"က ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကြောင့် မြောက်မြားစွာသော ပစ္စည်းများကို(ဝါ) မြင်းများကို ခုံမင်မြတ်နိုးခြင်းကို နှစ်သက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု ပြောဆိုခဲ့လေ၏။ နောက်ဆုံးတွင် ထိုမြင်းများမှာ အကွယ်၌ ကွယ်ပျောက်၍ သွားခဲ့ကြ လေ၏။

[33] (ထိုအခါ နဗီတမန်တော် "စုလိုင်မာန်"သည် မြင်းထိန်းတို့အား) အသင်တို့သည် ထိုမြင်းများကို ငါ၏ရှေ့မှောက်ဝယ် ပြန်လည်၍ သွင်းခဲ့ကြလေကုန်(ဟုအမိန့်ပေးခဲ့လေ၏)။ ထို့နောက် (ထိုမြင်းများမှာ နဗီတမန်တော် စုလိုင်မာန်၏ရှေ့ဝယ် ပြန်လည်၍ ရောက်ရှိလာကြလေသော်)ထို"စုလိုင်မာန်"သည်(ထိုမြင်းများ၏)ခြေသလုံးများ(ခြေထောက်များ)ကို လည်းကောင်း၊ လည်ကုပ်များကို စတင်ပွတ်သပ်ခြင်းကို ပြုလုပ်ခဲ့ပေသတည်း။

[34] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်) "စုလိုင်မာန်"အား စမ်းသပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်ပေါ်ဝယ် ခန္ဓာကိုယ်တစ်ခုကို ချပေးတော်မူခဲ့၏။ သို့ရှိရာ ထို"စုလိုင်မာန်"သည် ပြန်လှည့်ခဲ့လေ၏။

[35] ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။

[36] သို့ဖြစ်၍ ငါအရှင်မြတ်သည် ထို"စုလိုင်မာန်"၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက်စေတော်မူခဲ့ရာ ထိုလေသည် ထို"စုလိုင်မာန်" အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာတိုက်ခတ် သွားလာနေခဲ့သည်။

[37] ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ဆိုးသွမ်းသော ဂျင်န်(န်)များ (ဝါ)အဆောက်အအုံ ဆောက်သူတိုင်းကိုလည်းကောင်း၊ ရေငုပ်သူတိုင်းကိုလည်းကောင်း။

[38] သံကြိုးများဖြင့် ပူးတွဲတုပ်နှောင်ထားခြင်းခံကြရသော အခြားဂျင်န်(န်)တို့ကိုလည်းကောင်း၊ (ထို "စုလိုင်မာန်"၏လက်အောက်ခံများအဖြစ် ဆောင်ရွက်စေတော်မူခဲ့၏)။

[39] (၎င်းပြင် ငါအရှင်မြတ်သည် "စုလိုင်မာန်"အားမိန့်ကြားတော်မူခဲ့၏။) ဤသည် ငါအရှင်မြတ်၏ဆု၊ ကျေးဇူးတော်ပင်ဖြစ်၏။ သို့ရာတွင် အသင်သည် (တစ်ဦးတစ်ယောက်အား) ပေးကမ်းသည်ဖြစ်စေ၊ မပေးဘဲနေသည်ဖြစ်စေ မည်သို့မျှ စာရင်းရှင်းရန် မလိုပေ။

[40] စင်စစ်သော်ကား ထို"စုလိုင်မာန်"၌ ငါအရှင်မြတ်အထံတော်တွင်၊ (အထူး)အဆင့်အတန်းနှင့် ကောင်းမြတ်သော နောက်ဆုံးအကျိုးဆက်သည် အမှန်ပင် ရှိပေသတည်း။

[41] ၎င်းပြင် "(အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်(နဗီတမန်တော်)"အိုက်ယူဗ်" (၏အကြောင်း အတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ တစ်ရံရောအခါဝယ် ထို"အိုက်ယူဗ်"သည် မိမိအရှင်မြတ်အား "စင်စစ်ဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် ကျွန်တော်မျိုး၌ ရောဂါဝေဒနာကိုလည်းကောင်း၊ ဘေးဒုက္ခကိုလည်းကောင်း၊ သက်ရောက်စေခဲ့ပါသည်"ဟုဟစ်အော်(လျှောက်ထား)ခဲ့လေ၏။

[42] (ထိုရောအခါဝယ် ငါအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ အို-အိုက်ယူဗ်) အသင်သည် မိမိ ခြေထောက်ဖြင့်(မြေကြီးကို)ဆောင့်ပါလေ၊ ဤသည် (အသင့်အဖို့) အေးမြသောချိုးရေသည်လည်းကောင်း၊ သောက်ရေသည်လည်းကောင်း၊ ဖြစ်ပါ၏။

[43] ထို့ပြင် ငါအရှင်မြတ်သည် မိမိအထံတော်မှ ကရုဏာတော်ဖြင့်လည်းကောင်း၊ အသိဉာဏ်ရှိသူတို့ သတိရစေခြင်းငှာလည်းကောင်း၊ ထို "အိုက်ယူဗ်" အား ၎င်း၏ အိမ်သူအိမ်သားတို့ကို ချီးမြှင့်တော်မူသည့်အပြင် ထိုအိမ်သူအိမ်သားတို့နှင့် အညီအမျှ(ဖြစ်သောဦးရေ)ကိုလည်း ၎င်းတို့နှင့်အတူ (ထပ်လောင်း၍) ချီးမြှင့်ပေးသနားတော်မူခဲ့၏။

[44] ထို့ပြင် (ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏)။ အသင်သည် မိမိလက်တွင်းဝယ် အခက်အလက် လက်တစ်ဆုပ်ကိုယူပြီးလျှင် ၎င်းဖြင့် ရိုက်လော့။ ထို့ပြင် အသင်သည်(မိမိကျိန်ဆိုချက်ကို ချိုးဖျက်ခြင်းမပြုပါလေနှင့်၊ ဧကန်စင်စစ် ငါအရှင်မြတ် သည် ထို"အိုက်ယူဗ်"အား သည်းခံသူအဖြစ် တွေ့ရှိတော်မူခဲ့၏။ အထူးကောင်းမွန်သော ကျွန်တစ်ပါးဖြစ်ခဲ့၏။ဧကန်မလွဲ ထို"အိုက်ယူဗ်"သည် (ငါအရှင်မြတ် အထံတော်သို့)လွန်စွာပြန်လှည့်သူလည်း ဖြစ်ခဲ့ပေသတည်း။

[45] ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် စွမ်းရည်သတ္တိရှိသူများ၊ ဉာဏ်အမြော်အမြင်ရှိသူများဖြစ်ကြသော၊(နဗီတမန်တော်)"အီဗ်ရာဟီမ်" (နဗီတမန်တော်) "အီစ်ဟာက်"နှင့်(နဗီတမန်တော်) "ယအ်ကူဗ်" တို့(၏အကြောင်း အတ္ထုပ္ပတ္တိများ)ကို ပြန်လည်စဉ်းစား သတိရပါလေ။

[46] ဧကန်မလွဲ ငါအရှင်မြတ်သည် တမလွန်ဘဝကို သတိရခြင်းတည်းဟူသော ထူးခြားချက်တစ်ရပ်ဖြင့်၊ ၎င်းတို့အား ထူးခြားစေတော်မူခဲ့၏။

[47] ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့သည် ငါအရှင်မြတ်အထံတော်တွင် အကောင်းဆုံးသော ရွေးချယ်ခြင်း ခံခဲ့ကြရသောသူတို့အနက်မှပင် ဖြစ်ကြကုန်၏။

[48] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(နဗီတမန်တော်)"အီစ်မာအီလ်"၊ (နဗီတမန်တော်) "အလ်ယစအ်"နှင့် (နဗီတမန်တော်)"ဇွလ်ကိဖ်လ်"တို့ (၏အကြောင်း အတ္ထုပ္ပတ္တိများ)ကိုလည်း စဉ်းစားသတိရပါလေ။ စင်စစ်သော်ကား (၎င်းတို့) အသီးသီးတို့မှာလည်း အကောင်းဆုံးသော သူတို့အနက်မှပင် ဖြစ်ခဲ့ကြကုန်သတည်း။

[49] ဤသည် ဆုံးမဩဝါဒတစ်မျိုးပင်၊ (ဤသည် အဆုံးအမ ဩဝါဒတစ်ပါးပင်)၊ ၎င်းပြင် ဧကန်မလွဲ သူတော်စင်တို့အဖို့ ကောင်းမြတ်သော နောက်ဆုံး အကျိုးဆက်သည် အမှန်ပင်ရှိ၏။

[50] ထာဝစဉ်နေထိုင်ရန် ဥယျာဉ်များသည် ရှိကြပေသည်။ (ယင်းဥယျာဉ်များ၏)တံခါးမှာ ၎င်းတို့အဖို့ (အသင့်)ဖွင့်လှစ်၍ထားပြီး ဖြစ်ပေသည်။

[51] (၎င်းတို့သည်) ယင်းဥယျာဉ်များ၌ မှီအုံးများကိုမှီလျက် ရှိကြပေမည်။ များစွာသော သစ်သီးဝလံများကိုလည်းကောင်း၊ သောက်သုံးဖွယ်ရာများကို လည်းကောင်း၊ ယင်းဥယျာဉ်များတွင် မှာယူကြပေမည်။

[52] ထိုမှတစ်ပါး၊ ၎င်းတို့ထံတွင် မျက်စိကို အောက်သို့ နှိမ့်ထားလေ့ရှိကြသော မိန်းမများလည်း ရှိကြပေမည်။

[53] ဤသည် စစ်ဆေးမေးမြန်းမည့်နေ့နှင့် စပ်လျဉ်း၍ အသင်တို့ ကတိပေးခြင်း ခံကြရလေသောအရာပင်၊ (ကျေးဇူးတော်ပင်)။

[54] ဧကန်မလွဲ ဤသည် ငါအရှင်မြတ်၏ ဆုကျေးဇူးတော်ပင် ဖြစ်ပေသည်။ ယင်းဆုကျေးဇူးတော်မှာ ကုန်ခန်းခြင်းသည် အလျှင်း မရှိပြီတကား။

[55] ဤသည်(တွင် သူတော်ကောင်းတို့၏ အကြောင်း)ပြီးဆုံးခဲ့လေပြီ။ ၎င်းပြင် ဧကန်စင်စစ် ဆိုးသွမ်းသော သူယုတ်မာ (အကြီးအကဲ)တို့အဖို့ ဆိုးရွားလှစွာသော ပြန်လည်ရာ စခန်းသည် အမှန်ပင်ရှိ၏။

[56] (ယင်းဆိုးရွားလှသော ပြန်လည်ရာစခန်းမှာ)"ဂျဟန္နမ်" ငရဲဘုံပင်ဖြစ်၏။ ၎င်းတို့သည် ယင်း "ဂျဟန္နမ်"ငရဲ ဘုံသို့ ဝင်ရောက်ကြရပေမည်။ စင်စစ် ယင်းအပန်းဖြေရာစခန်းမှာ လွန်စွာဆိုးရွားလှ၏။

[57] ဤသည် ကျိုက်ကျိုက်ဆူပွက်လျက်ရှိသော ရေပူနှင့် ပြည်ပုပ်ဖြစ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ဤသည်ကို မြည်းစမ်းကြပါစေ။

[58] ထိုမှတစ်ပါး ဤသည့်အမျိုးအစားထဲမှပင် အခြားသော (မြည်းစမ်းဖွယ်ရာ) အမျိုးမျိုးလည်း ရှိချိမ့်မည်။

[59] (သူယုတ်မာအကြီးအကဲတို့က ပြောဆိုကြသည်မှာ) ဤသည် အသင်တို့နှင့်အတူ တိုးဝင်လျက် ရှိသော(အခြား)တပ်ဖွဲ့တစ်ဖွဲ့ပင်ဖြစ်၏။ ၎င်းတို့သည် ခုံမင်စွာ နှုတ်ဆက်ခြင်းနှင့် ကင်းဝေးကြစေသား၊ ဧကန်အမှန် ၎င်းတို့သည်လည်း ငရဲမီးထဲသို့ ဝင်ရောက်လျက်ရှိကြပေသည်။

[60] ထိုအခါ နောက်လိုက်ငယ်သားတို့က "ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် ခုံမင်စွာ နှုတ်ဆက်ခြင်းနှင့် ကင်းဝေးနေကြစေသား။ အသင်တို့သည်ပင်လျှင် ဤဒုက္ခကို ကျွန်ုပ်တို့၏ ရှေ့ဝယ် ယူဆောင်ခဲ့ကြလေသည်"ဟု ပြောဆိုကြပေမည်။ စင်စစ်မှာကား ယင်းနေရာထိုင်ခင်းသည် လွန်စွာဆိုးရွားလှသော နေရာထိုင်ခင်းပင်ဖြစ်၏။

[61] ၎င်းတို့က "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့ရှေ့ဝယ် ဤဒုက္ခကို ယူဆောင်ခဲ့သောသူ၌ အရှင်မြတ်သည် ငရဲဘုံတွင် ပြစ်ဒဏ်ကို နှစ်ဆတိုးစေတော်မူပါ" ဟု လျှောက်ထားကြပေမည်။

[62] ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့)ပြောဆို ကြပေမည်။ ဆိုးသွမ်းသောသူတို့တွင် အပါအဝင် ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ရေတွက်မှတ်ယူလျက် ရှိခဲ့ကြသော ပုဂ္ဂိုလ်များ (ဝါ)(မုစ်လင်မ်တို့အား ငရဲဘုံတွင်) မည်သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် မတွေ့မြင်ကြရသနည်း။

[63] ကျွန်ုပ်တို့သည်ပင် ၎င်းတို့အား ပြက်ချော်ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်မိခဲ့ကြလေသလော။ သို့တည်းမဟုတ်(ကျွန်ုပ်တို့၏)မျက်စိများပင် ၎င်းတို့ (အား မြင်နိုင်ခြင်း)မှ လွဲချော် တိမ်းမှောက်ကြလေသလော။

[64] ဧကန်မလွဲ ("ဂျဟန္နမ်"ငရဲဘုံ၌) ငရဲသားတို့အချင်းချင်း ထို(ကဲ့သို့) ပဋိပက္ခဖြစ်ခြင်းကား လုံးဝအမှန်ပင် ဖြစ်ချေသတည်း။

[65] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် သတိပေးနှိုးဆော်သူတစ်ဦးသာလျှင် ဖြစ်၏။ ၎င်းပြင် တစ်ဆူတည်း ဖြစ်တော်မူသော လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ မရှိပေ။

[66] (ထိုအရှင်မြတ်သည်သာလျှင်)မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[67] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ("ကိယာမတ်"ရှင်ပြန်ထမည့် နေ့၏အကြောင်းသတင်း)သည် ကြီးကျယ်လှစွာသော အကြောင်းသတင်းပင်။

[68] အသင်တို့သည် ယင်းအကြောင်းသတင်းကို လျစ်လျူရှုနေသူများပင် ဖြစ်ကြကုန်၏။

[69] ငါသည် အထက်ကောင်းကင်ရှိ ပရိသတ်နှင့်၏ပတ်သက်၍၊ ၎င်းတို့အချင်းချင်း ပြောဆိုအငြင်းပွားလျက်ရှိကြစဉ် မည်သည်ကိုမျှ မသိခဲ့ပေ။

[70] ငါ့ထံသို့ ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်ခြင်းကြောင့်သာလျှင် "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်းခံရပေသတည်း။

[71] (ပြန်လည်အောက်မေ့ သတိရပါလေ)။ တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန့်ကြားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးအား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။

[72] ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေထားကျနစုံလင်စွာ ပြုလုပ်တော်မူပြီးလျှင် ၎င်း(၏ခန္ဓာကိုယ်) အတွင်းဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့သောအခါ အသင်တို့သည် ၎င်း၏ရှေ့ဝယ် ‘စဂျ်ဒဟ်’ပျပ်ဝပ်ဦးချကြလေကုန်။

[73] ဆိုခဲ့ပြီးအတိုင်း "မလာအိကဟ်" ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချကြကုန်၏။

[74] သို့ရာတွင် "ဗ်လီစ်" မှာမူကား မောက်မာပလွှား၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သူတို့တွင် အပါအဝင်ဖြစ်သွားခဲ့လေ၏။

[75] (ထိုအခါ) ထိုအရှင်မြတ်သည် "အို-ဗ်လီစ်"၊ငါအရှင် မိမိလက်တော်နှစ်ဖက်ဖြင့် ပြုလုပ်တော်မူခဲ့သောသူ၏ရှေ့ဝယ် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချခြင်းမှ အသင့်အား မည့်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာန်မာနထောင်လွှားလေသလော။ သို့တည်းမဟုတ် အသင်သည် (အကယ်စင်စစ်) မြင့်မြတ် သောသူတစ်ဦး ဖြစ်လေသလော" ဟု မိန့်ကြားတော်မူခဲ့၏။

[76] ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။

[77] ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်လျှင်(အို-"ဗ်လီစ်"၊)အသင်သည် ဤကောင်းကင်ဘုံမှ ထွက်၍သွားလော့၊ အကြောင်းမူကား အသင်သည် နှင်ထုတ်ခြင်း- ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရသူ ဖြစ်သောကြောင့်ပင်။

[78] ထိုမှတစ်ပါး ဧကန်မလွဲ အသင့်အပေါ်၌ ငါအရှင်မြတ်၏ စက်ဆုပ်မှုသည် အစားပေးမည့်နေ့တိုင်အောင်ပင် ရှိနေပေမည်။

[79] ထို "ဗ်လီစ်" က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား (လူသတ္တဝါအပေါင်း) ရှင်ပြန်ထစေခြင်းခံကြရမည့်နေ့တိုင်အောင်(သေခြင်းမှ- ပြစ်ဒဏ်စီရင်တော်မူခြင်းမှ) ရွှေ့ဆိုင်း၍ ထားတော်မူပါ"ဟု လျှောက်ထားခဲ့လေ၏။

[80] ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ သို့ဆိုလျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းခံရသူ တစ်ဦးပင်ဖြစ်၏။

[81] သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ(ဆိုက်ရောက်အံ့သော) နေ့တိုင်အောင်။

[82] (ထိုအခါ)ထို"ဗ်လီစ်"က လျှောက်ထားခဲ့လေ၏။ သို့ဖြစ်ပါလျှင် (ကျွန်တော်မျိုးသည်) အရှင်မြတ်၏ တန်ခိုးအာနုဘော်ကို တိုင်တည်(၍လျှောက်ထား)အပ်ပါသည်။ မုချမလွဲ ကျွန်တော်မျိုးသည် ထိုလူသားအားလုံးကိုပင် လွဲချော် မှောက်မှားအောင် ပြုလုပ်မည်ဖြစ်ပါသည်။

[83] သို့ရာတွင် ၎င်းတို့အနက် ရွေးချယ်ပြီးဖြစ်သော အရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော် မှောက်မှားစေနိုင်မည်မဟုတ်ပါ)။

[84] ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ ငါအရှင်မြတ် အမှန်ကို မိန့်ကြားတော်မူမည်။ စင်စစ် ငါအရှင်သည် အမှန်ကိုသာ ပြောကြားတော်မူလေ့ရှိသည်။

[85] ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်အားဖြင့်လည်းကောင်း၊ ထိုလူသားတို့အနက် အသင်၏နောက်လိုက်ကြသော သူတို့အားဖြင့်လည်းကောင်း၊ "ဂျဟန္နမ်" ငရဲဘုံကို ဖြည့်တော်မူအံ့သတည်း။

[86] (အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ထံ ဤ (ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ မည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ထိုမှတစ်ပါး ငါသည် ဟန်ဆောင်ပြောဆိုသူ(ဤကုရ်အာန်ကျမ်းတော်မြတ်ကို) ကြံဖန် စီကုံးသူတစ်ဦးလည်း မဟုတ်ပေ။

[87] (စင်စစ်) ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည်ကမ္ဘာသူကမ္ဘာသားခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒ တစ်ပါးသာလျှင်ဖြစ်၏။

[88] ထိုမှတစ်ပါး မုချဧကန် အသင်တို့သည် အနည်းငယ်သော အချိန်ကာလနောက်တွင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)၏ အကြောင်းသတင်း မှန်ကန်ကြောင်းကို သိရှိကြကုန်အံ့သတည်း။

အုပ်စုများ

Surah 39

[1] ဤသည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ချပေးသနားတော်မူသော (ကုရ်အာန်)ကျမ်းတော်မြတ်ပင်။

[2] ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်ထံသို့ ဤ(ကုရ်အာန်)ကျမ်းတော်မြတ်ကို တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့ရာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။

[3] သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။

[4] အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား ရွေးချယ်တော်မူခဲ့မည်သာ။ ထိုအရှင်မြတ်သည် (သားသမီးအလိုရှိခြင်းမှ)သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် တစ်ဆူတည်းသော၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[5] ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ကျနသေချာစွာ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဉ့်ကိုနေ့၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုနည်းတူစွာ နေ့ကိုညဉ့်၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ မလွှဲမရှောင်သာ အမိန့်တော်ကို လိုက်နာစေတော်မူခဲ့ရာ (ယင်းနေသည်လည်းကောင်း၊ လသည်လည်းကောင်း၊) သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အသီးသီး လှုပ်ရှားသွားလာလျက်ပင် ရှိကြပေမည်။ သတိပြုကြလေကုန်၊ ထိုအရှင်မြတ်သည် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။

[6] ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ(အထီးအမစုံတွဲ)ရှစ်မျိုးကို ချပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ဝမ်းဗိုက်တွင် အမိုက်မှောင်သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှု တစ်မျိုးပြီးတစ်မျိုးသို့(ပြောင်းလွှဲ၍) ဖန်ဆင်းတော်မူ၏။ ထို(အရှင်မြတ်) သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြကုန်သနည်း။

[7] အကယ်၍ အသင်တို့သည် သွေဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလားတောင်းတခြင်း၊ မှီခိုအားထားခြင်း ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် မိမိကျွန်များနှင့်ပတ်သက်၍ သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ယင်းကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ စင်စစ်သော်ကား မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းဆောင်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံသို့ပင် ပြန်လည်သွားကြရပေမည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိခဲ့သမျှသော ကိစ္စများကို အသင်တို့အား ထုတ်ဖော် ပြသတော်မူပေမည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[8] စင်စစ်သော်ကား (မုရှ်ရစ်က်) လူသား၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်ဘက်သို့ စိတ်ရောကိုယ်လှည့်၍ ထိုအရှင်မြတ်အား ဟစ်ခေါ်(တသ)လေ၏။ထို့နောက် ၎င်းအား ထိုအရှင်မြတ်သည် မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်တော်မူသောအခါ ၎င်းမှာ ယခင်က ထိုအရှင်မြတ်အား မိမိဟစ်ခေါ်(တသ)လျက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး၊ ၎င်းသည် (သူ တစ်ပါးတို့အား) ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော် တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။(အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့)ပြောကြားပါလေ။ အသင်သည် မိမိ၏သွေဖည်မှုဖြင့်(နေ့ရက်)အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားလေလော့။ ဧကန်မလွဲ အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ပေသတည်း။

[9] အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။

[10] (အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။

[11] (အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊ ဧကန်စင်စစ် ကျွန်ုပ်သည် သက်သက် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သဒ္ဓါဖြူစင်စေလျက် ထိုအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်း ခံရသည်။

[12] ထိုမှတစ်ပါး ကျွန်ုပ်သည် အဦးဆုံးမွတ်စ်လင်မ် ဖြစ်ရန်လည်း အမိန့်ပေးတော်မူခြင်း ခံရသည်။

[13] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို ဖီဆန်ခဲ့သည်ရှိသော်၊ အမှန်ပင် ငါသည် ကြီးကျယ်လှသော ("ကိယာမတ်" ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သည်။

[14] (အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အလ္လာဟ်အရှင်မြတ်အားသာလျှင် မိမိဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်မြတ်အဖို့ စေတနာဖြူစင်စွာ ဆည်းကပ်ကိုးကွယ်သည်။

[15] သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား စွန့်လွှတ်၍ မိမိတို့အလိုရှိရာကို ဆည်းကပ်ကိုးကွယ် ကြလေကုန်။ ဧကန်မလွဲ မိမိတို့ကိုယ်တိုင်နှင့် ပတ်သက်၍လည်းကောင်း၊(မိမိတို့အိမ်သူအိမ်သားများနှင့် ပတ်သက်၍လည်းကောင်း၊) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆုံးရှုံးကြသောသူတို့သည် သာလျှင်(လုံးဝ)ဆုံးရှုံးသူများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။ ဤသည်သာလျှင် ထင်ရှားလှစွာသော ဆုံးရှုံးမှုပင်။

[16] ၎င်းတို့သည် ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသော အမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်း(မီးဖြင့်ပြီးသော) အခင်းများရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ပြစ်ဒဏ်ကို ကြောက်ရွံ့စေတော်မူ၏။ သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။

[17] သို့ရာတွင် မဟုတ်မမှန်သော ကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်ခြင်းမှ ဝေးစွာကြဉ်ရှောင်ခဲ့ကြ၍ အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ခဲ့ကြသောသူတို့အဖို့မှာကား ဝမ်းမြောက်ဖွယ်ရာ သတင်းရှိ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ငါအရှင်မြတ်၏ အကြင်ကျွန်တို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကို ပြောကြားပါလေ။

[18] ထိုကျွန်တို့သည် (ဤ)အာယတ်တော်ကို အာရုံစိုက်၍ နားထောင်ကြကုန်၏။ ထို့နောက် ထိုအာယတ်တော်၏အကောင်းဆုံးသော အချက်များကို လိုက်နာကြကုန်၏။ ထိုသူတို့ကား အကြင်သူတို့ပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ ထိုမှတစ်ပါး ထိုသူတို့သည်ပင်လျှင် ဉာဏ်ရှင်များ ဖြစ်ကြကုန်သတည်း။

[19] (အို-နဗီတမန်တော်) ပြစ်ဒဏ်စီရင်မှု အမိန့်တော် အတည်ဖြစ်ခဲ့သောသူအား(အသင်သည် အကျိုးပြုနိုင်ပါသလော)။ အသို့ပါနည်း၊ အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။ (တစ်နည်း) အကြင်သူသည် ထိုသူ၏အပေါ်၌ ပြစ်ဒဏ်စီရင်မှု အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ၊ သို့ပါလျက် (အို-နဗီတမန်တော်၊) အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။

[20] သို့ရာတွင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့သောသူတို့အဖို့မှာမူကား မြင့်စွင့်သောအဆောင်များ ရှိနေကြပေသည်။ ယင်း မြင့်စွင့်သောအဆောင်များထက်ဝယ် (အခြား) ပြုလုပ်တည်ဆောက်ထားသော မြင့်စွင့်သောအဆောင်များ ရှိကြပေသည်။ ယင်းမြင့်စွင့်သောအဆောင်များအောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ကတိကို ဖောက်ဖျက်တော်မူသည် မဟုတ်ပေတကား။

[21] (အို-မနုဿလူသား) အသင်သည် မမြင်ခဲ့လေသလော။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေကို မြေ၌ရှိသောရေကြောများဝယ် ဝင်သွားစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုရေဖြင့် အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူ၏။ ထို့နောက် ယင်းကောက်ပဲသီးနှံမှာ သွေ့ခြောက်၍သွားလေသောအခါ အသင်သည် ယင်းကောက်ပဲသီးနှံများ ဝါ၍နေသည်ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ထိုကောက်ပဲသီးနှံကို အစိတ်စိတ်အမြွာမြွာ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌ ဉာဏ်ရှင်တို့အဖို့ အဆုံးအမသည် အမှန်ပင် ဖြစ်ပေသည်။

[22] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာတော်နှင့် စပ်လျဉ်း၍ ဖွင့်ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် မိမိအရှင်မြတ်အထံတော်မှ အလင်းပေါ်၌ လျှောက်သွားလျက်ရှိ၏။ (ထိုသူနှင့် စိတ်နှလုံးမာမြင်းသောသူသည် တူနိုင်ပါသလော)။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့၊ တသ၊ သတိရခြင်းမရှိဘဲ စိတ်နှလုံးမာမြင်းခဲယဉ်းလျက်ရှိသောသူတို့၌ ပျက်စီးခြင်းသည် ရှိပေသည်။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေကြကုန်သတည်း။

[23] အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို ကြားနာရသောကြောင့် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေသော သူတို့၏အသားအရေတို့မှာ ကြက်သီးမွေးညင်းထလာလေ၏။ ထို့နောက် ထိုသူတို့၏ အသားအရေများသည်လည်းကောင်း၊ ထိုသူတို့၏စိတ်နှလုံးများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရအံ့သောငှာ နူးညံ့သိမ်မွေ့ ပျော့ပျောင်း၍ လာလေတော့၏။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏တရားလမ်းညွှန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်တရားလမ်းညွှန်ဖြင့် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့အားမဆို လမ်းမှား၌ ရှိစေတော်မူပါလျှင် ထိုသူအား မည်သူတစ်ဦးတစ်ယောက်မျှပင် တရားလမ်းမှန်သို့ ပို့ဆောင်သူဟူ၍ မရှိတော့ပြီတကား။

[24] သို့ဖြစ်ပေရာ အကြင်သူသည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ပြင်းထန်သော ပြစ်ဒဏ်များကို မိမိမျက်နှာဖြင့် ကာကွယ်မည်ဖြစ်၏။ ၎င်းပြင် (ထိုကဲ့သို့သော) မတရားပြုလုပ်သူတို့အား "အသင်တို့သည် မိမိတို့ ဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ရသာကို မြည်းစမ်းကြလေကုန်"ဟု ပြောဆိုခြင်း ခံရမည်ဖြစ်၏။ (ထိုကဲ့သို့သော သူတို့နှင့်ပြစ်ဒဏ်မှ လွတ်ကင်းကြသောသူတို့သည် တူကြပါသလော)။

[25] ၎င်းတို့အလျင် ရှိခဲ့ကြသော သူတို့သည်လည်း(အမှန်တရားကို) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့ထံ ၎င်းတို့ မထင်မမြင်ကြသောနည်းဖြင့် ရောက်ရှိ၍ လာခဲ့လေသည်။

[26] တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်ရည် နိမ့်ကြခြင်း၏ရသာကို မြည်းစမ်းစေတော်မူခဲ့၏။ တမလွန်ဘဝ၏ ပြစ်ဒဏ်သည် အမှန်ပင် သာ၍ကြီးမားလေးလှပေသည်။ ၎င်းတို့သည်(ဤသည်ကို) သိကြပါလျှင် ကောင်းစွ။

[27] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့အဖို့ ၎င်းတို့ တရားရကြအံ့သောငှာ အလုံးစုံသော ဥပမာပုံဆောင် ချက်များကို ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။

[28] ၎င်းတို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ကြအံ့သောငှာ (ငါအရှင်မြတ်သည်) စကားအသုံးအနှုန်း အဖွဲ့အနွဲ့ကောင်းသော၊ အကွေ့အကောက်ကင်းမဲ့သော ကုရ်အာန်ကျမ်းတော်မြတ် (ချပေးသနားတော်မူခဲ့၏)။

[29] အလ္လာဟ်အရှင်မြတ်သည် ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ ကျွန်ယောက်ျားတစ်ယောက်ရှိ၏။ ၎င်း၌ အချင်းချင်း သဘောကွဲလွဲ မသင့်မြတ်သော ဖက်စပ်ပါဝင်ပိုင်ဆိုင်သူများ(လည်း) ရှိကြကုန်၏။ ထိုမှတစ်ပါး အခြားကျွန်ယောက်ျားတစ်ယောက်မှာကား လုံးလုံးလျားလျား လူတစ်ဦးတည်းပိုင်ဖြစ်၏။ ထိုယောက်ျားနှစ်ဦးတို့မှာ အခြေအနေအားဖြင့် တူနိုင်ကြလေသလော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာကား သိရှိကြသည်ဟုတ်ပေ။

[30] (အို-နဗီတမန်တော်) ဧကန်မလွဲ အသင်သည်လည်း သေဆုံးရအံ့သောသူဖြစ်၏။ ထိုနည်းတူစွာ ၎င်းတို့သည်လည်း ဧကန်အမှန် သေဆုံးကြရအံ့သော သူများပင်။

[31] ထို့နောက် အသင်တို့သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ဧကန်အမှန် အငြင်းအခုံ ပြုကြကုန်အံ့သတည်း။

[32] စင်စစ်သော်ကား အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားစကားကို ပြောဆိုခဲ့၏။ ထိုမှတစ်ပါး အမှန်တရားသည် ၎င်း၏ထံသို့ ရောက်ရှိ၍ လာလေသောအခါ ၎င်းသည် ယင်းအမှန်တရားကို မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့၏။ထို(ကဲ့သို့သော) "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့၏နေရာထိုင်ခင်းမှာ "ဂျဟန္နမ်" ငရဲဘုံ၌ပင် ရှိသည်မဟုတ်လော။

[33] သို့ရာတွင် အကြင်သူသည် အမှန်တရားကို ဆောင်ယူခဲ့၏။ ထိုမှတစ်ပါး ယင်းအမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့၏။ ထိုသူတို့ ပင်လျှင် "မွတ္တကီ"ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်များဖြစ်ကြကုန်၏။

[34] ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ၎င်းတို့ အလိုရှိသမျှတို့သည် ရှိကြကုန်၏။ ဤသည်ကား အကောင်းပြုသူတို့၏ အကျိုးပင်။

[35] နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော အကောင်းများ၏အစားကို (အပြည့်အစုံ) ချီးမြှင့် ပေးသနားတော်မူအံ့နည်း။

[36] အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်(နဗီတမန်တော်မုဟမ္မဒ်)အဖို့ လုံလောက်တော်မူသည် မဟုတ်ပါလော။ သို့ဖြစ်လင့်ကစား(အို-နဗီတမန်တော်)၎င်းတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသော သူတို့အားဖြင့် ခြိမ်းခြောက်၍နေကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။

[37] ထိုနည်းတူစွာ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ပို့ပေးတော်မူပါလျှင် ထိုသူအား လမ်းမှားစေအံ့သောသူဟူ၍ တစ်ဦး တစ်ယောက်မျှ မရှိတော့ပြီ။ အလ္လာဟ်အရှင်မြတ်သည် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင်၊ ဖြစ်တော်မူသည် မဟုတ်ပါလော။

[38] စင်စစ်သော်ကား (အို-နဗီတမန်တော်) အသင်သည် အကယ်၍ ထိုသူတို့အား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မည်သူ ဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါမူ၊ မလွဲဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်(ဖန်ဆင်းတော်မူခဲ့သည်)ဟူ၍ပင် ပြော(ဆိုဖြေ)ကြားကြပေမည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြား ပါလေ။(အချင်းတို့) သို့ဖြစ်လျှင် အသင်တို့သည် (ငါ့အား)ပြောကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင် မြတ်သည် ငါ့အား တစ်စုံတစ်ရာ ဘေးဒုက္ခပေးလိုတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ ဟစ်ခေါ်တသလျက်ရှိကြသည်တို့က ထိုအရှင်မြတ် သက်ရောက်စေတော်မူသော ဘေးဒုက္ခကို ဖယ်ရှားပေးနိုင်ကြမည်လော။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ငါ့အား ကရုဏာတစ်စုံတစ်ရာပြုလိုတော်မူခဲ့ပါ လျှင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ကရုဏာတော်ကို တားဆီးနိုင်ကြမည်လော။ (အို-နဗီတမန်တော်၊) အသင်သည် (၎င်းတို့အား)ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် ငါ၏အဖို့ လုံလောက်တော်မူ၏။ ယုံပုံလွှဲအပ်သူတို့သည် (မိမိတို့၏အမှုကိစ္စအဝဝတို့ကို) ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြကုန်၏။

[39] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏(လက်ရှိ)အခြေအနေအတိုင်းပင် (ဆက်လက်၍) ကျင့်မူလျက် ရှိကြလေကုန်၊ ငါသည်လည်း (မိမိလက်ရှိအခြေအနေအတိုင်း)ကျင့်မူလျက်ပင် ရှိနေမည်။ မကြာမြင့်မီပင် အသင်တို့သည် သိရှိကြပေမည်။

[40] (ဤပစ္စက္ခတွင်) မည်သူ၏ထံသို့ ၎င်းအား ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ရောက်ရှိလာ၍ (နောင်တမလွန်ဘဝတွင်) မည်သူ၏အပေါ်၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော ပြစ်ဒဏ် သက်ရောက်မည်ကို။

[41] (အို-နဗီတမန်တော်) ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကို လူတို့အကျိုးငှာ တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် (ယင်းတရားလမ်းမှန် ရရှိခြင်း၏အကျိုးမှာ) ၎င်း၏အဖို့ဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို လမ်းလွဲခဲ့မူ၊ (ယင်းလမ်းလွဲမှု၏ ဆုံးရှုံးမှုမှာလည်း)ထိုသူ၏အပေါ်၌သာလျှင် ကျရောက်ပေမည်။ စင်စစ်သော်ကား အသင်သည် ၎င်းတို့အပေါ်၌ တာဝန်ရှိသူအဖြစ် (စေလွှတ်ခြင်းခံခဲ့ရသည်) မဟုတ်ပေ။

[42] အလ္လာဟ်အရှင်မြတ်သည်ပင်(သေဆုံးရန်အချိန်ရောက်သော) အသက်ဇီဝိန်များကို ၎င်းတို့သေဆုံးချိန်၌ နုတ်သိမ်းတော်မူ၏။ ထိုနည်းတူစွာ သေဆုံးရန် အချိန်မရောက်သေးသော အသက်ဇီဝိန်များကိုလည်း ၎င်းတို့အိပ်စက်ရာ၌(နုတ်သိမ်းတော်မူ၏)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော် မူ(ပြီးဖြစ်)သော အသက်ဇီဝိန်များကို ထိုအရှင်မြတ်သည် တားဆီး၍ ထားတော်မူ၏။ သို့ရာတွင် ကျန်အသက်ဇီဝိန်တို့ကိုမူ ထိုအရှင်မြတ်သည် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် လွှတ်ထားတော်မူ၏။ ဧကန်မလွဲ ဤသည်တွင် စဉ်းစားဆင်ခြင်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေလက္ခဏာရပ်များသည် အမှန်ပင် ရှိကြပေသတည်း။

[43] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတစ်ပါးတို့အား ကြားဝင် အသနားခံပေးသောသူများ ပြုလုပ်သတ်မှတ်ခဲ့ကြလေသလော၊ (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား (အချင်းတို့) ၎င်းတို့သည် မည်သည့် တစ်စုံတစ်ရာကိုမျှ ပိုင်ဆိုင်ခြင်း မရှိကြသည့်အပြင် မည်သည့် တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသော်လည်း (ကြားဝင် အသနားခံ၍ ပေးနိုင်ကြမည်လော)ဟု ပြောဆို(မေးမြန်း) ပါလေ။

[44] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ကြားဝင် အသနားခံမှု အာဏာအလုံးစုံကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာရှိ၏။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်ကြရပေမည်။

[45] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် အောက်မေ့တသ သတိရခြင်းကို ခံရတော်မူသောအခါ"အာခိရတ်"တမလွန်ဘဝကို သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏စိတ်နှလုံးများသည် စက်ဆုပ်ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အခြားသူများ အောက်မေ့တသသတိရခြင်း ခံကြရသောအခါ၌မူကား ၎င်းတို့သည် ရုတ်တရက် ဝမ်းမြောက်သွားကြကုန်သတည်း။

[46] (အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင် မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။

[47] အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည် ယင်းဥစ္စာပစ္စည်း(အလုံးစုံ) တို့ကို "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆိုးရွား ပြင်းထန်လှသော ပြစ်ဒဏ်မှလွတ်မြောက်ရန် လျော်ကြေးပေးကြမည်သာ။ ထို့ပြင် ၎င်းတို့ရှေ့ဝယ် ၎င်းတို့ မထင်မှတ်ခဲ့ကြသော အကြောင်းကိစ္စများသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ထင်ရှားပေါ်လွင်လာခဲ့ပေမည်။

[48] ထိုမှတစ်ပါး ၎င်းတို့ ဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များ၏ အန္တရာယ်များလည်း ၎င်းတို့ရှေ့ဝယ် ပေါ်လွင်ထင်ရှားလာခဲ့ပေမည်။ ထိုမှတစ်ပါး ၎င်းကိုပြက်ချော်သမှုပြုလျှက်ရှိကြကုန်သော ပြစ်ဒဏ်သည်လည်း ၎င်းတို့အား ဝိုင်းဝန်းလျက် ရှိချေအံ့သတည်း။

[49] အမှန်စင်စစ်သော်ကား မနုဿလူသား၌ ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားသည် ငါအရှင်မြတ်အား ဟစ်ခေါ်တမ်းတ၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော် မူသောအခါ ထိုလူသားက "ငါသည် ဤသည့်ကျေးဇူးတော်ကို (မိမိ)အကြံအစည် တစ်ခုကြောင့်သာလျှင် ရရှိခဲ့ခြင်းဖြစ်သည်"ဟု ပြောဆို၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ် ဤသည့် ကျေးဇူးတော်မှာကား စမ်းသပ်မှုတစ်ရပ်ပင်တည်း။ သို့ရာတွင် ထိုလူသားတို့အနက် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။

[50] ဧကန်စင်စစ် ဤသည့်ပြောဆိုမှုကို ၎င်းတို့အလျင် ရှိခဲ့ကြသောသူများကလည်း ပြောဆိုခဲ့ဘူးကြကုန်၏။ သို့တစ်စေလည်း ၎င်းတို့၏ဆည်းပူးချက် တို့မှာ (ပြစ်ဒဏ်ကာကွယ်ရန်) ၎င်းတို့အဖို့ အသုံးဝင်ခဲ့သည် မရှိပေ။

[51] ထို့နောက် ၎င်းတို့၌ ၎င်းတို့၏ ဆည်းပူးချက်များ၏ ဆိုးရွားသောအန္တရာယ်များသည် သက်ရောက်ခဲ့လေ၏။ ထိုနည်းတူစွာ ဤ(လက်ရှိသွေဖည်ငြင်းပယ်)သူတို့အနက် မတရားကျူးလွန်ခဲ့ကြသော သူတို့အပေါ် ၌လည်း မကြာမြင့်မီပင် ၎င်းတို့၏ဆည်းပူးချက်များ၏ အန္တရာယ်များသည် သက်ရောက်မည်ဖြစ်၏။ စင်စစ်မှာကား ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။

[52] ၎င်းတို့သည် သိရှိခဲ့ကြသည်မဟုတ်လော။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးပွားစေတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည်ပင်(မိမိအလိုတော်ရှိတော်မူသောသူအား စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ မလွဲဧကန် ဤသည်၌ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေအထောက်အထားများ အမှန်ပင် ရှိကြပေသတည်း။

[53] (အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုအလုံးစုံတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[54] ၎င်းပြင် အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်ဆိုက်ရောက်၍မလာမီပင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။ ထို (ပြစ်ဒဏ်ဆိုက်ရောက်၍လာပြီး)နောက်တွင် အသင်တို့သည် (မည်သည့်) အကူအညီ(ကိုမျှ)ရရှိကြမည် မဟုတ်ပေ။

[55] ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်သည် အသင်တို့မသိခိုက်၊ ရုတ်တရက် ဆိုက်ရောက်၍မလာမီပင် မိမိတို့၏ အရှင်မြတ်အထံတော်မှ မိမိတို့ထံ ထုတ်ပြန်တော်မူခြင်းခံခဲ့ရလေသော အကောင်းဆုံးအမိန့်တော်(ကုရ်အာန်ကျမ်းတော်မြတ်)ကို လိုက်နာ(ကျင့်သုံး)ကြလေကုန်။

[56] (ဤသည့်အမိန့်တော်ကို ထုတ်ပြန်တော်မူခြင်းမှာ) မည်သူတစ်ဦးတစ်ယောက်မျှပင် "ဪ-ငါသည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာ ခြင်းနှင့်စပ်လျဉ်း၍ ပျက်ကွက်လစ်ဟင်းပေါ့ဆခဲ့သောကြောင့် ဝမ်းနည်းရလေခြင်း" ဟူ၍ မပြောဆိုနိုင်ရန် လည်းကောင်း။

[57] သို့တည်းမဟုတ် (မည်သူမဆို) "ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ငါ့အား အကယ်၍သာ တရားလမ်းမှန်သို့ ပို့ပေးတော်မူခဲ့ပါလျှင် ငါသည် "မွတ္တကီ" ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အနက် အမှန်ပင် အပါအဝင်ဖြစ်ခဲ့ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း။

[58] သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ "ဧကန်မလွဲ ငါသည် အကယ်၍သာ (ကမ္ဘာလောကသို့)တဖန်ပြန်၍ သွားနိုင်လျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ငါသည် သူတော်ကောင်းတို့အနက် အပါအဝင်ဖြစ်ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း၊ (ထုတ်ပြန်တော်မူခြင်းဖြစ်၏၊)

[59] အဘယ်ကြောင့်မဟုတ်သနည်း။ ငါအရှင်မြတ်၏ အမိန့်-အာယတ်တော်များသည် အသင့်ထံသို့ ဧကန်မလွဲ ရောက်ရှိလာခဲ့ပေသည်။ သို့ရာတွင် အသင်သည် ယင်းအမိန့်အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေသည်။ ထို့ပြင် အသင်သည် မာန်မာန ထောင်လွှားခဲ့ပေသည်။ထိုမှတစ်ပါး အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့တွင် အပါအဝင် ဖြစ်ခဲ့ပေသတည်း။

[60] စင်စစ်သော်ကား (အို-နဗီတမန်တော်၊) အသင်သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားပြောဆိုစွပ်စွဲခဲ့ကြ ကုန်သောသူတို့အား၊ ၎င်းတို့၏မျက်နှာတို့မှာ မည်း၍နေကြသည်ကို တွေ့မြင်ပေမည်။ မာန်မာနထောင်လွှား ကြသောသူတို့၏ နေထိုင်ရာဌာနသည် "ဂျဟန္နမ်" ငရဲဘုံ၌ ရှိသည်မဟုတ်လော။

[61] ၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။

[62] အလ္လာဟ်အရှင်မြတ်သည်ပင် အရာရာကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူ၏။

[63] မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်ရှိသော် ထိုသူတို့သည်သာလျှင် ဆုံးရှုံးသောသူများ ဖြစ်ကြပေမည်။

[64] (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောဆို (မေးမြန်း)ပါလေ။ အို-အသိပညာ ကင်းမဲ့သူတို့၊ သို့ပါလျက် ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ဆည်းကပ်ကိုးကွယ်ရန် အသင်တို့သည် ငါ့အား တိုက်တွန်းကြလေသလော။

[65] အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။

[66] သို့ဖြစ်ပေရာ အသင်သည် ထိုသို့ အလျင်းမပြုဘဲ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။ထိုမှတစ်ပါး အသင်သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင် အပါအဝင် ဖြစ်ပါလေ။

[67] စင်စစ်သော်ကား ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့် နည်းအတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြပေ။ စင်စစ်မှာကား "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် ကမ္ဘာမြေတစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက၊ မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာလက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ(လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည်(ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော် မူပေသတည်း။

[68] ထိုမှတစ်ပါး တံပိုးခရာမှုတ်သောအခါ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ သတိမေ့၍ သွားကြပေမည်။ ထို့နောက် တဖန် ယင်းတံပိုးကိုမှုတ်ခဲ့ပြန်သော် ၎င်းတို့မှာ ရုတ်တရက် မတ်တပ်ရပ်လျက် ကြည့်နေကြပေမည်။

[69] ၎င်းပြင် ပထဝီမြေမှာ ၎င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း(အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး နဗီတမန်တော်တို့သည်လည်းကောင်း၊ "ရှဟီးဒ်"(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ကျဆုံးခဲ့ကြရသောသူ)တို့သည်လည်းကောင်း၊ (ရှေ့တော်မှောက်သို့) ရောက်လာကြရပေမည်။ ထို့ပြင် ၎င်းတို့၏ အကြားဝယ် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ၎င်းတို့မှာ (အနည်းငယ်စိုးစဉ်းမျှပင်) မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။

[70] ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိတို့ ကျင့်မူ ပြုလုပ်ခဲ့ကြသည်တို့၏အစားကို အပြည့်အစုံပေးဆပ်ခြင်းကို ခံကြရပေမည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူပေသတည်း။

[71] စင်စစ်သော်ကား "ကာဖိရ်" သွေဖည် ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် "ဂျဟန္နမ်" ငရဲဘုံသို့ အုပ်စုလိုက် မောင်းနှင်ခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲဘုံသို့ ရောက်ရှိလာခဲ့ကြသောအခါ ယင်း"ဂျဟန္နမ်" ငရဲဘုံ၏ တံခါးများသည် ဖွင့်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်း "ဂျဟန္နမ်"ငရဲဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က ၎င်းတို့အား "အသင်တို့ထံ အသင်တို့အနက်မှပင် အကြင် "ရစူလ်" တမန်တော်များ ရောက်ရှိလာခဲ့ကြသည် မဟုတ်လော၊ ထိုရစူလ်တမန်တော်များသည် အသင်တို့ရှေ့ဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယတ်တော်များကိုလည်း ဖတ်ကြားခဲ့ကြလေ၏။ ထိုမှတစ်ပါး အသင်တို့အား ဤနေ့နှင့် အသင်တို့ဆုံစည်းကြရမည်ကိုလည်း သတိပေးနှိုးဆော်ကြကုန်၏။" ဟုပြောဆိုကြပေမည်။ (ထိုအခါ) ၎င်းတို့က "ဟုတ်ပေသည်။ သို့ရာတွင် "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အပေါ်၌ ပြစ်ဒဏ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ"ဟု ပြောဆို(ပြန်ကြား)ခဲ့ကြပေမည်။

[72] (ထိုရောအခါဝယ် ၎င်းတို့မှာ) အသင်တို့သည် "ဂျဟန္နမ်ငရဲဘုံ၏ တံခါးများအတွင်းသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟူ၍ ပြောဆိုခြင်းကို ခံကြရပေမည်။ စင်စစ်မှာကား မာန်မာန ထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနသည် လွန်စွာ ဆိုးရွားလှပေသတည်း။

[73] ထိုမှတစ်ပါး မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သူတို့မှာ "ဂျန္နတ်"သုခဘုံသို့ အုပ်စုလိုက်၊ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံသို့ ရောက်ရှိလာခဲ့ကြပေမည်။ ယင်း "ဂျန္နတ်" သုခဘုံ၏ တံခါးများသည်(ယခင်ကတည်းက)ပွင့်လျက်ရှိပေမည်။ ၎င်းနောက် ယင်း"ဂျန္နတ်" သုခဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က၎င်းတို့အား "ချမ်းမြေ့သာယာမှုသည် အသင်တို့အပေါ်ဝယ် ကျရောက်ပါစေသတည်း။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်ပေရာ ယင်း "ဂျန္နတ်" သုခဘုံသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟုပြောဆိုခဲ့ကြပေမည်။

[74] (ထိုရောအခါဝယ်) ထို(သူတော်စင်)တို့က "ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ မိမိထားရှိတော်မူခဲ့သောကတိကို မှန်ကန်စေတော်မူခဲ့သည့်ပြင် ဤ("ဂျန္နတ်"သုခဘုံ၏)မြေကို ကျွန်တော်မျိုးတို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူပြီးဖြစ်ရာ ကျွန်တော်မျိုးတို့မှာ "ဂျန္နတ်" သုခဘုံတွင် မိမိတို့အလိုရှိရာနေရာများ၌ နေထိုင်နိုင်ကြပေသည်"ဟု (ဝမ်းမြောက်စွာ) ပြောဆိုကြပေမည်။ စင်စစ်မှာကား အားထုတ်သူတို့၏ အကျိုးကျေးဇူးသည် လွန်စွာ ကောင်းမြတ်လှပေတကား။

[75] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား "အရ်ရှ်ပလ္လင်"တော်၏ပတ်လည်၌ ဝန်းရံလျက် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် ထို(လူသား)တို့၏အကြားဝယ် တိကျမှန်ကန်စွာ (စစ်ဆေး)စီရင်ဆုံးဖြတ်ပြီး ဖြစ်ပေမည်။ထိုမှတစ်ပါး "ချီးမွမ်းထောပနာ အပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာသက်ဆိုင်သည်" ဟူ၍ ပြောဆို(ချီးကျူးဩဘာပေး)ခြင်းကို ကြားရပေအံ့သတည်း။

အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်

Surah 40

[1] ဟာ၊ မီမ်။

[2] ဤသည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလွန်တရာ အသိပညာနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ပင် ဖြစ်ပေသည်။

[3] (ထိုအရှင်မြတ်သည်) ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချ တောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံတော်မူသော(ရက်ရောစွာ ပေးကမ်းစွန့်ကြဲတော်မူသော)အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ နောက်ဆုံး ပြန်လည်ရာစခန်းသည် ထိုအရှင်မြတ်အထံတော်၌ပင် ဖြစ်ပေသတည်း။

[4] အလ္လာဟ်အရှင်မြတ်၏ အာယတ် အမိန့်တော်များနှင့်စပ်လျဉ်း၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့သည်သာလျှင် အငြင်းအခုံ ပြုလေ့ရှိကြကုန်၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏ လှည့်ပတ်သွားလာလှုပ်ရှားမှုသည် အသင့်အား ဖြားယောင်းခြင်း မရှိစေရ။

[5] ဤသူတို့အလျင်(နဗီတမန်တော်)"နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ ထို"နူးဟ်"၏အမျိုးသားတို့ ၏နောက်တွင် (ပေါက်ဖွားခဲ့သော) အုပ်စုများသည်လည်းကောင်း၊(ရစူလ်တမန်တော်များအား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေသည်။ ထို့ပြင် အုပ်စုတိုင်းသည် မိမိတို့(ထံ ပွင့်ရောက်ခဲ့သော) ရစူလ်တမန်တော်အား ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်ပြင် ၎င်းတို့သည် အမှားကိုလက်ကိုင်ထား၍ ယင်းအမှားဖြင့် အမှန်ကို တိမ်းပါးစေအံ့သောငှာ (ရစူလ်တမန်တော်များနှင့်) အငြင်းအခုံပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် မည်သို့ရှိခဲ့ဘိသနည်း။

[6] စင်စစ်သော်ကား ဤနည်းအတိုင်းပင် "ကာဖိရ်"သွေဖည်ငြင်းပယ်သူတို့နှင့်ပတ်သက်၍ "ဧကန်အမှန် ၎င်းတို့သည် ငရဲသားများဖြစ်ကြသည်" ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(မိန့်ကြားတော်မူခဲ့သော) အမိန့်တော်သည် အတည် ဖြစ်ခဲ့ချေပြီတကား။

[7] အရ်ရှ်" ပလ္လင်တော်ကို ထမ်းဆောင်လျက် ရှိကြကုန်သော ("မလာအိကဟ်"ကောင်းကင်တမန်) တို့သည်လည်းကောင်း၊ ယင်း "အရ်ရှ်" ပလ္လင်တော်၏ ပတ်လည်ဝန်းကျင်၌ရှိကြကုန်သော ("မလာအိကဟ်" ကောင်းကင်တမန်)တို့သည်လည်းကောင်း၊ မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိကြကုန်၏။ထို့ပြင် ထိုကောင်းကင်တမန်တို့သည် ထိုအရှင်မြတ်အား သက်ဝင်ယုံကြည်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့အဖို့(ဤသို့) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားလျက်ရှိကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကရုဏာတော်အားဖြင့်လည်းကောင်း၊ အသိပညာအားဖြင့်လည်းကောင်း၊ ဝန်းခြုံလျက်ရှိတော်မူပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် အကြင်သူတို့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ထိုသူတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အရှင်မြတ်၏လမ်းကိုလည်း လိုက်ကြကုန်၏။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အား"ဂျဟန္နမ်" ငရဲဘုံ၏ ပြစ်ဒဏ်မှလည်း ကင်းလွတ်စေတော်မူပါ။

[8] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အား အရှင်မြတ် ၎င်းတို့အား ကတိပြုတော်မူခဲ့သည့် အမြဲထာဝရ နေထိုင်ရအံ့သော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူပါ။ ထို့ပြင် ထိုသူတို့၏ ဖခင်တို့အနက်မှလည်းကောင်း၊ ထိုသူတို့၏ သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊(ဂျန္နတ်နှင့်)သင့်လျော်ကြကုန်သော သူတို့အားလည်း (ယင်း အမတ သုခဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပါ၊) ဧကန်မလွဲ အရှင်မြတ်သည်ပင် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်အလွန်တရာ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။

[9] ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အား ဘေးဒုက္ခတို့မှလည်း လွတ်ကင်းစေတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် ထိုနေ့တွင် အကြင်သူအား ဘေးဒုက္ခတို့မှ ကင်းလွတ်စေတော်မူခဲ့ပါလျှင် အရှင်မြတ်သည် အမှန်စင်စစ် ထိုသူအား သနားကရုဏာပြုတော်မူခဲ့သည်သာ။ စင်စစ်သော်ကား ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။

[10] ဧကန်စင်စစ် ("ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင်) "ကာဖိရ်" သွေဖည်ငြင်းပယ်ခဲ့ကြသောသူတို့သည် (ဤသို့)ဟစ်ခေါ်(ပြောဆို)ခြင်းကို ခံကြရပေမည်။ "အသင်တို့သည်(ယခု) မိမိတို့ကိုယ်ကို မုန်းတီးစက်ဆုပ်၍ နေကြသည်ထက် အသင်တို့သည် "အီမာန်" သက်ဝင်ယုံကြည်မှုသို့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရစဉ် အသင်တို့ ငြင်းပယ်ခဲ့ကြသောအခါ၌ အမှန်ပင်(အသင်တို့အား) အလ္လာဟ်အရှင်မြတ်သည် သာပို၍ပင် မုန်းတီးစက်ဆုပ်တော်မူခဲ့၏"။

[11] (ထိုရောအခါဝယ်)၎င်းတို့သည် (ဤသို့)လျှောက်ထား ပန်ကြားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှစ်ကြိမ်တိုင်တိုင် သူသေများအဖြစ်နှင့် ထားရှိတော်မူခဲ့ပါသည်။ ထိုနည်းတူစွာ အရှင်မြတ်သည် နှစ်ကြိမ်တိုင်တိုင် ကျွန်တော်မျိုးတို့အား အသက်ရှင်စေတော်မူခဲ့ပါသည်။ ယခုသော်ကား ကျွန်တော်မျိုးသည် မိမိတို့၏အပြစ်များကို ဝန်ခံကြပါပြီ။ သို့ဖြစ်ပါ၍ (ဤဒုက္ခမှ)လွတ်မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါ၏လော။

[12] ယင်း(ကဲ့သို့ ထာဝရ ပြစ်ဒဏ်ခံကြရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ဟစ်ခေါ်တမ်းတခြင်း ခံရတော်မူသောအခါ၊ အသင်တို့သည် ငြင်းပယ်လေ့ရှိခဲ့ကြကုန်၏။ သို့ရာတွင်(တစ်စုံတစ်ရာကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ပါသော် အသင်တို့သည် ယုံကြည်လက်ခံလေ့ ရှိကြကုန်၏။ သို့ဖြစ်ပေရာ (ယခုသော်)စီရင်ဆုံးဖြတ်မှု(အာဏာ)သည် လွန်စွာမြင့်မြတ်ကြီးကဲလှတော်မူသော အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။

[13] ထိုအရှင်မြတ်သည်ပင် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ မိုးကောင်းကင်မှ စားနပ်ရိက္ခာကို ချပေးသနားတော်မူ၏။ သို့ရာတွင် (ထိုအရှင်မြတ်ဘက်သို့) ပြန်လှည့်သော သူသည်သာလျှင် စဉ်းစားဆင်ခြင်တရား ရယူလေ့ရှိပေသည်။

[14] သို့ဖြစ်ပေရာ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မနှစ်မြို့ကြငြားသော်လည်း အသင်တို့သည် ဆည်းကပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ထိုအရှင်မြတ်အားသာလျှင် တသကြလေကုန်။

[15] (ထိုအရှင်မြတ်သည်)ဂုဏ်ရည်အဆင့်အတန်းများကို မြှင့်ပေးတော်မူသော မြင့်မြတ်သော ဂုဏ်ရည်အဆင့်အတန်းများနှင့် ပြည့်စုံတော်မူသော "အရ်ရှ်"ပလ္လင်တော်ကိုစိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် "ဝဟ်ယ်" ထုတ်ပြန် ချက်တည်းဟူသော မိမိအမိန့်တော်ကို မိမိကျွန်တို့အနက်မှ မိမိအလိုရှိတော်မူသောသူ၏ အပေါ်ဝယ်ချပေးတော်မူ၏။ (ယင်းသို့ ချပေးတော်မူခြင်းမှာ) ထိုကျွန်သည် စုရုံးမည့်နေ့ (ဝါ) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ (လူတို့အား) သတိပေးနှိုးဆော်အံ့သောငှာ ဖြစ်ပေသည်။

[16] အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။

[17] ယနေ့သော်ကား လူတိုင်းလူတိုင်းသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့သမျှနှင့်စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်။ ယနေ့ မတရားပြုလုပ်မှုဟူ၍ကား အလျင်းမရှိပြီ။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စောကြောစစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[18] ထိုမှတစ်ပါး (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား နီးကပ်၍လာအံ့သော(ကိယာမတ်) နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ထိုရောအခါဝယ် စိတ်နှလုံးများမှာ လွန်စွာပူဆွေးသောကကို ချုပ်တည်းမျိုသိပ်လျက် လည်မျိုများသို့ ဆို့၍ လာကြပေမည်။ (ထိုနေ့တွင်) မတရားကျူးလွန်သူတို့၌ ရင်းနှီးသောမိတ်ဆွေဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ ဩဇာညောင်းသော ကြားဝင် အသနားခံပေးအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[19] ထိုအရှင်မြတ်သည် မျက်စိများ၏ သစ္စာဖောက်မှု ခိုးဝှက်မှုကိုလည်းကောင်း၊ စိတ်နှလုံးများက လျှို့ဝှက်ထားရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။

[20] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော (၎င်းတို့၏) ကိုးကွယ်ရာတို့မှာမူကား မည်သို့မျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[21] ထိုသူတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့ပြုခဲ့ကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဘူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို မြင်ကြရပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် သူရသတ္တိ၊ ခွန်အားဗလအားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ် ချန်ရစ်ခဲ့ကြသော ခြေရာလက်ရာအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြပေသည်။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်တို့ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။

[22] ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[23] ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။

[24] ဖစ်ရ်အောင်န်"၊ "ဟာမာန်" နှင့် "ကာရူန်"တို့ထံ။ ထိုအခါ ၎င်းတို့က (ထိုမူစာသည်)ပဉ္စလက် ဆရာတစ်ဦးသည်လည်းကောင်း၊ လွန်စွာ မုသားပြောဆိုသူတစ်ဦးသည်လည်းကောင်း၊ ဖြစ်သည်ဟု ပြော၏ဆိုခဲ့ကြ၏။

[25] ထို့နောက် ထိုမူစာသည် ငါအရှင်မြတ်အထံတော်မှ အမှန်တရားကိုဆောင်ယူ၍ ၎င်းတို့ထံ ရောက်ရှိလာသောအခါ ၎င်းတို့က "အသင်တို့သည် ထိုမူစာနှင့်အတူ 'အီမာန်' သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်ကြ၍ ၎င်းတို့၏မိန်းမတို့ကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်ရှင်စွာ ထားရှိကြလေကုန်"ဟုပြောဆိုခဲ့ကြ ကုန်၏။ သို့တစေလည်း "ကာဖိရ်" သွေဖည်ငြင်းပယ် ကြလေသောသူတို့၏ အကြံအစည်မှာ လွဲမှားခဲ့သည်သာ။

[26] ထိုမှတစ်ပါး "ဖစ်ရ်အောင်န်"သည်(ဤသို့) ပြောဆိုခဲ့လေ၏။ "အသင်တို့သည့် ငါ့အား မတားဆီး ကြကုန်လင့်။ငါသည် မူစာအား သတ်ဖြတ်မည်။ ထို့ပြင် ထိုမူစာသည် ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်ပါစေ"။[(တစ်နည်း) "အသင်တို့သည် ငါ့အား မူစာကို သတ်ဖြတ်ခြင်းမှ မတားဆီးကြကုန်လင့်၊ ထိုမူစာအားလည်း ၎င်း၏အရှင်မြတ်အား ဟစ်ခေါ်(အကူအညီတောင်းခံ)ပါစေ"၊] အမှန်စင်စစ်သော်ကား ထိုမူစာသည် အသင်တို့၏သာသနာကို ပြောင်းလဲ(ဖျက်ဆီး)ပစ်မည်ကိုသော်လည်းကောင်း၊ တိုင်းပြည်၌ ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေမည်ကိုသော်လည်းကောင်း၊ ငါသည်စိုးရိမ်မိ၏။

[27] သို့ရာတွင် မူစာသည် (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် စောကြောမေးမြန်းမည့်နေ့ကို သက်ဝင်ယုံကြည်ခြင်းမရှိသော ဘဝင်မြင့် မာန်မာန ထောင်လွှားသူတိုင်း(၏ဘေးရန်ခပ်သိမ်းတို့)မှ (ကင်းလွတ်အံ့သောငှာ) ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ (အားလုံးတို့အား)ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကာအကွယ်ယူထားပြီး ဖြစ်သည်။

[28] ထို့ပြင် "ဖစ်ရ်အောင်န်" ၏ ဆွေမျိုးသားချင်းတို့အနက်မှ မိမိ "အီမာန်" ယုံကြည်မှုကို လျှို့ဝှက်၍ ထားရှိလေသော "မုအ်မင်န်"ယောက်ျားတစ်ဦးက (ဤသို့)ပြောဆိုခဲ့လေ၏။ "အသင်တို့သည် လူတစ်ယောက်အား ထိုသူက ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်"ဟု ပြောဆိုမှုကြောင့် သတ်ဖြတ်ကြမည်လော။ အမှန်စင်စစ်သော်ကား ထိုသူသည် အသင်တို့ထံ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေအထောက်အထားများကိုလည်း ယူဆောင်လာခဲ့လေ၏။ စင်စစ်သော်ကား အကယ်၍သာ ထိုသူသည် မုသားဝါဒီဖြစ်မူ ထိုသူ၏မုသားဝါဒသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ သို့ရာတွင် အကယ်၍ ထိုသူသည် သစ္စာဝါဒီဖြစ်လျှင် အသင်တို့အား ထိုသူ ကြိုတင်ဗျာဒိတ်ပေးလျက်ရှိသည်တို့အနက် (ပြစ်ဒဏ်) တစိတ်တဒေသမှာ အသင်တို့၌ သက်ရောက်မည်ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

[29] အို-ကျွန်ုပ်၏အမျိုးသားတို့၊ ယနေ့ အသင်တို့၌ဩဇာ၊ တိက္ကမ စိုးမိုးအုပ်ချုပ်မှုရှိနေ၍ အသင်တို့သည် တိုင်းပြည်အတွင်း လွှမ်းမိုးကြီးစိုးလျက် ရှိနေကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ အကယ်၍ ယင်းပြစ်ဒဏ်သည် ကျွန်ုပ်တို့၌ ဆိုက်ရောက်လာခဲ့သည်ရှိသော် ကျွန်ုပ်တို့အား မည်သူ လွတ်မြောက်စေပါမည်နည်း။(ထိုအခါ) "ဖစ်ရ်အောင်န်က (အချင်းတို့)ငါသည် မိမိထင်မြင်ယူဆချက်ကိုသာ အသင်တို့အား အကြံပေးခြင်းဖြစ်သည်။ ထိုမှတစ်ပါး ငါသည် အသင်တို့အား သင့်လျော်မှန်ကန်သော နည်းလမ်းမှတစ်ပါး တခြားမည်သည်ကိုမှ ညွှန်ပြသည်မဟုတ်" ဟု ပြောဆိုခဲ့ပေသည်။

[30] ထိုမှတစ်ပါး (ထို)"မုအ်မင်န်"သက်ဝင် ယုံကြည်သူသည် (ဤသို့)ပြောကြားခဲ့ပြန်လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့အပေါ်၌ (ရှေးအထက်ကျော်ကာလက) ဘာသာဝင်အုပ်စုများနည်းတူ(ဆိုးရွားသော)နေ့ (ဆိုက်ရောက်လာမည်)ကို စိုးရိမ်မိ၏။

[31] (နဗီတမန်တော်)"နူးဟ်"၏ အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ "အာဒ်" အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ထိုသို့သော အမျိုးသားတို့၏ နောက်ရှိခဲ့ဘူးကြသောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့ အပေါ်ဝယ် မည်သို့မျှမတရား ပြုလုပ်တော်မူသည် မဟုတ်ပေ။

[32] ထိုမှတစ်ပါး အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ဟစ်အော်မည့်နေ့(၏အပြစ်ဒဏ်)ကိုလည်းစိုးရိမ်၏။

[33] အကြင်နေ့တွင် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးကြပေမည်။ (ထိုနေ့တွင်) အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်၍ ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်တို့၌ ရှိလိမ့်မည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌(ဆက်လက်၍) ထားရှိတော်မူပါလျှင် ထိုသူ၌ လမ်းမှန်သို့ ပို့ပေးအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပေ။

[34] ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။

[35] အကြင် (စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေ)သူတို့သည် မိမိတို့ထံ မည်သည့် သက်သေအထောက်အထား အကြောင်းပြချက် တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့သည် မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အငြင်းအခုန် ပြုကြကုန်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံ၌လည်းကောင်း၊ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ထံတော်၌လည်းကောင်း၊ စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် ဘဝင်မြင့်မာန်မာန ထောင်လွှားသူ၊ လွန်စွာဆိုးသွမ်းသူ၏ စိတ်နှလုံးတစ်ခုလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော် မူပေသတည်း။

[36] ထို့နောက် "ဖစ်ရ်အောင်န်" မှ(ဤသို့)ပြော ဆိုခဲ့၏။ အို-"ဟာမာန်" ငါသည် လမ်းများသို့ရောက်ရှိအံ့သောငှာ အသင်သည် ငါ၏အဖို့ မြင့်စွင့်သော အဆောက်အအုံတစ်ခု တည်ဆောက်လော့။

[37] (ငါသည်)မိုးကောင်းကင်(ပေါ်တက်နိုင်ရန်)လမ်းများသို့ (တက်ရောက်နိုင်အံ့သောငှာ၊) သို့ (တက်ရောက်နိုင်ခဲ့)လျှင် ငါသည် မူစာ၏ကိုးကွယ်ရာ အရှင်မြတ်အား မြင်ပေမည်။အမှန်စင်စစ်သော်ကား ငါသည် မူစာအား မုသားဝါဒီတစ်ဦးဟုပင် ထင်မြင်ယူဆပေသည်။ စင်စစ်သော်ကား ထိုနည်းအတိုင်းပင် "ဖစ်ရ်အောင်န်"၏အမြင်၌ ၎င်း၏ မကောင်းမှုသည် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ၎င်းသည် (ဖြောင့်မှန်သော)လမ်းမှလည်း တားဆီးခြင်းခံခဲ့ရလေ၏။ အမှန်သော်ကား "ဖစ်ရ်အောင်န်" ၏အကြံအစည်မှာ ပျက်စီးခဲ့သည်သာတည်း။

[38] ထို့ပြင် (ထို) "မုအ်မင်န်" သက်ဝင်ယုံကြည်သူသည် (ဤသို့)ပြောဆိုခဲ့လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏နောက်သို့ လိုက်ခဲ့ကြလေကုန်။ ကျွန်ုပ်သည် အသင်တို့အား တရားလမ်းမှန်သို့ ပို့ဆောင်အံ့။

[39] အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဤမျက်မှောက်လောကီဘဝသည် အနည်းငယ်မျှ အကျိုးကျေးဇူးခံစားမှုသာ ဖြစ်ပေသည်။ သို့ရာတွင် အာခိရတ် တမလွန်ဘဝမှာမူကား ယင်းသည်သာလျှင် ဧကန်စင်စစ် အမြဲနေထိုင်ရန်ဌာနဖြစ်၏။

[40] မည်သူမဆို မကောင်းမှုဒုစရိုက် တစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့် (ပြစ်ဒဏ်)ကိုသာ အစားပေးခြင်း ခံရပေမည်။ သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န် သက်ဝင် ယုံကြည်သူလည်း ဖြစ်ပါမူ၊ ထိုကဲ့သို့သောသူတို့မှာ "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံတွင် ရေတွက်ခြင်းမရှိဘဲ စားနပ်ရိက္ခာကို ချီးမြှင့်ကျွေးမွေးခြင်းကို ခံကြရကုန်အံ့သတည်း။

[41] ထိုမှတစ်ပါး၊ အို - ကျွန်ုပ်၏ အမျိုးသားတို့၊ အသို့ပါနည်း။ ကျွန်ုပ်သည် အသင်တို့အား (ပြစ်ဒဏ်မှ) ကင်းလွတ်ရာသို့ ဖိတ်ခေါ်နေပါသည်။ သို့သော် အသင်တို့သည်မူ ကျွန်ုပ်အား ငရဲမီးသို့ ဖိတ်ခေါ်နေကြပါသည်။

[42] အသင်တို့သည် ကျွန်ုပ်အား ကျွန်ုပ် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ်ရန်လည်းကောင်း၊ ကျွန်ုပ်တွင် မည်သည့်အသိပညာ၊ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှမရှိသောအရာကို ကျွန်ုပ် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည် အသင်တို့အား လွန်စွာနိုင်နင်း၊ လွှမ်းမိုးတော်မူသော၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အရှင်မြတ်အထံတော်သို့ပင် ဖိတ်ခေါ်လျက် ရှိပေသည်။

[43] မချွတ်မလွဲ ကျွန်ုပ်အား၊ အသင်တို့ ဖိတ်ခေါ်နေသောအရာသည် ဤပစ္စုပ္ပန်လောက၌လည်း ဟစ်ခေါ် တသရန် မထိုက်ပေ။ အာခိရတ်တမလွန်ဘဝ၌လည်း ဟစ်ခေါ်တသရန် မထိုက်ပေ။ ထို့ပြင် ကျွန်ုပ်တို့ သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်ကြရပေမည်။ ထိုမှတစ်ပါး စည်းကမ်းကျူးလွန်သောသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။

[44] စင်စစ်သော်ကား မကြာမြင့်မီ အသင်တို့သည် ကျွန်ုပ်တို့ အသင်တို့အား ပြောဆိုသောစကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်လိုက်ပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်တို့အား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[45] ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထို ("မုအ်မင်န်") သက်ဝင်ယုံကြည်သူအား ၎င်းတို့ ကြံစည်ခဲ့ကြကုန်သော အကြံအစည်၏ဘေးအန္တရာယ်တို့မှ ဖယ်ရှားပေးတော်မူခဲ့၏။သို့ရာတွင် ‘ဖစ်ရ်အောင်န်’၏ ခြွေရံသင်းပင်တို့ကိုမူကား ဆိုးယုတ်သော ပြစ်ဒဏ်သည် ဝန်းဝိုင်းခဲ့ပေသည်။

[46] ထိုသူတို့မှာ နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ငရဲမီး၏ရှေ့ဝယ် ထုတ်ဆောင်ပြသခြင်းကို ခံကြရကုန်၏။ ထိုမှတစ်ပါး ကိယာမတ်အချိန် ဆိုက်ရောက်၍လာသောနေ့၌မူကား၊ အသင်တို့သည် "ဖစ်ရ်အောင်န်"၏ ခြွေရံသင်းပင်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တွင် ဝင်ရောက်စေကြလေကုန်(ဟု အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အား မိန့်တော်မူအံ့သတည်း။)

[47] ထို့ပြင် ပြန်လည်သတိရပါလေ။ ၎င်းတို့သည် ငရဲမီး၌ အငြင်းအခုံပြုလုပ်ကြသောအခါဝယ် အောက်လက်ငယ်သားတို့က အကြီးအကဲတို့အား "ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏ နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ အသင်တို့သည် ကျွန်ုပ်တို့မှ ငရဲမီးတစ်စိတ်တစ်ဒေသကို ဖယ်ရှားပေးနိုင်ကြလေသလော" ဟုပြောဆိုကြပေမည်။

