Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 63 - Al-Munafiqun
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Munafiqun 63:1
အယောင်ဆောင်သီလကြောင်တို့သည် အသင် (တမန်တော်) ထံရောက်လာကြသောအခါ “မုချဧကန်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် သက်သေခံကြပါ၏။” ဟု ပြောဆိုခဲ့ကြ၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်က ထိုအရှင် မြတ်၏ရစူလ်တမန်ဖြစ်ကြောင်း ကောင်းစွာ သိနေတော်မူ၏။ ထို့ပြင် ဧကန်မလွဲ၊ အယောင်ဆောင်သီလ ကြောင် တို့သည် (မယုံကြည်မှုကို ရင်တွင်း၌ ထိန်ချန်လျှို့ဝှက်ထားလျက် အပေါ်ယံအားဖြင့် မွတ်စလင်များဖြစ်သည်။” ဟု လိမ်ညာနေသော) မုသာဝါဒီများ ဖြစ်ကြောင်း သက်သေဖြစ်တော်မူ၏။
Verse 2 — Surah Al-Munafiqun 63:2
သူတို့သည် သူတို့၏သစ္စာဆိုကျိန်ဆိုမှုများကို အကာအကွယ်ဖြစ်စေလျက် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီး ကြလေ၏။ ဧကန်စင်စစ်၊ သူတို့ပြုမူကျင့်ကြံသမျှတို့သည် အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေ၏။
Verse 3 — Surah Al-Munafiqun 63:3
ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက်တွင်မှ မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ ကြသောကြောင့် သူတို့၏နှလုံးသားများပေါ်၌ (အမှန်တရားကို အမိအရ မဆုပ်ကိုင်နိုင်အောင်) တံဆိပ်ခတ်နှိပ်ထားတော်မူရာ သူတို့သည် သိနားလည်ကြသည် မဟုတ်ပေ။
Verse 4 — Surah Al-Munafiqun 63:4
ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား တွေ့မြင်သောအခါ သူတို့၏အပြင်ပန်း အပေါ်ယံ ပုံပန်းသဏ္ဌာန်များသည် အသင့်ကို အံ့ဖွယ်ကောင်းအောင် အားရကျေနပ်စေပြီး အကယ်၍ သူတို့သည် စကား စမည်ပြောဆိုကြလျှင် (ယင်းကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိဘဲ) ဒေါက်ထောက်ပေး၍ မှီနေရသော (အနစ်သာရမဲ့ ခေါင်းပွ) သစ်သားတုံးကဲ့သို့ ဖြစ်သော်လည်း (သူတို့၏အပြောအဆို ပြောပုံဆိုပုံ အနေအထားများမှာမူ အလွန် ဆွဲဆောင်ဖွယ်ကောင်းလျက်) အသင်သည် သူတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေလိမ့်မည်။ သူတို့သည် (သူတို့၏သစ္စာဖောက်စိတ်ဓါတ်ကြောင့် သူတို့၏စိတ်နှလုံး၌) စကားပြောဆိုသံတိုင်းကို သူတို့အား ဟစ်အော်သံ (အဖြစ်သာ တွက်ချက်) ထင်မှတ်နေကြပြီး (သူတို့ကိုယ်တိုင်က) ရန်သူများအဖြစ် သဘောထား ကြောင့် သူတို့အား သထိထားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (ပျက်စီးကိန်းနှင့်ကြုံရန် သတ်မှတ်တော်မူ၍) ဖျက်ဆီးစေတော်မူပါစေ။ သူတို့သည် (အမှန်တရားမှ လှည့်စားခြင်းခံရရန် မကောင်း သောကြံမှု ဖြင့်) အဘယ်သို့ မျက်နှာလွဲ၍ ကျောခိုင်းလျက် ထွက်သွားကြသနည်း။
Verse 5 — Surah Al-Munafiqun 63:5
ထို့ပြင် သူတို့အား “သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်က သင်တို့အတွက် (အရှင်မြတ်ထံတော်မှ) လွတ်ငြိမ်းခွင့်ကို ပန်ကြားပေးနိုင်ရန် လာကြလော့။” ဟု ပြောဆိုခြင်းခံရသောအခါ သူတို့သည် သူတို့၏ဦးခေါင်းများကို လှုပ်ခါ၍ မာန်မာနထောင်လွှားကြလျက် လှည့်သွားကြသည်ကို အသင် (တမန်တော်) တွေ့ မြင်ရပေမည်။
Verse 6 — Surah Al-Munafiqun 63:6
(သူတို့သည် အာခံဖီဆန်သော သစ္စာဖောက်များဖြစ်၍) အလ္လာဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ ခွင့်လွတ်တော်မူမည်မဟုတ်သောကြောင့် အသင် (တမန်တော်) သည် သူတို့အတွက် (အရှင်မြတ်ထံ) လွတ်ငြိမ်းခွင့်ပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် လွတ်ငြိမ်းခွင့် မပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် (အကြောင်း ထူးမည်မဟုတ်ဘဲ) အတူတူပင် ဖြစ်လိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။
