Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 88 - Al-Ghashiyah
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Ghashiyah 88:1
(အို၊ ရစူလ်တမန်တော်) အပြတ်အသတ် ဖုံးလွှမ်းမည့်အဖြစ်အပျက်ကြီး၏သတင်းအချက်အလက် (အကြောင်းအရာ) များသည် အသင့်ထံ ရောက်ရှိခဲ့ပြီမဟုတ်လော။
Verse 2 — Surah Al-Ghashiyah 88:2
ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ကြောက်ရွံ့ညှို့ငယ်လျက် မျက်လွှာချထားကြပေမည်။
Verse 3 — Surah Al-Ghashiyah 88:3
(လောကီဘဝ၌) ခြေကုန်လက်ပန်းကျလျက် ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ခဲ့သော်လည်း (တမလွန်၌ မည်သည့် ဝေစုမျှ မရသောကြောင့် ဖြစ်၏။)
Verse 4 — Surah Al-Ghashiyah 88:4
သူတို့သည် အရှိန်ပြင်းစွာ လောင်နေသော မီးထဲသို့ (လောင်ကျွမ်းစေရန်) ဝင်ရောက်ကြရပေမည်။
Verse 5 — Surah Al-Ghashiyah 88:5
သူတို့သည် ပွက်ပွက်ဆူနေသော ရေပူစမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။
Verse 6 — Surah Al-Ghashiyah 88:6
သူတို့အတွက် အဆိပ်ရှိသောဆူးပင်မှအပ အခြားစားစရာဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
Verse 7 — Surah Al-Ghashiyah 88:7
ယင်းဆူးပင်သည် (သူတို့အတွက်) အဟာရမဖြစ်ရုံသာမက ဆာလောင်မှုမှ (ရောင့်ရဲလွတ်ကင်းစေရန် လည်း) မည်သို့မျှ အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။
Verse 8 — Surah Al-Ghashiyah 88:8
ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ပျော်ရွှင်မြူးထူးလျက် (မျက်နှာထားမျိုး) ရှိကြလိမ့်မည်။
Verse 9 — Surah Al-Ghashiyah 88:9
(သူတို့သည် လောကီဘဝ၌) သူတို့ကြိုးပမ်းဆောင်ရွက်ခဲ့မှု (၏အသီးအပွင့်များကို ရယူခံစားရမည်ဖြစ်သော) ကြောင့် အလွန်ပင်အားရကျေနပ်လျက် ရှိကြပေမည်။
Verse 10 — Surah Al-Ghashiyah 88:10
(သူတို့သည်) မြင့်မြတ်လှစွာသော သုခဥယျာဉ်၌ ရှိကြလိမ့်မည်။
Verse 11 — Surah Al-Ghashiyah 88:11
သည်တို့သည် ယင်း (သုခဥယျာဉ်) ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားအပြောအဆိုကို ကြားကြမည် မဟုတ်ပေ။
Verse 12 — Surah Al-Ghashiyah 88:12
ယင်း (သုခဥယျာဉ်) ၌ တသွင်သွင် စီးဆင်းလျက်ရှိသော စိမ့်စမ်းရေ ရှိ၏။
Verse 13 — Surah Al-Ghashiyah 88:13
ယင်း (သုခဥယျာဉ်) ၌ မြင့်မားသော သလွန်များ ရှိကြ၏။
Verse 14 — Surah Al-Ghashiyah 88:14
ထို့ပြင် အသင့်ပြင်ဆင်ထားရှိသောသောက်စရာဖလားများသည်လည်း စီထားလျက် ရှိကြ၏။
Verse 15 — Surah Al-Ghashiyah 88:15
ထို့ပြင် ဆိုဖာမှီအုံးများသည်လည်း အနှံ့အပြား စီစဉ်ခင်းကျင်းထားလျက် ရှိကြပေမည်။
Verse 16 — Surah Al-Ghashiyah 88:16
ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ဖြန့်ခင်းထားလျက် ရှိကြပေသည်။
Verse 17 — Surah Al-Ghashiyah 88:17
(အရှင်မြတ်သည်) ကုလားအုတ်များအား မည်သို့ ဖွဲ့စည်းဖြစ်တည်စေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။
Verse 18 — Surah Al-Ghashiyah 88:18
ထိုနည်းတူစွာ (အရှင်မြတ်သည်) မိုးကောင်းကင်အား မည်သို့ မြင့်မားမြဲမြံစွာ ရှိစေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။
Verse 19 — Surah Al-Ghashiyah 88:19
ထို့အတူ တောင်များအား မည်သို့ ခိုင်မာမြဲမြံစွာ စိုက်ထူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင် ခြင် မသုံးသပ်ကြလေသလော။)
Verse 20 — Surah Al-Ghashiyah 88:20
ထို့ပြင် မြေကမ္ဘာအား မည်သို့ ခင်းကျင်းဖြန့်ကျဲထားစေတော်မူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။)
Verse 21 — Surah Al-Ghashiyah 88:21
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သတိပေးနှိုးဆော်၍ အလေးအနက်တိုက်တွန်း သူတစ်ဦးဖြစ်ခြင်းနှင့်အညီ (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်) သတိပေး ဆုံးမလော့။
Verse 22 — Surah Al-Ghashiyah 88:22
အသင်သည် သူတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲသူအဖြစ် တာဝန်ပေးခန့်ထားတော်မူသည်မဟုတ် (၍ သူတို့အား အတင်းအဓမ္မ ယုံကြည်စေခွင့် မရှိ) ပေ။
Verse 23 — Surah Al-Ghashiyah 88:23
သို့ရာတွင် မည်သူမဆို (သတိပေးနှိုးဆော်ခြင်းမှ) မျက်နှာလွှဲကျောခိုင်း၍ (အမှန်တရားကို) မယုံကြည်သွေဖည်ငြင်းပယ်ခဲ့လျှင်။
Verse 24 — Surah Al-Ghashiyah 88:24
အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်၏။
Verse 25 — Surah Al-Ghashiyah 88:25
ဧကန်မလွဲ၊ သူတို့ဘဝခရီး၏နောက်ဆုံးပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။
Verse 26 — Surah Al-Ghashiyah 88:26
ထို့နောက် သူတို့အားစစ်ဆေးမေးမြန်း၍ စာရင်းရှင်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။