[48] (ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။

[49] ထို့နောက် ငရဲမီး၌ရှိကြသူ(အားလုံး)တို့သည် "ဂျဟန္နမ်" ငရဲဘုံကိုစောင့်ကြပ်သော("မလာအိကဟ်"ကောင်းကင်တမန်)တို့အား "အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ဆုတောင်းပတ္ထနာပြုကြပါလျှင် ထိုအရှင်မြတ်သည် တစ်နေ့တလေမျှပင် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့စေတော်မူမည်"ဟု ပြောဆို(အသနားခံ)ကြပေမည်။

[50] (ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု ပြောဆို(မေးမြန်း)လေသော်၊ ၎င်းတို့က "အဘယ်ကြောင့် မဟုတ်ပါသနည်း။"(အမှန်ပင် ယူဆောင်ခဲ့ကြပေသည်)ဟု ပြောဆို(ဖြေကြား)ကြပေမည်။ (ထိုအခါ)ထိုအစောင့်အကြပ်တို့က "သို့ဖြစ်လျှင် အသင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပတ္ထနာ ပြုကြကုန်လော့။" ဟု ပြန်ကြားကြပေမည်။ စင်စစ်သော်ကား (နောင်တမလွန်ဘဝ၌)"ကာဖိရ်"သွေဖည်ငြင်းပယ်သောသူတို့၏ ဆုတောင်းပတ္ထနာသည် အချည်းနှီးပင်

[51] မလွဲဧကန် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အား လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ၎င်းမျက်မှောက်လောကီဘဝ၌လည်း ကူညီစောင်မလျက်ရှိတော်မူ၏။ သက်သေများရပ်ကြမည့်("ကိယာမတ်"ရှင်ပြန်ထမည့်) နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။)

[52] အကြင်နေ့တွင် ကျူးလွန်သူတို့အား ၎င်းတို့၏အကြောင်းပြချက်သည် အကျိုးမပေးမည်သာမက၊ ၎င်းတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ဆိုးရွားလှသော ဌာနလည်းရှိပေမည်။

[53] ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် "မူစာ"အား တရားလမ်းညွှန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပြီး ဖြစ်၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် အီစ်ရာအီလီ အမျိုးသားတို့အား ကျမ်းဂန်ကို အမွေပေးတော်မူခဲ့၏။

[54] အသိဉာဏ်ရှိသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ဆုံးမဩဝါဒအဖြစ်လည်းကောင်း၊

[55] သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။

[56] ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[57] အမှန်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခြင်းသည် လူတို့အား ဖန်ဆင်းခြင်းထက် ပို၍ကြီးကျယ်(ခက်ခဲလှ)ပေသည်။ သို့ရာတွင် အများဆုံးသောသူတို့မှာမူကား သိနားလည်ကြသည် မဟုတ်ပေ။

[58] ထို့ပြင် မျက်မမြင်နှင့် စက္ခုအလင်းရသောသူတို့သည် မတူကြပြီ။ ထိုနည်းတူစွာ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့နှင့် မကောင်းမှုကို ကျူးလွန်သောသူတို့သည်လည်း မတူကြပေ။ (စင်စစ်မှာကား) အသင်တို့သည် အနည်းငယ်မျှသာ ဆင်ခြင်ကြပေသည်။

[59] ဧကန်မလွဲ "ကိယာမတ်"ရှင်ပြထမည့်(အချိန်ကာ၏လ)သည် မုချ ဆိုက်ရောက်လာတော့မည်သာ။ ယင်း"ကိယာမတ်"နှင့်စပ်လျဉ်း၍ ဒွိဟသံသယ အလျှင်းမရှိ။ သို့ရာတွင် မြောက်မြားစွာသော သူတို့ကား သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[60] ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် "ဂျဟန္နမ်"ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။

[61] အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ညဉ့်ကို ထိုညဉ့်၌အနားယူကြအံ့သောငှာ ပြုလုပ်တော်မူခဲ့သည့်ပြင်၊ နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်ဝယ် အမှန်ပင် ကျေးဇူးတော်ရှင်ဖြစ်တော်မူ၏။ သို့တစေလည်း မြောက်မြားစွာသောသူတို့မှာ ကျေးဇူးတော်ကို သိတတ်ကြသည် မဟုတ်ပေ။

[62] ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။

[63] ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လေ့ရှိခဲ့ ကြသောသူတို့သည်လည်း ပြန်လှည့်ခြင်း ခံခဲ့ကြရ၏။

[64] အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို မှီတင်းနေထိုင်ရာအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်၍ ပေးတော်မူခဲ့၏။ ထို့ပြင်ထိုအရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး အသင်တို့အား စင်ကြယ်ကောင်းမွန်သောအရာများကို ကျွေးမွေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံလှတော်မူ၏။

[65] ထိုအရှင်မြတ်သည်ပင်(အမြဲထာဝရ)ရှင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို ထိုအရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ဟစ်ခေါ်တသကြလေကုန်၊ ချီးမွမ်းထောပနာအပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်ပေသတည်း။

[66] (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ ငါ၏ထံသို့ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာတော်များ ရောက်လာခဲ့ပြီဖြစ်ရာ၊ ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းကိုခံရ၏။ ထိုမှတစ်ပါး ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုသာလျှင် လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုခံရ၏။

[67] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)

[68] ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် အရေးကိစ္စတစ်စုံတစ်ရာကို ပြဌာန်းလိုတော်မူသောအခါ ဖြစ်စေဟု မိန့်ကြားတော်မူရုံဖြင့် ယင်းအရေးကိစ္စမှာ(ချက်ချင်း)ဖြစ်ပေါ်လာလေသတည်း။

[69] (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြသောသူတို့အား မမြင်လေသလော။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။

[70] အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။

[71] အကြင်အခါဝယ် ထိုသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများနှင့် သံကြိုးများသည် ရှိနေကြပေမည်။(ထို့ပြင်)၎င်းတို့သည် ဒရွတ်တိုက်ဆွဲချခြင်းကို ခံကြရပေမည်။

[72] ကျိုက်ကျိုက်ဆူလျက်ရှိသော ရေနွေးပူ၌။ ထို့နောက် ၎င်းတို့သည် ငရဲမီးထဲသို့ တွန်းထိုးခြင်းကို ခံကြရပေမည်။

[73] ထို့နောက် ၎င်းတို့သည် (ဤသို့) ပြောဆို (မေးမြန်း)ခြင်းကို ခံကြရပေမည်။ အသင်တို့ တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)လေ့ရှိကြသော အရာများသည် အဘယ်မှာနည်း။

[74] အလ္လာဟ်အရှင်မြတ်နှင့်အတူ ၎င်းတို့က လျှောက်ထားကြပေမည်။ ၎င်းတို့မှာ ကျွန်တော်မျိုးတို့ထံမှ ပျောက်သွားကြပါပြီ။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်တော်မျိုးသည် ယခင်က မည်သည့် တစ်စုံတစ်ရာမျှပင် ဟစ်ခေါ်တသ(ဆည်းကပ်ကိုးကွယ်)ခြင်းမပြုခဲ့ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြသောသူတို့အား လမ်းမှား၌ပင် နေမြဲနေစေတော်မူ၏။

[75] ထို(ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမ္ဘာလောက၌ မတရားသဖြင့် ရွှင်မြူးလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ဝင့်ကြွားလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ (ခံစားကြရခြင်း) ဖြစ်၏။

[76] (ယခုမူကား) အသင်တို့သည် "ဂျဟန္နမ်" ငရဲဘုံ၏တံခါးပေါက်များသို့ ယင်းဂျဟန္နမ် ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြသူတို့အဖြစ် ဝင်ရောက်ကြကုန်လော့။ စင်စစ် ဘဝင်မြင့် မာန်မာနထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနမှာမူကား လွန်စွာ ဆိုးရွားလှပေသတည်း။

[77] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိပြုတော်မူချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ချိန်းချက်တော်မူသည်များအနက် အချို့ကို အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ အသင့်အား သေဆုံးစေတော်မူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့မှာမူကား ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။

[78] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် (မြောက်မြားစွာသော)ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့၏။ ၎င်းတို့အနက် အချို့သော ရစူလ်တမန်တော်များ၏ အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့၍ အချို့၏အတ္တုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့သည်မရှိချေ။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးအဖို့မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်မရှိဘဲ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာမျှ ပြနိုင်စွမ်းမရှိပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် ရောက်ရှိ၍လာသောအခါ၌မူကား တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်ပြင် အမှားကိုလိုက်စားသော သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ အံ့သတည်း။

[79] အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ်)တို့ကို ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် ၎င်းတို့အနက် အချို့ကို စီးနင်းကြကုန်၏။ ထို့ပြင် အသင်တို့သည် ၎င်းတို့အနက် အချို့ကို စားသုံးကြကုန်၏။

[80] ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ် အလိုရှိရာသို့ ရောက်ရှိနိုင်ကြအံ့သောငှာ (ဖန်ဆင်းတော်မူခဲ့၏။) ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ တင်ဆောင်ခြင်းကို ခံကြရကုန်၏။

[81] စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့် သက်သေလက္ခဏာတော်များကို ငြင်းပယ်ကြအံ့နည်း။

[82] သို့ဖြစ်ပေရာ (၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ဘူးကြ သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် လူဦးရေများခဲ့ကြသည့်ပြင် သူရသတ္တိ၊ ခွန်အားဗလ အားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ်ချန်ရစ်ခဲ့သော ခြေရာလက်ရာများအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့အဖို့ ၎င်းတို့ ဆည်းပူးခဲ့ကြသည်တို့သည် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။)

[83] စင်စစ်သော်ကား ၎င်းတို့၏ရစူလ်တမန်တော်များ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်၍လာခဲ့ကြသောအခါ ၎င်းတို့သည် မိမိတို့ထံရှိလေသော (လောကီ)ပညာနှင့်စပ်လျဉ်း၍ မြူးတူးရွှင်ပျော်၊ မော်ကြွားခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည် ပျက်ချော် ပြောင်လှောင်လျက်ရှိခဲ့ကြသော (ပြစ်ဒဏ်)မှာ ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။

[84] ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို မြင်ခဲ့ကြသောအခါ "ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ သက်ဝင်ယုံကြည်ပါပြီ၊ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိခဲ့ကြသည်တို့ကို ငြင်းပယ်ကြပါပြီ" ဟု ပြောဆိုခဲ့ကြကုန်၏။

[85] သို့တစေလည်း ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့၏"အီမာန်" သက်ဝင်ယုံကြည်မှုသည် ၎င်းတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။(ဤသည်) အလ္လာဟ်အရှင်မြတ်၏ အကြင် စည်းကမ်းအတိုင်းဖြစ်၏။ ထိုစည်းကမ်းသည် ထိုအရှင်မြတ်၏ ကျွန်တို့နှင့်ပတ်သက်၍ လွန်လေပြီးဖြစ်၏။ ထိုမှတစ်ပါး "ကာဖိရ်" သွေဖည်ငြင်းပယ် သောသူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြကုန်သတည်း။

အသေးစိတ်ရှင်းလင်းဖော်ပြထားသောအရာ

Surah 41

[1] ဟာ၊မီမ်။

[2] (ဤအာယတ်တော်သည်) အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော် အရှင်၏အထံတော်မှ ချပေးတော်မူခြင်းဖြစ်၏။

[3] (ဤသည်) အကြင်ကျမ်းဂန်ပင်ဖြစ်၏။ ယင်းကျမ်းဂန်၏ အာယတ်တော်များသည် သိနားလည်ကြသောအမျိုးသားတို့အဖို့ ရှင်းလင်းစွာ ဖော်ပြထားတော် မူသော (ဝါ)အရဗ်ဘာသာစကားဖြင့်ထုတ်ပြန်သော) ကုရ်အာန်ကျမ်းတော်မြတ်ပင် ဖြစ်သည်။

[4] သတင်းကောင်း ပြောကြားသည်၊ သတိပေးနှိုးဆော်သည်၊ သို့ရာတွင် ၎င်းတို့အနက် အများဆုံး သောသူတို့မှာမျက်နှာလွှဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားထောင်ကြသည်ပင် မဟုတ်ပေ။

[5] ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။ကျွန်ုပ်တို့၏ စိတ်နှလုံးများမှာ အသင်ဖိတ်ခေါ်လျက်ရှိသောတရားကို (နားလည်ခြင်း)မှ ဖုံးအုပ်လျက် ရှိကြပေသည်။ ထို့ပြင်ကျွန်ုပ်တို့၏ နားများသည်လည်း ပင်းလျက် ရှိကြသည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့နှင့် အသင်၏အကြားဝယ် အကွယ်အကာတစ်ခု ရှိနေပေသည်။ သို့ဖြစ်ပေရာ အသင်သည် (မိမိအလုပ်ကို)လုပ်ကိုင်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (မိမိတို့ အလုပ်ကို) လုပ်ကိုင်နေသူများပင် ဖြစ်ကြကုန်သတည်း။

[6] (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင် ဖြစ်ပေသည်။ [ငါ၏ထူခြားချက်မှာ(အသင်တို့၏)ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်သာလျှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ ဝဟီအမိန့်တာ်ကျရောက်လာ (ခြင်းသည်သာလျှင် ငါ၏ထူးခြားချက်ဖြစ်၏။] သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်ဘက်သို့သာလျှင် ဖြောင့်မတ်စွာ လှည့်ကြလေကုန်။ထိုမှ တစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံကြလေကုန်။စင်စစ်မှာမူကား မုရှ်ရစ်က် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်)တွဲဖက် နှိုင်းယှဉ် (ကိုးကွယ်)သူတို့၌ (ကြီးစွာသော) ပျက်စီးခြင်းသည်ရှိပေသည်။

[7] အကြင်သူတို့သည် ဇကာတ် ပေးဆောင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အာခိရတ် တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်၏။

[8] ဧကန်မလွဲအီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သောသူတို့အဖို့ကား ကုန်ခန်းခြင်းမရှိသောအကျိုးသည် ရှိပေသတည်း။

[9] (အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)ပြောကြားပါလေ၊ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေကိုနှစ်ရက်နှင့် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်အား သွေဖည်ငြင်းပယ်ကြလေသလော။ ထိုမှတစ်ပါး အသင်တို့သည် အရှင်မြတ်နှင့်ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ထိုအရှင်မြတ်သည်ပင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[10] ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ်တည်ငြိမ်ကြံ့ခိုင်သော တောင်များကို ယင်းပထဝီမြေ၏ ထက်ဝယ် ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သော အစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်နှင့်(ပြီးမြောက်ခဲ့၏)။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏။

[11] ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။

[12] ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ်ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါးမိုးကောင်းကင် အသီးသီး၌ ၎င်းနှင့် သက်ဆိုင်သင့်မြတ်သောအမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင်တစ်ဝ ငါအရှင်မြတ်သည် အနီးဆုံး(ဖြစ်သောအောက်ဆုံး)မိုးထပ်ကို ကြယ်နက္ခတ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည် အလွန်တရာ နိုင်နင်းလွှမ်းမိုး တော်မူသော၊ အာကြွင်းမဲ့သိတော်မူသော အရှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ်ပြဌာန်းခြင်းပင် ဖြစ်ပေသတည်း။

[13] သို့ပါလျက် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အသင်သည် ၎င်းတို့အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အားအာဒ်အမျိုးသားတို့(၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဆမူဒ်အမျိုးသား(တို့၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့် စပ်လျဉ်း၍လည်း ကောင်း၊သတိပေး နှိုးဆော်၏။

[14] အကြင်အခါဝယ် ၎င်း(အာဒ်နှင့်ဆမူဒ်အမျိုးသား)တို့ထံ ၎င်းတို့၏ရှေ့နောက်(ဝဲယာ)မှ ရစူလ်တမန်တော်များ ရောက်ရှိလာပြီးလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်နှင့်(ဟု ဟောကြားခဲ့ကြကုန်၏။) (ထိုအခါ)၎င်းတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် မလာအိကဟ် ကောင်းကင်တမန်များအား စေလွှတ်တော်မူခဲ့ပေမည်။သို့ဖြစ်ပေရာ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့(ပေး၍)စေလွှတ်ခြင်းခံခဲ့ရသော အကြောင်းအရာတို့ကို ငြင်းပယ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[15] မည်သို့ပင်ဖြစ်စေ၊ အာဒ် အမျိုးသားတို့မှာမူကား တိုင်းပြည်တွင် မတရားသဖြင့် ဘဝင်မြင့်မောက်မာပလွှားခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့ထက် သူရသတ္တိခွန်အားဗလကြီးမားသူ မည်သူရှိသနည်းဟု ပြောဆို(ဝင့်ကြွား)ခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သောအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတော်မူသည်ကို ၎င်းတို့သည် မဆင်ခြင်မစဉ်းစား မမြင်ခဲ့ကြလေသလော။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက်ပင် ရှိခဲ့ကြကုန်၏။

[16] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (4င်းတို့အဖို့)ကျက်သရေမင်္ဂလာကင်းမဲ့သောနေ့ရက်များတွင် ကြမ်းတန်းလှစွာသောလေမုန်တိုင်းကို ၎င်းတို့အပေါ်၌ စေလွှတ်တော်မူခဲ့၏။ (ယင်းသို့လေမုန် တိုင်းကို စေလွှတ်တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ၎င်းတို့အား ဤမျက်မှောက်လောကီဘဝ၌ပင်ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ကို မြည်း စမ်းစေတော်မူအံ့သောငှာ(စေလွှတ်တော်မူခြင်း)ဖြစ်၏။ ထို့ပြင် အာခိရတ်တမလွန်ဘဝ၏ပြစ်ဒဏ်မှာ သာ၍ပင် ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ဖြစ်မည်။ ထိုအခါ ၎င်းတို့မှာ ကူညီစောင်မခြင်း ခံကြရမည်လည်း မဟုတ်ပေ။

[17] ထို့ပြင် ဆမူဒ် အမျိုးသားတို့မှာမူကား အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူခဲ့သော်လည်း ၎င်းတို့မှာ တရားလမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်းကိုသာ နှစ်သက်မြတ်နိုးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အား ၎င်းတို့၏ဆည်းပူးခဲ့ကြသည်များကြောင့်ဂုဏ်အသရေ ပျက်ပြားနိမ့်ကျစေသောပြစ်ဒဏ်၏ လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။

[18] သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။

[19] ထိုမှတစ်ပါး (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ထိုနေ့ကိုသတိရစေပါလေ)။ အကြင်နေ့တွင်အလ္လာဟ်အရှင်မြတ်၏ရန်သူများသည် ငရဲမီး၏အနီးသို့ စုရုံးခေါ်ဆောင်ခြင်းခံကြရပေမည်။ ထို့နောက် ၎င်းတို့သည် တားဆီးခြင်းကို ခံကြရပေမည်။

[20] နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။

[21] (ထိုအခါ)၎င်းတို့က မိမိတု့ိ၏(အသား)အရေများကို အသင်တို့သည် ကျွန်ုပ်တို့နှင့်ဆန်ကျင်၍ အဘယ်ကြောင့်သက်သေထွက်ဆိုကြသနည်းဟု ပြောဆိုကြပေမည်။ (ထိုအခါ)ယင်း(နား၊ မျက်စိနှင့်သားရေ)တို့က (ဤသို့)ပြောဆို (ပြန်ကြား)ကြပေမည်။ ကျွန်ုပ်တို့အား အကြင်အလ္လာဟ်အရှင်မြတ်သည်ပင် စကားပြောဆိုစေတော်မူ၏။ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စကားပြောဆိုစေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့၏။ ထို့အပြင် အသင်တို့သည်ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်လည်ရောက်စေခြင်းကိုခံကြရလေသည်။

[22] စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။

[23] စင်စစ်သော်ကား အသင်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် အသင်တို့အား ဖျက်ဆီးခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ပျက်စီးဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြပေသည်။

[24] သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။

[25] အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်သည် ဂျင်(န်)သတ္တဝါများအနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ရှေးလွန်လေပြီးသော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့် ပတ်သက်၍လည်း အမှန်ဖြစ်ခဲ့ပြီ။ ဧကန်စင်စစ် ၎င်းတို့(အားလုံး)သည်ဆုံးရှုံး ပျက်စီးသူများပင် ဖြစ်ကြကုန်၏။

[26] စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့က အသင်တို့သည် ကုရ်အာန်ကို နားပင်မထောင်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ယင်းကုရ်အာန် (ဖတ်ကြားနေသောအချိန်) စပ်ကြားတွင် ဆူညံကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် (မိမိတို့ အသံများဖြင့် မုဟမ္မဒ်၏အသံကို)လွှမ်းမိုး နိုင်ကြမည်။

[27] သို့ဖြစ်ပေရာ အမှန်စင်စစ် ငါအရှင်မြတ်သည်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ပြင်းထန်လှစွာသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူပေမည်။ ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတု့ိအား ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသော အဆိုးဆုံးသောကျင့်မူချက်များ၏ မကောင်းကျိုးကိုပေးတော်မူမည်ဖြစ်၏။

[28] ထိုသည်(ဝါ)ငရဲမီးသည် အလ္လာဟ်အရှင်မြတ်၏ရန်သူတို့၏ဆိုးကျိုးပင် ၎င်းတို့အဖို့ ငရဲမီး၌ အစဉ်ထာဝရနေထိုင်ရာဌာနသည် ရှိပေသည်။ (ဤသည်) ငါအရှင်မြတ်၏အာယတ်တော်များကို ၎င်းတို့ ငြင်းပယ်လေ့ရှိခဲ့ကြသောကြောင့်အစားပေးခြင်းပင် ဖြစ်ပေသည်။

[29] ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။

[30] ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။

[31] ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။

[32] (ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။

[33] စင်စစ်သော်ကား အကြင်သူထက် စကားအရာ၌ ကောင်းမြတ်သူကား အဘယ်သူနည်း။ ထိုသူသည်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သည့်ပြင် (မိမိကိုယ်တိုင်လည်း) ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်၏။ ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်သည်(မုစ်လင်မ်)အမိန့်တော်ကို နာခံသောသူတစ်ဦးဖြစ်သည်ဟုပြော၏။

[34] အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည်(မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့်အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည်မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။

[35] သို့တစေလည်း ယင်းကောင်းမြတ်သောနည်းဟူသည် သည်းခံသောသူတို့သာလျှင် ပေးသနားခြင်း ခံကြရပေသည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ် သောနည်းဟူသည်ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။

[36] ၎င်းပြင် အကယ်၍ အသင့်အား ရှိုင်တွာန်မိစ္ဆာကောင်၏ဘက်မှ တစ်စုံတစ်ရာနှောင့်ယှက် ဖျက်ဆီးခြင်းရှိပါလျှင်၊ အသင်သည် အလ္လာဟ်အရှင် မြတ်ထံတော်မှ အကာအကွယ်ကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

[37] အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။

[38] သို့ရာတွင် အကယ်၍ ၎င်းတို့သည်(ဤအမိန့်တော်ကို လိုက်နာကျင့်သုံးခြင်းမရှိဘဲ)မာန်မာန ထောင်လွှားခဲ့ကြလျှင်၊ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ထံတော်ပါး၌ရှိကြသော မလာအိကဟ် ကောင်းကင်တမန်တို့မူ နေ့ရောညပါ ထိုအရှင်မြတ်စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက်ရှိကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ငြီးငွေ့ကြသည်ပင် မဟုတ်ပေ။

[39] ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[40] ဧကန်စင်စစ် ငါအရှင်မြတ်၏ အာယတ်တော်များနှင့်စပ်လျဉ်း၍ မူရင်းအဓိပ္ပာယ်မှ သွေဖည်ကာ အမှားမှားအယွင်းယွင်း ကောက်ယူကြသောသူတို့မှာ ငါအရှင်မြတ်အပေါ်၌ ဖုံးကွယ်၍ နေကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ငရဲမီးထဲ၌ပစ်ချခြင်းခံရအံ့သောသူသည် ပို၍မြင့်မြတ်လေသလော။ သို့တည်းမဟုတ် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ပူပင်သောကကင်းစွာ လာရောက်အံ့သောသူသည် ပို၍မြင့်မြတ် လေသလော။ အသင်တို့သည် မိမိတို့အလိုရှိရာကို ကျင့်မူကြလေကုန်။ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ကျင့်မူသမျှတို့ကိုအကြွင်းမဲ့ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။

[41] စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် 4င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။

[42] အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။

[43] အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမှန်ပင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[44] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အရဗီဘာသာစကား မဟုတ်သောလူမျိုးခြားဘာသာစကားဖြင့် (ကျရောက်သော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့ကယင်းကုရ်အာန်ကျမ်းတော်မြတ်၏ အာယတ်တော်များသည်မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါသနည်း။ ရစူလ်တမန်တော်သည် ‘အရဗ်’အမျိုးသား ဖြစ်ပြီး(ကုရ်အာန်ကျမ်းတာ်မြတ်သည်) လူမျိုးခြား ဘာသာစကားဖြင့်ကျရောက်လာသည်လောဟူ၍ ပြောဆိုခဲ့ကြမည်သာ။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့အဖို့ တရားလမ်းညွှန်နှင့် ရောဂါဝေဒနာပျောက် ကင်းစေသောဆေးပင် ဖြစ်ပေသည်။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသောသူတို့၏နားများ၌မူကား နားပင်းမှုဝေဒနာသည်ရှိနေပေရာ ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ၎င်းတို့နှင့်ပတ်သက်၍ မျက်မမြင်(မမြင်ဖွယ်ရာမထင်မရှား) ဖြစ်နေချေသည်။ ၎င်းတို့မှာ ရပ်ဝေးမှ ဟစ်ခေါ်ခြင်းခံကြရသူများပင်ဖြစ်ကြကုန်၏။

[45] ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်း ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍လည်း သဘောကွဲလွဲမှု ဖြစ်ခဲ့ရလေသည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံ တော်မှ အမိန့်တော်တစ်ရပ်သည်ရှိနှင့်ပြီး မဖြစ်ခဲ့ပါလျှင် အမှန်ပင် ၎င်းတို့၏အကြား၌ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ ထို့ပြင် ဧကန်အမှန် 4င်းတို့သည် ယင်းအဆုံးအဖြတ် (ဝါ)ချိန်းချက်ထားသောပြစ်ဒဏ် နှင့်စပ်လျဉ်း၍ဝိစိကိစ္ဆာ ဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိနေကြကုန်သတည်း။

[46] မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျ ရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကားအသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။

[47] ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်းသောအသိသည် ထိုအရှင်မြတ်အထံတော် သို့ပင် လွှဲအပ်ရပေသည်။ ၎င်းပြင် မည်သည့် သစ်သီးဝလံများမဆိုမိမိတို့၏(အဖူးဖုံးများမှ) (ထိုအရှင်မြတ်သိတော်မမူဘဲ) ထွက်ပေါ်လာသည်မဟုတ်ပေ။ ထိုမှတစ်ပါး မည်သည့် မိန်းမတစ်ဦးမျှပင် ထိုအရှင်မြတ်သိတော်မမူဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိပေ။ သားဖွားခြင်းလည်း မရှိချေ။ ထို့ပြင် အကြင်နေ့တွင်ထိုအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ် မေးမြန်းတော်မူသောအခါ၎င်းတို့က (ယနေ့) ကျွန်တော်မျိုးအနက်(ဤသည်နှင့် စပ်လျဉ်း၍) သက်သေခံအံ့သောသူဟူ၍ တစ်ဦးတစ် ယောက်မျှမရှိတော့သည်ကို ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ဖြောင့်ချက်ဝန်ခံ လျှောက်ထားကြ ပါသည်၊ ဟု ပြောဆိုကြပေမည်။

[48] စင်စစ်သော်ကား (ထိုနေ့တွင်)၎င်းတို့ ယခင်ကဟစ်ခေါ်တသ (ရှိခိုးပူဇော်)ခဲ့ကြသည်တို့မှာ ၎င်းတို့ထံမှ ပျောက်ကွယ်၍သွားကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၌ထွက်ပြေး(လွတ်မြောက်)ရာဟူ၍လည်း မရှိတော့ကြောင်းယုံကြည်သွားကြပေမည်။

[49] လူသားသည် ကောင်းကျိုးချမ်းသာကို တောင်းဆိုခြင်းမှ ငြီးငွေ့သည်ဟူ၍မရှိပေ။ သို့ရာတွင် အကယ်၍ ၎င်း၌ဘေးအန္တရာယ်တစ်စုံတစ်ရာ သက်ရောက်ခဲ့သည်ရှိသော် ထိုအခါ (၎င်းမှာ) စိတ်အား လျှော့သူ၊ မျှော်လင့်ချက်လုံးဝကင်းသူဖြစ်လာလေ၏။

[50] သို့တစေလည်း ၎င်း၌သက်ရောက်ခဲ့သော ဘေးဒုက္ခတစ်စုံတစ်ရာ၏နောက်တွင် ငါအရှင်မြတ် သည် ၎င်းအားမိမိကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်ဧကန်အမှန် ၎င်းသည် (ဤသို့)ပြောဆိုလေတော့၏။ ဤသည်ကျွန်ုပ်နှင့် ထိုက်သောကိစ္စပင်ဖြစ်သည်။ ၎င်းပြင် ကိယာမတ်ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်မည်ဟု ကျွန်ုပ် မယူဆပေ။ သို့တစေလည်း ကျွန်ုပ်သည် အကယ်၍ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်သွားခဲ့ရသည့်တိုင်အောင် ဧကန်မလွဲ ကျွန်ုပ်အဖို့ ထိုအရှင်မြတ်အထံတော်တွင် သာ၍ ကောင်း သော အကျိုးကျေးဇူးသည် အမှန်ပင်ရှိချေမည်၊ သို့ဖြစ်ပေရာ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကိုသိစေတော်မူပေသည်။ ထိုမှတစ်ပါး ဧကန်မုချ ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန် သောပြစ်ဒဏ်၏ရသာကို မြည်းစမ်းစေတော်မူပေမည်။

[51] စင်စစ်မှာကား ငါအရှင်မြတ်သည် လူသား တို့၏အပေါ်၌ ကျေးဇူးပြုတော်မူသောအခါ ၎င်းမှာ မျက်နှာလွှဲကာအဝေးသို့ရှောင်ဖယ်၍ သွားလေ့ရှိ၏။ သို့တစေလည်း 4င်း၌ဘေးဒုက္ခသက်ရောက်သောအခါ (၎င်းမှာ)ကျယ်ဝန်းစွာ (တစ်နည်း)ရှည်လျားစွာဆုတောင်းပတ္ထနာ ပြုလေ့ရှိပေသတည်း။

[52] (အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန် အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကိုငြင်းပယ်ခဲ့ကြသည်ရှိအံ့၊ သို့ဖြစ်လျှင် ဝေးကွာလှသော ကွဲပြားမှု၌ရှိနေသောသူထက် ပိုမို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။

[53] မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။

[54] သတိပြုကြလေကုန်။ ဧကန်အမှန် ၎င်းတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံကြရမည်နှင့်စပ်လျဉ်း၍ အရာခပ်သိမ်း ရှိနေကြကုန်၏။ သတိပြုကြလေကုန်။ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက် ရှိတော်မူပေသတည်း။

ဆွေးနွေးခြင်း

Surah 42

[1] ဟားမီမ်၊

[2] အိုင်န်၊ စီန်၊ ကာဖ်။

[3] အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်သည်အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်ပွင့်ခဲ့ကြလေသောတမန်တော်များထံသို့လည်းကောင်း၊ ဤနည်းအတိုင်းပင် ဝဟီတော် ထုတ်ပြန်လေ့ရှိတော်မူခဲ့၏။

[4] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ကမ္ဘာမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်ကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်မြင့်မြတ်လှတော်မူသော၊ ထူးကဲကြီးမြင့်လှတော်မူသောအရှင် ဖြစ်တော်မူ၏။

[5] မိုးကောင်းကင်များသည် မိမိတို့အပေါ်မှ အက်ကွဲပြိုကျအံဆဲဆဲ ဖြစ်ကုန်၏။ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည့်ပြင် တို့သည် ကမ္ဘာမြေ၌ရှိသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် ကိုလည်းပန်ကြားလျက်ရှိကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည်ပင် အလွန်တရာခွင့်လွှတ်တော်မူသောအလွန်တရာသနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူ၏။

[6] ထိုအရှင်မြတ်မှတစ်ပါး အခြားကို ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးသူများအဖြစ် ရွေးချယ်ပြုလုပ်ခဲ့ကြသောသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကြည့်ရှုစောင့်ကြပ်တော်မူလျက်ရှိ၏။ စင်စစ်သော်ကား အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ တာဝန်ခံမဟုတ် ပေတကား။

[7] ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်သည် (ဦးစွာပထမ)မက္ကဟ်မြို့(သားတို့) ကိုလည်းကောင်း၊ ယင်းမက္ကဟ်မြို့၏ ပတ်ဝန်းကျင်(၌နေထိုင်သူတို့)ကိုလည်းကောင်း၊ သတိပေး နှိုးဆော်အံ့သောငှာ၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော (ကိယာမတ် ရှင်ပြန်ထမည့်)နေ့နှင့်စပ်လျဉ်း၍ အသိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော (ဤ)ကုရ်အာန်ကျမ်းတော် မြတ်ကိုထုတ်ပြန်တော်မူခဲ့၏။ (၎င်းတို့အနက်) အုပ်စု တစ်စုမှာဂျန္နတ် သုခဘုံသို့ (လား၍) အုပ်စုတစ်စု မှာကား ဂျဟန္နမ်ငရဲဘုံသို့ (လားကြပေမည်)။

[8] စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားသာလျှင် မိမိကရုဏာတော်သို့ ဝင်ရောက်စေတော်မူ၏။စင်စစ်သော်ကား မတရားကျူးလွန်သူတို့အား ကာကွယ်စောင့်ရှောက် အံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ချေ။

[9] ၎င်းတို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားသူတို့အား ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးသူ များအဖြစ် ရွေးချယ်ပြုလုပ်ထားခဲ့ကြလေသလော။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အားရှင်စေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

[10] ၎င်းပြင် အကြင်ကိစ္စသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို့သည် (မုစ်လင်မ်တို့နှင့်) ကွဲပြားလျက်ရှိကြကုန်၏။စင်စစ်သော်ကား ယင်းကိစ္စ၏ အဆုံးအဖြတ်မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ပင်ရှိ၏။ ဤသည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ငါသည် ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ပေသည်။ ၎င်းပြင်ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်၏။

[11] (ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။

[12] မိုးကောင်းကင်များနှင့်ပထဝီမြေ၏ သော့များသည် ထိုအရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့်တော်မူ၏။ ထိုနည်းတူစွာ (မိမိ အလိုရှိတော်မူသောသူအားစားနပ်ရိက္ခာကို)ကျပ်တည်းစေတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွးမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[13] ထိုအရှင်မြတ်သည် အသင်တို့အဖို့ အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်အား ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် အမိန့်ပေးတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် အသင့်ထံသို့ထုတ်ပြန်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် (နဗီတမန်တော်) အစ်ဗ်ရာဟီမ် အားလည်းကောင်း၊ (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်) အီစာ အားလည်းကောင်း၊အမိန့်ပေးတော်မူခဲ့၏။ အသင်တို့သည် ဒီန်သာသနာတော်ကို ခိုင်မြဲတည်ရှိစေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ယင်းသာသနာ တော်နှင့်စပ်လျဉ်း၍ ကွဲပြားခြင်း၊ အုပ်စုကွဲခြင်း၊မရှိကြကုန်လင့်ဟူ၍ အမိန့်ပေးတော်မူခဲ့၏။ (အို-နဗီတမန်တော်) မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြကုန်သော သူတို့၌ အသင် ၎င်းတို့အား ဖိတ်ခေါ်လျက်ရှိသော (တောင်ဟီဒ်)တရားတော်မှာ လွန်စွာခက်ခဲကြီးလေးလှ၏။ (စင်စစ်မှာကား)အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိအထံတော်သို့ ရွေးချယ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိဘက်တော်သို့ ပြန်လှည့်သောသူအား လမ်းညွှန်တော်မူ၏။

[14] အမှန်စင်စစ်သော်ကား ၎င်းတို့မှာ မိမိတို့ထံသို့(တိကျမှန်ကန်သော)အသိပညာ ရောက်ရှိ၍လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း မနာလိုမှုကြောင့် အုပ်စုကွဲခဲ့ကြကုန်၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သတ်မှတ်ထားသည့်အချိန်ထိ(လျစ်လျူပြုထားရန် ရှေးဦးမဆွကပင် အမိန့်တော်တစ်ရပ်အတည်မဖြစ်ခဲ့ပါလျှင် ၎င်းတို့အကြားဝယ် အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့နောက်တွင် ကျမ်းဂန်ကို ပိုင်ဆိုင်စေခြင်းခံခဲ့ကြရသော သူတို့မှာမူကား ယင်းသာသနာတော်နှင့်စပ်လျဉ်း၍ ဝိစိကိစ္ဆာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြကုန်သတည်း။)

[15] သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်စွာ ရှိနေပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့၏အလိုဆန္ဒများကို မလိုက်နာလေနှင့်၊ ထိုမှတစ်ပါး အသင်သည် ဤသို့ပြောကြားပါလေ။ငါသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူခဲ့သော မည်သည့်ကျမ်းဂန်ကိုမဆို သက်ဝင်ယုံကြည်ပြီးဖြစ်၏။ ၎င်းပြင် ငါသည်အသင်တို့အကြား၌ တရားမျှတရန် အမိန့်ပေးခြင်းကိုခံရ၏။အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်လည်းဖြစ်တော်မူ၏။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူ၏။ ငါတို့၏အကျင့်အမူတို့မှာ ငါတို့အဖို့ဖြစ်၍ အသင်တို့၏အကျင့် အမူတို့ကား အသင်တို့အဖို့ ဖြစ်၏။ ငါတို့နှင့်အသင်တို့၏အကြား၌မည်သို့မျှ အငြင်းအခုံပြုရန်မရှိပြီ။ အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့အားလုံးကို စုရုံးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရပေမည်။

[16] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်အား ဟုတ်မှန်ကြောင်း ဝန်ခံပြီးဖြစ်သည့်နောက်သော်မှပင် အငြင်းအခုံပြုကြကုန် သောသူတို့၏ အငြင်းအခုံပြုခြင်းမှာ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အလွဲအချော်ပင် ဖြစ်ပေသည်။ ထို့ပြင်၎င်းတို့အပေါ်၌ အမျက်တော်ကျရောက်မည့်အပြင် ၎င်းတို့၌ပြင်းထန်လှ စွာသော အပြစ်ဒဏ်သည်လည်း ရှိချိမ့်မည်။

[17] အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။

[18] ယင်း ကိယာမတ်ရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍ ၎င်းကို မယုံကြည်သောသူတို့သည်သာလျှင် အလျင်စလိုပြုလျက်ရှိကြကုန်၏။ သို့ရာတွင်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာမူကား ယင်းကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလကို စိုးရိမ်၍နေကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ၎င်းကို မှန်ကန်သည်ဟု ယုံကြည်ကြကုန်၏။ သတိပြုကြလေကုန်။ ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်၍ အငြင်းအခုံပြုကြသောသူတို့မှာမူကား လွန်စွာဝေးကွာလှသောလမ်းမှား၌ ရှိနေကြကုန်သတည်း။

[19] အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့၏အလွန်နက်နဲသိမ်မွေ့သော အရေးကိစ္စတို့ကိုပင် ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (မိမိအလိုရှိတော်မူသရွေ့) စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် စွမ်းရည်သတ္တိနှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။

[20] မည်သူမဆို အာခိရသ်တမလွန်ဘဝ၏ လယ်ယာစိုက်ပျိုးမှုကို လိုလားသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း အား၎င်း၏လယ်ယာစိုက်ပျိုးမှုတွင် တိုးပွား စေတော်မူပေမည်။သို့ရာတွင် မည်သူမဆို (ဤမျက်မှောက်)လောက၏ လယ်ယာစိုက်ပျိုးမှု လိုလားပါမူ ငါအရှင်မြတ်သည် ၎င်းအား(လည်း)ဤ(မျက်မှောက်)လောကမှ အနည်းငယ်ပေးတော်မူမည်။ သို့ရာတွင် အာခိရတ်တမလွန်ဘဝ၌မူကား ၎င်း၏အဖို့ မည်သည့်ဝေစုဝေပုံမျှပင် ရှိလိမ့်မည်မဟုတ်ပြီ။

[21] ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန်သာသနာမျိုးကို ၎င်းတို့အဖို့ သတ်မှတ်ပြဋ္ဌာန်း၍ပေးခဲ့ကြသော တွဲဖက်(ကိုးကွယ်ရာ)များရှိကြသလော။အမှန်စင်စစ်သော်ကား စီရင်ဆုံးဖြတ်ရန် အမိန့်တော်တစ်ရပ်သည် (ရှေးဦးမဆွက)မရှိခဲ့ပါလျှင် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ သို့တစေလည်း မတရားသောသူတို့၌မူကား ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဧကန်မလွဲရှိချေအံ့သတည်း။

[22] (အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ ၎င်းတို့၌ ကျရောက်မည် ဖြစ်ပေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်၍ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသောသူတို့မှာ ဂျန္နတ်သုခဘုံများ၏ဥယျာဉ်များ၌ ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အထံတော်တွင် ၎င်းတို့အလိုရှိ သမျှသောအရာများသည်ရှိကုန်၏။ ဤသည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ပင်ဖြစ်ပေသတည်း။

[23] ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။

[24] ၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[25] စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။

[26] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အီမာန်သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့၏ ဆုတောင်းပတ္ထနာပြုချက်ကို သဘောတူလက်ခံတော်မူ၏။ ထို့ပြင် ၎င်းတို့အား မိမိကျေးဇူးတော်ဖြင့် တိုး၍ပင် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၌မူ ပြင်းထန်လှစွာသောပြစ်ဒဏ်သည် ရှိချေမည်။

[27] စင်စစ်မှာကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်(အပေါင်း)တို့အား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်တော်မူခဲ့ပါလျှင် အမှန်ပင် ထိုကျွန်(အပေါင်း)တို့သည် ကမ္ဘာမြေဝယ် ဆိုးသွမ်း သောင်းကျန်းခဲ့ကြမည်သာ။ သို့ရာတွင် အရှင်မြတ်သည်(စားနပ်ရိက္ခာကို တဖြည်းဖြည်း) မိမိအလိုရှိတော် မူသောအတိုင်းအတာနှင့်အမျှ ချပေးတော်မူ၏။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ ကောင်းစွာသိတော်မူသောအရှင်၊ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[28] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် မိမိကရုဏာတော်ကို ပြန့်စေတော် မူ၏။စင်စစ်မှာကား ထိုအရှင်မြတ်သည် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသောအရှင်၊ ချီးမွမ်း အပ်သည့် အထူးထူးသော ဂုဏ်၊ ဝိသေသအပေါင်းတို့ နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။

[29] ၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[30] စင်စစ်သော်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏လက်များကဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသောပြစ်မှုများကိုမူကား ခွင့်လွှတ်တော်မူ၏။

[31] ၎င်းပြင် အသင်တို့သည် ထို(အရှင်မြတ်အား)ကမ္ဘာမြေ၏ မည်သည့်အစိတ်အပိုင်း မည်သည့်နေရာ၌(မျှပင်) မတတ်စွမ်းနိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။ထိုမှတစ်ပါး အသင်တို့၌ အလ္လာဟ် အရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍လည်း အလျှင်းမရှိပြီ။ ကူညီစောင်မအံ့သောသူဟူ၍လည်း အလျှင်း မရှိပြီတကား။

[32] ထိုမှတစ်ပါး သမုဒ္ဒရာပင်လယ်၌ တောင်များပမာ(လှုပ်ရှားသွားလာလျက်ရှိနေကြသော)ရွက်သင်္ဘောများမှာလည်း ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့တွင် အပါအဝင် ဖြစ်ကြကုန်၏။

[33] အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် လေကိုငြိမ်သက်စေတော်မူမည်သာ။ ထိုအခါ ယင်းသင်္ဘောမှာသွားလာလှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ၊ သမုဒ္ဒရာပင်လယ်၏ မျက်နှာပြင်ဝယ် ရပ်တန့်လျက်ပင် ရှိနေကြပေမည်။ဧကန်မလွဲ ဤတွင် အလွန်တရာ ကျေးဇူးသိတတ်သော၊ အလွန်တရာ သည်းခံတရားရှိသူတိုင်းအဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိကြကုန်၏။

[34] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် (အလိုရှိတော်မူပါလျှင်) ထိုသင်္ဘော(သား)တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ဖျက်ဆီးတော်မူပေမည်။ သို့တစေလည်းထိုအရှင်မြတ်သည် များစွာတို့အား ခွင့်လွှတ်တော်မူလေ့ရှိ၏။

[35] ငါအရှင်မြတ်၏အာယတ်တော်များ၌ အငြင်းပွားလေ့ရှိကြသောသူတို့သည် မိမိတို့၌ ထွက်ပြေး လွတ်မြောက်ရာဟူ၍ အလျှင်းမရှိတော့ပြီဟု သိရှိကြအံ့သောငှာ။

[36] မည်သို့ပင်ဖြစ်စေ အသင်တို့ ပေးသနားတော်မူခြင်းခံခဲ့ကြရသော ဥစ္စာပစ္စည်းဟူသမျှတို့သည် လောကီဘဝ၏အသုံးအဆောင်ပစ္စည်းမျှသာ ဖြစ်ကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသမျှတို့မှာမူကား အကောင်းဆုံး၊အမြဲဆုံးပင်ဖြစ်ကုန်၏။ (ယင်းတို့မှာ) အကြင်သူတို့အဖို့ဖြစ်၏။ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ယုံကြည် ကိုးစား အားထားကြကုန်၏။

[37] ၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှလည်းကောင်း၊ ညစ်ညမ်းသောအမှုကိစ္စတို့မှလည်းကောင်း ကြဉ်ရှောင် ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် မည်သည့်အခါမျိုးမဆို ဒေါသအမျက်ထွက်ကြသည်ရှိသော် ခွင့်လွှတ်လေ့ရှိကြကုန်၏။

[38] ၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏ဖိတ်ခေါ်ချက်၊ အမိန့်တော်)ကို နာယူကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့၏ (အရေးကြီး သော) အမှုကိစ္စတို့မှာ မိမိတို့အချင်းချင်းညှိနှိုင်းတိုင်ပင် ၍ ဆောင်ရွက်ကြရကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူ သောဥစ္စာပစ္စည်းများမှ သုံးစွဲလှူဒါန်းကြကုန်၏။

[39] ထိုမှတစ်ပါး အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့သည် မတရားသဖြင့်နှိပ်စက်မှုကို ခံကြရသောအခါ ၎င်းတို့သည် မိမိတို့ခံကြရသည်နှင့်အမျှ လက်စားချေ လေ့ရှိကြကုန်သတည်း။

[40] စင်စစ်သော်ကား မကောင်းပြုခြင်း၏အစားယင်းမကောင်းပြုခြင်းနှင့် အညီအမျှ မကောင်းပြုခြင်းပင်။ သို့တစေလည်း မည်သူမဆို ခွင့်လွှတ်ခဲ့ပါမူ ၎င်းပြင် (မိမိတို့အချင်းချင်း၏ အရေးကိစ္စများကို ပြေလည်)ကောင်းမွန်အောင် ပြုပြင်ခဲ့ပါမူ ထိုသူအား အကျိုးပေးခြင်းမှာ အလ္လာဟ်အရှင်မြတ်၏တာဝန်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မတရားသောသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။

[41] သို့ရာတွင် မည်သူမဆို မိမိမတရားနှိပ်စက်ခြင်းခံခဲ့ရပြီးနောက် (ယင်းခံစားခဲ့ရသည်နှင့်အညီအမျှ) လက်စားချေခဲ့သည်ရှိသော် ထိုကဲ့သို့သောသူတို့အပေါ်၌ အပြစ်တင်ရန်နည်းလမ်းဟူ၍ အလျှင်းမရှိတော့ပေ။

[42] အပြစ်တင်ရန်နည်းလမ်းမှာကား လူတို့အပေါ်၌နှိပ်စက်ကြသော တိုင်းပြည်၌ မတရားသဖြင့် ဆူပူသောင်းကျန်းဆိုးသွမ်းကြသော သူတို့အပေါ်၌သာလျှင် ရှိပေသည်။ ယင်းကဲ့သို့သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိချေမည်။

[43] သို့ရာတွင် မည်သူမဆို သည်းခံခြင်းကိုလည်းကောင်း၊ ခွင့်လွှတ်ခြင်းကိုလည်းကောင်း၊ ပြုခဲ့ပါလျှင် ဧကန်မလွဲဤသို့ပြုလုပ်ခြင်းကား သတိ္တနှင့်သက်ဆိုင်သော အမှုကိစ္စတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ချေသတည်း။

[44] စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူ၏အဖို့ ထိုအရှင်မြတ်မှတစ်ပါး (ဤပစ္စက္ခတွင် လည်း)အမှားကိုပြုပြင်၍ ပေးအံ့သောသူဟူ၍ အလျှင်း မရှိတော့ပြီ။ထိုမှတစ်ပါး (အို-နဗီတမန်တော်နောင် တမလွန်ဘဝတွင်လည်း) အသင်သည် မတရားသော သူတို့အား ၎င်းတို့သည်ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ(ကမ္ဘာလောကသို့)ပြန်သွားရန်နည်းလမ်း တစ်စုံတစ်ရာရှိပါသလောဟု ပြောဆိုနေကြမည်ကို တွေ့မြင်ရပေမည်။

[45] ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ) ခိုးဝှက်စွာ ကြည့်နေကြပေမည်။၎င်းပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည ်(ဤသို့)ပြောဆိုကြပေမည်။ အမှန်စင်စစ် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မိမိတို့နှင့်တကွ မိမိတို့နှင့်ပတ်သက်သောသူများကိုပါဆုံးရှုံးပျက်စီးစေသူတို့သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်)များဖြစ်ကုန်၏။ သတိထားကြလေကုန်။ ဧကန်မလွဲ မတရားသောသူတို့သည် အမြဲထာဝရ ခံကြအံ့သောပြစ်ဒဏ်၌ ရှိကြပေမည်။

[46] ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိစေတော်မူပါလျှင် ထိုသူ၌ (လွတ်မြောက်ရန်ဟူ၍) မည်သည့်နည်းလမ်းမျှပင် မရှိတော့ပြီတကား။

[47] အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။

[48] သို့ပါလျှက် ၎င်းတို့သည် မျက်နှာလွှဲခဲ့ကြလျှင်(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ် စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်၏တာဝန်မှာ အမိန့်တော်များကို ပို့ဆောင်ခြင်းသာဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ထိုသို့သော)လူသားအား ကျေးဇူးတော် တစ်စုံတစ်ရာ(၏ရသာ)ကို မြည်းစမ်းစေတော် မူသောအခါ ထိုလူသားသည် ယင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်လေ့ရှိ၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်သော အပြုအမူကြောင့်ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ ထိုလူသားမှာ လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေသတည်း။

[49] မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (သမီး)မိန်းကလေးများကို ချီးမြှင့်တော်မူ၍ မိမိအလိုရှိတော်မူသောသူအား(သား)ယောက်ျားကလေးများကို ချီးမြှင့်တော်မူ၏။

[50] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား သားယောက်ျားကလေးများနှင့် သမီးမိန်းကလေး များကိုပေါင်းစပ်၍ပေးတော်မူ၏။ စုံတွဲ၍ ပေးတော် မူ၏။ ထိုမှတစ်ပါးမိမိအလိုရှိတော်မူသောသူအား (သားသမီးမထွန်းကားသော)အမြုံ ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ လွန်စွာပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[51] မည်သည့်လူသား တစ်ဦးတစ်ယောက်နှင့်မျှအလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခြင်းမှတစ်ပါး၊ အရိပ်အခြည် ပြတော်မူခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အကွယ်အကာ တစ်စုံတစ်ရာ၏နောက်မှတစ်ပါးစကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးပါးကို စေလွှတ်တော်မူ၏။ ထိုအခါထိုစေတမန်သည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ထိုအရှင်မြတ်အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပို့ပေးလေ၏။ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[52] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။

[53] အကြင်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းကို၊မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။အရေးကိစ္စအလုံးစုံတို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ကြကုန်သတည်း။

ရွှေရောင်အဆင်တန်ဆာများ

Surah 43

[1] ဟာ၊ မီမ်။

[2] (ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားစွာသောကျမ်းဂန် ဓမ္မက္ခန်ကို သက်သေထူတော်မူ၏။

[3] စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့(ကောင်းမွန်စွာ) သိနားလည်ကြအံ့သောငှာ ယင်းကျမ်းဂန်ကို အရဗ်ဘာသာစကားဖြင့် (ထုတ်ပြန်အပ်သော)ကုရ်အာန်ကျမ်းတော်မြတ် ပြုလုပ်တော်မူ၏။

[4] ၎င်းပြင် ဧကန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မူရင်းကျမ်း(ဖြစ်သော "လောင်ဟုမဟ်ဖူဇ်" သင်ပုန်း)တွင် ငါအရှင်မြတ်ထံတော်၌ အမှန်ပင် လွန်စွာ မြင့်မြတ်လှ၏။ ဉာဏ်ပညာရပ်နှင့် ပြည့်စုံလှ၏။

[5] သို့ဖြစ်ပေရာ အသင်တို့သည် စည်းကမ်းကျူးလွန်သူများဖြစ်သောကြောင့် (ဤ)ဆုံးမဩဝါဒကျမ်းကို ငါအရှင်မြတ်သည် အသင်တို့ထံမှ လွှဲဖယ် တော်မူရမည်လော။

[6] စင်စစ်သော်ကား ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့တွင် မြောက်မြားစွာသော နဗီတမန်တော် များကိုစေလွှတ်တော်မူခဲ့၏။

[7] သို့တစေလည်း ၎င်းတို့သည် မိမိတို့ထံ ရောက်ရှိလာသော နဗီတမန်တော်တိုင်းကိုပင် ပြက်ရယ် ပြောင်လှောင်ခဲ့ကြသည်သာ။

[8] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် လက်ရှိ ဤသူတို့ထက် ခွန်အားဗလ ရဲစွမ်းသတ္တိအရာ၌ ပိုမိုပြင်းထန်သောသူတို့ကိုပင် ဖျက်စီးတော်မူခဲ့ပေသည်။ စင်စစ်သော်ကား ရှေးဟောင်းသူတို့၏ (ဤ)အကြောင်းမှာ လွန်လေခဲ့ပြီး ဖြစ်ပေသတည်း။

[9] စင်စစ် အကယ်၍ (အို-နဗီတမန်တော်၊) အသင်သည် ထိုသူတို့အား "မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ မည်သူသည် ဖန်ဆင်းခဲ့သနည်း"ဟု မေးမြန်းခဲ့ပါလျှင် ထိုသူတို့က ယင်း(မိုးကောင်းကင်များနှင့်ပထဝီမြေ) တို့ကို အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ပင် ဧကန်မလွဲ ဖြေဆိုကြပေမည်။

[10] အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို အခင်းပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းပထဝီမြေ၌ အသင်တို့သည် (မိမိတို့လိုရာခရီးများကို လွယ်ကူစွာသွားနိုင်ရန်) လမ်းမှန်ကို ရရှိကြအံ့သောငှာ လမ်းပမ်းများကို ပြုလုပ်၍ ပေးတော်မူခဲ့၏။

[11] ထိုမှတစ်ပါး အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှမိုးရေကို အတိုင်းအတာ အချိန်အဆနှင့် ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ထို အရှင်မြတ်သည် ထိုမိုးရေဖြင့်(သွေ့ခြောက်)သေလွန်ပြီးဖြစ်သော မြို့ရွာ(မြေယာ)များကို ရှင်ပြန်(စိမ်းစို) စေတော်မူခဲ့၏။ ဤနည်းအတိုင်းပင် အသင်တို့သည်လည်း (မိမိတို့သင်္ချိုင်းတွင်းမှ ရှင်ပြန်)ထွက်စေခြင်းကို ခံကြရပေမည်။

[12] ၎င်းပြင် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အလုံးစုံသော ဖိုမ-စုံတွဲအမျိုးအစားများကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ စီးနင်းကြကုန်သော သင်္ဘောများကိုလည်းကောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များကိုလည်းကောင်း ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။

[13] အသင်တို့သည် ယင်း(အစီးအနင်းတို့)၏ ကျောက်ကုန်းများထက်ဝယ် ကျနမြဲမြံစွာ တက်စီးကြအံ့သောငှာ လည်းကောင်း၊ ထို့နောက် အသင်တို့သည် ယင်း(အစီးအနင်း)ပေါ်၌ ကျနမြဲမြံစွာ တက်စီးခဲ့ကြသောအခါ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့တသ သတိရကြအံ့သောငှာ လည်းကောင်း၊ (ဤသို့)ပြောဆိုအံ့ သောငှာလည်းကောင်း၊ "ကျွန်တော်မျိုးတို့အဖို့ ဤအစီးအနင်းကို နိုင်နင်းစေတော်မူခဲ့သော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ အမှန်စင်စစ်သော်ကား ကျွန်တော်မျိုးတို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများ မဟုတ်ခဲ့ပေ။

[14] ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ အမှန်ပင် ပြန်သွားကြအံ့သောသူများပင် ဖြစ်ကြပေသတည်း။

[15] သို့သော်လည်း ၎င်းတို့သည် ထိုအရှင်မြတ်၏ကျွန်များအနက် (အချို့ကို)ထိုအရှင်မြတ်၏ အစိတ်အပိုင်း တစ်ခုဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ဧကန်အမှန် လူသားသည် ထင်ရှားစွာသော ကျေးဇူးကန်းသူပင် ဖြစ်ချေသည်။

[16] ထိုအရှင်မြတ်သည် မိမိအဖန်ဆင်းခံတို့အနက် မိမိအဖို့ သမီးမိန်းကလေးများကို ရွေးချယ်တော်မူ၍ အသင်တို့ကိုမူကား သားယောက်ျားကလေးတို့ဖြင့် ချီးမြှောက်တော်မူခဲ့ပါသလော။

[17] စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် မိမိကိုယ်တိုင် အနန္တကရုဏာတော်ရှင်အား ခိုင်းနှိုင်းဖော်ပြ စော်ကားခဲ့သောအရာဖြင့် သတင်းကောင်း ပြောကြားခြင်းကို ခံရလေသောအခါ ထိုသူသည် စိတ်တွင်းခံစားမှုကို ချုပ်တည်းမျိုသိပ်လျက်ရှိသည်သာမက ၎င်း၏မျက်နှာမှာလည်း တစ်နေကုန် ညှိုးနွမ်းမည်းမှောင်၍ပင် နေလေတော့၏။

[18] မည်သို့နည်း။ လက်ဝတ်လက်စား အလှဆင်ယင်မှု၌ ပေါက်ဖွားကြီးပြင်းလာရသည့်ပြင် အချေအတင်ပြောဆိုရာ၌လည်း ရှုပ်ထွေးပွေလီစေသောသူသည် (အလ္လာဟ်အရှင်မြတ်)သမီးဖြစ်နိုင်ရန် အရည်အချင်း ရှိပါသလော။

[19] ထိုမှတစ်ပါး ၎င်းတို့သည် အနန္တကရုဏာတော်ရှင်၏ကျွန်များ ဖြစ်ကြကုန်သော "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ထို "မလာအိကဟ်" ကောင်းကင်တမန်တို့အား ဖန်ဆင်းရာ၌ ရှေ့မှောက်ဝယ် ရှိခဲ့ကြလေသလော။ (မည်သို့ပင်ဖြစ်စေ)၎င်းတို့၏ သက်သေထွက်ချက်သည် ရေးသား(မှတ်တမ်းတင်)ပြီး ဖြစ်ချေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ("ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင်) စစ်ဆေးမေးမြန်း ခြင်းကိုလည်း ခံကြရပေဦးမည်။

[20] ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။အကယ်၍သာ အနန္တကရုဏာတော်ရှင်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် ထို"မလာအိကဟ်" ကောင်းကင်တမန်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြ မည်မဟုတ်ပေ။ ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ အသိပညာ လုံးဝမရှိပြီ။ (စင်စစ်မှာကား)၎င်းတို့မှာ ရမ်းဆ ပြောဆိုနေကြသည်သာတည်း။

[21] ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။

[22] ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။

[23] ၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။

[24] ထိုသတိပေးနှိုးဆော်သူ (နဗီတမန်တော်)က"(အချင်းတို့၊) အကယ်၍ ငါသည် အသင်တို့ထံ အသင်တို့ မိမိတို့အဘ၊ ဘိုး၊ ဘေးတို့ (လိုက်ခဲ့ကြသည်)ကို တွေ့ရှိခဲ့ကြလေသောလမ်းစဉ်ထက် ပိုမို (တိကျမှန်ကန်သော)တရားလမ်းမှန်ကို ညွှန်ပြအံ့သော တရားဓမ္မကို အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပါလျက်(အသင်တို့သည် မိမိတို့၏ ရိုးရာဓလေ့များကိုသာ လိုက်စားကြမည်လော)"ဟု ပြောဆို(မေးမြန်းခဲ့)လေ၏။ (ထိုအခါ)၎င်းတို့က "စင်စစ်ဧကန် ကျွန်ုပ်တို့သည် အသင်တို့ယူဆောင်ခဲ့ကြသောတရားဓမ္မကို ယုံကြည် သူများမဟုတ်" ဟု ပြောဆိုခဲ့ကြကုန်၏။

[25] သို့ဖြစ်သောကြောင့်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား တုံ့ပြန်လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (အိုနဗီတမန်တော်)အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို (လေ့လာ) ကြည့်ရှုပါလေ။

[26] ထိုမှတစ်ပါး (ပြန်လည်သတိရရှိကြလေကုန်၊)တစ်ရံရောအခါဝယ် "တမန်တော်အိဗ်ရာဟီမ်"သည် မိမိဘခင်အားလည်းကောင်း၊ မိမိအမျိုးသားအားလည်းကောင်း၊ "မုချဧကန် ငါသည် အသင်တို့ ဆည်းကပ် ကိုးကွယ်ကြသည်တို့မှကင်းလွတ်၏"။

[27] အကြင် အရှင်မြတ်မှတစ်ပါး "(တစ်နည်း) သို့ရာတွင် (ငါသည်)အကြင်အရှင်မြတ်အားသာလျှင် (ဆည်းကပ်ကိုးကွယ်၏)" ထိုအရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။တစ်ဖန် ထိုအရှင်မြတ်သည်ပင် ငါ့အား တရားလမ်းမှန်ကိုပြသတော်မူ၏။

[28] ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်သည် ယင်း("တောင်ဟီဒ်"တည်းဟူသောအယူဝါဒ)ကို ထို(မက္ကဟ်မြို့သား၊ မုရှ်ရစ်က်)တို့(အနာဂတ်ကာလ၌လည်း "တောင်ဟီဒ်" ဘက်သို့ ပြန်လှည့်ကြအံ့သောငှာ မိမိနောက်တွင် ဆက်လက်တည်ရှိခဲ့သော စကားမွန်တစ်ရပ် ဖြစ်စေခဲ့၏။)

[29] စင်စစ်မှာကား ငါအရှင်မြတ်သည် ဤသူတို့အားလည်းကောင်း၊ ဤသူတို့၏အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ စည်းစိမ်ချမ်းသာကို ချီးမြှင့်တော်မူခဲ့၏။ နောက်ဆုံးတွင် ထိုသူထံသို့ (ကုရ်အာန်ကျမ်းတော်မြတ် တည်းဟူသော)အမှန်တရားသည် လည်းကောင်း၊ (အမိန့်ပညတ်တော်များကို)ဖော်ပြထင်ရှားစေသော ရစူလ်တမန်တော်တစ်ပါးသည် လည်းကောင်း ရောက်ရှိ၍လာခဲ့၏။

[30] သို့ရာတွင် ၎င်းတို့ထံ (ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော) အမှန်တရားသည် ရောက်ရှိလာခဲ့သောအခါ ၎င်းတို့က "ဤသည် စုန်းအတတ် ပညာဖြစ်၏။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် ဤသည်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။

[31] ထိုမှတစ်ပါး ၎င်းတို့က ဤကုရ်အာန်ကျမ်းမြတ်သည် (‘မက္ကဟ်မြို့’ နှင့် ‘သွာအစ်ဖ်မြို့’) နှစ်မြို့မှ လူကြီးလူကောင်း တစ်ဦးတစ်ယောက်၏ အပေါ်၌ အဘယ်ကြောင့်ချပေးခြင်း မခံခဲ့ရသနည်း"ဟု ပြောဆိုခဲ့ကြကုန်၏။

[32] အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတည်းဟူသော နဗီတမန်တော်အဖြစ် ချီးမြှောက်ခြင်းကို ၎င်းတို့သည်ပင် ခွဲဝေပေးကြ သလော။(စင်စစ်သော်ကား) ငါအရှင်မြတ်သည် လောကီဘဝ၌ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပရိသေသနကိစ္စ စားနပ်ရိက္ခာကိုပင် ၎င်းတို့၏အကြား၌ ခွဲဝေပေးထားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့သည် အချို့အား လက်အောက်ခံ အခိုင်းအစေ ပြုအံ့သောငှာ ၎င်းတို့အနက် အချို့ကို အချို့ထက် အဆင့်အတန်းများစွာ မြှင့်ပေးတော်မူခဲ့၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်သည် ၎င်းတို့ ဆည်းပူး စုဆောင်းလျက်ရှိကြသည်တို့ထက် သာလွန် ကောင်းမြတ်လှပေသည်။

[33] စင်စစ်မှာကား အကယ်၍သာ လူခပ်သိမ်းတို့သည် (မိစ္ဆာ)သာသနာဝင် အုပ်စုတစ်စုတည်းသာ ဖြစ်သွားကြရန် အကြောင်းမရှိခဲ့ပါလျှင် အမှန်ပင် ငါအရှင်မြတ်သည် အနန္တ ကရုဏာတော်ရှင်အား သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အဖို့ ၎င်းတို့ နေအိမ်များ၏အမိုးတို့ကို ငွေဖြင့်ပြုလုပ်၍ပေးတော် မူခဲ့မည်သာ၊ ၎င်းပြင် လှေကားများကိုလည်း(ငွေဖြင့်ပြုလုပ်၍ ပေးတော်မူခဲ့မည်သာ၊) ၎င်းတို့သည် ယင်း(လှေကားများဖြင့်) အမိုးများသို့ တက်ကြပေမည်။

[34] ထိုမှတစ်ပါး ထိုသူတို့နေအိမ်များ၏ တံခါးများကိုလည်းကောင်း၊ ထိုသူတို့မှီ၍ ထိုင်ကြကုန်သောခုတင်များကို လည်းကောင်း၊ (ငွေဖြင့် ပြုလုပ်၍ ပေးတော်မူခဲ့ပေမည်)။

[35] ထိုမှတစ်ပါး (ယင်းပစ္စည်းများကို) ရွှေဖြင့်လည်း(ပြုလုပ်၍ပေးတော်မူခဲ့ပေမည်၊) သို့ရာတွင် ထို(ပစ္စည်း) အလုံးစုံတို့မှာ မျက်မှောက်လောကီဘဝ၏ အသုံးအဆောင်မျှသာလျှင် ဖြစ်ကုန်၏။ အမှန်စင်စစ်သော်ကား "အာခိရတ်" တမလွန်ဘဝမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သူတော်စင်တို့အဖို့သာလျှင် ဖြစ်ပေသတည်း။

[36] စင်စစ်သော်ကား မည်သူမဆို အနန္တကရုဏာတော်ရှင်အား အောက်မေ့တသခြင်းကို မမြင်ဟန် မသိဟန်ဆောင်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူ၌ "ရှိုင်တွာန်"မိစ္ဆာကောင်တစ်ကောင်ကို သတ်မှတ်၍ ပေးတော်မူ၏။ ထိုအခါယင်း "ရှိုင်တွာန်" မိစ္ဆာကောင် မှာ ထိုသူ၏အဖော် ဖြစ်သွား၏။

[37] ၎င်းပြင် ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်တို့မှာ ထိုသူတို့အား (ဖြောင့်မတ်မှန်ကန်သောတရား) လမ်းမှ ပိတ်ပင်တားဆီးလေ့ရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် မိမိတို့မှာ လမ်းမှန်ကို ရရှိသူများဖြစ်ကြသည် ဟူ၍ပင် ထင်မှတ်လေ့ရှိကြကုန်၏။

[38] နောက်ဆုံးတွင် ထိုမသိဟန်ဆောင်သောသူသည် ငါအရှင်မြတ်အထံတော်သို့ ရောက်လေသောအခါ (ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား ဤသို့)ပြောဆိုအံ့၏။ ဪ-ကျွန်ုပ်နှင့် အသင်၏အကြား၌ "အရှေ့" နေထွက်ရာအရပ်နှင့် "အနောက်" နေဝင်ရာအရပ်မျှ ဝေးကွာခဲ့လျှင် ကောင်းလေစွတကား။ စင်စစ်မှာကား ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် လွန်စွာဆိုးယုတ်လှသော အဖော်ဖြစ်၏။

[39] ထိုမှတစ်ပါး အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသောကြောင့် ယင်း(ယူကျုံးမရဖြစ်ခြင်း) သည် ယနေ့ အသင်တို့အဖို့ အလျှင်းအကျိုးပေးမည် မဟုတ်ပေ။ဧကန်မလွဲ အသင်တို့သည် (ထိုအဖော်များ ဖြစ်ကြသော"ရှိုင်တွာန်" မိစ္ဆာကောင်တို့နှင့်အတူ) ပြစ်ဒဏ်၌ ဖက်စပ်ပါဝင်သူများပင် ဖြစ်ကြကုန်၏။

[40] သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် နားပင်းသူတို့အား (ဓမ္မဩဝါဒကို)ကြားစေနိုင်ပါသလော။ သို့တည်းမဟုတ် အသင်သည် မျက်စိကန်းသူတို့အား လည်းကောင်း၊ ထင်ရှားလှစွာသော လမ်းမှား၌ရှိနေသူတို့အား လည်းကောင်း၊ တရားလမ်းမှန်ကို ညွှန်ပြနိုင်ပါသလော။

[41] တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား(ဤလောကမှ)ဆောင်ယူသွားတော်မူပါလျှင်လည်း ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စား ချေတော်မူအံ့သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[42] သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူခဲ့သော ပြစ်ဒဏ်ကို အသင်အား (အသင်သည် ဤလောကီဘဝ၌ရှိနေစဉ်) ပြသတော်မူအံ့လည်း မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ (ပြစ်ဒဏ်သက်ရောက်စေခြင်းကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။)

[43] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။

[44] ထိုမှတစ်ပါး မုချဧကန် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် အသင်အဖို့ လည်းကောင်း၊ အသင်၏အမျိုးသားအဖို့ လည်းကောင်း၊ (ထူးကဲမြင့်မြတ်လှစွာသော) ဂုဏ်ကျက်သရေပင် ဖြစ်၏။ ထိုမှတစ်ပါး အသင်တို့အားလုံးသည် မကြာမြင့်မီပင် စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။

[45] ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအလျင် ငါအရှင်မြတ် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်တို့အား "ငါအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်း၍ပေးတော်မူခဲ့ပါသလော" ဟု မေးမြန်းစုံစမ်း၍ ကြည့်ပါလေ။

[46] ၎င်းပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား မိမိသက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့် တကွ"ဖစ်ရ်အောင်န်" ၏ထံသို့လည်းကောင်း၊ "ဖစ်ရ်အောင်န်"၏မှူးမတ်ထံသို့လည်းကောင်း၊ စေလွှတ်တော်မူခဲ့ရာ ထိုမူစာက("ဖစ်ရ်အောင်န်"နှင့်တကွ၎င်း၏ မှူးမတ်တို့အား) ငါသည် စကြဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူသောအရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်သည်ဟု ပြောကြားခဲ့၏။

[47] သို့ရာတွင် ထိုမူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို ယူဆောင်ခဲ့လေသောအခါ ရုတ်တရက် ၎င်းတို့သည် ယင်းသက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကိုမြင်၍ ပြက်ရယ်သောအားဖြင့် ရယ်မောကြကုန်၏။

[48] စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား ပြသတော်မူသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာတိုင်းမှာ ၎င်း၏အလျင်ပြခဲ့သော အခြားတန်ခိုးပြာဋိဟာ ထက်ပိုမိုကြီးကျယ်သော တန်ခိုးပြာဋိဟာသာလျှင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား (သွေဖည်ငြင်းပယ်မှုကိုစွန့်၍)ပြန်လှည့်လာကြအံ့သောငှာ ပြစ်ဒဏ်၌ ဖမ်းဆီးအရေးယူတော်မူခဲ့၏။

[49] ထိုမှတစ်ပါး ၎င်းတို့သည် (မူစာအားဤသို့)ပြောဆိုခဲ့ကြ၏။ အို-စုန်းအတတ်ကို ကျွမ်းကျင်သောဆရာ၊ အသင်သည် ကျွန်ုပ်တို့အဖို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ကတိထားတော်မူခဲ့သည်နှင့်အညီ ဆုတောင်း၍ပေးပါ။ (ယခုသော်) မလွဲဧကန် ကျွန်ုပ်တို့သည် တရားလမ်းမှန်ကို လိုက်နာကြပါတော့မည်။

[50] သို့တစေလည်း ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့မှဖယ်ရှား၍ ပေးတော်မူခဲ့သောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ကတိကို ဖေါက်ဖျက်ကြလေသတည်း။

[51] ၎င်းပြင် ဖစ်ရ်အောင်န်သည် မိမိအမျိုးသားတို့တွင် ကြေညာခဲ့၏။ ၎င်းက (ဤသို့)ပြောဆို(ကြေညာ)ခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့ အီဂျစ်နိုင်ငံကို ငါသာလျှင် စိုးမိုးအုပ်ချုပ်သည်မဟုတ်ပါလော၊ ထိုမှတစ်ပါး ဤသည့် ရေချောင်းတို့မှာ ငါ၏(ဘုံနန်း) အောက်မှ စီးတွေလျက် ရှိကြသည် (မဟုတ်လော)။ သို့ပါလျက် အသင်တို့သည် (ဤသည့် ဘုန်းတန်ခိုးများကို) မမြင်ကြလေသလော။

[52] သို့တည်းမဟုတ် ငါသည် ဤဂုဏ်အသရေသေးသိမ်သူထက် မြင့်မြတ်သည်(ကိုအသင်တို့သည် မမြင်ကြလေသလော)။ ၎င်းပြင် ဤသူသည် ရှင်းလင်းစွာ (စကား)ပြောဆိုနိုင်သည်လည်း မရှိပြီ။

[53] တစ်ဖန် ၎င်း၏(လက်များတွင်)ရွှေလက်ကောက်၊ လက်မောင်းပတ်၊ လက်ကြပ်များ အဘယ်ကြောင့် ဆင်ယင်ပေးခြင်းကို မခံရသနည်း။ သို့တည်းမဟုတ် "မလာအိကဟ်"ကောင်းကင်တမန်များသည် အဘယ်ကြောင့် ၎င်းနှင့်အတူ အစဉ်မပြတ် လိုက်ပါလာခြင်း မရှိကြသနည်း။

[54] ဆိုလိုရင်းမှာ ထိုဖစ်ရ်အောင်န်သည် မိမိ၏အမျိုးသားတို့အား လူ့ဗာလများ ပြုလုပ်ခဲ့ပေရာ ထိုအမျိုးသားတို့မှာ ၎င်းတို့၏စကားကို နာယူခဲ့ကြကုန်၏။ ဧကန်အမှန် ၎င်းတို့သည် စည်းကမ်းကျူးလွန်သော လေလွင့်သောအမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။

[55] ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်အား အမျက်ထွက်စေခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကိုပင် နစ်မြုပ်စေတော်မူခဲ့၏။

[56] ထို့နောက် ငါအရှင်မြတ်သည် ထိုသူတို့အား နောင်လာနောက်သားတို့အဖို့ ဦးစီးရှေ့ဆောင်နှင့် သင်ခန်းစာဖြစ်စေတော်မူခဲ့ပေသတည်း။