Verse 7 — Surah Al-Munafiqun 63:7
သူတို့သည်ပင် (သူတို့၏ရဲဘော်ရဲဖက်အပေါင်းအဖော်တို့အား) “သင်တို့သည် ရစူလ်တမန်တော်မြတ်၏ ထံတော်ပါး၌ရှိနေကြသော (အရှင့်ကျေနပ်နှစ်မြို့အတွက် အချိန်ပြည့် နာခံအပ်နှံ၍ ဆင်းရဲစွာ နေထိုင်ကြသည့် ယုံကြည်သူများဖြစ်ကြသော) သူတို့က (ငတ်မွတ်မှုဒဏ်ကြောင့်) ကစဉ့်ကလျား ဖြစ်လျက် (တမန်တော်မြတ် ထံမှ) ထွက်သွားကြသည်အထိ သူတို့အပေါ်၌ ပေးကမ်းသုံးစွဲခြင်းကို မပြုကြလေနှင့်။” ဟု တိုက်တွန်းနှိုးဆော် ခဲ့ကြ၏။ အမှန်စင်စစ် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော ဥစ္စာဓနရတနာသိုက်များနှင့်ဘဏ္ဍာတော်များ သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်ပေါ်စေတော်မူသောအရာများဖြစ် အရှင့်စည်းမျဥ်းတော်နှင်အညီ သုံးစွဲရန်) အတွက်သာ ဖြစ်၏။ သို့ရာတွင် အယောင်ဆောင်သီလကြောင်တို့သည်ကား သိနားလည်ကြသည် မဟုတ်ပေ။
Verse 8 — Surah Al-Munafiqun 63:8
သူတို့က “ကျွန်ုပ်တို့သည် မဒီနာမြို့သို့ ပြန်သွားကြလျှင် ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာ ပိုမို၍ ပိုင်ဆိုင်သူတို့က ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာမဲ့သူတို့ကို ထိုမြို့မှ ဧကန်မုချ၊ နှင်ထုတ်ကြပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ စင်စစ်မူကား ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့်သြဇာအာဏာဟူသည် အလ္လာဟ်အရှင်မြတ်နှင့်သာလည်းကောင်း၊ (အရှင့်အမိန့်တော်အတိုင်း နာခံအပ်နှံသော) အရှင့်ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်လမ်းစဥ်အတိုင်း နာခံလိုက်နာကြသော) သက်ဝင် ယုံကြည်သူတို့နှင့်လည်းကောင်း၊ ထိုက်တန်သော်လည်း အယောင်ဆောင်သီလကြောင်တို့သည်ကား (ထိုအမှန် တရားကို) သိရှိကြသည် မဟုတ်ပေ။
Verse 9 — Surah Al-Munafiqun 63:9
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သင်တို့၏သားသမီးရတနာများသည်လည်းကောင်း၊ သင်တို့အား အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟခြင်းမှ အာရုံပြောင်း လမ်းလွှဲစေရန် ခွင့်မပြုကြလေနှင့်။ မည်သူမဆို ထိုသို့ (အာရုံပြောင်း လမ်းလွှဲစေရန်ခွင့်) ပြုလျှင် ထိုသူတို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြလိမ့်မည်။
Verse 10 — Surah Al-Munafiqun 63:10
ထို့ပြင် သေခြင်းတရားသည် သင်တို့အနက်မှ တစ်ဦးတစ်ယောက်ထံသို့ ဆိုက်ရောက်မလာမီပင် သင်တို့သည် သင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးအပ်တော်မူသည့် ရိက္ခာအထောက်အပံ့များအနက်မှ (ချို့တဲ့ ဆင်းရဲသူတို့အတွက် တရားတော်နှင့်အညီ စွန့်ကြဲပေးကမ်း) သုံးစွဲလှူဒါန်းကြလော့။ (မရဏသေခြင်းတရား ဆိုက်ရောက်လာသောအခါ) ထိုသူက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အဘယ်ကြောင့် (သတ်မှတ်ပြဌာန်းချိန်ထက်) အချိန်ကာလအနည်းငယ် ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ (ထိုသို့ခေတ္တရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လျှင်) ကျွန်ုပ်သည် အလှူဒါနပြုသည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ သီလဆောက်တည်၍ ပြုပြင်သူတို့အနက်မှ ဖြစ်ခဲ့လိမ့်မည်။"" ဟု ညည်းညူလျှောက်ထားပေမည်။
Verse 11 — Surah Al-Munafiqun 63:11
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်သောအချိန်ကာလ ဆိုက်ရောက်လာလျှင် မည်သည့်နည်းနှင့်မျှ ခေတ္တရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူမည် မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက် သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။