Verse 1 — Surah Ash-Shams 91:1
၁။ နေနှင့်တကွ ၄င်း၏တောက်ပခြင်းကိုသော်လည်းကောင်း။
Verse 2 — Surah Ash-Shams 91:2
၂။ နေကို ထက်ချပ်မကွာလိုက်လာသော လကိုသော်လည်းကောင်း။
Verse 3 — Surah Ash-Shams 91:3
၃။ နေကို ထင်ရှားပေါ်လွင်စေသောနေ့ကိုသော်လည်းကောင်း။
Verse 4 — Surah Ash-Shams 91:4
၄။ နေကို ကွယ်ပျောက်စေသောညကိုသော်လည်းကောင်း။
Verse 5 — Surah Ash-Shams 91:5
၅။ မိုးကောင်းကင်နှင့် ၄င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်ကိုသော်လည်းကောင်း။
Verse 6 — Surah Ash-Shams 91:6
၆။ ပထဝီမြေကြီးနှင့် ၄င်းကို ခင်းကျင်းထားတော်မူသောအရှင်မြတ်ကိုသော်လည်းကောင်း။
Verse 7 — Surah Ash-Shams 91:7
၇။ ဝိညာဉ်နှင့် ၄င်းကို စုံလင်စေတော်မူသောအရှင်မြတ်ကိုသော်လည်းကောင်း။
Verse 8 — Surah Ash-Shams 91:8
၈။ ဝိညာဉ်အား မိမိအတွက် မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို ခွဲခြားဝေဖန်နိုင်သည့် ဉာဏ်ပညာ ပေးသနားတော်မူခြင်းကိုသော်လည်းကောင်း ငါသက်သေထူတော်မူ၏။
Verse 9 — Surah Ash-Shams 91:9
၉။ အမှန်မှာ အကြင်သူသည် မိမိဝိညာဉ်ကို သန့်ရှင်းဖြူစင်စွာထားအံ့၊ ထိုသူသည် အမှန်ပင်အောင်မြင်၏။
Verse 10 — Surah Ash-Shams 91:10
၁၀။ အကြင်သူသည် မိမိဝိညာဉ်ကို မသန့်ရှင်း၊ ညစ်ညူးစေအံ့၊ ထိုသူသည် ဆုံးရှုံးသူအမှန်ပင်ဖြစ်အံ့။
Verse 11 — Surah Ash-Shams 91:11
၁၁။ (သမုဒ်)လူမျိုးတို့သည် မာန်မာနထောင်လွှားခြင်းကြောင့် တရားတော်ကို လက်မခံပယ်ရှားကြ၏။
Verse 12 — Surah Ash-Shams 91:12
၁၂။ ကြည့်ရှုလော့၊ သူတို့သည် မိမိတို့အထဲမှ အယုတ်မာအဆိုးသွမ်းဆုံးသောလူကို ရွေးချယ်ပြီးလျှင် အလွန်ကြောက် မက်ဖွယ်ကောင်းသည့်ဒုစရိုက်အမှုကို ပြုကျင့်ရန် ခိုင်းကြ၏။
Verse 13 — Surah Ash-Shams 91:13
၁၃။ အလ္လာဟ်၏ တမန်တော်က သူတို့အား အချင်းတို့၊ ဤကုလားအုတ်မသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော် ဖြစ်၏၊ ၄င်းကို ရေမသောက်စေခြင်းငှာ ပိတ်ပင်တားဆီးခြင်း မပြုလုပ်ကြလင့်ဟု မိန့်တော်မူ၏။
Verse 14 — Surah Ash-Shams 91:14
၁၄။ သို့သော် ထိုသူယုတ်တို့သည် မိမိတို့တမန်တော်ကို မယုံကြည်နားမထောင်ပဲ ကုလားအုတ်မ၏ ဒူးခေါက်ကြောကို လှီးဖြတ်ပစ်၏၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် သူတို့ကို မိမိတို့ပြစ်မှုကြောင့် စီရင်သုတ်သင်ပစ်တော်မူ၏၊ သူတို့၏ အိုးအိမ်တိုက်တာကိုလည်း ဖျက်ဆီးတော်မူ၏။
Verse 15 — Surah Ash-Shams 91:15
၁၅။ အရှင်မြတ်သည် ထိုပျက်စီးမှုများကို နှမြောတော်မမူချေ။