[57] ၎င်းပြင် မရ်ယမ်၏သား(နဗီတမန်တော်အီစာ)သည် စံနမူနာအဖြစ် ခိုင်းနှိုင်းတင်ပြခြင်းကို ခံရလေသောအခါ၊ အသင်၏အမျိုးသားတို့မှာ ယင်းဥပမာကြောင့် နှစ်ထောင်းအားရ ရွှင်ပြ ဟစ်အော်ခဲ့ကြကုန်၏။

[58] ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့၏ ကိုးကွယ်ရာများက မြင့်မြတ်လေသလော။ သို့တည်းမဟုတ် ထိုမရ်ယမ်၏သား (အီစာ)က မြင့်မြတ်လေသလောဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ဤသည်ကို အသင့်ရှေ့ဝယ် အငြင်းအခုံပြု၍ တင်ပြခဲ့ခြင်းသာလျှင် ဖြစ်ပေသည်။ စင်စစ်မှာကား ၎င်းတို့သည် အငြင်းအခုံပြုလေ့ရှိသော အမျိုးသားများပင် ဖြစ်ကြကုန်၏။

[59] ထိုမရ်ယမ်၏သား (အီစာ)ကား ကျွန်တစ်ပါးမျှဖြစ်၏။ ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည့်ပြင် ၎င်းအား အီစ်ရာအီလီအမျိုးသားတို့အဖို့ စံနမူနာတစ်ခု ပြုလုပ်တော်မူခဲ့၏။

[60] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အသင်တို့မှ "မလာအိကဟ်"ကောင်းကင်တမန်များကို ဖန်ဆင်းတော်မူခဲ့မည်ဖြစ်ရာ ထိုကောင်းကင်တမန်တို့မှာ ကမ္ဘာမြေဝယ် (အသင်တို့၏) အရိုက်အရာကို ဆက်ခံကြမည်ဖြစ်၏။

[61] ထိုမှတစ်ပါး ဧကန်မလွဲ ထိုမရ်ယမ်၏သား(အီစာ)မှာ "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ လက္ခဏာ၊ စည်းကမ်းချက်၊ သတ်မှတ်ချက် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ရန် အကြောင်းတစ်ရပ်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကိယာမတ်နှင့်စပ်လျဉ်း၍ ယုံမှားသံသယ မဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ငါ၏နောက်သို့ လိုက်ခဲ့ကြလေကုန် ဤသည် ဖြောင့်မတ်သော တရားလမ်းပင် ဖြစ်ပေသည်။

[62] ထိုမှတစ်ပါး "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အား (တရားလမ်းမှ) တားဆီးပိတ်ပင်ခြင်း မပြုစေရ။ဧကန်မလွဲ ၎င်းသည် အသင်တို့၏ ထင်ရှားစွာသော ရန်သူပင်ဖြစ်ပေ၏။

[63] ၎င်းပြင် အီစာသည် ထင်ရှားစွာသောသက်သေ လက္ခဏာများနှင့်တကွ လာခဲ့သောအခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် အသင်တို့ထံ နက်နဲသိမ်မွေ့သော ဉာဏ်ပညာကို ယူဆောင်ခဲ့သည်။ ၎င်းပြင် ငါသည် အသင်တို့ သဘောကွဲလွဲကြသော အချို့အရေးကိစ္စတို့ကို အသင်တို့အား ရှင်းလင်း ဖော်ပြရန်လာခဲ့သည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေကြကုန်၊ ၎င်းပြင် ငါ၏စကားကို လိုက်နာကြလေကုန်။

[64] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်လည်းကောင်း၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်လည်းကောင်း၊ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြ လေကုန်။ဤသည် ဖြောင့်မတ်သော တရားလမ်းပင် ဖြစ်ချေသည်။

[65] သို့ပါလျက် ၎င်းတို့၏အကြားမှ အုပ်စု(ဂိုဏ်းဂဏ)အသီးသီးကွဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မတရား ကျူးလွန်သူများ၌ ပြင်းပြနာကျင်ဖွယ်သောနေ့၏ ပြစ်ဒဏ်ကြောင့် ပျက်စီးခြင်းသည် ရှိပေအံ့သတည်း။

[66] ၎င်းတို့သည် မိမိတို့ထံ "ကိယာမတ်" ရှင်ပြန်ထမည့်အချိန်ကာလ ၎င်းတို့ အမှုမဲ့အမှတ်မဲ့ရှိနေခိုက် ရုတ်တရက် ရှောင်တခင် ရောက်လာရန်ကိုသာလျှင် စောင့်စား၍ နေကြကုန်၏။

[67] ထိုနေ့တွင် "မွတ္တကီ" သူတော်စင်တို့မှတပါး အခြားမိတ်ဆွေရင်းချာတို့မှာ အချို့သည် အချို့၏ ရန်သူများပင် ဖြစ်ကြပေမည်။

[68] (ထိုရောကာလ အလ္လာဟ်အရှင်မြတ်အထံတော်မှ သူတော်စင်တို့နှင့် ပတ်သက်၍ ဤသို့အမိန့်တော် ထုတ်ပြန်တော်မူမည်၊) "အို-ငါအရှင်မြတ်၏ကျွန်တို့ ယနေ့သော်ကား အသင်တို့၌ မည်သည့် စိုးရိမ်မှုမျှမရှိပြီ။ ထိုမှတစ်ပါး အသင်တို့သည် စိတ်သောက ဖြစ်ရန်လည်း မရှိပြီ။

[69] (ထိုသူတို့ကား) အကြင်သူတို့ပင်၊ ၎င်းတို့သည် ငါအရှင်မြတ်၏အာယတ်တော် လက္ခဏာတော်များကို သက်ဝင်ယုံကြည်ခဲ့ကြသည်သာမက ၎င်းတို့သည် "မွတ်စ်လင်မ်" အမိန့်တော်ကို (လက်တွေ့) လိုက်နာသူများလည်း ဖြစ်ခဲ့ကြကုန်၏။

[70] အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ဇနီးကြင်ရာတို့သည်လည်းကောင်း၊ "ဂျန္နတ်"သုခဘုံတွင် ဝင်ရောက်ကြလေကုန်။ (ယင်းသုခဘုံ၌) အသင်တို့ (အားလုံးတို့)သည်ဝမ်းမြောက်စေခြင်း၊ ရိုသေခြင်းကို ခံကြရပေမည်။

[71] ထိုသူတို့၏ရှေ့ဝယ် ရွှေပန်းကန်ပြားများသည်လည်းကောင်း၊ သောက်ရေဖလားများသည်လည်းကောင်း၊လည်ပတ်လျက် ရှိကြပေမည်။ ထိုမှတစ်ပါး ယင်းသုခဘုံ၌ စိတ်အလိုဆန္ဒရှိသမျှတို့သည်လည်းကောင်း၊ မျက်စိအရသာခံစားအံ့သော အကြောင်းအရာတို့သည်လည်းကောင်း၊ ရှိကြပေမည်။၎င်းပြင် အသင်တို့သည် ယင်းသုခဘုံ၌ အမြဲထာဝရ နေထိုင်ကြမည်ပင် ဖြစ်ကုန်၏။

[72] စင်စစ်သော်ကား ဤသည်ပင် အကြင်"ဂျန္နတ်"သုခဘုံဖြစ်၏။ အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များကြောင့် ယင်း"ဂျန္နတ်"သုခဘုံကို အမွေအဖြစ် ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံကြရပြီ။

[73] အသင်တို့အဖို့ ယင်းသုခဘုံ၌ မြောက်မြားစွာသော သစ်သီးဝလံများ ရှိကြပေသည်။ ယင်း သစ်သီးဝလံများမှ အသင်တို့သည် စားသုံးကြလေကုန်။

[74] ဧကန်အမှန် ပြစ်မှုကျူးလွန်သော သူတို့ကား "ဂျဟန္နမ်" ငရဲဘုံ၏ပြစ်ဒဏ်၌ အမြဲထာဝရနေထိုင် (ခံစား)ကြမည့်သူများပင် ဖြစ်ကြကုန်၏။

[75] ယင်းပြစ်ဒဏ်မှာ ၎င်းတို့မှ ပေါ့လျော့စေခြင်း ခံရမည်လည်း မဟုတ်ပေ။ စင်စစ် ၎င်းတို့သည် ယင်းပြစ်ဒဏ်၌ပင် မျှော်လင့်ချက်ကင်းစွာဖြင့် ရှိနေကြရပေမည်။

[76] စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့၏အား မတရားနှိပ်စက်တော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ပင် မတရားသောသူများ ဖြစ်ခဲ့ကြကုန်၏။

[77] ထိုမှတစ်ပါး ၎င်းတို့သည် ("ဂျဟန္နမ်"ငရဲဘုံကို ကွပ်ကဲအုပ်ချုပ်သူအား) အို-‘မာလစ်က်၊ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား အဆုံးစီရင်တော်မူပါစေ’ဟု ဟစ်အော်(ပြောဆို)ကြပေမည်။ (ထိုအခါ)ထို ‘မာလစ်က်’သည်(ဤသို့)ပြောဆို (ဖြေကြား)ပေမည်။ ဧကန်မလွဲ အသင်တို့ကား (ဤအခြေအနေ၌ပင် အမြဲထာဝစဉ်) နေမြဲနေကြရမည့်သူများ ဖြစ်ကြကုန်၏။

[78] ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်မှတစ်ဆင့်) မှန်ကန်သော "ဒီန်"သာသနာတော်ကို အသင်တို့ထံ ပို့ဆောင်တော်မူခဲ့သော်လည်း အသင်တို့အနက် အများစုမှာ မှန်ကန်သော "ဒီန်"သာသနာတော်ကို စက်ဆုပ်သူများပင် ဖြစ်ခဲ့ကြကုန်၏။

[79] ၎င်းတို့သည် အရေးကိစ္စ တစ်စုံတစ်ရာကို စီမံပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြလေသလော။ သို့ဖြစ်လျှင် မလွဲဧကန် ငါအရှင်မြတ်သည်လည်း စီမံပြဋ္ဌာန်းတော်မူမည်ဖြစ်၏။

[80] သို့တည်းမဟုတ် ငါအရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်များကိုလည်းကောင်း၊ ထိုသူတို့၏တီးတိုး ဆွေးနွေးချက်များကိုလည်းကောင်း၊ ကြားတော်မူသည်မဟုတ်ဟု ၎င်းတို့ထင်မှတ်ကြလေသလော။ အမှန်ပင်(ငါအရှင်မြတ်သည် ကြားတော်မူ ၏၊) ထိုမှတစ်ပါး ငါအရှင်မြတ်၏ စေတမန်များသည်လည်း (ထိုသည်တို့ကို)၎င်းတို့ထံ၌ ရေးမှတ်လျက် ရှိကြကုန်သတည်း။

[81] (အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့၊)အကယ်၍ အလ္လာဟ်အရှင်မြတ်၌ သားတစ်ဦးတစ်ယောက် ရှိပါအံ့။ ငါသည် ရှေးဦးပထမ (ထိုသားကို) ဆည်းကပ်ကိုးကွယ်သူဖြစ်အံ့။

[82] မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်၊ "အရ်ရှ်" ပလ္လင်တော်ကိုလည်း ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။(မုရှ်ရစ်က်)တို့ ကြံဖန်(စွပ်စွဲ) ပြောဆိုကြသော စွပ်စွဲချက်တို့မှ(လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူသည်။

[83] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ ချိန်းဆိုခြင်း ခံကြရလေသောနေ့နှင့် တွေ့ဆုံရင်ဆိုင်ကြရသည့်တိုင်အောင် ထိုသူတို့အား အချည်းနှီး အကျိုးမဲ့ဖြစ်သောစကားများ ပြောဆိုလျက်ရှိကြရန် ကစားခုန်စား ပျော်မြူးလျက်ရှိကြရန် စွန့်ထားပါလေ။

[84] အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်၌လည်း ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူသည်။ ကမ္ဘာမြေ၌လည်း ဆည်းကပ်ကိုး ကွယ်ရာအရှင် ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ (အလုံးစုံတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။

[85] ထိုမှတစ်ပါး အကြင်အရှင်မြတ်သည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိသည်။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလကိုလည်း ထိုအရှင်မြတ်ပင် သိမြင်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်သွားကြရမည်။

[86] စင်စစ်မှာကား ထိုအရှင်မြတ်အားစွန့်၍ ၎င်းတို့ ဟစ်ခေါ်တသကြကုန်သောသူတို့၌ ကြားဝင်အသနားခံပေးနိုင်ခွင့် အလျှင်းမရှိချေ။ သို့ရာတွင် တရားကို သိရှိကြ၍ ဝန်ခံကြကုန်သောသူတို့မှာမူကား (ကြားဝင်အသနားခံ ပေးနိုင်ကြပေမည်)။

[87] စင်စစ်သော်ကား (အို-နဗီတမန်တော်)အကယ်၍သာ အသင်သည် ၎င်းတို့အား အသင်တို့ကို မည်သူ ဖန်ဆင်းခဲ့သနည်းဟု စုံစမ်းမေးမြန်းခဲ့ပါလျှင် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင်(ဖန်ဆင်းတော်မူခဲ့သည်)ဟု ဧကန်မလွဲ ပြောဆို(ဖြေကြား)ကြပေမည်။ သို့ပါလျက် ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။

[88] ၎င်းပြင် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဤအမျိုးသားတို့မှာ "အီမာန်"သက်ဝင်ယုံကြည်ခြင်း မရှိကြသော အမျိုးသားတို့ပင် ဖြစ်ကြပါသည်ဟူသော ရစူလ်တမန်တော် လျှောက်ထားချက်ကိုလည်း (ထိုအရှင်မြတ်သည် သိရှိတော်မူသည်)။

[89] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့ဘက်မှ လျစ်လျူရှု၍နေပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား စလာမ် ဆိုပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်သိရှိကြ ကုန်အံ့သတည်း။

မီးခိုးလုံး

Surah 44

[1] ဟာ၊ မီမ်။

[2] (ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားသော(ဤ)ကျမ်း ဂန်ကို သက်သေထူတော်မူ၏။

[3] မုချဧကန် ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ညဉ့်တစ်ညဉ့်တွင် ချပေးသနားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် သတိပေးတော်မူမည့်အရှင် ဖြစ်တော်မူ၏။

[4] ယင်းညဉ့်တွင် နက်နဲသိမ်မွေ့သော အရေးကိစ္စများဟူသမျှတို့သည် အသေးစိတ် သတ်မှတ် အတည် ပြုခြင်းခံကြရလေ၏။

[5] ငါအရှင်မြတ်အထံတော်၌ ပြဋ္ဌာန်းတော်မူခြင်းအားဖြင့် ဧကန်မလွဲ ငါအရှင်မြတ်သည်(အသင့်အား ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[6] အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့် စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[7] မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်ပင်။ အကယ်၍ အသင်တို့သည် ယုံကြည်သောသူများ ဖြစ်ကြသော်။

[8] ထိုအရှင်မြတ်မှတစ်ပါး ခယရိုကျိုးဆည်းကပ် ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ထိုအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ရှေးသူဟောင်းများဖြစ်ကြသော အသင်တို့၏ အဘ ဘိုး ဘေးတို့အား လည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်ပင် ဖြစ်တော်မူပေသတည်း။

[9] စင်စစ်မှာကား ၎င်းတို့သည် ဒွိဟသံသယ၌ ကစားခုန်စားလျက်ပင် ရှိကြကုန်၏။

[10] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိုးကောင်းကင်မှ ထင်ရှားစွာသော အခိုးအငွေ့ ဖြစ်ပေါ်လာမည့် နေ့ကိုသာလျှင် စောင့်စား၍နေပါလေ။

[11] ယင်းအခိုးအငွေ့သည် (ဤ)သူအားလုံးတို့ကို ဖုံးလွှမ်း၍သွားပေမည်။ ဤသည် အလွန်တရာ နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်ပင်ဖြစ်မည်။

[12] (ထိုရောကာလ ၎င်းတို့သည် ဤသို့လျှောက်ထားပေမည်)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်တော်မျိုးမှ ဖယ်ရှား၍ ပေးသနားတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည် ကြပါတော့မည်။

[13] ၎င်းတို့အဖို့ သတိရခြင်းသည် အဘယ်မှာလျှင်ရှိတော့သနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်သည် ထင်ရှားစွာသော(သက်သေ လက္ခဏာများနှင့်တကွ)ဧကန်အမှန် ရောက်ရှိ၍လာခဲ့ချေပြီ။

[14] ထို့နောက်သော်မှပင် ၎င်းတို့သည် ထိုရစူလ်တမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က (ရစူလ်တမန်တော်အား သူတစ်ပါး)သင်ကြား ပို့ချ၍ပေးခြင်းကို ခံရသောသူ(ဟူ၍လည်းကောင်း၊) ရူးသွပ်နေသောသူ(ဟူ၍လည်းကောင်း၊) စွပ်စွဲ ပြောဆိုခဲ့ကြကုန်၏။

[15] ဧကန်အမှန် ငါအရှင်မြတ်သည် အနည်းငယ်မျှ ကာလတိုင်အောင် ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးတော်မူမည်ဖြစ်သည်။ သို့တစေလည်း ဧကန်မလွဲ အသင်တို့သည် (မူလအခြေအနေသို့) ပြန်ပြောင်း၍ လာကြအံ့သော သူတို့ပင် ဖြစ်ကြကုန်၏။

[16] အကြင်နေ့တွင် ငါအရှင်မြတ်သည် အကြီးအကျယ် ဖမ်းဆီးအရေးယူတော်မူအံ့။ မလွဲဧကန်(ထိုနေ့ တွင်)ငါအရှင်မြတ်သည် လက်စားချေတော်မူမည် ဖြစ်ပေသတည်း။

[17] ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား စမ်းသပ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့ထံ မြင့်မြတ်သော ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိ၍လာခဲ့၏။

[18] အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့ကို ငါ့အား အပ်ကြလေကုန်၊ စင်စစ်ဧကန် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်သည်(ဟူ၍လည်းကောင်း)၊

[19] အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ဆိုးသွမ်းသောင်းကျန်းမှုကို မပြုကြကုန်လင့်။ ဧကန်မလွဲ ငါသည် အသင်တို့ထံ ရှင်းလင်းထင်ရှားစွာသော သက်သေအထောက်အထားကို ယူဆောင်ခဲ့သည် (ဟူ၍လည်းကောင်း)၊

[20] (ထိုအခါ ၎င်းတို့သည် ကျောက်ခဲများဖြင့် ပစ်ပေါက်၍သတ်ကြရန် ခြိမ်းခြောက်ရာ ထိုရစူလ် တမန်တော်က ဤသို့ပြောကြားခဲ့၏) ၎င်းပြင် ဧကန်အမှန် ငါသည် အသင်တို့ ငါ့အား ကျောက်ခဲများဖြင့် ပစ်ပေါက်၍ သတ်ကြမည်ကိုစိုး၍ ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကွယ်အကာယူထားပြီး ဖြစ်သည်။

[21] ထို့ပြင် အကယ်၍ အသင်တို့သည် ငါ့အား မယုံကြည်ကြလျှင် ငါနှင့် ခွဲခွာရှောင်ရှား၍ နေကြလေကုန်(ဟူ၍လည်းကောင်း)၊

[22] ထို့နောက် ထိုရစူလ်တမန်တော်(မူစာ)သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အမှန်ဧကန် ဤသူတို့သည် ပြစ်မှုကျူးလွန်ကြကုန်သော အမျိုးသားများ ဖြစ်ကြပါသည်ဟူ၍ လျှောက်ထားပန်ကြားခဲ့လေသည်။

[23] (ထိုအခါ အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။ အို-မူစာ) အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့အား ညဉ့်အချိန်အခါဝယ် ခေါ်ဆောင်သွားပါလေ။ မလွဲဧကန် အသင်တို့သည် မိမိတို့နောက်မှ (ဖစ်ရ်အောင်န်နှင့် ၎င်း၏စစ်တပ်၏)လိုက်လံခြင်း ခံကြရပေမည်။

[24] ၎င်းပြင် အသင်သည် ပင်လယ်ကို ရှိရင်းအတိုင်း ငြိမ်သက်စွာ ထားရစ်ခဲ့ပါလေ။ မုချဧကန် ၎င်းတို့သည် နှစ်မြှုပ်ခြင်းခံကြရအံ့သော စစ်တပ်ပင် ဖြစ်ကြကုန်၏။

[25] ထို(ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသား)တို့သည် မြောက်မြားစွာသော ဥယျာဉ်များကိုလည်းကောင်း၊ စမ်းချောင်းများကိုလည်းကောင်း။

[26] လယ်ယာများကိုလည်းကောင်း၊ ကောင်းမွန်သော နေအိမ်များကိုလည်းကောင်း။

[27] မိမိတို့ မွေ့လျော်စံပျော်လျက် ရှိခဲ့ကြသော စည်းစိမ်ချမ်းသာတို့ကိုလည်းကောင်း၊ စွန့်ထားခဲ့ကြကုန်၏။

[28] (ဤအဖြစ်အပျက်သည်) ဤအတိုင်းပင်ဖြစ်၏။သို့ရာတွင် ငါအရှင်သည် ယင်းစည်းစိမ်ချမ်းသာများကို အခြားသော အမျိုးသားတို့အား အမွေဆက်ခံစေတော်မူခဲ့၏။

[29] သို့တစေလည်း (ယင်းဖစ်ရ်အောင်န်၏အမျိုးသား)တို့နှင့် ပတ်သက်၍ မိုးကောင်းကင်သည်လည်း ငိုကြွေး(ဝမ်းနည်းကြေကွဲ)သည် မရှိခဲ့ပေ။ ပထဝီမြေ သည်လည်း ငိုကြွေး(ဝမ်းနည်း)သည် မရှိခဲ့ချေ။ ထိုမှတစ်ပါး ၎င်းတို့မှာ ရွှေ့ဆိုင်းခွင့်လည်း မရခဲ့ကြပေ။

[30] ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အီစ်ရာအီလီအမျိုးသားတို့အား ကျိုးယုတ်ရှက်ရခြင်း ဖြစ်စေသောပြစ်ဒဏ်မှ လွတ်မြောက်စေခဲ့တော်မူ၏။

[31] ဖစ်ရ်အောင်န်၏ထံမှဖြစ်သော။ မုချစင်စစ်၊ ထိုဖစ်ရ်အောင်န်သည် ဆိုးသွမ်းသောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူ တစ်ဦးပင်ဖြစ်ခဲ့၏။

[32] စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်သည် သိတော်မူလျက် ထိုအီစ်ရာအီလီအမျိုးသားတို့အား ကမ္ဘာသူကမ္ဘာသားတို့ ထက်ဝယ် ရွေးချယ်မြှောက်စားတော်မူခဲ့၏။

[33] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ထင်ရှားစွာသော ကျေးဇူးတော်ပါရှိလေသော သက်သေလက္ခဏာတော်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ ပေသတည်း။

[34] ဧကန်မလွဲ ဤသူတို့သည် အမှန်ပင်(ဤသို့)ပြောဆိုကြကုန်၏။

[35] ထိုသေဆုံးခြင်းဟူသည် ကျွန်ုပ်တို့၏ ပထမ သေဆုံးခြင်းပင်ဖြစ်၏။ ၎င်းပြင် ကျွန်ုပ်တို့သည်(ဒုတိယအကြိမ်)ရှင်ပြန်ထစေခြင်းကို ခံကြရမည် မဟုတ်ပေ။

[36] သို့ဖြစ်ပေရာ(အို-မုစ်လင်မ်အပေါင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် သေဆုံးခဲ့ကြပြီးဖြစ်သော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန် ရှင်စေပြီး) ခေါ်ယူခဲ့ကြလေကုန်။

[37] ထိုသူတို့ကား "တွဗ္ဗအ်"၏အမျိုးသားတို့ထက်လည်းကောင်း၊ ထိုအမျိုးသားတို့အလျင် ရှိခဲ့ကြသော သူတို့ထက်လည်းကောင်း၊ သာ၍ ကောင်းကြလေသလော။ ငါအရှင်မြတ်သည် ထိုသို့သော သူတို့ကိုပင် ၎င်းတို့သည် ပြစ်မှုကိုကျူးလွန်သူများ ဖြစ်ခဲ့ကြသောကြောင့် ဖျက်ဆီးတော်မူခဲ့ပေသည်။

[38] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကစားခုန်စားသောအားဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်ပေ။

[39] (အမှန်စင်စစ်)ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုစလုံးကို နက်နဲသိမ်မွေ့ တိကျမှန်ကန်သော အကြောင်းနှင့်တကွ ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။

[40] ဧကန်အမှန် စီရင်ဆုံးဖြတ်မည့် နေ့သည် ၎င်းတို့အားလုံးအဖို့ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလပင် ဖြစ်၏။

[41] ထိုနေ့တွင် မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်မျှပင်၊ မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်အဖို့မျှ လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[42] သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေးခြင်းကို ခံရပေမည်)။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[43] ဧကန်မလွဲ "ဇက္ကူမ်" ရှားစောင်းကြီးပင်မှာ။

[44] လွန်စွာ ပြစ်မှုကျူးလွန်သူ၏ အစားအစာဖြစ်၏။

[45] ဆီအနည်ကဲ့သို့၊ ကြေးနီ၊ ကြေးဝါ၊ကြောင်းငွေ စသော အရည်ကျိုထားသော တွင်းထွက်သတ္တုကဲ့သို့၊ ဝမ်းဗိုက်များတွင် ကျိုက်ကျိုက်ဆူလျက် ရှိပေမည်။

[46] ရေနွေးပူ ပွက်ပွက်ဆူသကဲ့သို့ပင်။

[47] သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအား ဖမ်းဆီးပြီးလျှင် "ဂျဟန္နမ်" ငရဲဘုံ ဗဟိုအလယ်သို့ တရွတ်တိုက် ဆွဲချကြလေကုန်။

[48] ထို့နောက် အသင်တို့သည် ၎င်း၏ဦးခေါင်း ထက်ဝယ် ပွက်ပွက်ဆူနေသော ရေနွေးပူ၏ပြစ်ဒဏ်ကို သွန်းလောင်းကြလေကုန်။

[49] (ထိုအခါ ၎င်းမှာ ဤသို့ပြောဆိုခြင်းကို ခံရပေမည်။) အသင်သည်(ဤပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းလေ၊ မလွဲဧကန် အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်မြင့်သူဖြစ်ပေသည်။

[50] ဧကန်မလွဲ ဤသည်ကား အသင်တို့ ယုံမှားသံသယဖြစ်လျက် ရှိခဲ့ကြသောအရာပင် ဖြစ်ချေသတည်း။

[51] ဧကန်အမှန် "မွတ္တကီ" သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြပေမည်။

[52] ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း။

[53] ၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။

[54] (ဤဖြစ်ရပ်မှာ) ဤအတိုင်းဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ဖြူ၍လှပတင့်တယ်သော၊ မျက်စိပြူး၍လှပသော၊ မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူပေမည်။

[55] ၎င်းတို့သည် ယင်းဥယျာဉ်များ၌ အလုံးစုံသော သစ်သီးဝလံတို့ကို အေးချမ်းစွာ မှာယူကြပေမည်။

[56] ၎င်းတို့သည် ပထမအကြိမ် သေဆုံးခဲ့ကြသည် မှတစ်ပါး ယင်းဥယျာဉ်များတွင် "မရဏ" သေခြင်းတရား၏ရသာကို မြည်းစမ်းကြရမည် မဟုတ်ပြီ၊ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် "ဂျဟန္နမ်" ငရဲဘုံ၏ ပြစ်ဒဏ်မှ(လည်း)လွတ်ကင်းစေတော် မူပေမည်။

[57] (ဤသည်တို့ကား) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်ပေမည်။ ဤသည်ပင်လျှင် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

[58] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်ကို ၎င်းတို့ တရားရယူကြအံ့သောငှာ အသင်၏ဘာသာစကားဖြင့်ပင် လွယ်ကူစေတော်မူခဲ့၏။

[59] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်လည်း စောင့်စား၍နေပါလေ။ ၎င်းတို့သည်လည်း စောင့်စား၍နေကြသူများပင် ဖြစ်ကြကုန်သတည်း။

ဒူးထောက်ခြင်း

Surah 45

[1] ဟာ၊ မီမ်။

[2] (ဤသည်) အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ နက်နဲသိမ်မွေ့သော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသောကျမ်းဂန်ပင်။

[3] ဧကန်စင်စစ် မိုးကောင်းကင်များ၌လည်းကောင်း၊ပထဝီမြေ၌လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိကုန်၏။

[4] ထို့ပြင် အသင်တို့အား ဖန်ဆင်းခြင်း၌လည်းကောင်း၊ ထိုအရှင်မြတ် ပျံ့နှံ့စေတော်မူသော တိရစ္ဆာန်တို့ကို ဖန်ဆင်းခြင်း၌လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့အဖို့ သက်သေလက္ခဏာများသည် ရှိကုန်၏။

[5] ထိုမှတစ်ပါး ညဉ့်နှင့်နေ့တို့ကို ပြောင်းလဲခြင်း၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်မှ (မိုးရေကိုရွာသွန်းစေတော်မူ၍) စားနပ်ရိက္ခာကို ချပေးတော်မူခြင်း၊တဖန် ယင်းမိုးရေဖြင့် ပထဝီမြေကိုသွေ့ခြောက် သေလွန်ပြီးနောက် ရှင်ပြန်(စိမ်းလန်း)စေတော်မူခြင်း၌လည်းကောင်း၊ လေများကို (ဒိသာအရာခပ်သိမ်းသို့) ပြောင်းလဲတိုက်ခတ်စေခြင်း၌ လည်းကောင်း၊ သိနားလည်ကြသောသူတို့အဖို့ သက်သေလက္ခဏာများသည် ရှိကြကုန်သတည်း။

[6] ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များပင် ငါအရှင်သည် ယင်း သက်သေလက္ခဏာတော်များကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားပြတော်မူ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်(မှတစ်ပါး ထိုအရှင်မြတ်)၏ သက်သေလက္ခဏာတော်များ မှတစ်ပါး မည်သည့်စကားကို ယုံကြည်ကြအံ့နည်း။

[7] အကြင် လွန်စွာမုသားပြောဆိုသူ၊ လွန်စွာပြစ်မှုကျူးလွန်သူတိုင်း၌ အကြီးအကျယ် ပျက်စီးခြင်းသည် ရှိပေမည်။

[8] ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင် (မိမိ၏ဝါဒလမ်းစဉ်ပေါ်၌သာလျှင်) မာန်မာန ထောင်လွှားကာ ဆက်လက်တင်းမာ၍သာ နေလေ၏။ သို့ဖြစ်ပေရာ(အို-နဗီ တမန်တော်) အသင်သည် ၎င်းအား အလွန်တရာနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

[9] ၎င်းပြင် ထိုသူသည် ငါအရှင်မြတ်၏ အာယတ်တော်များအနက် အာယတ်တော် တစ်စုံတစ်ရာကို သိရှိခဲ့သောအခါ ၎င်းသည် ယင်းအာယတ်တော်ကိုပင် ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်လေ့ရှိ၏။ ထိုကဲ့သို့သောသူတို့၌ ကျိုးယုတ်ရှက်ရဖြစ်စေသော ပြစ်ဒဏ်သည် ရှိချေမည်။

[10] ၎င်း၏ရှေ့မှောက်ဝယ် "ဂျဟန္နမ်"ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် ထိုသူတို့ ရှာဖွေဆည်းပူးခဲ့သမျှ တို့သည်လည်းကောင်း၊ ထိုသူတို့က အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟူ၍ ပြုလုပ်သတ်မှတ်ထားသူတို့သည် လည်းကောင်း၊ ထိုသူအဖို့ အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိပေမည်။

[11] (ဤကုရ်အာန်ကျမ်းတော်မြတ်)သည် တရားလမ်းညွှန်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များကို ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်သော ပြစ်ဒဏ်အနက်မှ အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။

[12] အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် လှုပ်ရှားသွားလာအံ့သောငှာ လည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ဆည်းပူးရှာဖွေကြအံ့သော ငှာလည်းကောင်း၊အသင်တို့သည် ကျေးဇူးတင်ကြအံ့သော ငှာလည်းကောင်း၊အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။

[13] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။

[14] (အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ပြုလုပ်တော်မူအံ့သော ကိစ္စများကို ယုံကြည်(စိုးရိမ်)ခြင်း မရှိကြသောသူတို့အား ခွင့်လွှတ်ကြရန် ပြောကြားပါလေ။ ထိုမှသာလျှင် ထိုအရှင်မြတ်သည် လူမျိုးတစ်မျိုးအား ၎င်းတို့ ရှာဖွေဆည်း ပူးခဲ့ကြသည် များနှင့်စပ်လျဉ်း၍ အစားပေးတော်မူအံ့။

[15] မည်သူမဆို ကောင်းမှုပြုခဲ့လျှင် ၎င်း၏အကျိုးငှာဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုပြုခဲ့သော် ၎င်း၏အပေါ်၌သာ သက်ရောက်ပေမည်။ ထို့နောက် အသင်တို့အားလုံးတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်သွားကြရမည်။

[16] ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ စီရင်ဆုံးဖြတ်မှုကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ် ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား သန့်ပြန့်စင်ကြယ်သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အား ငါအရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသားတို့ထက် ထူးကဲစေတော်မူခဲ့၏။

[17] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားသာသနာ့အရေးနှင့်စပ်လျဉ်း၍ ထင်ရှားစွာသော သက်သေသာဓကများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ပါလျက်၎င်းတို့သည် မိမိတို့ထံ အသိပညာ ရောက်လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း တုပြိုင်သောအားဖြင့် ကွဲလွဲခဲ့ကြကုန်၏။ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့ ကွဲပြားလျက်ရှိခဲ့ကြသော အရေးကိစ္စနှင့်စပ်လျဉ်း ၍ စီရင်ဆုံးဖြတ်တော်မူပေမည်။

[18] ထို့နောက် (အို-နဗီတမန်တော်) ထိုအရှင်မြတ်သည် အသင့်အား သာသနာ့အရေးနှင့်စပ်လျဉ်း၍ အထူးလမ်းစဉ်တစ်ရပ်ပေါ်၌ ရပ်တည်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ထိုလမ်းစဉ်ကိုသာ လိုက်ပါလေ။ အသင်သည် အသိပညာကင်းမဲ့သောသူတို့၏ အလိုဆန္ဒများကို မလိုက်ပါလေနှင့်။

[19] ဧကန်စင်စစ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် နှင့်ဆန့်ကျင်၍ အနည်းငယ်မျှပင် အသင့်အဖို့ အလျှင်းအသုံးဝင်ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်အမှန် မတရားသောသူတို့သည် ၎င်းတို့အနက် အချို့မှာအချို့၏ အဆွေခင်ပွန်းများပင်ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်မူကား "မွတ္တကီ" သူတော်စင်တို့၏ အဆွေခင်ပွန်း ဖြစ်တော်မူ၏။

[20] ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် လူတို့အဖို့ထင်ရှားစွာသော သက်သေသာဓကများလည်း ဖြစ်သည်။ ယုံကြည်သောသူတို့အဖို့ တရားလမ်းညွှန်လည်း ဖြစ်သည်၊ ကရုဏာတော်လည်း မည်သည်။

[21] မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။

[22] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။

[23] (အို-နဗီတမန်တော်) မိမိစိတ်အလိုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။

[24] ထို့ပြင် ၎င်းတို့က အသက်ရှင်ခြင်းဟူသည် (ဤ)လောကီဘဝ၌ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းမှ တစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့သည် (တစ်ကြိမ်တစ်ခါသာလျှင်) အသက်သေဆုံးကြ၍ (တစ်ကြိမ်တစ်ခါသာလျှင်) အသက်ရှင်ကြကုန်၏။စင်စစ် ကျွန်ုပ်တို့အား ခေတ်ကာလသည်သာလျှင် ပျက်စီးစေ၏။ အမှန်စင်စစ်မှာမူကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာမျှပင် မရှိချေ။ ၎င်းတို့သည် ရမ်းဆ(ပြောဆို) နေကြသည်သာ ဖြစ်သည်။

[25] ထိုမှတစ်ပါး ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်း ခံရလေသောအခါ ၎င်းတို့က "အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(သေဆုံးလေပြီးသော) အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန်ရှင်ပြန်ထစေပြီး) ခေါ်ယူခဲ့ကြလေကုန်" ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဆင်ခြေတက်နိုင်ကြသည် မရှိပေ။

[26] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဒွိဟသံသယ အလျဉ်းမရှိသော "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် စုရုံးတော်မူပေမည်။ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား သိရှိကြသည် မဟုတ်ပေ။

[27] ၎င်းပြင် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလ ဆိုက်ရောက်လာမည့်နေ့တွင်မူ အမှားကိုလိုက်စားကြ ကုန်သောသူတို့မှာ ပျက်စီးဆုံးရှုံးကြပေမည်။

[28] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်("ကိယာမတ်"နေ့တွင်)သာသနာဝင် အုပ်စုတိုင်းအား ဒူးထောက်လျက်ရှိကြမည်ကို တွေ့မြင်ရပေမည်။ သာသနာဝင်အုပ်စုတိုင်းမှ ၎င်းတို့၏မှတ်တမ်းစာအုပ် (ရှိရာ)သို့ ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ "ယနေ့သော်ကား အသင်တို့သည် မိမိတို့၏ ကျင့်မူချက်များနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်"။

[29] ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်။ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ပြောပြနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူခဲ့ကြသည်ကို ရေးမှတ်စေလျက် ရှိတော်မူခဲ့ပေသတည်း။

[30] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်၍ ကောင်းမှုများကို ကျင့်မူကြကုန်သောသူတို့အား ၎င်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် မိမိကရုဏာတော်တွင်းသို့ ဝင်ရောက်စေတော်မူပေသည်။ ဤသည်ပင်လျှင် ထင်ရှားစွာသော အောင်မြင်မှု ဖြစ်ပေသည်။

[31] သို့ရာတွင် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူကား (ဤသို့ပြောဆိုခြင်းကိုခံကြရပေမည်)။ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းခံခဲ့ရသည် မဟုတ်လော။ သို့တစေလည်း အသင်တို့သည် မာနထောင်လွှားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ (တစ်နည်း) အမှန်သော်ကား အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။

[32] ထို့ပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ချိန်းဆိုချက်သည် မှန်ကန်သည် ဟူ၍လည်းကောင်း၊ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ မည်သည့် ဒွိဟသံသယမျှပင် မရှိပြီဟူ၍လည်းကောင်း၊ ပြောဆိုခြင်းခံခဲ့ရလေသောအခါ အသင်တို့က "ရှင်ပြန်ထမည့် အချိန်ကာလသည် အဘယ်နည်းဟူ၍ ကျွန်ုတို့သည် မသိကြပြီ။ ကျွန်ုပ်တို့၌ (ယင်းရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍) ရမ်းဆတွေးထင်ခဲ့သော ထင်မြင်ယူဆချက် တစ်ခုသာလျှင်ရှိပေ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ယုံကြည်သူများမဟုတ်ပေ" ဟု ပြောဆိုခဲ့ကြသည်။

[33] ၎င်းပြင် (ထိုနေ့တွင်) ၎င်းတို့ရှေ့ဝယ် ၎င်းတို့ပြုမူခဲ့ကြကုန်သော မကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ပေါ်လွင်၍လာခဲ့ပေမည်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်ခဲ့ကြသော အရာများသည်လည်း ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိပေမည်။

[34] ထိုမှတစ်ပါး (၎င်းတို့သည် ဤသို့)ပြောဆို ခြင်းခံရပေမည်။ အသင်တို့သည် မိမိတို့၏ ဤနေ့ နှင့်တွေ့ဆုံခြင်းကို မေ့လျော့ခဲ့ကြသည့်နည်းတူ ငါအရှင်မြတ်သည်လည်း ယနေ့အသင်တို့အား မေ့လျော့တော်မူမည်။ ထို့ပြင် အသင်တို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့၌ ကူညီစောင်မအံ့သော သူများဟူ၍လည်း မရှိတော့ပြီ။

[35] ထိုသို့ဖြစ်ရခြင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များကို ပြက်ရယ်ပြောင်လှောင်ဖွယ်များ ပြုလုပ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လောကီဘဝသည် အသင်တို့အား ဖြားယောင်းခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပါသည်။ သို့ဖြစ်ပေရာ ယနေ့သော်ကား ၎င်းတို့သည် ယင်းငရဲမီးမှ ထွက်စေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ (အလ္လာဟ်အရှင်မြတ်အား) နှစ်သက်စေကြရန် တောင်းဆိုခြင်း ကိုလည်းခံကြရမည် မဟုတ်ချေ။

[36] စင်စစ်မှာကား ချီးမွမ်းထောပနာအပေါင်းတို့သည် မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသော အရှင်၊ကမ္ဘာမြေကို ဖန်ဆင်းတော်မူသောအရှင်၊ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်နှင့်သာလျှင် ဆက်စပ်ပေသည်။

[37] ထိုမှတစ်ပါး မိုးကောင်းကင်များ၌လည်းကောင်း၊ ကမ္ဘာမြေ၌လည်းကောင်း၊ ထူးကဲကြီးမြတ်ခြင်းသည် ထိုအရှင်မြတ်၌သာရှိပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားဖြင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသည်။

သဲသောင်ခုံများ

Surah 46

[1] ဟာ၊ မီမ်။

[2] (ဤသည်) လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ပင်ဖြစ်၏။

[3] ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့်ကမ္ဘာမြေ နှစ်ခု၏အကြားတွင် ရှိသမျှတို့ကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခု သတ်မှတ်ပိုင်းခြား၍ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း သွေဖည်ငြင်းပယ်သော သူတို့မှာမူ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များမှ မျက်နှာလွှဲလျက်ပင် ရှိကြကုန်၏။

[4] (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။

[5] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် အပြင်အခြားသူများကို ဟစ်ခေါ်သောသူထက် ပို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။ ၎င်းတို့သည် ထိုသူ၏ စကားကို ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖြေကြားကြမည် မဟုတ်သည်သာမက ၎င်းတို့မှာ ဤသူတို့၏ ဟစ်ခေါ်ခြင်းကိုပင် သိကြရှာသူများမဟုတ်ပြီ။

[6] ထိုမှတစ်ပါး လူတို့သည် စုရုံးခြင်းခံကြရသောအခါ ၎င်းတို့မှာ ထိုသူတို့၏ ရန်သူများပင် ဖြစ်သွားကြပေမည်။ထိုမှတပါး ၎င်းတို့သည် ထိုသူတို့၏ ဆည်းကပ် ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။

[7] ထို့ပြင် ၎င်းတို့၏ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်းခံရလေသောအခါ သွေဖည်ငြင်းပယ်သောသူတို့က အမှန်တရားတည်းဟူသော (ကုရ်အာန်ကျမ်းတော်)နှင့်စပ်လျဉ်း၍ ယင်းအမှန်တရားသည် ၎င်းတို့ထံ ရောက်လာသောအခါ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာ ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။

[8] ၎င်းတို့က ဤသူ(မုဟမ္မဒ်)သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား လုံးဝကယ်နိုင်ကြသည် မရှိချေ။ ယင်းကုရ်အာန်ကျမ်းတော်မြတ် နှင့်စပ်လျဉ်း၍ အသင်တို့ပြောဆိုလျက် ရှိကြသည်တို့ကို ထိုအရှင်မြတ်သည် အသိဆုံးပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်သည်ပင် အသင်တို့နှင့် ငါ၏အကြားဝယ် လုံလောက်သောသက်သေဖြစ်တော်မူ၏။ သက်သေအဖြစ် လုံလောက်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[9] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် ရစူလ်တမန်တော်တို့အနက် အသစ်အဆန်းမဟုတ်ပြီ။ ထို့ပြင် ငါသည် မိမိနှင့်ပတ်သက်၍ လည်းကောင်း၊ အသင်တို့နှင့်ပတ်သက်၍လည်းကောင်း၊ မည်သို့ ပြုလုပ်ခြင်းခံရမည်ကို သိရှိသည်မဟုတ်ပြီ။ ငါသည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ‘ဝဟ်ယ်’ အမိန့်တော်ကိုသာလျှင် လိုက်နာ၏။ ထိုမှတစ်ပါး ငါသည် ရှင်းလင်းထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး မှအပ အခြားမဟုတ်ပြီ။

[10] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန်သော) ကျမ်းဂန်ဖြစ်အံ့။သို့ရာတွင် အသင်တို့သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်လျက်ရှိအံ့။ (သို့ဖြစ်လျှင် အသင်တို့၏ အခြေအနေသည် မည်သို့ဖြစ်အံ့နည်း။) အမှန်စင်စစ်သော်ကား ယင်း ကုရ်အာန်ကျမ်းတော် ကဲ့သို့သောကျမ်းဂန်(တောင်ရာတ်)ကို အီစ်ရာအီလီအမျိုးသားတို့အနက် သက်သေတစ်ဦးသည် သက်သေခံခဲ့ပြီးနောက် သက်ဝင်ယုံကြည် ခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့မှာမူကား (သက်ဝင်ယုံကြည်ကြသည်မရှိ)မောက်မာ၍သာ နေခဲ့ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

[11] စင်စစ်သော်ကား သွေဖည်ငြင်းပယ်သောသူတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့နှင့် ပတ်သက်၍(ဤသို့)ပြောဆိုကြကုန်၏။ အကယ်၍ ထိုကုရ်အာန်သည်ကောင်းမြတ်သော အရာတစ်စုံတစ်ခုဖြစ်ခဲ့မူ ထို ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့မှာ ငါတို့ထက်ဦးစွာ ယင်းကုရ်အာန်ကို သက်ဝင်ယုံကြည် နိုင်ကြမည်မဟုတ်ပေ။ တစ်ဖန် ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ ၎င်းတို့က ဤသည် ရှေးဟောင်းမုသားပင် ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။

[12] အမှန်စင်စစ်မှာမူကား ဤကုရ်အာန်ကျမ်းတော်မြတ်အလျင် မူစာ၏ကျမ်းဂန် (တောင်ရာတ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်လည်းကောင်း၊ ကရုဏာအဖြစ် လည်းကောင်း၊ရှိခဲ့၏။ ထို့ပြင် ဤကျမ်းဂန်မှာ(ယင်းတောင်ရာတ်ကျမ်းကို)ထောက်ခံသော ကျမ်းဂန်ဖြစ်၏။ မတရားကျူးလွန်သော (မက္ကာမြို့သား)တို့အား သတိပေးနှိုးဆော်ရန် အရဗီဘာသာစကားဖြင့် ထုတ်ပြန်ထား၏။ ၎င်းပြင် ကောင်းမှုပြုသူတို့အဖို့ သတင်းကောင်းလည်းဖြစ်၏။

[13] ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။

[14] ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။

[15] စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။

[16] ထိုသူတို့သည်ပင် အကြင်သူများ ဖြစ်ကြကုန်၏။ငါအရှင်မြတ်သည် ၎င်းတို့ထံမှ ၎င်းတို့၏ ကောင်းမြတ်လှသော ကျင့်မူချက်များကို သဘောတူ လက်ခံတော်မူပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို(အရေးမယူ)လျစ်လျူရှုတော်မူပေမည်။ (၎င်းတို့မှာ) ‘ဂျန္နတ်’ သုခဘုံသားတို့တွင် အပါအဝင် ဖြစ်ကြပေမည်။ (ဤသည်)၎င်းတို့ ကတိပေးခြင်းခံခဲ့ကြရသော မှန်ကန်သော ကတိပြုချက်ပင် ဖြစ်ချေသတည်း။

[17] ၎င်းပြင် အကြင်သူသည် မိမိ၏ မိဘနှစ်ပါးအား(ဤသို့)ပြောဆိုခဲ့၏။ "အသင်တို့နှစ်ဦးအဖို့ ရှက်ဖွယ်ပင် ကောင်းလှ၏။ အသင်တို့နှစ်ဦးသည် ကျွန်ုပ်အား (သင်္ချိုင်းထဲမှ) ကျွန်ုပ် ပြန်ထွက်စေခြင်းကိုခံရမည်ဟု ခြိမ်းခြောက်ကြလေသလော။ အမှန်စင်စစ်မှာမူကား၊ ကျွန်ုပ်၏အလျင်(မြောက်မြားစွာသော)လူမျိုးဆက်တို့သည် လွန်လေခဲ့လေပြီ။ သို့တစေလည်း ထိုမိဘနှစ်ပါးတို့မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ ဟစ်အော်ငိုကြွေး အကူအညီတောင်းခံလျက်ရှိကြကုန်၏။ (တစ်ဖန် ထိုသို့သောသားသမီးအား ဤသို့ပြောဆိုကြလေ၏။) အသင်သည် ပျက်စီးရလေခြင်း၊ အသင်သည် သက်ဝင်ယုံကြည်ပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ ချိန်းချက်မှုကား မှန်ကန်သောချိန်းချက်မှုပင် ဖြစ်ပေ၏။ ထိုအခါ ၎င်းက "ဤသည် ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများသာလျှင် ဖြစ်သည်"ဟု ဆိုပြန်လေ၏။

[18] ထိုသူတို့ကား အကြင်သူတို့ပင်၊ ဂျင်န်အမျိုးသားတို့ အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ လွန်လေပြီးဖြစ်သော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့်ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှာ အမှန်ဖြစ်ခဲ့လေပြီ။ ဧကန်မလွဲ ၎င်းတို့မှာ ဆုံးရှုံးသူများပင် ဖြစ်ကြကုန်၏။

[19] စင်စစ်သော်ကား (မုအ်မင်န်၊ကာဖိရ်) အသီးသီးတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော အကျင့်အမူများအလိုက် အဆင့်အတန်းများ ရှိကြလေ၏။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်သည် ဤသို့အကျိုးပေးတော်မူခဲ့ခြင်းမှာ)ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ အကျင့်အမူများ၏အစားကို အပြည့်အစုံပေးတော်မူအံ့သောငှာ ဖြစ်ပေသည်။ သို့ရာတွင် ၎င်းတို့မှာ(မည်သို့မျှ) မတရားပြုမူခြင်းကို ခံကြရမည် မဟုတ်ပေ။

[20] ၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။

[21] ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင် ထိုနောင်တော် အလျင်လည်းကောင်း၊ ထိုနောင်တော် နောက်တွင်လည်းကောင်း၊ သတိပေးနှိုးဆော်သူများသည် လွန်လေခဲ့ပြီး ဖြစ်ကြကုန်၏။ (ထိုနောင်တော်က)အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်ဟူ၍(သတိပေးနှိုးဆော်ခဲ့၏၊)

[22] ၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။

[23] ထိုနောင်တော်က(ဤသို့)ပြောကြားခဲ့လေ၏။(အပြစ်ဒဏ်နှင့် စပ်လျဉ်း၍ တိကျသော) အသိပညာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ သာရှိ၏။ စင်စစ်သော်ကား ငါသည် အသင်တို့ထံ အကြင်အမိန့်တော်များကိုသာ ပို့ဆောင်၏။ငါသည် ယင်းအမိန့်တော်များနှင့်တကွ စေလွှတ်ခြင်းခံခဲ့ရလေ၏။ သို့ရာတွင် ငါသည် အသင်တို့အား အသိပညာကင်းမဲ့သော အမျိုးသားများအဖြစ် တွေ့မြင်ရပေသည်။

[24] ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသွန်းအံ့သော မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ယင်းသည် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသော(ပြစ်ဒဏ်ပင်)ဖြစ်၏။ (ယင်းသည်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်၏။ ယင်း လေပြင်းမုန်တိုင်း၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိပေသည်။

[25] ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။

[26] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော ဆောင်ရွက်နိုင်ရန် စွမ်းရည်သတ္တိကိုပင် ၎င်းတို့အား ပေးတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကိုလည်း ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ထိုသူတို့၏ နားများသည် ထိုသူတို့အဖို့ လုံးဝအသုံးဝင်ခဲ့သည် မဟုတ်ပေ။ထိုနည်းတူစွာ ထိုသူတို့၏ မျက်စိများလည်း အသုံးမဝင်ခဲ့ပေ။ထိုသူတို့၏ စိတ်နှလုံးများလည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့်ပင်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်လျက် ရှိခဲ့ကြသော ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။

[27] ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။

[28] ထို့နောက် ၎င်းတို့ အလ္လာဟ်အရှင်မြတ်အား စွန့်၍ (မိမိတို့)ချဉ်းကပ်ရန်အလို့ငှာ ကိုးကွယ်ရာများအဖြစ် သတ်မှတ်ခဲ့ကြသော ဘုရားများသည် ၎င်းတို့အား အဘယ်ကြောင့် မကူညီခဲ့ကြသနည်း။ စင်စစ်မှာကား ယင်းကိုးကွယ်ရာများသည် ၎င်းတို့ထံမှ ပျောက်ကွယ်၍ သွားခဲ့ကြကုန်၏။ အမှန်စင်စစ် ဤသည် ထိုသူတို့၏ လီဆယ်မှုနှင့် ထိုသူတို့ ကြံစည်ဖန်တီးခဲ့သောအရာပင် ဖြစ်ပေသတည်း။

[29] (အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။

[30] ၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော ကျမ်းဂန်တို့ကို ထောက်ခံလျက်ရှိ၏။ အမှန်တရားကိုလည်းကောင်း၊ ဖြောင့်မတ်သောတရားလမ်းကိုလည်းကောင်း၊ ညွှန်ပြ၏။

[31] အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူအား သက်ဝင်ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ် စောင့်ရှောက်တော်မူပေမည်။

[32] သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံခြင်းမပြုခဲ့မူ ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်သူမဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် ထိုသူ၌ ကာကွယ်စောင့်ရှောက်အံ့သော သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပြီ။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ ပင်ရှိနေကြကုန်သတည်း။

[33] မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သည်သာမက ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့ကို ဖန်ဆင်းတော်မူသောကြောင့် ညောင်းညာမောပန်းတော်မူခြင်း မရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူသေတို့အား ရှင်စေခြင်းကို စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း၊ ၎င်းတို့သည် မစဉ်းစား မဆင်ခြင် မတွေ့မမြင်ခဲ့ကြလေသလော။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[34] ၎င်းပြင် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည် ငရဲမီး၏ရှေ့သို့ ယူဆောင်လာခြင်းကို ခံကြရသောအခါ ဤသည် အဟုတ်အမှန်ပင် မဟုတ်ပါလော (ဟုမေးမြန်းခြင်းကို ခံကြရပေမည်။) ထိုအခါ ၎င်းတို့က ‘ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကဆမ် ဟုတ်ပါ သည်’ ဟု လျှောက်ထားကြပေမည်။ ထိုအရှင်မြတ်က’သို့ဖြစ်လျှင် အသင်တို့သည် မိမိတို့ သွေဖည်ငြင်း ပယ်ခဲ့ကြသောကြောင့် ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်’ ဟုမိန့်ကြားတော်မူပေမည်။

[35] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် စိတ်ဓာတ်ခိုင်မာသော (ဇွဲသတ္တိရှိကြသော) ရစူလ်တမန်တော်များနည်းတူ ခန္တီတရားထားရှိပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလျင်စလို မပြုပါလေနှင့်။ ၎င်းတို့သည် မိမိတို့ ချိန်းချက်ခြင်း ခံကြရလေသော ပြစ်ဒဏ်ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှာ (လောကီဘဝ၌) နေ့အချိန်၏ တစ်နာရီခန့်မျှ အချိန်ထက်ပိုမို၍ နေထိုင်ခဲ့ကြသည် မဟုတ်ဘိသကဲ့သို့ပင် (ထင်မှတ်ကြပေမည်။) (ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အသင်တို့ထံ အမိန့်တော်များ) ပို့ဆောင်ခြင်းပင်။သို့ဖြစ်ပေရာ သွေဖည်သောသူတို့သည်သာလျှင် ဖျက်ဆီးခြင်းကို ခံကြရကုန်အံ့သတည်း။

မုဟမ္မဒ်

Surah 47

[1] အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ ထိုအရှင် မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူမည်။

[2] သို့ရာတွင် အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြ၏။ ကောင်းမှုများကို ကျင့်မူဆောက်တည်ခဲ့ကြ၏။ (နဗီတမန်တော်)မုဟမ္မဒ်၏အပေါ်၌ ချပေးတော်မူခြင်း ခံခဲ့ရသည့်အရာကို စင်စစ် ထိုအရာသည် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ချပေးခြင်းခံရသော)အမှန်တရားပင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုအရှင်မြတ်သည် ၎င်းတို့၏မကောင်းမှုများကို ၎င်းတို့မှ ပပျောက်စေတော်မူမည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်ပေးတော်မူပေမည်။

[3] ဤသို့ဖြစ်ရခြင်းမှာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အမှားကို လိုက်နာခဲ့ကြသောကြောင့် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှာ အမှန်တရားကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် လူတို့၏အကျိုးငှာ ၎င်းတို့၏ အခြေအနေများကို ခိုင်းနှိုင်း မိန့်ကြားထားတော်မူပေသတည်း။

[4] ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။

[5] ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်၍ ပေးတော်မူပေမည်။

[6] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အား’ဂျန္နတ်’သုခဘုံသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုအရှင်မြတ်သည် ယင်း ‘ဂျန္နတ်’သုခဘုံကို ၎င်းတို့အား(ကောင်းစွာ) သိထားစေတော်မူမည်ဖြစ်၏။

[7] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏သာသနာကိုလည်းကောင်း ထိုအရှင်မြတ်၏ ရစူလ်တမန်တော်)အား(လည်းကောင်း၊) ကူညီကြလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ကူညီတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏ခြေများကို(စစ်မက်တိုက်ခိုက်ရာ၌) မြဲမြံကြံ့ခိုင်စေတော်မူပေမည်။

[8] ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့၌မူ ပျက်စီးခြင်းသာလျှင် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကိုလည်း ထိုအရှင်မြတ်သည် အချည်းနှီး ဖြစ်စေတော်မူပေမည်။

[9] ဤသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူသော (အမိန့်ပညတ်တို့)ကို ၎င်းတို့ စက်ဆုပ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့ပေသတည်း။

[10] ၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မြင်ကြပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေးသူဟောင်းတို့အား ဖျက်ဆီးတော်မူခဲ့၏။ စင်စစ်သော်ကား (ဤ)’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့၌(လည်း)ယင်းကဲ့သို့သော အဖြစ်အပျက်များပင် ဖြစ်ပေါ်အံ့သတည်း။

[11] ယင်းသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် လည်းကောင်း၊ 'ကာဖိရ်' သွေဖည်ငြင်းပယ်သောသူတို့၌ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင်ဟူ၍ အလျှင်း မရှိသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။

[12] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏ အောက်၌ ရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့မှာကား ခြေလေးချောင်းတိရစ္ဆာန်တို့စား(သောက်)ကြသကဲ့သို့ပင်(လောကီဘဝ၌သာလျှင်) စည်းစိမ်ခံခြင်း ကိုလည်းကောင်း၊ စား(သောက်၊ နေထိုင်)ခြင်းကို လည်းကောင်း၊ ပြုလုပ်၍နေကြကုန်၏။ စင်စစ်မှာမူကား (ငရဲ)မီးသာလျှင် ၎င်းတို့၏ နေရာထိုင်ခင်း (အစစ်အမှန်) ဖြစ်ပေသည်။

[13] စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများမှာ၊ ခွန်အားဗလအားဖြင့် အသင့်အား နှင်ထုတ်ခဲ့သော အသင်၏မြို့ရွာထက်ပိုမို (ကြီးမား) ပြင်းထန်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့အား ကူညီစောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေတကား။

[14] သို့ဖြစ်ပေရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာပေါ်၌ ရပ်တည်လျက်ရှိကြသော သူတို့သည် အကြင်သူတို့ကဲ့သို့ ဖြစ်ကြပါမည်လော။ ထိုသူတို့၏ မကောင်းမှုများမှာ ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်နာခဲ့ကြကုန်၏။

[15] ‘မွတ္တကီ’ သူတော်စင်များ ကတိပေးခြင်းကို ခံကြရသော ‘ဂျန္နတ်’ သုခဘုံ၏အခြေအနေမှာ(ဤသို့ဖြစ်၏။) ယင်း’ဂျန္နတ်’ သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်လည်းကောင်း၊ အရသာပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့အရသာကောင်းသော အရက်ချောင်းများသည်လည်းကောင်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့အဖို့ယင်း’ဂျန္နတ်’သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ ထိုသူတို့သည်)အကြင်သူတို့ကဲ့သို့ (ဖြစ်နိုင်ကြပါမည်လော။) ထိုသူတို့သည် မီးထဲ၌ အမြဲထာဝရ နေထိုင်ကြအံ့သောသူများပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသောရေ တိုက်ကျွေးခြင်းကို ခံကြရမည်ဖြစ်ပေရာ ထိုရေမှာမူကား ၎င်းတို့၏ အူသိမ်၊ အူမများကိုအပိုင်းပိုင်း ဖြတ်စေအံ့သတည်း။

[16] စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို ချီးမြှင့်ခံကြရသော ပုဂ္ဂိုလ်တို့အား ယခု ဤသူ(တမန်တော်မြတ်သည်) မည်သည့်စကား ပြောဆိုခဲ့ပါသနည်းဟု မေးမြန်းကြကုန်၏။ ထိုသူတို့သည်ပင်လျှင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာကြကုန်၏။

[17] သို့ရာတွင် တရားလမ်းမှန်ကို ရရှိခဲ့ကြသော သူတို့ကိုမူကား ထိုအရှင်မြတ်သည် ပိုမို၍ပင် တရားလမ်းမှန်ကိုပြသတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့အား တက္ကဝါတရားကိုလည်း ချီးမြှင့်ပေးသနားတော်မူ၏။

[18] စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။

[19] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာ သိရှိယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အားလုံးတို့)၏ လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။

[20] စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့် မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။

[21] (၎င်းတို့၏) လိုက်နာမှုသည်လည်းကောင်း၊ ပြောဆိုမှုသည်လည်းကောင်း၊ သိရှိပြီးဖြစ်၏။ သို့တစေလည်း ၎င်းတို့သည် အရေးကိစ္စ အလုံးစုံပြဌာန်းပြီး ဖြစ်သောအခါ၌လည်း အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ သစ္စာစောင့်သိကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။

[22] သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (စစ်မက်တိုက်ခိုက်ခြင်းမှ) လွှဲရှောင်ခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် ဆူပူသောင်းကျန်းနိုင်ကြမည် ဟူ၍လည်းကောင်း၊ မိမိတို့ အချင်းချင်း သားချင်းတော်စပ်မှုကို ဖြတ်တောက်နိုင်ကြ မည်ဟူ၍လည်းကောင်း၊ မျှော်လင့်ကြလေသလော။

[23] ထိုသူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ တစ်ဖန် ၎င်းတို့အား နားပင်းစေတော်မူခဲ့၏။ထို့ပြင် ၎င်းတို့၏မျက်စိများကို ကန်းစေတော်မူခဲ့၏။

[24] သို့ပါလျက် ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို စေ့ငုစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။ သို့တည်းမဟုတ် (၎င်းတို့၏)စိတ်နှလုံးများပေါ်၌ သော့ခလောက်များ(ခတ်ထားလျက်) ရှိနေသလော။

[25] ဧကန်စင်စစ် အကြင်သူတို့သည် ၎င်းတို့အဖို့ တရားလမ်းမှန် ထင်ရှားခဲ့ပြီးနောက်တွင် ကျောခိုင်း၍ ပြန်လှည့်သွားကြကုန်၏။ ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူတို့အား ဖြားယောင်းခဲ့လေ၏။ ထိုမှတစ်ပါး ယင်း’ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား မက်လုံးပြခဲ့လေ၏။

[26] ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူခဲ့သော အမိန့်တော်များကို စက်ဆုပ်ကြသောသူတို့အား ဧကန်အမှန် ကျွန်ုပ်တို့သည် အချို့သောအရေးကိစ္စများ၌ အသင်တို့၏စကားကို လိုက်နာကြမည်ဟု ပြောဆိုခဲ့ကြသောကြောင့်ပင်။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်စွာပြောဆိုမှုကို ကောင်းစွာသိရှိတော်မူ၏။

[27] သို့ရာတွင် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် ထိုသူတို့၏ မျက်နှာများကိုလည်းကောင်း၊ ထိုသူတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်ကြလျက် ထိုသူတို့၏ အသက်ဇီဝိန်နှုတ်သိမ်းကြသောအခါ (ထိုသူတို့သည်) မည်သည့်အဖြစ်သို့ (ရောက်ရှိကြအံ့နည်း)။

[28] ထိုသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် မနှစ်မြို့သောနည်းလမ်းကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ နှစ်မြို့မှုကို စက်ဆုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အပြုအမူဆောင်ရွက်ချက်တို့ကို အချည်းနှီးပင် ဖြစ်စေတော်မူခဲ့ပေသတည်း။

[29] စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် ၎င်းတို့၏ ရန်ငြိုးထားမှုများကို ငါအရှင်မြတ်သည်အလျှင်း ထုတ်ဖော်တော်မူမည်မဟုတ် ဟု ထင်မှတ်နေကြလေသလော။

[30] စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ အသင်သည် မုချဧကန် ၎င်းတို့အား ၎င်းတို့၏ ရုပ်ရည်လက္ခဏာအမူအရာဖြင့် မုချအတိအကျ သိရှိပေမည်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား (၎င်းတို့၏) စကားပြောဆိုပုံ စကားအသွားအလာဖြင့် (ယခုလည်း) အမှန်ပင် သိရှိပေမည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ကောင်းစွာ သိရှိတော်မူ၏။

[31] ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အနက်မှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတို့ကို သိရှိတော်မူသည့် တိုင်အောင်လည်းကောင်း၊ အသင်တို့၏ အခြေအနေများကို စမ်းသပ် (ကြည့်ရှု)တော်မူသည့် တိုင်အောင်လည်းကောင်း၊အသင်တို့အား စမ်းသပ်တော်မူအံ့သတည်း။

[32] ဧကန်အမှန် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ(လည်း) တားဆီးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ဘက် ပြုလုပ်ခဲ့ကြကုန်၏။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်ချက်တို့ကို အချည်းနှီး ဖြစ်စေတော်မူပေမည်။

[33] ‘အို-မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို(လည်း) လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏ အပြုအမူ ဆောင်ရွက်ချက်များကို အချည်းနှီး မဖြစ်စေကြကုန်လင့်။

[34] ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီး ပိတ်ပင်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့အဖြစ်နှင့်ပင် သေဆုံးသွားခဲ့ကြကုန်၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်း ခွင့်လွှတ်ချမ်းသာပေးတော်မူမည် မဟုတ်ပေ။

[35] သို့ဖြစ်ပေရာ (အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊)အသင်တို့သည် အားလျှော့ခြင်း မပြုကြကုန်လင့်။(၎င်းတို့အား) စစ်ပြေငြိမ်းရေးသို့ ဖိတ်ခေါ်ခြင်းလည်း မပြုကြကုန်လင့်၊ အမှန်သော်ကား အသင်တို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်များ(၏အကျိုး)ကို အလျှင်း လျော့နည်းစေတော်မူမည် မဟုတ်ပေတကား။

[36] (ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။

[37] အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့ထံမှ ယင်းပစ္စည်းဥစ္စာများကို တောင်းဆိုတော်မူသည်ရှိသော်၊တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့ထံ အပူတပြင်း တောင်းဆိုတော်မူသည်ရှိသော်၊ အသင်တို့သည် စေးနှဲကြပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည်လည်း အသင်တို့၏ စက်ဆုပ်မှုများကို ထုတ်ဖော်တော်မူပေမည်။

[38] ဟယ်-(အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသောသူများပင်။ သို့ရာတွင် အသင်တို့အနက် အချို့မှာ စေးနှဲသောသူများဖြစ်ကြကုန်၏။ အမှန်သော်ကား မည်သူမဆို စေးနှဲပါမူ ထိုသူသည် မိမိကိုယ်နှင့်ပတ်သက်၍ စေးနှဲသည်သာတည်း။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ရာတွင် အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် (အသင်တို့အား) အသင်တို့၏နေရာတွင် အခြားသောအမျိုးသားတို့ဖြင့် လဲလှယ်တော်မူပေမည်။ ထိုအမျိုးသားတို့မှာကား အသင်တို့နှင့် တူကြမည် မဟုတ်ပေ။

အောင်မြင်ခြင်း

Surah 48

[1] (အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ထင်ရှားစွာသော အောင်မြင်မှုတစ်ခုကို ချီးမြှင့်ပေးသနား တော်မူပြီ။

[2] (ယင်းသို့ အောင်မြင်မှု ချီးမြှင့်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အသင်၏ရှေးကာလ ချို့တဲ့မှုများနှင့် အနာဂတ်ကာလ ချို့တဲ့မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူအံ့သောငှာလည်းကောင်း၊ မိမိကျေးဇူးတော်များကို အသင့်အပေါ်၌ စုံလင်စေတော် မူအံ့သောငှာလည်းကောင်း၊အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူအံ့သော ငှာလည်းကောင်း။

[3] အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကြံ့ခိုင်သော၊ ဘုန်းကျက်သရေရှိသော၊ အောင်မြင်မှုကို ချီးမြှင့် တော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

[4] ထိုအရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ရှိရင်းစွဲ ယုံကြည်မှုအပေါ်၌ ထပ်မံ၍ ယုံကြည်မှု တိုးပွားစေရန် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်များပင်ဖြစ်ကုန်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[5] (ထိုသို့ဖြစ်ရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သော ယောက်ျားများအားလည်းကောင်း၊ သက်ဝင်ယုံကြည်သော မိန်းမများအားလည်းကောင်း၊ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝစဉ် နေကြရမည်ဖြစ်သည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့မှ ၎င်းတို့၏ပြစ်မှု၊ ဒုစရိုက်တို့ကို ပပျောက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား ထိုသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အောင်မြင်မှုဖြစ်၏။

[6] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။

[7] အမှန်စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင်ဖြစ်ကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှာမူကား ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[8] (အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။

[9] (ယင်းသို့ စေလွှတ်တော်မူခြင်းမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား သက်ဝင် ယုံကြည်ကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏သာသနာတော် ရစူလ်တမန်တော်)ကို ကူညီကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏ရစူလ်တမန်တော်အား ရိုသေကိုင်းရှိုင်းကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း၊ နံနက်ယံနှင့် ညနေချမ်းတို့၌ မြွက်ဆိုကြအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသည်။)

[10] (အို-နဗီတမန်တော်၊) စင်စစ်ဧကန် အသင်နှင့်’ဗိုင်အတ်’ (ပဋိညာဉ်) ပြုကြကုန်သော သူတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် ‘ဗိုင်အတ်’ပဋိညာဉ် ပြုကြသည် သာတည်း။ အလ္လာဟ်အရှင်မြတ်၏ လက်တော်ကား ၎င်းတို့၏လက်များပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ပဋိညာဉ်ကို ချိုးဖျက်ခဲ့ပါလျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်၍ ပဋိညာဉ်ကို ချိုးဖျက်ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုခဲ့သော အချက်တို့ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ပါလျှင် မကြာမြင့်မီပင် ထိုအရှင်မြတ်သည် ၎င်းအား ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူအံ့ သတည်း။

[11] (အို-နဗီတမန်တော်၊) မကြာမီပင် နောက်ကျန်ရစ်ခဲ့ကြလေသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အရဗ်တောကျေးသားတို့သည် အသင့်အား(လာရောက်) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်ထောင်စုသားများသည်လည်းကောင်း၊ အလုပ်များစေခဲ့ကြပါသည်။ သို့ပါ၍ အသင် တမန်တော်မြတ်သည် ကျွန်ုပ်တို့အဖို့ (အရှင်မြတ်အထံတော်တွင်)လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးပါလေ။ (စင်စစ်မှာကား) ၎င်းတို့သည် မိမိတို့စိတ်တွင်း၌မရှိသော အရာများကို မိမိတို့၏ နှုတ်လျှာများဖြင့် ပြောဆိုနေကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို (မေးမြန်း)ပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာကို သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင်၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အကျိုးအာနိသင် တစ်စုံတစ်ရာကို အသင်တို့၌ သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်ပါသနည်း။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။

[13] စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။

[14] စင်စစ်တမူကား မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူ၍ မိမိအလိုရှိတော်မမူသောသူအား ပြစ်ဒဏ်ပေးတော်မူသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[15] မကြာမီပင် နောက်ကျစ်ရစ်ခဲ့ကြသော သူတို့သည် လက်ရပစ္စည်းများကိုယူရန် အသင်တို့သွားကြသောအခါ’အသင်တို့သည် ကျွန်ုပ်တို့အား မိမိတို့နှင့်အတူလိုက်ရန် ခွင့်ပြုကြလေကုန်’ ဟူ၍ ပြောဆိုကြပေမည်။ (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ အလျှင်းမလိုက်နိုင်ကြပေ။ ဤအတိုင်း ရှေးဦးမဆွကပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူ၏။ထိုအခါ ၎င်းတို့က အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု အမှန်ပင် ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အနည်းငယ်မျှသာလျှင် နားလည်ကြကုန်သတည်း။

[16] (အို-နဗီတမန်တော်၊) အသင်သည် နောက်ကျန်ရစ်ခဲ့ကြလေသော၊ ကန္တာရတွင် လှည့်လည်နေထိုင်ကြကုန်သော အရဗ်တောကျေးသားတို့အား ပြောကြားပါလေ။ "(အချင်းတို့၊) မကြာမြင့်မီပင် အသင်တို့သည် အလွန်အမင်း တိုက်ခိုက်မှုပြုခဲ့ကြသော အမျိုးသားတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ အသင်တို့သည် ၎င်းတို့နှင့် တိုက်ခိုက်ကြရပေမည်။ သို့တည်းမဟုတ် ၎င်းတို့သည် (လက်နက်ချ အညံ့ခံ၍ အစ္စလာမ်သာသနာတော်၏ အမိန့်ကို) နာခံကြရပေမည်။ထိုအခါ အကယ်၍ အသင်တို့သည် အမိန့်တော်ကို လိုက်နာကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကောင်းမြတ်သောအကျိုးကို ချီးမြှင့် ပေးသနားတော်မူပေမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယခင်နည်းတူ မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် အသင်တို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို ပေးတော်မူပေမည်။

[17] (သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။

[18] (အို-နဗီတမန်တော်၊) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် အသင်နှင့် ‘ဗိုင်အတ်’ပြုနေကြစဉ်အခါ၌ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်း၌ရှိသည်ကို သိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် စိတ်တည်ငြိမ်မှုကို ချပေး သနားတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် နီးကပ်စွာသော အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။

[19] ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[20] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားမြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း အသင်တို့ ယူငင်ကြဦးမည် ဖြစ်သည်ဟု ကတိပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ဤသည့်(အောင်မြင်မှု)ကို အသင်တို့အား လတ်တလော ချီးမြှင့်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို အသင်တို့(အား အန္တရာယ်ပြုနိုင်ခြင်း)မှ တားဆီးတော်မူခဲ့၏။ (ထိုသို့ပြုတော်မူခြင်းမှာ)ယင်း(လတ်တလောရရှိခဲ့သော) အောင်မြင်မှုသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နမူနာတစ်ရပ် ဖြစ်အံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည် အသင်တို့အား ဖြောင့်မတ်သောလမ်းကို ပြတော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသည်။

[21] ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[22] စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။

[23] (ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။

[24] ထို့ပြင် ထိုအရှင်မြတ်သည်ပင် ထို(‘ကာဖိရ်’သွေဖည်ငြင်းပယ်သော)သူတို့၏လက်များကို အသင်တို့(အားအန္တရာယ်ပြုခြင်း)မှလည်းကောင်း၊ အသင်တို့၏လက်များကို ထိုသူတို့(အား အန္တရာယ်ပြုခြင်းမှလည်းကောင်း၊) မက္ကာမြို့တွင်း၌ အသင်တို့အား ထိုသူတို့အပေါ်ဝယ် အောင်မြင်စေတော်မူပြီး နောက်သော်မှပင် တားဆီးထားတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူချက်တို့ကိုကောင်းစွာ ရှုမြင်တော်မူလျက် ရှိတော်မူခဲ့ပေသတည်း။

[25] ထိုသူတို့သည်ပင် အကြင်သူများတည်း။ ထိုသူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အသင်တို့အား ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ ရိုသေအပ်သော ဗလီကျောင်းတော်မှ တားဆီးခဲ့ကြ၏။ ထို့ပြင် (ဟုဒိုင်ဗိယဟ်၌)တားဆီးခြင်းခံနေခဲ့ရသော ကုရ်ဗာနီသားကောင်ကိုလည်း ယင်း၏ ရောက်ရှိရန် နေရာသို့ မရောက်စေရန် (တားဆီးခဲ့ကြကုန်)။စင်စစ်သော်ကား အကယ်၍သာ အသင်တို့ မသိခဲ့ကြသော(မြောက်မြားစွာသော)’မုအ်မင်န်’သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တက်နင်းမိကြသဖြင့် ၎င်းတို့ကြောင့် အသင်တို့၌ အပြစ်သက်ရောက်မည်ကို မစိုးရိမ်ရပါလျှင် (အလုံးစုံသောကိစ္စတို့မှာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ သို့ရာတွင် ယင်းကဲ့သို့ မဖြစ်ခဲ့သည်မှာ) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိကရုဏာတော်တွင်းသို့ ဝင်ရောက်စေတော်မူရန်ပင် ဖြစ်ခဲ့ပေသည်။ အကယ်၍သာ ထို(မုစ်လင်မ်ယောက်ျား မိန်းမတို့မှာ ကာဖိရ်များနှင့်)ခွဲခြား သိသာနိုင်ခဲ့ကြပါလျှင် ငါအရှင်မြတ်သည် ၎င်းတို့အနက် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို အမှန်ပင် ပေးတော်မူခဲ့မည်သာ။

[26] (ပြန်လည် သတိရကြလေကုန်။) အကြင်အခါဝယ် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့၏စိတ်နှလုံးများတွင် အမိုက်ခေတ်၏ အစွဲအလမ်းကြီးမှုကို ထားရှိခဲ့ကြကုန်၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ အပေါ်၌လည်းကောင်း၊ မိမိအထံတော်မှ စိတ်တည်ငြိမ်မှု (သည်းခံမှု)ကို ချပေးသနားတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကြဉ်ရှောင်ရန်ဟူသောစကားကို အတည်ပြုတော်မူခဲ့၏။ (၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (တာက်ဝါ) တရားအပေါ်၌ ရပ်တည်စေတော်မူခဲ့၏။) စင်စစ်သော်ကား ထိုသူတို့သည် ယင်းစကားနှင့် ထိုက်တန်သူများသည်လည်းကောင်း၊ ကိုက်ညီသူများသည်လည်းကောင်း၊ ဖြစ်ခဲ့ကြကုန်၏။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[27] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်၏ အိပ်မက်ကို အဖြစ်မှန်နှင့်အညီ မှန်ကန်စေတော်မူခဲ့၏။ (ယင်းအိပ်မက်မှာ) ‘မလွဲဧကန် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် အသင်တို့သည် မိမိတို့၏ဦးခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက်(မည်သည့် တစ်စုံတစ်ရာကိုမျှပင်) စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ဘေးရန်ကင်းငြိမ်းစွာ ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ရိုသေအပ်သောဗလီ ဝတ်ကျောင်းတော်သို့ ဝင်ရောက်ကြမည်(ဟုဖြစ်ခဲ့၏)။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသောအရာကို သိရှိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းမက္ကာမြို့တော်၏အလျင် နီးကပ်စွာသော အောင်မြင်မှုတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။

[28] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိမိရစူလ်တမန်တော် ‘မုဟမ္မဒ်’ (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ ယင်းသာသနာတော်ကို အားလုံးသော သာသနာတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

[29] မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။ ၎င်းပြင် ထို ‘မုဟမ္မဒ်’ နှင့်အတူတကွ ရှိကြကုန်သောသူတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ကြပြီး မိမိတို့အချင်းချင်း(ဆက်ဆံရာတွင်)သနားကြင်နာသူများပင် ဖြစ်ကြကုန်၏။ အသင်သည် ၎င်းတို့အား (ရံဖန်ရံခါ) ‘ရူကူအ်’ ဦးညွှတ်ကြလျက်(ရံဖန်ရံခါ) ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်ကျေနပ်မှုကိုလည်းကောင်း၊ ဖွေရှာဆည်းပူးလျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ ၎င်းတို့၏ အမှတ်လက္ခဏာကား’စဂျ်ဒ်ဟ်’ ပျပ်ဝပ်ဦးချခြင်းကြောင့် ၎င်းတို့၏ မျက်နှာများတွင်ထင်ပေါ်လျက် ရှိနေပေ၏။ ထိုသည်ကား ‘တောင်ရာတ်’ ကျမ်းတော်၌လာရှိသော ၎င်းတို့၏ထူးခြားချက်ပင်။ ထိုမှတစ်ပါး’အင်န်ဂျီလ်’ ကျမ်းတော်၌ လာရှိသော ၎င်းတို့၏ ထူးခြားချက်မှာကား (ဤသို့တည်း။) မျိုးစေ့နှင့်ပမာတူ၏။ ယင်းမျိုးစေ့သည် မိမိ၏ အစို့အညှောက်ကို ထွက်စေခဲ့၏။ ထို့နောက် မိမိအစို့၊အညှောက်ကို သန်စွမ်းစေခဲ့၏။ ထို့နောက် ထိုအညှောက်အစို့မှာ တုတ်ခိုင်၍လာပြီးလျှင် မိမိပင်ရိုး၊ ပင်တံ၊ ပင်စည်၊ ပင်မပေါ်၌ တည့်မတ်စွာ ထောင်တက်လာခဲ့ပေရာ လယ်သမားတို့အား အထူးနှစ်မြို့ အကြည်ဆိုက်စေခဲ့၏။ (ယင်းသို့ ဖြစ်စေတော်မူခြင်းမှာ) ထို(မုဟမ္မဒ်၏အပေါင်းအဖေါ်) တို့ဖြင့် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့အား အမျက် ဒေါသထွက်စေရန် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မှာမူကား ‘အီမာန်’ သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ ဆောက်တည်ကြကုန်သော သူတို့အား ခွင့်လွှတ် ချမ်းသာပေးတော်မူရန်နှင့် ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူရန် ကတိပေးတော်မူခဲ့ပေသတည်း။

အခန်းများ

Surah 49

[1] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည့်သည့်ကိစ္စ၌မဆို) အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့၌လည်းကောင်း၊ ရှေ့သို့ မကျော်တက်ကြကုန်လင့်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (အလုံးစုံသော ပြောဆိုမှုတို့ကို)အကြွင်းမဲ့ကြားတော်မူသောအရှင်၊ (အလုံးစုံသောအခြေအနေ၊ အပြုအမူ၊ အတွင်းအပြင်တို့ကို) အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။

[2] အို-မုအ်မင်န် သက်ဝင် ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏အသံများကို နဗီတမန်တော်၏ အသံထက် မကျယ်မမြင့် စေကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ဟစ်အော်ကျယ်လောင်စွာ ပြောဆိုသကဲ့သို့ ထိုနဗီတမန်တော်နှင့် စကားပြောဆိုရာ၌ ဟစ်အော်၍ ကျယ်လောင်စွာ ပြောဆိုခြင်းကို မပြုကြကုန်လင့်။ (သို့ပြုကြလျှင်) အသင်တို့ မသိကြဘဲလျက် အသင်တို့၏ အပြုအမူများသည် အချည်းနှီးဖြစ်သွားပေမည်။

[3] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့ဝယ် မိမိတို့၏အသံများကို နှိမ့်ချကြကုန်သော သူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို ပြစ်မှုများမှ ကြဉ်ရှောင်ခြင်းငှာ ရွေးချယ်တော်မူခဲ့၏။ ထိုသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ကြီးကျယ်လှစွာသောအကျိုး သည်လည်းကောင်း၊ ရှိချေသတည်း။

[4] ဧကန်စင်စစ် အသင့်အား အခန်းများ၏ အပြင်ဘက်မှ ဟစ်ခေါ်ကြကုန်သော သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။

[5] စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်အသင် ၎င်းတို့ထံ ထွက်လာသည်အထိ သည်းခံခဲ့ကြပါလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ လွန်စွာ သနား ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[6] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူ တစ်ဦးတစ်ယောက်သည် အသင်တို့ထံ တစ်စုံတစ်ရာ သတင်းကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မသိဘဲလျက် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြရန်(ယင်းသတင်း)မှန်မမှန်ကို(စူးစမ်း)စစ် ဆေးကြလေကုန်။ (သို့မဟုတ်လျှင်) အသင်တို့သည် မိမိတို့ပြုမိခဲ့ကြသောကိစ္စကြောင့် ကြေကွဲကြရပေမည်။

[7] ၎င်းပြင် အသင်တို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရှိနေတော်မူသည်ကို (ကောင်းစွာ)သိထားကြလေကုန်။ အကယ်၍ ထိုရစူလ်တမန်တော်မြတ်သည် များစွာသော အရေးကိစ္စတို့၌ အသင်တို့၏ ပြောဆိုချက်ကို လိုက်နာပါလျှင် အမှန်ပင် အသင်တို့သာလျှင် ဒုက္ခတွေ့ကြမည်သာ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား’အီမာန်’ သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူခဲ့၏။ ထို့ပြင် ယင်း ‘အီမာန်’ ယုံကြည်မှုကို အသင်တို့၏ စိတ်နှလုံးများတွင် မြတ်နိုးစေတော်မူခဲ့၏။ လှပ တင့်တယ်စေတော်မူခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ‘ကုဖ်ရ်’ သွေဖည်မှုကိုလည်းကောင်း၊ ပြစ်မှု ကျူးလွန်ခြင်းကို လည်းကောင်း၊အမိန့် မနာခံမှုကိုလည်းကောင်း၊ စက်ဆုပ်စေတော်မူခဲ့၏။ ယင်းကဲ့သို့သော သူတို့သည်သာလျှင် လမ်းမှန်ကိုရရှိသူများ ဖြစ်ကြကုန်၏။

[8] အလ္လာဟ်အရှင်မြတ်၏ ကျေးဇူတော် ကြောင့်လည်းကောင်း၊ ဆုချီးမြှင့်တော်မူခြင်း ကြောင့်လည်းကောင်း၊အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[9] ၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။

[10] မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။

[11] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သရော်သမှုမပြုရ။(အကြောင်းသော်ကား) ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျားများသည် ထို(သရော် သောယောက်ျား)တို့ထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော်သမှုမပြုကြရ။ထို (သရော်သမှုပြုခြင်းကိုခံကြရသော)မိန်းမများသည် ထို(သရော်ကြသောမိန်းမ)များထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏။ သို့ပါလျက် မည်သူမဆို ဝန်ချတောင်းပန်ခြင်း မပြုခဲ့သော် ယင်းကဲ့သို့ သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပေသတည်း။

[12] အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊

[13] အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။

[14] ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။

[15] ကြင်သူတို့သည်သာလျှင်(ပြည့်ဝစုံလင်သော)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် သံသယ ဖြစ်ခဲ့ကြသည် မရှိချေ။ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ပစ္စည်းဥစ္စာများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကုန်၏။ ထိုသူတို့သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။

[16] (အို-နဗီတမန်တော်)။ အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏’ဒီန်’သာသနာကို အလ္လာဟ်အရှင်မြတ်အား အသိပေးကြ လေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေများ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းစွာသိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[17] (အို-နဗီတမန်တော်)၊ ၎င်းတို့သည် (အမိန့်ကို)နာခံခဲ့ကြကြောင်း အသင့်ရှေ့ဝယ် ဂုဏ်ဖော်၍နေကြကုန်၏။အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ၏ရှေ့ဝယ် မိမိတို့ အမိန့်နာခံမှုကို ဂုဏ်ဖော်ခြင်း မပြုကြကုန်လင့်။ စင်စစ်မှာမူကား အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အီမာန် သက်ဝင်ယုံကြည်နိုင်ရန် တရားလမ်းကို ပြသတော်မူခဲ့သောကြောင့် ထိုအရှင်မြတ်ကသာလျှင် အသင်တို့အပေါ်ကျေးဇူးပြုထားတော်မူခြင်း ဖြစ်ပေသည်။

[18] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို ကောင်းစွာသိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူဆောင်ရွက်လျက် ရှိကြသည်တို့ကို ကောင်းစွာမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

ကွာဖ်

Surah 50

[1] ‘ကားဖ်’၊ (ငါအရှင်မြတ်သည်) အထူးဂုဏ် ဝိသေသနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။

[2] စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ထံ မိမိတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိ၍ လာခဲ့သည်ကိုပင် အံ့ဩလျက်ရှိနေကြကုန်၏။ သို့ဖြစ် ပေရာ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ ဤသည်လွန်စွာ အံ့ဖွယ်အကြောင်းပင် ဖြစ်သည်။

[3] ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေကြီးဖြစ်သွားခဲ့ကြသောအခါ (ရှင်ပြန်ထကြရဦးမည်လော၊) ထိုသည်ကား အလွန်တရာဝေးလံစွာသော ပြန်လည်ခြင်းပင်။[ ထိုသို့ ပြန်လည်ရှင်ထခြင်းသည် (အသိဉာဏ်နှင့်) အလွန်ဝေးလံပေသည်။

[4] မြေကြီးက ၎င်းတို့(၏ ကိုယ်ခန္ဓာများ)အနက်မှ(စား၍) လျော့နည်းစေမည့် အစိတ်အပိုင်းကို ဧကန်မလွဲ ငါအရှင်မြတ်သည် သိရှိတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်အထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသောမှတ်တမ်း စာအုပ်သည်လည်းရှိနေပေသည်။

[5] စင်စစ်မှာကား ထိုသူတို့သည် ၎င်းတို့ထံ အမှန်တရား ရောက်ရှိ၍ လာခဲ့သောအခါ ယင်းအမှန်တရားကိုပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် မတည်ငြိမ်သော အခြေအနေ၌ပင် ရှိနေကြကုန်သတည်း။

[6] ၎င်းတို့သည် မိမိတို့၏အထက်၌ မိုးကောင်းကင်ကို မကြည့်မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို မည်သို့ ပြုလုပ်ထားတော်မူသနည်း။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်ကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်း။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်၌ အဟ၊ အကွဲ၊ အအက် များဟူ၍လည်း အလျှင်းမရှိပြီတကား။

[7] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။

[8] (ထိုအလုံးစုံတို့မှာ) သံဝေဂရသော ကျွန်တိုင်းအဖို့ ဆင်ခြင်သုံးသပ်အပ်သောအရာ သည်လည်းကောင်း၊တရားရယူအပ်သောအရာ သည်လည်းကောင်း၊ ဖြစ်ပေသည်။

[9] ထိုမှတပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော(မိုး)ရေကို ရွာသွန်းစေတော်မူ၏။ တစ်ဖန် ထိုရေဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များကိုလည်းကောင်း၊ ရိတ်သိမ်းပြီးဖြစ်သော ကောက်ပင် မျိုးနွယ်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။

[10] ထိုနည်းတူစွာ ရှည်လျားမြင့်မားသော စွန်ပလွံပင်များကို (ပေါက်ရောက်စတော်မူရာ) ယင်းစွန်ပလွံပင်များ၌ ပြွတ်၍သီးနေသော အခိုင်များရှိနေပေသည်။

[11] ကျွန်များအဖို့ စားနပ်ရိက္ခာအဖြစ် ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် သေလွန်ခြောက်သွေ့ လျက်ရှိသောမြေကို ရှင်စေတော်မူ၏။ (လူအပေါင်းတို့ရှင်၍) ပြန်ထွက်ခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ချေအံ့သတည်း။

[12] ထိုသူတို့အလျင် ‘နူဟ်’၏အမျိုးသားတို့သည်လည်းကောင်း၊ ရတ်စ်(စ်)၌ နေထိုင်သူတို့သည် လည်းကောင်း၊’ဆမူဒ်’ အမျိုးသားတို့သည်လည်း ကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

[13] ထိုမှတပါး ‘အာဒ်’ အမျိုးသားတို့သည်လည်းကောင်း၊ ‘ဖစ်ရ်အောင်န်’သည်လည်းကောင်း၊ ‘လူ(တ်)’၏ ညီအစ်ကိုတို့သည်လည်းကောင်း၊

[14] ထို့ပြင် (အိုက်ကဟ်)တောအုပ်၌ နေထိုင်သူတို့သည်လည်းကောင်း၊ ‘သွဗ္ဗအ်’ အမျိုးသားသည်လည်းကောင်း၊ အားလုံးတို့သည်ပင် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ချိန်းချက်မှုသည်(၎င်းတို့အပေါ်၌) သက်ရောက်ခဲ့၏။

[15] ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောကြောင့် ပင်ပန်း နွမ်းနယ်တော်မူခဲ့လေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယ၌ ရှိနေကြကုန်သတည်း။

[16] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မနူဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၌ ၎င်း၏စိတ်က မသိမသာ ပေါ်ပေါက်စေသောအရာကိုလည်း သိတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်း၏လည်ချောင်းသွေးကြောထက်ပင် ၎င်းနှင့် ပိုမိုနီးကပ်စွာ ရှိနေတော်မူ၏။

[17] (အို-နဗီတမန်တော် သတိပေးပါလေ။) အကြင်အခါဝယ် အကြင်အခါ၌ မှတ်သားသူနှစ်ဦးသည် (ထိုမနုဿလူသား၏) လယ်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ ထိုင်၍ မှတ်သားလျက် ရှိကြ၏။

[18] ထိုမနုဿလူသားသည်(နှုတ်ဖြင့်)မည်သည့်စကားကိုမျှ မြွက်ဟသည်ဟူ၍မရှိချေ။ သို့ရာတွင် ချောင်းမြောင်း၍ နေသူတစ်ဦးသည် ၎င်း၏အနီး၌ပင် အသင့်ရှိနေ၏။

[19] စင်စစ်သော်ကား ‘မရဏ’ သေခြင်းတရား၏ မိန်းမောမှုသည် မှန်ကန်စွာ ရောက်လာခဲ့ချေပြီ။ ထိုသည်ပင် အကြင်အရာတည်း။ အသင်သည် ၎င်းမှ(လွတ်မြောက်ရန်)တိမ်းရှောင်လျက် ရှိခဲ့၏။

[20] ထိုမှတစ်ပါး တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုသည်ပင် ချိန်းချက်ထားသောနေ့ ဖြစ်၏။

[21] ထိုမှတစ်ပါး လူတိုင်းသည် ‘မဟ်ရှရ်’(စုရုံးရာဌာနသို့)လာရပေမည်။ (ထိုအခါ) ၎င်းနှင့်အတူ မောင်းနှင်သူတစ်ဦးနှင့် သက်သေတစ်ဦးရှိကြပေမည်။

[22] ဧကန်မလွဲ အသင်သည် ဤနေ့နှင့် စပ်လျဉ်း၍ ပေါ့ဆမှု၌ ရှိနေခဲ့ပေသည်။ သို့ဖြစ်ပေရာ (ယခုမူ) ငါအရှင်မြတ်သည် အသင့်အပေါ်မှ အကွယ်အကာကို ဖယ်ရှား၍ ပေးတော်မူလိုက်ပြီ။ ထို့ကြောင့် ယနေ့သော်ကား အသင်၏ မြင်နိုင်သောသတ္တိမှာ ထိုးဖောက်၍ မြင်နိုင်စွမ်းရှိနေပြီ ဖြစ်ပေသတည်း။

[23] ထို့ပြင် ၎င်း၏အဖော် (ကောင်းကင်တမန်) ကပြောဆိုပေမည်။ ဤသည် ကျွန်ုပ်၏ထံ၌ အဆင်သင့် ရှိသော(နေ့စဉ်မှတ်တမ်း) ဖြစ်၏။

[24] (ထိုအရှင်မြတ်သည် ကောင်းကင်တမန် နှစ်ပါးတို့အား မိန့်ကြားတော်မူပေမည်။) အသင်တို့နှစ်ဦးသည် အကြင်သူတိုင်းအား ‘ဂျဟန္နမ်’ ငရဲဘုံထဲသို့ ပစ်ချကြလေကုန်။ ထိုသူသည် ကျေးဇူးကန်းသော၊ ဇွတ်တရွတ်နိုင်သော၊

[25] ကောင်းမှု(ပြုခြင်း)မှ တားမြစ်သော စည်းကမ်းကျူးလွန်သော၊ ဒွိဟသံသယဖြစ်သော၊

[26] အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသောကိုးကွယ်ရာကို တွဲဖက်သတ်မှတ်သောသူဖြစ်သည်။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ထို(ကဲ့သို့သော)သူအား ပြင်းထန်စွာသော ပြစ်ဒဏ်၌ပစ်ချကြလေကုန်။

[27] ၎င်း၏အဖော်(ရှိုင်တွာန် မိစ္ဆာကောင်)ကပြောဆို(လျှောက်ထား)ပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးသည် ၎င်းအား ဆိုးသွမ်းမိုက်ကန်းစေခဲ့သည် မဟုတ်ပါ။ စင်စစ်မှာ ၎င်းကိုယ်တိုင်သည်ပင်လျှင် ဝေးလံစွာသော လမ်းမှားမှု၌ ရှိနေခဲ့ပါသည်။

[28] ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။အသင်တို့သည် ငါအရှင်မြတ်၏အထံတော်၌ အငြင်းအခုံ မပြုကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ငါအရှင်မြတ်သည် (ပြစ်ဒဏ်နှင့်စပ်လျဉ်း၍) ချိန်းဆိုချက်ကို အသင်တို့ထံသို့ တင်ကြို ပို့နှင့်တော်မူခဲ့ပြီးဖြစ်၏။

[29] ငါအရှင်မြတ်အထံတော်၌ စကားပြောင်းလဲသည် ဟူ၍မရှိပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ကျွန်တို့အား မတရားပြုလုပ်တော်မူသော အရှင်လည်း မဟုတ်ပြီ။

[30] (အို-နဗီတမန်တော် အသင်သည် သတိရစေပါလေ။) အကြင်နေ့တွင် ငါအရှင်မြတ်သည် ‘ဂျဟန္နမ်’ ငရဲဘုံကို အသင်သည် ပြည့်လေပြီလောဟု မိန့်ကြားတော်မူမည်။ ထိုအခါယင်းဂျဟန္နမ်ငရဲဘုံက ‘နောက်ထပ်ရှိပါသေးသလော’ ဟုလျှောက်ထားပေမည်။

[31] ထိုမှတစ်ပါး ‘ဂျန္နတ်’ သုခဘုံသည် မွတ္တကီ သူတော်စင်များအနီးသို့ ယူလာခြင်းကို ခံရပေမည်။ (ယင်း’ဂျန္နတ်’သုခဘုံမှာ) ဝေးကွာလှမည် မဟုတ်ပေ။

[32] ဤသည် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်သူ (ထိုအရှင်မြတ်၏စည်းကမ်း သတ်မှတ်ချက်များကို)စောင့်စည်းသူတိုင်းအဖို့ ဖြစ်သည်ဟူ၍ အသင်တို့ ကတိပေးခြင်း ခံကြရသောအရာပင် ဖြစ်ပေသည်။

[33] ထိုသူသည် ‘ရဟ်မာန်’ အနန္တကရုဏာတော်ရှင်အား မမြင်ဘဲလျက် ကြောက်ရွံ့ခဲ့၏။ ထိုမှတစ်ပါး ထိုသူသည် ပြန်လှည့်သော စိတ်နှလုံးကို ယူဆောင်လာခဲ့၏။

[34] (ထိုကဲ့သို့သော သူတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယင်း’ဂျန္နတ်’သုခဘုံသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ကြလေကုန်။ ဤသည် အမြဲထာဝရ နေထိုင်ရမည့်နေ့ဖြစ်၏။

[35] ၎င်းတို့အဖို့ ယင်း’ဂျန္နတ်’ သုခဘုံ၌ ၎င်းတို့ အလိုရှိကြသော အရာဟူ၍ ရှိရုံမျှမက ငါအရှင်မြတ် အထံတော်၌(ထိုထက်) အပိုကျေးဇူးတော်များလည်း ရှိချေသတည်း။

[36] စင်စစ်သော်ကား ငါအရှင်မြတ်သည် ထိုသူတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့မှာ ထိုသူတို့ထက် ရဲစွမ်းသတ္တိခွန်အားဗလ ကြီးမားကြံ့ခိုင်သူများ ဖြစ်ခဲ့ကြ ကုန်၏။ ထိုအခါ ၎င်းတို့သည် အမြို့မြို့အရွာရွာ၌ (ခိုလှုံရာ နေရာများကို)လိုက်လံ ရှာဖွေခဲ့ကြကုန်၏။(သို့တစေလည်း ၎င်းတို့သည်) ထွက်ပြေး တိမ်းရှောင်ရာ နေရာဟူ၍ ရှာဖွေတွေ့ရှိခဲ့ကြလေသလော။

[37] စင်စစ်ဧကန် ဤသည်၌ စိတ်နှလုံးရှိသော သူတို့အဖို့ သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက် ရှိ၍ နားစိုက်သော သူတို့အဖို့ အမှန်ပင် သင်ခန်းစာရှိ၏။

[38] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထိုမိုးများနှင့်မြေကြားရှိ အရာများကို လည်းကောင်း၊ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း ငါအရှင်မြတ်၌ ပင်ပန်းနွမ်းနယ်မှုဟူ၍ အလျှင်း သက်ရောက်ခဲ့သည်မရှိချေ။

[39] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည်၎င်းတို့၏ ပြောဆိုမှုများနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ ထို့ပြင်အသင်သည် နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိပါလေ။

[40] ထိုမှတစ်ပါး အသင်သည် ညဉ့်အချိန်၌လည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုများ၏နောက်တွင် လည်းကောင်း၊ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။

[41] ထို့ပြင် (အို-ကြားနာသူ)အသင်သည် နားထောင်လော့၊ အကြင်နေ့တွင် ဟစ်အော်သူ (တစ်ဦး)သည် နီးကပ်စွာသော နေရာမှ ဟစ်အော်မည်။

[42] အကြင်နေ့တွင် ယင်း(ကြောက်မက်ဖွယ် ကောင်းသော) ဟစ်အော်သံကို (အားလုံးတို့ပင်) မုချဧကန် မှန်ကန်စွာကြားကြရပေမည်။ ထိုနေ့သည် (သင်္ချိုင်းများမှ)ထွက်ကြရမည့်နေ့ပင်။

[43] ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ရှင်စေတော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်အထံတော်သို့ပင် ပြန်လာကြရပေမည်။

[44] အကြင်နေ့တွင် (၎င်းတို့)ပြေးလျက်ရှိကြစဉ် မြေသည် ၎င်းတို့အပေါ်မှ ပွင့်ထွက်သွားပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ လွယ်ကူသောစုရုံးခြင်းပင်။

[45] ငါအရှင်မြတ်သည် ၎င်းတို့ပြောဆိုသမျှတို့ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ စင်စစ်သော်ကား(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အပေါ်၌ အနိုင်အထက်ပြုသူမဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်၏ ချိန်းဆိုချက်ကို ကြောက်ရွံ့သူအား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ဩဝါဒပေးလျက် နေပါလေ။

လေတိုက်ခတ်စေသောအရာ

Surah 51

[1] (ငါအရှင်မြတ်သည်) လွင့်ပါးစေခြင်းအားဖြင့် ကစဉ့်ကလျား ဖြစ်စေသောလေများကို သက်သေထူတော်မူ၏။

[2] တစ်ဖန် ဝန်ကိုတင်ဆောင်ကြကုန်သောလေများ၊ တိမ်များကို သက်သေထူတော်မူ၏။

[3] တစ်ဖန် ညင်သာစွာတိုက်ခတ်ကြသော သွားလာလှုပ်ရှားကြသော လေ၊ လှေများကို သက်သေထူတော်မူ၏။

[4] တစ်ဖန် အမိန့်တော်အရ ခွဲဝေပေးသော လေများကို၊ အရာဝတ္ထုများကို ခွဲဝေပေးသော ‘မလာအိကဟ်’ကောင်းကင်တမန်များကို သက်သေထူတော်မူ၏။

[5] ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရလေသော ချိန်းဆိုချက်မှာ အမှန်ပင် မှန်ကန်သော ချိန်းဆိုချက်ဖြစ်၏။

[6] ၎င်းပြင် ဧကန်စင်စစ် အစားပေးမည့်နေ့မှာ အမှန်ပင် ဆိုက်ရောက်လာအံ့သော နေ့ဖြစ်၏။

[7] (ငါအရှင်မြတ်သည်) လမ်းကြောင်းများရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[8] မလွဲဧကန် အသင်တို့သည် ကွဲပြားခြားနားသော ပြောဆိုမှုများ၌ ရှိနေကြကုန်၏။

[9] ထို(‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ခြင်း)မှ သွေဖည်သူသည်(ကောင်မြတ်ခြင်းအားလုံးမှ) သွေဖည်သူသာဖြစ်သည်။

[10] (သာသနာ့ရေးရာများနှင့်စပ်လျဉ်း၍)ရမ်းဆပြောဆိုကြကုန်သော သူတို့သည် ပျက်စီးကြရပေမည်။

[11] အကြင်သူတို့သည် မသိမိုက်မဲမှု၌ မေ့လျော့လျက် ရှိနေကြကုန်၏။

[12] ၎င်းတို့သည်(မထီမဲ့မြင်ပြုသောအားဖြင့်)အစားပေးမည့်နေ့သည် မည်သည့်အခါ၌ ဆိုက်ရောက် ပါမည်နည်းဟု မေးမြန်းကြကုန်၏။

[13] အကြင်နေ့တွင် ၎င်းတို့သည် မီးထဲ၌ ချခြင်းကို ခံကြရပေမည်။

[14] (ထိုနေ့တွင် ၎င်းတို့မှာ)အသင်တို့သည် မိမိတို့၏ ပြစ်ဒဏ်၏ရသာကို မြည်းစမ်းကြလေကုန်။ ဤသည်ပင်လျှင် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသောနေ့ ဖြစ်သည်။ (ဟုပြောဆိုခြင်းကို ခံကြရကုန် အံ့သတည်း။)

[15] ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာ ဥယျာဉ်များနှင့် စမ်းချောင်းများ၌ ရှိနေကြပေမည်။

[16] (၎င်းတို့သည်) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အား ချီးမြှင့် ပေးသနားတော်မူသည်တို့ကို ယူငင်လျက် ရှိကြပေမည်။ စင်စစ်ဧကန် ၎င်းတို့မှာ ထိုသည့်အလျင် ကောင်းမှုပြုသူများပင် ဖြစ်ခဲ့ကြကုန်၏။

[17] ၎င်းတို့သည် ညဉ့်တွင် အနည်းငယ်မျှသောအချိန်၌သာ အိပ်စက်လေ့ ရှိခဲ့ကြကုန်၏။

[18] ထို့ပြင် ၎င်းတို့သည် ညဉ့်၏နောက်ဆုံးယံများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား အသနားခံလေ့ရှိခဲ့ကြကုန်၏။

[19] ထိုမှတစ်ပါး ထိုသူတို့၏ ပစ္စည်းဥစ္စာများတွင် တောင်းရမ်းသော သူဆင်းရဲအဖို့လည်းကောင်း၊ (သိက္ခာစောင့်စည်းသောအားဖြင့်) တောင်းရမ်းခြင်းမပြုသော သူဆင်းရဲအဖို့လည်းကောင်း၊ ဝေစုဝေပုံ (အခွင့်အရေး) ရှိခဲ့၏။

[20] စင်စစ်သော်ကား ယုံကြည်လိုသော သူတို့အဖို့ပထဝီမြေ၌ များစွာသောသက်သေ လက္ခဏာများ ရှိကုန်၏။

[21] ထိုနည်းတူစွာ အသင်တို့ကိုယ်များတွင်လည်း(သက်သေလက္ခဏာများ) ရှိကုန်၏။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။

[22] ထို့ပြင် မိုးကောင်းကင်၌ အသင်တို့၏ စားနပ်ရိက္ခာသည်လည်းကောင်း၊ အသင်တို့ ကတိပေးခြင်းခံကြရလေသော အရာသည်လည်းကောင်း၊ ရှိပေသည်။

[23] သို့ဖြစ်ပေရာ မိုးကောင်းကင်ကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ‘ကစမ်’၊ ယင်း(‘ကိယာမတ်’ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝ ဆိုက်ရောက်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကတိတော်အတိုင်း စံစား၊ ခံစားရခြင်းတို့)သည် အသင်တို့ စကားပြောဆိုကြဘိသကဲ့သို့ပင် မှန်ကန်လှပေသတည်း။

[24] (အို-နဗီတမန်တော်၊)အသင့်ထံသို့(နဗီတမန်တော်)အိဗ်ရာဟီမ်၏ ဂုဏ်သရေရှိ ဧည့်သည်တော်များ၏ အကြောင်းရောက်ရှိခဲ့လေသလော။

[25] အကြင်အခါဝယ် ထိုဧည့်သည်တော်တို့သည် ထိုအိဗ်ရာဟီမ်၏ထံသို့ ဝင်ရောက်ခဲ့၍ ‘စလာမ်’ (ငြိမ်းချမ်းစွာရှိပါစေသား)ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ ထိုအိဗ်ရာဟီမ်ကလည်း ‘စလာမ်’ဟူ၍ ပြန်ကြားခဲ့၏။ (တစ်ဖန် မိမိစိတ်ထဲတွင်ဤသူတို့မှာ ငါ)မသိသော သူစိမ်းများပင် ဖြစ်ကြသည်(ဟုမှတ်ချက်ချခဲ့လေ၏၊)

[26] တစ်ဖန် ထိုအိဗ်ရာဟီမ်သည် မိမိအိမ်(ထဲ)သို့ဝင်ပြီးလျှင်(ကင်ထားသော)ဝဖြိုးသည့် နွားကလေးတစ်ကောင်ကို ယူလာခဲ့လေ၏။

[27] ပြီးနောက် (ကင်ထားသော) ထိုနွားကလေးကို ထိုဧည့်သည်တို့အပါး၌ နေရာတကျ တည်ခင်း(ဧည့်ခံ)ခဲ့လေ၏။ (ထို့နောက် ဧည့်သည်တို့အား) အသင်တို့သည် အဘယ်ကြောင့် မစားကြပါသနည်းဟု မေးမြန်းခဲ့၏။

[28] ထို့နောက် (၎င်းတို့စားသုံးခြင်း မပြုကြသောကြောင့်) ထိုအိဗ်ရာဟီမ်သည် မိမိစိတ်ထဲတွင် ၎င်းတို့ ဘက်မှစိုးရိမ်လာခဲ့လေ၏။ (ထိုအခါ) ၎င်းတို့က အသင်သည် မစိုးရိမ်ပါလေနှင့်ဟု ပြောဆိုကြ၏။ ထို့ပြင် ၎င်းတို့သည် ထိုအိဗ်ရာဟီမ်အား အလွန်တရာ အသိပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်းကောင်း ပြောကြားခဲ့ကြ၏။

[29] ထိုရောကာလ ထိုအိဗ်ရာဟီမ်၏ ဇနီးကြင်ရာသည် အသံကျယ်စွာ ပြောဆိုညည်းညူလျက် ရှေ့သို့ရောက်ရှိ၍လာပြီးလျှင် မိမိနဖူးကို လက်ဝါးဖြင့်ရိုက်ကာ အသက်အရွယ် ကြီးရင့်အိုမင်းလျက်ရှိသော မြုံ၍နေသော မိန်းမတစ်ဦးသည်(သားဖွားဦးမည်လော)ဟု ပြောဆိုခဲ့လေ၏။

[30] ထို့အခါ ထိုဧည့်သည်တော်တို့က အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် နက်နဲသိမ်မွေ့သော အသိပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို)အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟူ၍ ပြန်ကြားခဲ့ကြကုန်သတည်း။

[31] (ထိုအခါ) ထိုအီဗ်ရာဟီမ်က သို့ဖြစ်လျှင် အသင်တို့၌ မည်သည့် အရေးကိစ္စ ရှိသနည်းဟု မေးမြန်းခဲ့လေ၏။

[32] ၎င်းတို့က ပြောကြားခဲ့ကြလေသည်။ ဧကန်အမှန် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြကုန်သော အမျိုးသားတို့ထံ စေလွှတ်ခြင်း ခံခဲ့ကြရကုန်၏။

[33] ကျွန်ုပ်တို့သည် ၎င်းတို့အပေါ်၌ ရွှံ့စေးဖြင့် ပြီးသော (ကျောက်)ခဲများကို ရွာသွန်းချစေရန် (စေလွှတ်ခြင်းခံခဲ့ကြရလေသည်)။

[34] (ယင်းကျောက်ခဲများမှာ) တရားစည်းကမ်း ကျူးလွန်သူတို့အဖို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ မှတ်သားပြီးဖြစ်၏။

[35] ထိုအခါ ငါအရှင်မြတ်သည် ယင်းမြို့ရွာ၌ ရှိကုန်သော ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ထုတ်ယူ လွတ်မြောက်စေတော်မူခဲ့၏။

[36] သို့ရာတွင် ငါအရှင်မြတ်သည် ထိုမြို့ရွာ၌ မွတ်စ်လင်မ် အိမ်တစ်အိမ်သာလျှင် တွေ့ရှိတော်မူခဲ့၏။

[37] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမြို့ရွာတွင် နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် သောသူတို့အကျိုးငှာ သက်သေလက္ခဏာတစ်ပါးကို ကျန်ရစ်စေတော်မူခဲ့ပေသတည်း။

[38] ၎င်းပြင် မူစာ(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်လည်း (သက်သေလက္ခဏာ)ရှိ၏။ အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမူစာအား ‘ဖစ်ရ်အောင်န်’၏ထံ သို့ ထင်ရှားစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။

[39] သို့ရာတွင် ‘ဖစ်ရ်အောင်န်’မှာ မိမိစွမ်းအင်ကိုအားကိုး၍ မျက်နှာလွှဲခဲ့၏။ (မိမိ၏အခြွေအရံ အသင်း အပင်းများနှင့်အတူ သွေဖည် ကျောခိုင်းသွားခဲ့၏။) ထို့ပြင် ၎င်းကတမန်တော်(မူစာအား) ပဉ္စလက်ဆရာ သို့မဟုတ် ရူးသွပ်သူဖြစ်သည်ဟူ၍ ပြောဆိုခဲ့လေ၏။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊ ထို ‘ဖစ်ရ်အောင်န်’၏ စစ်သည်တို့အားလည်းကောင်း၊ ဖမ်းဆီး၍ သမုဒ္ဒရာ ပင်လယ်ထဲသို့ပစ်ချတော်မူခဲ့၏။ စင်စစ် ထိုဖစ်ရ်အောင်န် မှာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချအပ်သောသူဖြစ်ခဲ့၏။

[41] ထို့ပြင် ‘အာဒ်’ အမျိုးသားတို့(၏အဖြစ်အပျက်)၌လည်း (သင်ခန်းစာ)ရှိပေသည်။ တစ်ရံရော အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မင်္ဂလာကင်းမဲ့သော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။

[42] ယင်းလေပြင်းမုန်တိုင်းသည် မည်သည့် တစ်စုံတစ်ရာပေါ်၌မဆို သက်ရောက်ခဲ့သည်ရှိသော် ထိုအရာဝတ္ထုကို ဆွေးမြည့်ပြီး အပိုင်းပိုင်းအစစ ဖြစ်ဘိသကဲ့သို့ ပြုလုပ်ခဲ့သည်ချည်းသာ။

[43] ထိုမှတစ်ပါး ‘ဆမူဒ်’ အမျိုးသားတို့(၏အဖြစ်အပျက်)၌လည်း (သင်ခန်းစာ)ရှိ၏။ အခါတစ်ပါး၌ ၎င်းတို့သည် ပြောကြားခြင်းကို ခံခဲ့ကြရလေ၏။ အသင်တို့သည် အနည်းငယ်မျှ ကာလတိုင်အောင် အကျိုးကျေးဇူး ခံစားကြလေကုန်၊

[44] သို့ရာတွင် ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို ပုန်ကန်ခဲ့ကြပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ ရှုမြင်ရှိနေကြစဉ်မှာပင် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

[45] ထိုအခါ ၎င်းတို့မှာ မတ်တပ်ရပ်နေရန်ပင် မတတ်စွမ်းနိုင်ခဲ့ကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် လက်စားချေနိုင်ခဲ့ကြသည်လည်း မရှိချေ။

[46] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) (၎င်းတို့)အလျင် နူဟ်၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်မလွဲ ၎င်းတို့မှာကား အမိန့်တော်ကို ဖောက်ဖျက်ကျူးလွန်သော အမျိုးသားတို့ပင် ဖြစ်ခဲ့ကြကုန်သတည်း။

[47] ၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို တန်ခိုးတော်ဖြင့် ပြုလုပ်တော်မူခဲ့၏။ စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ကျယ်ဝန်းစွာသော တန်ခိုးတော်ရှင်ဖြစ်တော်မူ၏။

[48] ထိုနည်းတူစွာ ငါအရှင်မြတ်သည် ပထဝီမြေကို ခင်းကျင်းတော်မူခဲ့၏။ စင်စစ်မှာကား (ငါအရှင်မြတ်သည်)လွန်စွာကောင်းမြတ်သော ခင်းကျင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[49] ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရယူကြအံ့သောငှာ အရာဝတ္ထုတိုင်းကို နှစ်မျိုးနှစ်စား ဖန်ဆင်းတော်မူခဲ့၏။

[50] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြေးလွှားကြလေကုန်။ ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်၏အထံတော်မှ ထင်ရှားစွာ သတိပေးနှိုးဆော်သူဖြစ်၏။

[51] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာ ကိုးကွယ်ရာကို ဖက်စပ်သတ်မှတ်ခြင်း မပြုကြကုန်လင့်။ ဧကန်အမှန် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်အထံတော်မှ ထင်ရှားစွာ သတိပေး နှိုးဆော်သူပင် ဖြစ်ပေသတည်း။

[52] ထိုနည်းတူစွာ ၎င်းတို့အလျင် ရှိခဲ့ကြသောသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါး လာရောက်ခဲ့တိုင်း ထိုသူတို့သည် (ရစူလ်တမန်တော်)အား ပဉ္စလက်ဆရာဖြစ်သည် ဟူ၍သော်လည်းကောင်း၊ ရူးသွပ်သောသူဖြစ်သည် ဟူ၍သော်လည်းကောင်း၊ ပြောဆို ခဲ့ကြကုန်၏။

[53] ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ဤအတိုင်း ပြောဆိုကြရန် မှာကြားခဲ့ကြလေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ် ၎င်းတို့(အားလုံး)မှာကား ဆိုးသွမ်းသူတို့ပင် ဖြစ်ခဲ့ကြကုန်၏။

[54] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား လျစ်လျူရှုနေပါလေ။ အကြောင်းသော်ကား အသင်သည် ပြစ်တင်ခြင်းခံရမည် မဟုတ်သောကြောင့်ပင်။

[55] ထိုမှတစ်ပါး အသင်သည် ဆုံးမဩဝါဒပေးလျက်ရှိပါလေ။ အဘယ်ကြောင့်ဆိုသော် ဆုံးမဩဝါဒသည်’မုအ်မင်န်’သက်ဝင် ယုံကြည်သူတို့အား အကျိုးရှိစေသောကြောင့်ပင်။

[56] စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အား လည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ် ကြရန်သာလျှင် ဖန်ဆင်းတော်မူခဲ့၏။

[57] ငါအရှင်မြတ်သည် ၎င်းတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်အား ၎င်းတို့ ကျွေးမွေးကြရန်ကိုလည်း ငါအရှင်မြတ်သည် အလိုရှိတော်မူသည် မဟုတ်ပေ။

[58] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ပင် စားနပ်ရိက္ခာ ချီးမြှင့် ပေးသနားတော်မူသောအရှင်၊ စွမ်းအားကို ပိုင်ဆိုင်တော်မူသောအရှင်၊ ကြံ့ခိုင်တော် မူသောအရှင်၊ဖြစ်တော်မူ၏။

[59] သို့ဖြစ်ပေရာ မတရားမှုကို ကျူးလွန်ကြကုန်သောသူတို့၌ ၎င်းတို့နှင့် ဝါဒတူဖြစ်ခဲ့ကြသောသူတို့၌ ရှိခဲ့သောပြစ်ဒဏ်၏ ဝေစုဝေပုံကဲ့သို့ ၎င်းတို့၌လည်း ပြစ်ဒဏ်၏ ဝေစုဝေပုံရှိချေမည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်တွင် (ပြစ်ဒဏ်)ကို အဆောတလျင် တောင်းဆိုခြင်း မပြုကြရ။

[60] အချုပ်မှာကား ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့၌ ၎င်းတို့ ချိန်းဆိုခြင်းခံကြရသောနေ့တွင် ပျက်စီးခြင်းသည် ရှိချေအံ့သတည်း။

တောင်

Surah 52

[1] (ငါအရှင်မြတ်သည်)တောင်ကို-တူရ်တောင်ကို သက်သေထူတော်မူ၏။

[2] ၎င်းပြင်(ငါအရှင်မြတ်သည်)ရေးသားပြီးဖြစ်သော(ဤ)ကျမ်းဂန် (မှတ်တမ်း)တော်ကို သက်သေထူတော်မူ၏။

[3] ဖြန့်ထားသော စာရွက်ပေါ်၌။

[4] ၎င်းပြင် စည်ပင်သာယာသော အိမ်တော်'ဗိုက်တိမအ်မူရ်' အိမ်တော်ကို သက်သေထူတော်မူ၏။

[5] ထို့ပြင် (ငါအရှင်မြတ်သည်) မြင့်စွင့်သော အမိုးကို သက်သေထူတော်မူ၏။

[6] ထို့ပြင် (ငါအရှင်မြတ်သည်) လျှံတက်လျက်ရှိသော သမုဒ္ဒရာပင်လယ်ကို သက်သေထူတော်မူ၏။

[7] ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်သည် အမှန်ပင် ကျရောက်မည်ဖြစ်၏။

[8] ယင်းပြစ်ဒဏ်ကို ပယ်ရှားအံ့သော သူဟူ၍အလျှင်း မရှိပြီ။

[9] (ယင်းပြစ်ဒဏ်သည်)အကြင်နေ့တွင်(ကျရောက်ပေမည်)၊ ထိုနေ့တွင် မိုးကောင်းကင်မှာ တုန်လှုပ်အက်ကွဲ၍ သွားပေမည်။

[10] ၎င်းပြင် တောင်များသည် ရွေ့လျား၍ သွားကြပေမည်။

[11] သို့ဖြစ်ပေရာ ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သော သူတို့၌ ပျက်စီးခြင်းသည် ရှိချေမည်။

[12] အကြင်သူတို့သည် အချည်းနှီးသော ပြောဆိုမှု၌ မွေ့လျော်လျက် ရှိကြကုန်၏။

[13] အကြင်နေ့တွင် ၎င်းတို့သည် ‘ဂျဟန္နမ်’ ငရဲ၏မီးရှိရာသို့ တွန်းပို့ခြင်းကို ခံကြရပေမည်။

[14] ဤသည်ပင် မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော ငရဲမီးပင် ဖြစ်၏။

[15] သို့ဖြစ်ပေရာ ဤသည် စုန်းပယောဂ ဖြစ်လေသလော၊ သို့တည်းမဟုတ် အသင်တို့သည် (ယခုတိုင်) မမြင်ကြလေသလော။

[16] အသင်တို့သည် ယင်းငရဲမီးထဲသို့ ဝင်ရောက်ကြလေကုန်။ ထို့နောက် အသင်တို့သည် သည်းခံကြသည်ဖြစ်စေ၊ သည်းမခံကြသည်ဖြစ်စေ၊ အသင်တို့ အဖို့ အကြောင်းမထူးပြီ။အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြသော အမှုကိစ္စများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရသည်သာတည်း။

[17] ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာကား ဥယျာဉ်များ၌လည်းကောင်း၊ အံ့မခန်းသုခ၌လည်းကောင်း၊ ရှိကြပေမည်။

[18] ၎င်းတို့သည် ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော သစ်သီးဝလံများကို စားသုံးလျက်ရှိကြပေမည်။ (တစ်နည်း) [ချီးမြှင့်ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြပေမည်။] ထိုမှတစ်ပါး ၎င်းတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲမီး ပြစ်ဒဏ်မှလည်း လွတ်ကင်းစေတော်မူပေမည်။

[19] (ထိုမှတစ်ပါး ၎င်းတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ အသင်တို့သည် မိမိတို့ ကျင့်မူလျက် ရှိခဲ့ကြလေသော ကောင်းမှုတို့၏အစား အရသာခံစားကြလျက်(မြိန်ရှက်စွာ) စားသောက်ကြလေကုန်။

[20] (၎င်းတို့သည်) စနစ်တကျ ခင်းကျင်း၍ထားရှိသော သလွန်များထက်ဝယ် မှီအုံးများ မှီလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား လွန်စွာဖြူ၍ လှပတင့်တယ်သော၊ မျက်စိလှပသော မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူအံ့သတည်း။

[21] ထိုမှတစ်ပါး အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့၏သားမြေး တို့သည်လည်း’အီမာန်’ သက်ဝင် ယုံကြည်မှုနှင့်တကွ ၎င်းတို့၏နောက်သို့လိုက်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့၏သားမြေးတို့အား ၎င်းတို့နှင့်အတူ ပူးပေါင်းထားတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်တို့ အနက်မှလည်း မည်သည့် တစ်စုံတစ်ရာကိုမျှ လျော့နည်းစေတော်မူမည် မဟုတ်ပြီ။ လူတိုင်းမှာ မိမိရှာဖွေဆည်းပူးမှု၌ ပေါင်နှံ ချုပ်နှောင်ထားပြီး ဖြစ်၏။

[22] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့ အလိုဆန္ဒရှိကြလေသော အမျိုးအစားမှ သစ်သီးဝလံများကိုလည်းကောင်း၊ အသားများကိုလည်းကောင်း၊ အစဉ်မပြတ် တိုး၍ ပေးသနားတော်မူပေမည်။

[23] ၎င်းတို့မှာ ယင်း ‘ဂျန္နတ်’ သုခဘုံ၌ အရက်အပြည့်ရှိသော ခွက်များကို လုယက်ယူငင်ကြပေမည်။ ယင်းအရက်(ကိုသောက်သုံးခြင်း)၌ အချည်းနှီးသော စကားပြောဆိုမှု ရှိလိမ့်မည်မဟုတ်ပေ။ အပြစ်ဖြစ်ရန် အကြောင်းလည်း ရှိချိမ့်မည် မဟုတ်ပေ။

[24] ထိုမှတစ်ပါး ၎င်းတို့ထံ ၎င်းတို့ ပိုင်ဆိုင်ကြကုန်သော လုလင်တို့သည် (ထိုမှ-ဤမှ) လှည့်ပတ် သွားလာလျက် ရှိကြပေမည်။ ထို ကံကျွေးလုလင်တို့မှာ လုံခြုံစွာထားရှိသော ပုလဲများကဲ့သို့ပင် ရှိကြပေမည်။

[25] ထို့ပြင် ၎င်းတို့အနက် တစ်ဦးသည်တစ်ဦး၏ ဘက်သို့လှည့်ကာ အချင်းချင်း စုံစမ်းမေးမြန်းကြပေမည်။

[26] ၎င်းတို့သည် (ဤသို့) ပြောဆိုကြပေမည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က မိမိတို့အိမ်သူ အိမ်သားတို့နှင့်ရှိနေစဉ် ကြောက်ရွံ့စိုးရိမ်လျက် ရှိခဲ့ကြကုန်၏။

[27] သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား အပူအရှိန် ပြင်းလှစွာသော ‘ဂျဟန္နမ်’ ငရဲ၏ပြစ်ဒဏ်မှလည်း ကင်းလွတ်စေတော် မူခဲ့၏။

[28] ဧကန်အမှန် ကျွန်ုပ်တို့သည် ရှေးအထက်ကျော်ကာလ၌ ထိုအရှင်မြတ်အထံတော်တွင် ဆုတောင်းလျက် ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်မှာကား လွန်စွာ ကျေးဇူးပြုတော်မူသောအရှင်၊ လွန်စွာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[29] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် သတိပေးဆုံးမလျက် ရှိပါလေ။ စင်စစ်သော်ကား အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်အားဖြင့် အနာဂတ်ဟော ဆရာလည်း မဟုတ်ပေ၊ရူးသွပ်သူလည်း မဟုတ်ပေ။

[30] သို့တည်းမဟုတ် ၎င်းတို့က (ဤမုဟမ္မဒ်) (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)သည် ကဗျာဆရာဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကံအားလျော်စွာ ဆိုက်ရောက်လာအံ့သော ခေတ်ကာလ၏ဘေးအန္တရာယ်ကို ဆိုက်ရောက်လာအံ့သော သေဘေးကို စောင့်ဆိုင်း၍ နေကြသည်ဟု ပြောဆိုကြလေသလော။

[31] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် စောင့်ဆိုင်း၍ နေကြလေကုန်။ သို့ဖြစ်လျှင် ဧကန်အမှန် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။

[32] သို့တည်းမဟုတ် ၎င်းတို့၏ အသိဉာဏ်များက ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့အား အမိန့်ပေးလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူများ ဖြစ်ကြလေသလော။

[33] သို့တည်းမဟုတ် ၎င်းတို့က ထိုသူ(တမန်တော်မြတ်)သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြံစည်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ ကိုယ်တိုင် သက်ဝင်ယုံကြည်ခြင်းမရှိကြပေ။

[34] သို့ဖြစ်လျှင် အကယ်၍ ၎င်းတို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ယင်း(ကုရ်အာန်ကျမ်းမြတ်)ကဲ့သို့သော အာယတ်တော် တစ်စုံတစ်ရာကို ၎င်းတို့ ယူဆောင်၍ လာကြရပေမည်။

[35] သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။

[36] သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းခဲ့ကြလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။

[37] သို့တည်းမဟုတ် ၎င်းတို့ထံ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် ကွပ်ကဲ အုပ်ချုပ်သူများပင် ဖြစ်ကြလေသလော။

[38] သို့တည်းမဟုတ် ၎င်းတို့၌ လှေကား တစ်စုံတစ်ခုရှိနေ၍ ၎င်းတို့သည် ထိုလှေကားဖြင့် (မိုးကောင်းကင်မှ စကားများကို) နားထောင်ကြလေသလော။ သို့ဖြစ်လျှင် ၎င်းတို့အနက်မှ နားထောင်သောသူသည် ထင်ရှားစွာသော သက်သေသာဓကကို ဆောင်ယူခဲ့ရပေမည်။

[39] သို့တည်းမဟုတ် ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြပြီး၊ ၎င်းတို့၌မူ သားယောက်ျားကလေးများ ရှိကြလေသလော။

[40] သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ အခကျေးဇူးတစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် ၎င်းတို့သည် ကြွေးမြီပေးဆပ်ရန် တာဝန်၌ပိလျက် ရှိနေကြလေသလော။

[41] သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာရှိသောကြောင့်) ၎င်းတို့သည် ရေးမှတ်ထားကြလေသလော။

[42] သို့တည်းမဟုတ် ၎င်းတို့သည် တစ်စုံတစ်ရာမကောင်း ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ ဖြစ်လျှင် 'ကာဖိရ်' သွေဖည် ငြင်းပယ်ကြကုန်သော သူတို့သည်ပင်လျှင် မကောင်းသော အကြံအစည်၌ မိနေကြကုန်၏။

[43] သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် အပြင် ကိုးကွယ်ရာအရှင်မြတ် တစ်ပါးပါးရှိလေသလော။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူပေသတည်း။

[44] စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည် မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာသည် ကိုတွေ့မြင်ကြသည် ရှိအံ့ငြားလည်း (ဤသည်)အထပ်ထပ် ထပ်ဆင့်ထားသော မိုးတိမ်သာလျှင် ဖြစ်သည်ဟု ဆိုကြဦးပေမည်။

[45] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့၏အကြင်နေ့နှင့် တွေ့ကြုံကြရသည်အထိ စွန့်လွှတ်၍ ထားရှိပါလေ၊ ထိုနေ့တွင် ၎င်းတို့သေဆုံးကြပေမည်။

[46] အကြင်နေ့တွင် ၎င်းတို့အဖို့ ၎င်းတို့၏အကြံအစည်သည် လုံးဝအသုံးမဝင်မည့်အပြင် ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[47] ထိုမှတစ်ပါး မတရားမှုကို ကျူးလွန်ခဲ့ကြသောသူတို့၌ ယင်းသည့်အလျင်လည်း ပြစ်ဒဏ်(ကျရောက် မည်ဖြစ်၏၊) သို့ရာတွင် ၎င်းတို့အနက် အများစုသောသူတို့မှာ သိရှိကြသည်မဟုတ်ပေ။

[48] (သို့ဖြစ်ပေရာ) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို သည်းခံ၍စောင့်ဆိုင်းပါလေ။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင်။ ထိုမှတစ်ပါး အသင်သည် (ထိုင်ရာမှပြန်)ထသောအခါ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အား ချီးမွမ်း ထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။

[49] ထိုမှတစ်ပါး အသင်သည် ညဉ့်၌လည်းကောင်း၊ကြယ်များ (ကွယ်ပျောက်သွားသည့်) နောက်ပိုင်းတွင် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။

ကြယ်

Surah 53

[1] (ငါအရှင်မြတ်သည်) ကြယ်တာရာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုကြယ်တာရာသည် ကွယ်ပျောက်၍သွားလေ၏။

[2] အသင်တို့၏အဖော် (တမန်တော်မြတ် မုဟမ္မဒ်)သည် လမ်းလွဲနေသည်လည်း မဟုတ်ပေ။ လမ်းမှားကို လိုက်ခဲ့သည်လည်း မဟုတ်ပေ။

[3] ထိုမှတစ်ပါး ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်)သည် (မိမိ)စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည်လည်း မဟုတ်ပေ။

[4] ယင်းပြောဆိုမှုကား (အလ္လာဟ်အရှင်မြတ် အထံတော်မှ) ထုတ်ပြန်ခြင်း ခံရလေသော ထုတ်ပြန်ချက် သာလျှင်ဖြစ်ပေသည်။

[5] (အသင်တို့၏) ထိုအဖော်အား အလွန်အားအင်ကြီးမားသူ (ကောင်းကင်တမန်)သည် သင်ကြားပို့ချ၍ ပေးခဲ့လေ၏။

[6] စွမ်းအင်နှင့်ပြည့်စုံသူဖြစ်သော လွန်စွာလှပတင့်တယ်သူဖြစ်သော၊ ထို့နောက် ထို(ကောင်းကင် တမန်)သည်နဂိုမူလ ရုပ်သဏ္ဌာန်နှင့် အထင်အရှား ပေါ်လာခဲ့၏။

[7] ထိုစဉ်အခါဝယ် ထို(ကောင်းကင်တမန်)သည် မြင့်စွင့်လှစွာသော မိုးကုပ်စက်ဝိုင်း၌ ရှိနေခဲ့၏။

[8] ထို့နောက် ထို(ကောင်းကင်တမန်)သည် ချဉ်းကပ်၍ လာခဲ့၏။ ထို့နောက်တစ်ဖန် ထပ်မံ၍ ချဉ်းကပ်ခဲ့ပေရာ။

[9] လေးနှစ်ပြန်မျှသာ ဝေးကွာလေတော့၏။စင်စစ် ထို့ထက်ပင် ပို၍ နီးကပ်စွာရှိခဲ့လေ၏။

[10] ထိုအခါ ထိုအရှင်မြတ်သည် မိမိ၏ကျွန်(မုဟမ္မဒ်)ထံသို့ မိမိထုတ်ပြန်(လိုသော)ထုတ်ပြန်ချက်များကို ထုတ်ပြန်တော်မူခဲ့လေ၏။

[11] (ထိုအသင်တို့အဖော်၏)စိတ်နှလုံးသည် တွေ့မြင်ခဲ့သော အရာများနှင့်စပ်လျဉ်း၍ မှားယွင်းခြင်း မရှိခဲ့ပေ။

[12] သို့ပါလျက် အသင်တို့သည် ထိုအဖော်နှင့် ၎င်းတွေ့မြင်ခဲ့သော အရာများတွင် အငြင်းအခုံ ပြုနေကြလေသလော။

[13] ထိုမှတစ်ပါး ထိုအဖော်သည် ထို(ကောင်းကင်တမန်)အား ဒုတိယအကြိမ် ဆင်းသက်ရာ၌ မုချဧကန်တွေ့မြင်ခဲ့၏။

[14] နယ်စွန်နယ်ဖျား၌ရှိသော ဆီးပင် ‘စစ်ဒ်ရတုလ်မွန်တဟာ’ ဆီးပင်၏အနီးတွင်။

[15] ယင်းဆီးပင်၏ အနီး၌ပင် ‘ဂျန္နတုလ်မအ်ဝါ’သုခဘုံ ရှိ၏။

[16] အကြင်အခါဝယ် ဆီးပင်ကို ဖုံးလွှမ်းလျက်ရှိသောအရာများသည် ဖုံးလွှမ်းလျက်ရှိ၏။

[17] (ထိုအဖော်၏) မျက်စိသည် သွေချော်ခဲ့သည်လည်း မရှိချေ။ ကျော်လွန်သွားခဲ့သည်လည်း မရှိချေ။

[18] ဧကန်မလွဲ ထိုအဖော်သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတော်များကို တွေ့မြင်ခဲ့သည်မှာ အမှန်ပေတည်း။

[19] သို့ဖြစ်ပေရာ အသင်တို့သည် ‘လားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘အွဇ္ဇာ’ နှင့်စပ်လျဉ်း၍လည်းကောင်း။

[20] အခြား တတိယမြောက်ဖြစ်သော ‘မနားတ်’နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆင်ခြင်သုံးသပ်ခြင်းကို ပြုခဲ့ကြလေသလော။

[21] အသင်တို့၌ သားယောက်ျားကလေးများ ရှိကြ၍ ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြလေသလော။

[22] ဤသည်ကား လွန်စွာမမျှတသော ခွဲဝေမှုပင်။

[23] ယင်း(ဆိုခဲ့ပြီးသော ရုပ်တု)တို့မှာ အသင်တို့ ကိုယ်တိုင်သည်လည်းကောင်း၊ အသင်တို့၏ အဘ၊ ဘိုး ဘေးတို့သည်လည်းကောင်း၊ မှည့်ခေါ်ထားသော အမည်နာမများသာလျှင် ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့(ကိုကိုးကွယ်ရန်)နှင့် စပ်လျဉ်း၍ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခဲ့သည် မဟုတ်ပေ။ ထိုသူတို့ကား ရမ်းဆထင်မြင်ချက်နှင့် စိတ်အလိုဆန္ဒများကိုသာလျှင် လိုက်နာလျက် ရှိကြကုန်၏။ အမှန်မှာ ၎င်းတို့ထံသို့ ၎င်းတို့၏ အရှင်ထံမှ အမှန်တရားသည် ရောက်ရှိလာခဲ့ချေပြီ။

[24] ‘မနုဿ’လူသား၌ ၎င်းအာသာဆန္ဒရှိသမျှ ရရှိလေသလော။

[25] စင်စစ်မှာကား တမလွန်ဘဝသည် လည်းကောင်း၊ လောကီဘဝသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်(၏လက်တော်တွင်း)၌သာရှိ၏။

[26] စင်စစ်သော်ကား မိုးကောင်းကင်များ၌ မြောက်မြားစွာသော ကောင်းကင်တမန်တို့သည် ရှိကြကုန်၏။ (သို့ရာတွင်) ၎င်းတို့၏ ကြားဝင် အသနားခံပေးမှုသည်ပင် အလ္လာဟ်အရှင်မြတ်က မိမိအလိုရှိတော်မူ၍ ကျေနပ်တော်မူသောသူနှင့် ပတ်သက်၍ ခွင့်ပြုတော်မူပြီး နောက်မှသာလျှင် အသုံးဝင်နိုင်အံ့သတည်း။

[27] ဧကန်စင်စစ် ‘အာခိရတ်’တမလွန်ကို မယုံကြည်သော သူတို့သည် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့အား မိန်းမများ၏ အမည်နာမများဖြင့် မှည့်ခေါ်ကြကုန်၏။

[28] စင်စစ်သော်ကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်သက်သေ အထောက်အထား အသိပညာမျှ မရှိပြီ။ ၎င်းတို့သည် ရမ်းဆထင်မြင်မှုကိုသာလျှင် လိုက်နာကြကုန်၏။ သို့ရာတွင် ရမ်းဆ ထင်မြင်မှုမှာ အမှန်တရားနှင့် ယှဉ်ပြိုင်၍ လုံးဝအသုံးဝင်သည် မဟုတ်ပေ။

[29] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား လျစ်လျူရှု၍ နေပါလေ။ ထိုသူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒတော်မှ မျက်နှာလွှဲ၍ နေခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် လောကီဘဝမှတစ်ပါး အခြားတစ်စုံတစ်ရာကို ရည်ရွယ်ကြသည် မဟုတ်ပေ။

[30] ဤသည် ၎င်းတို့၏ အမြင့်ဆုံးသော အသိပညာပင်။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် ထိုအရှင်မြတ်၏လမ်းမှ လွဲချော်သူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် တရား လမ်းရရှိသောသူအား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။

[31] ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကြကုန်၏။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြသောသူတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြသည်၏ အကျိုးကို ပေးတော်မူအံ့၊ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ကောင်းမှု ပြုခဲ့ကြသောသူတို့အား ကောင်းမြတ်သော အကျိုးကို ပေးတော်မူအံ့။

[32] (ထိုကောင်းမှုပြုသူတို့မှာ) အသေးအဖွဲပြစ်မှုများကို (မတော်တဆ) ပြုမိကြသော်လည်း ကြီးလေးသော ပြစ်မှုတို့မှလည်းကောင်း၊ ညစ်ညမ်းမှုတို့မှလည်းကောင်း၊ (အထူး)ကြဉ်ရှောင်ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျယ်ဝန်းလှစွာသော လွတ်ငြိမ်း ချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား မြေဖြင့် ဖန်ဆင်းတော်မူခဲ့စဉ်အခါ၌ အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။အသင်တို့သည် မိမိတို့၏ မိခင်များ၏ ဝမ်းဗိုက်များတွင် သန္ဓေတည်စ ကလေးဘဝ၌ရှိခဲ့စဉ် အခါ၌လည်း အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ မြင့်မြတ်သည် စင်ကြယ် သန့်ရှင်းသည်ဟု မထင်ကြကုန်လင့်။ ထိုအရှင်မြတ်သည်သာလျှင် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။

[33] (အို-နဗီတမန်တော်)၊ အသင်သည် အကြင်သူအား မမြင်ခဲ့လေသလော။ ထိုသူသည် မျက်နှာလွှဲ သွားခဲ့၏။

[34] ၎င်းပြင် ထိုသူသည် အနည်းငယ်မျှ (ပစ္စည်း) ကိုပေး၍(ယခု) ပိတ်ပင်ခဲ့၏။

[35] ၎င်း၏ထံတွင် အကွယ်၌ရှိသည်ကို သိစွမ်းနိုင်သော အသိပညာရှိနေသောကြောင့် ၎င်းသည် တွေ့မြင်လေသလော။

[36] ၎င်းသည် ‘မူစာ’၏ ကျမ်းများ၌ လာရှိသည်ကိုလည်းကောင်း၊

[37] (အမိန့်တော်များကို) ကျေပွန်စွာဆောင်ရွက်ခဲ့သော ‘အိဗ်ရာဟီမ်’၏ကျမ်းတော်များ၌ လာရှိသည်ကိုလည်းကောင်း၊ သတင်းပေးခြင်း မခံခဲ့ရလေသလော။

[38] ဧကန်စင်စစ် မည်သည့်သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုး ရွက်ဆောင်မည်မဟုတ် ဟူ၍လည်းကောင်း။

[39] ဧကန်မလွဲ မနုဿလူသား၌ ၎င်း၏ ကြိုးပမ်းဆောင်ရွက်ချက်သာလျှင် ရှိမည်ဟူ၍လည်းကောင်း၊

[40] မုချဧကန် ထိုမနုဿလူသား၏ ကြိုးပမ်း ဆောင်ရွက်ချက်မှာ မကြာမြင့်မီပင် တွေ့မြင်ရမည်ဟူ၍ လည်းကောင်း၊

[41] ထို့နောက် ထိုမနုဿ လူသားသည် ယင်းကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ လွန်စွာပြည့်စုံသော အစားပေးခြင်းကို ခံရမည်ဟူ၍ လည်းကောင်း၊ (သတင်းပေးခြင်း မခံခဲ့ရလေသလော)။

[42] ၎င်းပြင် (အို-နဗီတမန်တော်၊) ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ ဖြစ်သည်ဟူ၍လည်းကောင်း၊

[43] စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် ရယ်စေတော်မူသည်၊ ငိုကြွေးစေတော်မူသည်ဟူ၍လည်းကောင်း၊

[44] ထိုအရှင်မြတ်သည် မချွတ်မလွဲ သေစေတော်မူသည်၊ ရှင်စေတော်မူသည်ဟူ၍လည်းကောင်း၊

[45] ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဖိုနှင့်မ နှစ်မျိုးနှစ်စားလုံးကို ဖန်ဆင်းတော်မူခဲ့သည် ဟူ၍ လည်းကောင်း၊

[46] ကလလရေကြည်ဖြင့်၊ ယင်းကလလရေကြည်သည် သွန်းလောင်းခြင်းခံရသောအခါ၊

[47] ထိုမှတစ်ပါး မုချစင်စစ် ဒုတိယအကြိမ် ဖန်ဆင်းမှုသည် ထိုအရှင်မြတ်၏တာဝန်ပင် ဖြစ်သည်ဟူ၍ လည်းကောင်း၊

[48] အမှန်ဧကန် ထိုအရှင်မြတ်သည် ကုံလုံကြွယ်ဝစေတော်မူသည်၊ ဆင်းရဲနွမ်းပါးစေ- ဥစ္စာပစ္စည်းချီးမြှင့် ပေးသနား တည်မြဲစေတော်မူသည်ဟူ၍ လည်းကောင်း၊

[49] အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ‘ရှစ်အ်ရာ’(လုဒ္ဒက)ကြယ်ကို ဖန်ဆင်းတော်မူသော အရှင်မြတ် ဖြစ်တော်မူသည် ဟူ၍လည်းကောင်း၊

[50] မလွဲဧကန် ထိုအရှင်မြတ်သည်ပင် ပထမ’အာဒ်’အမျိုးသားတို့အား ဖျက်ဆီးတော်မူခဲ့သည်ဟူ၍ လည်းကောင်း၊

[51] (ထိုအရှင်မြတ်သည်ပင်) ‘ဆမူဒ်’ အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့ပေရာ) တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချန်တော်မူခဲ့သည် မဟုတ်ပေ။

[52] ထိုနည်းတူစွာ ရှေးအထက်ကျော်ကာလ၌ ‘နူဟ်’၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ် ထို ‘နူဟ်’ ၏အမျိုးသားတို့မှာ ပိုမို၍ပင် မတရားသောသူများ၊ ပိုမို၍ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။

[53] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ထက်အောက် ပြောင်းပြန်လှန်ပြီးဖြစ်သော ရွာများကိုလည်း ကိုင်ပေါက်တော်မူခဲ့၏။

[54] ထို့နောက် ယင်းရွာများကို ဝန်းဝိုင်း ဖုံးလွှမ်းခဲ့သောအရာသည် ဝန်းဝိုင်း ဖုံးလွှမ်းခဲ့၏။

[55] သို့ဖြစ်ပေရာ (အို-ကြားနာသူ၊) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များနှင့် စပ်လျဉ်း၍ ဒွိဟ သံသယဖြစ်လျက် ရှိသည်နည်း။

[56] ဤ(တမန်တော်)သည် ရှေးဟောင်း သတိပေးနှိုးဆော်သူတို့တွင် တစ်ပါးအပါအဝင်ဖြစ်၏။

[57] နီးကပ်၍လာသောအရာသည် နီးကပ်၍လာခဲ့လေပြီ။

[58] ထိုနီးကပ်၍လာသောအရာကို အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဖယ်ရှားအံ့သောသူဟူ၍ အလျင်းမရှိပြီ။

[59] အသင်တို့သည် ဤအာယတ်တော်ကြောင့် အံ့ဩ၍ နေကြလေသလော။

[60] ထို့ပြင် အသင်တို့သည် ငိုကြွေးခြင်းမရှိကြသည့်ပြင် ရယ်မော၍ နေကြလေသလော။

[61] ထိုမှတစ်ပါး အသင်တို့သည် ဂရုမစိုက်ဘဲ ကစားခုန်စား မာန်မာနထောင်လွှားလျက် ရှိကြလေသလော။

[62] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချကြ လေကုန်။ထိုမှတစ်ပါး အသင်တို့သည် (ထိုအရှင် မြတ်အားသာလျှင်) ကိုးကွယ်ကြလေကုန်။

Surah 54

[1] ‘ကိယာမတ်’ ရှင်ပြန်ထရန် အချိန်ကာလသည် နီးကပ်၍လာခဲ့ချေပြီ။ ၎င်းပြင် ‘လ’သည် (နှစ်ခြမ်း) ကွဲခဲ့လေပြီ။

[2] သို့ရာတွင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို တွေ့မြင်ကြလျှင် ကျောခိုင်း၍ သွားကြသည့်ပြင် (ဤသည်)အဓွန့်ရှည်သော ရှေးအစဉ် အလာဖြစ်သော ပဉ္စလက်အတတ်ပညာဖြစ်သည်ဟူ၍ ပြောဆိုလေ့ ရှိခဲ့ကြကုန်၏။

[3] ထို့ပြင် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ၍ မိမိတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြကုန်၏။ စင်စစ်သော်ကား အရေးကိစ္စတိုင်းမှာ (သတ်မှတ်ထားသော အချိန်ကာလတွင်) ဆုံးဖြတ်ပြီး ဖြစ်၏။

[4] ထို့ပြင် ၎င်းတို့ထံ ဧကန်မလွဲ သင်ခန်းစာ လုံလောက်စွာပါရှိသော သတင်းများသည် ရောက်ရှိခဲ့ပေပြီ။

[5] (ဤကုရ်အာန် ကျမ်းတော်မြတ်သည်) ပြည့်စုံသော နက်နဲသိမ်မွေ့သည့် ဉာဏ်ပညာပင် ဖြစ်ချေသည်။ သို့တစေလည်း (ယင်းသို့သောသူများအား) သတိပေးနှိုးဆော်သော အကြောင်းအရာများသည် အကျိုးရှိစေမည် မဟုတ်ပေတကား။

[6] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ နေပါလေ။ အကြင်နေ့တွင် ဆင့်ခေါ်သူ (ကောင်းကင်တမန်)သည် (၎င်းတို့အား)မနှစ်မြို့ဖွယ်ဖြစ်သော ကိစ္စတစ်ခုသို့ ဆင့်ခေါ်ပေမည်။

[7] (ထိုနေ့တွင်) ၎င်းတို့၏မျက်စိများမှာ အောက်သို့စိုက်လျက် ရှိကြပေမည်။ ၎င်းတို့သည် ပျံ့နှံ့လျက် ရှိသောကျိုင်းကောင်များကဲ့သို့ပင် သင်္ချိုင်းများမှ ထွက်လာကြပေမည်။

[8] ဆင့်ခေါ်သူ(ရှိရာ)သို့ ပြေးလျက်လာကြပေမည်။’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ ‘ဤနေ့ကား လွန်စွာခက်ထန်သောနေ့ဖြစ်သည်’ ဟု ပြောဆိုလျက် ရှိကြကုန်အံ့သတည်း။

[9] ၎င်းတို့အလျင်'နူဟ်'၏ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ အမှန်သော်ကား ၎င်းတို့သည် ငါအရှင်မြတ်၏ 'ကျွန်တော်' (နူဟ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အပြင် 'သူရူး'ဖြစ်သည်ဟူ၍လည်း ပြောဆိုခဲ့ကြလေသည်။ ထိုမှတစ်ပါး ထို'နူဟ်'သည် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရလေ၏။

[10] ထိုအခါ ထို'နူဟ်'သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (အို-အရှင်)ဧကန်စင်စစ် ကျွန်တော်မျိုးသည် အရေးမလှသူ (ဖိနှိပ် ခြင်းခံရသူ) ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် လက်စားချေတော်မူပါဟု ပန်ကြားခဲ့လေ၏။

[11] ထိုအခါ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။

[12] ၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေမှ စမ်းများကို ပန်း၍ထွက်စေတော်မူခဲ့ရာ (ထက်အောက်) ရေသည် တင်ရင်စီမံထားသော အရေးကိစ္စ (ပြည့်ဝစေရန်) ရောစပ်၍ သွားခဲ့လေ၏။

[13] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ‘နူဟ်’ အားပျဉ်ချပ်များဖြင့်လည်းကောင်း၊ သံများဖြင့်လည်းကောင်း၊ ပြုလုပ်၍ထားသော (သင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူခဲ့၏။

[14] ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏ စောင့်ရှောက်မှုအောက်တွင် သွားလာ လှုပ်ရှားလျက် ရှိနေခဲ့၏။ (ထိုသည်ကား) ငြင်းပယ်ခြင်း ခံခဲ့ရသောသူ(နူဟ်)နှင့် ပတ်သက်၍ လက်စားချေတော်မူခြင်းပင် ဖြစ်ပေသည်။

[15] ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းအဖြစ်အပျက်ကို (သင်ခန်းစာ ရယူနိုင်ရန်) သက်သေ လက္ခဏာတစ်ပါးအဖြစ် ကျန်ရစ်စေတော်မူခဲ့ရာ၊ သင်ခန်းစာရယူအံ့သောသူ တစ်ဦးတစ်ယောက် ရှိလေသလော။

[16] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့မည်ပုံ ရှိခဲ့သည်ကို (ဆင်ခြင်သုံးသပ်ကြလေကုန်)။

[17] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူ နိုင်ရန်အလို့ငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိသည်လော။

[18] ‘အာဒ်’ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများသည် မည်သို့ရှိခဲ့ပေသနည်း။

[19] စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အဓွန့်ရှည်စွာ မင်္ဂလာကင်းမဲ့သောနေ့တွင် ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။

[20] ယင်းလေပြင်းမုန်တိုင်းမှာ လူတို့အား ဆွဲနှုတ်ခဲ့ရာ ၎င်းတို့သည် အမြစ်မှ ပြုတ်ထွက်ပြိုလဲခဲ့လေသော စွန်ပလွံပင်၏ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြ၏။

[21] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့ရှိခဲ့သနည်း။

[22] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။

[23] ‘ဆမူဒ်’အမျိုးသားတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။

[24] ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့သည် မိမိတို့ အမျိုးအစားထဲမှဖြစ်သော လူသားတစ်ဦး၏နောက်သို့ လိုက်ကြရမည်လော။ သို့ဖြစ်လျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည် လမ်းလွဲမှု၌၊ ထိုမျှမက ရူးသွပ်မှု၌ ကျရောက် သွားကြပေမည်။

[25] ကျွန်ုပ်တို့အနက်မှ ၎င်း၏အပေါ်၌သာ (ရွေးကောက်၍) ‘ဝဟ်ယ်’ အမိန့်တော် ဆုံးမဩဝါဒတော် ချပေးခြင်း ခံခဲ့ရလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းသည် လွန်စွာမုသားပြောဆိုသူ၊ ဝင့်ကြွားသူပင် ဖြစ်ပေသည်။

[26] ၎င်းတို့သည် မည်သူ လွန်စွာမုသားပြောဆို သူ၊ ဝင့်ကြွားသူ၊ ဖြစ်ကြောင်း မကြာမြင့်မီ နက်ဖြန်ပင် သိရှိကြရပေမည်။

[27] ဧကန်အမှန် ငါအရှင်မြတ် ၎င်းတို့အား စမ်းသပ်တော်မူရန် ကုလားအုတ်မကို စေလွှတ်တော်မူအံ့၊ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် ‘ဆွာလစ်ဟ်’၊) အသင်သည် ၎င်းတို့အားသည်းခံ၍ စောင့်စားပါလေ။

[28] ထို့ပြင် အသင်သည် ၎င်းတို့အား ၎င်းတို့(၏တိရစ္ဆာန်များနှင့်ကုလားအုတ်မ)၏အကြား၌(အလှည့် ကျသောက်သုံးရန်) ရေခွဲဝေပြီးဖြစ်ကြောင်း၊ အလှည့်အတိုင်း အသီးသီး လာရောက်ကြရမည်ဖြစ်ကြောင်း သတင်းပေးပါလေ။

[29] ထိုအခါ ၎င်းတို့သည် မိမိတို့အဖော်အား ဟစ်ခေါ်ခဲ့ရာ ထိုအဖော်သည် လာရောက်ပြီးလျှင် ကုလားအုတ်မ၏ ခြေများကို ဖြတ်တောက်ခဲ့လေ၏။

[30] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုများသည် မည်သို့ ရှိခဲ့ပေသနည်း။

[31] စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှစွာသော အသံတစ်ခုကိုသာလျှင် စေလွှတ်တော်မူခဲ့ရာ ၎င်းတို့သည် ကျွဲ၊ နွား တိရစ္ဆာန်များ နေထိုင်ရန် ခြံခတ်သူ၏ သွေ့ခြောက်ကြေမွနေသော သစ်ကိုင်းသစ်လက်များကဲ့သို့ ဖြစ်သွားခဲ့ကြကုန်၏။

[32] ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ် တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။

[33] ‘လူ(တ်)’၏အမျိုးသားတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲပြောဆို ငြင်းပယ်ခဲ့ကြကုန်၏။

[34] ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ခဲမိုးကို ရွာသွန်းစေတော်မူခဲ့၏။ သို့ရာတွင် လူ(တ်) ၏နောက်လိုက်တပည့်သား မျိုးနွယ်တို့ကိုမူကား ငါအရှင်မြတ်သည် ညဉ့်၏ နောက်ဆုံးယံ၌ပင် လွတ်ကင်းစေတော်မူခဲ့၏။

[35] ငါအရှင်မြတ်အထံတော်မှ ကျေးဇူးပြုတော်မူသောအားဖြင့် ကျေးဇူးသိတတ်သောသူအား ငါအရှင်မြတ်သည် ထိုနည်းအတိုင်းပင် အစားပေးလေ့ ရှိတော်မူ၏။

[36] စင်စစ်သော်ကား ဧကန်မလွဲ ထို ‘လူ(တ်)’က ငါအရှင်မြတ် ဖမ်းဆီးအရေးယူတော်မူမည် ဖြစ်ကြောင်း ၎င်းတို့အား သတိပေးနှိုးဆော်ခဲ့သော်လည်း ၎င်းတို့မှာ (ယင်း)သတိပေးနှိုးဆော်မှုများနှင့် စပ်လျဉ်း၍ အငြင်းအခုံ ပြုခဲ့ကြကုန်၏။

[37] ထိုမှတစ်ပါး ၎င်းတို့သည် ထိုလူ(တ်)၏ ဧည့်သည်များကို ၎င်း၏ထံ၌ (မကောင်းသော ရည်ရွယ်ချက်နှင့်)တောင်းဆိုခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ၎င်းတို့၏မျက်စိများကို ကန်းစေတော် မူခဲ့၏။ ထို့နောက် ၎င်းတို့အား) အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်၏ရသာကိုလည်းကောင်း၊ ငါ အရှင်မြတ်၏ သတိပေးနှိုးဆော်မှုများ၏ ရသာကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန်(ဟု မိန့်ကြားတော်မူခဲ့၏)။

[38] ထိုမှတစ်ပါး ဧကန်မလွဲ အဓွန့်ရှည်စွာ တည်မြဲအံ့သောငှာ ပြစ်ဒဏ်သည် ၎င်းတို့၌ နံနက်စောစော အချိန်တွင်ပင် သက်ရောက်ခဲ့လေ၏။

[39] သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန် (ဟု မိန့်ကြားတော်မူခဲ့၏။)

[40] မလွဲကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ပေရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။

[41] ထိုမှတစ်ပါး မုချဧကန် ‘ဖစ်ရ်အောင်န်’ ၏ခြွေရံသင်းပင်းတို့ထံလည်း သတိပေးနှိုးဆော်ချက်များ ရောက်ရှိလာခဲ့၏။

[42] ၎င်းတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာအလုံးစုံတို့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား နိုင်နင်းလွှမ်းမိုးတော်မူသော တန်ခိုးနှင့် ပြည့်စုံတော်မူသောအရှင်၏ ဖမ်းဆီးပုံမျိုးနှင့် ဖမ်းဆီး အရေးယူတော်မူခဲ့၏။

[43] အသင်တို့ခေတ်၌ရှိကုန်သော ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ၎င်းတို့ထက် သာလွန် မြင့်မြတ်ကြ လေသလော၊ သို့တည်းမဟုတ် ကျမ်းဂန်များ၌ အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ရှိသည်ဟူ၍ လာရှိလေသလော။

[44] သို့တည်းမဟုတ် ၎င်းတို့က ‘ကျွန်ုပ်တို့သည်အောင်နိုင်မှု ရရှိကြအံ့သောအုပ်စုဖြစ်သည်’ ဟု ပြောဆိုကြလေသလော။

[45] ယင်းအုပ်စုမှာ မကြာမြင့်မီမှာပင် အရေးရှုံးနိမ့်ကြပြီး ကျောခိုင်း၍ ထွက်ပြေးကြရပေမည်။

[46] စင်စစ်မှာကား ‘ကိယာမတ်’ ရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့အား ချိန်းချက်ထားသော ချိန်းချက်မှုဖြစ်၏။ ထိုမှတစ်ပါး ‘ကိယာမတ်’ ရှင်ပြန် ထမည့်အချိန်ကာလသည် ပို၍ပင် ပြင်းထန်သည့်ပြင် ပို၍ပင် နာကြည်းဖွယ် ဖြစ်ပေသတည်း။

[47] ဧကန်အမှန် ပြစ်မှုကျူးလွန်သူတို့သည် လမ်းလွဲမှု၌လည်းကောင်း၊ ဉာဏ်ကင်းမဲ့မှု၌ လည်းကောင်း၊ ရှိနေကြကုန်၏။

[48] ၎င်းတို့သည် မှောက်လျက် ငရဲမီး၌ တရွတ် တိုက်ဆွဲချခြင်းကို ခံကြရသောနေ့တွင် ‘အသင်တို့သည် ငရဲမီး ထိရောက်ခြင်း၏ ရသာကို မြည်းစမ်းကြ ကုန်’(ဟု မိန့်ကြားတော်မူခြင်းကို ခံကြရလတ္တံ့)။

[49] ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ချင့်ချိန်၍ ဖန်ဆင်းတော်မူခဲ့၏။

[50] စင်စစ်သော်ကား ငါအရှင်မြတ်၏ အမိန့်တော်မှာ တစ်ကြိမ်တည်း အမိန့်ပေးရုံကာမျှဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်မြောက်သွားပေမည်။

[51] မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့နှင့် ဝါဒတူတို့အား ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ရာ တရားရယူသူများဟူ၍ ရှိကြပါသလော။

[52] စင်စစ်သော်ကား ၎င်းတို့ပြုမူခဲ့သမျှတို့သည် မှတ်တမ်းများ၌လည်း ရှိကုန်၏။

[53] ထိုမှတစ်ပါး အကြီးအသေး ဟူသမျှတို့သည် ရေးသား၍ထားရှိပြီး ဖြစ်ကုန်၏။

[54] မလွဲဧကန် ‘မွတ္တကီ’ သူတော်စင်တို့မှာ ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း၊ ရှိကုန်အံ့။

[55] တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရင်၏ထံတော်ပါး၌ မြင့်မြတ်မှန်ကန်သော နေရာဌာနတွင် ရှိကုန်အံ့သတည်း။

ကျေးဇူးပြုတော်မူသောအရှင်

Surah 55

[1] ရဟ်မာန်' အထူး ကရုဏာတော်ရှင်ပင်။

[2] ကုရ်အာန်'ကျမ်းတော်မြတ်ကို သင်ကြားပို့ချတော်မူခဲ့၏။

[3] ထိုအရှင်မြတ်သည်ပင် မနုဿ လူသားအား ဖန်ဆင်းတော်မူခဲ့၏။

[4] ထိုအရှင်မြတ်သည်ပင် ထိုလူသားအား စကားပြောဆိုမှုကို သင်ပေးတော်မူခဲ့၏။

[5] သူရိယ'နေသည်လည်းကောင်း၊ 'စန္ဒာ' လသည်လည်းကောင်း၊ အတွက်အချက် အချိန်နှင့်ကိုက်ညီစွာ(သွားလာ လှုပ်ရှားလျက်) ရှိကြ၏။

[6] ကြယ်၊ ပင်စည်မပါသော အပင်ငယ်များသည်လည်းကောင်း၊ ပင်စည်ပါသော အပင်များသည်လည်းကောင်း၊အမိန့်နာခံ ပျပ်ဝပ်ဦးချလျက်ရှိကုန်၏။

[7] မိုးကောင်းကင်များကို ထိုအရှင်မြတ်သည်ပင် မြင့်စွင့်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ချိန်ခွင်ကို တီထွင်စီစဉ်၍ ပေးတော်မူခဲ့၏။

[8] အသင်တို့သည် ချိန်တွယ်ရာ၌ မတရားမပြုကြရန်၊

[9] ထို့ပြင် အသင်တို့သည် ချိန်တွယ်မှုကို တရားမျှတစွာ စောင့်ထိန်းကြရန်လည်းကောင်း၊ ချိန်တွယ်ရာ၌ ယုတ်လျော့စေခြင်း မရှိစေကြရန်လည်းကောင်း၊

[10] ထိုမှတစ်ပါး ပထဝီမြေကို ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့၏အကျိုးငှာ ထားရှိတော်မူခဲ့၏။

[11] ယင်းပထဝီမြေ၌ သစ်သီးဝလံများသည်လည်းကောင်း၊ အစွပ်များဖြင့် ငုံ၊ ညှာတံများဖြင့်အုပ်လျက်ရှိသော စွန်ပလွံပင်များသည်လည်းကောင်း၊

[12] ဖွဲနုပါသော ကောက်ပဲသီးနှံများသည်လည်းကောင်း၊ အရွက်ရှိသောအစေ့များသည်လည်းကောင်း၊ မွှေးကြိုင်လျက်ရှိသော ပန်းများ အစာအာဟာရများ သည်လည်းကောင်း၊ ရှိကုန်၏။

[13] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့)၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်အံ့နည်း။

[14] ထိုအရှင်မြတ်သည်ပင် 'မနုဿ' လူသားအား မြေအိုး-အိုးခြမ်းကွဲပမာ အသံမည်သော ရွှံ့ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။

[15] ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ဂျင်န်သတ္တဝါတို့ကို ဂျင်န်သတ္တဝါတို့၏ဖခင် ‘အစ်ဗ်လီစ်’ကို မီးခဲမီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။

[16] သို့ပါလျက် (အို-ဂျင်န်နှင့်လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[17] (ထိုအရှင်မြတ်သည်ပင်) နေထွက်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ နေဝင်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။

[18] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[19] ထိုအရှင်မြတ်သည်ပင် သမုဒ္ဒရာပင်လယ်နှစ်ခုကို လွှတ်တော်မူခဲ့ရာ ထိုသမုဒ္ဒရာ ပင်လယ်နှစ်ခုမှာ ဆုံဆည်း ဆက်စပ်လျက်ရှိကြ၏။ (တစ်နည်း) ထိုအရှင်မြတ်သည်ပင် ဆက်စပ် စီးဆင်းလျက်ရှိသော သမုဒ္ဒရာနှစ်ခုကို လွှတ်တော်မူခဲ့၏။

[20] ယင်းပယ်လယ်နှစ်ခု၏ အကြား၌ အဆီးအတားတစ်ခု ရှိနေပေရာ ၎င်းတို့နှစ်ခုလုံး ပိုင်နက်ကျူးလွန် နိုင်ကြသည်မရှိပေ။

[21] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[22] ယင်းပင်လယ်နှစ်ခုမှ ပုလဲရတနာများ သည်လည်းကောင်း၊ သန္တာ ပင်လယ်ထွက် ကျောက်နီများ သည်လည်းကောင်း၊ ထွက်ကြပေသည်။

[23] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[24] သမုဒ္ဒရာပင်လယ်၌ တောင်များပမာ(မားမားမတ်မတ်) ရပ်တည်နေကြသော၊ အထင်အရှား ရှိနေကြသော၊ သင်္ဘောများမှာလည်း ထိုအရှင်မြတ်၏ အာဏာစက်အတွင်း၌ ရှိကုန်၏။

[25] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[26] ယင်းပထဝီမြေပေါ်၌ ရှိသမျှတို့သည် (မမြဲ)ပျက်စီးဆိတ်သုဉ်းအံ့သော အရာများပင် ဖြစ်ကုန်၏။

[27] စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော၊ ကျေးဇူးတော်ရှင်ဖြစ်တော်မူသော၊ အရှင်မြတ်(တစ်ပါးတည်း)သာလျှင် (ထာဝရ)ကျန်ရှိတော်မူပေမည်။

[28] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[29] မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်၌သာလျှင် (မိမိတို့၏ အလိုဆန္ဒများကို) တောင်းခံကြကုန်၏။ ထိုအရှင်မြတ်သည် နေ့စဉ် အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။

[30] သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[31] အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့၊ မကြာမြင့်မီပင် ငါအရှင်မြတ်သည် အသင်တို့ဘက်သို့ လှည့်တော်မူမည်။

[32] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[33] အို-ဂျင်န်နှင့် လူပရိသတ်အပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေ၏ နယ်နိမိတ်များအတွင်းမှ ထွက်သွားနိုင်ကြလျှင် ထွက်သွားကြကုန်လော့။ (စင်စစ်သော်ကား) စွမ်းအားမရှိဘဲလျက် အသင်တို့သည် ထွက်သွားနိုင်ကြမည် မဟုတ်ပေ။

[34] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[35] အသင်တို့နှစ်ဦး၏ အပေါ်ဝယ် မီးခိုးမပါသော မီးတောက်မီးလျှံသည်လည်းကောင်း၊ (မီးမပါသော)အခိုးများသည်လည်းကောင်း၊ စေလွှတ်ခြင်းခံရလတ္တံ့။ ထိုအခါ အသင်တို့သည် ဖယ်ရှားနိုင်ကြမည်မဟုတ်။

[36] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[37] စင်စစ်သော်ကား အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ အသားနီကဲ့သို့ နီရဲလာပေမည်။

[38] သို့ဖြစ်ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ် ကြအံ့နည်း။

[39] စင်စစ် ထိုနေ့တွင် မည်သည့်လူ တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့်ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မိမိအပြစ်နှင့် စပ်လျဉ်း၍ မေးမြန်းခြင်းခံရမည် မဟုတ်ပေ။

[40] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[41] အပြစ်ရှိသူများမှာ မိမိတို့၏ ရုပ်ရည်လက္ခဏာဖြင့် သိရှိခြင်း ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် (နဖူးများ)ဦးထိပ်များနှင့် ခြေများကို ဆွဲကိုင် ဖမ်းဆီးခြင်းကို ခံကြရပေမည်။

[42] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[43] (ထိုမှတစ်ပါး ၎င်းတို့သည် မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ ဤသည်ပင်လျှင် အပြစ်ရှိသူများ၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်လျက် ရှိခဲ့ကြ သော ‘ဂျဟန္နမ်’ ငရဲဖြစ်သည်။

[44] ထိုအပြစ်ရှိသူတို့ကား ယင်း’ဂျဟန္နမ်’ငရဲနှင့် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၏အကြား၌ လှည့်ပတ်လျက် နေကြရပေမည်။

[45] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[46] ထိုမှတစ်ပါး မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်၌ မတ်တပ်ရပ်ရန် စိုးရိမ်သောသူ၏အဖို့မှာကား ဥယျာဉ်နှစ်ခုရှိပေမည်။

[47] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[48] အကိုင်းအလက်များ ပေါများ ဝေဆာလျက်ရှိကြသော၊

[49] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[50] ယင်းဥယျာဉ်နှစ်ခုလုံး၌ စမ်းချောင်းနှစ်ခုသည်စီးတွေလျက် ရှိကြပေမည်။

[51] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[52] ယင်းဥယျာဉ်နှစ်ခုလုံးတွင် သစ်သီးတိုင်းသည် နှစ်မျိုးနှစ်စား ရှိကြပေမည်။

[53] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[54] (၎င်းတို့သည်) ရွှေခြည်များဖြင့် ပန်းထိုးထားသော ပိုးဖဲအတွင်းခံထားသည့် မွေ့ရာများပေါ် (ထိုင်၍ မှီအုံးများကို)မှီလျက် ရှိကြပေမည်။ ၎င်းပြင် ဥယျာဉ်နှစ်ခုလုံး၏ အသီးများမှာလည်း နီးကပ်စွာပင် ရှိကြပေမည်။

[55] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[56] ယင်း(ဥယျာဉ်များနှင့် ဥယျာဉ်များရှိ အဆောက်အအုံ)တို့တွင် မျက်စိကို အောက်သို့နှိမ့်ချထားသော မိန်းမပျိုများသည်လည်း ရှိကြပေမည်။ ၎င်းတို့အလျင် မည်သည့် လူသား တစ်ဦးတစ်ယောက်မျှလည်း ထို မိန်းမပျိုတို့အား ထိတွေ့ခဲ့ဖူးသည်မရှိပေ။ မည်သည့် ဂျင်န် တစ်ဦးတစ်ယောက်မျှလည်း ထိတွေ့ခဲ့ဖူးသည် မရှိချေ။

[57] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[58] ထိုမိန်းမပျိုတို့မှာ ပတ္တမြားကဲ့သို့လည်းကောင်း၊ သန္တာကျောက်ကဲ့သို့လည်းကောင်း၊ ရှိကြပေမည်။

[59] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[60] အမိန့်တော်ကို ကြည်ညိုလေးမြတ်စွာ နာခံခြင်း၏အကျိုးကား ကျေးဇူးပြုတော်မူခြင်း မှတစ်ပါး အခြားမရှိပြီ။

[61] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[62] ထိုမှတစ်ပါး ဥယျာဉ်နှစ်ခု-အပြင်လည်း ဥယျာဉ်နှစ်ခု ရှိ၏။

[63] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[64] ယင်း(ဥယျာဉ်)နှစ်ခုလုံးမှာ အစိမ်းရင့် ကျောက်မီးသွေးနုရောင် ဖြစ်၏။

[65] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[66] ယင်းဥယျာဉ်နှစ်ခု၌ ပန်းထွက်လျက်ရှိသော စမ်းနှစ်ခုသည် ရှိကြပေမည်။

[67] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[68] ယင်းဥယျာဉ်နှစ်ခု၌ သစ်သီးဝလံများသည်လည်းကောင်း၊ စွန်ပလွံပင်များသည် လည်းကောင်း၊ သလဲသီးများသည် လည်းကောင်း၊ ရှိကြပေမည်။

[69] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[70] ယင်း(ဥယျာဉ်များနှင့် ဥယျာဉ်များရှိ အဆောက်အအုံ)တို့တွင် စာရိတ္တအားဖြင့် မွန်မြတ်သော၊ ရုပ်ရည်အားဖြင့် လှပတင့်တယ်သော မိန်းမများသည် ရှိကြပေမည်။

[71] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[72] လွန်စွာဖြူ၍လှပသော၊ မဏ္ဍပ်ကနားဖျင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသော၊ မိန်းမများသည် ရှိကြပေမည်။

[73] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။

[74] ၎င်းတို့အလျင် ထိုမိန်းမတို့အား မည်သည့် လူသား တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့် ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ ထိတွေ့ခဲ့ဖူးသည် မရှိပြီ။

[75] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[76] (၎င်းတို့သည်) အစိမ်းရောင် ကော်ဇောများပေါ်၌ လည်းကောင်း၊ လွန်စွာ အံ့ဖွယ်ကောင်းသော အခင်းအကျင်းပေါ်၌ လည်းကောင်း၊ (ထိုင်၍ မှီအုံး များကို) မှီလျက် ရှိကြပေမည်။

[77] သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။

[78] (အို-နဗီတမန်တော်)၊ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော တန်ခိုးတော်ရှင်၊ ကျေးဇူးတော်ရှင်၏ နာမံတော်သည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါပေသည် တကား။

မလွဲမသွေဖြစ်ပျက်မည့်အရာ

Surah 56

[1] အကြင်အခါဝယ် အဖြစ်အပျက် (ကိယာမတ်ရှင်ပြန်ထမည့်နေ့)သည် ဖြစ်ခဲ့အံ့။

[2] ယင်း အဖြစ်အပျက် (ကိယာမတ်) ဖြစ်မှုနှင့်စပ်လျဉ်း၍ မမှန်ဟူ၍မရှိပြီ။

[3] (ယင်း အဖြစ်အပျက်သည် အချို့အား) နိမ့်စေ၍(အချို့အား) မြင့်စေမည်။

[4] အကြင်အခါဝယ် ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကို ခံရပေမည်။

[5] ၎င်းပြင် တောင်များသည် ညက်ညက်ကြေအောင် ကြေမွစေခြင်းကို ခံကြရမည်။

[6] ထိုအခါ ယင်းတောင်များမှာ ဖြန့်ကြဲထားသော မြူမှုန့် ဖြစ်သွားကြပေမည်။

[7] ထိုမှတစ်ပါး အသင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။

[8] မည်သို့ပင်ဖြစ်စေ လက်ယာဘက်သားတို့မှာ၊ ထိုလက်ယာဘက်သားတို့ကား အဘယ်မျှလောက် ကောင်းမြတ်ပေသနည်း။

[9] သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့ကား အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

[10] ထိုမှတစ်ပါး အသာဆုံးသောသူတို့မှာ အသာဆုံးသောသူများပင် ဖြစ်ကြကုန်၏။

[11] ထိုသူတို့ကား (အလ္လာဟ်အရှင်မြတ်နှင့်) အထူးနီးစပ်သော သူများပင်။

[12] (၎င်းတို့မှာကား) ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ၌ ရှိကြကုန်အံ့သတည်း။

[13] (ယင်းဥယျာဉ်များတွင်)ရှေးသူဟောင်းတို့အနက်မှ အလွန်ကြီးမားများပြားသော အုပ်စုကြီးတစ်ခုရှိ ပေမည်။

[14] ၎င်းပြင် နောင်လာနောင်သားတို့ အနက်မှ အနည်းငယ် ရှိကြပေမည်။

[15] (၎င်းတို့မှာ) ကျောက်သံပတ္တမြားစီ၍ မြှုပ်ထားသော သလွန်များထက်ဝယ်၊

[16] (မှီအုံးများကို)မှီလျက် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေကြပေမည်။

[17] ၎င်းတို့ထံ အသက်သေဆုံးခြင်းမရှိဘဲ၊ အမြဲထာဝရ နုငယ်လျက် ရှိနေကြရအံ့သော သူငယ်တို့ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

[18] သောက်ရေဖလားများ၊ ရေတကောင်းများနှင့် သွင်သွင်စီးသော အရက်ဖြင့် ပြည့်လျှံလျက်ရှိသော ခွက်များကို ယူဆောင်၍၊

[19] ၎င်းတို့မှာ ထိုအရက်ကြောင့် ခေါင်းခဲခြင်းကိုလည်း ခံစားကြရမည် မဟုတ်ပေ။ သတိလစ်ကြမည်လည်း မဟုတ်ချေ။

[20] ထို့ပြင် ၎င်းတို့ နှစ်လိုကြသော သစ်သီးဝလံများ(ကို ယူဆောင်၍)၊

[21] ထိုမှတစ်ပါး ၎င်းတို့ နှစ်သက်ကြသော ငှက်သားများ(ကို ယူဆောင်၍)၊

[22] ထိုမှတစ်ပါး (၎င်းတို့အဖို့) လွန်စွာဖြူ၍ တင့်တယ်သော၊ မျက်စိပြူး၍လှပသော မိန်းမများလည်း ရှိကြပေမည်။

[23] လျှို့ဝှက်၍ထားရှိသော ပုလဲများပမာ။

[24] (ဤသည်) ၎င်းတို့ ကျင့်မူ ဆောက်တည်လျက်ရှိခဲ့ကြလေသော ကောင်းမှုများ၏ အစားပေးတော်မူ ခြင်းပင်။

[25] ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်မရေမရာသော စကားလုံးမျှလည်းကောင်း၊ မည်သည့်အပြစ်ဖြစ်စေသော စကားကိုမျှလည်းကောင်း၊ ကြားရမည် မဟုတ်ပေ။

[26] ‘စလာမ်’ ‘စလာမ်’ (ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ)ဟူ၍ပြော ဆိုခြင်းကိုသာလျှင် (ကြားကြရကုန်အံ့သတည်း။)

[27] ထို့ပြင် လက်ယာ ဘက်သားတို့ကား၊ ထိုလက်ယာဘက်သားတို့မှာ အဘယ်မျှ ကောင်းမြတ်ကြ ပေသနည်း။

[28] (၎င်းတို့မှာ) ဆူးများရှင်းထားပြီးဖြစ်သော ဆီးပင်ရှိရာ၌ ရှိကြပေမည်။

[29] ၎င်းပြင် အခိုင်လိုက်သီးသော ငှက်ပျောပင်များရှိရာ၌ ရှိကြပေမည်။

[30] ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ် အာဝါသ၌ ရှိကြပေမည်။

[31] ထိုမှတစ်ပါး (မြေပေါ်)၌ အမြဲစီးတွေလျက်ရှိသော ရေရှိရာ၌ ရှိကြပေမည်။

[32] ထို့ပြင် မြောက်မြားစွာသော သစ်သီးဝလံများရှိရာ၌ ရှိနေကြပေမည်။

[33] (ထိုသစ်သီးဝလံများမှာ မည်သည့် ဥတုရာသီ၌မျှ) ကုန်ခန်းသော သစ်သီးဝလံများလည်း မဟုတ်ပေ၊ (မည်သို့မျှ) ပိတ်ပင်တားမြစ်ခြင်းခံရအံ့သော သစ်သီးဝလံများလည်း မဟုတ်ချေ။

[34] ထိုမှတစ်ပါး (၎င်းတို့သည်) မြင့်စွင့်လှစွာသောသလွန်များ၊ အခင်းအကျင်းများ၊ မွေ့ရာများပေါ်၌ ရှိနေကြပေမည်။

[35] ဧကန်မလွဲ ငါအရှင်မြတ်သည် (ဂျန္နတ်သုခဘုံ၌ ရှိကုန်သော) ထိုမိန်းမတို့အား အထူးဖန်ဆင်းတော် မူခဲ့၏။

[36] တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ပျိုကညာများ ပြုလုပ်တော်မူခဲ့၏။

[37] (လင်ယောက်ျားတို့အား)ချစ်ခင် စုံမက်ကြသော၊ သက်တူရွယ်တူများဖြစ်ကြသော၊

[38] လက်ယာဘက်သားတို့အဖို့၊

[39] (ထိုလက်ယာဘက်သားတို့တွင်) ရှေးသူဟောင်းတို့အနက် ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊

[40] နောင်လာနောက်သားတို့အနက်မှ ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊ ပါဝင်ကြကုန်အံ့သတည်း။

[41] သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့သည် အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

[42] (ထိုလက်ဝဲဘက်သားတို့မှာ) ခြစ်ခြစ်ပူလောင်သော လေပူ၌လည်းကောင်း၊ ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌လည်းကောင်း၊

[43] လွန်စွာနက်မှောင်သော အခိုးအငွေ့၏ အရိပ်၌လည်းကောင်း၊ ရှိကြပေမည်။

[44] (ယင်းအရိပ်မှာ) အေးမြသည်လည်း မဟုတ်ပေ။ ပြန်၍ လန်းဆန်းစေသည်လည်း မရှိပေ။

[45] စင်စစ်ဧကန် ၎င်းတို့သည် ထိုသည့်အလျင် စည်းစိမ်ကြီးသူများပင် ဖြစ်ခဲ့ကြကုန်၏။

[46] ထို့ပြင် အလွန်အမင်း ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုး၍ ကျူးလွန်လျက် ရှိခဲ့ကြကုန်၏။

[47] ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့) ပြောဆိုလျက်ရှိခဲ့ကြကုန်၏။ ‘ကျွန်ုပ်တို့သည် သေပြီးနောက် အရိုးများ ဖြစ်ခဲ့ကြသောအခါ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော’။

[48] ‘၎င်းပြင် ရှေးသူဟောင်းများ ဖြစ်ကြသော ကျွန်ုပ်တို့၏ အဘ ဘိုးဘေးတို့သည်လည်း (ရှင်ပြန် ထကြဦးမည်လော)’။

[49] (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ လူဟောင်းတို့သည် လည်းကောင်း၊ နောင်လာနောက်သားတို့သည် လည်းကောင်း။

[50] အမှန်ပင် သတ်မှတ်ပြီးဖြစ်သောနေ့ ဆိုက်ရောက်လာသောအချိန်တွင် စုရုံးခြင်း ခံကြရပေမည်။

[51] ထို့နောက် အို-လမ်းလွဲသူတို့၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၊ အသင်တို့သည် ဧကန်မလွဲ၊

[52] ‘ဇက္ကူမ်’ ရှားစောင်းခါးပင် စားကြရမည်ဖြစ်၏။

[53] တစ်ဖန် (အသင်တို့သည်) ယင်း ရှားစောင်းခါးပင်(မှ စားသုံးခြင်း)ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြရမည်ဖြစ်၏။

[54] တစ်ဖန် (အသင်တို့သည်) ယင်းရှားစောင်းခါးပင် စားပြီးနောက် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို သောက်ကြရမည်ဖြစ်၏။

[55] ထိုအခါ (အသင်တို့သည် ထိုပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို) လွန်စွာ ရေမွတ်သိပ်လျက် ရှိကုန်သော ကုလားအုတ်များ သောက်သကဲ့သို့ပင် သောက်ကြရပေမည်။

[56] ဤသည်ကား ၎င်းတို့အား အစားပေးသောနေ့တွင် ဧည့်ခံကျွေးမွေးခြင်းပင် ဖြစ်အံ့သတည်း။

[57] ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ဟုတ်မှန်ကြောင်း ဝန်မခံ ကြလေသနည်း။

[58] အသင်တို့ ပြောပြကြကုန်။ အသင်တို့သည် မိမိတို့သုတ်ရည် အစက်ချကြသည်။

[59] ယင်းသုတ်ရည်ကို အသင်တို့ကိုယ်တိုင် (လူဖြစ်အောင်) ဖန်ဆင်းကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော။

[60] ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့ကြား၌’မရဏ’ သေဆုံးခြင်းကို တင်ရင်စီမံတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသောအရှင် မဟုတ်ပြီ၊

[61] ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သော (အခြား)သူတို့အား ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန်လည်းကောင်း။

[62] ထို့ပြင် ဧကန်စင်စစ် အသင်တို့သည် ပထမအကြိမ် ဖန်ဆင်းတော်မူခြင်းကို ကောင်းမွန်စွာ သိရှိပြီး ဖြစ်ကြလျက် မည်သည့်အတွက်ကြောင့် နားမလည် ကြသနည်း။

[63] အသင်တို့သည် မိမိတို့ စိုက်ပျိုးကြသည်များကို မြင်ခဲ့ကြလေသလော။

[64] ထိုစိုက်ပျိုးထားကြသည့် မျိုးစေ့ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသော အရှင်မြတ် ဖြစ်တော်မူပါသလော။

[65] အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ယင်းစိုက်ပျိုးခင်းကို စဉ်းထားသောကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူခဲ့ပေ မည်။ ထိုအခါ အသင်တို့သည် တွေဝေ ငေးမှိုင်လျက် ရှိကြပေမည်။

[66] ဧကန်စင်စစ် ကျွန်ုပ်တို့သည် ကြွေးမြီတင်ခြင်း ဒဏ်ဆောင်စေခြင်း ခံကြရလေပြီ။

[67] ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် လက်မဲ့ဖြစ်စေခြင်းကိုပင် ခံကြရလေပြီ(ဟု ပြောဆို ညည်းညူကြပေမည်)။

[68] အသင်တို့သည် မိမိတို့ သောက်သုံးကြသော ရေကို မြင်ခဲ့ကြလေသလော။

[69] ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ရွာသွန်းစေတော်မူသော အရှင်ဖြစ်တော်မူပါသလော။

[70] အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ထိုရေကို ရေငန်ရေခါး ပြုလုပ်တော်မူခဲ့ မည်သာ။သို့ပါလျက် အသင်တို့သည် မည်သည့် အတွက်ကြောင့် ကျေးဇူးမတင်ကြပေသနည်း။

[71] အသင်တို့သည် မိမိတို့မွှေးကြသော မီးကို မြင်ခဲ့ကြလေသလော။

[72] ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော် မူသောအရှင် ဖြစ်တော်မူပါသလော။

[73] ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိရစေသော၊ တရားရစေသောအရာ အဖြစ်လည်းကောင်း၊ ခရီးသည်တို့အဖို့ အကျိုးကျေးဇူးရှိစေသောအရာ အဖြစ်လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။

[74] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ကြီးကျယ် မြင့်မြတ်လှတော်မူသော အရှင်မြတ်(၏ နာမံတော်၊ စင်ကြယ် သန့်ရှင်းတော်မူကြောင်း) ချီးမွမ်းမြွက်ဆိုပါလေ။

[75] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ကြယ်နက္ခတ်တို့၏ဝင်ရာ၊ စခန်းချရာများကို သက်သေထူ(ကျိန်ဆို)တော်မူ၏။

[76] စင်စစ်ဆိုသော် ယင်းသို့ သက်သေထူခြင်း (ကျိန်ဆိုခြင်း)မှာ အကယ်၍ အသင်တို့သိရှိကြလျှင် ကြီးကျယ်စွာသော သက်သေထူမူ ကျိန်ဆိုမှု)ပင်။

[77] ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

[78] မှတ်တမ်းစာအုပ်တစ်ခု၌ ထိန်းသိမ်း စောင့်ရှောက်၍ ထားရှိပြီးဖြစ်သော။

[79] ယင်း မှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းကြသော သူတို့မှတစ်ပါး မည်သူမျှ ထိတွေ့ကြသည်မရှိပြီ။

[80] စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ချမှတ်ပေးတော်မူခြင်း ခံရလေသော၊

[81] သို့ပါလျက် အသင်တို့သည် ဤအာယတ်တော်ကို မထီမဲ့မြင်ပြုကြလေသလော၊ ပျင်းရိနေကြသလော။

[82] ထိုမှတစ်ပါး အသင်တို့သည် မဟုတ်မမှန်ဟူ၍ ငြင်းပယ်မှုကိုပင် မိမိတို့၏အစားအစာ ပြုလုပ်ကြလေသလော။(တစ်နည်း) ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ကြမည့်အစား၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြလေသလော၊

[83] သို့ဖြစ်လျှင် အသက်ဇီဝိန်သည် လည်မျိုသို့ ရောက်ရှိလာသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် (မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်း) မပြုကြသနည်း။

[84] စင်စစ် အသင်တို့သည် ထိုရောအခါဝယ် ကြည့်၍ နေကြကုန်၏။

[85] စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တို့ထက် ပိုမို၍ပင် ထိုသူနှင့် နီးကပ်လျက် ရှိနေတော်မူ၏။ သို့ရာတွင် အသင်တို့သည် မြင်ကြသည် မဟုတ်ပေ။

[86] သို့ဖြစ်ပေရာ အသင်တို့သည် အစားပေးခြင်း ခံရအံ့သောသူများ မဟုတ်(ဟု ဆိုရာ၌) အမှန်ကို ပြောဆိုသူများဖြစ်ကြလျှင် မည်သည့်အတွက်ကြောင့်၊

[87] ယင်း အသက်ဇီဝိန်ကို ပြန်လည်၍ ယူမထားကြပေသနည်း။

[88] တစ်ဖန် မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ထို(သေဆုံးသော) သူသည် နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သည်ရှိသော်။

[89] သို့ဖြစ်လျှင် (ထိုသူ၏အဖို့) ချမ်းသာမှုသည်လည်းကောင်း၊ အစားအစာသည်လည်းကောင်း၊ မွေ့ လျော်စံပျော်ရာ ‘ဂျန္နတ်’ သုခဘုံသည်လည်းကောင်း၊ ရှိချေမည်။

[90] ၎င်းပြင် အကယ်၍ ထိုသူသည် လက်ယာဘက်သားတို့တွင် ပါဝင်ခဲ့သူ၊

[91] သို့ဖြစ်လျှင် (အသင်သည်) လက်ယာဘက်သားတို့တွင် ပါဝင်သောကြောင့် အသင့်အဖို့ ငြိမ်းချမ်းမှုသည် ရှိပေမည်(ဟု သတင်းပြောကြားခြင်းကို ခံရပေမည်။)

[92] သို့ရာတွင် အကယ်၍ ထိုသူသည် လမ်းမှားကြကုန်သော၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်သော၊ သူတို့အနက်တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်၊

[93] (ထိုသူအား) ပွက်ပွက်ဆူ၍နေသော ရေနွေးပူဖြင့် ဧည့်ခံခြင်းသည်လည်းကောင်း၊

[94] အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးထဲသို့ ဝင်ရောက်စေခြင်းသည် လည်းကောင်း၊ ရှိပေမည်။

[95] ဧကန်မလွဲ ဤသည် ထင်ရှားသော အမှန်ပင်ဖြစ်၏။

[96] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏နာမံတော်-စင်ကြယ် သန့်ရှင်းတော်မူကြောင်း)ချီးမွမ်းမြွက်ဆိုပါလေ။

သံ

Surah 57

[1] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆို ချီးမွမ်းကြကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေဆုံးစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသော အရှင်မြတ်သည် လည်းကောင်း၊ နောက်ဆုံး၌ရှိနေတော်မူအံ့သော အရှင်မြတ်သည် လည်းကောင်း၊ ထင်ရှားစွာရှိနေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ကွယ်၍နေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ဖြစ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[4] ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်ဖြစ်တော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် ‘အရ်ရှ်’ ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ပထဝီမြေ၌ ဝင်သောအရာ ကိုလည်းကောင်း၊ ယင်းပထဝီမြေမှ ထွက်သောအရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်လာသောအရာကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့ တက်သောအရာကိုလည်းကောင်း၊ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှိကြသော မည်သည့်နေရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[5] မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အရေးကိစ္စ အလုံးစုံတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြရပေမည်။

[6] ထိုအရှင်မြတ်သည်ပင်(အချို့သောရာသီဥတု ၌)ညဉ့်(၏ အစိတ်အပိုင်းအချို့)ကို နေ့၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင် မြတ်သည်ပင် (အချို့သောရာသီဥတု၌) နေ့(၏အစိတ်အပိုင်းအချို့)ကို ညဉ့်၏အတွင်းဝယ် ထည့်သွင်းတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[7] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်းကောင်း၊ သက်ဝင်ယုံကြည် ကြလေကုန်။ထို့ပြင် အသင်တို့သည် အကြင်ဥစ္စာပစ္စည်းအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပစ္စည်းဥစ္စာများနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်တော်မူခဲ့၏။ စင်စစ် အသင်တို့အနက်မှ အကြင်သူတို့သည် သက်ဝင်ယုံ ကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် သုံးစွဲလှူဒါန်းခဲ့ကြကုန်၏။ထိုသူတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးသည် ရှိပေမည်။

[8] စင်စစ်သော်ကား အသင်တို့ သက်ဝင်ယုံကြည်ခြင်း မရှိကြသည်မှာ အသင်တို့၌ မည်သည့်အကြောင်း ရှိပေသနည်း။ အမှန်စင်စစ်သော်ကား အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ကြရန် ရစူလ်တမန်တော်မြတ်သည် အသင်တို့အား ဖိတ်ခေါ်လျက်ရှိပေသည်။ ထိုမှတစ်ပါး မလွဲဧကန် ထိုအရှင်မြတ် ကိုယ်တော်တိုင်ပင် အသင်တို့ထံမှ ကတိဝန်ခံချက်ကို ယူထားတော်မူပြီး ဖြစ်ပေသည်။ အကယ်၍ အသင်တို့သည် သက်ဝင်ယုံကြည်အံ့သောသူများ ဖြစ်ကြပါလျှင်၊

[9] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုမှအလင်းသို့ ထွက်စေအံ့သောငှာ မိမိကျွန်တော်(တမန်တော်မြတ်မုဟမ္မဒ်)၏အပေါ်၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူ၏။ စင်စစ်မှာကား ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ ကြင်နာသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

[10] ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခြင်း မပြုကြရန် အသင်တို့၌ မည်သည့်အကြောင်း ရှိချေသနည်း။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ ပထဝီမြေဝယ် ရှိကုန်သော ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။အသင်တို့အနက် (မက္ကာမြို့တော်ကို) မအောင်မြင်မီ သုံးစွဲလှူဒါန်းခဲ့ကြသော၊ ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြသော သူတို့သည်(မက္ကာမြို့တော်ကို အောင်မြင်ပြီးနောက်တွင် သုံးစွဲလှူဒါန်းခြင်း၊ ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ပြုခဲ့ကြသောသူတို့နှင့်) တူကြသည်မဟုတ်ပေ။ ထို(မအောင်မြင်မီ လှူဒါန်း တိုက်ခိုက်ခဲ့ကြသောသူတို့မှာကား နောက်ပိုင်းတွင် သုံးစွဲလှူဒါန်းခြင်း၊ ပြိုင်ဆိုင် တိုက်ခိုက်ခြင်း ပြုခဲ့ကြသောသူတို့ထက် ဂုဏ်ရည်အဆင့်အတန်းအားဖြင့် ထူးကဲမြင့်မြတ်လှကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အားလုံးကိုပင် ကောင်းကျိုးပေးတော်မူရန် ကတိပေးတော်မူခဲ့၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို စုံလင်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။)

[11] အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီချေးငှားအံ့သောသူသည် မည်သူရှိသနည်း။ သို့ချေးငှားခဲ့သည်ရှိသော် ထိုအရှင်မြတ် သည်ယင်းကြွေးမြီကို ထိုသူ၏အဖို့ ဆတက်တိုးပွား စေတော်မူသည့်ပြင် ထိုသူ၏အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချေအံ့သတည်း။

[12] (အို-နဗီတမန်တော်၊) အကြင်နေ့တွင် အသင်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တွေ့မြင်ရပေမည်။ ထိုသူတို့၏ ရောင်ခြည်သည် ထိုသူတို့၏ ရှေ့၌လည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်များ၌ လည်းကောင်း၊ ပြေးလျက်ရှိပေမည်။ (၎င်းတို့သည် ဤသို့ပြောကြားခြင်း ခံကြရပေမည်။) ယနေ့ အသင်တို့အဖို့ သတင်းကောင်းပင်၊(အသင်တို့အဖို့) အကြင်ဥယျာဉ်များ ရှိပေသည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေသည်။ ယင်းဥယျာဉ်များဝယ် (အသင်တို့သည်) အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ထိုသည်ပင်လျှင် ကြီးကျယ်လှသော အောင်မြင်မှုပင်။

[13] အကြင်နေ့တွင် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ် ယောက်ျား မိန်းမတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (ဤသို့) ပြောဆိုကြပေမည်။ (အချင်းတို့)၊အသင်တို့၏အလင်းရောင်မှ (အနည်းငယ်မျှ) ရယူနိုင်ကြရန် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်၍ ကြည့်ကြလေကုန်၊ စောင့်ဆိုင်းကြလေကုန်။ (ထိုအခါ ၎င်းတို့သည် ဤသို့)ပြောဆို ပြန်ကြားခြင်းကို ခံကြရပေမည်။ အသင်တို့သည် နောက်သို့ပြန်သွားပြီးလျှင် အလင်းရောင်ကို ရှာဖွေကြလေကုန်။ထိုအချိန်၌ပင် ၎င်းတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ယင်းတံတိုင်းတွင် တံခါးတစ်ခု ရှိပေမည်။ ယင်းတံခါး၏အတွင်းဘက်၌ ကရုဏာသည်ရှိ၍၊ ၎င်း၏အပြင်ဘက်၌မူကား ပြစ်ဒဏ် သည်ရှိပေမည်။

[14] ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။

[15] သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။

[16] မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။

[17] ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။

[18] ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။

[19] ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။

[20] အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။

[21] အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်သို့ လည်းကောင်း၊ မိုးနှင့်မြေ၏ အကျယ်အဝန်းပမာ ကျယ်ဝန်းသော ‘ဂျန္နတ်’သုခဘုံသို့ လည်းကောင်း၊ ပြိုင်ဆိုင် ပြေးကြလေကုန်။ ယင်း’ဂျန္နတ်’သုခဘုံမှာ အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ အဆင်သင့် ပြုလုပ်ထားရှိပြီး ဖြစ်၏။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် ယင်းကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနား တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။

[22] မည်သည့် ဘေးဒုက္ခမျှပင် ကမ္ဘာမြေ၌ လည်းကောင်း၊ အသင်တို့ကိုယ်၌ လည်းကောင်း၊ ဆိုက်ရောက်သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဘေးဒုက္ခ၊ ကမ္ဘာမြေနှင့်အသင်တို့၏ ဇီဝိန်များကို ဖန်ဆင်းတော်မမူမီကပင်လျှင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ထားတော်မူပြီး ဖြစ်၏)။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။

[23] အသင်တို့သည် မိမိတို့ထံမှ လွတ်သွားသောအရာနှင့် စပ်လျဉ်း၍ ပူဆွေးခြင်းမရှိကြရန် လည်းကောင်း၊ မိမိတို့အား ထိုအရှင်မြတ်က ချီးမြှင့်ပေးသနား တော်မူသောအရာနှင့်စပ်လျဉ်း၍ ဝမ်းမြောက် မော်ကြွားခြင်းမပြုကြရန် လည်းကောင်း၊ (ထိုအရှင်မြတ်သည် အသင်တို့အား ဤသည်ကို သိစေတော်မူခြင်းဖြစ်၏)။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သည့် မာန်မာနထောင်လွှားသူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။

[24] (၎င်းတို့ကား)အကြင်သူများပင်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင် စေးနှဲကြသည်သာမက၊ သူတစ်ပါးတို့အားလည်း စေးနှဲကြရန် အမိန့်ပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို (သုံးစွဲလှူဒါန်း ခြင်းမပြုဘဲ) မျက်နှာလွှဲ၍ ထွက်သွားလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသဂုဏ်ထူးအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။

[25] ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်း ရှိသည်။ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှာ (ချပေးတော်မူခြင်းလည်းဖြစ်၏)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ အားအင် ပြည့်စုံသောအရှင်၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။

[26] ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။

[27] ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’ အား စေလွှတ်တော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည် ထို’အီစာ’အား ‘အင်န်ဂျီလ်’ကျမ်းတော်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို’အီစာ’ ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏ စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ ကရုဏာတရားကိုလည်းကောင်း ထည့်သွင်းပေးတော် မူခဲ့၏။ သို့ရာတွင်(၎င်းတို့ကိုယ်တိုင်) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရှာဖွေအံ့သောငှာ (တောထွက် လမ်းစဉ်ကို လိုက်နာကျင့်သုံးခဲ့ကြကုန်၏)။သို့ပါသော်လည်း ၎င်းတို့သည် ယင်းတောထွက်လမ်းစဉ်ကို စောင့်စည်းအပ်သောဝတ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည် မရှိချေ။မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၎င်းတို့အနက် သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့အား ၎င်းတို့၏အကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့မှာကား သွေဖည်သူများပင် ဖြစ်ကြကုန်သတည်း။

[28] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆ ချီးမြှင့် ပေးသနားတော်မူမည့်ပြင်၊ အသင်တို့အဖို့ အကြင်အလင်းရောင်ကို ဖန်ဆင်း၍ ပေးသနားတော်မူပေမည်။ အသင်တို့သည် ယင်းအလင်းရောင်ဖြင့် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူပေမည်။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[29] (ယင်းသို့ ချီးမြှင့် ပေးသနားတော်မူမည့် အကြောင်းမှာ) ရှေးကျမ်းကို ရရှိခဲ့သောသူတို့သည် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်အနက် အနည်းငယ်မျှကိုပင် (ရယူ)နိုင်ကြသည် မဟုတ်ကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်မှာ အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၍ ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူကြောင်းကိုလည်းကောင်း၊ သိရှိအံ့သောငှာဖြစ်၏။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှသော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

လျှောက်ထားသောအမျိုးသမီး

Surah 58

[1] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင် (မိမိ)မကျေနပ်ကြောင်း အလ္လာဟ်အရှင်မြတ်အထံတော်တွင် ထုတ်ဖော်လျှောက်ထား တိုင်တန်းလျက်ရှိခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုမေးဖြေခြင်းကိုလည်း ကြားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ ဖြစ်တော် မူပေသတည်း။

[2] အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[3] စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် "ဇိဟာရ်" ပြုလုပ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး(မောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှော ထိတွေ့ခြင်းမပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။

[4] သို့ရာတွင် မည်သူမဆို (ကျွန်)မရခဲ့လျှင် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း "ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို ("ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ခြင်းငှာ) မတတ်စွမ်းနိုင်လျှင် သူဆင်းရဲ ခြောက်ဆယ်အား (၎င်းတို့မောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ ထမင်းနှစ်နပ်)ကျွေးမွေးရပေမည်။ ထို(အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်း)ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်မှာမူကား ထိုသည်တို့မှာ အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များပင်။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။

[5] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။

[6] အကြင်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးကို ရှင်ပြန်ထစေတော်မူပြီးနောက် ၎င်းတို့ ကျင့်မူခဲ့သမျှတို့ကို ၎င်းတို့အား သိစေတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအကျင့်အမူကို ရေတွက် မှတ်သား၍ ထားရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မှာမူကား ယင်းအကျင့်အမူကို မေ့ပျောက်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် မျက်မြင်သက်သေ ဖြစ်တော်မူ၏။

[7] (အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင် သိမြင်ခဲ့ပြီး မဟုတ်ပါလော။ (လူ)သုံးဦး လျှို့ဝှက်တိုင်ပင်ကြသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ် သည် ၎င်းတို့အနက် စတုတ္ထ ဖြစ်တော်မူ၏။ ထိုနည်းတူစွာ(လူ)ငါးဦး(လျှို့ဝှက်တိုင်ပင်ကြသည်) မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အနက် ဆဋ္ဌမ ဖြစ်တော်မူ၏။ ထို့ပြင် ထို(သုံးဦး)ထက်လျော့၍လည်းကောင်း၊(ငါးဦး)ထက်ပို၍ လည်းကောင်း၊ (လျှို့ဝှက်တိုင်ပင်ကြသည်)မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ မည်သည့်နေရာ၌ ရှိနေကြသည်ဖြစ်စေ ၎င်းတို့နှင့်အတူ ရှိနေတော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့သည်တို့ကို သိစေတော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[8] (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့(၏အခြေအနေ)ကို ဆင်ခြင်သုံးသပ် မြင်ခဲ့သည် မဟုတ်လော။ ထိုသူတို့သည် လျှို့ဝှက်တိုင်ပင်မှု မပြုရန် တားမြစ်ခြင်းကို ခံခဲ့ရလေ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ တားမြစ်ခြင်းခံခဲ့ကြရသော အမှုကိစ္စကိုပင် ထပ်မံ၍ ပြုလုပ်ကြကုန်၏။ စင်စစ် ထိုသူတို့ကား ပြစ်မှုကျူးလွန်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်မှု ပြုလုပ်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှို့ဝှက်တိုင်ပင်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အသင့်ထံသို့ လာကြသောအခါ အလ္လာဟ်အရှင်မြတ်က အသင့်အား မေတ္တာပို့တော်မမူခဲ့သော နည်းမျိုးဖြင့် မေတ္တာပို့သ နှုတ်ခွန်းဆက်ကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စိတ်ထဲတွင် (တွေးတော) ပြောဆိုကြကုန်၏။ "အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ပြောဆိုမှုကြောင့် ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူပါသနည်း။" ၎င်းတို့၌ အကြင် "ဂျဟန္နမ်" ငရဲသည် လုံလောက်ပေသည်။ ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲသို့ ဝင်ရောက်ကြရပေမည်။ စင်စစ်သော်ကား ယင်း "ဂျဟန္နမ်"ငရဲမှာ လွန်စွာဆိုးရွားလှသော ပြန်လည်ရာ စခန်း ဖြစ်ပေသည်။

[9] အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် လျှို့ဝှက်တိုင်ပင်ကြသောအခါ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်ဘက်ပြုခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊လျှို့ဝှက်တိုင်ပင် ခြင်း မပြုကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် ကောင်းမှုပြုလုပ်ရန်လည်းကောင်း၊ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင် ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အကြင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို အရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည် စုရုံးကြရပေမည်။

[10] (မကောင်းမှုကျူးလွန်ရန်)လျှို့ဝှက်တိုင်ပင်မှုကား "ရှိုင်တွာန်"မိစ္ဆာကောင်၏ထံမှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခ ဖြစ်စေရန်သာဖြစ်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိဘဲ ယင်း "ရှိုင်တွာန်"မိစ္ဆာကောင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား အနည်းငယ် စိုးစဉ်းမျှပင် ကျိုးယုတ်စေနိုင်သူမဟုတ်ပြီ။ သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားကြရာသတည်း။

[11] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[12] အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[13] အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[14] (အို-နဗီတမန်တော်၊)အသင်သည် အကြင်အမျိုးသားတှို့အား အဆွေခင်ပွန်း ပြုလုပ်ခဲ့ကြသောသူတို့(၏အခြေအနေကို) သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်လော။ ထိုအမျိုးသားတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် အမျက်ထွက်တော်မူခဲ့၏။ ထိုအမျိုးသားတို့ကား အသင်တို့အနက်မှလည်း မဟုတ်ကြပေ။ ၎င်းတို့အနက်မှလည်း မဟုတ်ကြချေ၊ ထိုအမျိုးသားတို့မှာ သိလျက်နှင့်ပင် မုသားနှင့်စပ်လျဉ်း၍ ကျိန်တွယ်ကြကုန်၏။

[15] အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာသောပြစ်ဒဏ်ကို ထိုအမျိုးသားတို့အဖို့ အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ ဧကန်မလွဲ ၎င်းတို့ ကျင့်မူလျက် ရှိကြသည်မှာ လွန်စွာ ဆိုးယုတ်လှပေသည်။

[16] ၎င်းတို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို အကွယ်အကာ ပြုလုပ်ခဲ့ကြပြီးလျှင် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့၌ ဂုဏ်သရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိချေမည်။

[17] အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူတို့၏ပစ္စည်းဥစ္စာတို့သည် လည်းကောင်း၊ ထိုသူတို့၏ သားသမီးတို့သည် လည်းကောင်း၊ ထိုသူတို့အား လုံးဝအကျိုးပေးမည် မဟုတ်ပေ။ ထိုသူတို့ကား ငရဲသားများ ပင်ဖြစ်ကြကုန်၏။ ၎င်းတို့မှာ ယင်းငရဲ၌ ထာဝစဉ် နေထိုင်ကြရမည့်သူများပင် ဖြစ်ကြကုန်၏။

[18] အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့ကို ရှင်ပြန်ထစေတော်မူအံ့သောနေ့တွင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ရှေ့မှောက်၌လည်း အသင်တို့ရှေ့ဝယ် ကျိန်ဆိုဘိသကဲ့သို့ပင် ကျိန်ဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာ (ကောင်းသော)အခြေအနေ၌ ရှိနေကြသည်ဟု ထင်မှတ်ကြပေမည်။ ကောင်းစွာ မှတ်ယူကြလေကုန်။ဧကန်မလွဲ ၎င်းတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။

[19] ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား နိုင်နင်း ကြီးစိုးလျက် ရှိပေရာ ၎င်းတို့အား ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် အလ္လာဟ်အရှင်မြတ်အား သတိရခြင်းကို မေ့ပျောက်စေခဲ့၏။ ထိုသူတို့ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။

[20] မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။

[21] ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် လည်းကောင်း၊ ဧကန်မလွဲ လွှမ်းမိုးတော်မူမည်ဟူ၍ အလ္လာဟ်အရှင်မြတ်သည် ရေးသားတော်မူပြီးဖြစ်၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ စွမ်းအားနှင့်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[22] (အို-နဗီတမန်တော်၊) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်သူတို့ကို ထိုသို့ ပမာမခန့်ပြုကြသူတို့မှာ ၎င်းတို့၏ ဖခင်များပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏သားများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ညီအစ်ကိုများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ဆွေမျိုးသားချင်းများပင် ဖြစ်ကြသည်ဖြစ်စေ၊ ချစ်မြတ်နိုးကြသည်ဟူ၍ကား အသင် တွေ့ရှိရမည် မဟုတ်ပေ။ထိုသူတို့ကား အကြင်သူများပင်၊ ထိုအရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများတွင် ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို ရေးမှတ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား မိမိအထံတော်မှ ရက်ရောမှုဖြင့် အားအင်ဖြည့်ပေးတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည်စီးတွေလျက် ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အစဉ် နေထိုင်ကြပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူပေမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်ဝယ် ကျေနပ်ကြပေမည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ အုပ်စုသည်သာလျှင် အောင်မြင်မည့်သူများ ဖြစ်ကြကုန်သတည်း။

ပြည်နှင်ဒဏ်

Surah 59

[1] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ပထဝီမြေဝယ်ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်၏။စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည်ပင် ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား ပထမအကြိမ် စုရုံးကြစဉ်အခါ၌ပင် ၎င်းတို့၏နေအိမ်များမှ နှင်ထုတ်တော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ အသင်တို့သည် ၎င်းတို့ ထွက်သွားကြလိမ့်မည်ဟူ၍ပင် ထင်မြင်ခဲ့ကြသည် မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင်ကလည်း မိမိတို့အား မိမိတို့၏ခံတပ်များသည် အလ္လာဟ်အရှင် မြတ်(၏ပြစ်ဒဏ်)မှ ကွယ်ကာ စောင့်ရှောက်ကြလိမ့် မည်ဟူ၍ပင် ထင်မြင်နေခဲ့ကြကုန်၏။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)သည် ၎င်းတို့ထံ ၎င်းတို့ မထင်မြင် မယူဆခဲ့ကြသောနေရာမှ ရောက်ရှိ၍လာခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြောက်ရွံ့စိုးရိမ်မှုကို သက်ရောက်စေတော်မူခဲ့ရာ ထိုသူတို့မှာ မိမိတို့၏နေအိမ်များကို မိမိတို့၏လက်များဖြင့် လည်းကောင်း၊ မုအ်မင်န်သက်ဝင် ယုံကြည်သူတို့၏ လက်များဖြင့်လည်း ကောင်း၊ ဖျက်ဆီးလျက် ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အို-ဉာဏ်(ပညာ)မျက်စိရှင်အပေါင်းတို့၊ အသင်တို့သည် သင်ခန်းစာယူကြလေကုန်။

[3] စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြည်နှင်ဒဏ် ပေးခြင်းကို ရေးမှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မရှိပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ပစ္စုပ္ပန်ဘဝ၌ ၎င်းတို့အား (ကွပ်မျက်သတ်ဖြတ်၍) ပြစ်ဒဏ်ခတ်တော်မူခဲ့ပေမည်။ စင်စစ်သော်ကား’အာခိရတ်’ တမလွန်ဘဝ၌မူ ငရဲ၏ပြစ်ဒဏ်သည် ၎င်းတို့၌ရှိပေမည်။

[4] ယင်းသို့ ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖီလာ ပြုလုပ်ခဲ့ကြသောကြောင့်ပင်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ဖီလာပြုလုပ်ခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[5] စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ယင်းစွန်ပလွံပင်များကို ၎င်းတို့၏ အောက်ခြေအမြစ်များပေါ်၌ ရပ်တည်လျက် ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်အညီပင် ဖြစ်သည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား အရှက်တကွဲ ဖြစ်စေတော်မူအံ့သောငှာ ဖြစ်ပေသတည်း။

[6] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ ယင်းပစ္စည်းများအပေါ်သို့ မြင်းများကို (စီးနင်း) မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ၊ ကုလားအုတ်များကို(စီးနင်း)မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား မိမိအလိုရှိတော်မူသောသူတို့ အပေါ်ဝယ် လွှမ်းမိုးစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[7] အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်မြတ်အား မြို့ရွာများတွင် နေထိုင်သောသူတို့ထံမှ ‘ဖိုင်အ်’လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများကား အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထို့ပြင် ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (ထိုရစူလ်တမန်တော်မြတ်၏)ဆွေရင်းသားရင်းတို့နှင့် လည်းကောင်း၊ ဖမဲ့ကလေးသူငယ်တို့နှင့်လည်းကောင်း၊ သူဆင်းရဲတို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်း ကောင်း၊ သက်ဆိုင်၏။ (ယင်းကဲ့သို့ ပြဋ္ဌာန်းတော်မူခြင်းမှာ) ယင်းလက်ရပစ္စည်းများသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသောသူတို့၏ အကြား၌သာ လည်နေသောပစ္စည်းများ မဖြစ်စေရန် (ပြဋ္ဌာန်းတော်မူခြင်း)ပင်။ ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင် မြတ်အားကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[8] အကြင် ‘မုဟာဂျီရီန်’ (မက္ကာမြို့တော်မှ)ရွှေ့ပြောင်းခဲ့ကြသော သူဆင်းရဲတို့နှင့် (အထူး) သက်ဆိုင်၏။ ထိုသူတို့သည် မိမိတို့၏နေအိမ်များကိုလည်း ကောင်း၊ မိမိတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ စွန့်၍ ထွက်ခဲ့ကြရကုန်၏။ ထိုသူတို့မှာကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ကျေနပ်မှုကိုလည်းကောင်း၊ ရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ကူညီကြကုန်၏။ ထိုသူတို့သည်ပင်လျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။

[9] ထိုမှတစ်ပါး အကြင်သူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည် ထို ‘မုဟာဂျီရီန်’တို့(ရောက်မလာမီ)အလျင်ကပင် ‘ဒါရွလ်အစ္စလာမ်’ အစ္စလာမ့်မြို့တော်၌ နေထိုင်လျက်ရှိကြကုန်၏။ ‘အီမာန်’သက်ဝင် ယုံကြည်မှုတွင် ကြံ့ခိုင်စွာ ရှိခဲ့ကြကုန်၏။ ၎င်းတို့သည် မိမိတို့ထံ ရွှေ့ပြောင်းခဲ့ကြသော သူတို့အား ချစ်မြတ်နိုးကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ထို ‘မုဟာဂျီရီန်’ များရရှိကြသော ပစ္စည်းများကြောင့် မိမိတို့၏စိတ်ထဲ၌ တစ်စုံတစ်ရာ မကျေနပ်မှုကို တွေ့ရှိခံစား ကြရသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ငတ်မွတ်နေသော်လည်း (ထိုမုဟာဂျီရီန်တို့အား) မိမိတို့ထက် ဦးစားပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုနှင့် ကင်းစေခြင်းခံရလျှင် ထိုကဲ့သို့သော သူတို့သည် အောင်မြင်သောသူများ ဖြစ်ကြပေသည်။

[10] ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။

[11] (အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။

[12] (စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။

[13] အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။

[14] ၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။

[15] (၎င်းတို့၏ ဥပမာကား)၎င်းတို့နှင့် အချိန်ကာလ အနည်းငယ်အလျင် မိမိတို့၏ အပြုအမူများ၏ပြစ်ဒဏ်ကို မြည်းစမ်း သွားခဲ့ကြရသောသူတို့၏ ဥပမာကဲ့သို့ပင်။ ထိုမှတစ်ပါး ထိုသူတို့၌(တမလွန်ဘဝတွင်လည်း) နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။

[16] (ထို့ပြင် ၎င်းတို့၏ ဥပမာကား)’ရှိုင်တွာန်’မိစ္ဆာကောင်၏ ဥပမာကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်သည် လူသားအား အသင်သည် သွေဖည်ငြင်းပယ်လော့ဟု ပြောဆို(စေခိုင်း)လေ့ရှိ၏။ သို့ စေခိုင်းသည့်အလျောက် ထိုလူသားသည် သွေဖည် ငြင်းပယ်သောအခါ ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်က ‘ဧကန်စင်စစ် ငါသည် အသင်နှင့် မည်သို့မျှ မပတ်သက်တော့ပြီ။ ဧကန်အမှန် ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်’ ဟု ပြောဆို (နောက်ဆုတ်)လေသည်။

[17] သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးစလုံး၏ နောက်ဆုံးအကျိုးမှာ ၎င်းတို့နှစ်ဦးသည် ငရဲထဲသို့ ရောက်ရှိကြပေမည်။၎င်းတို့နှစ်ဦးမှာ ယင်းငရဲထဲ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ဤသည် မတရားပြုလုပ်သော သူတို့၏အကျိုးတည်း။

[18] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် လူတိုင်းလူတိုင်းသည် မနက်ဖြန်အဖို့ မိမိ တင်ကြို ပို့နှင့်ထားသည်ကို ကြည့်ရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်။

[19] ထို့ပြင် အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိတို့ကိုယ်ကိုပင် မေ့ပျောက်စေတော်မူခဲ့၏။ ထိုသူတို့ကား ၎င်းတို့သည်ပင် အမိန့်တော်ကို သွေဖည်သူများ ဖြစ်ကြကုန်၏။

[20] ငရဲသားတို့နှင့် ‘ဂျန္နတ်’ သုခဘုံသားတို့သည် တူကြသည်မဟုတ်ပေ။ သုခဘုံသားတို့မှာမူကား အောင်မြင်သူများပင် ဖြစ်ကြကုန်သတည်း။

[21] အကယ်၍သာ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို တစ်စုံတစ်ခုသော တောင်ပေါ်၌ ချပေးတော်မူခဲ့ပါလျှင် အသင်သည် ထိုတောင်ကို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် နိမ့်ကျလျက်၊ အပိုင်းပိုင်းဖြစ်လျက်၊ ရှိသည်ကို အမှန်ပင် တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူတို့ သုံးသပ်ဆင်ခြင် စဉ်းစားကြအံ့သောငှာ ယင်းဥပမာပုံဆောင်ချက်များကို ခိုင်းနှိုင်းဖော်ပြတော်မူ၏။

[22] ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[23] ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ စိုးမိုး အုပ်ချုပ်တော်မူသောဘုရင်၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော အရှင်၊ ချွတ်ယွင်းချက်တို့မှ ကင်းစင်စေတော်မူသောအရှင်၊ ငြိမ်းချမ်းမှုပေးတော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်၊ ခန့်ညားတော်မူသောအရှင်၊ ဩဇာအာဏာလွှမ်းမိုးတော် မူသောအရှင်၊ ဂုဏ်သိက္ခာ ကြီးကဲမြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူဘိ၏။

[24] ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အကောင်အထည်ဖော်တော်မူသော (မရှိရာမှ ရှိအောင် ပြုလုပ်ဖန်ဆင်းတော်မူသော)ပုံသဏ္ဌာန်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ်လှစွာသော နာမံဂုဏ်တော်များ ရှိကုန်၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ ကြောင်းကို မြွက်ဆိုလျှက်ရှိကြကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လွန်စွာခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့လှစွာသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

စစ်ဆေးရမည့် အမျိုးသမီး

Surah 60

[1] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏ နှစ်မြို့ကျေနပ်မှုကို ဆည်းပူးအံ့သောငှာလည်းကောင်း၊ ထွက်ခဲ့ကြသည်ဖြစ်မူ၊ အသင်တို့သည် ငါအရှင်မြတ်၏ ရန်သူကိုလည်း ကောင်း၊ မိမိတို့၏ ရန်သူကိုလည်းကောင်း၊ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြကုန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အသင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြလေ၏။ ထိုသူတို့သည် ရစူလ်တမန်တော်မြတ်အား နှင်ထုတ်ခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ခဲ့ကြသောကြောင့် ၎င်းတို့သည် အသင်တို့ကိုလည်း နှင်ထုတ်ခဲ့ကြလေ၏။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ လျှို့ဝှက်(သတင်းကို) ပို့ဆောင်ကြငြားလည်း ငါအရှင်မြတ်မှာမူကား အသင်တို့ လျှို့ဝှက်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးလွန်ပါမူ ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်သောလမ်းစဉ်မှ တိမ်းပါး လွဲချော်၍ သွားခဲ့လေပြီ။

[2] အကယ်၍ ၎င်းတို့သည် အသင်တို့အပေါ်၌ အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြသည့်ပြင် မိမိတို့လက်များဖြင့် လည်းကောင်း၊ မိမိတို့ နှုတ်များဖြင့်လည်းကောင်း၊ အသင်တို့အား ဒုက္ခပေးကြမည်သာ။ ထို့ပြင် ၎င်းတို့သည် အသင်တို့ "ကာဖိရ်"သွေဖည်ငြင်းပယ်သူများ ဖြစ်ကြရန်လည်း လိုလားတောင့်တကြပေသည်။

[3] အသင်တို့၏ ဆွေမျိုးနီးစပ်မှုတို့သည် လည်းကောင်း၊ အသင်တို့၏ သားသမီးတို့သည် လည်းကောင်း၊’ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် အသင်တို့အား အလျှင်း အကျိုးပေးကြမည်မဟုတ်ပေ။ ထိုအရှင်မြတ်သည် အသင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[4] ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) 'အိဗ်ရာဟီမ်' ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။ သို့ရာတွင်(နဗီတမန်တော်) အိဗ်ရာဟီဗ်သည် မိမိ၏ဖခင်အား ‘မုချဧကန် ကျွန်ုပ်သည် အသင့်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အသင်နှင့်ပတ်သက်၍ ကျွန်ုပ် တစ်စုံတစ်ရာမျှပင် အခွင့်အာဏာပိုင်ဆိုင်ခြင်း မရှိပြီ’ ဟူသော(နဗီတမန်တော်) ‘အိဗ်ရာဟီမ်’၏ ပြောဆို (ကတိပြု)ချက်မှတစ်ပါး(ယင်းသည့်အချက်ကိုမူကား အသင်တို့သည် လိုက်နာခြင်းမပြုကြရ)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံ လွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါး နောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင် ဖြစ်ပါသည်။

[5] အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။

[6] ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူ၏အဖို့ ထို( ဆိုခဲ့ပြီး ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်)တို့၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိ၏။ သို့ရာတွင် မည်သူမဆို မျက်နှာလွှဲ၍ ထွက်သွားသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဂုဏ်ဝိသေသအပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[7] အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ရန်ဘက်များဖြစ်ကြသော သူတို့၏အကြားဝယ် ချစ်ခင်မှုကို စီမံဖန်တီးပေးတော်မူမည် ဖြစ်တန်ရာ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[8] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည် အသင်တို့အား "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား နှစ်သက်ချစ်တော်မူ၏။

[9] (စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို တိုက်ခိုက်ခဲ့ကြသည့်ပြင် အသင်တို့အား အသင်တို့၏နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့်စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ယိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။

[10] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထံ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော မိန်းမများသည် ရွှေ့ပြောင်း၍ လာခဲ့ကြသောအခါ အသင်တို့သည် ၎င်းတို့အား စမ်းသပ်စစ်ဆေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ "အီမာန်" သက်ဝင်ယုံကြည်မှုကို ကောင်းမွန်စွာ သိရှိတော်မူ၏။ သို့ဖြစ်ရကား အကယ်၍ အသင်တို့သည် ၎င်းတို့ "မုအ်မင်န်" သက်ဝင်ယုံကြည်သော မိန်းမများဖြစ်ကြောင်းကို ကောင်းမွန်စွာ သိရှိခဲ့ကြရသောအခါ အသင်တို့သည် ၎င်းတို့အား "ကာဖိရ်" များထံသို့ ပြန်၍ မပို့ကြကုန်လင့်။၎င်းတို့မှာလည်း ထို"ကာဖိရ်" တို့အဖို့ (ဟလာလ်) တရားဝင်ကြသည် မဟုတ်ပေ။ ထို ကာဖိရ်များမှာလည်း ၎င်းတို့အဖို့(ဟလာလ်)တရားဝင်ကြသည် မဟုတ်ပြီ။ သို့ရာတွင် အသင်တို့သည် ထို’ကာဖိရ်’များအား ၎င်းတို့ အကုန်အကျခံခဲ့ကြသည်များကို ပေးဆပ်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ "မဟ်ရ်" ထိမ်းမြားကြေးများကို ပေးဆပ်ကြလျှင် ၎င်းတို့နှင့် နိကာဟ်ထိမ်းမြားခြင်းမှာ အသင်တို့၌ အပြစ်မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် ‘ကာဖိရ်’မိန်းမများ၏ ဂုဏ်အသရေကို သိမ်းပိုက်၍ မထားကြကုန်လင့်။ ၎င်းပြင် အသင်တို့သည်လည်း မိမိတို့ အကုန်အကျခံခဲ့ကြသည်များကို (‘ကာဖိရ်’များထံမှ) တောင်း၍ ယူကြလေကုန်။ ၎င်းတို့သည်လည်း မိမိတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)တောင်း၍ ယူကြရပေမည်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ စီရင် ပြဋ္ဌာန်းချက်ပင်။ ထိုအရှင်မြတ်သည် အသင်တို့၏အကြားဝယ် စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[11] သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။

[12] အို-နဗီတမန်တော်၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြသော မိန်းမများသည် အသင့်ထံလာ၍ မိမိတို့မှာ မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ခိုးဝှက်မှုကိုလည်း ကျူးလွန်ကြမည် မဟုတ်ပါ ဟူ၍လည်းကောင်း၊ သူတစ်ပါး၏ ဇနီးမယားအား ပြစ်မှားသော အမှုကိုလည်းကျူးလွန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း။ မိမိတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ မိမိတို့၏လက်များနှင့် ခြေများ၏အကြား၌ မုသား တစ်စုံတစ်ရာကိုလည်း လီဆယ်ဖန်တီးကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အသင်၏အမိန့်ကိုလည်း ဖီဆန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ "ဗိုင်အတ်" ပြုကြသောအခါ အသင်သည် ၎င်းတို့အား ဗိုင်အတ် ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားပါလေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[13] အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော် ကျရောက်ခဲ့သောလူမျိုးကို အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ ဧကန်စင်စစ် ၎င်းတို့မှာ သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သော သူတို့နည်းတူ "အာခိရတ်" တမလွန်ဘဝ၏ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက်ကင်းလျက် ရှိကြကုန်သတည်း။ တစ်နည်း ဧကန်စင်စစ် ၎င်းတို့မှာမူကား သင်္ချိုင်းများအတွင်းဝယ် ရှိသူတို့ထံမှ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက် ကင်းကြသကဲ့သို့ပင် "အာခိရတ်" တမလွန်ဘဝ(၏ အကျိုးကျေးဇူး)များကိုလည်း မျှော်လင့်ချက် ကင်းလျက် ရှိကြကုန်သတည်း။

အတန်းများ

Surah 61

[1] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြကုန်၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။

[2] အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မည်သည့်အတွက်ကြောင့် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုကြသနည်း။

[3] အလ္လာဟ်အရှင်မြတ်အထံတော်တွင် အသင်တို့မပြုလုပ်ကြသော အမှုကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုခြင်းသည် လွန်စွာ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းလှ၏၊

[4] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ စီတန်းလျက် လွန်စွာသိပ်သည်း ခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (မဆုတ်မနစ်၊ စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်စွာ) တိုက်ခိုက်ကြကုန်သော သူတို့အား နှစ်မြို့တော်မူပေသတည်း။

[5] ၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။

[6] ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။

[7] အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။

[8] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြကုန်၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော်လည်း အလ္လာဟ်အရှင်မြတ်မှာမူကား မိမိရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] ထို အရှင်မြတ်သည် အကြင် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ မုရှ်ရစ်က်တို့သည် မနှစ်မြို့ကြငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ (ယင်း မှန်ကန်သော သာသနာကို) စေလွှတ်တော်မူခဲ့ပေသတည်း။

[10] အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့အား အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ လွတ်မြောက်စေအံ့သော ကူးသန်းရောင်းဝယ် ဖောက်ကားမူကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြတော်မူရမည်လော။

[11] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြရပေမည်။ ၎င်းပြင် အသင်တို့သည် မိမိတို့ ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်းကြရပေမည်။ ဤသည် အကယ်၍ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။

[12] ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ ထို့ပြင် ထိုအရှင်မြတ် သည်အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် အသင်တို့အား) အကြင်နေအိမ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုနေအိမ်များမှာ အမြဲထာဝစဉ် နေထိုင်ရအံ့သောဥယျာဉ်များဝယ် ရှိကြပေမည်။ ထိုသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

[13] ထိုမှတစ်ပါး အသင်တို့ နှစ်သက်ကြကုန်သော အခြား(အကျိုးကျေးဇူး)တစ်ပါးကိုလည်း (ထိုအရှင်မြတ်သည် အသင်တို့အား ချီးမြှင့်တော်မူပေမည်။ ယင်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ ကူညီစောင်မမှုပင်၊ နီးကပ်စွာသော အောင်နိုင်မှုပင်။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်းပြောကြားပါလေ။

[14] အို- 'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘မရ်ယမ်’၏သားတော် (နဗီ တမန်တော်'အီစာ')က ‘ဟဝါရီ’တို့အား ပြောကြားဘိသကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်(၏'ဒီန်'သာသနာတော်)ကို ကူညီသူများပင် ဖြစ်ကြလေကုန်။ (မရ်ယမ်၏သားတော် ‘အီစာ’ က ‘ဟဝါရီ’ တို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ငါ့အား မည်သူများကူညီမည်နည်း(ဟုပြောကြားခဲ့ရာ) ‘ဟဝါရီ’ တို့က အလ္လာဟ်အရှင်မြတ်(၏ ‘ဒီန်’သာသနာတော်)ကို ကျွန်ုပ်တို့ကူညီကြပါမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် အစ္စရာအီလီမျိုးနွယ်ဝင်တို့အနက် လူတစ်စုမှာ သက်ဝင်ယုံကြည်ခဲ့ကြ၍ လူတစ်စုမှာ သွေဖည်ငြင်းပယ်ခဲ့ကြလေ၏။ ထိုအခါ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား ၎င်းတို့၏ ရန်သူများအပေါ်၌ ကူညီစောင်မတော်မူခဲ့ပေရာ ၎င်းတို့မှာ အောင်နိုင်ခဲ့ကြကုန်သတည်း။

သောကြာနေ့

Surah 62

[1] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ စိုးမိုးအုပ်ချုပ်တော်မူသော၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော၊အလွန်တရာ ခန့်ညားတော်မူသော၊ လွန်စွာ နူးညံ့သိမ်မွေ့သော၊ ဆင်ခြင်တုံတရားနှင့် ပြည့် စုံတော်မူသော အလ္လာဟ်အရှင်မြတ်၊ စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက် ရှိကြကုန်၏။

[2] ထိုအရှင်မြတ်သည်ပင် စာပေမတတ်သော သူတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၏။ ထိုရစူလ်တမန်တော်သည် ၎င်းတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားလေ၏။ ထို့ပြင် ၎င်းတို့အား စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်လေ၏။ ထိုမှတစ်ပါး ထိုသူတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ သင်ကြားပို့ချလေ၏။ စင်စစ်မှာမူကား ၎င်းတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြကုန်၏။

[3] ထိုမှတစ်ပါး (ထိုအရှင်မြတ်သည်) ၎င်းတို့အနက်မှ ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိကြသေးသောသူတို့အဖို့လည်း(ထိုရစူလ်တမန်တော်အား စေလွှတ်တော်မူခဲ့၏)။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင်။

[4] ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[5] ‘တောင်ရာတ်’ ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်ပေးခြင်းကို ခံခဲ့ကြရပြီးနောက် ယင်း ‘တောင်ရာတ်’ကျမ်းတော်ကို (တာဝန်ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာကား ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းတိရစ္ဆာန်၏ ဥပမာကဲ့သို့ပင်၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသော လူမျိုး၏ဥပမာကား လွန်စွာ ယုတ်ညံ့လှပေ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

[6] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ အို-'ရေဝတီ' ဖြစ်ကြသောသူတို့၊ အကယ်၍ အသင်တို့သည် အခြားသူများမပါဘဲ မိမိတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်များ ဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် (ယင်းသို့ ထင်မှတ်ပြောဆိုရာ၌)သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ ‘မရဏ’ သေခြင်းတရားကို တောင့်တ ဆန္ဒပြုကြလေကုန်။

[7] သို့ရာတွင် ၎င်းတို့သည် မိမိတို့၏လက်များက တင်ကြိုပို့နှင့်ခဲ့သော အကျင့်အမူတို့ကြောင့် ယင်း ‘မရဏ’ သေခြင်းတရားကို မည်သည့်အခါမျှပင် တောင့်တ ဆန္ဒပြုကြမည်မဟုတ်ပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[8] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ‘မရဏ’ သေခြင်းတရားမှာ ဧကန်မလွဲ အသင်တို့နှင့် တွေ့ဆုံမည်ပင်ဖြစ်၏။ ထို့နောက် အသင်တို့သည် လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ကျင့်မူခဲ့ကြသည်တို့ကို သိစေတော်မူအံ့သတည်း။

[9] အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့(ဂျူမုအဟ်)သောကြာနေ့တွင် ‘ဆွလာတ်’ ဝတ်ပြု အံ့သောငှာ’အဇာန်’ပေးသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တသ သတိရရှိရာသို့ အဆောတလျင် သွားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရောင်းဝယ်မှုကို စွန့်လွှတ်ကြလေကုန်။ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်။

[10] ထို့နောက် ‘ဆွလာတ်’ ဝတ်ပြုမှု ပြီးဆုံးခဲ့သောအခါ အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြား သွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူး တော်တည်းဟူသော ရိက္ခာကို ဖွေရှာဆည်းပူးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ တသ သတိရလျက် ရှိကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန် အံ့သတည်း။

[11] စင်စစ်သော်ကား ထိုသူတို့သည် အရောင်းအဝယ်၊ ရောင်းကုန်ဝယ်ကုန်ကို သော်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲကို သော်လည်းကောင်း၊ တွေ့မြင်ခဲ့ကြလေသောအခါ အသင့်အား မတ်တတ်ရပ်လျက် ထားခဲ့ပြီးလျှင် ယင်းရောင်းကုန်ဝယ်ကုန် သို့မဟုတ် ပျော်ပွဲ ရွှင်ပွဲရှိရာသို့ ကစဉ့်ကလျားပြေး၍ သွားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှိသောအရာသည် ရောင်းကုန်ဝယ်ကုန်ထက်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲထက်လည်းကောင်း၊ မွန်မြတ်လှပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ရိက္ခာချီးမြှင့် တော်မူသော အကောင်းဆုံးသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

лицемерие

Surah 63

[1] ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် အသင့်ထံလာခဲ့ကြသောအခါ ‘မုချဧကန် အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း ကျွန်တော်များ သက်သေခံကြပါသည်’ ဟု ပြောဆိုကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင် ထိုအရှင်မြတ်၏ ရစူလ်တမန်ဖြစ်ကြောင်း ကောင်းစွာသိရှိတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့မှာ မုသာဝါဒီများ ဖြစ်ကြောင်း သက်သေခံတော်မူ၏။

[2] ၎င်းတို့သည်ကား မိမိတို့၏ကျိန်ဆိုချက်များကို အကာအကွယ်ပြုလုပ်ပြီးလျှင်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးပိတ်ပင်ခဲ့ကြလေ၏။ ဧကန်စင်စစ် ၎င်းတို့၏ ပြုမူချက်များမှာ လွန်စွာ ဆိုးရွားလှ၏။

[3] ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားလည်ကြသည် မဟုတ်ပြီ။

[4] ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့၏ လုံးရပ်သဏ္ဌာန်များသည် အသင်၏အမြင်၌ လှပစွာ မြင်ရပေမည်။ ထိုနည်းတူစွာ အကယ်၍ ၎င်းတို့သည် စကားစမည် ပြောဆိုကြလျှင် အသင်သည် ၎င်းတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေမည်။ ၎င်းတို့မှာ မှီ၍ထားသော သစ်တုံးများကဲ့သို့ပင် ဖြစ်ကြကုန်၏။ ဟစ်အော်သံ(ကြားရ)တိုင်း မိမိတို့နှင့်ဆန့်ကျင်၍ (ဟစ်အော်သည်ဟု) ထင်မှတ်ကြ၏။ ၎င်းတို့သည်ပင် ရန်သူများ ဖြစ်ကြ၏။ သို့ဖြစ်ရာ အသင်သည် ၎င်းတို့နှင့် ကင်းရှင်းစွာ နေပါလေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေ။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်၍ ထွက်သွားကြသနည်း။

[5] ၎င်းပြင် ထိုသူတို့အား 'အသင်တို့သည် လာကြလေကုန်၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးမည်'ဟု ပြောဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ဦးခေါင်းများကို လှုပ်ခါကြကုန်၏။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မာန်မာနထောင်လွှားကြလျက် ပြန်လှည့်၍ သွားကြသည်ကို တွေ့မြင်ရပေမည်။

[6] အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားခြင်းမပြုသည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

[7] ၎င်းတို့ကပင် ‘အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ထံတော်ပါး၌ ရှိနေကြသော သူတို့အပေါ် ၌ ၎င်းတို့ ကစဉ့်ကလျား ဖြစ်သွားကြသည်အထိ သုံးစွဲခြင်းကို မပြုကြကုန်လင့်’ ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ ပထဝီမြေ ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ အရှင်မြတ်ပိုင်ဆိုင်တော်မူသော ဘဏ္ဍာတော်များသာ ဖြစ်ကုန်၏။ သို့ရာတွင် ‘မုနာဖစ်က်’အယောင်ဆောင် မွတ်စ်လင်မ်တို့သည် နားလည်ကြသည် မဟုတ်ပေ။

[8] ၎င်းတို့ကပင် (ယခုသော်)ကျွန်ုပ်တို့သည် ‘မဒီနာ’မြို့သို့ ပြန်၍သွားခဲ့ကြလျှင် ဂုဏ်အသရေ အားအင်ရှိသူတို့သည် ဂုဏ်အသရေ အားအင်မဲ့သောသူတို့အား ထိုမြို့မှ ဧကန်မလွဲ နှင်ထုတ်ကြပေမည်’ ဟူ၍(လည်း) ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဂုဏ်အသရေ အားအင်ဟူသည် အလ္လာဟ်အရှင်မြတ်၌သာလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၌သာလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့၌သာလည်းကောင်း၊ ရှိပေသည်။ သို့တစေလည်း ‘မုအ်မင်န်’ အယောင်ဆောင်တို့မှာမူကား သိရှိကြသည် မဟုတ်ပေ။

[9] အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား တသ သတိရခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်း လျစ်လျူရှု ပေါ့တန်စေခြင်း မရှိစေရ။ အသင်တို့ သားသမီးများသည်လည်း လျစ်လျူရှု ပေါ့တန်စေသည် မရှိစေရ။ စင်စစ်သော်ကား မည်သူမဆို ထိုသည်ကို ပြုမူသည်ရှိသော် ထိုကဲ့သို့ သူတို့သည်သာလျှင် ဆုံးရှုံးသူများ ဖြစ်ကုန်၏။

[10] ထိုမှတစ်ပါး အသင်တို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်မလာမီပင် အသင်တို့သည် မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ (လှူဒါန်း)ကြလေကုန်။ ထို('မရဏ' သေခြင်းတရား ရောက်လာသော)အခါ ထိုသူသည် 'အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်တော်မျိုးအား အချိန်ကာလ အနည်းငယ်ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ သို့ ပေးတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးသည် အလှူဒါနပြုသည့်ပြင် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါမည်' ဟု လျှောက်ထားပေမည်။

[11] စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၎င်းနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူသည် မဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

အပြန်အလှန်အမှန်မထင်ခြင်း

Surah 64

[1] မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိကြကုန်၏။ စိုးမိုးအုပ်ချုပ်မှုသည်လည်း ထိုအရှင်မြတ်၌သာ ရှိ၏။ ချီးမွမ်းထောပနာ ဟူဟူသမျှ တို့သည်လည်း ထိုအရှင်မြတ်နှင့်သာ အပ်စပ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည်သာ အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ပါသော်လည်း အသင်တို့အနက် အချို့မှာ သွေဖည်ငြင်းပယ်သူဖြစ်၍ အသင်တို့အနက် အချို့မှာ သက်ဝင်ယုံကြည်သူ ဖြစ်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ပုံပန်းသဏ္ဌာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ပုံပန်းသဏ္ဌာန်များကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး (အသင်တို့၏ နောက်ဆုံး) ပြန်လည်ရာစခန်းမှာလည်း ထိုအရှင်မြတ်ထံတော်၌ပင် ဖြစ်၏။

[4] ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှတို့ကို သိရှိတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်စွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကိုလည်း အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

[5] အသင်တို့ထံ (မိမိတို့)အလျင် သွေဖည်ငြင်းပယ်ခဲ့ကြလေသော ရှေးသူဟောင်းတို့၏ သတင်းရောက်ရှိ၍ မလာခဲ့လေသလော။ သို့သွေဖည် ငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့သည် မိမိတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေပြီ။ ထိုမှတစ်ပါး (‘အာခိရတ်’တမလွန်ဘဝတွင်) ၎င်းတို့၌ လွန်စွာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။

[6] ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ လာရောက်လေ့ ရှိခဲ့ကြသောအခါ ၎င်းတို့က မနုဿလူသားများသည် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ပြသကြမည်လောဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အား ဂရုစိုက်တော်မူသည် မရှိခဲ့ပေ။စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သောဂုဏ်တော်၊ အတိုင်းအဆမရှိ ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

[7] ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည်၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်း ခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ လွန်စွာလွယ်ကူလှ၏။

[8] သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ငါအရှင်မြတ်ချပေး သနားတော်မူခဲ့သော အလင်းရောင်အားလည်းကောင်း၊ သက်ဝင် ယုံကြည်ကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။

[10] သို့တစေလည်း အကြင်သူသည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား ငရဲမီး၌ အမြဲ ထာဝစဉ် နေထိုင်ကြရအံ့သော သူများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား ယင်းငရဲမီးသည် လွန်စွာ ယုတ်ညံ့လှစွာသော စခန်းပင် ဖြစ်ပေသတည်း။

[11] ဘေးဒုက္ခဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်သာ သက်ရောက်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုအလ္လာဟ်အရှင်မြတ်သည် ၎င်း၏စိတ်နှလုံးကို တရားလမ်းမှန် ပြသတော်မူ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်း လိုက်နာကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (လိုက်နာခြင်းမပြုဘဲ) မျက်နှာလွှဲသွားလျှင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အပေါ်ဝယ် (အမိန့်တော်များကို) ရှင်းလင်းစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိ၏။

[13] အလ္လာဟ်အရှင်မြတ်သာလျှင် (ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပြီ။ သို့ဖြစ်ပေရာ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့မှာမူကား အလ္လာဟ်အရှင်မြတ်၏အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားရာကုန်သတည်း။

[14] အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။

[15] အသင်တို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ အသင်တို့၏ သားသမီးများသည်လည်းကောင်း၊ စမ်းသပ်မှုသာလျှင် ဖြစ်ကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် ရှိပေသည်။

[16] သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့တတ် စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို့ပြင် အသင်တို့သည် နာခံကြလေကုန်။ ၎င်းပြင် အသင်တို့သည် လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကိုယ်တိုင် ကောင်းစားရန် သုံးစွဲ(လှူဒါန်း)ကြလေကုန်။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုမှ လွတ်ကင်းပါမူ ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကုန်၏။

[17] အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်စွာ ချေးငှားကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းချေးငှားခြင်းကို ဆထက် တိုးပွားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော် မူပေမည်။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အလွန်တရာ သည်းခံခြင်းတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[18] လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသောအရှင်၊ အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

ကွာရှင်းပြတ်စဲခြင်း

Surah 65

[1] အို-နဗီတမန်တော်၊(အသင်သည် လူသားတို့အား ပြောကြားလိုက်ပါလေ)။ အသင်တို့သည် ဇနီးမိန်းမများအား တွလာက်ပေးကွာရှင်း(ရန်ရည်ရွယ်) သောအခါ ၎င်းတို့၏'အစ်ဒ္ဒသ်'ရက်များ (စ၍ရေတွက်နိုင်သော)အချိန်ကာလ၌ ‘တွလာက်’ပေးကွာရှင်း ကြလေကုန်။ ၎င်းပြင် အသင်တို့သည် 'အစ်ဒ္ဒသ်' ရက်များကို ရေတွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထင်ရှားစွာသော စက်ဆုပ်ရွံ့ရှာမှု တစ်စုံတစ်ရာကို ယင်းဇနီးမိန်းမများ ကျူးလွန်ကြသည်မှတစ်ပါး အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏နေအိမ်များမှ ထွက်စေခြင်းကို မပြုကြကုန်လင့်။ ၎င်းတို့ ကိုယ်တိုင်လည်း (နေအိမ်များမှ)မထွက်ကြရပေ။ စင်စစ်သော်ကား ထိုသည် အလ္လာဟ်အရှင်မြတ် (သတ်မှတ် ပြဋ္ဌာန်းတော်မူသော) စည်းကမ်းချက်များပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်မူ ဧကန်မလွဲ ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ခဲ့ချေပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စ တစ်စုံတစ်ရာကို အသစ်ဖန်တီး၍ ပေးတော်မူမည် ဖြစ်တန်ရာသည်ကို အသင် မသိပြီတကား။

[2] တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်ကြလေကုန်။ သို့တည်းမဟုတ် အသင်တို့သည်(တရားတော်၏)စည်းကမ်းနှင့်အညီ ၎င်းတို့နှင့် ခွဲခွာကြလေကုန်။ ၎င်းအပြင် အသင်တို့သည် မိမိတို့အနက်မှ သမာဓိရှိသောသူ နှစ်ယောက်ကို သက်သေထားကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ ဖြောင့်မှန်စွာ သက်သေထွက်ဆိုကြလေကုန်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်သောသူအား ဆုံးမဩဝါဒပေးခြင်းပင် ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။

[3] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။

[4] ၎င်းပြင် အသင်တို့၏(ကွာရှင်းပြီးဖြစ်သော) ဇနီးမိန်းမတို့အနက် ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောမိန်းမများသည် အကယ်၍(၎င်းတို့၏ ‘အစ်ဒ္ဒတ်’နှင့်စပ်လျဉ်း၍) အသင်တို့သည် ဒွိဟသံသယ ဖြစ်ခဲ့ကြလျှင် ၎င်းတို့၏'အစ်ဒ္ဒတ်'မှာ သုံးလ (တိတိ)ဖြစ်၏။ ထိုနည်းတူစွာ ရာသီပန်းပွင့်ဖူးခဲ့သည် မရှိသေးသောမိန်းမများ(၏ ‘အစ်ဒ္ဒတ်’မှာ)လည်း(သုံးလတိတိပင်)။ ထိုမှတစ်ပါး ကိုယ်ဝန်ရှိသော မိန်းမများသည် ၎င်းတို့၏(‘အစ်ဒ္ဒတ်’ရက်) အပိုင်းအခြားမှာ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်း၏အရေးကိစ္စကို လွယ်ကူအောင် ပြုလုပ်၍ ပေးတော်မူမည်ဖြစ်၏။

[5] ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။

[6] အသင်တို့သည် ထို(ကွာရှင်းပြီး ဖြစ်ကြသော)မိန်းမများအား မိမိတို့ နေထိုင်ရာတွင် မိမိတို့၏ ကြွယ်ဝ မှုနှင့်လျော်ညီ (နေထိုင်ရန်)အိမ်ပေးကြလေကုန်။ ထို့အပြင် အသင်တို့သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေခြင်းငှာ ၎င်းတို့အား ဒုက္ခမပေးကြကုန်လင့်။ ထိုမှတစ်ပါး အကယ်၍ ထိုမိန်းမများမှာ ကိုယ်ဝန်ရှိသူများ ဖြစ်ခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ကြသည်အထိ သုံးစွဲကြလေကုန်။ တစ်ဖန် အကယ်၍ ၎င်းတို့သည် အသင်တို့အကျိုးငှာ(အသင်တို့၏ကလေးကို)နို့တိုက်ကျွေးခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့အား ၎င်းတို့အခများကို ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း သင့်လျော်စွာ ညှိနှိုင်းတိုင်ပင်ကြလေကုန်။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်း မညီမညွတ် မပြေမလည် ဖြစ်ခဲ့ကြလျှင် ထို(ဖခင်)၏အကျိုးငှာ အခြားမိန်းမ တစ်ဦးတစ်ယောက်သည် နို့တိုက်ကျွေးရမည်ဖြစ်၏။

[7] ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှု နှင့်လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွား ဥစ္စာကျပ်တည်းသော သူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း)အနက်မှ သုံးစွဲရပေမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် မိမိချီးမြှင့်ပေးသနားတော်မူသည်ထက်ပို၍ တာဝန်ပေးသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်တွင် မကြာမြင့်မီပင် ချောင် လည်မှုကို ဖန်တီး၍ ပေးသနားတော်မူအံ့သတည်း။

[8] စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများ(၌နေထိုင်သောသူတို့)သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ၏ အမိန့်များကိုလည်းကောင်း၊ ဖီဆန်တော်လှန်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း မြို့(သူ)ရွာ(သား)တို့အား ပြင်းထန်စွာ စစ်ဆေးတော်မူသည့်ပြင် ၎င်းတို့အား ဆိုးရွားလှသော ပြစ်ဒဏ်ကို တပ်ရိုက်စီရင်တော်မူခဲ့သည်။

[9] မည်သို့ပင်ဖြစ်စေ ယင်းမြို့(သူ)ရွာ(သား)တို့မှာ မိမိတို့၏ အမှုကိစ္စများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရကုန်၏။ စင်စစ် ၎င်းတို့၏ နောက်ဆုံး အကျိုးမှာ ဆုံးရှုံးမှုပင် ဖြစ်ခဲ့လေ၏။

[10] အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြင်းထန်လှစွာသော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို-သက်ဝင် ယုံကြည် ခဲ့ကြလေသောဉာဏ်ရှင်တို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံ "ဆုံးမစာ" (ကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးသနားတော်မူခဲ့၏။

[11] (ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။

[12] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် မြေကိုလည်း ယင်းကဲ့သို့ပင်(ဖန်ဆင်းတော်မူခဲ့၏)။ ယင်းမိုးနှင့်မြေတို့ အကြားဝယ် အမိန့်တော်များသည် ဆင်းသက်လေ၏။ (ယင်းသို့ဖြစ်ရခြင်းမှာ)ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း၊ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိပညာဖြင့် အမှန်ပင် ဝန်းခြုံလျက် ရှိတော်မူကြောင်းကိုလည်းကောင်း၊ အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသတည်း။

တားမြစ်ချက်

Surah 66

[1] အို-နဗီတမန်တော်၊ အသင်သည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်က (ဟလာလ်) ခွင့်ပြုတော်မူခဲ့သောအရာကို မည်သည့်အတွက်ကြောင့် အသင်၏ ကြင်ရာတော်များ၏နှစ်သက်မှုကို ရှာဖွေသောအားဖြင့် (ဟရမ်)ဟူ၍ တားမြစ်သောအရာ ပြုလုပ်ပါသနည်း။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[2] ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့၏ ကျိန်ဆိုချက်များကို ဖြေနိုင်ရန် (နည်းလမ်း)သတ်မှတ်၍ ပေးတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသည့်ပြင် ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်တရာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[3] ၎င်းပြင် (ပြန်လည် သတိရကြလေကုန်။) တစ်ရံရောအခါဝယ် နဗီတမန်တော်မြတ်သည် မိမိ၏ ကြင်ယာတော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ ပြောခဲ့လေ၏။ ထို့နောက် ထိုကြင်ရာတော်က (အခြားကြင်ရာတော်အား) ယင်းစကားကို ပြောပြခဲ့လေ၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းကို နဗီတမန်တော်မြတ်အား အသိပေးတော်မူခဲ့၏။ ထိုအခါ ထိုနဗီတမန်တော်မြတ်သည် ယင်းစကားအချို့ကို သိစေခဲ့ပြီး အချို့ကိုမူ လျစ်လျူရှုထားခဲ့၏။ တစ်ဖန် ထိုနဗီတမန်တော်မြတ်သည် ထိုကြင်ရာတော်အား ယင်းစကားကို ပြောပြခဲ့သောအခါ ထိုကြင်ရာတော်က ဤသတင်းကို အသင့်အား မည်သူပြောပြသနည်းဟု ပြောဆို(မေးမြန်း)ခဲ့ရာ ထိုနဗီတမန်တော်မြတ်က ကျွန်ုပ်အား ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိရှိတော်မူသော၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော၊ အရှင်မြတ်က အသိပေးတော်မူခဲ့သည်ဟု ပြန်ကြားခဲ့လေသည်။

[4] အကယ်၍ အသင်(ကြင်ရာတော်)နှစ်ပါး တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဝန်ချ တောင်းပန်ခဲ့ကြပါလျှင် (အသင်တို့အဖို့ ကောင်း၏။ အဘယ်ကြောင့်ဆိုသော်)စင်စစ်မှာကား အသင်တို့နှစ်ဦး၏ စိတ်နှလုံးမှာ (တမန်တော်မြတ် မနှစ်မြို့သော အရာဘက်သို့) ယိမ်းညွှတ်လျက် ရှိနေခဲ့၏။ သို့ရာတွင် အကယ်၍ အသင်တို့နှစ်ဦးသည် ထိုနဗီတမန်တော်မြတ်နှင့် ဆန့်ကျင်၍ အချင်းချင်း ရိုင်းပင်းကူညီလျက် ရှိကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကာကွယ် စောင့်ရှောက်တော်မူမည့် အဆွေခင်ပွန်း ဖြစ်တော်မူသည်။ ထို့ပြင်တဝ ကောင်းကင်တမန် ‘ဂျစ်ဗ်ရီလ်’သည်လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်းများ ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အပြင် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည်လည်း ရိုင်းပင်းကူညီသူများပင် ဖြစ်ကြကုန်၏။

[5] အကယ်၍ ထိုနဗီတမန်တော်မြတ်သည် အသင်တို့အား ကွာရှင်းခဲ့ပါလျှင် ထိုနဗီတမန်တော်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အစား ထိုနဗီတမန်တော်မြတ်အား အသင်တို့ထက် ပိုမို၍ထွတ်မြတ်သော’မွတ်စ်လင်မ်’ မိန်းမများ၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော မိန်းမများ၊ အမိန့်ကိုနာခံသော မိန်းမများ၊ ဝန်ချတောင်းပန်ကြသော မိန်းမများ၊ ဝတ်ပြုသောမိန်းမများ၊ ဥပုသ်သီလ ဆောက်တည်သော မိန်းမများ၊ အအိုများနှင့် အပျိုများကို ပေးတော်မူအံ့သတည်း။

[6] အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။

[7] အို-"ကာဖိရ်" သွေဖည်ငြင်းပယ်သူအပေါင်းတို့၊ ယနေ့ အသင်တို့သည် (မည်သို့မျှ) အကြောင်း မပြကြကုန်လင့်။ အသင်တို့သည် မိမိတို့ ကျင့်မူနေခဲ့ကြသော (အမှုကိစ္စ)နှင့် စပ်လျဉ်း၍သာ အစားပေးခြင်းကို ခံနေကြရခြင်း ဖြစ်သည်။

[8] အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ စစ်မှန်သော ဝန်ချ တောင်းပန်ခြင်းမျိုးဖြင့် ဝန်ချ တောင်းပန်ကြလေကုန်။ (သို့ပြုလုပ်ခြင်းအားဖြင့်)အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို အသင်တို့မှ ပပျောက်စေတော်မူမည့်ပြင် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူတန်ရာ၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ အကြင်နေ့ကို(သတိရရှိကြလေကုန်၊) ထိုနေ့တွင်အလ္လာဟ်အရှင်မြတ်သည် နဗီ တမန်တော်မြတ်အား လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသောသူတို့အား လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေတော်မူမည် မဟုတ်ပေ။ ၎င်းတို့၏ အလင်းရောင်မှာ ၎င်းတို့၏ ရှေ့၌လည်းကောင်း၊ လယ်ယာဘက်များ၌လည်း ကောင်း၊ ပြေးလျက် ရှိပေမည်။ ၎င်းတို့မှာ(ဤသို့)လျှောက်ထား ပန်ကြားလျက်ရှိကြမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အလင်းရောင်ကို အဆုံးတိုင်အောင် ထားရှိတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

[9] အို-နဗီတမန်တော်၊ အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အားလည်းကောင်း၊ "မုနာဖစ်က်" အယောင်ဆောင် မွတ်စ်လင်မ်တို့အားလည်းကောင်း၊ သက်စွန့်ကြိုးပမ်း တိုက်ခိုက်ပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေပါလေ။ ထို့ပြင် ၎င်းတို့၏ခိုလှုံရာဌာနမှာ "ဂျဟန္နမ်" ငရဲသာလျှင်ဖြစ်၏။ စင်စစ်မှာကား (ယင်း"ဂျဟန္နမ်"ငရဲမှာ) လွန်စွာ ဆိုးရွားလှသောစခန်းပင် ဖြစ်ချေသည်။

[10] အလ္လာဟ်အရှင်မြတ်သည် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြကုန်သူတို့၏အကျိုးငှာ (နဗီတမန်တော်) နူဟ်၏ဇနီးကြင်ရာကိုလည်းကောင်း၊ (နဗီတမန်တော်) လူ(တ်)၏ဇနီးကြင်ရာကိုလည်းကောင်း၊ ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူ၏။ ထိုဇနီးကြင်ရာနှစ်ဦးကား ငါအရှင်မြတ်၏ကျွန်အနက် သူတော်စင်ကျွန်နှစ်ပါး၏ (ထိမ်းမြားမှု) အောက်တွင် ရှိခဲ့ကြလေ၏။ သို့တစေလည်း ထိုဇနီးကြင်ရာနှစ်ဦးသည် ထိုကျွန်နှစ်ပါးနှင့်ပတ်သက်၍ (ဒီန်သာသနာရေးတွင်) သစ္စာ သွေလှန်ခဲ့ကြပေရာ ထိုကျွန်တော်နှစ်ပါးမှာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ထိုကြင်ရာနှစ်ဦးအဖို့ အနည်းငယ်စိုးစဉ်းမျှပင် အကျိုးမပြုနိုင်ခဲ့ကြပေ။ ထို့ပြင် "အသင်တို့နှစ်ဦးသည်လည်း (အခြားသော) ဝင်ရောက်ကြသူတို့နှင့်အတူ (ငရဲ)မီးထဲသို့ ဝင်ရောက် ကြကုန်လော့"ဟု အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေသတည်း။

[11] ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော သူတို့၏အကျိုးငှာ ‘ဖစ်ရ်အောင်န်’ ၏ဇနီးကြင်ရာကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထို ‘ဖစ်ရ်အောင်န်’၏ဇနီးကြင်ရာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးမအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် မိမိထံတော်ပါး၌ ‘ဂျန္နတ်’သုခဘုံတွင် ကျွန်တော်မျိုးမအဖို့ နေအိမ်တစ်လုံးကို ပြုလုပ်၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား 'ဖစ်ရ်အောင်န်' နှင့် ၎င်း၏ အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးမအား မတရားသော အမျိုးသားတို့မှလည်း လွတ်မြောက်စေတော်မူပါ။

[12] ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်သည်) 'အီမ်ရာန်' ၏သမီး၊ အကြင် ‘မရ်ယမ်’ အား (ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏၊) ထို ‘မရ်ယမ်’ သည် မိမိအသရေကို စောင့်စည်းထိန်းသိမ်းခဲ့လေရာ ငါအရှင်မြတ်သည် ၎င်း၏အင်္ကျီရင်ကွဲ(ရင်ဖုံး)ဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို နှုတ်တော်မူခဲ့လေ၏။ ထို့ပြင် ထို ‘မရ်ယမ်’ သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မိန့်ကြားချက်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်တရားတော်တို့ကိုလည်းကောင်း၊ ယုံကြည်ထောက်ခံခဲ့သည့်ပြင် အမှန်စင်စစ် ထို’မရ်ယမ်’မှာ အမိန့်တော်ကို နာခံကြ ကုန်သော သူတို့တွင် အပါအဝင်ဖြစ်ခဲ့ပေသတည်း။

အာဏာစက်

Surah 67

[1] အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံ မြင့်မြတ်လှတော်မူ၏။ ထိုအရှင်မြတ်၏ လက်တော်တွင်းဝယ် အုပ်ချုပ်မှုသည်ရှိသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[2] အကြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ "မရဏ" သေခြင်းတရားကိုလည်းကောင်း၊ အသက် ရှင်ခြင်းကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညား တော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[3] အကြင်အရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်သည် "ရဟ်မာန်" ကရုဏာတော်ရှင်၏ ဖန်ဆင်းမှု၌ ကွာခြားမှု၊ မဆီလျော်မှုဟူ၍ကား လုံးဝ တွေ့ရှိရမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကို ပြန်မော့၍ ကြည့်လော့၊ အသင်သည် တစ်စုံတစ်ရာ အက်ကွဲမှု တွေ့မြင်ရလေသလော။

[4] ထို့နောက် အသင်သည် မျက်စိကိုပြန်မော့၍ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုလော့၊ မျက်စိသာလျှင် အသင့်ထံသို့ အရှက်ရ၍ညောင်းလျက် ပြန်လာမည် ဖြစ်၏။

[5] ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး(အောက်ဆုံး)ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော် မူသည့်ပြင် ငါအရှင်မြတ်သည် ယင်းမီးအိမ်များကို "ရှိုင်တွာန်" မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။

[6] ထို့ပြင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်သည် ရှိချေမည်။ စင်စစ်မှာကား ယင်း"ဂျဟန္နမ်"ငရဲသည် လွန်စွာဆိုးရွားလှသော စခန်းပင် ဖြစ်ချေ၏။

[7] ၎င်းတို့သည် ယင်းငရဲ၌ပစ်ချခြင်းကို ခံခဲ့ကြရသောအခါ ယင်းငရဲ၏ဟိန်းသံကို ကြားကြရပေမည်။ ၎င်းပြင် ယင်းငရဲသည် ဆူပွက်လျက်ရှိမည်မှာ၊

[8] အမျက်ဒေါသကြောင့် ပေါက်ကွဲလုမတတ်ရှိပေမည်။ ယင်း"ဂျဟန္နမ်"ငရဲ၌ အုပ်စုတစ်စု ပစ်ချခြင်းခံရတိုင်း ယင်းငရဲကို စောင့်ကြပ်သော ကောင်းကင်တမန်များက ၎င်းတို့အား "အသင်တို့ထံ သတိပေး နှိုးဆော်သူ တစ်ဦးတစ်ယောက်မျှ မလာခဲ့လေသလော" ဟု မေးမြန်းကြပေမည်။

[9] (ထိုအခါ) ၎င်းတို့က အဘယ်ကြောင့် မဟုတ်ပါသနည်း၊ ဧကန်မလွဲ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ လာခဲ့ပေသည်။ သို့တစေလည်း ကျွန်ုပ် တို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခြင်းမရှိ၊ အသင်တို့သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရှိနေကြသည်ဟု ပြောဆိုခဲ့ကြောင်း ဖြေကြားကြပေမည်။

[10] ထိုမှတစ်ပါး ၎င်းတို့က အကယ်၍သာ ကျွန်ုပ်တို့သည် နားထောင်ခဲ့ကြပါလျှင် သို့တည်းမဟုတ် ကျွန်ုပ်တို့သည် နားလည်ခဲ့ကြပါလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်ဟု ပြောဆိုကြပေမည်။

[11] မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် (ကိယာမတ်နေ့တွင်) မိမိတို့၏ ပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံကြပေမည်၊ သို့ဖြစ်ပေရာ "ဂျဟန္နမ်" ငရဲသားတို့၌ ကရုဏာတော်မှ ကင်းဝေးမှုသည် ရှိစေသား။

[12] ဧကန်မလွဲ မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့သော သူတို့အဖို့ အပြစ်မှ ချမ်းသာပေးခြင်းသည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် လည်းကောင်း၊ ရှိ၏။

[13] ထို့ပြင် အသင်တို့သည် မိမိတို့၏ စကားများကို လျှို့ဝှက်စွာပြောဆိုကြသည်ဖြစ်စေ၊ ကျယ်လောင်စွာ ပြောဆိုကြသည်ဖြစ်စေ၊ ဧကန်စင်စစ် ထိုအရှင်မြတ်မှာမူကား စိတ်နှလုံးများအတွင်းဝယ် ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော် မူ၏။

[14] ဖန်ဆင်းတော်မူသော အရှင်မြတ်သည် သိတော်မူမည် မဟုတ်ပါသလော။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သိမ်မွေ့သောအရာတို့ကို လွန်စွာ သိမြင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[15] ထိုအရှင်မြတ်သည်ပင် အသင်တို့အကျိုးငှာ ပထဝီမြေကို တစ်ဆင့်အသုံးခံ၊ လက်အောက်ခံ ပြုလုပ်ထားတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းပထဝီမြေ၏ သွားလာရာလမ်းများ၌ လှုပ်ရှားသွားလာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် ချီးမြှင့် ပေးသနားတော်မူသောရိက္ခာမှ စားသုံးကြလေကုန်။ စင်စစ်သော်ကား ရှင်ပြန်ထ၍ ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည် ရောက်ရှိကြရအံ့သတည်း။

[16] အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အား မြေမျိုစေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ကြောင့်ကြမှု ကင်းကြလေပြီလော၊ သို့(မြေမျိုစေတော်မူသော)အခါ ယင်းပထဝီမြေမှာ ပြင်းထန်စွာ တုန်လှုပ်လျက်ရှိပေမည်။

[17] သို့တည်းမဟုတ် အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကျောက်စရစ်မိုး ရွာသွန်း စေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ခြင်း ကင်းကြလေပြီလော။ သို့ဖြစ်လျှင် မကြာမြင့်မီပင် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့သည်ကို သိရှိ ကြပေမည်။

[18] စင်စစ်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်မှာ မည်သို့ရှိပေသနည်း။

[19] ၎င်းတို့သည် မိမိတို့ထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကို ကားလျက်ရှိသည်ကို လည်းကောင်း၊(ယင်းအတောင်ပံများကို)ရုပ်သိမ်း လျက်ရှိကြသည်ကို လည်းကောင်း၊ ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို "ရဟ်မာန်" ကရုဏာတော်ရှင်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် ထိန်းသိမ်း၍ ထားရှိသည်မဟုတ်ပြီ။ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[20] စင်စစ် "ရဟ်မာန်" ကရုဏာတော်ရှင် မှတစ်ပါး အသင်တို့၏ စစ်သည်ဗိုလ်ပါအဖြစ် အသင်တို့အား ကူညီအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား(ကာဖိရ်)သွေဖည် ငြင်းပယ်သောသူတို့သည် ဖြားယောင်းမှု၌ပင် ရှိနေကြကုန်၏။

[21] စင်စစ် အကယ်၍ ထိုအရှင်မြတ်သည် မိမိ (ထံမှ)ရိက္ခာကို ပိတ်ပင်တော်မူခဲ့ပါလျှင် အသင်တို့အား ရိက္ခာပေးအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား ထိုသူတို့သည် ဆိုးသွမ်းမှု၌လည်းကောင်း၊ စက်ဆုပ်ရွံရှာမှု၌လည်းကောင်း၊ စွဲမြဲစွာ ရှိနေကြကုန်၏။

[22] မိမိ မျက်နှာပေါ်၌ မှောက်လျက်သွားသောသူသည် ဖြောင့်မှန်စွာသွားသူ ဖြစ်လေသလော၊ သို့တည်းမဟုတ် ဖြောင့်မတ်သောလမ်းပေါ်၌ မတ်မတ် သွားနေသောသူသည် ဖြောင့်မှန်စွာသွားသူ ဖြစ်လေသလော။

[23] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထို့ပြင် အသင်တို့အဖို့ ထိုအရှင်မြတ်သည် နားကိုလည်းကောင်း၊ မျက်စိကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့မှာမူကား အနည်းငယ်မျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။

[24] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေ၌ ပြန့်ပွားစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ် အထံတော်သို့ပင် အသင်တို့သည် စုရုံးကြရပေမည်။

[25] ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည် သစ္စာဝါဒီများ ဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း" ဟု ပြောဆိုကြကုန်၏။

[26] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "(ဤသည်နှင့်စပ်လျဉ်း၍ တိကျသော)အသိပညာမှာ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ စင်စစ်သော်ကား ငါသည် ထင်ရှားလှစွာသော သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။

[27] စင်စစ်သော်ကား ၎င်းတို့သည် ယင်း(ကိယာမတ်)ကို တွေ့မြင်ကြသောအခါ "ကာဖိရ်" သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ မျက်နှာများမှာ ပျက်သွားကြပေမည်။ ထိုမှတစ်ပါး ဤသည်ပင် အသင်တို့ တောင်းဆိုလျက်ရှိခဲ့ကြသော အရာဖြစ်သည်ဟု ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း။

[28] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ငါ့အားလည်းကောင်း၊ ငါနှင့်အတူရှိသူတို့အားလည်းကောင်း၊ ဖျက်ဆီးတော်မူခဲ့ပါလျှင် သို့မဟုတ် ထိုအရှင်မြတ်သည် ငါတို့အား သနားကရုဏာပြုတော်မူခဲ့ပါလျှင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ မည်သူ ကာကွယ်စောင့်ရှောက်မည်နည်း။ အသင်တို့သည်(ငါ့အား) ပြောပြကြလေကုန်။

[29] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည်ပင် "ရဟ်မာန်" မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အားသာလျှင် ငါတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၄င်းပြင် ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါတို့သည် ယုံကြည်လွှဲအပ်ကြကုန်၏။ စင်စစ်သော်ကား မည်သူသည် ထင်ရှားစွာသော လမ်းမှန်၌ ရှိနေသည်ကို မကြာမြင့်မီပင် အသင်တို့ သိရှိကြရပေတော့မည်။

[30] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ အသင်တို့၏ ရေသည် (မြေဝယ်)တိမ်မြုပ်၍ သွားခဲ့ပါလျှင် အသင်တို့ထံ ကြည်လင်စီးတွေသော ရေကို မည်သူယူလာအံ့နည်း။

ဘောပင်

Surah 68

[1] နူန်" (ငါအရှင်မြတ်)သည် "ကလောင်"ကိုလည်းကောင်း၊ ထို(ကောင်းကင်တမန်များ) ရေးမှတ်ကြသည်တို့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏၊

[2] အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ရူးသွပ်သောသူ မဟုတ်ပေ။

[3] ၎င်းပြင် ဧကန်စင်စစ် အသင့်အဖို့ မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်ရှိ၏။

[4] ထိုမှတစ်ပါး မလွဲဧကန် အသင်သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။

[5] သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်သည်လည်း မြင်ရပေမည်၊ ၎င်းတို့သည်လည်း မြင်ကြရပေမည်။

[6] အသင်တို့အနက် မည်သူ၌ ရူးသွပ်ခြင်း ဝေဒနာရှိနေသည်ကို၊

[7] စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်တိမ်းပါးခဲ့သောသူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ကို ရရှိကြသောသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။

[8] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သော သူတို့၏ စကားကို နားမထောင်ပါလေနှင့်။

[9] ၎င်းတို့သည် အကယ်၍ အသင် အလျှော့ပေး လိုက်လျောပါလျှင် ၎င်းတို့သည် အလျှော့ပေး လိုက်လျောလိုကြကုန်၏။

[10] ထိုမှတစ်ပါး အသင်သည် မည်သည့် လွန်စွာ(မုသား)ကျိန်တွယ်သောသူ၏ စကားကိုမျှ နားမထောင်လေနှင့်။ အကြင်သူသည် ဂုဏ်ရည်သေးသိမ်သူ၊

[11] လွန်စွာ စောင်းချိတ်ကဲ့ရဲ့သူ၊ လွန်စွာ ကုန်းချောသူ။

[12] ကောင်းမှုကို လွန်စွာ တားမြစ်သူ၊ စည်းကမ်းကျူးလွန်သူ၊ လွန်စွာ အပြစ်ကျူးလွန်သူ။

[13] လွန်စွာ ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ ထိုမှတစ်ပါး မျိုးရိုးမစစ်သောသူဖြစ်၏။

[14] ထိုသူသည် ပစ္စည်းရှင်၊ သားသမီးရှင် ဖြစ်သောကြောင့်။

[15] ၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားခြင်းခံရသောအခါ ၎င်းက(ဤသည်တို့မှာ) ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများ ဖြစ်သည်ဟု ပြောဆို၏။

[16] မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်း၏ နှာခေါင်းပေါ်ဝယ် တံဆိပ် ခတ်နှိပ်တော်မူအံ့သတည်း။

[17] ဧကန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ရှင်များအား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ ၎င်းတို့အား စမ်းသပ်တော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထိုဥယျာဉ်ရှင်တို့က မလွဲဧကန် ၎င်းတို့သည် နံနက်စောစောသွားကြလျက် ယင်းဥယျာဉ်၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြကုန်၏။

[18] သို့ရာတွင် ၎င်းတို့သည် (ယင်းသို့ကျိန်ဆိုရာ၌)"အင်န်ရှာအလ္လာဟ်" "အလ္လာဟ်အရှင်မြတ်အလိုတော် ရှိတော်မူပါလျှင်" ဟူ၍ ခြွင်းချက်ထားရှိခြင်း မပြုခဲ့ကြပေ။

[19] သို့ဖြစ်ပေရာ၊ ၎င်းတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ လှည့်ပတ်သောအရာ (ဝါ) မီးဘေးသည် ယင်းဥယျာဉ်ပေါ်ဝယ် လှည့်ပတ်ခဲ့လေ၏။

[20] သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်မှာ ဆွတ်ခူး ရိတ်ဖြတ်ပြီးသကဲ့သို့ပင် ဖြစ်သွားခဲ့လေ၏။

[21] ထိုနောက် ၎င်းတို့သည် နံနက်စောစော ထကြလျက် တစ်ဦးက တစ်ဦးအား ဟစ်ခေါ်ခဲ့ကြ၏။

[22] အသင်တို့သည် အကယ်၍ အသီးများကို ဆွတ်ခူးလိုကြပါက မိမိတို့၏ လယ်ယာဥယျာဉ်သို့ စောစောသွားကြလေကုန်

[23] ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တီးတိုးစကားပြောဆိုလျက် ထွက်ခွာသွားခဲ့ကြ၏။

[24] အသင်တို့ထံ ယင်းဥယျာဉ်တွင် ယနေ့ သူဆင်းရဲ တစ်ဦးတစ်ယောက်မျှပင် ဝင်ရောက်ခြင်း မရှိရဟူ၍၊

[25] ထို့ပြင် ၎င်းတို့သည် (မိမိတို့ကိုယ်ကိုမိမိတို့) မပေးဘဲ နေနိုင်စွမ်းရှိကြမည်ဟု ထင်မှတ်လျက် စောစော သွားရောက်ခဲ့ကြလေ၏။

[26] သို့ရာတွင် ၎င်းတို့သည် ယင်းဥယျာဉ်ကို မြင်တွေ့ကြလေသောအခါ (ဤသို့)ပြောဆိုကြလေ၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြလေပြီ။

[27] ထိုသို့ အလျင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် အကြောင်းမလှသူများ၊ လက်မဲ့ဖြစ်စေခြင်း ခံကြရသူများ၊ ဖြစ်ကြရလေပြီ။

[28] ၎င်းတို့အနက် အလယ်အလတ်၊ အကောင်းဆုံး၊ဖြစ်သူက "ကျွန်ုပ် အသင်တို့အား (စောစောကပင် သတိပေးစကား) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု)အသင်တို့သည် မည်သည့်အတွက်ကြောင့် (အလ္လာဟ်အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုခြင်းမပြုကြပါသနည်း" ဟု ပြောဆိုခဲ့လေ၏။

[29] (ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပါသည်ဟု မြွက်ဆိုခဲ့ကြကုန်၏။

[30] ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးကတစ်ဦးအား ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလျက် တစ်ဦးဘက်သို့တစ်ဦး လှည့်ခဲ့လေ၏။

[31] (ထို့နောက်) ၎င်းတို့(အားလုံးသည်) (ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဪ-ကျွန်ုပ်တို့ ဖြစ်ရလေခြင်း၊ ဧကန်အမှန် ကျွန်ုပ်တို့သည်ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။

[32] ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းဥယျာဉ်ထက် ကောင်းမြတ်သော ဥယျာဉ်ကို လဲလှယ်အစားပေးတော်မူတန်ရာ၏။စင်စစ်ဧကန် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများ ဖြစ်ကြကုန်၏။

[33] ပြစ်ဒဏ်မှာ ထိုနည်းအတိုင်း ဖြစ်လေ့ဖြစ်ထရှိ၏။ "အာခိရတ်"တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပိုမို၍ပင် ကြီးလေးလှ၏။ (ဤသည်ကို) ၎င်းတို့ သိရှိကြလျှင် ကောင်းလေစွတကား။

[34] ဧကန်အမှန် "မွတ္တကီ"သူတော်စင်တို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဥယျာဉ်များ ရှိကြလေ၏။

[35] သို့ဖြစ်ပေရာ အရှင်မြတ်သည် မွတ်စ်လင်မ်၊ အမိန့်နာခံသောသူတို့အား အမိန့်ကိုဖီဆန်သော သူတို့ကဲ့သို့ ပြုလုပ်တော်မူရပါမည်လော။

[36] အသင်တို့၌ မည်သို့သော အကြောင်းရှိသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။

[37] အသင်တို့၌ ကျမ်းဂန်အစောင်စောင်ရှိနေ၍ အသင်တို့သည် ယင်းကျမ်းဂန်၌ ဖတ်ရှုသင်ကြား ကြလေသလော၊

[38] ယင်းကျမ်းဂန်၌ အသင်တို့ နှစ်သက်ကြသောအရာ လာရှိသလော၊

[39] သို့တည်းမဟုတ် အသင်တို့အဖို့ ငါအရှင်မြတ်အပေါ်၌ "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ တိုင်အောင် တည်ရှိအံ့သော ဧကန်စင်စစ် အသင်တို့အဖို့ အသင်တို့ စီရင်ဆုံးဖြတ်သည့်အတိုင်း ဖြစ်ရမည်ဟူ၍ လေးနက်ခိုင်မာစွာ ကျိန်ဆို၍ ပြုလုပ်ထားသော ကတိ သစ္စာခံဝန်ချက်များ ရှိလေသလော။

[40] (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့အနက် ယင်းသည့် ဝန်ခံချက်နှင့်စပ်လျဉ်း၍ တာဝန်ယူ အာမခံသောသူသည် မည်သူနည်းဟု မေးမြန်းပါလေ။

[41] သို့တည်းမဟုတ် ၎င်းတို့ထံတွင် (၎င်းတို့ ဖန်တီးထားသော) တွဲဖက် နှိုင်းယှဉ်ဖက်များ ရှိကြလေသလော၊ သို့ရှိလျှင် ၎င်းတို့သည် သစ္စာဝါဒီများ ဖြစ်ကြပါမူ ထိုတွဲဖက် နှိုင်းယှဉ်ဖက်တို့အား ခေါ်ဆောင်လာကြရာသတည်း။

[42] အကြင်နေ့ကို (ပြန်လည် သတိပြုကြလေကုန်၊)ထိုနေ့တွင် ခြေသလုံးဖွင့်လှစ်ခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့သည် ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချရန် ဆင့်ခေါ်ခြင်းကို ခံကြရပေမည်။ သို့တစေလည်း ၎င်းတို့မှာမူကား (စဂျ်ဒဟ်) ပြုစွမ်းနိုင်ကြမည် မဟုတ်ပြီ။

[43] ထိုသူတို့၏မျက်စိများသည် အောက်သို့ စိုက်လျက်ရှိပေသည်၊ ဂုဏ်ရည်သိမ်ဖျင်းမှုက ထိုသူတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ စင်စစ်သော်ကား ၎င်းတို့သည် ပကတိကျန်းမာစွာ ရှိနေကြစဉ်အခါ၌ "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရကုန်၏။

[44] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ဤသည့်အာယတ်တော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်သူတို့အား ငါအရှင်မြတ်နှင့်ပင် လွှတ်ထားပါလေ။ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့မသိကြသော-နည်းဖြင့်၊ နေရာမှ၊ တဖြည်းဖြည်း ဆွဲချတော်မူမည်။

[45] သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏၊ ဧကန်မလွဲ ငါအရှင်မြတ်၏ အကြံအစည်သည် လွန်စွာခိုင်မြဲလှ၏။

[46] (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့ထံ အကျိုးကျေးဇူး တစ်စုံတစ်ရာကို တောင်းဆိုသဖြင့် ၎င်းတို့သည် ဒဏ်ငွေဆောင်မှုကြောင့် ဖိစီးခြင်းခံနေ ကြရလေသလော။

[47] သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာ)ရှိနေသဖြင့် ၎င်းတို့သည် ရေးမှတ်ယူကြလေသလော။

[48] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ကို စောင့်စားသောအားဖြင့် သည်းခံ၍နေပါလေ။ ၎င်းပြင် အသင်သည် ငါးရှင်ကဲ့သို့ မဖြစ်ပါလေနှင့်။ တရံရောအခါဝယ် ထိုငါးရှင်သည် ဒုက္ခကို ကျိတ်မှိတ်ခံစားလျက်ရှိနေစဉ် မိမိအရှင်မြတ်အား ဟစ်ခေါ်(တမ်းတ)ခဲ့လေ၏။

[49] အကယ်၍သာလျှင် ထိုငါးရှင်အား ၎င်း၏အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် သက်ရောက်ခဲ့သည်မရှိမူ အမှန်ပင် ထိုငါးရှင်မှာ အခြေမလှဖြစ်လျက် သစ်ပင်၊ ဝါးပင်၊ အိုးအိမ်စသည် (လုံးဝ)မရှိသော လွင်ပြင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရမည်သာ။

[50] သို့တစေလည်း ထိုငါးရှင်အား ၎င်း၏အရှင်မြတ်သည် ရွေးချယ်မြှောက်စားတော်မူပြီးလျှင် သူတော်ကောင်းတို့တွင် ပါဝင်စေတော်မူခဲ့၏။

[51] စင်စစ်သော်ကား ဧကန်မလွဲ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသောအခါ ၎င်းတို့၏ မျက်စိများဖြင့် အသင့်အား ချွတ်ချော်စေအံ့ဆဲဆဲ ဖြစ်ကြလေ၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်အမှန် ဤသူသည် ရူးသွပ်နေသည်ဟု ပြောဆိုကုန်၏။

[52] စင်စစ် ယင်း ကုရ်အာန်ကျမ်းတော်မြတ်မှာ စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒမှတစ်ပါး အခြားမဟုတ်ပြီတကား။

အမှန်တရား

Surah 69

[1] အကယ်စင်စစ် ဖြစ်အံ့သောအရာ။

[2] ယင်း အကယ်စင်စစ် ဖြစ်အံ့သောအရာကား မည်သည့်အရာနည်း။

[3] စင်စစ် ယင်း အကယ်စင်စစ် ဖြစ်အံ့သော အရာသည် မည်သည့်အရာဖြစ်ကြောင်း အသင်သိပါသလော။

[4] ဆမူဒ်"လူမျိုးတို့သည်လည်းကောင်း၊ "အာဒ်"လူမျိုးတို့သည်လည်းကောင်း၊ ဆိုက်ရောက်အံ့သော ဘေးကြီး(ဝါ) "ကိယာမတ်"ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။

[5] သို့ဖြစ်ပေရာ "ဆမူဒ်"လူမျိုးတို့ကား အတိုင်းထက်အလွန် ပြင်းထန်လှစွာသော အသံဖြင့် သေကြေ ပျက်စီးစေခြင်းကို ခံခဲ့ကြကုန်၏။

[6] ၎င်းပြင် "အာဒ်"လူမျိုးတို့မှာမူ ကြမ်းတမ်းလှစွာသော သောင်းကျန်းသော လေပြင်းမုန်တိုင်းဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရကုန်၏။

[7] ထိုအရှင်မြတ်သည် ယင်းလေပြင်းမုန်တိုင်းကို ခုနစ်ညနှင့်ရှစ်ရက်တိုင်တိုင် တစ်ဆက်တည်း ၎င်းတို့ အပေါ်ဝယ် တာဝန်ပေးခန့်အပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းလူမျိုးတို့အား ပြိုလဲနေသော၊ သစ်ခေါင်းပွဖြစ်သော၊ စွန်ပလွံပင်များပမာ ယင်းလေပြင်းမုန်တိုင်းအောက်တွင် လဲ၍နေကြသည်ကို တွေ့မြင်ရပေမည်။

[8] သို့ဖြစ်ရာ အသင်သည် ၎င်းတို့အနက်(သေကြေပျက်စီးခြင်းမရှိဘဲ) ကြွင်းကျန်လျက်ရှိသူ တစ်ဦးတစ်ယောက်အား တွေ့မြင်ရလေသလော။

[9] ထို့ပြင် "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ ထို"ဖစ်ရ်အောင်န်"၏အလျင်ရှိခဲ့ကြသောသူတို့သည် လည်းကောင်း၊ ထက်အောက် ပြောင်းပြန်လှန်ခြင်းကို ခံခဲ့ကြရသောရွာ(သူရွာသား)တို့သည်လည်းကောင်း၊ ပြစ်မှုကို ကျူးလွန်ခဲ့ကြကုန်၏။

[10] တစ်ဖန် ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်၏အမိန့်ကို ဖီဆန်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား (အခြား လူမျိုးများထက်) ပိုမို၍တင်းကြပ်စွာ ဖမ်းဆီး အရေးယူတော်မူခြင်းအားဖြင့် ဖမ်းဆီးအရေးယူတော်မူခဲ့၏။

[11] ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင် အသင်တို့အား ရေ(လှိုင်းများ)တိုးမြှင့်လွှမ်းမိုး၍ လာခဲ့သောအခါ သင်္ဘောပေါ်၌ တင်ဆောင်(ကယ်တင်)တော်မူခဲ့၏။

[12] ငါအရှင်မြတ်သည် ယင်းဖြစ်အင်ကို အသင်တို့အဖို့ အမြဲမှတ်မိ သတိရစေရာ ပြုလုပ်တော်မူအံ့သောငှာလည်းကောင်း၊ မှတ်ထားသောနားသည် ယင်းဖြစ်အင်ကို မှတ်ထားကြအံ့သောငှာလည်းကောင်း။

[13] မည်သို့ပင်ဖြစ်စေ တံပိုးခရာ၌ တစ်ချက်တည်းမှုတ်လေသော်၊

[14] ထို့ပြင် ပထဝီမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ ပင့်မြှောက်(ဖယ်ရှား)ခြင်းကို ခံကြရပြီးလျှင် တစ်ချက်တည်း ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံခဲ့ကြရသော်၊

[15] ထိုအခါ ကိယာမတ်သည် ဖြစ်ပျက်လာပေမည်။

[16] ၎င်းပြင် မိုးကောင်းကင်သည် အက်ကွဲသွားမည်ဖြစ်ရာ ယင်းမိုးကောင်းကင်မှာ ထိုနေ့တွင် နုံနဲ့၊ ချူချာ၊ ပျက်ယွင်းလျက် ရှိချိမ့်မည်။

[17] ၎င်းပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့မှာကား ယင်းမိုးကောင်းကင်၏ နံဘေးများဝယ် ရှိနေကြပေမည်။ ထိုမှတစ်ပါး ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ "အရ်ရှ်" ပလ္လင်တော်ကို ကောင်းကင်တမန်ရှစ်ပါးတို့က မိမိတို့ထက်ဝယ် ထမ်းဆောင်လျက်ရှိကြပေမည်။

[18] ထိုနေ့တွင် အသင်တို့သည် ရှေ့တော်မှောက်သို့သွင်းစေခြင်းကို ခံကြရပေမည်။ (ထိုနေ့တွင်) အသင်တို့အပေါ်ဝယ် မည်သည့်ဖုံးကွယ်၍နေသော အရာမျှပင် ဖုံးကွယ်၍နေချိမ့်မည် မဟုတ်ပေတကား။ (တစ်နည်း)(ထိုနေ့တွင်)အသင်တို့ဖုံးကွယ်သော မည်သည့်အရာမျှပင် (၎င်းအရှင်မြတ်)အပေါ်ဝယ် ဖုံးကွယ်၍ နေချိမ့်မည် မဟုတ်ပေတကား။

[19] သို့သော် မည်သို့ဖြစ်စေ မိမိမှတ်တမ်းစာအုပ်ကို မိမိလက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည် (သူတစ်ပါးတို့အား ပျော်ရွှင်စွာဖြင့်) (ဤသို့) ပြောဆိုပေမည်။ အသင်တို့သည် ကျွန်ုပ်၏မှတ်တမ်း စာအုပ်ကို ယူ၍ဖတ်ကြလေကုန်။

[20] စင်စစ်သော်ကား ကျွန်ုပ်သည် (လူ့လောက၌ ရှိစဉ်ကပင်) ဧကန်မလွဲ ကျွန်ုပ်သည် မိမိအား စစ်ဆေးမေးမြန်းခြင်းနှင့် တွေ့ဆုံရမည်ကို ယုံကြည်လျက်ရှိခဲ့၏။

[21] ထို့နောက် ထိုသူသည် စိတ်တိုင်းကျ သုခစည်းစိမ်၌ နေရပေမည်။

[22] မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌၊

[23] ယင်း"ဂျန္နတ်"သုခဘုံ၏ သစ်သီးဝလံများမှာ ညွှတ်လျက် ရှိကြပေမည်။

[24] (၎င်းတို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် လွန်လေပြီးဖြစ်သော နေ့ရက်များတွင် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြလေသော အကျင့်သီလများကြောင့် မြိန်ရှက်စွာ စားသောက်ကြလေကုန်။

[25] သို့ရာတွင် မိမိလက်ဝဲလက်၌ မိမိမှတ်တမ်း စာအုပ်ပေးခြင်းခံရသောသူမှာမူကား (ဤသို့) ပြောဆိုပေမည်။ဪ-ငါသည် မိမိ(လက်သို့) မှတ်တမ်း စာအုပ်ပေးခြင်း မခံခဲ့ရလျှင် ကောင်းလေစွ။

[26] မိမိ စာရင်းအင်းကိုလည်း မသိခဲ့ရလျှင် ကောင်းလေစွ။

[27] မရဏ" သေခြင်းတရားသည် လုံးဝ အပြီးအပြတ်စီရင်ခဲ့လျှင် ကောင်းလေစွ။

[28] ငါ၏ပစ္စည်းဥစ္စာသည် ငါ၏အဖို့ အသုံးဝင်ခဲ့သည် မဟုတ်ပြီ။

[29] ငါ၏အစွမ်းသတ္တိ ဂုဏ်ကျက်သရေသည်လည်း ငါ့ထံမှ ပျောက်ပျက်၍သွားချေပြီ။

[30] (ထိုအခါ ငရဲစောင့်တို့သည် ဤသို့အမိန့်ပေးခြင်းကို ခံကြရပေမည်။) အသင်တို့သည် ၎င်းအား ဖမ်းဆီး၍ ၎င်း၏လည်ပင်း၌ ကွင်းတပ်ကြလေကုန်။

[31] ထို့နောက် အသင်တို့သည် ၎င်းအား ဂျဟန္နမ်ငရဲသို့ ပစ်ချကြလေကုန်။

[32] ထို့နောက် အသင်တို့သည် ၎င်းအား အရှည်အလျား အတောင်-ကိုက်ခုနစ်ဆယ်ရှိသော သံကြိုးဖြင့် တုပ်နှောင်ကြလေကုန်။

[33] ဧကန်အမှန် ၎င်းသည် ထူးကဲမြင့်မြတ်တော်မူသော ၎င်းရှင်မြတ်အား ယုံကြည်ခဲ့သည် မဟုတ်ပေ။

[34] သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းလေ့ရှိခဲ့သည်လည်း မရှိပေ။

[35] သို့ဖြစ်ပေရာ ယနေ့ ဤနေရာတွင် ၎င်း၏အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပြီ။

[36] (၎င်း၏အဖို့) အစားအစာဟူ၍လည်း အနာများမှထွက်သော သွေးပုပ်ပြည်ပုပ် ဆေးထားသော ရေညစ်ရေပုပ် မှတစ်ပါး အခြားမရှိပြီ။

[37] ယင်းသည့် ရေညစ်ရေပုပ်ကို အပြစ်ရှိသူတို့ မှတစ်ပါး မည်သူမျှ စားသုံး(သောက်မျို)ရမည် မဟုတ်ပေတကား။

[38] ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ မြင်ကြသောအရာများကို သက်သေထူတော်မူ၏။

[39] ထိုနည်းတူစွာ အသင်တို့ မမြင်ကြသောအရာများကို (သက်သေထူတော်မူ၏)။

[40] စင်စစ်ဧကန် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မြင့်မြတ်သောစေတမန်တစ်ပါး (ယူဆောင် လာသော၎င်းအရှင်မြတ်)၏ အာယတ်တော်ပင် ဖြစ်၏။

[41] စင်စစ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မည်သည့်ကဗျာဆရာ တစ်ဦးတစ်ယောက်၏ ပြောဆိုချက်မျှ မဟုတ်ပြီ။ အသင်တို့သည် အနည်းငယ်မျှသာလျှင် သက်ဝင်ယုံကြည်ကြကုန်၏။

[42] ထိုမှတစ်ပါး မည်သည့် ဟူးရား၊ အနာဂတ်ဟောဆရာ တစ်ဦးတစ်ယောက်၏ ပြောဆိုချက်မျှလည်း မဟုတ်ပြီ။ အသင်တို့သည် အနည်းငယ်စိုးစဉ်း မျှသာ နားလည်ကြကုန်၏။

[43] (ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာ)စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ချပေးတော်မူသော (အာယတ်တော်ပင်)ဖြစ်ချေသတည်း။

[44] စင်စစ်သော်ကား အကယ်၍သာ ထို(နဗီတမန်တော်မြတ်)သည် ငါအရှင်မြတ်အပေါ်၌ အချို့သောစကားများကို လုပ်ကြံပြောဆိုခဲ့ပါလျှင်၊

[45] အမှန်ပင် ငါအရှင်မြတ်သည် သူ၏လက်ယာလက်ကို ဖမ်းဆွဲတော်မူခဲ့ပေမည်။

[46] ထို့နောက် ငါအရှင်မြတ်သည် သူ၏နှလုံးကြောကို ဖြတ်တောက်တော်မူခဲ့ပေမည်သာ။

[47] ထိုအခါ အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှပင် သူ့အား ယင်းပြစ်ဒဏ်မှ ကာကွယ်တားဆီးပေးနိုင်သော သူဟူ၍လည်း ရှိမည်မဟုတ်ပေ။

[48] စင်စစ်သော်ကား ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် "မွတ္တကီ" သူတော်စင်တို့အဖို့ ဆုံးမဩဝါဒ ပင်ဖြစ်ပေသည်။

[49] ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အနက် (ယင်းကုရ်အာန်ကျမ်းတော်မြတ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူများလည်း ရှိနေကြောင်း ကောင်းစွာ သိရှိတော်မူသည်။

[50] ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲဖွယ်ရာပင် ဖြစ်သည်။

[51] ထိုမှတစ်ပါး ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် တပ်အပ်သေချာ ထင်ရှားသိမြင်နိုင်သော အမှန်တရားပင် ဖြစ်သည်။

[52] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ထူးကဲမြင့်မြတ်တော်မူသော၊ အရှင်မြတ်၏(နာမံတော်)ကို စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆို(ချီးမွမ်း) ပါလေ။

တက်လမ်းများ

Surah 70

[1] တောင်းဆိုသူတစ်ဦးသည် ကျရောက်အံ့သောပြစ်ဒဏ်ကို တောင်းဆို၏။

[2] ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အပေါ်ဝယ် ယင်းပြစ်ဒဏ်ကို တွန်းလှန် ဖယ်ရှားအံ့သောသူ ဟူ၍တစ်ဦးတစ်ယောက်မျှပင်မရှိပြီ။

[3] လှေကား အဆင့်အထစ် အဆင့်အတန်းများကို ပိုင်ဆိုင်တော်မူသော ၎င်းအရှင်မြတ်ထံတော်မှ (ကျရောက်မည်)ဖြစ်သော။

[4] မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ (ရုဟ်)အသက်ဇီဝိန်များသည်လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြပေသည်။ အကြင်နေ့တွင် ယင်းနေ့၏ အတိုင်းအတာသည် ဤပစ္စက္ခ၏ နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။

[5] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ကောင်းမွန်သောခန္တီတရားကို ထားရှိပါလေ။

[6] ဧကန်မလွဲ ၎င်းတို့သည် ယင်းပြစ်ဒဏ်နေ့ကို ဝေးသည်ဟု မြင်ကြ၏။

[7] ငါအရှင်မြတ်မှာမူ ယင်းပြစ်ဒဏ်နေ့ကို အနီး၌ပင် မြင်နေတော်မူပေသတည်း။

[8] (ယင်းပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်အံ့၊) ထိုနေ့တွင် မိုးကောင်းကင်မှာ ဆီအနည်အရည်ကျိုထားသော (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) တွင်းထွက်သတ္တုကဲ့သို့ ဖြစ်သွားပေမည်။

[9] ၎င်းပြင် တောင်များမှာ အရောင်ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။

[10] ၎င်းပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်ပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။

[11] (စင်စစ်) ၎င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရပေမည်။ (ထိုနေ့တွင်) အပြစ်ရှိသောသူသည် ထိုနေ့၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) မိမိ သားများအားလည်းကောင်း၊

[12] မိမိကြင်ဖော်အားလည်းကောင်း၊ မိမိညီအစ်ကိုများအားလည်းကောင်း၊

[13] မိမိအား ခိုလှုံနေထိုင်ရာ နေရာပေးသောဆွေမျိုးသားချင်းကိုလည်းကောင်း၊

[14] ပထဝီမြေဝယ် ရှိကုန်သောသူ အားလုံးတို့အားလည်းကောင်း၊ အစားထိုး လျော်ကြေးပေးပြီးနောက် ထိုလျော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းလေစွဟု အာသာဆန္ဒရှိပေမည်။

[15] (ထိုသို့) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်ယင်း(ငရဲမီး)မှာ ဟုန်းဟုန်းတောက်လျက်ရှိသော၊

[16] အရေကို ခွာပစ်အံ့သော မီးတောက်မီးလျှံပင်ဖြစ်ပေသည်။

[17] ယင်းမီးကား (လောကီဘဝ၌ အီမာန် သက်ဝင်ယုံကြည်ခြင်းမပြုဘဲ) မျက်နှာလွှဲ ကျောခိုင်း၍ ထွက်သွားခဲ့သော၊

[18] (ပစ္စည်းဥစ္စာ) စုဆောင်း၍ လုံခြုံစွာ သိုမှီး ထိန်းသိမ်းခဲ့သောသူများအား ခေါ်ယူပေမည်။

[19] စင်စစ်ဧကန် "မနုဿ" လူသားမှာ လွန်စွာစိတ်စောသူ၊ သည်းမခံနိုင်သောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။

[20] ၎င်း၌ ဘေးဒုက္ခသက်ရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။

[21] သို့ရာတွင် ၎င်း၌ ချောင်လည်မှု ကောင်းစားမှု သက်ရောက်သောအခါ လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်၏။

[22] သို့ရာတွင် "ဆွလာတ်" ဝတ်ပြုသူတို့မှာမူ ကား(ထိုကဲ့သို့ မဟုတ်ကြချေ။)

[23] အကြင်("ဆွလာတ်" ဝတ်ပြုသူ)တို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုပေါ်၌ စွဲမြဲလျက် ရှိကြကုန်၏။

[24] ၎င်းပြင် အကြင်("ဆွလာတ်"ဝတ်ပြု)သူတို့သည် ၎င်းတို့၏ပစ္စည်းဥစ္စာများ၌ သိရှိသတ်မှတ်ပြီးဖြစ်သော အခွင့်အရေးသည်ရှိပေ၏။

[25] တောင်းရမ်းသောသူ၏အဖို့ လည်းကောင်း၊(သိက္ခာကို စောင့်စည်းသောအားဖြင့်)တောင်းရမ်းခြင်း မပြုသောသူ၏အဖို့လည်းကောင်း၊

[26] ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် အစားပေးမည့်နေ့ကို ဟုတ်မှန်သည်ဟု ယုံကြည်ထောက်ခံကြကြကုန်၏။

[27] ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက် ရှိကြကုန်၏။

[28] စင်စစ်ဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ပြစ်ဒဏ်မှာ စိုးရိမ်ခြင်းကင်းစွာ နေထိုင်နိုင်သော အရာမဟုတ်ပြီ။

[29] ၎င်းပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်၏။

[30] မိမိတို့၏ ဇနီးမိန်းမများမှတစ်ပါး၊ သို့တည်းမဟုတ် မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်သော (တရားဝင်) ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်း သော်ကား (မိမိတို့၏ ဇနီးမိန်းမများနှင့် သော်လည်းကောင်း၊ တရားဝင်ကျွန်မိန်းမများနှင့် သော်လည်းကောင်း၊ ကာယသံသဂ္ဂ ပြုခြင်းအားဖြင့်) ၎င်းတို့မှာ ကဲ့ရဲ့ပြစ်တင်ခြင်း ခံထိုက်သောသူများ မဟုတ်သောကြောင့်ပင်။

[31] သို့ရာတွင် ထို(ဇနီးမိန်းမများ သို့မဟုတ် တရားဝင်ကျွန်မိန်းမများ)မှတစ်ပါးကို တောင့်တ ရှာဖွေကြကုန်သောသူများမှာကား (တရားတော်၏) စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သောသူများပင် ဖြစ်ကြကုန်၏။

[32] ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်း ခံကြရသည်တို့ကိုလည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက်များကိုလည်း ကောင်း၊ စောင့်စည်း ထိန်းသိမ်းသူများပင် ဖြစ်ကြကုန်၏။

[33] ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏ သက်သေခံချက်များကို တိကျမှန်ကန်စွာ ထွက်ဆိုကြကုန်၏။

[34] ထိုမှတစ်ပါး အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုကို အမြဲမပြတ် စောင့်ထိန်းကြကုန်၏။

[35] ထိုသူတို့ကား"ဂျန္နတ်"သုခဘုံများဝယ် ဂုဏ်အသရေရှိစွာ စံစားကြရကုန်အံ့သတည်း။

[36] သို့ဖြစ်ပေရာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ လျှင်မြန်စွာ ပြေးလာလျက်ရှိကြသနည်း။

[37] လက်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ အဖွဲ့လိုက်၊ အဖွဲ့လိုက်၊

[38] ၎င်းတို့အနက် လူတိုင်းသည် စည်းစိမ်ချမ်းသာနှင့် ပြည်စုံလျက်၊ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရောက် အလိုရမ္မက် ရှိလေသလော။

[39] အလျှင်းမဟုတ်၊ ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ သိရှိကြသောအရာဖြင့်(ပင်) ဖန်ဆင်းထားတော်မူသည်။

[40] သို့ဖြစ်ပေရာ နေထွက်ရာ အရပ်များကိုလည်းကောင်း၊ နေဝင်ရာ အရပ်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော ငါအရှင်မြတ်သည် ကျိန်ဆို၍ မိန့်ကြားတော်မူ၏။ဧကန်မလွဲ ငါအရှင်မြတ်သည် တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်။

[41] ၎င်းတို့၏အစား ၎င်းတို့ထက် သာလွန်မြင့်မြတ်သောသူအား လဲလှယ်တော်မူရန်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ် မဟုတ်ပေ။

[42] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့အား မိမိတို့ချိန်းဆိုခြင်း ခံကြရလေသောနေ့နှင့် ရင်ဆိုင်တွေ့ဆုံကြသည်အထိ အချည်းနှီးသောစကားများ ပြောဆိုကြလျက်ရှိကြရန် လည်းကောင်း၊ ကစားခုန်စားလျက် ရှိကြရန်လည်းကောင်း၊ စွန့်ထားပါလေ။

[43] ၎င်းတို့သည် ပူဇော်ပသရာသို့ ပြေး၍နေကြဘိသကဲ့သို့ပင် သင်္ချိုင်းများမှထွက်၍ လျင်မြန်စွာ ပြေးကြအံ့သောနေ့နှင့်၊

[44] ၎င်းတို့၏ မျက်စိများမှာ အောက်သို့စိုက်၍ နေကြပေမည်။ ဂုဏ်ရည်သိမ်ဖျင်းမှုသည် ၎င်းတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ ထိုသည် ၎င်းတို့ချိန်းဆိုခြင်း ခံခဲ့ရသောနေ့ပင်ဖြစ်ပေသတည်း။

နူအာ

Surah 71

[1] ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။အသင်သည် မိမိအမျိုးသားတို့အား၊ ၎င်းတို့ထံ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ် ဆိုက်ရောက်၍မလာမီ သတိပေးပါလေ။

[2] ထို(နဗီတမန်တော်)နူဟ်က ပြောကြားခဲ့သည်မှာ မိမိအမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ဧကန်မလွဲငါသည် အသင်တို့အဖို့ ထင်ရှားစွာ သတိပေး နှိုးဆော်သူဖြစ်သည်။

[3] အသင်တို့သည် ၎င်းအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ အသင်တို့သည် ငါ၏အမိန့်ကိုနာခံကြလေကုန်။

[4] ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူမည့်ပြင် ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးတော်မူပေမည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော် မူသောအချိန်ကာလသည် ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်း၍ရမည် မဟုတ်ပေ။ အကယ်၍ အသင်တို့ သည် (ဤသည်ကို) သိရှိကြပါလျှင် ကောင်းလေစွတကား။

[5] (ထို့နောက်) ထို(နဗီတမန်တော်"နူဟ်")သည်(ဤသို့)လျှောက်ထားခဲ့၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့ညဉ့် (မပြတ်) ဖိတ်ခေါ်ခဲ့ပါ၏။

[6] သို့တစေလည်း ကျွန်တော်မျိုး၏ ဖိတ်ခေါ်ချက်သည် ၎င်းတို့၌ ထွက်ပြေး တိမ်းရှောင်မှုကိုသာလျှင် တိုးတက်စေခဲ့ပါ၏။

[7] ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အား ခွင့်လွှတ်တော်မူအံ့သောငှာ မည်သည့်အခါမျိုးမဆို ကျွန်တော်မျိုးသည် ၎င်းတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၎င်းတို့သည် မိမိတို့၏လက်ချောင်းများကို မိမိတို့နားများ၌ ထည့်သွင်းထားခဲ့ကြပါ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အဝတ်များကို (မိမိတို့ကိုယ်များပေါ်၌) လွှမ်းခြုံ ဖုံးအုပ်ထားခဲ့ကြပါ၏။ ထို့ပြင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှုပေါ်၌) ဇွတ်မှိတ်၍သာ နေခဲ့ကြသည့်ပြင် လွန်စွာ မာန်မာန ထောင်လွှားခြင်းကိုလည်း ပြုခဲ့ကြပါ၏။

[8] ထို့နောက် ကျွန်တော်မျိုးသည် စင်စစ်ဧကန် ၎င်းတို့အား အသံကျယ်စွာ ဖိတ်ခေါ်ခဲ့ပါ၏။

[9] ထို့နောက် အမှန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အား ပွင့်လင်းထင်ရှားစွာ ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့ပါ၏။ ထိုမှတစ်ပါး ကျွန်တော်မျိုးသည် ၎င်းတို့အား လျှို့ဝှက်စွာဖိတ်ခေါ်မှုလည်း ပြုခဲ့ပါ၏။

[10] ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် (၎င်းတို့အား ဤသို့)ပြောကြားခဲ့ပါ၏။ (အချင်းတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား အသနားခံကြလေကုန်။မလွဲဧကန် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော် မူ၏။

[11] ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် မြောက်မြားစွာ ရွာသွန်းသောမိုးကို စေလွှတ်တော်မူပေမည်။

[12] ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ (ချီးမြှင့်တော်မူခြင်းအား)ဖြင့်လည်းကောင်း၊ သား(သမီး)များ (ချီးမြှင့်တော်မူခြင်းအား) ဖြင့်လည်းကောင်း၊ စောင်မ ကူညီတော်မူပေမည်။ ထို့ပြင် အသင်တို့အဖို့ ဥယျာဉ်များကို ဖန်ဆင်း၍ ပေးသနားတော်မူသည့်ပြင် အသင်တို့အဖို့ ချောင်းများကိုလည်း စီးတွေစေတော်မူပေမည်။

[13] အသင်တို့၌ မည်သည့် အကြောင်းရှိ၍ ၎င်းရှင်မြတ်၏ ထူးကဲမြင့်မြတ်မှုကို မယုံကြည် ကြသနည်း။

[14] စင်စစ်ဧကန် ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်းသဏ္ဌာန်) အမျိုးမျိုးနှင့်၊ နည်းအမျိုးမျိုး(ပြောင်း၍ အဆင့်ဆင့်)ဖန်ဆင်းတော်မူခဲ့၏။

[15] ၎င်းအရှင်မြတ်သည် မိုးခုနစ်ခုကို မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည် မဟုတ်လော။

[16] ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးများ၌ "လ"ကို လင်းရောင်ခြည် ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် "နေ"ကိုမီးရှူးမီးတိုင် ပြုလုပ်တော်မူခဲ့၏။

[17] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အထူးနည်းမျိုးနှင့် မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။

[18] ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပထဝီမြေထဲသို့ပင် ပြန်ရောက်စေတော် မူပေမည်။ ထို့နောက်တစ်ဖန် အသင်တို့အား (ယင်း မြေထဲမှ) အပြင်သို့ ထွက်စေတော်မူပေမည်။

[19] ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။

[20] သို့မှသာလျှင် အသင်တို့သည် ယင်းပထဝီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်ကြကုန်အံ့သတည်း။

[21] (နဗီတမန်တော်) "နူဟ်"သည် လျှောက်ထားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ထိုကျွန်တော်မျိုး၏ အမျိုးသားတို့သည် ကျွန်တော်မျိုးအား ဖီဆန်၍ အကြင်သူတို့၏နောက်သို့ လိုက်သွားခဲ့ကြပါသည်။ ထိုသူတို့၌ ထိုသူတို့၏ ပစ္စည်းဥစ္စာသည်လည်းကောင်း၊ ထိုသူတို့၏ သားသမီးများသည်လည်းကောင်း၊ ဆုံးရှုံးမှုကိုသာလျှင် တိုးပွားစေခဲ့ကြပါသည်။

[22] ထို့ပြင် ကျွန်တော်မျိုး၏ အမျိုးသားတို့သည် လွန်စွာ ကြီးကျယ်လှစွာသော အကြံအစည်များကို ကြံစည်ခဲ့ကြပါ၏။

[23] ၎င်းပြင် ထို ကျွန်တော်မျိုး၏အမျိုးသားတို့ သည်(လက်အောက်ငယ်သား လူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့ သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် "ဝဒ္ဒ်" ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ "ဆုဝါအ်" ဆင်းတုကိုလည်း စွန့်ပယ်ခြင်း မပြုကြကုန်လင့်၊ ထိုမှတစ်ပါး "ယဂူဆ်" ဆင်းတုကိုလည်းကောင်း၊ "ယအူက်"ဆင်းတုကိုလည်းကောင်း၊ "နတ်စ်ရ်" ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။

[24] အမှန်စင်စစ်သော်ကား ၎င်းတို့သည် မြောက်မြားစွာသောသူတို့အား လမ်းလွဲစေခဲ့ကြပါသည်။ (သို့ ဖြစ်ပါ၍)အရှင်မြတ်သည် မတရားသောသူတို့၌ လမ်းလွဲမှုကိုသာလျှင် တိုးပွားစေတော်မူပါ။

[25] ၎င်းတို့သည် မိမိတို့၏ပြစ်မှုတို့ကြောင့်ပင် နစ်မြှုပ်စေခြင်းကို ခံခဲ့ကြရလေ၏။ တစ်ဖန် ၎င်းတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်းကို ခံခဲ့ကြရကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကူညီစောင်မအံ့သောသူများဟူ၍ တစ်ဦးတစ်ယောက်မျှပင် တွေ့ရှိခဲ့ကြသည်မဟုတ်ပေ။

[26] ၎င်းပြင်(နဗီတမန်တော်)နူဟ်က(ဤသို့)လျှောက်ထားပန်ကြားခဲ့ပြန်၏။ အို-ကျွန်တော်များအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ပထဝီမြေဝယ် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အနက် မည်သည့်နေထိုင်သူ တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားတော်မမူပါနှင့်။

[27] မလွဲဧကန် အကယ်၍ အရှင်မြတ်သည် ၎င်းတို့အား ချန်ထားတော်မူပါလျှင် ၎င်းတို့သည် အရှင်မြတ်၏ကျွန်များအား လမ်းလွဲစေကြမည်သာမက ၎င်းတို့သည် လွန်စွာကျေးဇူးကန်း သွေဖည်ငြင်းပယ်အံ့သော၊ အကျင့်စာရိတ္တဖောက်ပြန်အံ့သော၊ သူတို့ကိုသာလျှင် မွေးဖွားကြမည်ဖြစ်ပါသည်။

[28] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အားလည်းကောင်း၊ကျွန်တော်မျိုး၏အိမ်၌ မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်နှင့် ဝင်ရောက်သောသူတို့အားလည်းကောင်း၊ "မုအ်မင်န်" ယောက်ျားအပေါင်းတို့အားလည်းကောင်း၊ "မုအ်မင်န်" မိန်းမအပေါင်းတို့အားလည်းကောင်း၊ (အပြစ်တို့မှ) ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် မတရားသောသူတို့၌မူကား ပျက်စီးမှုကိုသာလျှင် တိုးပွားစေတော်မူပါ။

ဂျင်န်

Surah 72

[1] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ငါ့ထံဝယ် ဤသို့ "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်း ခံခဲ့ရလေသည်။ ဧကန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာခဲ့ကြလေ၏။ ထို့နောက် ၎င်းတို့သည် (မိမိတို့ ဂျင်န် အမျိုးသားတို့ထံ ပြန်သွားခဲ့ရာ ဤသို့)ပြောကြားခဲ့ ကြလေ၏။ (အချင်းတို့၊) ဧကန်မလွဲ ကျွန်ုပ်တို့သည် အံ့ဩဖွယ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ကြားနာခဲ့ကြရ၏။

[2] ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မှန်သော တရားလမ်းကို ညွှန်ပြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်ခဲ့ကြလေပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကြမည် မဟုတ်ပြီ။

[3] ထို့ပြင် ဧကန်မုချ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်ကျက်သရေသည် မြင့်မြတ်လှ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ယောက်ကိုမျှ ကြင်ရာကြင်ဖက်အဖြစ် ရွေးကောက် တင်မြှောက်တော်မူခဲ့သည်လည်း မရှိပေ။ သားသမီးအဖြစ် ပြုလုပ်တော်မူခဲ့သည်လည်း မရှိချေ။

[4] ၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့အနက် အသိဉာဏ်ခေါင်းပါးသူတို့သည် ၎င်းအရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမတရားသော စကားများကို ပြောဆိုလေ့ရှိခဲ့ကြ၏။

[5] ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့မှာမူကား လူသားတို့သည်လည်းကောင်း၊ ဂျင်န်တို့သည်လည်းကောင်း၊ ၎င်းအရှင်မြတ်နှင့်ပတ်သက်၍ အလျှင်း မုသားစကားကို ပြောဆိုကြမည်မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။

[6] ထို့ပြင် အမှန်စင်စစ် လူသားအချို့တို့သည် ဂျင်န်အချို့တို့၏ထံတွင် ခိုလှုံလေ့ရှိခဲ့ကြပေရာ ထိုလူသားတို့သည် ၎င်းဂျင်န်များ၏ပုန်ကန်မှုကို ပိုကဲ စေခဲ့ကြကုန်၏။

[7] ထိုမှတစ်ပါး ဧကန်မလွဲ ထိုဂျင်န်များမှာ အသင်တို့ ထင်မြင်ယူဆကြသကဲ့သို့ပင် ၎င်းအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်ပြန်ထစေတော်မူမည်မဟုတ်၊ (စေလွှတ်တော်မူမည် မဟုတ်)ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြကုန်သတည်း၊

[8] ထို့ပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြရာ ယင်းမိုးကောင်းကင်ကို ကျွန်ုပ်တို့သည် သန်စွမ်းသော အစောင့်အကြပ်တို့ဖြင့်လည်းကောင်း၊ မီးကျီမီးခဲတို့ဖြင့် ပြည့်နှက်စွာ တွေ့ရှိ ခဲ့ကြရကုန်၏။

[9] ၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းမိုးကောင်းကင်မှ (သတင်းများ)နားထောင်ရန် ထိုင်ရာနေရာများတွင် (သွား)ထိုင်လေ့ရှိခဲ့ကြကုန်၏။ ယခုသော် မည်သူမဆို(သွားရောက်)နားထောင်သည်ရှိသော် မီးကျီမီးခဲတစ်ခုကို မိမိအား အသင့် စောင့်လျက် (ကြိုနေသည်ကို) တွေ့ရှိရပေမည်။

[10] သို့ရာတွင် ကမ္ဘာသူကမ္ဘာသားတို့နှင့် ပတ်သက်၍ အဆိုးကို ရည်စူးထားပြီး ဖြစ်လေသလော၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ရရှိရေးကို ရည်စူးတော်မူပါသလော။ (ဤသည်ကို) ကျွန်ုပ်တို့သိရှိကြသည် မဟုတ်ပေတကား။

[11] ၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့တွင် အချို့မှာ သူတော်ကောင်းများဖြစ်ကြ၏။ ကျွန်ုပ်တို့တွင် အချို့မှာ ထိုမှတစ်ပါးသောသူများ ဖြစ်ကြကုန်၏။ (စင်စစ်သော်ကား)ကျွန်ုပ်တို့သည် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်ခဲ့ကြကုန်၏။

[12] သို့ရာတွင် စင်စစ်ဧကန် ကျွန်ုပ်တို့သည် ၎င်းအရှင်မြတ်အား ပထဝီမြေပေါ်၌လည်း မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ် ကြောင်းကိုလည်းကောင်း၊ (ပထဝီမြေမှ)ထွက်ပြေး တိမ်းရှောင်ခြင်းအားဖြင့်လည်း ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ်ကြောင်းကိုလည်းကောင်း၊ သိရှိပြီးဖြစ်ခဲ့ကြလေပြီ။

[13] ထို့ပြင် ဧကန်ဆတ်ဆတ် ကျွန်ုပ်တို့သည် တရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာကြရသောအခါ ကျွန်ုပ်တို့သည် ယင်းတရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံ ကြည်လာခဲ့ကြသည်။ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုသူသည် မည်သည့် လျော့နည်းစေမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။ မည်သည့် အဓမ္မမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။

[14] ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်တို့တွင် အချို့မှာ မွတ်စ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)များ ဖြစ်ကြကုန်၏။ ထိုနည်းတူစွာ ကျွန်ုပ်တို့တွင် အချို့မှာ မတရားသောသူများ ဖြစ်ကြကုန်၏။ စင်စစ် "အစ္စလာမ်" သာသနာတော်ကို လက်ခံသောသူတို့သည် လမ်းမှန်ကို ရှာဖွေ ရရှိခဲ့ကြသောသူများပင် ဖြစ်ကြကုန်၏။

[15] သို့ရာတွင် မတရားသော သူတို့မှာကား ‘ဂျဟန္နမ်’ငရဲ၏ လောင်စာများပင် ဖြစ်ကြကုန်၏။

[16] စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်(တရား)လမ်း(မှန်)ပေါ်၌ တည်ကြည်ဖြောင့်မတ် ကြံ့ခိုင်စွာတည်တံ့ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား လှိုင်လှိုင်ရှိသော (ဖောဖောသီသီရှိသော)ရေကို တိုက်ကျွေးတော်မူမည်ဖြစ်၏။

[17] ငါအရှင်မြတ်သည် ၎င်းတို့အား ထိုရေနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူအံ့သောငှာ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူအံ့သတည်း။

[18] ထိုမှတစ်ပါး (ငါ့ထံသို့ အမိန့်တော်ထုတ်ပြန် ခြင်းခံခဲ့ရလေ၏)။ ဧကန်မလွဲ ‘မတ်စ်ဂျစ်ဒ်’ပျပ်ဝပ် ဦးချရာနေရာများသည် ၎င်းအရှင်မြတ်နှင့်သာ သက်ဆိုင်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအရှင်မြတ်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။

[19] ထို့ပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်(မုဟမ္မဒ်)သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (ထ၍)ရပ်သောအခါ ၎င်းတို့သည် ထိုကျွန်တော် (မုဟမ္မဒ်)အပေါ်ဝယ် ဝိုင်းအုံကြအံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏။

[20] (အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်၏။ စင်စစ် ငါသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှပင် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းမပြုပေ။

[21] (အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။ ငါသည် အသင်တို့၏ ဆုံးရှုံးမှု၊ လမ်းလွဲမှုကိုလည်း ပိုင်ဆိုင်သည်မဟုတ်ပေ၊ (အသင်တို့၏) တရားလမ်းမှန် ရရှိရေးကိုလည်း ပိုင်ဆိုင်သည် မဟုတ်ပေ။

[22] အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊ အကယ်၍သာ ငါသည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့မူ)မည်သူတစ်ဦးတစ်ယောက်မျှပင် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ အလျှင်းကာကွယ် စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ငါသည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး မည်သည့်ခိုလှုံရာ နေရာကိုမျှ အလျှင်းတွေ့နိုင်မည် မဟုတ်ပေ။

[23] (စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်၏ကိုယ်စား (ထိုအရှင်မြတ်၏အမိန့်တော်များကို အသင်တို့ထံ) ပို့ဆောင်၍သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ အကြောင်းကြားချက်များကို (ပို့ဆောင်ခြင်း) သာလျှင် ကာကွယ်နိုင်ပေမည်။ (စွမ်းဆောင်နိုင်၏)။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်အမှန် ထိုသူအဖို့ "ဂျဟန္နမ်" ငရဲမီးသည် ရှိပေသည်။ (၎င်းတို့မှာ) ယင်းမီး၌ အမြဲထာ၀စဉ် နေထိုင်သူများအဖြစ် (၀င်ရောက်ကြရလတ္တံ့)။

[24] နောင်တွင် ၎င်းတို့သည် မိမိတို့ ချိန်းဆိုခြင်းခံကြရသည့် (ပြစ်ဒဏ်)ကို တွေ့မြင်ကြလေသောအခါ မည်သူ၏ ကူညီစောင်မသောသူသည် အားနည်းသည် ကိုလည်းကောင်း၊ အရေအတွက်အားဖြင့် နည်းပါးသည် ကိုလည်းကောင်း၊ မုချ သိရှိကြကုန်အံ့သတည်း။

[25] (အို-နဗီတမန်တော်) အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့ ချိန်းဆိုခြင်းခံကြရသော(ကိယာမတ်နေ့)မှာ နီးလေသလော၊ သို့တည်းမဟုတ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ယင်း(ကိယာမတ်နေ့)နှင့်စပ်လျဉ်း၍ အဓွန့်ရှည်သော ကာလအပိုင်းအခြားကို သတ်မှတ်၍ ထားတော်မူလေသလောဟူ၍ ငါသည် သိရှိသည်မဟုတ်ပေ။

[26] (ထိုအရှင်မြတ်သည်ပင်) ဖုံးကွယ်လျက်ရှိသည်တို့ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ဖုံးကွယ်လျက် ရှိသည်တို့နှင့်စပ်လျဉ်းသော မိမိအသိပညာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် အသိပေးတော်မူသည် မဟုတ်ပေ။

[27] သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ် နှစ်သက်တော်မူသော ရစူလ်တမန်တော်တစ်ပါးပါးအား (ဖုံးကွယ်လျက်ရှိသော အကြောင်းအရာ တစ်စုံ တစ်ရာကို သိစေလိုတော်မူပါလျှင် (ဧကန်အမှန် ထိုအရှင်မြတ်သည် ထိုရစူလ်တမန်တော်၏ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စောင့်ကြပ်သူ (ကောင်းကင်တမန်)ကို စေလွှတ်တော်မူ၏။

[28] (ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) ထို(ရစူလ် တမန်တော်များသည်လည်းကောင်း၊ ကောင်းကင် တမန်များသည်လည်းကောင်း၊) မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ အကြောင်းကြားချက်တို့ကို (တိကျမှန်ကန်စွာ)ပို့ဆောင်ခဲ့ကြသည်ကို ထို အရှင် သိတော်မူအံ့သောငှာ (ပြုလုပ်တော်မူခြင်း) ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့် ကောင်းကင်တမန်)တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။

ခြုံလွှာနှင့်ပတ်ထားသောအရှင်

Surah 73

[1] အို-အဝတ်ခြုံထားသူ။

[2] အသင်သည် ညဉ့်၌(ထ၍ ဆွလာတ်ဝတ်ပြု)ပါလေ။ သို့ရာတွင် အနည်းငယ် (အနားယူအိပ်စက်ပါလေ)။

[3] (ဝါ) ညဉ့်ဝက် သို့တည်းမဟုတ်၊ ယင်းညဉ့်ဝက်ထက် အနည်းငယ်လျှော့၍၊

[4] သို့တည်းမဟုတ် ယင်းညဉ့်ဝက်ထက်ပို၍ (အနားယ အိပ်စက်ပါလေ)။ ၎င်းပြင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန် ကောင်းမွန်စွာ ကွဲပြားခြားနား ရှင်းလင်းပီသအောင် အေးအေးဆေးဆေး ဖြည်းဖြည်းမှန်မှန် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ် သရဇ္ဈာယ်ပါလေ။

[5] ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ်ဝယ် လေးလံသောအာယတ်တော်ကို မကြာ မြင့်မီပင်ချပေးတော်မူပေမည်။

[6] စင်စစ်ဧကန် ညဉ့်၌ (အိပ်ရာမှ)ထခြင်းသည်(ကိုယ်နှုတ်နှလုံးတို့ကို) ပိုမို၍ သပ္ပာယဖြစ်စေသည်၊ စကားပြောဆိုရာတွင်လည်း ပိုမို၍ပင် တိကျမှန်ကန်စေသည်။

[7] ဧကန်မလွဲ နေ့တွင် အသင်၌ လုပ်ကိုင်ဆောင်ရွက်ရန် ကိစ္စများပြားစွာ ရှိပေ၏။

[8] ၎င်းပြင် သင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို ရွတ်ဆို တသပါလေ။ ထိုမှတစ်ပါး အသင်သည် အနှောင်အဖွဲ့ဟူသမျှတို့ကို ဖြတ်တောက်၍ ထိုအရှင်မြတ်ဘက်သို့သာလျှင် အာရုံစူးစိုက်လျက် ရှိပါလေ။

[9] (ထိုအရှင်မြတ်)သည် နေထွက်ရာ အရပ်ကိုလည်းကောင်း၊ နေဝင်ရာ အရပ်ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်အားသာလျှင် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် ရွေးချယ်ပါလေ။

[10] ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့၏ပြောဆိုချက်များ နှင့်စပ်လျဉ်း၍ သည်းခံ၍နေပါလေ။ထို့ပြင် အသင်သည် ၎င်းတို့ထံမှ ကောင်းမွန်လှပစွာ ကင်းလွတ်၍နေပါလေ။ ၎င်းတို့အား (ကောင်းမွန်စွာ) စွန့်ထားပါလေ။

[11] ၎င်းပြင် အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သော စည်းစိမ်ရှင်တို့အားလည်းကောင်း၊ လွှတ်ထားပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အား အနည်းငယ် ရွှေ့ဆိုင်း၍ ထားပါလေ။

[12] ဧကန်မလွဲ ငါအရှင်မြတ်အထံတော်၌ သံခြေချင်းများသည်လည်းကောင်း၊ "ဂျဟန္နမ်"ငရဲသည်လည်းကောင်း၊

[13] လည်မျို၌ တစ်ဆို့၍နေအံ့သော အစားအစာသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ် သည်လည်းကောင်း၊ ရှိ၏။

[14] အကြင်နေ့တွင်(ထိုနေ့တွင်)ကမ္ဘာမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ တုန်လှုပ်သွားကြပေမည်။ ထိုမှတစ်ပါး တောင်များသည် ရွေ့လျားလွင့်ပါးလျက်ရှိသော သဲသောင်များပင် ဖြစ်သွားကြပေမည်။

[15] ဧကန်စင်စစ် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏ထံသို့ ရစူလ်တမန်တော်တစ်ပါး စေလွှတ်တော်မူဘိသကဲ့သို့ပင် အသင်တို့ထံသို့လည်း ရစူလ်တမန်တော်တစ်ပါးအား အသင်တို့အပေါ်၌ သက်သေအဖြစ် စေလွှတ်တော်မူ၏။

[16] ထိုအခါ ဖစ်ရ်အောင်န်သည် ထိုရစူလ်တမန်တော်မြတ်အား ဖီဆန်ခဲ့ရာ ငါအရှင်မြတ်သည် ၎င်းအား ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော်မူခဲ့၏။

[17] သို့ဖြစ်ပေရာ အသင်တို့သည် အကြင်နေ့(၏ဘေးဒုက္ခ)မှ မည်ကဲ့သို့ ကင်းလွတ်ကြမည်နည်း။ ထိုနေ့သည် ကလေးသူငယ်တို့အား ဇရာအိုများအဖြစ်သို့ပင် ရောက်စေမည်။

[18] မိုးကောင်းကင်မှာလည်း ယင်းနေ့(၏ပြင်းထန်သောအဟုန်)ကြောင့် အက်ကွဲသွားပေမည်။ ထိုအရှင်မြတ်၏ ချိန်းဆိုချက်မှာကား ပြီးမြောက်အောင် ဆောင်ရွက်ပြီး ဖြစ်သည်သာတည်း။

[19] ဧကန်မလွဲ ဤ(အာယတ်တော်များ)ကား ဆုံးမဩဝါဒ(များ)ပင်ဖြစ်၏။ သို့ဖြစ်ပေရာ အလိုရှိသောသူသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့(သွားရာ)လမ်းကို ရွေးချယ်ရာ၏။

[20] (အို-နဗီတမန်တော်) ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူ ရှိကြသောသူတို့အနက်မှ လူတစ်စုသည်လည်းကောင်း၊ ရံဖန်ရံခါ ညဉ့်၏ သုံးပုံနှစ်ပုံနီးခန့်၊ ရံဖန်ရံခါညဉ့်ဝက်၊ ရံဖန်ရံခါ ညဉ့်၏သုံးပုံတစ်ပုံ၊ ရပ်ကြသည်ကို သိရှိတော်မူ၏။ စင်စစ်သော်ကား ၎င်းအရှင်မြတ်သာလျှင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း (တိကျစွာ) တိုင်းတာ သတ်မှတ်နိုင်တော်မူ၏။ဧကန်စင်စစ် အသင်တို့သည် ယင်း(ညဉ့်အချိန်ကာလ အစိတ်အပိုင်း)ကို (ကျနသေချာစွာ) ရေတွက်မှတ်သား စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် ("ဆွလာတ်"အတွင်း၌) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလေကုန်။ အသင်တို့အနက် အချို့မှာ ရောဂါဝေဒနာ စွဲကပ်သူများဖြစ်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကိုရှာဖွေရန် တိုင်းပြည်တွင် ခရီးသွားလာကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (ဆွလာတ်ဝတ်ပြုရာတွင်) ယင်းကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဆွလာတ်ဝတ်ပြုမှုကို (စွဲမြဲစွာ) ဆောက်တည်ကြလေကုန်။ ထို့ပြင် ‘ဇကာတ်’ ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းအရှင်မြတ်အား ကောင်းမြတ်သော (စေတနာ)နှင့် ကြွေးမြီ ချေးငှားကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည် မည်သည့် ကောင်းမှုကိုမဆို မိမိတို့အကျိုးငှာ တင်ကြို ပို့နှင့်ကြပါလျှင် ယင်းသည့်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အထံတော်၌ သာ၍ မွန်မြတ်သည်ကိုလည်းကောင်း၊ ကုသိုလ်အကျိုးအားဖြင့် ပို၍ ကြီးကျယ်သည်ကိုလည်းကောင်း၊ အသင်တို့ တွေ့ရှိကြရပေမည်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြလေကုန်၊ ဧကန်မလွဲ ၎င်းအရှင်မြတ်မှာမူကား အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

လွှမ်းခြုံထားသောအရှင်

Surah 74

[1] အို-စောင်ခြုံထားသူ။

[2] အသင်သည် ထပြီးလျှင် (ကာဖိရ် သွေဖည် ငြင်းပယ်သောသူတို့အား) သတိပေးနှိုးဆော်ပါလေ။

[3] ၎င်းပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ကြီးကဲမြင့်မြတ်တော်မူကြောင်း ချီးကျူးမြွက်ဆိုပါလေ။

[4] ၎င်းပြင် အသင်သည် မိမိအဝတ်များကို(အညစ်အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ၊

[5] ထို့ပြင် အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။

[6] ထို့ပြင် အသင်သည် (တစ်စုံတစ်ဦးအား) ပိုမိုရလိုသောအားဖြင့် (တစ်စုံတစ်ရာ)ပေးကမ်းခြင်းကို မပြုပါလေနှင့်။

[7] ထိုမှတစ်ပါး အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် (ကျေနပ်မှု)ကို ရည်စူး၍ သည်းခံခြင်း တရားထားရှိပါလေ။

[8] စင်စစ်သော်ကား တံပိုးခရာ မှုတ်သောအခါဝယ်

[9] ယင်းနေ့မှာ လွန်စွာ ခက်ခဲပြင်းထန်သော နေ့ပင်ဖြစ်ချိမ့်မည်။

[10] ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွယ်ကူခြင်းမရှိသော။

[11] (အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အကြင်သူအားလည်းကောင်း၊ လွှတ်ထားပါလေ။ ငါအရှင်မြတ်သည် ၎င်း အား တစ်ဦးတည်း ဖန်ဆင်းတော်မူခဲ့၏။

[12] ထို့ပြင် ငါအရှင်မြတ်သည် ထိုသူအား မြောက်မြားစွာသော ပစ္စည်းဥစ္စာကိုလည်းကောင်း၊

[13] ရှေ့မှောက်၌ (အမြဲ)အဆင်သင့်ရှိနေကြသော ယောက်ျားများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့၏။

[14] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း၌(စည်းစိမ်ချမ်းသာ အမျိုးမျိုးတို့ကို) အဆင်သင့် ပြုလုပ်၍ ပေးတော်မူခြင်းအားဖြင့် အဆင်ပြေစေတော်မူခဲ့၏။

[15] သို့ပါလျက် ငါအရှင်မြတ်သည် ၎င်းအား ပိုမို၍ပေးတော်မူရန် ၎င်းသည် လောဘရမ္မက်ထားရှိ၏။

[16] (၎င်းမှာ ပိုမိုချီးမြှင့်တော်မူခြင်းကို)အလျှင်း (ခံရမည်) မဟုတ်ပေ။ ဧကန်မလွဲ ၎င်းမှာ ငါအရှင်မြတ်၏အာယတ်တော်၊ သက်သေလက္ခဏာတော်များကို ဆန့်ကျင်သူဖြစ်၏။

[17] မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား(ဂျဟန္နမ်ငရဲ၏) တောင်ပေါ်သို့ အနိုင်အထက်ပြု၍ တက်စေတော်မူမည်။

[18] ဧကန်စင်စစ် ၎င်းသည် ကြံစည်၍ (ယင်းအကြံအစည်ကို) ဆုံးဖြတ်ခဲ့၏။

[19] သို့ဖြစ်ပေရာ ၎င်း သည် ပျက်စီးစေသား၊ ၎င်းသည် (အဘယ်ကဲ့သို့)သော အကြံအစည်ကို ဆုံးဖြတ်ခဲ့ဘိသနည်း။

[20] ထိုသူသည် ထို့နောက်တစ်ဖန် ထပ်မံ၍ ပျက်စီးစေသား၊ ၎င်းသည် မည်ကဲ့သို့(သောအကြံအစည်ကို) ဆုံးဖြတ်ခဲ့ဘိသနည်း။

[21] ထို့နောက် ၎င်း သည် (မိမိအမျိုးသားတို့၏ မျက်နှာများကို)ကြည့်ရှုခဲ့လေ၏။ (ကုရ်အာန်ကျမ်းလာ အာယတ်တော်များနှင့်စပ်လျဉ်း၍) စဉ်းစားခဲ့လေ၏။

[22] ထို့နောက် ၎င်းသည် မျက်နှာရှုံ့ခဲ့၏။ တစ်ဖန်ထပ်မံ၍ပင် ရှုံ့မဲ့ခဲ့၏။

[23] ထို့နောက် ၎င်းသည် ကျောခိုင်းခဲ့၏။ မာန်မာန ထောင်လွှားခဲ့၏။

[24] ထို့နောက် ၎င်းက ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ရှေးအဆက်ဆက်က အဆင့်ဆင့် ရောက်ရှိသောစုန်းအတတ်၊ ဂါထာမန္တရားမှတစ်ပါး အခြား မဟုတ်ဟူ၍လည်းကောင်း၊

[25] ဤသည် လူသား၏ ပြောဆိုချက်မှတစ်ပါး အခြားမဟုတ်ဟူ၍လည်းကောင်း၊ ပြောဆိုခဲ့လေ၏၊

[26] မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား "စကရ်"(မည်သော)ငရဲသို့ ဝင်ရောက်စေတော်မူပေမည်။

[27] စင်စစ် (အို-နဗီတမန်တော်) "စကရ်" ငရဲသည် အဘယ်နည်း။ အသင် သိပါသလော။

[28] ယင်း"စကရ်" ငရဲသည် (မည်သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှ လောင်ကျွမ်း စေခြင်းမပြုဘဲ)ကျွင်းကျန်စေမည်လည်း မဟုတ်ပေ၊ (မည် သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှပင် မိမိအတွင်းသို့ သိမ်းသွင်းခြင်း မပြုဘဲ) စွန့်လွှတ်၍ထားရှိမည်လည်း မဟုတ်ပေ။

[29] (ယင်း "စကရ်"ငရဲသည်) လူသား၏အရေကို အခြေအနေ ပြောင်းလဲအံ့သော၊ ကျွမ်းလောင် ပျက်စီးစေအံ့သော၊ ခွာပစ်အံ့သော၊ အရာဖြစ်၏။

[30] ယင်း"စကရ်"ငရဲ၌ (မလာအိကဟ်ကောင်း ကင်တမန်) ဆယ့်ကိုးပါးတို့သည် (စောင့်ကြပ်လျက်) ရှိကြကုန်အံ့သတည်း။

[31] စင်စစ်သော်ကား ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်များကိုသာလျှင် ငရဲစောင့်များအဖြစ် ခန့်အပ်ထားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအစောင့်အကြပ်တို့၏ အရေအတွက်ကို ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အဖို့ စမ်းသပ်မှုသာလျှင် ပြုလုပ်ထားတော်မူ၏။ နောက်ဆုံးတွင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည် ယုံကြည်လာကြသည့်ပြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သောသူတို့မှာ "အီမာန်" သက်ဝင်ယုံကြည်မှု တိုးပွားလာကြပေမည်။ ထို့ပြင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည်လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်သော သူတို့သည်လည်းကောင်း၊ ယုံမှားသံသယဖြစ်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး နောက်ဆုံး စိတ်နှလုံးများတွင် ရောဂါဝေဒနာ ရှိနေသောသူတို့သည်လည်းကောင်း၊ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည်လည်းကောင်း၊ ဤသည့်(အရေအတွက်)ကို မိန့်ကြားတော်မူခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကို ရည်စူးတော်မူပါသနည်းဟု ပြောဆိုလာကြပေမည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ရှိမြဲရှိနေစေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စစ်တပ်များကို ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှပင် သိရှိမည်မဟုတ်ပေ။ အမှန်သော်ကား ယင်း"စကရ်"ငရဲနှင့်သက်ဆိုင်သောအကြောင်း အာယတ်တော်များကား လူသားတို့အဖို့ ဆုံးမဩဝါဒသည်သာလျှင် ဖြစ်ပေသည်။

[32] မှတ်ယူကြလေကုန်။ (ငါအရှင်မြတ်သည်) "လ"ကို သက်သေထူတော်မူ၏။

[33] ၎င်းပြင် (ငါအရှင်မြတ်သည်) "ညဉ့်" ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းညဉ့်သည် ဆုတ်ခွာ၍သွားလေ၏။

[34] ထို့ပြင် (ငါအရှင်မြတ်သည်) နံနက်အချိန်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းနံနက် အချိန်သည် လင်း၍လာခဲ့၏။

[35] ဧကန်မလွဲ ယင်း "စကရ်"မှာ (ဂျဟန္နမ်ငရဲ၏)အကြီးအကျယ် ကြောက်မက်ဖွယ်ကောင်းသော (အထပ်များ)အနက် တစ်ခုဖြစ်၏။

[36] (ယင်း"စကရ်"သည်) လူသားအား လွန်စွာသတိပေး နှိုးဆော်လျက်ရှိ၏။

[37] (ဝါ) အသင်တို့အနက် ရှေ့သို့တိုးလိုသောသူ၊ သို့တည်း နောက်ဆုတ်လိုသောသူအား (သတိပေး နှိုးဆော်လျက်ပင် ရှိပေသတည်း)။

[38] လူတိုင်းလူတိုင်းမှာ မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသော အပြုအမူများနှင့်စပ်လျဉ်း၍ ချုပ်နှောင်ထားပြီး ဖြစ်ကြပေမည်။

[39] သို့ရာတွင် လက်ယာဘက်သားတို့မှာမူကား၊

[40] (ဂျန္နတ်သုခ၏) ဥယျာဉ်များဝယ် ရှိကြပေမည်။၎င်းတို့သည် မေးမြန်းလျက်ရှိကြပေမည်။

[41] အပြစ်ရှိသူတို့နှင့်ပတ်သက်၍၊

[42] မည်သည့်အရာသည် အသင်တို့အား ‘စကရ်’ ငရဲထဲသို့ ဆောင်ကျဉ်းခဲ့သနည်းဟူ၍။

[43] ၎င်းတို့က (ဤသို့) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့သည် "ဆွလာတ်" ဝတ်ပြုသူတို့တွင် ပါဝင်ခဲ့ကြသည်လည်း မဟုတ်ပေ။

[44] ၎င်းပြင် ကျွန်ုပ်တို့သည် သူဆင်းရဲတို့အားလည်း ကျွေးမွေးလေ့ရှိခဲ့ကြသည် မဟုတ်ပေ။

[45] ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အချည်းနှီးသော ကိစ္စများကို ပြုလုပ်သောသူတို့နှင့်အတူ အချည်းနှီးသော ကိစ္စများကိုသာ လုပ်နေခဲ့ကြ၏။

[46] ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အစားပေးမည့်နေ့ကိုလည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်နေခဲ့ကြ၏။

[47] နောက်ဆုံးတွင် "မရဏ" သေခြင်းတရားသည် ကျွန်ုပ်တို့ထံ ရောက်ရှိ၍လာခဲ့လေ၏။

[48] သို့ဖြစ်ပေရာ ကြားဝင်အသနားခံ၍ ပေးသူတို့၏ ကြားဝင်အသနားခံပေးမှုသည် ၎င်းတို့အား အကျိုးပေးမည် မဟုတ်ပေ။

[49] ၎င်းတို့၌ မည်သည့် အကြောင်းရှိသဖြင့် ဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲလျက်ရှိကြသနည်း။

[50] ၎င်းတို့မှာ (အကြင်) ထွက်ပြေးနေသော မြည်းသတ္တဝါများကဲ့သို့ပင် ဖြစ်ကြကုန်၏။

[51] ယင်း မြည်းသတ္တဝါတို့ကား ကျားတိရစ္ဆာန်(၏ဘေးရန်မှ) (လွတ်မြောက်ရန်) ထွက်ပြေးလျက် ရှိကြကုန်၏။

[52] စင်စစ်မှာကား ၎င်းတို့အနက် လူတိုင်းလူတိုင်းသည် ဖွင့်ထားသော ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံလိုကြကုန်၏။

[53] (၎င်းတို့သည် ယင်းသို့ ချီးမြှင့်ပေးသနားတော်မူခြင်းကို) အလျှင်း(ခံကြရမည်) မဟုတ်ပေ။ စင်စစ်မှာကား ၎င်းတို့သည် "အာခိရတ်" တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်ကြသည် မဟုတ်ပေ။

[54] မှတ်ယူကြလေကုန်။ ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ဆုံးမဩဝါဒပင် ဖြစ်ပေသည်။

[55] သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိခဲ့မူ ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သား တရားရယူရပေမည်။

[56] စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိမှသာလျှင် လေ့ကျက်မှတ်သား တရား ရယူနိုင်ကြပေမည်။ ထိုအရှင်မြတ်သာလျှင် ကြောက်ရွံ့ထိုက်တော်မူသောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့သောအရှင်၊ ဖြစ်တော်မူပေသတည်း။

ရှင်ပြန်ထမြောက်ခြင်း

Surah 75

[1] ငါ အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

[2] ထိုမှတစ်ပါး ငါအရှင်မြတ်သည် (မိမိကိုယ်ကို)လွန်စွာ ပြစ်တင်ဆုံးမတတ်သောစိတ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

[3] လူသားသည် ၎င်း၏အရိုးများကို ငါအရှင်မြတ် စုပေါင်းတော်မူမည်မဟုတ်ဟု ထင်မှတ်၍နေ လေသလော။

[4] အဘယ်ကြောင့် မဟုတ်ပါသနည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်ခြေဆစ်များကိုပင်လျှင် မူလအခြေအနေအတိုင်း ပြန်၍ပြုပြင်ဖန်ဆင်းရန် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[5] စင်စစ်မှာကား လူသားသည် မိမိရှေ့အနာဂတ်ကာလ၌ဖြစ်အံ့သော "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်လို၏။(တစ်နည်း) စင်စစ်မှာကား လူသားသည် အနာဂတ်ကာလ၌လည်း ပြစ်မှုဒုစရိုက် ကျူးလွန်လို၏။

[6] ထိုလူသားက ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု မေးမြန်း၏။

[7] စင်စစ်မှာကား အကြင်အခါဝယ် မျက်စိများမိန်းမောတွေဝေ ထိုင်းမှိုင်း၍ သွားပေမည်။

[8] ၎င်းပြင် "လ" သည် အလင်းရောင် ကင်းမဲ့၍သွားပေမည်။

[9] ထိုမှတစ်ပါး "နေ"နှင့်"လ" တို့သည် ပေါင်းစပ်ခြင်းကို ခံကြရပေမည်။ (တစ်နည်း) "နေ" နှင့် "လ"တို့သည် တစ်မျိုး တစ်စားတည်း ဖြစ်စေခြင်းကို ခံကြရပေမည်။

[10] ထိုနေ့တွင် လူသားသည် (ကျွန်ုပ်)အဘယ်သို့ ပြေးရပါမည်နည်းဟု ပြောဆိုပေမည်။

[11] အလျှင်း မဟုတ်။ ခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

[12] ထိုနေ့တွင် နေထိုင်ရာဌာနဟူသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော် ၌သာလျှင် ရှိချေမည်။

[13] ထိုနေ့တွင် လူသားသည် မိမိ တင်ကြို ပို့နှင့်ခဲ့သည်ကိုလည်းကောင်း၊ မိမိ နောက်ချန်ရစ်ခဲ့သည်ကိုလည်းကောင်း၊ ပြောပြခြင်းကို ခံရပေမည်။

[14] စင်စစ်မှာကား လူသားသည် မိမိကိုယ်ကို မိမိကောင်းစွာ မြင်သူဖြစ်မည်။ (တစ်နည်း) စင်စစ်မှာကား လူသား၏ ခန္ဓာကိုယ်၌ပင် သက်သေရှိနေပေမည်။

[15] စင်စစ် ၎င်းသည် မိမိ အကြောင်းပြချက်များကို(မည်မျှပင်) တင်ပြငြားအံ့လည်း။

[16] အသင်သည် (ကောင်းကင်တမန် ဂျစ်ဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယတ်တော်များကို ရွတ်ဖတ်တော်မူသည့်အခါ) အသင်၏လျှာကို(ယင်း အာယတ်တော်များကို) အလျှင်အမြန် (ကျက်မှတ်)ရယူရန် အလို့ငှာ မလှုပ်လေနှင့်။

[17] ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို စုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ (ယင်းကုရ်အာန်ကျမ်းမြတ်ကို) ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။

[18] သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော် မူခဲ့အံ့။ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက်(၍ဖတ်)ပါလေ။ နားထောင်ပါလေ။

[19] ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ရှင်းပြခြင်းမှာလည်း ဧကန်အမှန် ငါအရှင်မြတ်၏ တာဝန်သာဖြစ်၏။

[20] မှတ်ယူကြလေကုန်။ စင်စစ်မှာကား အသင်တို့သည် လောကီဘဝကို နှစ်သက်ကြကုန်၏။

[21] ၎င်း ပြင် အသင်တို့သည် "အာခိရတ်"တမလွန်ဘဝကို စွန့်လွှတ်ကြကုန်၏။

[22] ထိုနေ့တွင် များစွာသော မျက်နှာတို့မှာ ရွှင်လန်းလျက် ရှိကြပေမည်။

[23] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဖူးမြော်လျက် ရှိကြပေမည်။

[24] သို့ရာတွင် များစွာသော မျက်နှာတို့မှာမူကား ညှိုးနွမ်းလျက်ပင် ရှိကြပေမည်။

[25] ၎င်းတို့၌ ခါးရိုးကျိုးစေမည့် ပြစ်ဒဏ်ကို ခံရမည်ကို ကောင်းမွန်စွာ သိလျက်ရှိကြကုန် အံ့သတည်း။

[26] မှတ်ယူကြလေကုန်၊ အကြင်အခါဝယ် အသက်ဇီဝိန်သည် ညှပ်ရိုးများသို့ ရောက်ရှိ၍သွားလေ၏။

[27] ၎င်း ပြင် (ထိုဝေဒနာရှင်၏ အနီးအနား၌ ရှိသူတို့က) မန်းမှုတ်မည့်သူ ရှိပါသလောဟု ဟစ်အော် ကြပေမည်။

[28] ၎င်းပြင် ဧကန်စင်စစ် ဤအချိန်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်ဟု ထိုသူ ယုံကြည် လျက်ရှိပေမည်။

[29] ထို့ပြင် ခြေသလုံးသည် ခြေသလုံးနှင့်ကပ်သွားပေမည်။ (တစ်နည်း) ထို့ပြင် ဒုက္ခသည် ဒုက္ခပေါ်၌ ထပ်ဆင့်၍ သွားပေမည်။

[30] ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပင် ပြန်သွားရပေမည်။

[31] စင်စစ်သော်ကား ထိုလူသားသည် ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့သည်လည်း မဟုတ်ပေ။ "ဆွလာတ်" ဝတ်ပြုခဲ့သည်လည်း မဟုတ်ပေ။

[32] သို့ရာတွင် ၎င်းသည် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခြင်းကိုသာလည်းကောင်း၊ မျက်နှာလွှဲခြင်းကိုသာလည်းကောင်း၊ ပြုခဲ့၏။

[33] ထို့နောက် ၎င်း သည် မော်ကြွားဟန်ချီလျက် မိမိ အိမ်သူအိမ်သားတို့ထံ သွားခဲ့၏။

[34] အသင်၌ ပျက်စီးခြင်းအပေါ်ဝယ် ပျက်စီးခြင်းသာရှိပေမည်။

[35] ထို့နောက် တစ်ဖန် အသင်၌ ပျက်စီးခြင်း အပေါ်ဝယ် ပျက်စီးခြင်းသည်သာ ရှိပေမည်။

[36] လူသားသည် မိမိမှာ ဤအတိုင်း စွန့်လွှတ်ထားခြင်းကို ခံနေရမည်ဟု ထင်မှတ်လေသလော။

[37] ၎င်း မှာ သွန်းလောင်းခြင်းခံရသော သုတ်ရည်တစ်စက်သာလျှင် ဖြစ်ခဲ့သည်မဟုတ်လော။

[38] ထို့နောက် ယင်းသုတ်ရည်သည် သွေးခဲဖြစ်ခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် (၎င်း အား) ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် (၎င်း အား) နေသားကျနအောင် ပြုပြင်တော်မူခဲ့၏။

[39] ထို့နောက် ထိုအရှင်မြတ်သည် ယင်း(သွေးခဲ ဖြစ်သွားခဲ့သောသုတ်ရည်)ကို ယောက်ျားမိန်းမ(ဟူ၍)နှစ်မျိုးနှစ်စား ပြုလုပ်တော်မူခဲ့၏။

[40] ထို(ကဲ့သို့သော)အရှင်မြတ်သည် သူသေတို့အား(တစ်ဖန်ပြန်၍) ရှင်စေတော်မူရန် တတ်စွမ်းနိုင် တော်မူသောအရှင် မဟုတ်ပါသလော။

အချိန်ကာလ

Surah 76

[1] လူသား၏ အပေါ်ဝယ် ခေတ်ကာလအနက် အချိန်တစ်ချိန်သည် ဧကန်အမှန်ရောက်ရှိခဲ့၏။ ထိုလူသားသည် (ယင်းအချိန်၌) ပြောပလောက်သော၊ ကိုးကားရည်ညွှန်းလောက်သော၊ အရာဝတ္ထု တစ်စုံတစ်ရာမျှပင် မဖြစ်ခဲ့ပေ။

[2] ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့်ဖန်ဆင်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းအား ကြားသူ၊ မြင်သူ၊ ပြုလုပ်တော်မူခဲ့၏။

[3] စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းအား တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။(ထို့နောက် ၎င်းမှာ) ကျေးဇူးသိတတ်သူသော်လည်းကောင်း၊ လွန်စွာ ကျေးဇူးကန်းသူသော်လည်းကောင်း၊ ဖြစ်ခဲ့၏။ (တစ်နည်း) စင်စစ်ဧကန် ငါအရှင်မြတ်သည် ထိုလူသားအား ၎င်းသည် ကျေးဇူးတင်သည်ဖြစ်စေ၊ ကျေးဇူးကန်းသည်ဖြစ်စေ၊ တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။

[4] ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူ၏အဖို့ သံကြိုးများကိုလည်းကောင်း၊ လည်ကွင်းများကိုလည်းကောင်း၊ အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးကိုလည်းကောင်း၊ အဆင်သင့်ပြုလုပ်ထားတော်မူ၏။

[5] ဧကန်စင်စစ် သူတော်သူမြတ်တို့သည် ပရုတ်ရောစပ်ထားသောအရက် အပြည့်အလျှံရှိသောခွက်မှ သောက်သုံးကြပေမည်။

[6] အလ္လာဟ်အရှင်မြတ်၏ (ထူးကဲမြင့်မြတ်သော)ကျွန်တို့သည် အကြင်စမ်းမှ၊ ထိုစမ်းမှ၊ သောက်သုံး ကြပေမည်။၎င်းတို့သည် ယင်းစမ်းကို (အလိုရှိရာသို့) လွယ်လင့်တကူ စီးဆင်းစေကြပေမည်။

[7] ထို(ထူးကဲမြင့်မြတ်သော) ကျွန်တို့မှာ (မိမိတို့၏)တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လေ့ရှိကြသည့်ပြင်၊ အကြင်နေ့ကိုလည်း စိုးရိမ်ကြောက်ရွံ့လေ့ ရှိကြကုန်၏။ ထိုနေ့၏ ဘေးအန္တရာယ်မှာ ကျယ်ပြန့်စွာ ပြန်နှံ့လျက်ရှိပေမည်။

[8] ထိုမှတစ်ပါး ထိုသူတို့သည် အစားအစာကို ခုံမင်စုံမက်ကြလျက်နှင့်ပင် ထိုအရှင်မြတ်အား ချစ်ကြည်မြတ်နိုးသောကြောင့် သူဆင်းရဲတို့အားလည်းကောင်း၊ ဘမဲ့ကလေးသူငယ်တို့အားလည်းကောင်း၊ သုံ့ပန်းတို့အားလည်းကောင်း၊ ကျွေးမွေးကြကုန်၏။

[9] (ထိုကျွန်များက) ကျွန်ုပ်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ရည်စူး၍သာလျှင် ကျွေးမွေးကြ၏။ ကျွန်ုပ်တို့သည် အသင်တို့ထံမှ မည်သည့် အကျိုးကျေးဇူးကိုမျှလည်းကောင်း၊ မည်သည့် ကျေးဇူးတင်ခြင်းကိုလည်းကောင်း၊ ရည်စူးကြသည် မဟုတ်ပေ။

[10] ဧကန်မလွဲ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြမ်းကြုတ်ခက်ထန်စွာသော နေ့ကို ကြောက်ရွံ့စိုးရိမ် ကြကုန်၏၊ (ဟုပြောပြကြကုန်၏။)

[11] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုနေ့၏ဘေးအန္တရာယ်မှ လွတ်ကင်းစေတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ရွှင်လန်းမှုနှင့်လည်းကောင်း၊ ဝမ်းမြောက် ပျော်ရွှင်မှုနှင့် လည်းကောင်း၊ တွေ့ကြုံစေတော်မူပေမည်။

[12] ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် သီးခံခြင်းတရား ထားရှိခဲ့ကြသောကြောင့် "ဂျန္နတ်" သုခဘုံကိုလည်းကောင်း၊ ပိုး(အဝတ်အစားများ) ကိုလည်းကောင်း၊ အစားပေးတော်မူအံ့သတည်း။

[13] (၎င်းတို့သည်) ယင်း "ဂျန္နတ်" သုခဘုံ၌ သလွန်များထက်ဝယ် (မှီအုံးများကို) မှီ၍ ထိုင်နေကြပေမည်။ ၎င်းတို့သည် ယင်း "ဂျန္နတ်" သုခဘုံ၌ နေ၏ အပူအရှိန်ကိုလည်းကောင်း၊ ခံရခက်သော အအေးကိုလည်းကောင်း၊ တွေ့ရှိကြမည်မဟုတ်ပေ။

[14] ၎င်း ပြင် ယင်း(ဂျန္နတ်သုခဘုံမှ) သစ်ပင်များ မှာ၎င်းတို့အပေါ်၌ ကိုင်းညွှတ်လျက်ရှိကြပေမည်။ ထို့ပြင် ယင်း’ဂျန္နတ်’တွင် အပြွတ်လိုက်သီးသော သစ်သီးဝလံတို့မှာ ညွှတ်ကျလျက် ရှိကြပေမည်။

[15] ထို့ပြင် ၎င်းတို့ထံ ငွေပန်းကန်များသည်လည်းကောင်း၊ ဖန်ခွက်များသည်လည်းကောင်း၊ လှည့်လည် ရောက်ရှိနေပေမည်။

[16] ငွေဖြင့်ပြီးသော ဖန်များဖြစ်ကြပေမည်။ (ဖြည့်ထားသူတို့သည်) ယင်းဖန်ခွက်များကို သင့်လျော်စွာ ချိန်ဆ၍ ဖြည့်ထားကြပေမည်။

[17] ထို့ပြင် ၎င်းတို့သည် ယင်း "ဂျန္နတ်"သုခဘုံ၌ ချင်းရောစပ်ထားသော အရက် အပြည့်အလျှံပါသော ခွက်များဖြင့် တိုက်ကျွေးခြင်းကို ခံကြရပေမည်။

[18] ယင်း "ဂျန္နတ်"သုခဘုံ၌ရှိသော ‘စလ်စဗီလ်’ ဟူ၍ အမည်သညာ မှည့်ခေါ်ခြင်းခံရသောစမ်းမှ၊

[19] ထိုမှတစ်ပါး ၎င်းတို့ထံတွင် အသက်သေဆုံးခြင်းမရှိဘဲ အမြဲထာဝစဉ် နုငယ်လျက် ရှိကြရမည်ဖြစ်သော သူငယ်တို့သည် လှည့်ပတ်သွားလာ (ပြုစု) လျက်ရှိကြပေမည်။ အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့မှာ ကြဲဖြန့်ထားသော ပုလဲများ ဖြစ်သည်ဟူ၍ပင် ထင်မှတ်ပေမည်။

[20] ၎င်းပြင် အသင်သည် ထိုနေရာတွင် ကြည့်သောအခါ ထူးကဲ ကြီးကျယ်လှစွာသော စည်းစိမ်ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု၊ ဂုဏ်ရည် အဆင့် အတန်းကိုလည်းကောင်း၊ တွေ့ရှိရပေမည်။

[21] ၎င်းတို့(၏ ခန္ဓာကိုယ်များ)ပေါ်၌ အစိမ်းရောင်ပိုးထည်အပါးစား အဝတ်များသည်လည်းကောင်း၊ ပိုးထည်အထူစား၊ ရွှေခြည်ဖြင့် ပန်းထိုးထားသော ပိုးဗရိုကိတ် အဝတ်များသည်လည်းကောင်း၊ ရှိကြပေမည်။ ထို့ပြင် ၎င်းတို့သည် ငွေလက်ကောက်၊ လက်ကြပ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကိုလည်း ခံကြ ရပေမည်။ ထိုမှတစ်ပါး ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အား လွန်စွာ စင်ကြယ်သန့်ရှင်းသောအရက်ကို တိုက်ကျွေးတော် မူပေမည်။

[22] ဧကန်မလွဲ ဤသည်ကား အသင်တို့အား (ချီးမြှင့်တော်မူသော) အကျိုးကျေးဇူးပင်ဖြစ်၏။ စင်စစ်သော်ကား အသင်တို့၏ ကြိုးပမ်းမှုသည် (အရှင်မြတ်အထံတော်၌) ကျေနပ် လက်ခံပြီး ဖြစ်ပေသတည်း။

[23] (အို-နဗီတမန်တော်) မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်း ချပေးတော်မူခဲ့၏။

[24] သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်၏အပေါ်၌ ကြံ့ခိုင်စွာရပ်တည်၍နေပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့အနက်မှ မည်သည့်အပြစ် ကျူးလွန်သူ၏ ပြောဆိုချက်ကိုမျှသော်လည်းကောင်း၊ မည်သည့် သွေဖည်ငြင်းပယ်သူ၏ ပြောဆိုချက်ကို မျှသော်လည်းကောင်း၊ မလိုက်နာပါလေနှင့်။

[25] ထို့ပြင်အသင်သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နာမံတော်ကို တသ စီးဖြန်းပါလေ။

[26] တစ်ဖန် အသင်သည် ညဉ့်၏အစိတ်အပိုင်း တစ်ခုခု၌လည်း ထိုအရှင်မြတ်အား "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ထိုမှတစ်ပါး အသင်သည် ညဉ့်၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုပါလေ။

[27] စင်စစ်ဧကန် ဤသူတို့ကား လောကီဘဝကို နှစ်သက်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ခက်ခဲကြီးလေး လှစွာသော နေ့တစ်နေ့ကိုမူ မိမိတို့၏ နောက်တွင် စွန့်ပစ်၍ထားကြကုန်၏။ (တစ်နည်း)သို့ရာတွင် မိမိတို့ရှေ့၌ (ကြုံကြိုက်အံ့သော)ခက်ခဲလေးလံစွာသော နေ့တစ်နေ့ကိုမူ ၎င်းတို့သည် စွန့်ထားကြကုန် ၏။ (လျစ်လျူပြုထားကြ၏။)

[28] ငါအရှင်မြတ်သည်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည်ပင် ၎င်းတို့၏ (ခန္ဓာကိုယ်၏) အဆစ်အဆက် အဆစ်အပိုင်းတို့ကို (အကြောအခြင်များဖြင့် ချည်နှောင်၍) ခိုင်ခံ့တော်မူစေခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အလိုရှိတော်မူသောအခါဝယ် ၎င်းတို့၏အစား ၎င်းတို့ကဲ့သို့ သောသူတို့အား လဲလှယ်တော်မူပေမည်။

[29] ဧကန်မလွဲ ဤ "စူရဟ်" ကဏ္ဍသည် ဆုံးမဩဝါဒပင်ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိပါလျင် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်အထံတော်သို့ (သွားရာ)လမ်းကို ရွေးချယ်ရမည်သာ။

[30] စင်စစ် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (အရာခပ် သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲ သိမ်မွေ့သောဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[31] ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား မိမိကရုဏာတော်အတွင်းဝယ် ဝင်ရောက်စေတော်မူ၏။ သို့ရာတွင် မတရားသော သူတို့အဖို့မှာမူကား၊ ထိုအရှင်မြတ်သည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်တကား။

စေလွှတ်သောအရာ

Surah 77

[1] (ငါအရှင်မြတ်သည်) အကျိုးဖြစ်စေအံ့သောငှာ စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်းခံရသော၊ ဆက်တိုက်၊ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။

[2] တစ်ဖန် (ငါအရှင်မြတ်သည်) ပြင်းထန်စွာ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသောလေများကို သက်သေထူတော်မူ၏။

[4] တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတိမ်များကို)ကစဉ့်ကလျားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။

[5] တစ်ဖန် (ငါအရှင်မြတ်သည် စိတ်နှလုံးများတွင် အလ္လာဟ်အရှင်မြတ်အား) အောက်မေ့တသ သတိရမှု ထည့်သွင်းပေးသောလေများကို သက်သေထူတော်မူ၏။

[6] ဝန်ချ တောင်းပန်ရန်သော်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်သော်လည်းကောင်း၊ (တစ်နည်း) အကြောင်းပြချက် မပြုနိုင်ရန်သော်လည်းကောင်း၊ သတိပေး နှိုးဆော်ရန်သော်လည်းကောင်း။

[7] ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်လာမည်ဖြစ်၏။

[8] စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။

[9] ၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။

[10] ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။

[11] ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။

[12] ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။

[13] စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)

[14] စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။

[15] ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။

[16] ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။

[17] ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။

[18] ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်တော်မူလေ့ရှိ၏။

[19] ထို့နေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်)ပျက်စီးမှုသည် ရှိပေမည်။

[20] ငါအရှင်မြတ်သည် အသင်တို့အား ယုတ်ညံ့သောရေဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်လော။

[21] တစ်ဖန် ငါအရှင်မြတ်သည် ထိုရေကို လုံခြုံသောနေရာ၌ ထားရှိတော်မူခဲ့၏။

[22] သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင်။

[23] တစ်ဖန် ငါအရှင်မြတ်သည် စနစ်တကျ စီမံပြုပြင် ချိန်ဆခန့်မှန်းတော်မူခဲ့ရာ စင်စစ် (ငါအရှင်မြတ်သည်)အဘယ်မျှ ကောင်းမြတ်သော စီမံပြုပြင် ချိန်ဆ ခန့်မှန်းတော်မူသောအရှင်၊ ဖြစ်တော်မူပါ သနည်း။

[24] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိပေမည်။

[25] ငါအရှင်မြတ်သည် ပထဝီမြေကို စုရုံးပေါင်းစပ်ရာနေရာဌာန၊ စုရုံးပေါင်းစပ်သောအရာ၊ ပြုလုပ်တော်မူခဲ့သည်မဟုတ်လော။

[26] အသက်ရှင်သူတို့အားလည်းကောင်း၊ သူသေတို့အားလည်းကောင်း။

[27] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းပထဝီမြေဝယ် မြင့်စွင့်လှစွာသော တောင်များကို (နေရာတကျ) စိုက်ထူတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသောရေကို တိုက်ကျွေးတော်မူသည်။

[28] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာ)သော ပျက်စီးမှုသည် ရှိချေမည်သာတည်း။

[29] အသင်တို့သည် မဟုတ်မမှန်ဟူ၍ မိမိတို့ စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြသော (ပြစ်ဒဏ်)ရှိရာသို့ လျှောက်၍ သွားကြလေကုန်။

[30] အသင်တို့သည် အကိုင်းသုံးကိုင်း ခွဲထွက်သော အရိပ်ဆာယာ(အောက်)သို့ လျှောက်သွားကြလေကုန်၏။

[31] (ယင်းအရိပ်တွင်) သက်သာမှုလည်း ရှိမည်မဟုတ်ပေ။ မီးတောက်မီးလျှံ(၏အရှိန်မှ) ကာကွယ်မည်လည်း မဟုတ်ပေ။

[32] ဧကန်အမှန် ယင်းမီးသည် အဆောက်အအုံကြီးများ ပမာရှိသော မီးပွင့်မီးပွားများကို ပေါက်ထွက်စေမည်။

[33] ယင်းမီးပွင့်မီးပွားများမှာ အဝါရောင်ရှိသော ကုလားအုပ်များကဲ့သို့ ရှိကြပေမည်။

[34] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

[35] ဤနေ့သည် ၎င်းတို့ စကားပြောဆိုခြင်း မပြုနိုင်သောနေ့ပင်။

[36] ၎င်းတို့သည် အကြောင်းပြ ဆင်ခြေလဲနိုင်ကြရန် ခွင့်ပြုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[37] ထိုနေ့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။

[38] ဤသည် စီရင်ဆုံးဖြတ်မည့်နေ့ပင်။ ငါအရှင်မြတ်သည် အသင်တို့အားလည်းကောင်း၊ ရှေးသူဟောင်းတို့အားလည်းကောင်း၊ စုရုံးတော်မူလိုက်ပြီ။

[39] သို့ဖြစ်ပေရာ အကယ်၍ အသင်တို့၌ အကြံအစည် တစ်စုံတစ်ရာရှိခဲ့မူ ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကြံစည်ကြလေကုန်။

[40] ထို့နေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေအံ့သတည်း။

[41] ဧကန်မလွဲ "မွတ္တကီ" သူတော်စင်တို့သည် အရိပ်အာဝါသများ၌လည်းကောင်း၊ စမ်းများ၌လည်းကောင်း။

[42] ထိုသူတို့ အာသာဆန္ဒရှိကြလေသော သစ်သီးဝလံများ၌လည်းကောင်း၊ ရှိနေကြပေမည်။

[43] (၎င်း တို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြလေသော (ကောင်းမှု သုစရိုက်များကြောင့်) မြိန်ယှက်စွာ စားသုံးခြင်းကိုလည်းကောင်း၊ သောက်သုံးခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။

[44] ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

[45] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

[46] အသင်တို့သည် (ဤပစ္စက္ခဘဝ၌) အနည်းငယ်မျှ (ကာလတိုင်အောင်) စားသုံးခြင်းကိုလည်းကောင်း၊ အကျိုးခံစားခြင်းကိုလည်းကောင်း၊ ပြုကြ လေကုန်။ ဧကန်မလွဲ အသင်တို့သည် အပြစ်ရှိသူများပင် ဖြစ်ကြကုန်၏။

[47] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

[48] စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် 'ရူကူအ်' ဦးညွှတ်ကြလေကုန်၊ ဟု အမိန့်ပေးတော်မူသောအခါ ၎င်းတို့သည် "ရူကူအ်" ဦးညွှတ် ခြင်းကို ပြုကြသည် မဟုတ်ပေ။

[49] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။

[50] စင်စစ် ၎င်းတို့သည် (ကုရ်အာန်ကျမ်းတော်မြတ်)အပြင် (တစ်နည်း) (ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့ပြီး)နောက် မည်သည့်စကားကို သက်ဝင် ယုံကြည်ကြကုန်အံ့နည်း။

သတင်း

Surah 78

[1] ထို (ကိယာမတ်ကို မယုံကြည်သောသူတို့သည်)မည်သည့်အရာနှင့်စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက် ရှိကြသနည်း။

[2] ၎င်းတို့သည် အကြင် ကြီးကျယ်လှစွာသော(ကိယာမတ်၏)အကြောင်းသတင်းကို (မေးမြန်းလျက် ရှိကြကုန်၏)။

[3] ၎င်းတို့သည် ယင်းအကြောင်းသတင်းနှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့် အယူဝါဒ) ကွဲလွဲနေသူများ ဖြစ်ကြကုန်၏။

[4] (၎င်းတို့သည် ကိယာမတ် ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြ၏။) (ထိုသို့) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် မုချ ဆိုက်ရောက်လာမည်ဖြစ်ရာ) ၎င်းတို့သည် မကြာမြင့်မီပင် (ယင်းကိယာမသ်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်)သိရှိရပေမည်။

[5] ထို့နောက်တဖန် (ငါအရှင်မြတ် ထပ်မံ မိန့်ကြားတော်မူအံ့၊ ၎င်းတို့သည် ကိယာမတ်ဖြစ်မည် မဟုတ်ဟု ထင်မှတ်နေကြ၏၊) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် အမှန်ပင်ဆိုက်ရောက်လာမည် ဖြစ်ပေရာ) ၎င်းတို့သည် (မျက်ဝါးထင်ထင်တွေ့မြင်) သိရှိကြရမည်သာ။

[6] (စင်စစ် ကိယာမတ်မဖြစ်နိုင်ဟု ငြင်းပယ်ခြင်းသည် ငါအရှင်မြတ်၏ တန်ခိုးတော်ကို ငြင်းပယ် စော်ကားခြင်းသာ ဖြစ်ပေသည်။ ငါအရှင်မြတ်၏ ထူးကဲ ဆန်းပြားလှစွာသော တန်ခိုးတော်ကို ၎င်းတို့သည် မတွေ့ကြလေသလော၊)ငါအရှင်မြတ်သည်သာလျှင် ပထဝီမြေကို (လူသတ္တဝါ အပေါင်းတို့၏အကျိုးငှာ) အခင်း ပြုလုပ်တော်မူခဲ့သည် မဟုတ်လော။

[7] ၎င်းပြင် (ငါအရှင်မြတ်သည်ပင် ယင်းပထဝီ မြေတည်ငြိမ်အံ့သောငှာ) တောင်များကို သတ်များ၊ ငုတ်များ၊(ပြုလုပ်တော်မူခဲ့သည် မဟုတ်လော)။

[8] ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် အသင်တို့အား (ယောက်ျားနှင့် မိန်းမဟူ၍) အစုံ၊ အစုံ (စုံတွဲများ) ဖန်ဆင်းတော်မူခဲ့၏။

[9] ၎င်းပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့၏အိပ်စက်ခြင်းကို (အသင်တို့အဖို့) အပန်းဖြေမှု ပြုလုပ်တော်မူခဲ့၏။

[10] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညဉ့်ကို(အသင်တို့အကျိုးငှာ) ဝတ်ရုံ(အကာအကွယ်) ပြုလုပ်တော်မူခဲ့၏။

[11] ထို့မှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် နေ့ကို(အသင်တို့အဖို့) အသက်မွေးဝမ်းကျောင်းပြုရန် အချိန် ပြုလုပ်တော်မူခဲ့၏။

[12] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ်ကို ဆောက်လုပ်တော်မူခဲ့၏။

[13] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်းတောက်ပလှစွာသော ဆီမီးတစ်ခုကိုဖန်ဆင်းတော်မူခဲ့၏။

[14] ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။

[15] (ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။

[16] ၎င်း ပြင် ပူးကပ်ထူထပ်သော ဥယျာဉ်များ(ပေါက်ရောက်စေတော်မူရန်လည်း) ဖြစ်ပေသတည်း။

[17] ဧကန်မလွဲ စီရင်ဆုံးဖြတ်မည့်နေ့ကား သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတစ်ခုပင် ဖြစ်ပေသည်၊

[18] အကြင်နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုအခါ အသင်တို့သည် အစုလိုက်၊ အစုလိုက် လာကြပေမည်။

[19] ၎င်းပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် ပွင့်သွားပေမည်။ ထိုအခါ ယင်းမိုးကောင်းကင်၌ တံခါးများသာ ဖြစ်သွားကြပေမည်။

[20] ထို့ပြင် (ထိုနေ့တွင်) တောင်များသည် ရွေ့လျားစေခြင်းကို ခံကြရပေမည်။ ထိုအခါ ယင်းတောင်များသည် သဲ(များပမာ) (လင်းလျှပ်ပမာ) ဖြစ်သွားကြပေမည်။

[21] ဧကန်အမှန် ဂျဟန္နမ်ငရဲသည် (ကျူးလွန် ဆိုးသွမ်းသူတို့အဖို့) ချောင်းမြောင်းရာဌာနပင် ဖြစ်ပေသည်။

[22] လွန်စွာ ဆိုးသွမ်း ပြစ်မှုကျူးလွန်သူတို့၏ ပြန်လည်ရာစခန်း(လည်း) ဖြစ်ပေသည်။

[23] (၎င်းတို့သည်) ယင်းဂျဟန္နမ်ငရဲ၌ အဆုံးမရှိသော အချိန်ကာလတိုင်အောင် နေထိုင်ကြရပေမည်။

[24] ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲ၌ မည်သည့် အေးချမ်း၊ အေးဆေး၊ အေးမြမှုကိုမျှ၊ မြည်းစမ်းကြရမည် မဟုတ်ပေ။၎င်းပြင် မည်သည့်သောက်သုံးရာ ပစ္စည်းကိုမျှလည်း မြည်းစမ်းကြရမည် မဟုတ်ပေ။

[25] ပွက်ပွက်ဆူလျက်ရှိသော ရေပူနှင့် ပြည်ပုပ်ကိုသာ (မြည်းစမ်းကြရပေမည်)။

[26] (ဤသည် ၎င်းတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များနှင့်)လျော်ညီစွာ အစားပေးခြင်းပင် ဖြစ်ပေသည်။

[27] ဧကန်မလွဲ ၎င်းတို့သည် မည်သည့်စစ်ဆေးမှုကိုမျှ ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။ မျှော်လင့်ခဲ့ကြသည် မဟုတ်ပေ။

[28] ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ဇွတ်ငြင်းခဲ့ ကြပေသည်။

[29] စင်စစ် ငါအရှင်မြတ်သည်(၎င်းတို့၏ အပြုအမူတို့ကို) အသီးသီး ရေးသားလျက် စေ့ငုစွာ ရေတွက်မှတ်သားတော်မူခဲ့သည်။

[30] သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့အား ယင်းအပြုအမူတို့ကို ပြသတော်မူ၍) အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်းစမ်း ကြလေကုန်။ စင်စစ် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အသင်တို့၌ ပိုမိုစေတော်မူမည်မဟုတ်(ဟု မိန့်ကြားတော်မူအံ့သတည်း)။

[31] ဧကန်မလွဲ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေ ခန့်ညားသောသူတို့အဖို့ အောင်မြင်မှုသည် ရှိပေသည်။

[32] (၎င်းတို့ အေးချမ်းသာယာစွာ စားသောက် နေထိုင် သွားလာကြအံ့သောငှာ) ဥယျာဉ်များသည်လည်းကောင်း၊ စပျစ်သီးများသည်လည်းကောင်း၊ (ရှိကြပေမည်)။

[33] သက်တူရွယ်တူ ပျိုကညာများသည်လည်းကောင်း၊

[34] (အရက်ဖြင့်) ပြည့်လျှံလျက်ရှိသော ခွက်များသည်လည်းကောင်း၊ (ရှိကြပေသည်)။

[35] ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်သိမ်ဖျင်းသော စကားကိုမျှလည်းကောင်း၊ မည်သည့် မုသား စကားကိုမျှလည်းကောင်း၊ ကြားကြရမည် မဟုတ်ပေ။

[36] (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လုံလောက်စွာ ချီးမြှင့်တော်မူသော အကျိုးဆုလဒ်ပင်တည်း။

[37] (အကြင်အရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏ အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပိုင်ဆိုင်တော်မူသောအရှင် (ရဟ်မာန်) မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ မည်သူတဦးတယောက်မျှပင် ထိုအရှင်မြတ်နှင့် စကားပြောဆိုပိုင်ခွင့်ရှိမည် မဟုတ်ပေ။

[38] အကြင်နေ့တွင် သက်ရှိ အပေါင်းတို့သည်လည်းကောင်း၊ "မလာအီကဟ်" ကောင်းကင်တမန် အပေါင်းတို့သည်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်)စီတန်းမတ်တတ် ရပ်ကြ ပေမည်။ (ထိုနေ့တွင် ၎င်းတို့အနက်)"ရဟ်မာန်" မဟာကရုဏာတော်ရှင်က ခွင့်ပြုတော်မူသော၊ မှန်ကန်သောစကားကို ပြောဆို(အံ့)သောသူမှတစ်ပါး မည်သူတစ်ဦးတယောက်မျှပင် စကားပြောဆိုနိုင်မည် မဟုတ်ပေ။

[39] ထို(ကိယာမတ်နေ့)သည်ကား မုချ ဆိုက်ရောက်မည့်နေ့ပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အလိုရှိသောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်တွင် (မိမိအဖို့)ပြန်လည်ရာဌာနကို(အဆင်သင့်)ပြုလုပ်၍ ထားရပေမည်။

[40] ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ (ဆိုက်ရောက်မည်ဖြစ်သော) ပြစ်ဒဏ်နှင့် စပ်လျဉ်း၍သတိပေး နှိုးဆော်တော်မူခဲ့ချေပြီ။ ထိုနေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဘက်ဖြင့် ကြိုတင်ပို့နှင့်ခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး (ထိုနေ့တွင်) ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူက "ဪ-ငါသည် မြေကြီး ဖြစ်ခဲ့ရလျှင်၊ ဖြစ်နိုင်လျှင်၊ ကောင်းလေစွတကား၊" ဟု ပြောဆို(ညည်းညူ)အံ့သတည်း။

ဆွဲထုတ်သူများ

Surah 79

[1] (ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက်ဇီဝိန်များကို) ပြင်းထန်စွာ ဆွဲငင်နုတ်ထုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

[2] ၎င်းပြင် အထုံးအဖွဲ့ကို ဖြေပေးကြသော(ဝါ)မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ အသက်ဇီဝိန်များကို လွယ်ကူ (ညင်သာ)စွာ နုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူ၏။

[3] ၎င်းပြင် (ရေကူးသကဲ့သို့) လျင်မြန်စွာကူး၍သွားကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

[4] တဖန် လျင်မြန်စွာပြေးကြသော(ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

[5] တဖန် အရေးကိစ္စအဝဝတို့ကို နေရာတကျဖြစ်အောင် စီမံကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

[6] အကြင်နေ့တွင် တုန်လှုပ်စေသောအရာ(ဝါ)ပထမအကြိမ် တံပိုးခရာမှုတ်ခြင်းသည် တုန်လှုပ်စေမည်ဖြစ်၏။

[7] နောက်မှလာသောအရာ(ဝါ) ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်းသည် ယင်းတုန်လှုပ်စေသောအရာ (ဝါ) ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း၏နောက်မှ လိုက်၍လာမည်ဖြစ်၏။

[8] ထိုနေ့တွင်ကား မြောက်မြားစွာသော စိတ်နှလုံးများသည် ချောက်ချားလျက်ရှိကြပေမည်။

[9] ထို (စိတ်နှလုံးရှင်)တို့၏ မျက်စိများကား အောက်သို့စိုက်လျက် ရှိကြပေမည်။

[10] ၎င်းတို့က "အသို့ပါနည်း၊ ကျွန်ုပ်တို့သည် မူလအခြေအနေသို့ တဖန်ပြန်၍ အမှန်ပင် ရောက်ရှိကြမည်လော၊" ဟု ပြောဆိုကြလေသည်။

[11] ကျွန်ုပ်တို့သည် ဆွေးမြည့်သော အရိုးများသာကျန်ရှိသောအခါ (မူလအတိုင်း ပြန်လည်ရှင်ကြရဦးမည်)လော။

[12] သို့ဖြစ်လျှင် ယင်း(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အဖို့) ဆုံးရှုံးသော ရှင်ပြန်ထခြင်းပင် ဖြစ်ချေမည်ဟု ပြောဆိုကြလေသည်။

[13] စင်စစ် ထိုအရာကား ပြင်းထန်လှစွာသော အသံတစ်ခုသာလျှင် ဖြစ်ပေမည်။

[14] ထိုအခါ လူအားလုံးတို့သည် မြေမျက်နှာပြင်သို့ ရုတ်တရက်ပင် ရှိလာကြအံ့သတည်း။

[15] (အို-နဗီတမန်တော်)အသင့်ထံ(နဗီတမန်တော်)မူစာ၏အကြောင်း အတ္တုပ္ပတ္တိသည် ရောက်လာခဲ့လေပြီလော။

[16] တရံရောအခါဝယ် ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို(နဗီတမန်တော်)မူစာအား "တွုဝါ" အမည်ရှိ ထူးမြတ်သော တောင်ကြားအရပ်၌ ဟစ်ခေါ်တော်မူခဲ့၏။

[17] အသင်သည် ဖစ်ရ်အောင်န်၏ထံသို့ သွားပါလေ။ ဧကန်မလွဲ ထိုဖစ်ရ်အောင်န်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်လျက် ရှိနေလေပြီ။

[18] သို့ဖြစ်ပေရာ အသင်သည် (၎င်း၏ထံသို့ သွားရောက်ပြီးလျှင် ဤသို့)ပြောကြားပါလေ။ (အို-ဖစ်ရ်အောင်န်)အသင်၌ မိမိ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရန်လည်းကောင်း။

[19] ကျွန်ုပ်သည် အသင့်အား အသင်၏အရှင်မြတ်အထံတော်သို့ လမ်းညွှန်၍ပေးရန်လည်းကောင်း၊ ဆန္ဒ ရှိလေသလော။ သို့ဖြစ်လျှင် အသင်သည်(ထိုအရှင်မြတ်အား)ကြောက်ရွံ့ရိုသေသောသူ ဖြစ်လာပေမည်။

[20] ထိုနောက် ထို(နဗီတမန်တော်)မူစာသည် ၎င်းဖစ်ရ်အောင်န်အား အကြီးကျယ်ဆုံးသော သက်သေ လက္ခဏာတန်ခိုးတော်ကို ပြသခဲ့လေသည်။

[21] သို့ပါလျက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့သည့်ပြင် (ထိုနဗီတမန်တော်မူစာ၏ ဟောကြားချက်များကိုလည်း) ဖီဆန်ခဲ့လေသည်။

[22] ထို့နောက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဆူပူ သောင်းကျန်းရန်) ကြိုးပမ်းလေတော့သည်။

[23] ထို့နောက် ထိုဖစ်ရ်အောင်န်သည် (ပဉ္စလက်ဆရာများကိုလည်းကောင်း၊ စစ်သည် ရဲမက်တို့ကို လည်းကောင်း၊) စုရုံးပြီးလျှင် (အသံကျယ်စွာ) ဟစ်အော်ခဲ့လေသည်။

[24] ထို့နောက် ၎င်း(ဖစ်ရ်အောင်န်)က "ကျွန်ုပ်သည်ပင် အသင်တို့၏ မြင့်မြတ်ဆုံးသောအရှင် ဖြစ်သည်" ဟုပြောဆို(ကြေညာ)ခဲ့လေသည်။

[25] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား အာခိရတ်တမလွန်ဘဝ၏ ပြစ်ဒဏ်၌လည်းကောင်း၊ လောကီဘဝ၏ပြစ်ဒဏ်၌လည်းကောင်း၊ ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသည်။

[26] ဧကန်မလွဲ ထို(အကြောင်းအတ္တုပ္ပတ္တိ)၌(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူ အဖို့သတိပေး နှိုးဆော်ချက်သည် အမှန်ပင် ရှိပေသတည်း။

[27] အသို့ပါနည်း၊ အသင်တို့အား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ ခဲယဉ်းလေသလော။ ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်ကိုပြုလုပ်(ဖန်ဆင်း)တော်မူခဲ့၏။

[28] ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။

[29] ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။

[30] ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။

[31] ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။

[32] ၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။

[33] အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင်တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့၏အကျိုးငှာ လည်းကောင်း။

[34] အကြင်အခါဝယ် ထိုကြီးကျယ်လှစွာသော ဘေးဒုက္ခကြီးသည် ဆိုက်ရောက်လာခဲ့ပေမည်။

[35] (ဝါ)အကြင်နေ့တွင် လူသားတို့သည် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သမျှတို့ကို သတိရကြပေမည်။

[36] ၎င်းပြင် "ဂျဟန္နမ်" ငရဲသည် ကြည့်ရှုသောသူတို့၏ရှေ့ဝယ် ထင်ရှားစွာ ပေါ်လာစေခြင်းကို ခံရပေမည်။

[37] ထိုအခါ အကြင်သူသည် လွန်စွာ သွေဖည်(သောင်းကျန်း)ခဲ့လေသည်။

[38] ၎င်းပြင် ထိုသူသည် လောကီဘဝကို ဦးစားပေးခဲ့လေသည်။

[39] သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျဟန္နမ်" ငရဲသာ လျှင်(ထိုသူ၏)ခိုကိုးရာဌာန ဖြစ်ချိမ့်မည်။

[40] သို့ရာတွင် အကြင်သူသည် မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် စိတ်ကိုလည်း (မကောင်းသော) အလိုဆန္ဒများမှ တားမြစ်ခဲ့လေသည်။

[41] သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသည်သာလျှင် (ထိုသူ၏)ခိုကိုးရာဖြစ်အံ့သတည်း၊

[42] (အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့သည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်အံ့နည်းဟု မေးမြန်းကြကုန်၏။

[43] ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ (ဆိုက်ရောက်မည့်အကြောင်းကို) ထုတ်ဖော် ပြောပြခြင်းသည် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။

[44] ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့(နှင့်စပ်လျဉ်းသောအသိပညာ)၏ အဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌သာ ဖြစ်ပေသည်။

[45] အသင်သည် ယင်း "ကိယာမသ်" ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောက လောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့သတည်း။

[46] ၎င်းတို့သည် ယင်းကိယာမတ်ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောကလောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့ သတည်း။

မျက်မှောင်ကြုတ်တော်မူသောအရှင်

Surah 80

[1] ထို(နဗီတမန်တော်မြတ်)သည် မျက်မှောင်ကြုတ်ခဲ့သည့်ပြင် မျက်နှာလည်း လွှဲခဲ့လေသည်။ (မကြည်မသာ မျက်နှာသုန်မှုန်စွာဖြင့် မျက်နှာလွှဲ၍ နေခဲ့လေသည်။)

[2] မိမိထံသို့ မျက်စိမမြင်သောသူ ဝင်ရောက်၍ လာခဲ့သောကြောင့်။

[3] အသင် သိပါသလော၊ စင်စစ် မျက်စိမမြင်သောသူသည် စင်ကြယ်သန့်ရှင်းသူ ဖြစ်တန်ရာသည်။

[4] သို့တည်းမဟုတ် ထိုသူသည် တရားရသွားနိုင်ပေသည်။ (ဆင်ခြင်နိုင်ပေသည်)။ သို့ဖြစ်လျှင် ဆုံးမ ဩဝါဒပေးခြင်းသည် ထိုသူအား အကျိုးဖြစ်ထွန်းစေနိုင်မည်။

[5] မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူဂရုမစိုက်ခဲ့ချေ။

[6] သို့ပါလျက် အသင်သည် ထိုသူအား ဂရုစိုက်အရေးပေးသည်။

[7] စင်စစ်သော်ကား ထိုသူ မစင်ကြယ်သည့်အတွက် အသင့်အပေါ်၌ မည်သို့မျှ အပြစ်မရှိချေ။

[8] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် အသင့်ထံသို့ အပြေးအလွှားရောက်ရှိလာခဲ့လေသည်။

[9] ထိုမှတစ်ပါး ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်ခဲ့ပေသည်။

[10] သို့ပါလျက် အသင်သည် ထိုသူအား အရေးမပေး လျစ်လျူရှုခဲ့ပေသည်။

[11] (အို-နဗီတမန်တော်၊ အသင်သည်) ဤသို့ အလျင်းမပြုပါလေနှင့်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ဆုံးမဩဝါဒပင်ဖြစ်ပေသည်။

[12] သို့ဖြစ်ပေရာ အလိုရှိသောသူသည် ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သားပေလိမ့်မည်။

[13] (ယင်းဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အရွက်များပေါ်၌ (ရေးသားပြီး)ဖြစ်၏။

[14] (ယင်းအရွက်များသည်) မြင့်မြတ်သော၊ စင်ကြယ်သန့်ရှင်းသော(အရွက်များ ဖြစ်သည်)။

[15] (ယင်းအရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်တို့၏ လက်တွင်း၌ရှိ၏။

[16] (ထိုကောင်းကင်တမန်များသည်) ဂုဏ်အင်ဒြပ်ထူးကဲကြသော၊ သူတော်စင်များဖြစ်ကြကုန်သော (ကောင်းကင်တမန်များ ဖြစ်ကြပေသတည်း)။

[17] မနူဿလူသားသည် ပျက်စီးပါစေ၊ (ပျက်စီးချိမ့်သတည်း)။ ၎င်းသည် အဘယ်မျှလောက် ကျေးဇူးကန်းဘိသနည်း။

[18] ထိုအရှင်မြတ်သည် ၎င်းအား မည်သည့်အရာဖြင့် ဖန်ဆင်းတော်မူပါသနည်း။

[19] ထိုအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင် မြတ်သည် ၎င်းအား နှိုင်းချိန်တိုင်းဆခန့်မှန်း၍ ပြုလုပ်တော်မူ၏။

[20] ထို့နောက် ထိုအရှင်မြတ်သည် ၎င်း၏အဖို့ လမ်းကို လွယ်ကူစေတော်မူ၏။

[21] ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား သေဆုံးစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းအား သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။

[22] ထို့နောက်တဖန် ထိုအရှင်မြတ်သည် အလိုရှိတော်မူသောအခါ ၎င်းအား ရှင်ပြန်ထစေတော်မူမည်။

[23] ထိုလူသားသည် ၎င်းအား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ခြင်း အလျင်း မရှိချေ။

[24] ပြီးနောက် လူသားသည် မိမိ အစားအစာကို(ပြန်လည်)ကြည့်ရှု ဆင်ခြင်အပ်ပေသည်။

[25] ဧကန်မလွဲ ငါအရှင်မြတ်သည် (မိုး)ရေကို (အံ့ဘွယ်သရဲ) ရွာသွန်းစေတော်မူ၏။

[26] ထိုနောက် ငါအရှင်မြတ်သည် ပထဝီမြေကို (အံ့ဘွယ်သရဲ) ခွဲတော်မူ၏။

[27] တဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ ကောက်ပဲသီးနှံကို ပေါက်ရောက်စေတော်မူ၏။

[28] စပျစ်ပင်ကိုလည်းကောင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်ကိုလည်းကောင်း။

[29] သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကိုလည်းကောင်း။

[30] (သစ်ပင်ပန်းပင်များ)ထူထပ်သော ဥယျာဉ်များကိုလည်းကောင်း။

[31] သစ်သီးဝလံများကိုလည်းကောင်း၊ ကျွဲ၊ နွားတိရစ္ဆာန်အစာကိုလည်းကောင်း၊ (ပေါက်ရောက်စေတော်မူ၏)။

[32] အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင် တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များ၏ အကျိုးငှာလည်းကောင်း၊

[33] တဖန် နားပင်းစေသောအသံသည် (ထွက် ပေါ်၍) လာသောအခါ။

[34] အကြင်နေ့တွင် လူသည်ထွက်ပြေး (တိမ်းရှောင်)အံ့၊ မိမိညီအစ်ကို၏ထံမှလည်းကောင်း။

[35] မိမိအမိထံမှလည်းကောင်း၊ မိမိအဘထံမှ လည်းကောင်း။

[36] မိမိဇနီး ကြင်ယာ၏ထံမှလည်းကောင်း၊ မိမိသားသမီးထံမှလည်းကောင်း။

[37] ထိုနေ့တွင်ကား လူတိုင်းလူတိုင်း၌ (အခြား မည်သည့်တစုံတရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်း၍ နေစေသော အရေးကိစ္စတခုစီ ရှိနေမည်ဖြစ်၏။

[38] ထိုနေ့တွင် မြောက်မြားစွာသောမျက်နှာတို့မှာ လင်းဝင်းတောက်ပလျက် ရှိကြပေမည်။

[39] ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။

[40] ထိုမှတစ်ပါး မြောက်မြားစွာသော မျက်နှာတို့အပေါ်၌မူကား မြူမှုန်များသည် ရှိနေပေမည်။

[41] ထိုမျက်နှာများအပေါ်၌ အမှောင်သည် ဖုံးလွှမ်းလျက် ရှိပေမည်။

[42] ထိုသူတို့သည်သာလျှင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၊ ဆိုးသွမ်းသူများ ဖြစ်ကြကုန်သတည်း။

မှောက်လှန်ခြင်း

Surah 81

[1] နေသည် ခေါက်လိပ်ခြင်းကို ခံရသောအခါ၊(အလင်းရောင်မဲ့သွားသောအခါ)၊

[2] ထို့ပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ၊

[3] ၎င်းပြင် တောင်များသည် ရွေ့လျားခြင်းကို ခံကြရသောအခါ၊

[4] ထိုမှတစ်ပါး ကိုယ်ဝန်ဆောင် ဆယ်လစေ့သော ကုလားအုတ်မများသည် (ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းကို ခံကြရသောအခါ၊

[5] ထို့ပြင် တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသောအခါ၊

[6] ထို့ပြင် ပင်လယ် သမုဒ္ဒရာများသည် ခြောက်ခန်း ဆူပွက်စေခြင်းကို ခံကြရသောအခါ၊

[7] ၎င်းပြင် အသက်ဇီဝိန်များ (လူများသည်) တွဲဖက်စုပေါင်းစေခြင်းကို ခံကြရသောအခါ၊

[8] ၎င်းပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကို ခံရသောအခါ၊

[9] ၎င်းပြင် မည်သည့်အပြစ်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း(ဟု)၊

[10] ၎င်းပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသောအခါ၊

[11] ထို့ပြင် မိုးကောင်းကင်သည် အရေခွာခြင်းကို ခံရသောအခါ (ပွင့်စေခြင်းကို ခံရသောအခါ)၊

[12] ထို့ပြင် "ဂျဟန္နမ်" ငရဲသည် မီးမွှေးခြင်းကို ခံရသောအခါ။

[13] ထိုမှတစ်ပါး "ဂျန္နတ်" သုခဘုံသည် အနီးသို့ ယူဆောင်လာခြင်းကို ခံရသောအခါ။

[14] လူအသီးသီးတို့သည် မိမိတို့ ယူဆောင်ခဲ့ကြသည့် (ကောင်းမှု၊ မကောင်းမှု)တို့ကို သိသွားကြ အံ့သတည်း။

[15] သို့ဖြစ်ပေရာ ငါ အရှင်မြတ်သည် အကြင် နောက်ဆုတ်တတ်သော နက္ခတ်တို့ကို သက်သေထူတော်မူ၏။

[16] ထိုနက္ခတ်များသည် ဖြောင့်မတ်စွာ သွားတတ်သော၊ ကွယ်ပျောက်၍ သွားတတ်သော နက္ခတ်များ ဖြစ်ကြကုန်၏။

[17] ၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကို(သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုညဉ့်သည် ရောက်ရှိလာ၏။(ကုန်လွန်သွား၏)။

[18] ၎င်းပြင် (ငါအရှင်မြတ်သည်)နံနက်ကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ယင်း နံနက်သည် လင်း၍လာလေ၏။

[19] ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် မြင့်မြတ်သော စေတမန်တစ်ပါး(ယူဆောင်လာသော)အာယတ်တော်ဖြစ်၏။

[20] (ထိုစေတမန်သည်) ခွန်အား ကြီးမားသူ၊ ‘အရ်ရှ်’ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ အပါးတော်၌ ဂုဏ်အသရေရှိသူဖြစ်ပေသည်။

[21] (ထို့ပြင်) ထို(မိုးကောင်းကင်များ)၌ ဩဇာညောင်းသူ၊ ယုံကြည်စိတ်ချရသူ(လည်းဖြစ်ပေသည်)။

[22] ၎င်းပြင် (ဤ)အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။

[23] ၎င်းပြင် မလွဲဧကန် ထိုအသင်တို့၏ အဖေါ်သည် ရှင်းလင်းသော ‘အူဖွတ်က်’ မိုးကုပ်စက်ဝိုင်း၌ ၎င်းစေတမန်အား တွေ့မြင်ခဲ့ဖူးပေသည်။

[24] ၎င်းပြင် ထိုအသင်တို့၏အဖေါ်ကား အကွယ်၌ရှိသောအရာများ(အနက်၊ အလ္လာဟ်အရှင်မြတ် အသိပေးတော်မူသောအရာများ)နှင့်စပ်လျဉ်း၍ စေးနဲသူလည်း မဟုတ်ပေ။

[25] ထို့ပြင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။

[26] သို့ပါလျက် အသင်တို့သည် အဘယ်သို့ သွားနေကြသနည်း။

[27] ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ချေသည်။

[28] (အထူးသဖြင့်) အသင်တို့အနက် ဖြောင့်မတ်စွာ သွားလိုသူ၏အဖို့။

[29] စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေ မည်တကား။

ကွဲထွက်ခြင်း

Surah 82

[1] မိုးကောင်းကင်သည် အက်ကွဲသောအခါ။

[2] ၎င်းပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။

[3] ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။

[4] ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။

[5] ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။

[6] အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။

[7] အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။

[8] မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်၌ အသင့်အား စီစဉ်ပြုလုပ် (ဖန်ဆင်း)တော်မူခဲ့၏။

[9] (မည်သည့်အကြောင်းမျှ) အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် အစားပေးခြင်းကိုပင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

[10] စင်စစ်သော်ကား အသင်တို့အပေါ်၌ ကိုယ်စောင့်များသည် ဧကန်မလွဲ ရှိကြကုန်၏။

[11] (ငါအရှင်မြတ်အထံတော်၌) မြင့်မြတ်သူများ၊(အသင်တို့၏ ပြောဆိုပြုမူချက်တို့ကို) ရေးမှတ်သူများ။

[12] ၎င်းတို့သည် အသင်တို့ ပြုလုပ်သမျှတို့ကို သိရှိကြကုန်သတည်း။

[13] ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရသုခ၌ ရှိကြပေမည်။

[14] သို့ရာတွင် ဆိုးသွမ်းသူတို့မူကား ဧကန်မလွဲ 'ဂျဟန္နမ်' ငရဲ၌ပင် ရှိကြပေမည်။

[15] ၎င်းတို့သည် ထို 'ဂျဟန္နမ်' ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။

[16] ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။

[17] စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။

[18] တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။

[19] (ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။

လိမ်လည်ခြင်း

Surah 83

[1] အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။

[2] အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။

[3] သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။

[4] ၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။

[5] ကြီးကျယ်လှစွာသောနေ့တွင်။

[6] အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။

[7] အလျှင်းမဟုတ်၊ ဧကန်စင်စစ် ဒုစရိုက် ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် "စစ်ဂျ်ဂျီန်" ၌ရှိ၏။

[8] စစ်ဂျ်ဂျီန်"သည် မည်သည့်အရာဖြစ်ကြောင်း အသင် သိပါသလော။

[9] (ယင်း"စစ်ဂျ်ဂျီန်"မှာ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင် ဖြစ်ချေသည်။

[10] ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသောသူတို့သည် ပျက်စီးကြရပေမည်။

[11] အကြင် သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

[12] စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်သူ၊ အလွန် ပြစ်မှုထင်ရှားသော သူသည်သာလျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိ၏။

[13] ၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားသောအခါ "ဤသည် ရှေးလူဟောင်းတို့၏ပုံပြင်များသာ ဖြစ်ကြသည်"ဟု ၎င်းက ပြောဆိုလေ့ရှိ၏။

[14] အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည် ၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။

[15] အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။

[16] ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။

[17] ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။

[18] အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။

[19] သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။

[20] (ယင်း "အစ်လ်လီယီန်" ကား) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်ပင်။

[21] ယင်း မှတ်တမ်းစာအုပ်ကို အပါးတော်၌ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြပေမည်။

[22] ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရသုခ၌ ရှိကြပေမည်။

[23] ၎င်းတို့သည် သလွန်များထက်ဝယ် စံမြန်းကာ ရှုစားကြလျက် ရှိကြပေမည်။

[24] အသင်သည် ၎င်းတို့၏ မျက်နှာများတွင် ငြိမ်းချမ်းမှု၏စိုပြည်ခြင်းကို (မြင်သောအခါ) ခွဲခြား၍ သိနိုင်ပေမည်။

[25] ၎င်းတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင်သန့်ရှင်းသော) အရက်အစစ် တိုက်ကျွေးခြင်းကို ခံကြရပေမည်။

[26] ထိုအရက်၏တံဆိပ်မှာ ကတိုးဖြစ်၏။ စင်စစ်သော်ကား ပြိင်ဆိုင်သူတို့သည် (လိုလားသူတို့) ဤသည်ကိုပင် အပြိင်အဆိုင် ရယူထိုက်ကြပေသည်။(လိုလားအပ်ကြပေသည်)။

[27] ယင်းအရက်၏ ရောစပ်ရာမှာ "တတ်စ်နီမ်"မှဖြစ်၏။

[28] (ယင်း"တတ်စ်နီမ်"မှာ) စမ်းတစ်ခုပင် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်း"တတ်စ်နီမ်"မှပင် သောက်သုံး ကြကုန်သတည်း။

[29] ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။

[30] ၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။

[31] ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။

[32] ထိုမှတစ်ပါး ၎င်းတို့သည် ထိုသက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ "ဧကန်မလွဲ ဤသူ တို့သည်အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်"ဟု ပြောဆိုကြကုန်၏။

[33] စင်စစ်သော်ကား ၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။

[34] သို့ဖြစ်ပေရာ ယနေ့သော်ကား "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့သည် "ကာဖိရ်" သွေဖည် ငြင်းပယ်သောသူတို့အပေါ်ဝယ် ရယ်ကြပေမည်။

[35] ထိုသက်ဝင်ယုံကြည်သူတို့မှာ သလွန်များ ထက်ဝယ် စံမြန်းလျက်ကြည့်ရှုကြပေမည်။

[36] ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့ပြုလုပ်လေ့ရှိခဲ့ကြသော အပြုအမူတို့၏အကျိုး ပေးဆပ်ခြင်းကို ခံကြရပြီမဟုတ်လော။

ကွဲအက်ခြင်း

Surah 84

[1] အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားပေမည်။

[2] ၎င်းပြင် ထိုမိုးကောင်းကင်သည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံပေမည်။စင်စစ် ယင်းမိုးကောင်းကင်သည် (ယင်းသို့ နာခံရန်သာ)ထိုက်တန်ပေသည်။

[3] ထို့ပြင် အကြင်အခါဝယ် ပထဝီမြေသည် ဆွဲဖြန့်ခြင်းကို ခံရပေမည်။

[4] ၎င်းပြင် ယင်းပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာဝတ္ထုများကို (အပြင်သို့ အန်)ထုတ်ပြီးလျှင် ဗလာချည်း ဖြစ်သွားပေမည်။

[5] ထို့ပြင် ယင်းပထဝီမြေသည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံစေမည်။ စင်စစ် ယင်းပထဝီမြေသည် ယင်းသို့ နာခံရန်သာ ထိုက်တန်ပေသည်။

[6] အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။

[7] မည်သို့ပင်ဖြစ်စေ ထိုအခါ မိမိမှတ်တမ်းကို မိမိလက်ယာဘက်လက်ထဲ၌ ပေးခြင်းကို ခံရသောသူသည်

[8] ထိုသူသည် လွယ်ကူသော စစ်ဆေးမှုကို စစ်ဆေးခြင်း ခံရပေမည်။

[9] ၎င်းပြင် ထိုသူသည် မိမိ အိမ်သူအိမ်သား အပေါင်းအဖော်တို့ထံမှ ဝမ်းမြောက်စွာ ပြန်လာပေမည်။

[10] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ မိမိမှတ်တမ်းကို မိမိနောက်ကျောဘက်မှပေးခြင်းကို ခံရသောသူသည်

[11] အမှန်ပင် ထိုသူသည် သေခြင်းတရားကို ဟစ်ခေါ်ပေမည်။

[12] ၎င်းပြင် ထိုသူသည် (ဂျဟန္နမ်ငရဲ၏)မီးတောက်မီးလျှံထဲသို့ ဝင်ရပေမည်။

[13] ဧကန်စင်စစ် ထိုသူသည် မိမိအိမ်သူအိမ်သား အပေါင်းအဖော်တို့၌ ပျော်ရွှင်စွာရှိခဲ့ပေသည်။

[14] ဧကန်စင်စစ် ၎င်းသည် (မိမိအရှင်မြတ်အထံတော်သို့)အလျင်းပြန်သွားရမည် မဟုတ်ဟု ထင်မှတ်ခဲ့ပေသည်။

[15] အဘယ်မှာလျှင် မဟုတ်ပါသနည်း၊ ဧကန်မလွဲ ၎င်း၏အရှင်မြတ်သည် ၎င်းအား ကောင်းစွာ ရှုမြင်လျက်ပင် ရှိတော်မူပေသတည်း။

[16] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေဝင်ဆည်းဆာ (နေဝင်ပြီးနောက်ကျန်ရှိသော) ရောင်နီကို သက်သေထူတော်မူ၏။

[17] ထို့ပြင်(ငါအရှင်မြတ်)သည် ညဉ့်ကိုလည်းကောင်း၊ ထိုညဉ့်က ဖုံးလွှမ်းသောအရာများကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။

[18] ၎င်းပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုလစန္ဒာသည် ပြည့်ဝန်းလေသည်။

[19] အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရပေမည်။

[20] သို့ပါလျက် ၎င်းတို့သည် မည်သည့်အကြောင်းကြောင့် မယုံကြည်ကြပါသနည်း။

[21] ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။

[22] ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။

[23] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

[24] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား ပြင်းပြနာကျင်ဖွယ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

[25] သို့ရာတွင် "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့မှာမူကား အဆုံးမရှိသော အကျိုးကျေးဇူးသည် ရှိပေသတည်း။

ကြယ်စုများ

Surah 85

[1] (ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။

[2] ၎င်းပြင် ချိန်းချက်ပြီးဖြစ်သောနေ့ကို သက်သေထူတော်မူ၏။

[3] ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[4] ကျင်းရှင်(တွင်းရှင်) ကျုံးတို့သည် ပျက်စီးခဲ့ကြရလေသည်။

[5] ထင်းများစွာ (လောင်စာများစွာ)ရှိသော မီးရှင်တို့သည်။

[6] အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။

[7] ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။

[8] စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။

[9] မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။

[10] ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။

[11] ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

[12] မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။

[13] ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။

[14] ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။

[15] အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။

[16] မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[17] (အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။

[18] ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။

[19] ထိုမျှမကသေးပေ၊ စင်စစ်မှာကား ကာဖိရ် သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် (ကုရ်အာန်ကျမ်းမြတ်ကိုပင်) မဟုတ်မမှန်ဟူ၍ ပြောဆိုငြင်းပယ်လျက် ရှိကြသေး၏။

[20] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလျက် ရှိတော်မူ၏။

[21] ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ဤသည် အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

[22] လုံခြုံစွာ ထိန်းသိမ်း၍ထားသည့် သင်ပုန်း၌ရေးမှတ်ပြီးဖြစ်သော။

နံနက်ကြယ်

Surah 86

[1] (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] စင်စစ် ညဉ့်အချိန်၌လာသောအရာကား မည်သည့်အရာနည်းဟု အသင် သိပါသလော။

[3] ယင်းသည် (ထွင်းဖောက်)လင်းဝင်းတောက်ပသော ကြယ်တာရာပင်။

[4] လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။

[5] သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။

[6] ထိုလူသားသည် ပန်း၍ထွက်သောအရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။

[7] ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။

[8] ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။

[10] ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။

[11] (ငါအရှင်မြတ်သည်) မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[12] ၎င်းပြင် (ငါအရှင်မြတ်သည်) (သီးနှံထွက်ချိန်တွင်) အက်ကွဲသောပထဝီမြေကို သက်သေထူတော်မူ၏။

[13] ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အပြီးအပြတ်စကားပင် ဖြစ်ပေသည်။ (တိကျ ပြတ်သားသော အဆုံးအဖြတ်ပင် ဖြစ်ပေသည်။)

[14] ၎င်းပြင် ထိုစကားသည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် ကရော်ကမည် ပြောဆိုသောစကား မဟုတ်ပြီ။

[15] ဧကန်စင်စစ် ထို("ကာဖိရ်"သွေဖည်ငြင်းပယ်သော)သူတို့သည် အကြံအစည် အမျိုးမျိုးကို ကြံစည်လျက် ရှိကြကုန်၏။

[16] ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျက် ရှိတော်မူ၏။

[17] သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား ရွှေ့ဆိုင်းခွင့်ပေးပါလေ။ အသင်သည် ၎င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။ (ခေတ္တ လန်စမ်းထားပါလေ။)

အမြင့်မြတ်ဆုံးအရှင်

Surah 87

[1] (အို-နဗီတမန်တော်) အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ အရှင်မြတ်၏နာမံတော် (သန့်ရှင်းစင်ကြယ်ကြောင်း)ကို ချီးမွမ်းမြွက်ဆိုပါလေ။

[2] အကြင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို)ဖန်ဆင်းတော်မူပြီးနောက် နေထားတကျဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။

[3] ၎င်းပြင် ထိုအရှင်မြတ်သည် တင်ရင်စီမံတော်မူပြီးနောက် လမ်းညွှန်တော်မူခဲ့၏။

[4] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြက်သစ်ပင်(ကောက်ပဲသီးနှံ)ကို ပေါက်ရောက်စေတော်မူခဲ့၏။

[5] ထို့နောက် ထိုအရှင်မြတ်သည် ယင်းမြက်သစ်ပင်များကို (ဆွေးမြေ့)မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုး၊ ဖြစ်စေတော်မူခဲ့၏။

[6] (အို-နဗီတမန်တော်၊)မုချဧကန် ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်စေတော်မူမည်၊ သို့ဖြစ်လျှင် အသင်သည် မေ့လျော့မည် မဟုတ်တော့ပြီ။

[7] အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာ မှတပါး အခြားကို၊ ဧကန်မလွဲ ထိုအရှင်မြတ်သည် ထင်ရှားသိသာသော အရာကိုလည်းကောင်း၊ ဖုံးကွယ်လျက်ရှိသော အရာကိုလည်းကောင်း၊ သိရှိတော်မူ၏။

[8] ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုသို့ ပို့ပေးတော်မူပေမည်။ (ငါအရှင်မြတ်သည် အသင့်အား လွယ်ကူသော ရှရီအတ်ကို (လိုက်နာကျင့်သုံးရန်) လွယ်ကူစေတော်မူမည်)။

[9] သို့ဖြစ်ပေရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်စေလျှင် အသင်သည် ဆုံးမပါလေ။

[10] (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့သောသူသည် အမှန်ပင် တရားရပေလိမ့်မည်။

[11] သို့ရာတွင် အလွန် အကြောင်းမလှသောသူမှာမူကား ယင်းဆုံးမဩဝါဒမှ သွေဖည်၍ နေပေလိမ့်မည်။

[12] အကြင် အကြောင်းမလှသောသူသည် အလွန်ကြီးကျယ်သော မီးထဲသို့ ဝင်ရောက်ရပေမည်။

[13] ထို့နောက် ထိုသူသည် ယင်းမီးထဲ၌ သေဆုံးသွားမည်လည်းမဟုတ်ပေ၊ အသက်ရှင်၍နေမည်လည်း မဟုတ်ပေတကား။

[14] ဧကန်မလွဲ အကြင်သူသည် အောင်မြင်ခဲ့လေပြီ၊ ထိုသူသည် "အီမာန်" သက်ဝင်ယုံကြည်ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းခဲ့၏။

[15] ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို အောက်မေ့ တသပြီးနောက် "ဆွလာတ်" ဝတ်ပြုခဲ့၏။

[16] ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား အသင်တို့သည် လောကီဘဝကိုပင် ဦးစားပေးနေကြကုန်၏။

[17] အမှန်သော်ကား တမလွန်ဘဝသည် ပိုမို၍ ကောင်းမြတ်သည့်ပြင် ပိုမို၍ပင် တည်မြဲပေသည်။

[18] ဧကန်စင်စစ် ဤသည် ရှေးဟောင်းကျမ်းများ၌လည်း လာရှိခဲ့ပေပြီ။

[19] (နဗီတမန်တော်)အိဗ်ရာဟီမ်၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌လည်းကောင်း၊ (နဗီတမန်တော်)မူစာ၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌ လည်းကောင်း။

လွှမ်းမိုးသောအရာ

Surah 88

[1] (အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။

[2] ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။

[3] ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။

[4] ၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။

[5] ၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။

[6] ၎င်းတို့အဖို့ "ဿွာရီအ်" မည်သော ဆူးပင်မှတစ်ပါး အခြားအဟာရဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။

[7] ထိုဆူးပင်မှာ (၎င်းတို့အား)ဝဖြိုးစေမည်လည်းမဟုတ်ပေ။ ဆာလောင် မွတ်သိပ်ခြင်းမှ အဆာပြေ ရောင့်ရဲစေမည်လည်း မဟုတ်ပေတကား။

[8] များစွာသော(သူတို့၏) မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြည်ရွှင်လန်းလျက်ပင် ရှိကြပေမည်။

[9] (၎င်းတို့သည်) မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်သက်ကျေနပ်လျက်ရှိကြပေမည်။

[10] မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌ ရှိကြပေမည်။

[11] ၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားကို ကြားကြမည် မဟုတ်ပေ။

[12] ယင်းဂျန္နတ်သုခဘုံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။

[13] ယင်း ဂျန္နတ်သုခဘုံ၌ မြင့်စွင့်သော သလွန် များရှိကြပေသည်။

[14] ၎င်းပြင် သောက်ရေဖလားများသည်လည်း စီထားလျက် ရှိကြပေသည်။

[15] ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ခင်းကျင်းထားလျက် ရှိကြပေသည်။

[16] ထိုမှတစ်ပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။

[17] အသို့ပါနည်း ကုလားအုတ်များသည် အဘယ်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ၎င်းတို့သည် ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

[18] ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်စွင့်စေခြင်းကို ခံခဲ့ရသည်ကိုလည်းကောင်း။

[19] ထို့အတူ တောင်များသည် အဘယ်ကဲ့သို့ စိုက်ထူခြင်းကို ခံခဲ့ကြရသည်ကိုလည်းကောင်း။

[20] ထိုမှတစ်ပါး ပထဝီမြေသည် အဘယ်ကဲ့သို့ ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ (ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော)။

[21] သို့ဖြစ်ပေရာ အသင်သည် ဆုံးမလျက် ရှိပါလေ။ အသင်သည် ဆုံးမသူတစ်ဦးမျှသာ ဖြစ်ပေသည်။

[22] အသင်သည် ၎င်းတို့အပေါ်၌ စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။

[23] သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်လည်းကောင်း။

[24] အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်ပေသည်။

[25] ဧကန်မလွဲ ၎င်းတို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည် ဖြစ်ပေသည်။

[26] ထို့နောက် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။

အရုဏ်

Surah 89

[1] (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။

[2] ၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညဉ့်ကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[4] ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် သွားလေ၏။

[5] ဤသည်တို့၌ ဉာဏ်အမြော်အမြင် ပြည့်စုံသောသူ၏အဖို့ ခိုင်မာလုံလောက်သော ကျိန်ဆိုချက် ရှိသည်မဟုတ်လော။

[6] (အို-နဗီတမန်တော်)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် "အာဒ်"အမျိုးသားတို့အား မည်သို့ပြုလုပ်တော်မူခဲ့သည်ကို အသင်သိမြင်ခဲ့ပြီ မဟုတ်လော။

[7] အရပ်အမောင်းထွားကျိုင်းသော၊ တိုင်ရှည်ကြီးများ၏ပိုင်ရှင်ဖြစ်ကြသော "အိရမ်"(၏အဆက်အနွယ်)အား။

[8] (ကမ္ဘာပေါ်ရှိ) မြို့ရွာများတို့တွင် (မည်သူမျှ ပင်)၎င်းတို့ကဲ့သို့ ဖန်ဆင်းခြင်းခံခဲ့ရသည် မဟုတ်ပေ။

[9] ဝါဒစ်လ်ကုရာ" အရပ်၌ ကျောက်ဆောင်များကို ထွင်းခဲ့ကြသော "ဆမူဒ်" အမျိုးသားတို့အား (မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။

[10] ငုတ်များ၏ပိုင်ရှင်ဖြစ်သော ‘ဖစ်ရ်အောင်န်’အား(မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။

[11] အကြင်သူတို့သည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြကုန်၏။

[12] ထို့နောက် ၎င်းတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာပျက်စီးကြောင်းကို များစွာ ပြုလုပ်ခဲ့ကြကုန်၏။

[13] သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြစ်ဒဏ်၏ကျာပွတ်၊ ပြစ်ဒဏ်တစ်မျိုးကို သွန်းချတော်မူခဲ့၏။

[14] ဧကန်မလွဲ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် တပ်ပုန်းချထားရာအရပ်၌ ချောင်းမြောင်းလျက် စောင့်ကြည့်လျက် ရှိတော်မူပေသည်။

[15] သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။

[16] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ၎င်းအား (တစ်နည်း) စမ်းသပ်တော်မူပြန်သောအခါ ၎င်း၏အပေါ်၌ ၎င်း၏စားနပ်ရိက္ခာကို ကျပ်တည်းစေတော်မူ၏။ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေဖျက်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိပေသည်။

[17] အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။

[18] ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။

[19] ၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။

[20] ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။

[21] အလျှင်းမဟုတ် (စင်စစ်မှာကား) ပထဝီမြေသည် ထုထောင်းလျက် တစ်ပြေးတည်းညီအောင် ပြုလုပ်ခြင်းကိုခံရသောအခါ၊ (တစ်နည်း) ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံရသောအခါ၊

[22] ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကြွလာတော်မူသောအခါ၊ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် စီတန်းလျက် (လာကြသောအခါ။)

[23] ၎င်းပြင် ထိုနေ့တွင် "ဂျဟန္နမ်" ငရဲသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းကို ခံရသောအခါ၊ ထိုနေ့တွင် လူသားသည် အသိတရား ရလာပေမည်။ သို့ရာတွင် (ထိုအခါ) သတိတရားရခြင်းသည် အဘယ်မှာလျှင် ၎င်း၌ အကျိုးရှိစေတော့မည်နည်း။

[24] (ထိုအခါ)လူသားသည် (ဤသို့)ပြောဆို(ညည်းညူ)ပေလိမ့်မည်။ ဪ-ငါသည် (အာခိရတ် တမလွန်ဘဝ၌) မိမိအသက်ရှင်ရေးအလို့ငှာ (တစ်နည်း) မိမိသက်တမ်း၌ (ကောင်းမှုတစ်စုံတစ်ရာကို) ကြိုတင်၍ ဆည်းပူးခဲ့ပါလျှင် ကောင်းလေစွတကား။

[25] စင်စစ် ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ် စီရင်ခြင်းမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ် စီရင်လိမ့်မည်မဟုတ်ပေ။

[26] ထိုနည်းတူစွာ ထိုအရှင်မြတ်၏ ဖမ်းဆီး ချုပ်နှောင်ခြင်းမျိုးကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှပင် ဖမ်းဆီးချုပ်နှောင်လိမ့်မည် မဟုတ်ပေ။

[27] အို-(သောကကင်း၍) ငြိမ်ဆိမ်သော အသက်ဇီဝိန်။

[28] အသင်သည် မိမိ၏ အရှင်မြတ်အထံတော်သို့ ကျေနပ်လျက် (ထိုအရှင်မြတ်၏)ကျေနပ်မှုကို ခံယူလျက် ပြန်သွားလေလော့။

[29] ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါဝင်လေလော့။

[30] ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ဂျန္နတ်သုခဘုံ၌ ဝင်ရောက်(စံမြန်း)လေလော့။

မြို့

Surah 90

[1] ငါအရှင်မြတ်သည် ဤ(မက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။

[2] စင်စစ် အသင်သည် ဤ(မက္ကဟ်)မြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။

[3] ၎င်းပြင် (ငါအရှင်မြတ်သည်) ဖခင်ကိုလည်းကောင်း၊ ထိုဖခင်က မွေးဖွားသည့်(သားသမီး)ကို လည်းကောင်း၊ သက်သေထူတော်မူ၏။

[4] မုချဧကန် ငါအရှင်မြတ်သည် လူကို(ကြီးကျယ်သော) ပင်ပန်းမှု၌ (ပင်ပန်းသောဘဝ၌) ဖန်ဆင်းတော်မူခဲ့၏။

[5] ထိုလူသည် မိမိအပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် အလျှင်းတတ်စွမ်းနိုင်မည် မဟုတ်ဟု ထင်မှတ်လေသလော။

[6] ၎င်းက ကျွန်ုပ်သည် မြောက်မြားစွာသော ပစ္စည်းဥစ္စာကို သုံးဖြုန်းခဲ့သည်ဟု (ဝါကြွား)ပြောဆိုလေ၏။

[7] ၎င်းသည် မိမိအား မည်သူတစ်ဦးတစ်ယောက်မျှပင် မြင်ခဲ့သည် မဟုတ်ဟူ၍ ထင်မှတ်လေသလော။

[8] ငါအရှင်မြတ်သည် ၎င်းအား မျက်စိနှစ်လုံးကိုပြုလုပ်၍ ပေးသနားတော်မူခဲ့သည် မဟုတ်ပါလော။

[9] ထို့ပြင် လျှာတစ်ခုကိုလည်းကောင်း၊ နှုတ်ခမ်းနှစ်ခုကိုလည်းကောင်း၊ (ပြုလုပ်ပေးသနားတော်မမူခဲ့ ပါသလော)။

[10] ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား (အကောင်းအဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသတည်း။

[11] သို့ပါလျက် ထိုလူသားသည် တောင်ကြား လမ်းကိုဖြတ်ကူးခဲ့သည် မဟုတ်ပေ။

[12] စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင် သိပါသလော။

[13] ကျွန် တစ်ဦးတစ်ယောက်အား (ကျွန်ဘဝမှ)လွတ်မြောက်စေခြင်းပင်။

[14] သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။

[15] ဆွေမျိုးနီးစပ်ဖြစ်သော ဘမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။

[16] မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။

[17] ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အချင်းချင်း တစ်ဦး ကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ ထိုနည်းတူစွာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကရုဏာတရားထားရှိကြရန်လည်း လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။

[18] ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။

[19] သို့ရာတွင် အကြင်သူတို့သည် ငါအရှင်မြတ်၏အာယတ်တော်များကို သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား လက်ဝဲဘက်သားများပင် ဖြစ်ကြကုန်၏။

[20] ၎င်းတို့အပေါ်၌ ပိတ်လှောင်ထားသော ဖုံးအုပ်ထားသော မီးသည် လွှမ်းခြုံလျက်ပင် ရှိချေအံ့သတည်း။

နေ

Surah 91

[1] (ငါ အရှင်မြတ်သည်) နေကိုလည်းကောင်း၊ ထိုနေ၏အလင်းရောင်၊ အလင်းရောင်တက်ချိန်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုလစန္ဒာသည် ယင်းနေ၏နောက်မှလိုက်၏။

[3] ၎င်းပြင် (ငါအရှင်မြတ်သည်)နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် ယင်းနေကို လင်းဝင်းစေ၏။

[4] ထို့ပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက် သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် ယင်းနေကို ဖုံးလွှမ်းလေ၏။

[5] ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်ကို ပြုလုပ်ဖန်ဆင်း တော်မူသောအရှင်ကိုလည်းကောင်း၊ သက်သေ ထူတော်မူ၏။

[6] ထို့ပြင် (ငါအရှင်မြတ်သည်)ပထဝီမြေကို လည်းကောင်း၊ ထိုပထဝီမြေကို ဖြန့်ခင်းတော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[7] ထိုမှတစ်ပါး အသက်ဇီဝိန်ကိုလည်းကောင်း၊ ထိုအသက်ဇီဝိန်ကို စုံလင်အောင် ပြုလုပ်တော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[8] တဖန် ထိုအရှင်မြတ်သည် ထိုအသက်ဇီဝိန်တွင်းဝယ် ထိုအသက်ဇီဝိန်၏ ပြစ်မှုဒုစရိုက်(၏အသိ) ကိုလည်းကောင်း၊ ကောင်းမှုသုစရိုက်(၏အသိ)ကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။

[9] စင်စစ်ဧကန် ထိုအသက်ဇီဝိန်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။

[10] သို့ရာတွင် ထိုအသက်ဇီဝိန်ကို(ဒုစရိုက်မှုများတွင်) နစ်မြုပ်စေခဲ့သော သူသည် ပျက်စီးဆုံးရှုံးခဲ့ ချေပြီတကား။

[11] ဆမူဒ်" အမျိုးသားတို့သည် မိမိတို့၏ ဆိုးသွမ်းမှုကြောင့် (နဗီတမန်တော် ဆွာလစ်ဟ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။

[12] အကြင်အခါဝယ် ၎င်းတို့အနက်မှ အယုတ်မာဆုံးသောသူသည် အရှိန်နှင့်ထွက်ပေါ်လာခဲ့၏။

[13] ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။

[14] သို့ရာတွင် ထို "ဆမူဒ်" အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏) ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ပြီးနောက် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ ၎င်းတို့၏ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးနှင့် သက်ဆိုင်စေတော်မူခဲ့၏။ (အားလုံးအပေါ်သို့ ပျံ့နှံ့သက်ရောက်စေတော်မူခဲ့လေသည်)။

[15] စင်စစ် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်၏နောက်ဆက်(ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု၊ ဒဏ်ပြန်မှု)ကို အလျင်းစိုးရိမ်တော်မူသည် မဟုတ်ပေတကား။

Surah 92

[1] (ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

[2] ၎င်းပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။

[3] ထို့ပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ကို သက်သေထူတော်မူ၏။

[4] ဧကန်စင်စစ် အသင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။

[5] သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၎င်းပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့လေ၏။

[6] ထိုမှတစ်ပါး ထိုလူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။

[7] သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူသည်။

[8] သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။

[9] ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။

[10] သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။

[11] ၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။

[12] ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။

[13] ထို့ပြင် ဧကန်မလွဲ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက် လောကကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။

[14] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်တို့အား ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ)မီးနှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။

[15] ထို(ငရဲ)မီးထဲသို့ အလွန်အကြောင်းမလှသောသူ၊ ယုတ်မာသောသူသာလျှင် လားရမည်ဖြစ်၏။

[16] အကြင်(အကြောင်းမလှသော)သူသည် (နဗီတမန်တော်မြတ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကာ(အီမာန်သက်ဝင် ယုံကြည်ခြင်းမှလည်း) မျက်နှာလွှဲခဲ့၏။

[17] သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ ခန့်ညားသောသူမှာမူကား ထို(ငရဲ) မီးမှကင်းဝေးစေခြင်း ကိုခံရပေမည်။

[18] အကြင် (ကြောက်ရွံ့ရိုသေခန့်ညားသော)သူသည် မိမိ သန့်ရှင်းစင်ကြယ်အံ့သောငှာ မိမိ ဥစ္စာပစ္စည်းကိုပေးကမ်းလှူဒါန်း၏။

[19] ၎င်း၏အပေါ်၌ ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်၏ ကျေးဇူးတစ်စုံတစ်ရာမျှပင် မရှိပေ။

[20] မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရယူရန် (ပေးကမ်း လှူဒါန်းခြင်း)သာဖြစ်၏။

[21] စင်စစ် ထိုသူသည် မကြာမြင့်မီ အမှန်ပင် ကျေနပ်သွားမည် ဖြစ်သတည်း။

နံနက်ခင်းအချိန်နာရီများ

Surah 93

[1] (ငါအရှင်မြတ်သည်) နေတက်ချိန် (နေ၏အလင်းရောင်)ကို သက်သေထူတော်မူ၏။

[2] ၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

[3] အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အသင့်ကို စွန့်ပစ်၍ထားတော်မူသည် လည်းမဟုတ်၊(အသင့်အား) မုန်းတီးတော်မူသည်လည်း မဟုတ်ပေ။

[4] စင်စစ်သော်ကား အသင့်အဖို့ တမလွန်ဘဝသည် မျက်မှောက်လောကီဘဝထက် သာလွန် ကောင်းမြတ်လှ၏။

[5] ၎င်းပြင် မကြာမြင့်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင် နှစ်သိမ့် ကျေနပ်လောက်အောင် အမှန်ပင် ချီးမြှင့်ပေးသနား တော်မူပေမည်။

[6] ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူခဲ့၍ ခိုကိုးရာပေးတော်မူခဲ့သည် မဟုတ်လော။

[7] ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းမပေါက်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ လမ်းညွှန်တော်မူခဲ့၏။

[8] ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ် တွေ့ရှိတော်မူခဲ့ရာ ဥစ္စာပစ္စည်းကြွယ်ဝ စေတော်မူခဲ့၏။

[9] သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိဘမဲ့ကလေးသူငယ်အား ဖိနှိပ်(ကြိမ်းမောင်း) ခြင်းကို မပြုပါလေနှင့်။

[10] ထိုနည်းတူစွာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် သူတောင်းစားအား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုပါလေနှင့်။

[11] ထိုမှတစ်ပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို ထုတ်ဖေါ်ပြောကြား၍ နေပါလေ။

သက်သာရာရခြင်း

Surah 94

[1] (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။

[2] ၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် (မဟုတ်လော)။

[3] ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။

[4] ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။

[5] သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

[6] ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန်(ဒွန်တွဲလျက်ပင်) ရှိ၏။

[7] သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ(ဝတ်ပြုမှု၌) ကြိုးပမ်းအားထုတ်ပါလေ။

[8] ၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။

သင်္ဘောသဖန်းသီး

Surah 95

[1] (ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။

[3] ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။

[4] ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။

[5] ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။

[6] သို့ရာတွင် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့မှာကား မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။

[7] သို့ပါလျက် (ဤသည်တို့ကိုသိရှိပြီး)နောက်တွင် အစားပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သည့်အရာက လှုံ့ဆော်သနည်း။

[8] အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် မဟုတ်လော။

သွေးခဲ

Surah 96

[1] (အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

[2] ထိုအရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏။

[3] (အို-နဗီတမန်တော်) အသင်သည် ဖတ်ပါ လေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[4] အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

[5] ထိုအရှင်မြတ်သည် လူသားတို့အား ၎င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း။

[6] မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။

[7] ၎င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။

[8] ဧကန်မလွဲ(အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်အထံတော်သို့သာလျှင် ဖြစ်သည်။

[9] (အို-နဗီတမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။

[10] (အလ္လာဟ်အရှင်မြတ်၏) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာတ်ဝတ်ပြုသောအခါဝယ်။

[11] (အို-နဗီတမန်တော်) အသင်သည် (ထိုလူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် တရားလမ်းမှန်ပေါ်၌ရှိခဲ့မူ။

[12] သို့တည်းမဟုတ် ၎င်းသည် (ပြစ်မှုများမှ) ကြဉ်ရှောင်ရန် အမိန့်ပေးခဲ့မူ (မကောင်းပါလော)။

[13] (အို-နဗီတမန်တော်) အသင်သည်(ထိုသူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ပြီးနောက် (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) မျက်နှာလွှဲဖယ်ခဲ့သော် (မည်သူအကျိုးယုတ်အံ့နည်း)။

[14] အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။

[15] မှတ်ယူလော့၊ အကယ်၍ ထိုသူသည် (မိမိ အပြုအမူကို) မရပ်စဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်း၏) ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။

[16] (ထိုဦးစွန်းကား) မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော ဦးစွန်းပင်။

[17] သို့ဖြစ်ပေရာ ၎င်းသည် မိမိ၏အခြွေအရံများကို ခေါ်ယူစေ။

[18] ယခုပင် ငါအရှင်မြတ်သည်လည်း ငရဲစောင့် ကောင်းကင်တမန်တို့ကို ခေါ်ယူတော်မူမည်။

[19] အလျှင်းမဟုတ်၊ (အို-နဗီတမန်တော်) အသင်သည် ၎င်း၏စကားကို မလိုက်နာလေနှင့်၊ ထို့ပြင် အသင်သည်(အလ္လာဟ်အရှင်မြတ်အား) "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ၎င်းပြင် အသင်သည် (ဝတ်ပြုခြင်းအားဖြင့် ထိုအရှင်မြတ်အပါးတော်သို့) ချဉ်းကပ်ပါလေ။

တန်ခိုး

Surah 97

[1] ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်၌ ချပေးသနားတော်မူခဲ့၏။

[2] စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်သည် အဘယ်နည်းဟု အသင် သိပါသလော။

[3] လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သော ညဉ့်ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏၊

[4] ထိုညဉ့်၌ ကောင်းကင်တမန်များသည်လည်းကောင်း၊ ဂျစ်ဗ်ရိလ်သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။

[5] ထိုညဉ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသောညပင် ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။

ထင်ရှားသောသက်သေ

Surah 98

[1] ရှေးအထက်ကျမ်းဂန်ကို ရရှိခဲ့ကြသောသူတို့ အနက်မှလည်းကောင်း၊ မွရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြသူတို့ အနက်မှလည်းကောင်း၊ သွေဖည် ငြင်းပယ်သောသူတို့မှာမူကား၊ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက ရောက်ရှိလာခြင်း မရှိသမျှကာလပတ်လုံး (မိမိတို့၏ မမှန်ကန်သောအယူဝါဒမှ) စွန့်ခွာကြမည့်သူများ မဟုတ်ခဲ့ကြပေ။

[2] (ထိုထင်ရှားစွာသော သက်သေသာဓကမှာ ၎င်းတို့ရှေ့ဝယ်) သန့်ရှင်းသော ကျမ်းစာများကို ဖတ်ကြားအံ့သော အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်တစ်ပါးပင်။

[3] ယင်းကျမ်းစာများမှာ မှန်ကန်သောအကြောင်းအရာများ ရေးသားပါရှိသောကျမ်းစာများပင်ဖြစ်သည်။

[4] သို့ရာတွင် ရှေးအထက်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့မှာ ၎င်းတို့ထံ ထင်ရှားစွာ သက်သေသာဓက ရောက်ရှိလာပြီး နောက်သော်မှပင် (သာသနာတော်နှင့်စပ်လျဉ်း၍) ကွဲလွဲခဲ့ကြကုန်လေသည်။

[5] စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် (မမှန်ကန်သော ဘာသာဝါဒ အသီးသီးတို့ကို နဗီတမန်တော်အီဗ်ရာဟီမ်နည်းတူ စွန့်ကာ အလ္လာဟ်အရှင်မြတ်ဖက်သို့သာလျှင်) အာရုံစူးစိုက်ကြလျက် ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော်ကား ဤသည်သာလျှင် မှန်ကန်သူတို့၏လမ်းစဉ်တည်း။ (မှန်ကန်သောအကြောင်းများ၏ လမ်းစဉ်ပင်၊ တရားပင်၊ သာသနာပင်)။

[6] ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ "မွရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။

[7] အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့မှာမူကား ဧကန်မလွဲ အဖန်ဆင်းခံတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။

[8] ၎င်းတို့၏အကျိုးကား ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ထံတော်၌ ထာဝစဉ် နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။(၎င်းတို့သည်)ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အပေါ်၌ ကျေနပ်တော်မူမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ကြပေမည်။ ဤ(အကျိုးကျေးဇူး)သည်ကား မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့သော(သူတော်စင်)၏အဖို့သာလျှင် ဖြစ်အံ့သတည်း။

မြေငလျင်

Surah 99

[1] ပထဝီမြေသည် မိမိ ငလျင်လှုပ်ခြင်း၊ မိမိ သွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။

[2] ၎င်းပြင် ပထဝီမြေသည် မိမိ(အတွင်းရှိ သေသူများ၊ ရွှေငွေရတနာအစရှိသော) ဝန်ထုပ်များကို အပြင်သို့ ထုတ်သောအခါ။

[3] ထို့ပြင် လူက ဤပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။

[4] ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားများကို ပြောပြပေမည်။

[5] အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းအား (ယင်းသို့ပင်)အမိန့်ထုတ်ပြန်တော်မူခြင်းကြောင့် ဖြစ်အံ့။

[6] ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုး ကွဲလျက် မိမိတို့ကျင့်မူချက်တို့ကို ပြသခြင်း ခံကြရအံ့သောငှာ ပြန်လာကြပေမည်။ (ထွက်ပေါ်လာကြပေမည်)။

[7] သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။

[8] ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။

မြင်းများ

Surah 100

[1] (ငါအရှင်မြတ်သည်) မောဟိုက်သံနှင့်တကွ လျင်မြန်စွာပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။

[2] တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေကြသောမြင်းများကို သက်သေ ထူတော်မူ၏။

[3] တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား)ဝင်ရောက် တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။

[4] တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။

[5] တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလယ်သို့ တရှိန်တည်းထိုးဖောက် ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။

[6] ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။

[7] ထို့ပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။

[8] ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။

[9] (ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။

[10] ၎င်းပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ချက်များသည် ထင်ရှားစေခြင်း ခံရမည်ကိုလည်း ထိုသူ (မသိလေသလော)။

[11] မလွဲဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့နှင့်ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

ဘေးဥပဒ်

Surah 101

[1] ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။

[2] ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။

[3] စင်စစ် ထိုဘေးကြီး ဆိုက်ရောက်ခြင်းဟူသည်(ထိုတီးခေါက်သော အရာဟူသည်) မည်သည့်အရာဖြစ်သည်ကို အသင် သိပါသလော။

[4] အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေမည်။

[5] ထိုမှတစ်ပါး တောင်များသည် ဖတ်ပြီး အရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။

[6] ထိုအခါ အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် အချိန်စီးခဲ့မူ။

[7] ထိုသူသည် စိတ်တိုင်းကျစည်းစိမ်၌ (မွေ့လျော်စွာ)ရှိပေမည်။

[8] သို့ရာတွင် အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် (အချိန်မစီးဘဲ) ပေါ့၍ နေသည်ရှိသော်။

[9] ထိုသူ၏ နေထိုင်ရာဌာနမှာ နက်ရှိုင်းသောငရဲတွင်းပင် ဖြစ်ပေမည်။

[10] စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင် သိပါသလော။

[11] (ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော (ငရဲ)မီးပင် ဖြစ်ချေသတည်း။

လောကစည်းစိမ်၌ပြိုင်ဆိုင်ခြင်း

Surah 102

[1] (ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့်စပ်လျဉ်း၍ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင်ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။

[2] နောက်ဆုံးတွင် အသင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ခဲ့ကြရလေသည်။

[3] သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။

[4] တဖန် သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။

[5] အကယ်၍သာ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော် အလျှင်း (လျစ်လျူရူပေါ့တန်ကြမည်) မဟုတ်ပေ။

[6] မလွဲဧကန် အသင်တို့သည် ဂျဟန္နမ်ငရဲကို တွေ့မြင်ကြပေမည်။

[7] ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်းဂျဟန္နမ်ငရဲကို မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြပေမည်။

[8] ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။

ယိမ်းယိုင်သောနေ့

Surah 103

[1] (ငါအရှင်မြတ်သည်) ခေတ်ကာလ (အဆွရ်အချိန်၊ အဆွရ်ဆွလာတ်)ကို သက်သေထူတော်မူ၏။

[2] ဧကန်စင်စစ် လူသည် အမှန်ပင် ဆုံးရှုံးမှု၌ ရှိ၏။

[3] အကြင်သူတို့မှတပါး ထိုသူတို့သည် (အီမာန်)သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြ ၏။ ထို့ပြင် အချင်းချင်း မှန်ကန်သော (သာသနာပေါ်၌ ကြံ့ခိုင်စွာ)တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။

ကဲ့ရဲ့ရှုတ်ချသူ

Surah 104

[1] နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။

[2] အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။

[3] ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည် အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။

[4] အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။

[5] စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။

[6] မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့်တော်အရ မွှေးထားတော်မူသောမီးပင်)။

[7] အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။

[8] ဧကန်မလွဲ ထိုမီးသည် ၎င်းတို့အပေါ်၌ ပိတ်ဆို့ပြီး ဖြစ်ပေမည်။

[9] ရှည်လျားစွာသော(မီးကျီး)တိုင်များ၌ (တုပ်နှောင်လျက်)။

ဆင်

Surah 105

[1] (အို-နဗီတမန်တော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဆင်ပိုင်ရှင်တို့အား မည်သို့မည်ပုံ ပြုလုပ်တော်မူခဲ့သည်ကို အသင်သည် မသိမမြင် မဆင်ခြင်ခဲ့ပါလေသလော။

[2] ထိုအရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။

[3] ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ငှက်များကို အုပ်စုလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။

[4] ထိုငှက်များသည် ၎င်းတို့အား ရွှံ့စေးဖြင့်ပြုလုပ်ထားသော ကျောက်ခဲများဖြင့် ပစ်ခတ်လျက် ရှိခဲ့ကြကုန်၏။

[5] ၎င်းနောက် ထိုအရှင်မြတ်သည် ၎င်းတို့အား စားထားပြီးဖြစ်သော ကောက်ရိုးဖတ်များကဲ့သို့ ပြုလုပ်တော်မူခဲ့ပေသတည်း။

ကုရိုက်ရ်ှ

Surah 106

[1] ကုရိုက်ရှ်" အမျိုးသားတို့၌ အလေ့အထရှိကြသောကြောင့်။

[2] ထို "ကုရိုက်ရှ်" အမျိုးသားတို့သည် ဆောင်းဥတု၌လည်းကောင်း၊ နွေဥတု၌လည်းကောင်း၊ (မိမိတို့)ခရီးထွက်လေ့ရှိကြသောကြောင့်။

[3] သို့ဖြစ်ပေရာ ၎င်းတို့သည် ဤအိမ်တော်(ကအ်ဗဟ် ကျောင်းတော်)၏အရှင်မြတ်အား ဆည်းကပ် ကိုးကွယ်ကြရာကုန်၏။

[4] အကြင်အရှင်မြတ်သည် ၎င်းတို့အား ဆာလောင် မွတ်သိပ်သောအခါ၌ (တစ်နည်း) ဆာလောင်မွတ်သိပ်ခြင်းမှ ကင်းလွတ်ရန် အာဟာရ ကျွေးမွေး တော်မူခဲ့၏။ ထိုမှတပါး ၎င်းတို့အား စိုးရိမ်သောအခါ၌ (တစ်နည်း) စိုးရိမ်မှု ဘေးရန်ကင်းငြိမ်းစေတော် မူခဲ့ပေသတည်း။

အနည်းငယ်သောကျေးဇူးပြုခြင်း

Surah 107

[1] အသင်သည် အစားပေးခြင်း(၏နေ့)ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေ သလော။

[2] ထိုသူပင် ဘမဲ့ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။

[3] ၎င်းပြင် ထိုသူသည် သူဆင်းရဲတို့အား အစားအစာကျွေးမွေးရန် တိုက်တွန်း နှိုးဆော်ခြင်းလည်း မပြုပေ။

[4] သို့ဖြစ်ပေရာ (အကြင်သို့သော) ဆွလာတ်ဝတ်ပြုသူတို့၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။

[5] ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာတ် ဝတ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။

[6] အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် (မိမိ တို့၏ဆွလာတ်ဝတ်ပြုမှုစသော ကောင်းမှုများကို) ပြစားကြကုန်၏။

[7] ထိုမှတပါး ၎င်းတို့သည် အသေးအဖွဲ အသုံးအဆောင် ပစ္စည်းများကိုပင် (သူတစ်ပါးတို့အား ငှားရမ်းခြင်းမပြုရန်) ပိတ်ပင် တားမြစ်ကြကုန် သတည်း။

ပေါများခြင်း

Surah 108

[1] (အို-နဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား များပြားလှစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

[2] သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ရည်သန်၍ ဆွလာတ်ဝတ်ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် (ထိုအရှင်မြတ်အား ရည်သန်၍ သားကောင်ကို) ကုရ်ဗာနီပြုပါလေ။

[3] ဧကန်မလွဲ အသင်၏ရန်သူသည်သာလျှင် အညွန့်တုံးသူ ဖြစ်ချေသတည်း။

ငြင်းပယ်သူများ

Surah 109

[1] (အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အို-"ကာဖိရ်" ငြင်းပယ်သူအပေါင်းတို့။

[2] ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည် မဟုတ်ပေ။

[3] ၎င်းပြင် အသင်တို့သည်လည်း ငါ ကိုးကွယ်လျက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြသူများ မဟုတ်ပေ။

[4] ထို့ပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူ မဟုတ်ပေ။

[5] ထိုနည်းတူစွာ အသင်တို့သည်လည်း ငါ ကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

[6] (စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။

အကူအညီ

Surah 110

[1] (အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်၏ အကူအညီသည်လည်းကောင်း၊ အောင်နိုင်မှုသည်လည်းကောင်း၊ ရောက်ရှိခဲ့သောအခါ။

[2] ၎င်းပြင် အသင်သည် လူတို့အား အလ္လာဟ်အရှင်မြတ်၏ "ဒီန်" သာသနာတော်၌ အသင်းလိုက် အဖွဲ့လိုက် ဝင်ရောက်လျက် ရှိကြသည်ကို တွေ့မြင် သောအခါ။

[3] (ထိုအခါ) အသင်သည် မိမိအား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းအားဖြင့် (ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်း တော်မူကြောင်းမြွက်ဆိုပါလေ။ ထိုမှတပါး အသင်သည် ထိုအရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။ ဧကန်မလွဲ ထို အရှင်မြတ်သည် ဝန်ချ တောင်းပန်မှုကို အလွန်တရာ လက်ခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

မီးလျှံ

Surah 111

[1] အဗူလဟဗ်၏ လက်နှစ်ဖက်သည် ကျိုးပဲ့ပျက်စီးစေသား။ ထို့ပြင် ၎င်းကိုယ်တိုင်လည်း ပျက်စီးစေသား။

[2] ၎င်း၏ ပစ္စည်းဥစ္စာသည်လည်း ၎င်း၏အဖို့ အသုံးဝင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းရှာဖွေ ဆည်းပူးခဲ့သော (အမြတ်အစွန်း၊ သားသမီး)သည်လည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။

[3] မကြာမြင့်မီပင် ၎င်း ကိုယ်တိုင်လည်း ဟုန်းဟုန်းတောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။

[4] မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက် (တစ်နည်း) ဆူးခက်ကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း ဆူးခက်ကိုထမ်းရွက်လျက် (တစ်နည်း) ၎င်း၏ကုန်းချောသူ ဇနီးသည်လည်း။

[5] ထိုဇနီးဖြစ်သူသည် လည်ကုပ်၌ စွန်ပလွံလျှော်ကို ကောင်းစွာကျစ်ထားသော ကြိုးတစ်ချောင်းလည်း ရှိချေအံ့သတည်း။

စစ်မှန်ခြင်း

Surah 112

[1] (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။ (တစ်နည်း) (အို-နဗီတမန်တော်) အသင်သည် ဤသို့ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။

[2] အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရ တော်မူသည်မဟုတ်ပေ။

[4] ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

အရုဏ်

Surah 113

[1] (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ၊ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင် မြတ်အားဖြင့် အကာအကွယ်ယူပါ၏။

[2] ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော (ခပ်သိမ်းကုန်သော)အဖန်ဆင်းခံတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

[3] အမှောင်အတိ ဖြစ်လာသောအခါ (ဖြစ်တတ်သော) ယင်းအမှောင်၏ ဘေးအန္တရာယ်များမှလည်း ကောင်း။

[4] အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောမိန်းမတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

[5] မနာလို ငြူစူသောသူသည် မနာလိုငြူစူသောအခါ (ဖြစ်တတ်သော) ဘေးအန္တရာယ်များမှလည်းကောင်း။

လူသားမျိုးနွယ်

Surah 114

[1] (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ ကျွန်တော်မျိုးသည် အကာအကွယ်ယူပါ၏။ လူခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အားဖြင့်။

[2] လူခပ်သိမ်းတို့၏ ဘုရင်မင်းမြတ်ဖြစ်တော်မူသော (အရှင်မြတ်အားဖြင့်)။

[3] လူခပ်သိမ်းတို့၏ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်တော်မူသော(အရှင်မြတ်အားဖြင့်)။

[4] မကောင်းသော အကြံအစည်များကို ထည့်သွင်းတတ်သော၊ နောက်ဆုတ်သော၊ (ရှိုင်တွာန်မိစ္ဆာကောင်)၏ ဘေးအန္တရာယ်မှ)။

[5] အကြင်(ရှိုင်တွာန်မိစ္ဆာကောင်သည်) လူတို့၏စိတ်နှလုံးတွင်းသို့ မကောင်းသော အကြံအစည်ကို ထည့်သွင်းလေ့ရှိ၏။

[6] (ထိုရှိုင်တွာန်မိစ္ဆာကောင်သည်) ဂျင်န်(န်)သတ္တဝါတို့အနက်မှဖြစ်စေ၊ လူတို့အနက်မှဖြစ်စေ။